← Chapters

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁)

ဆောင်းရာသီတစ်ခုမှာ အသက် ၂၂ နှစ်အရွယ် ရောက်သွားခဲ့ပါပြီ။

ရှည်လျားလှတဲ့ စစ်မှုထမ်းကာလက နောက်ဆုံးတော့ ကုန်ဆုံးသွားခဲ့ပြီဖြစ်ပါတယ်။

“အလေးပြု။ တပ်ကြပ် ကန်ဂျင်ဟူ စစ်မှုထမ်းမှု ပြီးဆုံးကြောင်း သတင်းပို့ပါတယ်”

တပ်ရင်းမှူးဆီမှာ စစ်မှုထမ်းပြီးဆုံးကြောင်း သတင်းပို့ပြီးတဲ့နောက်မှာမှ ကျွန်တော်ဟာ စစ်တပ်က ထွက်ရပြီဆိုတဲ့ အသိက တကယ်ကြီး ဝင်လာတော့တယ်။ အရာရှိတွေနဲ့ ရဲဘော်ရဲဘက်တွေက ကျွန်တော့်ကို လိုက်ပို့ဖို့ ကင်းတဲအထိ လိုက်လာကြပါတယ်။

တပ်ခွဲမှူးက ကျွန်တော့်ပုခုံးကို ပုတ်ပြီး ပြောတယ်။

“မင်းဟာ တော်တော်ကြိုးစားခဲ့ပါတယ်။ ပြင်ပလောက ရောက်ရင်လည်း အခုလိုပဲ ကျန်းကျန်းမာမာနဲ့ နေထိုင်သွားပါ”

“...ဟုတ်ကဲ့”

ကျန်းကျန်းမာမာတဲ့လား၊ ဝေးသေးတယ်။

တစ်ချိန်က သန်စွမ်းခဲ့တဲ့ ကျွန်တော့်ခန္ဓာကိုယ်က စစ်မှုထမ်းခဲ့ရလို့ ပျက်စီးသွားခဲ့ပြီလေ။

ကျနော်အိမ်ပြန်ဖို့ ဘတ်စ်ကားစီးခဲ့တယ်။

ကျွန်တော် စစ်တပ်ထဲမှာ ရှိနေတုန်းက ကျွန်တော်တို့အိမ်က အကြိမ်ပေါင်းများစွာ ပြောင်းခဲ့ရတာပါ။ အခုလက်ရှိ အိမ်ကတော့ ဟော့ဆော့ဒေါင်း က မြေအောက်ခန်းတစ်ဝက် စတူဒီယိုအခန်းလေးဖြစ်ပြီး စပေါ်ငွေ ၅ သန်းနဲ့ လစဉ် အိမ်လစာက ၄ သိန်းပါ။

လှေကားကနေ ဆင်းပြီး အရှေ့တံခါးကို ဖွင့်လိုက်တာနဲ့ စိုထိုင်းထိုင်း မှိုနံ့က ကျွန်တော့်ကို ချက်ချင်း ဆီးကြိုနေပါတယ်။ အခန်းထဲ လေဝင်လေထွက်ကောင်းအောင် ပြတင်းပေါက်ကို ကျနော် ဖွင့်လိုက်ပါတယ်။

ဒီလိုနေရာမျိုးမှာ ဘယ်သူတွေ နေနိုင်မှာလဲလို့ ကျွန်တော် တွေးမိခဲ့ပေမဲ့ တကယ်တမ်းကျတော့ နေနေရတဲ့သူက ကျွန်တော်ကိုယ်တိုင် ဖြစ်နေခဲ့တာပါ။

ဒါနဲ့ ယှဉ်လိုက်ရင် စစ်တန်းလျားတွေကတောင် ပိုကောင်းဦးမယ် ထင်ပါတယ်။

အထုတ်အပိုးတွေကို ချလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ မီးဖိုချောင်ထောင့်လေးတစ်ခုမှာ စားပွဲခင်း အုပ်ထားတဲ့ ခေါက်စားပွဲလေး တစ်လုံး ရှိနေပါတယ်။

စားပွဲခင်းကို ကျနော်လှန်ကြည့်လိုက်တယ်။

အောက်မှာတော့ အုပ်ဆောင်းအုပ်ထားတဲ့ ဟင်းပန်းကန်တချို့၊ ဝမ်တစ်သောင်းတန် ငါးရွက်နဲ့ ဖုန်းတစ်လုံး ရှိနေတာပါ။ ပြီးတော့ အဲဒီအပေါ်မှာ စာတိုလေးတစ်စောင်လည်း ရှိနေပါတယ်။

“စစ်မှုထမ်းပြီးဆုံးသွားခဲ့တာကို ဂုဏ်ယူပါတယ်။ သားလေး။

အမေ အလုပ်သွားတော့မယ်၊ ဒါကြောင့် ထမင်းစားပြီး အနားယူလိုက်ဦးနော်။

သားအတွက် မုန့်ဖိုးလေးလည်း နည်းနည်း ထားခဲ့တယ်၊ ဒါကြောင့် လိုအပ်ရင် သူငယ်ချင်းတွေနဲ့ သွားတွေ့လိုက်ဦး။

ညကျမှ တွေ့ကြမယ်နော်။

-ချစ်တဲ့ အမေ-”

“ဒီနေ့လည်း အမေ အလုပ်သွားရတာပဲ”

လွန်ခဲ့တဲ့ လအနည်းငယ်က ကြားခဲ့တာကတော့ အမေဟာ အသိတစ်ယောက်ကတစ်ဆင့် ဂန်နမ်က လော့တေး ကုန်တိုက်ရဲ့ ဝန်ဆောင်မှုဌာနမှာ အလုပ်ရခဲ့တယ်ဆိုတာပါပဲ။ သားဖြစ်သူ စစ်တပ်က ထွက်လာမယ့်နေ့မှာတောင် အမေက ခွင့်ယူလို့ မရခဲ့ပါဘူး။

ကျွန်တော် ကြမ်းပြင်ပေါ်မှာ ထိုင်ပြီး အေးစက်နေတဲ့ ထမင်းနဲ့ နွေးရုံလောက်ပဲရှိတဲ့ ဟင်းရည်ကို စားလိုက်ပါတော့တယ်။

ကျွန်တော် ငယ်စဉ်တုန်းကတော့ ကျွန်တော်တို့ မိသားစုဟာ နှစ်ထပ်တိုက်နဲ့ နေခဲ့ကြပြီး စနေ၊ တနင်္ဂနွေတွေဆိုရင် ဇိမ်ခံကားကြီးနဲ့ အပြင်မှာ ထွက်စားလေ့ရှိကြတာပါ။

ကျွန်တော်တို့က အရမ်းကြီး ချမ်းသာတာမျိုး မဟုတ်ပေမဲ့ သူများတွေကို အားကျစရာမလိုအောင် သက်တောင့်သက်သာ နေနိုင်ခဲ့ပါတယ်။

ကျွန်တော့်အဖေက ကုမ္ပဏီတစ်ခုရဲ့ ဥက္ကဋ္ဌပါ။ ဝန်ထမ်း ဆယ်ယောက်လောက်ရှိတဲ့ စက်ရုံလေးတစ်ခုကို ပိုင်ဆိုင်ခဲ့တဲ့သူပေါ့။ သူက ဒီလုပ်ငန်းကို သူ့လက်နဲ့ပဲ တစ်သက်လုံး တည်ဆောက်ခဲ့တာပါ။

သူက ကျွန်တော့်ကို မိသားစုလုပ်ငန်းကို ဆက်ခံစေချင်တဲ့အတွက် ကျွန်တော် ကိုရီးယားတက္ကသိုလ်ရဲ့ စီးပွားရေးစီမံခန့်ခွဲမှုဌာနမှာ ကျောင်းတက်ခဲ့ပါတယ်။

ဘွဲ့ရပြီးရင် ကုမ္ပဏီကို တိုးချဲ့ဖို့ ကူညီပေးမယ်လို့ ကျွန်တော် စီစဉ်ထားခဲ့တာပါ။

အရာအားလုံးက ကျွန်တော့်ရဲ့ ပထမနှစ်အကုန်လောက်မှာ ပြောင်းလဲသွားခဲ့တယ်။

အဓိကဖောက်သည်ကုမ္ပဏီက ထောက်ပံ့ရေးစာချုပ်ကို ရုတ်တရက် ဖျက်သိမ်းလိုက်တဲ့အတွက် အဖေ့ကုမ္ပဏီက အန္တရာယ်ဖြစ်သွားခဲ့တာလေ။ အဖေက ဝန်ထမ်းတွေနဲ့အတူ ကုမ္ပဏီကို ကယ်တင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။

ကုမ္ပဏီတစ်ခုကို ကြီးထွားအောင် လုပ်ရတာ ခက်ခဲပေမဲ့၊ ကျရှုံးသွားတာကတော့ မျက်စိတစ်မှိတ်အတွင်းမှာပါပဲ။

နောက်ဆုံး ဒေဝါလီခံလိုက်ရတဲ့နေ့မှာ အဖေဟာ လေဖြတ်ပြီး နေရာမှာတင် လဲကျသွားခဲ့တယ်။

ဒရာမာတွေ ဒါမှမဟုတ် ရုပ်ရှင်တွေထဲမှာ မိသားစုတွေ ရုတ်တရက် ပျက်စီးသွားတာကို မြင်ရတဲ့အခါ ဒါဟာ တခြားသူတွေဆီမှာပဲ ဖြစ်တတ်တဲ့ အရာလို့ ကျွန်တော် ထင်ခဲ့ဖူးပါတယ်။

ဒါမျိုးက ကျွန်တော်တို့ဆီမှာ ဖြစ်လာလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးခဲ့ဘူး။

ကုမ္ပဏီ ဒေဝါလီခံရတာနဲ့ အဖေ နေမကောင်းဖြစ်တာကြောင့် အချိန်တွေ ဘယ်လိုကုန်သွားမှန်းတောင် မသိခဲ့တော့ပါဘူး။ ကျွန်တော်တို့ရဲ့ အိမ်နဲ့ ကားတွေကို တစ်ခုပြီးတစ်ခု လေလံပစ်ခံလိုက်ရတယ်။

ခွဲစိတ်မှုတွေ အကြိမ်ကြိမ် လုပ်ခဲ့ပေမဲ့ အဖေက ပြန်မသက်သာလာဘဲ ဆေးရုံမှာပဲ ဆုံးပါးသွားခဲ့ပါတယ်။

နေ့စဉ်စားဝတ်နေရေးအတွက် ပူပန်နေရတဲ့ အခြေအနေမှာ ကျောင်းလစာအတွက်ဆိုတာ ဝေးလွင့်လို့နေပါပြီ။

ဒီလိုအချိန်မျိုးမှာ အမျိုးသားတစ်ယောက်အတွက် ရွေးချယ်စရာ နှစ်ခုပဲ ရှိပါတယ်။

တစ်ခုက နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့နဲ့ နောက်တစ်ခုက စစ်တပ်ထဲ ဝင်ဖို့ပါ။ ပိုက်ဆံမရှိသလို ဘာမှလည်း ပြင်ဆင်မထားတဲ့ ကျွန်တော့်အတွက် နိုင်ငံခြားသွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ တောင်ကိုရီးယားစစ်တပ်ကတော့ ငွေကြေးအခြေအနေ ဒါမှမဟုတ် ပြင်ဆင်ထားမှုတွေကို ဂရုမစိုက်ဘဲ ကျန်းမာရေးကောင်းရင် ဘယ်သူ့ကိုမဆို လက်ခံပါတယ်။

ဒါကြောင့် ကျွန်တော် ကျောင်းခဏနားပြီး စစ်တပ်ထဲ ဝင်ခဲ့ပါတယ်။

ထမင်းစားပြီးတဲ့နောက် ပန်းကန်တွေဆေးပြီး အခန်းထဲမှာပဲ လှဲနေလိုက်တယ်။

ကြမ်းပြင်က အအေးဓါတ်က ကျွန်တော့်ကျောထဲကို စိမ့်ဝင်လို့နေပါတယ်။ ရေချိုးခန်း၊ မီးဖိုချောင်နဲ့ ပရိဘောဂတချို့ကို ဖယ်လိုက်ရင် အခန်းထဲက နေရာလွတ်က ၃ ပြုံ (၁၀ စတုရန်းမီတာခန့်) တောင် မရှိပါဘူး။

ဒီလို ကျဉ်းကျပ်တဲ့နေရာလေးမှာ အမေနဲ့အတူ နေရတာက ကျွန်တော့်ရင်ကို လေးလံစေပါတယ်။

ရိုးရိုးသားသား ပြောရရင် ကျွန်တော် စစ်တပ်ထဲမှာတုန်းကတောင် ပိုပြီး စိတ်သက်သာရာ ရခဲ့သေးတယ်။ သူတို့က စားစရာနဲ့ နေစရာ ပေးတယ်၊ နည်းနည်းပဲ ဆိုပေမဲ့ လစာလည်း ပေးပါတယ်။

ဒါပေမဲ့ အခု စစ်တပ်က ထွက်လာတော့ လမ်းပျောက်နေသလို ခံစားရပါတယ်။

ကျွန်တော့်အသက်အရွယ်နဲ့ မုန့်ဖိုးတောင်းတာမျိုးလည်း ဆက်မလုပ်နိုင်တော့ပါဘူး။ ပထမဆုံးအနေနဲ့ ကျွန်တော် ပိုက်ဆံရှာဖို့ လိုအပ်ပါတယ်။

ကျွန်တော် ဖုန်းကိုဖွင့်ပြီး ကျွန်တော်နဲ့မေဂျာတူ သူငယ်ချင်း မင်ယောင်းဆီကို ဖုန်းဆက်လိုက်တယ်။

တူ...တူ...တူ။ ကလစ်

“ဟယ်လို။ ဘယ်သူလဲ”

“မင်ယောင်းလား။ ငါ ဂျင်ဟူပါ”

တစ်ဖက်က အသံက ချက်ချင်း တက်ကြွသွားတယ်။

“ဟာ… မတွေ့တာ ကြာပြီနော်။ ခွင့်နဲ့ ပြန်လာတာလား”

“မဟုတ်ဘူး၊ ငါ ဒီနေ့ပဲ စစ်မှုထမ်းလို့ပြီးတာလေ”

“ဂုဏ်ယူပါတယ်”

ကျွန်တော်ကတော့ တည့်တည့်ပဲ ပြောလိုက်တယ်။

“ကျူရှင်ပြဖို့ အလုပ်လေးတစ်ခုလောက် ငါ့အတွက် ရှာပေးလို့ ရမလား”

ကျောင်းသားတွေ လုပ်တဲ့ အချိန်ပိုင်းအလုပ်တွေထဲမှာ ကျူရှင်ပြတာက လစာအကောင်းဆုံးဆိုတာ ငြင်းစရာမရှိပါဘူး။ ပြဿနာက ပြိုင်ဆိုင်မှု ပြင်းထန်လွန်းတာကြောင့် အသိအဆက်မရှိဘဲ နေရာတစ်ခုရဖို့ ခက်ခဲပါတယ်။

အလုပ်ရှာရတာကိုက စိန်ခေါ်မှုတစ်ခုပါ။

ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်ထဲမှာ နေခဲ့တာကြောင့် ကျွန်တော့်ဦးနှောက်က လုံးဝ ‘Reset’ ဖြစ်သွားလို့ပါ။ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းမှာ သင်ခဲ့တာတွေကို ကျွန်တော်ကိုယ်တိုင် ပြန်ပြီး ကျူရှင်တက်ရမယ့်အဆင့်အထိ အကုန်မေ့ကုန်ပါပြီ။

ဒါတောင်မှ ကိုရီးယားတက္ကသိုလ်က ကိုရီးယားမှာ ထိပ်တန်းနာမည်ကြီး တက္ကသိုလ်တစ်ခုပါ။ သင်ကြားနိုင်စွမ်းကို ထည့်မတွက်ရင်တောင် အဲဒီနာမည်က တန်ဖိုးရှိပါတယ်။ ကိုရီးယားမှာတော့ တကယ့်အရည်အချင်းထက် နာမည်က ပိုပြီး အရေးကြီးတာပါ။

နေရာတစ်ခု ရသွားပြီဆိုရင်တော့ တစ်နည်းနည်းနဲ့ အဆင်ပြေသွားမှာပါလေ။

[အင်း… အခုတလော ဒီမှာလည်း စီးပွားရေးက သိပ်မကောင်းဘူး]

“ကျေးဇူးပြုပြီး ရှာပေးပါဦး။ ငါ တကယ် အကူအညီ လိုနေလို့ပါ”

[အေးပါ။ နောက်မှ မင်း စစ်တပ်က ထွက်လာတာကို ဂုဏ်ပြုဖို့ သောက်ကြတာပေါ့]

“အိုကေ”

ဖုန်းချပြီးတဲ့နောက် ကျွန်တော် သက်ပြင်းတစ်ချက် ချလိုက်မိတယ်။

“ဟူး”

ကျူရှင်အလုပ် မရခင်အထိ ကုန်စုံဆိုင်မှာပဲဖြစ်ဖြစ်၊ PC ဂိမ်းဆိုင်မှာပဲဖြစ်ဖြစ် အချိန်ပိုင်း ဝင်လုပ်ရမလား။

ဖုန်းကို စစ်ကြည့်နေတုန်း နံပါတ်တစ်ခုတည်းကနေ ခေါ်ထားတဲ့ Missed callsပေါင်း ဒါဇင်နဲ့ချီပြီး ရှိနေတာကို သတိထားမိလိုက်တယ်။

တက်ဂယူ က ကျွန်တော် အလယ်တန်းတုန်းက စတွေ့ခဲ့တဲ့ ကျွန်တော့်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းပါ။ သူ့မိဘတွေက နှစ်ယောက်လုံး အလုပ်လုပ်တာကြောင့် သူက ကျွန်တော့်အိမ်ကို လာဆော့တာ ဒါမှမဟုတ် လာအိပ်တာမျိုး မကြာခဏ လုပ်တတ်ပါတယ်။

ဒီကောင် ဘာလို့ ဒီလောက်တောင် ဖုန်းဆက်နေရတာလဲ။

တီ

ကျွန်တော် ပြန်ဆက်လိုက်ပါတယ်။

“ဟေ့… တက်ဂယူ”

သူက စောင့်နေတဲ့အတိုင်းပဲ ချက်ချင်းပြန်ပြောတယ်။

[နောက်ဆုံးတော့ မင်းဆီ ဖုန်းဝင်သွားပြီပဲ။ မင်း စစ်တပ်က ထွက်လာပြီမလား]

“မင်း ဒီနံပါတ်ကို ဘယ်ကရတာလဲ”

[မင်းအမေ ပေးတာလေ]

“ဟုတ်လား”

အမေက ကျွန်တော့်အတွက် ဖုန်းလုပ်ပေးတုန်းက တက်ဂယူကို နံပါတ်ပေးလိုက်ပုံရတယ်။

[အဲဒါထက် ပိုအရေးကြီးတာက အခု ကိစ္စကြီးတစ်ခု ဖြစ်နေပြီ]

“........”

ဖုန်းထဲက ထွက်လာတဲ့ အသံက အရမ်းကို တည်ငြိမ် လေးနက်နေပါတယ်။

နားထောင်ရုံနဲ့တင် တစ်ခုခု ဖြစ်နေပြီဆိုတာ သိသာပါတယ်။

မကောင်းတဲ့ အရာများလား။

“ဘာကိစ္စများလဲ”

[မင်း မှတ်မိလား။ ငါ ဘန့်ကွိုင်တွေ လက်ခံခဲ့ဖူးတာလေ]

အလယ်တန်းတုန်းက တက်ဂယူဟာ အဲဒီအချိန်က နာမည်ကြီးခဲ့တဲ့ “Lutnia” ဆိုတဲ့ MMORPG ဂိမ်းကို ဆက်မကစားတော့တုန်းက သူ့ရဲ့ ဇာတ်ကောင်၊ ပစ္စည်းတွေနဲ့ ရွှေတွေကို ရောင်းပစ်ခဲ့တယ်။

ဒါပေမဲ့ သူ အမြဲသုံးနေကျ အွန်လိုင်းဂိမ်းပစ္စည်း အရောင်းအဝယ်ဆိုက်က ရုတ်တရက် အရောင်းအဝယ်တွေကို ကန့်သတ်လိုက်တဲ့အတွက် အချို့အသုံးပြုသူတွေက ကန့်သတ်ချက်တွေကို ရှောင်လွှဲဖို့ အင်တာနက်ပေါ်မှာပဲ သုံးလို့ရတဲ့ ‘ဒစ်ဂျစ်တယ်ငွေကြေး’ကို အသုံးပြုခဲ့ကြတယ်။

အဲဒီငွေကြေးကတော့ ဘန့်ကွိုင်ပါပဲ။

တက်ဂယူ ပြောပြချက်အရ ဘန့်ကွိုင်မှာ စီမံခန့်ခွဲတဲ့ အဖွဲ့အစည်း မရှိပါဘူး။ ထုတ်ဝေတာနဲ့ အရောင်းအဝယ်တွေက P2P ကွန်ရက်ကတစ်ဆင့် ဖြစ်ပေါ်တာဖြစ်ပြီး ဘယ်သူတစ်ဦးတစ်ယောက် ဒါမှမဟုတ် အဖွဲ့အစည်းရဲ့ ထိန်းချုပ်မှုအောက်မှာမှ မရှိပါဘူး။

ဘန့်ကွိုင်ကို ဒဿမ ၉ နေရာအထိ ခွဲခြားနိုင်ပြီး ပုံမှန်အားဖြင့် BNT လို့ သတ်မှတ်ပါတယ်။

သူဟာ ကျွန်တော့်ကို အကြိမ်ပေါင်းများစွာ ရှင်းပြခဲ့ဖူးပေမဲ့ ဒါက နားလည်ရလွယ်တဲ့ သဘောတရားတော့ မဟုတ်ပါဘူး။

ဘာပဲဖြစ်ဖြစ်၊ အဲဒီအချိန်တုန်းက တက်ဂယူဟာ ၁၁,၀၀၀ BNT လက်ခံရရှိခဲ့တာပါ။ အဲဒီတုန်းကတော့ ၁၀,၀၀၀ BNT ကို ဒေါ်လာ ၉၀ လောက်ပဲ တန်ဖိုးရှိပြီး ဝမ် ၁ သိန်းကျော်လောက်ပါပဲ။

ဒါပေမဲ့ ကျွန်တော်တို့ အထက်တန်းကျောင်းသား ဖြစ်ခါနီးအချိန်မှာ ဘန့်ကွိုင်ရဲ့ တန်ဖိုးက ရုတ်တရက် ထိုးတက်သွားခဲ့တယ်။

၁၀၀ BNT က ဒေါ်လာ ၅၀၀ နီးပါး ဖြစ်သွားပြီး ဝမ် ၁ သိန်းပဲ တန်တဲ့ ဘန့်ကွိုင်တွေက ဝမ် သန်း ၅၀ တန်ဖိုး ရှိလာခဲ့တယ်။

သူ ချမ်းသာပြီလို့ ထင်ပြီး တက်ဂယူဟာ သူ့ရဲ့ ဘန့်ကွိုင်တွေကို ဝမ် သန်း ၅၀ နဲ့ ထုတ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ပြဿနာတစ်ခု ရှိနေခဲ့တယ်။

ဟာသတစ်ခုလိုပဲ၊ သူက သူ့ရဲ့ ဘန့်ကွိုင်အကောင့်ထဲကို ဝင်ဖို့ လိုအပ်တဲ့ လျှို့ဝှက်ကုဒ် ကို ပျောက်သွားခဲ့တာပါ။

ဥပမာပေးရရင် ဘဏ်ထဲမှာ ပိုက်ဆံရှိပေမဲ့ အကောင့်နံပါတ်နဲ့ လျှို့ဝှက်နံပါတ် ပျောက်သွားသလိုပါပဲ။ ဘဏ်မှာဆိုရင် နာမည်နဲ့ မှတ်ပုံတင်နံပါတ်ရှိရင် အကောင့်ကို ပြန်ရှာလို့ရပေမဲ့ ဘန့်ကွိုင်မှာတော့ လျှို့ဝှက်ကုဒ် မရှိရင် ဘာမှ ပြန်ရှာလို့ မရပါဘူး။

“အား…. ငါ့ရဲ့ ဝမ် သန်း ၅၀။ ငါ့ပိုက်ဆံတွေ”

သူက ပေါက်ဂဏန်းပါတဲ့ ထီလက်မှတ်ကို အမှိုက်ပုံးထဲ ပစ်လိုက်မိသလိုပဲလို့ ညည်းတွားပြီး ရက်တော်တော် ကြာအောင် ငိုခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ ဘန့်ကွိုင်ကို လုံးဝ စိတ်မဝင်စားတော့ပါဘူး။

“သူက ‘ဘန့်ကွိုင်’ လို့ ပြောလိုက်တာနဲ့တင် စိတ်တိုတတ်တာကို၊ အခုကျမှ ဘာလို့ ဒါကို ပြောနေရတာလဲ”

[စိတ်မလှုပ်ရှားဘဲ နားထောင်နော်]

“ဘာလဲ”

[ငါ လျှို့ဝှက်ကုဒ်ကို ပြန်တွေ့ပြီ]

“ဘာ”

အံ့သြသွားတဲ့ ကျွန်တော့်ကို သူ ရှင်းပြပါတယ်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူ့ရဲ့ အရုပ်မှန်ပုံးကို ရှင်းလင်းနေတုန်း အနောက်မှာ ပြုတ်ကျနေတဲ့ USB တစ်ခုကို တွေ့ခဲ့တာပါ။ အရေးကြီးတဲ့ အချက်အလက်တွေ ပါမလားဆိုပြီး သိချင်တာနဲ့ ဖုန်သုတ်ပြီး ကွန်ပျူတာမှာ တပ်ကြည့်လိုက်တော့ အဲဒါက သူ့ရဲ့ ဘန့်ကွိုင်အကောင့် လျှို့ဝှက်ကုဒ် ဖြစ်နေခဲ့တာလေ။

ကျွန်တော် အံ့အားသင့်သွားပါတယ်။

“တကယ်လား။ မင်း နောက်နေတာ မဟုတ်ဘူးမလား”

[တကယ်ပါကွာ]

ဒါက မယုံနိုင်စရာပဲ မဟုတ်လား။

ဒါက ဝမ်းသာအားရ အော်ဟစ်ရမယ့် အချိန်မျိုးဖြစ်ပေမဲ့ တက်ဂယူက ပျော်နေတာထက် ပိုပြီး ထိတ်လန့်နေပုံရတယ်။

“အခု ဘန့်ကွိုင်ရဲ့ တန်ဖိုးက ဘယ်လောက်လဲ။ အဲဒီတုန်းကထက် ပိုတက်လာလား”

[မနေ့ကအထိဆိုရင် ဒေါ်လာ ၁,၁၂၀ ပဲ]

ဒေါ်လာ ၁,၁၂၀ ဆိုတာ ဝမ် ၁.၂၃ သန်းလောက် ရှိပါတယ်။

“၁၀၀ BNT က ဒေါ်လာ ၁,၁၂၀ ဆိုရင် အဲဒီတုန်းကထက် နှစ်ဆကျော် တက်လာတာပေါ့။ အဲဒီတုန်းက ဝမ် သန်း ၅၀ ဆိုတော့... ဟာ… ဒါဆို ဝမ် သန်း ၁၀၀ ပေါ့နော်”

ကျွန်တော့်ရဲ့ အံ့သြမှုကို တက်ဂယူက ပြန်ဖြေပါတယ်။

[၁ BNT ကို ပြောတာ]

“ဟမ်”

[၁၀၀ BNT မဟုတ်ဘူး၊ ၁ BNT ကို ဒေါ်လာ ၁,၁၂၀ ဖြစ်နေတာ]

“······”

ကျွန်တော် ဘာပြောရမှန်းတောင် မသိတော့ဘူး။

ခဏလောက် စိတ်ကို ပြန်ထိန်းပြီးမှ ကျွန်တော် မေးလိုက်တယ်။

“မနောက်နဲ့နော်”

[မင်းမယုံရင် ငါ ပို့ပေးမယ်။ ကိုယ့်ဘာသာ ကြည့်လိုက်]

တီ

ကျွန်တော် ဖုန်းကို နားကနေ ခွာပြီး မက်ဆေ့ခ်ျကို စစ်လိုက်တယ်။ အဲဒီမှာ ထိုးတက်နေတဲ့ ဂရပ်ဖ်နဲ့ ဘန့်ကွိုင်ရဲ့ ဈေးနှုန်းပြဇယား ပါနေပါတယ်။

မနေ့ကအထိ ဈေးနှုန်းက ဒေါ်လာ ၁,၁၂၂ အတိအကျပါ။

ကျွန်တော် ဖုန်းကို နားမှာ ပြန်ကပ်လိုက်တယ်။

“မင်းဆီမှာ ၁၁,၀၀၀ BNT ရှိတာဆိုတော့······”

ကျွန်တော် စိတ်ထဲကနေ အကြမ်းဖျင်း တွက်ချက်လိုက်တဲ့အခါ ပါးစပ်အဟောင်းသား ဖြစ်သွားရတယ်။

“မဖြစ်နိုင်တာ······ ဒေါ်လာ ၁၃၅ သန်းလား”

[ငါ အိပ်မက်မက်နေတာလား ဘာလားတောင် မသိတော့ဘူး။ အခု ငါ အဲဒါတွေကို အိတ်ချိန်း မှာ တင်ထားပြီးပြီ]

အဲဒီအချိန်မှာပဲ။

ကျွန်တော့် မျက်စိရှေ့မှာ ဟိုလိုဂရမ် တစ်ခုလိုမျိုး တစ်ခု ပေါ်လာပါတယ်။

-MountainHill ဒေဝါလီခံရခြင်း-

“······”

ဒါကို ငါ ဘာလို့ မြင်နေရတာလဲ။ MountainHill ဆိုတာ ဘာလဲ။

ရုတ်တရက် စိုးရိမ်စိတ်တွေ ဝင်လာတာကြောင့် အလျင်အမြန် မေးလိုက်တယ်။

“ဘယ်အိတ်ချိန်းမှာလဲ”

[ဟမ်]

“ဘယ်မှာလဲ။ မြန်မြန်ပြော”

အဖြေက ထွက်လာပါတယ်။

[MountainHill လို့ ခေါ်တဲ့ နေရာမှာ]

ဘာ

ကျွန်တော် သူ့ကို အော်ပြောလိုက်မိတယ်။

“အခုချက်ချင်း အကုန်ပြန်ရောင်းလိုက်”

အခန်း (၂)

တက်ဂယူက ကျွန်တော့်စကားကြောင့် ကြောင်အမ်းအမ်း ဖြစ်သွားပုံရတယ်။

[မင်း ဘာလို့ ဒီလိုလုပ်ခိုင်းတာလဲ။ အကြောင်းပြချက်က ဘာလဲ]

သူ ဒီလိုတုံ့ပြန်တာက သဘာဝကျပါတယ်။

ရုတ်တရက်ကြီး ရောင်းခိုင်းလိုက်တဲ့အခါ ‘အေးပါ၊ သိပြီ၊ အခုချက်ချင်း ရောင်းလိုက်မယ်’ လို့ သူက ပြန်ပြောလာရင် အဲဒါက ပိုတောင် ထူးဆန်းနေဦးမှာပါ။

ကျွန်တော်ကိုယ်တိုင်လည်း ဒါကို ဘာလို့ ပြောနေမိမှန်း မသိပါဘူး။

ဒါပေမဲ့ ဒါက ရိုးရိုးခံစားချက်ထက်ကို ပိုပါတယ်။ ပြင်းထန်တဲ့ သေချာရေရာမှုတစ်ခု ရှိနေတာပါ။ တစ်ခါတလေမှာ အသိဉာဏ်ထက် အလိုလိုသိစိတ်က ပိုပြီးဦးစားပေးဖို့ လိုတတ်တယ်လေ။ အဲဒီတုန်းကသာ ကျွန်တော် ဒီလိုမလုပ်ခဲ့ရင် အခု ဒီနေရာမှာ ရှိနေမှာ မဟုတ်ပါဘူး။

“ငါပြောတာ နားထောင်စမ်းပါ”

[ဒါဆို ဘာလို့လဲလို့]

“မင်း ငါ့ကို ယုံလား”

[ဘာလို့လဲ။ မင်းကို အာမခံပေးရမယ့်ကိစ္စတစ်ခုခုရှိလို့လား]

ကျွန်တော် စိတ်မရှည်စွာနဲ့ အော်ပြောလိုက်မိတယ်။

“ပါးစပ်ပိတ်ပြီး ရောင်းလိုက်စမ်းပါ။ ရောင်းလိုက်လို့ မင်းမှာ ဘာမှ ဆုံးရှုံးသွားမှာ မဟုတ်ဘူး။ အခုချက်ချင်း လက်ငင်းငွေဖြစ်အောင် လုပ်လိုက်”

[မဟုတ်ဘူးလေ၊ ငါနားလည်အောင် အကြောင်းပြချက် တစ်ခုခုတော့ ပေးဦးမှပေါ့။]

“······”

ဒါကို ကျွန်တော် ဘယ်လိုရှင်းပြရမလဲ။

ဒါနဲ့ပဲ ချဉ်းကပ်ပုံ ပြောင်းလိုက်ပါတယ်။

“မင်း ကားမောင်းသင်နေတုန်းက ဟျွန်းဂျူးရဲ့ ကားဘေးကြည့်မှန်ကို ခွဲမိတာ မှတ်မိလား။ သူသိသွားရင် မင်းကို သတ်လိမ့်မယ်ဆိုပြီး မင်းကြောက်နေလို့ ငါပဲလုပ်တာပါဆိုပြီး ငါ့အပြစ်ဖြစ်အောင် လုပ်ပေးခဲ့တာလေ။ မင်းအတွက် ငါကပဲ တောင်းပန်ပေးခဲ့တာ”

တက်ဂယူ တစ်ယောက် ပျာပျာသလဲ ဖြစ်သွားတယ်။

[ဘာ... ဘာလို့ အဲဒါကို ရုတ်တရက်ကြီး ထပြောတာလဲ။ ချီးထုတ်ကောင်]

“အဲဒီတုန်းက အလဲအလှယ်အနေနဲ့ ငါ့တောင်းဆိုချက်တစ်ခုကို ဖြည့်ဆည်းပေးမယ်လို့ မင်းဘက်က ကတိပေးခဲ့တာ မှတ်မိလား”

[မင်း...သေနာကောင်...]

“အခု အဲဒီကတိကို တည်ရမယ့်အချိန်ပဲ သူငယ်ချင်း။ မင်းရဲ့ ဘန့်ကွိုင်တွေကို အခုချက်ချင်း ရောင်းလိုက်။ သိပြီလား”

တစ်ဖက်က ခဏလောက် တိတ်ဆိတ်သွားတယ်။

ဘာလို့ ဇာတ်လမ်းဟောင်းတွေ ပြန်ပြောနေတာလဲလို့ မင်း တွေးနေမှာပါ။ နောက်ထပ် ဘာမေးခွန်းမှ မမေးဘဲ ငါ့စကားကိုပဲ နားထောင်ပေးရင် ကောင်းမှာပဲ...

အကြာကြီး တိတ်ဆိတ်နေပြီးမှ တက်ဂယူက အလျှော့ပေးတဲ့အနေနဲ့ ညည်းညည်းညူညူ ပြောလာတယ်။

[အေးပါကွာ။ ဘာပဲဖြစ်ဖြစ် ငါက ရောင်းဖို့ စိတ်ကူးထားလို့ ငါ့အစ်မကို ဒေါ်လာအကောင့်တစ်ခု ဖွင့်ခိုင်းထားပြီးသား။ ဖြည်းဖြည်းချင်းပဲ ရောင်းမလို့ပဲ။ ဒါပေမဲ့ မင်းပြောသလို အခုချက်ချင်း အကုန်ရောင်းလိုက်မယ်။ ကျေနပ်ပြီလား]

ကျွန်တော် စိတ်ထဲကနေ သက်ပြင်းတစ်ချက် ချလိုက်မိတယ်။

“ပြီးတာပဲလေ”

[ငါတို့ ဘယ်တော့ တွေ့ကြမလဲ]

“မနက်ဖြန် တွေ့မယ်။ မင်းဆီ ငါလာခဲ့မယ်”

[အိုကေ]

ဖုန်းချလိုက်ပါတယ်။

ကျွန်တော့်မျက်စိရှေ့မှာ ဝဲနေတဲ့ ဟိုလိုဂရမ်ကတော့ ပျောက်ကွယ်သွားတာ ကြာပါပြီ။ ငါများ မှားမြင်တာလားလို့တောင် တွေးမိတယ်။

တကယ်ကြီး အဲဒီလိုမျိုး ထပ်ပြီး တိုက်ဆိုင်နိုင်ပါ့မလား။

“မဖြစ်နိုင်တာ...”

ဘာမှ မဖြစ်လာရင်တောင်မှ ရောင်းလိုက်တာက ဆိုးကျိုးမရှိပါဘူး။ နောက်မှ ဘန့်ကွိုင်ဈေးတွေ ထိုးတက်သွားရင်တော့ နည်းနည်းတော့ နှမြောမိမှာပေါ့။

ကျွန်တော့်ရဲ့ အဖိုးတန် ဆန္ဒတစ်ခုကို ဒီလိုမျိုး သုံးလိုက်ရတာပဲ နှမြောစရာပါ။

“သန်း တစ်ထောင့်သုံးရာငါးဆယ်”

အခုအချိန် ထီပေါက်ရင် အများဆုံး ဘယ်လောက်ရလဲ။ သန်း၂ထောင်လား။

ဒါက ထီအကြီးကြီးကို အကြိမ်ပေါင်းများစွာ ပေါက်တာနဲ့ တူနေပြီ။

ဒီလိုကံကောင်းမှုမျိုးက တကယ့်လက်တွေ့မှာ ဘယ်တော့မှ ဖြစ်မလာနိုင်ပါဘူး။ အထူးသဖြင့် တက်ဂယူလို လူမျိုးဆီမှာပေါ့။

ရုတ်တရက် အတိတ်က အဖြစ်အပျက်တစ်ခုကို သတိရသွားတယ်။

ကျွန်တော်တို့ အထက်တန်းကျောင်းတုန်းက သူ ထီပေါက်တယ်ဆိုပြီး ကျွန်တော့်ကို တစ်ခါ လိမ်ဖူးပါတယ်။ ကျွန်တော်ကလည်း တကယ်ယုံပြီး NH ဘဏ်ရုံးချုပ်ကို တက္ကစီတူတူစီးပြီး သွားခဲ့ကြသေးတယ်။

အထဲကို မဝင်ခင်လေးမှာပဲ သူက ကျွန်တော့်ကို ကြည့်ပြီး တဟားဟားနဲ့ လှောင်ရယ်ခဲ့တာကို မှတ်မိနေသေးတယ်။

“ချီးထုတ်ကောင်က ငါ့ကို ထပ်လိမ်နေတာများလား”

ငါ ထပ်ပြီး အလိမ်ခံလိုက်ရပြန်ပြီလား

ကျွန်တော် လှဲနေရင်းနဲ့ သတိမထားမိခင်မှာပဲ နေဝင်သွားခဲ့ပြီ။

ကျွီ

အိမ်ရှေ့တံခါး ပွင့်သံ ကြားလိုက်ရတယ်။

အမေ အထဲကို ဝင်လာပြီး ကျွန်တော့်ကို နွေးနွေးထွေးထွေး နှုတ်ဆက်ပါတယ်။

“သား အိမ်မှာ ရှိနေတာပဲ”

“အမေ ပြန်လာပြီလား”

စစ်တပ်က နောက်ဆုံးခွင့်နဲ့ ပြန်လာတုန်းက တွေ့ခဲ့ပြီးကတည်းက ဆိုရင် အခုမှ ပြန်တွေ့တာ တစ်ပတ်ရှိပါပြီ။

အမေက သူ့အိတ်ကို ချလိုက်ပြီး ပြောတယ်။

“သား စစ်တပ်ကနေ စစ်မှုထမ်းလို့ပြီးတာကို ဂုဏ်ပြုတဲ့အနေနဲ့ အပြင်မှာ ထွက်စားရအောင်”

“ဟုတ်ကဲ့”

ကျွန်တော် အဝတ်အစားလဲပြီး အမေနဲ့အတူ အပြင်ထွက်ခဲ့တယ်။

“သား ဘာစားချင်လဲ။ အသားကင် စားမလား”

“ရပါတယ်၊ ဘာဖြစ်ဖြစ် အဆင်ပြေပါတယ်”

ကျွန်တော်တို့တွေ အိမ်နားက ဝက်နံရိုးကင်ဆိုင်လေးတစ်ခုထဲ ဝင်ခဲ့ကြတယ်။

အမေက ညှပ်နဲ့ ကတ်ကြေးကို ယူပြီး အသားတွေကို စကင်ပေးတယ်။ ညှပ်ကို ကိုင်ထားတဲ့ သူ့လက်တွေက ကြမ်းတမ်းပြီး အသားမာတွေ တက်နေပါတယ်။

အမေ့မျက်နှာကို ကြည့်လိုက်မိတယ်။

အနီးကပ်ကြည့်မှ အမေ့မျက်လုံးနဲ့ ပါးစပ်နားမှာ အရေးအကြောင်းလေးတွေ အများကြီး ရှိနေတာကို သတိထားမိပါတယ်။ ပြီးခဲ့တဲ့ တစ်ခေါက် တွေ့ခဲ့တာနဲ့ ယှဉ်ရင် အမေ တော်တော်လေး ပိန်သွားပုံရတယ်။

အဖေ ဆုံးပြီးကတည်းက အမေက မိသားစုကို ဦးဆောင်သူ ဖြစ်လာခဲ့တယ်။ စစ်တပ်ထဲမှာ သက်တောင့်သက်သာ နေခဲ့ရတဲ့ ကျွန်တော်နဲ့မတူဘဲ၊ အမေက ရသမျှ အလုပ်မှန်သမျှကို မနားမနေ လုပ်ခဲ့ရရှာတာပါ။

အမေက တစ်သက်လုံး အိမ်မှုကိစ္စကိုပဲ ထိန်းကျောင်းလာခဲ့တာ။ အရည်အချင်းရော အတွေ့အကြုံပါ မရှိတဲ့ အသက်ကြီးပိုင်း အမျိုးသမီးတစ်ယောက်ဟာ ဘယ်လိုအလုပ်မျိုး လုပ်နိုင်မလဲဆိုတာ ထင်ရှားလှပါတယ်။

“သား မစားဘူးလား”

“ဪ၊ စားတော့မလို့ပါ”

ခဏလောက်တော့ ရင်ထဲမှာ တစ်ဆို့သွားတယ်။

ကျွန်တော် စားနေသလိုမျိုး ဟန်ဆောင်ပြီး ခေါင်းကို ငုံ့ထားလိုက်ပါတယ်။

“အခု အလုပ်က အရမ်းမပင်ပန်းဘူးလား”

“မပင်ပန်းပါဘူး။ ဘာပဲဖြစ်ဖြစ် ဝယ်သူတွေနဲ့ ထိုင်ပြီး စကားပြောရုံပါပဲ”

“ဒုက္ခပေးတဲ့ ဝယ်သူတွေရော မရှိဘူးလား။ ဒီဘက်ခေတ်မှာ အဲဒီလိုလူတွေ အများကြီးရှိတယ်လို့ ကြားတယ်လေ”

အမေက ပြုံးပြီး ပြောတယ်။

“ဒါက ချမ်းသာတဲ့ ရပ်ကွက်လေ၊ အဲဒီလိုလူမျိုးတွေ မရှိပါဘူး။ လူတိုင်းက အရမ်းကြင်နာပြီး သဘောကောင်းကြတယ်။ ဒီလို သက်တောင့်သက်သာရှိတဲ့ အလုပ်မျိုးရဖို့က လွယ်တယ်မှတ်လို့လား”

“ဒါဆိုလည်း တော်သေးတာပေါ့”

ကင်ပြီးသား အသားတွေက ကျွန်တော့်ရှေ့မှာ ပုံနေတော့တာပဲ။

“အမေလည်း ကင်ရုံတင် မဟုတ်ဘဲ စားဦးလေ”

“အမေ ကုန်တိုက်မှာ အရသာရှိတာတွေ အများကြီး စားခဲ့ပြီးပြီ၊ သားသာ စားပါ”

ကျွန်တော် ခက်ခက်ခဲခဲနဲ့ပဲ အသားတွေကို ဝါးပြီး မျိုချလိုက်ရပါတယ်။

“ဒါနဲ့ သား ဘယ်တော့ ကျောင်းပြန်တက်ဖို့ စဉ်းစားထားလဲ”

“အချိန် နည်းနည်း ရှိသေးတော့ စဉ်းစားဦးမယ်”

“အမေ ကျောင်းလစာအတွက် ပိုက်ဆံ အဆင်သင့် လုပ်ထားပြီးသားမလို့ မပူနဲ့နော်”

ကိုရီးယားတက္ကသိုလ်က အမျိုးသားတက္ကသိုလ် ဖြစ်တဲ့အတွက် ပုဂ္ဂလိကတက္ကသိုလ်တွေနဲ့ ယှဉ်ရင် လစာက ပိုသက်သာပါတယ်။ ဒါတောင်မှ သာမန်မိသားစုတစ်ခုအတွက်တော့ များပြားတဲ့ ပမာဏပါ။

အမေက လောက်ငှရုံလေးရှိတဲ့ အိမ်သုံးစရိတ်ထဲကနေ ကျောင်းလစာကို မရရအောင် စုထားပေးပုံရပါတယ်။

“ဟုတ်ကဲ့ပါ”

ကျဉ်းမြောင်းတဲ့ ကြမ်းပြင်ပေါ်မှာ စောင်ခင်းပြီး အမေ့ဘေးမှာ ကျွန်တော် လှဲအိပ်လိုက်တယ်။

အမေက ပင်ပန်းနေလို့ထင်တယ်၊ လှဲလိုက်တာနဲ့ ချက်ချင်း အိပ်ပျော်သွားတာပါ။ မှောင်နေတဲ့ အထဲမှာ အမေ့ရဲ့ ချောင်းဆိုးသံကို ခပ်တိုးတိုး ကြားနေရပါတယ်။

အိပ်ရာ ပြောင်းသွားလို့လားတော့ မသိဘူး။

ကျွန်တော် အိပ်လို့မရဘူး ဖြစ်နေပါတယ်။ အတင်း အိပ်ဖို့ ကြိုးစားပေမဲ့ နောက်ဆုံးတော့ လက်လျှော့ပြီး ထထိုင်လိုက်ရပါတယ်။

ဖုန်းကို ကြည့်လိုက်တော့ မနက် ၃ နာရီ ရှိနေပါပြီ။

ကုန်စုံဆိုင်ကို သွားပြီး ဘီယာတစ်လုံးလောက် သောက်ရင် ကောင်းမလား။

အမေ နိုးမသွားအောင် သတိထားပြီး အပြင်ကို ကျနော် ထွက်ခဲ့တယ်။ ညဘက် လေအေးက ကျွန်တော့်မျက်နှာကို လာတိုးနေပါတယ်။

“ဟူး”

ပြင်ပလောကကို ရောက်သွားရင် အရာအားလုံး အဆင်ပြေသွားမယ်လို့ ကျွန်တော် ထင်ခဲ့တာ။ ဒါပေမဲ့ အခု စစ်မှုထမ်းတာ ပြီးသွားတော့မှ အနာဂတ်က ပိုပြီး မှောင်မိုက်နေသလို ခံစားရပါတယ်။

အမေ့ကို တစ်ယောက်တည်း အလုပ်မလုပ်စေချင်တော့ဘူး၊ ဒါကြောင့် ပိုက်ဆံ မြန်မြန် ရှာဖို့ လိုအပ်တယ်။

ဒီလို တွေးတောရင်း ကုန်စုံဆိုင်ကို လျှောက်သွားနေတုန်း ဖုန်းမြည်လာပါတယ်။

တီ-တီ

ဒီအချိန်ကြီးမှာ ဘယ်သူ ဖုန်းဆက်တာပါလိမ့်။

တက်ဂယူ ဖြစ်နေတာပါ။ ကျွန်တော် ဖုန်းကို ဖြေလိုက်ပါတယ်။

“ဟေ့ကောင်။ မင်း ဒီအချိန်ကြီး ဘာလို့ ဖုန်းဆက်...”

ကျွန်တော် စကားမဆုံးခင်မှာပဲ သူက အရေးတကြီး အသံနဲ့ ဖြတ်ပြောလိုက်တယ်။

[ကိစ္စကြီးဖြစ်နေပြီ]

“မနောက်စမ်းပါနဲ့။ မင်း ထပ်ပြီး လိမ်ပြောနေပြန်ပြီလား”

[Mountain Hill အိတ်ချိန်းကြီး ပိတ်သွားပြီ]

ကျွန်တော် တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေလိုက်တယ်။

“မနောက်ပါနဲ့ကွာ၊ ငါ အတည်ပြောနေတာ”

အဲဒီမှာတင် တက်ဂယူက ဒေါသတကြီး အော်ပြောတော့တာပဲ။

“ဒါက မင်းအတွက် နောက်စရာလို့ ထင်နေတာလား”

“ဒါဆို အတည်ကြီးလား”

“မင်း အခု ဘယ်မှာလဲ”

“အိမ်မှာ”

“အခုချက်ချင်း ငါ့အိမ်ကို လာခဲ့။ နောက်နေတာ ဟုတ်လား မဟုတ်ဘူးလားဆိုတာ ကိုယ့်မျက်စိနဲ့ကိုယ် လာကြည့်လိုက်”

အဲဒီစကားနဲ့အတူ တက်ဂယူက ဖုန်းချသွားပါတယ်။

“...”

ခဏလေး။ ဒါ တကယ်ကြီး ဖြစ်နိုင်ပါ့မလား။

ကျွန်တော် လမ်းမကြီးပေါ်ကို အပြေးထွက်ပြီး တက္ကစီ တစ်စီးကို တားလိုက်တယ်။

“တက္ကစီ”

တက္ကစီ ရပ်သွားတာနဲ့ ကျွန်တော် ချက်ချင်း အထဲဝင်လိုက်ပါတယ်။

“ဂန်နမ်ကို သွားပေးပါ။ မြန်မြန်လေး”

တက်ဂယူက ယော့ဆမ်ဒေါင်း က စတူဒီယို အခန်းလေးမှာ နေတာပါ။

ကျွန်တော် စစ်တပ်က ခွင့်ယူပြီးပြန်လာတိုင်း သူ့ဆီ ခဏခဏ လာတတ်တာကြောင့် တံခါးလျှို့ဝှက်နံပါတ်ကိုတောင် အလွတ်ရနေပါပြီ။ တံခါးဖွင့်ပြီး အထဲကို ဝင်လိုက်တာနဲ့ ကြမ်းပြင်ပေါ်မှာ ဂိမ်းမဂ္ဂဇင်းတွေနဲ့ ကာတွန်းစာအုပ်တွေ ပြန့်ကျဲနေပြီး၊ နံရံတွေမှာလည်း အန်နီမေး ပိုစတာတွေ ကပ်ထားတာကို တွေ့ရတယ်။

စားပွဲပေါ်မှာတော့ ကွန်ပျူတာကြိုးတွေနဲ့ ဂိမ်းစက်ကြိုးတွေက ရှုပ်ယှက်ခတ်နေပါတယ်။ ပြီးတော့ အဲဒီအရှေ့မှာ လူတစ်ယောက် ထိုင်နေပါတယ်။

အဲ့ဒီလူဟာ အသက် ၂၀ ကျော် အရွယ်ရှိပြီး ဝဝဖိုင့်ဖိုင့်၊ စစ်သားကေညှပ်ထားပြီး မျက်လုံးတွေကို သေးသွားစေတဲ့ မျက်မှန်ထူထူကြီး တပ်ထားပါတယ်။

သူက လုံးဝကို ငိုင်နေတဲ့ ပုံစံမျိုးပါ။

“ဟေ့… ဘာတွေ ဖြစ်ကုန်တာလဲ”

ပြန်ဖြေမယ့်အစား တက်ဂယူက ကွန်ပျူတာ မော်နီတာကို လက်ညှိုးထိုးပြတယ်။

အင်တာနက်ဖိုရမ် ဝင်းဒိုးတစ်ခု ပွင့်နေပါတယ်။

– MountainHill မှာ တင်ထားတဲ့ ကျွန်တော့်ရဲ့ ဘန့်ကွိုင်တွေ အကုန်လုံး အထုတ်ခံလိုက်ရတယ်။

– ငါလည်း အတူတူပဲ။ ၁၅၀.၃၈၇ BNT ပျောက်သွားပြီ။

– အဲဒါ ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှု အကုန်လုံးပါပဲဗျာ ㅜㅜ

– ဘာတွေ ဖြစ်နေတာလဲ။

– ငါ့ပိုက်ဆံတွေ ပြန်ပေး။

– အိတ်ချိန်းက ဝင်လို့မရတော့ဘူး၊ ဖုန်းဆက်လည်း မကိုင်ကြဘူး။

– အခု သတင်းထဲမှာ ပါနေပြီ။ MountainHill က ဟက်ကာတွေ တိုက်ခိုက်ခံရလို့ ပိတ်လိုက်ရပြီလို့ CNN က ပြောနေတယ်။

– ဟက်ကာတွေက အိတ်ချိန်းကို ဝင်စီးပြီး ဘန့်ကွိုင်တွေ အကုန် ခိုးသွားကြတာတဲ့။

– ဒါဆို အခု ဘာဖြစ်မှာလဲ။ MountainHill က ငါတို့ကို လျော်ကြေးပေးမှာလား။

– မဖြစ်နိုင်တာ၊ ခွေးမသားတွေ

ကျွန်တော် ပို့စ်တွေကို ဆက်ပြီး ဖတ်ကြည့်နေမိတယ်။

လူတွေက ဒေါသထွက်နေကြတယ်၊ စိတ်ဓါတ်ကျနေကြတယ်၊ ငိုနေကြတယ်၊ ဆဲဆိုနေကြတယ်၊ သေချင်တယ်လို့တောင် ပြောနေကြတယ်။

ဖိုရမ်တစ်ခုလုံး ပရမ်းပတာ ဖြစ်နေတာပဲ။

“ဒါ…. ဘယ်လိုကြီးလဲ….”

ကျွန်တော် တက်ဂယူကို ကြည့်ပြီး ပြောလိုက်တယ်။

“ဟေ့… ဒါကို ငါ့ကို ရှင်းပြဦး”

“Mountain Hill ပိတ်သွားပြီလို့ ငါပြောခဲ့တယ်လေ”

တက်ဂယူ ကျွန်တော့်ဆီ ဖုန်းဆက်တဲ့ အချိန်မှာတင် အိတ်ချိန်းက ပိတ်သွားခဲ့တာပါ။ အမြဲတမ်း ပုံမှန်အတိုင်း ပွင့်နေတဲ့ အိတ်ချိန်းက ရုတ်တရက်ကြီး ဝင်လို့ မရတော့ပါဘူး။

ဒါတင်ပဲဆိုရင်တော့ ခဏလောက် ပြုပြင်ထိန်းသိမ်းနေတာလို့ ထင်ကောင်းထင်နိုင်ပါတယ်။

ဒါပေမဲ့ အိတ်ချိန်းမှာ မှတ်ပုံတင်ထားတဲ့ အကောင့်တွေထဲက ဘန့်ကွိုင်တွေ အကုန်လုံး ပျောက်သွားပါတယ်။ အသုံးပြုသူတွေတောင် မသိလိုက်ဘဲ အကုန်လုံး ပြောင်သွားသလိုမျိုးပါပဲ။ အဲဒါက တစ်ယောက် နှစ်ယောက်တည်း မဟုတ်ဘဲ Mountain Hill သုံးစွဲသူ အားလုံး အဲဒီအတိုင်း ခံစားလိုက်ရတာပါ။

ဒါဆို ဒီနေ့ စောနတုန်းက တက်ဂယူ ပြောခဲ့တဲ့ စကားတွေက အကုန် အမှန်တွေပေါ့။

ကျွန်တော့်ခေါင်းထဲ ပထမဆုံး ရောက်လာတာက တက်ဂယူဆီမှာ ရှိတဲ့ ၁၁,၀၀၀ BNT ပါပဲ။

“မင်းရော ဘာဖြစ်သွားလဲ။ မင်းလည်း အကုန် ဆုံးရှုံးသွားတာလား”

“....”

တက်ဂယူကတော့ ကျွန်တော့်စကားကို ဘာမှ ပြန်မပြောဘဲ ငိုင်မြဲအတိုင်း ငိုင်နေတုန်းပါ။

ကျွန်တော့်ကျောထဲ စိမ့်ခနဲ ခံစားလိုက်ရတယ်။

ကျွန်တော် တက်ဂယူရဲ့ ပုခုံးကို လှုပ်ပြီး အော်ပြောလိုက်တယ်။

“ဟေ့ကောင်… အိုတက်ဂယူ”

တက်ဂယူက သူ့ရဲ့ ဗလာဖြစ်နေတဲ့ မျက်လုံးတွေနဲ့ ကျွန်တော့်ကို ကြည့်ပြီး ထစ်ထစ်အအနဲ့ ပြောလာတယ်။

“ငါ အစောပိုင်းက အကုန် ရောင်းလိုက်ပြီ။ မင်း ရောင်းခိုင်းတုန်းကလေ။ ညသန်းခေါင်လောက်မှာ”

“ဟူး”

ခဏလောက်တော့ ကျွန်တော့်ခြေထောက်တွေထဲက အားအင်တွေ အကုန် ကုန်သွားသလို ခံစားလိုက်ရပါတယ်။

“အနည်းဆုံးတော့ မင်း တစ်ခုခု ပြန်ရလိုက်တာပေါ့”

အဲဒီလို တွေးနေတုန်း တက်ဂယူက ရုတ်တရက် ကျွန်တော့်ပုခုံးကို လှမ်းကိုင်လိုက်တယ်။

“မင်း ဒါကို ကြိုသိနေတာ မဟုတ်လား”

“ဘာကို သိနေတာလဲ”

“Mountain Hill ဟက်ခံရတော့မယ်ဆိုတာလေ။ မင်း သေချာပေါက် သိနေတာ”

ကျွန်တော် ခေါင်းခါလိုက်ပါတယ်။

“မဟုတ်ဘူး၊ ငါလည်း မသိဘူး”

“ဒါဆို ဘာလို့ ငါ့ကို အစောပိုင်းက အခုချက်ချင်း ရောင်းခိုင်းတာလဲ။ အဲဒါက ယုတ္တိမရှိဘူးလေ”

“အဲဒါကတော့...”

တကယ်တော့ တက်ဂယူ ဒီလို တုံ့ပြန်တာက သဘာဝကျပါတယ်။ အတွင်းလူ မဟုတ်ဘဲနဲ့ ဟက်ကာတွေရဲ့ တိုက်ခိုက်တာကိုခံရမယ့်ကိစ္စကို ကြိုသိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ကျွန်တော် ဘာမှ ပြန်မပြောတော့ တက်ဂယူက ကျွန်တော့်ကို အတင်း ဖိအားပေးပြီး စကားတွေ ဗလုံးဗထွေး ပြောလာတော့တယ်။

“မင်းပဲ ဟက်လိုက်တာလား။ အဲဒါကြောင့် ငါ့ကို ကြိုသတိပေးတာလား”

ကျွန်တော် တော်တော်လေး အံ့သြသွားတာကြောင့် အော်ပြောလိုက်မိတယ်။

“မင်း ဘာတွေ လျှောက်ပြောနေတာလဲ”

တက်ဂယူက ခိုင်မာတဲ့ အမူအရာနဲ့ ပြောတယ်။

“ငါ့ကို ဖုံးကွယ်မနေပါနဲ့။ ငါ ရဲကို မတိုင်ပါဘူး၊ ဒါကြောင့် အမှန်အတိုင်းပဲ ပြောစမ်းပါ”

“မဟုတ်ပါဘူးလို့ ငါ ပြောပြီးပြီလေ”

တကယ်တော့ ဒီအခြေအနေမှာ အအံ့သြဆုံးလူက ကျွန်တော်ကိုယ်တိုင်ပါ။

“ငါ ရှင်းပြမယ်၊ ဒါကြောင့် ခဏလောက် စိတ်အေးအေး ထားစမ်းပါ”

ကျွန်တော် တက်ဂယူကို စိတ်အေးအောင် ချော့မော့ပြီး ထိုင်ခိုင်းလိုက်တယ်။ သူက ကြမ်းပြင်ပေါ်မှာ ထိုင်ပြီး အသက်ကို ဝအောင် ရှူနေပါတယ်။

အဲဒါက ထိရောက်ပုံရပြီး တက်ဂယူ နည်းနည်း စိတ်ငြိမ်သွားတဲ့အခါမှ ပြောလာပါတယ်။

“မြန်မြန်သာ ပြောစမ်းပါ”

ကျွန်တော် ခဏလောက် တွေးလိုက်တယ်။

ကျွန်တော့်မျက်စိရှေ့မှာ ရုတ်တရက် ဟိုလိုဂရမ် ပေါ်လာတဲ့အကြောင်း သူ့ကို ပြောပြသင့်လား။

ဒီကောင်က အမေကလွဲရင် ကျွန်တော် ယုံကြည်ရတဲ့ တစ်ဦးတည်းသောသူပါ။ သူ့ကို လိမ်စရာ မလိုဘူး မဟုတ်လား။

ဘာပဲဖြစ်ဖြစ် တခြားသူတွေကို သွားပြောရင်လည်း ဘယ်သူမှ ယုံမှာ မဟုတ်ပါဘူးလေ။

စဉ်းစားပြီးတဲ့နောက် အစောပိုင်းက ဘာတွေ ဖြစ်ခဲ့လဲဆိုတာကို အမှန်အတိုင်း ပြောပြလိုက်တယ်။

“ဒီမှာ... ဘာဖြစ်တာလဲဆိုတော့...”

အကုန်လုံးကို နားထောင်ပြီးတဲ့နောက် တက်ဂယူက နားလည်သွားတဲ့ပုံစံနဲ့ ခေါင်းညိတ်တယ်။

“ဪ၊ အေး။ ဒါဆို မင်း စကားပြောနေတုန်းမှာ ‘Mountain Hill ဒေဝါလီခံရခြင်း’ ဆိုတဲ့ စာသားက မင်းမျက်စိရှေ့မှာ ဟိုလိုဂရမ်လို ပေါ်လာတာပေါ့၊ ဟုတ်လား”

“အေး၊ အဲဒါ အတိအကျပဲ”

တက်ဂယူက ရုတ်တရက် အော်ပြောလိုက်တယ်။

“မင်း နောက်နေတာလား”

“...အမှန်ပဲပြောနေတာကွ”

သူ မယုံတာကတော့ သဘာဝကျပါတယ်။

ကျွန်တော် အတိတ်က အဖြစ်အပျက်တွေကို ပြန်သတိရရင်း သက်ပြင်းချလိုက်တယ်။

“တကယ်တော့ ဒီလိုမျိုး ဖြစ်တာ ဒါ ပထမဆုံးအကြိမ် မဟုတ်ဘူး”

ကျွန်တော် ‘အဲဒါ’ ကို ပထမဆုံး စမြင်ခဲ့တာက စစ်တပ်ထဲမှာတုန်းကပါ။

All Chapters