← Chapters

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅)

မနေ့က ဖြစ်ပျက်ခဲ့သမျှကို အမေ့ကို ကျွန်တော် ပြောပြလိုက်တယ်။

ဇာတ်လမ်းကို နားထောင်ရင်း အမေ့မျက်လုံးတွေ ပြူးသွားရတယ်။

“အဲဒီ ‘ဘန့်ကွိုင်’ ဆိုတာက ဘာကြီးလဲ။ ဘယ်မှာ ထုတ်တာလဲ”

“အဲဒါက အွန်လိုင်းမှာပဲ ထုတ်တဲ့ ဒစ်ဂျစ်တယ်ငွေကြေးတစ်မျိုးပါ။ အမေ”

“ဒါဆို ဂိမ်းထဲက ပိုက်ဆံတွေလိုမျိုးလား”

“ဟုတ်ကဲ့၊ အဲဒီလိုပဲ နားလည်လိုက်ရင် ပိုလွယ်ပါတယ်”

ဘာပဲဖြစ်ဖြစ်၊ အလယ်တန်းကျောင်းသားဘဝတုန်းက ရခဲ့တဲ့ ဝမ် ၁ သိန်းဖိုး ဘန့်ကွိုင်တွေဟာ အခုတော့ ဝမ် သန်း ၁၃၆၀၀ ဖြစ်နေပါပြီ။ အဲဒီထဲက ကျွန်တော့်ဝေစုက ဝမ် သန်း ၁၂၄၀ပါ။

အမြတ်အနေနဲ့ ကြည့်မယ်ဆိုရင်တော့ ရင်းနှီးခဲ့တဲ့ ပမာဏထက် အဆပေါင်း တစ်သိန်းကျော် တက်လာတာပါ။ ဒါပေမဲ့ တက်ဂယူ ရလိုက်တာနဲ့ ယှဉ်ရင်တော့ ကျွန်တော့်ဝေစုက ဆယ်ပုံတစ်ပုံပဲ ရှိပါသေးတယ်။

ကွာခြားရတဲ့ အကြောင်းရင်းကတော့ တက်ဂယူရဲ့ ဇာတ်ကောင်က High-level ဖြစ်နေပြီး ကျွန်တော့်ဟာကတော့ သာမန်ပဲမလို့ပါ။

ဒီလို ဖြစ်လာမယ်မှန်း ကြိုသိခဲ့ရင် အဆင့်တက်အောင် ပိုကြိုးစားခဲ့မိမှာပဲ။

အခု ပိုက်ဆံရှိလာပြီဆိုတော့ ပထမဆုံး လုပ်ရမှာက နေစရာ အိမ်ရှာဖို့ပါ။

လေဝင်လေထွက်မကောင်းတဲ့ ဒီလို မြေအောက်ခန်းတပိုင်း အိမ်မှာ ဆက်မနေနိုင်တော့ပါဘူး။ ကျဉ်းကျပ်ပြီး ရှုပ်ပွနေတာတင်မကဘဲ ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။ အမေ ခဏခဏ ချောင်းဆိုးနေတာလည်း အဲဒါကြောင့် ဖြစ်မှာပါ။

ကျွန်တော်ကတော့ အကောင်းဆုံးအိမ်ကို ရှာချင်ပေမဲ့ အမေက ကန့်ကွက်ပါတယ်။

“ရုတ်တရက် ပိုက်ဆံတွေ အများကြီး ရှိလာတယ်ဆိုပြီး အရင်လို လက်ဖွာလို့ မဖြစ်ဘူးလေ”

နောက်ဆုံးတော့ အိမ်ခြံမြေအကျိုးဆောင် အနည်းငယ်ဆီ သွားကြည့်ပြီး ဝမ် သန်း ၁၂၀ တန် အခန်းနှစ်ခန်းပါ ဗီလာလေးတစ်ခုကို ငှားဖို့ စာချုပ်လိုက်ပါတယ်။ အဆောက်အဦးက ဟောင်းနေပေမဲ့ နံရံကပ်စက္ကူနဲ့ ကြမ်းပြင်တွေကို အသစ်လဲထားတာကြောင့် အတွင်းပိုင်းကတော့ သန့်ရှင်းနေတာပါပဲ။

အိမ်ပြောင်းတဲ့နေ့။

ကျွန်တော်တို့မှာ ပစ္စည်းတွေ အများကြီး မရှိတာကြောင့် အိမ်ပြောင်းကုမ္ပဏီ ခေါ်နေစရာ မလိုပါဘူး။ ကုန်တင်ကား တစ်စီးတည်းနဲ့တင် လောက်ပါတယ်။ အိမ်ပြောင်းတာက မြန်မြန်ဆန်ဆန်ပဲ ပြီးသွားခဲ့တယ်။

ပစ္စည်းတွေ အကုန်သယ်ပြီးလို့ ကားသမား ပြန်သွားတဲ့အခါ အမေနဲ့အတူ ပစ္စည်းတွေ စပြီး နေရာချပါတယ်။

“အိမ်သစ်လေးကို သဘောကျရဲ့လား။ အမေ”

အမေက ပြုံးပြီး ပြန်ဖြေပါတယ်။

“ကျတာပေါ့။ အခန်းက နှစ်ခန်းတောင် ဖြစ်သွားပြီ၊ နေရောင်လည်း ကောင်းကောင်းရတယ်၊ အရမ်းကောင်းတာပဲ”

ပိုက်ဆံ ပိုသုံးလိုက်ရင် ဒီထက်ကောင်းတဲ့ အိမ်ဝယ်လို့ ရသားပဲ...

ဒါပေမဲ့ အမေ ပျော်နေတာ မြင်ရတော့လည်း ကျေနပ်မိပါတယ်။

ပစ္စည်းတွေ ထုတ်နေတဲ့ အမေက ရုတ်တရက် ရပ်သွားတယ်။ သေတ္တာအသေးလေးတစ်ခုထဲမှာ ဓါတ်ပုံဘောင်တွေ၊ အယ်လ်ဘမ်တွေနဲ့ ဒိုင်ယာရီဟောင်း တစ်အုပ် ရှိနေတာပါ။

အိမ်ပြောင်းတဲ့ အကြိမ်တိုင်းမှာ ကျွန်တော်တို့ နေရတဲ့အိမ်တွေက ပိုပိုပြီး ကျဉ်းလာခဲ့တယ်။ နေရာကျဉ်းလာတာနဲ့အမျှ မသုံးတော့တဲ့ ပစ္စည်းတွေကို စွန့်ပစ်ခဲ့ရတယ်။

အဖေ့ရဲ့ ပစ္စည်းအများစုဟာလည်း ဒီလိုနည်းနဲ့ပဲ ပါသွားခဲ့တာပါ။

အဲဒီသေတ္တာထဲက ပစ္စည်းတွေကတော့ အမေ မစွန့်ပစ်နိုင်ဘဲ သိမ်းထားခဲ့တဲ့ အဖေ့ရဲ့ အမှတ်တရပစ္စည်းလေးတွေပေါ့။

အမေက ဓါတ်ပုံဘောင်တစ်ခုကို ဂရုတစိုက် မလိုက်ပါတယ်။

အဲဒါက ကျွန်တော် မူလတန်းကျောင်းသားဘဝတုန်းက အိမ်ရှေ့ခြံထဲမှာ ရိုက်ထားတဲ့ပုံပါ။ ကျွန်တော်က အလယ်မှာ၊ အမေနဲ့ အဖေက ဘေးတစ်ဖက်တစ်ချက်စီမှာ ရပ်နေပြီး ကျွန်တော်တို့ရဲ့ အနောက်မှာတော့ သက်သောင့်သက်သာရှိလှတဲ့ နှစ်ထပ်အိမ်လေး ရှိနေပါတယ်။

အမေ့ရဲ့ အိပ်မက်က ခြံဝင်းနဲ့ အိမ်လေးမှာ နေဖို့ပါ။ အဲဒီအိပ်မက်ကို ဖြည့်ဆည်းပေးဖို့ အဖေက မြေကွက်ဝယ်ပြီး ကိုယ်တိုင် အိမ်ဆောက်ပေးခဲ့တာပါ။

ကျွန်တော် မမွေးခင်ကတည်းက အဲဒီအိမ်က ပြီးစီးခဲ့တာမလို့ ကျွန်တော် မွေးကတည်းက အဲဒီမှာပဲ နေခဲ့တာပါ။ ကျွန်တော်တို့ မိသားစုရဲ့ အမှတ်တရ အများစုဟာ အဲဒီနေရာနဲ့ ဆက်နွှယ်နေပါတယ်။

အမေက အဲဒီဓါတ်ပုံကို ခဏလောက် တိတ်တိတ်ဆိတ်ဆိတ် ကြည့်နေမိတယ်။

“အမေ... အဖေ့ကို သတိရနေတာလား”

ကျွန်တော် မေးလိုက်တဲ့အခါ အမေက ဝမ်းနည်းရိပ်သန်းတဲ့ အမူအရာနဲ့ ခေါင်းညိတ်ပြပါတယ်။

“သတိရတာပေါ့။ သူက ပင်ပင်ပန်းပန်း ရုန်းကန်သွားပြီးမှ ထွက်သွားတာ။ သူသာ ရှိနေဦးမယ်ဆိုရင် အခုလိုနေ့မျိုးတွေကို အမေတို့အတူတူ ခံစားနိုင်မှာလေ”

ကျွန်တော်လည်း ဓါတ်ပုံကို ပြန်ကြည့်လိုက်မိတယ်။ အဲဒီမှာတော့ ငယ်ရွယ်တဲ့ အဖေရှိနေပါတယ်။ အကြာကြီးနေမှ ပြန်တွေ့ရတာမို့ စိမ်းနေသလိုမျိုးတောင် ခံစားရတယ်။

ခဏအကြာမှာတော့ အမေက ထရပ်လိုက်ပြီး တမင်သက်သက်ပဲ တက်ကြွတဲ့ အသံနဲ့ ပြောလာတယ်။

“သန့်ရှင်းရေး တစ်ခေါက်လောက် ထပ်လုပ်လိုက်ဦးမယ်။ ဂျင်ဟူ၊ သားလည်း သားအခန်းထဲသွားပြီး ပစ္စည်းတွေ နည်းနည်း နေရာချလိုက်ဦးလေ။”

“ဟုတ်ကဲ့”

ပစ္စည်းတွေ သိပ်မရှိတော့ နေရာချရတာ မြန်ပါတယ်။ အိမ်ကလည်း ကျဉ်းတော့ သန့်ရှင်းရေးက သိပ်မကြာပါဘူး။

ဒါလည်း ကောင်းကွက်တစ်ခုပဲပေါ့လေ။

ဧည့်ခန်းထဲမှာ ထိုင်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ အိမ်က တော်တော်လေး ကျယ်နေသလိုပါပဲ။ ဒါပေမဲ့ ဒါက ပစ္စည်းတွေ သိပ်မရှိသေးလို့ ဖြစ်ပေါ်လာတဲ့ အာရုံမှောက်မှားမှုတစ်ခုပါပဲ။

ကျွန်တော်တို့ အဝတ်လျှော်စက်၊ ရေခဲသေတ္တာ၊ ထမင်းစားစားပွဲနဲ့ ကုတင်... အကုန်လုံး အသစ်ဝယ်ဖို့ လိုပါတယ်။

“အမေ... အလုပ်ကနေ ခဏလောက် နားလိုက်ပါလား”

“ကျန်းမာရေးကောင်းနေတဲ့ဟာကို အိမ်မှာ ဒီအတိုင်း ဘယ်လိုနေမလဲ။ သားရယ်”

အမေကတော့ ကျွန်တော့်စကားကို နားမဝင်ပါဘူး။

“ဒါဆိုရင် အနည်းဆုံး သုံးလလောက်တော့ နားပေးပါ။ ဟုတ်ပြီလား”

အတန်တန် ဖျောင်းဖျပြီးတဲ့နောက်မှ အမေက မတတ်သာတဲ့အဆုံး ခေါင်းညိတ်လိုက်ပါတော့တယ်။

“အေးပါ။ သားရယ်။ အမေ နားပါ့မယ်”

အိမ်ငှားဖို့ ပိုက်ဆံတွေ အများကြီး သုံးလိုက်ပေမဲ့ ဘဏ်ထဲမှာတော့ ဝမ် ၃၇၅ သန်း ကျန်ပါသေးတယ် (အခွန်ဆောင်ဖို့ ဝမ် သန်း ၁၀၀ လောက် ဖယ်ထားရဦးမှာပါ)။ ဒါ့အပြင် တက်ဂယူကလည်း ကျွန်တော့်ကို ဝမ် သန်း ၇၄၀ ပေးဖို့ ကျန်ပါသေးတယ်။

ဒီနှုန်းနဲ့ဆိုရင်တော့ ဆယ်စုနှစ် အနည်းငယ်လောက်တော့ ပူစရာမလိုဘဲ နေနိုင်လောက်မယ်ထင်ပါတယ်

ပျော်နေမိသလို တစ်ဖက်မှာလည်း ဟာတာတာကြီး ဖြစ်နေတယ်။ ပိုက်ဆံရှာရတာ တကယ်ပဲ ဒီလောက် လွယ်လို့လား။

ကျွန်တော် အမေ့ကို ဝမ် သန်း ၁၀၀ ပါတဲ့ ဘဏ်စာအုပ်လေး ပေးလိုက်ပါတယ်။

“ဒီပိုက်ဆံကို သုံးပါ။ အမေ။ လိုအပ်တာတွေ အကုန်ဝယ်လိုက်”

“ရပါတယ်။ သားရယ်။ အမေ့မှာလည်း စုထားတာတွေ ရှိပါတယ်”

“ဒါပေမဲ့ အဲ့လိုသုံးမှာကို သားက အဆင်မပြေလို့ပါ၊ ဒါကြောင့် ယူထားပေးပါ”

အကုန်လုံး နေရာချလို့ပြီးပြီးချင်း ခဏနားနေတုန်းမှာ တက်ဂယူက တစ်ရှူးတွေနဲ့ အဝတ်လျှော်ဆပ်ပြာတွေ သယ်ပြီး အိမ်ထဲကို ဝင်လာပါတယ်။

“ကျွန်တော် ရောက်ပါပြီ။ အမေ”

အမေက ပြုံးပျော်သွားတယ်။

“ဪ၊ တက်ဂယူ ရောက်လာပြီလား”

တက်ဂယူက ခဏခဏ လာတတ်တာကြောင့် အမေက သူ့ကို သားအရင်းတစ်ယောက်လို ဆက်ဆံတာပါ။ ကျွန်တော် စစ်တပ်ထဲမှာ ရှိနေတုန်းကလည်း အားလပ်ရက်တွေနဲ့ မွေးနေ့တွေမှာ တက်ဂယူက အမေ့ဆီ လာလည်ပေးခဲ့တာပါ။

“ထမင်းစားပြီးပြီလား”

“မစားရသေးဘူး။ အိမ်ပြောင်းတဲ့နေ့ဆိုရင်တော့ ‘ပဲခေါက်ဆွဲ’ပဲ စားကြရအောင်။ ခဏနေရင် မှာစားကြတာပေါ့”

တက်ဂယူက အိမ်ထဲကို လှည့်ပတ်ကြည့်တယ်။

“ကူစရာ ရှိသေးလား”

ကျွန်တော်ကတော့ အကြောင်းမရှိဘဲ ရစ်လိုက်မိတယ်။

“ကူချင်ရင် စောစောလာရမှာပေါ့။ အခုမှလာတာက ပဲခေါက်ဆွဲ စားဖို့သက်သက် လာတာလား”

တကယ်တော့ သူ စောစောလာရင်တောင် လုပ်စရာက သိပ်မရှိပါဘူး။

ကျွန်တော် တက်ဂယူနဲ့အတူ အခန်းထဲ ဝင်ခဲ့တယ်။ စားပွဲနဲ့ ကုလားထိုင် မရှိသေးတာကြောင့် ကြမ်းပြင်ပေါ်မှာပဲ ထိုင်ကြပါတယ်။

“သစ်သီးလေးတွေ စားကြဦးလေ”

အမေက သစ်သီးပန်းကန်လေး လာချပေးပြီး အခန်းပြင် ထွက်သွားပါတယ်။

ကျွန်တော် ပန်းသီးတစ်စိတ်ကို ခက်ရင်းနဲ့ ထိုးစားရင်း ပြောလိုက်တယ်။

“ငါ သတင်းတွေ ကြည့်လိုက်တယ်၊ Mountain Hill ဒေဝါလီခံလိုက်ရပြီ မဟုတ်လား”

တက်ဂယူက ခေါင်းညိတ်ပါတယ်။

“အဲဒီကိစ္စကြောင့် အကြီးအကျယ် ရှုပ်ကုန်ကြတာ”

Mountain Hill ဆိုတာ ကမ္ဘာ့အကြီးဆုံး ဘန့်ကွိုင်အိတ်ချိန်းပါ။

ဟက်ကာတွေကြောင့် ဆုံးရှုံးသွားတဲ့ ပမာဏက ဝမ် သန်းပေါင်း ကုဋေနဲ့ချီကနေ သန်းပေါင်း ကုဋာအထိ ရှိနိုင်တယ်လို့ ခန့်မှန်းကြတယ်။ မူအရဆိုရင်တော့ Mountain Hill က အသုံးပြုသူတွေရဲ့ ဆုံးရှုံးမှုကို လျော်ကြေးပေးရမှာပါ။

ဒါပေမဲ့ အိတ်ချိန်းတစ်ခုက ဒီလောက်များပြားတဲ့ ပမာဏကို ဘယ်လိုလုပ် ပေးနိုင်မှာလဲ။

နောက်ဆုံးတော့ Mountain Hill လည်း ဒေဝါလီခံလိုက်ရပါတော့တယ်။

“ဒါဆို အသုံးပြုသူတွေက ဘာဖြစ်သွားမှာလဲ”

“ဘာဖြစ်မှာလဲ၊ ပိုက်ဆံတွေ အကုန် ဆုံးရှုံးသွားရတာပေါ့”

တကယ်လို့ ဘဏ်တစ်ခုမှာ ဒီလိုမျိုး ဖြစ်ခဲ့မယ်ဆိုရင် အစိုးရက ဝင်ရောက်ဖြေရှင်းပေးတာ၊ လျော်ကြေးပေးတာနဲ့ တရားခံကို အပြစ်ပေးတာမျိုးတွေ လုပ်ပါလိမ့်မယ်။

ဒါပေမဲ့ ဘန့်ကွိုင်အတွက်တော့ စီမံခန့်ခွဲမယ့် အဖွဲ့အစည်း မရှိတာကြောင့် အခုလို ဖြစ်လာရင် ဖြေရှင်းပေးမယ့်သူ ဒါမှမဟုတ် လျော်ကြေးတောင်းမယ့်သူ မရှိပါဘူး။

ဒါက ဘန့်ကွိုင်လို ဒစ်ဂျစ်တယ်ငွေကြေးတွေရဲ့ အခြေခံကျတဲ့ အားနည်းချက်တစ်ခုပါပဲ။

တက်ဂယူ ပြောပြချက်အရ အရင်ကလည်း အိတ်ချိန်းတွေ ဟက်ခံရတာမျိုး ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက ပမာဏက အရောင်းအဝယ် ပမာဏနဲ့ယှဉ်ရင် သိပ်မများလို့ ပြဿနာကြီးကြီးမားမား မဖြစ်ခဲ့တာပါ။

ဒါပေမဲ့ ဒီတစ်ခါကတော့ မတူပါဘူး။

ပျက်စီးဆုံးရှုံးမှုအရဆိုရင်တော့ ဒါဟာ ဘန့်ကွိုင် သမိုင်းတစ်လျှောက် အကြီးမားဆုံး ဟက်ခံရမှုပါပဲ။

ရက်အနည်းငယ် ကြာသွားပေမဲ့ ဘယ်သူက လုပ်တာလဲဆိုတာတော့ ပေါ်မလာသေးပါဘူး။

IS နဲ့ ဆက်နွှယ်နေတဲ့ ဟက်ကာအဖွဲ့ ဒါမှမဟုတ် Anonymousလို အဖွဲ့မျိုးတွေ လုပ်တာ ဖြစ်နိုင်တယ်ဆိုတဲ့ ကောလာဟလတွေပဲ ပျံ့နေပါတယ်။

၁ ဘန့်ကွိုင်ကို ၁,၁၂၀ ဒေါ်လာလောက် ပေါက်ဈေးရှိရာကနေ Mountain Hill ပိတ်တဲ့ သတင်းထွက်လာတာနဲ့ ၁,၀၀၀ ဒေါ်လာအောက် ကျသွားတယ်။

တစ်ရက်အတွင်းမှာတင် ၂၀ ရာခိုင်နှုန်းကျော် ထပ်ကျသွားပြီး ၁ ဘန့်ကွိုင်ကို ၈၀၀ ဒေါ်လာအောက် ရောက်သွားပါတယ်။

ကိုရီးယား သတင်းမီဒီယာတွေမှာလည်း ဒစ်ဂျစ်တယ်ငွေကြေးတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး စိုးရိမ်တကြီး ရေးသားနေကြပါတယ်။

- ဒစ်ဂျစ်တယ်ငွေကြေး ဘန့်ကွိုင်ရဲ့ ကံကြမ္မာက ဘာဖြစ်မလဲ

- Mountain Hill ဟက်ခံရမှုကြောင့် ပေါ်ထွက်လာတဲ့ ဘန့်ကွိုင်ရဲ့ အားနည်းချက်များ

- အနာဂတ်ငွေကြေး ဘန့်ကွိုင်၊ လမ်းဆုံလမ်းခွသို့ ရောက်ရှိ

- ဘန့်ကွိုင်ရဲ့ ယုံကြည်စိတ်ချရမှု ထပ်မံ ဝေဖန်ခံနေရ

- ဒစ်ဂျစ်တယ်ငွေကြေးတွေအပေါ် သံသယတွေ ကြီးထွားလာ

စီးပွားရေး ကျွမ်းကျင်သူ တချို့ကတော့ မီးလောင်ရာလေပင့်ပြီး “လူထုက ဘန့်ကွိုင်အပေါ် ထားရှိတဲ့ တန်ဖိုးက ပျောက်ကွယ်သွားပြီ။ လအနည်းငယ်အတွင်းမှာပဲ ဘန့်ကွိုင်က Monopolyဂိမ်းထဲက ပိုက်ဆံတွေလိုပဲ တန်ဖိုးမရှိ ဖြစ်သွားလိမ့်မယ်” လို့ ပြောနေကြပါတယ်။

“ကြည့်ရတာ ဈေးနှုန်းက ထက်ဝက်လောက်အထိ ထပ်ကျဦးမယ့်ပုံပဲ”

တက်ဂယူအတွက်တော့ ဒါက သူနဲ့မဆိုင်တဲ့ တခြားသူရဲ့ ပြဿနာ ဖြစ်သွားပါပြီ။ ဘာလို့လဲဆိုတော့ သူက မဖြစ်ခင်ကတည်းက အကုန်ရောင်းပြီးသားမလို့ပါ။

“ငါ ဘယ်လိုပဲ စဉ်းစားစဉ်းစား၊ ဒါက ယုတ္တိမရှိဘူးကွာ”

“ဒေဝါလီခံတဲ့ ကိစ္စလား”

“မဟုတ်ဘူး။ မင်း ကြိုဟောနိုင်ခဲ့တဲ့ ကိစ္စ”

“တိုက်ဆိုင်တာပါ”

“ဒီလောကမှာ တိုက်ဆိုင်မှုဆိုတာ မရှိဘူး။ ငါ့အထင်တော့...”

တက်ဂယူရဲ့ အမူအရာက ရုတ်တရက် တည်ကြည်သွားတယ်။ သူ တစ်ခုခု ရှာတွေ့သွားတာလား။

ကျွန်တော် အသေအချာ နားစွင့်နေလိုက်တယ်။

“ဂျင်ဟူ၊ မင်းမှာ အစကတည်းက စွမ်းအားတွေ ရှိနေတာကွ။ အရေးပေါ် အခြေအနေ ရောက်မှ အဲဒီစွမ်းအားတွေက နိုးထလာတာ။ စွမ်းအားရှင်တွေက အဲဒီလိုပဲ မွေးဖွားလာတာလေ”

“...မင်း ရူးနေလား”

တစ်ခုခု ထူးခြားတာ ပြောမလားလို့ မျှော်လင့်မိတာကိုက အမှားပဲ။

ဒါပေမဲ့ တက်ဂယူကတော့ အတည်ကြီးပါ။

“သေချာစဉ်းစားကြည့်စမ်းပါ။ အဲဒါ သေချာပေါက်... အား။ ငါ နာမည်ကောင်းတစ်ခု စဉ်းစားမိပြီ”

“ဘာလဲ”

“မင်းရဲ့ အဲဒီစွမ်းအားကို ‘နတ်မျက်စိ’လို့ ခေါ်ရင် ဘယ်လိုလဲ။ မိုက်တယ်မလား”

“မမိုက်ဘူး”

ကျွန်တော်ကတော့ ပြတ်ပြတ်သားသား ငြင်းပေမဲ့ တက်ဂယူကတော့ သူ့ဘာသာ ခေါင်းညိတ်ပြီး ကျေနပ်နေပုံရတယ်။

“အနာဂတ်မျက်လုံး က ကောင်းပါတယ်။ အခုကစပြီး ငါ မင်းကို အဲဒီလိုပဲ ခေါ်တော့မယ်”

“...မခေါ်ပါနဲ့။”

အဲဒီအချိန်မှာပဲ တက်ဂယူရဲ့ ဖုန်းမြည်လာတယ်။

ကလင်

“ငါ့အပြင် မင်းကို ဘယ်သူက ဖုန်းဆက်တတ်လို့လဲ”

“အများကြီးရှိတာပေါ့။ အလုပ်ကြိုးစားတဲ့ ပါဆယ်ပို့သူတွေနဲ့ အမျိုးမျိုးသော လူလိမ်တွေလေ”

တက်ဂယူ ဖုန်းကို ကြည့်လိုက်တော့ အံ့သြသွားတယ်။

“ဟင်”

ဖုန်းကိုင်လိုက်တဲ့အခါ သူ့မျက်နှာက ချက်ချင်း ဖြူဖျော့သွားတယ်။

“ကိုရီးယားကို ဘယ်တုန်းက ရောက်တာလဲ။ ဟင်… အခုလား။ ငါ အလုပ်ရှုပ်နေလို့... မဟုတ်ဘူး၊ အဲဒါ မဟုတ်ပါဘူး... အာ၊ ဟုတ်ကဲ့... ဟုတ်ကဲ့”

ဖုန်းချလိုက်တဲ့အခါ သူ့မျက်နှာက ထူးထူးခြားခြား ဖြစ်နေပါတယ်။

တစ်ခုခု ဖြစ်လို့များလား။

ကျွန်တော် တက်ဂယူကို မေးလိုက်တယ်။

“ဘယ်သူလဲ”

တက်ဂယူက ငိုမဲ့မဲ့ မျက်နှာပေးနဲ့ ပြောတယ်။

“ငါတို့ အစ်။”

“အမဟျွန်းဂျူးလား”

တက်ဂယူမှာ သူနဲ့ အသက်၁၀ နှစ်ကွာတဲ့ အစ်မတစ်ယောက် ရှိပါတယ်။ နာမည်က အိုဟျွန်းဂျူးပါ။ သူ့အစ်မဟာ တက်ဂယူလို အိုတာကု မဟုတ်ဘဲ ‘Golden Gate’ လို့ ခေါ်တဲ့ အမေရိကန် ရင်းနှီးမြှုပ်နှံမှုဘဏ်မှာ အလုပ်လုပ်နေတာပါ။ တက်ဂယူ အခွန်ရှောင်ဖို့အတွက် ဒဲလားကျွန်းမှာ ကုမ္ပဏီထောင်နိုင်ခဲ့တာလည်း သူ့အစ်မ အကူအညီကြောင့်ပါ။

“ဒါပေမဲ့ မင်းမျက်နှာက ဘာလို့ အဲဒီလို ဖြစ်နေတာလဲ”

“သူ ကိုရီးယား ပြန်ရောက်နေပြီတဲ့။ အခုချက်ချင်း လာခဲ့ဦးတဲ့”

အစ်မဟျွန်းဂျူးက များသောအားဖြင့် ဟောင်ကောင်က အာရှရုံးခွဲမှာ အလုပ်လုပ်တာပါ။ ဒါကြောင့် သူက ဟောင်ကောင်မှာပဲ အနေများပြီး ကိုရီးယားကို တစ်ခါတစ်လေမှပဲ ပြန်လာတ်ပါတယ်။ အသက်ကွာလို့ပဲလားမသိဘူး၊ တက်ဂယူက ငယ်ငယ်ကတည်းက သူ့အစ်မကို ကြောက်ရတာပါ။

တက်ဂယူက ကျွန်တော့်ပုခုံးကို လှမ်းကိုင်ပြီး ပြောတယ်။

“မင်းလည်း လိုက်ခဲ့ဦး”

“ငါက ဘာလို့လိုက်ရမှာလဲ”

“သူက ငါ့အစ်မဆိုပေမဲ့ မင်းအတွက်တော့ ကောင်းကင်ဘုံက ဆင်းသက်လာတဲ့ စီနီယာကြီး မဟုတ်လား”

“အင်း... အဲဒါတော့ ဟုတ်ပါတယ်”

အစ်မဟျွန်းဂျူးက ကိုရီးယားတက္ကသိုလ်၊ စီးပွားရေးဌာနက ကျောင်းဆင်းပါ။ ကျွန်တော်တို့တွေဟာ ဌာနမတူပေမဲ့ သူက ကျွန်တော့်ထက် ၁၀ နှစ်ကြီးတဲ့ စီနီယာပါ။

“မင်းလည်း မမနဲ့ မတွေ့ရတာ ကြာပြီ မဟုတ်လား”

စဉ်းစားကြည့်တော့ နောက်ဆုံး ထမင်းတူတူစားခဲ့တာ စစ်တပ်မဝင်ခင်ကတည်းကပဲ။ ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။

“အိုကေ။ လိုက်ခဲ့မယ်”

ကျွန်တော့်စကားကြောင့် တက်ဂယူ မျက်နှာ ဝင်းခနဲ ဖြစ်သွားတယ်။

“သိပ်ကောင်းတယ်”

ကျွန်တော် အနွေးထည်ကို ကောက်စွပ်ပြီး ထရပ်လိုက်တယ်။

“အမေ... သား တက်ဂယူနဲ့ အပြင် ခဏ သွားဦးမယ်”

“ကျွန်တော် သွားပြီနော်။ အမေ”

အဲဒီတော့မှ အမေက လှမ်းမေးပါတယ်။

“သား ဘယ်တော့ ပြန်လာမှာလဲ။ ညစာရော စားမှာလား”

“ညစာကတော့ နောက်ကျနိုင်လို့ အမေပဲ အရင်စားထားလိုက်နော်”

အခန်း (၆)

ကျွန်တော်တို့ ပထမထပ်ကို ဆင်းခဲ့ကြတော့ အရင်က မတွေ့ဖူးတဲ့ ကားတစ်စီး အဲဒီမှာ ရပ်ထားတာကို တွေ့လိုက်ရပါတယ်။

ပွမ်... ပွမ်

အနီရောင် ကားလေးက မီးတွေလင်းလာပြီး ကျွန်တော်တို့ကို နှုတ်ဆက်လိုက်ပါတယ်။ အဲဒါက တခြားမဟုတ်ပါဘူး၊ တက်ဂယူရဲ့ ကားပါပဲ။

တက်ဂယူက Remote သော့ကို ကိုင်ပြီး ကားတံခါးကို ဖွင့်ပေးကာ "တက်တော့" လို့ ပြောလိုက်တယ်။

ကားတံခါးပေါ်မှာ ဓါးတစ်လက် ကိုင်ထားပြီး ပြုံးနေတဲ့ မိန်းကလေး ဇာတ်ကောင်စတေကာ အကြီးကြီးတစ်ခု ကပ်ထားပါတယ်။ ‘Fantasy ဘာညာ’ ဆိုတဲ့ ဂိမ်းထဲက ဇာတ်ကောင်လို့ သူက ပြောတာပဲ။

ဘာဖြစ်လို့ ဒီလို ဇာတ်ကောင်မျိုးကို ကြော်ငြာကားတစ်စီးလိုမျိုး ကပ်ထားရတာလဲ။

"ဒီစတေကာကို ခွာပစ်လို့ ရမလား"

"မရဘူး။ အဲဒါ ဂျပန်ကနေ ခက်ခက်ခဲခဲ မှာထားရတာကွ"

"······"

ကိုယ့်ကား မဟုတ်တဲ့အတွက် အတင်းခွာခိုင်းလို့တော့ မရပါဘူး။ တက်ဂယူက အရင်ဆုံး ကားမောင်းသူနေရာမှာ ဝင်ထိုင်တယ်။ ကျွန်တော်လည်း သက်ပြင်းတစ်ချက်ချပြီး မိန်းကလေး ဇာတ်ကောင်စတေကာတွေ ကပ်ထားတဲ့ တံခါးကို ဖွင့်ကာ ကားထဲ ဝင်ထိုင်လိုက်ပါတယ်။

အင်း... တစ်မျိုးကြီး ရှက်ဖို့ကောင်းနေသလိုပဲ။

အနီရောင် ကားလေးက ဒုံဟိုတံတားကို ဖြတ်ပြီး မြောက်ဘက်ဆီ ဦးတည်မောင်းနှင်ခဲ့ပါတယ်။

"ငါတို့ ဘယ်ကို သွားနေတာလဲ"

"ဆီလွန်ဟိုတယ်ကို သွားနေတာ"

ဆီလွန်ဟိုတယ်ဆိုတာ နမ်ဆန်းတောင်ခြေမှာရှိတဲ့ ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ဟိုတယ်တစ်ခုပါ။

အပြင်ဘက် ကားပါကင်မှာ နိုင်ငံခြား ဇိမ်ခံကားတွေ တန်းစီရပ်ထားပါတယ်။ အဲဒီအထဲမှာ Ferrari နဲ့ Lamborghiniလို့ ခေါ်တဲ့ စူပါကား အတော်များများလည်း ပါဝင်ပါတယ်။

တက်ဂယူက ဟိုတယ်ရဲ့ အဓိက အဝင်ဝမှာ ကားကို ရပ်လိုက်ပါတယ်။ ဟိုတယ်က ကားပါကင်ဝန်ထမ်းက ကျွန်တော်တို့ကို တစ်လှည့်၊ ကားကို တစ်လှည့် မျက်လုံးအပြူးသားနဲ့ ကြည့်နေပါတယ်။

ကားသေးသေးလေး စီးလာလို့ အထင်သေးတဲ့ အကြည့်မျိုး မဟုတ်ပါဘူး။ ဒီလို အိုတာကု ကားမျိုး တစ်ခါမှ မတွေ့ဖူးတာကြောင့် တကယ်ကို ကြောင်အမ်းသွားတဲ့ အမူအရာပါ။

ဒီမှာ အလုပ်လုပ်နေတုန်း ဒီလိုကားမျိုးကို မြင်ရလိမ့်မယ်လို့ သူဟာ ဘယ်တုန်းကမှ ထင်ထားမှာ မဟုတ်ပါဘူး။

ဟိုတယ်အဝင်ဝကနေ ဖြတ်သွားတဲ့ လူတွေရဲ့ အကြည့်တွေကလည်း ကျွန်တော်တို့ဆီမှာပါပဲ။

အပြင်ဘက်ကနေ တစ်ယောက်တည်း လမ်းလျှောက် ဝင်လာတာကပဲ ပိုကောင်းမလား။

ဝန်ထမ်းက ဗျာများနေပေမဲ့ ယဉ်ယဉ်ကျေးကျေးနဲ့ပဲ "ကျွန်တော် ကားပါကင် ထိုးပေးပါ့မယ်" လို့ ပြောလာပါတယ်။

"အေး"

တက်ဂယူကတော့ ယုံကြည်မှုအပြည့်နဲ့ ကားထဲက ထွက်လာပေမဲ့ ကျွန်တော်ကတော့ မျက်နှာကို အတတ်နိုင်ဆုံး ဖုံးပြီး ကိုယ်ကိုနှိမ့်ကာ ကားထဲက ထွက်ခဲ့ရတယ်။

ဘာလို့ ငါပဲ ရှက်နေရတာလဲ။

ဧရာမ ဆုံလည်တံခါးကြီးကို ဖြတ်ဝင်လိုက်တော့ အနက်ရောင် စကတ်၊ အဖြူရောင် ရှပ်အင်္ကျီနဲ့ အနက်ရောင် ဒေါက်ဖိနပ် ဝတ်ထားတဲ့ အသက် ၃၀ ကျော် အမျိုးသမီးတစ်ယောက်ကို အထဲမှာ တွေ့လိုက်ရပါတော့တယ်။

အဆိုပါအမျိုးသမီးက ငွေရောင်မျက်မှန် တပ်ထားပြီး ဆံပင်ကို စည်းထားပါတယ်။ အရမ်း ထင်ပေါ်တဲ့ စတိုင်မျိုး မဟုတ်ပေမဲ့ လှပတဲ့ အမျိုးသမီးတစ်ယောက်လို့ သတ်မှတ်နိုင် လောက်အောင် ဆွဲဆောင်မှု ရှိပါတယ်။

တက်ဂယူက အဲ့ဒီအမျိုးသမီးဆီ လက်ဝှေ့ယမ်းပြလိုက်တယ်။

"ဟိုင်း… မတွေ့ရတာ ကြာပြီနော်။ မမ"

အဲ့ဒီအမျိုးသမီးက လက်ပတ်နာရီကို ကြည့်ပြီး ပြောလိုက်တယ်။

"၄ နာရီမှာ ဒီမှာရှိရမယ်လို့ ပြောထားတာ၊ အခု ၃ မိနစ် နောက်ကျနေပြီ"

"၃ မိနစ်လေးပဲ နောက်ကျတာကို... အဲ"

တက်ဂယူက ဆင်ခြေပေးဖို့ ကြိုးစားပေမဲ့ အဲ့ဒီအမျိုးသမီးက စိုက်ကြည့်လိုက်တာကြောင့် ချက်ချင်းပဲ ပါးစပ်ပိတ်သွားပါတယ်။

အဲ့ဒီအမျိုးသမီးက ကျွန်တော့်ဘက်ကို အကြည့်လွှဲလိုက်ပါတယ်။

" ဂျင်ဟူလည်း ပါလာတာပေါ့လေ"

တက်ဂယူက ခေါင်းညိတ်ပြပါတယ်။

"သူက မမကို တွေ့ချင်လွန်းလို့ လိုက်ပို့ပါဆိုပြီး ပူဆာနေတာနဲ့ ခေါ်လာရတာ"

"..."

ငါက ဘယ်တုန်းက အဲ့လိုပြောမိလို့လဲ...

ကျွန်တော် ခေါင်းညိတ်ပြီး နှုတ်ဆက်လိုက်ပါတယ်။

"မတွေ့ရတာ ကြာပြီနော်။ မမ။ ကျန်းမာရေး ကောင်းရဲ့လားခင်ဗျာ"

အမဟျွန်းဂျူးက ကျွန်တော့်ကို ပြုံးပြပါတယ်။

"အင်း။ အခု စစ်မှုထမ်းတာပြီးသွားပြီပေါ့လေ"

"ဟုတ်ကဲ့၊ မကြာသေးခင်ကမှ ပြီးတာပါ"

"ပင်ပန်းသွားပြီနော်။ ဘယ်တော့ ကျောင်းပြီးမှာလဲ"

"ပထမနှစ်ပြီးမှ စစ်တပ်ဝင်ခဲ့တာဆိုတော့ ကျောင်းပြီးဖို့ လိုသေးတယ်။ မမ"

"ကျောင်းပြီးရင် Golden Gate မှာ အလုပ်လာလျှောက်ပါလား"

"လက်ခံမယ်ဆိုရင်တော့ ချက်ချင်းပဲ လာခဲ့မှာပါ။ မမရယ်"

ကိုရီးယားမှာ နာမည်ကြီးတဲ့ တက္ကသိုလ်ဖြစ်ပေမဲ့ ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဘဏ် တစ်ခုမှာ အလုပ်ရဖို့ဆိုတာ အင်မတန် ခဲယဉ်းပါတယ်။ Golden Gateလို နေရာမျိုးက တစ်နှစ်မှာ ဌာနအားလုံးပေါင်းမှ ကျောင်းသား တစ်ယောက်လောက်ပဲ လက်ခံတာပါ။

Golden Gate တစ်ခုလုံးမှာတောင် ကိုရီးယားက ကျောင်းသားဆိုလို့ အယောက် ၂၀ လောက်ပဲ ရှိနိုင်တာမျိုးပါ။

အမဟျွန်းဂျူးနဲ့အတူ ကျွန်တော်တို့ ဟိုတယ်ရဲ့ ဒုတိယထပ်မှာရှိတဲ့ ကော်ဖီဆိုင်ကို သွားခဲ့ကြတယ်။

ဆိုင်ထဲမှာ ပြတင်းပေါက်နားက စားပွဲအနည်းငယ်မှာပဲ လူရှိပြီး တိတ်ဆိတ်နေပါတယ်။ ဖောက်သည် တစ်ဝက်လောက်က နိုင်ငံခြားသားတွေဖြစ်ပြီး အကုန်လုံးက စမတ်ကျတဲ့ ရုံးဝတ်စုံတွေ ဝတ်ထားကြတာပါ။

အဲဒီအချိန်မှာ ကျွန်တော်ကတော့ ဂျင်းဘောင်းဘီ၊ တီရှပ်နဲ့ အနွေးထည် ဝတ်ထားမိတယ်။

ဝတ်စုံအပြည့် ဝတ်လာသင့်တာလား။

ဘာပဲဖြစ်ဖြစ်၊ အားကစားဝတ်စုံကြီးနဲ့ လာတဲ့ တက်ဂယူထက်စာရင်တော့ ကျွန်တော်က ပိုကြည့်ကောင်းပါသေးတယ်။ ဒီလိုနေရာမှာ ဒီလိုဝတ်လာတာ ငါတို့ပဲ ရှိမယ် ထင်တယ်။

တက်ဂယူကတော့ သူ့ကိုယ်သူ ဘာမှ မဖြစ်သလိုပါပဲ။

ကျွန်တော် တက်ဂယူနဲ့ အမဟျွန်းဂျူးကို ကြည့်လိုက်မိတယ်။ သူစိမ်းတစ်ယောက် ကြည့်မယ်ဆိုရင် သူတို့နှစ်ယောက်က မောင်နှမတွေလို့ လုံးဝ ထင်မိမှာ မဟုတ်ပါဘူး။

ဒါပေမဲ့ သေချာကြည့်ရင်တော့ တချို့နေရာတွေမှာ တူတာလေးတွေ ရှိပါတယ်။

တက်ဂယူသာ ဝိတ်နည်းနည်းချ၊ ဆံပင်ပုံစံလေး ပြင်ပြီး အဝတ်အစား ကောင်းကောင်းဝတ်ရင် ကြည့်လို့ ကောင်းမှာပဲလေ။

ဝန်ထမ်းတစ်ယောက် ရောက်လာပြီး Menuစာရွက်ပေးပါတယ်။ တက်ဂယူက ကြည့်ပြီးတော့ လန့်သွားတယ်။

"ဟင်…. ကော်ဖီတစ်ခွက်ကို ၂ သောင်း ၅ ထောင်တောင်လား။ ဘာလို့ ဒီလောက် ဈေးကြီးတာလဲ။ ဒါက ဖြစ်နိုင်လို့လား"

"······"

ဝမ် သန်းတစ်သောင်းကျော် ချမ်းသာတဲ့ကောင်က ကော်ဖီတစ်ခွက် ၂ သောင်းခွဲကို တုန်နေတာပါ။

"အေးလေ၊ ဈေးကြီးမှာပေါ့"

တက်ဂယူက Menuကို ပိတ်လိုက်ပြီး ဝန်ထမ်းကို ပြောလိုက်တယ်။

"ကျွန်တော့်ကို ရေပဲ ပေးပါတော့..."

ဟျွန်းဂျူးက တက်ဂယူလက်ထဲက မီနူးကို လှမ်းယူလိုက်ပါတယ်။

"ဂျင်ဟူ၊ ကော်ဖီ သောက်မလား"

"ဟုတ်ကဲ့"

"ကော်ဖီအကြီး နှစ်ခွက်နဲ့ Lemonade တစ်ခွက် ပေးပါ"

မှာပြီးတဲ့နောက် ကျွန်တော် အမဟျွန်းဂျူးကို မေးလိုက်တယ်။

"ကိုရီးယားကို ဘယ်တုန်းက ရောက်တာလဲ။ မမ"

"အခုလေးတင်ပဲ ရောက်တာ"

သူ့မျက်နှာက သိပ်မကောင်းပါဘူး။ စိုးရိမ်ပူပန်စရာတွေ အများကြီး ရှိနေတဲ့ ပုံစံပါပဲ။

ဟျွန်းဂျူးက တက်ဂယူကို ကြည့်ပြီး "Mountain Hill ဒေဝါလီခံလိုက်ရတယ်လို့ ကြားတယ်။ နင်ကော အဆင်ပြေရဲ့လား" လို့ မေးတယ်။

တက်ဂယူက ပြုံးဖြဲဖြဲနဲ့…

"ကံကောင်းတာက ဒေဝါလီခံရမယ့်ကိစ္စမဖြစ်ခင်လေးတင် အကုန်ရောင်းလိုက်တာ"

"တ-တကယ်ကြီးလား"

မျှော်လင့်မထားတဲ့ အဖြေကြောင့် ဟျွန်းဂျူး အံ့သြသွားတယ်။

"အကုန်ရောင်းလိုက်တယ် ဟုတ်လား"

"အေး။ OTK Company အကောင့်ထဲကို အကုန် ထည့်ထားလိုက်ပြီ။ ၁၁.၉ သန်း ဒေါ်လာလောက် ရှိမယ်"

ပမာဏကို ကြားပြီးတဲ့နောက် ဟျွန်းဂျူးကတော့ စကားတောင် မဆိုနိုင်တော့ပါဘူး။ တက်ဂယူက ဘာမှမဖြစ်သလို နေပေမဲ့ နားထောင်ရတဲ့သူအဖို့တော့ ဒါက တုန်လှုပ်စရာ ပမာဏပါ။

အကြိမ်ကြိမ် အတည်ပြုပြီးတဲ့နောက်မှာတော့ ဟျွန်းဂျူးရဲ့ မျက်နှာလေး နည်းနည်း လင်းလက်လာပါတယ်။

"တော်သေးတာပေါ့"

သူ ဒီကိစ္စအတွက် အတော်လေး စိတ်ပူနေခဲ့တာ ဖြစ်မှာပါ။

"မမက တက်ဂယူအတွက် အတော်လေး စိတ်ပူနေခဲ့တာပဲနော်"

ကျွန်တော့်စကားကြောင့် ဟျွန်းဂျူးက သိသိသာသာကို ဗျာများသွားပါတယ်။

"ဘာ-ဘာတွေ ပြောနေတာလဲ။ ငါက ဘာလို့ ဒီ အိုတာကုကောင်အတွက် စိတ်ပူရမှာလဲ"

"······"

သူက မမရဲ့ မောင်လေးမလို့ပေါ့ဗျာ။ အစ်မတစ်ယောက်က မောင်လေးအတွက် စိတ်ပူတာ သဘာဝပဲ မဟုတ်လား။

အဲဒီအချိန်မှာပဲ မှာထားတဲ့ ဖျော်ရည်တွေ ရောက်လာပါတယ်။

"အာ…ထားလိုက်တော့"

ဟျွန်းဂျူးက သူ့ရဲ့ အမူအရာကို ပြန်ထိန်းလိုက်ပြီး တစ်ခုခု ရေးထားတဲ့ စာရွက်လေးတစ်ရွက် ကျွန်တော့်ကို ကမ်းပေးတယ်။

"ဒါက ဘာလဲဟင်"

စာရွက်ထဲမှာ နာမည်တစ်ခုနဲ့ ဖုန်းနံပါတ်တစ်ခု ရေးထားပါတယ်။

"ဒါက Golden Gate ဂန်နမ်ရုံးခွဲ မန်နေဂျာရဲ့ ဆက်သွယ်ရန် လိပ်စာပါ။ တကယ်လို့ ပြည်တွင်းအကောင့်ထဲကို ပိုက်ဆံ အများကြီး သွင်းဖို့ လိုလာရင် ဒီကလူတွေကို ဆက်သွယ်ပြီး ဖြေရှင်းခိုင်းလိုက်။ ငါ့ရဲ့ မောင်လေး နဲ့ ကျောင်းက ဂျူနီယာဖြစ်သူ ဂျင်ဟူလို့ ပြောလိုက်ရင် သူတို့ သိပါလိမ့်မယ်"

နိုင်ငံခြားက ကုမ္ပဏီအကောင့်ထဲက ပိုက်ဆံကို ကိုရီးယားအကောင့်ထဲ လွှဲဖို့ဆိုရင် အခွန်အစီရင်ခံစာ တင်တာမျိုးတွေ လိုအပ်ပါတယ်။ ကျွန်တော် ရထားတဲ့ ဝမ် သန်း ၅၀၀ ကိုလည်း အဲဒီကနေပဲ တစ်ခါတည်း ကိုင်တွယ်လို့ ရလောက်မလား။

တက်ဂယူက စာရွက်ကို အိတ်ထဲ ထည့်လိုက်ပါတယ်။

"ဒါနဲ့... နင်က ဖြည်းဖြည်းချင်း ရောင်းမယ်ဆိုပြီး ဘာလို့ ရုတ်တရက်ကြီး တစ်ညတည်းနဲ့ အကုန်ရောင်းပစ်လိုက်တာလဲ"

"ရုတ်တရက်ကြီး ရောင်းချင်စိတ် ပေါက်လာလို့ပါ။ မမရယ်"

သူက ဝေဝေဝါးဝါးပဲ ဖြေလိုက်တာကြောင့် ကျွန်တော်လည်း စကားလမ်းကြောင်း လွှဲလိုက်ပါတယ်။

"မမက တက်ဂယူကြောင့်နဲ့ ကိုရီးယားကို ရောက်လာတာလား"

ဟျွန်းဂျူးကတော့ နားလည်မှု မလွဲစေဖို့ ပြတ်ပြတ်သားသား ငြင်းတယ်။

"အို၊ မဟုတ်ပါဘူး။ လုံးဝ မဟုတ်ဘူးနော်။ အလုပ်ကိစ္စကြောင့် သက်သက် လာတာပါ"

Golden Gate က တခြား ကမ္ဘာကျော် ရင်းနှီးမြှုပ်နှံမှုဘဏ်တွေလိုပဲ ကမ္ဘာအနှံ့မှာ ရုံးခွဲတွေ ရှိပါတယ်။ ကိုရီးယားက စီးပွားရေးအရ ကြီးမားတယ်ဆိုပေမဲ့ ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ဘဏ်တွေအတွက်တော့ အဓိက အာရုံစိုက်တဲ့ နေရာ မဟုတ်ပါဘူး။ ဒါကြောင့် Golden Gate က ကိုရီးယားမှာ အာမခံနဲ့ ဘဏ်လုပ်ငန်းအတွက် ရုံးခွဲအနည်းငယ်ပဲ ရှိပြီး ရုံးခွဲကွန်ရက် အပြည့်အစုံတော့ မရှိပါဘူး။

"ဒါဆို ကိုရီးယားမှာ ဘယ်လောက်ကြာကြာ နေမှာလဲ"

"ကုမ္ပဏီတစ်ခုကို စစ်ဆေးဖို့ လာတာဆိုတော့ ၁၀ ရက်လောက် ကြာမယ်"

တက်ဂယူက အံ့သြသွားတယ်။

"ဟာ… ၁၀ ရက်တောင်လား"

"အတော်လေး ကြာမယ့်ပုံပဲ"

အဲဒီတော့မှ တက်ဂယူက သူ့အမူအရာကို အမြန်ပြန်ပြင်ပြီး ခေါင်းညိတ်ပြပါတယ်။

"ဪ… မဟုတ်ပါဘူး။ ဝမ်းသာလို့ပါ။ အဲဒါနဲ့ မမက ဘယ်မှာ တည်းတာလဲ"

အမဟျွန်းဂျူးက အပေါ်ဘက်ကို လက်ညှိုးထိုးပြတယ်။

"ဒီအပေါ်မှာပဲလေ။ စစ်ဆေးရေးအဖွဲ့ တစ်ဖွဲ့လုံး ဒီမှာပဲ အတူတူ တည်းကြတာ"

ဟိုတယ်ရဲ့ အတွင်းပိုင်းကို ကြည့်ရင်း ကျွန်တော် မေးလိုက်တယ်။

"ဒီနေရာက ဈေးမကြီးဘူးလား"

နမ်ဆန်းတောင်ခြေက ကြယ်ငါးပွင့် ဟိုတယ်ဆိုတော့ အပေါဆုံးအခန်းတောင် တစ်ညကို ၅ သိန်းကျော်လောက် ရှိမှာ မဟုတ်လား။

အမဟျွန်းဂျူးကတော့ ဘာမှ မဟုတ်သလိုပဲ ပြန်ဖြေတယ်၊

"ကုမ္ပဏီက အကုန်အကျခံတာပဲလေ"

တကယ်ပဲ ကမ္ဘာကျော် ရင်းနှီးမြုတ်နှံမှုဘဏ်တွေကတော့ စံပါပဲ။

ဘီ... ဘီ

စားပွဲပေါ်က ဖုန်းက တုန်ခါလာပါတယ်။

"ခဏလေးနော်"

အမဟျွန်းဂျူးက ဖုန်းကိုင်ပြီး ထသွားပါတယ်။ အကြာကြီးနေမှ သူ ပြန်ရောက်လာတယ်။

"တစ်ခုခု ပြဿနာရှိလို့လား။ မမ"

"ဘာမှမဟုတ်ပါဘူး။ OPEC အစည်းအဝေး အချိန်ဇယားနဲ့ ပတ်သက်လို့ပါ"

"OPEC ဟုတ်လား..."

တက်ဂယူက သိသလိုနဲ့ ဝင်ပြောတယ်။

"OPEC ဆိုတာ 'Oil Factory' (ဆီစက်ရုံ) ကို အတိုကောက် ခေါ်တာ မဟုတ်လား"

"..."

တခြားဟာတွေ မသိရင်တောင် ‘Factory’ က ‘F’ နဲ့ စတယ်ဆိုတာတော့ သူ သိသားပဲ။

"ရေနံထုတ်လုပ်တဲ့ နိုင်ငံတွေ စုဝေးတဲ့အဖွဲ့ မဟုတ်လား"

အမဟျွန်းဂျူးက ခေါင်းညိတ်ပြပါတယ်။

"အတိအကျ ပြောရရင်တော့ ရေနံတင်ပို့သည့် နိုင်ငံများအဖွဲ့ (Organization of the Petroleum Exporting Countries)ပေါ့။ OPEC အစည်းအဝေး ရလဒ်တွေကို သန်ဘက်ခါ ကြေညာဖို့ ရှိတယ်..."

အဲဒီအချိန်မှာပဲ အဖြစ်အပျက်တစ်ခု ဖြစ်လာတယ်။

ကျွန်တော့်မျက်စိရှေ့မှာ ဟိုလိုဂရမ်လိုမျိုး တစ်ခုခု ပေါ်လာပြန်တယ်။

ဘာကြီးလဲဟ။

ဒါကို ငါ ဘာလို့ ထပ်မြင်နေရပြန်တာလဲ။

[OPEC အစည်းအဝေး - ရေနံထုတ်လုပ်မှု လျှော့ချရန် သဘောတူညီမှု ရရှိ]

"ဟေ့…. ဘာဖြစ်လို့လဲ"

တက်ဂယူရဲ့ စကားကြောင့် ကျွန်တော် သတိပြန်ဝင်လာပါတယ်။ ခုနက မျက်စိရှေ့မှာ ရှိနေတဲ့ ဟိုလိုဂရမ်ကလည်း လိမ်ညာနေသလိုမျိုး ပျောက်ကွယ်သွားခဲ့ပါပြီ။

အမဟျွန်းဂျူးက ကျွန်တော့်ကို စိတ်ပူတဲ့ အမူအရာနဲ့ ကြည့်နေပါတယ်။

"အဆင်ပြေရဲ့လား။ ဂျင်ဟူ"

"ဪ….ခဏလောက် အတွေးလွန်သွားလို့ပါ"

ကျွန်တော်ကတော့ ဝေဝေဝါးဝါးပဲ ဖုံးဖိလိုက်ပေမဲ့ တက်ဂယူကတော့ ရိပ်မိသွားပုံရပြီး ကျွန်တော့်ကို အဓိပ္ပာယ်ပါပါ ကြည့်နေပါတယ်။

အဲဒီအကြည့်ကို လျစ်လျူရှုရင်း ကျွန်တော် အမဟျွန်းဂျူးကို မေးလိုက်တယ်။

"OPEC က ဘာအစည်းအဝေး လုပ်နေတာလဲ။ မမ"

"အခု ကူဝိတ်မှာ ရေနံထုတ်လုပ်မှု လျှော့ချဖို့ အတွက် စည်းဝေးနေကြတာလေ"

"လျှော့ချဖို့လား"

အဲဒီစကားကြောင့် ကျွန်တော် အံ့သြသွားပါတယ်။

အခုလေးတင်ပဲ ငါ မြင်လိုက်တယ် မဟုတ်လား။

All Chapters