← Chapters

အခန်း (၇-၈)

Vol. 1 Ch. 7-8

အခန်း (၇-၈)

Vol. 1 Ch. 7-8

အခန်း (၇)

အမဟျွန်းဂျူးက အတိုချုံး ရှင်းပြပါတယ်။

ရှယ်ယာတွေနဲ့ ငွေတိုက်စာချုပ်တွေက ဘဏ္ဍာရေးပိုင်ဆိုင်မှုတွေကို ကိုယ်စားပြုတယ်ဆိုရင် ရေနံနဲ့ ရွှေကတော့ ဒြပ်ရှိပိုင်ဆိုင်မှု တွေကို ကိုယ်စားပြုတာပါတဲ့။

စီးပွားရေး အကြပ်အတည်း မတိုင်ခင်အထိ ရေနံဈေးဟာ တစ်စည်ကို ၁၅၀ ဒေါ်လာနီးပါး ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဘဏ္ဍာရေးအကြပ်အတည်းနဲ့ စီးပွားရေး တိုးတက်မှု နှေးကွေးသွားပြီးနောက်မှာတော့ ဝယ်လိုအား ကျဆင်းလာပြီး ဈေးနှုန်းတွေလည်း ကျဆင်းသွားခဲ့ပါတယ်။

ဒါကို ပိုပြီး မီးလောင်ရာလေပင့် ဖြစ်စေခဲ့တာကတော့ အမေရိကန်ပြည်ထောင်စုမှာ ရှိတဲ့ 'ရှေးလ်ဂက်စ်' နဲ့ ‘ရှေးလ်ရေနံ’ တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုပါပဲ။

ရှေးလ်ကျောက်လွှာတွေထဲမှာ ဂက်စ်နဲ့ ရေနံရှိနေတာကို သိတာ ကြာပါပြီ။ ဒါပေမဲ့ ကုန်ကျစရိတ်နဲ့ နည်းပညာဆိုင်ရာ အခက်အခဲတွေကြောင့် တူးဖော်ဖို့ မဖြစ်နိုင်ခဲ့ပါဘူး။

ဒါပေမဲ့ ရေနံဈေးက တစ်စည်ကို ၁၀၀ ဒေါ်လာ အထက်မှာပဲ တောက်လျှောက် ရှိနေတာရယ်၊ နည်းပညာအသစ်တွေ ထွက်ပေါ်လာတာရယ်ကြောင့် တူးဖော်ဖို့ ဖြစ်နိုင်ခြေ ရှိလာပါတယ်။

အမေရိကန် ကုမ္ပဏီတွေဟာ ရှေးလ်ကျောက်လွှာတွေကို ခွဲထုတ်ပြီး အထဲက ဂက်စ်နဲ့ ရေနံတွေကို စတင် ထုတ်ယူခဲ့ကြတယ်။ တွေ့ရှိတဲ့ ပမာဏကလည်း အင်မတန် များပြားလွန်းတာကြောင့် 'ရှေးလ်တော်လှန်ရေး' လို့တောင် လူသိများလာခဲ့ပါတယ်။

“ကမ္ဘာ့အဓိက ရေနံအမျိုးအစား ၃ မျိုးက ဘာလဲဆိုတာudk သိလား”

ဒါကိုတော့ ကျွန်တော် ကမ္ဘာ့စီးပွားရေးဘာသာရပ်မှာ သင်ခဲ့ဖူးပါတယ်။

“မြောက်ပင်လယ်က Brent crude၊ အရှေ့အလယ်ပိုင်းက Dubai crude နဲ့ WTI - West Texas Intermediateတို့ မလား”

[ဒါနဲ့ စကားမစပ်၊ ကိုရီးယားကတော့ အဓိကအားဖြင့် Dubai crudeကို တင်သွင်းတာပါ။]

အမဟျွန်းဂျူးက ပြုံးပြီး ခေါင်းညိတ်ပြပါတယ်။

“အတိအကျပဲ။ နင်သိတဲ့အတိုင်း အမေရိကန်က အစကတည်းက ရေနံထုတ်လုပ်တဲ့ နိုင်ငံပါ။ ဒါပေမဲ့ ပြည်တွင်း ဝယ်လိုအားကို မဖြည့်ဆည်းနိုင်လို့ အကြီးဆုံး ရေနံတင်သွင်းသူအဖြစ် ရပ်တည်ခဲ့ရတယ်။ ဒါပေမဲ့ ရှေးလ်တော်လှန်ရေးကြောင့် အရာအားလုံး ပြောင်းလဲသွားခဲ့ပြီ”

အမေရိကန်မှာ ထွက်ရှိတဲ့ ရှေးလ်ဂက်စ်နဲ့ ရေနံပမာဏဟာ အမေရိကန်ကို ရေနံတင်သွင်းသူဘဝကနေ ရေနံတင်ပို့သူဘဝကို ပြောင်းလဲပေးနိုင်တဲ့အထိ ဖြစ်လာပါတယ်။

သဘာဝကျကျပဲ၊ တခြားရေနံထုတ်လုပ်တဲ့ နိုင်ငံတွေကတော့ ဗြောင်းဆန်ကုန်တာပေါ့။

ရေနံရဲ့ ဝယ်လိုအားက အပြောင်းအလဲ သိပ်မရှိပါဘူး။ ဈေးတက်ရင်လည်း သုံးစွဲမှုက ချက်ချင်းမကျသလို၊ ဈေးကျရင်လည်း ချက်ချင်းမတက်ပါဘူး။ ဒါကြောင့် ရေနံဈေးနှုန်းက ရောင်းလိုအား အပေါ်မှာပဲ မူတည်နေပါတယ်။

OPEC ဟာ အပြည်ပြည်ဆိုင်ရာက အသိအမှတ်ပြုထားတဲ့ အုပ်စုဖွဲ့ ဈေးကစားသူအဖြစ် ရပ်တည်ခဲ့တယ်။ သူတို့ ပူးပေါင်းလိုက်တိုင်း ရေနံဈေးနှုန်းတွေ တက်သွားလေ့ရှိပြီး ပထမနဲ့ ဒုတိယ ရေနံအကြပ်အတည်းတွေကို ဖြစ်ပေါ်စေခဲ့တယ်လေ။

ဒါပေမဲ့ ဒီအုပ်စုအပြင် အမေရိကန်က ရောင်းချသူအသစ်အဖြစ် ထွက်ပေါ်လာခဲ့ပါပြီ။

တစ်ချိန်က ရေနံဈေး တစ်စည်ကို ၂၀၀ ဒေါ်လာအထိ ရောက်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ပျောက်ကွယ်သွားပြီး ဈေးနှုန်းတွေ တောက်လျှောက် ထိုးကျလာခဲ့ပါတယ်။

ဝယ်လိုအားကတော့ ပုံသေပါပဲ။

ဈေးနှုန်း ပြန်တက်ဖို့ဆိုရင် ရောင်းလိုအားကို လျှော့ချဖို့ လိုပါတယ်။ OPEC အဖွဲ့ဝင်နိုင်ငံတွေဟာ ထုတ်လုပ်မှုလျှော့ချဖို့ အစည်းအဝေးတွေ အကြိမ်ကြိမ် လုပ်ခဲ့ပေမဲ့ ရလဒ်ကတော့ အမြဲတမ်း မအောင်မြင်ခဲ့ပါဘူး။

“ရေနံထုတ်လုပ်တဲ့ နိုင်ငံတွေရဲ့ အကျိုးစီးပွားတွေက အရမ်းကို ရှုပ်ထွေးလွန်းနေတာကိုး”

ရှေးလ်ရေနံရဲ့ အကြီးဆုံး အားနည်းချက်က ထုတ်လုပ်မှုစရိတ် ကြီးတာပါ။

ထုတ်လုပ်မှုစရိတ်က တစ်စည်ကို ၄၅ ဒေါ်လာလောက် ရှိတာကြောင့် ရေနံဈေးက ၅၀ ဒေါ်လာအောက် ရောက်သွားရင် ကုမ္ပဏီ ထက်ဝက်ကျော်လောက် ဒေဝါလီခံရမယ်လို့ ဆိုကြပါတယ်။

“ဗင်နီဇွဲလားလိုမျိုး ပြိုလဲလုနီးပါး ဖြစ်နေတဲ့ နိုင်ငံတွေကတော့ ရေနံဈေး ထပ်ကျရင် ဒေဝါလီခံရမှာမလို့ ထုတ်လုပ်မှုလျှော့ချတာကို ထောက်ခံနိုင်တယ်။ ဒါပေမဲ့ ဆော်ဒီအာရေးဗီးယားလိုမျိုး ပိုက်ဆံအများကြီးရှိတဲ့ နိုင်ငံတွေကတော့ လောလောဆယ် လျှော့ချခြင်းမရှိဘဲ တောင့်ခံထားတဲ့ သဘောထားမျိုး ရှိနေကြတယ်။ ရေနံဈေး ဆက်ကျနေရင် ရှေးလ်ကုမ္ပဏီတွေအတွက်လည်း ခက်ခဲသွားမှာလေ”

“ဒါဆို ဒီတစ်ခါ အစည်းအဝေး ရလဒ်က ဘယ်လိုဖြစ်မယ် ထင်လဲဟင်။ မမ”

“အများစု ထင်တာကတော့ သဘောတူညီချက် မရနိုင်ဘူးပေါ့။ အခု တစ်စည်ကို ၆၀ ဒေါ်လာဝန်းကျင်မှာ မနည်း ထိန်းထားရတာ၊ ဒီတစ်ခါသာ မအောင်မြင်ရင် ၅၀ အောက်ကို ကျသွားမှာ သေချာသလောက်ပဲ။ အကြီးစား ရင်းနှီးမြှုပ်နှံသူတွေကလည်း အဲဒီဘက်ကိုပဲ လောင်းကြေးထပ်နေကြလို့ ဒီတစ်ပတ်အတွင်းမှာတင် WTI ဈေးက ၈ ရာခိုင်နှုန်းကျော် ကျသွားခဲ့ပြီ”

ရေနံဈေးတွေ အရမ်းတက်တာ ဒါမှမဟုတ် အရမ်းကျတာက ပြဿနာပါပဲ။ အခုလို အချိန်မှာ ရေနံဈေးကျတာက စီးပွားရေးအပေါ် ဆိုးကျိုးသက်ရောက်မှု ရှိနေပါတယ်။

“တကယ်လို့ သဘောတူညီချက် ရသွားရင်ရော ဘာဖြစ်မလဲ”

“ဈေးနှုန်းတွေ ထိုးတက်သွားမှာပေါ့၊ ဈေးကွက်ကလည်း ဝမ်းသာသွားမှာပဲ၊ ဒါပေမဲ့... ဖြစ်နိုင်ခြေကတော့ အရမ်းနည်းပါတယ်”

“ဒါပေမဲ့လည်း ဒီတစ်ခါတော့ သဘောတူညီချက် ရနိုင်တယ်လို့ ထင်တယ်နော်”

ကျွန်တော့်စကားကြောင့် အမဟျွန်းဂျူးက နားမလည်နိုင်သလို ကြည့်လာတယ်။

“ဘာလို့ အဲဒီလို ထင်ရတာလဲ”

ကျွန်တော် မစဉ်းစားဘဲ လွှတ်ခနဲ ပြောလိုက်မိတာပါ။

ကျွန်တော် ဝေဝေဝါးဝါးပဲ ဖြေလိုက်ရတယ်။

“ကျွန်တော်... ကျွန်တော်က ဖြစ်သွားရင် ကောင်းမှာပဲလို့ တွေးလိုက်မိလို့ပါ”

အမဟျွန်းဂျူးက အနည်းငယ် ပြုံးလိုက်ပြီး ပြောပါတယ်။

“ဖြစ်ရင်တော့ ကောင်းတာပေါ့၊ ဒါပေမဲ့ မျှော်လင့်ချက်နဲ့ ခန့်မှန်းချက်ဆိုတာ တခြားစီလေ”

ကျွန်တော်တို့ စကားပြောလို့ ပြီးချိန်မှာပဲ အမဟျွန်းဂျူးရဲ့ ဖုန်း ထပ်မြည်လာပြန်ပါတယ်။

တင်... တင်

မက်ဆေ့ခ်ျကို စစ်ဆေးပြီးနောက်မှာတော့ အမဟျွန်းဂျူး ထိုင်နေရာက ထလိုက်တယ်။

“အကုန် အဆင်သင့်ဖြစ်ပြီ။ အလုပ်ကိစ္စကြောင့် အခုသွားမှ ဖြစ်တော့မယ်။ နောက်မှ ပြန်တွေ့ကြမယ်နော်။ ဂျင်ဟူရေ…ငါ့မောင်လေးကို ကူကြည့်ပေးပါဦး”

“ဟုတ်ကဲ့၊ စိတ်ချပါ။ မမ”

တက်ဂယူက နှုတ်ခမ်းမဲ့ပြီး ပြောလိုက်ပါတယ်။

“ဂျင်ဟူကို ကြည့်ပေးနေတာ ကျွန်တော်ပါဗျာ။ မမက ဘာမှလည်း မသိဘဲနဲ့”

ကျွန်တော်တို့ အိမ်ပြန်ဖို့ ကားထဲ ပြန်ဝင်ခဲ့ကြတယ်။

တက်ဂယူ ကားမောင်းနေတုန်းမှာ ကျွန်တော် ခုနက မြင်လိုက်ရတာကိုပဲ ဆက်တိုက် တွေးနေမိပါတယ်။

OPEC ထုတ်လုပ်မှု လျှော့ချဖို့ သဘောတူညီချက် ရသွားတယ်ဆိုတာက တကယ်တော့ ဘာကို ဆိုလိုတာလဲ။

“... ”

ရိုးရိုးလေးပဲ စဉ်းစားရင် OPEC အဖွဲ့ဝင်တွေက ရေနံထုတ်လုပ်မှုကို လျှော့ချဖို့ သဘောတူလိုက်တာပေါ့။

တကယ်လို့ သဘောတူညီချက်သာ ရသွားမယ်ဆိုရင် ရေနံဈေးတွေ ထိုးတက်သွားမှာပဲ။ အမဟျွန်းဂျူး ပြောစရာတောင် မလိုဘူး၊ ဒါက သာမန် အသိဉာဏ်နဲ့စဉ်းစားရင်တောင် သိနိုင်တဲ့ကိစ္စပါ။

အဲဒီအချိန်မှာ အတွေးတစ်ခု ခေါင်းထဲ ဝင်လာပါတယ်။

ငါသာ ရေနံကို ကြိုဝယ်ထားလိုက်ရင်ရော….

ဒါက တကယ်ပဲ အနာဂတ်ကို ကြိုမြင်ရတာဆိုရင်၊ ငါမြင်လိုက်တာသာ မှန်မယ်ဆိုရင် ရေနံကို ကြိုဝယ်ထားရုံနဲ့တင် ပိုက်ဆံတွေ အများကြီး ရနိုင်တာ မဟုတ်ဘူးလား။

ဟာ…ငါတော့ နည်းလမ်းကောင်းကြီး တွေ့ပြီ ထင်တယ်။

ကျွန်တော် အဲဒီအတွေးကို အေးအေးဆေးဆေး ပြန်သုံးသပ်ကြည့်ပါတယ်။

အမြောက်တပ် ပေါက်ကွဲမယ့်ကိစ္စနဲ့ Mountain Hill ဒေဝါလီခံမယ့် ကိစ္စတွေကို ကျွန်တော် ကြိုသိခဲ့တယ်။ ဖြစ်နိုင်ခြေနိယာအတိုင်းဆိုရင် ဒီ OPEC ကိစ္စကလည်း မှန်ရပါလိမ့်မယ်။ (နိယာမရဲ့ အားနည်းချက်တွေကိုတော့ နောက်မှပဲ စဉ်းစားတော့မယ်။)

ပြဿနာက ရင်းနှီးမြှုပ်နှံမယ့် ငွေရင်းပါ။

အမေ့ကို အိမ်စပေါ်ငွေနဲ့ ဝမ် သန်း ၁၀၀ ပေးပြီးတဲ့နောက်မှာ ကျွန်တော့်အကောင့်ထဲမှာ ဝမ် ၂၅၅ သန်း ကျန်ပြီး တက်ဂယူရဲ့ အကောင့်ထဲမှာ ဝမ် သန်း ၇၄၀ ရှိပါတယ်။

ဒါတွေကို အကုန် ရင်းနှီးလိုက်ရမလား။

ကျွန်တော် တွေးနေတုန်းမှာပဲ တက်ဂယူက လှမ်းမေးပါတယ်။

“ခုနက မမနဲ့ စကားပြောတုန်းက တစ်ခုခု မြင်လိုက်တာလား”

“ဟမ်”

“မင်း တစ်ခုခု မြင်လိုက်တယ် မဟုတ်လား။ ဘာလဲ။ ဘာမြင်လိုက်တာလဲ”

“... ”

ဒီကောင်က အသုံးမကျတဲ့ နေရာတွေကျရင်တော့ အကဲခတ်မြန်သလိုပဲ။

နေဦး။ စဉ်းစားကြည့်တော့ ငါ့မှာ ဝမ် သန်းတစ်ထောင်ဝန်းကျင်ပဲ ရှိပေမဲ့ သူ့မှာက ငါ့ထက် ဆယ်ဆကျော် ရှိတာလေ။

ကျွန်တော် တက်ဂယူကို ကြည့်ပြီး မေးလိုက်တယ်။

“မင်း ရေနံဝယ်ဖို့များ စဉ်းစားဖူးလား”

တက်ဂယူက ကြောင်ကြည့်နေပါတယ်။

“ရေနံဟုတ်လား။ ရေနံဝယ်ရမှာလား။ ငါတို့ကားမှာ ဆီအပြည့် ရှိနေတာပဲလေ”

“မဟုတ်ဘူး၊ ကားထဲ ဆီဖြည့်ဖို့ ပြောတာ မဟုတ်ဘူး၊ အဲဒါက တခြားဟာ...”

ကျွန်တော် မြင်ခဲ့တာနဲ့ အခုလေးတင် ခေါင်းထဲရောက်လာတဲ့ အကြံဉာဏ်ကို ရှင်းပြလိုက်ပါတယ်။

တက်ဂယူက နားထောင်ပြီးတော့ အံ့သြသွားတယ်၊

“ဒါဆို မင်းပြောတာက OPEC ရေနံထုတ်လုပ်မှု လျှော့ချဖို့ သဘောတူညီချက် ရသွားမယ်လို့ ကြိုမြင်တယ်၊ အဲဒါကြောင့် ဈေးတက်မှာမလို့ ကြိုဝယ်ထားရမယ် ဆိုတဲ့ သဘောလား”

“အတိအကျပဲ”

သူ နားလည်တာ မြန်လို့ တော်သေးတယ်။

“ဒါပေမဲ့ ဝယ်ပြီးရင် အဲဒီရေနံတွေကို ဘယ်မှာ ထားမှာလဲ။ အိမ်မှာ စည်ပိုင်းတွေနဲ့ စီထားမှာလား”

“... ”

ကြည့်ရတာ သူ အကုန်လုံးကိုတော့ နားမလည်သေးဘူး ထင်ပါတယ်။

ကျွန်တော်တို့ ယော့ဆမ်ဒေါင်းမှာရှိတဲ့ တက်ဂယူရဲ့ စတူဒီယိုတိုက်ခန်းဆီကို ရောက်လာခဲ့ကြတယ်။

အိမ်ထဲရောက်တာနဲ့ တက်ဂယူက စားပွဲပေါ်က ပန်းကန်တွေကို ဖယ်ပြီး ကွန်ပျူတာ ဖွင့်လိုက်ပါတယ်။ Browser ဖွင့်ပြီး WTIလို့ ချက်ချင်း ရှာလိုက်တယ်။

အမေရိကန်က သူ့ပြည်တွင်းမှာ ထွက်တဲ့ ရေနံကိုတောင် ကိုင်တွယ်ဖို့ ခက်ခဲနေတာပါ။ အရောင်းအဝယ်တွေ ရှိနေပေမဲ့ တကယ်တမ်းမှာတော့ ရေနံက ပြည်ပကို တင်ပို့တာမျိုး မရှိပါဘူး။

ဒါတောင်မှ အမေရိကန်ရဲ့ ဘဏ္ဍာရေးဈေးကွက်က တိုးတက်နေတာကြောင့် နိုင်ငံတကာ ရေနံဈေးနှုန်းကို သတ်မှတ်ရာမှာ သူက အဓိက အခန်းကဏ္ဍက ပါဝင်နေပါတယ်။

အမဟျွန်းဂျူး ပြောသလိုပဲ WTI ဈေးက တစ်စည်ကို ၆၀ ဒေါ်လာမှာ မနည်း တောင့်ခံထားရတယ်။ အတိအကျဆိုရင်တော့ ၆၀.၄၈ ဒေါ်လာပါ။

“ဈေးက တော်တော်လေး ကျသွားတာပဲ”

ရေနံစိမ်းကို ကားမောင်းဖို့တင်မကဘဲ အမျိုးမျိုးသော လုပ်ငန်းခွင်တွေမှာပါ အသုံးပြုကြပါတယ်။ ဒါကြောင့် ရေနံဈေးတက်တာက ကုန်ထုတ်လုပ်မှုစရိတ်တွေအပေါ် အကြီးအကျယ် သက်ရောက်မှု ရှိပါတယ်။

ကျွန်တော့်အဖေ စက်ရုံထောင်တုန်းကလည်း ရေနံဈေး တစ်စည် ၁၀၀ ဒေါ်လာကျော်နေလို့ အခက်တွေ့ခဲ့ရတာပါ။ ဒါပေမဲ့ အခု နှစ်အနည်းငယ်အတွင်းမှာပဲ ဒီလောက်အထိ အောက်ဆုံးဈေး ရောက်သွားခဲ့ပါပြီ။

ရှေးလ်ရေနံက တကယ်ကို အံ့သြဖို့ ကောင်းတာပဲ။

တက်ဂယူက သူ့ရဲ့ Golden Gate အကောင့်ထဲကို ဝင်လိုက်ပါတယ်။ ကျွန်တော့်ကို သန်း ၅၀၀ ပေးပြီးတာတောင် သူ့မှာ ၁၁,၉၃၂,၀၀၀ ဒေါ်လာ ကျန်ပါသေးတယ်။ အဲဒီထဲက ၆၇၃,၀၀၀ ဒေါ်လာလောက်က ကျွန်တော့်ဝေစုပါ။

“WTIဟုတ်လား။ အဲဒါကို ဘယ်မှာ ဝယ်လို့ ရတာလဲ”

“နယူးယောက် ကုန်စည်ဒိုင်မှာပေါ့ကွာ”

တက်ဂယူက တစ်ခုခုကို စိတ်လှုပ်ရှားနေပုံရတယ်။

“ဘယ်လောက်ဖိုးလောက် ဝယ်မလို့လဲ”

ရလဒ်ကို အတိအကျ မခန့်မှန်းနိုင်သေးတာကြောင့် အရင်းအနှီးရဲ့ ထက်ဝက်လောက်ပဲ အရင် လောင်းကြည့်ရအောင်။

“ဒေါ်လာ ၃ သိန်း ဖိုး”

“ဒါဆို ငါ့ဟာပါ တူတူ ဝယ်လိုက်မယ်”

“မင်းကရော ဘယ်လောက်ဖိုး ဝယ်မှာလဲ”

“ဒေါ်လာ ၁၀ သန်း ဖိုးလောက်”

“ဒေါ်လာ ၁၀ သန်းဟုတ်လား”

“အေး။ ဒေါ်လာ ၁၀ သန်း”

ကျွန်တော် ဆွံ့အသွားပြီး ပြောလိုက်မိတယ်၊

“အဲဒါကို သင့်တော်တဲ့ ပမာဏလို့ ဘယ်လိုလုပ် ခေါ်နိုင်မှာလဲဟ။ မင်း ရူးနေလား”

“ဒါဆို ၅ သန်းလား”

ဒီကောင် ပိုက်ဆံတွေ အများကြီး ရထားလို့ ရုတ်တရက် စိတ်လွတ်သွားတာလား။

“ဒါက သေချာပေါက် ဖြစ်မယ်လို့ အာမခံချက် မရှိဘူးနော် သူငယ်ချင်း”

“မင်း ယုံကြည်ချက် ရှိတယ် မဟုတ်လား။ ဒါဆို အဆင်ပြေမှာပါ”

“တကယ်လို့ အဆင်မပြေရင်ရော ဘယ်လိုလုပ်မလဲ”

“အိုကေ။ ၃ သန်းပဲ။ ဒီထက်တော့ မလျှော့နိုင်ဘူး”

“... မင်းသဘောပဲကွာ”

ဈေးကွက်ကတော့ ရေနံထုတ်လုပ်မှု လျှော့ချရေး အစည်းအဝေး မအောင်မြင်ဘူးလို့ပဲ ခန့်မှန်းနေကြတာပါ။

ဈေးကွက်က ဒီလို ခန့်မှန်းထားပြီးသားမလို့ ရေနံဈေးတွေက အများကြီး ကျနေခဲ့တာပါ။ တကယ်လို့ လျှော့ချဖို့ မအောင်မြင်ခဲ့ရင်တောင် ဈေးက ထပ်ပြီး အများကြီး ကျသွားဖို့ မရှိပါဘူး။

တကယ်လို့ ကျွန်တော်တို့ မှားသွားရင်လည်း အရှုံးနည်းနည်းနဲ့ ပြန်ရောင်းလိုက်ရုံပဲလေ။

ကျွန်တော် တက်ဂယူရဲ့ အကောင့်ထဲ ဝင်ပြီး WTI ကို ဝယ်လိုက်ပါတယ်။

ဒေါ်လာ ၃.၃ သန်းဆိုတာ သာမန်လူတစ်ယောက်အတွက် စိတ်ကူးတောင် မယဉ်နိုင်တဲ့ ပမာဏပါ။ လက်တွေ တုန်တုန်ရီရီနဲ့ ‘Buy’ ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ပါတယ်။

“အခု ငါတို့ ဘာဆက်လုပ်ရမှာလဲ”

“OPEC အစည်းအဝေး ပြီးတဲ့အထိ စောင့်ရမှာပေါ့”

အခန်း (၈)

ရုတ်တရက် ဝမ် သန်း ၁၂၄၀ကို ပိုင်ဆိုင်လိုက်ရတဲ့အခါ လောကကြီးတစ်ခုလုံးကို ပိုင်ဆိုင်လိုက်ရသလို ခံစားခဲ့ရပါတယ်။ ဒါပေမဲ့ အေးအေးဆေးဆေး ပြန်စဉ်းစားကြည့်တော့ ဒီပိုက်ဆံဟာ တစ်သက်လုံး ဘာမှမလုပ်ဘဲ အေးဆေးထိုင်စားလို့ရလောက်အောင် များပြားတဲ့ ပမာဏတော့ မဟုတ်ပါဘူး။

ရုတ်တရက် ရလာတဲ့ ငွေတွေကြောင့် မဆင်မခြင် ပြုမူတာဟာ ပျက်စီးခြင်းရဲ့ လမ်းစပါပဲ။

ထီပေါက်တဲ့သူတွေဟာ အကုန်လုံး ဆုံးရှုံးပြီး ဆယ်စုနှစ်တစ်ခုအတွင်းမှာပဲ လမ်းဘေးရောက်သွား ကြတယ်ဆိုတာကို ကျွန်တော်တို့ ခဏခဏ ကြားဖူးကြတာပဲလေ။ ဟုတ်တယ်မလား။

အဲဒီလို ကံကြမ္မာမျိုး မကြုံရအောင် လူဟာ မိမိကိုယ်မိမိ ထိန်းသိမ်းပြီး တာဝန်ယူမှု ရှိရပါလိမ့်မယ်။

... လို့ ကိုယ့်ဘာသာ တွေးနေမိပေမဲ့ ပိုက်ဆံတွေ အများကြီးရှိတယ်ဆိုတဲ့ အတွေးတစ်ခုတည်းနဲ့တင် စိတ်ထဲမှာ ကျေနပ်နေမိတာတော့ အမှန်ပါပဲ။

"ငါ တကယ်ပဲ ကျူရှင်ပြဖို့ အလုပ်ထပ်ရှာဖို့ လိုသေးလို့လား"လို့တောင် တွေးမိပါသေးတယ်။

ကလင်….ကလင်

ဖုန်းမြည်လာတယ်။ ဘယ်သူလဲဆိုတာ ကျွန်တော် သိပါတယ်။

"ဘာလဲ"

"အားရင် လာခဲ့ဦးလေ။ ဂိမ်းတူတူ ဆော့ရအောင်"

ဘာမှ လုပ်စရာ မရှိတာနဲ့ပဲ ပျင်းပျင်းရှိတာနဲ့ အဝတ်အစားတွေကို ကမန်းကတန်း ကောက်စွပ်လိုက် ပါတယ်။

"အမေ... သား တက်ဂယူဆီ ခဏ သွားလိုက်ဦးမယ်"

တက်ဂယူရဲ့ စတူဒီယိုတိုက်ခန်းက ဧည့်ခန်း သီးသန့်ပါတာကြောင့် တစ်ယောက်တည်း နေဖို့ဆိုရင် တော်တော်လေး ကျယ်ပါတယ်။ ဒါပေမဲ့ ဗီဒီယိုဂိမ်းတွေ၊ ကာတွန်းစာအုပ်တွေ၊ အရုပ်တွေနဲ့ အမျိုးမျိုးသော အလှဆင်ပစ္စည်းတွေ ပြန့်ကျဲနေတာကြောင့် အိမ်ထက်စာရင် အမှိုက်ပုံနဲ့ ပိုတူနေပါတယ်။

ဆိုဖာနဲ့ ကုတင်ကလွဲရင် ကျန်တဲ့နေရာမှာ လှဲဖို့နေရာရှာရတာ တော်တော် ခဲယဉ်းပါတယ်။

အိမ်ထဲမှာတော့ တက်ဂယူက ဆိုဖာပေါ်မှာ ထိုင်ပြီး ဂိမ်းထဲမှာ အာရုံရောက်နေပါတယ်။

ဒီနေ့က အစည်းအဝေးရလဒ် ကြေညာရမယ့်နေ့ပါ။ ဒါပေမဲ့ အခုထိတော့ ဘာသတင်းမှ တက်မလာသေးပါဘူး။

"ငါ့အမဟျွန်းဂျူးဆီ ဖုန်းဆက်ကြည့်သေးလား"

တက်ဂယူက ဂိမ်းစခရင်ကနေ အကြည့်မလွှဲဘဲ မေးပါတယ်။

"အေး။ ရလဒ်က မနက်ဖြန်မှ ထွက်လာနိုင်တယ်တဲ့"

"တကယ်ကြီးလား"

အစည်းအဝေးတစ်ခုက အချိန်တွေ အကြာကြီး ဆွဲနေတယ်ဆိုတာ အဆင်မပြေဖြစ်နေတဲ့ လက္ခဏာ မဟုတ်လား။

တစ်ခုခုတော့ နိမိတ်မကောင်းသလို ခံစားနေရပါတယ်။

WTI ဈေးက ကျွန်တော်တို့ ဝယ်တုန်းကထက် ၃ ရာခိုင်နှုန်း ထပ်ကျသွားပါပြီ။ ကျွန်တော် တစ်ယောက်တည်းတင် ဝမ် ၁၀ သန်းလောက် ရှုံးနေပြီဖြစ်ပြီး နှစ်ယောက်ပေါင်းဆိုရင် ဝမ် သန်း ၁၀၀ လောက် ရှုံးနေတာပါ။

ငါ တစ်ခုခု နားလည်တာလွဲခဲ့တာလား။

ကျွန်တော် စိုးရိမ်စိတ်တွေ ဝင်နေပေမဲ့ တက်ဂယူကတော့ သိပ်ဂရုစိုက်ပုံ မရပါဘူး။

"မင်း အဆင်ပြေရဲ့လား"

"ဘာဖြစ်လို့ အဆင်မပြေရမှာလဲ။ ငါတို့မှာ 'နတ်မျက်စိ' ရှိတာပဲ "

"······"

အဲဒါက ဘယ်တုန်းက 'ငါတို့ရဲ့' နတ်မျက်စိ ဖြစ်သွားရတာလဲ။

တက်ဂယူက ဂိမ်းလက်ကိုင်တစ်ခုကို ကျွန်တော့်ဆီ ကမ်းပေးပါတယ်။

"ဂိမ်းပဲ ဆော့နေလိုက်စမ်းပါ။ မနက်ဖြန်ဆိုရင် အဖြေထွက်လာမှာပဲကို"

ကျွန်တော် စိုးရိမ်နေလို့လည်း အခြေအနေက ပြောင်းလဲသွားမှာ မဟုတ်တာကြောင့် စိတ်ပူမနေတာပဲ ကောင်းပါတယ်။ သူ့လိုပဲ အေးအေးဆေးဆေး နေလိုက်တာက ပိုကောင်းပါလိမ့်မယ်။

ကျွန်တော်လည်း ဂိမ်းလက်ကိုင်ကို ကိုင်ပြီး တက်ဂယူဘေးမှာ ဝင်ထိုင်လိုက်ပါတယ်။

မိုးလင်းခါနီးအထိ ဂိမ်းဆော့ပြီးတဲ့နောက် ပင်ပန်းလွန်းလို့ ခြေပစ်လက်ပစ် အိပ်ပျော်သွားခဲ့တယ်။

ဆိုဖာပေါ်မှာ စောင်ခြုံပြီး အိပ်နေတုန်း တက်ဂယူက ကျွန်တော့်ကို လာနှိုးတာ ခံစားလိုက်ရပါတယ်။

"ဟေ့ကောင်... ထတော့"

"ခဏလောက် ထပ်အိပ်ပါရစေဦး"

"ထပါဆို"

"ဘာဖြစ်လို့လဲကွာ။ ခဏနေမှ နှိုးစမ်းပါ"

ကျွန်တော်က ပြန်အိပ်ဖို့ လက်ကို ယမ်းလိုက်တဲ့အခါ တက်ဂယူက ပြောလိုက်ပါတယ်။

"OPEC ရလဒ် ထွက်လာပြီ"

"ဘာ"

ကျွန်တော့်မျက်လုံးတွေ အလိုအလျောက် ပြူးသွားပါတယ်။

မတ်တပ်ထထိုင်လိုက်ပြီး ကျနော် မေးလိုက်ပါတယ်။

"ရလာဒ်က ဘာဖြစ်သွားလဲ"

တက်ဂယူက ကွန်ပျူတာဘက်ကို လက်ညှိုးထိုးပြတယ်။

"ကိုယ့်ဘာသာကိုယ် ကြည့်လိုက်တော့"

ကျွန်တော် စားပွဲမှာ ထိုင်ပြီး မော်နီတာကို အသေအချာ ကြည့်လိုက်ပါတယ်။

သတင်းတွေထဲမှာ OPEC ထုတ်လုပ်မှု လျှော့ချရေး သဘောတူညီချက်နဲ့ ပတ်သက်တဲ့ သတင်းတွေ အများကြီး တက်နေပါတယ်။

– [သတင်းထူး] OPEC ရေနံထုတ်လုပ်မှု လျှော့ချရန် အံ့အားသင့်ဖွယ် သဘောတူညီမှု ရရှိ

– [အရေးပေါ်] OPEC မဟုတ်သော နိုင်ငံများလည်း ထုတ်လုပ်မှု လျှော့ချရာတွင် ပူးပေါင်း

– ရေနံထုတ်လုပ်မှု လျှော့ချမှုကြောင့် လေကြောင်းလိုင်းများ အရေးပေါ် အခြေအနေ ကြုံတွေ့၊ သက်ရောက်မှုများ ရှိလာနိုင်

– ဓါတ်ဆီဈေးနှုန်းများ တက်လာမလား

– OPEC ဆုံးဖြတ်ချက်ကြောင့် နိုင်ငံတကာ ရေနံဈေးနှုန်းများ ထိုးတက်လာ

ကျွန်တော် တွေ့တဲ့ သတင်းတစ်ခုကို နှိပ်ကြည့်လိုက်တယ်။

[OPEC အဖွဲ့ဝင်နိုင်ငံများသည် အချိန်အတော်ကြာ ဆွေးနွေးပြီးနောက် ရေနံထုတ်လုပ်မှု လျှော့ချရန် သဘောတူညီမှု ရရှိခဲ့သည်။ ကူဝိတ်တွင် ပြုလုပ်သည့် အစည်းအဝေးအရ လာမည့်လ ၁ ရက်နေ့မှစ၍ တစ်ရက်လျှင် ရေနံစည်ပေါင်း ၂.၅ သန်း လျှော့ချ ထုတ်လုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ယခု သဘောတူညီချက်ကို လိုက်နာကြမည်ဖြစ်ကြောင်း OPEC အထွေထွေအတွင်းရေးမှူးချုပ် မိုဟာမက် ဘာကင်ဒိုက ကြေညာခဲ့သည်။

မျှော်လင့်ထားတာထက် ပိုမိုအားကောင်းသည့် ယခု ဆုံးဖြတ်ချက်ကို ဈေးကွက်က ချက်ချင်း ကြိုဆိုလိုက်သည်။

တစ်စည်ကို ၆၀ ဒေါ်လာဝန်းကျင်တွင် ရှိနေသော WTI ဈေးနှုန်းသည် သဘောတူညီချက် သတင်းထွက်လာသည်နှင့် ၇၀ ဒေါ်လာအထက်သို့ ထိုးတက်သွားခဲ့ပြီး၊ ကျဆင်းနေသော Dow Jones အညွှန်းကိန်းသည်လည်း ၁၅၀ မှတ် ပြန်တက်လာခဲ့သည်။]

တခြားသော သတင်းအများစုကလည်း အလားတူ အကြောင်းအရာတွေပါပဲ။

ကျွန်တော် အံ့သြမှုကို မထိန်းနိုင်တော့ပါဘူး။

"ဒါ... ဒါက ဘယ်လိုလုပ်ပြီး..."

ကျွန်တော် WTI ဈေးနှုန်းကို စစ်ဆေးလိုက်ပါတယ်။ ၇၃ ဒေါ်လာအထိ တက်သွားပါပြီ။ OPEC က ထုတ်ပြန်ချက် ထုတ်ပြီး မိနစ်ပိုင်းအတွင်းမှာတင် ၂၀ ရာခိုင်နှုန်းကျော် တက်သွားတာပါ။

"ငါတို့ အကောင့်တွေကို စစ်ကြည့်ရအောင်။"

တက်ဂယူက အကောင့်တွေကို ဖွင့်လိုက်ပါတယ်။

ကျွန်တော်ကတော့ သဘောတူညီချက် ရမယ်ဆိုတာပဲ သိခဲ့တာပါ။ နောက်ဆက်တွဲ ဘာဖြစ်မယ်ဆိုတာတော့ မသိခဲ့ပါဘူး။

"လောလောဆယ် အကုန်ရောင်းလိုက်ရအောင်"

ကျွန်တော် ပိုင်ဆိုင်ထားသမျှကို အမြန်ဆုံး ပြန်ရောင်းလိုက်ပါတယ်။

တက်ဂယူက မေးတယ်။

"မင်း ဘယ်လောက်ရလိုက်လဲ"

" ဒေါ်လာ ၆ သိန်း ၃ သောင်း "

ကိုရီးယားဝမ်နဲ့ဆိုရင် ဝမ် သန်း ၇၀၀ ဝန်းကျင်ပါ။

သာမန်လူတစ်ယောက် တစ်သက်လုံး ရှာလို့မရတဲ့ ပိုက်ဆံကို ကျွန်တော် မျက်တောင်တစ်ခတ်အတွင်းမှာတင် ရလိုက်တာပါ။ မယုံနိုင်စရာပါပဲ။

ဒါက ဘဏ္ဍာရေးလောကရဲ့ သဘောတရားပါပဲ။ ရင်းနှီးမြှုပ်နှံမှုမှာ အောင်မြင်ခဲ့မယ်ဆိုရင် ကိုယ့်ရဲ့ အရင်းအနှီးနဲ့ အချိုးကျတဲ့ အမြတ်အစွန်းကို ရရှိတာက သဘာဝပါပဲ။

နေဦး။ ငါ့ဝေစုက ဝမ် သန်း ၆၀ လောက်ပေါ့။

အရင်က ဝမ် သန်း ၇၄၀ ရှိရာကနေ အခုတော့ သန်း ၈၀၀ ဖြစ်သွားပါပြီ။

တက်ဂယူက နောင်တရသလိုနဲ့ ပြောတယ်။

"ဒါမှန်းသိရင် နောက်ထပ် ဒေါ်လာ ၃ သန်းဖိုးလောက် ထပ်ဝယ်ထားရမှာ။ အစကတည်းက ငါစဉ်းစားထားတဲ့ ဒေါ်လာ ၁၀ သန်းဖိုးလောက် ဝယ်ထားသင့်တာကိုကွာ"

"ရင်းနှီးမြှုပ်နှံမှု အောင်မြင်သွားရင် အဲဒီလို တွေးမိတာက သဘာဝပါပဲ"

"အစကတည်းက Futures Options (ကြိုတင်ဝယ်ယူခွင့်) တွေမှာ အကုန်ပုံအောလိုက်ရင် ဘယ်လောက်တောင် ရမလဲ"

"······"

မင်းက Futures Options ဆိုတာ ဘာလဲ သိလို့လား။

ဒါပေမဲ့ သူသာ တကယ်လုပ်ခဲ့ရင်တော့ ဝမ် သန်းပေါင်း သိန်းနဲ့ချီ ရနိုင်မှာပါ။

"ဒါက အကြီးအကျယ် အောင်မြင်တာပဲ မဟုတ်လား"

"ဘာကို ပြောတာလဲ"

"ကျွမ်းကျင်သူတွေ အကုန်လုံးက မဖြစ်နိုင်ဘူးလို့ ခန့်မှန်းနေတဲ့ကြားက မင်းက ကြားကြားချင်း သဘောတူညီချက် ရမယ်ဆိုတာ သိနေတာလေ"

"အဲဒါကတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့······"

တကယ်တမ်းတော့ အသေးစိတ်တွေကို ဖယ်ထုတ်လိုက်ရင် အစည်းအဝေးတစ်ခုရဲ့ ရလဒ်က နှစ်မျိုးပဲ ရှိတာပါ။ သဘောတူညီမှု ရတာ ဒါမှမဟုတ် မရတာ။

ဒါကြောင့် ကံကောင်းလို့ မှန်သွားတာ ဖြစ်နိုင်ပေမဲ့...

"တစ်ခါ နှစ်ခါဆိုရင်တော့ ဖြစ်နိုင်ပေမဲ့ ဒါက သုံးခါမြောက် ရှိနေပြီလေ။ အနာဂတ်ကို ကြိုမြင်တာက တကယ်ဟုတ်နေတာကွ"

"ဟမ်..."

ငါ့မှာ တကယ်ပဲ စွမ်းအားတွေ ရှိနေတာလား။ ကာတွန်းတွေ ဒါမှမဟုတ် ရုပ်ရှင်တွေထဲက စွမ်းအားရှင်တွေလိုမျိုးလား။

စွမ်းအားရှင်လို့ ပြောလိုက်ရင် လူတွေက ကောင်းကင်မှာ ပျံတာ၊ အဆောက်အဦးတွေကို လက်သီးနဲ့ ထိုးခွဲတာ ဒါမှမဟုတ် အရာဝတ္ထုတွေကို စိတ်နဲ့ ထိန်းချုပ်တာမျိုးတွေကို မြင်ယောင်တတ်ကြပါတယ်။

အဲဒီလို အစွမ်းတွေနဲ့ ယှဉ်ရင် အနာဂတ်ကို ကြိုမြင်တာက သိပ်ပြီး ထူးခြားပုံ မရနိုင်ပါဘူး။

ဒါပေမဲ့ တခြားတစ်ဖက်ကနေ ကြည့်မယ်ဆိုရင်တော့ မထူးခြားဘူးလို့ပြောတာ လုံးဝကိုမဟုတ်နိုင်ပါဘူး။

ကောင်းကင်မှာ ပျံချင်ရင် လေယာဉ်စီးလို့ ရတယ်၊ အဆောက်အဦးတွေကို ဖြိုချင်ရင် ကရိန်း သုံးလို့ ရပါတယ်။ အဲဒီလို စွမ်းအားတွေကို စက်ပစ္စည်းတွေနဲ့ အလွယ်တကူ အစားထိုးလို့ ရပါတယ်။

ဒါပေမဲ့ အနာဂတ်ကို ကြိုမြင်တာကိုတော့ ဘာနဲ့မှ အစားထိုးလို့ မရပါဘူး။ ကွန်ပျူတာတွေနဲ့ ဉာဏ်ရည်တု (AI) တွေ ဘယ်လောက်ပဲ တိုးတက်ပါစေ၊ အနာဂတ်ကို တိတိကျကျ ခန့်မှန်းဖို့ကတော့ မဖြစ်နိုင်သေးပါဘူး။

တကယ်လို့ ရွေးကောက်ပွဲရလဒ်တွေကို ကြိုသိနေမယ်ဆိုရင်ရော ဘာဖြစ်မလဲ။ ဘောလုံးပွဲ ဒါမှမဟုတ် ဘေ့စ်ဘောပွဲတွေရဲ့ ရလဒ်တွေကို ကြိုမြင်နေရင်ရော ဘာဖြစ်မလဲ။ ငလျင် ဒါမှမဟုတ် တိုင်ဖွန်းမုန်တိုင်းလို သဘာဝဘေးအန္တရာယ်တွေကို တိတိကျကျ ခန့်မှန်းနိုင်ရင်ရော ဘာဖြစ်မလဲ။

ဒါက တကယ်ကို မယုံနိုင်စရာ ကောင်းတဲ့ အစွမ်းပါ။

ကျွန်တော် စိတ်လှုပ်ရှားမှုတွေကို ထိန်းလိုက်ပြီး အေးအေးဆေးဆေး ပြန်စဉ်းစားပါတယ်။

ဒါက တကယ်ပဲ စွမ်းအားတစ်ခုဆိုရင် ဒါက ငါ့ဆီကို ဘယ်တုန်းက ရောက်လာတာလဲ။ အကြောင်းရင်းတစ်ခုခုတော့ ရှိရမှာ မဟုတ်လား။

တက်ဂယူက ကျွန်တော့်မေးခွန်းကို အဖြေပေးပါတယ်။

"ငါ ပြောသားပဲ။ မင်းထဲမှာ ပုန်းကွယ်နေတဲ့ စွမ်းအားတွေ ရှိနေပြီး အဲဒါက အရေးကြီးတဲ့ အချိန်မှာ နိုးထလာတာကွ။ အဲဒါကို ' နိုးထလာခြင်း' လို့ ခေါ်တာပေါ့ကွာ"

"ဒါဆို ပထမတစ်ခါနိုးထပြီးနောက်ပိုင်းမှာ ဘာလို့ ခဏလောက် ပျောက်နေတာလဲ"

တကယ်လို့ ကျွန်တော့်မျက်စိရှေ့မှာ အမြဲတမ်း ဟိုလိုဂရမ်တွေ ပေါ်နေမယ်ဆိုရင် ကျွန်တော် အားတာနဲ့ ကာစီနို ဆီပဲ တန်းသွားမိမှာပါ။

ကာစီနိုစားပွဲမှာ ထိုင်ပြီး ပထမဆုံးအချီမှာ တစ်သန်း လောင်းမယ်၊ နိုင်တိုင်း နိုင်တိုင်း နှစ်ဆ တိုးသွားမယ်ဆိုရင် ၁၀ ချီလောက်မှာတင် ဝမ် သန်းတစ်သောင်းဖြစ်သွားမှာလေ။

နောက်ထပ် ၁၀ ချီ ထပ်ကစားရင်တော့ ဝမ် ဝမ်း သန်း ၁သိန်းကို ကျော်သွားပါလိမ့်မယ်။

ဖဲချပ် ၂၀ လောက် လှန်ရုံနဲ့တင် ဝမ် သန်းပေါင်းသိန်းနဲ့ချီ ရှာနိုင်မှာပါ။

ဒါပေမဲ့ တကယ်တမ်းမှာတော့ ဒါက မဖြစ်နိုင်ပါဘူး။ ကာစီနိုတွေမှာ လောင်းကြေး ကန့်သတ်ချက် ရှိပါတယ်။

ဘာပဲဖြစ်ဖြစ်၊ ပိုက်ဆံရှာဖို့ လွယ်ကူတဲ့ နည်းလမ်းတွေက ကာစီနိုတင်မကဘဲ တခြားနေရာတွေမှာလည်း အများကြီး ရှိပါတယ်။

ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာ ကျွန်တော် ဘာမှ မမြင်ရတော့ပါဘူး။ ဒါကြောင့် ကျွန်တော်ကိုယ်တိုင်လည်း ဒါက စိတ်ကူးယဉ်မှု တစ်ခုပဲလို့ တွေးပြီး နေခဲ့တာပါ။

"ဒါဆို အခုမှ ဘာလို့ ပြန်ပေါ်လာတာလဲ"

တက်ဂယူက လက်ပိုက်ပြီး အတွေးထဲ နစ်ဝင်နေပါတယ်။ ပြီးတော့ တိုးတိုးလေး ရေရွတ်လိုက်တယ်။

"ဘန့်ကွိုင်အကြောင်း ပြောတုန်းက တစ်ခါ ပေါ်တယ်၊ ငါ့အစ်မ OPEC အကြောင်း ပြောတုန်းက တစ်ခါ ပေါ်တယ်... အာ… ဒါက ဘဏ္ဍာရေးနဲ့ ပတ်သက်တဲ့ အရာတွေကို ကြိုမြင်နိုင်တဲ့ စွမ်းအားလား မသိဘူးနော်"

"ဟမ်"

ရုတ်တရက်စဉ်းစားလိုက်ရင်တော့ အဲဒါက ဖြစ်နိုင်ခြေ ရှိသလိုပဲ။

ဒါပေမဲ့ ဒီနေရာမှာ ယုတ္တိမရှိတဲ့ မေးခွန်းတစ်ခု ရှိနေပါတယ်။

"အမြောက် ပေါက်ကွဲတာကျတော့ရော ဘာလဲ"

"အဲဒါက အသက်အန္တရာယ်နဲ့ ဆိုင်တဲ့ အခြေအနေမလို့ ခြွင်းချက်အနေနဲ့ ထားလိုက်ရအောင်... နေဦး။ အဲဒီနောက်ပိုင်းမှာ ဘာဖြစ်သွားသေးလဲ"

"ဘာကိုဘာဖြစ်ရမှာလဲ"

"ပေါက်ကွဲပြီးတဲ့နောက်လေ။ အဲဒါက သတင်းကြီး ဖြစ်သွားတယ် မဟုတ်လား"

"ဟုတ်တယ်"

တက်ဂယူက 'KM188 ပေါက်ကွဲမှု' ဆိုပြီး ရှာဖွေရေးဘောက်စ်မှာ ရိုက်ထည့်လိုက်တဲ့အခါ သတင်းဟောင်းတွေ အများကြီး တက်လာပါတယ်။

အဲဒီအချိန်တုန်းက စစ်တပ်ဟာ စစ်သားတွေရဲ့ အနိုင်ကျင့်မှုနဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေကြောင့် လူထုရဲ့ ဝေဖန်မှုကို ပြင်းပြင်းထန်ထန် ခံနေရတဲ့ အချိန်ပါ။ အဲဒီအချိန်မှာ ဖြစ်သွားတဲ့ ပေါက်ကွဲမှု သတင်းက မီဒီယာတွေမှာ တောမီးပမာ ပျံ့နှံ့သွားခဲ့ပါတယ်။

အတိုက်အခံ ပါတီတွေက စစ်တပ်ကို ဝေဖန်ကြပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ခဲ့ရပါတယ်။

စုံစမ်းစစ်ဆေးမှု ရလဒ်ကတော့ တုန်လှုပ်စရာပါ။ အမြောက်အသစ်တွေမှာ အစကတည်းက ချို့ယွင်းချက် ရှိနေတာကို ကာကွယ်ရေး အေဂျင်စီက သိလျက်နဲ့ လျစ်လျူရှုခဲ့တာပါ။

ဒီမတော်တဆမှုက အစကတည်းက ဖြစ်လာဖို့ စီစဉ်ထားသလိုမျိုး ဖြစ်နေခဲ့တာပါ။

ဒီကိစ္စကြောင့် တာဝန်ထမ်းဆောင်ဆဲ ဗိုလ်ချုပ် ၃ ယောက် ရာထူးက ထုတ်ပယ်ခံရပြီး စုံစမ်းစစ်ဆေးမှုတွေက ကာကွယ်ရေးကဏ္ဍရဲ့ အဂတိလိုက်စားမှုတွေအထိ ကျယ်ပြန့်သွားခဲ့ပါတယ်။ အရင်ကရော၊ အခုရော ကာကွယ်ရေးလုပ်ငန်းဆိုတာ အဂတိလိုက်စားမှုတွေ ပေါများတဲ့ နေရာတစ်ခုပဲ မဟုတ်လား။

ပတ်သက်တဲ့သူတွေ တစ်ယောက်ပြီး တစ်ယောက် အဖမ်းခံရပြီး...

KM188 ကို ထောက်ပံ့ပေးတဲ့ Eun Sung Precision Chemicals ကုမ္ပဏီအပြင်၊ Korean Aerospace Industries၊ Hwaan Defense နဲ့ တခြား ကာကွယ်ရေး ကုမ္ပဏီတွေရဲ့ ရှယ်ယာဈေးနှုန်းတွေ အကုန် ထိုးကျသွားခဲ့ပါတယ်။

"ဒါဆို အဲဒါကလည်း ဘဏ္ဍာရေးနဲ့ပဲ ပတ်သက်နေတာ မဟုတ်လား"

"..."

သူပြောတာလည်း မမှားပါဘူး။

ဒါပေမဲ့ အဲဒီလို ကြည့်မယ်ဆိုရင်တော့ ဒီလောကမှာ ဖြစ်ပျက်သမျှ အရာအားလုံးဟာ ဘဏ္ဍာရေးနဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ပတ်သက်နေတာပဲလေ။

All Chapters