အခန်း (၁၉-၂၀)
Vol. 2 Ch. 19-20
အခန်း (၁၉)
မကြာသေးမီက ကိုရီးယားစတော့ဈေးကွက်ဟာ IT စတော့တွေရဲ့ အရှိန်အဟုန်နဲ့ တိုးတက်မှုကြောင့် အားကောင်းနေခဲ့တာပါ။ အဖွဲ့အစည်းအလိုက် ရင်းနှီးမြှုပ်နှံသူတွေရော၊ နိုင်ငံခြားသားတွေပါ ဈေးကွက်အခြေအနေကို အကောင်းမြင်ပြီး မျှော်မှန်းဈေးနှုန်းတွေကို မြှင့်တင်ကာ အဝယ်ဘက်မှာ နေရာယူထားကြတာ ဖြစ်ပါတယ်။
ဆိုဆောင်း အီလက်ထရောနစ် ဟာ စံချိန်တင် ဈေးနှုန်းအသစ်တွေကို ဆက်တိုက်ချိုးဖျက်နေပြီး စတော့ဈေးကွက်တစ်ခုလုံးကလည်း သူ့နောက်ကို လိုက်နေခဲ့တာပါ။
တကယ့်စီးပွားရေး အခြေအနေထက် ဈေးကွက်က ပိုပြီး ဖောင်းပွကာ အပူလွန်ကဲနေပြီလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ထွက်ပေါ်လာခဲ့ပြီး၊ အမြတ်ထုတ်ရောင်းချမှုတွေကြောင့် ဈေးပြန်အေးသွားနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်တွေလည်း ရှိနေခဲ့ပါတယ်။
ဒီလိုအချိန်မျိုးမှာ L6 ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်တယ်ဆိုတဲ့ ရုတ်တရက် ကြေညာချက်ဟာ ဆူပွက်နေတဲ့ မီးဖိုထဲကို ရေအေးနဲ့ လောင်းထည့်လိုက်သလိုပါပဲ။
အကောင်းမြင်ဝါဒတွေ ပျောက်ကွယ်သွားပြီး အဆိုးမြင်ဝါဒတွေက နေရာယူလာပါတယ်။ ဆိုဆောင်း အီလက်ထရောနစ် တင်မကဘဲ ဆက်စပ်နေတဲ့ စတော့တွေနဲ့ မဆိုင်တဲ့ စတော့တွေပါ အကုန်လုံး ထိုးကျသွားပါတော့တယ်။
တစ်ဦးချင်း ရင်းနှီးမြှုပ်နှံသူတွေဟာ ကြောက်ရွံ့မှုကြောင့် သူတို့ရဲ့ စတော့တွေကို စတင်ရောင်းချကြသလို၊ ဈေးကွက်ဖွင့်ကတည်းက ရောင်းနေတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကလည်း အဝယ်ဘက်ကို မလှည့်ဘဲ အရောင်းကို ပိုပြီး မြှင့်တင်လိုက်ကြပါတယ်။
ဈေးကွက်ပိတ်ခါနီးအချိန်မှာ အဖွဲ့အစည်းတွေနဲ့ ပင်စင်ရန်ပုံငွေ အဖွဲ့တွေက ဝင်ရောက်ဝယ်ယူခဲ့ကြပေမဲ့ ကျဆင်းမှုကို တားဆီးဖို့တော့ မလုံလောက်ခဲ့ပါဘူး။
ကိုရီးယား စတော့အိတ်ချိန်း အပြင် အာမခံကုမ္ပဏီတွေ၊ ပိုင်ဆိုင်မှု စီမံခန့်ခွဲရေး ကုမ္ပဏီတွေနဲ့ ရန်ပုံငွေ အဖွဲ့အစည်းအားလုံးဟာ ဖရိုဖရဲ ဖြစ်ကုန်ကြပါတယ်။
ဒီမတည်ငြိမ်မှုဟာ နိုင်ငံရဲ့ အကြီးဆုံး အာမခံကုမ္ပဏီတစ်ခုဖြစ်တဲ့ KYB Investment Securities ကိုလည်း ရိုက်ခတ်ခဲ့ပါတယ်။
ဆိုဆောင်း အီလက်ထရောနစ် ရဲ့ စတော့ဈေး အနိမ့်ဆုံးသတ်မှတ်ချက် အထိ ကျဆင်းသွားတာဟာ ၂၀၀၈ ဘဏ္ဍာရေး အကြပ်အတည်းနောက်ပိုင်း ပထမဆုံးအကြိမ်ပါပဲ။ ဒါပေမဲ့ အဲဒီတုန်းက အခြေအနေနဲ့ အခု အခြေအနေကတော့ သိသိသာသာ ကွာခြားလှပါတယ်။
ဘဏ္ဍာရေး အကြပ်အတည်းတုန်းက ဆိုဆောင်း အီလက်ထရောနစ် တင်မကဘဲ ကမ္ဘာ့ကုမ္ပဏီကြီး အများအပြားဟာလည်း ရာခိုင်နှုန်း ဆယ်ဂဏန်းလောက်အထိ အပြိုင်အဆိုင် ကျဆင်းခဲ့ကြတာပါ။
အဓိက ကွာခြားချက်ကတော့ အဲဒီတုန်းက နေ့စဉ် ဈေးနှုန်း အတက်အကျ ကန့်သတ်ချက်ဟာ ၁၅ ရာခိုင်နှုန်းပဲ ရှိခဲ့တာဖြစ်ပြီး၊ အခုအချိန်မှာတော့ ၃၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ထားတာ ဖြစ်ပါတယ်။
ဒါကြောင့်မလို့ ဆိုဆောင်း အီလက်ထရောနစ် တစ်ရက်တည်းနဲ့ ၃၀ ရာခိုင်နှုန်း ကျသွားတာဟာ သမိုင်းမှာ မကြုံစဖူး ဖြစ်ရပ်တစ်ခုပါပဲ။
L6 ထွက်လာပြီးနောက်ပိုင်း ဆိုဆောင်း အီလက်ထရောနစ် ဟာ တက်ရိပ်ပြနေခဲ့တာဖြစ်ပြီး စတော့ဈေးက ဆက်တက်လိမ့်မယ်လို့ အားလုံးက မျှော်လင့်ထားကြတာပါ။ ဒါကြောင့် ပင်စင်ရန်ပုံငွေတွေနဲ့ အာမခံကုမ္ပဏီတွေဟာ ဆိုဆောင်း အီလက်ထရောနစ် ရှယ်ယာတွေကို အမြောက်အမြား လက်ဝယ်ထားရှိခဲ့ကြပါတယ်။
ဘယ်သူမှ ဒီလို အခြေအနေမျိုးကို ကြိုတင်မမြင်ခဲ့ကြပါဘူး။
KYB Investment Securities ရဲ့ အာမခံဌာန တာဝန်ခံ ဒါရိုက်တာ ပတ်ဂျုံအီဟာ သူ့စားပွဲမှာ ထိုင်လိုက်ရင်း နက်ကတိုင်ကို လျှော့လိုက်ပါတယ်။ သူ့မော်နီတာပေါ်က ဂရပ်ဖ်တွေဟာ ရပ်တန့်နေခဲ့ပါပြီ။
Sidecar (ဈေးကွက်ထိန်းညှိမှုစနစ်) ပွင့်သွားတာကြောင့် အရောင်းအဝယ်တွေကို ရပ်တန့်ထားတာပါ။ မုန်တိုင်းက ခေတ္တငြိမ်သက်သွားသလို ထင်ရပေမဲ့ အရောင်းအဝယ်တွေ ပြန်စတာနဲ့ ပိုမိုကြီးမားတဲ့ ရိုက်ခတ်မှုတွေ လာတော့မှာပါ။
ဈေးကွက်မပွင့်ခင်ကတည်းက မြည်နေတဲ့ သူ့လက်ကိုင်ဖုန်းဟာလည်း အဆက်မပြတ် မြည်နေဆဲပါပဲ။ အားလုံးက ဖောက်သည်ကြီးတွေဆီက ဖုန်းခေါ်ဆိုမှုတွေနဲ့ မကျေနပ်ချက်တွေပါ။
ဖုန်းတိုင်းကို လိုက်မဖြေနိုင်တော့တာကြောင့် သူ ဖုန်းကို အသံပိတ်ထားတာ ကြာပါပြီ။
ဒေါက်။ ဒေါက်
တံခါးခေါက်သံနဲ့အတူ မန်နေဂျာ ကင်ဝူးယောင် ဝင်လာပါတယ်။
“ဒါရိုက်တာပတ်၊ ရှာတွေ့ပြီလား”
“Put options တွေကနေ ဘယ်လောက် ဆုံးရှုံးသွားလဲ တွက်ပြီးပြီလား”
“လက်ရှိအထိ စစ်ဆေးနေတုန်းပါပဲ။ ဖြစ်ရပ်ပေါ် မူတည်ပေမဲ့ KOSPI200 put options တွေက အဆပေါင်း ရာနဲ့ချီ တက်နေပါတယ်...”
“ဆိုဆောင်း အီလက်ထရောနစ် ရဲ့ put options တွေရော ဘယ်လိုရှိလဲ”
မန်နေဂျာ ကင်ဝူးယောင်က ခေါင်းငုံ့ပြီး ပြန်ဖြေပါတယ်။
“အဆပေါင်း ထောင်ကျော်နေပါပြီ”
ဒါရိုက်တာ ပတ်ဂျုံအီ မျက်လုံးတွေကို တင်းတင်းမှိတ်လိုက်ပါတယ်။
သူ ကြိုတင်ခန့်မှန်းထားပြီးသား ဖြစ်ပေမဲ့ ကိုယ်တိုင်ကြားလိုက်ရတဲ့အခါမှာတော့ စိတ်ထဲမှာ ထုံကျင်သွားသလို ခံစားလိုက်ရပါတယ်။
ဆိုဆောင်း အီလက်ထရောနစ် ဟာ Spot prices (လက်ငင်းဈေးကွက်) မှာ ၃၀ ရာခိုင်နှုန်း ဆုံးရှုံးခဲ့ပေမဲ့ တကယ့်ပြဿနာက Derivatives (စတော့မှတစ်ဆင့် ပွားယူထားသော အရောင်းအဝယ်များ) မှာ ရှိနေတာပါ။
အဲဒီမတိုင်ခင်အထိ Put options တွေက တန်ဖိုးမရှိသလောက် ဖြစ်နေပြီး Call options (ဈေးတက်မှာကို လောင်းကြေးထပ်ခြင်း) တွေကသာ အကျိုးအမြတ် ရှိနိုင်မယ့် အနေအထားမှာ ရှိနေခဲ့တာပါ။
ဒါပေမဲ့ ရုတ်တရက် ကြေညာချက်ကြောင့် အခြေအနေက လုံးဝ ပြောင်းပြန် ဖြစ်သွားပါတယ်။ Call options တွေ အကုန်လုံးက အသုံးမဝင်တော့ဘဲ Put options တွေအားလုံးက အကျိုးအမြတ် ထွက်လာပါတော့တယ်။
ဒါက ကောင်းတဲ့အချက်လို့ ထင်စရာ ရှိပေမဲ့ Call options တွေရဲ့ တန်ဖိုးက သိပ်မများပါဘူး။ တစ်ဖက်မှာတော့ Put options တွေရဲ့ ဈေးနှုန်းက မူလထုတ်ဈေးထက် အဆပေါင်း ရာနဲ့ချီပြီး ထိုးတက်သွားပါတယ်။
ဆုံးရှုံးမှု ပမာဏက ဘယ်လောက်မှန်းတောင် မသိနိုင်တော့ပါဘူး။
သန်းပေါင်း သိန်းနဲ့ချီမလား? ဒါမှမဟုတ် သန်းပေါင်း သန်းနဲ့ ချီမလား။
Derivatives ဈေးကွက်ဆိုတာ အခြေခံအားဖြင့် ရင်းနှီးမြှုပ်နှံသူ အသေးစားလေးတွေရဲ့ ပိုက်ဆံကို ငွေကြေးအဖွဲ့အစည်းတွေက အလွယ်တကူ သိမ်းယူတဲ့ နေရာမျိုးပါ။ ထီပေါက်သလို ချမ်းသာချင်တဲ့ အသေးစား ရင်းနှီးမြှုပ်နှံသူတွေဟာ ငွေကြေးအဖွဲ့အစည်းတွေကို ပိုက်ဆံ လာပေးနေကြတာနဲ့ အတူတူပါပဲ။
ဒါပေမဲ့ အခုတော့ အဲဒါက သူတို့ကို ကိုယ့်ရှူးကိုပြန်ပတ်သလို ဖြစ်သွားပါပြီ။
Put options တွေကို ထုတ်ဝေခဲ့တဲ့ အာမခံကုမ္ပဏီအားလုံး ဒီသုံးလပတ်မှာ အရှုံးနဲ့ ရင်ဆိုင်ရဖို့က ရှောင်လွှဲလို့ မရတော့ပါဘူး။ ဒါကြောင့်လည်း အာမခံကုမ္ပဏီတွေရဲ့ စတော့ဈေးတွေက ၁၀ ရာခိုင်နှုန်းကျော်စီ ကျဆင်းနေတာပါ။
တချို့သော အသေးစားနဲ့ အလတ်စား ငွေကြေးအဖွဲ့အစည်းတွေဆိုရင် ဒေဝါလီခံရမယ့် အခြေအနေကနေ လွတ်ဖို့ ခက်ပါလိမ့်မယ်။
ဒါရိုက်တာ ပတ်ဂျုံအီက ညွှန်ကြားချက်တွေ ပေးလိုက်ပါတယ်။
“Derivatives တွေရဲ့ အခြေအနေကို စစ်ဆေးပါ။ ELW နဲ့ put option အတွက် ပေးချေရမယ့် ပမာဏ ဘယ်လောက်ရှိလဲ ရှာဖွေပါ၊ ထုတ်ထားတဲ့ ELS တွေရဲ့ Knock-in level (ဆုံးရှုံးမှုစတင်နိုင်သည့်အဆင့်) တွေကို စစ်ဆေးပြီး Options သက်တမ်း ကုန်ဆုံးချိန်မှာ အရှုံး အနည်းဆုံးဖြစ်အောင် လုပ်မယ့် နည်းလမ်းကို ရှာပါ”
“ဟုတ်ကဲ့၊ နားလည်ပါပြီ”
စကားပြောပြီးသွားပေမဲ့ အဖွဲ့ခေါင်းဆောင် ကင်ဝူးယောင်က အခန်းထဲက ထွက်မသွားသေးပါဘူး။
ဒါရိုက်တာ ပတ်ဂျုံအီက သူ့ကို ကြည့်လိုက်တဲ့အခါ သူက သေသေချာချာလေး ပြောလာပါတယ်။
“ကျွန်တော် တစ်ခုလောက် တင်ပြချင်လို့ပါ”
“ဘာလဲ”
“သိပ်တော့ မသေချာပါဘူး၊ ဒါပေမဲ့ ဒီဖြစ်ရပ် မဖြစ်ခင်တုန်းက Golden Gate ဘက်မှာ ဆိုဆောင်း အီလက်ထရောနစ် ရဲ့ put options တွေကို အလုံးအရင်းနဲ့ ဝယ်ယူခဲ့တာတွေ ရှိနေပုံရပါတယ်”
“ဘာ”
ဒါကို ကြားလိုက်ရတဲ့အခါ ဒါရိုက်တာ ပတ်ဂျုံအီဟာ ခေါင်းကို တူနဲ့ အထုခံလိုက်ရသလို တုန်လှုပ်သွားပါတယ်။
ဒါက ဘာကို ဆိုလိုတာလဲ။
“Golden Gate က သတင်းကြိုရလို့ ဒီ options တွေကို ဝယ်ခဲ့တယ်လို့ မင်းက ပြောချင်တာလား”
ကင်ဝူးယောင်က ခေါင်းခါပြတယ်။
“အစတုန်းကတော့ ကျွန်တော်လည်း အဲဒီလို ထင်ခဲ့တာပါ။ ဒါပေမဲ့ အဲဒီလို မဟုတ်နိုင်ပါဘူး။ Golden Gate ကိုယ်တိုင်လည်း ဒီဖြစ်ရပ်ကြောင့် အကြီးအကျယ် ဆုံးရှုံးနေရတာပါ”
Golden Gate ဟာလည်း KOSPI 200 နဲ့ ဆိုဆောင်း အီလက်ထရောနစ် အပေါ် အခြေခံထားတဲ့ Put options ပေါင်းစုံကို ထုတ်ဝေထားတာပါ။ သူတို့ကိုယ်တိုင်လည်း ထုတ်ဝေခဲ့တဲ့ တန်ဖိုးထက် အဆပေါင်း ရာနဲ့ချီပြီး ပြန်ပေးရမှာ ဖြစ်ပါတယ်။
“တကယ်လို့ သူတို့က အတွင်းသတင်း ရထားတယ်ဆိုရင် Put options တွေကို ဝယ်တဲ့အချိန်မှာ Futures တွေနဲ့ လက်ငင်းရှယ်ယာတွေကိုလည်း ရောင်းထုတ်ထားမှာပါ။ ဒါပေမဲ့ အဲဒီလို လှုပ်ရှားမှုမျိုး မရှိခဲ့ပါဘူး”
တကယ်လို့ Golden Gate က တခြားသူတွေထက် သတင်းပိုမြန်ခဲ့မယ်ဆိုရင် Put options တွေကို ဝယ်နေတဲ့အချိန်မှာ သူတို့ပိုင်ထားတဲ့ Futures နဲ့ လက်ငင်းရှယ်ယာ အားလုံးကို ဖယ်ထုတ်ထားမှာပါ။ သူတို့ရဲ့ အရှုံးတွေကို ဒီအတိုင်း ထိုင်ကြည့်နေမယ့်သူတွေ မဟုတ်ပါဘူး။
“ဒါဆိုရင်….”
“Golden Gate ကနေတစ်ဆင့် တခြား ကုမ္ပဏီတစ်ခုက ဝယ်ယူခဲ့တာ ဖြစ်ပုံရပါတယ်”
ဘယ်သူပဲဖြစ်ဖြစ် ဘယ်လို ရင်းနှီးမြှုပ်နှံမလဲဆိုတာကတော့ သူတို့ သဘောပါပဲ။
ဒါပေမဲ့ အညွှန်းကိန်း ကို မဝယ်ဘဲ သီးသန့်စတော့တစ်ခုရဲ့ Put options တွေကိုပဲ အာရုံစိုက် ဝယ်ယူခဲ့တာကတော့ ထူးဆန်းနေပါတယ်။
တကယ်လို့ သူတို့ရဲ့ ခန့်မှန်းချက် မှန်သွားရင်တော့ ကောင်းတာပေါ့၊ ဒါပေမဲ့ မှားသွားရင်တော့ အဲဒီပိုက်ဆံတွေ အကုန်လုံးက ထုတ်ဝေတဲ့ ကုမ္ပဏီတွေဆီ ရောက်သွားမှာပါ။
သတင်းကို ကြိုမသိထားဘဲနဲ့တော့...
ဒါဟာ အတွင်းသတင်းကို သုံးပြီး အရောင်းအဝယ်လုပ်တာ ဆိုရင်တော့ ဒါဟာ ပြဿနာ အကြီးကြီးပါပဲ။
ဒါရိုက်တာ ပတ်ဂျုံအီက ညွှန်ကြားချက် ပေးလိုက်ပါတယ်။
“အဲဒါ ဘယ်သူလဲဆိုတာ စုံစမ်းပါ။ ပြီးတော့ သူတို့က ဒီသတင်းကို ဘယ်လို ရခဲ့တာလဲဆိုတာကိုပါ အတည်ပြုပါ”
“ဟုတ်ကဲ့၊ နားလည်ပါပြီ”
အဖွဲ့ခေါင်းဆောင် ကင်ဝူးယောင်က အခန်းထဲက ထွက်သွားပါတယ်။ အရောင်းအဝယ်တွေ ပြန်စဖို့ ၁ မိနစ်ပဲ လိုပါတော့တယ်။
ဒါရိုက်တာ ပတ်ဂျုံအီက နာရီကို ကြည့်ရင်း ရေရွတ်လိုက်မိတယ်။
“ဒါက ဘယ်သူများဖြစ်လောက်မလဲ”
ထိုးကျနေတဲ့ စတော့ဈေးတွေကို ကြည့်ရင်း တက်ဂယူနဲ့ ကျွန်တော် ဘာစကားမှ မပြောနိုင်ဘဲ ဖြစ်နေပါတယ်။
စံချိန်တင် တက်နေခဲ့တဲ့ KOSPI ရော KOSDAQ အညွှန်းကိန်းတွေပါ လွန်ခဲ့တဲ့ လအနည်းငယ်က အခြေအနေဆီကို ပြန်ရောက်သွားခဲ့ပါပြီ။
မနေ့ကတင် ၁,၇၉၇,၀၀၀ ဝမ်အထိ စံချိန်တင် တက်ခဲ့တဲ့ ဆိုဆောင်း အီလက်ထရောနစ် ရဲ့ ဈေးနှုန်းဟာ ၁,၂၅၈,၀၀၀ ဝမ်အထိ ရုတ်တရက် ထိုးကျသွားခဲ့ပါတယ်။
ဒါဟာ ၅၂ ပတ်အတွင်း အနိမ့်ဆုံးဈေးထက်တောင် ကျသွားတာပါ။
ကျွန်တော်တို့ Short-selling လုပ်ခဲ့ပြီး Put options တွေ ဝယ်ခဲ့တုန်းက ပျမ်းမျှဈေးက ဝမ် ၁.၆ သန်း ရှိပါတယ်။
ကျွန်တော်တို့ဟာ Short-selling လုပ်လို့ ရှုံးထားတာတွေကို တစ်ကြိမ်တည်းနဲ့ ပြန်ရရုံတင်မကဘဲ အမြတ် ၂၀ ရာခိုင်နှုန်းကျော်တောင် ရခဲ့ပါတယ်။ Put options တွေ အကြီးအကျယ် အောင်မြင်သွားတာကိုတော့ စကားနဲ့တောင် ဖော်ပြဖို့ မလွယ်ပါဘူး။
မနေ့ကအထိ တန်ဖိုး မရှိသလောက် ဖြစ်နေတဲ့ Options တွေ အားလုံးက အခုတော့ အကျိုးအမြတ် ထွက်လာပါပြီ။
တချို့က အဆပေါင်း ရာနဲ့ချီ တက်သွားသလို၊ တချို့ဆိုရင် အဆပေါင်း ထောင်ကျော်အထိတောင် တက်သွားပါတယ်။
ဟုတ်ပါတယ်။ ဒါက ဈေးကျသွားတဲ့ အချိန်နဲ့ နှိုင်းယှဉ်တာပါ။ ကျွန်တော်တို့ ဝယ်ခဲ့တဲ့ ဈေးနှုန်းနဲ့ ကြည့်မယ်ဆိုရင်တော့ အဲဒီထက် အများကြီး ပိုနည်းပါတယ်။
စတော့ဈေးကွက်ဆိုတာ တစ်ယောက်မြတ်မှ တစ်ယောက်ရှုံးရတဲ့ Zero-sum game မျိုး မဟုတ်ပါဘူး။
လွတ်လပ်တဲ့ ဈေးကွက်မှာ လူတိုင်း အတူတူ မြတ်နိုင်သလို အတူတူလည်း ရှုံးနိုင်ပါတယ်။
ဒါပေမဲ့ Short selling နဲ့ Options အရောင်းအဝယ်တွေကတော့ တစ်ယောက်ရဲ့ အရှုံးက တစ်ခြားတစ်ယောက်ရဲ့ အမြတ်နဲ့ အမြဲတမ်း ချိတ်ဆက်နေတဲ့ ပုံစံမျိုးပါ။
လူတိုင်းအတွက် ဘေးဒုက္ခ ဖြစ်နေတဲ့ အရာက ကျွန်တော်တို့အတွက်တော့ ကောင်းချီးတစ်ခု ဖြစ်လာခဲ့ပါတယ်။
စတော့ ဖိုရမ်တွေမှာလည်း သတင်းတွေ ပျံ့နှံ့လာပါတယ်။
– “ဒီနေ့ ဟန်မြစ် (Hangang) မှာ လူစုကြမယ်” (ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ရည်ရွယ်ပြီးပြောခြင်း)
– “မာပိုတံတား ကနေ အလွတ် ခုန်ချဖို့ လူခေါ်နေပါတယ်”
– “ဒီအခြေအနေက အသေးစား ရင်းနှီးမြှုပ်နှံသူတွေအတွက် ငရဲပဲ မဟုတ်လား”
– “Sidecar သာ ပွင့်သွားရင် ဒီထက်တောင် ထပ်ကျဦးမှာလား”
– “အား… ဒါကြီးက အိပ်မက်ပဲ ဖြစ်နေပါစေလို့ ဆုတောင်းပါတယ်”
– “လောလောဆယ်တော့ လင်ဂျင်ယုံကို ယုံကြည်ပေးလိုက်ကြရအောင်”
– “တစ်ကိုယ်လုံးကို L6 တွေနဲ့ ပတ်ပြီး ဆိုဆောင်း အီလက်ထရောနစ် ဂန်နမ် အဆောက်အဦဆီကို ပြေးဝင်ကြစို့”
– “L6 နဲ့ ဂျိုဒုံဂျွန်ရဲ့ မျက်နှာကို ပေါက်ချင်လိုက်တာ”
– “ပြန်သိမ်းထားတဲ့ L6 တွေကို IS (အကြမ်းဖက်အဖွဲ့) ဆီ ပြန်ရောင်းရင် အရှုံး နည်းနည်း သက်သာလောက်မလား”
တစ်ဖက်မှာတော့ Inverse ETF (ဈေးကျမှ မြတ်သော ရန်ပုံငွေ) ဒါမှမဟုတ် Put options တွေမှာ ရင်းနှီးမြှုပ်နှံခဲ့တဲ့ အနည်းငယ်သော သူတွေကတော့ ဝမ်းသာအားရ အော်ဟစ်နေကြပါတယ်။
– “မနေ့ကတင် Leveraged Inverse ETF ဝယ်လိုက်တာ တစ်ရက်တည်းနဲ့ +၁၃.၈ ရာခိုင်နှုန်း တက်သွားပြီ”
– “KOSPI200 Put Optionကနေ အဆပေါင်း ၂၇၀ မြတ်သွားပြီ”
– “ဒါက ဆယ်စုနှစ်တစ်ခုမှာ တစ်ခါပဲ ကြုံရမယ့် Putပါတီပဲ။ ငါ ဒီနေ့ကိုပဲ စောင့်နေခဲ့တာကွ”
– “တကယ်လို့ ငါသာ ဆိုဆောင်း အီလက်ထရောနစ် ရဲ့ put optionကို ပိုင်ထားရင် ဘယ်လောက်တောင် မြတ်လောက်မလဲကွာ”
– “ဒုတိယဥက္ကဋ္ဌ လင်ဂျင်ယုံနဲ့ ဥက္ကဋ္ဌ ဂျိုဒုံဂျွန်ကို ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ ကျေးဇူးကြောင့် လွန်ခဲ့တဲ့ အနှစ် ၂၀ လုံး စတော့ကစားလို့ ရှုံးထားသမျှကို တစ်ရက်တည်းနဲ့ အကုန်ပြန်ရသွားပြီ”
– “Put ကစားတဲ့သူတွေကတော့ ဒီနေ့ ပြုံးနေကြတော့မှာပဲ။ ဟားဟား”
– “ငါကတော့ ဆိုဆောင်း အီလက်ထရောနစ် ရဲ့ put ကို မိခဲ့တဲ့ Put Man ပဲ။ ဒီနေ့ပဲ လမ်ဘော်ဂီနီ အရောင်းဆိုင်ကို သွားပြီး Aventador တစ်စီး ရွေးတော့မယ်။ သက်သေအနေနဲ့ ငါ့ခြေထောက်ပုံနဲ့ တွဲပြီး ပုံတင်လိုက်မယ်။ ဝူးးးး”
တက်ဂယူက မျက်တောင်တခတ်ခတ်နဲ့ မေးလာတယ်။
“ဒါက တကယ်ကြီးလား”
အခြေအနေက မယုံနိုင်စရာ ကောင်းလွန်းလို့ ကျွန်တော် ကိုယ်တိုင်လည်း အဲဒီလိုပဲ ခံစားနေရပါတယ်။
အခြေအနေတွေ ဒီလို ဖြစ်လာပါစေလို့ ကျွန်တော် ပြင်းပြင်းထန်ထန် ဆုတောင်းခဲ့တာ မှန်ပေမဲ့ တကယ် ဖြစ်လာတဲ့အခါမှာတော့ အိပ်မက်လိုလို ဘာလိုလိုနဲ့ မခံစားရသေးပါဘူး။ ကျွန်တော့်ခေါင်းတွေလည်း အိပ်မက်မက်နေသလို ချာချာလည်နေပါတယ်။
“ဒါ အိပ်မက် မဟုတ်နိုင်ပါဘူး”
တက်ဂယူက ကျွန်တော့်ရဲ့ လက်မောင်းနှစ်ဖက်ကို ကိုင်ပြီး အကျယ်ကြီး အော်လိုက်ပါတယ်။
“ယဟူး…..ငါတို့တွေ အခု သူဌေးကြီးတွေ ဖြစ်သွားပြီ”
တက်ဂယူ ဝမ်းသာနေတာကို ကြည့်ရင်း ကျွန်တော်လည်း ရယ်မောလိုက်မိပါတယ်။
“တကယ်တော့ မင်းက အစကတည်းက သူဌေးပါ”
ဒါပေမဲ့ အခုတော့ သန်းကြွယ်သူဌေးတစ်ယောက်ကနေ သန်းပေါင်းသိန်းနဲ့ချီ ချမ်းသာတဲ့သူ ဖြစ်သွားတာပေါ့။
တက်ဂယူက ကျွန်တော့်ကို တင်းတင်းကျပ်ကျပ် ဖက်လိုက်တယ်။
“ငါ မင်းကို ချစ်တယ်။ သူငယ်ချင်းရာ”
ပုံမှန်ဆိုရင်တော့ ယောက်ျားချင်း ဘာတွေ လုပ်နေတာလဲဆိုပြီး တွန်းထုတ်လိုက်မှာ ဖြစ်ပေမဲ့ အခုတော့ ကျွန်တော်လည်း တက်ဂယူကို ပြန်ဖက်ပြီး အော်လိုက်ပါတယ်။
“ငါတို့ လုပ်နိုင်ခဲ့ပြီကွ”
အဲဒီနေ့မှာ ဆိုဆောင်း အီလက်ထရောနစ် ဟာ အနိမ့်ဆုံးဈေး (Limit down) နဲ့ ဈေးပိတ်ခဲ့ပြီး၊ နောက်တစ်နေ့မှာတော့ ၂.၇ ရာခိုင်နှုန်း ထပ်ကျကာ ၁,၂၂၄,၀၀၀ ဝမ်နဲ့ ဈေးဖွင့်ခဲ့ပါတယ်။
ကံကောင်းတာက ဝယ်လိုအားတွေ ပြန်တက်လာတာကြောင့် ၂.၄ ရာခိုင်နှုန်း ပြန်တက်ပြီး ၁,၂၈၈,၀၀၀ ဝမ်နဲ့ ဈေးပိတ်နိုင်ခဲ့ပါတယ်။
မနေ့က တုန်လှုပ်ခြောက်ခြားနေခဲ့တဲ့ ဈေးကွက်ဟာ အညွှန်းကိန်း ၀.၉၅ ရာခိုင်နှုန်း တက်လာတာနဲ့အတူ တည်ငြိမ်မှု ပြန်ရလာခဲ့ပါတယ်။
နောက်တစ်နေ့ကတော့ Options သက်တမ်း ကုန်ဆုံးမယ့် နေ့ပါပဲ။
ဆိုဆောင်း အီလက်ထရောနစ် က မီဒီယာတွေကနေတစ်ဆင့် ငွေပြန်အမ်းမယ့် မူဝါဒနဲ့ အစားထိုး အစီအစဉ်တွေကို ကြေညာခဲ့သလို L6 ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်ရတဲ့ သက်ရောက်မှုကို အနည်းဆုံးဖြစ်အောင် NT6 (L6 ရဲ့ နောက်ဆက်တွဲ မော်ဒယ်တစ်ခု) ကို အမြန်ဆုံး ထုတ်လုပ်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အဖွဲ့အစည်းတွေနဲ့ ပင်စင်ရန်ပုံငွေတွေရဲ့ အဝယ်အားကြောင့် Options သက်တမ်း ကုန်ဆုံးတဲ့ နေ့မှာ ဆိုဆောင်း အီလက်ထရောနစ် ရဲ့ စတော့ဈေးဟာ ၆.၆ ရာခိုင်နှုန်း တက်လာပြီး ၁,၃၇၃,၀၀၀ ဝမ် ဖြစ်သွားခဲ့ကာ KOSPI ရော KOSDAQ ပါ ၂ ရာခိုင်နှုန်းကျော် တက်လာခဲ့ပါတယ်။
ဒေါ်လာဈေး၊ ရွှေဈေးနဲ့ ဆီဈေးတွေ အကုန်လုံး ကျဆင်းသွားပြီး ဘဏ္ဍာရေး ဈေးကွက်မှာ တည်ငြိမ်မှုတွေ ပြန်ရလာခဲ့ပါတယ်။
ဆိုဆောင်း အီလက်ထရောနစ် ရဲ့ စတော့ဈေး အနိမ့်ဆုံးကို ကျသွားတဲ့ အချိန်ကစပြီး ကျွန်တော်တို့ Options တွေကို ပြန်ရောင်းဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ Put options ဈေးနှုန်းတွေက မယုံနိုင်လောက်အောင် ထိုးတက်သွားတာကြောင့် ဈေးကွက်မှာ အရောင်းအဝယ်လုပ်ဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေအထိ ရောက်သွားခဲ့တာပါ။
နောက်ဆုံးတော့ Options သက်တမ်း ကုန်ဆုံးမယ့် နေ့ကို ရောက်လာခဲ့ပါပြီ။ ကျွန်တော်တို့ရဲ့ Short positions တွေကို ပိတ်သိမ်းပြီး အမြတ်တွေကို အတည်ပြုလိုက်ပါတယ်။
နောက်ဆုံး ရရှိတဲ့ အမြတ်နှုန်းကတော့ ၅,၁၇၀ ရာခိုင်နှုန်းပါ။
[ ၆၈၅,၀၀၀,၀၀၀,၀၀၀ ]
ရင်းနှီးမြှုပ်နှံမှု အရင်းအနှီးရဲ့ အဆပေါင်း ၅၀ ကျော် အမြတ်ထွက်ခဲ့တာကြောင့် ကျွန်တော်တို့ရဲ့ မူလရင်းနှီးငွေ ဝမ် သန်း ၁၃,၀၀၀ဟာ ဝမ် သန်း ၆၈၅,၀၀၀အထိ ဖြစ်သွားပါတော့တယ်။
အခန်း (၂၀)
OTK ကုမ္ပဏီရဲ့ အကောင့်ထဲမှာ ရှိနေတဲ့ ငွေပမာဏကို မြင်လိုက်ရတဲ့အခါ တက်ဂယူဟာ မှင်သက်သွားပါတယ်။
“ဝမ် သန်း ၆၈၅,၀၀၀”
သူ့မျက်စိနဲ့ကိုယ်တိုင် လက်ကျန်ငွေကို စစ်ဆေးနေရင်းတောင် ဒါကို သူ မယုံနိုင်သေးပါဘူး။
ဒီလောက်အထိ ငွေတွေအများကြီး ရှာနိုင်တယ်ဆိုတာကို ဒီနေ့မှ သူ ပထမဆုံးအကြိမ် သိရှိသွားတာပါ။
တက်ဂယူက နောင်တရသလိုလေသံနဲ့ “တကယ်လို့သာ သက်တမ်းကုန်ဆုံးမယ့်ရက်က ဒီထက်ပိုပြီး နောက်ကျခဲ့ရင် တကယ့်ကို အကြီးအကျယ် ပေါက်မှာကွ” လို့ ပြောပါတယ်။
တကယ်လို့ စတော့ဈေးက ဒီထက်ပိုကျခဲ့မယ်ဆိုရင် အမြတ်ငွေဟာ ဝမ် သိန်း ၁ကုဋေထက်တောင် ကျော်လွန်သွားနိုင်တာပါ။
အရောင်းအဝယ် ပြုလုပ်ချိန်အတွင်းမှာ အဖွဲ့အစည်းလိုက် ရင်းနှီးမြှုပ်နှံသူတွေနဲ့ ပင်စင်ရန်ပုံငွေ အဖွဲ့တွေဟာ တုံ့ဆိုင်းနေတဲ့ ပုံစံမျိုး ပြသခဲ့ပေမဲ့ ဈေးကွက်ပိတ်ဖို့ ၂ မိနစ်လောက်ပဲ လိုတော့တဲ့ Closing auction (နောက်ဆုံးလေလံ) အချိန်မှာတော့ ဝမ် သိန်း ၃ကုဋေဖိုးလောက်အထိ အလုံးအရင်းနဲ့ ဝယ်ယူခဲ့ကြပါတယ်။
ဒါဟာ တကယ့်ကို အဝယ်ပေါက်ကွဲမှုကြီးပါပဲ။
အလွန်အကျွံ ရောင်းချမှုတွေကြောင့် ပြန်လည်ဝယ်ယူမှုတွေလည်း ရှိနေခဲ့ပေမဲ့ ဒါဟာ Options သက်တမ်းကုန်ဆုံးမယ့်နေ့မှာ အရှုံးကို လျှော့ချဖို့အတွက် စတော့ဈေးနှုန်းတွေကို အသည်းအသန် မြှင့်တင်လိုက်တဲ့ လုပ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။
ဒါဟာ စတော့ဈေးကွက်ကို ကစားလိုက်သလိုပါပဲ။
ဒါပေမဲ့ တကယ်လို့ ဒီနေ့အထိ ဈေးနှုန်းကျဆင်းမှုက ဆက်ရှိနေခဲ့မယ်ဆိုရင် Options ထုတ်ဝေထားတဲ့ ငွေကြေးကုမ္ပဏီတွေဟာ တစ်ခုပြီးတစ်ခု ဒေဝါလီခံရပါလိမ့်မယ်။ အဲဒီအခါ အစိုးရနဲ့ ငွေကြေးအဖွဲ့အစည်းတွေမှာ တခြားရွေးချယ်စရာ ရှိတော့မှာ မဟုတ်ပါဘူး။
Options သက်တမ်းကုန်ဆုံးတဲ့နေ့မှာ စတော့ဈေးနှုန်း ပြန်တက်လာတာကြောင့် ကျွန်တော်တို့ရဲ့ အမြတ်နှုန်းက သိသိသာသာ လျော့ကျသွားခဲ့ပါတယ်။
ဒါတောင်မှ ဒါဟာ ထူးကဲလှတဲ့ အမြတ်နှုန်းတစ်ခုပါပဲ။ အကောင့်ထဲက ဂဏန်းတွေကို ကြည့်ရုံနဲ့တင် ခေါင်းတွေ မူးလာနိုင်ပါတယ်။
“သုညတွေက ဘာလို့ ဒီလောက်တောင် များနေတာလဲ”
“Redenomination (ငွေကြေးတန်ဖိုးကို ပြန်သတ်မှတ်တာ) ဘာညာ လုပ်ဖို့ မလိုဘူးလား”
တက်ဂယူက ကျွန်တော့်ကို မေးပါတယ်။
“မင်းကို ငါ ဘယ်လောက် ပေးရမလဲ”
“ဟမ်”
“ငါတို့ အမြတ်ကို တဝက်စီ ခွဲယူမယ်လို့ သဘောတူထားတယ်လေ။”
ဝမ် သန်း ၆၈၅,၀၀၀ ထဲက ၁၃,၀၀၀က မူလရင်းနှီးငွေဖြစ်ပြီး အမြတ်က သန်း ၆၇၂,၀၀၀ ပါ။ အဲဒီထဲက တဝက်က ကျွန်တော့်အပိုင်ပေါ့။
တက်ဂယူက သူ့ရဲ့တွက်ချက်မှုကို အဆုံးသတ်ပြီး “ဝမ် သန်း ၃၃၆,၀၀၀ ဟုတ်တယ်မလား” လို့ ပြောပါတယ်။
“······”
တကယ်လို့ ပိုက်ဆံထုပ်တွေကိုသာ အဆင့်ဆင့် စီလိုက်မယ်ဆိုရင် အဆောက်အဦးတစ်ခုရဲ့ အမြင့်လောက် ရှိနိုင်မလား။
မကြာသေးခင်ကအထိ ကျွန်တော်ဟာ စစ်မှုထမ်းပြီးရင် ဘာဆက်လုပ်ရမလဲဆိုတာကိုပဲ တွေးပူနေရတဲ့ ပိုက်ဆံမရှိတဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ အခုတော့ ဝမ် သန်း ၃၃၆,၀၀၀က ကျွန်တော့်လက်ထဲကို ရောက်လာတော့မှာပါ။
ဒီလောက် ကြီးမားလှတဲ့ ငွေပမာဏကို ကျွန်တော် တကယ်ပဲ လက်ခံနိုင်ပါ့မလား။
ရင်းနှီးမြှုပ်နှံမှုဆိုတာ အမြတ်ရော အရှုံးပါ ဒွန်တွဲနေတာပါ။
ကျွန်တော်က ကိုယ်ပိုင်ရင်းနှီးငွေ ဝမ် သန်း ၈၀၀ ပဲ ထည့်ဝင်ထားတာကြောင့် တကယ်လို့သာ ရှုံးခဲ့မယ်ဆိုရင် တက်ဂယူကပဲ အရှုံးအများစုကို ခါးစည်းခံရမှာပါ။ တကယ်တော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းကတောင် ကျွန်တော်တို့ဟာ သန်းထောင်ပေါင်းများစွာ ရှုံးမယ့်အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
ကျွန်တော် ဖြတ်သန်းခဲ့ရသမျှကို ပြန်တွေးကြည့်တဲ့အခါ အမြတ်ရဲ့ တဝက်ကို ယူဖို့က စိတ်ထဲမှာ နည်းနည်း အားနာသလို ခံစားမိပါတယ်။
တက်ဂယူက ကျွန်တော့်စကားကို နားလည်ပုံရပြီး သဘောတူတဲ့အလား ခေါင်းငြိမ့်ပြပါတယ်။
“အဲဒီတော့ မင်း မယူတော့ဘူးပေါ့။ ကောင်းပြီလေ၊ ဒါဆိုရင်တော့ ငါက ကျေးဇူးတင်တာပေါ့”
ကျွန်တော် ခေါင်းကို ပြတ်ပြတ်သားသား ခါလိုက်ပါတယ်။
“မဟုတ်ဘူး၊ အဲဒီလို မဟုတ်ဘူး”
တက်ဂယူက ခပ်တိုးတိုး ရယ်ပါတယ်။
“ကဲပါ၊ မင်းသာ မရှိရင် ဒီ ဝမ် သန်း ၁၃,၀၀၀က ရေထဲမျောသွားမှာပဲ။ ပြီးတော့ မင်းမပါဘဲနဲ့လည်း ဒီ သန်း ၁၃,၀၀၀ကို သန်း ၆၈၅,၀၀၀ဖြစ်အောင် ငါ လုပ်နိုင်မှာ မဟုတ်ဘူး”
ကျွန်တော်က သတင်းအချက်အလက်ကို ပေးပြီး တက်ဂယူက ရင်းနှီးငွေကို ထည့်ဝင်ခဲ့တာပါ။
အမြင်ပေါ်မူတည်ပြီး ဘယ်သူက ပိုအရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့သလဲဆိုတာ ကွဲပြားနိုင်ပါတယ်။ ဒါပေမဲ့ ယေဘုယျအားဖြင့်တော့ လူအများစုဟာ ကိုယ့်ရဲ့ပါဝင်မှုက ပိုကြီးမားတယ်လို့ပဲ တွေးတတ်ကြပါတယ်။
ဒါပေမဲ့ တက်ဂယူကတော့ အစကတည်းက ကျွန်တော့်ကို တဝက်ပေးဖို့ ဝန်မလေးဘဲ ကတိပေးခဲ့သလို အဲဒီကတိကိုလည်း တည်ဖို့ ကြိုးစားနေပါတယ်။
ဒီလိုလူမျိုးက ဒီကမ္ဘာပေါ်မှာ ဘယ်လောက်တောင် ရှားလိုက်မလဲ။
ဒါပေမဲ့ ရုတ်တရက်ဆိုသလို ကြောက်စရာကောင်းတဲ့ ခံစားချက်တစ်ခု ဝင်လာပါတယ်။
“တကယ်လို့ ဒါက အနာဂတ်ကို ကြိုမြင်နိုင်စွမ်းရဲ့ အတိုင်းအတာဆိုရင်...”
ကျွန်တော်ဟာ ဖုန်းမော်ဒယ်တစ်ခုတည်း ထုတ်လုပ်မှုရပ်ဆိုင်းမယ့် အကြောင်းကိုပဲ ကြိုမြင်ခဲ့တာပါ။ ဒါတောင်မှ သန်းထောင်ပေါင်းများစွာ ရှာနိုင်ခဲ့တယ်။
တကယ်လို့သာ ကျွန်တော်က 9/11 ဖြစ်ရပ် ဒါမှမဟုတ် ဘဏ္ဍာရေး အကြပ်အတည်းတွေကို ကြိုမြင်ခဲ့ရင်ကော ဘာဖြစ်မလဲ။ စစ်ပွဲတွေ ဒါမှမဟုတ် သဘာဝဘေးအန္တရာယ်တွေကိုသာ ကြိုတင်ဟောကိန်းထုတ်နိုင်ခဲ့ရင်ကော ဘာဖြစ်မလဲ။
ကျောရိုးထဲမှာ လျှပ်စစ်စီးသွားသလို ခံစားလိုက်ရပါတယ်။
ကျွန်တော့်အတွေးကို သိနေသလိုမျိုး တက်ဂယူက ပြောလာပါတယ်။
“နတ်မျက်စိအကြောင်းကို ဘယ်သူ့ကိုမှ မပြောတာက အကောင်းဆုံး ဖြစ်လိမ့်မယ်”
“ငါ သဘောတူတယ်”
ကျွန်တော်တို့ရဲ့ မျက်နှာအမူအရာတွေဟာ အရင်ကနဲ့မတူဘဲ တည်ကြည်လေးနက်နေပါတယ်။ အနာဂတ်ကို ကြိုမြင်နိုင်စွမ်းဟာ ဘယ်လောက်တောင် အစွမ်းထက်သလဲဆိုတာကို ကျွန်တော်တို့ နှစ်ယောက်လုံး သိရှိသွားကြပါပြီ။
“တကယ်လို့ ဒီအကြောင်းသာ ပေါက်ကြားသွားရင် ဘာဖြစ်မယ်လို့ မင်း ထင်လဲ”
ကျွန်တော်တို့ကို တစ်ခုခုသော အစိုးရအေဂျင်စီဆီ ခေါ်သွားကြမလား။
“ဒါပေမဲ့ အနာဂတ်ကို မြင်နိုင်တယ်လို့ ကြွားဝါနေတဲ့သူတွေ အများကြီးပဲလေ”
အဲဒီထဲမှာ ဗေဒင်ဆရာတွေ၊ လက္ခဏာဆရာတွေ၊ တားရော့ဆရာတွေ၊ ဝိညာဉ်ပြပုဂ္ဂိုလ်တွေ၊ ပရောဟိတ်တွေနဲ့ နေ့စဉ်စတော့ကစားသမားတွေ (ဒီအုပ်စုက အများဆုံး ဖြစ်နိုင်ပါတယ်) တောင် ပါပါသေးတယ်။
အနာဂတ်ကို မြင်နိုင်တယ်လို့ အခိုင်အမာ ပြောဆိုနေတဲ့သူတွေ ကမ္ဘာပေါ်မှာ ဒီလောက်များနေရတဲ့ အကြောင်းရင်းကတော့ သူတို့ပြောတာ မှန်၊ မမှန် အတည်ပြုဖို့ နည်းလမ်းမရှိလို့ပါပဲ။
Telekinesisလိုမျိုး ရုပ်ပိုင်းဆိုင်ရာ စွမ်းအားတွေကိုတော့ ဓမ္မဓိဋ္ဌာန်ကျကျ စစ်ဆေးလို့ ရပါတယ်။ ဒါပေမဲ့ အနာဂတ်ကို ကြိုမြင်တာကတော့ ပိုင်ဆိုင်ထားတဲ့သူ ကိုယ်တိုင်ပဲ မြင်ရတာဖြစ်လို့ အတည်ပြုဖို့ မလွယ်ပါဘူး။
ဒါပေမဲ့ သူတို့ကတော့ အနာဂတ်ကို ဖြစ်လာမယ် ဒါမှမဟုတ် ဖြစ်မလာဘူးဆိုတဲ့ ပုံစံမျိုးနဲ့ ခန့်မှန်းနေကြတာပါ။
“အဲဒီလူတွေက အတုတွေ ဖြစ်နိုင်ပေမဲ့ မင်းကတော့ မတူဘူး”
တကယ်လို့ ကိုယ့်မှာသာ အနာဂတ်ကို မြင်နိုင်တဲ့ စွမ်းအားသာ အစစ်အမှန် ရှိနေမယ်ဆိုရင် လမ်းဘေးမှာ ဘာလို့ လက္ခဏာကြည့်တာတို့၊ တားရော့ဟောတာတို့ လုပ်နေဦးမှာလဲ။
ကာစီနိုမှာ ကတ်ချပ်တွေ လှန်ပြီးဖြစ်ဖြစ်၊ စတော့ကစားပြီးဖြစ်ဖြစ် အလွယ်တကူ ငွေရှာလို့ ရနေတာပဲလေ။
“မင်းပြောတာ မှန်တယ်”
ဒီစွမ်းအားအကြောင်းကို တက်ဂယူနဲ့ ကျွန်တော်ပဲ သိပါတယ်။
သူဟာ ကျွန်တော့်အမေကလွဲရင် ကျွန်တော် တကယ်ယုံကြည်ရတဲ့ တစ်ဦးတည်းသောသူပါ။ ဒီစွမ်းအားက ကျွန်တော့်အတွက် ဘယ်လောက်အထိ အကျိုးရှိနိုင်မလဲဆိုတာကို ဘယ်သူ့ကိုမှ ကျွန်တော် ပြောပြမှာ မဟုတ်ပါဘူး။
လေးနက်တဲ့ စကားဝိုင်း ပြီးသွားတဲ့အခါ တက်ဂယူက တစ်ခါ ပြန်ရယ်ပါတယ်။
“ဒါနဲ့ ငါတို့ တကယ်ကြီး ချမ်းသာသွားတာပဲနော်”
အဲဒီစကားကို ကြားလိုက်ရတဲ့အခါ ကျွန်တော့်စိတ်ထဲမှာ နည်းနည်းတော့ မသက်မသာ ဖြစ်မိပါတယ်။
ငွေကြေးဈေးကွက်က တည်ငြိမ်မှု ပြန်ရရုံပဲ ရှိသေးပေမဲ့ အနာဂတ်အလားအလာကတော့ မှေးမှိန်နေတုန်းပါပဲ။ ဆိုဆောင်း အီလက်ထရောနစ်ရဲ့ လည်ပတ်မှုအမြတ် ခန့်မှန်းချက်တွေက ဆက်တိုက် ကျဆင်းနေသလို၊ စမတ်ဖုန်း တင်ပို့မှုတွေလည်း အဟန့်အတား ဖြစ်နေတာကြောင့် နောက်လကစပြီး ကုန်သွယ်မှုလိုငွေ ပြလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
တစ်ဖက်မှာတော့ ဒီအခြေအနေကနေ အကျိုးအမြတ် ရနိုင်မယ့် NPLနဲ့ တရုတ်ကုမ္ပဏီတွေရဲ့ စတော့ဈေးတွေကတော့ ထိုးတက်နေပါတယ်။
“ဒီလို နိုင်ငံတော် အကြပ်အတည်းကာလမှာ ငါတို့က ဒီလို အမြတ်ထုတ်နေတာဟာ ကိုယ်ကျင့်တရားအရ မှန်ကန်ရဲ့လား”
တက်ဂယူက ကျွန်တော့်စကားကို တုံ့ဆိုင်းမှုမရှိဘဲ သဘောတူပုံရပါတယ်။
“အဲဒါ ဘာအရေးကြီးလဲ။ ငါတို့က ဘာကိုမှ မတရား ကစားခဲ့တာမှ မဟုတ်တာ”
“အဲဒါတော့ ဟုတ်တယ်”
ကျွန်တော်တို့ ဘာမှ မလုပ်ခဲ့ရင်တောင် L6 က ပျက်စီးမှာပါပဲ။ ဆိုဆောင်း အီလက်ထရောနစ် ကလည်း အနိမ့်ဆုံးဈေးကို ကျမှာပါပဲ။ KOSPI နဲ့ KOSDAQ တွေလည်း ထိုးကျမှာပါပဲ။
လူတိုင်း ရှုံးနေကြတဲ့ ကြားထဲမှာ တစ်စုံတစ်ယောက်ကတော့ မြတ်နေမှာ အသေအချာပါပဲ။ အခုတော့ အဲဒီအမြတ်ကို ရတဲ့သူက ကျွန်တော်တို့ ဖြစ်နေတာပါ။
“ဒါတွေအားလုံးက နတ်မျက်စိ ကြောင့်ပါ”
ဒါပေမဲ့ အဲဒါ တစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ သတင်းအချက်အလက်တွေ ဘယ်လောက်ကောင်းကောင်း ရင်းနှီးမြှုပ်နှံဖို့ ပိုက်ဆံမရှိရင် အလကားပါပဲ။
တကယ်လို့ တက်ဂယူသာ ကျွန်တော့်စကားကို မယုံကြည်ဘဲ ရင်းနှီးမြုတ်နှံမှုမလုပ်ခဲ့ဘူးဆိုရင် ကျွန်တော်တို့ဟာ ဒီအခွင့်အရေးကို လက်လွတ်ခံလိုက်ရပြီး လက်မှိုင်ချနေရမှာပါ။
လူတွေက ဒီဇာတ်လမ်းကို ကြားရရင်တောင် တကယ် ရင်းနှီးမြှုပ်နှံတာကိုလုပ်ဖို့အထိ ဘယ်နှစ်ယောက်ကများ သတ္တိရှိကြလို့လဲ။
တက်ဂယူက ရင်းနှီးမြုတ်နှံတယ်ဆိုတာက အလိုလိုသိစိတ်ကြောင့်လား ဒါမှမဟုတ် အတွေးအခေါ် မရှိတာလားဆိုတာ ကျွန်တော် မသေချာပါဘူး။
“ဒါနဲ့ နားထောင်ဦး”
“အင်း”
“မင်း ဒီပိုက်ဆံကို ဘယ်လို လက်ခံမှာလဲ။ မင်းရဲ့ အကောင့်ထဲကို ဝင်မယ်ဆိုရင် အခွန်ဆောင်ရလိမ့်မယ်”
နိုင်ငံခြားကော်ပိုရေးရှင်းကနေ ပြည်တွင်းကော်ပိုရေးရှင်းဆီ ငွေလွှဲပြောင်းတာဟာ အခွန်ဆောင်ရပါတယ်။ သန်းထောင်ပေါင်းများစွာသော ပမာဏဆိုရင် အခွန်နှုန်းက ၅၀ ရာခိုင်နှုန်းအထိ ရှိနိုင်ပါတယ်။
အခွန်တင် ဝမ် သိန်းပေါင်း၁.၆ကုဋေလောက် ကျမှာပါ။ ဒါ့အပြင် ငွေရဲ့ အရင်းအမြစ်ကို သက်သေပြရမယ့် ပြဿနာလည်း ရှိပါသေးတယ်။
“မင်းက လက်ငင်းငွေသားနဲ့ပဲ ယူချင်တာလား”
“ဝမ် သန်း ၃၃၆,၀၀၀ ကိုလား”
ပန်းသီးသေတ္တာတစ်လုံးထဲမှာ ဝမ် ၅၀,၀၀၀ တန် အရွက်တွေ ဘယ်လောက်အထိ ဆံ့မလဲ။ သေတ္တာတစ်လုံးမှာ ဝမ် သန်း ၆,၀၀၀ ဆံ့တယ်လို့ပဲ ထားဦး၊ သေတ္တာပေါင်း ၅၀၀ ကျော် ရှိမှာပါ။
နေဦး၊ ဝမ် သန်း ၃၃၆,၀၀၀ကို ငွေသားနဲ့ ထုတ်လို့ကော ရနိုင်ပါ့မလား။ အဲဒါ ဝမ် ၅၀,၀၀၀ တန် အရွက်ပေါင်း ၆.၇၂ သန်းတောင် ရှိတာလေ။
ဒီလိုပြဿနာမျိုးနဲ့ ကျွန်တော် ပူပန်ရလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးခဲ့ပါဘူး။
အကောင်းဆုံး နည်းလမ်းက ဘာဖြစ်မလဲဆိုတာ ကျွန်တော် တွေးနေမိပါတယ်။ အခွန်ရှောင်ဖို့အတွက် ကျွန်တော်လည်း ကော်ပိုရိတ်အဖွဲ့အစည်းတစ်ခု တည်ထောင်ရမလား။
ကျွန်တော် ဒါကို သေသေချာချာ စဉ်းစားနေတုန်းမှာပဲ တက်ဂယူက မေးပါတယ်။
“ဒီပိုက်ဆံနဲ့ ဘာလုပ်ဖို့ စဉ်းစားထားလဲ”
ကျွန်တော် တက်ဂယူကို ပြန်မေးလိုက်ပါတယ်။
“ငါလား”
“ထွေထွေထူးထူး စိတ်ကူးတော့မရှိပါဘူး။ ဒါပေမဲ့ ဒီအတိုင်းကြီးပဲ ပြီးသွားဖို့ဆိုတာကလည်း အရသာ မရှိလွန်းဘူးလေ။ ဟုတ်တယ်မလား”
တက်ဂယူက ကျွန်တော့်ကို ကြည့်ရင်း ပြန်ဖြေပါတယ်။
“မင်းက သန်း ၁၃,၀၀၀ ရင်းပြီး သန်း ၆၇,၀၀၀ (အမြတ်) ရခဲ့တယ်။ တကယ်လို့ ဒီပိုက်ဆံကို ပြန်ပြီး ရင်းနှီးမြှုပ်နှံရင် ဒီထက်ပိုပြီး မရှာနိုင်ဘူးလား”
လက်တွေ့ကျကျ စဉ်းစားကြည့်ရအောင်။
မူလအရင်းအနှီး သန်း ၁၃,၀၀၀ကနေ အဆ ၅၀ မြတ်ခဲ့တယ်ဆိုတာဟာ အရင်းအနှီး ပမာဏက သေးငယ်နေသေးလို့ပါ။ အရင်းအနှီးက သန်းပေါင်းသိန်းနဲ့ချီ ဖြစ်သွားပြီဆိုရင် တစ်ကြိမ်တည်းနဲ့ အဲဒီလို အမြတ်မျိုး ရဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။
ဒါပေမဲ့ ဒီလောက်ကြီးမားတဲ့ အရင်းအနှီးနဲ့သာ အမြဲတမ်း အမြတ်ထွက်အောင် လုပ်နိုင်မယ်ဆိုရင်တော့ အင်မတန် ကြီးမားတဲ့ ငွေပမာဏကို ရှာနိုင်မှာပါ။
ပိုက်ဆံကို နှစ်ဆတိုးပွားအောင် လုပ်တဲ့အကြောင်း ဆွေးနွေးချက်တစ်ခုကို ကျွန်တော် သတိရသွားပါတယ်။
သတင်းစာစက္ကူတစ်ရွက်ကို အခါ ၂၀ ခေါက်ရင် အလျား မီတာ ၁၀၀ ကျော် ရှိသွားပါတယ်။ အဲဒါကို နောက်ထပ် ၁၀ ကြိမ် ထပ်ခေါက်ရင်တော့ ကီလိုမီတာ ၁၀၀ ကျော်သွားမှာပါ။
ကာစီနိုမှာ ဝမ် သန်း ၁,၀၀၀ကို လောင်းပြီး နိုင်တဲ့ငွေတွေကို အကြိမ် ၂၀ ဆက်တိုက် ထပ်လောင်းမယ်ဆိုရင် ဝမ် သိန်းပေါင်း ၁၀၄ကုဋေနဲ့ ဝမ် သန်းပေါင်း ၈,၅၇၆,၀၀၀အထိ ရနိုင်ပါတယ်။ တကယ်လို့ နောက်ထပ် ၁၀ ကြိမ်ပဲ ထပ်ပေါင်းလိုက်ရင်တော့ ဝမ် သန်း ၁ကုဋေ ကျော်သွားမှာပါ။
ဒီနေ့ခေတ်လို အဆင့်မြင့် အရင်းရှင်လူ့အဖွဲ့အစည်းမှာ ငွေကြေးက ကမ္ဘာကြီးကို လည်ပတ်စေပါတယ်။ ငွေရှိရင် အသက်တွေကိုတောင် ကယ်တင်နိုင်ပါတယ်။
ဒါက တင်စားပြောတာ မဟုတ်ပါဘူး။
အာဖရိကက တချို့နိုင်ငံတွေမှာ ကလေးငယ်တွေဟာ ငှက်ဖျားရောဂါနဲ့ အာဟာရချို့တဲ့မှုကြောင့် သေဆုံးနေကြတာပါ။ ၁ ဒေါ်လာတန် ဆေးလုံးတစ်လုံးနဲ့ အစားအစာရှိရင် ကယ်တင်နိုင်မယ့် အသက်တွေဟာ ပိုက်ဆံမရှိလို့ အပစ်ပယ်ခံထားရတာပါ။
ရင်းနှီးမြှုပ်နှံမှု တစ်ခုတည်းနဲ့တင် တစ်သက်လုံး သုံးမကုန်တဲ့ ငွေတွေကို ရှာနိုင်ခဲ့ပါပြီ။ ဘာမှမလုပ်ဘဲ ဒီအတိုင်း ဇိမ်နဲ့နေဖို့တောင် လုံလောက်နေပါပြီ။
ဒါပေမဲ့...
ဒါက လုံလောက်ပြီလား။
ဒီအဆင့်မှာတင် ကျေနပ်ပြီး ရပ်လိုက်တာက မှန်ကန်ပါ့မလား။
မူးနေတဲ့ ညတစ်ညတုန်းက ကျွန်တော် မြင်ခဲ့ရတဲ့ ဟောကိန်းကို သတိရသွားပါတယ်။
စီအီးအို ဆိုတာ အမှုဆောင်အရာရှိချုပ်ပါ။
စီအီးအိုတစ်ယောက်ဟာ အစုရှယ်ယာ အများဆုံး ပိုင်ဆိုင်သူ ဖြစ်စရာ မလိုပါဘူး။
အဲဒါက အနာဂတ်မှာ ကျွန်တော်နဲ့ တက်ဂယူဟာ OTK ကုမ္ပဏီကို အတူတူ လည်ပတ်သွားကြမယ်လို့ ဆိုလိုတာလား။
ကျွန်တော် တက်ဂယူဆီကို လက်ကမ်းပေးလိုက်ပါတယ်။
“ငါ့လက်ကို တွဲလိုက်”
“တွဲရင် ဘာဖြစ်မလဲ”
“ငါတို့ အဆုံးအထိ အတူတူ သွားကြမယ်”
တက်ဂယူက ကျွန်တော့်မျက်နှာနဲ့ ကျွန်တော့်လက်ကို အပြန်ပြန်အလှန်လှန် ကြည့်ပါတယ်။
“မတွဲရင်ကော”
“ဒါဆိုရင်တော့ ငါတစ်ယောက်ထဲပဲ အဆုံးအထိ သွားမှာပေါ့”
ခဏလောက် စဉ်းစားပြီးနောက် တက်ဂယူက ကျွန်တော့်လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပါတယ်။
“ငါတို့ ဘယ်လောက်အထိ သွားကြမလဲတော့ မသိဘူး။ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ အတူတူ သွားကြတာပေါ့”
“ဟားဟား”
“ဟားဟားဟား”
ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ရယ်မောလိုက်ကြပါတယ်။
ပိုက်ဆံခွဲဝေမယ့် ကိစ္စအတွက် ရိုးရှင်းတဲ့ အဖြေတစ်ခု ကျွန်တော်တို့ ရှာတွေ့ခဲ့ပါတယ်။
“လောလောဆယ် ရင်းနှီးငွေတွေကို ကိုရီးယားဆီ လွှဲလိုက်ကြရအောင်။ ပြီးတော့ ကုမ္ပဏီအမည်ကိုလည်း ပြန်ပြင်ကြမယ်။ အခု လက်ရှိ တက်ဂယူ ၁၀၀ ရာခိုင်နှုန်း ပိုင်ထားတဲ့ OTK ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုကို ငါတို့နှစ်ယောက်ကြားမှာ တဝက်စီ ခွဲယူကြတာပေါ့”
ဒီလိုဆိုရင် ပိုက်ဆံတွေက နိုင်ငံခြားကော်ပိုရေးရှင်းထဲမှာပဲ ရှိနေသေးတာကြောင့် ကိုရီးယားမှာ အခွန်ဆောင်ဖို့ မလိုတော့ပါဘူး။ ကုမ္ပဏီပိုင်ဆိုင်မှု ခွဲဝေတာကို လက်ဆောင်ပေးတယ်လို့ သတ်မှတ်နိုင်ပေမဲ့ အိုင်ယာလန်မှာက လက်ဆောင်တွေအတွက်လည်း အခွန်ကင်းလွတ်ခွင့် ရှိပါတယ်။
“မင်း ဘယ်လို ထင်လဲ”
“… ”
ဘာကြောင့်မှန်းမသိ ဘာပြန်ဖြေသံမှ ထွက်မလာပါဘူး။
တက်ဂယူက တစ်ခုခုကို အလေးအနက် စဉ်းစားနေပုံရပြီး ခဏအကြာမှာတော့ သူက စကားစလာပါတယ်။
“မင်းဆီမှာ အရင်က ငါပေးထားတဲ့ စာချုပ် ရှိသေးလား”
“ငါ့ပိုက်ဆံအိတ်ထဲမှာ ထည့်ထားပါတယ်”
“ခဏလောက် ပြ”
ကျွန်တော် အများကြီး မတွေးဘဲ စာချုပ်ကို ထုတ်ပေးလိုက်ပါတယ်။ တက်ဂယူက စာချုပ်ကို ဖြန့်ကြည့်ပြီးတော့မှ ရုတ်တရက်ဆိုသလို လက်နှစ်ဖက်နဲ့ ဆွဲကိုင်ကာ စုတ်ဖြဲပစ်ပါတော့တယ်။
ဗြိ။ ဗြိ
ခဏချင်းမှာတင် စာချုပ်ဟာ အပိုင်းပိုင်းပြတ်သွားပြီး ဘေးပတ်ပတ်လည်မှာ ပျံ့ကြဲသွားပါတယ်။
ဒီလို မျှော်လင့်မထားတဲ့ အခြေအနေကြောင့် ကျွန်တော် အံ့အားသင့်သွားပြီး “ဟေ့ကောင်။ မင်း ဘာလုပ်တာလဲ” လို့ မေးလိုက်မိပါတယ်။
တက်ဂယူက တည်ကြည်တဲ့ မျက်နှာပေးနဲ့ ပြန်ဖြေပါတယ်။
“ထပ်ပြီး သေသေချာချာ စဉ်းစားကြည့်တော့ တဝက်စီ ခွဲတာက အဓိပ္ပာယ် မရှိဘူး”
“ဘာ”
“၈၀-၂၀ ခွဲရင် ဘယ်လိုလဲ”
ကျွန်တော် ဘာပြောရမှန်း မသိတော့ပါဘူး။
သူ့မျက်နှာကို ကြည့်ရတာ နောက်နေတဲ့ပုံလည်း မပေါက်ပါဘူး။ ကျွန်တော့်ကို ၂၀ ရာခိုင်နှုန်းပဲ ပေးပြီး ကျန်တာ သူအကုန်ယူမယ်လို့ ပြောနေတာလား။ ဒီအချိန်မှာမှ သူက ကျွန်တော့်ကို နောက်ကျောကနေ ဓားနဲ့ ထိုးဖို့ ကြံနေတာလား။
ပိုက်ဆံကြောင့် လူသတ်ဖို့အထိ ဝန်မလေးကြတဲ့ ဒီကမ္ဘာကြီးမှာ၊ သန်းထောင်ပေါင်းများစွာနဲ့ ရင်ဆိုင်ရတဲ့အခါ လူတစ်ယောက်ရဲ့ စိတ်က ပြောင်းလဲသွားနိုင်တယ်ဆိုတာ အံ့သြစရာတော့ မဟုတ်ပါဘူး။
ဒါပေမဲ့ ဒါဟာ သူ့ရဲ့ ပင်ကိုယ်စရိုက်နဲ့တော့ မတူသလိုပါပဲ။
ကျွန်တော့်ရဲ့ မယုံကြည်နိုင်တဲ့ အမူအရာကို မြင်တော့ တက်ဂယူက ဆက်ပြောပါတယ်။
“မင်းက ၈၀ ယူ၊ ငါက ၂၀ ယူမယ်”
“…”
သူ အခု ဘာတွေ ပြောနေတာပါလိမ့်။