← Chapters

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

အခန်း (၁၁)

မွန်းတည့်ခါနီးလောက်မှ ကျွန်တော် နိုးလာပါတယ်။

"အား..."

ခေါင်းတစ်ခုလုံး ကွဲမတတ်ကို ကိုက်ခဲနေတာပါ။ မနေ့ညက တော်ရုံတန်ရုံပဲ သောက်ခဲ့သင့်တယ်။

ဒါနဲ့ ငါ ဘယ်ရောက်နေတာလဲ။

ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေတဲ့ ကာတွန်းစာအုပ်တွေကို မြင်တော့မှ ဒါ တက်ဂယူရဲ့ အိမ်ဆိုတာ သတိရလိုက်ပါတယ်။

အတွေးတွေကို စုစည်းဖို့ ကြိုးစားရင်း ခဏလောက် ငိုင်နေတုန်းမှာပဲ တက်ဂယူက စကားလှမ်းပြောပါတယ်။

"ကောင်းကောင်း အိပ်ပျော်ရဲ့လား။ မင်း အမူးပြေအောင် ဟမ်ဘာဂါ တစ်လုံး မှာထားပေးတယ်"

"······"

ဒါက ငါစားချင်လို့ မှာပေးတာ မဟုတ်ဘဲ မင်းကိုယ်တိုင် စားချင်လို့ မှာတာ မဟုတ်လား။ ငါ အမူးပြေဖို့ တကယ်စဉ်းစားပေးတယ်ဆိုရင် ယွတ်ဂဲဂျန်း ဒါမှမဟုတ် ကျန်ပုန်း လိုမျိုး အစပ်ဟင်းရည် တစ်ခုခု မှာပေးရမှာလေကွာ။

ဒါပေမဲ့လည်း ဝယ်ပေးတဲ့သူ့ကို အားနာတာနဲ့ပဲ ငြိမ်ငြိမ်လေး ဝင်ထိုင်ပြီး ဘာဂါထုပ်ကို ခွာလိုက်ပါတယ်။

"မနေ့ညက ဘာတွေ ဖြစ်ခဲ့တာလဲ"

"အဲဒါကတော့······."

ရည်းစားဟောင်းနဲ့ ပြန်ဆုံခဲ့တယ်၊ ပြီးတော့ တစ်ခုခုကိုလည်း ကြိုမြင်ခဲ့သေးတယ်။

ကျွန်တော် စကားပြောဖို့ ဟန်ပြင်လိုက်ပေမဲ့ ပြန်အောင့်ထားလိုက်ပါတယ်။

ငါက OTK Company ရဲ့ CEO ဖြစ်လာမယ်လို့ ကြိုမြင်ခဲ့တယ်လို့သာ ပြောလိုက်ရင် သူက သူ့ကုမ္ပဏီကို ကျွန်တော်က လုယူဖို့ ကြံစည်နေတယ်လို့ အထင်မှားသွားမလား။

အဲဒီလို ရည်ရွယ်ချက် လုံးဝမရှိပေမဲ့ အထင်လွဲတာမျိုး မဖြစ်အောင် စကားကို လွှဲပြောလိုက်ပါတယ်။

"သိပ်မမှတ်မိတော့ဘူးကွာ"

တက်ဂယူက ဇဝေဇဝါ ဖြစ်သွားပုံရပါတယ်။

"ဒါဆို မနေ့ညက ငါတို့ သစ္စာဆိုခဲ့တာတွေကရော အတည်လား"

"ဘာသစ္စာလဲ"

"ငါတို့ရဲ့ ခိုင်မာတဲ့ သူငယ်ချင်းသံယောဇဉ်ကို တိုင်တည်ပြီး ကျိန်ဆိုခဲ့ကြတာလေဟ"

တက်ဂယူရဲ့ ပါးစပ်ထဲကနေ လွင့်ထွက်လာတဲ့ ဘာဂါအစအနတွေကို ကျွန်တော် လက်နဲ့ ကာလိုက်ရပါတယ်။

"အိုကေ၊ အရင်စားပြီးမှ အေးအေးဆေးဆေး ပြောကြတာပေါ့"

ဗိုက်ထဲမှာ ဘာမှမရှိဘဲ သောက်ထားတာဆိုတော့ တကယ်လည်း ဗိုက်တော်တော် ဆာနေတာပါ။

ဟမ်ဘာဂါကို စားရင်းနဲ့ လက်တွေ့ကျတဲ့ မေးခွန်းတစ်ခုကို ကျွန်တော် မေးလိုက်ပါတယ်။

" ရင်းနှီးမြှုပ်နှံမှုတွေ ဘာတွေကို မင်း လုပ်ဖူးလား"

"ငါကတော့ မလုပ်ဖူးဘူး၊ ဒါပေမဲ့ မင်းကတော့ လုပ်ဖူးတယ်လေ"

တက်ဂယူက ဘဏ္ဍာရေးလောကနဲ့ တော်တော်လေး ဝေးကွာတဲ့သူပါ။ သူ Cryptocurrencyတွေ ဝယ်ထားတာကလည်း အမြတ်ရဖို့ ရည်ရွယ်ချက်နဲ့ မဟုတ်ဘဲ ဂိမ်းထဲက ဇာတ်ကောင်တွေ၊ ပစ္စည်းတွေကို လဲလှယ်ရင်းနဲ့ ရလာတာပါ။

အခုလို ထီပေါက်သလိုမျိုး အကြီးအကျယ် ဖြစ်လာလိမ့်မယ်လို့ သူလည်း မျှော်လင့်ထားမှာ မဟုတ်ပါဘူး။

ဘာပဲဖြစ်ဖြစ် WTI ရေနံဈေးကွက်မှာ တူတူလောင်းခဲ့တာကို ရင်းနှီးမြှုပ်နှံမှုလို့ သတ်မှတ်မယ်ဆိုရင်တော့ ဒါက သူ့အတွက် ပထမဆုံးပါပဲလေ။

ကံကောင်းတာက ကျွန်တော့်မှာတော့ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး အတွေ့အကြုံ အနည်းငယ် ရှိပါတယ်။

ကျောင်းစတက်ကတည်းက "လက်တွေ့ ရင်းနှီးမြှုပ်နှံမှု ကလပ်" မှာ ဝင်ခဲ့တယ်၊ လေ့လာခဲ့တယ်၊ အကောင့်တစ်ခု ဖွင့်ပြီး တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေလည်း လုပ်ခဲ့ဖူးပါတယ်။

ပြဿနာကတော့...

"ဒါပေမဲ့ အဲဒီတုန်းက ဝမ် တစ်သန်းလောက်နဲ့ပဲ ကစားခဲ့တာလေ"

အဲဒါထက် ပိုကြီးတဲ့ ပြဿနာကတော့...

"အဲဒီထဲက တစ်ဝက်လောက်ကို ငါ ဖြုန်းတီးပစ်ခဲ့တာ"

ကြိုးကြိုးစားစား ရင်းနှီးမြှုပ်နှံခဲ့ပေမဲ့ ဝမ် ၅ သိန်းလောက် ရှုံးခဲ့ပါတယ်။ အရှုံးရာခိုင်နှုန်းနဲ့ ကြည့်ရင် ၅၀ ရာခိုင်နှုန်းတောင် ရှိတာပါ။

"ဒါပေမဲ့လည်း မင်းက ကိုရီးယားက တက္ကသိုလ်တစ်ခုမှာ စီးပွားရေးပညာ သင်ထားတာဆိုတော့ တစ်ခုခုတော့ တတ်မှာပေါ့၊ မဟုတ်ဘူးလား"

"ငါက ပထမတစ်နှစ်ပဲ တက်ခဲ့ရတာလေ"

လူတွေက စီးပွားရေးပညာကိုတက်ရောက်သင်ယူနေတယ်လို့ ကြားလိုက်ရင် ကြီးကျယ်တဲ့ပညာတစ်ခုခုကို သင်ထားတယ်လို့ ထင်တတ်ကြပေမဲ့ ပထမနှစ်မှာတော့ အဓိက ဘာသာရပ် ၃ ခုပဲ ရှိတာပါ။ အဲဒါတွေကလည်း အပေါ်ယံ သီအိုရီ သဘောတရားတွေပဲ ရှိပါသေးတယ်။

အခု ကျွန်တော့်မှာရှိတဲ့ ဗဟုသုတ အများစုက ကျောင်းက ကလပ်လှုပ်ရှားမှုတွေကနေ ရလာတာပါ။

"အခု မင်းအကောင့်ထဲမှာ ဘယ်လောက်ရှိလဲ"

"၁၂.၅၅ သန်း ဒေါ်လာလောက် ရှိတယ်"

"ဝမ်နဲ့ဆိုရင် သန်း ၁၃၈၀၀ လောက်မလား"

"မင်းရဲ့ ရှယ်ယာတွေ မပါဘဲ ငါ့ဟာသီးသန့်ဆိုရင်တော့ သန်း ၁၃၀၀၀ အတိပဲ"

WTI ကို ဝယ်လိုက်တဲ့ ကျေးဇူးကြောင့် ဒေါ်လာ ၆ သိန်း ၃ သောင်း အမြတ်ရခဲ့တာပါ။

သာမန်လူတစ်ယောက်အတွက် တစ်သက်လုံး ရှာရင်တောင် မရနိုင်တဲ့ ပမာဏကြီးပါ။ ဒီပိုက်ဆံနဲ့ ကျွန်တော်တို့ ဘာတွေများ လုပ်နိုင်မလဲ။

ရင်းနှီးမြှုပ်နှံမှုမှာ အရင်းအနှီး ပမာဏက အင်မတန် အရေးကြီးပါတယ်။

ဝမ် ၁၀ သန်းနဲ့ ဝမ် သန်း ၁ထောင် ဖြစ်အောင် လုပ်ဖို့ဆိုရင် ၁၀၀ ရာခိုင်နှုန်း အမြတ်ရဖို့ လိုပေမဲ့၊ ဝမ် သန်း ၁သိန်း ရှိတဲ့သူအတွက်တော့ ၁ ရာခိုင်နှုန်း အမြတ်ရရုံနဲ့တင် လုံလောက်နေပါပြီ။

ဒါကြောင့်လည်း တက်ဂယူက WTI မှာ ရင်းနှီးမြှုပ်နှံရုံနဲ့ ဝမ် သန်း ၇၀၀ကို အလွယ်တကူ ရလိုက်တာပါ။

အရင်းအနှီး များတယ်ဆိုတာ ရှုံးတဲ့အခါမှာလည်း အကြီးအကျယ် ရှုံးနိုင်တာမှန်ပေမဲ့ လက်လုပ်လက်စား ဘဝထက်စာရင်တော့ အများကြီး ပိုကောင်းပါတယ်။

"ကဲ... ဒါဆို ငါတို့ ဘယ်ကနေ စကြမလဲ"

တက်ဂယူကတော့ စိတ်အားထက်သန်မှုတွေနဲ့ ဝေဆာနေပါပြီ။ အလယ်တန်းကျောင်းကတည်းက ပေါင်းလာတဲ့ သူငယ်ချင်းဖြစ်ပေမဲ့ သူ အခုလို စိတ်အားထက်သန်နေတာမျိုး တစ်ခါမှ မမြင်ဖူးပါဘူး။

ဝမ် သန်း ၁၃၀၀၀တောင် ရှိနေတဲ့သူက ဘာဖြစ်လို့ မတင်းတိမ်နိုင်ဘဲ ရင်းနှီးမြှုပ်နှံချင်နေရတာလဲ။

ဒီပိုက်ဆံရဲ့ အတိုးနဲ့တင် တစ်သက်လုံး အေးအေးဆေးဆေး ထိုင်စားလို့ ရနေတာပဲကို။

"မင်းသာ ပိုက်ဆံတွေ အများကြီး ထပ်ရလာရင် ဘာလုပ်ချင်လဲ"

ကျွန်တော့်မေးခွန်းကို တက်ဂယူက မျက်တောင်တခတ်ခတ်နဲ့ ပြန်ဖြေပါတယ်။

"ငါ ဘာလုပ်ချင်ရမှာလဲ"

ပိုက်ဆံရှိရင် လုပ်နိုင်တာတွေက အများကြီးပါ။ လူတွေက ပိုက်ဆံမရှိလို့သာ ဘာမှ မလုပ်နိုင်ကြတာ။

"ဥပမာ အိမ်အကောင်းစားကြီး ဝယ်တာတို့၊ ကားအကောင်းစား စီးတာတို့ပေါ့"

"ဒီအိမ်ကလည်း ငါဝယ်နိုင်တာပဲ၊ ကားကလည်း အခုစီးနေတဲ့ဟာကို ငါသဘောကျတယ်"

တက်ဂယူကတော့ စားချင်တာစား၊ ရှိတဲ့အဝတ်အစား ဝတ်တဲ့သူပါ။ သူ ဝါသနာပါတဲ့ အရာတွေကလွဲရင် တခြားနေရာမှာ ပိုက်ဆံ သိပ်မသုံးပါဘူး။

"ဒါဆို ဘာလို့ ပိုက်ဆံတွေ ထပ်ရှာချင်နေရတာလဲ"

တက်ဂယူက ဒါကို မေးစရာလိုလို့လား ဆိုတဲ့ ပုံစံမျိုးနဲ့ ပြောလိုက်တယ်။

"ပိုက်ဆံက များလေ ကောင်းလေ မဟုတ်ဘူးလား"

"······"

ဒီလို မှန်ကန်တဲ့ အချက်ကိုတော့ ကျွန်တော် ပြန်ပြီး ငြင်းလို့ မရပါဘူး။

"ပြီးတော့ ဒါက ပျော်ဖို့လည်း ကောင်းတယ်လေ"

အမြတ်ရနေရင်တော့ ပိုက်ဆံရှာရတာ ပျော်ဖို့ကောင်းပါတယ်။ ဒါပေမဲ့ ရှုံးတဲ့အခါမှာတော့ မပျော်နိုင်တော့ပါဘူး။

ဒီတစ်ခါတော့ တက်ဂယူက ကျွန်တော့်ကို ပြန်မေးတယ်။

"မင်းရော….ပိုက်ဆံတွေ ရလာရင် လုပ်ချင်တာ ရှိလား"

"နောက်မှပဲ ငါ ပြောပြတော့မယ်"

ရင်းနှီးမြှုပ်နှံဖို့ဆိုရင် အရင်ဆုံး ခန့်မှန်းချက်တွေ လုပ်ဖို့ လိုပါတယ်။

ပြီးခဲ့တဲ့ တစ်ခါကလိုပဲ ကျွန်တော့်မျက်စိရှေ့မှာ ဟိုလိုဂရမ်တစ်ခု ပေါ်လာရပါလိမ့်မယ်။ ဒါပေမဲ့ ဘယ်အချိန်မှာ၊ ဘယ်လို ပေါ်လာမလဲဆိုတာတော့ မသေချာပါဘူး။

အဲဒီတုန်းက အခြေအနေကို ကျွန်တော် ပြန်စဉ်းစားကြည့်မိတယ်။ သေချာတော့ မသိပေမဲ့ တိကျတဲ့ သတင်းအချက်အလက် တစ်ခုခုနဲ့ တွေ့လိုက်တဲ့အခါမှာ အလိုအလျောက် တုံ့ပြန်မှုတစ်ခုအနေနဲ့ ပေါ်လာတာမျိုးလို့ ခံစားရပါတယ်။

တက်ဂယူ ပြောသလို ဘဏ္ဍာရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ငါ တကယ်ပဲ ကြိုမြင်နိုင်တာလား။

"လောလောဆယ်တော့ ငါ သတင်းအချက်အလက်တွေ လိုတယ်"

အမေ့ကို အသိပေးပြီး တက်ဂယူရဲ့ အိမ်မှာပဲ ခဏလောက် နေဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ရက်အတော်ကြာအောင် ကွန်ပျူတာရှေ့မှာ ထိုင်ပြီး မကြာသေးခင်က ထွက်သမျှ စီးပွားရေး သတင်းတွေကို ဖတ်ပါတယ်။ စတော့ဈေးကွက်မှာ စာရင်းဝင်ထားတဲ့ အဓိက ကုမ္ပဏီကြီးတွေကိုလည်း အသေအချာ လေ့လာပါတယ်။

နေ့တိုင်း သတင်းအချက်အလက်တွေက တောင်ပုံရာပုံ တက်နေပါတယ်။ ရင်းနှီးမြှုပ်နှံမှုမှာ သတင်းအချက်အလက်က အရင်းအနှီးလောက်နီးပါး အရေးကြီးပါတယ်။

အဲဒီ သတင်းတွေအပေါ် မူတည်ပြီး စတော့ဈေးနှုန်း၊ ရေနံဈေး၊ ရွှေဈေး၊ ငွေလဲနှုန်းနဲ့ စာချုပ် အတိုးနှုန်းတွေက ပြောင်းလဲနေတာပါ။

ဒီဘက်ခေတ်မှာ သတင်းထုတ်ပြန်တဲ့ စနစ်တွေက တိုးတက်နေတာကြောင့် အရေးကြီးတဲ့ သတင်းတွေကို ကုမ္ပဏီတွေက ထုတ်ပြန်ပေးဖို့ တာဝန်ရှိပါတယ်။

ဒါကြောင့် ကလစ် အနည်းငယ် နှိပ်ရုံနဲ့တင် ကောင်းကွက်၊ ဆိုးကွက်တွေကို အလွယ်တကူ စုံစမ်းလို့ ရပါတယ်။

ပြဿနာကတော့ ကျွန်တော် သိနိုင်တဲ့ သတင်းတွေကို လူတိုင်းလည်း သိနိုင်နေတာပါပဲ။ လူတိုင်း သိနေတဲ့ သတင်းဆိုတာ သတင်းအချက်အလက်အနေနဲ့ တန်ဖိုး မရှိတော့ပါဘူး။

သတင်းကောင်းပဲဖြစ်ဖြစ်၊ သတင်းဆိုးပဲဖြစ်ဖြစ် ဈေးနှုန်းတွေထဲမှာ အဲဒီသတင်းတွေက သက်ရောက်မှု ရှိပြီးသား ဖြစ်နေတတ်ပါတယ်။

သတင်းကောင်းရှိတဲ့ စတော့တွေက ဈေးတက်နေပြီဖြစ်သလို၊ သတင်းဆိုးရှိတဲ့ စတော့တွေကလည်း ဈေးကျနေပါပြီ။

လူတိုင်းသိတဲ့ သတင်းပေါ် မူတည်ပြီး လှုပ်ရှားတာက ကိုယ့်ကိုကိုယ် ပြန်ဒုက္ခပေးသလိုမျိုး ဖြစ်သွားနိုင်ပါတယ်။

Mountain Hill ဒေဝါလီခံတာမျိုး ဒါမှမဟုတ် OPEC ရေနံထုတ်လုပ်မှု လျှော့ချတာမျိုးလို တခြားသူတွေ မသိသေးတဲ့ သတင်းမျိုးကို ကျွန်တော် လိုအပ်ပါတယ်။

ဒါပေမဲ့ မျက်လုံးတွေ ပြူးထွက်မတတ် တစ်နေကုန် မော်နီတာကို ကြည့်နေပေမဲ့ ဘာမှ ပေါ်မလာပါဘူး။

"ဘာထူးခြားတာ ရှိပြီလဲ"

"ဘာမှကို မရှိသေးဘူး"

ကျွန်တော် ရှာတွေ့သမျှကတော့ အစိုးရရဲ့ စီးပွားရေး မူဝါဒတွေက ဖရိုဖရဲ ဖြစ်နေပြီး စီးပွားရေးက IMF ခေတ်တုန်းကလို ခက်ခဲနေတယ် ဆိုတာပါပဲ။

"ငါတို့ ကြိုမြင်တယ်ဆိုရင်တောင် ကိစ္စတွေက ချက်ချင်း ဖြစ်လာမှာ မဟုတ်ပါဘူးကွာ။ အေးအေးဆေးဆေး လုပ်ပါ"

"…"

ငါကပဲ အရမ်း လောနေမိတာလား။

အဲဒီလို တွေးနေတုန်းမှာပဲ တက်ဂယူက ပြောပါတယ်။

"ဒါနဲ့ ငါတို့ တစ်ခုခု မလုပ်ခင် စာချုပ်အရင် ချုပ်ဖို့ မလိုဘူးလား"

"ဘာစာချုပ်လဲ"

"ပိုက်ဆံကို တစ်ဝက်စီ ခွဲယူမယ်ဆိုတဲ့ သဘောတူညီချက်လေ"

"အဲဒီလိုမျိုးက ပိုက်ဆံပေးရမယ့်သူဘက်ကပဲ တောင်းဆိုရမှာ မဟုတ်ဘူးလား"

ဒါက သူ့ရဲ့ စေတနာပါပဲ။

သူသာ ကတိဖျက်မယ့်လူမျိုးဆိုရင် အစကတည်းက ကျွန်တော့်ဆီကို ဝမ် သန်း ၅၀၀ ပို့ပေးမှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း တက်ဂယူရဲ့ အကောင့်ထဲမှာ ဝမ် သန်း ၈၀၀ ထည့်ထားတာကို ကျွန်တော် မစိုးရိမ်တာပေါ့။

ဒါပေမဲ့လည်း တက်ဂယူက စာချုပ်ချုပ်ပြီး ကျွန်တော့်ကို ပေးဖို့ ဇွတ်အတင်း လုပ်နေပါတယ်။ အဲဒီစာချုပ်ထဲမှာ အရှုံးပေါ်ရင် တက်ဂယူကပဲ အကုန် တာဝန်ယူမယ်။ အမြတ်ရရင်တော့ အညီအမျှ ခွဲယူမယ်လို့ ရေးထားပါတယ်။

"ငါ့အစ်မ ပြောဖူးတယ်၊ လူချင်းရင်းနှီးလေလေ ဒီလိုကိစ္စမျိုးတွေကို ပိုပြီး တိတိကျကျ လုပ်ဖို့လိုလေလေပဲတဲ့။ မင်းလည်း လက်မှတ်ထိုးလိုက်ဦး"

ကျွန်တော်တို့ နှစ်ယောက်လုံး စာချုပ်နှစ်စောင်မှာ လက်မှတ်ထိုးပြီး တစ်ယောက်တစ်စောင် ခွဲယူလိုက်ကြပါတယ်။

ကျွန်တော် စာချုပ်ကို ခေါက်ပြီး ပိုက်ဆံအိတ်ထဲ ထည့်လိုက်တယ်၊ ပြီးတော့ ကွန်ပျူတာပိတ်ပြီး ထရပ်လိုက်ပါတယ်။

"ကော်ဖီတစ်ခွက်လောက် သွားသောက်ဦးမှ"

ရေခဲသေတ္တာကို ဖွင့်ကြည့်တော့ ဘီယာ၊ ကိုကာကိုလာနဲ့ ဖျော်ရည်တွေပဲ ပြည့်နေပါတယ်။ ကော်ဖီကြိုက်တဲ့ ကျွန်တော်နဲ့ မတူဘဲ တက်ဂယူကတော့ သောက်စရာဆိုရင် အချိုပဲ ဖြစ်ရမယ်လို့ ဇွတ်ပြောတဲ့သူပါ။

သူ ဝလာတာလည်း မပြောနဲ့တော့။

ကော်ဖီသောက်ဖို့ အပြင်သွားရမလား စဉ်းစားနေတုန်းမှာပဲ ဖုန်းမြည်လာပါတယ်။

ကလင်…ကလင်

တစ်ခါမှ မမြင်ဖူးတဲ့ နံပါတ်တစ်ခုပါ။ Spamများလား။

ဘာပဲဖြစ်ဖြစ် ဖုန်းကိုင်လိုက်ပါတယ်။

"ဟယ်လို"

[ဒါ ကန်ဂျင်ဟူရဲ့ ဖုန်းလားရှင့်]

အမျိုးသမီး အသံတစ်ခုပါ။

"ဟုတ်ပါတယ်။ ဘယ်သူပါလဲခင်ဗျာ..."

[ဪ။ ကျွန်မက ရှင်ယူရီပါ]

"ရှင်ယူရီဟုတ်လား"

[ဟုတ်ကဲ့။ ကျွန်မကို မှတ်မိလားဟင်]

အရက်ဝိုင်းတုန်းက တွေ့ခဲ့တဲ့ Fresher လေးဆိုတာ သတိရလိုက်ပါတယ်။ ရှင်ယူရီရဲ့ ဆံပင်ရွှေရောင်ကြောင့်ပဲလား မသိဘူး၊ ချက်ချင်း မှတ်မိသွားပါတယ်။

"ဒီနံပါတ်ကို ဘယ်က ရတာလဲ"

ဒါက စစ်တပ်က ထွက်လာမှ ကိုင်တဲ့ ဖုန်းပါ။ ဒါကြောင့် လူအနည်းငယ်ပဲ သိတဲ့ နံပါတ်ပေါ့။

[စီနီယာမင်ယောင်းဆီကနေ တောင်းလိုက်တာပါ]

"ဪ"

ဒီကောင်ကတော့ သူများရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို အလွယ်တကူ ပေးပစ်တာပဲ။

"စီနီယာက အခု ဘယ်မှာလဲဟင်"

" ဂန်နမ်မှာပါ..."

ယူရီရဲ့ အသံက တက်ကြွသွားပါတယ်။

"တိုက်ဆိုင်လိုက်တာ။ ကျွန်မလည်း ဂန်နမ်မှာပဲ"

"ဪ၊ ဟုတ်လား"

ဒါပေမဲ့ ဂန်နမ်မှာရှိနေတာနဲ့ပဲ ဘာလို့တက်ကြွသွားရတာလဲ။

"စီနီယာ အခု ဘာလုပ်နေလဲ"

"ကော်ဖီ သွားသောက်မလို့ပါ"

“ဒါဆို ပိုတောင် ကောင်းသေးတယ်။ ကျွန်မလည်း ကော်ဖီသောက်ဖို့ စဉ်းစားနေတာ။ အဆင်ပြေမယ်ဆိုရင် ကော်ဖီဆိုင် တစ်ခုခုမှာ တူတူသောက်ကြမလား”

"ဟင်"

ရုတ်တရက်ကြီး ဆုံကြမယ်ဆိုပဲ။ ဘာဖြစ်လို့ဆုံချင်ရတာလဲ။

“စီနီယာက ဂန်နမ်ရဲ့ ဘယ်နားမှာလဲ”

"အွန်ဂျူ ဘူတာနားမှာပါ"

“ဒါဆို နန်ဟျွန်ဒေါင်း က Lidia Coffee Lab မှာ ဆုံကြမလား။ စီနီယာရှိတဲ့ နေရာနဲ့ နီးပါတယ်”

ဘာပဲဖြစ်ဖြစ် ကော်ဖီ သွားသောက်မလို့လုပ်နေတာဆိုတော့ သွားတွေ့လိုက်ပါမယ်လေ။

"အိုကေ။ ကောင်းပါပြီ "

ကျွန်တော် ဖုန်းချလိုက်ပြီး အဝတ်အစား အမြန်လဲလိုက်ပါတယ်။

ဂိမ်းဆော့နေတဲ့ တက်ဂယူက မေးတယ်။

"ဘယ်သွားမလို့လဲ"

"ကော်ဖီ ခဏ သွားသောက်မလို့။"

"ပြန်လာရင် ကုန်စုံဆိုင်ကနေ ထမင်းဘူး ဝယ်ခဲ့ဦးနော်"

"······"

ပိုက်ဆံတွေ အများကြီး ရှိနေတာကို၊ ကောင်းကောင်းမွန်မွန် တစ်ခုခု စားကြရအောင်လားကွာ။

ယူရီပြောတဲ့ ကော်ဖီဆိုင်က တက်ဂယူရဲ့ အိမ်နဲ့ သိပ်မဝေးပါဘူး။

၁၅ မိနစ်လောက် လမ်းလျှောက်ရုံပါပဲ။

လူကူးမျဉ်းကျားကို ဖြတ်ပြီး တောင်ကုန်းပေါ်ကို လမ်းလျှောက်တက်သွားတဲ့အခါ တောင်ကုန်းအလယ်မှာ ရှိတဲ့ အဆောက်အဦးကြီးတစ်ခုကို မြင်လိုက်ရပါတယ်။

အသက် ၂၀ ကျော် အရွယ် အမျိုးသမီးတစ်ယောက်ဟာ အင်္ကျီအထူကြီး ဝတ်ထားပြီး အဝင်ဝနားက အပြင်ဘက် စားပွဲမှာ ထိုင်နေပါတယ်။ အဲ့ဒီအမျိုးသမီးရဲ့ စကတ်တိုအောက်ကနေ ခြေတံရှည်ရှည်လေးတွေကို မြင်နေရပါတယ်။

အဲ့ဒီအမျိုးသမီးက ဆံပင်တွေကို သပ်တင်ရင်း စမတ်ဖုန်းကို ကြည့်နေရာကနေ ကျွန်တော် အနားကိုကပ်သွားတော့ မတ်တပ်ရပ်ပြီး နှုတ်ဆက်ပါတယ်။

"မင်္ဂလာပါ။ စီနီယာ"

"အင်း။ မင်္ဂလာပါ"

ကျွန်တော်လည်း လက်ပြပြီး နှုတ်ဆက်လိုက်ပါတယ်။

နွေးထွေးတဲ့ နေရောင်အောက်မှာ ရှင်ယူရီရဲ့ ဆံပင်တွေက ရွှေရောင်အတိုင်း တောက်ပနေပါတယ်။

စီးပွားရေးဌာန ကျောင်းသားတွေထဲမှာ ဒီလို ထင်ထင်ရှားရှား ဆံပင်စတိုင်မျိုး ထားတဲ့သူ သိပ်မရှိပါဘူး။ ကိုရီးယားတက္ကသိုလ်ရဲ့ ပတ်ဝန်းကျင်က ရှေးရိုးစွဲဆန်ပြီး ပရော်ဖက်ဆာတွေကလည်း စည်းကမ်းကြီးတာကြောင့် ကျောင်းသားတွေက သတိထားကြပါတယ်။

မနေ့ညကတော့ မှောင်နေလို့ သေသေချာချာ မမြင်ရပေမဲ့ လင်းလင်းချင်းချင်းရှိချိန်မှာ ကြည့်လိုက်တော့ ရှင်ယူရီက တကယ့်ကို အလှလေးပါပဲ။ ကျောင်အီက ဘာဖြစ်လို့ ရှင်ယူရီအပေါ် အဲဒီလောက် အလေးပေးနေလဲဆိုတာ ကျွန်တော် သိသွားပါပြီ။

ဒါနဲ့... နင်က ငါ့ကို ဘာလို့ တွေ့ချင်တာလဲ။

အခန်း (၁၂)

ရှင်ယူရီက ကျွန်တော့်ကို စိုက်ကြည့်ရင်း မေးတယ်။

“ဘာလို့ ကျွန်မကို အဲဒီလို ကြည့်နေတာလဲ။ စီနီယာ”

“Girl Group အဖွဲ့ဝင်တစ်ယောက်ယောက်နဲ့ တူလို့ပါ”

ကျွန်တော့်စကားကြောင့် ယူရီက အသာအယာ ရယ်လိုက်ပြီး “အလို... စီနီယာက Girl Group တွေကို ကြိုက်တာလား”

“အဲဒါကတော့... ကြိုက်တယ်လို့တော့ မဟုတ်ပါဘူး...”

စစ်ထဲမဝင်ခင်အထိတော့ အဖွဲ့နာမည်တွေလောက်ပဲ သိတာပါ၊ အဖွဲ့ဝင် ဘယ်နှစ်ယောက်ရှိလဲ၊ ဘယ်သီချင်းတွေ နာမည်ကြီးလဲဆိုတာ မသိခဲ့ပါဘူး။

ဒါပေမဲ့ စစ်တပ်က ပြန်ထွက်လာချိန်မှာတော့ Girl Group တွေရဲ့ ရာဇဝင်ကို အလွတ်ရနေပါပြီ။

ကျွန်တော်တင် မဟုတ်ပါဘူး၊ ကိုရီးယားစစ်သားတိုင်းက အတူတူပါပဲ။ အဲဒီခေတ်က နာမည်ကြီးခဲ့တဲ့ Girl Group သီချင်းတွေကို သိတာနဲ့ အဲဒီလူ ဘယ်နှစ်ခုနှစ်မှာ စစ်ထဲဝင်ခဲ့လဲဆိုတာ ခန့်မှန်းလို့ရတယ်ဆိုရင် ယုံမလား။ (ဒါက တကယ်ပါပဲ)

“အဲဒီလိုပြောတာက သူတို့လို လှတယ်လို့ ဆိုလိုတာလား”

“…”

တကယ်ပဲ အဲဒီလို ဆိုလိုမိတာလား။

ကျွန်တော်တို့ ကော်ဖီဆိုင်ထဲကို ဝင်ခဲ့ကြတယ်။ ဆိုင်ရဲ့ တစ်ဖက်မှာ ကော်ဖီလှော်စက် အကြီးကြီးရှိပြီး ကော်ဖီစေ့ အမျိုးမျိုးကိုလည်း ရနိုင်ပါတယ်။

ဆိုင်က ကြည့်ရတာ ဈေးကြီးမယ့်ပုံ ပေါက်နေပေမဲ့ တခြားဆိုင်တွေနဲ့ သိပ်မကွာပါဘူး။

“ဘာသောက်မလဲ”

“ကျွန်မ ဝယ်တိုက်ပါ့မယ်။ စီနီယာ။ ဘာသောက်မလဲဟင်”

ရှင်ယူရီက ဝယ်တိုက်မယ်ဆိုမှတော့ ကျွန်တော်လည်း ပိုက်ဆံအိတ် ထုတ်နေဖို့ မလိုတော့ဘူးပေါ့လေ။

“Americano ပဲ ပေးပါ”

“ရာသီဥတုက အေးနေတာ၊ အပူပဲ သောက်မလား”

“အင်း။ ကောင်းသားပဲ”

ယူရီက အပူနှစ်ခွက်ပဲ မှာလိုက်ပါတယ်။

ကျွန်တော်တို့ ကော်ဖီခွက်တွေ ကိုင်ပြီး ဒုတိယထပ်က ပြတင်းပေါက်နားမှာ ထိုင်လိုက်ကြတယ်။

ယူရီက ကျွန်တော့်ထက် အတန်းငယ်တယ်ဆိုပေမဲ့ မိန်းကလေးတစ်ယောက်နဲ့ နှစ်ယောက်တည်း မျက်နှာချင်းဆိုင် ထိုင်ရတာ အနေရခက်ပါတယ်။ အရင်ကတော့ ဒီလိုမဟုတ်ပါဘူး။ ဒါတွေ အားလုံးက စစ်တပ်ကြောင့်ပါပဲ။

ဒီလို အနေရခက်တဲ့ အခြေအနေကို ဖျောက်ဖို့ စကားတစ်ခွန်းခု ပြောရမယ်လို့ စဉ်းစားနေတုန်း ယူရီကပဲ အရင်စပြောပါတယ်။

“စီနီယာက ဂန်နမ်ကို ဘာလာလုပ်တာလဲ”

“သူငယ်ချင်းအိမ်ကို ခဏလာလည်တာပါ”

ယူရီက ခေါင်းညိတ်ပြပါတယ်။

“ဪ၊ ဟုတ်သားပဲ။ နင်ရော ဘယ်မှာနေလဲ”

“ကျွန်မက ချောင်ဒမ်ဒေါင်းမှာ နေတာပါ”

ဂန်နမ်မှာ နေတဲ့သူတိုင်း ချမ်းသာတယ်လို့ အလွယ်တကူ ထင်နိုင်ပေမဲ့ အဲဒီနယ်မြေထဲမှာတင် ရပ်ကွက်အလိုက် ကွာခြားမှုတွေ အများကြီး ရှိပါတယ်။ ချောင်ဒမ်ဒေါင်းဆိုရင်တော့ ဂန်နမ်ရဲ့ အချမ်းသာဆုံး ရပ်ကွက်တွေထဲက တစ်ခုပေါ့။

နင်က သူဌေးသမီးများလား။

အထက်တန်းကျောင်းတုန်းကတော့ ဘယ်သူက ချမ်းသာတယ်၊ ဆင်းရဲတယ်ဆိုတဲ့ အယူအဆ ကျွန်တော့်မှာ သိပ်မရှိပါဘူး။ ကျောင်းတွေကို အိမ်နဲ့နီးတဲ့နေရာအလိုက် သတ်မှတ်တာမလို့ စီးပွားရေးအခြေအနေ တူတူရှိတဲ့သူတွေပဲ စုနေကြတာလေ။

ဒါပေမဲ့ တက္ကသိုလ်ရောက်တော့ အခြေအနေတွေ ပြောင်းသွားပါတယ်။

ကိုရီးယားတက္ကသိုလ်ဆိုတာ နာမည်ကြီးကျောင်းပါ။ ကျောင်းသားအများစုက အလယ်အလတ်တန်းစား မိသားစုတွေက လာကြတာ မှန်ပေမဲ့ အတော်လေး ချမ်းသာတဲ့သူတွေလည်း ပါပါတယ်။

နာမည်ကြီး ကုမ္ပဏီကြီးတွေရဲ့ သားသမီးတွေ မဟုတ်ရင်တောင်၊ ပိုင်ဆိုင်မှု ကုဋေချီရှိတဲ့ အထက်တန်းစား မိသားစုတွေ ဒါမှမဟုတ် အသေးစား လုပ်ငန်းရှင်တွေရဲ့ သားသမီးတွေ အများကြီး ရှိပါတယ်။

တခြားကျောင်းသားတွေက အချိန်ပိုင်းအလုပ် လုပ်ရတာ၊ ကျောင်းလခနဲ့ နေထိုင်စရိတ်တွေအတွက် စိတ်ပူနေရချိန်မှာ အဲဒီကျောင်းသားတွေကတော့ ကျောင်းနားက ဈေးကြီးတဲ့ တိုက်ခန်းတွေကို ငှားနေပြီး မိဘတွေ ဝယ်ပေးထားတဲ့ ကားတွေကို စီးနေကြတာပါ။

ယူရီက ကျွန်တော့်ကို တစ်ခုခု ပြောချင်နေသလို တုံ့ဆိုင်းနေပါတယ်။

“ဒါနဲ့... ဘာလို့ တွေ့ချင်ရတာလဲ”

ကျွန်တော့်မေးခွန်းကြောင့် ယူရီက အနေရခက်တဲ့ အပြုံးလေး ပြုံးလိုက်တယ်။

“အစ်မဆွန်းအာနဲ့ ကိစ္စအတွက် တောင်းပန်ချင်လို့ပါ”

“ဪ...”

ယူရီက ခေါင်းလေး အနည်းငယ် ငုံ့လိုက်ပါတယ်။

“တောင်းပန်ပါတယ်နော်။ ကျွန်မက ဌာနက လူတွေနဲ့ သိပ်မတွေ့ဖြစ်တော့ အဲဒီအကြောင်းတွေကို မသိခဲ့လို့ပါ”

အရက်ဝိုင်းကို တစ်ခါတလေ သွားရုံနဲ့တော့ ဘယ်သူက ဘယ်သူနဲ့ တွဲနေလဲဆိုတာ လိုက်စုံစမ်းနေဖို့က ဘယ်သူ့တာဝန်မှ မဟုတ်ပါဘူး။ ယူရီ ပြောပုံအရဆိုရင် ယူရီက ဌာနထဲမှာ လူတောမတိုးတဲ့သူများဖြစ်နေမလား။

ကျွန်တော် ရယ်ပြီး ပြန်ဖြေလိုက်တယ်။

“ရပါတယ်၊ ဘာမှမဖြစ်ပါဘူး”

မသိလို့ ဖြစ်သွားတာဆိုတော့ တောင်းပန်နေဖို့ မလိုပါဘူး။ သိနေရင်တောင်မှ တောင်းပန်စရာ မလိုတဲ့ ကိစ္စပါ။

ယူရီက သက်ပြင်းချလိုက်ပြီး စိတ်အေးသွားပုံရပါတယ်။

“ဟီးဟီး၊ တော်သေးတာပေါ့။ မနေ့က စီနီယာတို့ ရုတ်တရက်ကြီး ထွက်သွားလို့ စိတ်ပူနေတာ”

ယူရီ ပြောတာကို နားထောင်ကြည့်ရင် ဆွန်းအာနဲ့ ကျွန်တော် ထွက်သွားပြီးနောက်ပိုင်း ဝိုင်းထဲမှာ အခြေအနေတွေ ရှုပ်ကုန်ပုံရပါတယ်။ ယူရီက အဲဒါအတွက် အားနာလို့ ကျွန်တော့်ကို လာတွေ့တာ ဖြစ်မှာပါ။

“လာမယ့်နှစ် ကျောင်းပြန်တက်မှာလားဟင်”

“ထူးခြားတာ မရှိရင်တော့ ပြန်တက်ဖြစ်မှာပါ”

“ဒါဆို ဒုတိယနှစ် အတန်းတွေကို တူတူတက်ရတော့မှာပေါ့နော်”

ကျွန်တော်တို့ ကော်ဖီသောက်ရင်း အကြောင်းအရာ တော်တော်များများကို စကားပြောဖြစ်ကြပါတယ်။ အရက်ဝိုင်းတုန်းက မသိခဲ့ပေမဲ့ ယူရီက စိတ်ထားကောင်းတဲ့ပုံပါပဲ။

စကားဝိုင်း သိမ်းခါနီးမှာ ယူရီက အားနာနာနဲ့ ပြောလာပါတယ်။

“ဪ….ဒါနဲ့ ကျွန်မ အကူအညီတစ်ခု တောင်းချင်လို့”

“ဘာကူညီရမလဲ”

“အဲဒါက...”

တွေ့တာ ခဏလေးရှိသေးတယ်၊ ငါ့ကို အပြင်မှာတွဲဖို့ ချိန်းချင်နေတာလား။

နေဦး... တကယ်ကြီးဖြစ်နေမလား...

တောင်းပန်တာက အကြောင်းပြချက်သက်သက်ပဲလား၊ ငါ့ကို ရင်ဖွင့်ဖို့ ခေါ်တာလား။

ဒါကို ငါ ဘယ်လို ပြန်ပြောရမလဲ။

ယူရီကို ကြိုက်တာ၊ မကြိုက်တာထက် ဒီလို အခြေအနေမျိုးကို တစ်ခါမှ မတွေးဖူးဘူးလေ။ ပြီးတော့ အခု ငါက ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အလုပ်ရှုပ်နေတာ။

ယူရီရဲ့ ဖွင့်ပြောမှုကို ငြင်းလိုက်ရမလား။

ဒါပေမဲ့ ငြင်းလိုက်ဖို့ကလည်း ယူရီက အရမ်းချစ်ဖို့ကောင်းနေတယ်။ ဒါပေမဲ့ ငါ့စိတ်က အဆင်သင့်မဖြစ်သေးဘူး...

အဲဒီ ခဏတာအတွင်းမှာ အတွေးမျိုးစုံက ခေါင်းထဲမှာ ပြည့်နေပါတယ်။

အမူအရာ မပျက်အောင် ထိန်းရင်း စောင့်နေတုန်း ယူရီက ပြောလိုက်ပါတယ်။

“ကျွန်မ ဖုန်းလဲမလို့လေ။ စီနီယာက ကျွန်မနဲ့ တူတူ လိုက်ခဲ့ပေးလို့ ရမလား။ မိန်းကလေးတစ်ယောက်ထဲ သွားရင် အရောင်းဝန်ထမ်းတွေက ဈေးတင်ရောင်းမှာ စိုးလို့ပါ”

“ဪ”

ငါ့ဘာသာ ဘာတွေ တွေးနေမိတာလဲ။

တကယ်ပဲ ကိုယ့်ကိုကိုယ် စော်ကြည်ဘဲထင်မိသွားတယ်။

“ငါလည်း ဖုန်းအကြောင်း သိပ်မသိဘူးနော်”

ဒါနဲ့ ပတ်သက်ရင်တော့ တက်ဂယူက ဆရာကြီးပါ။

သူက အစားအသောက်နဲ့ အဝတ်အစားမှာ ပိုက်ဆံ သိပ်မသုံးပေမဲ့ ဖုန်း၊ TV နဲ့ ဂိမ်းစက်လို လျှပ်စစ်ပစ္စည်းတွေ ဝယ်ရင်တော့ တွန့်တိုနေတာ မဟုတ်ပါဘူး။

နောက်ဆုံးပေါ် ဖုန်းမော်ဒယ်တွေ၊ Specs တွေ၊ ဈေးနှုန်းတွေအကြောင်းကို သူ အကုန်သိမှာပါ။

“စီနီယာ သိပ်မသိလည်း ရပါတယ်။ ဘေးက လိုက်ပေးရုံနဲ့တင် အားရှိတာမလို့ပါ”

ကျွန်တော် ခေါင်းညိတ်ပြလိုက်ပါတယ်။

“အိုကေလေ”

ကျွန်တော်တို့ ကော်ဖီဆိုင်ကနေ တူတူ ထွက်ခဲ့ကြတယ်။

လမ်းတစ်ဖက်မှာပဲ SSK Telecom ရဲ့ အရောင်းဆိုင်ကြီး ရှိပါတယ်။ ပထမထပ်မှာ ဖုန်းတွေကို ပြသထားပြီး ဒုတိယထပ်မှာတော့ ဝန်ဆောင်မှုစင်တာ ရှိပါတယ်။

ကျွန်တော်တို့ ဆိုင်ထဲဝင်သွားတော့ အနီရောင် ဝတ်စုံဝတ်ထားတဲ့ ဝန်ထမ်းတစ်ယောက်က နာမည်ကတ်လေးနဲ့ လာနှုတ်ဆက်ပါတယ်။

“ဘာကူညီပေးရမလဲ”

“ဖုန်းလဲချင်လို့ပါ”

ယူရီရဲ့ စကားကြောင့် ဝန်ထမ်းရဲ့ မျက်နှာက ဝင်းပသွားပါတယ်။

“စိတ်ထဲမှာ ရည်ရွယ်ထားတဲ့ မော်ဒယ် ရှိလားခင်ဗျာ”

“ဆိုဆောင်း ရဲ့ L6 ရှိလား”

“ရှိပါတယ်ခင်ဗျာ။ အခုလောလောဆယ် ရောင်းအား အကောင်းဆုံး ဖြစ်နေတဲ့ မော်ဒယ်ပါ”

ဝန်ထမ်းရဲ့ လမ်းညွှန်မှုအတိုင်း ယူရီက ထိုင်ခုံမှာ ထိုင်ပြီး ဆွေးနွေးမှုတွေ စတင်ပါတော့တယ်။ ဖုန်းနံပါတ် ပြောင်းတာ၊ စက်ပစ္စည်း အဆင့်မြှင့်တာ၊ အရစ်ကျ ပေးသွင်းတာ၊ ထောက်ပံ့ကြေး၊ ကတ်ခံစားခွင့် စတာတွေနဲ့ ပတ်သက်ပြီး စကားတွေက ရှုပ်ထွေးနေတာမလို့ နားလည်ဖို့တောင် ခက်ပါတယ်။

“ဒီဘက်ခေတ်မှာ ဖုန်းတစ်လုံး ဝယ်တာတောင် တော်တော် ရှုပ်ထွေးတာပဲ။ ဘာမှမသိတဲ့ ဝယ်သူ မဖြစ်အောင် တော်တော် သတိထားရမယ်” လို့ ယူရီက သူ့ဘာသာသူ တွေးနေသလိုနဲ့ ရေရွတ်ပါတယ်။

ယူရီကတော့ အချက်အလက်တွေ အတော်များများကို သေသေချာချာ နားထောင်ပြီး မေးခွန်းတွေ အများကြီး မေးနေပါတယ်။

“…”

“နင်က ဒီလောက်တောင် နားလည်နေရင် ငါ့ကို ဘာလို့ လိုက်ခိုင်းတာလဲ” လို့ ကျွန်တော် စိတ်ထဲကနေ တွေးနေမိတယ်။

ယူရီ ဆွေးနွေးနေတုန်းမှာ ကျွန်တော်လည်း ဆိုင်ထဲကို လှည့်ပတ်ကြည့်မိပါတယ်။ အထင်ရှားဆုံး နေရာမှာ ပြသထားတာကတော့ ဆိုဆောင်းအီလက်ထရောနစ် ရဲ့ နောက်ဆုံးပေါ် ထုတ်ကုန် L6 ပါပဲ။ ကျွန်တော် စစ်ထဲမဝင်ခင် ကိုင်ခဲ့တဲ့ ဖုန်းက L3 ဖြစ်ပေမဲ့ အခုတော့ L6 တောင် ထွက်နေပါပြီ။ အချိန်တွေ တကယ်ပဲ မြန်လိုက်တာ။

ဒါနဲ့ ကျွန်တော် အခု ကိုင်နေတဲ့ ဖုန်းကတော့ ဆိုဆောင်း အီလက်ထရောနစ် ရဲ့ ဈေးသက်သာတဲ့ မော်ဒယ် J2 ပါ။

ကျွန်တော် L6 ကို ကိုင်ကြည့်ပြီး အသေအချာ လေ့လာမိပါတယ်။ နောက်ဆုံးပေါ် မော်ဒယ်မလို့လား မသိဘူး၊ ပိုပြီး ပါးလွှာသလို ဒီဇိုင်းကလည်း လှပါတယ်။

ဒါပေမဲ့ အဲဒီအချိန်မှာပဲ ကျွန်တော့်မျက်စိရှေ့မှာ တစ်ခုခုက ဝင်းခနဲ ဖြစ်သွားပါတယ်။ ဟိုလိုဂရမ်လို ပုံရိပ်မျိုးပေါ့။

[L6 ထုတ်လုပ်မှု ရပ်ဆိုင်းခြင်း]

ဒါ... ဘာကို ဆိုလိုတာလဲ။

“စီနီယာ ဘာလို့ အဲဒီလို ကြည့်နေတာလဲ။ တစ်ခုခု ရှိလို့လား”

ကျွန်တော် ကြောင်နေတာကို မြင်တော့ ယူရီက ဇဝေဇဝါနဲ့ မေးပါတယ်။ ဟိုလိုဂရမ်က ပေါ်လာသလိုပဲ ချက်ချင်း ပြန်ပျောက်သွားတယ်။

ကျွန်တော် ဘာမှမဟုတ်သလိုပဲ နေလိုက်တယ်။

“ဪ၊ ဘာမှမဟုတ်ပါဘူး။ ခြင်တစ်ကောင် လာဝဲနေသလို ခံစားရလို့ပါ”

ယူရီက မျက်မှောင်ကြုတ်ပြီး မေးတယ်။

“ဒီလို ရာသီဥတုမှာ ခြင်ရှိလို့လား”

ကျွန်တော် ပြုံးလိုက်ပါတယ်။

“မှားမြင်မိတာ နေမှာပါ”

မဟုတ်ဘူး၊ တကယ်တော့ ငါ မြင်လိုက်တာ အမှန်ပဲ။

ငါတို့တွေ နောက်ဆုံးတော့ တစ်ခု ရှာတွေ့ပြီကွ။

နောက်ဆုံးတော့ ယူရီက L6 ကို ဝယ်လိုက်ပါတယ်။ SIM ကတ်ပြောင်းတာနဲ့ အချက်အလက်တွေ ကူးပြောင်းတာ လုပ်ပြီးနောက် ကျွန်တော်တို့ ဆိုင်ထဲက ထွက်ခဲ့ကြတယ်။

“Pink Gold အရောင်က ပစ္စည်းပြတ်နေတယ်ဆိုလို့ Sky Blue ပဲ ဝယ်လိုက်ရတယ်။ ဒီအရောင်လည်း လှတယ် မဟုတ်လား”

ဘာပဲဖြစ်ဖြစ် Case နဲ့ ဖုံးထားမှာပဲလေ။ မဟုတ်ဘူးလား။

ယူရီကတော့ သူ့ရဲ့ ဖုန်းအသစ်လေးကို ကြည့်ပြီး သဘောကျနေပုံရပါတယ်။

“စာချုပ်အရတော့ နောက်ထပ် နှစ်နှစ်လောက် ဂရုစိုက်ပြီး သုံးရဦးမှာပေါ့”

“အဲဒီမော်ဒယ်က မကြာခင် ရပ်ဆိုင်းတော့မှာ”

ဒါကို ကြားတော့ ယူရီက အံ့သြသွားပါတယ်။

“တကယ်လား။ ဘာလို့လဲ”

“…”

ငါကလည်း အမှတ်တမဲ့နဲ့ စကားက အလိုလို ထွက်သွားပြန်ပြီ။

ကျွန်တော် အခြေအနေကို ပြန်ထိန်းဖို့ ရယ်လိုက်တယ်။

“နောက်တာပါ”

ယူရီနဲ့ နှုတ်ဆက်စကားဆိုပြီးနောက် ကျွန်တော် တက်ဂယူရဲ့ အိမ်ကို အမြန် ပြေးသွားပါတယ်။

အိမ်ထဲရောက်တာနဲ့ ဂိမ်းထဲမှာ အာရုံရောက်နေတဲ့ တက်ဂယူကို ဆွဲခါပြီး အော်ပြောလိုက်တယ် -

“L6”

“ဘာလဲ”

“ဆိုဆောင်း အီလက်ထရောနစ် ရဲ့ L6 လေ”

တက်ဂယူက သူ့အိတ်ကပ်ထဲက တစ်ခုခုကို ထုတ်ပြပါတယ်။

“ဒါကို ပြောတာလား”

ယူရီ ဝယ်ခဲ့တဲ့ ဖုန်းနဲ့ အတူတူပါပဲ။ Pink Gold အရောင်တောင် ဖြစ်နေသေးတယ်။

“မင်းက ပန်းရောင်ကြီး ကိုင်တာလား”

“ယောက်ျားစစ်ရင် ပန်းရောင် ကိုင်ရတယ်ကွ”

ကျွန်တော် ဖြစ်ပျက်ခဲ့တာတွေကို ပြောဖို့ လုပ်တုန်း၊ တက်ဂယူက ကျွန်တော့်ရဲ့ လက်ဗလာကို ကြည့်ပြီး မေးပါတယ်။

“ဒါနဲ့ ထမင်းဘူးကော မပါဘူးလား”

“…”

ဒီအခြေအနေမှာ ထမင်းဘူးက အရေးကြီးလို့လားကွာ။

ကျွန်တော် SSK Telecom ဆိုင်မှာ ဖြစ်ခဲ့တာတွေကို တက်ဂယူကို ရှင်းပြလိုက်ပါတယ်။ တက်ဂယူက အံ့သြသွားပြီး မေးတယ်။

“L6 ကို ကိုင်လိုက်တဲ့အချိန်မှာ ဟိုလိုဂရမ်ကို မြင်လိုက်တယ် ဟုတ်လား။ ပြီးတော့ 'L6 ထုတ်လုပ်မှု ရပ်ဆိုင်းခြင်း' လို့ ရေးထားတယ်ပေါ့လေ”

“အေး”

“ဘာလို့လဲ”

“ငါလည်း မသိဘူးလေ”

ထုတ်လုပ်မှု ရပ်ဆိုင်းခြင်း ဆိုတာ ထုတ်လုပ်တာနဲ့ ရောင်းချတာကို လုံးဝ ရပ်ပစ်တာကို ဆိုလိုတာပါ။

တက်ဂယူက စမတ်ဖုန်း ဈေးကွက်အကြောင်း ကျွန်တော့်ကို ရှင်းပြပါတယ်။

“ဆိုဆောင်း အီလက်ထရောနစ် က စမတ်ဖုန်းတွေကို ဈေးကြီးတာကနေ ဈေးပေါတာအထိ အမျိုးမျိုး ထုတ်တာ။ အဲဒီထဲမှာ L Series က သူတို့ရဲ့ အကောင်းဆုံး Flagship စမတ်ဖုန်းပဲ”

အခု စမတ်ဖုန်း ဈေးကွက်က ကမ္ဘာ့အဆင့် လျှပ်စစ်ကုမ္ပဏီတွေအတွက် တကယ့်ကို စစ်တလင်းပါပဲ။

ဈေးကြီးတဲ့ High-endဖုန်းလောကကိုတော့ EnFရဲ့ nPhone နဲ့ ဆိုဆောင်း ရဲ့ L Series တို့က စိုးမိုးထားတာပါ။

ဒီနောက်ပိုင်း နှစ်တွေမှာ တရုတ်ကုမ္ပဏီတွေဖြစ်တဲ့ Obo နဲ့ Beforeတို့က တိုးတက်လာတယ် ဆိုပေမဲ့ သူတို့က ပြည်တွင်း ဈေးကွက်နဲ့ အလယ်အလတ်တန်းစား ဖုန်းတွေမှာပဲ နေရာအနည်းငယ်ယူနိုင်တာပါ။ High-end လောကမှာတော့ သူတို့ရဲ့ အစွမ်းကို မပြနိုင်သေးပါဘူး။

“ဘယ်လိုပဲဖြစ်ဖြစ် အရောင်းရဆုံးနဲ့ အမြတ်အများဆုံး နေရာမှာတော့ EnF က အပြတ်အသတ် သာနေတာ။ အဲဒါကြောင့် ဆိုဆောင်း က ဒီ L6 ကို nPhone နဲ့ ယှဉ်ပြိုင်ဖို့ အသေသေချာချာ ထုတ်လုပ်ခဲ့တာလေ။ L6 က nPhone 6 ထက်တောင် ဒီဇိုင်းနဲ့ စွမ်းဆောင်ရည် ပိုသာတယ်လို့ ပြောစမှတ် ပြုကြတယ်”

အဲဒီလို အကဲဖြတ်မှုတွေကြောင့်ပဲ L6 က အရမ်းကို ရောင်းကောင်းနေပြီး အချို့အရောင်တွေဆိုရင် ပစ္စည်းတောင် ပြတ်နေတာပါ။ အရင်မော်ဒယ် L5 က တစ်ကမ္ဘာလုံးမှာ အလုံးရေ သန်း ၅၀ လောက် ရောင်းခဲ့ရတာ။ အဲဒါတင်ပဲ အံ့သြစရာကောင်းနေပြီကို L6 ကိုတော့ သန်း ၇၀ ကျော် ရောင်းရဖို့ မျှော်မှန်းထားတာလေ။

တက်ဂယူကတော့ ဇဝေဇဝါ ဖြစ်နေပါတယ်။

“တစ်ကမ္ဘာလုံးမှာ ဒီလောက် ရောင်းကောင်းနေတာကို ဘာလို့ ထုတ်လုပ်မှု ရပ်ဆိုင်းရမှာလဲ”

“ဘာအကြောင်းကြောင့် ရပ်ဆိုင်းနိုင်မလဲ”

ကျွန်တော့်မေးခွန်းကို တက်ဂယူက စဉ်းစားကြည့်ပါတယ်။

“မူပိုင်ခွင့် အငြင်းပွားမှုကြောင့်များလား”

“မူပိုင်ခွင့် အငြင်းပွားမှုဟုတ်လား”

“စမတ်ဖုန်း တစ်လုံးမှာ မူပိုင်ခွင့်ပေါင်း ၂ သိန်းကျော် ပါတယ်ဆိုတာ မင်းသိလား။ ဆက်သွယ်ရေးလှိုင်းတွေ၊ ဆီမီးကွန်ဒတ်တာတွေ၊ အစိတ်အပိုင်းတွေ၊ လုပ်ဆောင်ချက်တွေကအစ ဒီဇိုင်းအထိ အကုန်ပါတယ်”

ဆိုဆောင်း အီလက်ထရောနစ် က ကိုရီးယားမှာတင် မဟုတ်ဘဲ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားတဲ့ IT ကုမ္ပဏီပါ။ ဒါကြောင့် သူတို့ဟာ နိုင်ငံအသီးသီးမှာ မူပိုင်ခွင့် အငြင်းပွားမှုတွေ အများကြီးနဲ့ ရင်ဆိုင်နေရတာပါ။

အထူးသဖြင့် စမတ်ဖုန်း ခေတ်ဦးပိုင်းက ဆိုဆောင်း နဲ့ NPL တို့ရဲ့ မူပိုင်ခွင့် အငြင်းပွားမှုကတော့ "ရာစုနှစ်ရဲ့ တရားစွဲဆိုမှု" အဖြစ် နာမည်ကြီးခဲ့ပါတယ်။

“အဲဒီ မူပိုင်ခွင့် ပြဿနာတွေက အတော်လေး ပြေလည်သွားပြီ မဟုတ်ဘူးလား”

မူပိုင်ခွင့် အမှု ရှုံးတယ်ဆိုရင်တောင်မှ ရောင်းချမှု ရပ်ဆိုင်းတာမျိုးက အင်မတန် ရှားပါတယ်။ များသောအားဖြင့်တော့ လျော်ကြေးပေးတာ ဒါမှမဟုတ် Royalties ပေးတာနဲ့ပဲ ပြေလည်သွားတတ်ကြတာပါ။

ဒါ့အပြင် မူပိုင်ခွင့် အငြင်းပွားမှုတွေက ရှုပ်ထွေးလွန်းလို့ စီရင်ချက်ချဖို့ နှစ်နဲ့ချီ ကြာတတ်ပါတယ်။ ရောင်းချမှု ရပ်ဆိုင်းဖို့ အမိန့်ကျလာချိန်ဆိုရင် အဲဒီမော်ဒယ်က ဈေးကွက်ထဲမှာတောင် မရှိတော့တာ များပါတယ်။

တက်ဂယူက ခေါင်းညိတ်ပြပါတယ်။

“အေးလေ။ မူပိုင်ခွင့် ရှုထောင့်က ကြည့်ရင်တော့ ဆိုဆောင်း က အနိုင်ရသူပဲ”

N-Phone ကို စတင်မိတ်ဆက်ခဲ့တဲ့ NPL နဲ့ တခြားကုမ္ပဏီတွေထက်စာရင် ဆိုဆောင်း က CDMA ခေတ်ကတည်းက ဖုန်းတွေ ထုတ်လာတာ။ ဒါကြောင့် သူတို့မှာ ကမ္ဘာက အသိအမှတ်ပြုထားတဲ့ ဆက်သွယ်ရေးနဲ့ နည်းပညာ မူပိုင်ခွင့်တွေ အများကြီး ရှိပါတယ်။ တကယ်တမ်း NPL နဲ့ ဒီဇိုင်းမူပိုင်ခွင့် အငြင်းပွားတုန်းကလည်း သူတို့က သူတို့ရဲ့ ဆက်သွယ်ရေး မူပိုင်ခွင့်တွေနဲ့ ပြန်တိုက်စစ်ဆင်ပြီး အောင်မြင်မှုတွေ ရခဲ့ဖူးပါတယ်။

ဒါဆို တကယ့် အကြောင်းရင်းက ဘာဖြစ်မလဲ။

ဘာလို့ ရပ်ဆိုင်းရတာလဲ။

All Chapters