အခန်း (၁၅-၁၆)
Vol. 2 Ch. 15-16
အခန်း (၁၅)
“ကောင်းပြီ။ မင်းလည်း နားလည်သွားပြီဆိုတော့ ငါ ဆက်ရှင်းပြမယ်။ Options ရော၊ Futuresရောဟာ Derivative products တွေပဲ။ မင်း အဲဒီနှစ်ခုရဲ့ ကွာခြားချက်ကို သိလား”
“နည်းနည်းပါးပါးတော့ သိပါတယ်”
စီနီယာ ဆန်းယော့က ကိုလာသောက်ရင်း ရှင်းပြပါတယ်။
“Futures ဆိုတာက သတ်မှတ်ထားတဲ့ ပစ္စည်းတစ်ခုကို သတ်မှတ်ထားတဲ့ ဈေးနှုန်းနဲ့ အနာဂတ်ရဲ့ သတ်မှတ်ထားတဲ့ အချိန်တစ်ခုမှာ အရောင်းအဝယ်လုပ်ဖို့ သဘောတူညီချက်ယူတာမျိုးပဲ”
အခုလက်ရှိမှာတင် အနာဂတ်အတွက် ဈေးနှုန်းနဲ့ ရက်စွဲကို သတ်မှတ်ရတဲ့ အကြောင်းရင်းကတော့ ကုန်ပစ္စည်းဈေးနှုန်းတွေက အမြဲတမ်း တည်ငြိမ်မနေလို့ပါပဲ။
အနာဂတ်မှာ ဈေးနှုန်းကျသွားရင် ရောင်းသူက ရှုံးပြီး ဝယ်သူက အမြတ်ရမယ်။ ပြောင်းပြန်အားဖြင့် ဈေးနှုန်းတက်လာရင်တော့ ရောင်းသူက အမြတ်ရပြီး ဝယ်သူက ရှုံးမှာပေါ့။
ရောင်းသူရော ဝယ်သူရောဟာ ကြီးမားတဲ့ အရှုံးတွေကို ရှောင်ရှားနိုင်ဖို့နဲ့ သင့်တင့်တဲ့ အမြတ်ရဖို့အတွက် လက်ရှိမှာတင် သတ်မှတ်ထားတဲ့ ဈေးနှုန်းနဲ့ အချိန်ကာလကို သဘောတူညီကြတာပါ။
ဒါကြောင့်မလို့ စတော့တွေ ဒါမှမဟုတ် ရေနံလိုမျိုး ဈေးနှုန်းအတက်အကျ ပြင်းထန်တဲ့ ပစ္စည်းတွေမှာ Futures trading (အနာဂတ်အရောင်းအဝယ်) က ပိုပြီး အလုပ်ဖြစ်ပါတယ်။
“Options ရဲ့ သဘောတရားကလည်း အတူတူပါပဲ။ Futures က အနာဂတ်မှာ တကယ် အရောင်းအဝယ်လုပ်ဖို့ သဘောတူတာဆိုရင်၊ Options ကတော့ အရောင်းအဝယ်လုပ်ခွင့်ရှိတဲ့ 'အခွင့်အရေး' (Right) ကိုပဲ ရောင်းတာ”
Options တွေမှာ သက်တမ်းကုန်ဆုံးရက် ရှိပါတယ်။
Call options က သတ်မှတ်ထားတဲ့ ရက်စွဲမှာ သတ်မှတ်ဈေးနှုန်းနဲ့ ပစ္စည်းကို 'ဝယ်ယူခွင့်' ပေးထားတာဖြစ်ပြီး၊ Put options ကတော့ 'ပြန်ရောင်းချခွင့်' ကို ပေးထားတာပါ။
“Futures ကတော့ အနာဂတ်မှာ ဈေးနှုန်း ဘယ်လိုပဲဖြစ်ဖြစ် သဘောတူထားတဲ့အတိုင်း အရောင်းအဝယ် ဖြစ်သွားမှာဖြစ်ပေမဲ့၊ Options ကတော့ သက်တမ်းကုန်တဲ့နေ့မှာ ဈေးနှုန်းအခြေအနေပေါ် မူတည်ပြီး အရောင်းအဝယ် ဖြစ်နိုင်သလို မဖြစ်နိုင်တာမျိုးလည်း ရှိတယ်”
အဲဒီအခွင့်အရေးကို အသုံးချမလား၊ မချဘူးလားဆိုတာက ဝယ်သူအပေါ်မှာပဲ လုံးလုံးလျားလျား မူတည်ပါတယ်။ သက်တမ်းကုန်တဲ့အချိန်မှာ အမြတ်ရှိရင် ဝယ်သူက အခွင့်အရေးကို အသုံးချမယ်၊ အမြတ်မရှိရင်တော့ အသုံးမချဘဲ နေမှာပေါ့။
ဒါကြောင့်မလို့ ဖြစ်နိုင်ခြေများတဲ့ Options တွေက ဝယ်ယူခ (Upfront cost) ပိုကြီးပြီး၊ ဖြစ်နိုင်ခြေနည်းတဲ့ Options တွေကတော့ ဈေးသက်သာပါတယ်။
“စတော့ရှယ်ယာကုမ္ပဏီတွေ ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေက Options တွေကို ထုတ်ဝေတဲ့အခါ ဘဏ္ဍာရေး ကျွမ်းကျင်သူတွေက ပုံသေနည်းအမျိုးမျိုးကို သုံးပြီး ဖြစ်နိုင်ခြေနဲ့ အကျိုးအမြတ်တွေကို တွက်ချက်ကြတယ်။
Options ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ခုက ဝယ်ယူသူရဲ့ အမြတ်က အကန့်အသတ်မရှိ ဖြစ်နိုင်ပေမဲ့၊ အရှုံးကတော့ ဝယ်ယူထားတဲ့ ဈေးနှုန်းလောက်မှာပဲ ကန့်သတ်ထားတာ။ တစ်ဖက်မှာတော့ ထုတ်ဝေသူ ရဲ့ အမြတ်က ရောင်းလိုက်ရတဲ့ ဈေးနှုန်းမှာပဲ ကန့်သတ်ထားပြီး၊ အရှုံးကတော့ အကန့်အသတ်မရှိ ဖြစ်သွားနိုင်တယ်”
ဥပမာအားဖြင့်၊ စတော့ဈေးက ဝမ် ၂ သန်း ဖြစ်နေတဲ့အချိန်မှာ ဝမ် ၁ သန်းနဲ့ ပြန်ရောင်းခွင့်ပေးတဲ့ Put option တစ်ခု ရှိတယ်ဆိုပါစို့။ စတော့ဈေးက အဲဒီလောက်ကြီး ထိုးကျသွားဖို့ ဒါမှမဟုတ် ဒီ Put option ကို အသုံးချဖို့ ဖြစ်နိုင်ခြေက အရမ်းနည်းနေတာကြောင့် ဒီ Option ရဲ့ ရောင်းဈေးကလည်း အလွန်နည်းပါတယ်။
ဒါပေမဲ့ သက်တမ်းကုန်တဲ့ရက်မှာ စတော့ဈေးက ဝမ် ၂.၅ သန်း ဖြစ်သွားတယ် ဆိုပါစို့။
ဈေးကွက်ထဲမှာ ဝမ် ၂.၅ သန်းနဲ့ ရောင်းလို့ရနေတာမလို့ ဘယ်သူကမှ ရူးနှမ်းပြီး ဝမ် ၁ သန်းနဲ့ ရောင်းခွင့်ရှိတဲ့ Put option ကို အသုံးချမှာ မဟုတ်ပါဘူး။
ဒါကြောင့် Option ဝယ်သူက သူ့ရဲ့အခွင့်အရေးကို စွန့်လွှတ်လိုက်ရမှာပါ။ ဒီအခြေအနေမှာ ဝယ်သူရဲ့ အရှုံးက ပေးထားရတဲ့ Option ဝယ်ယူခလောက်မှာပဲ ကန့်သတ်ထားပြီး၊ ထုတ်ဝေသူကတော့ အဲဒီပမာဏကို အမြတ်အနေနဲ့ ရသွားတာပေါ့။
အခု ပြောင်းပြန် အခြေအနေကို စဉ်းစားကြည့်ရအောင်။
တကယ်လို့ မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့ အခြေအနေမျိုး ဖြစ်လာပြီး သက်တမ်းကုန်တဲ့ရက်မှာ စတော့ဈေးက ဝမ် ၁ သိန်းအထိ ထိုးကျသွားရင်ရော ဘာဖြစ်မလဲ။
ဈေးကွက်ထဲမှာ တစ်စုကို ဝမ် ၁ သိန်းနဲ့ပဲ ရောင်းလို့ရပေမဲ့၊ Option ဝယ်ထားသူကတော့ ဝမ် ၁ သန်းနဲ့ ရောင်းခွင့်ရှိတဲ့ အခွင့်အရေးကို အသုံးချနိုင်ပါတယ်။
ဒါဆိုရင် တစ်စုကို ဝမ် ၉ သိန်း အမြတ်ရမှာပါ။
သဘာဝကျကျပဲ ဝယ်သူက သူ့အခွင့်အရေးကို အသုံးချမှာဖြစ်ပြီး၊ ထုတ်ဝေသူကလည်း အဲဒါကို လက်ခံပေးရမှာပါ။
တစ်စုကို ဝမ် ၉ သိန်းပဲ ပေးရမှာပဲလို့ ထင်ကောင်းထင်နိုင်ပေမဲ့၊ တကယ်လို့ ဒီ Option ကို စထုတ်တုန်းက ဈေးနှုန်းက ဝမ် ၁၀၀ ပဲ ရှိခဲ့ရင်ရော ဘာဖြစ်မလဲ။
ထုတ်ဝေသူဘက်က ကြည့်ရင် သူရခဲ့တဲ့ ဝမ် ၁၀၀ ထက် အဆပေါင်း ၉၀၀၀ ကို ပြန်ပေးရတာပါ။ တကယ်လို့ ဝယ်သူက ဒီ Option ကို ဝမ် သန်း ၁၀၀ ဖိုး ဝယ်ထားခဲ့ရင် သူ ပြန်ပေးရမယ့် ပမာဏက ဝမ် သန်း ၉သိန်းအထိ ဖြစ်သွားနိုင်ပါတယ်။
ဒါမျိုးကတော့ တော်တော်လေး ဖြစ်ခဲပါတယ်။
ဒါပေမဲ့...
စီနီယာ ဆန်းယော့က ခါးသီးတဲ့ အပြုံးလေးနဲ့ ပြောတယ်။
“ကောင်းတဲ့ကိစ္စတွေက ဖြစ်ခဲပေမဲ့၊ မကောင်းတဲ့ ကိစ္စတွေကတော့ အမြဲတမ်း ဖြစ်တတ်တာပဲလေ။ ဥပမာ - 9/11 တိုက်ခိုက်မှုမျိုး ဒါမှမဟုတ် Lehman Brothers ကုမ္ပဏီ ဒေဝါလီခံတာမျိုးပေါ့”
အဲဒီလို ဖြစ်ရပ်မျိုး တစ်ခါဖြစ်လာပြီဆိုရင် Put option ဈေးနှုန်းတွေက အဆမတန် ထိုးတက်သွားပြီး ထုတ်ဝေသူက အဲဒီပမာဏကို ပေးရတော့တာပါပဲ။
ဘဏ္ဍာရေး အကြပ်အတည်းတုန်းက ကမ္ဘာကျော် ရင်းနှီးမြှုပ်နှံမှု ဘဏ်ကြီးတွေဟာ သူတို့ ထုတ်ဝေခဲ့တဲ့ Derivative တွေကြောင့် အကြီးအကျယ် ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ဒေဝါလီခံတာ ဒါမှမဟုတ် အစိုးရဆီက အကူအညီတောင်းတာမျိုးတွေ လုပ်ခဲ့ရပါတယ်။
“တကယ်လို့ ထုတ်ဝေတဲ့သူက ဒေဝါလီခံသွားရင် ဘာဖြစ်မလဲ”
“မြေပြိုမှာစိုးလို့ အာမခံ ထားထားတယ်ဆိုပါစို့။ ဒါပေမဲ့ မြေတကယ်ပြိုတဲ့အချိန်မှာ အာမခံကုမ္ပဏီက အရင် ပြိုလဲသွားရင် ဘာဆက်ဖြစ်မလဲ”
ပေးရမယ့်သူက ဒေဝါလီခံသွားရင်တော့ ပိုက်ဆံ ပြန်ရဖို့ နည်းလမ်း မရှိတော့ပါဘူး။
အဲဒီလို အခြေအနေမျိုး မဖြစ်အောင် စည်းမျဉ်းစည်းကမ်းတွေနဲ့ စပေါ်ငွေ စနစ်တွေ အမျိုးမျိုး ရှိနေပေမဲ့၊ အဆိုးရွားဆုံး အခြေအနေမှာတော့ ဘာမှ လုပ်လို့မရပါဘူး။
“ဒါပေမဲ့ ဒီလို ဖြစ်ရပ်မျိုးက နှစ်အတော်ကြာမှ တစ်ခါ ဖြစ်တတ်တာပါ။ အချိန်အများစုမှာတော့ တစ်ဦးချင်း ရင်းနှီးမြှုပ်နှံသူတွေ ထည့်ထားတဲ့ ပိုက်ဆံတွေကို ကုမ္ပဏီကြီးတွေနဲ့ စတော့ကုမ္ပဏီတွေကပဲ သိမ်းကျုံးယူသွားကြတာပဲ”
အကြမ်းဖျင်း ရှင်းပြပြီးတဲ့နောက်မှာတော့ Options အရောင်းအဝယ် လုပ်ဖူးသူတွေပဲ နားလည်နိုင်မယ့် အသေးစိတ် အကြောင်းအရာတွေကို ဆက်ပြောဖြစ်ကြပါတယ်။ ကျွန်တော်လည်း အရေးကြီးတဲ့ အချက်တွေကို သေသေချာချာ မှတ်သားထားလိုက်တယ်။
တစ်ယောက်ယောက်နဲ့ လူချင်းတွေ့ပြီး ရှင်းပြတာကို နားထောင်လိုက်ရတော့ သီအိုရီအရပဲ သိထားတဲ့အရာတွေက နေရာတကျ ဖြစ်သွားသလို ခံစားလိုက်ရပါတယ်။
စကားပြောလို့ ပြီးသွားတဲ့အခါ စီနီယာ ဆန်းယော့က ကျွန်တော့်ကို ကြည့်ပြီး မေးလာတယ်။
“မင်းကို Options လောကထဲ သိပ်မဝင်ဖို့တော့ ငါ အကြံပေးချင်တယ်... ဒါနဲ့ မင်းက ဘာလုပ်ဖို့ စီစဉ်နေတာလဲ”
ကျွန်တော် အဖြေကို ရှောင်လွှဲဖို့ တွန့်ဆုတ်နေမိပေမဲ့ ရိုးရိုးသားသားပဲ ပြောဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အကူအညီ လိုအပ်နေတဲ့ အနေအထားမှာ လိမ်ပြောဖို့ စိတ်မပါတာကြောင့်ပါ။
“ဆိုဆောင်း အီလက်ထရောနစ် နဲ့ပတ်သတ်ပြီး ရင်းနှီးမြုတ်နှံတာလုပ်ချင်လို့ပါ။ စီနီယာ”
“Call ဝယ်မှာလား၊ Put ဝယ်မှာလား”
“Put ပါ”
စီနီယာ ဆန်းယော့ရဲ့ မျက်နှာက အံ့သြသွားတဲ့ ပုံစံ ပြောင်းသွားပါတယ်။
“ဘာလို့လဲ။ L6 ထွက်ပြီးကတည်းက ကုမ္ပဏီ အခြေအနေက တော်တော်ကောင်းနေတာ မဟုတ်လား”
“အဲဒီ L6 မော်ဒယ်က ထုတ်လုပ်မှု ရပ်ဆိုင်းခံရတော့မှာမလို့ပါ”
“ဘာ”
တက်ဂယူ ဝယ်လိုက်တဲ့ ဖုန်း ပေါက်ကွဲသွားတဲ့အကြောင်းနဲ့ အင်တာနက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ပေါက်ကွဲမှု ဖြစ်ရပ်တွေအကြောင်း ကျွန်တော် ရှင်းပြလိုက်ပါတယ်။
နားမလည်နိုင်သလိုမျိုးနဲ့ ဆန်းယော့က မေးတယ်။
“အဲဒါ တစ်ခုထဲကြောင့်လား။ မင်းမှာ တခြား သတင်းအရင်းအမြစ် ရှိသေးလား”
ကျွန်တော့်မှာ ရှိတာပေါ့။ ဒါပေမဲ့ အဲဒီအချိန်မှာတော့ ရှင်းပြလို့ မရပါဘူး။
“ဒီပေါက်ကွဲတဲ့ ဖြစ်ရပ်တွေကြောင့်ပဲလား။ မင်းမှာ တခြား ခိုင်လုံတဲ့ သတင်းအချက်အလက် မရှိဘူးလား”
ရှိတော့ ရှိပေမဲ့ အကျယ်တဝင့် ရှင်းပြလို့ မဖြစ်ပါဘူး။
“ကျွန်တော်ကတော့ ပေါက်ကွဲမှုတွေသာ ဆက်ဖြစ်နေမယ်ဆိုရင် ထုတ်လုပ်မှု ရပ်ဆိုင်းသွားနိုင်တယ်လို့ပဲ တွေးမိတာပါ။ တိကျတဲ့ သတင်းအချက်အလက်တော့ မဟုတ်ပါဘူး”
စီနီယာ ဆန်းယော့က စိုးရိမ်တကြီးနဲ့ အကြံပေးပါတယ်။
“သတိထားနော်။ Options နဲ့သာ မှားသွားရင် ငါ့လိုမျိုး တစ်ခါတည်းနဲ့ အကုန်ဆုံးရှုံးသွားနိုင်တယ်”
“ဟုတ်ကဲ့ပါ”
နှုတ်ဆက်ပြီး စားသောက်ဆိုင်ကနေ ထွက်လာခဲ့ကြပါတယ်။
စီနီယာ ဆန်းယော့က အရင်ထွက်သွားပြီး ကျွန်တော်တို့ ကားထဲကို ဝင်လိုက်ကြတယ်။
ကျွန်တော် တက်ဂယူကို မေးလိုက်တယ်။
“ကြားတယ်မလား? အကုန်လုံးကို တစ်ခါတည်း လုပ်လို့ရတယ်တဲ့။ မင်းရော လုပ်ချင်သေးရဲ့လား”
တက်ဂယူက ခေါင်းညိတ်ပြရင်း ကျွန်တော့်ကို ကြည့်လိုက်ပါတယ်။
“ဒါပေါ့။ မင်းကော”
ကျွန်တော် ရယ်လိုက်မိတယ်။
“စမ်းကြည့်ကြတာပေါ့”
ရင်းနှီးမြှုပ်နှံမှုနဲ့ လောင်းကစားဆန်တဲ့ မှန်းဆချက်ဆိုတာ အခြေခံအားဖြင့် ကွဲပြားပါတယ်။
ကိုယ့်ဘက်က ခံနိုင်ရည်ရှိတဲ့ စွန့်စားမှုမျိုးဆိုရင် ရင်းနှီးမြှုပ်နှံမှုလို့ ခေါ်ပြီး၊ ကိုယ်မခံနိုင်တဲ့ စွန့်စားမှုမျိုးဆိုရင်တော့ လောင်းကစားဆန်တဲ့ မှန်းဆချက်လို့ ခေါ်ပါတယ်။
ဒါပေမဲ့ ဒီနှစ်ခုရဲ့ ခြားနားချက်က စက္ကူတစ်ချပ်စာလောက်ပဲ ပါးလွှာပါတယ်။
လုပ်ဆောင်ချက် တစ်ခုတည်းကပဲ လူတစ်ယောက်အတွက် ရင်းနှီးမြှုပ်နှံမှု ဖြစ်နိုင်သလို၊ နောက်တစ်ယောက်အတွက်တော့ လောင်းကစား ဖြစ်နေနိုင်ပါတယ်။
ဘာမှမရှိတဲ့ မြေရိုင်းတစ်ခုကို ဝယ်ဖို့ မခံနိုင်တဲ့ အကြွေးတွေ ယူတာက လောင်းကစားပါ။
ဒါပေမဲ့ တကယ်လို့ ကိုယ်က မြို့ပြစီမံကိန်းအကြောင်း သိနေရင်ရော၊ အဲဒီ မြေရိုင်းမှာ မြို့အသစ် တည်တော့မယ်ဆိုတာကို မင်း သိနေရင်ရော ဘာလုပ်သင့်လဲ။
ကျွန်တော်တို့လည်း အဲဒီလို အခြေအနေမျိုးမှာ ရှိနေတာပါ။
မနက်ဖြန် ဆိုဆောင်း အီလက်ထရောနစ် ရဲ့ စတော့ဈေး တက်မလား၊ ကျမလားဆိုတာ ဘယ်သူမှ မသိပါဘူး။ ဒါပေမဲ့ L6 မော်ဒယ်က ထုတ်လုပ်မှု ရပ်ဆိုင်းခံရတော့မယ်ဆိုတာကိုတော့ ကျွန်တော်တို့ သိပါတယ်။
ဒါက ကံတရားအပေါ်မှာပဲ မူတည်နေတာ မဟုတ်ပါဘူး။ တကယ်လို့ ကိုယ့်ဘက်က သေချာနေပြီဆိုရင် ဒါဟာ ရင်းနှီးမြှုပ်နှံမှုပါ၊ လောင်းကစား မဟုတ်ပါဘူး။
တက်ဂယူကတော့ ရိုးရိုးလေးပဲ အကျဉ်းချုပ်လိုက်ပါတယ်။
“ငါလုပ်ရင် ရင်းနှီးမြှုပ်နှံမှု၊ သူများလုပ်ရင် လောင်းကစား... ဟုတ်တယ်မလား”
ကျွန်တော် ခေါင်းညိတ်လိုက်တယ်။
“အဲဒါ အမှန်ကန်ဆုံး အဖြေပဲ”
လူအတော်များများက အိမ်ခြံမြေဈေး ကစားတာကို ဆန့်ကျင်ကြပေမဲ့၊ ကိုယ့်အတွက် အိမ်တစ်လုံး ဝယ်တာကိုတော့ လောင်းကစားလို့ မမြင်ဘဲ ရင်းနှီးမြှုပ်နှံမှုလို့ပဲ မြင်ကြတာမျိုးပါ။
ကျွန်တော် ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာတွေကို စဉ်းစားနေမိပါတယ်။
အလွယ်ဆုံးနည်းလမ်းကတော့ Short-selling (ဈေးကျရင် အမြတ်ရတဲ့ နည်းလမ်း) ပါပဲ။ မျှော်မှန်းထားတဲ့ အမြတ်က ၂၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။ တကယ်လို့ အခြေအနေ မကောင်းရင်တောင် အရှုံးက ရာခိုင်နှုန်း အနည်းငယ်လောက်မှာပဲ ရှိမှာပါ။ ဒါပေမဲ့ အမြတ်ကလည်း အဲဒီအဆင့်မှာပဲ ကန့်သတ်ထားသလို ဖြစ်နေပါတယ်။
တစ်ဖက်မှာတော့ Put options တွေကို ဝယ်ယူတာက ခန့်မှန်းချက်သာ မှန်ခဲ့ရင် အမြတ်က အဆပေါင်းများစွာကနေ ဆယ်ဂဏန်းအထိ ရနိုင်ပါတယ်။ ဒါပေမဲ့ အဆိုးရွားဆုံး အခြေအနေမှာတော့ ရင်းနှီးထားတဲ့ အရင်းအနှီး အကုန်လုံး ပြာကျသွားနိုင်ပါတယ်။
“ဘေးကင်းပြီး အမြတ်နည်းတာလား။ ဒါမှမဟုတ် စွန့်စားပြီး အမြတ်များတာလား”
စွန့်စားမှု နည်းလေ အမြတ်နည်းလေဖြစ်ပြီး၊ စွန့်စားမှု များလေ အမြတ်များလေပါပဲ။
အသေအချာ စဉ်းစားပြီးတဲ့နောက်မှာတော့ ကျွန်တော် ဆုံးဖြတ်ချက် တစ်ခု ချလိုက်ပါတယ်။
“ Put options ကို ၇၀ ရာခိုင်နှုန်းလောက် ဝယ်ပြီး ကျန်တာကိုတော့ Short-selling လုပ်ကြရအောင်”
အမြတ် ရာခိုင်နှုန်း နည်းနည်း လျော့သွားရင်တောင်မှ အဆိုးရွားဆုံး အခြေအနေကို ရှောင်ရှားဖို့က အရေးကြီးပါတယ်။
ဆိုဆောင်း အီလက်ထရောနစ် ရဲ့ စတော့ဈေးက ဝမ် ၁.၄ သန်း ဝန်းကျင်မှာ ရှိနေရာကနေ L6 ထွက်ပြီးနောက်မှာ ဝမ် ၁.၆ သန်းအထိ အပြင်းအထန် တက်သွားပါတယ်။
L6 ဟာ ဒီဇိုင်းရော စွမ်းဆောင်ရည်မှာပါ nphone ကို ကျော်တက်သွားတယ်လို့ ချီးကျူးခံရပြီး၊ ကမ္ဘာ့ဈေးကွက်မှာ အရင်မော်ဒယ်ထက် ၄၀ ရာခိုင်နှုန်းကျော် ပိုပြီး ရောင်းအားကောင်းခဲ့ပါတယ်။
နောက်ထပ် သုံးလပတ်မှာ အကောင်းဆုံး စွမ်းဆောင်ရည် ရလိမ့်မယ်လို့ ခန့်မှန်းကြတာကြောင့် စတော့ရှယ်ယာ ကုမ္ပဏီတွေကလည်း မျှော်မှန်းဈေးနှုန်းတွေကို အပြိုင်အဆိုင် မြှင့်တင်နေကြပါတယ်။
တကယ်တမ်းတော့ စတော့ဈေးနှုန်းတွေက မျှော်လင့်ချက်တွေနဲ့ မတူဘဲ ပြောင်းလဲတတ်ပါတယ်။ ဘာလို့လဲဆိုတော့ ဈေးနှုန်းတွေက လက်ရှိ တန်ဖိုးကိုတင် မဟုတ်ဘဲ အနာဂတ်ရဲ့ တန်ဖိုးကိုပါ ထင်ဟပ်နေလို့ပါ။
တစ်နည်းအားဖြင့် ပြောရရင် ဆိုဆောင်း အီလက်ထရောနစ် ရဲ့ လက်ရှိ စတော့ဈေးနှုန်းဟာ L6 ကနေ နောင်မှာ ရလာမယ့် အမြတ်အစွန်းတွေကိုပါ ထည့်တွက်ပြီး သတ်မှတ်ထားတာပါ။
ဒါပေမဲ့ L6 သာ ထုတ်လုပ်မှု ရပ်ဆိုင်းသွားရင်ရော ဘာဖြစ်မလဲ။
လက်ရှိရော အနာဂတ်ရဲ့ အမြတ်တွေပါ ပျောက်ကွယ်သွားမှာပါ။
L6 ထွက်ပြီးကတည်းက စတော့ဈေးက ၁၀ ရာခိုင်နှုန်းကျော် တက်ခဲ့တာကို ကြည့်ရင် အနည်းဆုံးတော့ အဲဒီလောက် ပြန်ကျသွားဖို့ ရှိပါတယ်။ ပိုက်ဆံပြန်အမ်းရတာတွေကြောင့် ဖြစ်လာမယ့် ဆုံးရှုံးမှုတွေကိုပါ ထည့်တွက်ရင် လက်ရှိ စတော့ဈေးက ၂၀ ရာခိုင်နှုန်းကျော်အထိရော ကျမသွားနိုင်ဘူးလား။
တက်ဂယူက အင်တာနက် ကြည့်ရင်း ပြောလိုက်တယ်။
“နောက်ထပ် တစ်ခု ထပ်ပေါက်ကွဲပြန်ပြီ ထင်တယ်ဟ”
“ကြည့်ဦး”
နောက်ဆုံး ပေါက်ကွဲတဲ့ ဖြစ်ရပ်က ကိုရီးယားမှာ မဟုတ်ဘဲ အမေရိကန်မှာ ဖြစ်တာပါ။ ဒါ့အပြင် အားသွင်းနေတုန်း ပေါက်ကွဲတာ မဟုတ်တဲ့အတွက် ပြဿနာက ပိုပြီး ကြီးမားသွားပါတယ်။
ဆိုဆောင်း အီလက်ထရောနစ် ကတော့ အဲဒီဖုန်းကို သိမ်းဆည်းပြီး စုံစမ်းစစ်ဆေးမယ်လို့ ပြောပါတယ်။ အရင် ပေါက်ကွဲမှုတွေ အားလုံးက ပြင်ပက ရိုက်ခတ်မှုကြောင့် ဖြစ်တာလို့ သူတို့ ဇွတ်ငြင်းနေပြီး အခု တစ်ခုလည်း ထူးမှာ မဟုတ်ဘူးလို့ပဲ သူတို့ ယူဆနေကြပါတယ်။
ကိုရီးယားမှာရော ပြည်ပမှာပါ ပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်လာတာကြောင့် နိုင်ငံတကာ သတင်းမီဒီယာတွေကပါ စတင် သတိထားမိလာပါပြီ။
အချိန်က သိပ်မကျန်တော့ပါဘူး။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကိုရီးယားဟာ ကမ္ဘာမှာ Derivative အရောင်းအဝယ် ပမာဏ အများဆုံး နိုင်ငံ ဖြစ်ခဲ့ဖူးပါတယ်။
အခုအချိန်မှာတော့ အဲဒီလောက် မဟုတ်တော့ပေမဲ့ ဈေးကွက်အရွယ်အစားနဲ့ ယှဉ်ရင် အရောင်းအဝယ် ပမာဏက အများကြီး ရှိနေဆဲပါ။
Options တစ်ခုတည်းတင် တစ်ရက် ပျမ်းမျှ အရောင်းအဝယ် ပမာဏက ဝမ် သန်း ၅သိန်းကျော် ရှိပြီး၊ Futures အရောင်းအဝယ်ကတော့ ဝမ် သန်း ၁သန်းကျော် ရှိပါတယ်။
ဒါက စတော့ဈေးကွက်လား၊ လောင်းကစားရုံလားတောင် ခွဲရခက်နေပါပြီ။
Futures နဲ့ Options ဈေးကွက်ထဲက တိုက်ပွဲက ပြင်းထန်လွန်းလှပါတယ်။ ဘဝကို တစ်ခါတည်းနဲ့ ပြောင်းလဲပစ်ချင်တဲ့ လောင်းကစားသမားတွေနဲ့ သူတို့ဆီက ပိုက်ဆံတွေကို မျက်စိမှိတ်ပြီး သိမ်းကျုံးယူနေတဲ့ ထုတ်ဝေသူတွေကြားမှာပေါ့။
ကျွန်တော် တက်ဂယူရဲ့ နေရာမှာ အစားထိုး ထိုင်လိုက်ပြီး Home trading program ထဲကို ဝင်လိုက်ပါတယ်။
Put options တွေအတွက် အခွင့်အရေး အမျိုးမျိုး ရှိပါတယ်။ သတ်မှတ်ဈေးနှုန်း မြင့်လေ ထုတ်ဝေဈေး မြင့်လေဖြစ်ပြီး၊ သတ်မှတ်ဈေးနှုန်း နိမ့်လေ ထုတ်ဝေဈေး နိမ့်လေပါပဲ။
အကောင့်ထဲမှာ ရှိတဲ့ ဝမ် သန်း ၁၃၈၀၀၀ထဲမှာ သန်း ၈ထောင်က ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှုပါ။
ရင်းနှီးမြှုပ်နှံမှု ပိုက်ဆံ အကုန်လုံးကို သူပဲ စိုက်ထုတ်ပါ့မယ်လို့ တက်ဂယူက ပြောထားပေမဲ့၊ အတူတူ ရင်းနှီးမြှုပ်နှံကြမှာဆိုရင် ကျွန်တော့်ဘက်ကလည်း သေချာတဲ့ ကတိကဝတ်မျိုး ပြဖို့ လိုပါတယ်။
ဒါကြောင့် ကျွန်တော့်ရဲ့ ဝေစုဖြစ်တဲ့ သန်း ၈ထောင်ကိုပါ ပုံအောထည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ကလစ်
ကျွန်တော် ကီးဘုတ်ပေါ်မှာ ရိုက်နှိပ်ပြီး ဆိုဆောင်း အီလက်ထရောနစ်ရဲ့ Put options တွေကို ဝယ်လိုက်ပါတယ်။
သတ်မှတ်ဈေးနှုန်းက ဘယ်လောက်ပဲ ဖြစ်နေပါစေ၊ တကယ်လို့ စတော့ဈေးက မျှော်လင့်ထားသလို ကျမသွားဘူးဆိုရင်တော့ ဒီ Options တွေ အကုန်လုံးဟာ စက္ကူစုတ်တွေ ဖြစ်သွားမှာပါ။
ဒါက မှန်ကန်တဲ့ ဆုံးဖြတ်ချက်လားဆိုတာ ကျွန်တော် မသေချာပါဘူး။
ကျွန်တော် သံသယတွေကို ဘေးဖယ်ထားပြီး ကီးဘုတ်ကို ဆက်ရိုက်နေမိပါတယ်။ ဒါပေမဲ့ ဝယ်ယူဖို့ အော်ဒါ တင်လိုက်ချိန်မှာတော့ မျှော်လင့်မထားတဲ့ ပြဿနာတစ်ခု ပေါ်လာပါတယ်။
“ဒါက... ရောင်းမယ့် ပမာဏ က သိပ်မရှိဘူး”
Derivative products တွေကို ပုံမှန်အားဖြင့် KOSPI200 လို အညွှန်းကိန်းတွေပေါ်မှာ အခြေခံပြီး ထုတ်တာဖြစ်ပြီး၊ ကုမ္ပဏီတစ်ခုချင်းစီရဲ့ စတော့တွေပေါ်မှာ အခြေခံတဲ့ Options တွေကတော့ အကန့်အသတ် ရှိပါတယ်။
ဆိုဆောင်း အီလက်ထရောနစ် လို ကုမ္ပဏီကြီးတွေပေါ် အခြေခံတဲ့ Options တွေ အမျိုးမျိုး ရှိနေပေမဲ့၊ ကျွန်တော်တို့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ Options က သိပ်မရှိပါဘူး။
ကျွန်တော် လျှာကို ကိုက်လိုက်မိတယ်။
“ငါ ဒီအချက်ကို ထည့်မစဉ်းစားခဲ့မိဘူး”
ဒါက စီနီယာ ဆန်းယော့လည်း မပြောခဲ့တဲ့ အချက်ပါ။
စဉ်းစားကြည့်ရင်တော့ ဒါက သိသာပါတယ်။ စီနီယာ ဆန်းယော့က ကျွန်တော်တို့ဆီမှာ အများဆုံး ဝမ် သန်းရာဂဏန်းလောက်ပဲ ရှိမယ်လို့ ထင်ခဲ့မှာပါ။
ကျွန်တော်တို့ဆီမှာ ဝမ် သန်း ၁၃၈၀၀၀ ရှိနေလိမ့်မယ်လို့ သူ ဘယ်လိုမှ စိတ်ကူးကြည့်နိုင်မှာ မဟုတ်ပါဘူး။
လောလောဆယ် ဆိုဆောင်း အီလက်ထရောနစ် ဟာ စတော့အိတ်ချိန်းတစ်ခုလုံးရဲ့ ၁၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။ ကုမ္ပဏီတစ်ခုတည်းက ဈေးကွက်တန်ဖိုးရဲ့ ၂၀ ရာခိုင်နှုန်းနီးပါး ရှိနေတာက တကယ်ကို အံ့သြစရာပါပဲ။
ကုမ္ပဏီကြီးတွေကို ဗဟိုပြုပြီး ကြီးထွားလာတဲ့ ကိုရီးယားရဲ့ အခြေအနေကို ထည့်တွက်ရင်တောင် ဝမ် သန်းပေါင်း သန်း၂၅၀ကျော်တဲ့ ဈေးကွက်တန်ဖိုးဆိုတာ စိုးရိမ်စရာ အဆင့်မှာ ရှိနေတာပါ။
သီအိုရီအရ ဆိုဆောင်း အီလက်ထရောနစ် ရဲ့ ဈေးနှုန်း ၁၀ ရာခိုင်နှုန်း ကျသွားရင် KOSPI အညွှန်းကိန်းက ၂ ရာခိုင်နှုန်း ကျသွားမှာပါ။
“တကယ်လို့ ၂၀ ရာခိုင်နှုန်း ကျသွားရင်တော့ ၄ ရာခိုင်နှုန်းလောက်အထိ ကျသွားမှာပေါ့လေ”
ဆိုဆောင်း အီလက်ထရောနစ် ရဲ့ အရေးပါမှုကို ကြည့်ရင် L6 ထုတ်လုပ်မှု ရပ်ဆိုင်းခြင်းဟာ ဆိုဆောင်း ကိုတင် မကဘဲ ဈေးကွက်တစ်ခုလုံးကိုပါ ရိုက်ခတ်သွားမှာပါ။
ဒါကြောင့် ကျွန်တော် KOSPI200ရဲ့ Put options တွေကိုပါ ဝယ်လိုက်ပါတယ်။ ကံကောင်းတာက KOSPI200 ပေါ် အခြေခံတဲ့ Options တွေကတော့ ဈေးကွက်ထဲမှာ အများကြီး ရှိနေပါတယ်။
တိန် တိန်
အကြောင်းကြားသံလေးတွေနဲ့အတူ အရောင်းအဝယ်တွေ ဆက်တိုက် ဖြစ်နေပါတယ်။ လက်ကျန်ငွေ လျော့သွားတာနဲ့အမျှ Option ပမာဏကလည်း တိုးလာပါတယ်။
ကျွန်တော် ရှိသမျှ ဝမ် သန်း ၁၃၈၀၀၀ထဲက သန်း ၁၃၀၀၀၀ကို Put options ဝယ်တာနဲ့ Short selling လုပ်တဲ့နေရာမှာ သုံးလိုက်ပါတယ်။ အကောင့်ထဲမှာ ဝမ် သန်း ၈၀၀၀ပဲ ကျန်ပါတော့တယ်။
“ဘာလို့ အကုန် မဝယ်တာလဲ”
“ကျန်တဲ့ သန်း ၈၀၀၀ကတော့ မင်းရဲ့ စားဝတ်နေရေးအတွက် သုံးဖို့ ချန်ထားတာ”
အဆိုးရွားဆုံး အခြေအနေမှာတောင် သန်း ၈၀၀၀ဆိုရင်တော့ ခဏတဖြုတ် နေထိုင်ဖို့ လုံလောက်မှာပါ။
အခုတော့ နောက်ပြန်လှည့်ဖို့ အရမ်းနောက်ကျသွားပါပြီ။
ကျန်တာကတော့ ရလဒ်ကို စောင့်ကြည့်ဖို့ပဲ ရှိပါတော့တယ်။
အခန်း (၁၆)
အခြေအနေတွေက ကျွန်တော်တို့ မျှော်လင့်ထားတာနဲ့ တခြားစီ ဖြစ်လာပါတယ်။
နှစ်ရက်အတွင်းမှာတင် ဆိုဆောင်း အီလက်ထရောနစ် ရဲ့ စတော့ဈေးနှုန်းက ကျမသွားတဲ့အပြင် ၈ ရာခိုင်နှုန်းတောင် တက်လာခဲ့ပါတယ်။ အကြောင်းရင်းတွေကတော့ အမျိုးမျိုးပါပဲ။
ကမ္ဘာ့စတော့ဈေးကွက် အခြေအနေက ကောင်းမွန်နေတာ၊ ငွေလဲနှုန်းက အသာစီးရနေတာနဲ့ DRAM ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့်ပါ။
Short-selling ရဲ့ အမြတ်နှုန်းက စတော့ဈေး ၈ ရာခိုင်နှုန်း တက်လာတာနဲ့အမျှ ပြောင်းပြန်အချိုးကျ ရှုံးနိမ့်နေပါတယ်။
အဓိက ပြဿနာကတော့ Put options တွေပါ။
ဆိုဆောင်း အီလက်ထရောနစ် ရဲ့ စတော့နဲ့ KOSPI အညွှန်းကိန်းတွေ တက်လာတာကြောင့် Put options တွေကို အသုံးချနိုင်မယ့် အခွင့်အရေးက ပိုပြီး နည်းပါးသွားပါတယ်။ ဒါကြောင့်မလို့ Optionsတွေရဲ့ တန်ဖိုးက အဆမတန် ထိုးကျသွားပါတော့တယ်။
သန်းပေါင်းထောင်နဲ့ချီတဲ့ ပိုက်ဆံတွေက အငွေ့ပျံသွားသလို ပျောက်ကွယ်သွားပါပြီ။
အရှုံးပြနေတဲ့ အပြာရောင် ဂဏန်းတွေနဲ့ ပြည့်နေတဲ့ အကောင့်ကို ကြည့်ရင်း ကျွန်တော့်တစ်ကိုယ်လုံး ချွေးစေးတွေ ထွက်လာပါတယ်။ တက်ဂယူက ဘာမှမပြောပေမဲ့ သူ့မျက်လုံးတွေထဲမှာတော့ ဇဝေဇဝါ ဖြစ်နေတာကို မြင်နေရတယ်။
စတော့ဈေးတွေ တက်နေပေမဲ့ L6 ဖုန်းတွေကတော့ ဆက်တိုက် ပေါက်ကွဲနေဆဲပါ၊ အခုဆိုရင် အတည်ပြုနိုင်တဲ့ ဖြစ်ရပ် ၁၀ ခုထက်မက ရှိနေပါပြီ။ ဆိုဆောင်း အီလက်ထရောနစ် ကတော့ မနက်ဖြန်မှာ ဒီပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက် ထုတ်ပြန်မယ်လို့ ကြေညာလိုက်ပါတယ်။
သတင်းတွေအရတော့ သူတို့က ဘတ္ထရီ အသစ်လဲလှယ်ပေးတဲ့ဘက်ကို ဦးတည်နေပုံရပါတယ်။
အွန်လိုင်းပေါ်မှာတော့ မကျေနပ်သံတွေ ဆူညံနေပါတော့တယ်။
– ဘတ္ထရီလဲဖို့အတွက် ဖုန်းနောက်ဖုံးကို ခွာရမှာလား။
– ဒါဆို ရေစိုခံစနစ်က ပျက်မသွားဘူးလား။ ရေဝင်လို့ ပျက်စီးသွားရင် သူတို့ တာဝန်ယူမှာလား။
– ဝယ်ပြီးခါစ ဝမ် တစ်သန်းကျော်တန် ဖုန်းကြီးကို အစိတ်စိတ်အမွှာမွှာ ဖြုတ်ခိုင်းတာက အဓိပ္ပာယ်ရှိလို့လား။
– အခုမှ ထွက်တဲ့ဖုန်းကို ဈေးအပြည့်ပေးဝယ်ရပြီးမှ ဒါမျိုးဖြစ်တာ တကယ့်ကို အလိမ်ခံရတာပဲ။
– သုံးစွဲသူတွေက စမ်းသပ်ခံ Beta testers တွေလား။
– ငါတော့ L6 ကို ပိုက်ဆံပြန်အမ်းခိုင်းပြီး ဆိုဆောင်း အီလက်ထရောနစ် ပစ္စည်းတွေကို ဘယ်တော့မှ မသုံးတော့ဘူး။
တက်ဂယူက ကျွန်တော့်ကို မေးတယ်။
“သူတို့ မနက်ဖြန် ကြေညာချက်မှာ ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်မယ်လို့ ပြောမှာပါနော်။ ဟုတ်တယ်မလား”
ကျွန်တော် ခေါင်းညိတ်လိုက်ပါတယ်။
“အင်း။ ဖြစ်နိုင်ပါတယ်”
တကယ်လို့ ကျွန်တော့်ရဲ့ ကြိုတင်မြင်နိုင်မှုက မှန်ကန်တယ်ဆိုရင်တော့ အဲဒီလိုပဲ ဖြစ်လာမှာပါ။
L6 ဖြစ်ရပ်နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို ဂန်နမ် မှာရှိတဲ့ ဆိုဆောင်း အီလက်ထရောနစ် ဌာနချုပ်မှာ ကျင်းပခဲ့ပါတယ်။
ဆိုဆောင်း အီလက်ထရောနစ် ဟာ ကမ္ဘာ့အဆင့်မီ နည်းပညာ ထုတ်လုပ်ရေး ကုမ္ပဏီကြီးတစ်ခု ဖြစ်တာကြောင့် ပြည်တွင်းမီဒီယာတွေတင်မကဘဲ နိုင်ငံခြား သတင်းထောက်တွေနဲ့ပါ သတင်းစာရှင်းလင်းပွဲ ခန်းမတစ်ခုလုံး ပြည့်နှံနေပါတယ်။
IM ဌာနခွဲရဲ့ ဥက္ကဋ္ဌ ဂျိုဒုံဂျွန် က စင်ပေါ်ကို တက်လာပါတယ်။
သူက တည်ငြိမ်လေးနက်တဲ့ မျက်နှာပေးနဲ့ မိုက်ကရိုဖုန်းရှေ့မှာ ရပ်ပြီး စကားစပြောပါတယ်။
“ဆိုဆောင်း အီလက်ထရောနစ် ထုတ်ကုန်တွေကို တန်ဖိုးထား မြတ်နိုးကြတဲ့ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေရဲ့ မယိမ်းယိုင်တဲ့ အားပေးမှုကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်တို့ ထုတ်လုပ်ခဲ့တဲ့ L6 မော်ဒယ်အချို့မှာ ဘတ္ထရီ ချို့ယွင်းမှုတွေ ရှိနေကြောင်း သတင်းပေးပို့ချက်တွေ ရရှိခဲ့ပါတယ်။ ဒါကြောင့် ဖြစ်ပေါ်လာတဲ့ အဆင်မပြေမှုတွေနဲ့ စိုးရိမ်မှုတွေအတွက် ကျွန်တော်တို့ စိတ်ရင်းနဲ့ တောင်းပန်အပ်ပါတယ်”
သတင်းထောက်တွေက ဂျိုဒုံဂျွန်ရဲ့ စကားတွေကို ဆောင်းပါးတွေအဖြစ် အမြန်ဆုံး ရိုက်နှိပ်ပြီး ပေးပို့နေကြပါတယ်။
ဂျိုဒုံဂျွန်က ကင်မရာပေါင်းများစွာနဲ့ သတင်းထောက် ၁၀၀ ကျော်ကို ရင်ဆိုင်ရင်း သူ့ရဲ့ မိန့်ခွန်းကို ဆက်ပြောပါတယ်။
“အတွင်းပိုင်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီးတဲ့နောက်မှာတော့ ဘတ္ထရီ ဆဲလ် တွေမှာ ပြဿနာရှိနေတာကို အတည်ပြုနိုင်ခဲ့ပါတယ်။ ပြဿနာရှိတဲ့ ဘတ္ထရီတွေ ပါဝင်တဲ့ ထုတ်ကုန် အရေအတွက်ဟာ သောင်းဂဏန်းလောက်ပဲ ရှိမယ်လို့ ခန့်မှန်းရပေမဲ့ သုံးစွဲသူတွေရဲ့ ဘေးကင်းလုံခြုံရေးကို ဦးစားပေးတဲ့အနေနဲ့ ကျွန်တော်တို့ဟာ ရောင်းချနေတာတွေကို ခေတ္တရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါ့အပြင် အခုထိ ရောင်းချပြီးသား L6 ယူနစ်အားလုံးကိုလည်း အသစ်စက်စက် ပစ္စည်းတွေနဲ့ လဲလှယ်ပေးသွားမှာပါ။ အစားထိုးမယ့် ပစ္စည်းတွေ အဆင်သင့်ဖြစ်ဖို့ တစ်ပတ်လောက် ကြာမယ်လို့ မျှော်လင့်ရပါတယ်။ လဲလှယ်မှု လုပ်ငန်းစဉ်ကို အမြန်ဆုံး ဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ပြီး၊ ပစ္စည်းအသစ်တွေ မရခင်မှာ ဝန်ဆောင်မှုစင်တာတွေကို လာရောက်တဲ့ သုံးစွဲသူတွေအတွက်လည်း လိုအပ်တဲ့ စစ်ဆေးမှုတွေနဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ပေးသွားမှာ ဖြစ်ပါတယ်”
မျှော်လင့်မထားတဲ့ ဒီကြေညာချက်ကြောင့် ဆောင်းပါးရေးနေတဲ့ သတင်းထောက်တွေတောင် အံ့သြသွားကြပါတယ်။
သူတို့တွေဟာ လက်တွေကို အပြိုင်အဆိုင် မြှောက်ပြီး မေးခွန်းတွေ စမေးကြတော့တယ်။
“ဘတ္ထရီပဲ လဲပေးတာ မဟုတ်ဘဲ ပစ္စည်းတစ်ခုလုံးကို အသစ်ပြန်လဲပေးမယ့် Recall စနစ်ကို လုပ်မှာလား”
“မှန်ပါတယ်”
“ဘတ္ထရီ ဆဲလ်တွေမှာ ဘာပြဿနာ ရှိနေတာလဲ”
“ဆိုဆောင်း SB က ပေးသွင်းတဲ့ ဘတ္ထရီ ဆဲလ်တွေရဲ့ ထုတ်လုပ်မှု လုပ်ငန်းစဉ်မှာ အနည်းငယ် လွဲချော်မှုတွေ ရှိခဲ့ပါတယ်။ ညာဘက် အပေါ်ဘက်မှာ ဖိအားပေးမှု အမှားတစ်ခု ဖြစ်ခဲ့တာကြောင့် အကာအရံ ပျက်စီးသွားပြီး အဖိုတိုင်နဲ့ အမတိုင်တို့ ထိတွေ့ကာ ချို့ယွင်းမှုတွေ ဖြစ်ပေါ်ခဲ့တာပါ”
“ပစ္စည်းအဟောင်းနဲ့ အသစ်ကြားမှာ ဘာတွေ ကွာခြားသွားမလဲ”
မေးခွန်းတွေ တဖွဲဖွဲ တက်လာတဲ့အခါ ဂျိုဒုံဂျွန်က တည်တည်ငြိမ်ငြိမ်ပဲ ဖြေကြားပါတယ်။
“ကုန်ပစ္စည်း ထောက်ပံ့မှု အခက်အခဲကြောင့် ပထမဆုံး စတင်ရောင်းချတဲ့ နိုင်ငံတွေက ပစ္စည်းတွေမှာ ဆိုဆောင်း SB ဘတ္ထရီတွေ ပါဝင်ခဲ့တာဖြစ်ပြီး နောက်မှ ရောင်းချမယ့် နိုင်ငံတွေအတွက်တော့ BTL ဘတ္ထရီတွေကို သုံးဖို့ ရည်ရွယ်ထားပါတယ်။ နောက်ပိုင်း နိုင်ငံတွေမှာ ရောင်းချမယ့် အစီအစဉ်ကို နောက်ဆုတ်ထားမှာဖြစ်ပြီး လက်ရှိ ထုတ်လုပ်ထားတဲ့ ယူနစ်အားလုံးကိုတော့ လဲလှယ်ပေးဖို့ ပြန်သိမ်းသွားမှာပါ။ Recall လုပ်ငန်းစဉ်ကို နောက်တစ်ပတ်ကနေ စပြီး အစီအစဉ်တကျ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”
“ဒါဟာ ထုတ်လုပ်သူရဲ့ တာဝန်ဖြစ်တဲ့အတွက် သုံးစွဲသူတွေရဲ့ အဆင်မပြေမှုတွေကို ဘယ်လို ဖြေရှင်းပေးဖို့ စီစဉ်ထားပါသလဲ”
“အသုံးပြုသူတွေအတွက် လုံလောက်တဲ့ လျော်ကြေးတွေ ရရှိစေဖို့အတွက် မိုဘိုင်းလ်အော်ပရေတာ (ဖုန်းလိုင်းကုမ္ပဏီ) တွေနဲ့ လက်ရှိ ဆွေးနွေးနေပါတယ်”
“ဒီ Recall ကြောင့် ဖြစ်လာမယ့် ဆုံးရှုံးမှု ပမာဏက ဘယ်လောက်လောက် ရှိမယ်လို့ ခန့်မှန်းထားပါသလဲ”
ဥက္ကဋ္ဌ ဂျိုဒုံဂျွန်က စိတ်မကောင်းတဲ့ မျက်နှာပေးနဲ့ ပြောပါတယ်။
“တော်တော်လေး များပြားတဲ့ ပမာဏပါ၊ စိတ်ပူစရာ ကောင်းတဲ့ အထိပါပဲ။ ဒါပေမဲ့ သုံးစွဲသူတွေရဲ့ ဘေးကင်းလုံခြုံရေးကို ဦးစားပေးတဲ့အနေနဲ့ ဒီဆုံးဖြတ်ချက်ကို ချလိုက်ရတာပါ”
သတင်းကြည့်နေရင်း တက်ဂယူက သူစားနေတဲ့ ကြက်ကြော်ကို လွှတ်ချလိုက်ပါတယ်။
“ထုတ်လုပ်မှု ရပ်ဆိုင်းတာ မဟုတ်ဘဲ Recall တဲ့လား။ အခု ဘာဆက်ဖြစ်မှာလဲ”
ကျွန်တော်လည်း သူနဲ့မခြား တုန်လှုပ်သွားပါတယ်။
ဇဝေဇဝါ ဖြစ်နေတာကြောင့် စကားတောင် မပြောနိုင်တော့ပါဘူး။
“······”
ဒါက တကယ့်ကို ရူးချင်စရာပါပဲ။
– ဘတ္ထရီတင် မဟုတ်ဘဲ ပစ္စည်းတစ်ခုလုံးကို အသစ်လဲပေးမှာလား။
– ဘာမှ မေးမြန်းမနေဘဲ လဲပေးမှာလား။
– ဖုန်းမျက်နှာပြင် ကွဲနေရင်တောင် ဖုန်းအလုံးလိုက် ယူသွားရင် အသစ်လဲပေးမှာတဲ့။
– ဒါဆိုရင်တော့ အဲဒီအချိန်အထိ ဆက်သုံးနေတာ ပိုကောင်းတာပေါ့။
– ဆိုဆောင်း အီလက်ထရောနစ် က တကယ်ကို ရက်ရောတာပဲ။
– သူတို့ရဲ့ After-sales policyကတော့ တခြားသူတွေနဲ့ မယှဉ်နိုင်ဘူးပဲ။
– nPhone တွေကတော့ ပေါက်တောင် မပေါက်ကွဲဘူး၊ အခု ဒါတွေက ဘာဖြစ်နေကြတာလဲ။
အွန်လိုင်း ပို့စ်တွေမှာတော့ ဆိုဆောင်း အီလက်ထရောနစ် ရဲ့ Recall ဆုံးဖြတ်ချက်ကို အများအားဖြင့် ကြိုဆိုနေကြပါတယ်။
လူထု သဘောထား စစ်တမ်းတစ်ခုအရ L6 အသုံးပြုသူ ၉၅ ရာခိုင်နှုန်းက ဆိုဆောင်း အီလက်ထရောနစ် အပေါ် ယုံကြည်မှု ရှိနေဆဲဖြစ်ပြီး L6 ကို ဆက်သုံးသွားမယ်လို့ ပြောကြပါတယ်။ ဒီနေ့အထိ အလုံးရေ ၆ သန်းလောက် ရောင်းချထားပြီး ဖြစ်ပါတယ်။
တကယ်လို့ ဒီပစ္စည်းတွေ အားလုံးကို အသစ်နဲ့ လဲလှယ်ပေးမယ်ဆိုရင် ရောင်းဈေးအရ ဆုံးရှုံးမှုက ဝမ် သိန်းပေါင်း ၆ကုဋေ လောက် ရှိနိုင်ပေမဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်ကတော့ ဝမ် ၃ သိန်းလောက်ပဲ ရှိမယ်လို့ ခန့်မှန်းရပါတယ်။
ဒါကြောင့်မလို့ တကယ်တမ်း ဆုံးရှုံးမှုက ဝမ် သိန်းပေါင်း ၂ကုဋေ ဝန်းကျင်ပဲ ဖြစ်နိုင်ပါတယ်။
ဒါ့အပြင် ပြန်သိမ်းထားတဲ့ ဖုန်းတွေကိုလည်း ပြန်လည် ပြင်ဆင်မွမ်းမံပြီးေ ဖွံ့ဖြိုးဆဲ ဈေးကွက်တွေမှာ ပြန်ရောင်းမယ်ဆိုရင် ဆုံးရှုံးမှု ပမာဏက သိပ်မကြီးနိုင်ဘူးလို့ ခန့်မှန်းကြပါတယ်။
သန်းပေါင်းထောင်နဲ့ချီတဲ့ ဆုံးရှုံးမှုတွေ ရှိနေပေမဲ့ ဈေးကွက်ရဲ့ အကဲဖြတ်ချက်အရတော့ ဒါဟာ တစ်ကြိမ်တစ်ခါတည်း ဖြစ်တဲ့ ဆုံးရှုံးမှုမျိုးမလို့ သိပ်ပြီး စိတ်ပူစရာ မလိုဘူးလို့ ဆိုပါတယ်။
အဲဒီအစား ဒီဖြစ်ရပ်ကြောင့် ဆိုဆောင်း အီလက်ထရောနစ် ဟာ သုံးစွဲသူတွေရဲ့ ယုံကြည်မှုကို ပိုပြီး ရရှိသွားနိုင်ပြီး ရေရှည်မှာ ကုမ္ပဏီအတွက် ပိုကောင်းလာနိုင်တယ်လို့တောင် သတင်းထုတ်ပြန်ချက်တွေ ထွက်လာပါတယ်။
Recall ကြေညာချက်ကြောင့် ကျဆင်းသွားတဲ့ စတော့ဈေးဟာ နောက်ဆုံးအချိန်မှာ ပြန်တက်လာခဲ့ပြီး ၁.၅ ရာခိုင်နှုန်းပဲ ကျဆင်းသွားပါတော့တယ်။
နောက်တစ်နေ့မှာတော့…
ဆိုဆောင်း အီလက်ထရောနစ် က သုံးလပတ် အမြတ်ဝေစု ပေးတာ အပါအဝင် ရှယ်ယာရှင်တွေအတွက် အကျိုးခံစားခွင့် မူဝါဒတစ်ခုကို ကြေညာလိုက်ပါတယ်။ ဈေးကွက်က ဒီကြေညာချက်ကို မျှော်လင့်ထားတာထက် ပိုပြီး ကြိုဆိုလိုက်တာကြောင့် စတော့ဈေးက ၃.၄ ရာခိုင်နှုန်းအထိ ပြန်တက်သွားပါတော့တယ်။
အကောင့်ထဲမှာတော့ အရှုံးပြနေတဲ့ အနီရောင် ဂဏန်းတွေနဲ့ ပြည့်နေပါတယ်။
Short-selling ကနေ ဖြစ်လာတဲ့ အရှုံးက ၁၀ ရာခိုင်နှုန်းကျော်နေပါပြီ။ အဲဒါကတော့ သူ ခံနိုင်ရည်ရှိသေးတဲ့ အရှုံးမျိုးပါ။ ဒါပေမဲ့ Put options အခြေအနေကတော့ တခြားစီပါပဲ။
Put options တွေရဲ့ အရှုံးက ၃၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိတောင် ရှိနေပါတယ်။
Short-selling ရဲ့ အရှုံးနဲ့ပါ ပေါင်းလိုက်ရင် စုစုပေါင်း အရှုံးဟာ မူလ ရင်းနှီးမြှုပ်နှံမှုရဲ့ တစ်ဝက်နီးပါး ရှိနေပါပြီ။
တက်ဂယူက ငေးမှိုင်နေတဲ့ မျက်နှာပေးနဲ့ သူ့ရဲ့ အကောင့်လက်ကျန်ကို စိုက်ကြည့်နေပါတယ်။
လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတင် Put options တွေကို ဝယ်တုန်းက ဒီလို အခြေအနေမျိုးနဲ့ ကြုံရလိမ့်မယ်လို့ သူ ဘယ်လိုမှ စိတ်ကူးမယဉ်ခဲ့ဖူးပါဘူး။
ကျွန်တော်လည်း လက်ကျန်ငွေကို စစ်ဆေးရင်း မျက်လုံးတွေ ပြူးသွားမိတယ်။
ရင်းနှီးမြှုပ်နှံထားတဲ့ ဝမ် သန်းပေါင်း ၁၃၀၀၀ထဲက ဝမ် သန်း၆၀၀၀ က ပျောက်ကွယ်သွားပါပြီ။ ကျွန်တော့် ပိုက်ဆံတချို့လည်း ပါသွားသလို တက်ဂယူကတော့ သန်းထောင်ပေါင်းများစွာ ဆုံးရှုံးသွားတာပါ။
ကျွန်တော်တို့က အမြတ်ကို ခွဲဝေယူဖို့ သဘောတူထားတာ ဖြစ်ပေမဲ့၊ အရှုံးကိုတော့ တက်ဂယူကပဲ အများဆုံး ခံရမှာပါ။ သန်းထောင်ပေါင်းများစွာကို ကျွန်တော် ဘယ်လိုမှ မတတ်နိုင်ပါဘူး။
“······အခု ငါတို့ ဘာဆက်လုပ်ကြမလဲ”
မျက်လုံးတွေ မှိတ်ပြီး လဲလျောင်းနေပေမဲ့ အိပ်လို့ မရပါဘူး။
ကျွန်တော့်စိတ်ထဲမှာ အတွေးတစ်ခုပဲ ပြည့်နေတယ်။
ဘာလို့ ထုတ်လုပ်မှု ရပ်ဆိုင်းတာ မဟုတ်ဘဲ Recall ဖြစ်နေရတာလဲ။ ငါ တစ်ခုခုကို မှားပြီး အဓိပ္ပာယ်ကောက်ခဲ့တာလား။
ငါ တစ်ခုခုကို လွဲချော်သွားခဲ့တာလား။
ငါ အခု ဘာလုပ်သင့်သလဲ...
သန်း၆၀၀၀ ဆိုတဲ့ ဂဏန်းကြီးက ကျွန်တော့် မျက်လုံးထဲမှာ ဝေ့ဝဲနေပါတယ်။
“သန်း၆၀၀၀...”
အဲဒါက ဘယ်လောက်များတဲ့ ပမာဏလဲဆိုတာ ကျွန်တော် ကောင်းကောင်း မသိပါဘူး။
ဒါဟာ တစ်သက်လုံး အလုပ်မလုပ်ဘဲ နေနိုင်လောက်တဲ့ ပိုက်ဆံပါ။ အခုကစပြီး တစ်နှစ်ကို သန်းတစ်ထောင်လောက် သုံးရင်တောင် ကုန်အောင် သုံးနိုင်မယ်မထင်ပါဘူး။
ဒါပေမဲ့ အဲဒီပိုက်ဆံတွေက ရက်ပိုင်းအတွင်းမှာတင် ပျောက်သွားပြီ။
ပိုက်ဆံကို ကိုင်တောင် မကိုင်လိုက်ရပါဘူး။ အကောင့်ထဲမှာ အနုတ်ပြနေတဲ့ ဂဏန်းတွေအနေနဲ့ပဲ ရှိနေခဲ့ပါပြီ။
ရင်းနှီးမြှုပ်နှံမှု ပါရမီရှင်လို့ လူသိများတဲ့ Warren Buffetက ပြောဖူးပါတယ်။ ရင်းနှီးမြှုပ်နှံတဲ့အခါ လိုက်နာရမယ့် စည်းကမ်း နှစ်ခုပဲ ရှိတယ်တဲ့။
ပထမ - မင်းရဲ့ အရင်းအနှီးကို အဆုံးရှုံးမခံပါနဲ့။
ဒုတိယ - ပထမ စည်းကမ်းကို မမေ့ပါနဲ့။
သူကတော့ အဲဒီ စည်းကမ်းနှစ်ခုကို သေသေချာချာ လိုက်နာခဲ့တယ်၊ ဒါပေမဲ့ တခြား ရင်းနှီးမြှုပ်နှံသူတွေကတော့ မလိုက်နာနိုင်ခဲ့ကြဘူး။ ဒါကြောင့်ပဲ သူက အောင်မြင်ခဲ့ပြီး တခြားသူတွေကတော့ ကျရှုံးခဲ့ရတာပါ။
...အဓိပ္ပါယ်မရှိလိုက်တာ။
ဘယ်သူကမှ ကိုယ့်အရင်းအနှီးကို အဆုံးရှုံးခံချင်မှာ မဟုတ်ပါဘူး။ သူတို့လည်း ပိုက်ဆံရမယ် ထင်လို့ ရင်းနှီးမြှုပ်နှံကြတာပဲ၊ နောက်ဆုံးမှ ဆုံးရှုံးသွားကြတာလေ။
ဒါပေမဲ့ ဖြစ်နိုင်တာ၊ မဖြစ်နိုင်တာတွေကို ဖယ်ထားရင် အဲဒီစကားတွေထဲမှာ အမှန်တရား ရှိပါတယ်။
တကယ်လို့ ကိုယ့်ရဲ့ အရင်းအနှီး ၅၀ ရာခိုင်နှုန်း ဆုံးရှုံးသွားပြီဆိုရင်၊ အဲဒါကို ပြန်ရဖို့အတွက် အမြတ် ၁၀၀ ရာခိုင်နှုန်း ရှာနိုင်ဖို့ လိုပါတယ်။ ဒါကြောင့်မလို့ အရင်းအနှီး ဆုံးရှုံးသွားပြီဆိုရင် ပြန်နာလန်ထူဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။
ဒါပေမဲ့ ကျွန်တော်တို့ကတော့ အစကတည်းက သန်း၆၀၀၀ ဆုံးရှုံးနေပါပြီ။
ဒီထက် ပိုကြီးတဲ့ ပြဿနာကတော့ ဒါဟာ အဆုံးသတ် မဟုတ်သေးတာပါပဲ။
Options တွေရဲ့ တန်ဖိုးက အချိန်နဲ့အမျှ လျော့နည်းသွားပါတယ်။ အသုံးချလို့ရတဲ့ Options တွေကတော့ မျှော်မှန်းထားတဲ့ အမြတ်နှုန်းအတိုင်း ရှိနေနိုင်ပေမဲ့၊ အသုံးချလို့ မရတဲ့ Options တွေကတော့ ဘယ်လောက်ဈေးနဲ့ ဝယ်ခဲ့ဝယ်ခဲ့ နောက်ဆုံးမှာ သုည ဖြစ်သွားမှာပါ။
တကယ်လို့ Options သက်တမ်း ကုန်သွားခဲ့ရင် နောက်ထပ် သန်းထောင်ပေါင်းများစွာ ထပ်ပြီး ဆုံးရှုံးရပါဦးမယ်။
ဒီကိစ္စကို ဘယ်လို လုပ်ရမလဲ။
နောက်ထပ် အရှုံးမကြီးအောင် အခုပဲ လက်လျှော့ပြီး ပိုက်ဆံတွေကို ပြန်ထုတ်သင့်သလား။
တကယ်လို့ ဒီမှာတင် ပြီးသွားမယ်ဆိုရင်တော့ အရင်းပြန်ရဖို့ဆိုတာ တကယ်ကို မဖြစ်နိုင်တော့ပါဘူး။
ကျွန်တော့်ရဲ့ လည်ပင်းကို ကြောက်ရွံ့မှုတွေက တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားသလိုမျိုး ခံစားနေရပါတော့တယ်။