အခန်း (၂၉-၃၀)
Vol. 3 Ch. 29-30
အခန်း (၂၉)
ကျွန်တော်တို့ နန်ဟျွန်ဒေါင်းက စားသောက်တန်းရှေ့မှာ ဆုံကြပါတယ်။
စီနီယာ ဆန်းယော့က အဲဒီကို အရင်ရောက်နှင့်နေပါပြီ။
“မင်္ဂလာပါ။ အစ်ကို”
“ဪ... ရောက်လာကြပြီလား”
ဂျင်းဘောင်းဘီနဲ့ အနွေးထည် ဝတ်ထားခဲ့တဲ့ ပြီးခဲ့တဲ့တစ်ခေါက်နဲ့ မတူဘဲ ဒီတစ်ခါမှာတော့ သူက Suit ဝတ်စုံပြည့်နဲ့ပါ။ ရှပ်အင်္ကျီအဖြူကို လည်ပင်းအထိ ကြယ်သီးအသေအချာ တပ်ထားပြီး အပြာရောင် နက်တိုင်ကို စမတ်ကျကျ စည်းထားပါတယ်။ မုတ်ဆိတ်မွေးတွေကို ရိတ်ထားပြီး ဆံပင်ကိုလည်း သေသေသပ်သပ် ပြင်ထားတာပေါ့။
ကိုယ်လုံးကိုယ်ထည် ကြီးမားပြီး ကတုံးနဲ့မလို့ ဒီလိုအင်္ကျီအကောင်းစားတွေ ဝတ်ထားတဲ့အခါ လူမိုက်ဂိုဏ်းခေါင်းဆောင်တစ်ယောက်နဲ့တောင် တူနေပါတယ်။
“အစ်ကို ပြီးရင် ချိန်းတွေ့စရာ ရှိလို့လား”
ကျွန်တော့်အမေးကို စီနီယာ ဆန်းယော့က ရယ်မောလိုက်ပါတယ်။
“ချိန်းတွေ့စရာ မရှိပါဘူးကွာ။ ထမင်းစားကြမယ်လေ။ ဘာစားချင်လဲ။ ဒီနေ့တော့ ငါပဲ ဝယ်ကျွေးပါ့မယ်”
“မဟုတ်တာ… အစ်ကိုရာ၊ ကျွန်တော်က ဖိတ်တာဆိုတော့ ကျွန်တော်ပဲ ကျွေးပါရစေ”
အခုဆိုရင် ကျွန်တော်က အမဲသားကောင်းကောင်းတွေကို အဝ ဝယ်ကျွေးဖို့ မခဲယဉ်းတော့ပါဘူး။ နွားတစ်ကောင်လုံးကို ဝယ်ပြီး အသားတွေကို စိတ်ကြိုက်လှီးခိုင်းပြီး ကျွေးလို့တောင် ရပါတယ်။
“ရပါတယ်၊ ဒီနေ့တော့ ငါပဲ ဝယ်ကျွေးချင်လို့ပါ”
စီနီယာ ဆန်းယော့က အရှေ့က ဦးဆောင်ပြီး အနီးအနားက အကင်ဆိုင်တစ်ဆိုင်ထဲကို ခေါ်သွားပါတယ်။ အမဲသားတစ်ပွဲကို ဝမ် ၁၈,၀၀၀ ဆိုတော့ သိပ်တော့ မဈေးကြီးပါဘူး။
“အမဲသား လေးပွဲနဲ့ ဘီယာ နှစ်ပုလင်း ပေးပါ”
အကင်ဆိုင်ထဲမှာတော့ နှစ်ကုန်ခါနီးဖြစ်လို့ ပျော်ပွဲရွှင်ပွဲ အငွေ့အသက်တွေနဲ့ စည်ကားနေပါတယ်။ အလုပ်ဆင်းလာကြတဲ့ ဝန်ထမ်းတွေနဲ့ ပြည့်နှက်နေတာပါ။
စဉ်းစားကြည့်မှ အခုအချိန်က ကျူရှင်တွေမှာ အရမ်းကို အလုပ်ရှုတ်တဲ့ အချိန်မလား။
“အစ်ကို ဒီည ကျူရှင် သွားမသင်ရဘူးလား”
“ထွက်လိုက်ပြီ”
“ဘာလို့လဲ”
“အကြွေးတွေ အကုန်ဆပ်ပြီးသွားပြီလေ”
ဘီယာက အရင်ရောက်လာပါတယ်။ စီနီယာ ဆန်းယော့က ကျွန်တော်တို့ ဖန်ခွက်တွေထဲကို ဘီယာ ငှဲ့ပေးပါတယ်။
“ကဲ... သောက်ကြစို့”
ခွပ်
ကျွန်တော်တို့ ဖန်ခွက်ချင်း တိုက်လိုက်ကြပါတယ်။ အေးစက်နေတဲ့ ဘီယာက လည်ချောင်းထဲကို စိမ့်ဝင်သွားတာ အရမ်းကို နေလို့ကောင်းပါတယ်။
“အစ်ကို့မှာ အကြွေး ဝမ် သန်း ၂၀ လောက် ကျန်သေးတယ် ဆို။ ဘယ်တုန်းက အကုန်ဆပ်လိုက်တာလဲ”
ကျွန်တော့်အမေးကို စီနီယာ ဆန်းယော့က ကျွန်တော့်ကို ကြည့်ပြီး ပြောတယ်။
“ဒါတွေ အားလုံးက မင်းကြောင့်ပါပဲ”
“ဘာကို ဆိုလိုတာလဲ။ အစ်ကို”
“L6 က ထုတ်လုပ်မှု ရပ်ဆိုင်းသွားနိုင်တယ်ဆိုတာ မင်းပဲ ပြောခဲ့တာလေ။ အဲဒါကို ကြားပြီးနောက်မှာ ငါကိုယ်တိုင် လေ့လာကြည့်ခဲ့တယ်။ မင်းပြောသလိုပဲ ပေါက်ကွဲမှုတွေ အများကြီး ဖြစ်ခဲ့တာကို ငါ အတည်ပြုနိုင်ခဲ့တယ်”
တက်ဂယူနဲ့ ကျွန်တော် အံ့သြတကြီး ကြည့်လိုက်မိပါတယ်။
“မဖြစ်နိုင်တာ…. အစ်ကိုလည်း ဆိုဆောင်း အီလက်ထရောနစ် ရဲ့ Put options တွေကို ဝယ်ခဲ့တာလား”
စီနီယာ ဆန်းယော့က ခေါင်းခါပြပါတယ်။
“မဟုတ်ဘူး။ ငါ သေချာ စဉ်းစားကြည့်တော့ ထုတ်လုပ်မှု ရပ်ဆိုင်းသွားတဲ့အထိတော့ ဖြစ်လိမ့်မယ်လို့ မထင်ခဲ့ဘူး”
“…”
ဒါက သာမန် ဆင်ခြင်တုံတရားပါ။ တစ်နှစ်ကို အလုံးရေ သန်း ၅၀ကျော် ရောင်းရတဲ့ ထိပ်တန်းမော်ဒယ်ကို ရပ်ဆိုင်းလိုက်မယ်လို့ ဘယ်သူက ထင်မှာလဲ။
“ငါကတော့ ပြဿနာတွေ ဆက်ဖြစ်နေရင် ဘတ္ထရီ အစားထိုးတဲ့ဘက်ကိုပဲ ဦးတည်သွားမယ်လို့ တွက်ခဲ့တာ။ အဲဒီလို မဟုတ်ခဲ့ရင်တောင် L6 အရောင်းမှာ အနှောင့်အယှက် ဖြစ်လာရင် ဒါမှမဟုတ် ယုံကြည်မှု ကျဆင်းသွားရင် ဘတ္ထရီ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက အထိနာဆုံး ဖြစ်မှာ မဟုတ်လား”
Recall မကြေညာခင်မှာ ဆိုဆောင်း Electronic ဟာ သူ့ရဲ့ လက်အောက်ခံကုမ္ပဏီဖြစ်တဲ့ ဆိုဆောင်း SB ဆီကနေ L6 ဘတ္ထရီတွေကို တင်သွင်းခဲ့တာပါ။
“ဒါဆို...”
စီနီယာ ဆန်းယော့က ဘီယာတစ်ငုံသောက်ပြီး ပြောပါတယ်။
“အကြွေးတွေ ဆပ်ဖို့ ပိုက်ဆံ သွင်းပြီးတဲ့နောက်မှာ ငါ့အိတ်ထဲမှာ ဝမ် ၇ သိန်းအတိအကျ ကျန်ခဲ့တယ်။ အဲဒါနဲ့ ဆိုဆောင်း SB ရဲ့ Put options တွေကို ဝယ်လိုက်တာ”
သူ့ရဲ့ ဆုံးဖြတ်ချက်က မှန်ကန်ခဲ့ပါတယ်။ IM ဌာန ဥက္ကဋ္ဌ ဂျိုဒုံဂျွန် က ပေါက်ကွဲရတဲ့ အကြောင်းရင်းဟာ ဘတ္ထရီကြောင့်ပါလို့ ကြေညာပြီးတဲ့နောက်မှာ ဆိုဆောင်း SB ရဲ့ စတော့ဈေးက ထိုးကျသွားခဲ့ပါတယ်။
“အဲဒါကနေ ဘယ်လောက်ရခဲ့လဲ”
“ဝမ် သန်း ၁၅၀”
“ဝိုး”
တက်ဂယူက အံ့သြလွန်းလို့ အသက်တောင် ရှူမှားသွားပါတယ်။ ကျွန်တော်လည်း အတူတူပါပဲ။ ဝမ် ၇ သိန်း ရင်းပြီး သန်း ၁၅၀ ရတာလား။ အမြတ်က အဆပေါင်း ၂၀၀ ကျော်ပေါ့။ ဒါကြောင့်ပဲ Options ကို တစ်ခါ စမ်းကြည့်ဖူးတဲ့သူတွေက လက်မလွှတ်နိုင်ကြတာလား။
ဆူဝမ်မှာ တွေ့တုန်းကတောင် ကျွန်တော်က လုံးဝကြီး မယုံကြည်နိုင်သေးတာပါ။ သာမန်လူဆိုရင်တော့ ဒါကို လျစ်လျူရှုလိုက်မှာ သေချာပါတယ်။ ဒါပေမဲ့ သူကတော့ ကျရှုံးနိုင်ခြေကို သတိထားနေရင်းနဲ့တင် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်နိုင်ခဲ့ပါတယ်။
သူက တကယ်ပဲ သာမန်လူ မဟုတ်ဘူး။
“အကြွေးတွေ အကုန်ဆပ်လိုက်ပြီး ကျူရှင်ကနေ ထွက်လိုက်တယ်။ ပြီးတော့ ကုန်တိုက်ကို သွားပြီး ဒီဝတ်စုံကို ဝယ်လိုက်တာ”
“ဘာလို့ ဝတ်စုံ ဝယ်တာလဲ”
“အင်တာဗျူးသွားရင် ဝတ်စုံဝတ်ရတာ ထုံးစံပဲလေ”
“ဒီနေ့ အလုပ်အင်တာဗျူး ရှိလို့လား”
စီနီယာ ဆန်းယော့က ပြန်မဖြေဘဲ မေးခွန်းတစ်ခု ပြန်မေးပါတယ်။
“အဲဒါထက်... မင်းတို့ရော ဘယ်လောက်ရလိုက်လဲ”
“အဲဒါက... ဟိုလေ...”
ဘယ်လောက်လို့ ပြောရမလဲ။ ဝမ်သန်း ၁၀,၀၀၀လို့ ပြောရင်တောင် များနေပြီ မဟုတ်လား။
ကျွန်တော် တွန့်ဆုတ်နေတုန်းမှာပဲ စီနီယာ ဆန်းယော့က ပြောပါတယ်
- “အကြမ်းဖျင်း တွက်ကြည့်ရင် ဝမ် သန်း ၅၀၀,၀၀၀လောက် ဖြစ်မယ် ထင်တယ်။ ဟုတ်တယ်မလား”
“အစ်ကို ဘယ်လိုလုပ်ပြီး... အား”
ကျွန်တော်က တိုးတိုးနေဖို့ အချက်ပြရင်း တက်ဂယူရဲ့ နံဘေးကို လက်နဲ့ တို့လိုက်ပါတယ်။ စီနီယာ ဆန်းယော့က ကျွန်တော်တို့ မျက်နှာကို ကြည့်ရင်း ပြောပါတယ်။
“ငွေကြေးလောကက သူငယ်ချင်းတစ်ယောက်ဆီကနေ ငါ သိလိုက်တာ။ ဒီဖြစ်ရပ် မတိုင်ခင်မှာ နိုင်ငံခြား ကုမ္ပဏီတစ်ခုက ဆိုဆောင်း အီလက်ထရောနစ် ရဲ့ Put options တွေကို သိမ်းကျုံး ဝယ်သွားတယ်ဆိုတာလေ။ အဲဒါ မင်းတို့ ဖြစ်နေမလားလို့ပါ”
ကျွန်တော် ခေါင်းခါလိုက်ပါတယ်။
“မ-မဖြစ်နိုင်တာ။ အဲဒီလောက်အထိ ဝယ်ဖို့ ကျွန်တော်တို့မှာ ဘယ်က ပိုက်ဆံရှိမှာလဲ”
“ဟုတ်တယ်၊ ငါလည်း အဲဒီလိုပဲ ထင်ခဲ့တာ။ ဒါပေမဲ့...”
စီနီယာ ဆန်းယော့က တက်ဂယူကို ညွှန်ပြပါတယ်။
“ဒီကောင့်မှာ ဘန့်ကွိုင် ၁၀,၀၀၀ လောက် ရှိတယ်၊ ဒါပေမဲ့ Key ပျောက်နေတယ်လို့ ပြောခဲ့တယ်လေ။ တကယ်လို့ သူသာ အဲဒီ Key ကို ပြန်ရှာတွေ့သွားရင်ရော။ အဲဒီလောက် ပမာဏဆိုရင် Put options တွေကို သိမ်းဝယ်ဖို့ လုံလောက်တာပေါ့၊ မဟုတ်ဘူးလား”
“…”
ဒီလူမှာလည်း စွမ်းအားတစ်ခုခု ရှိနေတာလားလို့ ကျွန်တော် ခဏလောက် တွေးမိသွားပါတယ်။ သတင်းအချက်အလက် တချို့နဲ့တင် ဒါတွေကို အကုန် ရိပ်မိသွားတာလား။ ခန့်မှန်းချက်တွေဆိုပေမဲ့ တကယ်ကို ကွက်တိမှန်နေတာပါ။
ကျွန်တော် ရယ်မောရင်း လက်ကာပြလိုက်ပါတယ်။
“အစ်ကိုကလည်း... အတည်ပေါက်ကြီးနောက်နေပြန်ပြီ...”
စီနီယာ ဆန်းယော့က တည်တည်ငြိမ်ငြိမ်ပဲ ဘီယာသောက်ရင်း ပြောပါတယ်။
“ငါ့သူငယ်ချင်း ပြောပြချက်အရတော့ အဲဒီ Put options တွေကို ဝယ်သွားတဲ့ ကုမ္ပဏီက ဂျပန်ကုမ္ပဏီ ဖြစ်ဖို့ များတယ်တဲ့”
“ဂျပန်ကုမ္ပဏီဟုတ်လား။ အဲဒါက ကျွန်တော်တို့နဲ့ ဘာဆိုင်လို့လဲ...”
“ဘာလို့လဲဆိုတော့ အဲဒီကုမ္ပဏီနာမည်က OTK Company မလို့ပေါ့ကွာ”
“…”
စီနီယာ ဆန်းယော့က တက်ဂယူကို ထပ်ပြီး ညွှန်ပြပါတယ်။
“မင်းသူငယ်ချင်း နာမည်က အိုတက်ဂယူ (Oh Taek-gyu) မဟုတ်လား”
အဟွတ်။ အဟွတ်
ဘီယာသောက်နေတဲ့ တက်ဂယူတောင် သီးသွားပါတယ်။ ဒီလောက်အထိ သိနေပြီဆိုမှတော့ ဆက်ပြီး ငြင်းနေလို့လည်း အပိုပါပဲ။
ကျွန်တော် အားမလိုအားမရ ရယ်လိုက်ပြီး ပြောလိုက်တယ်။
“ခန့်မှန်းချက်ကတော့ အံ့သြစရာပဲ။ အစ်ကိုရာ”
“မအံ့သြပါနဲ့။ ဖြစ်နိုင်ခြေတွေကို ငါ ဆွဲထုတ်လိုက်ရုံပါ”
ဝက်ဝံလို ကိုယ်လုံးကိုယ်ထည်နဲ့ ဖြစ်ပေမဲ့ သူဟာ တကယ်ကို ဉာဏ်ထက်မြက်သူပါ။ ဒီလူက ကိုရီးယား တက္ကသိုလ်မှာတောင် ပါရမီရှင်လို့ အသိအမှတ်ပြုခံထားရတာကို ကျွန်တော် ခဏ မေ့သွားခဲ့တာလေ။
ကျွန်တော် ဘီယာဖန်ခွက်ကို ချလိုက်ပြီး စီနီယာ ဆန်းယော့ကို ကြည့်လိုက်ပါတယ်။
“ဒါကြောင့်မလို့ ကျွန်တော်တို့ကို တွေ့ချင်တာလား”
“မင်းတို့ ကျေးဇူးကြောင့် အကြွေးတွေ အကုန်ကျေသွားပြီဆိုတော့ ကျေးဇူးတင်စကား ပြောချင်လို့ပါ”
တကယ်လို့ အမှန်တရားသာ ပေါက်ကြားသွားရင် ကျွန်တော်တို့ နာမည်တွေက မနက်ဖြန် သတင်းစာ မျက်နှာဖုံးမှာ ပါလာမှာ သေချာပါတယ်။ စတော့ဈေးကွက် ပြိုလဲချိန်မှာ ကံထူးသွားတဲ့ အသက် ၂၀ ကျော် လူငယ်တွေဆိုပြီးပေါ့။ တစ်နေ့မှာတော့ ရင်ဆိုင်ရမှာ ဖြစ်ပေမဲ့ အခုတော့ မဟုတ်သေးပါဘူး။
“အစ်ကို။ ဒါကို လျှို့ဝှက်ပေးထားလို့ ရမလား”
စီနီယာ ဆန်းယော့က သူ့နှုတ်ခမ်းကို ဇစ်ဆွဲပြတဲ့ ပုံစံ လုပ်ပြပါတယ်။
“ရတာပေါ့။ ကလပ်ရဲ့ ဥက္ကဋ္ဌဟောင်း တစ်ယောက်အနေနဲ့ ငါ ကတိပေးပါတယ်”
သူက နှုတ်ထိန်းတတ်တဲ့သူမလို့ ယုံကြည်လို့ ရပါတယ်။ ဒါကို တခြားမှာ သွားပြောရင်တောင် ဘယ်သူမှ ယုံမှာ မဟုတ်ပါဘူး။
အဲဒီအချိန်မှာပဲ မီးသွေးတွေ ရောက်လာပြီး အသားတွေ ရောက်လာပါတယ်။
ရှဲ
တိတ်ဆိတ်နေတဲ့ ကြားထဲမှာ အသားကင်သံက ဟိန်းထွက်နေတာပါ။
စီနီယာ ဆန်းယော့က ကျက်ခါစ အသားတစ်ပြားကို မြှောက်ပြပြီး မေးတယ်။
“အခု ဘာဆက်လုပ်ဖို့ အစီအစဉ် ရှိလဲ”
“ဘာကို ဆိုလိုတာလဲ။ အစ်ကို”
“ငွေတွေကတော့ အဆင်သင့် ဖြစ်နေပြီဆိုတော့ အခုကစပြီး တကယ့် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တော့မှာ မဟုတ်လား”
“…”
အစ်ကို ဘယ်လိုသိတာလဲ။
ကျွန်တော့်ရဲ့ အတွေးတွေကို အဖောက်ခံလိုက်ရသလိုမျိုး ရှက်တောင် ရှက်မိပါတယ်။ အစ်ကို့မှာ တကယ်ပဲ စွမ်းအားတွေ ရှိနေတာလား။
“ဘာလို့ အဲဒီလို ထင်တာလဲ”
“အဲဒီလို မဟုတ်ရင် ကုမ္ပဏီ ထောင်နေစရာ အကြောင်း မရှိဘူးလေ”
“အာ...”
တကယ်တော့ ကုမ္ပဏီထောင်တာက ရင်းနှီးမြှုပ်နှံဖို့ မဟုတ်ဘဲ ဘန့်ကွိုင် ရောင်းဖို့ တက်ဂယူ ထောင်ထားတာပါ။ အခြေအနေကို မသိတဲ့သူအဖို့တော့ အဲဒီလို ထင်စရာပါပဲ။
စီနီယာ ဆန်းယော့က ကျွန်တော့်ကို ကြည့်ပြီး ပြောပါတယ်။
“ဂျင်ဟူ...ကျောင်းတုန်းကတည်းက မင်းက တစ်နေ့မှာ အကြီးအကျယ် လုပ်ပြမယ့်သူဆိုတာငါ သိပါတယ်။ ဒါပေမဲ့ ဒီလောက်အထိ ကြီးကျယ်တဲ့ အရာမျိုး လုပ်ပြနိုင်လိမ့်မယ်လို့တော့ ငါ မထင်ထားခဲ့ဘူး”
“တကယ်လား”
ကျွန်တော် ကျောင်းသားဘဝတုန်းကတော့ အခုလို မဟုတ်ဘဲ သာမန် ကျောင်းသားတစ်ယောက်ပဲ ဖြစ်ခဲ့တာပါ။
“ဈေးကွက်ကို အနိုင်ယူဖို့ဆိုတာ တွက်ချက်မှုတွေ၊ ခွဲခြမ်းစိတ်ဖြာမှုတွေထက် ပိုတဲ့အရာတစ်ခု လိုအပ်တယ်။ အဲဒါက ကံတရား၊ အလိုလိုသိစိတ် ဒါမှမဟုတ် ထိုးထွင်းသိမြင်မှုလို့ ခေါ်ရမယ်”
စီနီယာ ဆန်းယော့က ဘီယာကို သောက်ရင်း ဆက်ပြောပါတယ်။
“မင်းသိတဲ့အတိုင်း ငါက ကုမ္ပဏီတစ်ခုရဲ့ တကယ့်တန်ဖိုး၊ စတော့အတက်အကျ၊ ဂရပ်ဖ်တွေနဲ့ လမ်းကြောင်းတွေကို သင်္ချာနည်းအရ ခွဲခြမ်းစိတ်ဖြာပြီး ရင်းနှီးမြှုပ်နှံခဲ့တာ။ ယေဘုယျအားဖြင့်တော့ ငါ အောင်မြင်ခဲ့ပါတယ်”
သူ့ရဲ့ သင်္ချာပါရမီကို သုံးပြီး အမြတ်အများဆုံးရအောင်နဲ့ အရှုံးအနည်းဆုံးဖြစ်အောင် ကိုယ်ပိုင် နည်းလမ်းတွေ ဖန်တီးခဲ့တာလေ။
“ဒါပေမဲ့ နောက်ဆုံးမှာ ငါ ရှုံးနိမ့်ခဲ့တယ်။ ဘာလို့လဲဆိုတာ မင်း သိလား”
“ကံမကောင်းခဲ့လို့လား။ အစ်ကို”
သူ ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီက လိမ်လည်ခံရပြီး ဝမ် သန်းထောင်ပေါင်းများစွာ ဆုံးရှုံးသွားလိမ့်မယ်လို့ ဘယ်သူမှ မထင်ခဲ့မိခဲ့တာ အမှန်ပါ။
“ကံတရားကြောင့်လည်း ဖြစ်နိုင်ပါတယ်... ဒါပေမဲ့ လုံးဝတော့ မမှန်ဘူး။ ကံကောင်းတယ်ဆိုတာ ဘာလဲ။ ငါ့မှာ ဘာလို့ အဲဒီကံ မရှိတာလဲ။ ဒါကို နားလည်ဖို့ ငါ့မှာ အချိန်အကြာကြီး ယူခဲ့ရတယ်။ ဈေးကွက်ထဲမှာ တွက်ချက်လို့မရတဲ့ အရာတွေ အများကြီး ရှိတယ်။ အဲဒီမှာ လူတွေရဲ့ စိတ်ခံစားချက်တွေနဲ့ မရေမတွက်နိုင်တဲ့ ပြောင်းလဲမှုတွေက ရောထွေးနေတာလေ။ ဒါတွေကို သင်္ချာနည်းနဲ့ အကုန်ဖြေရှင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကြယ်တာရာတွေရဲ့ ရွေ့လျားမှုကို တွက်ချက်နိုင်ပေမဲ့ လူတွေရဲ့ ရူးသွပ်မှုကိုတော့ မတွက်ချက်နိုင်ဘူးကွ”
ကျွန်တော် ခေါင်းငြိမ့်လိုက်ပါတယ်။
“အဲဒါ အိုင်ဆက် နယူတန် ပြောခဲ့တဲ့ စကားပဲ” လို့ တက်ဂယူက ဝင်ပြောပါတယ်။
“ကမ္ဘာ့ဆွဲအားကို ရှာဖွေတွေ့ရှိခဲ့တဲ့သူလား”
“အင်း။ အဲဒါက ငွေကြေးလောကမှာ အရမ်းနာမည်ကြီးတဲ့ စကားပဲ”
နယူတန်က ရူပဗေဒပညာရှင်အဖြစ် နာမည်ကြီးပေမဲ့ တခြားနယ်ပယ်တွေမှာလည်း ကျွမ်းကျင်ပါတယ်။ ဒါပေမဲ့ အဲဒီစကားကိုတော့ သူ South Sea Company မှာ ရင်းနှီးမြှုပ်နှံပြီး ပိုင်ဆိုင်မှုတွေ အကုန်ဆုံးရှုံးသွားပြီးမှ ပြောခဲ့တာပါ။
ဈေးကွက်ကို အုပ်စိုးနေတာက ကြောက်ရွံ့မှုနဲ့ ရူးသွပ်မှုတွေ ရောပြွမ်းနေတာပါ။ ဘယ်လောက်ပဲ ဆင်ခြင်တုံတရားရှိတဲ့သူ ဖြစ်ပါစေ၊ အဲဒီကြားထဲမှာ တည်တည်ငြိမ်ငြိမ်နဲ့ အမှန်တရားကို မြင်ဖို့ဆိုတာ တကယ်ကို ခက်ခဲပါတယ်။
“ဂျင်ဟူ... မင်းမှာ အဲဒီလို အလိုလိုသိစိတ်မျိုး ရှိတယ်။ ဒါကြောင့်လည်း မင်းကို နောက်တက်မယ့် ဥက္ကဋ္ဌအဖြစ် ငါ ရွေးခဲ့တာပေါ့”
စီနီယာက သူ့ဖန်ခွက်ကို အကုန်သောက်ပြီးတဲ့နောက်မှာ သူ့ရဲ့ တာဝန်တွေကို ကျွန်တော် ဆက်ယူရမယ်လို့ သတိပေးခဲ့တာကို သတိရသွားပါတယ်။
စီနီယာ ဆန်းယော့က ဘီယာကို တစ်ကျိုက်တည်း အကုန်မော့ချလိုက်ပါတယ်။
“ကဲ... အခုတော့ ရလဒ်ကို ပြောပြတော့”
“ဘာရလဒ်လဲ။ အစ်ကို”
“ဒီနေ့ ဝတ်စုံဝတ်လာတာ အင်တာဗျူး လာတာလို့ ငါ ပြောထားတယ်လေ”
ကျွန်တော် တော်တော်လေး အံ့သြသွားပါတယ်။ သူပြောတဲ့ အင်တာဗျူးက ဒီနေရာမှာ ဖြစ်နေတာလား။
ကျွန်တော် ယုံကြည်အားကိုးခဲ့ရတဲ့ စီနီယာက အခု ကျွန်တော့်ဆီမှာ အလုပ်ခန့်ဖို့ တောင်းဆိုနေတာပါ။
“ဘယ်လိုလဲ”
ကျွန်တော် တက်ဂယူကို မျက်ရိပ်ပြလိုက်တော့ တက်ဂယူက အကြည့်နဲ့ပဲ ပြန်ဖြေပါတယ်။
“စီအီးအိုပဲ ဆုံးဖြတ်လေ”
ဟုတ်ပါတယ်၊ ဆုံးဖြတ်ချက်ချဖို့က စီအီးအိုရဲ့ တာဝန်ပါ။
ကျွန်တော် ဆင်ခြင်တုံတရားနဲ့ စဉ်းစားပါတယ်။
ကျွန်တော့်မှာ ဝမ် သန်း ၆၇၂,၀၀၀လောက် ရှိနေပေမဲ့ ဝမ် သိန်း ကုဋေ ပေါင်းများစွာကို ကိုင်တွယ်နေတဲ့ ငွေကြေးဘီလူးကြီးတွေနဲ့ ယှဉ်ရင်တော့ ဘာမှ မဟုတ်သေးပါဘူး။
ကျွန်တော့်မှာ 'အနာဂတ်ကြိုမြင်နိုင်စွမ်း' ဆိုတဲ့ Cheat code ရှိနေပေမဲ့၊ အသက် ၂၀ ကျော် လူငယ် နှစ်ယောက်တည်းနဲ့ ဒီလောကမှာ ရပ်တည်ဖို့ဆိုတာ ထင်သလောက် မလွယ်ပါဘူး။ ဒါကြောင့်ပဲ အစ်မ ဟျွန်းဂျူးဆီက အကူအညီ တောင်းခဲ့တာပေါ့။
ရင်းနှီးမြှုပ်နှံမှုဆိုတာ ကိန်းဂဏန်းတွေရဲ့ တိုက်ပွဲပါ။ ကုမ္ပဏီတွေရဲ့ ငွေစာရင်းတွေ၊ အစီရင်ခံစာတွေမှာ ကိန်းဂဏန်းတွေ ပြည့်နှက်နေသလို၊ အဆင့်မြင့် ငွေကြေးအင်ဂျင်နီယာပညာရပ်တွေနဲ့ Derivative productsသစ်တွေ ဖန်တီးနေကြတာပါ။
စီနီယာ ဆန်းယော့က ကိုရီးယား တက္ကသိုလ်ရဲ့ သင်္ချာဌာနက ဖြစ်ပြီး တက္ကသိုလ်မှာတောင် ပါရမီရှင်လို့ တင်စားခံရလောက်အောင် သင်္ချာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုမှာ ထူးချွန်ပါတယ်။ သူသာ ရှိရင် ကျွန်တော် လုပ်မယ့် အလုပ်တွေမှာ အများကြီး အထောက်အကူ ဖြစ်မှာပါ။
ကျွန်တော်ကလည်း တစ်ယောက်ယောက်ကို လိုအပ်နေတာ ဖြစ်သလို ဒီလောက် အရည်အချင်းရှိတဲ့သူက ကိုယ့်ဘာကိုယ် လာပြီး ကမ်းလှမ်းတယ်ဆိုတာ မဆိုးဘူး မဟုတ်လား။
“အစ်ကို။ တကယ်ပြောနေတာလား”
စီနီယာဆန်းယော့က လေးလေးနက်နက် ခေါင်းငြိမ့်ပါတယ်။
“တကယ်ပေါ့ဟ”
သူ့ရဲ့ မျက်နှာက အခုတော့ တည်ငြိမ်ပြီး ခိုင်မာနေပါတယ်။ ပခုံးကို ဆန့်ပြီး ခေါင်းကို မော့ထားတာက တကယ့်ကို အင်တာဗျူးဖြေဖို့ အဆင်သင့်ဖြစ်နေတဲ့ ဝန်ထမ်းသစ် တစ်ယောက်လိုပါပဲ။ ဝတ်စုံဝတ်လာကတည်းက သူဟာ ဒီနေရာအတွက် ပြင်ဆင်လာခဲ့တာပါ။
ဒီမိုကရေစီမှာတော့ လူတစ်ယောက်ကို မဲတစ်မဲပဲ ရှိပေမဲ့ အရင်းရှင်စနစ်မှာတော့ တစ်ဒေါ်လာကို မဲတစ်မဲပါ။ ပိုက်ဆံ ပိုရှိတဲ့သူက ပိုပြီး အသာစီးရတာပါ။
အနှစ်ချုပ်ပြောရရင် သူ ကျွန်တော့်ကို ဆက်သွယ်လာတာဟာ ကျွန်တော့်မှာ ဝမ် သန်းထောင်နဲ့ချီ ရှိနေလို့ပါပဲ။
တချို့ကတော့ ဒါကို ကျွန်တော့်ဆီကနေ အကျိုးအမြတ် လာယူတယ်လို့ မြင်နိုင်ပေမဲ့ ကျွန်တော်ကတော့ အဲဒီအချက်ကိုပဲ သဘောကျပါတယ်။ ပိုက်ဆံရမယ့် အခွင့်အရေးကို သိမြင်ပြီး ဆုပ်ကိုင်နိုင်တာဟာ ငွေကြေးလောကမှာ ရှိရမယ့် အခြေခံ စွမ်းရည်ပဲ မဟုတ်လား။
ကိုရီးယား တက္ကသိုလ်၊ သင်္ချာဌာန၊ ပတ်ဆန်းယော့။
အနာဂတ်ကြိုမြင်နိုင်စွမ်းကို ဖယ်လိုက်ရင် သူဟာ ကျွန်တော့်ထက် အစစအရာရာ သာလွန်ပါတယ်။ ဒီလိုလူမျိုးကို ကျွန်တော် တကယ်ပဲ ခေါ်ထားနိုင်ပါ့မလား။
“ကျွန်တော်က OTK Company ရဲ့ လက်ရှိ စီအီးအို ပါ။ ကျွန်တော့်ရဲ့ ရည်မှန်းချက်အတိုင်း ရေထဲက ငါးလို ကျွမ်းကျင်စွာ လှုပ်ရှားပေးနိုင်မယ့်သူမျိုး လိုအပ်ပါတယ်။ အစ်ကို အဲဒါကို ကောင်းကောင်း လုပ်နိုင်မယ်လို့ ထင်လား”
“မင်းက ငါ့ရဲ့ ကျောင်းက စီနီယာ ဖြစ်နေရင်တောင် အလုပ်ကိစ္စမှာတော့ ပြတ်ပြတ်သားသား ခွဲခြားထားမှာမလို့ မစိုးရိမ်ပါနဲ့။ အသက်ငယ်ပေမဲ့ အရည်အချင်းရှိတဲ့သူရဲ့ လက်အောက်မှာ အလုပ်လုပ်ရတာဟာ အရည်အချင်းမရှိတဲ့သူရဲ့ လက်အောက်မှာ လုပ်ရတာထက် အများကြီး ပိုကောင်းတယ်လို့ ငါ ထင်ပါတယ်”
နောင်မှာ ကျွန်တော်ဟာ ငွေကြေးလောကမှာ ဆယ်စုနှစ်ချီ အတွေ့အကြုံရှိတဲ့ ဝါရင့်ပညာရှင်တွေကိုတောင် ခန့်ရနိုင်ပါတယ်။ အခု ဒီလူကိုတောင် ကျွန်တော် မခေါ်ထားနိုင်ရင် စီအီးအို တစ်ယောက်အဖြစ် အရည်အချင်း မရှိရာ ရောက်မှာပေါ့။
ကျွန်တော် အသေအချာ စဉ်းစားပြီးတဲ့နောက် လက်ကို ကမ်းပေးလိုက်ပါတယ်။
“အင်တာဗျူးအောင်မြင်ပါတယ်။ OTK Company မှ ကြိုဆိုပါတယ်။ အစ်ကို”
အခန်း (၃၀)
အလုပ်ခန့်လိုက်ပြီဆိုတဲ့ စကားကို ကြားပြီးနောက်မှာတော့ စီနီယာ ဆန်းယော့ဟာ စိတ်သက်သာရာရသွားတဲ့ မျက်နှာပေးနဲ့ သက်ပြင်းချလိုက်ပါတယ်။
“ဟူး... အခုမှပဲ အသက်ရှူချောင်တော့တယ်။ တကယ်တော့ ငါ တော်တော်လေး ရင်ခုန်နေခဲ့တာ”
“အခုတော့ စိတ်လျှော့လိုက်ပါတော့။ အစ်ကို။ စိတ်ကြိုက်သာ သောက်တော့ဗျာ”
ကျွန်တော် သူ့ရဲ့ ဖန်ခွက်အလွတ်ထဲကို ဖြည့်ပေးလိုက်ပါတယ်။
စီနီယာ ဆန်းယော့က ရေငတ်နေတဲ့သူလို ဘီယာကို မော့ချလိုက်ပြီး မေးတယ်။
“ငါ မင်းကို ဘယ်လို ခေါ်ရမလဲ။ စီအီးအို လို့ ခေါ်ရမလား။ ဥက္ကဋ္ဌလား။ ဒါမှမဟုတ် အခုကတည်းက ယဉ်ယဉ်ကျေးကျေး စကားပြောရမလား”
ကျွန်တော် ရယ်လိုက်မိပါတယ်။
“အရင်လိုပဲ ခေါ်ပါ။ အစ်ကိုရာ။ နောင်ကျမှ တရားဝင် ရာထူးတွေ သတ်မှတ်ပြီး ဝန်ထမ်းတွေ များလာတဲ့အခါကျမှ အဲဒီကိစ္စကို စဉ်းစားကြတာပေါ့”
“ဒါနဲ့ OTK Company မှာ အခု ဘယ်သူတွေ ရှိသေးလဲ။ ငါတို့ နှစ်ယောက်တည်းတော့ မဟုတ်ပါဘူးနော်”
ကျွန်တော် ခေါင်းခါပြလိုက်ပါတယ်။
“နောက်ထပ် တစ်ယောက် ရှိသေးတယ်။ အစ်ကို”
“ဘယ်သူလဲ”
တက်ဂယူက ဝင်ပြောတယ်။
“ကျွန်တော့်အစ်မ အိုဟျွန်းဂျူးပါ”
အစ်မဟျွန်းဂျူးက လက်ရှိမှာ Golden Gate အာရှဌာနခွဲမှာ အလုပ်လုပ်နေပြီး ကုမ္ပဏီထောင်တာ အပါအဝင် အဖက်ဖက်က ကူညီပေးနေတဲ့အကြောင်း ကျွန်တော် ရှင်းပြလိုက်ပါတယ်။
စီနီယာ ဆန်းယော့က အခုမှပဲ အကုန်လုံးကို နားလည်သွားသလိုမျိုး ခေါင်းငြိမ့်ပါတယ်။
“ဪ... ဒါကြောင့်လည်း မင်းတို့က ဒီလို ကြီးကျယ်တဲ့ အလုပ်တွေကို လုပ်နိုင်ခဲ့တာကိုး”
အစ်မ ဟျွန်းဂျူး ပါဝင်လာဖို့ကတော့ ကိစ္စအားလုံး ပြီးမှ စီစဉ်ထားတာပါ။ ဒါပေမဲ့ အဲဒီအကြောင်းကိုတော့ တဖြည်းဖြည်းချင်းပဲ ပြောဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
“နောင်အတွက်ရော ဘာအစီအစဉ်တွေ ရှိလဲ”
“အဲဒါကိုတော့ တဖြည်းဖြည်း ပြောပြပါ့မယ်။ ဒီနေ့တော့ သောက်ကြတာပေါ့”
ကျွန်တော်တို့ အနီးအနားမှာရှိတဲ့ အရက်ဆိုင်တစ်ဆိုင်ကို ပြောင်းသွားပြီး အမြည်းတွေနဲ့ ဆိုဂျူကို မှာလိုက်ပါတယ်။
ဆိုဂျူ ငှဲ့ပေးရင်း ကျွန်တော် မေးလိုက်တယ်။
“ကျူရှင်မှာ အလုပ်လုပ်ရတာ ဘယ်လိုလဲ။ အစ်ကို။ အစ်ကို့ပုံစံနဲ့ဆိုရင်တော့ တော်တော်လေး အောင်မြင်မယ် ထင်တယ်”
သူက တကယ်တော့ နာမည်ကြီး ဆရာတစ်ယောက်ပါ။ အခြေခံ သင်္ချာတောင် မတတ်တဲ့ ကလေးတစ်ယောက်ကို အမှတ် ၇၀၊ ၈၀ ရအောင် သင်ပေးနိုင်တဲ့သူလေ။ သူ အလုပ်ထွက်မယ်ဆိုတော့ ကျူရှင်ပိုင်ရှင်က ဘောနပ်စ်တွေ တိုးပေးပါ့မယ်ဆိုပြီး တောင်းပန်ခဲ့ရတာပေါ့။ တကယ်ဆို အစကတည်းက တိုးပေးသင့်တာပါ။
သူက တစ်ခုခုကို စလုပ်ပြီဆိုရင် ဆုံးခန်းတိုင်အောင် လုပ်တတ်တဲ့ လူစားမျိုးပါ။ ကျူရှင်ဆရာအဖြစ် ဆက်လုပ်ရင်လည်း တော်တော်လေး အောင်မြင်မှာ သေချာပါတယ်။
အခုခေတ်မှာ နာမည်ကြီး ဆရာတွေဆိုရင် လစာ ဝမ် သန်း ထောင်ချီ ရနေကြတာ မဟုတ်လား။
“အဲဒီအလုပ်ကိုပဲ ဆက်လုပ်ဖို့ မစဉ်းစားဘူးလား” လို့ ကျွန်တော် မေးတော့ စီနီယာဆန်းယော့က တဟားဟား ရယ်ပါတယ်။
“ငါ့ခန္ဓာကိုယ်က ဒီအတိုင်း ငြိမ်ငြိမ်မနေနိုင်လို့ပါကွာ။ မကြာသေးမီ နှစ်တွေအတွင်းမှာ ကမ္ဘာကြီးက အများကြီး ပြောင်းလဲသွားပြီ။ ရှေ့လျှောက်လည်း ပိုပြီး ပြောင်းလဲဦးမှာ။ ဈေးကွက်က တက်နေတာပဲဖြစ်ဖြစ် ကျနေတာပဲဖြစ်ဖြစ် ရှာတတ်ရင် အခွင့်အရေးတွေက အများကြီးရှိတယ်။ ဒါပေမဲ့ တကယ့် အခွင့်အရေးကြီးတွေကတော့ အလွယ်တကူ မလာဘူး”
“အခွင့်အရေးကြီးတွေ ဟုတ်လား”
ကျွန်တော့်အမေးကို စီနီယာဆန်းယော့က ခေါင်းငြိမ့် ထောက်ခံပါတယ်။
“အခုတလော ဖြစ်ပျက်နေတာတွေက အရင်နဲ့ လုံးဝ မတူဘူး။ ကုမ္ပဏီတစ်ခု ကောင်းခြင်း၊ မကောင်းခြင်း ကိစ္စတင် မဟုတ်ဘူး၊ စက်မှုလုပ်ငန်း တစ်ခုလုံးကို ပြန်လည် တည်ဆောက်နေတဲ့ ဖြစ်စဉ်ကြီး ဖြစ်ပျက်နေတာကွ”
တက်ဂယူက မေးတော့ စီနီယာ ဆန်းယော့က သူ့ရဲ့ စမတ်ဖုန်းကို မြှောက်ပြပါတယ်။
“ဒါက အကောင်းဆုံး ဥပမာပဲ။ အစက Apple က iPhone ကို ထုတ်တုန်းက ဈေးကွက်ထဲက နာမည်ကြီးတွေက လှောင်ပြောင်ခဲ့ကြတာလေ။ အရင်ဖုန်းတွေနဲ့လည်း လုပ်လို့ရတာကို ဘာလို့ ပိုက်ဆံအကုန်ခံပြီး ဒါကို သုံးရမှာလဲလို့ ထင်ခဲ့ကြတယ်။ ဒါပေမဲ့ အခုရော ဘယ်လိုလဲ”
[အင်္ဂလိပ်ဘာသာပြန်မှာ Appleရဲ့ iphoneလို့ပဲ သုံးသွားတာပါ။ ရှေ့အပိုင်းတွေမှာလို nphoneလို့မရေးတာမလို့ အင်္ဂလိပ်ဘာသာပြန်ကအတိုင်းပဲ ရေးထားပါတယ်။]
၁၀ နှစ်တောင် မပြည့်ခင်မှာ စမတ်ဖုန်းတွေဟာ Feature phonesတွေကို နေရာဖယ်ခိုင်းပြီး နေ့စဉ်ဘဝရဲ့ မရှိမဖြစ် ပစ္စည်းတွေ ဖြစ်လာခဲ့တယ်။ အဲဒါတင် မကပါဘူး။
ဒစ်ဂျစ်တယ် ကင်မရာတွေ၊ PDA တွေ၊ MP3 player တွေ၊ ဂဏန်းပေါင်းစက်တွေနဲ့ အီလက်ထရွန်နစ် အဘိဓာန်တွေလိုမျိုး သီးသန့်ပစ္စည်းတွေတောင် စမတ်ဖုန်းကြောင့် ဈေးကွက်ထဲက ပျောက်ကွယ်သွားခဲ့ရပါတယ်။
ပါရမီရှင်တွေက ကမ္ဘာကြီးကို ပြောင်းလဲကြတယ်။ ဒါပေမဲ့ သာမန်လူတွေကတော့ ကမ္ဘာကြီး အကုန်ပြောင်းလဲသွားမှပဲ သိကြတာပါ။ ဒါပေမဲ့ ကိုယ်က ပါရမီရှင် မဟုတ်ရင်တောင်မှ အပြောင်းအလဲရဲ့ လမ်းကြောင်းကို ဖတ်တတ်ရင်တော့ အဲဒီလှိုင်းကို စီးနင်းလို့ ရပါတယ်။
“အခုအချိန်က အဲဒီလို အခွင့်အရေးမျိုးလို့ ထင်တာလား။ အစ်ကို”
စီနီယာ ဆန်းယော့က ပခုံးတွန့်ပြပါတယ်။
“မင်းရော ဘယ်လို ထင်လဲ”
“ကျွန်တော်လည်း အတူတူပါပဲ”
စက်မှုလုပ်ငန်းသစ်တစ်ခု ပေါ်ထွက်လာတာဟာ လုပ်ငန်းရှင်တွေရော၊ ရင်းနှီးမြှုပ်နှံသူတွေအတွက်ပါ အခွင့်အရေးကြီး တစ်ခုပါပဲ။
စီနီယာက ကျူရှင်မှာ ကလေးတွေကိုပဲ စာသင်နေတယ် ထင်ရပေမဲ့ ဈေးကွက်ကိုတော့ သေသေချာချာ စောင့်ကြည့်နေခဲ့တာပဲ။
ကျွန်တော် ဖန်ခွက်ကို မြှောက်ပြီး ပြောလိုက်တယ်။
“ကဲ... ချကြစို့။ OTK Company အတွက်”
“OTK အတွက်”
ကျွန်တော်တို့ မိုးလင်းတဲ့အထိ အတိတ်က အကြောင်းတွေကို ပြောရင်း သောက်ခဲ့ကြပါတယ်။
နိုးလာတော့ ကျွန်တော် ကြမ်းပြင်ပေါ်မှာ ပက်လက်ကြီး ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။
“အား... ကျွတ်”
အိပ်ရာပေါ်မှာ မဟုတ်ဘဲ မာကျောတဲ့ ကြမ်းပြင်ပေါ်မှာ အိပ်လိုက်ရလို့ ခါးတွေ နာနေပါတယ်။ ကျွန်တော်တို့ သုံးယောက်ထဲမှာ ကျွန်တော်က အရင်ဆုံး မှောက်သွားတာ ထင်ပါတယ်။
အိမ်ကို ဘယ်လို ပြန်ရောက်လာလဲတောင် မသိဘူး။ တက္ကစီနဲ့ ပြန်လာတာကိုပဲ ဝေဝေဝါးဝါး မှတ်မိပါတော့တယ်။
ဖုန်းကို ကြည့်လိုက်တော့ Missed callsတွေ အများကြီးပါပဲ။
ရုတ်တရက် ကြည့်လိုက်တော့ ဒီနေ့က ဒီဇင်ဘာ ၃၁ ရက် ဖြစ်နေပါပြီ။ နောက်တစ်နေ့ဆိုရင် နောက်တစ်နှစ်ကို ရောက်တော့မှာပေါ့။ အချိန်တွေ ကုန်တာ တကယ့်ကို မြန်လိုက်တာ။
ကျွန်တော် ဖုန်းခေါ်ဆိုမှုတွေကို စစ်ဆေးကြည့်ပြီး အမေ့ဆီကို အရင်ဆုံး ဖုန်းပြန်ဆက်လိုက်ပါတယ်။
“ဟယ်လို။ အမေ၊ ကျွန်တော်ပါ။ စိတ်မပူပါနဲ့၊ တက်ဂယူနဲ့ ကျွန်တော် အဆင်ပြေပါတယ်။ ခဏနေ အိမ်ကို လာခဲ့ပါ့မယ်။ အမေ မနက်ဖြန် လာမှာလား။ ဟုတ်ကဲ့၊ ကောင်းပါပြီ”
ဒုံတန်မှာ ဝယ်ထားတဲ့ အိမ်သစ်ကို အကြီးအကျယ် ပြုပြင်မွမ်းမံနေတာပါ။ ပိုက်ဆံ ပိုပေးပြီး မြန်မြန်လုပ်ခိုင်းထားပေမဲ့ ပြီးဖို့က တစ်လလောက် လိုပါသေးတယ်။ ဒါကြောင့် အမေကတော့ အရင်အိမ်မှာပဲ ခဏ ထပ်နေဦးမှာပါ။
အမေကတော့ နှစ်သစ်ကူးကို မိသားစုနဲ့ အတူတူ ဖြတ်သန်းချင်တယ်။ မနက်ဖြန် ဟင်းတွေ ယူလာခဲ့မယ်လို့ ပြောပြီး ဖုန်းချသွားပါတယ်။
ကျွန်တော် အရင်ဆုံး ကော်ဖီ ဖျော်လိုက်ပါတယ်။ ဧည့်ခန်းစားပွဲပေါ်မှာတော့ ဖတ်စရာ စာရွက်စာတမ်းတွေ ပုံနေတာပါပဲ။
စိတ်ကူးသစ်တစ်ခု ပေးနိုင်မယ့်အရာ ဘာမှ မတွေ့ရသေးလို့ စိတ်ပျက်မိပါတယ်။ ဒီအတိုင်းပဲ လမ်းပျောက်နေမှာကို စိုးရိမ်မိတာပေါ့။
'တစ်ယောက်ယောက်ကသာ ငါ့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို စနစ်တကျ စုစည်းပြီး ဟိုလိုဂရမ်နဲ့ အရှေ့မှာ ပြပေးရင် ကောင်းမှာပဲ။ ဘယ်မှာ၊ ဘယ်လို ရင်းနှီးမြှုပ်နှံရမလဲဆိုတာမျိုးပေါ့... ငါကပဲ အရမ်း မျှော်လင့်နေတာလား မသိဘူး'
စာရွက်တွေကို ပြန်ဖတ်ဖို့ ပြင်နေတုန်းမှာ တက်ဂယူဟာ အောက်ထပ်ကို ဆင်းလာပါတယ်။
“အား... သေတော့မှာပဲ။ အကြာကြီးနေမှ တစ်ခါ ပြန်သောက်လိုက်ရလို့လား မသိဘူး၊ ခေါင်းကို ကိုက်နေတာပဲ”
သူက နားထင်ကို နှိပ်ရင်း ရေတစ်ပုလင်းလုံးကို မော့ချလိုက်ပါတယ်။
“မင်းဆီ ဖုန်းလာနေတယ် ထင်တယ်နော်။”
ဒီ ဒီ
စားပွဲပေါ်က ဖုန်းက တုန်ခါနေပါတယ်။ မျက်နှာပြင်မှာ ယူရီရဲ့ နာမည် ပေါ်နေတာပါ။ မနက်ပိုင်းကလည်း ယူရီဆီက ဖုန်းတွေ အများကြီး လာထားပေမဲ့ ကျွန်တော် အိပ်နေလို့ မသိလိုက်ပါဘူး။
တက်ဂယူက ဖုန်းကို ကြည့်ပြီး လေးလေးနက်နက် မေးတယ်။
“ယူရီဆိုတာက ဂျပန်မ လား”
“ဘာလို့ ဂျပန်မ ဖြစ်ရမှာလဲ”
ဘယ်လိုတွေ ဘာမဆိုင်ညာမဆိုင် မေးခွန်းကြီးကို လာမေးနေရတာလဲဟ။
ကျွန်တော် ဖုန်းကို မကိုင်ဘဲ နေမလို့ လုပ်ပေမဲ့ တက်ဂယူက အမြန်နှိပ်ပြီး ကျွန်တော့်ဆီ ကမ်းပေးပါတယ်။
“ဘာလို့ မကိုင်တာလဲ။ ကိုင်လိုက်ပါကွာ”
ဒီလို စေတနာတွေနဲ့တိုက်တွန်းတာမျိုးက တကယ်ပဲ လိုအပ်လို့လား။
ကျွန်တော် မတတ်သာဘဲ ဖုန်းကို နားမှာ ကပ်လိုက်ပါတယ်။
“ဟယ်လို”
ချက်ချင်းပဲ အမျိုးသမီးတစ်ယောက်ရဲ့ အသံ ထွက်လာပါတယ်။
“ဟယ်လို။ စီနီယာ။ ကျွန်မ စီးပွားရေးစီမံခန့်ခွဲမှုဌာနက ဂျူနီယာ ရှင်ယူရီ ပါ။ စီနီယာက ကျွန်မဖုန်းနံပါတ်ကို မမှတ်ထားဘူးလား”
“အဲဒါက... အဲဒီလို မဟုတ်ပါဘူး...”
“ဒါဆို ဘာလို့ ကျွန်မဖုန်းတွေကို မကိုင်တာလဲ”
“…”
ဖုန်းမကိုင်တဲ့သူကို ဘာလို့ တဖွဖွ ဆက်နေတာလဲလို့ မေးချင်ပေမဲ့...
“ဪ... ကျွန်တော် စောစောက အိပ်နေလို့ပါ”
“ပြီးခဲ့တဲ့ ရက်တွေကလည်း မကိုင်ဘူးလေ”
“ဟုတ်လား။ တောင်းပန်ပါတယ်”
ဖုန်းတွေ၊ စာတွေ အများကြီး ဝင်ထားပေမဲ့ စိတ်တွေ ရှုပ်နေတာနဲ့ လျစ်လျူရှုထားမိတာပါ။ တစ်နေ့နေ့ ကိစ္စတွေ အကုန်ပြီးသွားမှပဲ ယူရီဆီ ပြန်ဆက်ဖို့ စဉ်းစားထားတာလေ။
ယူရီက လေသံလေး ပျော့သွားပြီး ပြောပါတယ်။
“ထမင်းစားပြီးပြီလား”
“စားတော့မလို့ပဲ”
“အခု ဘယ်မှာလဲ”
“ဆမ်ဆောင်ဒေါင်းမှာပါ”
“ဒါဆို အတူတူ စားကြမလား။ ၂ နာရီလောက်ဆိုရင်ရော ဘယ်လိုသဘောရလဲ”
“အင်း...”
စဉ်းစားကြည့်ရင် L6 ရပ်ဆိုင်းမယ့် သတင်းကို ယူရီကြောင့် သိခဲ့ရတာပါ။ တခြားနေရာကလည်း ဒီသတင်းကို ရနိုင်ကောင်း ရနိုင်ပေမဲ့ ယူရီဆီက အကူအညီ ရခဲ့တာကတော့ အမှန်ပဲလေ။
ယူရီကို တစ်နပ်လောက် ပြန်ကျွေးဖို့လည်း စဉ်းစားထားတာနဲ့ နာရီကို ကြည့်လိုက်တော့ ၂ နာရီထိုးဖို့ တစ်နာရီလောက် လိုပါသေးတယ်။
“ဘယ်မှာ တွေ့မလဲ”
ကျွန်တော့်အမေးကို ယူရီက ပျော်ပျော်ရွှင်ရွှင်ပဲ ပြန်ဖြေတယ်။
“ချောင်ဒမ် က Gallery ကုန်တိုက်ရှေ့မှာ တွေ့ရင် အဆင်ပြေမလား”
“ပြေပါတယ်”
“ဟုတ်ကဲ့။ စီနီယာ။ ခဏနေ တွေ့မယ်နော်”
ဖုန်းချလိုက်တော့ တက်ဂယူက မေးတယ်။
“သူက ဘယ်သူလဲ”
“ကျောင်းက ဂျူနီယာ တစ်ယောက်ပါ”
“ဟ... သီးသန့် အဆက်အသွယ်ရှိတဲ့ ဂျူနီယာပေါ့လေ”
သူ့အကြည့်က အေးစက်သွားပါတယ်။
“အခုလို အရေးကြီးတဲ့ အချိန်မှာ OTK Company ရဲ့ စီအီးအို က ချိန်းတွေ့နေတယ်ပေါ့”
ကျွန်တော် လန့်သွားပြီး….
“ချိန်းတွေ့တာ မဟုတ်ပါဘူးကွာ။ သူက ဂျူနီယာ သက်သက်ပါ”
တက်ဂယူက ကျွန်တော့်ပခုံးကို ပုတ်ပြီး ပြောတယ်။
“ကိုယ့်တာဝန်ကိုယ် မမေ့နဲ့နော်။ သူငယ်ချင်း”
ကျွန်တော်လည်း တိုးတိုးလေး ရေရွတ်လိုက်တယ်။
“ဘာတာဝန်လဲ”
“သွားပါ။ သွားပါ၊ ပြန်လာမှ စကားပြောကြတာပေါ့”
ကျွန်တော် အမြန် ရေမိုးချိုး၊ အင်္ကျီလဲပြီး ဖိနပ်မစီးခင် ပိုက်ဆံအိတ်ကို စစ်ကြည့်လိုက်ပါတယ်။ အိတ်ထဲမှာ ဝမ် တစ်သောင်းတန် သုံးရွက်ပဲ ရှိပါတယ်။ အိမ်ရောင်းထားတဲ့ ပိုက်ဆံတွေ ရှိပေမဲ့ သီးသန့်ကတ်က မရှိသေးဘူးလေ။
ချောင်ဒမ်ဒေါင်းမှာ ထမင်းစားဖို့ဆိုရင်တော့ ဒါက လောက်မှာ မဟုတ်ဘူး။
“ဟေ့ကောင်... ငါ့ကို ပိုက်ဆံ ခဏ ချေးဦး”
တက်ဂယူက အံ့သြသွားတယ်။
“မင်းမှာ ပိုက်ဆံတွေ အများကြီး ရှိတာပဲလေ”
ဝမ်သန်းပေါင်းထောင်နဲ့ချီ ရှိနေလည်း ဘာထူးမှာလဲ၊ အကုန်လုံးက နိုင်ငံခြား အကောင့်တွေထဲမှာလေ။
“ငါ့ဆီမှာ ဝမ် သုံးသောင်းပဲ ပါလို့ပါဟ။ ဝမ် တစ်သိန်းလောက် ချေးဦး။ နောက်မှ ပြန်ပေးမယ်”
တက်ဂယူက မတတ်သာတဲ့ ပုံစံနဲ့ သူ့အိတ်ထဲက ဝမ် ငါးသောင်းတန် နှစ်ရွက်ကို ထုတ်ပေးပါတယ်။
“သေသေချာချာ သုံးနော်။ အပိုတွေ မဖြုန်းနဲ့ဦး”
ဒီကောင့်ဆီက ပိုက်ဆံချေးရမယ့် အခြေအနေ ရောက်လိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး။ ကော်ဖီဆိုင်မှာ အချိန်ပိုင်း အလုပ်တောင် သွားလုပ်ရမလား မသိဘူး။
ဒါပေမဲ့ အခုလောလောဆယ်တော့ ပိုက်ဆံ တစ်ပြားကအစ အရေးကြီးတာမလို့ လက်နှစ်ဖက်နဲ့ ယဉ်ယဉ်ကျေးကျေးပဲ ယူလိုက်ပါတယ်။
“သွားပြီနော်”
Gallery ကုန်တိုက်ဟာ ချောင်ဒမ်ဒေါင်းက နာမည်ကြီး တံဆိပ်တွေ ရှိတဲ့ လမ်းရဲ့ ထိပ်မှာ ရှိပါတယ်။
ကုန်တိုက်ရဲ့ ပထမထပ်မှာတော့ ကမ္ဘာကျော် နာမည်ကြီး တံဆိပ်တွေက ခမ်းနားထည်ဝါစွာ ရှိနေပြီး ကားပါကင်ထဲကိုလည်း ဇိမ်ခံကားတွေ တစ်စီးပြီးတစ်စီး ဝင်နေကြတာပါ။
လမ်းမပေါ်မှာတော့ နှစ်ကုန်ခါနီး အငွေ့အသက်တွေနဲ့ ပြည့်နေပါတယ်။ ခရစ္စမတ် အလှဆင်တာတွေကလည်း ရှိနေတုန်းပဲ။ လူတွေရဲ့ မျက်နှာမှာလည်း ပျော်ရွှင်မှုတွေနဲ့ပေါ့။
ဂန်နမ်ထဲမှာ ဖြစ်ပေမဲ့ ဒီနေရာက ပိုပြီး ချမ်းသာတဲ့ ရပ်ကွက်ဆိုတဲ့ ခံစားချက်ကို ပိုပေးပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ မော်ဒယ်လ်တစ်ယောက်နဲ့ တူတဲ့ အမျိုးသမီးတစ်ယောက်က လမ်းဘေးမှာ ဓာတ်ပုံရိုက်ခံနေပါတယ်။ အွန်လိုင်းရှော့ပင်းတစ်ခုခုအတွက် ရိုက်နေတာ ထင်ပါတယ်။
အနွေးထည်နဲ့ ဓာတ်ပုံ အနည်းငယ် ရိုက်ပြီးနောက်မှာ အနားမှာ ရပ်ထားတဲ့ Benz ကားထဲ ဝင်ပြီး အင်္ကျီလဲကာ ပြန်ထွက်လာပါတယ်။
အံ့သြစရာကောင်းတာက ဒီတစ်ခါမှာတော့ အဲ့ဒီအမျိုးသမီးက လက်တို တီရှပ် အပါးလေး ဝတ်လာတာပါ။ ပူပြင်းတဲ့ နွေရာသီ နေရောင်အောက်မှာ ရောက်နေသလိုမျိုး တက်ကြွတဲ့ ပုံစံနဲ့ ပို့စ် ပေးနေပါတယ်။
ဒီလောက် အေးစက်နေတဲ့ ရာသီဥတုမှာ လက်တိုနဲ့တဲ့။
အနှုတ် ၁၀ ဒီဂရီလောက်မှာ ဒါက ဘာသဘောလဲ။
ပိုက်ဆံရှာရတာ တကယ့်ကို မလွယ်ပါလား။
ဆက်ကြည့်နေတုန်းမှာပဲ လမ်းတစ်ဖက်ကနေ ရင်းနှီးတဲ့ မျက်နှာတစ်ခု ပေါ်လာပါတယ်။ ဂျင်းဘောင်းဘီ အပြာကျပ်ကျပ်၊ အဖြူရောင် သိုးမွှေးအင်္ကျီ နဲ့ အပေါ်က ကုတ်အင်္ကျီတစ်ထည် ဝတ်ထားပါတယ်။ ဖိနပ်ကတော့ အနက်ရောင် Loafers လေးပါ။
အရင်တစ်ခါနဲ့ မတူတာကတော့ ယူရီရဲ့ ရွှေအိုရောင် ဆံပင်တွေကို မြင်းမြီးပုံစံ စည်းထားတာပါပဲ။ ယူရီ လမ်းလျှောက်လာတဲ့အခါ အဲဒီဆံပင်လေးက ယိမ်းခါနေပြီး ဖြူဖွေးနေတဲ့ လည်တိုင်လေးက ပေါ်နေပါတယ်။
ဆံပင်အရောင်ကြောင့်ရော ယူရီရဲ့ ရုပ်ရည်ကြောင့်ရော တကယ်ကို ထင်ရှားနေတာပါ။
ကျွန်တော် တစ်ယောက်ထဲ ဒီလို ထင်တာ မဟုတ်ဘူးထင်တယ်၊ လမ်းသွားလမ်းလာတွေရော၊ လက်ချင်းချိတ်ထားတဲ့ စုံတွဲတွေတောင် ယူရီကို လှည့်ကြည့်သွားကြပါတယ်။
ယူရီကတော့ တကယ်ကို လှတာပါ။
ယူရီက ကျွန်တော့်ရှေ့မှာ ရပ်လိုက်ပြီး ခေါင်းလေး အနည်းငယ် ညွှတ်ပြပါတယ်။
“မင်္ဂလာပါ စီနီယာ။ စောင့်နေရတာ ကြာပြီလား”
“အခုလေးတင် ရောက်တာပါ။ ဘာစားချင်လဲ”
ယူရီက အရမ်းဈေးကြီးတဲ့ ဆိုင်သွားရအောင်လို့တော့ မပြောလောက်ပါဘူးနော်။
တကယ်လို့ အဲဒီလိုဆိုရင်တော့ ပိုက်ဆံ မျှရှင်းမှ ဖြစ်တော့မယ်။
“အေးနေတာဆိုတော့ ပူပူနွေးနွေး အူဒုံ ခေါက်ဆွဲ စားကြမလား။ ဒီနားမှာ နာမည်ကြီးတဲ့ ဆိုင်တစ်ဆိုင် ရှိတယ်”
“အူဒုံ လား”
“မကြိုက်လို့လား”
“မဟုတ်ပါဘူး၊ ကြိုက်ပါတယ်”
မထင်မှတ်ဘဲ ဈေးသက်သာတဲ့ အစားအစာကို ရွေးလိုက်တာပဲ။ ချီးကျူးစရာပါ။
အူဒုံဆိုင်က ကုန်တိုက်နားက လမ်းကြားထဲမှာ ရှိပါတယ်။ ထမင်းစားချိန် ကျော်နေပြီ ဖြစ်ပေမဲ့ ဆိုင်ရှေ့မှာ လူတွေ တန်းစီနေတုန်းပါပဲ။ အဲဒီထဲမှာ ဂျပန်လူမျိုး အချို့ကိုလည်း တွေ့ရပါတယ်။
ထူးဆန်းလို့ ကျွန်တော် မေးလိုက်တယ်။
“ကိုရီးယား အူဒုံဆိုင်မှာ ဂျပန်လူမျိုးတွေ ဘာလို့ တန်းစီနေကြတာလဲ”
တိုကျိုမှာရှိတဲ့ ကင်မ်ချီဟင်းရည်ဆိုင်မှာ ကိုရီးယားလူမျိုးတွေ တန်းစီနေသလိုမျိုးပေါ့။ ခရီးသွားရင်း အိမ်က အစားအစာကို လွမ်းလို့လား။
“ဒါက Keye Leeဖွင့်ထားတဲ့ ဆိုင်လေ။ ဒါကြောင့် ဂျပန်ပရိသတ်တွေ အများကြီး လာကြတာ။ ခရီးသွားလမ်းညွှန် စာအုပ်တွေမှာလည်း ပါတယ်လေ”
“Keye Lee က ဘယ်သူလဲ”
“BCB အဖွဲ့ဝင်လေ။ စီနီယာ မသိဘူးလား”
ကျွန်တော် ခေါင်းငြိမ့်လိုက်ပါတယ်။
“ဪ... သိတာပေါ့”
BCB ဆိုတာ ကိုရီးယားမှာတင် မဟုတ်ဘဲ ကမ္ဘာမှာပါ နာမည်ကြီးတဲ့ အိုင်ဒေါ အဖွဲ့ပါ။
ယူရီက ကျွန်တော့်ကို အဓိပ္ပာယ်ပါပါ ကြည့်ပြီး ပြောတယ်။
“ကြည့်ရတာ စီနီယာက အမျိုးသမီး အိုင်ဒေါတွေကိုပဲ စိတ်ဝင်စားတာ ထင်တယ်နော်”
“မဟုတ်ပါဘူး၊ အဲဒီလို မဟုတ်ပါဘူး”
ကျွန်တော်က မူလကတည်းက အိုင်ဒေါတွေကို စိတ်ဝင်စားတာ မဟုတ်ပါဘူး။ စစ်တပ်ထဲမှာတုန်းက စီနီယာတွေက အိုင်ဒေါပြိုင်ပွဲတွေပဲ ခဏခဏ ကြည့်နေလို့ အခုမှ အနည်းငယ် ရင်းနှီးသွားတာပါ။
တန်းစီနေတဲ့ လူတွေက အမြန်ပဲ လျော့သွားပါတယ်။ ရောင်းချတဲ့စားစရာ အမျိုးအစားကြောင့် လူအဝင်အထွက် မြန်ပုံရပါတယ်။
ကျွန်တော်တို့ ထိုင်လိုက်ကြပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဘေးစားပွဲ နှစ်ဖက်လုံးက ဂျပန်ခရီးသွားတွေ ဖြစ်နေပါတယ်။ ဘေးပတ်ပတ်လည်မှာ ဂျပန်စကားသံတွေချည်းပဲ ဆိုတော့ ဒါက ကိုရီးယားလား၊ ဂျပန်လားတောင် ခွဲရခက်နေပါပြီ။
ကြည့်ရတာ တက်ဂယူသာဆိုရင် ဒီအငွေ့အသက်ကို သဘောကျမှာပဲ။ နောက်တစ်ခါ သူ့ကို ခေါ်လာရမလား။
မှာထားတဲ့ အူဒုံတွေ ချက်ချင်း ရောက်လာပါတယ်။
“ကောင်းကောင်း သုံးဆောင်ပါရှင်”