အခန်း (၂၁-၂၂)
Vol. 3 Ch. 21-22
အခန်း (၂၁)
ကျွန်တော် နားကြားမှားလေသလားလို့ ထင်လိုက်မိပြီး တက်ဂယူကို ပြန်ကြည့်လိုက်တဲ့အခါ သူက ထပ်ပြောပါတယ်။
"မင်းက ၈၀ ရာခိုင်နှုန်းယူ၊ ငါက ၂၀ ရာခိုင်နှုန်းပဲ ယူမယ်"
ခဏအကြာမှာတော့ ကျွန်တော် စိတ်ကိုပြန်ထိန်းပြီး မေးလိုက်တယ်။
"မင်း အတည်ပြောနေတာလား"
"အတည်ပြောတာပေါ့"
အခြေအနေကို အခုထိ ကျွန်တော် နားမလည်နိုင်သေးပါဘူး။
"ဘာလို့ ရုတ်တရက်ကြီး ပြောင်းလဲသွားတာလဲ။ ခုနအထိ ငါတို့ အကုန်လုံး တဝက်စီ ခွဲဖို့ စီစဉ်ထားတာ မဟုတ်ဘူးလား"
"အဲဒါက အရင်တုန်းကလေ။ ဒါပေမဲ့ မင်းက ဒီလမ်းကြောင်းမှာ အဆုံးထိ သွားဖို့ စိတ်ကူးရှိတယ် မဟုတ်လား"
"အဲဒါက ဒီကိစ္စနဲ့ ဘာဆိုင်လို့လဲ"
တက်ဂယူက တည်ငြိမ်စွာ ရှင်းပြပါတယ်။
"စဉ်းစားကြည့်လေ။ အနာဂတ်ကို ကြိုမြင်နိုင်စွမ်းက အစစ်အမှန်ကြီးပဲ။ ဒီစွမ်းအားနဲ့ဆိုရင် မင်း ကြိုက်သလောက် ပိုက်ဆံရှာလို့ ရတယ်။ အစတုန်းကတော့ ငါက ရင်းနှီးငွေ အများစုကို ထုတ်ပြီး မင်းက အနာဂတ်ကို ကြိုမြင်ပေးတာဆိုပေမဲ့ အခုတော့ မင်းမှာလည်း ကိုယ်ပိုင်ရင်းနှီးငွေ ရှိနေပြီ။ နောက်ဆုံးကျရင် ရင်းနှီးငွေကို တဝက်စီခွဲထားပြီး အလုပ်ကျတော့ မင်းကပဲ အကုန်လုပ်နေရမယ်ဆိုရင် အမြတ်ကို တဝက်စီ ခွဲယူနေတာကရော အဓိပ္ပာယ်ရှိပါ့မလား"
"အဲဒါကတော့..."
သူပြောသလိုပါပဲ။ အသစ်ရလာတဲ့ ရင်းနှီးငွေ ဝမ် သန်း ၃၃၆,၀၀၀နဲ့ဆိုရင် ကျွန်တော့်ဘာသာ ကျွန်တော် ရင်းနှီးမြှုပ်နှံဖို့ လုံးဝ ဖြစ်နိုင်ပါတယ်။ ဒါတောင်မှ တက်ဂယူကို လက်တွဲခေါ်ဖို့ ဆုံးဖြတ်တာက သူငယ်ချင်းသံယောဇဉ် ဒါမှမဟုတ် သစ္စာတရားထက် ပိုတဲ့ အကြောင်းပြချက်ကောင်းတွေ အများကြီး ရှိပါတယ်။
ဝမ် သန်း ၆၇၂,၀၀၀ဆိုတာ သာမန်လူတွေအတွက်တော့ မယုံနိုင်စရာ ပမာဏဖြစ်ပေမဲ့၊ ထရီလီယံနဲ့ချီပြီး လည်ပတ်နေတဲ့ ငွေကြေးဈေးကွက်မှာတော့ ဒါဟာ နည်းပါးတဲ့ ပမာဏ ဖြစ်နေပါသေးတယ်။
ဒီငွေတွေကို နှစ်စုခွဲပြီး သီးသန့်စီ လည်ပတ်တာထက် အဖွဲ့အစည်းတစ်ခုတည်းအနေနဲ့ လှုပ်ရှားတာက ကျွန်တော့်အတွက် ပိုပြီး အကျိုးရှိပါတယ်။
"ဒါပေမဲ့ မင်းက မင်းရဲ့ ရှယ်ယာ ၃၀ ရာခိုင်နှုန်းကို စွန့်လွှတ်မယ်ပေါ့"
စုစုပေါင်း ရှယ်ယာထဲကကြည့်ရင် ၃၀ ရာခိုင်နှုန်းဆိုပေမဲ့ သူ့ဘက်က ကြည့်ရင်တော့ ၆၀ ရာခိုင်နှုန်း—တန်ဖိုးအားဖြင့် ဝမ် သန်း ၂၀၀,၀၀၀ ကျော်ကို စွန့်လွှတ်လိုက်တာပါ။
တက်ဂယူက ပြုံးရင်း "ပိုက်ဆံကို တိုးပွားလာမယ့်နေရာမှာ ထည့်တာက ရင်းနှီးမြှုပ်နှံမှုလုပ်တာပဲ မဟုတ်လား။ အဲဒါကြောင့် ငါက မင်းအပေါ်မှာ ရင်းနှီးမြှုပ်နှံချင်တာ။ အခု ဝမ် သန်း ၂၀၀,၀၀၀ လောက် စွန့်လွှတ်လိုက်ရပေမဲ့၊ အနာဂတ် OTK ကုမ္ပဏီကနေ ထွက်လာမယ့် အမြတ်ရဲ့ ၂၀ ရာခိုင်နှုန်းက ငါ့အပိုင်ပဲလေ၊ ဟုတ်တယ်မလား"
"ဒါပေမဲ့ အနာဂတ်မှာ ငါတို့ ဘာအမြတ်မှ မထွက်ရင်ကော ဘယ်လိုလုပ်မလဲ"
"အဲဒါက ကိစ္စမရှိပါဘူး။ ဒါတွေက ငါတို့ သေတဲ့အထိတောင် သုံးမကုန်နိုင်တဲ့ ပိုက်ဆံတွေပဲ။ အခု ဒီလောက်အထိ ရှာနိုင်ခဲ့တာကလည်း မင်းကြောင့်ပဲလေ။ ရင်းနှီးမြုတ်နှံမှုတစ်ခုတည်းကနေ ဝမ် သန်း ၁၀၀,၀၀၀ လောက် ရမယ်ဆိုရင်တောင် ငါကတော့ အကြီးအကျယ် အောင်မြင်တယ်လို့ ယူဆပြီးသား"
ကျွန်တော်လည်း အဲဒီလိုပဲ ခံစားရပါတယ်။
တစ်ကြိမ်တည်းနဲ့ အဆပေါင်း ၅၀ ကျော် အမြတ်ထွက်လိမ့်မယ်လို့ ကျွန်တော် တစ်ခါမှ မစဉ်းစားခဲ့ဖူးပါဘူး။
"မင်းက အနာဂတ်မှာ တစ်ကြိမ်၊ နှစ်ကြိမ်ပဲ ရင်းနှီးမြှုပ်နှံမှာ မဟုတ်ဘူး။ အဆုံးအထိ သွားမှာလေ။ အဲဒီတော့ မင်းက ဦးဆောင်သွားမှာဆိုရင် မင်းမှာ ဒီလောက် ရှယ်ယာရှိဖို့ လိုတယ်"
"တကယ်လို့ ငါက ၈၀ ရာခိုင်နှုန်း ပိုင်မယ်ဆိုရင် ကုမ္ပဏီကို ငါပဲ လည်ပတ်ရတော့မှာပေါ့"
တက်ဂယူက ကျွန်တော့်ပုခုံးကို ပုတ်ရင်း ပြောပါတယ်။
"မှန်တာပေါ့။ အခုကစပြီး မင်းက OTK ကုမ္ပဏီရဲ့ မန်နေဂျာပဲ။ မင်းက စီမံခန့်ခွဲမှု ကိုလည်း သင်နေတာဆိုတော့ ကုမ္ပဏီကို ကောင်းကောင်း လည်ပတ်နိုင်မှာပါ၊ ဟုတ်တယ်မလား"
အစ်ကိုကြီး။ ခင်ဗျားကသာ အဲဒီလို ပြောတာပါ၊ ကျွန်တော် စာသင်လာတာ တစ်နှစ်ပဲ ရှိသေးတာလေ။
ကျွန်တော် သက်ပြင်းချရင်း ပြန်ပြောလိုက်တယ်။
"ဒါကို တစ်ယောက်ယောက်က ကြားသွားရင် ငါ့မှာ MBA ဘွဲ့ရှိတယ်လို့ ထင်နေဦးမယ်။"
"ဘာလို့လဲ။ ဘာလို့ အမေရိကန် ပရိုဖက်ရှင်နယ် ဘတ်စကက်ဘောအသင်းမှာ သွားကစားမှာလဲ။ ဘာအတွက်လဲ"
"... ဘတ်စကတ်ဘောပြိုင်ပွဲက NBA ကွ"
တက်ဂယူရဲ့ မျက်နှာမှာ တွန့်ဆုတ်နေတဲ့ အရိပ်အယောင် လုံးဝ မရှိပါဘူး။ သူက ဆုံးဖြတ်ချက် ချပြီးသားပါ။
ကျွန်တော် OTK ကုမ္ပဏီရဲ့ စီအီးအို ဖြစ်လာမယ့် မြင်ကွင်းက ဒါကို ဆိုလိုတာလား။
"မင်း နောင်တမရပါဘူးနော်"
ကျွန်တော့်မေးခွန်းကို တက်ဂယူက ပြတ်ပြတ်သားသား ပြန်ဖြေပါတယ်။
"ဒါပေါ့၊ မရပါဘူး"
အင်း... ကျွန်တော့်သူငယ်ချင်းကို ခဏလောက်တောင် သံသယဝင်မိတဲ့အတွက် ရှက်မိပါတယ်။
အစတုန်းက အတူတူ ရင်းနှီးမြှုပ်နှံကြမယ်ဆိုတဲ့ ကမ်းလှမ်းချက်ကို ကြားတုန်းက ဒါဟာ အဓိပ္ပာယ်မရှိဘူးလို့ ထင်ခဲ့ပေမဲ့ နောက်ဆုံးတော့ တက်ဂယူ ပြောတာ မှန်နေခဲ့ပါတယ်။
ရုတ်တရက် ကျွန်တော် ဒီလို တွေးမိပါတယ်။
ဖြစ်နိုင်တာက သူဟာ ဒီအခြေအနေကို အရှိအတိုင်း အမှန်ကန်ဆုံး မြင်နေတဲ့သူလား။
ကျွန်တော် ခေါင်းငြိမ့်လိုက်ပါတယ်။
"ကောင်းပြီလေ။ အဲဒီအတိုင်းပဲ လုပ်ကြတာပေါ့"
ဒီလိုနဲ့ ပိုင်ဆိုင်မှုကိစ္စကတော့ ပြေလည်သွားပါတယ်။
"ညစာ ဘာစားမလဲ"
"ငါ တရုတ်ဆိုင်က မှာထားတယ်"
"…"
စားစရာလေးတော့ ပါစေဦးပေါ့။
ကုန်းဘောင်ကြီးကြော်၊ ဝက်ခေါက်ကင်နဲ့ ချိုချဉ်ကြော်တွေ ရောက်လာတဲ့အခါ ကျွန်တော်တို့တွေ တီဗွီရှေ့မှာ နေရာယူလိုက်ကြပါတယ်။ ညစာစားရင်း သတင်းကြည့်တာက ကျွန်တော်တို့ရဲ့ အလေ့အထတစ်ခု ဖြစ်လာပါပြီ။
သတင်းက L6 မော်ဒယ် ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်တဲ့ အကြောင်းနဲ့ စတင်ပါတယ်။
စမတ်ဖုန်းတွေဟာ ကိုရီးယားရဲ့ အဓိက ပို့ကုန်တွေထဲက တစ်ခုပါ။ L6 ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်တဲ့ ရိုက်ခတ်မှုကြောင့် ဒီလကစပြီး ကုန်သွယ်မှု အခြေအနေတွေ ပိုဆိုးလာမှာကတော့ အသေအချာပါပဲ။
ဆိုဆောင်း အီလက်ထရောနစ် ကတော့ ကြေညာချက် ထုတ်ပြီးတာနဲ့ ငွေပြန်အမ်းတာတွေနဲ့ အစားထိုးလဲလှယ်ပေးတာတွေကို ချက်ချင်း စတင်ခဲ့ပါတယ်။
အခုအချိန်အထိ L6 အလုံးရေ ၆ သန်းကျော် ရောင်းချထားရပြီးဖြစ်လို့ ငွေပြန်အမ်းရမယ့် ပမာဏက ဝမ် သိန်းပေါင်း ၆ကုဋေကျော် ရှိပါတယ်။ ဒါက ဆိုဆောင်း အီလက်ထရောနစ် အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်လာမယ်လို့ ခန့်မှန်းထားကြတာပါ။
ဒါပေမဲ့ အံ့သြစရာကောင်းတာက ငွေပြန်အမ်းဖို့ တောင်းဆိုသူက ၅ ရာခိုင်နှုန်းတောင် မရှိပါဘူး။ စားသုံးသူ အများစုက ငွေပြန်ယူမယ့်အစား တခြားဖုန်းနဲ့ လဲလှယ်ဖို့ပဲ ရွေးချယ်ခဲ့ကြပါတယ်။
Enphone က တစ်နှစ်ကို ပရီမီယံဖုန်း တစ်မျိုးတည်း ထုတ်ပေမဲ့၊ ဆိုဆောင်း အီလက်ထရောနစ် ကတော့ ပရီမီယံ L series တင်မကဘဲ သုံးလတစ်ကြိမ်လောက် ထွက်နေတဲ့ အလယ်အလတ်တန်းစား K series နဲ့ J series တွေလည်း ရှိပါတယ်။
ပရီမီယံဖုန်း ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်ရတာက ခါးသီးစရာ ဖြစ်ပေမဲ့ တခြား မော်ဒယ်တွေနဲ့ လျင်လျင်မြန်မြန် လဲလှယ်ပေးတဲ့ အစီအစဉ်ကတော့ လူကြိုက်များခဲ့ပါတယ်။
စုံလင်လှတဲ့ ထုတ်ကုန်တွေက ကုမ္ပဏီရဲ့ ခွန်အားကို သက်သေပြလိုက်တာပါပဲ။
ဆိုဆောင်း အီလက်ထရောနစ် ရဲ့ ဖောက်သည်တွေက ကုမ္ပဏီအပေါ် သစ္စာရှိကြတာကလည်း အဓိက အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။
ဒါကြောင့်မလို့ ဆိုဆောင်း အီလက်ထရောနစ် ဟာ သက်ပြင်းချနိုင်သွားပါတယ်။ Options သက်တမ်းကုန်တဲ့နေ့မှာ အဖွဲ့အစည်းတွေက အလုံးအရင်းနဲ့ ဝယ်ယူခဲ့ကြသလို နောက်တစ်နေ့မှာလည်း နိုင်ငံခြားသားတွေရဲ့ အဝယ်အားကြောင့် ၅ ရာခိုင်နှုန်းလောက် ထပ်တက်လာခဲ့ပါတယ်။
အရင်ဈေးနှုန်းလောက်အထိ မရောက်သေးပေမဲ့ ဒါဟာ တုန်လှုပ်မှုကနေ ပြန်လည် နာလန်ထူလာတဲ့ လက္ခဏာပါပဲ။ ကုမ္ပဏီအတော်များများ ပျက်စီးသွားနိုင်တဲ့ ဒီလောက်ကြီးမားတဲ့ အကြပ်အတည်းကို ကျော်ဖြတ်နိုင်တာဟာ တကယ့်ကို အောင်မြင်မှုတစ်ခုပါပဲ။
ဒါဟာ ဆိုဆောင်း အီလက်ထရောနစ် ရဲ့ တကယ့် အရည်အချင်းပါပဲ။
L6 နဲ့ ပတ်သက်တဲ့ သတင်းတွေ ပြီးသွားတဲ့အခါ ခရစ္စမတ်အကြောင်း သတင်းတက်လာပါတယ်။ သတင်းထောက်က အပင်ကြီးတစ်ပင် စိုက်ထားတဲ့ မြောင်ဒုံကို သွားပြီး ကြည့်ရှုသူတွေကို ခရစ္စမတ် အငွေ့အသက်တွေ ဝေမျှနေပါတယ်။
"ဒါနဲ့ နောက်အပတ်ဆို ခရစ္စမတ် ရောက်တော့မယ်နော်"
"ဪ။ ဟုတ်လား"
အချိန်တွေက ဘယ်တုန်းက ဒီလောက် မြန်မြန်ကုန်သွားတာလဲ။
စစ်တပ်ထဲမှာတုန်းကတော့ အချိန်တွေက တရွေ့ရွေ့နဲ့ ကြာလှချည်ရဲ့လို့ ထင်ခဲ့ရပေမဲ့ အပြင်ပြန်ရောက်တော့ အလင်းနှုန်းနဲ့ ပြေးနေသလိုပါပဲ။
တက်ဂယူက ကျွန်တော့်ကို ကြည့်ပြီး မေးတယ်။
"မနှစ်က ခရစ္စမတ်မှာ မင်း ဘာလုပ်နေခဲ့တာလဲ"
"အင်း... ကောင်းကင်က ကျလာတဲ့ နှင်းတွေကို လှဲကျင်းနေခဲ့ရတာ ထင်တာပဲ"
ကျွန်တော် တက်ဂယူကို ပြန်မေးလိုက်တယ်။
"မင်းကော"
"မင်းအမေနဲ့အတူ ညစာစားခဲ့တာပေါ့"
"ဪ..."
ကျွန်တော့်အမေ ခရစ္စမတ်မှာ တစ်ယောက်တည်း ဖြစ်နေမှာ စိုးလို့ ကျွန်တော် တက်ဂယူကို ဖုန်းဆက်ခဲ့တာပါ။ တွေ့မယ့် ချစ်သူလည်း မရှိ၊ သူငယ်ချင်းလည်း မရှိတဲ့ တက်ဂယူက ကျွန်တော် ပြောလိုက်တာနဲ့ ကျွန်တော်တို့ အိမ်ကို ချက်ချင်း ပြေးလာခဲ့တာပါ။
ဘယ်လိုပဲ ဖြစ်ဖြစ် ခရစ္စမတ်နေ့မှာ ကျွန်တော့်အမေကို လာပြီး အဖော်ပြုပေးမယ့်သူဆိုလို့ သူတစ်ယောက်ပဲ ရှိပါတယ်။
"ခရစ္စမတ် ရောက်တော့မှာပဲ"
ကျွန်တော် နည်းနည်းတော့ မြန်မြန် လုပ်ရတော့မယ်။
ကျွန်တော် တက်ဂယူကို ပြောလိုက်တယ်။
"အရင်ဆုံး ငါ့အကောင့်ထဲကို ဝမ် သန်း ၈၀၀ အရင် လွှဲပေးထားဦး"
ကျွန်တော်တို့ ရင်းနှီးငွေတွေကို အရင်ဆုံး ကိုရီးယားကို လွှဲဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဝမ် သန်း ၁၃,၈၀၀ထဲမှာ ကျွန်တော့်ဝေစုက သန်း ၈၀၀ ဖြစ်ပြီး တက်ဂယူဝေစုက oef; ၁၃,၀၀၀ ပါ။
"မင်း အဲဒါတွေ အကုန်လုံးကို တစ်ခါတည်း လက်ခံလို့ ရရဲ့လား"
"အခွန်ကိစ္စကို သေသေချာချာ ကိုင်တွယ်ရမယ်။ အရင်က လွှဲထားတဲ့ သန်း ၅၀၀ အတွက်လည်း အခွန်ကိစ္စကို ရှင်းရမယ်"
ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို ကြိုပြီး ရှင်းထားတာက အကောင်းဆုံးပါပဲ။
"နေဦး။ အရင်က ငါ့အမ ပေးထားတဲ့ နံပါတ် ဘယ်နား ရောက်သွားပါလိမ့်"
တက်ဂယူက စားပွဲပေါ်မှာ ခဏလောက် လိုက်ရှာပြီးနောက် စားသောက်ထားတဲ့ ပန်းကန်ခွက်ယောက်တွေအောက်မှာ ဝှက်ထားတဲ့ စာရွက်လေးတစ်ရွက်ကို တွေ့သွားပါတယ်။ ကင်ချီဟင်းရည် စွန်းပေနေတဲ့ အဖြူရောင် စာရွက်လေးပေါ်မှာ 'ယူဆန်းမူ,၊ Golden Gate ဂန်နမ် ဘဏ်ခွဲ မန်နေဂျာ' ဆိုတဲ့ အမည်နဲ့ ဆက်သွယ်ရန် ဖုန်းနံပါတ် ရေးထားပါတယ်။
"ဒါနဲ့ ဒီပိုက်ဆံနဲ့ မင်း ဘာလုပ်မလို့လဲ"
"ခရစ္စမတ် လက်ဆောင်လေးတွေ ဝယ်ချင်လို့ပါ"
ဒုံတန် မြို့အစွန်မှာ ရှိတဲ့ Future Real Estate အကျိုးဆောင်ရုံး။
ဂျူမီယောင်တစ်ယောက် အိမ်ခြံမြေ အကျိုးဆောင် လိုင်စင်ရပြီး ရုံးဖွင့်ခဲ့တာ ၂ နှစ် ရှိပါပြီ။ သူ ကြိုးကြိုးစားစား လုပ်ခဲ့ပေမဲ့ အခြေကျဖို့ကတော့ မလွယ်ကူခဲ့ပါဘူး။
ဂျူမီယောင် စိတ်ထဲကနေ သက်ပြင်းချလိုက်မိပါတယ်။
"ဒီလတော့ မနည်း ရုန်းကန်လိုက်ရတယ်။ အိမ်ငှားခ မပြတ်ဖို့ဆိုရင် အရောင်းအဝယ် တစ်ခုခုတော့ အမြန်ဆုံး ဖြစ်ဖို့ လိုနေပြီ"
သူ ဒီလို တွေးနေတုန်းမှာပဲ လွယ်အိတ်တစ်လုံး လွယ်ထားတဲ့ လူငယ်တစ်ယောက် ဝင်လာပါတယ်။
"ကြိုဆိုပါတယ်ရှင်"
"မင်္ဂလာပါ"
သူ အမြန်ပဲ အသင့်ဖျော် ကော်ဖီတစ်ခွက် ဖျော်ပြီး လူငယ်လေးရှေ့မှာ ချပေးလိုက်ပါတယ်။
ကြည့်ရတာတော့ ကျောင်းသားအရွယ်လေးပါ။ ဝတ်ပုံစားပုံကလည်း စတူဒီယို အခန်းလေးတစ်ခန်းလောက် လာရှာတဲ့ တက္ကသိုလ်ကျောင်းသားနဲ့ တူပါတယ်။ စတူဒီယိုအခန်း ငှားခ အကျိုးဆောင်ခက ဝမ် သိန်းဂဏန်းလောက်ပဲ ရမှာပါ။ ဒါပေမဲ့လည်း ဂျူမီယောင်အတွက်တော့ ဒီလို အရောင်းအဝယ်လေးတွေတောင် အသည်းအသန် လိုအပ်နေတာပါ။
ဒီတစ်ခါတော့ အရောင်းအဝယ် ဖြစ်အောင် သေချာ လုပ်ရမယ်။
ဂျူမီယောင် ပြုံးပြရင်း စကားစလိုက်ပါတယ်။
"စတူဒီယို အခန်းလေး ရှာနေတာလားရှင်။ အခုပဲ အခန်းကောင်းလေး တစ်ခန်း ရထားတာ ရှိပါတယ်။ အသစ်စက်စက် အခန်းလေးပါ။ အိမ်ရှင်ကလည်း သဘောကောင်းတယ်။ အိမ်ငှားခကလည်း သက်သာတယ်။ အခုပဲ သွားကြည့်မလားရှင့်"
လူငယ်က ခေါင်းခါပြပါတယ်။
"ကျွန်တော် အိမ်ကြည့်ချင်လို့ပါ။ ဒီနားမှာ အိမ်ဈေးတွေက ပျမ်းမျှ ဘယ်လောက်လောက် ရှိလဲ"
"ပုံမှန် အိမ်ငှားခဆိုရင်တော့..."
"ငှားဖို့ မဟုတ်ဘူး၊ ဝယ်ဖို့ပါ"
"ရှင်"
"ကျွန်တော် အိမ်တစ်လုံး ဝယ်ချင်လို့ပါ"
အိမ်ဝယ်မလို့တဲ့လား။
ဂျူမီယောင် အံ့အားသင့်သွားပေမဲ့ ယဉ်ယဉ်ကျေးကျေးပဲ ရှင်းပြပါတယ်။
"အိမ်ဈေးတွေကတော့ တည်နေရာ၊ မြေအကျယ်အဝန်းနဲ့ အဆောက်အဦးပေါ် မူတည်ပြီး အများကြီး ကွာခြားပါတယ်ရှင်။ သန်း ၃၀၀ တန်တွေ ရှိသလို၊ ဝမ် သန်း ၁ထောင်ကျော်တဲ့ ဇိမ်ခံအိမ်တွေလည်း ရှိပါတယ်"
လူငယ်က မှန်ပြတင်းပေါက် အပြင်ဘက်ကို လက်ညှိုးထိုးပြပါတယ်။
"ဒါဆိုရင် အဲဒီအိမ်က ဘယ်လောက်လောက် ရှိမလဲ"
သူ လက်ညှိုးထိုးပြတဲ့ နေရာမှာ အထပ်နှစ်ထပ်ပါတဲ့ အိမ်အိုလေး တစ်လုံး ရှိနေပါတယ်။
"အကြမ်းဖျင်း ဝမ် သန်း ၅၀၀ ကနေ ၆၀၀ ကြားလောက် ရှိမှာပါ"
လူငယ်က နားလည်သွားတဲ့ပုံစံနဲ့ ခေါင်းငြိမ့်ပါတယ်။
"အဲဒီအိမ်ကို ကျွန်တော် ဝယ်ချင်ပါတယ်"
သူ့မျက်နှာကို ကြည့်ရတာ နောက်နေတဲ့ပုံလည်း မဟုတ်ပါဘူး။
'သူ တကယ်ကြီး ဒီအိမ်ကို ဝယ်ဖို့ စိတ်ကူးနေတာလား'
အိမ်အရောင်းအဝယ် စာချုပ်တစ်ခုရဲ့ အကျိုးဆောင်ခတင် ဝမ် သန်းနဲ့ချီ ရမှာပါ။ တစ်ခုတည်း ဖြစ်မြောက်သွားရင်တောင် တစ်လစာ အလုပ်လုပ်တာနဲ့ တူတူပါပဲ။
ဂျူမီယောင်ရဲ့ မျက်နှာလေး ဝင်းပသွားပါတယ်။
"ဈေးကွက်ထဲမှာ အဲဒီလို အိမ်မျိုး ရှိရင် ကျွန်မ လိုက်ရှာပေးပါ့မယ်"
ဒါကို လူငယ်က ပြန်ဖြေပါတယ်။
"မဟုတ်ဘူး။ ကျွန်တော် အဲဒီအိမ်ကိုပဲ ဝယ်ချင်တာ"
"······တကယ်လားရှင်"
ခဏအကြာမှာတော့ ဂျူမီယောင်ဟာ ဒီလူငယ် ဘာကို ဆိုလိုသလဲဆိုတာ နားလည်သွားပါတယ်။
'သူက တခြားအိမ် မဟုတ်ဘဲ အဲဒီအိမ်ကိုမှ သီးသန့် လိုချင်နေတာလား'
ဂျူမီယောင် ဇဝေဇဝါ ဖြစ်သွားပြီး ပြောလိုက်တယ်။
"အဲဒီအိမ်က ရောင်းဖို့ တင်ထားတာ မဟုတ်ဘူးရှင့်"
" သိပါတယ်။ ဒါပေမဲ့ ဈေးကွက်ပေါက်ဈေးထက် ပိုပေးမယ်ဆိုရင်ရော…. အိမ်ရှင်က ရောင်းဖို့ စဉ်းစားမှာ မဟုတ်ဘူးလား"
"အဲဒါကတော့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့..."
ဂျူမီယောင် စကားစ ပြတ်သွားပါတယ်။
ပိုကောင်းတဲ့ အိမ်တွေ အများကြီး ရှိပါလျက်နဲ့ ဘာလို့ ဒီအိမ်ကိုမှ ဈေးပိုပေးပြီး ဝယ်ချင်နေရတာလဲ။ သူ့ကို ဒီအိမ်မှ ဖြစ်ရမယ်လို့ ဆုံးဖြတ်ချက် ခိုင်မာစေတဲ့ အကြောင်းရင်းက ဘာများပါလိမ့်။
ဂျူမီယောင် တွေးနေတုန်းမှာပဲ လူငယ်က သူ့ဘေးက လွယ်အိတ်ကို ဖွင့်လိုက်ပါတယ်။
"ဈေးကွက်ပေါက်ဈေးက သန်း ၆၀၀ ဆိုတော့၊ ဝမ် သန်း ၈၀၀ လောက်နဲ့ သွားကြည့်ကြတာပေါ့"
လူငယ်က အိတ်ထဲက ထုတ်လိုက်တာက ဝမ် ၅၀,၀၀၀ တန် အရွက်ထုပ်တွေပါ။ အထုပ် ၆ ထုပ်ကို စားပွဲပေါ်မှာ သေသေသပ်သပ် တင်လိုက်ပါတယ်။
တစ်ထုပ်ကို ဝမ် ၅ သန်း...
"ဝမ် သန်း ၃၀ လား"
ဂျူမီယောင် အံ့သြနေတုန်းမှာပဲ လူငယ်က ပြောပါတယ်။
"တကယ်လို့ ဒီအရောင်းအဝယ်သာ အဆင်ပြေသွားရင်၊ ဒီပိုက်ဆံကို အကျိုးဆောင်ခအဖြစ် ပေးပါ့မယ်"
စားပွဲပေါ်မှာ ပုံထားတဲ့ ပိုက်ဆံတွေကို ကြည့်ပြီး ဂျူမီယောင် တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်မိပါတယ်။
"ဒါက အံ့သြစရာကြီးပဲ"
အခန်း (၂၂)
ခြံနဲ့ဝင်းနဲ့ နေထိုင်ရဖို့ဆိုတာ လူအတော်များများ အနည်းဆုံး တစ်ကြိမ်လောက်တော့ မက်ဖူးတဲ့ အိပ်မက်တစ်ခုပါ။
လွန်ခဲ့တဲ့ နှစ်နှစ်လောက်က အိမ်ရှင်မ ကင်မီဂျာဟာ မြို့သစ်တစ်ခုရဲ့ အစွန်မှာရှိတဲ့ အထပ်နှစ်ထပ်ပါ အိမ်အိုလေးတစ်လုံးကို လေလံကနေတစ်ဆင့် ဝယ်ယူပြီး ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အစပိုင်းမှာ ကောင်းသလိုလို ရှိခဲ့တာက ခဏတာပါပဲ။
အချိန်ကြာလာတာနဲ့အမျှ အဆင်မပြေမှုတွေက တစ်ခုမက နှစ်ခုမက ဖြစ်လာပါတယ်။ သူမရဲ့ ခင်ပွန်းက အလုပ်သွားရတာ ခက်ခဲကြောင်း ညည်းညူသလို ကလေးတွေကလည်း ကျောင်းနဲ့ ဝေးလွန်းတယ်လို့ အပြစ်တင်ကြပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ က ဆောက်ခဲ့တဲ့ အဆောက်အဦးကလည်း ဟောင်းနွမ်းလာပြီး ပြင်ဆင်စရာ နေရာတွေကလည်း အများကြီးပါပဲ။ အကြီးစား ပြင်ဆင်မှုတွေ လုပ်ဖို့ လိုအပ်နေပေမဲ့ ကုန်ကျစရိတ်ကြောင့် ယာယီပဲ ပြင်ပြီး နေခဲ့ရပါတယ်။
ဒီမြို့သစ်ထဲမှာတော့ တိုက်ခန်း အသစ်တွေက အဆက်မပြတ် ဆောက်နေကြတာပါ။
ကင်မီဂျာဟာ အဲဒီအိမ်ကို ရောင်းပြီး တိုက်ခန်းကို ပြောင်းဖို့တောင် စဉ်းစားခဲ့ပါတယ်။ ကင်မီဂျာဟာ သူ ယုံကြည်ရတဲ့ အိမ်ခြံမြေ အကျိုးဆောင်ရုံးကို သွားပြီး အိမ်ဈေးကွက် အခြေအနေကို စုံစမ်းကြည့်ခဲ့ပါတယ်။
လက်ရှိ ပေါက်ဈေးက ဝမ် သန်း ၆၀၀ ဝန်းကျင်ပါ။ ဒါပေမဲ့ တိုက်ခန်းတွေနဲ့ ယှဉ်ရင် ဒီလို အိမ်မျိုးကို ပေါက်ဈေးအတိုင်း ရောင်းဖို့က မလွယ်ပါဘူး။ ပြင်ဆင်စရာ ရှိတာတွေကိုပါ ထည့်တွက်ပြီး အကျိုးဆောင်ကတော့ အမြန်ရောင်းထွက်ဖို့အတွက် သန်း ၅၀၀ အလယ်လောက်အထိ ဈေးလျှော့ဖို့ အကြံပေးပါတယ်။
ဒါကို တွေးတောနေတုန်းမှာပဲ တစ်နေ့တော့ အကျိုးဆောင်ရုံးက ဖုန်းဆက်လာပါတယ်။
“ဇနီးမောင်နှံ လူငယ်လေးတစ်စုံ ဒီနားမှာ အိမ်လာကြည့်နေကြတယ်။ သူတို့က အစ်မ ကင်မီဂျာရဲ့ အိမ်ကို ကြိုက်ပုံရတယ်ရှင်။ ရောင်းဖို့ စဉ်းစားထားလားသိချင်လို့ပါ”
ဒီသတင်းကို ကြားတော့ ကင်မီဂျာ နားစွင့်သွားပါတယ်။ ပေါက်ဈေးအတိုင်း ရောင်းရမယ်ဆိုရင်တော့ သူ မငြင်းပါဘူး။
“သူတို့က ဘယ်လောက် ပေးမှာလဲ”
“သူတို့က ဒီနားက ဈေးနှုန်းတွေကို သိပ်မသိလို့ထင်တယ်၊ ဝမ် သန်း ၈၀၀ နဲ့ ဝယ်မယ်လို့ ပြောနေပါတယ်”
ကင်မီဂျာ အံ့အားသင့်သွားပါတယ်။
သူတို့က ပေါက်ဈေးထက် ဝမ် သန်း ၂၀၀ တောင် ပိုပေးချင်နေတာပါ။ အဲဒီပိုက်ဆံနဲ့ဆိုရင် ကင်မီဂျာဟာ ဒီနားက နေရာကောင်းမှာရှိတဲ့ ဇိမ်ခံတိုက်ခန်းတစ်ခန်းကို ကောင်းကောင်း ဝယ်နိုင်ပါတယ်။
အစကတည်းက ရောင်းဖို့ စိတ်ကူးရှိခဲ့ပေမဲ့ ဒီလောက် ဈေးကောင်းပေးဝယ်မယ်ဆိုတော့ ကင်မီဂျာ စိတ်က ပြောင်းသွားပြန်ပါတယ်။
ငါတောင် မသိတဲ့ ဒီအိမ်ရဲ့ တန်ဖိုးအစစ်အမှန်က ရှိနေလို့လား။
ဘယ်လိုပဲ စဉ်းစားစဉ်းစား ဒီအိမ်က ပေါက်ဈေးထက် ပိုတန်ရမယ့် အကြောင်းရင်း မရှိပါဘူး။ မြေအောက်ရထား ဘူတာနဲ့လည်း ဝေးသလို၊ လမ်းပန်းဆက်သွယ်ရေးကလည်း သိပ်မကောင်းပါဘူး။
ဒီပိုက်ဆံနဲ့ဆိုရင် ဘူတာနားမှာ ပိုကောင်းတဲ့ အိမ်တောင် ဝယ်လို့ ရနေတာပဲလေ။
“ကောင်းပြီလေ၊ ခဏလောက် စောင့်ပါဦး။ ကျွန်မ ထပ်ပြီး စဉ်းစားပါဦးမယ်”
ကင်မီဂျာဟာ အလုပ်က ပြန်လာတဲ့ ခင်ပွန်းဖြစ်သူနဲ့ တိုင်ပင်ပါတယ်။ ခင်ပွန်းကတော့ အခြေအနေကို ကြားတာနဲ့ ချက်ချင်း ရောင်းဖို့ အကြံပေးပေမဲ့ ကင်မီဂျာရဲ့ အတွေးကတော့ နည်းနည်း ကွဲပြားနေပါတယ်။
“ဈေးပိုပေးပြီး ဝယ်ချင်နေတယ်ဆိုတာ တစ်ခုခုတော့ အကြောင်းအရင်းရှိရမယ်”
ကင်မီဂျာက အကျိုးဆောင်ကို ဖုန်းဆက်ပြီး ပြောလိုက်ပါတယ်။
“သန်း ၈၀၀ နဲ့တော့ မရောင်းနိုင်ဘူး၊ တကယ်လို့ ဝမ် သန်း ၁၀၀၀ ပေးမယ်ဆိုရင်တော့ ရောင်းမယ်လို့ သူတို့ကို ပြောပေးပါ”
သူတို့ဘက်က တုံ့ပြန်မှုကို ကြည့်ပြီးမှ ဈေးညှိဖို့ သူမ စီစဉ်လိုက်တာပါ။
နောက်တစ်နေ့မှာ အကျိုးဆောင်က ထပ်ပြီး ဖုန်းဆက်ပါတယ်။ ဒါပေမဲ့ အကျိုးဆောင် ပြောလိုက်တာက သူ မျှော်လင့်မထားတဲ့ စကားပါ။
“ဘယ်လို လုပ်ရမလဲ မသိဘူး။ သူတို့က ဟိုဘက်က 'ဟျိုးဂျောင်မေမေ' နဲ့ အရောင်းအဝယ် လုပ်ချင်နေကြတယ်။ အဲဒီနေ့က သူတို့ အဲဒီအိမ်ကိုပါ သွားကြည့်ခဲ့ကြတာပါ”
“ဪ... သူတို့က ဘယ်လောက် ပေးမှာမလို့လဲ”
“သန်း ၇၆၀ တဲ့”
ဟျိုးဂျောင်မေမေရဲ့ အိမ်က ပိုကျယ်ပြီး ပိုကောင်းတာ မှန်ပေမဲ့ သန်း ၇၆၀ ဆိုတာကတော့ မတန်တဆ ဈေးပါ။
ကင်မီဂျာ မျက်လုံးထဲမှာ မီးပွင့်သွားသလို ခံစားလိုက်ရပါတယ်။
“ဒီမိန်းမက ငါ့ဆီလာတဲ့ ဖောက်သည်ကို လုဖို့ ကြိုးစားနေတာလား”
မျက်စိရှေ့တင် ပိုက်ဆံတွေ လွတ်ထွက်သွားတော့မလို ခံစားလိုက်ရပါတယ်။ တကယ်တမ်း လက်တွေ့ရောင်းရမယ့် ဈေးနဲ့ ယှဉ်ရင် ဝမ် သန်း ၂၀၀ လောက် ဆုံးရှုံးလိုက်ရသလိုပါပဲ။
ကိုယ့်ဆီကို အလိုလို လိမ့်ဝင်လာတဲ့ ကံကောင်းမှုကို ကိုယ်တိုင်ပဲ ကန်ထုတ်လိုက်သလို ဖြစ်နေပါပြီ။
ဝယ်မယ့်သူက တွန့်ဆုတ်နေတဲ့အခါ ကင်မီဂျာဟာ ပျာပျာသလဲ ဖြစ်သွားပါတယ်။
“တကယ်လို့ စာချုပ် မချုပ်ရသေးဘူးဆိုရင် ကျွန်မလည်း သန်း ၇၆၀ နဲ့ပဲ ရောင်းမယ်လို့ သူတို့ကို ပြောပေးပါ”
“ဒါပေမဲ့ သူတို့ စိတ်က ဟျိုးဂျောင်မေမေရဲ့ အိမ်ဘက် ရောက်သွားပြီထင်တယ်။ စိတ်ပြန်ပြောင်းမလားတော့ ကျွန်မ မသေချာဘူး”
“ကျေးဇူးပြုပြီး သေသေချာချာလေး ညှိနှိုင်းပေးပါဦး။ အကျိုးဆောင်ခကိုလည်း ရက်ရက်ရောရော ပေးပါ့မယ်။ တကယ်ကို အကူအညီတောင်းတာပါရှင်”
“ကောင်းပါပြီ၊ ကျွန်မ သူတို့နဲ့ ထပ်ဆွေးနွေးပေးပါ့မယ်”
အချိန်တွေက စိုးရိမ်တကြီးနဲ့ ကုန်ဆုံးသွားပါတယ်။
ရက်အနည်းငယ်အကြာမှာ အကျိုးဆောင်က ပြန်ဆက်သွယ်လာပါတယ်။
[အောင်အောင်မြင်မြင် ဖျောင်းဖျပြီးတဲ့နောက်မှာတော့ အစ်မ ကင်မီဂျာ့နဲ့ပဲ စာချုပ်ချုပ်ဖို့ သူတို့ ဆုံးဖြတ်လိုက်ပါပြီရှင်]
ကင်မီဂျာက ဝမ်းသာအားရနဲ့ “အပင်ပန်းခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်” လို့ ပြောလိုက်ပါတယ်။
[သူတို့ဘက်က စိတ်မပြောင်းခင် စရန်ငွေကို အမြန်ယူထားရင် မကောင်းဘူးလား။ ပုံမှန်ကတော့ ၁၀ ရာခိုင်နှုန်းပေါ့၊ ဒါပေမဲ့ နောက်ပိုင်း ဈေးကွက်ပေါက်ဈေးတွေ ပြောင်းသွားလို့ စိတ်ပြောင်းသွားမှာ စိုးရင် ၃၀ ရာခိုင်နှုန်းလောက် အခုပဲ ယူထားလိုက်ရင်ရော ဘယ်လိုသဘောရလဲဟင်]
“ယူပါ့မယ်။ အခုပဲ အကောင့်နံပါတ် ပို့ပေးလိုက်မယ်”
အကောင့်နံပါတ် ပို့ပြီးတာနဲ့ စရန်ငွေ ဝမ် ၂၂၈ သန်း ချက်ချင်း ဝင်လာပါတယ်။ ဒါဆိုရင်တော့ အိမ်အရောင်းအဝယ်က အတည်ဖြစ်သလောက် ရှိသွားပါပြီ။
ကင်မီဂျာ စိတ်အေးသွားပြီး ပျော်နေတုန်းမှာပဲ အကျိုးဆောင်က ပြောပါတယ်။
“ဒါဆို မနက်ဖြန် အကျိုးဆောင်ရုံးကို စာချုပ်ချုပ်ဖို့ လာခဲ့ပါဦး... ဪ။ အစ်မကင်မီဂျာ သိတဲ့အတိုင်း နောက်လေးရက်ဆို ခရစ္စမတ်လေ”
“ဟုတ်ကဲ့”
“ခက်ခဲမယ်ဆိုတာ သိပေမဲ့ အဲဒီနေ့မတိုင်ခင် အိမ်ကို ဖယ်ပေးလို့ ရမလားရှင်”
ကင်မီဂျာ ဇဝေဇဝါ ဖြစ်သွားပါတယ်။
“နေဦးလေ၊ ကျွန်မ ပြောင်းဖို့ အိမ်တောင် မရှာရသေးဘူး။ လေးရက်အတွင်း ဖယ်ပေးရမယ် ဟုတ်လား”
“အဲဒါကြောင့်မလို့လေ။ တကယ်လို့ အဲဒီနေ့မတိုင်ခင် ဖယ်ပေးနိုင်ရင် သူတို့က အိမ်ပြောင်းစရိတ်အဖြစ် ဝမ် သန်း ၂၀ ထပ်ဆောင်းပေးမယ်လို့ ပြောလာလို့ပါ”
“ဘာ... ဘာပြောတယ်။ ဝမ် သန်း ၂၀ ဟုတ်လား”
“မဖြစ်နိုင်ဘူးလို့ပဲ သူတို့ကို ကျွန်မ ပြောလိုက်ပါ့မယ်”
အကျိုးဆောင်ရဲ့ စကားကြောင့် ကင်မီဂျာ ဒေါသတောင် ထွက်သွားပြီး
“ဘာလို့ မဖြစ်နိုင်ရမှာလဲ။ သဘက်ခါထက် နောက်မကျစေဘဲ ကျွန်မတို့ ပြောင်းဖို့ အိမ်တစ်လုံး အမြန်ရှာပေး” လို့ ပြန်အော်လိုက်ပါတော့တယ်။
Jingle bell။ Jingle bell
ခရစ္စမတ် တေးသီချင်းသံတွေ နေရာအနှံ့ ပျံ့လွင့်နေပြီး၊ ခရစ္စမတ်သစ်ပင်တွေနဲ့ အလှဆင်ထားကြပါတယ်။ စီးပွားရေး ကျဆင်းနေတယ်ဆိုပေမဲ့ ဈေးဝယ်စင်တာတွေကတော့ ခရစ္စမတ်နဲ့ နှစ်သစ်ကူး အထူးအရောင်းပွဲတွေကြောင့် စည်ကားနေပါတယ်။
လမ်းမတွေပေါ်မှာ ချစ်သူမောင်နှံတွေဟာ လက်ချင်းချိတ်ပြီး သွားလာနေကြပါတယ်။
“······”
ဒါတွေက ငါနဲ့မှ မဆိုင်တာ။
ခရစ္စမတ်က ဘယ်တုန်းကစပြီး ချစ်သူတွေရဲ့ နေ့ရက် ဖြစ်သွားတာလဲ။
ကျွန်တော် အိမ်ထဲကို ဝင်လာခဲ့ပါတယ်။
“အဆင်သင့်ဖြစ်ပြီလား”
ကျွန်တော့်အမေက အပြင်ထွက်ဖို့ အဝတ်အစား လဲပြီးသားပါ။ အမေဟာ သူသိပ်ဝတ်လေ့ဝတ်ထမရှိတဲ့ အကျီနဲ့ စကတ်နဲ့ ကုတ်အင်္ကျီကို ဝတ်ထားပြီး မိတ်ကပ်လည်း လိမ်းထားပါတယ်။
“ဒီနေ့ အမေ အရမ်းလှနေတယ်၊ ဝတ်စုံနဲ့လည်း လိုက်ဖက်တယ်”
“လှနေတော့ကော ဘာဖြစ်မှာလဲ”
အမေက နည်းနည်းတော့ ခနဲ့သလို ပြောပါတယ်။
“အိမ်မှာပဲ စားလို့ ရတာကို ဘာလို့ အပြင်မှာ သွားစားမှာလဲ”
“ဒီလိုနေ့မျိုးမှာတော့ အပြင်မှာ စားရမှာပေါ့။ သွားကြစို့”
ကျွန်တော် အမေနဲ့အတူ အောက်ထပ်ကို ဆင်းလာခဲ့ပါတယ်။
ပထမထပ်မှာ တက္ကစီတစ်စီး စောင့်နေပါတယ်။
“တက်ဂယူလည်း လိုက်လာမှာ”
တက်ဂယူက ပြောပါတယ်။
“တက်ပါ။ အမေ”
ကျွန်တော် အမေနဲ့အတူ နောက်ခန်းမှာ ထိုင်လိုက်ပါတယ်။ ကားလေးက သေးငယ်တော့ နည်းနည်း ကျဉ်းကျပ်ပေမဲ့ နေလို့တော့ ရပါတယ်။
တက်ဂယူက ကားကို စမောင်းပါတယ်။
ကားပိတ်တဲ့ အချိန် မရောက်သေးတာကြောင့် ဆိုးလ်မြို့ထဲကနေ မြန်မြန် ထွက်နိုင်ခဲ့ပါတယ်။
“အမေတို့ ဘယ်ကို သွားနေတာလဲ”
“နေရာကောင်း တစ်ခုကို သွားနေတာပါ။ စောင့်ကြည့်ပေးပါ။ အမေ”
ကားက လမ်းမဖြောင့်ကြီးအတိုင်း အရှိန်နဲ့ မောင်းနှင်သွားပါတယ်။
ဒီ
အိတ်ကပ်ထဲက ဖုန်း တုန်ခါသွားပါတယ်။ ဒီဖုန်းနံပါတ်ကို သိတဲ့သူ အနည်းငယ်ပဲ ရှိတာပါ။ စခရင်ပေါ်က နာမည်ကို ကြည့်လိုက်တော့ ရှင်ယူရီ ဖြစ်နေပါတယ်။
ဖုန်းကို ကိုင်ရမလား၊ မကိုင်ရမလား တွန့်ဆုတ်နေမိပြီးမှ ခေါ်ဆိုမှုကို လက်ခံလိုက်ပါတယ်။
“ဟယ်လို”
ယူရီရဲ့ အသံက ဖုန်းကိုင်လိုက်တာနဲ့ ကြောက်စရာကောင်းနေပါတယ်။
[စီနီယာ ဂျင်ဟူ။ ဘာလို့ ကျွန်မ ဖုန်းတွေကို မကိုင်တာလဲ။ ကျွန်မ ခဏခဏ ခေါ်နေတာ]
“ခေါ်နေတာဟုတ်လား”
ကျွန်တော်က ဖုန်းကို သိပ်ဂရုမစိုက်တာကြောင့် Missed Callဖြစ်သွားတာတွေကို သေသေချာချာ မစစ်ဆေးမိခဲ့ပါဘူး။
ဒါပေမဲ့ နှစ်ကြိမ်ပဲ တွေ့ဖူးတဲ့ စီနီယာတစ်ယောက်ကို ဘာလို့ ခဏခဏ ဖုန်းခေါ်နေရတာလဲ။ ပြီးတော့ ဒီနေ့လို ခရစ္စမတ်နေ့မှာမှ ဘာလို့ခေါ်ရတာလဲ။
ငါ့ကို ကြိုက်နေတာများလား။
“ယူရီ။ နင်... တစ်ခုခုများ ဖြစ်လို့လား”
ကျွန်တော် စကားမဆုံးခင်မှာပဲ ယူရီက အလောတကြီး ပြောပါတယ်။
“ပြောပြပါဦး။ စီနီယာ”
“ဟမ်။ ဘာကိုပြောပြရမှာလဲ”
[L6 အကြောင်းပါ။]
“ဪ။ နင်လည်း တစ်လုံး ဝယ်ထားလို့လား။ ငွေပြန်အမ်းတာ ရပြီလား”
[အဲဒါက အရေးကြီးတာ မဟုတ်ဘူး... L6 ထုတ်လုပ်မှု ရပ်ဆိုင်းတော့မယ်ဆိုတာကို စီနီယာက ဘယ်လိုလုပ်ပြီး ကြိုသိနေတာလဲ]
“ဘာကို ဆိုလိုတာလဲ။ ငါက ဘယ်လိုလုပ် သိမှာလဲ”
“ဖုန်းဝယ်ပြီး ဆိုင်ထဲက ထွက်လာတဲ့အချိန်မှာ အဲဒါက ထုတ်လုပ်မှု ရပ်ဆိုင်းတော့မှာလို့ စီနီယာ ပြောခဲ့တယ်လေ”
“…”
ငါ အဲဒီလို ပြောခဲ့လို့လား။ ပြန်စဉ်းစားကြည့်တော့ ပြောမိခဲ့တာလည်း ဖြစ်နိုင်ပါတယ်။
ဒါကြောင့်ပဲ ယူရီ ခဏခဏ ဖုန်းခေါ်နေတာကိုး။ ကျွန်တော်လည်း စိတ်ကူးယဉ်လွန်တာကို ရပ်သင့်ပြီ။
ကျွန်တော် စကားလုံးတွေ ထစ်ငေါ့နေမိပါတယ်။
“အဲ... အဲဒါက ငါ နောက်လိုက်တာပါ”
ယူရီရဲ့ တုံ့ပြန်မှုက ဇဝေဇဝါ ဖြစ်သွားတဲ့ ပုံစံမျိုးပါ။
“နောက်တာ ဟုတ်လား”
“အင်း။ အဲဒီတုန်းကလည်း ငါ နောက်နေတာလို့ ပြောခဲ့တယ် မဟုတ်လား”
[ဒါပေမဲ့······]
ယူရီသာ ထပ်မေးနေရင် အကြောင်းပြချက် ပေးရခက်လာပါတော့မယ်။
“ငါ အခု ခရီးတစ်ခု သွားနေလို့ပါ။ နောက်မှ ပြန်ဆက်သွယ်လိုက်မယ်နော်။ ခရစ္စမတ်မှာပျော်ရွှင်ပါစေ”
“စီနီယာ”
ကျွန်တော် ဖုန်းကို အမြန် ချလိုက်ပါတယ်။
စကားတစ်ခွန်းတည်းနဲ့တော့ ရိပ်မိသွားမှာ မဟုတ်ပါဘူးလေ။ ဟုတ်တယ်မလား။
ကျွန်တော့်အမေက “ဘယ်သူလဲ” လို့ မေးပါတယ်။
“အဲ… ကျောင်းက ဂျူနီယာ တစ်ယောက်ပါ”
ဒီအတောအတွင်း ရထားတဲ့ မက်ဆေ့ချ်တွေနဲ့ Chatတွေကို စစ်ဆေးကြည့်လိုက်ပါတယ်။ အများစုကတော့ Spamတွေပါ။ အသုံးမလိုတာတွေကို ဖျက်နေတုန်း စီနီယာ ဆန်းယော့ဆီက စာတစ်စောင်က ထင်ထင်ရှားရှား မြင်လိုက်ရပါတယ်။
“ဖုန်းဆက်လို့ မရလို့ စာချန်ခဲ့တယ်။ ဒီစာကို မြင်ရင် ပြန်ဆက်သွယ်ပေးပါ။”
စီနီယာ ဆန်းယော့လည်း L6 ထုတ်လုပ်မှု ရပ်ဆိုင်းတဲ့ သတင်းကို ကြားပြီး တုန်လှုပ်နေမှာ အသေအချာပါပဲ။ နောက်မှ ပြန်ဆက်သွယ်ဖို့ ဆုံးဖြတ်ပြီး ဖုန်းကို အိတ်ထဲ ပြန်ထည့်လိုက်ပါတယ်။ တစ်နာရီလောက် ကားမောင်းပြီးတဲ့နောက် ရင်းနှီးနေတဲ့ ရပ်ကွက်တစ်ခု မြင်ကွင်းထဲကို ရောက်လာပါတယ်။
မျှော်လင့်ထားတဲ့အတိုင်း အမေက ချက်ချင်း ရိပ်မိသွားပါတယ်။
“ဒါက······”
“သားတို့ ရောက်ခါနီးပါပြီ”
ကားရပ်လိုက်တဲ့ နေရာကတော့ ဒုံတန်မြို့အစွန်မှာရှိတဲ့ လူနေရပ်ကွက်တစ်ခုပါ။
ကျွန်တော် အမေနဲ့အတူ ကားပေါ်က ဆင်းလိုက်ပါတယ်။ ကျွန်တော်တို့ရဲ့ ရှေ့မှာတော့ အထပ်နှစ်ထပ်ပါတဲ့ အိမ်အိုလေးတစ်လုံး ရှိနေပါတယ်။
အမေဟာ အဲဒီအိမ်အိုလေးကို တိတ်တဆိတ် ကြည့်နေပါတယ်။ ဒီနေရာက အမှတ်တရတွေကို အမေ ပြန်တွေးမိနေမှာပါ။
ဒီနေရာမှာ အမေ အနှစ် ၂၀ ကျော် နေထိုင်ခဲ့တာလေ။
ခဏအကြာမှာတော့ အမေက ပြုံးပြီး “နောက်ဆုံးတော့ ဒီကို ပြန်ရောက်တာ ကောင်းပါတယ်။ အတိတ်က အမှတ်တရတွေ ပြန်ပေါ်လာတယ်။ ကဲ... ကြည့်ပြီးပြီဆိုတော့ ပြန်ကြရအောင်”
“ရောက်တုန်းရောက်ခိုက် အထဲဝင်ပြီး ကြည့်ရအောင်လေ”
“ဟမ်”
အံ့သြနေတဲ့ အမေကို ခေါ်ပြီး ကျွန်တော်ကတော့ ယုံကြည်မှုအပြည့်နဲ့ တံခါးကို ဖွင့်ပြီး အထဲဝင်သွားပါတယ်။
အိမ်က သန့်ရှင်းနေပြီး အားလုံး ဖယ်ရှားပြီးသားပါ။
နံရံကပ်စက္ကူတွေနဲ့ ဧည့်ခန်းမီးဆိုင်းတွေ ပြောင်းလဲသွားတာကလွဲရင် အရင်အတိုင်းပါပဲ။ ကျွန်တော် တိုင်ဟောင်းတွေနဲ့ လှေကားတွေကို လက်နဲ့ လိုက်ပွတ်ကြည့်မိပါတယ်။
အမေက အိမ်ထဲကို ဖြည်းဖြည်းချင်း လိုက်ကြည့်နေပါတယ်။
“သူတို့ ပြောင်းသွားကြပြီ ထင်တယ်။ ဒါပေမဲ့ ခွင့်ပြုချက်မရှိဘဲ ဒီလို ဝင်လာတာ အဆင်ပြေပါ့မလား”
“ဒါက ဘာလို့ သူများအိမ် ဖြစ်ရမှာလဲ။ ဒါ ကျွန်တော်တို့ အိမ်ပဲဟာ”
ခဏတဖြုတ်ပဲ တခြားသူလက်ထဲကို ရောက်သွားခဲ့တာပါ။
ကျွန်တော် စာရွက်စာတမ်း တချို့ကို အမေကို ကမ်းပေးလိုက်ပါတယ်။
“ဒါကို ကြည့်ကြည့်ပါဦး။ အမေ”
“ဒါက ဘာလဲ”
အမေက စာရွက်တွေကို ဖြန့်ကြည့်ပါတယ်။
အဲဒါကတော့ အမေ့ရဲ့ နာမည်နဲ့ ချုပ်ထားတဲ့ အိမ်ခြံမြေ အရောင်းအဝယ် စာချုပ်ပဲ ဖြစ်ပါတယ်။
“ဒီအိမ်က အခု ကျွန်တော်တို့ အပိုင် ဖြစ်သွားပြီ”
အချိန်ပိုရမယ်ဆိုရင် ဒီထက်ဈေးသက်သာအောင် ဝယ်နိုင်ပေမဲ့၊ ခရစ္စမတ်မတိုင်ခင် အမီရဖို့အတွက် ကျွန်တော် အလျင်စလို ဝယ်ခဲ့ရတာပါ။
ဒါတောင်မှ အဲဒီအတွက် နှမြောစရာလို့ ကျွန်တော် မခံစားရပါဘူး။
အမေဟာ မယုံနိုင်သလို ကြည့်နေပါတယ်။
“ဒါ... ဒါက ဘယ်လိုဖြစ်တာလဲ”
“တက်ဂယူရဲ့ အကူအညီနဲ့ ကျွန်တော် ပိုက်ဆံရှာပြီး ပြန်ဝယ်လိုက်တာပါ”
အမေက တက်ဂယူကို လှမ်းကြည့်ပါတယ်။ တက်ဂယူကလည်း ခေါင်းငြိမ့်ပြီး ထောက်ခံပေးပါတယ်။
“ဂျင်ဟူ ပြောတာ မှန်ပါတယ်။ အမေ။ ကျွန်တော်တို့ ပိုက်ဆံတွေ အများကြီး ရှာနိုင်ခဲ့ပါတယ်”
အမေဟာ ခဏလောက် ငြိမ်သက်ပြီး ရပ်နေပါတယ်။ အဲဒီနောက်မှာတော့ အမေဟာ ထိုင်ချလိုက်ပြီး ငိုချလိုက်ပါတော့တယ်။
ကျွန်တော့်အဖေ ဆုံးပါးသွားကတည်းက အမေဟာ ဘယ်လောက်ပဲ ခက်ခဲပါစေ စိတ်ခံစားချက်ကို လုံးဝ မပြခဲ့ပါဘူး။ ကျွန်တော့်ရှေ့မှာ ဒီတစ်လျှောက်လုံး မျက်ရည်တစ်စက်တောင် မကျခဲ့တဲ့သူပါ။
မခက်ခဲဘူး၊ မဝမ်းနည်းဘူးဆိုရင် အလိမ်အညာ ဖြစ်မှာပါ။ အမေဟာ အံကြိတ်ပြီးပဲ ခါးစည်းခံခဲ့တာပါ။
“ဟင့်... ဟင့်..”
အမေ ငိုနေတာကို ကြည့်ပြီး ကျွန်တော်ပါ လိုက်ငိုချင်စိတ် ပေါက်လာပါတယ်။
ကျွန်တော် အတင်းပြုံးလိုက်ပြီး “ဒီလို နေ့ကောင်းရက်သာမှာ ဘာလို့ ငိုနေတာလဲ။ မငိုပါနဲ့တော့။ အမေရာ” လို့ ပြောလိုက်ပါတယ်။
ငိုနေတဲ့ အမေ့ကို ကျွန်တော် နှစ်သိမ့်ဖို့ ကြိုးစားနေတုန်း ဘေးနားကနေ ရှိုက်ကြီးတငင် ငိုသံတစ်ခု ထပ်ကြားရပါတယ်။
ခေါင်းလှည့်ကြည့်လိုက်တော့ တစ်ဖက်မှာ တက်ဂယူက မျက်ရည်တွေ ဖြိုင်ဖြိုင်ကျပြီး ငိုနေတာပါ။
“ဟင့်…ဟင့်…ဝါး”
ကျွန်တော် ကြောင်သွားပြီး မေးလိုက်တယ်။
“ဟေ့ကောင်။ မင်းက ဘာလို့ ငိုနေတာလဲ”
“ဟင့်…. ဂျင်ဟူ”
မျက်ရည်ကို မသုတ်တဲ့အပြင် တက်ဂယူက ကျွန်တော့်ကို ဖက်ပြီး အကျယ်ကြီး အော်ငိုပါတော့တယ်။
“မငိုနဲ့တော့လေ။ ဟေ့ကောင်”
“မင်း ဒီလို ဆက်ငိုနေရင် ငါပါ လိုက်ငိုမိတော့မှာနော်”