← Chapters

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း (၂၃)

မျက်ရည်တွေ ပင်လယ်ဝေခဲ့တဲ့ အချိန်တွေ ကုန်ဆုံးသွားပြီးနောက်

ကျွန်တော် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို အမေ့ကို ရှင်းပြခဲ့ပါတယ်။ ကျွန်တော်နဲ့ တက်ဂယူဟာ ရှာဖွေရရှိထားတဲ့ ပိုက်ဆံတွေနဲ့ Cryptocurrencyမှာ ရင်းနှီးမြှုပ်နှံပြီး ပိုက်ဆံရှာခဲ့တဲ့အကြောင်း ပြောပြလိုက်တာပါ။

"ဘယ်လောက်တောင် ရခဲ့လို့လဲ"

အမှန်အတိုင်း ပြောလိုက်ရင် အမေ ရှော့ခ် ရပြီး မေ့လဲသွားနိုင်ပါတယ်။ အဲဒါကြောင့် ပမာဏကို အဆ ၁၀၀ ကျော်လောက် လျှော့ချပြီး ပြောလိုက်တယ်။

"ဝမ် သန်း ၃၀,၀၀၀လောက် ရခဲ့တာပါ။ အမေ"

ဒီလောက်လေး ပြောတာတောင် အမေ့မျက်လုံးတွေ ပြူးသွားပါတယ်။

"သန်း သုံး... သုံးသောင်း ဟုတ်လား။ အဲ... အဲဒါ တကယ်ကြီးလား"

တကယ်တော့ လူလတ်တန်းစား မိသားစုတစ်ခုအတွက် ဝမ် သန်း ၃၀,၀၀၀ဆိုတာ မှင်သက်သွားလောက်တဲ့ ပမာဏပါ။

အင်း... ဒီထက်တောင် ပိုလျှော့ပြောခဲ့ရမှာထင်တယ်။

ကျွန်တော့်ရဲ့ အနာဂတ် အစီအစဉ်တွေကိုလည်း ပြောပြခဲ့ပါတယ်။

"ကျွန်တော် ကျောင်းပြန်တက်မှာကို ခဏရွှေ့ဆိုင်းပြီး တက်ဂယူနဲ့အတူ နေရင်း ရင်းနှီးမြှုပ်နှံမှု ပရောဂျက်တချို့ကို စမ်းလုပ်ကြည့်မလို့ စဉ်းစားထားတယ်"

အမေ့မျက်နှာက စိုးရိမ်စိတ်တွေ ပြည့်သွားပါတယ်။

"ရင်းနှီးမြှုပ်နှံမှုဆိုတာ မလွယ်ဘူးနော်။ သား။ သူများပိုက်ဆံကို အခွင့်ကောင်းယူချင်တဲ့သူတွေ အများကြီးပဲ။ 'ငါ့မှာပဲ သီးသန့်သတင်းအချက်အလက် ရှိတယ်' လို့ ပြောတဲ့သူတွေဟာ အကုန်လုံး လူလိမ်တွေပဲလို့ သားအဖေက ပြောလေ့ရှိတယ်"

"..."

အခု အဲဒီ 'သီးသန့်သတင်းရှိတယ်' ဆိုတဲ့ လူလိမ်က တခြားသူမဟုတ်ဘဲ အမေ့ရဲ့ သားဖြစ်နေတာပါ။

မိဘတွေဆိုတာ များသောအားဖြင့် သူတို့သားသမီးတွေကို ပိုက်ဆံအများကြီး ရှာတာထက် တည်ငြိမ်တဲ့ အလုပ်အကိုင်မျိုးပဲ ရစေချင်ကြပါတယ်။ အသက် ၂၀ အစောပိုင်းအရွယ် သားဖြစ်သူက သူငယ်ချင်းနဲ့အတူ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း စတင်မယ်ဆိုတော့ အမေတစ်ယောက်အနေနဲ့ စိုးရိမ်တာက သဘာဝပါပဲ။

"စိတ်မပူပါနဲ့။ အမေ။ ကျွန်တော်တို့ အကြွေးတွေ တင်အောင် မလုပ်ပါဘူး။ ရှိတဲ့ ပိုက်ဆံကိုပဲ သုံးမှာပါ။ တကယ်လို့ အဆင်မပြေဘူးဆိုရင် ချက်ချင်း ရပ်လိုက်ပါ့မယ်"

ဒါကို ကြားတော့မှ အမေက မတတ်သာဘဲ ခေါင်းငြိမ့်ပါတယ်။ စိတ်မအေးနိုင်သေးဘဲ တက်ဂယူကို ကြည့်ပြီး ပြောတယ်။

"ဒါပေမဲ့ တက်ဂယူက သားနဲ့အတူ ရှိနေတာမလို့ အန်တီ ကျေးဇူးတင်ပါတယ်ကွယ်"

တက်ဂယူက ခေါင်းကို တရစပ် ငြိမ့်ပြပါတယ်။

"ဟုတ်ကဲ့ပါ။ အမေ။ ဂျင်ဟူကို ကျွန်တော် သေသေချာချာ ကြည့်ရှုစောင့်ရှောက်ပါ့မယ်"

"..."

ဘယ်သူက ဘယ်သူ့ကို စောင့်ရှောက်မှာလဲဟ။

အမေဟာ အိမ်အနှံ့ လျှောက်ကြည့်နေပြီး ပစ္စည်းတွေကို ဟိုဟိုဒီဒီ လက်နဲ့ လိုက်ကိုင်ကြည့်နေပါတယ်။ ဒါက အမေ့အတွက်တော့ အခုထိ အိပ်မက်လိုလို ဖြစ်နေတုန်းပါပဲ။

"ဒီမှာ ဟိုနားဒီနား ပျက်စီးနေတာတွေ အများကြီးပဲ"

အနှစ် ၂၀ ကျော် သက်တမ်းရှိပြီဆိုတော့ ပြုပြင်ဖို့ လိုအပ်နေတဲ့ နေရာတွေက မနည်းပါဘူး။ သစ်သားကြမ်းပြင်နဲ့ နံရံကပ်စက္ကူတွေ ပြန်လုပ်ဖို့ လိုသလို၊ ခေါင်မိုးကိုလည်း ရေလုံအောင် ပြန်လုပ်ရပါမယ်။ ဘွိုင်လာနဲ့ ရေပိုက်လိုင်းတွေကိုလည်း စစ်ဆေးဖို့ လိုပါတယ်။

"ကျွန်တော် ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုကို ကြိုမှာထားပြီးသားပါ။ မနက်ဖြန်မနက် သူတို့လာပြီး တန်ဖိုးတွက်ချက်ပြီးရင် အလုပ်စလိမ့်မယ်။ သူတို့ရဲ့ ဆက်သွယ်ရန် ဖုန်းနံပါတ် အမေ့ကို ပေးထားမယ်၊ လိုအပ်တာရှိရင် ပြောလိုက်ပါ"

"ပြန်ပြင်ခက ဈေးမပေါလောက်ဘူးနော်"

သေသေချာချာ ပြင်မယ်ဆိုရင်တော့ ဝမ် သန်းပေါင်းများစွာ ကုန်မှာပါ။ ဒါကြောင့်လည်း အရင်ပိုင်ရှင်က ပြုပြင်ဖို့ မဝံ့မရဲဖြစ်ပြီး ဒီအတိုင်းနေလာရာကနေ အခုမှ အလျင်စလို ရောင်းပြီး ထွက်သွားတာလေ။

ကျွန်တော့်မှာ ပိုက်ဆံ အလုံအလောက် ရှိနေတာကြောင့် အိမ်အသစ်တစ်လုံး ဆောက်သလိုမျိုးကို အကုန်အစင် ပြင်ဆင်ဖို့ စီစဉ်ထားပါတယ်။

"ပိုက်ဆံအတွက် စိတ်မပူပါနဲ့။ ပြင်ဆင်တာက အချိန်နည်းနည်း ကြာမှာဆိုတော့ အခုလောလောဆယ် ဒီအိမ်မှာပဲ နေဦး။ ပြီးမှ ပြောင်းတာပေါ့"

အမေက ပြုံးပြီး ခေါင်းငြိမ့်ပါတယ်။

"ကောင်းပါပြီ။ သားရယ်"

ဆိုးလ်မြို့က ကျွန်တော်တို့ ငှားနေတဲ့ အိမ်ကို ပြန်ရောက်တော့ ကိတ်မုန့်ဝယ်၊ ဖယောင်းတိုင်ထွန်းပြီး ရှန်ပိန်နဲ့ အောင်ပွဲခံကြပါတယ်။ အမေက အရက် သိပ်မသောက်တတ်ပေမဲ့ ဒီနေ့တော့ မငြင်းပါဘူး။

ဒါဟာ နှစ်ပေါင်းများစွာအကြာမှာ ကျွန်တော်တို့ အတူတူ ဆင်နွှဲရတဲ့ ပျော်စရာကောင်းတဲ့ ခရစ္စမတ်ပါပဲ။

တက်ဂယူက ကျွန်တော့်အခန်းထဲမှာပဲ အိပ်ပါတယ်။ နောက်နေ့မနက် အမေ ပြင်ပေးတဲ့ မနက်စာကို စားပြီးနောက် ကျွန်တော်တို့ ထွက်လာခဲ့ကြပါတယ်။

ကျွန်တော့်ရဲ့ အသုံးအဆောင် ပစ္စည်းတွေကို တက်ဂယူကားပေါ် တင်လိုက်ပါတယ်။ ကားလေးက သေးငယ်ပေမဲ့ နောက်ခန်းထိုင်ခုံတွေကို လှဲချလိုက်တဲ့အခါ အကုန်လုံး ဆံ့သွားတာ အံ့သြစရာပါပဲ။

အမေက ပထမထပ်အထိ လိုက်ပို့ပြီး ကျွန်တော့်လက်ကို တင်းတင်းဆုပ်ကိုင်ရင်း ပြောပါတယ်။

"ကိုယ်ကိုယ်တိုင်လည်း ဂရုစိုက်၊ လူတွေကိုလည်း သတိထားဦးနော်။ သား"

"စိတ်မပူပါနဲ့။ အမေ"

"ဖုန်းလည်း ခဏခဏ ဆက်ဦး။ သားတို့ မအားရင် အမေပဲ လာခဲ့မယ်"

"ဟုတ်ကဲ့ပါ။ အမေ"

တက်ဂယူ ကားကို စက်နှိုးလိုက်ပါတယ်။

ကားလေးကို မမြင်ရတော့တဲ့အထိ အမေဟာ အဲဒီနေရာမှာပဲ ရပ်ကြည့်ကျန်ရစ်ခဲ့ပါတယ်။

ကျွန်တော် တက်ဂယူကို မေးလိုက်တယ်။

"ဒီနေ့က အိမ်လက်ခံရမယ့်နေ့လား"

"အင်း။ ခုနကတင် ဖုန်းဆက်လာတယ်၊ မကြာခင် လာပို့လိမ့်မယ်"

ကျွန်တော်က အိမ်ဟောင်းကို ပြန်ဝယ်နေတုန်းမှာ၊ တက်ဂယူကလည်း ရင်းနှီးမြှုပ်နှံမှုတွေကို အတည်တကျ စတင်ဖို့ဆိုရင် အခြေစိုက်စခန်းတစ်ခု လိုတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အိမ်သီးသန့်တစ်လုံး ဝယ်ထားခဲ့ပါတယ်။

အခြေစိုက်စခန်းထက် 'ဌာနချုပ်' လို့ ခေါ်ရင် ပိုမှန်မယ်လို့ ကျွန်တော် တွေးမိပေမဲ့၊ အခုနေနေတဲ့ အိမ်က လူနှစ်ယောက်နေဖို့ ကျဉ်းလွန်းတယ်ဆိုတာကိုတော့ ကျွန်တော် မငြင်းပါဘူး။

"ဘယ်လောက်နဲ့ ဝယ်လိုက်တာလဲ"

"အေးဆေးပါ။ ဝမ် သန်း၄၂၀၀လောက်ပါပဲ"

"......"

အေးဆေးမလို့ တော်သေးတာပေါ့။ မဟုတ်ရင် သူ ဝမ် သန်း ၁၀,၀၀၀တန် စံအိမ်ကြီး ဝယ်လိုက်မှာ သေချာတယ်။

ကျွန်တော် အခုထိ မရောက်ဖူးသေးပေမဲ့၊ အိမ်နေရာက ဆမ်ဆောင် ပန်းခြံရှေ့မှာလို့ ပြောပါတယ်။ အခုနေနေတဲ့ အိမ်နဲ့ဆိုရင် ကီလိုမီတာ အနည်းငယ်လောက်ပဲ ဝေးပါတယ်။

ခဏအကြာမှာတော့ အိမ်ပြောင်းတဲ့ ကုမ္ပဏီက တက်ဂယူအိမ်ကို ရောက်လာပါတယ်။ ဝန်ထမ်းတွေက သေတ္တာတွေကို ထုတ်ပြီး ကာတွန်းစာအုပ်တွေကို အရင်ဆုံး စတင် ထုပ်ပိုးကြပါတယ်။

"အရုပ်တွေ နဲ့ ပလတ်စတစ် မော်ဒယ်တွေကို ဂရုတစိုက် ကိုင်တွယ်ပေးပါ။ မကွဲစေနဲ့ဦး"

စတူဒီယို အခန်းကျဉ်းလေးထဲကနေ ထွက်လာတဲ့ ပစ္စည်းတွေက ထရပ်ကား တစ်စီးစာ ပြည့်လုနီးပါး ဖြစ်နေတာ မယုံနိုင်စရာပါပဲ။

ဒါကြောင့်ပဲ ဒီအိမ်က အမြဲတမ်း ရှုပ်ပွနေတာလား။

ပရိဘောဂ အဟောင်းတွေကို စွန့်ပစ်လိုက်တာတောင်မှ အိမ်ပြောင်းတဲ့ ကားက ပြည့်နေတုန်းပါပဲ။

ယောဆမ်ဒေါင်း ကနေ ဆမ်ဆောင်ဒေါင်း ကို ကားက ခဏချင်းပဲ ရောက်သွားပါတယ်။

တက်ဂယူက ညွှန်ကြားချက်တွေ ပေးနေပြီး ဝန်ထမ်းတွေ ပစ္စည်းရွှေ့နေတုန်း အိမ် အသစ်ကြီးကို ကျွန်တော် လိုက်ကြည့်လိုက်ပါတယ်။ အဲဒါက ခြံဝင်းလေးနဲ့ ဂိုဒေါင်ပါတဲ့ အထပ်နှစ်ထပ်ပါ အိမ်ကြီးတစ်လုံးပါ။

ပထမထပ်မှာ ဧည့်ခန်း၊ မီးဖိုချောင်၊ ရေချိုးခန်း၊ အိမ်သာပါတဲ့ အခန်းငယ်တစ်ခန်းနဲ့ အခန်းကြီးတစ်ခန်း ရှိပါတယ်။ ဒုတိယထပ်မှာတော့ ဧည့်ခန်းငယ်တစ်ခု၊ မီးဖိုချောင်အသေး၊ ရေချိုးခန်း၊ အခန်းကြီးတစ်ခန်းနဲ့ အခန်းငယ်တစ်ခန်း ရှိပါတယ်။ မြေအောက်ခန်းနဲ့ အမိုးအောက်ကအခန်းလည်း ပါပါသေးတယ်။

ဒီအရွယ်အစားက မိသားစုကြီးတစ်ခုတောင် သက်တောင့်သက်သာ နေနိုင်တဲ့ အနေအထားပါ။

"ပထမထပ်က မင်းအတွက်၊ ဒုတိယထပ်က ငါ့အတွက်။ မြေအောက်ခန်းကို စာကြည့်ခန်း လုပ်ကြမလား"

"စာကြည့်ခန်းထက် ကာတွန်းစာအုပ်ဆိုင် ပုံစံမျိုး လုပ်ရင်ရော မကောင်းဘူးလား"

"အဲဒီ စိတ်ကူးကောင်းတယ်"

အိမ်ရှင်က နိုင်ငံခြားကို ပြောင်းသွားတော့မှာမလို့ ရောင်းထားတာ ရက်အနည်းငယ်ပဲ ရှိသေးတာဆိုပေမဲ့ အိမ်ထဲမှာ ဖုန်တွေ အတော် တက်နေပါတယ်။ ကံကောင်းတာက အိမ်ပြောင်းတဲ့ ဝန်ဆောင်မှုထဲမှာ သန့်ရှင်းရေးပါ ပါဝင်နေတာပါ။

ကျွန်တော် အခန်းထဲဝင်ပြီး ကိုယ့်ပစ္စည်းတွေကို နေရာချလိုက်ပါတယ်။ ပထမနှစ်တုန်းက သုံးခဲ့တဲ့ စီမံခန့်ခွဲမှု စာအုပ်တွေကို ကြည့်ရင်း အတိတ်က အမှတ်တရတွေ ပြန်ပေါ်လာပါတယ်။ တကယ်တော့ အဲဒီစာအုပ်တွေဆီကနေ ကျွန်တော် အများကြီး မသင်ယူခဲ့ရပါဘူး။

နေရာချလို့ ပြီးသွားတဲ့အခါ တက်ဂယူက ပြောတယ်။

"ကဲ... ဈေးဝယ်ထွက်ကြစို့"

ယောဆမ်ဒေါင်းမှာ ရှိတဲ့ ဆိုဆောင်း Digital Plaza။

ဒီနေရာက ဆိုဆောင်း အီလက်ထရောနစ် က ထုတ်တဲ့ လျှပ်စစ်ပစ္စည်းတွေကို ရောင်းတဲ့ အရောင်းဆိုင်ကြီးပါ။ အရင်တုန်းကတော့ တီဗွီတို့ ကွန်ပျူတာတို့က ရောင်းအားအကောင်းဆုံး ပစ္စည်းတွေဖြစ်ခဲ့တာပေါ့။

ဒါပေမဲ့ အခုအချိန်မှာတော့ ထိပ်ဆုံးက ပြိုင်ဘက်ကင်း ရောင်းနေရတာက စမတ်ဖုန်းတွေပါပဲ။ တစ်လုံးကို ဝမ် ၁ သန်းလောက် ရှိတာတောင် လူတွေက နှစ်နှစ်တစ်ခါလောက် အသစ်လဲပြီး ဝယ်နေကြတာပါ။

L6 စတင် ထွက်ရှိတုန်းကတော့ ဆိုင်ရဲ့ အခြေအနေက အရမ်းကောင်းခဲ့ပါတယ်။ အကြိုမှာယူမှု Pre-orderတင် ၆ သိန်းကျော်ခဲ့ပြီး စင်ပေါ်တင်လိုက်တာနဲ့ မုန့်လို ရောင်းကုန်ခဲ့တာပါ။ တချို့အရောင်တွေဆို ပြတ်လပ်သွားလို့ ဖောက်သည်တွေ စောင့်ခဲ့ရပါသေးတယ်။

ဖုန်းတွေကို Recallလုပ်တုန်းက အရောင်း ခဏရပ်သွားပေမဲ့ ပြန်စတဲ့အခါ တုံ့ပြန်မှုက မဆိုးပါဘူး။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်ရတဲ့ ဝမ်းနည်းစရာ ကံကြမ္မာနဲ့ ကြုံလိုက်ရတာပါ။

ဝန်ထမ်းတွေက L6 ပြထားတဲ့ စင်တွေကို ရှင်းလင်းပြီး နောက်ဆုံးပေါ် L5 နဲ့ NT5 မော်ဒယ်တွေနဲ့ အစားထိုးလိုက်ပါတယ်။ နံရံကပ် L6 ကြော်ငြာတွေကိုလည်း ဖယ်ရှားပြီး ဖုန်းလဲလှယ်ခြင်းနဲ့ ငွေပြန်အမ်းခြင်းဆိုင်ရာ အသိပေးချက်တွေနဲ့ အစားထိုးလိုက်ပါတယ်။

ဆိုင်မဖွင့်ခင်မှာ ဆိုင်မန်နေဂျာက ပြောပါတယ်။

"ကုမ္ပဏီရဲ့ လက်ရှိ အခြေအနေကို အားလုံး သိကြမှာပါ။ ဖောက်သည်တွေ အဆင်မပြေမှု မရှိအောင် အကောင်းဆုံး ကူညီပေးကြပါ၊ ပြဿနာရှိရင် ချက်ချင်း အစီရင်ခံပါ"

ထုတ်လုပ်မှု ရပ်ဆိုင်းကြောင်း ကြေညာပြီး ၁၀ ရက်လောက် ရှိပြီဆိုပေမဲ့ ဆိုင်ကတော့ L6 လာလဲတဲ့သူ၊ ငွေပြန်အမ်းတဲ့သူတွေနဲ့ ရှုပ်ယှက်ခတ်နေတုန်းပါပဲ။ မနက်ပိုင်းကတော့ နည်းနည်း အေးပေမဲ့ နေ့လယ်စာ စားချိန်ဆိုရင်တော့ အနီးအနားက ရုံးဝန်ထမ်းတွေက L6တွေ လာအပ်ကြတာ အရောင်အလိုက်ကို ပုံနေတာပါပဲ။

ဝန်ထမ်းအသစ် ဂျောင်ဟယ်ဂျွန်က ဒါကို ကြည့်ရင်း တွေးနေမိပါတယ်။

ဒါတွေအားလုံး ပေါင်းလိုက်ရင် ပိုက်ဆံ ဘယ်လောက်တောင် ရှိမလဲ။

ကုမ္ပဏီအတွင်းမှာတော့ ဒီသုံးလပတ်မှာ IM (စမတ်ဖုန်း) ဌာနအနေနဲ့ ဆုံးရှုံးမှုတွေနဲ့ ကြုံရလိမ့်မယ်လို့ သတင်းတွေ ထွက်နေပါတယ်။ အမှုဆောင်တွေကတော့ သူတို့ရဲ့ လစာ ၁၀ ရာခိုင်နှုန်းကို ကုမ္ပဏီအတွက် ပြန်ပေးဖို့ ဆုံးဖြတ်ထားကြပါတယ်။

"ဒီနှစ်တော့ ဘောနပ်စ် ရဖို့ မျှော်လင့်ဖို့ ခက်မယ် ထင်တယ်"

နည်းနည်း စိတ်သက်သာရာ ရစရာတစ်ခုကတော့ ငွေပြန်အမ်းတာထက် ဖုန်းလဲလှယ်တာက အဆမတန် ပိုများနေတာပါပဲ။ ဒါက စမတ်ဖုန်း ဈေးကွက်မှာ ဆိုဆောင်း အီလက်ထရောနစ် ရဲ့ နေရာကို သက်သေပြလိုက်တာပါ။

နေ့လယ်စာ စားချိန်ပြီးနောက် ဆိုင်က ပြန်ငြိမ်သွားပါတယ်။

နားဖို့ ပြင်နေတုန်းမှာပဲ ဆိုင်ရှေ့မှာ ကားတစ်စီး လာရပ်ပါတယ်။ အဲဒါက ချစ်စရာ မိန်းကလေး ကာတွန်းပုံလေး ဆွဲထားတဲ့ အနီရောင် ကားအသေးလေးပါ။

" ဘာလဲဟ။ ဂိမ်းကြော်ငြာ ကားလား"

ပျော်စေပျက်စေ သက်သက်နဲ့တော့ ဒီလိုပုံကြီး ကားပေါ်မှာ ဘယ်သူမှ လိုက်ကပ်မှာ မဟုတ်ဘူး မဟုတ်လား။

အသက် ၂၀ ဝန်းကျင် အရွယ် လူငယ်နှစ်ယောက် ကားပေါ်က ဆင်းလာပါတယ်။ တစ်ယောက်က ဝဝတုတ်တုတ်နဲ့ အားကစားဝတ်စုံ ပွပွကြီး ဝတ်ပြီး မျက်မှန်တပ်ထားပါတယ်။ နောက်တစ်ယောက်ကတော့ ဂျင်းဘောင်းဘီနဲ့ အနွေးထည် ဝတ်ထားပါတယ်။

သူတို့တွေ ဆိုင်ထဲ ဝင်လာကြပါတယ်။ အားကစားဝတ်စုံနဲ့ လူငယ်ရဲ့ လက်ထဲမှာ L6 တစ်လုံး ပါလာပါတယ်။

" L6 လာအပ်တာလား"

ဂျောင်ဟယ်ဂျွန် သူတို့ဆီ သွားလိုက်ပါတယ်။

"မင်္ဂလာပါ ခင်ဗျာ။ ဖုန်းလဲလှယ်တာနဲ့ ငွေပြန်အမ်းတာကို ဒီဘက်မှာ ကူညီပေးပါ့မယ်"

မျက်မှန်နဲ့ လူငယ်က ခေါင်းခါလိုက်ပါတယ်။

"မဟုတ်ဘူး၊ ဒါကို ပြန်မအပ်ဘူး။ အမှတ်တရအနေနဲ့ သိမ်းထားချင်လို့"

"ဒါပေမဲ့ ဘေးကင်းလုံခြုံမှုအတွက် လဲလှယ်တာ ဒါမှမဟုတ် ငွေပြန်ယူတာက ပိုကောင်းပါလိမ့်မယ် ခင်ဗျာ"

ပေါက်ကွဲမှုတွေ မဖြစ်အောင် အားသွင်းနှုန်းကို ၂၀ ရာခိုင်နှုန်းပဲ ရအောင် ကန့်သတ်ထားပြီး၊ နောက်လမှာ အော်ပရေတာတွေနဲ့ တိုင်ပင်ပြီး သုံးစွဲမှု ရပ်ဆိုင်းဖို့အထိ စီစဉ်ထားတာပါ။

လူငယ်က ပြုံးပြီး ပြောတယ်။

"ရပါတယ်။ ဒီဖုန်းကြောင့် ကောင်းတဲ့အရာတွေ ဖြစ်ခဲ့လို့ပါ"

ထုတ်လုပ်သူဘက်ကတော့ အကုန်လုံးကို အမြန်သိမ်းချင်တာပေါ့၊ ဒါပေမဲ့ ဖောက်သည်က မပေးဘူးဆိုရင်တော့ အတင်းအကျပ် လုပ်လို့ မရပါဘူး။

"ကျွန်တော် အခု အိမ်ပြောင်းလို့လေ။ အိမ်သုံး လျှပ်စစ်ပစ္စည်း တချို့ ဝယ်မလို့ပါ"

"ဒါဆို အပေါ်ထပ်ကို လိုက်ခဲ့ပါ ခင်ဗျာ"

ဒုတိယထပ်မှာ တီဗွီ၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်နဲ့ ဖုန်စုပ်စက် စတဲ့ ပစ္စည်းတွေ ပြထားပါတယ်။ မင်္ဂလာဦး ဇနီးမောင်နှံ တစ်စုံကလည်း သူတို့အိမ်သစ်အတွက် ပစ္စည်းတွေ လိုက်ကြည့်နေကြပါတယ်။

"သီးသန့် ရှာနေတဲ့ ပစ္စည်း ရှိပါသလား ခင်ဗျာ"

"ဒီတိုင်း လိုက်ကြည့်နေတာပါ"

သူတို့ရဲ့ အဖြေအရတော့ တကယ်ဝယ်ဖို့ထက် လေ့လာကြည့်နေတဲ့ ပုံစံပါပဲ။

လူငယ်နှစ်ယောက်က တီဗွီပြခန်း ရှေ့မှာ ရပ်လိုက်ပါတယ်။

"ဟာ… ဒါ ဘာတီဗွီလဲ"

နံရံမှာ ကပ်ထားတဲ့ တီဗွီအကြီးကြီးက စခရင် ပြောင်းလဲတိုင်း တောက်ပတဲ့ အရောင်တွေကို ပြသနေပါတယ်။ ဈေးနှုန်းက ဝမ် ၃,၄၆၀,၀၀၀ လို့ ရေးထားပါတယ်။

ဂျောင်ဟယ်ဂျွန်က ရှင်းပြပါတယ်။

"ဒါက ဆိုဆောင်း အီလက်ထရောနစ် က အခုမှ ထွက်ထားတဲ့ OLED TV ပါ။ ဒီမော်ဒယ်က ၉၅ လက်မ ဖြစ်ပြီး 4K ရပါတယ်။ ဒီတစ်လုံးပဲ ဆိုင်မှာ ပြထားတာ ရှိပါတယ်။ ဖောက်သည်တွေကတော့ ဟိုဘက်က ဝမ် ၅ သိန်းဝန်းကျင်ရှိတဲ့ ၆၅ လက်မ မော်ဒယ်တွေကို ပိုကြိုက်ကြပါတယ်"

"ဪ... ဟုတ်လား"

ရှင်းပြတာကို နားထောင်ပြီးနောက် လူငယ်က ခေါင်းငြိမ့်ပြီး ပြောလိုက်တယ်။

"ဒါဆို လောလောဆယ် ဒီတစ်လုံး ယူမယ်"

"ဗျာ"

ဂျောင်ဟယ်ဂျွန် ခဏလောက် နားကြားမှားသလားလို့ ထင်သွားပါတယ်။

"ဒီပြထားတဲ့ တစ်လုံးက ဝယ်လို့ မရဘူးလား"

"ဪ... မဟုတ်ပါဘူး။ အဲဒါက ပြဿနာ မဟုတ်ပါဘူး၊ ဒါပေမဲ့..."

သူက ဝယ်ချင်တယ်ပေါ့လေ။ ဝမ် ၃,၄၆၀,၀၀၀ တန် တီဗွီကိုလား။

'ဒီချာတိတ်က ဈေးနှုန်းကို ဝမ် ၃၄၆,၀၀၀ လို့ မှားကြည့်နေတာများလား'

သူ ဇဝေဇဝါ ဖြစ်နေတုန်းမှာပဲ လူငယ်က ဆိုင်အနှံ့ လက်ညှိုးထိုးပြပြီး ပြောပါတယ်။

"ပြီးတော့ ဒီကနေ ဟိုအထိ အဈေးအကြီးဆုံး ပစ္စည်းတွေကို တစ်မျိုးစီ ပေးပါ။ ဪ...ဒါနဲ့… အိမ်အရောက် ပို့ပေးလား"

"..."

အခန်း (၂၄)

ကျွန်တော်တို့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေ ဝယ်ယူပြီးနောက် ဆိုဆောင်း Digital Plaza ကနေ ထွက်လာခဲ့ကြပါတယ်။

တီဗွီကနေစလို့ ကွန်ပျူတာနှစ်လုံး၊ လပ်တော့နှစ်လုံး၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ အခြောက်ခံစက်၊ ကြိုးမဲ့ဖုန်စုပ်စက်၊ ကော်ဖီဖျော်စက်၊ Home Theater နဲ့ တခြားပစ္စည်းတွေ အများကြီးကို ဝယ်လိုက်တာပါ။ ဝယ်စရာစာရင်းထဲက ပစ္စည်းမှန်သမျှကို အကုန်သိမ်းကျုံးဝယ်ခဲ့တာ ဖြစ်ပါတယ်။

စုစုပေါင်း ဝယ်ယူမှုပမာဏက ဝမ် သန်း ၆၀ ကျော်သွားပါတယ်။ တက်ဂယူက အဲဒီပမာဏအားလုံးကို တစ်ခါတည်း ငွေချေလိုက်တာကြောင့်၊ ကတ်နဲ့ငွေပေးချေမှုက ဘာပြဿနာမှမရှိဘဲ အဆင်ပြေပြေ ဖြစ်သွားတာကို ကြည့်ပြီး ဝန်ထမ်းတွေတောင် မှင်သက်သွားကြပါတယ်။

ဝန်ထမ်းတွေက သေသေသပ်သပ် ပြသထားတဲ့ တီဗွီတွေကို ထုပ်ပိုးနေတုန်းမှာပဲ ဆိုင်မန်နေဂျာက ကားနားအထိ ပြေးထွက်လာပြီး နှုတ်ဆက်ပါတယ်။

“ကျွန်တော်တို့ဆိုင်ကို ရွေးချယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ မနက်ဖြန်မနက် ကျွန်တော်ကိုယ်တိုင် လာခဲ့ပါ့မယ်။ ပစ္စည်းတွေကို လာပြီး စစ်ဆေးပေးပါဦးခင်ဗျာ”

“ဟုတ်ကဲ့။ အပင်ပန်းခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

တက်ဂယူက ကားကို စက်နှိုးလိုက်ပါတယ်။

“ငါတို့တွေ အများကြီး ဝယ်မိသွားလား”

“ဆိုဆောင်း အီလက်ထရောနစ် ကြောင့် ငါတို့ ပိုက်ဆံတွေ အများကြီး ရှာနိုင်ခဲ့တာလေ။ ကျေးဇူးပြန်ဆပ်သင့်တာပေါ့”

“······”

ဒုတိယဥက္ကဋ္ဌ လင်ဂျင်ယုံ သာ သိရင် မျက်ရည်တောင် ကျသွားမလား စိုးရိမ်မိပါတယ်။

“ကဲ... အခုတော့ စားပွဲတွေ၊ ဆိုဖာတွေနဲ့ ကုတင်တွေ သွားဝယ်ကြရအောင်”

“ဘယ်ကို သွားကြမလဲ။ နန်ဟျွန်ဒေါင်း က ပရိဘောဂလမ်းကို သွားမလား”

အဲဒီနေရာက ဥရောပတိုက်ကလာတဲ့ အဆင့်မြင့် ပရိဘောဂ ကုမ္ပဏီတွေ စုဝေးရာနေရာအဖြစ် လူသိများပါတယ်။

တက်ဂယူက ခေါင်းခါလိုက်ပါတယ်။

“AKEAကိုပဲ သွားရအောင်”

ကမ္ဘာ့အကြီးဆုံး ဆွီဒင်ပရိဘောဂကုမ္ပဏီဖြစ်တဲ့ AKEA ဟာ မနှစ်ကမှ ကိုရီးယားမှာ ဆိုင်တွေ စတင်ဖွင့်လှစ်ခဲ့တာပါ။ သူတို့က အဓိကအားဖြင့် လက်တွေ့ကျပြီး ဈေးနှုန်းသင့်တင့်တဲ့ ပရိဘောဂတွေကို ရောင်းချတာ ဖြစ်ပါတယ်။

တက်ဂယူက ယုံကြည်မှုအပြည့်နဲ့ ပြောတယ်။

“ငါတို့က အဖိုးတန် ပရိဘောဂတွေ ဝယ်ဖို့ မလိုပါဘူးကွာ”

မင်းက လျှပ်စစ်ပစ္စည်းတွေကျတော့ ပိုက်ဆံအကုန်ခံပြီး ပရိဘောဂကျတော့ နှမြောနေတာလား။

“ဒါက တကယ့်ကို အိုတာကု ပီသတဲ့ တွက်ချက်မှုပဲ”

“ကောင်းပြီလေ။ သွားကြစို့”

နောက်တစ်နေ့။

မှာထားတဲ့ လျှပ်စစ်ပစ္စည်းတွေနဲ့ ပရိဘောဂတွေ ရောက်လာပါတယ်။ ဧည့်ခန်းထဲမှာ ၉၅ လက်မ တီဗွီကြီးနဲ့ Home Theaterကို တပ်ဆင်ထားပြီး အဲဒီရှေ့မှာတော့ ဆိုဖာအသစ်နဲ့ စားပွဲတစ်လုံး ရှိနေပါတယ်။

တစ်ဖက်မှာတော့ ကွန်ပျူတာနှစ်လုံးနဲ့ မော်နီတာလေးလုံး တင်ထားတဲ့ စားပွဲနှစ်လုံးကို ချထားပါတယ်။ ဒါ့အပြင် အိပ်ခန်းထဲမှာ ကုတင်၊ အဝတ်ဗီရိုနဲ့ စားပွဲတစ်လုံး၊ မီးဖိုချောင်ထဲမှာ ရေခဲသေတ္တာနဲ့ ထမင်းစားစားပွဲ၊ အသုံးဆောင်ခန်းထဲမှာတော့ အဝတ်လျှော်စက်နဲ့ အခြောက်ခံစက်တို့ အသီးသီး ရှိနေပါတယ်။

အကုန်လုံး ပြီးသွားတဲ့အခါ တက်ဂယူက လက်ကို ခါထုတ်လိုက်ပြီး ပြောတယ်။

“ဒီလိုမျိုး အခြေချလိုက်တော့မှ ငါတို့တွေ တစ်ခုခုကို အတည်တကျ စတင်နေပြီလို့ ခံစားရတယ်”

ကျွန်တော် ခေါင်းငြိမ့်ပြလိုက်တယ်။

“အင်း၊ ဟုတ်တယ်”

ဒါကိုပဲ အကြမ်းဖျင်း ပြင်ဆင်မှု ပြီးသွားပြီလို့ သတ်မှတ်ရမှာလား။ ကျွန်တော် စားပွဲဘေးက ကော်ဖီဖျော်စက်ထဲကို ကော်ဖီစေ့တွေ ထည့်ပြီး ကော်ဖီဖျော်လိုက်ပါတယ်။

ဂျီ

ကော်ဖီဖျော်သံနဲ့အတူ မွှေးရနံ့လေးက ပျံ့လွင့်လာပါတယ်။ အားလုံးထဲမှာ ကျွန်တော် ဒါကို အကြိုက်ဆုံးပါပဲ။ ကော်ဖီသောက်ဖို့ အပြင်သွားနေစရာ မလိုတော့ဘူးလေ။

“အခုမှပဲ လူနေတဲ့ အိမ်နဲ့ တူသွားတော့တယ်”

တကယ်လို့ ပစ္စည်းတွေ ဒီလောက်အပြည့်နဲ့ နောက်တစ်ခါ ထပ်ပြောင်းရမယ်ဆိုရင်တော့ ကျွန်တော် မလုပ်နိုင်တော့ဘူး ထင်ပါတယ်။ အိမ်ကို ဝယ်လိုက်တာ တကယ်ကို ကံကောင်းတာပါပဲ။ အနည်းဆုံးတော့ အိမ်ပြောင်းရမှာကို စိတ်ပူစရာ မလိုတော့ဘူးပေါ့။

“အလုပ်ကြီးတစ်ခုတော့ ပြီးသွားပြီ”

“နောက်တစ်ခုလည်း ပြီးပြီ”

တက်ဂယူက ခုနတင် တပ်ဆင်ထားတဲ့ ပရင်တာကနေ စာရွက်တစ်ရွက်ကို ထုတ်ပြီး ကျွန်တော့်ကို ကမ်းပေးပါတယ်။ ပိုင်ဆိုင်မှုကို ဆက်ပြီး ခွဲဝေယူဖို့ ဆုံးဖြတ်ပြီးတဲ့နောက်၊ ကျွန်တော်တို့ဟာ ကုမ္ပဏီပိုင်ဆိုင်မှု အပြောင်းအလဲအတွက် လျှောက်ထားခဲ့ကြပြီး အွန်လိုင်းကနေ လက်မှတ်ထိုး တင်ပြခဲ့ကြပါတယ်။

ရလဒ်ကတော့ ဒါပါပဲ။

Delawareမှာ မှတ်ပုံတင်ထားတဲ့ OTK Company ရဲ့ ကုမ္ပဏီမှတ်တမ်းမှာ ‘JINHOO KANG’ ဆိုတဲ့ နာမည်က ၈၀ ရာခိုင်နှုန်း ပိုင်ဆိုင်မှုနဲ့ ပထမဆုံး စာရင်းဝင်လာပါတယ်။ အဲဒီနောက်မှာတော့ ‘TAEKGYU OH’ ဆိုတဲ့ နာမည်က ၂၀ ရာခိုင်နှုန်း ပိုင်ဆိုင်မှုနဲ့ ပေါ်လာပါတယ်။

တက်ဂယူက ကျွန်တော့်ပုခုံးကို ပုတ်ပြီး ပြောတယ်။

“အခုတော့ မင်းက OTK Company ရဲ့ ပိုင်ရှင်ပဲ။ သေသေချာချာလေး အုပ်ချုပ်ပေးပါဦး”

“ကောင်းပါပြီ”

Options တွေနဲ့ Short sales တွေကို အကုန်ရှင်းပြီးချိန်မှာ OTK Company ရဲ့ အကောင့်ထဲမှာ ဝမ် သန်း ၆၈၅,၈၀၀ အတိအကျ ရှိနေခဲ့ပါတယ်။ ရင်းနှီးငွေတချို့ကို ကိုရီးယားကို ပြန်ထုတ်လိုက်တဲ့အခါ အကောင့်ထဲမှာ ဝမ် ၆၇၂,၀၀၀ ကျန်ရှိနေပါတယ်။

ဘာမှမရှိတဲ့ဘဝကနေ သန်းထောင်ပေါင်းများစွာတန်တဲ့ ကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်တဲ့သူ ဖြစ်လာခဲ့တာပါ။ ဘဝဆိုတာ တကယ်ကို ခန့်မှန်းလို့မရပါဘူး။

“အနာဂတ်အတွက် မင်း ဘာတွေ စီစဉ်ထားလဲ” လို့ တက်ဂယူက မေးပါတယ်။

“ငါ စဉ်းစားနေတုန်းပဲ”

တက်ဂယူက ဇဝေဇဝါ ဖြစ်သွားပုံရတယ်။

“ဘာကို စဉ်းစားနေတာလဲ။ ဟို 'နတ်မျက်စိ'က ပြတဲ့အတိုင်းပဲ ရင်းနှီးမြှုပ်နှံလိုက်ရင် ရပြီ မဟုတ်ဘူးလား”

“အဲဒါက ထင်သလောက် မလွယ်ကူဘူးကွ”

အစတုန်းကတော့ ကျွန်တော်လည်း လွယ်လိမ့်မယ်လို့ ထင်ခဲ့တာပါ။ အနာဂတ်ကို ကြိုမြင်နိုင်ရင် အရာရာဟာ တစ်ရှူးလိပ်ကို ဖြန့်ချလိုက်သလိုမျိုး အဆင်ပြေပြေ ဖြစ်သွားလိမ့်မယ်လို့ ယုံကြည်ခဲ့ပါတယ်။

အနာဂတ်ကနေ ပြသတဲ့အရာတွေကတော့ လုံးဝကို သေချာပါတယ်။

အဲဒါကိုတော့ သံသယဖြစ်စရာ မလိုတော့ပါဘူး။ ဒါကြောင့် အဲဒါကို ယုံကြည်ပြီး ရင်းနှီးမြှုပ်နှံရမှာ မှန်ပေမဲ့ ကျွန်တော့်ကို စိတ်အနှောင့်အယှက် ပေးနေတဲ့ ပြဿနာတချို့ ရှိနေပါတယ်။

ပထမအချက်က ကျွန်တော်ဟာ အနာဂတ်ကို ကြိုမြင်နိုင်စွမ်းကို မထိန်းချုပ်နိုင်ပါဘူး။ ကျွန်တော် အလိုရှိတဲ့အချိန်တိုင်းမှာ ဟိုလိုဂရမ်တွေကို ရှေ့မှာ ဖော်ထုတ်နိုင်မယ်ဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ။

ဘယ်ရှယ်ယာက တက်မယ်၊ ဘယ်ပစ္စည်းက ဈေးကျမယ်၊ အတိုးနှုန်းတွေက ဘယ်လိုဖြစ်လာမယ်ဆိုတာကို သိပြီး အဲဒီအတိုင်း ရင်းနှီးမြှုပ်နှံရုံပဲပေါ့။

ဒါပေမဲ့ ကြိုမြင်နိုင်စွမ်းဆိုတာက ကျပန်းဖြစ်ပြီး ပုံမှန်လည်း မရှိပါဘူး။

ဒါက သူ့သဘာဝကပဲ အဲဒီလိုလား၊ ဒါမှမဟုတ် ကျွန်တော့်မှာ ဒါကို ကိုင်တွယ်နိုင်တဲ့ စွမ်းရည် မပြည့်ဝသေးတာလား ဆိုတာတော့ မသေချာပါဘူး။

နောက်ပြဿနာတစ်ခုကတော့ ပြသတဲ့ သတင်းအချက်အလက်တွေက အရမ်းကို ကန့်သတ်ချက် ရှိလွန်းတာပါ။

ဥပမာ - နေရာတစ်ခုက မြေဈေးဟာ မြို့သစ်စီမံကိန်းကြောင့် ၁၀ ဆလောက် တက်လာမယ်လို့ ကြိုမြင်တယ် ဆိုပါစို့။ ဒါပေမဲ့ အဲဒါက တစ်နှစ်အတွင်း ဖြစ်မှာလား၊ ဆယ်နှစ်အတွင်း ဖြစ်မှာလား ဆိုတာ မသေချာပါဘူး။ ကျွန်တော် မရှိတော့တဲ့နောက်မှ ၁၀ ဆ တက်လာရင်လည်း ဘာအကျိုးရှိမှာလဲ။

ဥပမာအားဖြင့် L6 ထုတ်လုပ်မှု ရပ်ဆိုင်းမယ့်ကိစ္စမှာလည်း ထုတ်လုပ်မှုရပ်ဆိုင်းမယ်ဆိုတဲ့အချက်ကို ကျွန်တော် သိနေတာတောင်မှ အချိန်အတိအကျကိုသာ မသိခဲ့ရင် ကျွန်တော်လည်း လမ်းပျောက်နေမှာပါပဲ။

ကြိုတင်မြင်ရတဲ့ သတင်းအချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာပြီး အဲဒီအပေါ်မှာ မူတည်ပြီး ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာတွေ ချမှတ်ဖို့က ကျွန်တော်တို့ရဲ့ တာဝန်ပါ။

ဒါပေမဲ့ ဒီမှာ တကယ်ကို ကြီးလေးတဲ့ ပြဿနာတစ်ခု ရှိပါသေးတယ်။

“အနာဂတ်ဆိုတာ ကြိုတင်သတ်မှတ်ထားပြီးသားလား၊ ဒါမှမဟုတ် ပြောင်းလဲနိုင်လား”

“ဟမ်။ ဘာကို ဆိုလိုတာလဲ”

တစ်နည်းအားဖြင့် ပြောရရင် ကြိုမြင်နိုင်စွမ်းကနေ ပြသတဲ့ အနာဂတ်ကို ပြောင်းလဲလို့ ရသလား၊ မရဘူးလား ဆိုတာပါ။

ဒါက စွမ်းအားတွေ စပေါ်ကတည်းက ကျွန်တော်တို့မှာ ရှိနေခဲ့တဲ့ မေးခွန်းပါ။

အတိတ်ဆိုတာက ကုန်လွန်သွားတဲ့ အချိန်၊ သေချာတဲ့ လက်တွေ့ဘဝပါ။ ဒါကြောင့် ကျွန်တော်တို့ အခု ဘာပဲလုပ်လုပ် အတိတ်က ပြောင်းလဲမှာ မဟုတ်ပါဘူး။

ဒါပေမဲ့ အနာဂတ်ကတော့ မလာသေးတဲ့ အချိန်ပါ။ တကယ်လို့ ကျွန်တော်တို့က ကြိုသိနေရင် အဲဒါကို ပြောင်းလဲပစ်လို့ မရဘူးလား။

ကျွန်တော် ပြောတာကို နားထောင်ပြီး တက်ဂယူက ခေါင်းငြိမ့်ပါတယ်။

“အဲဒါက အနာဂတ် ကြိုမြင်နိုင်စွမ်းနဲ့ ပတ်သက်တဲ့ ဒွိဟ တစ်ခုပဲ။ မီးတောင်ပေါက်ကွဲတာ ဒါမှမဟုတ် ဥက္ကာခဲ ကျတာမျိုးလို သဘာဝဘေးအန္တရာယ်တွေကတော့ ကြိုသိနေရင်တောင် ပြောင်းလဲဖို့ ခဲယဉ်းတယ်။ ဒါပေမဲ့ လူသားတွေရဲ့ လုပ်ရပ်ကနေ ထွက်လာတဲ့ ရလဒ်တွေကတော့ အလွယ်တကူ ပြောင်းလဲသွားနိုင်တယ်လေ”

ကျွန်တော့်ရဲ့ အံ့သြနေတဲ့ မျက်နှာကို ကြည့်ပြီး တက်ဂယူက ပုခုံးတွန့်ပြပါတယ်။

“ဒါက အန်နီမေးရှင်းတွေနဲ့ ကာတွန်းစာအုပ်တွေထဲမှာ ပါနေကျ အကြောင်းအရာတွေပဲလေ”

ကျွန်တော် ရုတ်တရက် နားလည်သွားပါတယ်။

ကျွန်တော်တို့ Put options တွေ ဝယ်ယူခဲ့တာက L6 ထုတ်လုပ်မှု ရပ်ဆိုင်းသွားတာအပေါ် တိုက်ရိုက် သက်ရောက်မှု မရှိပါဘူး။ Options တွေအတွက် ပေးရတဲ့ အမြတ်ကြေးဟာ ငွေကြေးအဖွဲ့အစည်းတွေရဲ့ တာဝန်သာ ဖြစ်ပါတယ်။

ဒါပေမဲ့ တကယ်လို့ အဲဒီငွေပေးချေမှုက ဆိုဆောင်း အီလက်ထရောနစ် ဆီကနေ ဖြစ်နေမယ်ဆိုရင်တော့ ဇာတ်လမ်းက လုံးဝ ပြောင်းလဲသွားမှာပါ။ တကယ်လို့ သူတို့က ဆုံးရှုံးမှုကို ရှောင်လွှဲဖို့အတွက် ထုတ်လုပ်မှု ရပ်ဆိုင်းတာကို ရက်အနည်းငယ်လောက် နောက်ဆုတ်လိုက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ရင်းနှီးငွေတွေ အားလုံး ဆုံးရှုံးသွားနိုင်ပါတယ်။

တကယ်လို့ ရင်းနှီးမြှုပ်နှံမှုတွေက ကြိုမြင်နိုင်စွမ်းကို သွားပြီး သက်ရောက်မှုရှိရင် ကိုယ့်ဘာသာကိုယ် ဖြစ်မြောက်အောင် လုပ်တာ ဒါမှမဟုတ် ကိုယ့်ဘာသာကိုယ် ငြင်းဆိုလိုက်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

အရင်က ဥပမာအတိုင်း မြေဈေးတက်မယ်လို့ ကြိုမြင်ပြီး မြေတွေ အများကြီး လိုက်ဝယ်လိုက်တယ် ဆိုပါစို့။ ဒါပေမဲ့ မြေဈေးက အရမ်းကြီး တက်သွားတဲ့အတွက် စီမံကိန်းက ပယ်ဖျက်ခံရတာမျိုး ဒါမှမဟုတ် တခြားနေရာကို ပြောင်းသွားတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

“နိဂုံးချုပ်ပြောရရင် ကြိုမြင်နိုင်စွမ်း တစ်ခုထဲအပေါ်မှာပဲ အားကိုးလို့ မရဘူး။ ကြိုမြင်နိုင်စွမ်းက အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပေမဲ့ အဲဒါကို ဘယ်လို ကိုင်တွယ်မလဲဆိုတာကလည်း အတူတူပဲ အရေးကြီးတယ်”

တက်ဂယူက ဒါကိုလည်း အလွယ်တကူပဲ နားလည်သွားပြန်ပါတယ်။

“အင်း... စွမ်းရည်ချင်း တူရင်တောင်မှ ဇာတ်ကောင်ရဲ့ အဆင့်ပေါ် မူတည်ပြီး ထိရောက်မှုက အများကြီး ကွာခြားသွားနိုင်တာပဲ။ ဒါကြောင့် Level တက်အောင် ကြိုးစားကြတာပေါ့။”

“······”

အဲဒါကလည်း မှားတဲ့စကားတော့ မဟုတ်ပါဘူး။

တကယ်လို့ ဒီလိုစွမ်းအားမျိုးသာ Hedge fundတစ်ခုရဲ့ စီအီးအို ဒါမှမဟုတ် Chaebolရဲ့ ဒုတိယမျိုးဆက် တစ်ယောက်ဆီမှာ ရှိနေမယ်ဆိုရင် သူတို့ဟာ ကျွန်တော့်ထက် အဆပေါင်း ရာနဲ့ချီပြီး ပိုပြီး ထိထိရောက်ရောက် အသုံးချနိုင်မှာပါ။

စတင်တဲ့ ဇာတ်ကောင်က စီမံခန့်ခွဲမှုပညာကို တစ်နှစ်ပဲ သင်ဖူးပြီး စစ်မှုထမ်းထားတဲ့ အသက် ၂၀ ကျော် လူငယ်တစ်ယောက် ဖြစ်နေတာကတော့ နှမြောစရာပါပဲ။ ဒါပေမဲ့ ရင်းနှီးငွေက သန်းထောင်ပေါင်းများစွာအထိ တက်လာခဲ့တာကတော့ အနည်းဆုံးတော့ စိတ်သက်သာရာ ရစေပါတယ်။

တက်ဂယူက သတိထားပြီး မေးတယ်။

“နတ်မျက်စိ က ပျောက်သွားတာမျိုးရော ဖြစ်နိုင်လား”

“မဖြစ်နိုင်လောက်ဘူး”

လူသားတွေဟာ သတင်းအချက်အလက်တွေကို အာရုံငါးပါးကနေတစ်ဆင့် ရယူကြပါတယ်။ ကြိုမြင်နိုင်စွမ်းကတော့ ဒီအာရုံငါးပါးထဲမှာ မပါဝင်တဲ့ လုံးဝ ကွဲပြားခြားနားတဲ့ အာရုံတစ်ခုပါ။

အတိအကျ ရှင်းပြဖို့ ခက်ပေမဲ့ ဟိုလိုဂရမ်တွေ မျက်စိရှေ့မှာ ပေါ်မလာရင်တောင်မှ အဲဒီလို အာရုံမျိုး ရှိနေတယ်ဆိုတာကို နားလည်လို့ ရပါတယ်။

အရသာ မမြည်းစမ်းရုံနဲ့ လျှာက အလုပ်မလုပ်တော့တာ မဟုတ်သလို၊ အနံ့မရရုံနဲ့ နှာခေါင်းက ပျက်စီးသွားတာ မဟုတ်သလိုပါပဲ။

တက်ဂယူက အိမ်ကို နေရာချနေတုန်းမှာ ကျွန်တော်ကတော့ ဧည့်ခန်းက ကွန်ပျူတာရှေ့မှာ ထိုင်ပြီး ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းသစ်တွေကို ရှာဖွေဖို့ အွန်လိုင်းလောကကို လေ့လာနေပါတယ်။

အကောင်းဆုံးကတော့ L6 ထုတ်လုပ်မှု ရပ်ဆိုင်းတာမျိုးလို ကြီးမားတဲ့ အကြပ်အတည်းတွေကို ကြိုတင်သိရှိပြီး ရင်းနှီးမြှုပ်နှံဖို့ပါပဲ။

ဒါပေမဲ့ အဲဒီလို အခြေအနေမျိုးမှာတောင် အရင်ကလို အဆပေါင်း ၅၀လောက် အမြတ်ရဖို့က မဖြစ်နိုင်တော့ပါဘူး။ တကယ်လို့ ဝမ် သန်း ၆၇၀,၀၀၀ဖိုး Options တွေ ဝယ်လိုက်လို့ အဆ ၅၀ အမြတ်ထွက်ရင် အဲဒါက ဝမ် သိန်း ၄၀ကုဋေလောက် ဖြစ်သွားမှာပါ။

တကယ်လို့ အဲဒီလို အခြေအနေမျိုး တကယ်ဖြစ်လာရင် ပြည်တွင်း ငွေကြေးလောကတစ်ခုလုံး ပြိုလဲသွားနိုင်ပါတယ်။ စတော့ဈေးကွက်ရဲ့ အရွယ်အစားအရ အဲဒီလို Derivative productsတွေကို အစကတည်းက ထုတ်ပေးမှာ မဟုတ်ပါဘူး။

ပြီးတော့ အဲဒီလို အဖြစ်အပျက်မျိုးက အချိန်တိုအတွင်းမှာ နောက်တစ်ခါ ထပ်ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ တစ်သက်မှာ ဆိုဆောင်း အီလက်ထရောနစ် လို ကုမ္ပဏီမျိုးရဲ့ ရှယ်ယာဈေး သတ်မှတ်ထားတဲ့ အနိမ့်ဆုံးဈေး အထိ ရောက်သွားတာကို ဘယ်နှစ်ကြိမ်လောက် မြင်ဖူးမှာမလို့လဲ။

“ငွေပမာဏက ကြီးလာတာနဲ့အမျှ အမြတ်အဆပေါင်းများစွာကို မြန်မြန်ဆန်ဆန် ရဖို့က ခက်ခဲသွားလိမ့်မယ်၊ ဟုတ်တယ်မလား”

သတင်းတွေနဲ့ စီးပွားရေးလောကမှာတော့ L6 ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်တဲ့ နောက်ဆက်တွဲ သတင်းတွေနဲ့ ပြည့်နှက်နေတုန်းပါပဲ။ အဲဒီဂယက်က လုံးဝ ငြိမ်သက်သွားဖို့ လပေါင်းများစွာ ကြာနိုင်ပါတယ်။

“ဟင်”

အဲဒီအချိန်မှာပဲ ကျွန်တော့်မျက်စိထဲကို ဆောင်းပါးတစ်ပုဒ် ဝင်လာပါတယ်။

အဲဒါကို ဖတ်ပြီး ကျွန်တော် အံ့သြသွားပါတယ်။

“ဟေ့… ဒီကို လာကြည့်ဦး”

“ဘာဖြစ်လို့လဲ”

ကျွန်တော့်ခေါ်သံကြောင့် အောက်ထပ်မှာရှိတဲ့ တက်ဂယူက ဧည့်ခန်းကို ပြေးတက်လာပါတယ်။

“ဒါကို ဖတ်ကြည့်စမ်း”

[သီးသန့်သတင်း]

L6 ထုတ်လုပ်မှု ရပ်ဆိုင်းမှုကို ကြိုသိပြီး Put Options ဝယ်ယူခဲ့သူတွေက ဘယ်သူတွေလဲ။

—ထုတ်လုပ်မှု ရပ်ဆိုင်းကြောင်း မကြေညာခင်မှာ နိုင်ငံခြား ကုမ္ပဏီတစ်ခုက ဆိုဆောင်း အီလက်ထရောနစ် ရဲ့ Put Options တွေကို အလုံးအရင်းနဲ့ ဝယ်ယူခဲ့တယ်လို့ သိရပြီး အတော်လေး ဂယက်ရိုက်နေပါတယ်။

ဒီကုမ္ပဏီရဲ့ Put Option ဝယ်ယူမှုကနေ ရရှိတဲ့ အမြတ်ငွေဟာ ဝမ် သန်းပေါင်း သောင်းနဲ့ချီ ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။

ဒါကို သိရှိပြီးတဲ့နောက်မှာတော့ ငွေကြေးအဖွဲ့အစည်းတွေဟာ ငွေကြေးကြီးကြပ်ရေးအဖွဲ့ဆီကို စုံစမ်းစစ်ဆေးပေးဖို့ စုပေါင်းတောင်းဆိုလိုက်ကြပြီး...

တက်ဂယူရဲ့ မျက်လုံးတွေ အံ့သြလွန်းလို့ ပြူးသွားပါတယ်။

“ဒါ... ဒါက ငါတို့အကြောင်း ပြောနေတာလား”

ကျွန်တော်လည်း အတူတူပဲ အံ့သြနေမိပါတယ်။

“အဲဒီလိုပဲ ထင်တာပဲ”

ထုတ်လုပ်မှု ရပ်ဆိုင်းကြောင်း မကြေညာခင်မှာ ဆိုဆောင်း အီလက်ထရောနစ် ရဲ့ Put Options တွေကို ကျွန်တော်တို့ကလွဲလို့ ဘယ်သူက ဒီလောက် အလုံးအရင်းနဲ့ ဝယ်မှာမလို့လဲ။

All Chapters