← Chapters

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အခန်း (၃၉)

တက်ဂယူကတော့ ယုံကြည်မှုအပြည့်နဲ့ အခိုင်အမာပြောနေပါတယ်။

"ဒါကတော့ ကျိန်းသေပေါက် အောင်မြင်မှာပဲ"

အစ်မဟျွန်းဂျူးက မေးပါတယ်။

"ဘာလို့ အဲဒီလောက်တောင် အောင်မြင်မယ်လို့ယုံကြည်နေရတာလဲ"

တက်ဂယူက ရှင်းပြတယ်။

"မမ ဗိုက်အရမ်းဆာနေတဲ့အချိန် ပီဇာမှာလိုက်လို့ နောက်ကျမှ ရောက်လာရင် တော်တော်လေး စိတ်တိုဖို့ကောင်းတယ် မဟုတ်လား။ နောက်ကျတာကို သည်းခံနိုင်တယ်ထားလိုက်ဦး။ ဒါပေမဲ့ ရောက်လာတဲ့ ပီဇာက အေးစက်ပြီး ဆီတွေပြန်နေတာမျိုး အပေါ်က အစာတွေကလည်း မစုံတာမျိုးဆိုရင်ရော စိတ်မတိုဘူးလား။ ကျွန်တော်ကတော့ အဲဒီလိုမျိုး တစ်ခါထက်မက ကြုံဖူးတယ်။ ဒါပေမဲ့ အခုတင်ပြနေတာက ပီဇာကို တစ်ဝက်ပဲဖုတ်ပြီး ပို့တဲ့လမ်းမှာမှ Oven နဲ့ အပြီးသတ်ဖုတ်ပေးတာလေ။ ဒါကြောင့် ပို့ဆောင်တာ မြန်ရုံတင်မကဘဲ ပီဇာက ပူပူနွေးနွေးနဲ့ လတ်ဆတ်နေမှာ။ အဲဒီလို ပီဇာမျိုးကို တစ်ခါလောက် မြည်းကြည့်ပြီးရင် တခြားဆိုင်ကနေ မှာစားဖို့ စိတ်ကူးမိပါဦးမလား"

သူပြောတာ နားထောင်ရတာကတော့ ဟုတ်သလိုလိုရှိပေမဲ့ ကျွန်တော်ကတော့ အပြည့်အဝကြီး မယုံကြည်သေးပါဘူး။

"အဲဒါက တကယ်ပဲ အဲဒီလောက်ကြီး ကွာခြားသွားမှာမလို့လား"

တက်ဂယူက ချက်ချင်းပြန်ပက်ပါတယ်။

"မျက်စိမှိတ်ပြီး စားကြည့်ရင် Dice Pizza နဲ့ Mamas နဲ့ ဘယ်သူက ခွဲခြားနိုင်မှာမလို့လဲ"

ကျွန်တော်ကတော့ ဘာမှပြန်မပြောမိပါဘူး။ မျက်စိဖွင့်ထားရင်တောင် အဲဒီနှစ်ခုကို ခွဲတတ်မှာ မဟုတ်ဘူးလေ။

မိုင်လိုက ကိုရီးယားစကားကို နားမလည်ပေမဲ့ တက်ဂယူက အားတက်သရော ခုခံပြောပေးနေတာကိုတော့ ရိပ်မိပုံရပါတယ်။

မိုင်လိုကလည်း ချက်ချင်းပဲ ဝင်ပြောပါတယ်။

"လုပ်အားခကို လျှော့ချပြီး အဲဒီပိုက်ဆံတွေကို ပါဝင်ပစ္စည်းတွေမှာ ရက်ရက်ရောရော ပြန်ရင်းနှီးမြှုပ်နှံမှာပါ။ လတ်ဆတ်တဲ့ အော်ဂဲနစ်ပါဝင်ပစ္စည်းတွေကို သုံးပြီး အပေါ်က အစာတွေကိုလည်း အများကြီး ထည့်ပေးဖို့ စီစဉ်ထားပါတယ်"

ကျွန်တော် ဘာသာပြန်ပေးနေတုန်း တက်ဂယူရဲ့ အသံက တစ်ဖန် မြင့်တက်လာပြန်တယ်။

"အတိအကျပဲ။ ကျွန်တော်ကတော့ တစ်ရက်ခြား တစ်ခါလောက် ပီဇာမှာစားနေကျဆိုတော့ သိတာပေါ့။ ပီဇာရဲ့ အသက်က ပါဝင်ပစ္စည်းတွေနဲ့ အပေါ်က အစာတွေမှာပဲ ရှိတာ"

ကောင်းမွန်တဲ့ အစားအစာအပေါ် ယုံကြည်မှုရှိပုံရတာက အသားအများကြီး စားဖူးတဲ့လူက ပိုသိတာလား။ ဒါမှမဟုတ် ပီဇာအများကြီး စားဖူးတဲ့လူက ပိုသိတာလား။

"အေးစက်ပြီး အရသာမရှိတဲ့ ပီဇာပို့ဆောင်မှုကို ပူပူနွေးနွေးနဲ့ အရသာရှိတဲ့ ပီဇာအဖြစ် ပြောင်းလဲပစ်တာ။ ဒါဟာ တကယ့် ဆန်းသစ်တီထွင်မှုပဲ။ Dice Pizza နဲ့ Mamas တို့ သတိထားကြပေတော့ဟေ့"

အစတုန်းကတော့ တက်ဂယူက တစ်ပွဲလုံးမှာ ကြွက်ကလေးလို ငြိမ်ငြိမ်လေး ထိုင်နေလိမ့်မယ်လို့ ထင်ထားတာ။ ဒါပေမဲ့ ခုနကတည်းကနေ အခုအထိ သူက ရေထဲက ငါးလို တက်ကြွနေပါတယ်။

ကျွန်တော်ကတော့ ဘာမှဝင်မပြောဘဲ နေနေမိတယ်။ အစကတော့ ရှက်လို့ပါ။ အခုကျတော့ ဘာပြောရမှန်း မသိလို့ပါ။ ဒီလိုဖြစ်လာမှန်း သိရင် ကျွန်တော်လည်း ပီဇာခဏခဏ မှာစားထားသင့်တာ။

အစ်မဟျွန်းဂျူးကတော့ သံသယရှိနေဆဲဖြစ်ပေမဲ့ အယ်လီကတော့ အမြင်တစ်မျိုး ရှိပါတယ်။

"ကိုရီးယားနဲ့မတူတာက အမေရိကန်တွေအတွက် ပီဇာက အဓိက အစားအစာလို ဖြစ်နေတာ။ သူတို့က အရသာ အနည်းငယ် ကွဲပြားသွားတာကိုတောင် အကဲဆတ်ကြလိမ့်မယ်"

M Pizza က စက်ရုပ်တွေသုံးတဲ့ အလိုအလျောက် စနစ်တွေ၊ အော်ဒါစနစ် မြှင့်တင်တာ၊ ပို့ဆောင်ရေး ကားတွေဝယ်တာနဲ့ မားကတ်တင်းအတွက် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄.၅ သန်း လိုအပ်ပါတယ်။

လုပ်ငန်းသစ်တွေ လျှံထွက်နေတဲ့ ဒီခေတ်ကြီးမှာ ပီဇာကုမ္ပဏီတစ်ခုမှာ ရင်းနှီးမြှုပ်နှံတာက မှန်ကော မှန်ရဲ့လား။

တကယ်လို့ အနာဂတ်ကို ကြိုမမြင်နိုင်ဘူးဆိုရင် ကျွန်တော်တို့ ဒါကို လျစ်လျူရှုမိကောင်း ရှုမိမှာပါ။

တက်ဂယူကတော့ အတင်းအကျပ် တိုက်တွန်းနေတုန်းပဲ။

"ဒါကို ဘယ်လိုပဲဖြစ်ဖြစ် ရင်းနှီးမြှုပ်နှံရမယ်"

စီမံကိန်းကို နောက်ဆုံးအကြိမ် ထပ်စစ်ဆေးပြီးတဲ့နောက် ကျွန်တော် ခေါင်းညိတ်လိုက်ပါတယ်။

"လုပ်လိုက်ကြတာပေါ့"

အစ်မဟျွန်းဂျူးက မိုင်လိုကို ပြောလိုက်တယ်။

"ကျွန်မတို့ M Pizza မှာ ရင်းနှီးမြှုပ်နှံပါမယ်"

ရှယ်ယာဝယ်ယူမယ့် အတိုင်းအတာနဲ့ တခြားသော အခြေအနေတွေအပေါ် ညှိနှိုင်းကြပါတယ်။ ညှိနှိုင်းမှုတွေ အောင်မြင်စွာ ပြီးဆုံးသွားတဲ့အခါ အယ်လီက ရင်းနှီးမြှုပ်နှံမှု စာချုပ်ကို ရေးသားပေးပြီး နှစ်ဖက်စလုံး လက်မှတ်ထိုးလိုက်ကြပါတယ်။

နောက်ဆုံး အစည်းအဝေးကတော့ ပြီးဆုံးသွားပါပြီ။

ကျွန်တော့်ရဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ ခန္ဓာကိုယ်ကို အခန်းဆီ ပြန်သယ်လာတဲ့အချိန်မှာ ည ၁၀ နာရီ ရှိနေပါပြီ။ ဒီနေ့တစ်နေ့လုံး ဘယ်လိုတွေ ကုန်ဆုံးသွားမှန်းတောင် မသိလိုက်ဘူး။

ဘုတ်

ဝတ်စုံတောင် မလဲရသေးဘဲ ကုတင်ပေါ်ကို ပစ်လှဲလိုက်ပါတယ်။

"အင်္ကျီလဲဖို့တောင် ပျင်းနေပြီ"

ပင်ပန်းနေတဲ့ ကျွန်တော်နဲ့မတူဘဲ တက်ဂယူကတော့ ပုံမှန်ပါပဲ။

"မင်း မပင်ပန်းဘူးလား"

"ထိုင်နေတာပဲကို ဘာပင်ပန်းစရာ ရှိလို့လဲ"

ခန္ဓာကိုယ်က မပင်ပန်းပေမဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားကတော့ တော်တော်ကြီးပါတယ်။ ပိုက်ဆံပမာဏ အများကြီးကို ကိုင်တွယ်ရတာက အလွယ်တကူ အနားယူလို့ မရစေဘူးလေ။

ဒီလိုကိစ္စတွေကို အေးအေးဆေးဆေး ကိုင်တွယ်နိုင်တဲ့ အစ်မဟျွန်းဂျူးကို ချီးကျူးမိပါတယ်။ ပြီးတော့ ဒီလိုအခြေအနေမှာတောင် သမ်းဝေနေတဲ့ ဒီကောင်ကိုလည်းပေါ့။

" စီးပွားရေး ဂိမ်းတစ်ခု ဆော့နေတယ်လို့ပဲ သဘောထားကြည့်လိုက်ပေါ့ကွာ။ SimCity တို့ ဘာတို့ ဆော့ဖူးလား"

"......"

ဟင့်အင်း၊ မဆော့ဖူးပါဘူး။

တကယ်လို့ အဲဒါက ဒီလိုအခြေအနေတွေမှာ အထောက်အကူ ဖြစ်လိမ့်မယ်လို့ သိထားရင် ဆော့ကြည့်ခဲ့သင့်တာပါ။

"မအိပ်ခင် ဂိမ်းလေး ဘာလေး ဆော့ရအောင်"

ကျွန်တော်တို့က ဒီမှာ တစ်ရက်တည်း နေမှာမဟုတ်ဘဲ အကြာကြီး နေရမှာပါ။ အဲဒါကြောင့် တက်ဂယူက အိမ်ကနေ ဂိမ်းစက်တွေနဲ့ Laptop တွေကိုပါ သယ်လာခဲ့တယ်။

သူက ဂိမ်းစက်ကို ဟိုတယ်နံရံက TV နဲ့ ကျွမ်းကျင်စွာ ချိတ်ဆက်လိုက်ပါတယ်။ ကျွန်တော်တို့ရဲ့ အိမ်မှာရှိတဲ့ ဧည့်ခန်းနဲ့ သိပ်မထူးခြားတော့ပါဘူး။

ကျွန်တော် ရေချိုးပြီး သက်တောင့်သက်သာရှိတဲ့ အဝတ်အစားတွေ လဲလိုက်ပါတယ်။

မနက်ဖြန်မှာလည်း တစ်နေကုန် အစည်းအဝေးတွေ ရှိနေသေးတာဆိုတော့ မြန်မြန်အိပ်ပြီး မနက်ဖြန်အတွက် ပြင်ဆင်ဖို့ ထရပါမယ်။

မျက်စိမှိတ်ပြီး အိပ်ဖို့ ကြိုးစားပေမဲ့ အိပ်ပျော်ဖို့က မလွယ်ဘူး ဖြစ်နေပါတယ်။

အကြောင်းရင်းကတော့......

ကျွန်တော် ရုတ်တရက် ထပြီး အော်လိုက်ပါတယ်။

"အိပ်ကြရအောင်ကွာ"

"ငါ့ကို စိတ်မပူပါနဲ့၊ မင်း အရင်အိပ်နှင့်"

"......"

ကျွန်တော်လည်း အဲဒီလို အရင်အိပ်ချင်တာပေါ့။ ဒါပေမဲ့ ဂိမ်းထဲမှာ Skill တစ်ခု သုံးလိုက်တိုင်း အသံအကျယ်ကြီး ထွက်လာပြီး TV ကနေ အလင်းတွေကလည်း လက်လက်ထနေတာလေ။

ဒီအခန်းက တစ်ညကို ဝမ် ၄ သိန်းကျော် ပေးရတာပါ။ အဲဒါကလည်း ကျွန်တော်တို့ အိတ်ကပ်ထဲက ထွက်နေတာပါ။ အစ်မဟျွန်းဂျူးနဲ့ အယ်လီတို့ကတော့ အခန်းခွဲနေကြပေမဲ့ ကျွန်တော်တို့ကတော့ အခန်းခွဲနေဖို့ မလိုဘူးထင်လို့ တစ်ခန်းတည်း ယူလိုက်တာလေ။ ဒါပေမဲ့......

အစောထဲကသိရင် အခန်းခွဲယူလိုက်ပါတယ်။

နောက်ဆုံးတော့ ကျွန်တော် အိပ်ဖို့ လက်လျှော့လိုက်ပြီး ကုတင်ပေါ်က ဆင်းကာ ဖိနပ်စီးလိုက်ပါတယ်။

"ဘယ်သွားမလို့လဲ"

"အပြင်ထွက်ပြီး လေညင်းခံမလို့"

"မြန်မြန်ပြန်လာဦး"

ဟိုတယ်အပြင်ဘက်ကို ထွက်လာပြီး အေးစက်တဲ့ လေထုကို ရှူရှိုက်လိုက်ပါတယ်။ ညဉ့်နက်နေပြီဆိုပေမဲ့ လေယာဉ်တွေ ပျံတက်နေတာကို မြင်နေရတုန်းပဲ။ ဒီလိုအချိန်မှာတောင် ကိုရီးယားကနေ ထွက်ခွာနေတဲ့ လူတွေ ရှိနေတာပေါ့လေ။ ကျွန်တော် တွေးတောရင်း ညကောင်းကင်ယံကို ငေးကြည့်နေမိပါတယ်။

သာမန် ကောလိပ်ကျောင်းသားဖြစ်တဲ့ ကျွန်တော်က ရုတ်တရက် သန်းထောင်ပေါင်းများစွာ ပိုင်ဆိုင်လာပြီး အခုကျတော့ အဲဒီပိုက်ဆံတွေကို သုံးပြီး နိုင်ငံခြားက Startup တွေကို ဝယ်နေပါတယ်။ ဒါတွေအားလုံးက လပိုင်းအတွင်းမှာပဲ ဖြစ်ပျက်သွားတာပါ။ ရုတ်တရက် ဆွန်းအာကို သတိရမိသွားတယ်။ သူ ပြောတဲ့ အောင်မြင်မှုဆိုတာ ဒါမျိုးကို ပြောတာလား။

အကျိုးမရှိတဲ့ အတွေးတွေနဲ့ ဟိုတယ်ပတ်ဝန်းကျင်မှာ လျှောက်သွားနေတုန်း လမ်းတစ်ဖက်ကနေ အားကစားဝတ်စုံနဲ့ ကျွန်တော့်ဆီ ပြေးလာတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ ဒီလိုအချိန်ကြီးမှာ လေ့ကျင့်ခန်း လုပ်နေတာလား။

သူ အနားရောက်လာတဲ့အခါမှာတော့ မျက်နှာကို မြင်လိုက်ရပါတယ်။ အံ့သြစရာကောင်းတာက ကျွန်တော် သိနေတဲ့လူ ဖြစ်နေတာပါ။ အယ်လီက ကျွန်တော့်ကို မြင်တော့ လမ်းလျှောက်တာကို ရပ်လိုက်ပြီး နားကြပ်ကို ဖြုတ်လိုက်ပါတယ်။

"ဒီအချိန်ကြီး လေ့ကျင့်ခန်း လုပ်နေတာလား" လို့ ကျွန်တော် မေးလိုက်တယ်။

သူက ပြုံးပြီး ပြန်ဖြေပါတယ်။

"လေယာဉ်စီးလာခဲ့တော့ နည်းနည်း နေမထိထိုင်မသာ ဖြစ်နေလို့လေ။ မအိပ်ခင် နည်းနည်းလောက် ပြေးနေတာပါ"

နည်းနည်းပြေးတာဆိုပေမဲ့ သူ့ရဲ့ ချွေးစိုနေတဲ့ ဆံပင်တွေကတော့ အဲဒီစကားနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။

"ဂျင်ဟူကကော ဘာလို့ အပြင်ရောက်နေတာလဲ"

"ဪ... အိပ်မပျော်လို့ပါ။ ဒါနဲ့ပဲ အကြောင်းအရာ တော်တော်များများကို စဉ်းစားနေတာလေ"

"ဘာအကြောင်းအရာတွေလဲ"

ရည်းစားဟောင်းအကြောင်း တွေးနေတာလို့တော့ မပြောနိုင်တာကြောင့် စိတ်ထဲရှိရာပဲ ပြောလိုက်ပါတယ်။

"ဟိုလေ... အနာဂတ် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အလားအလာတွေနဲ့ နောက်ထပ် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်တွေအကြောင်းပါ..."

ပြောပြီးမှ Golden Gate မှာ အလုပ်လုပ်နေတဲ့ လူတစ်ယောက်ရှေ့မှာ ကျွန်တော် ဘယ်လောက်တောင် အဓိပ္ပာယ်မရှိတာတွေ ပြောမိသွားလဲဆိုတာ သိလိုက်ရပါတယ်။

ကျွန်တော် အယ်လီကို သေချာကြည့်လိုက်တယ်။

ညိုမှောင်တဲ့ ဆံပင်တိုလေးနဲ့ အသားဖြူဖြူ၊ မျက်ခုံးကောင်းကောင်းနဲ့ မျက်လုံးအိမ်ကြီးကြီးတွေ ရှိတဲ့ သူက အရပ် ၁၇၀ စင်တီမီတာလောက် ရှိပြီး ခန္ဓာကိုယ် အချိုးအစားကလည်း အတော်လေး ထင်ရှားပါတယ်။

ကြပ်ထုတ်နေတဲ့ အားကစားဝတ်စုံနဲ့ဆိုတော့ သူ့ကို မကြည့်ဘဲ နေဖို့က ခက်ပါတယ်။

သူစိမ်းတစ်ယောက်သာ မြင်ရင် သူ့ကို ရှေ့နေလို့ မထင်ဘဲ အနောက်တိုင်း မော်ဒယ်တစ်ယောက်လို့ ထင်မှာ အသေအချာပါပဲ။

အတွေးလွန်နေတုန်းမှာပဲ အယ်လီက ကျွန်တော့်ကို မေးပါတယ်။

"အနာဂတ် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အလားအလာတွေနဲ့ နောက်ထပ် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်တွေအကြောင်း စဉ်းစားလို့ မပြီးသေးဘူးလား"

"ဪ... မဟုတ်ပါဘူး၊ စဉ်းစားလို့ ပြီးပါပြီ။ အထဲပြန်ဝင်ပြီး အိပ်တော့မလို့ပါ"

ကျွန်တော် ဟိုတယ်ထဲ ပြန်ဝင်တော့မယ့်အချိန်မှာ အယ်လီက ပြောလိုက်တယ်။

"အတူတူ တစ်ခုခု သောက်ကြမလား"

"ဟင်... ဟုတ်ကဲ့"

ဒီအချိန်ကြီးမှာလား။

ညဉ့်နက်နေပြီဖြစ်လို့ ဟိုတယ်ဘားက ပိတ်သွားပါပြီ။ ဒါပေမဲ့ ကိုရီးယားမှာတော့ ၂၄ နာရီ အရက်ရောင်းတဲ့ နေရာတွေ အများကြီး ရှိပါတယ်။

ကျွန်တော် ထီးရိပ်အောက်မှာ ထိုင်နေလိုက်တယ်။ အေးနေပေမဲ့လည်း ခဏပဲ နေမှာဆိုတော့ ဒီအချိန်မှာ သွားစရာ ပိုကောင်းတဲ့နေရာလည်း မရှိပါဘူး။

အယ်လီက စတိုးဆိုင်ကနေ ဘီယာနှစ်ဗူး ကိုင်ပြီး ပြန်ရောက်လာပါတယ်။

"ရော့... ဒီမှာ"

"ကျေးဇူးပါ"

ကျွန်တော် ဘီယာဗူးကို လှမ်းယူလိုက်ပါတယ်။

"အခန်းထဲမှာ တစ်ယောက်တည်း သောက်မလို့ပဲ။ အခုလို ဂျင်ဟူနဲ့ ဆုံရတာ ကံကောင်းတယ်။ ဒီအချိန်ကြီး ဆုံလိမ့်မယ်လို့ မထင်ထားဘူး"

ကျွန်တော် ရယ်ပြီး ပြန်ပြောလိုက်ပါတယ်။

"ကျွန်တော်လည်း အတူတူပါပဲ။ ဆုံရတာ ကံကောင်းတာပေါ့"

ဘီယာဗူးချင်း အသာအယာ တိုက်လိုက်ကြပါတယ်။

"ကိုရီးယားကို ဒါ ပထမဆုံးအကြိမ် လာတာလား"

အယ်လီက ခေါင်းလေးစောင်းပြီး ပြောပါတယ်။

"ဒါနဲ့ဆို သုံးကြိမ်မြောက်ပါ။ ဒါပေမဲ့ အလုပ်ကိစ္စနဲ့ လာတာကတော့ ပထမဆုံးပဲ"

"လာပေးလို့ ကျေးဇူးတင်ပါတယ်"

" လှမ်းခေါ်ပေးတာကိုပဲ ပိုပြီး ကျေးဇူးတင်ရမှာပါ။ ဂျက်စီကာဆီက ကြားခဲ့ရတဲ့သတင်းတွေကလည်း တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတာလေ"

"အစ်မဟျွန်းဂျူး... ကျွန်တော် ဆိုလိုတာက ဂျက်စီကာနဲ့ ရင်းနှီးတာလား"

အယ်လီက ခေါင်းညိတ်ပါတယ်။

"ကုမ္ပဏီထဲမှာ သက်တူရွယ်တူ အမျိုးသမီးတွေ သိပ်မရှိဘူးလေ။ ပြီးတော့ ကိုရီးယားသွေးပါတာချင်းလည်း တူတာမလို့ပါ"

သက်တူရွယ်တူလို့ ပြောပေမဲ့ ကွာခြားချက်ကတော့ တော်တော်ကြီးမှာ မဟုတ်ဘူးလား။ ကျွန်တော် အယ်လီကို တစ်ချက်ကြည့်လိုက်တယ်။ ရုပ်ရည်ကြည့်ရုံနဲ့တော့ အသက်ကို ခန့်မှန်းဖို့ မလွယ်ဘူးလေ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ကြားမှာ အသက်ကွာခြားမှု သိပ်မရှိနိုင်ပေမဲ့ သူက ပိုပြီး ရင့်ကျက်တဲ့ ပုံစံမျိုး ပေါက်ပါတယ်။ အဲဒါက တက္ကသိုလ်ကျောင်းသားတစ်ယောက်နဲ့ နာမည်ကြီး ကုမ္ပဏီတစ်ခုက ဝန်ထမ်းတစ်ယောက်ကြားက ကွာခြားချက် ဖြစ်မှာပါ။

အယ်လီက ဘီယာကို တစ်ငုံသောက်ရင်း ပြောပါတယ်။

"ဂျက်စီကာဆီကနေ ရှင်တို့ကုမ္ပဏီရဲ့ အကြောင်းအရာတွေကို ကြားတော့ တော်တော်လေး အံ့သြသွားတယ်။ ဘဏ္ဍာရေးလောကကို တုန်လှုပ်စေခဲ့တဲ့ OTK Company က ဂျက်စီကာရဲ့ မောင်လေးနဲ့ သူငယ်ချင်းက ဦးစီးနေတာ ဖြစ်နေလို့လေ"

အဲဒီစကားကို ကြားတော့ ကျွန်တော် တော်တော်လေး အံ့သြသွားမိတယ်။

"အဲဒါက အဲဒီလောက်တောင် အရေးပါတဲ့ ကိစ္စကြီး ဖြစ်သွားတာလား"

"တကယ့် ဖြစ်ရပ်ကြီးတစ်ခုပေါ့။ ဘဏ္ဍာရေး အဖွဲ့အစည်းတွေ အကြီးအကျယ် ဆုံးရှုံးခဲ့ကြတာလေ"

ဆိုဆောင်း အီလက်ထရောနစ်က ကမ္ဘာကျော် ကုမ္ပဏီကြီးတစ်ခုပါ။ သူတို့ရဲ့ စမတ်ဖုန်းတွေက ပြည်တွင်းမှာထက် ပြည်ပမှာ အဆပေါင်းများစွာ ပိုရောင်းရတာလေ။ ဒါကြောင့် L6 ပေါက်ကွဲမှုက တစ်ကမ္ဘာလုံးဆိုင်ရာ ပြဿနာ ဖြစ်ခဲ့တာပေါ့။ အဲဒီနဲ့ ပတ်သက်တဲ့ Options တွေ ထုတ်ဝေခဲ့တဲ့ ဘဏ္ဍာရေး ကုမ္ပဏီတွေကလည်း အကြီးအကျယ် ဆုံးရှုံးခဲ့ကြတယ်။ Golden Gate တစ်ခုတည်းမှာတင် ဆုံးရှုံးမှုက သန်းပေါင်း ရာနဲ့ချီ ရှိပါတယ်။

"ဒါပေမဲ့ အဲဒီကြားထဲမှာ နာမည်မရှိတဲ့ ဒီ OTK Company က သန်းပေါင်း ရာနဲ့ချီပြီး အမြတ်ရခဲ့တယ်။ ဒီအချက်ကို သိလိုက်ရတဲ့အချိန်မှာ အားလုံး အံ့သြသွားကြတာ။ အထူးသဖြင့် Golden Gate ထဲမှာပေါ့"

OTK Company က စတင်တည်ထောင်ကတည်းက Golden Gate ရဲ့ အာရှဘဏ်ခွဲမှာ အကောင့်ဖွင့်ထားတာပါ။ ဒါပေမဲ့ အကောင့်ထဲက လက်ကျန်ငွေက ဒေါ်လာ သန်း ၆၀၀ ကျော်အထိ တိုးလာခဲ့တယ်။ ကမ္ဘာပေါ်မှာ ချမ်းသာတဲ့လူတွေ အများကြီး ရှိပေမဲ့ ဒီလောက်များပြားတဲ့ ငွေသားပိုင်ဆိုင်မှု ရှိတဲ့လူကတော့ ရှားပါတယ်။ ဒါကြောင့် သဘာဝကျကျပဲ အာရုံစိုက်မှုကို အများကြီး ရခဲ့တာပေါ့။

"ကျွန်တော် လုပ်ခဲ့တာတွေက ဘဏ္ဍာရေးလောကရဲ့ အာရုံစိုက်မှုကို ခံခဲ့ရတယ်ဆိုတာ တွေးကြည့်ရင် ထူးဆန်းနေတုန်းပဲ"

"တကယ်ကို အထင်ကြီးဖို့ကောင်းတယ်လို့ ကျွန်မ ထင်ပါတယ်"

"ကံကောင်းလို့ပါ"

"ဟုတ်ပါတယ်။ L6 ထုတ်လုပ်မှု ရပ်ဆိုင်းသွားမယ်လို့ ခန့်မှန်းနိုင်တာက တစ်ပိုင်း၊ Options မှာ ရင်းနှီးမြှုပ်နှံဖို့ သတ္တိရှိရှိ ဆုံးဖြတ်နိုင်တာက နောက်တစ်ပိုင်းလေ။ အဲဒါက ကံကောင်းရုံသက်သက်နဲ့ ဖြစ်လာတာ မဟုတ်ဘူး"

L6 ထုတ်လုပ်မှု ရပ်ဆိုင်းသွားမယ်လို့ ခန့်မှန်းခဲ့တာက ကျွန်တော် ဖြစ်ပေမဲ့ ရင်းနှီးမြှုပ်နှံဖို့ ပိုက်ဆံထည့်ခဲ့တာက တက်ဂယူပါ။ ကျွန်တော် တွန့်ဆုတ်နေတဲ့အချိန်မှာ ရင်းနှီးမြှုပ်နှံဖို့ အတင်းတိုက်တွန်းခဲ့တာက တက်ဂယူပါ။ ပြီးတော့ အဲဒီလမ်းမှာ စီနီယာ ဆန်းယော့ဆီကလည်း အကူအညီတွေ အများကြီး ရခဲ့ပါတယ်။

အနာဂတ်ကို ကြိုမြင်နိုင်တဲ့ ထူးခြားတဲ့ စွမ်းအားရှိနေရင်တောင် ကျွန်တော် တစ်ယောက်တည်းတော့ ဒါကို မလုပ်နိုင်ခဲ့ပါဘူး။

အခုလည်း အတူတူပါပဲ။

အစ်မဟျွန်းဂျူး ပို့ပေးတဲ့ အချက်အလက်တွေကြောင့် Startup တွေကို ရွေးချယ်နိုင်ခဲ့တာဖြစ်ပြီး ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုတွေကိုတော့ စီနီယာ ဆန်းယော့က ဦးဆောင်နေတာပါ။

ကျွန်တော့်ဘေးမှာ ယုံကြည်ရတဲ့လူတွေ မရှိဘူးဆိုရင် ကျွန်တော် တစ်ယောက်တည်း ယောင်ချာချာ ဖြစ်နေမှာသေချာပါတယ်။

"လူတိုင်းက OTK Company ကို ဂျပန် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလို့ ထင်နေကြတာ မဟုတ်လား။ ဒါကြောင့် ကျွန်မက ဂျက်စီကာကို အဲဒီအကြောင်း စပြောတော့ သူက နောက်နေတယ်လို့ ထင်နေတာ။ နာမည်ကို ကြားပြီးမှ သူ နားလည်သွားတာ။ ဒါတောင်မှ အံ့ဩမိနေဆဲပဲ"

ကျွန်တော် ခေါင်းညိတ်ပြီး ပြုံးလိုက်ပါတယ်။

"ဒါက အထင်လွဲစေနိုင်တဲ့ နာမည်မျိုး ဖြစ်နေတာကိုး"

လူတွေက ကျွန်တော်တို့ကုမ္ပဏီကို ကိုရီးယားကုမ္ပဏီလို့ မထင်ကြတာက စိတ်သက်သာရာ ရစရာပါ။ ဒါက ကုမ္ပဏီ နာမည်ပေးတာ အောင်မြင်တယ်လို့ ပြောလို့ရတာပေါ့။

ဆက်ပြီး နားထောင်နေရင်းနဲ့ တစ်ခုခု ပတ်သက်နေသလို ခံစားလာရပါတယ်။

ကျွန်တော် အယ်လီကို ကြည့်လိုက်တယ်။

"ကိုရီးယားအထိ အဝေးကြီး လာပေးလို့ ကျေးဇူးတင်ပါတယ်"

အယ်လီက ပြုံးပါတယ်။

"အတူတူ အလုပ်လုပ်ရတာ ဂုဏ်ယူစရာပါပဲ"

ညဉ့်လေကတော့ အတော်လေး အေးစက်နေပါတယ်။

အယ်လီက ဘီယာဗူးအလွတ်ကို လှုပ်ယမ်းလိုက်တယ်။

"နောက်ထပ် သောက်ချင်သေးပေမဲ့ မနက်ဖြန်အတွက် စဉ်းစားရဦးမယ် မဟုတ်လား"

"ဒီနေ့တော့ ဒီလောက်နဲ့ပဲ ရပ်လိုက်ကြမလား"

ကျွန်တော်တို့ ဟိုတယ်ကို အတူတူ ပြန်လာပြီး ဓာတ်လှေကား စီးလိုက်ကြပါတယ်။

ကျွန်တော့်အခန်းက အလွှာ ၂၀ မှာဖြစ်ပြီး အယ်လီရဲ့အခန်းကတော့ ၂၁ လွှာမှာပါ။

တိန်

ဓာတ်လှေကားက အလွှာ ၂၀မှာ ရပ်သွားပါတယ်။

"ကဲ... မနက်ဖြန်မှ တွေ့ကြတာပေါ့"

နှုတ်ဆက်ပြီး ဓာတ်လှေကားထဲက ထွက်တော့မယ့်အချိန်မှာ အယ်လီက ပြောလိုက်တယ်။

"ခုနကကတည်းက သိချင်နေတဲ့ ကိစ္စတစ်ခု ရှိလို့။ အခု မေးလို့ ရမလား"

"ရတာပေါ့။ ဘာလဲခင်ဗျ"

"ရှင် အကြိုက်ဆုံး မင်းသမီးက ဘယ်သူလဲ"

"မင်းသမီးဟုတ်လား"

ကျွန်တော်က အင်္ဂလိပ်လို နားမလည်ဘူးလို့ ထင်သွားပုံရတဲ့ အယ်လီက ပြုံးပြီး ပြောပါတယ်။

"လူကြီးကားထဲက မင်းသမီးကို ပြောတာပါ"

"......"

အဲဒါကိုတော့ ကျွန်တော့်ရဲ့ လျှို့ဝှက်ချက်အနေနဲ့ပဲ သိမ်းထားချင်ပါတော့တယ်။

အခန်း (၄၀)

ရက်အတော်ကြာအောင် အစည်းအဝေးတွေ ဆက်တိုက်ရှိနေခဲ့တယ်။ ဒီတစ်ခါ အစည်းအဝေးလုပ်ရတဲ့သူကတော့ တရုတ် Startup တစ်ခုပါ။ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ တရုတ်နိုင်ငံရဲ့ စီးပွားရေးက ကြောက်ခွက်စရာကောင်းလောက်အောင် တိုးတက်လာခဲ့တာလေ။ တရုတ်က ဂျပန်ကို ကျော်တက်ပြီး အမေရိကန်နဲ့အတူ ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားကြီးနိုင်ငံအဖြစ် G2 စာရင်းဝင်လာခဲ့ပါတယ်။

စီးပွားရေး အရှိန်အဟုန်နဲ့ တိုးတက်လာတာကြောင့် လူငယ်တွေက လုပ်ငန်းသစ်တွေ စတင်လာကြပြီး အောင်မြင်တဲ့သူတွေကလည်း မြန်မြန်ဆန်ဆန်ပဲ သူဌေးအသစ်တွေ ဖြစ်လာကြတယ်။ တရုတ်ပြည်မှာ တစ်ညထဲနဲ့ သူဌေးဖြစ်နိုင်တယ်ဆိုတဲ့စကားက နောက်ပြောင်တာမဟုတ်တော့ဘဲ တကယ်ဖြစ်လာခဲ့တာပါ။

စီးပွားရေးတိုးတက်မှုနှုန်းက နည်းနည်းနှေးသွားတယ်ဆိုပေမဲ့ တရုတ်ပြည်က အခွင့်အလမ်းတွေရှိနေဆဲ နယ်မြေတစ်ခုပါပဲ။ IT ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ ဟန်ကျိုးမြို့က ရှောင်မင်နဲ့ ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီမှာ အလုပ်လုပ်တဲ့ ယောင်တို့က အလုပ်ကနေ ထွက်လိုက်ကြပြီး အခွင့်အလမ်းသစ်တွေ ရှာဖွေဖို့ Startup တစ်ခုကို တည်ထောင်ခဲ့ကြတယ်။

တရုတ်ပြည်က အရမ်းကျယ်ပြောတဲ့ နယ်မြေကြီးတစ်ခုပါ။ စီးပွားရေးတိုးတက်လာပြီးနောက်ပိုင်း ပြည်တွင်းမှာ ရထားလမ်းတွေ အများကြီးတိုးချဲ့ခဲ့ပေမဲ့ ကုန်စည်ပို့ဆောင်ရေးရဲ့ အစိတ်အပိုင်းတော်တော်များများက ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေးအပေါ်မှာပဲ မှီခိုနေရတုန်းပါ။ ပြဿနာက ကုန်သည်တွေနဲ့ ကားသမားတွေကြားမှာ စနစ်တကျမရှိဘဲ အကြမ်းထည်ပုံစံနဲ့ပဲ လည်ပတ်နေတာပဲ။

ဥပမာအားဖြင့် ရှန်ဟိုင်းကနေ ကုန်ပစ္စည်းတွေတင်လာတဲ့ ကားက ရှီအန်ကိုရောက်ရင် ကုန်ချပြီး အလွတ်ကြီး ပြန်လာရတတ်တယ်။ တစ်ဖက်မှာလည်း ရှီအန်ကနေ ရှန်ဟိုင်းကို ကုန်ပစ္စည်းတွေ ပြန်ပို့ချင်တဲ့သူတွေက ကားရှာမရဘဲ ဖြစ်နေတတ်တာမျိုးပေါ့။ ဒါ့အပြင် တချို့နယ်မြို့လေးတွေမှာ သယ်ယူပို့ဆောင်ရေး အခြေအနေက ဆိုးရွားတာကြောင့် ကုန်ပစ္စည်းတွေက အချိန်မီမရောက်ဘဲ ကြန့်ကြာတာမျိုးတွေ ခဏခဏဖြစ်တတ်လို့ ကုန်သည်ရော ကားသမားပါ နှစ်ဖက်စလုံး ဆုံးရှုံးမှုတွေ ဖြစ်နေရပါတယ်။

ရှောင်မင်က အင်္ဂလိပ်လို ရှင်းပြနေပါတယ်။ လမ်းကြောင်းအလိုက် ကုန်ပစ္စည်းတွေကို ထိထိရောက်ရောက် သယ်ယူပို့ဆောင်နိုင်မယ်ဆိုရင် ကုန်ကျစရိတ်ကို ၃၀ ရာခိုင်နှုန်းကျော်အထိ လျှော့ချနိုင်ခြေရှိတယ်လို့ သူက ဆိုပါတယ်။ ဟျွန်းဂျူးက ရှင်းပြချက်ကို နားထောင်ပြီး မေးခွန်းအတော်များများ မေးလိုက်တဲ့အခါမှာ ရှောင်မင်ကလည်း သေသေချာချာ ပြန်ဖြေပေးပါတယ်။

ရှောင်မင်ကတော့ အရမ်းတက်ကြွပြီး စိတ်ဝင်တစား ရှိနေပေမဲ့ သူ့ဘေးမှာ လက်ပိုက်ပြီး ထိုင်နေတဲ့ ယောင်ကတော့ တစ်ချိန်လုံး စိတ်မသက်မသာ ဖြစ်နေတဲ့ ပုံစံမျိုးပါပဲ။

ကျွန်တော်တို့က စီမံကိန်းကို ပြန်စစ်ဆေးနေတုန်း ရှောင်မင်နဲ့ ယောင်က ကျွန်တော်နားမလည်တဲ့ တရုတ်စကားနဲ့ တိုးတိုးတိတ်တိတ် စကားပြောနေကြတယ်။ ကြည့်ရတာ အခြေအနေက သိပ်မကောင်းသလိုပဲ။

"သူတို့ ဘာတွေပြောနေကြတာပါလိမ့်" လို့ ကျွန်တော် တွေးနေတုန်းမှာပဲ အယ်လီက ဝင်ပြောလိုက်ပါတယ်။

"စိတ်မပူပါနဲ့။ ကျွန်မတို့က ရှင်တို့ကို လိမ်ဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး"

သူတို့နှစ်ယောက်လုံး အံ့သြသွားကြတယ်။ အသားဖြူဖြူနဲ့ နိုင်ငံခြားသူတစ်ယောက်က တရုတ်စကား နားလည်လိမ့်မယ်လို့ မထင်ထားပုံရပါတယ်။

အယ်လီက ပြောလိုက်တယ်။

"ကျွန်မက ဟောင်ကောင်တရုတ်လူမျိုးပါ"

ဟောင်ကောင်လူမျိုးတွေက သူတို့ကိုယ်သူတို့ ဟောင်ကောင်သားလို့ပဲ သတ်မှတ်ကြပေမဲ့ တရုတ်ပြည်မကြီးကလူတွေကတော့ ဟောင်ကောင်ကို တရုတ်ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ပဲ မြင်ကြတာပါ။ ဒါကြောင့်လည်း အယ်လီက ရည်ရွယ်ချက်ရှိရှိနဲ့ သူ့ကိုယ်သူ 'တရုတ်လူမျိုး' လို့ သုံးနှုန်းလိုက်တာ ဖြစ်မှာပါ။

အဲဒီနောက်ပိုင်းမှာတော့ စကားပြောရတာ ပိုပြီး အဆင်ပြေသွားပါတယ်။

အစည်းအဝေးတစ်လျှောက်လုံး စိတ်မသက်မသာ ဖြစ်နေတဲ့ ယောင်ကလည်း ရှောင်မင်ထက်တောင် ပိုပြီး တက်ကြွလာခဲ့တယ်။ ရှယ်ယာကိစ္စတွေ ညှိနှိုင်းပြီးတဲ့နောက်မှာတော့ ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

အဲဒီနောက်မှာလည်း အိန္ဒိယ၊ ဗီယက်နမ်၊ ဖိလစ်ပိုင် စတဲ့ နိုင်ငံစုံက လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့ရပါတယ်။

သူတို့က စိတ်ကူးသစ်တွေ၊ တက်ကြွမှုတွေနဲ့ ပြည့်နှက်နေပြီး အပြောင်းအလဲအသစ်တွေကို ဖော်ဆောင်ဖို့ အဆင်သင့် ဖြစ်နေကြတဲ့သူတွေပါ။

တစ်နည်းအားဖြင့် ပြောရရင် ဒီကုမ္ပဏီတွေကို ရွေးချယ်ပြီးတဲ့အခါမှာ ကျွန်တော့်ရဲ့ အခန်းကဏ္ဍက ပြီးဆုံးသွားပါပြီ။ ရင်းနှီးမြှုပ်နှံမယ့် ငွေပမာဏနဲ့ ရှယ်ယာပိုင်ဆိုင်မှုတွေကို ဆုံးဖြတ်ဖို့က အစ်မဟျွန်းဂျူးရဲ့ အလုပ်လေ။

အစ်မဟျွန်းဂျူးက ညှိနှိုင်းမှုတွေကို ကျွမ်းကျင်စွာ လုပ်ဆောင်သွားတာကို ကြည့်ပြီး ကျွန်တော် အများကြီး လေ့လာဖြစ်ခဲ့ပါတယ်။

အချိန်တွေက မြန်မြန်ပဲ ကုန်ဆုံးသွားခဲ့တယ်။

အိမ်ကနေ ထွက်လာပြီး ဟိုတယ်ကို ရောက်လာခဲ့တာ မနေ့တစ်နေ့ကလိုပဲ ခံစားရပေမဲ့ အခုတော့ ဒီလို လူနေမှုပုံစံကို တဖြည်းဖြည်း အသားကျလာပါပြီ။

တီ... တီ...

အချက်ပေးသံကြားတာနဲ့ ဘေးမှာ အိပ်ပျော်နေတဲ့ တက်ဂယူကို နှိုးလိုက်ပါတယ်။

"ဟေ့... ထတော့"

တက်ဂယူက စောင်ကို ခေါင်းမြီးခြုံလိုက်ရင်း ပြောတယ်။

"ခဏလောက် ထပ်အိပ်ပါရစေဦး။ ဒီနေ့ အစည်းအဝေးလည်း မရှိဘူးလေ"

"ဒါပေမဲ့ မနက်စာ သွားစားရမယ်လေ"

ကျွန်တော်က အတင်းနှိုးနေတော့ တက်ဂယူက ညည်းညည်းညူညူနဲ့ ပြောပါတယ်။

"မင်းက ဘယ်တုန်းက မနက်စာကို အဲဒီလောက် ဂရုစိုက်သွားတာလဲ"

"......"

သူပြောတာလည်း မမှားပါဘူး။

ပုံမှန်ဆိုရင် ကျွန်တော်က မနက်စာကို စားချင်မှစားတာပါ။ ဒါပေမဲ့ တစ်ညကို ဝမ် ၄ သိန်းကျော်ပေးရတဲ့ အခန်းခထဲမှာ မနက်စာ ဘူဖေးက ပါပြီးသားလေ။

ကျွန်တော် တစ်ယောက်ထဲဆိုရင်တော့ သွားစားဖြစ်မှာ မဟုတ်ပေမဲ့ အခုက အလုပ်မစခင် မနက်တိုင်း အစ်မဟျွန်းဂျူး၊ အယ်လီ၊ တက်ဂယူတို့နဲ့ ဆုံပြီး မနက်စာ အတူတူစားနေကျ ဖြစ်သွားလို့ပါ။

ထပ်အိပ်ချင်နေတဲ့ တက်ဂယူကို အတင်းဆွဲခေါ်ပြီး ပထမထပ်က စားသောက်ဆိုင်ဆီကို ဆင်းလာခဲ့ပါတယ်။ စားနေတဲ့လူတွေရဲ့ တစ်ဝက်လောက်က နိုင်ငံခြားသားတွေပါ။

ကျွန်တော်တို့ နည်းနည်းနောက်ကျသွားလို့ထင်တယ်။ နေရာကောင်း တော်တော်များများက လူပြည့်နေပါပြီ။

"ဒီမှာ"

အသံကြားရာကို လှည့်ကြည့်လိုက်တော့ ပြတင်းပေါက်နားမှာ ထိုင်နေတဲ့ အစ်မဟျွန်းဂျူးနဲ့ အယ်လီကို တွေ့လိုက်ရပါတယ်။

ကျွန်တော်တို့ သူတို့ဆီကို လမ်းလျှောက်သွားပြီး ဝင်ထိုင်လိုက်ကြတယ်။

"စောလှချည်လား"

အယ်လီက နွေးနွေးထွေးထွေး နှုတ်ဆက်ပါတယ်။

"အိပ်ရေးကော ဝရဲ့လား။ ဂျင်ဟူ"

"ဟုတ်... ဝပါတယ်"

ရက်အနည်းငယ် အတူတူနေပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့ကြားမှာ ပိုပြီး ရင်းနှီးသွားကြတယ်။ အယ်လီက အခုဆိုရင် ကျွန်တော်နဲ့ တက်ဂယူကို နာမည်တွေနဲ့ပဲ ရင်းရင်းနှီးနှီး ခေါ်နေပါပြီ။

တကယ်တော့ အိပ်ချိန်ကလွဲရင် တစ်နေကုန် အတူတူ ရှိနေကြတာလေ။

စိတ်မပါဘဲ လိုက်လာတဲ့ တက်ဂယူက ထိုင်ပြီးတာနဲ့ အစားအစာတွေ သွားယူပါတယ်။ နိုးလာရင်တော့ ဗိုက်ဆာတတ်တဲ့ ပုံစံပါပဲ။

အစ်မဟျွန်းဂျူးက ကော်ဖီကို အေးအေးဆေးဆေး သောက်နေရင်း ပြောပါတယ်။

"အခုမှပဲ အားလပ်ရက်လိုမျိုး ခံစားရတော့တယ်"

ကျွန်တော် အစ်မဟျွန်းဂျူးကို မေးလိုက်တယ်။

"ဒီနေ့ ဘာလုပ်ဖို့ ရှိလဲ"

"အခန်းထဲမှာပဲ အလုပ်လုပ်ရမှာ။ လုပ်စရာလေးတွေ ရှိနေသေးလို့"

အစ်မဟျွန်းဂျူးက ကျွန်တော်တို့အလုပ်ကို ကူညီဖို့ ရောက်လာတာဆိုပေမဲ့ သူ့ရဲ့ မူလတာဝန်တွေကိုတော့ လုံးလုံးလျားလျား ပစ်ထားလို့ မရဘူးလေ။ ဒါကြောင့် အချိန်ရတိုင်း Video Callနဲ့ အစည်းအဝေးလုပ်တာ ဒါမှမဟုတ် အီးမေးလ်တွေ ပြန်တာမျိုး လုပ်ရပါတယ်။

အယ်လီလည်း ထိုနည်းလည်းကောင်းပါပဲ။ ဒါပေမဲ့ သူတို့ရဲ့ အလုပ်နယ်ပယ်ချင်း မတူတာကြောင့် အယ်လီကတော့ အစ်မဟျွန်းဂျူးလောက် အလုပ်မရှုတ်ပါဘူး။

အယ်လီကတော့ အားလပ်ချိန် အတော်များများကို လေ့ကျင့်ခန်း လုပ်ရင်း ကုန်ဆုံးစေပါတယ်။ Squash ရိုက်တာနဲ့ ရေကူးတာတွေကို အဓိက လုပ်လေ့ရှိတာကြောင့် အခုလို ခန္ဓာကိုယ်အချိုးအစားမျိုး ရတာက အလွယ်တကူတော့ မဟုတ်ဘူးဆိုတာ သိသာပါတယ်။

ကံကောင်းတာက ဟိုတယ်ထဲမှာ အားကစားခန်းမ၊ Squash ကွင်း၊ အဆောက်အဦးတွင်းနဲ့ အပြင်ဘက် ရေကူးကန်တွေအပြင် Screen Golf ကွင်းပါ ရှိနေတာပါ။

အယ်လီက ကျွန်တော့်ကို မေးတယ်။

"ဂျင်ဟူကော ဘာလုပ်ဖို့ရှိလဲ"

"ဘာမှမရှိပါဘူး"

အမြဲတမ်း မအားဖြစ်နေတဲ့ သူတို့နှစ်ယောက်နဲ့ မတူတာက အစည်းအဝေးမရှိတဲ့ အချိန်တွေမှာ ကျွန်တော်နဲ့ တက်ဂယူက အတော်လေး အားနေတာပါ။ ဒါက အလုပ်ရှင်နဲ့ ဝန်ထမ်းကြားက ကွာခြားချက်ပေါ့။

အယ်လီက ကျွန်တော့်စကားကို ကြားတော့ ပြောပါတယ်။

"ကောင်းတာပေါ့။ ငါ ဆိုးလ်မြို့ထဲကို လည်ချင်နေတာ။ ဂျင်ဟူက လမ်းပြပေးနိုင်မလား"

ဟိုတယ်က Resort နဲ့ ချိတ်ဆက်ထားတာဆိုတော့ အပြင်မထွက်ဘဲနဲ့တောင် ဈေးဝယ်တာ၊ အစားအသောက်၊ ရုပ်ရှင်နဲ့ ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းတွေကို အကုန်လုပ်လို့ရပါတယ်။ နိုင်ငံခြားသားတွေအတွက် ကာစီနိုတောင် ရှိသေးတယ်။ (နိုင်ငံခြားသားသီးသန့်မို့ အယ်လီတစ်ယောက်ပဲ ဝင်လို့ရပေမဲ့ပေါ့)

ဒါတောင်မှ ကိုရီးယားကို ရောက်နေတုန်း ဟိုတယ်ထဲမှာပဲ အောင်းနေရတာက ပိတ်လှောင်ထားသလို ခံစားရနိုင်ပါတယ်။

အစ်မဟျွန်းဂျူးက ကော်ဖီသောက်ရင်းနဲ့ ခပ်ပေါ့ပေါ့ပဲ မေးလိုက်တယ်။

"ဒါက Date(ချိန်းတွေ့) ဖို့ ကမ်းလှမ်းတာလား။ အယ်လီ"

"ဗျာ..."

ကျွန်တော် ရှက်သွားပေမဲ့ အယ်လီကတော့ ပြုံးပြီး ပြန်မေးတယ်။

"အဲဒီလိုပဲ ပြောရမလားမသိဘူး။ ဂျင်ဟူကော ဘယ်လိုသဘောရလဲ"

ကျွန်တော် ခေါင်းညိတ်လိုက်တယ်။

"ဪ... ရပါတယ်"

"ဒါဆိုရင် Date ဖို့ ပြင်ဆင်လိုက်ဦးမယ်။ နောက်တစ်နာရီကြာရင် Lobby မှာ တွေ့ကြတာပေါ့"

အယ်လီက ထိုင်ခုံကနေ ထပြီး အခန်းဆီကို အရင်ဆုံး ပြန်သွားပါတယ်။

ကျွန်တော် အဲဒီပုံစံကို ကြည့်ပြီး အစ်မဟျွန်းဂျူးကို မေးလိုက်တယ်။

"ဒါက ဟောင်ကောင်စတိုင် ပြက်လုံးလား"

အစ်မဟျွန်းဂျူးက ကော်ဖီခွက်ကို ချလိုက်ရင်း ပြန်ဖြေပါတယ်။

"ကိုယ့်ဘာကိုယ်ပဲ စဉ်းစားကြည့်တော့"

အဲဒီလိုပြောရင်တော့ အကောင်းဘက်ကပဲ တွေးတာ ပိုကောင်းမလား။

အေးအေးဆေးဆေး မနက်စာ စားနေတဲ့ တက်ဂယူနဲ့မတူဘဲ ကျွန်တော်ကတော့ ပေါင်မုန့်အနည်းငယ်ကို ယူပြီး အခန်းဆီ အမြန်ပြန်လာခဲ့တယ်။ ရေချိုးပြီး အပြင်ထွက်ဖို့ ပြင်ဆင်ရမှာလေ။

ဘာဝတ်ရမလဲ။ အနောက်တိုင်းဝတ်စုံအပြည့် ဝတ်ရင်တော့ နည်းနည်း ထူးဆန်းနေလိမ့်မယ် မဟုတ်လား။

ခရီးဆောင်အိတ်ထဲက ဂျင်းဘောင်းဘီတစ်ထည်နဲ့ သန့်ရှင်းတဲ့ ရှပ်အင်္ကျီတစ်ထည်ကို ထုတ်ဝတ်လိုက်ပါတယ်။ ဒီလိုဖြစ်လာမှန်း သိရင် အိမ်ကနေ အဝတ်အစားတွေ ပိုသယ်လာခဲ့သင့်တာ။

ဒါပေမဲ့ ဘယ်ကို သွားလည်ရမလဲ။

နိုင်ငံခြားသားတွေ ကြိုက်နိုင်မယ့် ခရီးသွားနေရာတွေကို တွေးကြည့်ပေမဲ့ အတိအကျတော့ စဉ်းစားမရဘူး။ ကျွန်တော်ကိုယ်တိုင်ကလည်း ဒေသတွင်း ခရီးသွားနေရာတွေအကြောင်း သိပ်မသိဘူးလေ။

အချိန်က သိပ်မရှိတော့တာကြောင့် အခန်းထဲကနေ အမြန် ထွက်လာခဲ့ပါတယ်။

အယ်လီက Lobby မှာ ရောက်နေပါပြီ။

"စောလှချည်လား"

သူက ဂျင်းဘောင်းဘီအကျပ်၊ အဖြူရောင် သိုးမွှေး ဆွယ်တာနဲ့ ကုတ်အင်္ကျီကို ဝတ်ထားပါတယ်။ မျက်နှာကို မိတ်ကပ်ပါးပါးလေး လိမ်းထားပြီး နားကပ်သေးသေးလေးနဲ့ ဆွဲကြိုးတစ်ကုံးကိုလည်း ဆင်မြန်းထားတယ်။

အမြဲတမ်း ဝတ်နေကျ ရုံးဝတ်စုံနဲ့ မတူတဲ့ ပုံစံကို မြင်ရတော့ သူက ရှေ့နေတစ်ယောက်ထက် ကိုရီးယားမှာ ကျောင်းလာတက်နေတဲ့ နိုင်ငံခြားသူ ကျောင်းသူတစ်ယောက်နဲ့ ပိုတူနေပါတယ်။ အနောက်တိုင်းဝတ်စုံအပြည့် မဝတ်လာခဲ့မိတာ တော်သေးတယ်လို့ ကျွန်တော် တိုးတိုးလေး တွေးလိုက်မိတယ်။

အယ်လီက ကျွန်တော့်ကိုမေးပါတယ်။

"ဘယ်လိုလဲ။ ကြည့်ရတာ တစ်မျိုးဖြစ်နေလား"

ကျွန်တော် မြန်မြန်ပဲ ခေါင်းညိတ်လိုက်တယ်။

"မဖြစ်ပါဘူး။ အရမ်းလိုက်ဖက်ပါတယ်"

လိုက်ဖက်ရုံတင်မကဘဲ တကယ့်ကို တောက်ပြောင်နေတာပါ။ ဘေးနားက အမျိုးသားတွေကလည်း သူ့ကို ခိုးကြည့်နေကြပါတယ်။

"ဒါဆို သွားကြမလား"

ဟိုတယ်က လေဆိပ်ရထားဘူတာနဲ့ အတော်လေး ဝေးတာကြောင့် Shuttle Bus တွေက အသွားအပြန် ပြေးဆွဲပေးနေပါတယ်။

အဓိကဝင်ပေါက်ကနေ ထွက်လိုက်တဲ့အချိန်မှာ Shuttle Bus ထွက်သွားတာကို မြင်လိုက်ရတယ်။

နောက်တစ်ခေါက်က မိနစ် ၂၀ ကြာမှ လာမှာဆိုတော့ စောင့်ရတာက သိပ်မတန်သလိုပဲ။

"တက္ကစီပဲ ငှားရမယ် ထင်တယ်"

အဲဒီအချိန်မှာပဲ တက္ကစီတစ်စီးက အနားမှာ လာရပ်ပါတယ်။

ကျွန်တော် တက္ကစီကို တားဖို့ ကြိုးစားနေတုန်းမှာပဲ ကားအသေးလေးတစ်စီးက ကျွန်တော်တို့ရှေ့မှာ လာရပ်ပါတယ်။ အဝင်ပေါက်က ဟိုတယ်ဝန်ထမ်းတွေအပါအဝင် ဘေးကလူတွေက အဲဒီကားကို အံ့သြတကြီး ကြည့်နေကြပါတယ်။

ကားမောင်းသူက ဘေးပတ်ဝန်းကျင်က အကြည့်တွေကို ဂရုမစိုက်ဘဲ ယုံကြည်မှုအပြည့်နဲ့ ထွက်လာခဲ့တယ်။ အဲဒါ တက်ဂယူ ဖြစ်နေတာပါ။

သူက ကျွန်တော့်ဆီကို ကားသော့ ကမ်းပေးလိုက်ပါတယ်။

"ရော့... ဒီမှာ သူငယ်ချင်း"

"ဟင်..."

သူ ဘာလုပ်မလို့လဲ။ တကယ်ပဲ သူ့ကားကို ငှားပေးမလို့လား။

ကျွန်တော် ကြောင်နေတာကို မြင်တော့ တက်ဂယူက ပြုံးပြပါတယ်။

"မင်းကိုပဲ ငှားပေးတာနော်"

"ဘာလို့ ငါ့ကိုမှလဲ..."

ငါ ဘာများ အမှားလုပ်မိလို့လဲ။

တက်ဂယူရဲ့ ကားက Daewoo ကို ဝယ်လိုက်တဲ့ ကိုရီးယား GM ဘဏ်ခွဲက ထုတ်တဲ့ အနီရောင် Sport Coupe ကားလေးပါ။

ကားအသေးလေး ဖြစ်နေတာက ပြဿနာမဟုတ်ပါဘူး။ အခုခေတ်မှာ ကားအသေးလေးတွေကလည်း စတိုင်ကျပြီး ပစ္စည်းစုံတာပဲလေ။ ပြဿနာက ကားရဲ့ ဘေးနှစ်ဖက်လုံးမှာ ကပ်ထားတဲ့ စတစ်ကာ အကြီးကြီးတွေပါ။

ဂိမ်းထဲက အမျိုးသမီး ဇာတ်ကောင်ပုံတွေကို ကပ်ထားတာကြောင့် တက်ဂယူရဲ့ကားက သာမန်ကားလေး မဟုတ်တော့ဘဲ "အိုတာ-ကား" ဒါမှမဟုတ် "အိုတာကူ ကား" ဖြစ်နေတာပါ။

ကျွန်တော် ကြောင်ပြီး ရပ်နေတာကို မြင်တော့ သူက ပုခုံးကို ပုတ်ပြီး ပြောတယ်။

"စိတ်မပူပါနဲ့။ ယူသွားလိုက်စမ်းပါ"

"......"

ဒါက တော်တော်လေး ဖိအားများပါတယ်။

ကျွန်တော်ကတော့ နည်းနည်း အသားကျနေပြီဆိုပေမဲ့ ကားပေါ်က ဆင်းတဲ့အချိန်တိုင်း ရှက်နေမိတုန်းပဲ။ အခုကျတော့ ကျွန်တော့်ကို မောင်းခိုင်းနေတာပဲ။

ကျွန်တော် တစ်ယောက်ထဲဆိုရင် ထားပါတော့။ အယ်လီကိုပါ ဒီလို အရှက်ရစေလို့ မဖြစ်ဘူးလေ။ တခြားကားတစ်စီးပဲ ငှားလိုက်တာ ပိုကောင်းမယ် ထင်တယ်။

ဒါပေမဲ့ အယ်လီက ဘေးထိုင်ခုံတံခါးကို ဖွင့်ပြီး အရင်ဆုံး ကားပေါ်တက်သွားပါတယ်။

"ကျေးဇူးပါ။ တက်ဂယူ။ ငါတို့ သေချာစီးသွားလိုက်ပါမယ်"

တွန့်ဆုတ်နေရင်းနဲ့ ငြင်းဖို့ အခွင့်အရေး လက်လွတ်သွားပါပြီ။

ကျွန်တော် စိတ်မပါ့တပါနဲ့ ကားသော့ကို ယူလိုက်ရတယ်။ ကားမောင်းသူနေရာမှာ ဝင်ထိုင်ဖို့ လုပ်တုန်း တက်ဂယူက လှမ်းပြောပါတယ်။

"ငါတို့ရဲ့ အဖိုးတန် လူစီလေး ထိခိုက်မှုမရှိအောင် သေချာမောင်းဦးနော်"

"လူစီက ဘယ်သူလဲ။ ကားနာမည်လား"

"မဟုတ်ဘူး။ တံခါးမှာ ကပ်ထားတဲ့ ဇာတ်ကောင်နာမည်လေ။ နေ့တိုင်း မြင်နေတာကို မသိဘူးလား"

"......"

မသိချင်ပါဘူးကွာ။

ကားလေးက ယောင်ဂျုံးတံတားပေါ်မှာ အရှိန်နဲ့ ပြေးနေပါတယ်။

ကျွန်တော့်မှာ ကားမောင်းလိုင်စင် ရှိပေမဲ့ မမောင်းတာ ကြာပြီဆိုတော့ နည်းနည်းတော့ သတိထားနေရတယ်။ ကံကောင်းတာက ချက်ချင်းပဲ အသားကျသွားပါတယ်။ အော်တိုကားပဲဆိုတော့ လီဗာနဲ့ ဘရိတ်ကိုပဲ သတိထားရင် ရတယ်လေ။

လေဆိပ်အမြန်လမ်းကနေ ဂန်ဗြွန်ဘွတ်ရို ဒါမှမဟုတ် Olympic Boulevard ထဲ ဝင်လိုက်ရင် မြို့ထဲကို မြန်မြန်ရောက်မှာပါ။

မောင်းနေရင်းနဲ့ ကျွန်တော် စဉ်းစားနေမိတယ်။

နိုင်ငံခြားသား ဧည့်သည်ကို ဘယ်လို ခရီးသွားနေရာမျိုး ခေါ်သွားရင် ကောင်းမလား။

ကျွန်တော် ဆိုးလ်မှာ နေတာဆိုပေမဲ့ ဂယောင်းဘိုဂန် နန်းတော်တို့၊ နမ်ဆန်မျှော်စင်တို့ကို သွားလည်ဖူးတာမျိုး မရှိသလောက်ပါပဲ။ သူ့ကိုပဲ တိုက်ရိုက် မေးကြည့်တာ ပိုကောင်းမလား။

"သွားချင်တဲ့ နေရာရှိလား"

"ရှိတာပေါ့"

"ဘယ်နေရာလဲ"

ကျွန်တော့်မေးခွန်းကို အယ်လီက ပြုံးပြီး ပြန်ဖြေပါတယ်။

"ကိုရီးယား တက္ကသိုလ်"

All Chapters