← Chapters

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အခန်း (၃၁)

ယူရီက သစ်သားတူကို ကိုင်ပြီး ခေါက်ဆွဲတွေကို ပါးစပ်ထဲ အားရပါးရ ထည့်လိုက်ပါတယ်။

ရှလွတ်။ ရှလွတ်

လှနေအောင် ဟန်ဆောင်မနေဘဲ အားပါးတရ စားနေတဲ့ ယူရီကို ကြည့်ပြီး ချစ်စရာကောင်းတယ်လို့ ကျွန်တော် တွေးမိပါတယ်။

“အူဒုံခေါက်ဆွဲက ကိုက်မဖြတ်ဘဲ တစ်ခါတည်း အကုန်စုပ်သောက်လိုက်မှ ပိုအရသာရှိတာတဲ့။ အားရပါးရ စားနော်”

“ဟုတ်ကဲ့။ စီနီယာ”

အနုပညာရှင်တစ်ယောက် ဖွင့်ထားတဲ့ ဆိုင်မလို့ သိပ်တော့ မျှော်လင့်မထားခဲ့ပေမဲ့ မထင်မှတ်ဘဲ အရသာက တကယ်ကောင်းနေပါတယ်။ အရက်နာကျတဲ့အရှိန်တောင် ပြန်ပြေသွားသလိုပါပဲ။

“ကျွန်တော် ချိန်းထားတဲ့အချိန်ထက် ၁၀ မိနစ်စောပြီး လာတာတောင် ယူရီက ရောက်နေတာနော်။ ဆမ်ဆောင်ဒေါင်းကို ဘာကိစ္စနဲ့ ရောက်နေတာလဲ”

“ကျွန်မသူငယ်ချင်းတစ်ယောက် ဆမ်ဆောင်ဒေါင်းကို ပြောင်းလာလို့လေ။ ဆမ်ဆောင်ပန်းခြံနားမှာပါ”

ကျွန်တော့်သူငယ်ချင်းက အိမ်ဝယ်လိုက်လို့ အတူတူနေဖို့ ဆုံးဖြတ်လိုက်ကြတဲ့အကြောင်း ကျွန်တော် ထပ်ပြောပြလိုက် ပါတယ်။ ယူရီ့ရဲ့ မျက်လုံးလေးတွေက ဝင်းလက်သွားပါတယ်။

“ဒါဆို စီနီယာက အခု ဂန်နမ်သူဌေး ဖြစ်သွားပြီပေါ့နော်။ အိမ်နီးချင်းတွေဆိုတော့ ခဏခဏ ဆုံကြရအောင်”

“အင်း... ကောင်းပါပြီ”

ပြောင်းလာရုံရှိသေးတယ်၊ အိမ်နီးချင်း ဖြစ်သွားပြီတဲ့။ ယူရီက အရင်ကတည်းက ဒီလောက်အထိ ဖော်ရွေတတ်တာလား။

ဖြစ်နိုင်ခြေတော့ နည်းပါတယ်။ တစ်ခါက ကျွန်တော် ဆွန်းအာ နဲ့ လမ်းခွဲလိုက်တာကို မသိဘဲ ယူရီက ကျွန်တော့်ကို ဆွန်းအာနဲ့ အရက်သောက်ဖို့ ခေါ်ဖူးသေးတယ်။ ကျောင်းမှာ ဘယ်သူနဲ့ ဘယ်သူ တွဲနေတယ်၊ ပြတ်သွားတယ်ဆိုတာက အတင်းအဖျင်းတွေထဲမှာ အမြဲပါနေကျလေ။ အဲဒါကို မသိဘူးဆိုကတည်းက ယူရီက လူတိုင်းနဲ့ ရောရောနှောနှော နေတတ်တဲ့သူမျိုး မဟုတ်ဘူးဆိုတာ သိသာပါတယ်။

ဒါပေမဲ့ ကျွန်တော့်ကျမှ ဘာလို့ ဒီလို ဖြစ်နေတာလဲ။

ယူရီက စကားပြောရင်းနဲ့လည်း တစိုက်မတ်မတ် စားနေပြီး ကျွန်တော့်ထက် အရင် တူကို ချလိုက်ပါတယ်။

“အား... အရသာရှိလိုက်တာ”

ဟင်းရည်တစ်စက်တောင် မကျန်ပါဘူး။ ဘာလို့ ဒီလောက်တောင် အားပါးတရ စားနိုင်တာလဲ။

အကုန်စားပြီးလို့ ကျွန်တော် ထဖို့ ပြင်လိုက်တဲ့အခါ ယူရီက သူ့ရဲ့ ကတ်ကို ထုတ်ပြီး ရှင်းလိုက်ပါတယ်။

“ကျွန်တော် ကျွေးမလို့ဟာကို”

ယူရီက လျှာလေး အနည်းငယ် ထုတ်ပြီး ရယ်လိုက်ပါတယ်။

“ကျွန်မက လာခဲ့ပါလို့ ပြောတာဆိုတော့ ကျွန်မပဲ ဝယ်ကျွေးရမှာပေါ့။ စီနီယာက နောက်တစ်ခါကျရင် ပိုအရသာရှိတာ ကျွေးပေါ့”

ကြည့်ရတာ ဒါက ယူရီရဲ့ အစကတည်းက စီစဉ်ထားတဲ့ အစီအစဉ်ပဲ ထင်ပါတယ်။

ကျွန်တော်တို့ ဆိုင်ထဲကနေ ထွက်လာခဲ့ကြတယ်။

“တစ်ယောက်တည်း စားရမှာ ပျင်းနေတာ၊ စီနီယာ လာပေးလို့ တော်သေးတာပေါ့”

“အိမ်မှာ ဟင်းမချက်ဘူးလား”

“ကျွန်မက တစ်ယောက်ထဲ နေတာလေ”

“ဪ... ဟုတ်လား”

တစ်ယောက်တည်း နေတယ်ဆိုတဲ့ စကားကို ကြားလိုက်ရတော့ မရှိခဲ့ဖူးတဲ့ စပ်စုချင်စိတ်တွေက ပေါ်လာပါတယ်။

“အိမ်က ဒီနားမှာပဲလား”

“ဟိုမှာလေ”

ယူရီရဲ့ လက်ညှိုးက Gallery ကုန်တိုက်ရဲ့ အနောက်ဘက်က တိုက်ခန်းဝန်းကြီးတစ်ခုဆီကို ညွှန်ပြနေပါတယ်။

ဘာလဲဟ။ မြစ်ကမ်းနားက ချောင်ဒမ်ဒေါင်း ဇိမ်ခံတိုက်ခန်းမှာ တစ်ယောက်ထဲ နေတာလား။

“သွားကြည့်ချင်လား”

“ဗျာ”

မမျှော်လင့်ထားတဲ့ ကမ်းလှမ်းမှုကြောင့် ကျွန်တော် ခဏလောက် ကြောင်သွားပါတယ်။ ဒါက ဘာသဘောလဲ။

ကျောင်းမှာ မေဂျာတူတယ်ဆိုပေမဲ့ တစ်ယောက်တည်း နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အိမ်ကို ယောက်ျားတစ်ယောက်ကို ဖိတ်ခေါ်တယ်ဆိုတာ... ဒါက သိသိသာသာကြီးပဲလေ… ဟုတ်​တယ်မလား။

“ဒီတိုက်ခန်းဝန်းထဲမှာ လမ်းလျှောက်လို့ အရမ်းကောင်းတယ်။ အပေါ်ဆုံးထပ်မှာက နေထိုင်သူတွေအတွက်လည်း သီးသန့်ကဖေး ရှိတယ်။ အဲဒီမှာ ဟန်မြစ်ကို ကြည့်ရင်း ကော်ဖီသောက်လို့ ရတယ်လေ”

“ဪ... ဟုတ်လား”

ကျွန်တော် မျက်နှာကို အမြန် ပြန်ပြင်လိုက်ပါတယ်။ ခဏလေးအတွင်းမှာ စိတ်လှုပ်ရှားသွားမိတာပါ။

“ဘာလို့ စီနီယာမျက်နှာက တစ်မျိုးဖြစ်သွားရတာလဲ”

“ဟမ်။ ဘာမှ မဟုတ်ပါဘူး။ သွားကြရအောင်”

တိုက်ခန်းဝန်းဆီကို လမ်းလျှောက်သွားရင် ခဏလေးပါပဲ။

တိုက်ခန်းဝန်းထဲကို ဝင်ဖို့အတွက် နေထိုင်သူ ကတ်ပြားကို သုံးရပါတယ်။ အပြင်လူတွေကတော့ ခြေတစ်လှမ်းတောင် ဝင်လို့ မရပါဘူး။

အတွင်းထဲ ရောက်သွားတဲ့အခါ အိမ်ခြေ ၂,၀၀၀ ကျော်ရှိတဲ့ ဝန်းကြီးရဲ့ ခမ်းနားမှုကို ခံစားလိုက်ရပါတယ်။ ကားတွေက ဝင်ပေါက်ကနေ မြေအောက်ကို တန်းဝင်သွားကြပြီး မြေပြင်ပေါ်မှာတော့ လမ်းလျှောက်ဖို့ လျှောက်လမ်းတွေ၊ ရေပန်းတွေနဲ့ ကစားကွင်းတွေ အများကြီး ရှိနေတာပါ။

ဇိမ်ခံတိုက်ခန်းဝန်းကြီး ဖြစ်တာမလို့ ပန်းခြံလေးတစ်ခုထဲ ရောက်သွားသလိုမျိုး ရှုခင်းတွေက တကယ်ကို သေသပ်လှပပါတယ်။

ကျွန်တော်တို့ လမ်းလျှောက်လမ်းအတိုင်း ဖြည်းဖြည်းချင်း လမ်းလျှောက်လာခဲ့ကြပါတယ်။

“လမ်းလျှောက်လို့ တကယ်ကောင်းတာပဲ”

“စီနီယာ့အိမ်ရှေ့မှာလည်း ဆမ်ဆောင်ပန်းခြံ ရှိတာပဲ မဟုတ်လား။ အဲဒီမှာ လမ်းလျှောက်တာ ပိုမကောင်းဘူးလား”

“အဲဒါကတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့...”

တကယ်တော့ အဲဒီပန်းခြံထဲကို တစ်ခါမှ မဝင်ဖူးသေးပါဘူး။ အိမ်နားက နာမည်ကြီးတဲ့ နေရာတွေကို မရောက်ဖြစ်တတ်တာကလည်း ထူးဆန်းတဲ့ အချက်တစ်ခုပါပဲ။

“ဒီမှာ နေတာ ကြာပြီလား”

“ငယ်ငယ်ကတည်းက ဒီမှာ နေတာ။ မူကြိုနဲ့ မူလတန်းကို ဒီနားမှာပဲ တက်ခဲ့တာလေ။ ပြန်လည် တည်ဆောက်ရေးလုပ်တုန်းက တခြားမှာ ခဏ သွားနေခဲ့ရတာဆိုပေမဲ့ ဒီကို ပြန်ပြောင်းလာတာ ၆ လလောက် ရှိပါပြီ”

ကြည့်ရတာ သူတို့က ဒီတိုက်ခန်းကို မဲပေါက်ပြီး ရခဲ့တာထင်တယ်။ ငှားနေတာ မဟုတ်ဘဲ ပိုင်တဲ့ အိမ် ဖြစ်ဖို့ များပါတယ်။

“ဘာလို့ တစ်ယောက်ထဲ နေတာလဲ”

“အမေနဲ့ အဖေက အလုပ်ကိစ္စနဲ့ နိုင်ငံခြားမှာ နေတာလေ”

ကျွန်တော် တိုက်ခန်းဝန်းကြီးကို ဝေ့ကြည့်လိုက်ပါတယ်။

“ဒီမှာက အိမ်ဈေးတွေ အရမ်းကြီးမှာပဲနော်”

ယူရီက ခေါင်းငြိမ့်ပါတယ်။

“အသေးဆုံး အခန်းတောင် ဝမ် သန်း ၂,၃၀၀ လောက် ရှိတယ်”

စီးပွားရေး ကျဆင်းနေပေမဲ့ အိမ်ခြံမြေဈေးတွေကတော့ တဟုန်ထိုး တက်နေတာပါ။ ဂန်နမ်က အိမ်ဈေးတွေရဲ့ အရှိန်က တကယ်ကို ကြောက်စရာကောင်းပါတယ်။

ဟန်မြစ်အလှကို မြင်ရတဲ့ ချောင်ဒမ်ဒေါင်းက တိုက်ခန်းဆိုရင်တော့ ဒါက အံ့သြစရာတော့ မဟုတ်ပါဘူး။

ဒါပေမဲ့ တိုက်ခန်းတစ်ခန်းကို သန်း ၂,၃၀၀ ဆိုတာကတော့ ဈေးကြီးရုံတင် မဟုတ်ဘဲ လွန်လွန်းနေပြီ မဟုတ်လား။

ကျွန်တော်သာ အလိုရှိရင် ဒီလို အခန်းပေါင်း ရာနဲ့ချီ ဝယ်နိုင်ပေမဲ့ ဒါကို ဈေးသက်သာတယ်လို့တော့ မထင်ပါဘူး။ ပိုက်ဆံ ဘယ်လောက်ရှိရှိ ဝမ် ၅,၀၀၀ တန် ခေါက်ဆွဲခြောက်က ဈေးကြီးတယ်လို့ ထင်နေဦးမှာပါပဲလေ။

ဒီတိုက်ခန်းဝန်းတစ်ခုလုံးရဲ့ တန်ဖိုးကို တွက်ကြည့်ရင် ဝမ် သိန်းပေါင်း ၄၆ကုဋေလောက် ရှိမယ်ထင်တယ်။ မဟုတ်ဘူး။ အခန်းအသေးဆုံးက ဝမ် သန်း ၂,၃၀၀ဆိုရင် အခန်းကြီးတွေနဲ့ ပေါင်းလိုက်ရင် ဝမ် သိန်း ၆ကုဋေ ကနေ ၇ကုဋေ လောက်အထိ တန်ဖိုးရှိနိုင်တာပေါ့။

ဒီလို အိမ်တွေ အရောင်းအဝယ် ဖြစ်နေတာက တကယ်ကို အံ့သြစရာပါ။ လူတွေက အိမ်မှာ ဝမ် သန်း ၂,၀၀၀ လောက်ကို ငွေသားအဖြစ် စုထားနိုင်ကြတာလား။

“ရောင်းတုန်းကတော့ ဝမ် သန်း ၁,၈၀၀ ပဲ ရှိသေးတယ်။ အဲဒီတုန်းကတောင် ဈေးကြီးတယ်လို့ ပြောခဲ့ကြတာ”

“အစကတည်းက ဝယ်ထားနိုင်ရင် ထိုင်နေရင်းနဲ့တင် ဝမ် သန်း ၅၀၀ လောက် မြတ်တာပေါ့နော်”

ပိုက်ဆံရှာရတာ လွယ်လိုက်တာ။

အလုပ်တွေ ပင်ပင်ပန်းပန်း လုပ်နေတာက ဘာထူးမှာလဲ။ အိမ်ခြံမြေ ဝယ်တတ်ဖို့ပဲ လိုတာပေါ့။ ဒါပေမဲ့ အစပိုင်းမှာ ရင်းဖို့ ဝမ် သန်း ၁,၀၀၀ လောက်တော့ ရှိရမှာပေါ့လေ။

ဒီလို အိမ်မျိုးမှာ တစ်ယောက်တည်း နေနိုင်တယ်ဆိုကတည်းက ယူရီရဲ့ မိသားစုက သာမန်တော့ မဟုတ်လောက်ဘူး။

“ဒါနဲ့ တကယ်ပဲ တစ်ယောက်ထဲ ထမင်းမစားချင်လို့ ကျွန်တော့်ကို ခေါ်တာလား”

“အင်း... အဲဒါလည်း ပါသလို၊ စီနီယာ ပြီးခဲ့တဲ့တစ်ခေါက် ပြောသွားတာကို စိတ်ထဲမှာ တနုံ့နုံ့ ဖြစ်နေလို့ပါ”

“ကျွန်တော် ဘာပြောခဲ့လို့လဲ”

ယူရီက လမ်းလျှောက်နေရာကနေ ရပ်လိုက်ပြီး မေးပါတယ်။

“L6 ထုတ်လုပ်မှု ရပ်ဆိုင်းသွားမယ်ဆိုတာ စီနီယာ ဘယ်လိုလုပ် သိတာလဲ”

“…”

နောက်ဆုံးတော့ ဒီအကြောင်းကို ရောက်လာပြီပေါ့။

အစတုန်းကတော့ ဒါက အဓိပ္ပာယ်မရှိဘူးလို့ ထင်မှာပါပဲ။ ဒါပေမဲ့ တကယ်တမ်း ရပ်ဆိုင်းလိုက်တဲ့အခါမှာတော့ ယူရီ တော်တော်လေး အံ့သြသွားမှာ သေချာပါတယ်။

ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါက ထီဂဏန်း ၆ လုံးကို ကြိုသိနေသလိုမျိုးပါပဲ။

စီနီယာ ဆန်းယော့ကို ပြောလိုက်တာက လိုအပ်လို့ပြောပြတာဆိုပေမဲ့ ယူရီကို ပြောလိုက်မိတာကတော့ ကျွန်တော့်ရဲ့ အမှားပါပဲ။

ယူရီက ကျွန်တော့်ကို အဓိပ္ပာယ်ပါပါ ကြည့်နေပါတယ်။ အခုချိန်မှာ ရှင်းပြဖို့ ကြိုးစားရင် ယူရီက ပိုပြီး သံသယဝင်နေဦးမှာပါ။

ကံကောင်းတာက ဒီလို မေးခွန်းမျိုး မေးလာလိမ့်မယ်ဆိုတာ ကြိုတွက်ထားလို့ အဖြေကို ပြင်ဆင်ထားပြီးသားပါ။

ကျွန်တော် သာမန်ကာလျှံကာပဲ ပြောလိုက်ပါတယ်။

“အွန်လိုင်းက သတင်းတွေမှာ မတွေ့ခဲ့ဘူးလား။ L6 ဝယ်ပြီး ၃ ရက်အတွင်းမှာတင် ပေါက်ကွဲသွားတာလေ”

ကျွန်တော့်စကားကြောင့် ယူရီ ဇဝေဇဝါ ဖြစ်သွားပါတယ်။

“ဟုတ်လား။ အဲဒီလိုလား”

“အင်းလေ။ အဲဒီကတည်းက ဒါက ဗုံးလား ဘာလားဆိုပြီး ရုန်းရင်းဆန်ခတ် ဖြစ်နေတာ။ အဲဒါကို မြင်ပြီး ကျွန်တော့်စိတ်ထဲ ထင်တာကို ပြောလိုက်တာပါ”

ယူရီက တွေးရခက်သွားတဲ့ ပုံစံနဲ့ ရယ်လိုက်ပါတယ်။

“ဪ... တကယ်လား။ အဲဒီလိုကိုး”

ကျွန်တော်က ဘာမှမသိတဲ့ ပုံစံနဲ့ ပြန်မေးလိုက်တယ်။

“ဒါဆို ယူရီက ဘယ်လို ထင်လို့လဲ”

“ကျွန်မကတော့ စီနီယာက ပစ္စည်းသွင်းတဲ့ ကုမ္ပဏီတစ်ခုခုဆီကနေ သတင်းကြိုရထားတာလားလို့ ထင်နေတာ”

“… ယူရီထင်တာမှားနေပေမဲ့ အခုလို ထင်ခံရတော့ နည်းနည်းတော့ ရှက်ဖို့ကောင်းသား”

ကျွန်တော် အခြောက်တိုက် ရယ်လိုက်ပါတယ်။

“ဟာဟာ…. ဘယ်သူက ကျွန်တော့်ကို အဲဒီလို သတင်းတွေ လာပြောမှာလဲ”

ဒါပေမဲ့ 'အနာဂတ်ကြိုမြင်နိုင်စွမ်း' ကတော့ ကျွန်တော့်ကို ပြောပြမှာပါ။ နောက်ရက်ပိုင်းအတွင်းမှာ နောက်ထပ် တစ်ခုလောက် သိခွင့်ရရင် ကောင်းမှာပဲ။

သံသယတွေ လုံးဝ ပြေပျောက်သွားသလားတော့ မသိပေမဲ့ ယူရီ့ရဲ့ မျက်နှာက ပုံမှန် ပြန်ဖြစ်သွားပါတယ်။

“ဒါပေမဲ့လည်း ရပ်ဆိုင်းသွားမယ်ဆိုတာ ကြိုသိရတော့ ကောင်းတာပေါ့”

“ဖုန်းပြောင်းရတာက တော်တော်လေး အလုပ်ရှုပ်တာလေ”

Keypad ဖုန်းတွေတုန်းကတော့ ဖုန်းနံပါတ်တွေပဲ ပြောင်းရတာပါ။ စမတ်ဖုန်းကျတော့ ဖုန်းနံပါတ်၊ ဓာတ်ပုံ၊ သီချင်း အကုန်ပြောင်းရတာလေ။

L6 က Recall လုပ်ပြီးမှ ရပ်ဆိုင်းသွားတာဆိုတော့ ဝယ်ထားတဲ့သူတွေက ဖုန်းလဲဖို့ ဆိုင်ကို နှစ်ခေါက်တောင် သွားခဲ့ရတာပါ။

“အဲဒါထက် ကျွန်မအမေက ဆိုဆောင်း အီလက်ထရောနစ် စတော့တွေ ဈေးကျသွားလို့ စိတ်ညစ်နေတာ။ L6 ရပ်ဆိုင်းသွားမယ်မှန်း သိရင် စောစောစီးစီး ရောင်းလိုက်ပါတယ်တဲ့”

စတော့ ဘယ်လောက်များ ရှိလို့လဲ။ အစောင် ရာနဲ့ချီ ရှိတာတော့ မဟုတ်ပါဘူးနော်။

“အခုတော့ နည်းနည်း ပြန်အဆင်ပြေသွားပါပြီ”

“ဒါပေမဲ့ အခုထိတော့ အရှုံးပြနေတုန်းပဲ။ စီနီယာ ဘယ်လို ထင်လဲ။ အခုပဲ ရောင်းလိုက်တာ ပိုကောင်းမလား”

ခဏလောက် စဉ်းစားပြီးမှ ကျွန်တော် ပြန်ဖြေလိုက်တယ်။

“ကျွန်တော်သာဆိုရင်တော့ ဆက်ပြီး ကိုင်ထားမှာပဲ”

“ဘာလို့လဲ”

“လောလောဆယ် အခက်အခဲ ရှိပေမဲ့ နောက်မော်ဒယ် ထွက်လာတဲ့အခါကျရင် ပြန်တက်လာမှာပဲလေ”

ယူရီက ရယ်လိုက်ပါတယ်။

“ဒီလို ဖြစ်ရပ်မျိုး ကြုံပြီးသွားတာတောင် လူတွေက ဆိုဆောင်း ဖုန်းကို ဝယ်ဦးမယ်လို့ စီနီယာ ထင်လား”

“ထူးဆန်းတာက စားသုံးသူတွေက ဆိုဆောင်း အမှတ်တံဆိပ်အပေါ် ယုံကြည်မှု တော်တော်ရှိကြတာလေ။ အများစုက ပိုက်ဆံပြန်အမ်းခိုင်းမယ့်အစား ဖုန်းလဲမယ့် အစီအစဉ်ကိုပဲ ရွေးကြတယ်။ ယူရီကိုယ်တိုင်လည်း အတူတူပဲ မဟုတ်လား။ ပြီးတော့ ဆိုဆောင်း ရဲ့ အဓိက လုပ်ငန်းက စမတ်ဖုန်းတွေတင် မကဘူး၊ Semiconductorsတွေလည်း ပါတယ်”

ဟိုတစ်ခေါက် Golden Gate မှာ ဖတ်ခဲ့တဲ့ အစီရင်ခံစာကို ကျွန်တော် သတိရသွားပါတယ်။

စတုတ္ထမြောက် စက်မှုတော်လှန်ရေးရဲ့ အဓိက အချက်တစ်ခုကတော့ ဆက်သွယ်မှု ပါပဲ။ Internet of Things (IoT) ဆိုတာ ပစ္စည်းတိုင်းက ချိတ်ဆက်နေမှာမျိုးပါ။ အဲဒီလို ဖြစ်လာဖို့အတွက် ပစ္စည်းတိုင်းမှာ Semiconductorsတွေက မရှိမဖြစ် လိုအပ်ပါတယ်။

Semiconductors လုပ်ငန်းက လက်ဝါးကြီးအုပ် လုပ်ငန်းဖြစ်ပြီး ထုတ်လုပ်မှုက ချက်ချင်း တိုးလို့မရသလို၊ လျှော့လို့လည်း မရပါဘူး။ ဒါကြောင့် ဝယ်လိုအား တိုးလာတာနဲ့ ဈေးနှုန်းက ချက်ချင်း တက်သွားမှာပါ။

“အချိန်တွေ ကုန်ဆုံးလာတာနဲ့အမျှ Semiconductors ဝယ်လိုအားက ဆက်ပြီး တိုးလာဖို့ပဲ ရှိတယ်။ ကမ္ဘာ့အကြီးဆုံး Semiconductors ကုမ္ပဏီအနေနဲ့ ဆိုဆောင်း အီလက်ထရောနစ် က အကျိုးအမြတ် ရမှာ သေချာပါတယ်”

အဲ့ဒီစကားကို ကျွန်တော် ပြောတာဆိုပေမဲ့ တော်တော်လေး ဟုတ်တိပတ်တိ ရှိနေပါတယ်။ ကျွန်တော်ခန့်မှန်းတာလည်း မဆိုးဘူးပဲ မဟုတ်လား။

ယူရီက ကျွန်တော့်ကို မယုံကြည်သလိုမျိုး ကြည့်ပါတယ်။

“စီနီယာ။ အဲဒါကို သေချာလား”

ကျွန်တော် ပခုံးတွန့်ပြလိုက်ပါတယ်။

“ဒါက ကျွန်တော့်ရဲ့ ကိုယ်ပိုင်အမြင်ပါ။ ကျွန်တော်က ငွေကြေးကျွမ်းကျင်သူမှ မဟုတ်တာလေ”

ယူရီက ပြုံးလိုက်ပါတယ်။

“ငွေကြေးကျွမ်းကျင်သူဆိုတဲ့သူတွေတောင် ခဏခဏ မှားနေကြတာပဲ။ ရန်ပုံငွေ မန်နေဂျာတွေတောင် ဈေးကွက်ရဲ့ ပျမ်းမျှအမြတ်ကို မမီကြတာ အများကြီးပါ”

အခုမှ သေချာကြည့်မိတာ၊ ယူရီ ပြုံးလိုက်ရင် ပါးချိုင့်လေး ပေါ်လာတာပဲ။ လက်နဲ့ တို့ကြည့်ချင်စရာ ကောင်းလိုက်တာ။

“ဈေးကွက်ကို အနိုင်ယူဖို့ဆိုတာ အဲဒီလောက်အထိ ခက်တာအမှန်ပါပဲ”

“ဘာပဲဖြစ်ဖြစ် စီနီယာ့ စကားကို နားထောင်ပြီး မရောင်းဘဲ ဆက်ထားလိုက်တော့မယ်”

ကျွန်တော် အံ့သြသွားပါတယ်။

“ယူရီမှာလည်း ရှိတာလား”

“ဟုတ်ကဲ့။ ပြီးခဲ့တဲ့ စတော့ဈေးကျတုန်းက မုန့်ဖိုးလေးတွေနဲ့ အစောင်၂၀ ဝယ်ထားတာပါ”

“…”

ပျော်ရွှင်မှုက စာမေးပွဲ အမှတ်ပေါ်မှာ မမူတည်ပေမဲ့ တက္ကသိုလ်ဝင်ခွင့်ကတော့ မူတည်ပါတယ်။ ကိုရီးယားမှာတော့ အမှတ်ကောင်းမှ တက္ကသိုလ်ဝင်ရတာ ဖြစ်ပေမဲ့ ပညာရေးစနစ် ပြောင်းလဲမှုတွေကြားမှာ 'ဝင်ပေါက်အချို့' ကတော့ ရှိနေတတ်တာပါပဲ။

တစ်နည်းအားဖြင့် ပြောရရင် အမှတ်နည်းနည်း လိုနေပေမဲ့ ပိုက်ဆံရှိလို့ ဝင်နိုင်တဲ့သူတွေ ရှိပါတယ်။

ယူရီလည်း အဲဒီလိုမျိုး ဝင်လာတာလားလို့ ကျွန်တော် တွေးမိသွားပါတယ်။ ယူရီမှာ ပိုက်ဆံတွေ အများကြီး ရှိတာကို သိလိုက်ရတဲ့အခါ ကျွန်တော့်အမြင်က နည်းနည်း ပြောင်းသွားတာပေါ့။

ဘယ်လိုပဲဖြစ်ဖြစ် ဝမ် သန်း ၂,၀၀၀ကျော်တန် တိုက်ခန်းမှာ တစ်ယောက်ထဲ နေနိုင်ပြီး၊ တစ်လကို ဝမ် သန်း ၂၀ ကျော်ဖိုး စတော့ဝယ်နိုင်တဲ့ မုန့်ဖိုး ရှိတယ်ဆိုရင်တော့ ယူရီရဲ့ မိသားစုက သာမန် သူဌေးမျိုး မဟုတ်တာ သေချာပါတယ်။

ယူရီရဲ့ မိဘတွေက ဘယ်သူတွေပါလိမ့်။ ယူရီကို ဘယ်လိုများ ပြုစုပျိုးထောင်ခဲ့တာလဲ။

ဒီလို မေးခွန်းတွေ မေးလိုက်ရင်တော့ ထူးဆန်းနေမှာ သေချာပါတယ်။

ကျွန်တော်တို့ လမ်းလျှောက်ရင်း စကားတွေ အများကြီး ပြောဖြစ်ပါတယ်။ အများအားဖြင့်တော့ ယူရီက ပြောပြီး ကျွန်တော်က နားထောင်တာ များပါတယ်။

“စီနီယာ နောက်နှစ် ကျောင်းပြန်တက်မှာလား”

“အင်း... သေချာတော့ မသိသေးဘူး”

ကျွန်တော်တို့ လမ်းလျှောက်နေတုန်းမှာပဲ ဆံပင်ဖြူဖြူ၊ ခါးကုန်းကုန်းနဲ့ အဖွားအိုတစ်ယောက် ကျွန်တော်တို့ဆီ လျှောက်လာပါတယ်။

အဖွားအိုက ပန်းပွင့်ပုံစံ ဦးထုပ်လေး ဆောင်းထားပြီး သားမွေး အနွေးထည် ဝတ်ထားပါတယ်။

ကျွန်တော့်ရဲ့ မြို့ပြင်က အဖွားကို သတိရသွားပါတယ်။ အခုတော့ အဖွားက ကွယ်လွန်သွားပါပြီ။

အဖွားအိုက ယူရီကို ကြည့်ပြီး ပြုံးလိုက်ပါတယ်။

“ဪ... ငါ့မြေးမလေး လာမလည်တာ ကြာပြီနော်”

ယူရီက ရပ်လိုက်ပြီး ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်ပါတယ်။

“မင်္ဂလာပါ။ အဖွား။ အေးနေတာကို လမ်းလျှောက်ထွက်တာလား”

“အိမ်ထဲမှာပဲ အမြဲနေနေရင် အဆစ်တွေ ကိုက်လာလို့ပါ”

အဖွားက ကျွန်တော့်ကို ကြည့်ပြီး မေးတယ်။

“ဒီလူငယ်လေးက ဘယ်သူလဲ။ နင့်ရဲ့ ချစ်သူလား”

အထင်မှားမှာ စိုးလို့ ကျွန်တော် အမြန် ဝင်ပြောလိုက်ပါတယ်။

“မဟုတ်ပါဘူး၊ ကျောင်းက စီနီယာပါ”

အဖွားက ကျွန်တော့်စကားကို မကြားသလိုမျိုး ရေရွတ်ပါတယ်။

“အေးပါကွယ်၊ အပျိုကြီး ဖြစ်နေပြီဆိုတော့ အိမ်ထောင်ပြုရမယ့် အရွယ် ရောက်နေပြီပေါ့”

ယူရီမျက်နှာက ရဲတက်သွားပါတယ်။

“အိမ်ထောင်ပြုရမယ်ဟုတ်လား။ မဟုတ်တာ အဖွားရယ်၊ ကျွန်မက အသက် ၂၀ ပဲ ရှိသေးတာကို”

“ဟဲဟဲ... တို့ခေတ်တုန်းကတော့ အဲဒီအရွယ်ဆို အိမ်ထောင်ကျပြီး ကလေးတောင် ရနေပြီ။ ရော့... ဒီပိုက်ဆံနဲ့ မုန့်သွားဝယ်စားကြ” လို့ ပြောပြီး အဖွားက အိတ်ထဲက ဝမ် ၅,၀၀၀ တန် တစ်ရွက်ကို ထုတ်ပေးပါတယ်။

ယူရီက လက်ကာပြပါတယ်။

“ရပါတယ် အဖွား၊ ကျွန်မမှာ ပိုက်ဆံတွေ အများကြီး ရှိပါတယ်”

ဟုတ်ပါတယ်။ ယူရီမှာ တကယ်ကို ပိုက်ဆံတွေ အများကြီး ရှိပါတယ်။ တခြား လူငယ်တွေက မုန့်ဖိုးကို အဝတ်အစား ဒါမှမဟုတ် အရက်သောက်ဖို့ သုံးနေချိန်မှာ၊ သူကတော့ တစ်စောင်ကို ဝမ် တစ်သန်းကျော်တန်တဲ့ စတော့တွေကို မုန့်ဖိုးနဲ့ ဝယ်နေတာလေ။

အခန်း (၃၂)

အဖွားအိုက ဝမ်ငွေစက္ကူကို ယူရီ့လက်ထဲ အတင်းထည့်ပေးလိုက်ပါတယ်။

“ရပါတယ်အေ။ လူကြီးက ပေးရင် 'ကျေးဇူးတင်ပါတယ်' လို့ပြောပြီး ယူထားရတယ်ကွယ့်”

ယူရီက မတတ်သာဘဲ ပိုက်ဆံကို လက်ခံလိုက်ပြီး ခေါင်းကို တစ်ခါ ထပ်ညွှတ်ကာ နှုတ်ဆက်လိုက်ပါတယ်။

“ကျေးဇူးတင်ပါတယ်။ အဖွား”

“အေးအေး... ဒါဆို အဖွား သွားပြီ။ နင်တို့ လူငယ်လေးတွေ အတူတူ ပျော်ပျော်ပါးပါး လည်ကြပတ်ကြဦး။ ချိန်းတွေ့တာတို့ ဘာတို့ပေါ့... လူငယ်တွေ လုပ်လေ့ရှိတာတွေ လုပ်ကြပေါ့ကွယ်”

ဒါက ချိန်းတွေ့တာ မဟုတ်ပါဘူးဆို။

ကျောခိုင်းထွက်ခွာသွားတဲ့ အဖွားကို ကျွန်တော် လက်ပြနှုတ်ဆက်လိုက်ပါတယ်။

“ဂရုစိုက်ပြီးသွားပါနော်။ အဖွား”

အဲဒီနောက် ကျွန်တော် ယူရီ့ကို မေးလိုက်တယ်။

“အဲဒီအဖွားကို သိလို့လား”

“သူက အရင်တုန်းက ဘေးအိမ်မှာနေတဲ့ အဖွားလေ။ အခု Gallery ကုန်တိုက်ရှိတဲ့ နေရာမှာ အရင်က စီးပွားရေးလုပ်ခဲ့တာ။ ကျွန်မ ငယ်ငယ်ကတည်းက ကျွန်မအပေါ် အရမ်းကောင်းခဲ့တာ”

“ဒီတိုက်ခန်းဝန်းကြီး မဖြစ်ခင်ကတည်းက ဒီမှာ နေခဲ့တာလား”

“ဟုတ်တယ်။ အဲဒီတုန်းက ၈ ထပ်တိုက် အခန်းလေးပဲ ရှိတာလေ”

အအခုကတော့ နေထိုင်သူ မဟုတ်ရင် ဝင်ဖို့တောင် ခက်ခဲတဲ့ နေရာဖြစ်နေပါပြီ။

“အခုရော ဒီမှာပဲ နေတုန်းလား”

“ဟုတ်တယ်။ အခု ဘေးက အဆောက်အဦးမှာ နေတာလေ။ သူ့သားသမီးတွေ အပါအဝင်ဆိုရင် သူတို့မှာ အိမ်သုံးလုံးရှိတာ”

“သောက်ကျိုးနည်း...”

ဒီမှာက အသေးဆုံး အခန်းတောင် ဝမ် သန်း ၂,၃၀၀ ရှိတာလေ။ သုံးလုံးဆိုရင် ဝမ် သန်း၇,၀၀၀နီးပါးပေါ့။

ကျွန်တော်ကတော့ နယ်က အဖွားကြီး တစ်ယောက်လို့ ထင်နေတာ/ တကယ်တော့ သူဌေးမကြီး ဖြစ်နေတာပါလား။ ဒါကြောင့် လူကို အပြင်ပန်းကြည့်ပြီး ဆုံးဖြတ်လို့ မရဘူးလို့ပြောကြတာကိုး။

ကျွန်တော် စိတ်ဝင်တစား ရှိနေတာကို မြင်တော့ ယူရီက တချို့အကြောင်းအရာတွေကို ပြောပြပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ လောက်က အဖွားဟာ သူ့ရဲ့ စီးပွားရေးက ရတဲ့ ပိုက်ဆံနဲ့ ချေးငွေယူပြီး တိုက်ခန်းတစ်ခန်း ဝယ်ခဲ့တာပါ။

အဲဒီတုန်းကတော့ ရင်းနှီးမြှုပ်နှံဖို့ ရည်ရွယ်ချက် မရှိခဲ့ပါဘူး။ ချောင်ဒမ်ဒေါင်းက ဒီလောက်အထိ သူဌေးရပ်ကွက် ဖြစ်လာလိမ့်မယ်လို့လည်း အဖွားက မထင်ခဲ့ဘူးလေ။ ကိုယ်ပိုင်အိမ်လေး တစ်လုံး ရှိချင်ရုံတင်မကဘဲ နောင်ကျရင် သားသမီးတွေနဲ့ အနားမှာ အတူနေချင်လို့ နောက်တစ်ခန်း ထပ်ဝယ်ခဲ့တာပါ။

ဘေးအိမ်နီးချင်းတွေက သူတို့အိမ်တွေကို ရောင်းပြီး ထွက်သွားကြပေမဲ့ အဖွားကတော့ မရောင်းဘဲ ဆက်နေခဲ့ပါတယ်။ ဆယ်စုနှစ်တွေ ကြာလာတဲ့အခါ တိုက်ခန်းက ဟောင်းနွမ်းလာခဲ့တယ်။ မျက်နှာကြက်က ရေယိုတာတွေ၊ ပိုက်တွေ သံချေးတက်လို့ ရေနောက်တာတွေ ဖြစ်လာခဲ့တာပေါ့။

ပြန်လည် တည်ဆောက်ရေးအကြောင်း စပြောလာတဲ့အခါ အိမ်ဈေးတွေက တဟုန်ထိုး တက်သွားပါတယ်။ တကယ် ပြန်မဆောက်ခင်မှာ အာဏာပိုင်တွေဆီက ခွင့်ပြုချက်ယူတာ၊ အဖွဲ့ဝင်တွေ သဘောတူညီမှု ယူတာ၊ ဆောက်လုပ်ရေး ကုမ္ပဏီ ရွေးတာ စတဲ့ လုပ်ငန်းစဉ်တွေ အများကြီး လုပ်ခဲ့ရပါတယ်။

အဲဒီကြားထဲမှာ တချို့က သူတို့အခန်းတွေကို ဝမ် သန်း ၁,၀၀၀၊ သန်း ၁,၅၀၀လောက်နဲ့ ရောင်းသွားကြပါတယ်။

“အဲဒီတိုက်ခန်းရဲ့ မူလဈေးက ဘယ်လောက်လဲဆိုတာ စီနီယာ သိလား”

“ဘယ်လောက်လဲ”

“ဝမ် ၁၈ သန်းပဲ ရှိတာလေ”

“…”

နှစ်ပေါင်း ၄၀ ကြာပြီးနောက်မှာတော့ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းတွေ စတင်ခဲ့ပါတယ်။ အဟောင်းဖြစ်တဲ့ ၈ ထပ်တိုက်ကို ဖြိုချလိုက်ပြီး အထပ်မြင့် အဆောက်အဦးကြီး ဖြစ်လာခဲ့တာပေါ့။ မြေဧရိယာ အသုံးချမှုနှုန်းက နှစ်ဆမက တိုးသွားလို့ အခန်းနှစ်ခန်းကနေ သုံးခန်းစာ ဖြစ်သွားပါတယ်။

“အဖွားတင် မဟုတ်ဘူး၊ အရင်ကတည်းက ဒီမှာ နေတဲ့သူတွေ အကုန်လုံး အကျိုးအမြတ် ရကြတာလေ။ ဒီလုပ်ငန်းတွေ မစခင်ကတည်းက ဒီမှာ အိမ်ဝယ်ဖို့ အတော်ကိုအပြိုင်အဆိုင် ဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်းကို အဖေ ပြောပြဖူးတယ်”

ဒါက ဂန်နမ်ရဲ့ အချက်အချာကျတဲ့ နေရာက တိုက်ခန်းဝန်းကြီးလေ။ အခန်းပေါင်း ၂,၀၀၀ ဆိုရင် ဆောက်လုပ်ရေး စရိတ်တင် ဝမ် သိန်းပေါင်း ၁ကုဋေ နီးပါး ရှိမှာပါ။ ဆောက်လုပ်ရေး ကုမ္ပဏီလည်း အမြတ်တွေ အများကြီး ရမှာပေါ့။

ကျွန်တော် လေးလေးနက်နက် တွေးနေမိပါတယ်။ မီဒီယာတွေမှာတော့ အိမ်တွေ ဘယ်လောက် ဈေးတက်သွားတယ်ဆိုတာကိုပဲ ဖော်ပြကြတာပါ။ ဝယ်တဲ့သူတွေကလည်း သူတို့အိမ်ဈေး တက်တာကို ကြည့်ပြီး ပျော်နေကြတာပေါ့။

ဒါပေမဲ့ တကယ့် ပိုက်ဆံအစစ်အမှန် ရှာသွားတဲ့သူတွေကတော့... ပြန်လည် တည်ဆောက်ရေး မလုပ်ခင်ကတည်းက အိမ်နဲ့ မြေကို ပိုင်ဆိုင်ထားတဲ့သူတွေနဲ့ ဆောက်လုပ်ရေး ကုမ္ပဏီပဲ ဖြစ်ပါတယ်။

ပြန်လည် တည်ဆောက်ရေး ဆိုတာက အလှူလုပ်တာ မဟုတ်ဘူးလေ။ ရောင်းဈေးဆိုတာက အသင်းဝင်တွေနဲ့ ဆောက်လုပ်ရေး ကုမ္ပဏီအတွက် အမြတ်အစွန်း လုံလုံလောက်လောက် ရအောင် သတ်မှတ်ထားတာပါ။ ဝယ်တဲ့သူတွေကတော့ နောက်ဆုံးအဆင့် စားသုံးသူတွေပဲ ဖြစ်ပါတယ်။

အခု ဒီတိုက်ခန်းရဲ့ ဈေးက ဝမ် သန်း ၂,၃၀၀။ တကယ်လို့ ပြန်လည် တည်ဆောက်ရေး မလုပ်ခင်က ဝယ်မယ်ဆိုရင် သန်း ၁,၅၀၀ လောက်ပဲ ရှိမှာပါ။

ဒါပေမဲ့ အကြီးမားဆုံး အမြတ်ကို ရခဲ့တဲ့သူကတော့ စောစောက အဖွားပါပဲ။ ဝမ် ၁၈ သန်းနဲ့ ဝယ်ခဲ့တဲ့သူလေ။

ကုမ္ပဏီတွေမှာလည်း အတူတူပါပဲ။

ပုံမှန်အားဖြင့် ကုမ္ပဏီတွေဟာ စတော့ဈေးကွက်မှာ စာရင်းဝင်ဖို့ ကြိုးစားကြပါတယ်။

အောင်အောင်မြင်မြင်နဲ့ စာရင်းဝင်သွားတဲ့အခါမှာတော့ တည်ထောင်သူ လုပ်ငန်းရှင်တွေ၊ အဲဒီလုပ်ငန်းရှင်တွေကို ယုံကြည်ပြီး အစောပိုင်းကတည်းက ရင်းနှီးမြှုပ်နှံခဲ့တဲ့သူတွေနဲ့ IPO (အများပြည်သူသို့ ရှယ်ယာ စတင်ရောင်းချခြင်း) လုပ်ငန်းစဉ်မှာ ပါဝင်တဲ့ အဖွဲ့အစည်းတွေဟာ အမြတ်အစွန်း အများကြီး ရသွားကြပြီး အောင်ပွဲခံကြပါတယ်။

စတော့ဈေးကွက်မှာ ရောင်းဝယ်နေတဲ့ ရင်းနှီးမြှုပ်နှံသူတွေကတော့ ရှယ်ယာဈေး ဘယ်နှစ်ရာခိုင်နှုန်း တက်တယ်၊ ကျတယ်ဆိုတာပေါ်မှာပဲ အာရုံရောက်နေကြတာပါ။

တကယ်လို့ အောင်မြင်တဲ့ ကုမ္ပဏီတစ်ခုမှာ ရင်းနှီးမြှုပ်နှံချင်တယ်ဆိုရင် အများပြည်သူကို ရောင်းချပြီးမှ ဝယ်တာထက် အစောပိုင်း အဆင့်တွေမှာတင် ရင်းနှီးမြှုပ်နှံတာက အမြတ်ကို အများဆုံး ရစေမှာပါ။

ကျွန်တော့်ခေါင်းထဲမှာ ဝေဝေဝါးဝါး ဖြစ်နေတဲ့ အတွေးတွေက အခုတော့ တစ်ခုတည်းအဖြစ် စုစည်းသွားပါပြီ။

ကျွန်တော် တစ်ချိန်လုံး လမ်းမှား လိုက်နေခဲ့တာပဲ။ ဒါကြောင့်လည်း စတော့တွေကို ဘယ်လောက်ပဲ ထိုင်ကြည့်နေပါစေ ဘာစိတ်ကူးမှ ပေါ်မလာခဲ့တာပေါ့။

အခုတော့ ကျွန်တော့်အတွက် ရှင်းလင်းသွားပါပြီ။

ကျွန်တော် အတွေးထဲမှာ နစ်နေတုန်း ယူရီက ကြည့်နေပါတယ်။

“ဘာဖြစ်လို့လဲ။ စီနီယာ”

ကျွန်တော် အနည်းငယ် ပြုံးပြလိုက်ပါတယ်။

“ဘာလုပ်ရမလဲဆိုတာ ကျွန်တော် သိသွားပြီ”

ယူရီကတော့ ဇဝေဇဝါ ဖြစ်နေပုံရပါတယ်။

“ဘာကို ဆိုလိုတာလဲ”

“ကျွန်တော် အခု သွားမှ ဖြစ်တော့မယ်”

“ဟမ်။ ကော်ဖီတောင် မသောက်တော့ဘူးလား”

“နောက်တစ်ခါမှပဲ သောက်ကြတာပေါ့”

ကျွန်တော် အေးအေးဆေးဆေး ကော်ဖီသောက်နေဖို့ စိတ်မရှည်နိုင်တော့ပါဘူး။

လှည့်ထွက်သွားဖို့ လုပ်ပြီးမှ ခဏ တုံ့ဆိုင်းသွားပါတယ်။ ဒီတစ်ယောက်နဲ့ တွေ့တိုင်း တစ်ခုခုတော့ ရရသွားသလိုပဲ။

“ကျေးဇူးပဲနော်”

ယူရီက နားမလည်တဲ့ ပုံစံနဲ့ မေးတယ်။

“ဘာလို့ကျေးဇူးတင်ရတာလဲ”

“အလုပ်တွေ အဆင်ပြေသွားမှ နောက်ကျရင် ယူရီ့ကို ဈေးကြီးတဲ့ အစားအစာတစ်ခု ပြန်ကျွေးပါ့မယ်”

အိမ်အပြန်လမ်းမှာ အစ်မ ဟျွန်းဂျူဆီကို စာပို့လိုက်ပါတယ်။

“ကျွန်တော့်မှာ သတင်းအချက်အလက် အချို့ ရှိတယ်။ စာရင်း ပို့လိုက်မယ်၊ ကြည့်ပြီးတာနဲ့ ချက်ချင်း ပို့ပေးပါဦး”

အိမ်ထဲကို ဝင်လိုက်တော့ တက်ဂယူက ဧည့်ခန်းမှာ ဂိမ်းဆော့နေပါတယ်။

“စောစော ပြန်ရောက်သားပဲ”

“အခုက ဂိမ်းဆော့နေရမယ့် အချိန် မဟုတ်ဘူး”

“ဒါဆို ဘာလုပ်ရမယ့် အချိန်လဲ”

“ငါတို့ ဘာလုပ်သင့်လဲဆိုတာ ငါ သိပြီ”

တက်ဂယူက သူဆော့နေတဲ့ ဂိမ်းကို ချက်ချင်း ရပ်လိုက်ပါတယ်။

“ဘာလဲ။ နတ်မျက်စိကနေ တစ်ခုခု မြင်လိုက်ပြန်ပြီလား”

“မဟုတ်ပါဘူး။ ငါ ပြောတာကို နားထောင်ဦး”

ချောင်ဒမ်ဒေါင်း တိုက်ခန်းမှာ တွေ့ခဲ့တဲ့ အဖွားအကြောင်းကို ကျွန်တော် ပြောပြလိုက်ပါတယ်။

ဝမ် ၁၈ သန်းတန် တိုက်ခန်းနှစ်ခန်းကနေ နှစ်ပေါင်း ၄၅ နှစ်အကြာမှာ ဝမ် သန်း ၂,၃၀၀တန် တိုက်ခန်းသုံးခန်း ဖြစ်သွားဝယ်ဆိုတဲ့အကြောင်းပါ။ အကြမ်းဖျဉ်း တွက်ကြည့်ရင်တောင် အဆပေါင်း ၁၅၀ တိုးသွားတာပါ။ ငွေကြေးဖောင်းပွမှုကို ထည့်တွက်ရင်တောင် ဒါဟာ တကယ့်ကို ကြီးမားတဲ့ အကျိုးအမြတ်ပါပဲ။

“ပြီးစီးသွားတဲ့ တိုက်ခန်းကို စတော့ဈေးကွက်က စာရင်းဝင်ကုမ္ပဏီတစ်ခုလို့ တင်စားမယ်ဆိုရင် ရောင်းချတာက IPO ပေါ့။ ပြန်လည် မတည်ဆောက်ရသေးတဲ့ တိုက်ခန်းအဟောင်းကတော့ စာရင်းမဝင်သေးတဲ့ စတော့ရှယ်ယာပေါ့ကွာ။ အိမ်ခြံမြေဈေးက ဆက်တက်နေမယ်ဆိုရင် ဘယ်အချိန်မှာ ဝယ်တာက ပိုမြတ်မလဲ။ အားလုံးပြီးမှ ဝယ်တာလား။ ဒါမှမဟုတ် ပြန်လည် တည်ဆောက်ရေး မဆုံးဖြတ်ခင်က ဝယ်တာလား”

တက်ဂယူက အံ့သြသွားတဲ့ မျက်လုံးတွေနဲ့ ကြည့်ပါတယ်။

“မင်းက ဂျူနီယာမနောက် လိုက်သွားပြီးတော့ အိမ်ပြန်ရောက်တာနဲ့ ဒါတွေ တွေးနေတာလား”

“အဲဒါက အခု အရေးကြီးလို့လား”

ဒီကောင် ဘာတွေ နားထောင်နေတာလဲ မသိဘူး။

ကျွန်တော် ဥပမာတစ်ခုနဲ့ ဆက်ရှင်းပြပါတယ်။

“စက်မှုတော်လှန်ရေးတုန်းက စက်မှုလုပ်ငန်းသစ်တွေက အရင်လုပ်ငန်းတွေကို အစားထိုးခဲ့ကြတာ။ ကားတွေ ပေါ်လာတော့ မြင်းလှည်းတွေ ပျောက်သွားသလိုမျိုးပေါ့”

မြင်းလှည်းနေရာမှာ ကားတွေ လုံးဝ အစားထိုးဖို့ နှစ်ပေါင်း ၁၀၀ကျော် ကြာခဲ့ပါတယ်။ ဒါပေမဲ့ အခုခေတ်မှာတော့ အပြောင်းအလဲက စိတ်ကူးထားတာထက် ပိုမြန်ပါတယ်။

“အပိုအခန်းတွေကို ငှားတဲ့ Airbnb လို ကုမ္ပဏီတွေက Hilton လို ဟိုတယ်လုပ်ငန်းစုကြီးတွေထက် တန်ဖိုး ပိုကြီးလာတယ်။ Uber လို ကားငှားတဲ့ ဝန်ဆောင်မှုတွေကလည်း GM လို ရိုးရာ ကားကုမ္ပဏီကြီးတွေထက် တန်ဖိုး ပိုကြီးလာတာ ၁၀ နှစ်တောင် မပြည့်သေးဘူး”

တက်ဂယူက နားထောင်ပြီးတော့ တောက်ခေါက်လိုက်ပါတယ်။

“တောက်….Airbnb နဲ့ Uber က အဲဒီလောက်တောင် ဖြစ်သွားတာလား”

သူ ကောင်းကောင်း မသိတာကလည်း မဆန်းပါဘူး။

“ကိုရီးယားမှာ Airbnb ကို ကန့်သတ်ချက်နဲ့ပဲ ခွင့်ပြုထားပြီး Uberကတော့ တရားမဝင်ဘူးလေ”

Airbnb ရဲ့ ပြိုင်ဘက်တွေက ဟိုတယ်တွေဖြစ်ပြီး Uber ရဲ့ ပြိုင်ဘက်တွေက တက္ကစီ ကုမ္ပဏီတွေပါ။ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်း ထိခိုက်လာတဲ့အတွက် အရင်လုပ်ငန်းရှင်တွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ကြတာ သဘာဝပါပဲ။

အစိုးရကလည်း သူတို့ရဲ့ သဘောထားကို သိနေတော့ စည်းမျဉ်းတွေကို အလွယ်တကူ မဖယ်ရှားပေးနိုင်ဘူးပေါ့လေ။

ယူကေမှာ ကားတွေ စပေါ်တုန်းကလည်း မြင်းလှည်းသမားတွေက အပြင်းအထန် ကန့်ကွက်ခဲ့ကြတယ်။ ကားတွေက မြင်းလှည်းတွေထက် ပိုမြန်မြန် မမောင်းရဘူးဆိုတဲ့ ဥပဒေတောင် ထုတ်ခဲ့ကြတာပါ။

အပြောင်းအလဲကို ဘယ်လောက်ပဲ နှောင့်နှေးအောင် လုပ်လုပ် သူတို့ မတားနိုင်ခဲ့ပါဘူး။ ရလဒ်ကတော့ ယူကေဟာ မော်တော်ကား စက်မှုလုပ်ငန်းမှာ နောက်ကျကျန်ခဲ့တာပဲ ရှိပါတယ်။

အမေရိကန်နဲ့ ဥရောပမှာတော့ တက္ကစီ ခေါ်မယ့်အစား Uber ခေါ်တာက သာမန်ကိစ္စ ဖြစ်နေပါပြီ။

ကျွန်တော် နိဂုံးချုပ် ပြောလိုက်ပါတယ်။

“ငါ Startupsတွေမှာ ရင်းနှီးမြှုပ်နှံတော့မယ်”

“Startups ဆိုတာ ဘာလဲ”

“စိတ်ကူးသစ်တွေနဲ့ လုပ်ငန်းသစ်ထဲကို ခုန်ဝင်လာတဲ့ အသစ်တည်ထောင်ထားတဲ့ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေကို ခေါ်တာ။ Airbnb နဲ့ Uber တို့လည်း Startup ကနေ စခဲ့တာပဲ။ အခုတော့ တန်ဖိုး ဝမ်သိန်းပေါင်းကုဋာချီတန်တဲ့ Unicorn ကုမ္ပဏီကြီးတွေ ဖြစ်နေပြီ”

“Unicorn ဆိုတာ ဂျိုပါတဲ့ ဒဏ္ဍာရီလာ မြင်းကိုပြောတာလား”

“အတိအကျပဲ”

Unicorn ဆိုတာ စတော့ဈေးကွက်မှာ စာရင်းမဝင်သေးဘဲ တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၁,၀၀၀ကျော်တဲ့ Startup ကုမ္ပဏီတွေကို ခေါ်တာပါ။ အရင်တုန်းကတော့ စာရင်းမဝင်ခင် ဒေါ်လာ သန်း ၁,၀၀၀ ကျော်ဖို့ဆိုတာ စိတ်ကူးထဲမှာပဲ ရှိခဲ့တာလေ။

ဒါပေမဲ့ အခုတော့ အဲဒီလို ကုမ္ပဏီတွေ အများကြီး ပေါ်လာနေပါပြီ။ ဒါဟာ စတုတ္ထမြောက် စက်မှုတော်လှန်ရေးခေတ်ရဲ့ ဖြစ်စဉ်တစ်ခုပါပဲ။

“Startup တွေရဲ့ ရှင်သန်နိုင်နှုန်းက အရမ်းနည်းတယ်။ ၁၀ ခုမှာ ရှစ်ခု၊ ကိုးခုလောက်က ၃ နှစ်အတွင်းမှာ ရှုံးနိမ့်သွားတတ်ကြတာ။ Dot-com bubbleကို မှတ်မိလား”

တက်ဂယူက ခေါင်းခါပြပါတယ်။

“မမှတ်မိဘူး”

ဟုတ်ပါရဲ့၊ ကျွန်တော်တို့က အဲဒီခေတ်က လူတွေမှ မဟုတ်တာ။

“ကိုရီးယားမှာတော့ Kosdaq bubble လို့ ပိုသိကြတယ်”

၂၀ ရာစု အကုန်ပိုင်းလောက်တုန်းက အင်တာနက် လောကကြီး ပွင့်လာတဲ့အခါ လူတွေက အရမ်းကို စိတ်လှုပ်ရှားခဲ့ကြပါတယ်။ အဲဒီတုန်းက အင်တာနက်ဆိုတာ အခွင့်အရေးတွေ ပြည့်နေတဲ့ အကန့်အသတ်မရှိတဲ့ တိုက်ကြီးတစ်ခုလို မြင်ခဲ့ကြတာပေါ့။

အမေရိကန်တိုက်သစ်ကို သွားပြီး ကိုယ်ပိုင်နိုင်ငံ ထူထောင်ခဲ့ကြတဲ့ သတ္တိခဲတွေလိုပဲ သတ္တိရှိတဲ့ လူတွေဟာ အင်တာနက်လောကထဲကို မကြောက်မရွံ့ ခုန်ဝင်ခဲ့ကြတယ်။

အဲဒီမှာ ကိုယ့်အလံသာ စိုက်နိုင်ရင် စည်းစိမ်ဥစ္စာတွေ အများကြီး ရလိမ့်မယ်လို့ ထင်ခဲ့ကြတာ။ ရင်းနှီးမြှုပ်နှံသူတွေကလည်း အဲဒီစိတ်ကူးကို အားပေးပြီး ပိုက်ဆံတွေ အများကြီး ပုံအောခဲ့ကြတာပေါ့။

Dot-com bubble လှိုင်းလုံးကြီးက ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ပြီး ကိုရီးယားကို ရောက်လာခဲ့ပါတယ်။

IMF အကြပ်အတည်းကို ကျော်လွှားနေတဲ့ အချိန်မှာ ကိုရီးယားက IT အခြေခံအဆောက်အဦး တည်ဆောက်တာနဲ့ လုပ်ငန်းသစ်တွေကို ပြုစုပျိုးထောင်တာကို အာရုံစိုက်နေတဲ့ အချိန်မှာပေါ့။ ဒါဟာ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းသစ် တစ်ခုဖြစ်ခဲ့တာပါ။

တစ်နိုင်ငံလုံးမှာ Kosdaq အရှိန်နဲ့ ရူးသွပ်မှုတွေ ဖြစ်ခဲ့တယ်။ ရင်းနှီးမြှုပ်နှံသူတွေက အင်တာနက်နဲ့ ပတ်သက်တဲ့ ကုမ္ပဏီတွေရဲ့ ရှယ်ယာတွေကို ဝယ်ဖို့ အလုအယက် ဖြစ်ခဲ့ကြတယ်။

ကလေးချီထားတဲ့ အမေကနေ အနားယူထားတဲ့ ဘုန်းကြီးအထိ လူတိုင်းဟာ ပိုက်ဆံတွေ ကိုင်ပြီး Kosdaq ရှယ်ယာတွေ ဝယ်ဖို့ ဈေးကွက်ထဲ ရောက်လာခဲ့ကြတာပါ။

အင်တာနက်နဲ့ ဘာမှမဆိုင်တဲ့ ကုမ္ပဏီတွေတောင် Kosdaq မှာ စာရင်းဝင်ထားရုံနဲ့ ရှယ်ယာဈေးတွေ တဟုန်ထိုး တက်သွားခဲ့ပါတယ်။

အထင်ရှားဆုံး ဥပမာတစ်ခုကတော့ Saerom Technology ပါပဲ။ ရှယ်ယာဈေးက နေ့တိုင်း အမြင့်ဆုံးအထိ တက်နေလို့ ဝယ်ချင်တဲ့သူတွေတောင် မဝယ်နိုင်ဘဲ စိတ်ပျက်ခဲ့ရတာပါ။

ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိတ်အားထက်သန်မှုကြောင့် ဝမ် ၂,၅၀၀ တန် ရှယ်ယာက ဝမ် ၃ သိန်းအထိ ဖြစ်သွားခဲ့တယ်။ အမြတ်တောင် မရသေးတဲ့ ကုမ္ပဏီတွေက စက်မှုလောကရဲ့ ထိပ်တန်း အဆင့် ၇ အထိ ရောက်သွားခဲ့တာပေါ့။

ဒါပေမဲ့ ပူဖောင်း (Bubble) ဆိုတာ နောက်ဆုံးတော့ ပေါက်ထွက်သွားတာပါပဲ။ (မပေါက်ရင် ပူဖောင်းလို့ ခေါ်မှာ မဟုတ်ဘူးလေ။)

ရင်းနှီးမြှုပ်နှံသူတွေ မျှော်လင့်သလိုမျိုး အဲဒီအချိန်မှာ အင်တာနက် အမြန်နှုန်းတွေနဲ့ ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲ နည်းပညာတွေက အဆင်မပြေသေးပါဘူး။

မျှော်လင့်ချက်တွေကြောင့် ဈေးတက်ခဲ့ပေမဲ့ ကုမ္ပဏီတွေက ကတိပေးထားတဲ့ ရလဒ်တွေကို မပြနိုင်ခဲ့ဘူး။ အမြတ်နဲ့ မရပ်တည်နိုင်တဲ့ ကုမ္ပဏီတွေဟာ ရင်းနှီးမြှုပ်နှံမှုတွေ ရပ်သွားတဲ့အခါ ဒေဝါလီခံလာရပါတော့တယ်။

အမြင့်ဆုံးအထိ ရောက်ခဲ့တဲ့ Kosdaq ဟာ မျက်စိတစ်မှိတ်အတွင်း ၇၀ ရာခိုင်နှုန်းကျော် ကျသွားပြီး ရှယ်ယာတွေက စက္ကူစုတ်တွေ ဖြစ်သွားခဲ့ရတာပေါ့။

ရင်းနှီးမြှုပ်နှံသူ ကာကွယ်ရေး နည်းလမ်းတွေ၊ တွက်ချက်ပုံတွေ ဘယ်လောက်ပဲ ပြောင်းပြောင်း၊ Kosdaq ဟာ ဒီနေ့အထိ အရင်က အမြင့်ဆုံး အမှတ်ရဲ့ တစ်ဝက်ကိုတောင် ပြန်မရောက်နိုင်သေးပါဘူး။

Dot-com bubbleက ဆပ်ပြာပူဖောင်းလေးတွေလိုပဲ ပျောက်ကွယ်သွားခဲ့ပေမဲ့ အကြွင်းအကျန် အချို့တော့ ချန်ထားခဲ့ပါတယ်။

“အဲဒီတုန်းက ရင်းနှီးမြှုပ်နှံမှု ရခဲ့တဲ့ ကုမ္ပဏီ အများစု ရှုံးနိမ့်သွားပေမဲ့ အောင်အောင်မြင်မြင် ကျန်ရစ်ခဲ့တဲ့ ခိုင်မာတဲ့ ကုမ္ပဏီ အနည်းငယ်တော့ ရှိခဲ့ပါတယ်”

အဲဒီကုမ္ပဏီတွေက Dot-com bubbleကြားမှာ ရှင်သန်ခဲ့ပြီး အင်တာနက်ခေတ်ကို ဦးဆောင်ခဲ့ကြတာပါ။ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ Startup တွေ ပိုပေါ်လာခဲ့တယ်။ သူတို့က ပြိုင်ဘက်တွေ ပျက်စီးသွားတဲ့ နေရာမှာ အလံစိုက်ပြီး ရွှေတူးကြတာပါ။

“Dot-com bubbleက တတိယမြောက် စက်မှုတော်လှန်ရေးရဲ့ ရလဒ်ဆိုရင် အခုကတော့ စတုတ္ထမြောက် စက်မှုတော်လှန်ရေးခေတ် ရောက်နေပြီ”

လုပ်ငန်းသစ်ထဲကို ခုန်ဝင်လာတဲ့ Startup တွေ အများကြီး ပေါ်လာနေပါပြီ။ အများစုက ရှုံးနိမ့်သွားနိုင်ပေမဲ့ အချို့ကတော့ အနာဂတ်ရဲ့ စီးပွားရေးကို ဦးဆောင်မယ့် ကုမ္ပဏီကြီးတွေ ဖြစ်လာမှာပါ။

“ငါတို့ရဲ့ အလုပ်ကတော့ အဲဒီထဲက ရှင်သန်မယ့် ကုမ္ပဏီတွေကို ရွေးထုတ်ဖို့ပဲ”

“အဲ့ဒါက ဖြစ်နိုင်လို့လား”

“မလွယ်ဘူးဆိုတာတော့ သေချာတာပေါ့”

အောင်မြင်မယ့် Startup မှာ ရင်းနှီးမြှုပ်နှံတာက ပိုက်ဆံ အများကြီး ရနိုင်ပေမဲ့ ဘယ်သူမှတော့ လွယ်လွယ်နဲ့ မလုပ်ရဲကြပါဘူး။

အကြောင်းရင်းက ရိုးရိုးလေးပါ။

စာရင်းဝင်ဖို့အထိ စစ်ဆေးမှုတွေ အောင်မြင်ပြီးသား ကုမ္ပဏီတွေထဲမှာတောင် ဘယ်ဟာက ကြီးထွားမလဲဆိုတာ ခွဲခြားဖို့ ခက်တာလေ။

ကောင်းတဲ့ ကုမ္ပဏီလို့ ထင်ပြီး ဝယ်လိုက်ကာမှ စာရင်းကနေ ပယ်ဖျက်ခံရပြီး ရှယ်ယာတွေ စက္ကူစုတ် ဖြစ်သွားတာက ခဏခဏပါပဲ။

ဒါဆို အခုမှ စနေတဲ့ Startup တွေဆိုရင်ရော…

မရေမတွက်နိုင်တဲ့ Startup တွေထဲက မပျက်စီးဘဲ ကြီးထွားမယ့် ကုမ္ပဏီကို ရှာတာက ကောက်ရိုးပုံထဲမှာ အပ်ရှာသလိုပါပဲ။

“ဒါပေမဲ့ ငါတို့မှာ တခြားသူတွေ မရှိတာ တစ်ခုရှိတယ်လေ”

တက်ဂယူက တိုးတက်လေး ရေရွတ်လိုက်တယ်။

“နတ်မျက်စိပေါ့”

ကျွန်တော် လက်ဖျောက်တစ်ချက် တီးလိုက်ပါတယ်။

“အတိအကျပဲ”

All Chapters