← Chapters

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း (၃၃)

ကျွန်တော် အင်တာနက်မှာ Startupနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ရှာဖွေခဲ့ပါတယ်။

အများပိုင်ကုမ္ပဏီတွေနဲ့ ယှဉ်ရင် ပုဂ္ဂလိကကုမ္ပဏီတွေအကြောင်း သတင်းအချက်အလက် ရှာရတာ မလွယ်ပါဘူး။ သာမန်ရှာဖွေမှုလောက်နဲ့ လူတစ်ဦးချင်းစီ သိနိုင်တဲ့ အချက်အလက်ကတော့ အကန့်အသတ် ရှိတယ်လေ။

အင်တာနက်မှာ တွေ့သမျှ အချက်အလက်တွေကို ကျွန်တော် ဖတ်ကြည့်မိပါတယ်။ ရေးထားတာတော့ ကောင်းသလိုလို ရှိပေမဲ့ အများစုကတော့ အပေါ်ယံတွေပါပဲ။

တကယ့် အရေးကြီးတဲ့ အချက်အလက်တွေကို လူတိုင်းမြင်အောင် ချပြထားမှာ မဟုတ်ဘူးလေ။ ဟုတ်တယ်မလား။

ဒါကြောင့်မလို့ လုပ်ငန်းနယ်ပယ်ထဲက လူတွေရဲ့ အကူအညီ လိုအပ်တာပါ။

ကျွန်တော် ခေါင်းကုတ်ရင်း စဉ်းစားနေတုန်း တက်ဂယူက မေးတယ်။

“ဘာဖြစ်လို့လဲ”

ကျွန်တော် ဖတ်ထားတဲ့ အချက်အလက်တွေကို တက်ဂယူဆီ ကမ်းပေးလိုက်ပါတယ်။

“ကိုရီးယားလို ရေးထားတာပဲ၊ ဖတ်ကြည့်မလား”

“ပေးလေ”

တက်ဂယူက စာရွက်တွေကို ယူပြီး ဖတ်ကြည့်နေပါတယ်။ ကျွန်တော် ကော်ဖီသောက်ရင်း နောက်ထပ် သတင်းအချက်အလက်တွေ ရှာနေတုန်း အီးမေးလ် အကြောင်းကြားသံလေး မြည်လာပါတယ်။

တိန်

နောက်ဆုံးတော့ ရောက်လာပြီ။

ကျွန်တော် အီးမေးလ်ကို အမြန်ဖွင့်ကြည့်လိုက်ပါတယ်။ ပို့တဲ့သူက အစ်မဟျွန်းဂျူပါ။

“အခုမှ အီးမေးလ် စစ်ကြည့်မိလို့ပါ။ အသင့်ရှိနေတဲ့ အချက်အလက်တွေကို အရင် ပို့လိုက်မယ်။ ကျန်တာတွေကိုလည်း ရှာတွေ့တာနဲ့ ထပ်ပို့ပေးမယ်”

အစ်မဟျွန်းဂျူး တကယ်ကို အလုပ်များနေတာပဲ။ နှစ်ကုန်ပိုင်းဆိုတော့ ပိုတောင် အလုပ်များနေမှာပေါ့။

အီးမေးလ်မှာ တွဲပို့လိုက်တဲ့ PDF ဖိုင်တွေကို ကျွန်တော် အကုန် ပရင့်ထုတ်လိုက်ပါတယ်။ ပရင်တာကနေ စာရွက်တွေ တရပ်စပ် ထွက်လာပါတယ်။

“ဒါက ဘာအချက်အလက်တွေလဲ”

ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဘဏ်ဖြစ်တဲ့ Golden Gate ဟာ ကမ္ဘာတစ်ဝှမ်းမှာ ဘဏ်ခွဲတွေရှိပြီး သူ့အောက်မှာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီအများကြီး ရှိပါတယ်။ အဲဒီထဲမှာ Startup ရင်းနှီးမြှုပ်နှံမှုတွေကိုပဲ အဓိကလုပ်တဲ့ အေဂျင်စီတစ်ခုလည်း ပါ ပါတယ်။

ရင်းနှီးမြှုပ်နှံမှု လိုအပ်နေတဲ့ Startup တွေဟာ သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေ၊ ထက်သန်မှုတွေနဲ့ ပြည့်နှက်နေတဲ့ အသေးစိတ် အဆိုပြုလွှာတွေကို ကိုင်ပြီး တံခါးတိုင်းကို လိုက်ခေါက်ကြပါတယ်။

Golden Gate မှာ အလုပ်လုပ်နေတဲ့ ထိပ်တန်းပညာရှင်တွေက အဲဒီအဆိုပြုလွှာတွေကို သေသေချာချာ စိစစ်ပြီး ကြီးထွားလာနိုင်ခြေရှိတဲ့ Startup တွေကို ရွေးချယ် ရင်းနှီးမြှုပ်နှံကြတာပါ။

တက်ဂယူက ကျွန်တော့် ရှင်းပြချက်ကို နားထောင်ပြီး မေးတယ်။

“ဒါဆို ဒါက Golden Gate က ရင်းနှီးမြှုပ်နှံထားတဲ့ Startup တွေရဲ့ စာရင်းပေါ့နော်”

ကျွန်တော် ခေါင်းခါလိုက်တယ်။

“မဟုတ်ဘူး၊ ပြောင်းပြန်ပဲ”

နယ်ပယ်သစ်ကို စိန်ခေါ်နေတဲ့ လုပ်ငန်းရှင်တွေမှာ စိတ်ကူးနဲ့ ထက်သန်မှု ရှိကြပါတယ်။ ဒါပေမဲ့ အဲဒီစိတ်ကူးတွေက ဈေးကွက်မှာ ချက်ချင်း ရောင်းပန်းလှလာမှာတော့ မဟုတ်ဘူးလေ။

စိတ်ကူးတွေ အကောင်အထည် ပေါ်လာဖို့အတွက် စမ်းသပ်မှုတွေ၊ မှားလိုက်ပြင်လိုက် လုပ်ရတာတွေ အများကြီး ရှိပါတယ်။ ဒီလုပ်ငန်းစဉ်ကို Scale up လုပ်တယ်လို့ ခေါ်ပါတယ်။

အဲဒီ Scale up လုပ်ငန်းစဉ်ကို တောင့်ခံနိုင်ဖို့နဲ့ ဈေးကွက်ဝင် ပစ္စည်းတွေ ထုတ်လုပ်နိုင်ဖို့ ပိုက်ဆံ လိုပါတယ်။ ဒါကြောင့်လည်း Startup တွေက ရင်းနှီးမြှုပ်နှံသူတွေကို ရှာကြရတာပါ။

ရင်းနှီးမြှုပ်နှံမှု ရခဲ့ရင်တောင် လူတိုင်း မအောင်မြင်ကြပါဘူး။

အကြောင်းအမျိုးမျိုးကြောင့် Startup တွေ ကျရှုံးတတ်ကြပါတယ်။

ထုတ်ကုန်က ညံ့နေတာ၊ ရန်ပုံငွေ မလောက်တာ၊ ခေတ်ရှေ့ပြေးလွန်းနေတာ၊ စည်းမျဉ်းဥပဒေတွေနဲ့ ငြိတာ၊ မူပိုင်ခွင့် အငြင်းပွားတာ ဒါမှမဟုတ် ပြိုင်ဘက်တွေက ပိုကောင်းတဲ့ ပစ္စည်းနဲ့ အရင်ဦးသွားတာမျိုးတွေပေါ့။

တော်စတွိုင်းရဲ့ စကားကို ငှားပြောရရင် 'အောင်မြင်တဲ့ ကုမ္ပဏီတွေက အကြောင်းပြချက် တူတူနဲ့ အောင်မြင်ကြပေမဲ့ ကျရှုံးတဲ့ ကုမ္ပဏီတွေကတော့ ကိုယ့်အကြောင်းပြချက်နဲ့ကိုယ် ကျရှုံးကြတာ'မျိုးပေါ့။

အဆိုပြုလွှာ အောင်မြင်ပြီး ရန်ပုံငွေ ရရှိသွားတဲ့ ကုမ္ပဏီတွေအတွက်တော့ စိုးရိမ်စရာ မရှိပါဘူး။ အဲဒီကုမ္ပဏီတွေက ကျွန်တော်တို့ မရှိလည်း တခြားရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နိုင်ပါတယ်။

ကျွန်တော် အာရုံစိုက်နေတာကတော့ 'ပယ်ချခံထားရတဲ့' Startup တွေပါ။

ကျွန်တော် တက်ဂယူကို ပြောလိုက်တယ်။

“ဒီစာရင်းထဲကနေ Unicornဖြစ်လာမယ့်သူကို ရှာဖို့က ငါတို့ အခုလုပ်ရမယ့် အလုပ်ပဲ”

အီးမေးလ်ကနေ သတင်းအချက်အလက်တွေ တသီတတန်းကြီး ဝင်လာပါတယ်။

ကျွန်တော်က အချက်အလက်တွေကို စစ်ဆေးနေတုန်း တက်ဂယူက ပရင့်ထုတ်ပြီး စီပေးပါတယ်။

ပရင့်ထုတ်ထားတဲ့ စာရွက်တွေက တောင်လိုပုံနေပါပြီ။ ရင်းနှီးမြှုပ်နှံသူ ရှာနေတဲ့ Startup တွေ ဒီလောက်တောင် များလိမ့်မယ်လို့ ကျွန်တော် မထင်ခဲ့ဘူး။

ဒေတာတွေက Golden Gate ဆီကဆိုတော့ အမေရိကန်ကုမ္ပဏီတွေက အများဆုံးပါပဲ။ ဒါပေမဲ့ တခြားနိုင်ငံပေါင်းစုံလည်း ပါပါတယ်။

အမေရိကန်၊ ကနေဒါ၊ သြစတြေးလျ၊ ယူကေ၊ ပြင်သစ်နဲ့ ဖင်လန်လို ဖွံ့ဖြိုးပြီး နိုင်ငံတွေတင် မကဘဲ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ ဖိလစ်ပိုင်လို ထွန်းသစ်စ နိုင်ငံတွေလည်း ပါဝင်ပါတယ်။

ကျွန်တော် အဆိုပြုလွှာ တစ်ခုချင်းစီကို သေသေချာချာ ဖတ်ကြည့်နေပါတယ်။

“ညစာ ရောက်ပြီ၊ အရင်စားကြစို့”

“အင်း”

နာရီကို ကြည့်လိုက်တော့ သန်းခေါင်ယံနီးပါး ရှိနေပါပြီ။

ဧည့်ခန်း စားပွဲပေါ်မှာ တက်ဂယူ မှာထားတဲ့ ကင်မ်ချီဟင်းချိုနဲ့ ဝက်သားအစပ်ကြော် ရှိနေပါတယ်။ ကျွန်တော်တို့ နှစ်ယောက်လုံး ဟင်းမချက်တတ်တာကြောင့် အစားအသောက် အားလုံးကို ဖုန်းနဲ့ပဲ မှာစားကြတာပါ။

ကံကောင်းတာက ပီဇာ ဒါမှမဟုတ် ကြက်ကျော်တင် မကဘဲ ဟင်းချိုတွေ၊ ငါးစိမ်းတွေနဲ့ ဟင်းပွဲမျိုးစုံအထိ အိမ်အရောက် မှာစားလို့ ရနေတာပါပဲ။

ဒီတစ်ခါတော့ သူတို့တွေ တရုတ်တန်းက ဟင်းတွေကိုပဲ မှာဖို့ တစ်ယောက်ကို တစ်ယောက် နားချလိုက်ကြပါတယ်။

“ဟဲဟဲ၊ လူသားတွေက အိမ်ပြင် တစ်လှမ်းတောင် ထွက်စရာမလိုဘဲ အသက်ရှင်နိုင်တဲ့အထိ တိုးတက်လာပြီနော်”

“…”

တစ်ချိန်တုန်းကတော့ အမဲလိုက်ရင်း၊ အသီးအရွက်ခူးရင်း အသက်ရှင်ခဲ့ရတဲ့ လူသားတွေဟာ အခုတော့ စမတ်ဖုန်းလေးကို နှိပ်ရုံနဲ့ အစားအသောက် မှာနိုင်နေပြီဆိုတော့ ဒါဟာ တစ်မျိုးတော့ တိုးတက်လာတာပေါ့။

“စားတဲ့အချိန်တော့ စာရွက်တွေကို ခဏချထားပါဦးကွာ။ ခဏလေး မကြည့်လို့ ဘာမှ မဖြစ်သွားပါဘူး”

“အေးပါ၊ သိပါပြီ”

ကျွန်တော် ကိုင်ထားတဲ့ စာရွက်တွေကို ခဏ ချထားလိုက်ပါတယ်။

တက်ဂယူက တီဗွီ ဖွင့်လိုက်တယ်။ တီဗွီမှာတော့ အနုပညာရှင်တွေ စုဝေးနေကြတဲ့ နှစ်ကုန်ဆုပေးပွဲကို ပြနေပြီး နှစ်သစ်ကို ကြိုဆိုဖို့ ပြင်နေကြပါတယ်။ တီဗွီရဲ့ အောက်ခြေမှာတော့ စင်နောက်ကွယ်က မြင်ကွင်းလေးတွေကို ပြနေတာပေါ့။

၁၁ နာရီ ၅၀ မိနစ် ဝန်းကျင်လောက်မှာတော့ မျက်နှာပြင်က လုံးဝ ပြောင်းလဲသွားပြီး စင်နောက်ကွယ် မြင်ကွင်းက ပုံအကြီးကြီး ဖြစ်လာကာ ဆုပေးပွဲ စင်မြင့်ကတော့ ပုံသေးလေး ဖြစ်သွားပါတယ်။

သတင်းထောက်က အေးလွန်းလို့ အခိုးအငွေ့တွေ ထွက်နေတဲ့ အသက်ရှူသံနဲ့အတူ ပြောနေပါတယ်။

“[······အေးစက်တဲ့ ရာသီဥတု ရှိနေပေမဲ့ လူတွေအများကြီးဟာ နှစ်သစ်ကို ကြိုဆိုဖို့ ဒီနေရာမှာ စုဝေးနေကြပါတယ်။ အားလုံးရဲ့ နှစ်သစ်ဆုတောင်းတွေ ပြည့်ဝကြပါစေလို့ ဆုတောင်းပေးပါတယ်။ နှစ်သစ် ရောက်ဖို့ ၁၀ မိနစ်လောက်ပဲ လိုပါတော့တယ်]”

ဆုပေးပွဲကျင်းပတဲ့ နေရာတစ်ဝိုက်မှာ လူတွေနဲ့ စည်ကားနေပါတယ်။ သတင်းထောက်က နယ်ကနေ လာကြတဲ့ မိသားစုတွေကို အင်တာဗျူးပြီး အခြေအနေကို တင်ဆက်နေတာပါ။

“မင်းရော ၃၁ ရက်နေ့ည အပြင်ထွက်ဖူးလား”

“မထွက်ဖူးဘူး။ လူတိုးခံပြီး သွားကြည့်တာထက် အိမ်မှာပဲ ကြည့်ရတာက ပိုသက်သောင့်သက်သာ ရှိတယ်လေ”

“ဒါတော့ အမှန်ပဲ”

နာရီက သန်းခေါင်ယံ အတိ ရောက်သွားတဲ့အခါ သတင်းထောက်က အားရပါးရ ပြောလိုက်ပါတယ်။

[အားလုံး အတူတူ အော်လိုက်ကြရအောင်။ ၅၊ ၄၊ ၃၊ ၂၊ ၁]

ဒေါင်။ ဒေါင်

နှစ်သစ်ကူး ခေါင်းလောင်းသံတွေ မြည်လာပါတယ်။ နောက်ဆုံးတော့ နှစ်သစ်တစ်ခု စတင်ခဲ့ပါပြီ။

တက်ဂယူက စားရင်းနဲ့ ပြောတယ်။

“Happy New Yearကွာ”

“အေး။ မင်းလည်း Happy New Year ပါ”

ပုံမှန်ဆိုရင်တော့ သူ ဒါတွေကို သိပ်ဂရုမစိုက်တတ်ပေမဲ့ ဒီတစ်ခါတော့ တစ်ခုခု ထူးခြားနေသလို ခံစားရပါတယ်။

အချိန်တိုလေးအတွင်းမှာ အဖြစ်အပျက်တွေ အများကြီး ကြုံခဲ့ရလို့များလား။

“ဒါပေမဲ့ ငါတို့တွေ တကယ်ပဲ ကောင်းကောင်း လုပ်နိုင်ခဲ့တယ်လို့ မင်းမထင်ဘူးလား”

“ဘာကိုလဲ”

“အားလုံးကိုပေါ့... အကုန်လုံးကို ပြောတာ”

သူ ဘာကို ဆိုလိုချင်လဲဆိုတာ ကျွန်တော် သိပါတယ်။

တက်ဂယူက ဘန့်ကွိုင်ကုဒ်ကို ရှာတွေ့ခဲ့လို့ ဝမ် သန်း ၁၃,၆၀၀ ရခဲ့သလို၊ ကျွန်တော်ကလည်း အနာဂတ်ကို ကြိုမြင်ပြီး အဲဒီပိုက်ဆံကို ဝမ် သန်းပေါင်းသိန်းချီဖြစ်အောင် လုပ်နိုင်ခဲ့တာလေ။

စစ်တပ်က မထွက်ခင်လေးအထိ ပိုက်ဆံမရှိတဲ့ ဘဝကနေ အခုတော့ ဘယ်ကုမ္ပဏီကို ဝယ်ရမလဲဆိုပြီး စဉ်းစားနေရပါပြီ။

ဒီလောက်အထိ အောင်မြင်ခဲ့ရင်တော့ ကိုယ့်ကိုယ်ကိုယ် ချီးကျူးဖို့ လုံလောက်ပါတယ်။

“ဒီနှစ်မှာလည်း ဒီထက် ပိုကောင်းအောင် လုပ်ကြတာပေါ့”

နှစ်သစ်ရဲ့ မနက်ခင်း ရောက်လာပါပြီ။

မနက်စောစောမှာပဲ အမေက လက်နှစ်ဖက်လုံးမှာ ပစ္စည်းတွေ အပြည့်နဲ့ အိမ်ကို ရောက်လာပါတယ်။

“Happy New Year ပါ။ သားတို့ရေ”

“အမေလည်း နှစ်သစ်မှာ ကောင်းကျိုးလိုအင် ဆန္ဒတွေ တလုံးတခဲထဲ ပြည့်ဝပါစေဗျာ”

အမေက သူ ယူလာတဲ့ ပစ္စည်းတွေကို ရေခဲသေတ္တာထဲ အရင် ထည့်လိုက်ပါတယ်။ အရင်က ဘာမှမရှိတဲ့ ရေခဲသေတ္တာထဲမှာ အခုတော့ ဟင်းတွေနဲ့ ပြည့်သွားပါပြီ။

“ရေခဲသေတ္တာကြီးကသာ ကြီးတာ စားစရာ ဘာမှလည်း မရှိဘူး။ နင်တို့တွေ ထမင်းမှ မှန်မှန်စားကြရဲ့လား”

“စားပါတယ်။ အမေရဲ့”

တကယ်တော့ ဆာတဲ့အချိန် စားပြီး၊ မဆာရင် မစားဘဲ နေတတ်တာပါ။

“ဒါဆို သားမျက်နှာက ဘာလို့ ဒီလောက် နွမ်းနေတာလဲ”

“မနေ့ညက အိပ်ရေးပျက်သွားလို့ပါ”

စာရွက်စာတမ်းတွေ ဖတ်နေလို့ ညဉ့်နက်သွားတာပါ။ တစ်နာရီလောက် အိပ်လိုက်ရလား၊ သုံးနာရီလား မသိတော့ပါဘူး။

တစ်ဖက်မှာတော့ စောစောအိပ်ပြီး စောစောထတဲ့ တက်ဂယူကတော့ လန်းဆန်းနေပါတယ်။

“ကျွန်တော် အိမ်ကို လိုက်ပြမယ်။ အန်တီ”

[ဝတ္ထုရှေ့ပိုင်းအခန်းတွေမှာ တက်ဂယူက ဂျင်ဟူအမေကို အမေလို့ ခေါ်ပေမဲ့ နောက်ပိုင်းတော့ အန်တီလို့ပဲ ခေါ်တော့တာမလို့ အန်တီလို့ပဲ ဆက်ရေးပါမယ်နော်]

တက်ဂယူနောက် လိုက်ပြီး အမေက အိမ်တစ်အိမ်လုံးကို လိုက်ကြည့်ပါတယ်။

“အိမ်ကတော့ ကောင်းသားပဲ။ ဒါပေမဲ့ ဘာလို့ ဒီလောက် ရှုပ်နေတာလဲ”

ကျွန်တော် သန့်ရှင်းရေးမလုပ်ထားလို့ပါ။ အိမ်ဖော်တစ်ယောက်လောက် ငှားရင်ကောင်းမလား။

“ယောက်ျားလေး နှစ်ယောက် အတူနေတယ်ဆိုကတည်းက ဒါမျိုး ဖြစ်မယ်ဆိုတာ ငါ သိပြီးသားပါ”

အမေက သူ့ရဲ့ အိတ်ထဲကနေ ရော်ဘာလက်အိတ်နဲ့ သန့်ရှင်းရေးဆေးရည်တွေကို ထုတ်လိုက်ပါတယ်။

ဒါတွေကို ဘယ်တုန်းကတည်းက ပြင်ဆင်လာတာပါလိမ့်။

အဲဒီနောက် အမေက ရေချိုးခန်းကနေ စပြီး သန့်ရှင်းရေး လုပ်ပါတော့တယ်။

“ကျွန်တော် လုပ်ပေးမယ်။ အန်တီ”

“နေပါ။ တက်ဂယူရယ်။ သားက တစ်ယောက်ထဲ နေတာဆိုတော့ နားနေပါ။ အန်တီ လုပ်လိုက်မယ်”

“မဟုတ်ဘူး၊ ကျွန်တော်က သန့်ရှင်းရေး လုပ်ရတာ ဝါသနာပါ ပါတယ်”

ဝါသနာပါရင် အရင်ကတည်းက ဘာလို့ မလုပ်တာလဲ။

တက်ဂယူလည်း ရော်ဘာလက်အိတ်တွေ စွပ်ပြီး ဝိုင်းလုပ်ပါတော့တယ်။ အမေနဲ့ တက်ဂယူတို့ တစ်အိမ်လုံးကို အကြီးအကျယ် သန့်ရှင်းရေး လုပ်နေတုန်း ကျွန်တော်ကတော့ Startup အဆိုပြုလွှာတွေကိုပဲ ဆက်ပြီး ဖတ်နေပါတယ်။

နေ့လည်စာ စားချိန်ကျမှ သန့်ရှင်းရေးက ပြီးသွားပါတယ်။

အမေက အနားက ဈေးကို သွားပြီး ပစ္စည်းတွေ ဝယ်လာကာ ထက်ဂု (ကိုရီးယားတွေ နှစ်သစ်ကူးမှာ စားလေ့ရှိတဲ့ မုန့်) ချက်ကျွေးပါတယ်။ ကျွန်တော်တို့ အားလုံး စားပွဲမှာ ထိုင်ပြီး နှစ်သစ်ကူး မုန့်ကို အားရပါးရ စားလိုက်ကြပါတယ်။

အမေက ဘာမှမဖြစ်သလို ပုံစံနဲ့ မေးတယ်။

“အလုပ်တွေကော အဆင်ပြေရဲ့လား။ သား”

“ဟုတ်။ ပြေပါတယ်။ အမေ”

အပြင်ပန်းမှာ မပြပေမဲ့ အမေက ကျွန်တော့်ကို တော်တော်လေး စိတ်ပူနေပုံရပါတယ်။

“ပိုက်ဆံထက် ကျန်းမာရေးက ပိုအရေးကြီးတယ်နော်။ အလုပ်တွေ အရမ်း မလုပ်နဲ့။ လိမ်မယ့်သူတွေကိုလည်း အမြဲ သတိထားဦး”

“စိတ်မပူပါနဲ့။ အမေ”

ကျွန်တော်ကတော့ အေးအေးဆေးဆေးပဲ ခေါင်းငြိမ့်ပြလိုက်ပေမဲ့ တက်ဂယူကတော့ ယုံကြည်ချက်အပြည့်နဲ့ ပြောလိုက်ပါတယ်။

“ကျွန်တော်က လုပ်ငန်းတွေကို သေသေချာချာ ကြည့်ပေးထားမှာပါ။ အန်တီ”

“အေးပါ။ တက်ဂယူရယ်။ မုန့် ထပ်ယူဦးမလား”

“ဟုတ်။ ယူမယ်။ အန်တီ”

စားပြီးတဲ့အခါ အမေက မီးဖိုချောင်ကို သိမ်းဆည်းပြီး ဖိနပ်စီးလိုက်ပါတယ်။

“သားတို့လည်း အပြင် လိုက်ခဲ့ကြလေ”

ကျွန်တော် အမေ ပြန်မှာမလို့ လိုက်ပို့ခဲ့ပါတယ်။

“အိမ်က တကယ် ကောင်းတယ်။ နေရာလည်း ကောင်းတယ်၊ ပန်းခြံလည်း အနားမှာ ရှိတာပဲ”

“အမေ။ ဂန်နမ်မှာ လာနေပါလား။ ဒုံတန်က အိမ်ထက် ပိုကောင်းတဲ့ နေရာတွေ ရှာပေးလို့ ရပါတယ်”

အမေက ခေါင်းခါပြပါတယ်။

“တော်ပါပြီကွယ်။ သားအဖေ ဆောက်ခဲ့တဲ့ အိမ်လေးက အမေ့အတွက်တော့ အကောင်းဆုံးပါပဲ”

တကယ်လို့ ကျွန်တော်တို့ဆီမှာ ပိုက်ဆံသာ မရှိရင် အမေက အခုချိန်မှာ ရုန်းကန်နေရဦးမှာပါ။ ပြီးတော့ အဲဒီအိမ်ကို ရောင်းဖို့ဆိုတာလည်း အမေ စိတ်ကူးတောင် ယဉ်ရဲမှာ မဟုတ်ပါဘူး။

ဒါကြောင့်မလို့ပဲ ကျွန်တော် ပိုက်ဆံရှာဖို့ ကြိုးစားရမှာပါ။

ဘတ်စ်ကားပဲ စီးမယ်ဆိုတဲ့ အမေကို ကျွန်တော်က နားချပြီး တက္ကစီပဲ ငှားပေးလိုက်ပါတယ်။

“ထမင်း မှန်မှန်စားနော်။ ရေခဲသေတ္တာထဲမှာ ဟင်းရည်ထုပ်တွေ ထည့်ထားပေးတယ်။ အဲဒါကို နွှေးစားလိုက်”

“ဟုတ်ကဲ့”

“ကြိုးစားပါ။ သားလေး”

“ဂရုစိုက်သွားပါ။ အမေ”

ထွက်သွားတဲ့ တက္ကစီကို ကြည့်ရင်း ကျွန်တော့်ရဲ့ စိတ်အားထက်သန်မှုတွေက ပြန်တက်လာပါတယ်။

“နောက်တစ်ခါ ထပ်ကြိုးစားကြည့်မလား”

အဆိုပြုလွှာ တစ်စောင် ဖတ်ကြည့်ရုံနဲ့ လုပ်ငန်းတစ်ခု အောင်မြင်၊ မအောင်မြင် ဆုံးဖြတ်ဖို့ဆိုတာ ထိုးထွင်းသိမြင်မှု မရှိရင် တကယ့်ကို ခက်ခဲတဲ့ အလုပ်ပါ။

အချို့ စိတ်ကူးတွေက “ဒီလို စိတ်ကူးမျိုး ဘယ်လိုလုပ် ပေါ်တာလဲ” ဆိုပြီး အံ့သြသွားရသလို၊ အချို့ကျတော့လည်း “ဒါကို စိတ်ကူးလို့ ခေါ်တာလား” လို့ မေးခွန်းထုတ်စရာ ဖြစ်နေတတ်ပါတယ်။

ရင်းနှီးမြှုပ်နှံသူတွေ နားလည်ရလွယ်တဲ့ လုပ်ငန်းတွေကတော့ ဈေးကွက်မှာ အောင်မြင်နေတဲ့ ပုံစံရှိပြီးသားတွေ ဖြစ်တာများပါတယ်။ လုံးဝ အသစ်စက်စက် လုပ်ငန်းတွေကျတော့ ပစ္စည်းထုတ်လုပ်ပေးခြင်းအားဖြင့် ဈေးကွက်ကို ကိုယ်တိုင် ဖန်တီးယူရတာမျိုးပါ။

ဘယ်ဖက်က အောင်မြင်မလဲဆိုတာကတော့ စမ်းကြည့်မှ သိမှာပါ။

တက်ဂယူက ကျွန်တော့်ရှေ့မှာ စာရွက်စာတမ်းပုံကြီးကို ထပ်ချလိုက်ပြန်ပါတယ်။

“ကုန်ပြီလား”

“တစ်ဝက်လောက်ပဲ ရှိသေးတယ်။ ကျန်တာတွေကို ထုတ်နေတုန်း”

“အား...”

ဒါတွေကို အကုန်ဖတ်ဖို့ဆိုရင် တစ်ပတ်လုံးလုံး နေ့ရောညပါ ထိုင်ဖတ်နေမှ ဖြစ်မှာပါ။

“အေးအေးဆေးဆေး လုပ်ပါကွာ”

“အစ်မဟျွန်းဂျူကတော့ ဒါတွေကို နေ့တိုင်း ဖတ်နေကျ ဖြစ်မယ်ထင်တယ်”

ပြည်တွင်းမှာရော၊ နိုင်ငံခြားမှာပါ ရင်းနှီးမြှုပ်နှံမှုဘဏ် (IB) ရဲ့ ထိပ်တန်း အမှုဆောင်အရာရှိ အများစုက အမျိုးသားတွေ ဖြစ်နေတတ်ပါတယ်။ ဒါဟာ အမျိုးသားတွေကပဲ ကြီးစိုးတဲ့ လုပ်ငန်းခွင် ယဉ်ကျေးမှုကြောင့်လည်း ပါသလို၊ အလုပ်ပမာဏက အမျိုးသမီးတွေအတွက် ရုပ်ပိုင်းဆိုင်ရာအရ တော်တော်လေး ပင်ပန်းလွန်းလို့လည်း ဖြစ်နိုင်ပါတယ်။

စတော့ဈေးကွက်၊ ငွေတိုက်စာချုပ်ဈေးကွက်နဲ့ ကုန်စည်ဈေးကွက်တွေကို နေ့တိုင်း စောင့်ကြည့်ရတယ်။ အစိုးရရဲ့ မူဝါဒတွေနဲ့ ကမ္ဘာ့စီးပွားရေး အခြေအနေတွေကိုလည်း အမြဲ လေ့လာနေရတာပါ။

မနက်စောစောကနေ ညနက်တဲ့အထိ အလုပ်လုပ်ရတာက အခြေခံဖြစ်ပြီး အလုပ်များတဲ့ အချိန်ဆိုရင် အိမ်ပြန်ရောက်ရင်တောင် အလုပ်တွေ ဆက်လုပ်နေရတာမျိုးပါ။

ဒါက ကိုရီးယားကုမ္ပဏီပဲ ဖြစ်ဖြစ်၊ နိုင်ငံခြားကုမ္ပဏီပဲ ဖြစ်ဖြစ် အတူတူပါပဲ။

အာရှ စတော့ဈေးကွက် မပိတ်ခင်မှာ ဥရောပ ဈေးကွက်က ပွင့်ပါတယ်။ ဥရောပ ဈေးကွက် မပိတ်ခင်မှာ အမေရိကန် ဈေးကွက်က ထပ်ပွင့်ပြန်ပါတယ်။

ဝမ် သန်း ရာနဲ့ချီတဲ့ လစာရနေတဲ့ ဘဏ္ဍာရေး ပညာရှင်တွေတောင် ဘာလို့ မခံနိုင်ဘဲ အလုပ်ထွက်ကြသလဲဆိုတာ ဒါကြောင့်ပါ။

အစ်မဟျွန်းဂျူလည်း တစ်နေ့ကို နာရီအနည်းငယ်လောက်တောင် ကောင်းကောင်း အိပ်ခွင့်ရရဲ့လား မသိဘူး။

ကျွန်တော်တော့ တကယ် အံ့သြမိပါတယ်။ ဘဏ္ဍာရေးလောကရဲ့ အိမ်မက်လုပ်ငန်းလို့ ခေါ်တဲ့ Golden Gate ကို ဝင်နိုင်ရုံတင် မကဘဲ Team leaderအဆင့်အထိ တက်လှမ်းနိုင်ခဲ့တာလေ။

ဒါက မွေးရာပါ ပါရမီကို ကြိုးစားအားထုတ်မှုနဲ့ ပေါင်းစပ်လိုက်တာလို့ပဲ ပြောရမှာပါ။

တစ်ဖက်မှာတော့ တက်ဂယူကတော့ ဘာကိုမှ သိပ်ပြီး စိတ်အားမထက်သန်ဘဲ အေးအေးဆေးဆေး နေတတ်တဲ့သူမျိုးပါ။ တကယ်တော့ သူ့ရဲ့ စရိုက်က အစ်မဟျွန်းဂျူနဲ့ လုံးဝ ဆန့်ကျင်ဘက်ပါပဲ။ သူတို့က မောင်နှမအရင်းတွေဆိုတာတောင် ယုံရခက်ပါတယ်။

ရလဒ်အနေနဲ့တော့ ကြိုးစားပမ်းစား စာသင်၊ အလုပ်လုပ်ခဲ့တဲ့ အစ်မဟျွန်းဂျူထက် တက်ဂယူက ပိုက်ဆံ ပိုရှာနိုင်ခဲ့ပါတယ်။ ဘန့်ကွိုင်မှာ အကြီးအကျယ် ပေါက်ခဲ့သလို၊ ဆိုဆောင်း အီလက်ထရောနစ် ရဲ့ Put Options မှာလည်း ထပ်ပြီး ပေါက်ခဲ့တာလေ။

ဒါကြောင့်လည်း ဘဝဆိုတာ ခန့်မှန်းရ ခက်တာပါ။

အလုပ်ပမာဏကို ကျွန်တော် တစ်ယောက်တည်း မနိုင်ပေမဲ့ တခြားသူတွေကိုလည်း အကူအညီ တောင်းလို့ မရပါဘူး။ တခြားသူတွေက ကျွန်တော့်လို အရည်အချင်းမှ မရှိတာ။

ဒါကြောင့်မလို့ နားနားနေနေ နေနိုင်တဲ့ တက်ဂယူနဲ့ မတူဘဲ ကျွန်တော်ကတော့ အနားမရဘဲ တစိုက်မတ်မတ် လုပ်နေရပါတယ်။

ဒီကောင်က ဒီလို ဖြစ်လာမယ်ဆိုတာ သိလို့များ သူ့ရှယ်ယာတွေ အကုန်လုံးကို ကျွန်တော့်ဆီ လွှဲပေးခဲ့တာလား။

အခန်း (၃၄)

Dot-com bubble ပေါက်ကွဲသွားပြီးတဲ့နောက် Startup ဂေဟစနစ်တစ်ခုလုံး လုံးဝ ပြိုလဲသွားခဲ့ပါတယ်။

ကုမ္ပဏီတွေက စွန့်စားရမှာကို ရှောင်ကြဉ်လာကြပြီး ရင်းနှီးမြှုပ်နှံသူတွေကလည်း တည်ငြိမ်တဲ့ နေရာတွေမှာပဲ ပိုက်ဆံထည့်ကြပါတော့တယ်။ ဒီအခြေအနေဟာ ဘဏ္ဍာရေး အကြပ်အတည်း နောက်ပိုင်းကျမှ စတင် ပြောင်းလဲလာခဲ့တာပါ။

Startup တွေဟာ Silicon Valleyမှာ အဓိက ပေါ်ထွက်လာပြီး အန္တရာယ်ရှိပေမဲ့ ဈေးကွက်အသစ်တွေကို စိန်ခေါ်ခဲ့ကြပါတယ်။

ပုံမှန်အားဖြင့်တော့ နယ်ပယ်သစ်တစ်ခု ပေါ်လာရင် လူတွေက စိတ်လှုပ်ရှားကြမယ်လို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ ဆန့်ကျင်ဘက် ဖြစ်နေတတ်တာ များပါတယ်။

မြင်းလှည်းနဲ့ ကားကို ယှဉ်ကြည့်ရင် ကားက ကဏ္ဍတိုင်းမှာ သာလွန်ပါတယ်။ ဒါပေမဲ့ ကားတွေ စပေါ်ခါစတုန်းကတော့ ဒီလို မဟုတ်ခဲ့ပါဘူး။

အစောပိုင်း ကားတွေဟာ မြင်းလှည်းထက် နှေးတယ်။ ခဏခဏ ပျက်တတ်တယ်။ ပြီးတော့ ဈေးက အရမ်းကြီးပါတယ်။ ဒါ့အပြင် မြင်းလှည်းကို မြက်ကျွေးရုံနဲ့ ရပေမဲ့ ကားကတော့ 'ဓာတ်ဆီ' ဆိုတဲ့ အရာအသစ် လိုအပ်ပြီး အဲဒီတုန်းက ရှာဖို့လည်း တော်တော် ခက်ပါတယ်။

လူတွေက သူတို့ရဲ့ သက်သောင့်သက်သာရှိပြီး ယုံကြည်ရတဲ့ မြင်းလှည်းတွေကို စီးရင်း “ဒီလို အတုံးအခဲကြီးကို ဘယ်သူ စီးမှာလဲ” ဆိုပြီး လှောင်ပြောင်ခဲ့ကြတာပါ။

ဒီဂျစ်တယ် ကင်မရာတွေမှာလည်း အတူတူပါပဲ။

အစောပိုင်း ဒီဂျစ်တယ် ကင်မရာတွေဟာ ဖလင်ကင်မရာတွေနဲ့ ယှဉ်ရင် ဘာမှ သာတာ မရှိပါဘူး။ ဘက်ထရီ သက်တမ်း တိုတယ်။ ပုံရိပ် အရည်အသွေး ညံ့တယ်။ ပြီးတော့ ပိုဈေးကြီးပါတယ်။

ဒီဂျစ်တယ် ကင်မရာကို အစောဆုံး စတင် တီထွင်ခဲ့တာကတော့ ဖလင်ကင်မရာလောကရဲ့ ထိပ်တန်း ခေါင်းဆောင် Kodak ကုမ္ပဏီပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ Kodak က ဒီဂျစ်တယ် ကင်မရာတွေဟာ ဖလင်ကင်မရာ နေရာကို အစားထိုးနိုင်မှာ မဟုတ်ဘူးလို့ ယူဆပြီး လက်ရှိ လုပ်ငန်းပေါ်မှာပဲ အာရုံစိုက်ခဲ့ပါတယ်။ ရလဒ်ကတော့ အချိန်ကြာလာတာနဲ့အမျှ ဒီဂျစ်တယ် နည်းပညာတွေ တိုးတက်လာပြီး ဖလင်ကင်မရာတွေကို အပြီးအပိုင် အစားထိုးနိုင်ခဲ့ကာ Kodak ကုမ္ပဏီလည်း ဒေဝါလီခံခဲ့ရပါတယ်။

အပြောင်းအလဲမှာ နောက်ကျကျန်ခဲ့ရင် ပေးဆပ်ရတဲ့ တန်ဖိုးက အရမ်းကြီးပါတယ်။

Startup အရှိန်အဟုန်ဟာ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာတင် မဟုတ်ပါဘူး။ တရုတ်နဲ့ အိန္ဒိယလို ထွန်းသစ်စ နိုင်ငံတွေမှာလည်း Startup အများအပြား ပေါ်ထွက်လာခဲ့တာပါ။

ဒီနိုင်ငံတွေဟာ အားနည်းတဲ့ အခြေခံအဆောက်အဦးတွေကို ကျော်လွှားဖို့အတွက် ဆက်စပ်လုပ်ငန်းတွေကို ဗျူဟာမြောက် ပြုစုပျိုးထောင်ခဲ့ကြပါတယ်။

ဥပမာအားဖြင့် - သူတို့မှာ စက်သုံးဆီအင်ဂျင် နည်းပညာ အားနည်းတဲ့အတွက် လျှပ်စစ်ကားဘက်ကို တိုက်ရိုက် ကူးပြောင်းလိုက်တာမျိုး၊ ဒါမှမဟုတ် ကတ်နဲ့ ငွေပေးချေမှု စနစ် အားနည်းတဲ့အတွက် မိုဘိုင်းလ် ငွေပေးချေမှုဆီကို တန်းသွားလိုက်တာမျိုးပေါ့။

လျှပ်စစ်ကား၊ အလွယ်တကူ ငွေပေးချေမှု စနစ်၊ ဒရုန်း နဲ့ မျှဝေသုံးစွဲမှု စီးပွားရေးလို နယ်ပယ်တွေမှာ တရုတ်နိုင်ငံဟာ တောင်ကိုရီးယားကိုတောင် ကျော်တက်သွားပါပြီ။

Startup အများစုကတော့ ရှုံးနိမ့်ကြမှာပါပဲ။ ဒါပေမဲ့ နိုင်ငံတွေက ဒီဂေဟစနစ်ကို ပျိုးထောင်ဖို့ ကြိုးစားနေကြတာကတော့ ရှင်သန်ကျန်ရစ်တဲ့ Startup တစ်ခုတည်းကတင် တခြား ကျရှုံးသွားတဲ့ ဆုံးရှုံးမှုတွေ အားလုံးကို အကြွေးဆပ်ပေးနိုင်လို့ပါ။

ဒါ့အပြင် ကျရှုံးမှုဆိုတာ တန်ဖိုးရှိတဲ့ အရင်းအနှီး တစ်ခုလည်း ဖြစ်ပါတယ်။ ကျရှုံးခြင်းကနေ လုပ်ငန်းစဉ် တစ်လျှောက် အတွေ့အကြုံမျိုးစုံ ရနိုင်ပါတယ်။ အကြိမ်ကြိမ် ကျရှုံးခဲ့တဲ့ လုပ်ငန်းရှင်တွေဟာ အသစ်တစ်ဖန် ကြိုးစားမှုမှာ အောင်မြင်သွားတာတွေ အများကြီး ရှိပါတယ်။

အစ္စရေးနိုင်ငံမှာဆိုရင် အစိုးရက Startup တွေကို ပိုက်ဆံချေးပေးတယ်။ အောင်မြင်ရင် ချေးငွေရဲ့ သုံးဆ ပြန်ဆပ်ရပြီး ရှုံးနိမ့်သွားရင်တော့ ဘာမှ တာဝန်ယူစရာ မလိုပါဘူး။

ဒါပေမဲ့ ကိုရီးယားမှာတော့ တစ်ခါ ရှုံးရင် အဲဒါ အဆုံးသတ်ပါပဲ။ ရှုံးတဲ့သူကို 'အရှုံးသမား'လို့ တံဆိပ်ကပ်ခံရပြီး Startup ထောက်ပံ့မှုတွေ ထပ်မရနိုင်တော့သလို ဆိုးရွားရင် အကြွေးပတ်လည်ဝိုင်းပြီး လူမွဲစာရင်းပါ အသွင်းခံရနိုင်ပါတယ်။

ဒါ့အပြင် လက်ရှိ လုပ်ငန်းတွေကိုလည်း လုပ်ငန်းစုကြီးတွေက လက်ဝါးကြီးအုပ်ထားသလို စည်းမျဉ်းမျိုးစုံကလည်း တိုးတက်မှုကို ဟန့်တားထားပါတယ်။

ဒါကြောင့်လည်း ကိုရီးယားဟာ Startup တွေအတွက် သင်္ချိုင်းတစ်ခုပဲလို့ ပြောစရာ ဖြစ်နေတာပေါ့။

ဒါတောင်မှ စိတ်ကူးနဲ့ ထက်သန်မှုတွေ လက်နက်တပ်ဆင်ထားတဲ့ လုပ်ငန်းရှင် အများအပြားဟာ ဈေးကွက်ထဲကို ခုန်ဝင်နေကြတုန်းပါပဲ။

ကိုရီးယားရဲ့ Startup ဂေဟစနစ်က ရှုပ်ထွေးနေနိုင်ပေမဲ့ အခုက စတုတ္ထမြောက် စက်မှုတော်လှန်ရေးရဲ့ အစပဲ ရှိပါသေးတယ်။ တင်စားပြောရရင် မြေဆီလွှာက ညံ့နေပေမဲ့ ရာသီဥတုကတော့ အခွင့်သာနေတာမျိုးပါ။

ကိုရီးယား Startup တွေထဲမှာလည်း ကုမ္ပဏီကောင်းတွေ ရှိနိုင်ပါတယ်။ ကျွန်တော်တို့က ကိုရီးယားမှာပဲ ရှိတာဆိုတော့ လုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်ရတာ ပိုလွယ်မှာပါ။

ကံမကောင်းတာက ကျွန်တော်တို့ ရထားတဲ့ အချက်အလက်တွေထဲမှာ ကိုရီးယားက အဆိုပြုလွှာ တစ်စောင်မှ မပါပါဘူး။ ဒါဟာ တရုတ် Startup တွေဆီက ပုံအောဝင်နေတဲ့ အဆိုပြုလွှာတွေနဲ့ လုံးဝ ဆန့်ကျင်ဘက်ပါပဲ။

အကြောင်းရင်းကတော့ ကိုရီးယားမှာ Golden Gate ရဲ့ ဘဏ်ခွဲ မရှိလို့ပါ။ ကိုရီးယားမှာတော့ အာမခံနဲ့ ဘဏ်လုပ်ငန်းလေးတွေ လုပ်တဲ့ ရုံးခွဲလေးတွေပဲ ရှိပြီး အဓိက လုပ်ငန်းတွေကိုတော့ ဟောင်ကောင်မှာရှိတဲ့ အာရှရုံးခွဲကပဲ ကိုင်တွယ်တာပါ။

ဒါပေမဲ့ Golden Gate က ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဘဏ် ဖြစ်တာကြောင့် ပြည်တွင်းက ကုမ္ပဏီတွေနဲ့ ချိတ်ဆက်မှု ရှိပါတယ်။ အဲဒီကွန်ရက်ကတစ်ဆင့် ကျွန်တော်တို့ လိုချင်တဲ့ အချက်အလက်တွေကို ရနိုင်လောက်မလား။

အဲဒီအချိန်မှာပဲ ဒေတာတွေ ပါဝင်တဲ့ နောက်ထပ် အီးမေးလ်တစ်စောင် ဝင်လာပါတယ်။

“အဆင်ပြေရဲ့လား”

ကျွန်တော် အစ်မဟျွန်းဂျူဆီ စာပြန်လိုက်ပါတယ်။

“ကျွန်တော် ပြည်တွင်းက သတင်းအချက်အလက်တွေလည်း လိုချင်တယ်။ ရှာတွေ့ရင် ပို့ပေးပါဦး”

တက်ဂယူက အဆိုပြုလွှာတွေကို နယ်ပယ်အလိုက် အရင် ခွဲခြားပေးပါတယ်။

မျှဝေသုံးစွဲမှု စီးပွားရေး၊ O2O ဝန်ဆောင်မှု၊ SNS ဝန်ဆောင်မှု၊ အွန်လိုင်းအရောင်းအဝယ်၊ Big Data၊ AI၊ IoT၊ မိုဘိုင်းလ် ငွေပေးချေမှု၊ စက်ရုပ်နည်းပညာ စသဖြင့်ပေါ့။

ကျွန်တော် အဆိုပြုလွှာ တစ်ခုချင်းစီကို ဖတ်ပြီး 'ဖြစ်နိုင်ခြေရှိတာ'၊ 'မဖြစ်နိုင်တာ' နဲ့ 'မသေချာတာ' ဆိုပြီး အုပ်စုသုံးစု ခွဲလိုက်ပါတယ်။

တက်ဂယူက ကျွန်တော် ဖျော်ခိုင်းထားတဲ့ ကော်ဖီကို ကမ်းပေးရင်း မေးတယ်။

“ဘာကို ကြည့်ပြီး ခွဲတာလဲ”

ကျွန်တော့်ရဲ့ အလိုလိုသိစိတ်နဲ့ပါ။ တစ်ခုခု ခံစားရတာမျိုးပေါ့။

မျက်စိထဲမှာ ရှင်းရှင်းလင်းလင်း မြင်ရတဲ့ အမြင်တွေနဲ့ မတူဘဲ၊ ဒီအာရုံက နည်းနည်းတော့ သိမ်မွေ့ပါတယ်။ အာရုံငါးပါးနဲ့တော့ ခွဲခြားလို့ ရပေမဲ့ အတိအကျတော့ ရှင်းမပြတတ်ပါဘူး။

ကျွန်တော် စာရွက်တွေကို ခဏချပြီး ကော်ဖီသောက်ရင်း စဉ်းစားနေမိပါတယ်။

အစတုန်းကတော့ အမြင်တွေက ကျွန်တော့်ရှေ့မှာ ခဏခဏ ပေါ်လာတာပါ။ ပထမဆုံး ထူးထူးခြားခြား ခံစားခဲ့ရတာက L6 အမှုတုန်းကပေါ့။ ကျွန်တော် အားစိုက်ပြီး အာရုံစူးစိုက်လိုက်တဲ့အခါ အချိန်အတိအကျကိုတောင် ခန့်မှန်းနိုင်ခဲ့တယ်။

အချက်အလက်တွေ စုဆောင်းပြီး အာရုံစိုက်လေလေ၊ ပိုမြင်ရလေလေ ဖြစ်လောက်မလား။

ကျွန်တော့်စကားကို နားထောင်ပြီး တက်ဂယူက ပြောတယ်။

“ဒါက ဖြစ်နိုင်တဲ့ အတွေးပဲ။ ပိုပြီး အသုံးချလေလေ ပိုပြီး ခံစားမိလေလေ ဖြစ်မှာပေါ့နော်။ 'အာရုံစိုက် လေ့ကျင့်မှု သီအိုရီ'လိုမျိုးပေါ့။”

“…”

အဲဒီသီအိုရီက မှားတယ်လို့ သက်သေပြပြီးပြီ မဟုတ်ဘူးလားဟ။

ကြိုးစားအားထုတ်မှုကနေ ရလာတဲ့ အရာတွေက မျိုးဆက်သစ်ဆီ လက်ဆင့်ကမ်းလို့ မရဘူးလေ။ ဒါကြောင့် မျိုးစိတ်တွေရဲ့ ဆင့်ကဲပြောင်းလဲမှုအတွက်တော့ အဓိပ္ပာယ် သိပ်မှမရှိဘဲ။

ဒါပေမဲ့ လူတစ်ဦးချင်းစီရဲ့ ရှုထောင့်က ကြည့်ရင်တော့ အဓိပ္ပာယ် ရှိပါတယ်။ စာသင်ရင် ဦးနှောက် ကောင်းလာတာ၊ အားကစားလုပ်ရင် ခန္ဓာကိုယ် ကြံ့ခိုင်လာတာက အမှန်တရားပါပဲ။

ဒါဆို တစ်နေ့ကျရင် ကျွန်တော့်ရဲ့ အနာဂတ်မြင်နိုင်စွမ်းကို စိတ်ကြိုက် ထိန်းချုပ်နိုင်လာမလား။

နှစ်သစ်ကူးပြီး ၁၀ ရက်လောက် ရှိသွားပါပြီ။

ဒီအတောအတွင်းမှာ ကျွန်တော် အိမ်ပြင်ကို တစ်လှမ်းမှ မထွက်ခဲ့ပါဘူး။ ဖုန်းခေါ်သမျှကိုလည်း လျစ်လျူရှုပြီး အချိန်အားလုံးကို စီမံကိန်း အဆိုပြုလွှာတွေ ဖတ်ဖို့ပဲ သုံးခဲ့ပါတယ်။

စားတာ၊ သန့်ရှင်းရေးလုပ်တာ၊ အိပ်တာတွေတောင် အချိန်ဖြုန်းနေသလို ခံစားရပါတယ်။

ကျန်တာတွေကိုတော့ တက်ဂယူကပဲ အကုန်လုပ်ပေးပါတယ်။ ကော်ဖီ မှန်မှန် ဖျော်ပေးတယ်၊ ထမင်းလည်း မှာကျွေးတယ်ပေါ့။

ကျွန်တော် ခေါင်းကုတ်ရင်း ကိုယ့်ကိုယ်ကိုယ် ရေရွတ်လိုက်မိတယ်။

“ခဏလေး ထပ်စောင့်ကြည့်ရင် မြင်ရတော့မယ် ထင်တယ်”

ဘာလို့ ဒီကုမ္ပဏီတွေ အများကြီးထဲမှာ တစ်ခုမှ ကြိုမမြင်ရသေးတာလဲ။

တက်ဂယူက ကျွန်တော့်ကို ပြောတယ်။

“ဒါ စလုပ်တာ ရက်ပိုင်းပဲ ရှိသေးတာလေ။ အဲဒီလောက်လည်း မလောပါနဲ့။ အရေးတကြီးကိစ္စလည်း မဟုတ်ဘူး”

“ဒါတော့ ဟုတ်ပါတယ်...”

အခု လက်လွှတ်လိုက်ရင် လက်ရှိ ခံစားချက်ပါ ပျောက်သွားမှာ စိုးရိမ်လို့ပါ။

“အနားယူရင်း ဆက်လုပ်စမ်းပါ။ တစ်ခါတလေကျရင် အနားယူဖို့လည်း လိုအပ်တာပဲလေ”

“…”

သူပြောတာ မှန်ပေမဲ့ အမြဲတမ်း နားနေတဲ့သူဆီက ဒီစကားကို ကြားရတော့ သိပ်တော့ ယုတ္တိမရှိသလိုပဲ။

ဘာပဲဖြစ်ဖြစ်၊ ကြိုးစားနေရုံနဲ့တော့ အောင်မြင်ဖို့ မသေချာဘူးလေ။

“ရေ အရင်ချိုးလိုက်ဦးမယ်”

ကျွန်တော် ကိုင်ထားတဲ့ စာရွက်တွေကို ချပြီး ထလိုက်ပါတယ်။

ရေချိုးခန်းထဲ ရောက်တော့ မှန်ထဲမှာ ဖရိုဖရဲ ဖြစ်နေတဲ့ လူတစ်ယောက်ကို မြင်လိုက်ရတယ်။ မျက်ခွံတွေက တွဲကျနေပြီး ဆံပင်တွေကလည်း ရှုပ်ပွ၊ မုတ်ဆိတ်တွေကလည်း မရိတ်ရသေးဘူး။

ဒီပုံစံနဲ့ဆို ဘယ်သူက ကျွန်တော့်ကို အသက် ၂၀ ကျော်လို့ ထင်မှာလဲ။

ရေပန်းကို ကျွန်တော် ဖွင့်လိုက်ပါတယ်။

ရှဲ

ရေနွေးနွေးလေးနဲ့ ထိတွေ့လိုက်တော့ စိတ်လှုပ်ရှားမှုတွေ လျော့ကျသွားပြီး အိပ်ငိုက်လာပါတယ်။ ဒီမှာတော့ အိပ်ပျော်လို့ မဖြစ်ဘူး။

အဲဒီအချိန်မှာပဲ….

ကျွန်တော့် မျက်စိရှေ့မှာ ဟိုလိုဂရမ်တစ်ခု ပေါ်လာပါတယ်။

“ဟင်”

အံ့သြစရာကောင်းတာက အဲဒီမှာတင် မပြီးသွားပါဘူး။ ဟိုလိုဂရမ်တွေ တစ်ခုပြီးတစ်ခု တန်းစီ ပေါ်လာပါတယ်။

.

.

ရေပန်းက ရေတွေ ကျနေတုန်းမှာပဲ ကျွန်တော့်ရှေ့က ဟိုလိုဂရမ် ဒါဇင်ပေါင်းများစွာကို ကျွန်တော် ငေးကြည့်နေမိပါတယ်။

နောက်ဆုံးတော့ Unicornတွေကို ရှာတွေ့ခဲ့ပါပြီ။

မျက်လုံး ပြန်ဖွင့်လိုက်တော့ နေက မြင့်နေပါပြီ။

တော်တော်ကြာကြာ အိပ်ပျော်သွားတယ်လို့ ထင်ရတယ်။ ဘယ်နှစ်နာရီလောက် ရှိသွားပြီလဲ။

“အား...”

ပါးစပ်တွေ ခြောက်ကပ်နေပါတယ်။

ရေသောက်ဖို့ ဧည့်ခန်းထဲ ထွက်လာတော့ တက်ဂယူက ထိုင်နေပါတယ်။

“ရေသောက်ချင်လို့”

“ရော့…. ဒီမှာ”

တက်ဂယူက ရေသန့်ဘူး ကမ်းပေးပါတယ်။ ကျွန်တော် အမြန် မော့သောက်လိုက်တယ်။

“အဆင်ပြေရဲ့လား”

ရေ ၅၀၀ မီလီလီတာ တစ်ဘူး ကုန်သွားတော့မှ ကျွန်တော် မေးလိုက်တယ်။

“ငါ ဘယ်လောက်ကြာအောင် အိပ်သွားတာလဲ။ နှစ်နာရီလား၊ သုံးနာရီလား”

“မင်း နာရီ ၂၀လောက် အိပ်ပျော်သွားတာ”

“ဘာ”

တက်ဂယူက နာရီကို လက်ညှိုးထိုးပြပါတယ်။ နာရီက မနက် ၁၀ နာရီကို ညွှန်ပြနေတာပါ။

ဘာမှ မသိဘဲ ၂၀ နာရီလုံးလုံး အိပ်ပျော်သွားခဲ့တာပေါ့။ ကျွန်တော် တကယ်ပဲ ပင်ပန်းနေခဲ့တာပဲ။

မအိပ်ခင် အခြေအနေကို ပြန်စဉ်းစားကြည့်မိပါတယ်။

ရေချိုးနေတုန်း အမြင်တွေ မြင်ခဲ့တယ်။ ပြီးတော့ ရေချိုးခန်းထဲကနေ ကုမ္ပဏီ နာမည်တွေ အော်ပြီး ပြေးထွက်လာတာ မှတ်မိပါတယ်။

ဒါက Eurekaလို့ အော်ပြီး ရေချိုးခန်းထဲကနေ ထွက်ပြေးခဲ့တဲ့ အဖိုးကြီး အာခီးမီးဒီးစ် လို ဖြစ်နေတာပါလား။

[ဘုရင်ရဲ့သရဖူမှာပါတဲ့ရွှေစစ်မစစ်ကို စစ်ဆေးဖို့ တာဝန်ပေးခံရတဲ့ ပညာရှင်ပါ။ နောက်ဆုံးတော့ ရေချိုးနေရင်း ရွှေစစ်ဆေးနည်းကို စဉ်းစားမိသွားတဲ့အတွက် အပျော်လွန်ပြီး ကိုယ်တုံးလုံးနဲ့ပြေးထွက်မိတဲ့ ဇာတ်လမ်းပါ။]

ကျွန်တော် ကုမ္ပဏီ နာမည်တွေကို ပြန်စဉ်းစားကြည့်ပေမဲ့ ဘာမှ မမှတ်မိတော့ဘူး။ ခေါင်းထဲမှာ စာရွက်ဖြူကြီးလို ဘာမှ မရှိတော့ပါဘူး။

“ဟင်... ဟာ”

အမြင်တွေက ပျောက်သွားပြီလား။

ကျွန်တော် ဇဝေဇဝါ ဖြစ်နေတာကို ကြည့်ပြီး တက်ဂယူက အံ့သြတကြီး မေးတယ်။

“ဟေ့ကောင်၊ ဘာဖြစ်တာလဲ ရုတ်တရက်ကြီး”

“တစ်ခုခုတော့ မှားနေပြီ။ ငါ ဘာတွေ မြင်လိုက်လဲဆိုတာ တစ်ခုမှ မမှတ်မိတော့ဘူး”

တက်ဂယူက ကြောင်ကြည့်နေပြီး စာရွက်တစ်ရွက် ထုတ်ပြပါတယ်။

“ဘာကိုလဲ။ မင်းပြောတာတွေ အကုန် ငါ ရေးထားပြီးသားလေ”

“ဪ... ဟုတ်လား”

ကြောင်ခြစ်ထားသလိုဖြစ်နေတဲ့ A4 စာရွက်ပေါ်မှာ ရေးထားတဲ့ ကုမ္ပဏီ နာမည် ဒါဇင်ပေါင်းများစွာကို မြင်တော့မှ ကျွန်တော် သက်ပြင်းချနိုင်ပါတော့တယ်။

ကျွန်တော် ကိုယ်တိုင် ရေးခိုင်းခဲ့တာတောင် မမှတ်မိဘူး။ ကျွန်တော် စိတ်လွတ်နေခဲ့ပုံပါ။

“မင်းပြောတဲ့ အရာတွေကို ငါ သီးခြားစီ ခွဲပြီး စာရင်းလုပ်ထားတယ်”

စာရွက်စာတမ်းတွေနဲ့ ရှုပ်ပွနေတဲ့ ပတ်ဝန်းကျင်ကလည်း သေသေသပ်သပ် ရှိသွားပြီဖြစ်ပြီး စားပွဲပေါ်မှာ စာရွက်ပုံလေးပဲ ကျန်ပါတော့တယ်။

“ကော်ဖီလေး တစ်ခွက် ဖျော်ပေးမလား”

“ရတာပေါ့”

ကျွန်တော် အဆိုပြုလွှာတွေကို ထပ်ပြီး ဖတ်ကြည့်မိပါတယ်။

ဒါက အနာဂတ်မြင်နိုင်စွမ်းဆိုတာလား။

မြင်ရုံနဲ့တင် အလုပ်က မပြီးသေးပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ မြင်ပြီဆိုကတည်းက အခုမှ အလုပ်စရမှာပါ။

စတော့ဈေးကွက်မှာ စာရင်းဝင်ထားတဲ့ ရှယ်ယာတွေ ဝယ်တာနဲ့ မတူဘဲ စာရင်းမဝင်သေးတဲ့ ကုမ္ပဏီတွေရဲ့ ရှယ်ယာကို ရဖို့က မလွယ်ပါဘူး။

တည်ထောင်သူတွေနဲ့ ဆက်သွယ်ရမယ်။ ညှိနှိုင်းမှုတွေ လုပ်ရမယ်။

ပြဿနာက ကျွန်တော်တို့ဆီမှာ အဲဒါတွေ လုပ်ဖို့ အဖွဲ့အစည်း မရှိသေးတာပါ။ ကျွန်တော်ကလည်း ညှိနှိုင်းရေးမှာ ပါရမီရှင် မဟုတ်ဘူးလေ။

“ရင်းနှီးမြှုပ်နှံမှု မလုပ်ခင် အဖွဲ့အစည်းကို အရင်ဆုံး အခိုင်အမာ တည်ဆောက်သင့်တာ မဟုတ်ဘူးလား”

ကျွန်တော် ခေါင်းခါလိုက်ပါတယ်။

“ငါတို့မှာ အဲဒီအတွက် အချိန်မရှိဘူး”

ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခု တည်ထောင်ပြီး လူတော်တွေ စုဆောင်းဖို့ဆိုတာ အနည်းဆုံး လအနည်းငယ် ကြာမှာပါ။

“စဉ်းစားကြည့်စမ်းပါ။ ငါတို့ ရွေးထားတဲ့ ဒီကုမ္ပဏီတွေက Golden Gate က ပယ်ချခံထားရတဲ့ အဆိုပြုလွှာတွေထဲကလေ။ သူတို့က ပယ်ချခံရလို့ဆိုပြီး ဒီအတိုင်း ငြိမ်နေကြမယ် ထင်လို့လား”

“ငြိမ်မနေတော့ ဘာလုပ်နေကြမှာမလို့လဲ”

“သူတို့က တခြား ရင်းနှီးမြှုပ်နှံသူ ရှာဖို့ အဆိုပြုလွှာတွေကို ပလူပျံအောင် ပို့နေကြမှာပေါ့ဟ။ ငါတို့ အကြာကြီး စောင့်နေရင် သူတို့တွေ တခြားနေရာက ရန်ပုံငွေ ရသွားလိမ့်မယ်”

အသည်းအသန်ကြီး မဟုတ်ပေမဲ့ တတ်နိုင်သလောက်တော့ မြန်မြန် လုပ်ရမှာပါ။

“ဒါဆို ဘာလုပ်ကြမလဲ”

ကျွန်တော်တို့ကိုယ်တိုင် မလုပ်နိုင်ရင် အကူအညီ တောင်းရမှာပေါ့။

ကျွန်တော် တက်ဂယူကို ပြောလိုက်တယ်။

“အစ်မဟျွန်းဂျူကို ဆက်သွယ်ကြစို့”

ကမ္ဘာ့အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုဘဏ်ဖြစ်တဲ့ Golden Gate ဟာ နိုင်ငံတကာ ရင်းနှီးမြုတ်နှံမှုဘဏ်ပီပီ ကမ္ဘာအနှံ့မှာ ဘဏ်ခွဲတွေ ရှိပါတယ်။

အာရှမှာဆိုရင် ဘဏ်ခွဲ စုစုပေါင်း သုံးခု ရှိပါတယ်။ ကမ္ဘာ့ဒုတိယနဲ့ တတိယ စီးပွားရေး အင်အားအကြီးဆုံးဖြစ်တဲ့ တရုတ်နဲ့ ဂျပန်မှာ တစ်ခုစီ ရှိပြီး နောက်တစ်ခုကတော့ ဟောင်ကောင်မှာပါ။

တစ်ချိန်က ကိုရီးယားမှာ ဘဏ်ခွဲဖွင့်ဖို့ အသံတွေ ထွက်ခဲ့ပေမဲ့ ၂၀၀၈ ဘဏ္ဍာရေး အကြပ်အတည်း နောက်ပိုင်းမှာ အစီအစဉ် ပျက်သွားခဲ့ပါတယ်။ ဒါကြောင့် ကိုရီးယားဟာ အာဆီယံ ဒေသတွေနဲ့အတူ ဟောင်ကောင်မှာရှိတဲ့ အာရှရုံးခွဲအောက်မှာပဲ ရှိနေတုန်းပါ။

ဟောင်ကောင် အလယ်ပိုင်းက Golden Gate အဆောက်အဦးမှာ လူမျိုးစုံ၊ ဘာသာစုံက ဘဏ္ဍာရေး ပညာရှင်တွေ အလုပ်လုပ်နေကြပါတယ်။

အဲဒီထဲမှာ 'အိုဟျွန်းဂျူး' လည်း တစ်ယောက် အပါအဝင်ပေါ့။ အိုဟျွန်းဂျူးက MBA ပြီးပြီးချင်း Golden Gate ကို ဝင်ခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ သုံးနှစ်ကမှ နယူးယောက် ဌာနချုပ်ကနေ အာရှရုံးခွဲကို ပြောင်းလာခဲ့တာပါ။

ကိုရီးယားလူမျိုး ဖြစ်တဲ့အတွက် ကိုရီးယား ဈေးကွက်နဲ့ ပတ်သက်တဲ့ အလုပ်တွေကို အဓိက ကိုင်တွယ်ရပြီး ကိုရီးယားကိုလည်း ခဏခဏ သွားရပါတယ်။

အလုပ်ကနေ ညနက်မှ ပြန်လာတဲ့ ဟျွန်းဂျူဟာ အိမ်ကို တန်းမပြန်ဘဲ ဝိတိုရိယ ဆိပ်ကမ်းကို လှမ်းမြင်ရတဲ့ ကော်ဖီဆိုင် ဝရန်တာမှာ ထိုင်ပြီး လပ်တော့ကို ဖွင့်လိုက်ပါတယ်။ သူ့မောင်လေးရဲ့ သူငယ်ချင်းဆီကနေ Startup စာရင်းတွေ ပါတဲ့ PDF ဖိုင်ကို တွဲပြီး ပို့ထားတဲ့ အီးမေးလ်ကို တွေ့လိုက်ရပါတယ်။

အဆိုပြုလွှာတွေကို နာရီပေါင်းများစွာ သေသေချာချာ ဖတ်ကြည့်ပြီးတဲ့နောက်မှာတော့ လပ်တော့ကို ပိတ်၊ စီးကရက် တစ်လိပ်ကို သောက်ရင်း အတွေးထဲ နစ်သွားပါတယ်။

Startup တွေမှာ ရင်းနှီးမြှုပ်နှံတာက အောင်မြင်သွားရင် လက်ရှိ ကုမ္ပဏီတွေထက် အမြတ် အဆမတန် ရနိုင်ပေမဲ့ ကျရှုံးဖို့ အခွင့်အလမ်းကလည်း အရမ်းများတာလေ။

ဟျွန်းဂျူးကတော့ ပိုစိတ်ချရတဲ့ နေရာတွေမှာပဲ ရင်းနှီးမြှုပ်နှံဖို့ အကြံပေးချင်ပေမဲ့ သူ့မောင်တို့နှစ်ယောက်က ဝမ် သန်း ၁၃,၀၀၀ကနေ ဝမ် သန်း ၆၇၀,၀၀၀အထိ ရှာနိုင်ခဲ့တာလေ။ ဒါကို ကံသက်သက်လို့ပဲ ပြောလို့ ရမလား။

“သူတို့မှာ ထူးခြားတဲ့ ပါရမီ ရှိနေတာများလား...”

အတွေးတွေကို ဆုံးဖြတ်ပြီးတဲ့နောက် ဟျွန်းဂျူက ကိုရီးယားကို ဖုန်းခေါ်လိုက်ပါတယ်။

“အီးမေးလ်ကို စစ်ကြည့်ပြီးပြီ။ အစီအစဉ်တွေက ဘယ်လိုလဲ”

ဖုန်းတစ်ဖက်က လူက သူ့ရဲ့ မေးခွန်းကို စောင့်နေသလိုမျိုး ချက်ချင်း ပြန်ဖြေပါတယ်။

“ကျွန်တော်တို့ Golden Gate ဆီကို ရင်းနှီးမြှုပ်နှံမှု ကြားခံဆောင်ရွက်ပေးဖို့နဲ့ လူအင်အား စေလွှတ်ပေးဖို့ တရားဝင် တောင်းဆိုပါမယ်။ ကိုရီးယားကို လာခဲ့ပေးပါ။ အစ်မ”

All Chapters