အခန်း (၃၅-၃၆)
Vol. 4 Ch. 35-36
အခန်း (၃၅)
ကျွန်တော်တို့တွေ Startup တစ်ခုမှာ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေပါတယ်။ ဒါပေမဲ့ OTK Company လို့ ခေါ်တဲ့ ကုမ္ပဏီတစ်ခုဆီကနေ ရင်းနှီးမြှုပ်နှံမှု ကမ်းလှမ်းချက်ကို ရုတ်တရက် ရရှိခဲ့ရင် အဲဒီကုမ္ပဏီတွေက ဒါကို နောက်ပြောင်နေတာ ဒါမှမဟုတ် လိမ်လည်မှုတစ်ခုလို့ သံသယဝင်နိုင်ပါတယ်။
ဒါကြောင့် ဂုဏ်သိက္ခာရှိတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ ကြားဝင်ဆောင်ရွက်မှု လိုအပ်ပါတယ်။ Golden Gate က ကြားခံအဖြစ် ဝင်ရောက်လာရင် Startup အမှုဆောင်တွေက သူတို့ကို ယုံကြည်ပြီး တွေ့ဆုံကြမှာပါ။ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စည်းမျဉ်းတွေက နိုင်ငံတစ်ခုနဲ့တစ်ခု မတူတာကြောင့် အဲဒီအချက်ကိုလည်း ထည့်သွင်းစဉ်းစားရပါမယ်။
အလုပ်တစ်ခုကို အပ်နှံတဲ့အခါ ဝန်ဆောင်ခ ပေးရတာကတော့ သဘာဝပါပဲ။
ဝန်ဆောင်ခက ဘယ်လောက်များ ဖြစ်မလဲ။
အစ်မဟျွန်းဂျူက ကျွန်တော် ရွေးချယ်ထားတဲ့ ကုမ္ပဏီတွေအပေါ် ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားကြောင်း ဖော်ပြထားတဲ့ အီးမေးလ်ကို Forwardပေးခဲ့ပါတယ်။ အဲဒီနောက် အစ်မဟျွန်းဂျူးက Golden Gate နဲ့ စတင် ညှိနှိုင်းခဲ့ပါတယ်။
အဲဒီအတောအတွင်းမှာ ကျွန်တော်က အသေးစိတ် ရင်းနှီးမြှုပ်နှံမှု ဗျူဟာတွေကို ရေးဆွဲခဲ့ပါတယ်။
အရာအားလုံးကို အပ်နှံထားပြီး ဒီအတိုင်း လွှတ်ထားလို့ ရပေမဲ့ ဒီတစ်ခါတော့ ရင်းနှီးမြှုပ်နှံမှုဆိုတာ ဘာလဲဆိုတာကို ကိုယ်တိုင် လက်တွေ့ ခံစားကြည့်ဖို့ စီစဉ်ထားပါတယ်။
“နိုင်ငံခြား Startup တွေနဲ့ ဘယ်လို တွေ့ကြမလဲ”
“သူတို့ကို ကိုရီးယားကို ဖိတ်ခေါ်ရမှာပေါ့”
ရင်းနှီးမြှုပ်နှံမှု မလုပ်နိုင်လို့ စိတ်ပျက်စရာ မဟုတ်ပါဘူး၊ ရင်းနှီးမြုတ်နှံမှုလိုချင်သူတွေဘက်ခြမ်းကသာ ကျွန်တော်တို့ဆီကို သဘာဝအတိုင်း ရောက်လာမှာပါ။ ပိုပြီး စိုးရိမ်စရာကောင်းတဲ့ ကိစ္စကတော့ ကိုရီးယား Startup တွေအတွက်ပါ။
L6 ဒေဝါလီခံမှု ဖြစ်စဉ်အပြီးမှာ ကျွန်တော်တို့ဟာ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။ ကိုရီးယားက FSS (ငွေကြေးကြီးကြပ်မှုဌာန)ဟာ စုံစမ်းစစ်ဆေးမှု စတင်ခဲ့ပေမဲ့ သတင်းအချက်အလက် မလုံလောက်မှုကြောင့် ရပ်တန့်သွားခဲ့ပါတယ်။
တကယ်လို့ OTK Company က ကိုရီးယားဈေးကွက်မှာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ စတင်လိုက်ရင် FSS က ဒီအတိုင်း ငြိမ်နေမှာ မဟုတ်ပါဘူး။
“ငါတို့ ဘာအမှားမှ မလုပ်ထားရင် အဆင်ပြေမှာ မဟုတ်ဘူးလား”
“ဟုတ်တော့ ဟုတ်ပါတယ်၊ ဒါပေမဲ့...”
ပြဿနာက စုံစမ်းစစ်ဆေးမှု လုပ်ငန်းစဉ်အတွင်းမှာ ကျွန်တော်တို့ရဲ့ တကယ့် အထောက်အထားတွေ ပေါ်သွားနိုင်တဲ့ အခွင့်အလမ်း မြင့်မားနေတာပါ။
အမှန်တရား ပေါ်သွားတာနဲ့ မီဒီယာတွေနဲ့ လူထုရဲ့ ထင်မြင်ချက်တွေက ငြိမ်နေမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ အမည်တွေက သတင်းစာတွေနဲ့ သတင်းတွေမှာ ပါလာလိမ့်မယ်။ ကျွန်တော်တို့ရဲ့ ကျောင်းဆင်း အမှတ်တရ အယ်လ်ဘမ်တွေနဲ့ အရင်က လုပ်ရပ်တွေက အင်တာနက်ပေါ်မှာ ပလူပျံနေပါလိမ့်မယ်။
ထပ်ပြောရရင်၊ Short sellingကနေ ပိုက်ဆံရှာခဲ့ရင် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ရမှာပါ။ ဒါ့အပြင် အခွန်ရှောင်ဖို့ ရည်ရွယ်ချက်နဲ့ နိုင်ငံခြားမှာ ကော်ပိုရေးရှင်း ထောင်ထားတာကြောင့် ကျွန်တော်တို့အပေါ် ဝေဖန်မှုတွေက ပိုပြီး ပြင်းထန်ပါလိမ့်မယ်။
နာမည်ကြီး အနုပညာရှင်တွေ ဒါမှမဟုတ် ခန့်မှန်းပြီး ရင်းနှီးမြှုပ်နှံသူတွေက ဒီလို အခြေအနေမျိုးကို နှစ်သက်နိုင်ပေမဲ့ ကျွန်တော်တို့ကတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ နှစ်ယောက်လုံးက လက်ရှိ လူနေမှုပုံစံနဲ့တင် ကျေနပ်နေကြပြီလေ။
ပြီးတော့...
ကျွန်တော့် အမေအကြောင်း စဉ်းစားမိတယ်။
ထီပေါက်သလိုကံကောင်းခဲ့တဲ့ အချက်လေး ပေါ်ရုံနဲ့တင် နေရာအနှံ့ကနေ ဖုန်းတွေ ဆက်လာကြမှာဖြစ်ပြီး။ သူစိမ်းတွေက အိမ်ရှေ့မှာ တဝဲလည်လည် လုပ်ကြပါလိမ့်မယ်။ ကျွန်တော့် အမေက အဲဒီအိမ်ဟောင်းလေးမှာ တကယ်ပဲ သက်သောင့်သက်သာ နေနိုင်ပါဦးမလား။
ဖုံးကွယ်ထားလို့ ရသလောက် ဖုံးကွယ်ထားတာက ပိုကောင်းပါတယ်။
ကျွန်တော့်စကားကို နားထောင်ပြီး တက်ဂယူက ခေါင်းငြိမ့်ပါတယ်။
“အဲဒီလို ဖြစ်လာရင်တော့ အိမ်ပြင်ကို သက်သောင့်သက်သာ ထွက်ဖို့ ခက်သွားလိမ့်မယ်။ သက်တော်စောင့်တွေနဲ့ သွားရလိမ့်မယ်”
ကျွန်တော် သက်ပြင်းချလိုက်မိတယ်။
“စဉ်းစားကြည့်ရုံနဲ့တင် ကြောက်စရာကြီး”
“မင်း ကိုရီးယား Startup တွေမှာ ရင်းနှီးမြှုပ်နှံဖို့ လက်လျှော့လိုက်တော့မလို့လား”
“မလျှော့ပါဘူး”
ရင်းနှီးမြှုပ်နှံမှု မရနိုင်တဲ့ Startup တွေမှာ ဘာအပြစ်ရှိလို့လဲ။ ရင်းနှီးမြှုပ်နှံမှု မလုပ်နိုင်တဲ့ ကျွန်တော်တို့မှာကော ဘာအပြစ် ရှိလို့လဲ။
“OTK Company က တိုက်ရိုက် မလုပ်ဘဲ တခြားနည်းနဲ့ လုပ်ရင် အဆင်ပြေမှာပါ”
ကျွန်တော် တခြားနည်းလမ်းတစ်ခု စဉ်းစားမိပါတယ်။
ကျွန်တော် ဖုန်းကို ကောက်ကိုင်ပြီး ခေါ်လိုက်ပါတယ်။ ဖုန်းဝင်သံ အနည်းငယ် မြည်ပြီးတဲ့နောက် တစ်ဖက်က ဖုန်းကို ဖြေပါတယ်။
“နေကောင်းရဲ့လား”
[မင်း ဖုန်းခေါ်မှာကို စောင့်နေတာ]
“ဂန်နမ်မှာ ရုံးခန်းတစ်ခုလောက် ရှာပေးလို့ ရမလား။ အကျယ်အဝန်းက စတုရန်းမီတာ ၁၀၀ ကနေ ၂၀၀ ကြားဆိုရင် ရပါပြီ”
အကြောင်းရင်းကို နောက်မှ ရှင်းပြမယ်လို့ ပြောမလို့ ရှိသေးတယ်။ တစ်ဖက်က လူက ဘာမှ မမေးသလို စူးလည်းမစူးစမ်းပါဘူး။
“အခုချက်ချင်း ရှာကြည့်လိုက်မယ်”
“သင့်တော်တဲ့ နေရာတွေ့ရင် စာချုပ်ကို အစ်ကိုကိုယ်တိုင် ကိုင်တွယ်လိုက်ပါ။ စရန်ငွေကိုတော့ ဒီကနေ လွှဲပေးလိုက်ပါမယ်”
“ကောင်းပါပြီ”
Golden Gate ရဲ့ ရင်းနှီးမြှုပ်နှံမှု ကြားခံဆောင်ရွက်ပေးခြင်း စာချုပ် ပြီးဆုံးသွားပါပြီ။
တာဝန်ခံကတော့ အစ်မဟျွန်းဂျူပဲ ဖြစ်လာပါတယ်။ အစ်မရဲ့ အဖွဲ့ဝင်တွေကလည်း ကျွန်တော်တို့ အလုပ်တွေကို ကူညီပေးဖို့ စီစဉ်ထားပါတယ်။
ဝန်ဆောင်ခကိုတော့ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏရဲ့ ၁.၈ ရာခိုင်နှုန်းလို့ သတ်မှတ်ထားပြီး အနည်းဆုံး ဝန်ဆောင်ခ ဒေါ်လာ ၃ သန်း ပေးဆောင်ရမှာပါ။
တကယ်လို့ ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံရင် ဝန်ဆောင်ခ ဒေါ်လာ ၁.၈ သန်း ပေးရမှာဖြစ်ပြီး၊ ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှုပ်နှံရင်တော့ ဝန်ဆောင်ခ ဒေါ်လာ ၉ သန်း ပေးရမှာပါ။ တစ်ပြားမှ ရင်းနှီးမြှုပ်နှံမှု မလုပ်ဖြစ်ခဲ့ရင်တောင် ဒေါ်လာ ၃ သန်းကတော့ မပျက်မကွက် ပေးရမှာ ဖြစ်ပါတယ်။
တက်ဂယူက ဒီစကားကို ကြားတော့ လုံးဝ အံ့သြသွားတယ်။
“ချိတ်ဆက်ပေးရုံတင် ဒီလောက်တောင် ပေးရတာလား”
“ဒါတောင် ဖောက်သည်လျှော့ဈေးပေးထားတာလို့ ပြောတာပဲ”
အစ်မဟျွန်းဂျူသာ မဟုတ်ရင် ကျွန်တော် နှစ်ဆ ပေးရမှာပါ။
ပေးဖို့ ဆုံးဖြတ်ထားပေမဲ့ တကယ် ပေးရတော့မယ်လို့ တွေးမိတဲ့အခါ တော်တော်လေးတော့ နှမျောမိတာ အမှန်ပါပဲ။ ဒေါ်လာ သန်းချီဆိုတာ နည်းတဲ့ ပမာဏမှ မဟုတ်တာ။
အခုတော့ ဒီလို ဖြစ်လာပြီဆိုတော့ ဝန်ဆောင်ခနဲ့ တန်အောင် အလုပ်ကို အသေအလဲ လုပ်ရတော့မှာပါ။
ကျွန်တော်တို့ ကားနဲ့ အပ်ဂူဂျောင် ကို သွားခဲ့ကြပါတယ်။ ဦးတည်ချက်ကတော့ အဆင့်မြင့် တရုတ်စားသောက်ဆိုင် တစ်ခုဆီကိုပါ။
“ဘာလဲဟ။ ဘာလို့ တရုတ်ဆိုင် နောက်တစ်ဆိုင် ထပ်လာရတာလဲ”
ကျေးဇူးပြုပြီး ပဲခေါက်ဆွဲတွေကိုပဲ ထပ်မကျွေးပါနဲ့တော့။
တက်ဂယူက ခေါင်းခါပြပါတယ်။
“ဒါက အစ်မ ဘိုကင်လုပ်ထားတာ၊ ငါ မဟုတ်ဘူး”
“…”
ကောင်းပြီလေ၊ ဘာမှ မတတ်နိုင်တော့ဘူး။
တကယ့် အလုပ်တွေ မစခင်မှာ အစ်မဟျွန်းဂျူက ကိုရီးယားကို အရင် ရောက်လာတာပါ။ ဒီမှာ ပြင်ဆင်မှုတွေ ပြီးတာနဲ့ ကျန်တဲ့သူတွေ ရောက်လာကြမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့တွေ ဘိုကင်လုပ်ထားတဲ့ အခန်းထဲကို ဝင်လိုက်ပါတယ်။ အစ်မဟျွန်းဂျူက အဲဒီမှာ ရောက်နှင့်နေပါပြီ။
“စောစော ရောက်နေတာပဲ”
“လေယာဉ်ပေါ်က ဆင်းတာနဲ့ တက္ကစီ ငှားလာတာ။ လမ်းလည်း သိပ်မပိတ်ဘူးလေ”
အစ်မဟျွန်းဂျူးကို ကြည့်ရတာ လေယာဉ်စီးလာရလို့ ပင်ပန်းနေပုံရပေမဲ့ တည်ငြိမ်ပြီး လှပတဲ့ အသွင်အပြင်ကိုတော့ ထိန်းသိမ်းထားတုန်းပါပဲ။
“စားကြစို့လေ”
အစ်မဟျွန်းဂျူက စားပွဲထိုးကို ခေါ်ပြီး မှာလိုက်ပါတယ်။
“ဒီကို ခဏခဏ လာဖြစ်လား”
“ပင်မဆိုင်က Harbor Cityမှာ ရှိတာဆိုတော့ အဲဒီကို ခဏခဏ သွားဖြစ်တယ်။ ဒီဆိုင်ကိုတော့ ဒါက ဒုတိယအကြိမ်ပါ”
အစားအသောက်တွေကို စားပွဲပေါ်က လည်နေတဲ့ မှန်ဝိုင်းချပ်ပေါ်မှာ တင်ပေးထားပါတယ်။ စားတဲ့သူတွေက မှန်ဝိုင်းကို လှည့်ပြီး မိမိလိုချင်တဲ့ အစားအသောက်ကို ယူစားရတာပါ။
အဲဒီနောက် စားဖိုမှူး ရောက်လာပြီး တရှဲရှဲ မြည်နေတဲ့ ပီကင်း ဘဲကင်ကို ကျွန်တော်တို့ရှေ့မှာတင် ဖဲ့ပေးပါတယ်။
အာ... ဒါမှ တကယ့် တရုတ်ဟင်းလျာ စစ်စစ်ပေါ့။
စဉ်းစားကြည့်တော့မှ အပြင်မှာ ထွက်မစားဖြစ်တာ တော်တော်ကြာပြီပဲ။ အိမ်မှာပဲ အောင်းနေပြီး မှာစားတဲ့ အစားအသောက်တွေပဲ စားနေခဲ့တာလေ။
ကျွန်တော်တို့ စားသောက်ရင်း အစ်မဟျွန်းဂျူနဲ့ အနာဂတ် အစီအစဉ်တွေ၊ ရင်းနှီးမြှုပ်နှံမှု ဗျူဟာတွေအကြောင်း ဆွေးနွေးခဲ့ပါတယ်။
“ဒါနဲ့ ဟိုလူက ဘယ်တော့ လာမှာလဲ”
“မကြာခင် ရောက်လာလိမ့်မယ်”
ကျွန်တော်က သူ့ကို တမင်တကာ တစ်နာရီလောက် နောက်ကျပြီး ခေါ်ထားတာပါ။
မကြာခင်မှာပဲ ဝတ်စုံပြည့် ဝတ်ထားတဲ့ အရပ်ရှည်ရှည် လူတစ်ယောက် အခန်းထဲ ဝင်လာပါတယ်။ စီနီယာ ဆန်းယော့ ပါ။
“ကြိုဆိုပါတယ်။ စီနီယာ”
ကျွန်တော်က အစ်မဟျွန်းဂျူကို ကြည့်ပြီး ပြောလိုက်တယ်။
“ဒါက ကျွန်တော် အရင်က ပြောခဲ့တဲ့ ပတ်ဆန်းယော့ ပါ”
စီနီယာ ဆန်းယော့က ကျွန်တော့်ကို မေးတယ်။
“ဒါက ဘယ်သူလဲ”
“သူက အိုဟျွန်းဂျူပါ။ တက်ဂယူရဲ့ အစ်မပေါ့”
“ဪ။ မင်း အရင်က ပြောဖူးတဲ့ Golden Gate မှာ အလုပ်လုပ်နေတဲ့ သူလား”
ကျွန်တော်က ထပ်ဖြည့်ပြောလိုက်တယ်။
“အစ်မက ကိုရီးယားတက္ကသိုလ်ကနေ စီးပွားရေးနဲ့ ဘွဲ့ရထားတာ။ ကျွန်တော့်ထက် ၁၀ နှစ် စီနီယာကျပါတယ်”
စီနီယာ ဆန်းယော့က ကျွန်တော့်စကားကို ခေါင်းငြိမ့်ပြပါတယ်။ အဲဒီနောက် သူဟာ ခေါင်းငုံ့ပြီး အသံကျယ်ကြီးနဲ့ နှုတ်ဆက်လိုက်တယ်။
“တွေ့ရတာ ဝမ်းသာပါတယ်။ စီနီယာ။ ကျွန်တော်က သင်္ချာဌာနက ဆန်းယော့ပါ။ အတူတူ အလုပ်လုပ်ရမှာကို မျှော်လင့်နေပါတယ်”
သူ့ရဲ့ ထွားကြိုင်းတဲ့ ကိုယ်လုံးနဲ့ ဆံပင်တိုတိုကြောင့် လူမိုက်ဂိုဏ်းချုပ်က ဂိုဏ်းစတားတစ်ယောက်ကို နှုတ်ဆက်နေသလိုပါပဲ။ အစ်မဟျွန်းဂျူကတော့ တွေဝေမနေဘဲ တည်တည်ငြိမ်ငြိမ်ပဲ လက်ဆွဲနှုတ်ဆက်လိုက်ပါတယ်။
“တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်မက အိုဟျွန်းဂျူးပါ”
စီနီယာ ဆန်းယော့က ယဉ်ယဉ်ကျေးကျေး လက်ဆွဲနှုတ်ဆက်ပါတယ်။
“စကားကို သက်သောင့်သက်သာ ပြောပါ။ စီနီယာ။ စီနီယာက ကျွန်တော့်အတွက်တော့ ကောင်းကင်လို မြင့်မြတ်တဲ့ စီနီယာကြီးပါ”
အစ်မဟျွန်းဂျူးက ပြုံးလိုက်ပါတယ်။
“ဖြည်းဖြည်းချင်း သက်သောင့်သက်သာ ပြောသွားမှာပါ”
ကျွန်တော်တို့ နေရာယူလိုက်ကြပါတယ်။
“ငါ့ကို ဘာလို့ တွေ့ချင်ရတာလဲ”
“အရင် စားလိုက်ပါဦး။ အေးအေးဆေးဆေး စကားပြောကြတာပေါ့”
“အေးပါ။ ကောင်းပါပြီ”
စီနီယာ ဆန်းယော့က အားမနာတမ်းပဲ မြိန်မြိန်ယှက်ယှက် စားပါတယ်။
စားသောက်လို့ တော်တော်လေး ပြီးသွားတဲ့အခါ ကျွန်တော် ထရပ်ပြီး အဓိက အချက်ကို ပြောလိုက်ပါတယ်။
“ကျွန်တော်တို့ ကိုရီးယားမှာ OTK Company ရဲ့ လက်အောက်ခံ ကုမ္ပဏီတစ်ခုအနေနဲ့ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခု တည်ထောင်ဖို့ စီစဉ်ထားပါတယ်။ OTK Company က အပြည့်အဝ ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပြီး မတည်ရင်းနှီးငွေက သန်း ၇၀,၀၀၀ ဖြစ်ပါလိမ့်မယ်”
အရင်ကတည်းက သိထားတဲ့ တက်ဂယူနဲ့ အစ်မဟျွန်းဂျူက ခေါင်းငြိမ့်ပေမဲ့ အခုမှ ကြားရတဲ့ စီနီယာ ဆန်းယော့ကတော့ မျက်လုံးပြူးသွားပါတယ်။
မကြာသေးခင်ကအထိ သန်းထောင်ချီတဲ့ ပမာဏတွေက သိပ်မများသလို ထင်ခဲ့ရပေမဲ့ သန်း ၇၀,၀၀၀ ဆိုတာက အလတ်စား အာမခံကုမ္ပဏီတစ်ခု ထောင်လို့ရတဲ့အထိ များပြားတဲ့ ပမာဏပါ။ (ဒါပေမဲ့ တကယ်လုပ်ဖို့ဆိုရင်တော့ သက်ဆိုင်ရာ အာဏာပိုင်တွေဆီက ခွင့်ပြုချက် ရဖို့ လိုတာပေါ့။)
စီနီယာ ဆန်းယော့ကို ကြည့်ပြီး ကျွန်တော် ပြောလိုက်တယ်။
“အဲဒီကုမ္ပဏီကို စီနီယာ့ကို အပ်နှံဖို့ ကျွန်တော် စီစဉ်ထားပါတယ်”
စီနီယာ ဆန်းယော့က ရုတ်တရက်ကြားလိုက်ရတဲ့ ဒီစကားကြောင့် အံ့သြသွားပါတယ်။
“ငါ့ကိုလား”
“လောလောဆယ် လစာကိုတော့ သန်း ၁၀၀ လို့ သတ်မှတ်ထားမယ်”
ဒါဟာ ဘဏ္ဍာရေးနယ်ပယ်က အစောပိုင်း လစာတွေနဲ့ ယှဉ်ရင် တော်တော်များတဲ့ ပမာဏပါ၊ ဒါပေမဲ့ အရေးကြီးတာက အဲဒါ မဟုတ်ပါဘူး။
“လုပ်ဆောင်နိုင်စွမ်းအပေါ် မူတည်ပြီး လက်အောက်ခံ ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှု ရှယ်ယာတွေကို ပေးပါမယ်။ တစ်နှစ်ကို ၂ ရာခိုင်နှုန်းနဲ့ ၅ နှစ်အတွင်း အများဆုံး ၁၀ ရာခိုင်နှုန်းအထိ ပေးမှာပါ”
“ဝိုး”
ဒါက Stock optionသဘောတရားမျိုးပါပဲ။ ဒီကမ်းလှမ်းချက်က တကယ့်ကို မကြုံစဖူးထူးခြားလောက်မယ့် ကမ်းလှမ်းချက်ပါ။
ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုတွေ တိုးမလာဘဲ ဒီအတိုင်း ရှိနေရင်တောင်၊ သူက တစ်နှစ်ကို ဝမ် သန်း ၁,၂၀၀ ရမှာဖြစ်ပြီး ၅ နှစ်အကြာမှာတော့ စုစုပေါင်း ဝမ် သန်း ၆၀,၀၀၀ ရမှာပါ။ ကျွန်တော် မျှော်မှန်းထားသလိုဆိုရင်တော့ အဲဒီအချိန်မှာ ပိုင်ဆိုင်မှုတွေက အနည်းဆုံး ၁၀ ဆလောက် တိုးနေမှာပါ။
“အရမ်းကြီး စိတ်လှုပ်ရှားစရာတော့ မလိုပါဘူး။ လုပ်ဆောင်နိုင်စွမ်း မကောင်းရင်တော့ ချက်ချင်း အလုပ်ထုတ်ခံရမှာပါ။ တကယ်လို့ တစ်နှစ်တောင် မခံဘူးဆိုရင်တောင် ကတိပေးထားတဲ့ လစာကိုတော့ ပေးမှာပါ”
စီနီယာ ဆန်းယော့ရဲ့ မျက်နှာမှာ ဇဝေဇဝါ ဖြစ်နေတဲ့ ပုံစံ ပေါ်လာပါတယ်။
“မင်းက ငါ့ကို ဘာဖြစ်လို့ ဝမ် သန်း ၇၀,၀၀၀ တန်တဲ့ ကုမ္ပဏီကို အပ်ရတာလဲ”
ဒီလို အခြေအနေတွေနဲ့ဆိုရင် အတွေ့အကြုံရှိပြီး ထူးချွန်တဲ့ ဘဏ္ဍာရေး ပညာရှင်တစ်ယောက်ကို အလွယ်တကူ ငှားလို့ ရတာပဲ။ ဒါတောင်မှ ကျောင်းက စီနီယာတစ်ယောက်ကို ဒီလို ကမ်းလှမ်းချက်ပေးရတာ အကြောင်းရင်း ရှိရပါမယ်။
“စီနီယာရဲ့ ပြတ်သားမှုနဲ့ တာဝန်သိစိတ်ကို ကျွန်တော် ယုံကြည်လို့ပါ”
စီနီယာ ဆန်းယော့ဟာ ရောက်လာမယ့် ရင်းနှီးမြှုပ်နှံမှု အခွင့်အရေးတွေကို ဘယ်တော့မှ လက်လွတ်မခံခဲ့ပါဘူး။ အရင်က MK Tech မှာ ဝမ် ၅ သန်းကို ဝမ် သန်း ၅၀ ဖြစ်အောင် လုပ်ခဲ့သလို
L6 အကြောင်း ကြားတာနဲ့ SB put options တွေကို ချက်ချင်း ဝယ်ခဲ့တာပါ။ ပြီးတော့ ကျွန်တော့်ဆီကိုလည်း ချက်ချင်း ချဉ်းကပ်လာခဲ့တယ်။
လူတစ်ယောက်ရဲ့ တကယ့် သဘာဝက အောက်ဆုံးကို ရောက်သွားတဲ့အခါမှ ပေါ်လာတာပါ။
သူ့ရဲ့ ပိုင်ဆိုင်မှုတွေ အကုန်ကုန်ပြီး CL Chemical call optionsကြောင့် အကြွေးတွေ တင်သွားတဲ့ အချိန်မှာတောင် သူက အဖွဲ့ပိုင် ပိုက်ဆံတွေကို လက်ဖျားနဲ့တောင် မထိခဲ့ပါဘူး။ အားမလျှော့ဘဲ၊ စိတ်မပျက်ဘဲ အောက်ခြေမှာ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီး အကြွေးတွေကို ဆပ်ခဲ့ပါတယ်။
အရည်အချင်းရှိတဲ့သူတွေကို ရှာရတာ လွယ်ပေမဲ့ ယုံကြည်ရတဲ့သူကို ရှာဖို့ကတော့ ခက်ပါတယ်။
ကျွန်တော့်ရဲ့ အနာဂတ်မြင်နိုင်စွမ်းအရ ကျွန်တော့်ရဲ့ လက်တွေ၊ ခြေတွေလို လှုပ်ရှားပေးမယ့် အဖွဲ့အစည်းတစ်ခု လိုအပ်ပါတယ်။ အဲဒီလို အဖွဲ့အစည်းကို ကြီးထွားအောင် လုပ်ဖို့ဆိုတာ စီနီယာ ဆန်းယော့ထက် ပိုပြီး သင့်တော်တဲ့သူ ရှိမှာ မဟုတ်ပါဘူး။
“စမ်းကြည့်မလား။ ယုံကြည်ချက် မရှိရင် အခုပဲ ပြောလိုက်ပါ”
ဒါက ဘဝမှာ နောက်တစ်ကြိမ် ထပ်မလာနိုင်တဲ့ ရှားပါးတဲ့ အခွင့်အရေးဆိုတာကို သူ သိမှာပါ။
စီနီယာ ဆန်းယော့က ခိုင်ခိုင်မာမာ ခေါင်းငြိမ့်လိုက်ပါတယ်။
“ငါ စမ်းကြည့်မယ်”
“ရွေးချယ်မှု မှန်သွားပြီ။ အခုကစပြီး စီနီယာက ကျွန်တော်တို့ မိသားစုဝင် ဖြစ်သွားပြီ”
ဖြောင်း။ ဖြောင်း
တက်ဂယူက အရင်ဆုံး လက်ခုပ်တီးလိုက်တဲ့အခါ အစ်မဟျွန်းဂျူနဲ့ ကျွန်တော်လည်း လိုက်ပြီး လက်ခုပ်တီးလိုက်ကြပါတယ်။
စီနီယာ ဆန်းယော့က အနေခက်စွာနဲ့ ဦးညွှတ်လိုက်ပါတယ်။
“ကျေးဇူးတင်ပါတယ်။ OTK Company အတွက် အစွမ်းကုန် ကြိုးစားသွားပါ့မယ်”
တက်ဂယူက မေးပါတယ်။
“ဒါနဲ့ လက်အောက်ခံ ကုမ္ပဏီရဲ့ နာမည်က ဘာလဲ”
“OTK ရဲ့ နောက်ဆုံး စာလုံးကို ယူပြီး 'K Company' လို့ ပေးဖို့ စဉ်းစားထားတယ်”
အစ်မဟျွန်းဂျူက ထပ်ပြောတယ်။
“အဲဒါက နည်းနည်းတော့ အလွယ်တကူ ပေးလိုက်သလို ဖြစ်မနေဘူးလား”
“…”
ကျွန်တော် ဘာမှ မပြောဘဲ နေလိုက်ပါတယ်။
ကုမ္ပဏီ နာမည်ပေးဖို့အတွက် အများကြီး စဉ်းစားရမှာက ပျင်းစရာကောင်းလွန်းလို့ပါ။ ဒါကြောင့် နောက်မှ ရောက်လာတဲ့ စီနီယာ ဆန်းယော့ကို အစီအစဉ်တွေကို ထပ်ပြီး ရှင်းပြလိုက်ပါတယ်။
“အခုကစပြီး OTK Company က ပြည်တွင်း၊ ပြည်ပမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်မယ်။ ကျွန်တော်တို့ရဲ့ အလုပ်က ရန်ပုံငွေ လိုအပ်နေတဲ့ Startup တွေနဲ့ တွေ့ဆုံမယ်၊ သူတို့ဆီမှာ ရင်းနှီးမြှုပ်နှံမယ်၊ ပြီးတော့ ရှယ်ယာတွေကို ဝယ်ယူမယ်”
လက်အောက်ခံ ကုမ္ပဏီ တည်ထောင်တဲ့ လုပ်ငန်းစဉ်က မြန်မြန်ဆန်ဆန်ပဲ ပြီးသွားပါတယ်။
ရှုပ်ထွေးတဲ့ စီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းတွေကိုတော့ နိုင်ငံခြား ဥပဒေရေးရာ လုပ်ငန်းတစ်ခုကို အပ်နှံထားတဲ့ အစ်မဟျွန်းဂျူက ကိုင်တွယ်ပေးခဲ့ပါတယ်။ K Company ကို ကိုရီးယားမှာ တည်ထောင်ခဲ့ပြီး OTK Company က ဝမ် သန်း ၇၀,၀၀၀ ထည့်ဝင်ခဲ့ပါတယ်။
တီဟီရန်ရိုမှာရှိတဲ့ ၅ ထပ် အဆောက်အဦးကို ငှားရမ်းစာချုပ် ချုပ်ဆိုခဲ့ပါတယ်။ အဲ့ဒီနေရာက တက်ဂယူရဲ့ အိမ်ကနေ ကားနဲ့ဆိုရင် ၅ မိနစ်၊ လမ်းလျှောက်ရင် ၂၀ မိနစ်လောက်ပဲ ဝေးတဲ့ နေရာပါ။
OTK Companyက နိုင်ငံခြား Startup ရင်းနှီးမြှုပ်နှံမှုတွေကို တိုက်ရိုက် ကိုင်တွယ်မှာ ဖြစ်ပြီး K Company ကတော့ ကိုရီးယား Startup ရင်းနှီးမြှုပ်နှံမှုတွေကို စီမံခန့်ခွဲမှာ ဖြစ်ပါတယ်။
ကျွန်တော် စီနီယာ ဆန်းယော့ဆီကို USB တစ်ခု ကမ်းပေးလိုက်ပါတယ်။
“ဒါက K Company က ရင်းနှီးမြှုပ်နှံဖို့ လိုအပ်တဲ့ Startup တွေရဲ့ စာရင်းပါ။ တွေ့ဆုံမှုတွေကို ကြိုပြီး စီစဉ်ထားပြီးသားဆိုတော့ စီနီယာ့မှာ အစီအစဉ်တွေ အများကြီး ရှိနေမယ်ထင်တယ်။ Golden Gate က လိုအပ်တဲ့ လူအင်အားကို ထောက်ပံ့ပေးပါလိမ့်မယ်။ ဒါကြောင့် ရှယ်ယာ ဝယ်ယူမှု ပမာဏ ဒါမှမဟုတ် ဥပဒေရေးရာ ကိစ္စရပ်တွေကို သူတို့နဲ့ ဆွေးနွေးပါ”
ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှုမှာ အဓိက ချဉ်းကပ်ပုံ နှစ်မျိုး ရှိပါတယ်။
တစ်ခုက ပိုက်ဆံချေးပေးတာ ဖြစ်ပြီး နောက်တစ်ခုကတော့ ရှယ်ယာတွေကို ဝယ်ယူတာပါ။ ရန်ပုံငွေ လိုအပ်နေတဲ့ Startup တွေက သူတို့ရဲ့ ရှယ်ယာတွေကို လျှော့ချရမယ်ဆိုရင်တောင် ရင်းနှီးမြှုပ်နှံမှု ရဖို့ ကြိုးစားလေ့ ရှိပါတယ်။ ဒါပေမဲ့ ကုမ္ပဏီက ကြီးထွားမလာတာ၊ ဒါမှမဟုတ် ပြိုလဲသွားရင်တော့ အဲဒီရှယ်ယာတွေက အဖိုးမတန်တဲ့ စာရွက်တွေ ဖြစ်သွားမှာပါ။
တစ်ဖက်မှာတော့ ချေးငွေတွေက အရင်းနဲ့ အတိုးကို ဦးစားပေး ပြန်ရနိုင်ပါတယ်။ ကုမ္ပဏီက ရှုံးနိမ့်သွားရင်တော့ ပြန်မရနိုင်တာမျိုး ရှိနိုင်တာပေါ့လေ။ (ဒါကြောင့် တစ်ခါတလေကျရင် မန်နေဂျာတွေက ကိုယ်ပိုင် အာမခံချက် ပေးရတာမျိုး ရှိပါတယ်။)
“ရင်းနှီးမြှုပ်နှံရုံတင် မကဘဲ စီမံခန့်ခွဲမှုမှာပါ ဝင်ပါဖို့ စဉ်းစားထားသေးလား”
“ဟင့်အင်း”
ရှယ်ယာတွေ ဝယ်ယူတဲ့အခါ ပိုင်ဆိုင်တဲ့ ရှယ်ယာ ပမာဏအလိုက် ဆုံးဖြတ်ချက် ချပိုင်ခွင့် ရရှိပါတယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံသူတွေက အမှားအယွင်း လုပ်မိတဲ့အခါ တည်ထောင်သူတွေဆီက ကုမ္ပဏီကို သိမ်းယူလိုက်တာမျိုးတွေ ခဏခဏ ရှိတတ်ပါတယ်။
Startup တည်ထောင်သူတွေက ရင်းနှီးမြှုပ်နှံမှု လက်ခံတဲ့အခါ ဒီအချက်ကို အစိုးရိမ်ဆုံးပါပဲ။
“ကျွန်တော်က ရင်းနှီးမြှုပ်နှံမယ်။ ဒါပေမဲ့ စီမံခန့်ခွဲမှုမှာတော့ လုံးဝ ဝင်ရောက် စွက်ဖက်မှာ မဟုတ်ဘူး”
ကျွန်တော့်မှာ အစကတည်းက ဗဟုသုတ မရှိတဲ့ နယ်ပယ်တစ်ခုကို စီမံခန့်ခွဲနိုင်တဲ့ အရည်အချင်း မရှိပါဘူး။
မန်နေဂျာတွေကို သူတို့ဘာသာ စီမံခန့်ခွဲခွင့် ပေးထားလိုက်မယ်။ ကျွန်တော်တို့ကတော့ ကြီးထွားလာမှုရဲ့ အကျိုးအမြတ်ကိုပဲ ရယူမှာပါ။
“ဒါဆိုရင်တော့ ကံကောင်းပါစေ”
ကျွန်တော်တို့ရဲ့ ခဏတာ တွေ့ဆုံမှုကို အဆုံးသတ်ပြီးတဲ့နောက် တက်ဂယူနဲ့ ကျွန်တော် ကားပေါ် တက်လိုက်ကြပါတယ်။
ယောင်ဂျုံး ကျွန်းမှာရှိတဲ့ ကြယ်ငါးပွင့်ဟိုတယ်မှာ အခန်းတစ်ခန်း ဘိုကင်လုပ်ထားပြီး ရင်းနှီးမြှုပ်နှံမှု အစည်းအဝေးအတွက် အစည်းအဝေးခန်းကိုလည်း ကြိုတင် မှာထားပါတယ်။
အခုမှ တကယ့် အစပဲ ရှိပါသေးတယ်။
အခန်း (၃၆)
ကျွန်တော်တို့ ယောင်ဂျုံး ကျွန်းမှာရှိတဲ့ ဟိုတယ်ကို တွေ့ဆုံပွဲနေရာအဖြစ် ရွေးချယ်ရတဲ့ အကြောင်းရင်းကတော့ အင်ချွန်းလေဆိပ်နဲ့ နီးလို့ပါ။
Golden Gate Korea က ဝန်ထမ်းတွေကို ရင်းနှီးမြှုပ်နှံမှုအတွက် ပျံသန်းလာကြသူတွေကို ကြိုဆိုဖို့နဲ့ သူတို့ ပြန်မထွက်ခွာမချင်း စောင့်ရှောက်ပေးဖို့ စေလွှတ်ထားပါတယ်။
ပိုက်ဆံက တကယ်ပဲ လောကကြီးကို လည်ပတ်စေတာပါပဲ။
အခန်းထဲမှာ အထုတ်အပိုးတွေကို နေရာချပြီးတဲ့နောက် ကျွန်တော်တို့ လော်ဘီမှာရှိတဲ့ ကော်ဖီဆိုင်ကို ဆင်းလာခဲ့ကြပါတယ်။ ကျွန်တော်တို့ထက် တစ်ရက်စောပြီး ရောက်နှင့်နေတဲ့ အစ်မဟျွန်းဂျူးကတော့ စာရွက်စာတမ်းတွေ ဖတ်ရင်း ကော်ဖီသောက်ရင်းနဲ့ ထိုင်နေပါတယ်။
“ရှေ့နေက ဘယ်တော့ ရောက်မှာလဲ”
“သူ အခုလေးတင် အင်ချွန်းလေဆိပ်ကို ဆင်းလာပါပြီ။ မကြာခင် ရောက်လာလိမ့်မယ်”
Golden Gate မှာ ကိုယ်ပိုင် ဥပဒေရေးရာ အဖွဲ့ရှိပါတယ်။ အခုလာမယ့် ရှေ့နေကတော့ အစ်မဟျွန်းဂျူနဲ့အတူ အလုပ်လုပ်နေတဲ့ အာရှရုံးခွဲက နိုင်ငံတကာ ဥပဒေကျွမ်းကျင်သူလို့ သိရပါတယ်။
ကျွန်တော်တို့ ကော်ဖီသောက်ရင်း စောင့်နေတုန်းမှာ အစ်မဟျွန်းဂျူက လက်လှမ်းပြလိုက်ပါတယ်။
“ဒီမှာ… အယ်လီ”
တက်ဂယူနဲ့ ကျွန်တော် တစ်ပြိုင်တည်း ခေါင်းလှည့်ကြည့်လိုက်မိပါတယ်။ အယ်လီက အသက် ၂၀ကျော်ရုံလောက်ပဲ ရှိပုံရပါတယ်။ အရပ် ၁၇၀ စင်တီမီတာလောက် ရှိပြီး မျက်နှာက ရင့်ကျက်ပေမဲ့ ချစ်စရာကောင်းတဲ့ ပုံစံလေးပါ။ အသားဖြူဖြူနဲ့ မျက်လုံးတွေက အညိုနုရောင်လေးတွေပေါ့။
အယ်လီမှာ သေသေသပ်သပ်ညှပ်ထားတဲ့ ဆံပင်တိုလေးရှိပြီး နဖူးပေါ်ကဆံပင်လေးတွေက မျက်ခုံးပေါ်မှာ ဝဲကျနေပါတယ်။
အယ်လီရဲ့ ရုပ်ရည်ကို ကြည့်ရုံနဲ့တော့ ဘယ်နိုင်ငံသူလဲဆိုတာ ခန့်မှန်းရခက်ပါတယ်။ လူဖြူတစ်ယောက်နဲ့လည်း တူနေပေမဲ့ တစ်ခုတော့ သေချာပါတယ်။ အယ်လီက တကယ့်ကို အလွန်အမင်း လှပလွန်းတာပါ။
ကျွန်တော် တစ်ယောက်ထဲပဲ ဒီလိုတွေးနေတာလားလို့ စဉ်းစားမိပေမဲ့ ကော်ဖီဆိုင်ထဲက လူတိုင်းက အယ်လီဆီကို မျက်လုံးမခွာဘဲ ကြည့်နေကြတာပါ။
ဂျင်းဘောင်းဘီနဲ့ ပေါ့ပေါ့ပါးပါး အပေါ်အင်္ကျီကို ဝတ်ထားတဲ့ အယ်လီက ခရီးဆောင်အိတ်ကို ဆွဲရင်း ကျွန်တော်တို့ဆီ လျှောက်လာပါတယ်။
“လာပေးလို့ ကျေးဇူးတင်ပါတယ်။ အယ်လီ”
“မတွေ့ရတာ ကြာပြီနော်။ ဂျက်စီကာ။ ကိုရီးယားမှာ နေရတာ အဆင်ပြေရဲ့လား”
အစ်မဟျွန်းဂျူကို နှုတ်ဆက်ပြီးနောက် အယ်လီက ကျွန်တော်တို့ကိုလည်း နှုတ်ဆက်ပါတယ်။
“မင်္ဂလာပါ။ ကျွန်မက Golden Gate ရဲ့ ရှေ့နေ အယ်လီကင် ပါ”
အံ့သြစရာကောင်းတာက အယ်လီက ကိုရီးယားစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်နေတာပါပဲ။
ရှေ့နေဆိုရင် အသက်ကြီးကြီး လူကြီးလူကောင်း တစ်ယောက်လို့ စိတ်ကူးယဉ်ထားတာ အခုတော့ အသက် ၂၀ ကျော် အလှလေးတစ်ယောက် ဖြစ်နေတာပါလား။
ကျွန်တော် နေရာက ထရပ်ပြီး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်လိုက်ပါတယ်။
“ကျွန်တော်က ကန်ဂျင်ဟူပါ။ ကိုရီးယားစကား ပြောတတ်တာလား”
အယ်လီက ပြုံးပြီး ပြန်ဖြေပါတယ်။
“ကျွန်မ အဖေက ကိုရီးယားလူမျိုးပါ။ အယ်လီလို့ပဲ ခေါ်ပေးပါ”
တက်ဂယူကလည်း ထရပ်ပြီး ဦးညွှတ်နှုတ်ဆက်တယ်။
“ကျွန်တော်က အိုတက်ဂယူပါ”
အယ်လီက ခေါင်းငြိမ့်ပြတယ်။
“ရှင်က ဂျက်စီကာရဲ့ မောင်လေးပေါ့။ ရှင့်အကြောင်းတွေ အများကြီး ကြားဖူးပါတယ်။ တွေ့ရတာ ဝမ်းသာပါတယ်”
မိတ်ဆက်မှုလေးတွေ ပြီးတဲ့နောက် အယ်လီက အထုတ်အပိုးတွေ နေရာချဖို့ အပေါ်ထပ်ကို တက်သွားပါတယ်။ ကျွန်တော်က အစ်မဟျွန်းဂျူကို အမြန်မေးလိုက်တယ်။
“အစ်မ။ အယ်လီက ဘယ်ဇာတိလဲ”
“သူ့ကို ဟောင်ကောင်မှာ မွေးတာဆိုတော့ ဟောင်ကောင်သူပေါ့”
ဟောင်ကောင်ဟာ မူလက တရုတ်ပိုင်နက် ဖြစ်ပေမဲ့ ဘိန်းစစ်ပွဲတွေအပြီးမှာ ဗြိတိသျှ ကိုလိုနီ ဖြစ်ခဲ့ပါတယ်။ ၁၉၉၇ မှာ တရုတ်ဆီ ပြန်လည် လွှဲပြောင်းပေးခဲ့ပေမဲ့ “နိုင်ငံတစ်ခု၊ စနစ်နှစ်ခု” မူဝါဒကို ကျင့်သုံးနေတာပါ။
ဟောင်ကောင်သားတွေဟာ သူတို့ရဲ့ ထူးခြားတဲ့ သမိုင်းကြောင်းနဲ့ အုပ်ချုပ်ပုံ စနစ်ကြောင့် ကိုယ့်ကိုယ်ကိုယ် တရုတ်လူမျိုးထက် ဟောင်ကောင်သားလို့ပဲ ပိုပြီး သတ်မှတ်လေ့ ရှိကြပါတယ်။
အစ်မဟျွန်းဂျူက အယ်လီအကြောင်း အကျဉ်းချုပ် ရှင်းပြပါတယ်။ ဟောင်ကောင်ဟာ နိုင်ငံမျိုးစုံက ထိပ်သီးပညာရှင်တွေအတွက် အာရှရဲ့ ဘဏ္ဍာရေး ဗဟိုချက် ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ နိုင်ငံခြားသားတွေက လူဦးရေရဲ့ သိသာတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေတာပါ။
အယ်လီရဲ့ အဖိုးဟာ ဂျပန်ခေတ်တုန်းက ဟောင်ကောင်ကို ပြောင်းရွှေ့လာခဲ့ပြီး ဟောင်ကောင် အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ကာ သားတစ်ယောက် ရခဲ့ပါတယ်။ အဲဒီသားက နောက်ပိုင်းမှာ စီးပွားရေးလုပ်ရင်း တွေ့ခဲ့တဲ့ အင်္ဂလန် အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ခဲ့တာမို့ အယ်လီက ကိုရီးယား၊ ဟောင်ကောင်နဲ့ ဗြိတိသျှ သွေးတွေ နှောနေတာပေါ့။
“ဟောင်ကောင်သားတွေက အများအားဖြင့် ဘာသာစကား သုံးမျိုး ပြောတတ်ကြတယ်”
ဟောင်ကောင်စကား၊ တရုတ်စကား နဲ့ အင်္ဂလိပ်စကားပါ။ ဟောင်ကောင်စကားက ဒေသန္တရစကား၊ တရုတ်စကားက တရုတ်ရုံးသုံးစကား၊ အင်္ဂလိပ်စကားကတော့ ဗြိတိသျှ ကိုလိုနီ လက်ထက်ကတည်းက လွှမ်းမိုးခဲ့တာပါ။
ဒီဘာသာစကားတွေအပြင် အယ်လီက သူ့ရဲ့ ကိုရီးယားလူမျိုး အဖေကြောင့် ကိုရီးယားစကားကိုလည်း တတ်နေတာပါ။
ကျွန်တော်က “သွားရည်တောင် ကျမိတယ်” လို့ ပြောလိုက်မိတယ်။
“ဒီအသက်အရွယ်လေးနဲ့ Golden Gate မှာ ရှေ့နေအဖြစ် လုပ်နေတာဆိုတော့... ကမ္ဘာကြီးမှာ ထူးချွန်တဲ့ လူတွေ ဘယ်လောက်တောင် များနေတာလဲ။ အားကျစရာပါဗျာ” လို့ ကျွန်တော် ထပ်ဖြည့်ပြောလိုက်ပါတယ်။
အစ်မဟျွန်းဂျူက တခိခိ ရယ်ပါတယ်။
“ထူးချွန်တာ ပြောကြေးဆိုရင် နင်လည်း သိပ်တော့ အားမနည်းပါဘူးလေ”
တက်ဂယူကတော့ စောစောကတည်းက ကြောင်တောင်တောင်ကြီး ဖြစ်နေတာပါ။
သူ ဘာဖြစ်နေတာလဲ။ အလှပဂေးလေး ပေါ်လာလို့ ရုတ်တရက် စိတ်လှုပ်ရှားသွားတာလား။
အဲဒီလို စဉ်းစားနေတုန်း သူက မျက်တောင်ခတ်ရင်း မေးတယ်။
“တစ်ယောက်ယောက်က ငါ့ကို ဂျက်စီကာရဲ့ မောင်လေးလို့ ပြောလိုက်သလိုပဲ။ အဲဒီ ဂျက်စီကာက ဘယ်သူလဲ”
အစ်မဟျွန်းဂျူက ပြန်ဖြေတယ်။
“ငါ့ရဲ့ အင်္ဂလိပ် နာမည်လေ။ ငါ နင့်ကို အရင်က ပြောဖူးသားပဲ”
“ဪ။ ဟုတ်လား”
ဟောင်ကောင်က ဗြိတိသျှ ကိုလိုနီ အကြာကြီး ဖြစ်ခဲ့တာမလို့ အဲဒီက လူတွေမှာ အင်္ဂလိပ်နာမည်နဲ့ တရုတ်နာမည် နှစ်မျိုးစလုံး ရှိတတ်ကြပါတယ်။ Golden Gate ကလည်း အမေရိကန် IB ကုမ္ပဏီ ဖြစ်တာကြောင့် အင်္ဂလိပ်နာမည်တွေပဲ သုံးကြတာ ဖြစ်ပါလိမ့်မယ်။
“ဒါနဲ့ အယ်လီက ငါတို့အကြောင်း သိလား”
အစ်မဟျွန်းဂျူက ခေါင်းငြိမ့်ပြပါတယ်။
“ငါ သူ့ကို ပြောပြထားတယ်”
ကျွန်တော်တို့က OTK Company ရဲ့ ပိုင်ရှင်တွေ ဖြစ်တယ်ဆိုတာ Golden Gate တောင် မသိတဲ့ အချက်ပါ။
သူတို့ သိနိုင်တာကတော့ အစ်မဟျွန်းဂျူနဲ့ ကျွန်တော်တို့ကြားက ထူးခြားတဲ့ ဆက်ဆံရေးပါပဲ။ အစ်မဟျွန်းဂျူးက အကောင့်ဖွင့်တာတွေ၊ လက်အောက်ခံ ကုမ္ပဏီ တည်ထောင်တာတွေကို ကူညီပေးခဲ့ပြီး အခုလည်း OTK Company ရဲ့ နာမည်နဲ့ အကူအညီတောင်းခံမှုကို လက်ခံထားတာပါ။
အယ်လီက ဥပဒေရေးရာ ကိစ္စရပ်တွေကို ကူညီပေးဖို့ ဒီကို လာခဲ့တာပါ။ အယ်လီက ကျွန်တော်တို့နဲ့ ခဏလောက် အလုပ်အတူတူ လုပ်သွားမှာ ဖြစ်ပါတယ်။
အလုပ်ကို ချောချောမွေ့မွေ့ ကိုင်တွယ်နိုင်ဖို့ အခြေအနေတွေကို ရှင်းရှင်းလင်းလင်း သိထားတာက ပိုကောင်းပါတယ်။
“သတင်းအချက်အလက်တွေ ပေါက်ကြားမှာကိုတော့ စိတ်ပူစရာ မလိုဘူးလား” လို့ တက်ဂယူက သံသယဖြစ်တဲ့ လေသံနဲ့ ပြောပါတယ်။
“သူ့ကို ယုံလို့ရပါ့မလား” လို့ သူက ထပ်မေးတယ်။
အစ်မဟျွန်းဂျူက ရိုးရိုးလေးပဲ ပြန်ပြောတယ်။
“ရတာပေါ့”
“ရှေ့နေတွေမှာ လျှို့ဝှက်ချက် ထိန်းသိမ်းရမယ့် တာဝန် ရှိတယ်”
ရှေ့နေတွေဟာ သူတို့ရဲ့ ဖောက်သည်တွေရဲ့ လျှို့ဝှက်ချက်ကို ကာကွယ်ပေးဖို့ တာဝန်ရှိပါတယ်။ ဒီစည်းမျဉ်းကို ဖောက်ဖျက်ရင် သူတို့ရဲ့ ရှေ့နေလိုင်စင် အသိမ်းခံရနိုင်ပါတယ်။
ဒါတောင်မှ အစ်မဟျွန်းဂျူက ဒီလောက် ယုံကြည်ချက်ရှိရှိ ပြောနေတာဆိုတော့ ယုံကြည်ရမှာပါ။
“အစည်းအဝေးလုပ်တဲ့ အချိန်မှာကော လျှို့ဝှက်ထားမှာလား”
ဒီအချက်ကိုလည်း ကျွန်တော် ထည့်သွင်းစဉ်းစားထားပါတယ်။
“ရင်းနှီးမြှုပ်နှံမှု စာချုပ်နဲ့ ပတ်သက်တဲ့ အရာအားလုံးကို အစ်မဆီပဲ လွှဲပေးထားမယ်နော်”
တကယ်တော့ ကျွန်တော်က ရင်းနှီးမြှုပ်နှံမှု ကြားခံစာချုပ်မှာ လက်မှတ်ထိုးထားတာမလို့ ကျွန်တော် ကိုယ်တိုင် ရှေ့ကနေ ထွက်လုပ်စရာ မလိုပါဘူး။ ဒါပေမဲ့ အစည်းအဝေး တက်ဖို့ကတော့ ကျွန်တော့် ဆုံးဖြတ်ချက်ပါပဲ။
ကျွန်တော် ရင်းနှီးမြှုပ်နှံဖို့ ရည်ရွယ်ထားတဲ့ ကုမ္ပဏီကို ဘယ်သူတွေက လည်ပတ်နေတာလဲဆိုတာကို ကိုယ်တိုင်ကိုယ်ကျ တွေ့ချင်လို့ပါ။
တင်
အစ်မဟျွန်းဂျူက မက်ဆေ့ချ်ကို စစ်ဆေးပြီးနောက် ထရပ်လိုက်ပါတယ်။
“ဒါဆို ရင်းနှီးမြှုပ်နှံမှုအတွက် သွားကြမလား”
တိုဘီ စထရောင်း နဲ့ ဂျရတ် ဘေကွန် တို့ဟာ စတန်းဖို့ဒ် တက္ကသိုလ်က စီနီယာနဲ့ ဂျူနီယာတွေပါ။
သူတို့က ကျောင်းတုန်းကတည်းက ခင်မင်ခဲ့ကြပြီး ဘွဲ့ရပြီးရင် အတူတူ အလုပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
Silicon Valleyမှာ စတင်ခဲ့တဲ့ Startup အရှိန်အဟုန်ဟာ အမေရိကန် တစ်နိုင်ငံလုံးကို ပျံ့နှံ့သွားခဲ့ပါတယ်။ တိုဘီနဲ့ ဂျရတ်တို့လည်း Startup လောကထဲကို ခြေစုံပစ် ဝင်ခဲ့ကြပေမဲ့ အကြိမ်ကြိမ် ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဒါပေမဲ့ သူတို့ စိတ်မပျက်ခဲ့ပါဘူး။ သူတို့က လူငယ်တွေ ဖြစ်သလို ထက်သန်မှုတွေလည်း ရှိနေကြတာပါ။
သူတို့ဟာ စုတ်ပြတ်နေတဲ့ စတူဒီယို တိုက်ခန်းလေးထဲမှာ စီးပွားရေး အသစ်တစ်ခုအတွက် ခေါင်းချင်း ဆိုင်ခဲ့ကြပါတယ်။ တစ်နေ့မှာ ကွန်ပျူတာ ဟာ့ဒ်ဝဲတွေကို စီစဉ်နေရင်း တိုဘီက ထူးချွန်တဲ့ အိုင်ဒီယာတစ်ခု ရခဲ့ပါတယ်။
တိုဘီက ဒီအိုင်ဒီယာကို ဂျရတ်ကို ချက်ချင်း မျှဝေခဲ့ပြီး သူတို့ဟာ စီးပွားရေး ဖြစ်နိုင်ခြေကို ရက်ပေါင်းများစွာ ခွဲခြမ်းစိတ်ဖြာခဲ့ကြပါတယ်။
သူတို့ဟာ စီးပွားရေးကို အမြန်ဆုံး စတင်ခဲ့ကြပါတယ်။ အစောပိုင်း အဆင့်ပဲ ရှိသေးပေမဲ့ အနာဂတ်ကတော့ တောက်ပနေပါတယ်။ သူတို့ အောင်မြင်မယ်လို့ ယုံကြည်ချက် အပြည့်ရှိခဲ့ကြတာပါ။
တကယ်လို့ သူတို့ရဲ့ အိုင်ဒီယာကသာ အကောင်အထည် ပေါ်လာခဲ့ရင် ကမ္ဘာကြီးမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ယူဆောင်လာနိုင်မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ စီးပွားရေးကို ဆက်လုပ်ဖို့အတွက် သူတို့မှာ ရင်းနှီးမြှုပ်နှံမှု အသည်းအသန် လိုအပ်နေပါတယ်။ တိုဘီက အလုပ်ထဲမှာပဲ အာရုံစိုက်နေတုန်း ဂျရတ်ကတော့ ရင်းနှီးမြှုပ်နှံသူတွေကို လိုက်ရှာခဲ့ပါတယ်။
ဒါပေမဲ့ ရင်းနှီးမြှုပ်နှံသူ ရှာရတာ မလွယ်ပါဘူး။ စီးပွားရေး စီမံကိန်းကို ကိုင်ပြီး ဟိုဒီ လိုက်ခေါက်နေပေမဲ့ အမြဲတမ်း ပယ်ချခံရတာကပဲ သူတို့အတွက် လုပ်ရိုးလုပ်စဉ် ဖြစ်လာခဲ့ပါတယ်။
Wall Street က IB တွေနဲ့ Silicon Valleyက IT ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှု အရှိန်အဟုန်ဟာ Startup လောကရဲ့ အရှိန်အဟုန်လိုပဲ ပြင်းထန်နေပါတယ်။ Startup အသစ်တွေက ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရရှိတဲ့အကြောင်း သတင်းတွေ နေ့တိုင်း ထွက်ပေါ်နေပါတယ်။
ဒါပေမဲ့ တကယ်တမ်းမှာတော့ Startup အနည်းငယ်လောက်ပဲ ရင်းနှီးမြှုပ်နှံမှု ရရှိကြတာပါ။ လုပ်ငန်းရှင် အများစုက ရင်းနှီးမြှုပ်နှံသူ ရှာမတွေ့နိုင်ကြတာကတော့ ခါးသီးတဲ့ အမှန်တရားပါပဲ။
ကျဉ်းမြောင်းတဲ့ စတူဒီယို အခန်းလေးထဲကို ပြန်ရောက်တဲ့အခါ ဂျရတ်က ဒေါသတကြီး အော်ဟစ်လိုက်တယ်။
“သူတို့တွေက စီမံကိန်းကို ဖတ်ပြီး ငါတို့ကို လျစ်လျူရှုနေကြတာလား”
တိုဘီက တည်တည်ငြိမ်ငြိမ်ပဲ ပြန်ပြောတယ်။
“ငါတို့ ဒီအတိုင်း လက်မလျှော့နိုင်ဘူး။ ငါတို့ စီးပွားရေးကို နားလည်ပေးမယ့် ရင်းနှီးမြှုပ်နှံသူတော့ ရှိမှာပါလေ”
ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်ဖို့ လိုအပ်တဲ့ အခြေအနေက ရိုးရှင်းပါတယ်။ အောင်မြင်မယ့် စီးပွားရေးဖြစ်ကြောင်း ပြသဖို့ပါပဲ။ အဲဒီအခါမှာ ရင်းနှီးမြှုပ်နှံသူတွေက သူတို့ရဲ့ ပိုက်ဆံအိတ်တွေကို ရက်ရက်ရောရော ဖွင့်ပေးကြပါလိမ့်မယ်။
ဒါပေမဲ့ မြင်သာထင်သာတဲ့ ရလဒ်တွေ ပြနိုင်ဖို့အတွက် အရင်ဆုံး ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ လိုအပ်နေတာပါ။
“နောက်လအတွင်း ရင်းနှီးမြှုပ်နှံသူ ရှာမတွေ့ရင် ဝဘ်ဆိုဒ်ကို ဆက်ပြီး ထိန်းသိမ်းထားဖို့ ခက်လိမ့်မယ်”
“မနက်ဖြန်ကစပြီး အပြင်ပြန်ထွက်ကြစို့”
“ချီးပဲ”
ဂျရတ်က ဆိုဖာပေါ်မှာ လှဲချလိုက်ပြီး မျက်လုံးတွေကို မှိတ်ထားလိုက်ပါတယ်။
တင်
တိုဘီက သူ့ဖုန်းထဲက အီးမေးလ်ကို စစ်ဆေးလိုက်တဲ့အခါ မျက်လုံးတွေ ပြူးသွားပါတယ်။
“ဘာလို့ ဒီလောက်တောင် အံ့သြသွားတာလဲ”
“Golden Gateကဟေ့။ ငါတို့ရဲ့ စီမံကိန်းကို ကြည့်ပြီး သူတို့တွေ ငါတို့ကို ဆက်သွယ်လာတယ်”
တိုဘီရဲ့ စကားကြောင့် ဂျရတ်ရဲ့ မျက်လုံးတွေ ပြူးသွားပါတယ်။
“ဘာ။ Golden Gate က ငါတို့ဆီမှာ ရင်းနှီးမြှုပ်နှံချင်လို့လား”
“မဟုတ်ဘူး၊ Golden Gate တိုက်ရိုက် မဟုတ်ဘဲ ကိုရီးယားက ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုက ငါတို့ကို စိတ်ဝင်စားနေတာတဲ့”
“ကိုရီးယားဟုတ်လား။ ဆိုဆောင်း အီလက်ထရောနစ်ရှိတဲ့ နိုင်ငံလား။ ငါ ဆိုဆောင်း စမတ်ဖုန်းတွေကို ကြိုက်တယ်။ အာ... L6 ကလွဲရင်ပေါ့”
“သူတို့က ငါတို့ကို အမြန်ဆုံး တွေ့ချင်တယ်တဲ့။ ရက်သတ်မှတ်လိုက်ရင် ကိုရီးယားကို လာဖို့ လေယာဉ်လက်မှတ်တွေ ပို့ပေးမယ်လို့ ပြောတယ်”
သူတို့ နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပါတယ်။
“ဒါက အစစ်အမှန် ဖြစ်ပုံတော့ရပါတယ်နော်”
အီးမေးလ် ပို့လိုက်တဲ့သူက Golden Gate ဖြစ်နေတာ သေချာသလို အီးမေးလ် ပို့တဲ့သူကလည်း Golden Gate အာရှရုံးခွဲရဲ့ Team Leader ဖြစ်နေတာပါ။
ကမ္ဘာကျော် ရင်းနှီးမြှုပ်နှံမှု ဘဏ်တစ်ခုကတော့ ဒီလိုမျိုး လာပြီး နောက်ပြောင်မှာ မဟုတ်ပါဘူး။
ရင်းနှီးမြှုပ်နှံသူတွေနဲ့ တွေ့ရုံနဲ့တော့ ရင်းနှီးမြှုပ်နှံမှု သေချာပေါက် ရမယ်လို့ မဆိုလိုပါဘူး။ တွေ့ပြီးမှ စိတ်ပြောင်းသွားတာမျိုး ဒါမှမဟုတ် အသေးစိတ် အချက်အလက်တွေ မကိုက်ညီတာမျိုး ဖြစ်နိုင်ပါတယ်။
ရင်းနှီးမြှုပ်နှံမှုဆိုတာ စာချုပ်မှာ လက်မှတ်မထိုးမချင်း ဘာမှ မသေချာပါဘူး။
“ကိုရီးယားအထိ သွားပြီးမှ အလကား ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ”
ဒါပေမဲ့ အခုလောလောဆယ်မှာတော့ သေးငယ်တဲ့ မျှော်လင့်ချက်လေးကိုတောင် ဆုပ်ကိုင်ထားရမှာပါ။
“လောလောဆယ် သွားကြည့်ကြရအောင်။ အဆင်မပြေရင်လည်း ကိုရီးယားကို ခရီးထွက်တယ်လို့ပဲ သဘောထားလိုက်တာပေါ့”
“ဒါပေမဲ့ ကိုရီးယားက အန္တရာယ် မများဘူးလား။ ကိုရီယားက အရူးတစ်ယောက်က နျူကလီးယားဗုံးနဲ့ ဖောက်ခွဲမယ်လို့ ခြိမ်းခြောက်နေတယ် ဆိုလား”
“…”
ဘာပဲဖြစ်ဖြစ် သူတို့ဟာ ကိုရီးယားကို သွားမယ့် လေယာဉ်ပေါ်ကို တက်ခဲ့ကြပါတော့တယ်။
ဟိုတယ်က အစည်းအဝေးခန်းဟာ အံ့သြစရာကောင်းလောက်အောင် ကျယ်ဝန်းလှပါတယ်။ ကွန်ပျူတာတွေနဲ့ ပရိုဂျက်တာတွေ ရှိနေတာကြောင့် Presentationတွေ လုပ်ဖို့ အဆင်သင့်ပါပဲ။
အစ်မဟျွန်းဂျူက သူ့ရဲ့ အဝတ်အစားကို ပြင်ဆင်ပြီး မျက်မှန် တပ်လိုက်ပါတယ်။ သူ့ရဲ့ ဘေးမှာတော့ အနက်ရောင် ဝတ်စုံ ဝတ်ထားတဲ့ အယ်လီ ထိုင်နေပါတယ်။
ကျွန်တော် အစ်မဟျွန်းဂျူကို ငယ်ငယ်ကတည်းက မြင်လာခဲ့တာပေမဲ့ သူ အလုပ်လုပ်နေတာကို မြင်ရတာ ဒါ ပထမဆုံး အကြိမ်ပါ။ ဒါမှ တကယ့် ဘဏ္ဍာရေး ပညာရှင် ထိပ်သီးတွေပုံစံမျိုးပေါ့။
ကျွန်တော်လည်း ဒီနေ့တော့ ဝတ်စုံအပြည့် ဝတ်ထားပါတယ်။ ဒီကို မလာခင်မှာ အလျင်စလို ဝယ်ခဲ့တာပါ။ တစ်ဖက်မှာတော့ တက်ဂယူကတော့ သူ့ရဲ့ ပုံမှန် မီးခိုးရောင် အားကစား ဝတ်စုံကြီးနဲ့ပါ။
ဟူး... ဘယ်သူကြည့်ကြည့် သူကတော့ ဒီအခန်းထဲက ပရိဘောဂ တစ်ခုလိုပါပဲ။
သမ်းဝေနေတဲ့ တက်ဂယူကို ကျွန်တော် မေးလိုက်တယ်။
“မင်း လုံးဝ စိတ်မလှုပ်ရှားဘူးလား”
“ငါက ဘာလို့ စိတ်လှုပ်ရှားရမှာလဲ။ စိတ်လှုတ်ရှားရမှာက ငါ မဟုတ်ဘူး၊ ဟိုဘက်က လူတွေလေ၊ မဟုတ်ဘူးလား”
“…”
သူပြောတာလည်း မမှားပါဘူး။
တကယ်လို့ သူတို့က ရင်းနှီးမြှုပ်နှံမှု လိုအပ်နေတာဆိုရင် ရင်းနှီးမြှုပ်နှံသူ ရှိတယ်ဆိုရုံနဲ့ ကိုရီးယားအထိ လာကြရမှာပဲလေ။
ဒါပေမဲ့ ကျွန်တော်က ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေရတာလဲ။
နှုတ်ခမ်းတွေ ခြောက်ကပ်နေပြီး လက်ဖဝါးတွေမှာလည်း ချွေးတွေ စိုနေပါတယ်။ ကျွန်တော် ကိုယ်တိုင် ရင်းနှီးမြှုပ်နှံသူရဲ့ ရှုထောင့်ကနေ လုပ်ငန်းရှင်တွေကို တွေ့ရမယ်လို့ တစ်ခါမှ မတွေးဖူးခဲ့ဘူး။
အစ်မဟျွန်းဂျူက ကျွန်တော့်ကို ကြည့်ပြီး ပြောတယ်။
“စိတ်မလှုပ်ရှားပါနဲ့။ နင် သင်ထားတဲ့အတိုင်းပဲ လုပ်”
“ဗျာ။ ဟုတ်”
ဟုတ်ပါတယ်။ သင်ထားတဲ့အတိုင်း လုပ်ရမှာပေါ့။ ဒါပေမဲ့ ကျွန်တော်က ဘာတွေ သင်ထားလို့လဲ။
ကျွန်တော် အစည်းအဝေး အစီအစဉ်ကို ကြည့်လိုက်ပါတယ်။
ကြည့်ရအောင်။ ငါတို့ ပထမဆုံး တွေ့ရမယ့် Startup က...
“ဟင်”
ကျွန်တော် အစီအစဉ်ကို ထပ်ဖတ်ကြည့်ပြီး အံ့သြသွားပါတယ်။ Startup တွေ အများကြီးထဲမှာ ဘာလို့ သူတို့နဲ့ အရင်ဆုံး တွေ့ရတာလဲ။
ကျွန်တော် ပျာပျာသလဲ ဖြစ်နေတာကို မြင်တော့ အယ်လီက မေးတယ်။
“ဘာဖြစ်လို့လဲ”
“ဟိုလေ… အဲဒါက...”
ကျွန်တော် ဘာမှ မပြောရသေးခင်မှာပဲ နိုင်ငံခြားသား နှစ်ယောက် အစည်းအဝေးခန်းထဲကို လျှောက်ဝင်လာပါတယ်။