အခန်း (၃၇-၃၈)
Vol. 4 Ch. 37-38
အခန်း (၃၇)
ရွှေရောင်ဆံပင်ကောက်ကောက်နဲ့ မျက်မှန်တပ်ထားတဲ့ လူပုလေးတစ်ယောက်ရယ်၊ အညိုရောင်မုတ်ဆိတ်မွေးတွေနဲ့ ဝဝဖိုင့်ဖိုင့် လူငယ်တစ်ယောက်ရယ်။ သူတို့နှစ်ယောက်လုံးကတော့ ကြည့်ကောင်းတဲ့အမျိုးအစားထဲမှာ မပါကြပါဘူး။
ကျွန်တော့်အမြင်အရတော့ သူတို့ဆီကနေ အနောက်တိုင်းက အိုတာကူ တွေရဲ့ အငွေ့အသက်မျိုး ရနေသလိုပါပဲ။
ရင်းနှီးမြှုပ်နှံသူ ရှာပုံတော်ဖွင့်ဖို့ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကျော်လာခဲ့တဲ့ အဲဒီလူငယ်နှစ်ယောက်ဟာ ကျွန်တော်တို့ဘက်ကို ကြည့်ပြီး နှုတ်ဆက်ကြပါတယ်။
“တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က တိုဘီ စထရောင်းပါ”
“ကျွန်တော်လည်း တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က ဂျရတ် ဘေကွန်ပါ”
အစ်မဟျွန်းဂျူနဲ့ အယ်လီတို့က ထရပ်ပြီး သူတို့နဲ့ လက်ဆွဲနှုတ်ဆက်ကြပါတယ်။
“တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်မက Golden Gate က ဂျက်စီကာ အိုပါ”
“ကျွန်မက အယ်လီကင်ပါ။ ဒီအထိ လာပေးလို့ ကျေးဇူးတင်ပါတယ်”
အဲဒီနောက် အစ်မဟျွန်းဂျူက ကျွန်တော်တို့ကို မိတ်ဆက်ပေးခဲ့ပြီး စကားဝိုင်းက အင်္ဂလိပ်လိုပဲ ဖြစ်သွားပါတယ်။
ကျွန်တော် အဲဒီလူနှစ်ယောက်ကို ကြည့်လိုက်မိတယ်။ နိုင်ငံခြားသားတွေဆိုတော့ အသက်ကို ခန့်မှန်းရခက်ပေမဲ့ စတန်းဖို့ဒ်ကနေ ဘွဲ့ရခါစဆိုတော့ နှစ်ယောက်လုံး အသက် ၂၀ ကျော်လောက်ပဲ ရှိဦးမှာပါ။ သူတို့တင်မကပါဘူး၊ လုပ်ငန်းရှင် အများစုဟာ အသက် ၂၀ နဲ့ ၃၀ ကြား လူငယ်တွေ ဖြစ်ကြပါတယ်။ သူတို့မှာ အတွေ့အကြုံ အားနည်းနိုင်ပေမဲ့ အားမာန်တွေ၊ ထက်သန်မှုတွေနဲ့ လုပ်ငန်းနယ်ပယ်သစ်တွေကို ယုံကြည်ချက်ရှိရှိ စိန်ခေါ်နေကြတာပါ။
တခြားနိုင်ငံတွေက လူငယ်တွေ စီးပွားရေး စတင်နေကြချိန်မှာ၊ ကိုရီးယားလူငယ်တွေကတော့ အစိုးရဝန်ထမ်း စာမေးပွဲတွေအတွက် စာသင်ခန်းတွေမှာ စုဝေးပြီး ပြင်ဆင်နေကြပါတယ်။
ဒါဟာ ကိုရီးယားလူငယ်တွေမှာ စိန်ခေါ်လိုစိတ် မရှိလို့မဟုတ်ဘဲ၊ ရှုံးနိမ့်သွားတဲ့အခါ ကြုံတွေ့ရမယ့် အရှက်တကွဲ ဖြစ်ရပ်တွေနဲ့ ကြောက်ရွံ့မှုတွေကြောင့် ဖြစ်ပါလိမ့်မယ်။
တကယ်တော့ ကျွန်တော်ကိုယ်တိုင်တောင် ဘဏ္ဍာရေးနယ်ပယ်မှာ တည်ငြိမ်တဲ့ အလုပ်တစ်ခု ရဖို့ပဲ ရည်မှန်းခဲ့တာ မဟုတ်လား။
မိတ်ဆက်မှုတွေအပြီးမှာ ကျွန်တော်တို့ နေရာယူလိုက်ကြပါတယ်။ စီးပွားရေးဆိုင်ရာ ဆွေးနွေးမှုတွေ စတင်ပါပြီ။
တိုဘီက စိုးရိမ်စိတ်ကြောင့် လည်ချောင်းတစ်ချက် ဟန့်လိုက်ပြီး ရေကို အနည်းငယ် သောက်လိုက်ပါတယ်။
အောင်မြင်တဲ့ ကုမ္ပဏီတစ်ခုဟာ သူ့ရဲ့ စီးပွားရေး အနှစ်သာရကို စာတစ်ကြောင်းတည်းနဲ့ အကျဉ်းချုံ့ ပြောနိုင်ရပါမယ်။
ဥပမာအားဖြင့် Face Note ဆိုရင် SNS ဝန်ဆောင်မှု၊ ဂိမ်း၊ ကြော်ငြာ၊ မက်ဆေ့ဂျ်၊ VR စတဲ့ နယ်ပယ်ပေါင်းစုံမှာ ဖြန့်ကျက်ထားပေမဲ့ သူ့ရဲ့ အဓိက အနှစ်သာရကတော့ 'ကမ္ဘာကြီးကို တစ်ခုတည်းအဖြစ် ချိတ်ဆက်ပေးခြင်း' ပါပဲ။
တကယ်လို့ တစ်စုံတစ်ယောက်က အဓိက အနှစ်သာရကို အကျဉ်းမချုပ်နိုင်ဘဲ ရှည်ရှည်ဝေးဝေးတွေ ပြောနေမယ်ဆိုရင် ရင်းနှီးမြှုပ်နှံသူတွေတောင် ဘာလုပ်ရမှန်း သိမှာမဟုတ်ပါဘူး။
ကံကောင်းထောက်မစွာပဲ တိုဘီက စီးပွားရေးရဲ့ အဓိက အချက်ကို ပြတ်ပြတ်သားသား ပြောလိုက်ပါတယ်။
“Faceit ရဲ့ ရည်မှန်းချက်ကတော့ Pornography (အပြာကားလောက)ရဲ့ Netflix ဖြစ်လာဖို့ပါပဲ”
“အဟွတ်”
အယ်လီက သီးသွားသလိုမျိုး ချောင်းဆိုးလိုက်ပါတယ်။
တက်ဂယူလည်း အံ့သြသွားပုံရတယ်။ သူဟာ 'Pornography' ဆိုတဲ့ စကားလုံးကို နားလည်သွားပုံရပါတယ်။ ကံကောင်းတာက အစ်မဟျွန်းဂျူကတော့ စီမံကိန်းကို ဖတ်မထားသလိုမျိုး ဘာမျက်နှာပေးမှ မပြောင်းလဲပါဘူး။
ယုံကြည်ချက်ရှိနေတဲ့ ဟိုနှစ်ယောက်နဲ့ မတူဘဲ ကျွန်တော်ကတော့ ခေါင်းငုံ့ထားမိတယ်။
ဘာလို့ အရှက်ရစရာတွေက အမြဲတမ်း ဖြစ်နေရတာလဲ။
“…”
ဒါက ကျွန်တော်ကိုယ်တိုင် ဒီကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ခဲ့လို့ ဖြစ်ပါလိမ့်မယ်။ အစ်မဟျွန်းဂျူက အဆင်ပြေတယ် ဆိုရင်တောင် လွန်ခဲ့တဲ့ နာရီပိုင်းကမှ စတွေ့တဲ့ အယ်လီက ဒီအခြေအနေကို ဘယ်လိုမြင်မလဲဆိုတာ ကျွန်တော် သိချင်မိတယ်။
အဲဒီလိုတွေးရင်း ဘေးကို တစ်ချက်ကြည့်လိုက်တော့ အယ်လီက ပညာရှင်ပီပီ ချောင်းဆိုးတာကို ချက်ချင်းရပ်လိုက်ပြီး စကားဝိုင်းကို အာရုံစိုက်နေပါတယ်။
တိုဘီက သူ့ရဲ့ ရှင်းပြချက်ကို အလေးအနက် စတင်ပါတယ်။
FaceIt ရဲ့ စီးပွားရေးကို နားလည်ဖို့ဆိုရင် အရင်ဆုံး Netflix အကြောင်း သိထားရပါမယ်။
Netflix ဆိုတာ ဗီဒီယိုတွေ ထုတ်လုပ်ပြီး ထုတ်လွှင့်ပေးတဲ့ အမေရိကန် ကုမ္ပဏီတစ်ခုပါ။ အစပိုင်းမှာ DVD ငှားရမ်းခြင်းက သူတို့ရဲ့ အဓိက လုပ်ငန်းဖြစ်ပေမဲ့ ၂၀၀၆ မှာတော့ Streaming (ထုတ်လွှင့်ခြင်း) ဝန်ဆောင်မှုဘက်ကို တိုးချဲ့ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း Netflix ဟာ အရှိန်အဟုန်နဲ့ ကြီးထွားလာခဲ့ပါတယ်။
လူတွေဟာ သူတို့ကြည့်ချင်တဲ့ ရုပ်ရှင်တွေ၊ ဒရာမာတွေကို တစ်ထိုင်တည်း အကုန်ကြည့်ကြတယ်။ ပြီးတော့ နောက်ထပ် ဘာကြည့်ရမလဲဆိုတာ တွေးကြတယ်။
ဒါကြောင့် Netflix က စားသုံးသူတွေ ကြည့်ချင်မယ့်အရာကို အကြံပြုပေးတဲ့ စနစ်ကို စတင်ခဲ့ပါတယ်။ အစပိုင်းမှာတော့ ရိုးရှင်းပါတယ်။ အချစ်ကား ကြိုက်ရင် အချစ်ကား၊ ဟာသကား ကြိုက်ရင် ဟာသကားကို အကြံပြုပေးတာပါ။
ဒါပေမဲ့ စာရင်းသွင်းသူတွေ များလာပြီး အချက်အလက်တွေ စုဆောင်းမိလာတဲ့အခါမှာတော့ စနစ်က ပိုပြီး ဆန်းပြားလာပါတယ်။ စားသုံးသူတွေ ကြည့်ရှုတဲ့ အကြောင်းအရာတွေက ဆာဗာပေါ်မှာ အချက်အလက်ဒေတာအဖြစ် သိမ်းဆည်းခံရပြီး အကြိုက်ဆုံး မင်းသား၊ ဒါရိုက်တာ၊ အမျိုးအစား စတဲ့ ဦးစားပေးမှုတွေကို ခွဲခြမ်းစိတ်ဖြာပြီး သူတို့ရဲ့ အကြိုက်နဲ့ အကိုက်ညီဆုံး အရာတွေကို အကြံပြုပေးလာတာပါ။
စားသုံးသူတွေက ဒီစနစ်အပေါ် အရမ်းကို ကျေနပ်ကြပါတယ်။
နောက်ဆုံးမှာတော့ Netflix က အတွေးတစ်ခု ရလာတယ်။ အကြောင်းအရာတွေကို အကြံပြုပေးရုံတင် မဟုတ်ဘဲ ကိုယ်တိုင် ဘာလို့ မထုတ်လုပ်ရမှာလဲဆိုတာပေါ့။
ဒါနဲ့ Netflix ဟာ ကိုယ်ပိုင် ထုတ်လုပ်မှုလောကထဲကို ခြေစုံပစ် ဝင်ခဲ့ပါတယ်။ သူတို့ စုဆောင်းထားတဲ့ အချက်အလက်တွေကို သုံးပြီး စားသုံးသူ အများစု ကြိုက်မယ့် အမျိုးအစား၊ မင်းသားနဲ့ ဒါရိုက်တာတွေကို ရွေးချယ်ခဲ့ရာမှာ သူတို့ ထုတ်လုပ်တဲ့ အရာတွေက အကြီးအကျယ် အောင်မြင်ခဲ့ပါတယ်။
လက်ရှိမှာ Netflix ဟာ စာရင်းသွင်းသူ သန်း ၈၀ ရှိပြီး ဈေးကွက်တန်ဖိုး ဒေါ်လာ သန်း၅၀,၀၀၀ ကျော် ရှိနေပါပြီ။
“လက်ရှိ ကမ္ဘာလုံးဆိုင်ရာ အပြာကားလောကရဲ့ ဈေးကွက်အရွယ်အစားက အမေရိကန်မှာတင် ဒေါ်လာ သန်း ၁၅,၀၀၀ ရှိမယ်လို့ ခန့်မှန်းရပြီး၊ တရားမဝင် ဖိုင်တွေအပါအဝင် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် ဒေါ်လာ သန်းပေါင်းသိန်းနဲ့ချီ ရှိနိုင်ပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် အပြာကားလောကဟာ ကြီးမားတဲ့ ဈေးကွက်ကြီးတစ်ခုပါ”
ခဏခဏ ပါလာတဲ့ 'အပြာကား' ဆိုတဲ့ စကားလုံးက တက်ဂယူရဲ့ စိတ်ဝင်စားမှုကို အကြီးအကျယ် နှိုးဆွလိုက်ပါတယ်။
“သူတို့ ဘာတွေ ပြောနေတာလဲ”
ကျွန်တော် သူနားလည်အောင် အရေးကြီးတဲ့ အပိုင်းလေးတွေကိုပဲ အကျဉ်းချုပ် ဘာသာပြန်ပေးလိုက်ပါတယ်။
တိုဘီက ယုံကြည်ချက်ရှိရှိနဲ့ ဆက်ပြီး ရှင်းပြပါတယ်။
“အရင်တုန်းက အပြာကားလောကဟာ နည်းပညာ တိုးတက်မှုတွေကို ဦးဆောင်ခဲ့ပြီး ကြီးထွားခဲ့တာပါ။ ဒါပေမဲ့ ဒီနေ့ခေတ် အပြာကား ကုမ္ပဏီတွေကတော့ အရင်က လုပ်ထုံးလုပ်နည်းတွေနောက်ပဲ လိုက်နေပြီး ပြောင်းလဲမှုတွေမှာ နောက်ကျန်နေခဲ့ပါတယ်။ Netflix က ခေတ်မီ ဒစ်ဂျစ်တယ်စနစ်၊ AI နဲ့ Machine Learningတွေနဲ့ OTT ဈေးကွက်ကို စိုးမိုးခဲ့သလိုမျိုး အခု အပြာကားလောကဟာလည်း ဖြန့်ဖြူးမှုနဲ့ ထုတ်လုပ်မှုပိုင်းမှာ ဆန်းသစ်တီထွင်ဖို့ လိုအပ်နေပါပြီ”
အစ်မဟျွန်းဂျူနဲ့ အယ်လီတို့ကတော့ သဘောကျသွားပုံရပါတယ်။ သူတို့က ဒါကို အလေးအနက် ဆွေးနွေးပွဲလား ဒါမှမဟုတ် နောက်ပြောင်နေတာလားဆိုတာ မသေချာသလို ဖြစ်နေကြတာပါ။
အယ်လီက ကျွန်တော့်ကို မေးတယ်။
“သူပြောတာမှန်လား”
“အင်း... အတိုင်းအတာတစ်ခုအထိတော့ အမှန်ပဲ”
ဒါက ဒီအတိုင်း ပယ်ချလိုက်ရမယ့် နောက်ပြောင်မှုမျိုး မဟုတ်ပါဘူး။
အပြာကားလောကဟာ တကယ်ပဲ နည်းပညာ တိုးတက်မှုတွေနဲ့ နီးနီးကပ်ကပ် ဆက်နွှယ်နေပါတယ်။ အထူးသဖြင့် အပြာကားတွေဟာ ဗီဒီယိုတွေ အိမ်တိုင်ရာရောက် ပျံ့နှံ့ဖို့အတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။
အဲဒီတုန်းက VHS နဲ့ Sony ရဲ့ Betamax တို့ဟာ ဗီဒီယိုတိပ် ခေတ်မှာ ပြိုင်ဆိုင်ခဲ့ကြပါတယ်။ Betamax က အရွယ်အစားနဲ့ ရုပ်ထွက်ပိုင်းမှာ VHS ထက် ပိုသာပါတယ်။
ဒါပေမဲ့ Sony က Betamax ပေါ်မှာ လူကြီးကားတွေကို ကန့်ကွက်လိုက်တဲ့အခါ အပြာကားလောကက VHS တိပ်တွေနဲ့ ဈေးကွက်ကို လွှမ်းမိုးလိုက်တာကြောင့် Betamax ဟာ ဈေးကွက်ကနေ ထွက်ခွာသွားရပြီး VHS ပဲ ကျန်ရစ်ခဲ့ပါတယ်။
ဒါ့အပြင် အင်တာနက် အမြန်နှုန်း မြင့်မားလာတာနဲ့ Hard drive ပမာဏတွေ တိုးလာတာမှာလည်း အပြာကားတွေက အများကြီး သက်ရောက်မှု ရှိခဲ့ပါတယ်။
အပြာကားတွေ ဒေါင်းလုဒ်ဆွဲဖို့ အင်တာနက် အရှိန်တွေ မြှင့်ခဲ့ရသလို၊ အဲဒါတွေကို သိမ်းဆည်းဖို့ Hard drive တွေလည်း ပမာဏ ကြီးလာခဲ့တာပါ။
လူသားတွေဟာ လိင်ပိုင်းဆိုင်ရာ လုပ်ငန်းတွေမှာ သုံးဖို့ နည်းပညာတွေကို တီထွင်ကြပြီး အဲဒီလုပ်ငန်းတွေမှာပဲ သုံးဖို့ နည်းပညာကို ဆန်းသစ်ကြတယ်လို့ ပြောရင်လည်း မမှားပါဘူး။
ငြိမ်ပြီး နားထောင်နေတဲ့ တက်ဂယူက မှတ်ချက်တစ်ခု ပေးပါတယ်။
“ဒါက Seagate ရဲ့ စီအီးအို ပြောခဲ့တဲ့ နာမည်ကြီး စကားတစ်ခွန်းကို သတိရစေတယ်”
Seagate ဆိုတာ ထင်ရှားတဲ့ Hard drive ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုပါ။
အယ်လီက မေးတယ်။
“သူက ဘာပြောခဲ့လို့လဲ”
တိုဘီက “Seagate ရဲ့ စီအီးအို” ဆိုတဲ့ စကားကို ကြားတော့ တွေဝေသွားပြီးမှ ပြန်ပြောပြတယ်။
“အမှန်အတိုင်း ရင်ဆိုင်လိုက်စမ်းပါ။ ငါတို့က ကမ္ဘာကြီးကို ပြောင်းလဲနေတာ မဟုတ်ဘူး။ လူတွေ အမှိုက်တွေ ပိုဝယ်နိုင်ဖို့နဲ့ အပြာကားတွေ ကြည့်နိုင်ဖို့ ကူညီပေးမယ့် ပစ္စည်းတစ်ခုကိုပဲ ငါတို့ တည်ဆောက်နေတာဆိုတဲ့စကားလား”
တက်ဂယူက သဘောတူတဲ့အနေနဲ့ ခေါင်းငြိမ့်ပါတယ်။
“သူ အဲဒီစကား ပြောခဲ့တာ သေချာတယ်”
အကြမ်းဖျင်း ဘာသာပြန်ရရင် 'ရိုးရိုးသားသား ပြောကြစို့၊ ငါတို့ ကမ္ဘာကြီးကို ပြောင်းလဲနေတာ မဟုတ်ဘူး။ ငါတို့က လူတွေ အသုံးမကျတဲ့ ဆော့ဖ်ဝဲလ်တွေ ပိုဝယ်ဖို့နဲ့ အပြာကားတွေ ပိုကြည့်ဖို့ ကူညီပေးမယ့် ပစ္စည်းတွေကိုပဲ လုပ်ပေးနေတာ' လို့ အဓိပ္ပာယ်ရပါတယ်။
စီအီးအို တစ်ယောက်က ဒီလိုစကားမျိုးကို တိုက်ရိုက်ပြောတာက အံ့သြစရာကောင်းပေမဲ့ အဲဒါက တကယ့် အမှန်တရားပါပဲ။ လက်ရှိရှိသမျှ Operating system တွေနဲ့ လိုအပ်တဲ့ ဆော့ဖ်ဝဲလ်တွေ အကုန်သုံးရင်တောင် 100 GB မပြည့်ပါဘူး။ ဒါဆို Hard drive ပမာဏတွေက ဘာလို့ Terabytes အထိ လိုနေရတာလဲ။ (တချို့ဆိုရင် အဲဒါတောင် မလောက်လို့ Hard drive တွေကို ခဏခဏ ရှင်းထုတ်နေရသေးတာ)
တိုဘီက ပြောတယ်။
“အဲဒီစကားကို အားကျလို့ ကျွန်တော်တို့ ကုမ္ပဏီနာမည်ကို 'Faceit' (ရင်ဆိုင်လိုက်စမ်း) လို့ ပေးခဲ့တာပါ”
ဘာသာပြန်တာကို ကြားတော့ တက်ဂယူက ခေါင်းငြိမ့်တယ်။
“ဪ။ ကုမ္ပဏီနာမည်နောက်မှာ ဒီလို နက်နဲတဲ့ အဓိပ္ပာယ်ရှိမှန်း ငါ မသိခဲ့ဘူး”
အခုတော့ ဂျရတ်က ဝင်ပြောပါတယ်။ တိုဘီက စီးပွားရေးပိုင်းကို ကိုင်တွယ်ပြီး ဂျရတ်က နည်းပညာပိုင်းကို တာဝန်ယူတာ ဖြစ်ပုံရပါတယ်။
ဂျရတ်က ရှင်းပြတယ်။
“ကျွန်တော်တို့ရဲ့ လက်ရှိ ဝဘ်ဆိုဒ်မှာ အသုံးပြုသူတွေက သူတို့ရဲ့ အသက်၊ အကြိုက်၊ အကြိုက်ဆုံး မင်းသမီး စတာတွေကို ထည့်လိုက်တာနဲ့ မကြာသေးခင်က ထွက်တဲ့ ကားသစ်တွေကို အလိုအလျောက် အကြံပြုပေးပြီး ဝယ်ယူနိုင်တဲ့ ဆိုက်တွေဆီကို ချိတ်ဆက်ပေးပါတယ်”
လက်ရှိမှာ ဝဘ်ဆိုဒ်ကို အလကား သုံးခွင့်ပေးထားပြီး စာရင်းသွင်းသူ ၈ သိန်းလောက် ရှိပါတယ်။ စာရင်းသွင်းသူ တိုးတက်မှုနှုန်းက မြန်ဆန်ခဲ့ပေမဲ့ အခုတော့ တန့်နေတဲ့ အခြေအနေကို ရောက်နေပါတယ်။ ဒါပေမဲ့ လူတွေက တစ်ခါ စာရင်းသွင်းပြီးရင်တော့ ဝဘ်ဆိုဒ်ကို ဆက်ပြီး လာဖြစ်ကြပါတယ်။ ၁၀ ရာခိုင်နှုန်းကျော်က နေ့တိုင်းလာပြီး ၄၀ ရာခိုင်နှုန်းကျော်ကတော့ တစ်ပတ်အတွင်း ပြန်လာကြပါတယ်။
ဒါဟာ သူတို့ရဲ့ အကြံပြုစနစ်က အတိုင်းအတာတစ်ခုအထိ အလုပ်ဖြစ်နေတယ်ဆိုတာကို ပြသနေတာပါ။
“ကျွန်တော်တို့က Netflix လိုမျိုး စားသုံးသူတွေနဲ့ ကိုက်ညီမယ့် အကြောင်းအရာတွေကို အကြံပြုပေးဖို့ ရည်ရွယ်ပြီး စားသုံးသူတွေရဲ့ အကြိုက်နဲ့အညီ Streaming နဲ့ Download ဝန်ဆောင်မှုတွေ ပေးဖို့က ကျွန်တော်တို့ရဲ့ အဓိက ပန်းတိုင်ပါ”
အင်း... ကြည့်ရတာ Startup တွေက အမျိုးစုံပါပဲလား။ စစချင်း ကြည့်လိုက်ရင်တော့ ရယ်ချင်စရာ ကောင်းနေပေမဲ့ပေါ့လေ။
ဘယ်လောက်ပဲ ထူးဆန်းနေပါစေ စီးပွားရေးဆိုတာ စီးပွားရေးပါပဲ။
အစ်မဟျွန်းဂျူက တည်ငြိမ်တဲ့ မျက်နှာပေး၊ ပညာရှင်ဆန်တဲ့ လေသံနဲ့ ဂျရတ်ကို မေးလိုက်တယ်။
“အပြာကား အကြံပြု ဝန်ဆောင်မှုက လုံလောက်တဲ့ ဆွဲဆောင်မှု ဖြစ်ပါ့မလား။ ရှင်တို့က အခပေးစနစ်ပြောင်းဖို့ စီစဉ်ထားတယ်ဆိုတော့ ဘယ်လောက်များတဲ့ စားသုံးသူတွေက ဒီဝန်ဆောင်မှုအတွက် ပိုက်ဆံပေးမယ်လို့ ရှင်တို့ထင်လဲ”
ဂျရတ်က စောင့်နေတဲ့အတိုင်းပဲ ပြန်ဖြေတယ်။
“အစ်မ သိတဲ့အတိုင်း အပြာကား အများစုကို တရားမဝင်ပဲ ကြည့်နေကြတာပါ။ ဒါပေမဲ့ တရားမဝင် ဒေါင်းလုဒ်ဆွဲထားတဲ့ အထဲကမှ အနည်းငယ်ကိုပဲ တကယ် ကြည့်ဖြစ်ကြတာပါ။ အများစုကတော့ Hard drive ထဲမှာ နေရာယူထားရုံပါပဲ၊ ဘာလို့လဲဆိုတော့ ရှိသမျှ အကြောင်းအရာတွေ အများကြီးထဲကမှ ကိုယ်ကြည့်ချင်တာကို ရှာရတာ အရမ်းခက်လို့ပါ။ စားသုံးသူတွေက ပိုက်ဆံပေးရတာထက် အသုံးမကျတဲ့ အရာတွေကို ကြည့်မိပြီး အချိန်ဖြုန်းရမှာကို ပိုကြောက်ကြပါတယ်”
ဒါကြောင့် လူတွေက Netflix ကို လစဉ်ကြေးပေးပြီး သုံးကြတာပါ။ လူတွေ ပိုပြီး စာရင်းသွင်းလေ Netflix က အကြောင်းအရာတွေ ဝယ်ယူတဲ့ ဈေးနှုန်းကို လျှော့ချနိုင်လေဖြစ်ပြီး အချက်အလက်တွေ ပိုရလာလေပါပဲ။ ဒါက စာရင်းသွင်းသူတွေ ပိုတိုးလာဖို့အတွက် ဆွဲဆောင်မှု ဖြစ်လာပါတယ်။
အစ်မဟျွန်းဂျူက ထပ်မေးတယ်။
“Netflix က ရုပ်ရှင်၊ ဒရာမာ၊ မှတ်တမ်းတင်ကားနဲ့ ဖျော်ဖြေရေး အစီအစဉ်တွေ အစုံရှိတာလေ။ ဒါပေမဲ့ FaceIt မှာကျတော့ အပြာကား ဆိုတဲ့ အမျိုးအစား တစ်ခုတည်းပဲ ရှိတာမလား။ အဲဒီကိစ္စကိုကော ဘယ်လို ပြောချင်လဲ”
“အပြာကားဆိုတာ တစ်ဦးချင်းစီက ထုတ်လုပ်နိုင်တဲ့ အရာပါ။ တစ်ကမ္ဘာလုံးမှာ တစ်ရက်တည်းနဲ့ ထုတ်လုပ်တဲ့ အပြာကား ပမာဏဟာ တစ်သက်လုံး ကြည့်ရင်တောင် မကုန်နိုင်ပါဘူး။ ဒါ့အပြင် အပြာကားထဲမှာတင် အမျိုးအစားတွေ အများကြီး ရှိပါတယ်။ စာရင်းသွင်းသူတွေ ခံစားနိုင်ဖို့အတွက် အကြောင်းအရာတွေကတော့ အစုံအလင် ရှိနေပါတယ်”
အစ်မဟျွန်းဂျူနဲ့ အယ်လီတို့က ကျွန်တော့်ကို ကြည့်ကြပါတယ်။
“ဒါက လက်ခံနိုင်စရာ အကြောင်းပြချက်လား။ လူတွေက တကယ်ပဲ အပြာကားတွေကို အဲလောက်တောင် ကြည့်ကြလို့လား။ သူတို့ ကြည့်ချင်တဲ့ အချိန်ကျရင် ရှာပြီး ကြည့်လိုက်ရင် မရဘူးလား”
“အင်း...”
အမျိုးသားတွေဟာ လူကြီးကား ရှာဖို့အတွက် အချိန်တွေ ဘယ်လောက်တောင် ဖြုန်းနေရလဲဆိုတာကို အမျိုးသမီးတွေသာ သိရင် အံ့သြသွားကြမှာပါ။ ဒါပေမဲ့ ကျွန်တော် အဲဒီအချိန်မှာ အဲဒီစကားကို အပြင်ထုတ်မပြောနိုင်ပါဘူး။
ကျွန်တော်နဲ့ မတူဘဲ တက်ဂယူကတော့ ယုံကြည်ချက်ရှိရှိ ပြောလိုက်ပါတယ်။
“အဲဒါက ဘာခက်လို့လဲ။ နေ့တိုင်း ထွက်နေတဲ့ လူကြီးကားတွေ အများကြီးထဲမှာ ကြည့်ရတန်တာကို ရှာဖို့ဆိုတာ တကယ် ခက်တာလေ။ ဒါက မရှိမဖြစ် ဝန်ဆောင်မှုပဲ”
“နင် နောက်နေတာလား”
“ဘာနောက်ရမှာလဲ။ တကယ်လို့ ငါ ပြောသလိုသာ ဖြစ်လာရင် Hard drive တွေထဲမှာ လူကြီးကားတွေ အပြည့် သိမ်းထားစရာ မလိုတော့ဘူးလေ။ စမတ်ဖုန်း ဒါမှမဟုတ် တက်ဘလက်နဲ့တင် ကြိုက်တဲ့ အချိန်၊ ကြိုက်တဲ့ နေရာမှာ ကြည့်လို့ ရပြီပေါ့”
အစ်မဟျွန်းဂျူက ဇဝေဇဝါ ဖြစ်နေပုံရပါတယ်။
“လူတွေက အဲလောက်အထိတော့ မကြည့်လောက်ပါဘူး...”
တက်ဂယူက စိတ်မရှည်သလိုနဲ့ ပြောတယ်။
“အစ်မက လူကြီးကားတွေအကြောင်း ဘာသိလို့လဲ”
“…”
အစ်မဟျွန်းဂျူး ဘာမှ ပြန်မပြောနိုင်တော့ပါဘူး။ ဘာလို့လဲဆိုတော့ အစ်မဟျွန်းဂျူးက လူကြီးကားတွေအကြောင်း တကယ်ပဲ ဘာမှ မသိလို့ပါ။
အစ်မဟျွန်းဂျူး ဒီလိုမျိုး ဆွံ့အသွားတာကို ပထမဆုံး မြင်ဖူးတာပါပဲ။ သူ မသိတာကို သူ့ရဲ့ မောင်လေးက အထင်သေးသလို ပြောလာလိမ့်မယ်လို့ တစ်ခါမှ အိမ်မက်တောင် မက်ဖူးလောက်မယ် မထင်ပါဘူး။
အမျိုးသမီးတွေ ရှိနေတာကိုတောင် ဂရုမစိုက်ဘဲ ဂျရတ်က ယုံကြည်ချက်ရှိရှိ ထပ်ပြောပါတယ်။
“ဘယ်သူမဆို ကြိုက်တဲ့ အချိန်၊ ကြိုက်တဲ့ နေရာမှာ ကြည့်နိုင်မယ့် လူကြီးကား ဝန်ဆောင်မှုဆိုတာက FaceIt က မျှော်မှန်းထားတဲ့ အနာဂတ်ပါပဲ”
ကဲ... တော်လောက်ပါပြီ။ အနောက်တိုင်းက အိုတာကူနှစ်ကောင်ရေ။
အခန်း ၃၈
ရင်းနှီးမြုတ်နှံဖို့ဆွေးနွေးမှုကတော့ ဆက်လုပ်နေတုန်းပါပဲ။
“အခပေးစနစ်ကို ပြောင်းလဲပြီးသွားရင်တော့ ရလာတဲ့ အမြတ်အစွန်းတွေနဲ့ ကိုယ်ပိုင် Content တွေ ထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်။ ထုတ်လုပ်ရေး ကုမ္ပဏီအသီးသီးနဲ့ ပူးပေါင်းပြီး VR Content ထုတ်လုပ်မှုပိုင်းအထိပါ တိုးချဲ့သွားဖို့ ရည်မှန်းထားပါတယ်”
VR (Virtual Reality) ဆိုတာ နောက်မျိုးဆက်သစ် ဗီဒီယိုနည်းပညာအဖြစ် အာရုံစိုက်ခံနေရတဲ့အရာပါ။ VR စက်ပစ္စည်းတွေက ပုံစံမျိုးစုံနဲ့ ထွက်ရှိထားပေမဲ့ ဆွဲဆောင်မှုရှိတဲ့ Content တွေကတော့ လိုအပ်နေတုန်းပါပဲ။
အနာဂတ်မှာ VR နည်းပညာ ပျံ့နှံ့ဖို့နဲ့ လူကြိုက်များဖို့အတွက် အပြာကားလောကက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာလိမ့်မယ်လို့ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစုကြီးတွေကလည်း VR အပြာကားဈေးကွက်ဟာ နောက်ထပ် နှစ်အနည်းငယ်အတွင်းမှာ ဒေါ်လာ သန်း ၁,၅၀၀ အထိ ကြီးထွားလာမယ်လို့ ဟောကိန်းထုတ်ထားကြတာပါ။
တက်ဂယူကတော့ အံ့သြတကြီးနဲ့ မျက်လုံးတွေ ပြူးသွားပါတယ်။
“VR အပြာကားဆိုတာ ဘာလဲ”
“အဲဒါက အတုအယောင် လက်တွေ့ဘဝ (Virtual Reality) လေ”
အခုလောလောဆယ်မှာတော့ VR စက်တွေကို တပ်ဆင်ပြီး ဗီဒီယိုတွေ ကြည့်ရုံပဲ လုပ်လို့ရပါသေးတယ်။ နယ်ပယ်အသီးသီးက ပညာရှင်တွေကတော့ အနံ့နဲ့ အထိအတွေ့လိုမျိုး အာရုံခံစားမှု အစစ်အမှန်တွေကိုပါ ပေါင်းစပ်ပြီး အတွေ့အကြုံတွေကို မြှင့်တင်ဖို့ သုတေသနတွေ လုပ်နေကြတာပါ။
အစ်မဟျွန်းဂျူးကတော့ ခေါင်းကိုက်သလိုမျိုး နားထင်ကို ပွတ်လိုက်ပါတယ်။
“သူတို့တွေက ဘာတွေအထိတောင် သုတေသန လုပ်နေကြတာလဲဟ...”
တက်ဂယူက ဆက်ပြီး စိတ်ဝင်စားနေတာကို မြင်တော့ ဂျရတ်က အားတက်သရောနဲ့ ဝင်ပြောပါတယ်။
“အပြာကားလောကဟာ ဒီအတိုင်း ကြည့်ရုံတင် မဟုတ်ဘဲ ကိုယ်တိုင် ပါဝင်ခံစားနိုင်တဲ့ အဆင့်အထိ တိုးတက်လာမှာပါ။ VR အပြာကားတွေက ရိုးရိုးကားတွေနဲ့ မတူဘဲ အံ့သြစရာကောင်းလောက်အောင် လက်တွေ့ဆန်တဲ့ ခံစားမှုကို ပေးနိုင်မှာပါ...”
တက်ဂယူက အားရပါးရကို အော်ဟစ်လိုက်ပါတယ်။
“ဒါကို သူတို့ ဘယ်လို စဉ်းစားမိကြတာလဲ။ စတန်းဖို့ဒ်တက္ကသိုလ်မှာ ဒါတွေကို သင်ပေးတာလား”
“အဲဒါကတော့...”
သူတို့ ဘယ်မှာ သင်ခဲ့လဲဆိုတာ အတိအကျ မသိရပေမဲ့ စတန်းဖို့ဒ်ကနေ ထူးချွန်တဲ့ ပါရမီရှင်တွေ အများကြီး ထွက်ပေါ်ခဲ့တာတော့ အမှန်ပါပဲ။ သူတို့သာ အောင်မြင်သွားရင် နောက်ဆုံးမှာ သူတို့ရဲ့ မိခင်တက္ကသိုလ်မှာ အပြာကား လုပ်ငန်းအကြောင်း ဟောပြောပို့ချတာမျိုးတောင် လုပ်နိုင်ကောင်း လုပ်နိုင်လောက်ပါတယ်။
“ဒါ တကယ် မိုက်တယ် မဟုတ်လား”
တက်ဂယူရဲ့ စကားက မှန်ရဲ့လားဆိုတဲ့ အကြည့်မျိုးနဲ့ အစ်မဟျွန်းဂျူးက ကျွန်တော့်ကို လှမ်းကြည့်ပါတယ်။
“အင်း... ဟုတ်တော့ ဟုတ်ပါတယ်”
အမှန်တရား ဖြစ်နေပေမဲ့လည်း ဝန်ခံဖို့တော့ ခက်နေတာပေါ့။
အစ်မဟျွန်းဂျူး ငါ့ကို ဘာမှလာမမေးပါစေနဲ့။
ကျွန်တော် ဘာမှ ပြန်မပြောဘဲ နေနေတော့ တက်ဂယူက ကျွန်တော့်ကို ကြည့်ပြီး အော်ပြောပါတယ်။
“မင်းက ဘာလို့ အမှန်အတိုင်း မပြောနိုင်ရတာလဲ။ မင်းလည်း အပြာကားတွေ ကြိုက်တာပဲလေ။ ယုံကြည်ချက်ရှိရှိ ပြောလိုက်စမ်းပါ။ မင်းပဲ အလယ်တန်းတုန်းက ငါကြိုက်တဲ့ မင်းသမီးရဲ့ ကားသစ်ထွက်တိုင်း ငါ့ကို လာပြောနေကျပဲ မဟုတ်လား”
“ဟမ်”
မင်း ဘာလို့ အဲဒါကို ဒီနေရာမှာ လာပြောနေတာလဲ။ အရူးကောင်ရဲ့။
အယ်လီက အံ့သြသွားပြီး မျက်လုံးအပြူးသားနဲ့ ကျွန်တော့်ကို စိုက်ကြည့်နေပါတယ်။
“ရှင်က အပြာကားတွေ ကြိုက်တာလား”
“......”
ကျွန်တော့် ဘဝမှာ မိန်းကလေး တစ်ယောက်ဆီကနေ ဒီလို မေးခွန်းမျိုး အမေးခံရလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးခဲ့ဘူး။
ကျွန်တော် လက်ကာပြလိုက်ပါတယ်။
“ဟာ... အဲဒါက အထင်လွဲတာပါ”
“ဒါနဲ့ လူကြီးကား ဆိုတာ တကယ်တော့ ဘာကို ပြောတာလဲ”
“......”
ကိုရီးယားစကား တတ်တယ်ဆိုရင်တောင် ကိုရီးယားလူမျိုး မဟုတ်ရင် အချို့သော စကားလုံးတွေကို မသိနိုင်တာမျိုး ရှိပါတယ်။ လူကြီးကားဆိုတာက ဘေ့စ်ဘော ဗီဒီယိုတွေပါလို့ ကျွန်တော် ပြောရင် သူ ယုံပါ့မလား။
ဖြောင်း။ ဖြောင်း။ ဖြောင်း
တက်ဂယူက နေရာက ထရပ်ပြီး လက်ခုပ်တီးလိုက်ပါတယ်။ ကျွန်တော်လည်း ထရပ်တော့မလို့ပဲ။ ဒါပေမဲ့ အစ်မဟျွန်းဂျူးနဲ့ အယ်လီတို့ကို ကြည့်ပြီး ပြန်ထိုင်လိုက်ရပါတယ်။
အဲဒီအစား သူတို့ရဲ့ ထက်သန်မှုကို ကျွန်တော့် နှလုံးသားထဲကနေပဲ တိတ်တဆိတ် လက်ခုပ်တီး ချီးကျူးပေးလိုက်ပါတယ်။
အစ်မဟျွန်းဂျူးက သက်ပြင်းချရင်း ပြောပါတယ်။
“ဒါက တကယ်ပဲ ဖြစ်နိုင်ချေရှိတဲ့ စီးပွားရေး အိုင်ဒီယာလို့ ထင်လား”
ကိုရီးယားမှာတော့ အပြာကားတွေက တရားမဝင်ပါဘူး။ ထုတ်လုပ်တာကော ဖြန့်ဖြူးတာကောက ရာဇဝတ်မှု မြောက်ပါတယ်။ (အင်တာနက်ပေါ်မှာ လူကြီးကားတွေ လျှံထွက်နေတဲ့ နိုင်ငံမျိုးမှာ ဒီလို စီးပွားရေးမျိုးက အောင်မြင်ဖို့ မလွယ်ဘူးလေ) ဒါကြောင့် ဒီလုပ်ငန်းက ကိုရီးယားမှာ လုပ်ဖို့ မဖြစ်နိုင်ပါဘူး။
ဒါပေမဲ့ နိုင်ငံခြားမှာတော့ မတူပါဘူး။ အမေရိကန်နဲ့ ဥရောပလို နိုင်ငံမျိုးတွေမှာ အပြာကားတွေက တရားဝင်ပါတယ်။ ဥပဒေကြောင်းအရတော့ ပြဿနာ မရှိပါဘူး။
ဒါက အမြော်အမြင် ရှိတဲ့ အိုင်ဒီယာတစ်ခုလို့ မထင်ဘူးလား။
ကျွန်တော် စီမံကိန်းကို နောက်တစ်ခါ ထပ်ဖတ်ကြည့်လိုက်တယ်။
ဂျပန်နိုင်ငံမှာ DVD ငှားရမ်းတဲ့ စနစ်ကိုပဲ အဓိက သုံးနေတာနဲ့ မတူဘဲ၊ အမေရိကန်မှာတော့ ကြည့်သလောက်ပေးရတဲ့ စနစ် (Pay-per-view) ဒါမှမဟုတ် လစဉ်ကြေးပေး စနစ်နဲ့ လည်ပတ်နေတဲ့ ဝဘ်ဆိုဒ်တွေ အများကြီး ရှိနေနှင့်ပါပြီ။
ဒီကြားထဲမှာ ရှင်သန်ကြီးထွားဖို့ဆိုရင် ခေတ်မီတဲ့ အကြံပြုစနစ် တစ်ခု တည်ဆောက်ဖို့နဲ့ VR ဒါမှမဟုတ် AR လိုမျိုး နောက်မျိုးဆက်သစ် Content ဈေးကွက်တွေမှာ အသားကျဖို့က အရေးကြီးပါတယ်။
“ဆာဗာ အခြေခံအဆောက်အအုံတွေနဲ့ Content ထုတ်လုပ်သူတွေဆီကနေ ဝယ်ယူဖို့အတွက် ဒေါ်လာ ၇ သန်း လိုအပ်ပါတယ်”
ဒေါ်လာ ၇ သန်းဆိုတာ ကိုရီးယားဝမ် သန်း ၇,၇၀၀လောက် ရှိပါတယ်။
အစပျိုးခါစ Startup တစ်ခုအတွက်တော့ ဒါက ရှာဖွေဖို့ ခက်ခဲတဲ့ ပမာဏတစ်ခုပါ။ တကယ်လို့ အောင်မြင်သွားရင်တော့ ရင်းနှီးမြှုပ်နှံမှုထက် အဆပေါင်းများစွာ ပြန်ရနိုင်ပေမဲ့ ရှုံးသွားရင်တော့ အဲဒီပိုက်ဆံတွေက ဒီအတိုင်း ပျောက်ကွယ်သွားမှာပါ။
တက်ဂယူကတော့ အတင်းအကျပ် ပြောပါတယ်။
“ဒါကို ငါတို့ ရင်းနှီးမြှုပ်နှံရမယ်။ တခြားအတွက် မဟုတ်ရင်တောင် လူသားထု အကျိုးအတွက်ပေါ့”
တကယ်တော့ ဒါက အမြတ်အစွန်းအတွက်တင် မဟုတ်ဘဲ အများပြည်သူ ဝန်ဆောင်မှု ပေးတဲ့ ရှုထောင့်ကနေ ချဉ်းကပ်သင့်တဲ့ စီးပွားရေးမျိုးပါ။ သူတို့ စီစဉ်ထားသလိုသာ ဖြစ်လာရင် အနာဂတ်မှာ လူတွေအများကြီးအတွက် ပျော်ရွှင်မှုတွေ ယူဆောင်လာပေးနိုင်မှာ မဟုတ်လား။
“ဘာတွေ စောင့်နေတာလဲ အစ်မ။ ရင်းနှီးမြှုပ်နှံမယ်လို့ပဲ ပြောလိုက်ပါတော့”
ကျွန်တော် ရိုးရိုးသားသား ပြောမယ့်အစား ကျွန်တော့် သူငယ်ချင်းကိုပဲ အသုံးချလိုက်ပါတယ်။
“တက်ဂယူက ဒီလောက်တောင် ရင်းနှီးမြှုပ်နှံချင်နေမှတော့ လုပ်လိုက်ကြတာပေါ့”
တောင်းပန်ပါတယ်။ သူငယ်ချင်း။ တကယ်လို့ ဒီအချိန်မှာက ငါ့ရဲ့ အိပ်မက်တစ်ခုကို အမှန်အတိုင်း မပြောနိုင်တဲ့အချိန်ပါ။
နောက်ဆုံးမှာတော့ ဆုံးဖြတ်ချက်က ကျွန်တော့်အပေါ်မှာပဲ မူတည်ပါတယ်။
အစ်မဟျွန်းဂျူးက မျက်နှာပေးကို ပြန်ပြင်လိုက်ပြီး တိုဘီနဲ့ ဂျရတ်ကို ပြောလိုက်ပါတယ်။
“ကျွန်မတို့ Faceit မှာ ရင်းနှီးမြှုပ်နှံပါမယ်”
ရုတ်တရက် မေးခွန်းတစ်ခု ထွက်ပေါ်လာပါတယ်။
ဒီ Startup တွေက ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံလို့ Unicorn ကုမ္ပဏီတွေ ဖြစ်လာတာလား၊ ဒါမှမဟုတ် Unicorn ဖြစ်လာမယ့် ကုမ္ပဏီတွေကိုမှ ကျွန်တော်တို့ ရွေးပြီး ရင်းနှီးမြှုပ်နှံတာလား။
ပထမအချက်အတိုင်းဆိုရင် ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှု မပါဘဲ သူတို့ မအောင်မြင်နိုင်ပါဘူး။ ဒါပေမဲ့ ဒုတိယအချက်အတိုင်းဆိုရင်တော့ ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံသည်ဖြစ်စေ၊ မရင်းနှီးမြှုပ်နှံသည်ဖြစ်စေ သူတို့ကတော့ အောင်မြင်မှာပါပဲ။
ဘယ်လိုပဲဖြစ်ဖြစ် ရင်းနှီးမြှုပ်နှံမှုမှာတော့ သတိထားဖို့က အရေးကြီးပါတယ်။
နတ်မျက်စိက ဘယ် Startup တွေ Unicorn ဖြစ်လာမလဲဆိုတာကို ပြောပြနိုင်ပေမဲ့ ဘယ်လောက် ရင်းနှီးမြှုပ်နှံရမယ်နဲ့ ရှယ်ယာ ဘယ်လောက် ဝယ်ရမယ်ဆိုတာကိုတော့ အတိအကျ မပြောပြနိုင်ပါဘူး။
အဲဒါကတော့ ကျွန်တော်တို့ လုပ်ရမယ့် အလုပ်ပေါ့။
အစ်မဟျွန်းဂျူးက ရှယ်ယာ ရယူမယ့် အတိုင်းအတာနဲ့ ပတ်သက်ပြီး ညှိနှိုင်းပါတယ်။ သီအိုရီအရတော့ ပိုက်ဆံပမာဏ အတူတူမှာ ရှယ်ယာ များများရလေ ပိုကောင်းလေပါပဲ။
ဒါပေမဲ့ ရှင်းလင်းတဲ့ စီမံကိန်း မရှိဘဲ ရှယ်ယာ အများကြီး တောင်းဆိုတာက စီမံခန့်ခွဲမှုပိုင်းရဲ့ စိတ်အားထက်သန်မှုကို ထိခိုက်စေနိုင်သလို နောင်မှာ ရင်းနှီးမြှုပ်နှံမှု အသစ်တွေ ထပ်ခေါ်ဖို့လည်း ခက်ခဲသွားစေနိုင်ပါတယ်။
ကျွန်တော်တို့ရဲ့ ပန်းတိုင်က ရှယ်ယာတွေ အကုန်သိမ်းပြီး စီမံခန့်ခွဲမှုပိုင်းကို ဝင်ရောက်နှောင့်ယှက်ဖို့ မဟုတ်ဘဲ ကုမ္ပဏီ ကြီးထွားလာအောင် ကူညီပေးပြီး အမြတ်အစွန်း ရယူဖို့ပဲ ဖြစ်ပါတယ်။
ညှိနှိုင်းမှုတွေ အပြီးမှာတော့ ဒေါ်လာ ၇ သန်းနဲ့ ၄၂ ရာခိုင်နှုန်းသော ရှယ်ယာတွေကို ရယူဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
အယ်လီက အင်္ဂလိပ်လို ရေးထားတဲ့ ရင်းနှီးမြှုပ်နှံမှု စာချုပ်ကို ကမ်းပေးလိုက်ပါတယ်။ Faceit ရဲ့ ပူးတွဲ စီအီးအို တွေဖြစ်တဲ့ တိုဘီနဲ့ ဂျရတ်တို့က အရင်ဆုံး လက်မှတ်ထိုးပြီး အစ်မဟျွန်းဂျူးက OTK Company ရဲ့ ကိုယ်စားလှယ်အနေနဲ့ လက်မှတ်ထိုးပါတယ်။
သူတို့နှစ်ယောက်လုံး သူတို့ရဲ့ ပျော်ရွှင်မှုကို ဖုံးကွယ်မထားနိုင်ကြပါဘူး။ ကိုရီးယားလို နိုင်ငံမျိုးကနေ ရင်းနှီးမြှုပ်နှံသူ ရှာတွေ့လိမ့်မယ်လို့ သူတို့လည်း မထင်ထားခဲ့ဘူး ထင်ပါတယ်။
စာချုပ် လက်မှတ်ထိုးပြီးနောက် ကျွန်တော်တို့ ပြန်ပြီး လက်ဆွဲနှုတ်ဆက်ကြပါတယ်။
တိုဘီက ကျွန်တော်တို့ကို ကြည့်ပြီး ပြောတယ်။
“Faceit က အပြာကားလောကရဲ့ ခေါင်းဆောင် ဖြစ်လာစေရပါမယ်”
“......”
ကဲ... တော်ပါတော့။
ပထမဆုံး Startup ရင်းနှီးမြှုပ်နှံမှုကတော့ အောင်အောင်မြင်မြင် ပြီးဆုံးသွားပါပြီ။ တကယ်ပဲ အောင်မြင်မလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပေါ့။
အယ်လီကတော့ အခုထိ အံ့သြနေတဲ့ မျက်နှာပေးနဲ့ပါ။
အစ်မဟျွန်းဂျူးက သက်ပြင်းချလိုက်တယ်။
“ကုမ္ပဏီတွေ အများကြီးထဲမှာမှ ပထမဆုံး ရင်းနှီးမြှုပ်နှံမှုအတွက် အဲဒီကုမ္ပဏီကို ရွေးခဲ့တာတဲ့လား”
တစ်နာရီအကြာမှာတော့ နောက်ထပ် အစည်းအဝေးတစ်ခု ရှိပါသေးတယ်။
ဒီနေ့ တစ်နေ့တည်းမှာတင် အဖွဲ့သုံးဖွဲ့နဲ့ တွေ့ဖို့ စီစဉ်ထားတာပါ။ တစ်ဖွဲ့ ပြီးသွားပြီဆိုတော့ နောက်ထပ် နှစ်ဖွဲ့ ကျန်သေးတာပေါ့။
နားနေချိန်အတွင်းမှာ အယ်လီက သူ့ရဲ့ တက်ဘလက်ပေါ်က စီမံကိန်းတစ်ခုကို စစ်ဆေးနေပါတယ်။ စောစောက ဖြစ်သွားတာတွေကြောင့် နောက်ထပ် Startup အကြောင်းကို ပိုပြီး သိထားဖို့ လိုတယ်လို့ ထင်ပုံရပါတယ်။
အဲဒီလိုပဲ အစ်မဟျွန်းဂျူးကလည်း စီမံကိန်းကို ကြည့်ရင်း ပြောပါတယ်။
“ဒီတစ်ခါတော့ ပီဇာ လုပ်ငန်းတဲ့။ ဒါ ဘယ်လို ပီဇာ Startup မျိုးလဲ”
ကျွန်တော် မှတ်မိပါတယ်။
ကျွန်တော် စီမံကိန်းကို ပထမဆုံး ဖတ်တုန်းကလည်း အဲဒီလိုပဲ တွေးခဲ့တာ။
“ဒါက သာမန် ပီဇာ ကုမ္ပဏီမျိုး မဟုတ်ဘူး။ သူတို့က ပီဇာရဲ့ အယူအဆကို လုံးဝ ပြောင်းလဲပစ်မယ့် ဆန်းသစ်တဲ့ ပီဇာမျိုးကို ဖန်တီးဖို့ ရည်မှန်းထားတာ”
တက်ဂယူက မေးပါတယ်။
“ပီဇာမှာ ဘယ်လို ဆန်းသစ်မှုမျိုးတွေ ယူဆောင်လာမှာလဲ”
“သူတို့နဲ့ တွေ့လိုက်ရင် သိရမှာပေါ့”
IT ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ မိုင်လို နဲ့ စားသောက်ဆိုင် ဖွင့်ထားတဲ့ မက်စ် တို့က သူငယ်ချင်းတွေပါ။ သူတို့က မိုင်လိုရဲ့ အိမ်မှာ ခဏခဏ ဆုံပြီး ဂိမ်းကစားတာ၊ သောက်စားတာမျိုး လုပ်လေ့ရှိကြပါတယ်။
တစ်နေ့မှာ သူတို့ ဗိုက်ဆာလာတာနဲ့ ပီဇာ မှာဖို့ ဆုံးဖြတ်လိုက်ကြတယ်။ မိနစ် ၃၀ အတွင်း ရောက်မယ်လို့ ကတိပေးထားတဲ့ ပီဇာဟာ ၄၅ မိနစ် ကြာတဲ့အထိ ရောက်မလာပါဘူး။ မှာပြီး တစ်နာရီကျော်လောက် ကြာမှ ပီဇာက ရောက်လာပါတယ်။
ရောက်လာတဲ့ ပီဇာက အေးစက်နေပြီး ချိစ် တွေကလည်း မာတောင့်နေပါပြီ။ ဆီတွေ ထွက်နေတာကလည်း စက္ကူနဲ့တောင် ကပ်နေပါတယ်။ ဒီလို ဖြစ်တာက ဒါ ပထမဆုံး အကြိမ်လည်း မဟုတ်တာကြောင့် သူတို့ စိတ်တိုနေကြတာပါ။
“ဘာလို့ ပီဇာပို့ရင် ဒီလိုပဲ ဖြစ်နေရတာလဲ”
မက်စ်က စိတ်တိုနေတဲ့ မိုင်လိုကို ချော့ဖို့ ကြိုးစားပါတယ်။
“ပီဇာဆိုတာ အသစ်စက်စက် ဖုတ်ပြီးခါစမှာ အကောင်းဆုံးပဲလေ။ ပို့နေတုန်း အေးသွားရင်တော့ အရသာ ပျက်သွားတာက ရှောင်လွှဲလို့ မရဘူး။ ဒါကြောင့် ပီဇာကို ကောင်းကောင်း စားချင်ရင် ဆိုင်မှာပဲ စားသင့်တယ်”
“ပို့နေတုန်းမှာ အမြဲတမ်း ပူနေအောင် မလုပ်နိုင်ကြဘူးလား”
မက်စ်က နောက်သလိုမျိုး ပြောလိုက်တယ်။
“ပို့တဲ့ ကားပေါ်မှာပဲ Oven မီးဖို တပ်ထားပြီး မောင်းရင်း ဖုတ်လိုက်ရင်ကော။ Food truck တွေလိုမျိုးပေါ့”
“ဟဲဟဲ... အဲဒါက မဖြစ်နိုင်... နေပါဦး။ ငါ ဘာလို့ အဲဒါကို မစဉ်းစားမိခဲ့တာလဲ”
“မင်း ဘာတွေ တွေးနေတာလဲ”
“ပီဇာကို ဆိုင်မှာ ဖုတ်ပြီးမှ ပို့တာဆိုတော့ အချိန်လည်း ကြာတယ်။ အေးလည်း အေးသွားတယ် မဟုတ်လား။ တကယ်လို့ ပို့နေတုန်းမှာမှ ဖုတ်တာဆိုရင်တော့ အချိန်လည်း သက်သာမယ်။ စားသုံးသူတွေဆီကိုလည်း အသစ်စက်စက် ဖုတ်ပြီးသား ပူပူနွေးနွေး ပီဇာကို ချက်ချင်း ပေးနိုင်မှာလေ”
အဲဒီအချိန်ကစပြီး သူတို့ နှစ်ယောက် အတူတူ တိုင်ပင်ခဲ့ကြပါတယ်။
စက်ရုပ်နည်းပညာနဲ့ အလိုအလျောက် စနစ်တွေ တိုးတက်လာတာက အစားအစာ လုပ်ငန်းအပေါ် သက်ရောက်မှု ရှိနေပါတယ်။ ဟင်းချက်နည်းတွေ ထည့်သွင်းပေးရုံနဲ့ ချက်ပြုတ်ပေးနိုင်တဲ့ စက်ရုပ်တွေနဲ့ စက်ရုပ် စားပွဲထိုး တွေတောင် ဈေးကွက်ထဲ ရောက်နေပါပြီ။
လက်ရှိမှာတော့ ဂျုံနယ်တာ၊ ဆော့စ်နဲ့ အပေါ်က အစာတွေ ဖြန့်တာကနေ Oven ထဲ ထည့်တာအထိ ပီဇာလုပ်တဲ့ အဆင့်တိုင်းကို လူတွေကပဲ လုပ်နေရတာပါ။
တကယ်လို့ အချိန်နဲ့ လုပ်အားခကို လျှော့ချဖို့ စက်ရုပ်တွေကို အသုံးပြုလိုက်ရင်ကော။ သူတို့က ပီဇာကို တစ်ဝက်လောက်ပဲ ဖုတ်ပြီး ပို့မယ့် ကားပေါ်ကို တင်မယ်။ ပြီးတော့ စားသုံးသူဆီ မရောက်ခင်လေးမှာမှ အပြီးသတ် ဖုတ်ပြီးတော့ လက်ထဲ အရောက်ပေးမယ့် စနစ်ကို စိတ်ကူးယဉ်ခဲ့ကြပါတယ်။
ဒါက သိပ်ပြီး ထူးခြားတဲ့ အိုင်ဒီယာတော့ မဟုတ်ပါဘူး။ ပီဇာကို ပိုမြန်မြန်နဲ့ ပိုပူပူနွေးနွေး ပို့ပေးဖို့ပါပဲ။ ဒါပေမဲ့ သူတို့ကတော့ အဲဒီထဲမှာ ကြီးမားတဲ့ အလားအလာကို မြင်ခဲ့ကြပါတယ်။
သူတို့ဟာ မက်စ်ရဲ့ စားသောက်ဆိုင်မှာ စတင် စမ်းသပ်ခဲ့ကြပါတယ်။ အလိုအလျောက် စနစ်တွေကို ချက်ချင်း မသုံးသေးဘဲ အရင်ဆုံး ကားတစ်စီးကို Oven တပ်လို့ရအောင် ပြုပြင်ခဲ့ကြတယ်။
အိမ်မှာတင် အသစ်စက်စက် ဖုတ်ထားတဲ့ ပူပူနွေးနွေး ပီဇာကို ရရှိတဲ့အခါ စားသုံးသူတွေက အရမ်းကို ကျေနပ်ကြပြီး ထပ်ခါထပ်ခါ မှာယူလာကြပါတယ်။
ဒီစီးပွားရေးက အလားအလာရှိတယ်လို့ ယုံကြည်သွားတဲ့အခါ မိုင်လိုက အလုပ်ထွက်လိုက်ပြီး မက်စ်ကလည်း သူ့ရဲ့ စားသောက်ဆိုင်ကို ပီဇာဆိုင်အဖြစ် ပြောင်းလဲလိုက်ပါတယ်။
သူတို့နာမည်တွေရဲ့ ပထမဆုံး စာလုံးတွေကို ယူပြီး “M Pizza” လို့ အမည်ပေးခဲ့ပါတယ်။
တကယ်တမ်းမှာတော့ ပီဇာ တစ်ချပ် ပို့ဖို့အတွက် ကားတွေက ခေါက်တုံ့ခေါက်ပြန် သွားနေရတာက ထိရောက်မှု မရှိပါဘူး။ အမြတ်ရဖို့ဆိုရင်တော့ လုပ်ငန်းကို ချဲ့ထွင်ဖို့ လိုပါတယ်။
မက်စ်က ဆိုင်ကို စောင့်နေတုန်း မိုင်လိုက စီမံကိန်းတွေကို ကိုင်ပြီး ရင်းနှီးမြှုပ်နှံသူတွေဆီ သွားပြီး သူတို့ကို ယုံကြည်လာအောင် အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။
အမေရိကန် စားသုံးသူတွေက လတ်ဆတ်ပြီး ပူနွေးတဲ့ ပီဇာကို ဘယ်လောက်တောင် လိုချင်နေကြလဲဆိုတာနဲ့ လက်တွေ့ ပို့ဆောင်ပေးတဲ့အခါမှာ ရရှိခဲ့တဲ့ ကောင်းမွန်တဲ့ တုံ့ပြန်မှုတွေကို သူက အလေးပေး ပြောကြားခဲ့တာပါ။
ဒါပေမဲ့ ရင်းနှီးမြှုပ်နှံသူတွေကတော့ သံသယ ရှိနေကြပါတယ်။ အမေရိကန် ပီဇာဈေးကွက်မှာ Dice Pizza၊ Mamas နဲ့ Pizza Hut လိုမျိုး နာမည်ကြီး လုပ်ငန်းစုကြီးတွေနဲ့ ပြည့်နှက်နေသလို နှစ်တိုင်းလည်း Startup အသစ်တွေ အများကြီး ထွက်ပေါ်နေတာပါ။
တခြား အမြတ်အစွန်း ပိုရနိုင်တဲ့ စီးပွားရေး အိုင်ဒီယာတွေ အများကြီး ရှိနေတာကို ပြိုင်ဆိုင်မှု ပြင်းထန်လွန်းတဲ့ ပီဇာလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံဖို့ လိုလို့လား။
ရင်းနှီးမြှုပ်နှံသူတွေဆီကနေ ထပ်ပြီး အငြင်းခံရပြီး အိမ်အပြန်လမ်းမှာ မိုင်လိုက ကိုရီးယား ရင်းနှီးမြှုပ်နှံသူတွေ စိတ်ဝင်စားနေတယ်ဆိုတဲ့ Golden Gate ဆီက အီးမေးလ်ကို ရရှိခဲ့ပါတယ်။
သူ ချက်ချင်းပဲ ကိုရီးယားကို သွားမယ့် လေယာဉ်ပေါ်ကို တက်ခဲ့ပါတော့တယ်။
ကျွန်တော်တို့ အစည်းအဝေးခန်းထဲမှာ မိုင်လိုရဲ့ တင်ပြမှုကို နားထောင်ခဲ့ကြပါတယ်။ မက်စ်က ဆိုင်ကို ကြည့်နေရတာကြောင့် မိုင်လိုက ကိုရီးယားကို တစ်ယောက်ထဲ လာခဲ့တာပါ။
ဟျွန်းဂျူးက မေးခွန်းတွေ အများကြီး မေးခဲ့ပြီး မိုင်လိုကလည်း သေချာ ပြန်ဖြေပါတယ်။
ဒီစီးပွားရေးရဲ့ အဓိက အချက်ကတော့ ရိုးရှင်းပါတယ်။
၁။ အရေးကြီးတဲ့ အပိုင်းတွေကလွဲရင် ကျန်တာတွေကို စက်ရုပ်တွေက ပီဇာလုပ်မယ်။
၂။ စားသုံးသူဆီ မရောက်ခင်လေးမှာ Oven နဲ့ ပြန်နွှေးပြီး အကောင်းဆုံး အရသာ ရှိမယ့် အပူချိန်ကို ရအောင် လုပ်မယ်။
၃။ အချက်အလက်မျိုးစုံကို ခွဲခြမ်းစိတ်ဖြာပြီး အော်ဒါတင်တဲ့ ပမာဏကို ခန့်မှန်းမယ်။ ပြီးတော့ ထိရောက်တဲ့ ပို့ဆောင်ရေး လမ်းကြောင်းတွေကို စီစဉ်မယ်။
၄။ အလိုအလျောက် စနစ်တွေကြောင့် သက်သာသွားတဲ့ ကုန်ကျစရိတ်တွေကို ပါဝင်ပစ္စည်းတွေမှာ ပြန်ပြီး ရင်းနှီးမြှုပ်နှံမယ်။
လက်ရှိ အမေရိကန် ပီဇာဈေးကွက်ရဲ့ အရွယ်အစားက ဒေါ်လာ သန်း ၄၀,၀၀၀လောက် ရှိပါတယ်။ ဒီဈေးကွက်ကို Dice Pizza၊ Pizza Hut နဲ့ Mamas ဆိုတဲ့ ကုမ္ပဏီ သုံးခုကပဲ ထက်ဝက်ကျော် စိုးမိုးထားတာပါ။
အဲဒါကြောင့်လည်း သူတို့မှာ အိုင်ဒီယာကောင်း ရှိနေပေမဲ့ ရင်းနှီးမြှုပ်နှံမှု မရခဲ့တာ ဖြစ်ပါတယ်။
အစ်မဟျွန်းဂျူးက ကျွန်တော့်ကို မေးတယ်။
“နင် ဘယ်လို ထင်လဲ”
“အစ်မရော ဘယ်လို ထင်လဲ”
“ဈေးကွက်ကတော့ ပြည့်နှက်နေပြီ။ နာမည်ကြီး လုပ်ငန်းစုကြီးတွေ တည်ဆောက်ထားတဲ့ စျေးကွက်တွေကလည်း ကျော်နိုင်ဖို့ မြင့်လွန်းတယ်။ အဲဒါကို ဖောက်ထွက်ဖို့ဆိုရင် ရှိပြီးသား ကုမ္ပဏီတွေနဲ့ မတူတဲ့ ကွဲပြားမှု ရှိရမယ်။ ပို့ဆောင်ချိန် နည်းနည်း လျှော့ချတာနဲ့ Oven သုံးရုံလောက်နဲ့တော့ မလုံလောက်ဘူးလို့ နင် မထင်ဘူးလား”
တိတ်တိတ်လေး နားထောင်နေတဲ့ တက်ဂယူက ဝင်ပြောလိုက်ပါတယ်။
“ဒါက အကြီးအကျယ် အောင်မြင်သွားနိုင်တယ်နော်”