အခန်း (၄၉-၅၀)
Vol. 5 Ch. 49-50
အခန်း (၄၉)
ကင်ဒိုယွန်း ဆိုတာ BMW အရောင်းကိုယ်စားလှယ် တစ်ယောက်ပါ။
သူက အရောင်းလောကထဲကို အခုမှ စဝင်ခါစ ဝန်ထမ်းသစ်ပီပီ ဖောက်သည်အားလုံးကို နှစ်မျိုးပဲ ခွဲခြားထားတယ်။ အဲဒါကတော့ အခု BMW မောင်းနေတဲ့သူတွေနဲ့ အနာဂတ်မှာ BMW မောင်းမယ့်သူတွေ ဆိုပြီးတော့ပါ။
တချို့ အရောင်းကိုယ်စားလှယ်တွေက ဖောက်သည်တွေရဲ့ ကား ဒါမှမဟုတ် ဝတ်စုံကိုကြည့်ပြီး ခွဲခြားဆက်ဆံတတ်ကြပေမဲ့ သူကတော့ အဲဒီလိုလူမျိုး မဟုတ်ပါဘူး။
ဒါပေမဲ့ စိတ်ထားကောင်းပြီး ကြိုးစားရုံနဲ့တော့ ရလဒ်တွေက ချက်ချင်း ထွက်မလာတတ်ဘူးလေ။
နှစ်သစ်ကူးပြီးတာ အတော်ကြာနေပြီဖြစ်ပေမဲ့ အရောင်းစာရင်းက သိပ်မကောင်းတာကြောင့် အထက်လူကြီးတွေဆီက ဖိအားပေးတာကိုလည်း သူ တဖြည်းဖြည်း ခံလာရပါပြီ။
ဒီနေ့က အလုပ်ပိတ်ရက် မဟုတ်တာကြောင့် အရောင်းပြခန်းက တိတ်ဆိတ်နေပါတယ်။ အေးအေးဆေးဆေး လာကြည့်ပုံရတဲ့ မိသားစုတွေနဲ့ စုံတွဲတွေလောက်ပဲ ကားတွေကို လိုက်ကြည့်နေကြတာပါ။
စီနီယာဖြစ်တဲ့ အရောင်းကိုယ်စားလှယ် ပတ်ရှင်ဝူး က သက်ပြင်းချရင်း ပြောတယ်။
"လူတွေက လာကြည့်ရုံပဲ ကြည့်နေကြတာ။ ငါတော့ ဆေးလိပ်တစ်လိပ်လောက် သွားသောက်လိုက်ဦးမယ်"
အဲဒီအချိန်မှာပဲ ကောလိပ်ကျောင်းသားနဲ့တူတဲ့ လူငယ်နှစ်ယောက် အရောင်းပြခန်းထဲကို ဝင်လာကြတယ်။
ကင်ဒိုယွန်း က သူတို့ကို သွားနှုတ်ဆက်ဖို့ ပြင်လိုက်တော့ ပတ်ရှင်ဝူးက တားလိုက်တယ်။
"အဲဒီကလေးတွေဆီသွားပြီး အချိန်မကုန်ခံနဲ့။ သူတို့က စတစ်ကာတွေ အများကြီး ကပ်ထားတဲ့ ကားပိစိလေးနဲ့ လာကြတာ။ လျှောက်ကြည့်နေရုံပဲ ရှိမှာပါကွာ"
စောစောက ကားပါကင်မှာ သူတွေ့ခဲ့တဲ့ ဂိမ်းဇာတ်ကောင်တွေနဲ့ အလှဆင်ထားတဲ့ ကားလေးကို သူ ပြေးမြင်မိသွားတယ်။ အဲဒီလူငယ်တွေက အဲဒီကားကို မောင်းလာကြတာ ဖြစ်ရမယ်။
"ကျွန်တော်ပဲ သွားလိုက်ပါ့မယ်"
"သူတို့က ဝယ်မှာလည်း မဟုတ်တာ။ အချိန်ကုန်တာပဲ အဖတ်တင်မှာနော်။ သူတို့ဘာသာ ကြည့်ပြီး ပြန်သွားအောင်ပဲ ထားလိုက်ပါ"
ကင်ဒိုယွန်း က ခပ်ဟဟ ရယ်ရင်း ပြောလိုက်တယ်။
"ရပါတယ်၊ ကျွန်တော်လည်း တခြား လုပ်စရာမှ မရှိတာလေ"
အခုတော့ သူတို့က ကျောင်းသားတွေ ဖြစ်နေပေမဲ့ တစ်ချိန်မှာ လူမှုပတ်ဝန်းကျင်ထဲ ရောက်လာပြီး အောင်မြင်လာတဲ့အခါ ကားလာဝယ်နိုင်တာပဲ မဟုတ်လား။
ကင်ဒိုယွန်း က သူတို့နားကို ချဉ်းကပ်သွားပြီး ကားတွေကို လိုက်ပြပေးတယ်။ အဲဒီလူငယ်တွေက မော်ဒယ်မျိုးစုံကို လိုက်ကြည့်ပြီးတော့ 7 Series ကို သဘောကျပုံရတယ်၊ အဲဒါနဲ့ပတ်သက်ပြီး စုံစမ်းမေးမြန်းကြတယ်။ သူကလည်း ဈေးနှုန်းနဲ့ ရနိုင်မယ့် အခြေအနေတွေကို သေသေချာချာ ရှင်းပြပေးလိုက်တဲ့အခါ လူငယ်တစ်ယောက်က မျက်မှန်နဲ့ သူငယ်ချင်းဖြစ်သူဆီကနေ ဝမ် ၁၅သန်း ချေးပါဦးလို့ နောက်ပြောင်ပြီး ပြောလာတယ်။
"အမြတ်ဝေစုတွေ ရရင် ပြန်ဆပ်ပါ့မယ်"
"အဲဒီ အမြတ်ဝေစုက ဘယ်တော့ ရမှာလဲ"
"တစ်ချိန်ချိန်တော့ ရမှာပေါ့"
သူတို့တွေ တစ်ယောက်ကိုတစ်ယောက် နောက်ပြောင်နေကြတာကို ကြည့်ပြီး သူ့ရဲ့ ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ အတူတူ သောက်စား မိုးလင်းခဲ့ကြတဲ့ အချိန်တွေကို သတိရမိသွားတယ်။ အခုတော့ အလုပ်တွေ၊ အိမ်ထောင်ကိုယ်စီတွေနဲ့ဆိုတော့ သူတို့နဲ့ စကားကောင်းကောင်း မပြောဖြစ်တာတောင် ကြာလှပါပြီ။
"ငါ့ကောင်ကြီး ဆန်ဝမ် တစ်ယောက် ဘယ်လိုနေလဲ မသိဘူး။ မကြာခင် သူနဲ့ ချိန်းပြီး သောက်ဦးမှပါလေ"
ဆန်ဝမ် အကြောင်း တွေးနေတုန်းမှာပဲ လူငယ်တစ်ယောက်က ကတ်တစ်ခုကို ကမ်းပေးလာတယ်။
"ဒီကားကို စာချုပ်ချုပ်ချင်ပါတယ်"
"ဟမ်"
အဲဒီအချိန်အထိ ဒါက နောက်ပြောင်နေတာလို့ပဲ သူ ထင်ထားတာပါ။ ကားတစ်စီး ဝယ်ဖို့ဆိုတာ ချက်ချင်း ဆုံးဖြတ်လို့ရတဲ့ ကိစ္စမှ မဟုတ်ပဲ။ အထူးသဖြင့် ဝမ် သန်း ၁၀၀ ကျော် တန်တဲ့ 7 Series ကိုလေ။ ဒါပေမဲ့ ကင်ဒိုယွန်း က အဲဒီကတ်ကို ယူလိုက်ပါတယ်။
အဲဒီကတ်က မြင်ဖူးနေကျ ကတ်မျိုး မဟုတ်ဘဲ ရွှေရောင် တိုက်တေနီယမ်နဲ့ ပြုလုပ်ထားလို့ တောက်ပနေပါတယ်။ သူ မသိတာကတော့ ဒါက ကိုရီးယားမှာ မြင်ရခဲတဲ့ Golden Gate ရဲ့ Master ကတ်ပါ။
ဘာလုပ်ရမှန်း မသိဘဲ ကြောင်နေတုန်းမှာ ကားပေါ်က ဆင်းလာတဲ့ လူငယ်က မေးတယ်။
"စာချုပ် မရေးရဘူးလား"
ကင်ဒိုယွန်း က စိတ်ကို ပြန်စုစည်းလိုက်ပြီး "ဪ။ ဟုတ်ကဲ့၊ ရပါတယ်။ ဒီဘက်ကို ကြွပေးပါဦး"
မျက်မှန်နဲ့ လူငယ်က ပြောလာတယ်။
"ကျွန်တော် အကြေ ပေးချေချင်ပါတယ်"
စာချုပ်ဖြည့်နေတုန်းမှာ ငွေပေးချေမှုအတွက် ကတ်ကုမ္ပဏီကို ဆက်သွယ်လိုက်တော့ အံ့သြစရာကောင်းအောင်ပဲ ချက်ချင်း အတည်ပြုချက် ရလာခဲ့တယ်။
အဲဒီအချိန်မှာ ဆေးလိပ်သောက်လို့ ပြီးသွားတဲ့ ပတ်ရှင်ဝူး ဝင်လာတယ်။ အလုပ်ရှုပ်နေတဲ့ ကင်ဒိုယွန်း ကို မြင်တော့ သူက မေးတယ်။
"ဘာလုပ်နေတာလဲ"
"အခု ဟိုဘက်က ဖောက်သည်တွေနဲ့ စာချုပ်ချုပ်နေတာပါ"
အဲဒီနေရာမှာ စောစောက သူတွေ့ခဲ့တဲ့ ပေါ့ပေါ့ပါးပါး လူငယ်နှစ်ယောက် ထိုင်နေကြတာပေါ့။
"ဟမ်။ ဘယ်ကားလဲ"
သူတို့က 1 Series ကိုတောင် အရစ်ကျနဲ့ ဝယ်နိုင်ပါ့မလား။
"7 Series ပါ"
ပတ်ရှင်ဝူး က အံ့သြသွားတယ်။
"ဘာ"
အလုပ်လက်မဲ့နဲ့ တူတဲ့လူတွေက 7 Series ဝယ်တယ် ဟုတ်လား။
"စာချုပ်ပဲချုပ်ရုံလုပ်မှာ မဟုတ်လား"
စာချုပ်ချုပ်တာက အဆုံးသတ် မဟုတ်ပါဘူး။ ကားမအပ်ခင်မှာ ပြန်ဖျက်လိုက်တဲ့ အခြေအနေတွေလည်း အများကြီး ရှိတာပဲလေ။
ကင်ဒိုယွန်း က ခေါင်းခါလိုက်တယ်။
"မဟုတ်ဘူး။ ကတ်ကုမ္ပဏီကနေ အတည်ပြုချက် ချက်ချင်း ကျလာတာ"
'နှမြောစရာကြီး။ ဒါမျိုး ဖြစ်မယ်မှန်း သိရင် ငါပဲ သွားနှုတ်ဆက်လိုက်ရမှာကွာ'
နောင်တရဖို့ကတော့ နောက်ကျသွားပါပြီ။
ဒါပေမဲ့ နောင်တရစရာတွေက ဒီမှာတင် မပြီးသေးပါဘူး။ မျက်မှန်နဲ့ လူငယ်က ကင်ဒိုယွန်း ဆီကို ကတ် ထပ်ကမ်းပေးလာပြန်တယ်။
"ဒါနဲ့ အတူတူ ကျွန်တော့်အတွက်လည်း တစ်စီး ဝယ်လိုက်မယ်။ ဟိုကားကို ပေးပါ"
ဘေးက ကြည့်နေတဲ့သူဆိုရင် ကုန်တိုက်မှာ တစ်ခုဝယ်ရင် တစ်ခုလက်ဆောင် ပေးတဲ့ တစ်ရှူးလိပ် ဝယ်နေတယ်လို့တောင် ထင်သွားနိုင်ပါတယ်။
ကင်ဒိုယွန်း က အံ့သြတုန်လှုပ်သွားပြီး ကတ်ကို မြန်မြန် ယူလိုက်တယ်။
"ဘယ်ကားကို ပြောတာလဲခင်ဗျာ"
"ဟိုဟာလေ။ တံခါးက အပေါ်ကို ပွင့်တဲ့ ပြားပြား ကားလေး"
အရောင်းပြခန်းထဲမှာ ကားမော်ဒယ်တွေ အများကြီး ရှိပေမဲ့ တံခါးက အပေါ်ကို ပွင့်တဲ့ကားကတော့ တစ်စီးထဲ ရှိပါတယ်။
ပတ်ရှင်ဝူး က စူပါကား တစ်စီးလိုမျိုး အပြင်အဆင်ရှိတဲ့ BMW ကို လှမ်းကြည့်လိုက်မိတယ်။
'ဒါဆိုရင် အဲဒါက...'
"i8 လား"
"ဟုတ်တယ်။ အဲဒီကားပဲ။ ငွေပေးချေမှုထဲမှာ တစ်ခါထဲ ထည့်ပေးပါ"
ကင်ဒိုယွန်း က အားတက်သရော ခေါင်းညိတ်လိုက်တယ်။
"ဟုတ်ကဲ့၊ သိပါပြီ"
BMW အရောင်းကိုယ်စားလှယ်သစ် ကင်ဒိုယွန်း ရဲ့ ဒီနေ့ အောင်မြင်မှုတွေကတော့ -
7 Series တစ်စီး။
i8 တစ်စီးတို့ပါ။
တက်ဂယူ ကို ကျွန်တော် မေးလိုက်တယ်။
"မင်းက ကားလဲတော့မလို့လား"
"ဟင့်အင်း၊ လဲမှာ မဟုတ်ဘူး။ ဒုတိယ ကားအနေနဲ့ပဲ မောင်းမှာ"
"······"
အဲဒီကားက အဓိကကား ဖြစ်သွားရမှာ မဟုတ်ဘူးလား။
"ဒါပေမဲ့ အဲဒီကားကို အလှဆင်ဖို့တော့ ခက်မယ့်ပုံပဲ"
"······ကျေးဇူးပြုပြီး စတစ်ကာတွေကပ်တာမျိုးတော့ မလုပ်ပါနဲ့"
ငါ့ကိုလည်း ခဏလောက် မောင်းခွင့်ပေးပါဦးကွာ။
ကျွန်တော်တို့တွေ ဘေးချင်းယှဉ်ထိုင်ပြီး စာချုပ်ကို သေသေချာချာ ဖြည့်လိုက်ကြတယ်။
"စာရင်းထဲမှာ ဝမ် ၁၅၀ သန်းလို့ မှတ်ထားလိုက်။ ပိုက်ဆံ ပြန်ဆပ်ဖို့ကို ငါမမေ့ပါဘူးကွာ"
"မင်းက တကယ်ကြီး ပြန်ဆပ်မှာလား"
တက်ဂယူ က တစ်ခုခုကို သတိရသွားပုံရတယ်။
"ဪ…. ဒါနဲ့ ပြောရဦးမယ်။ မင်းဟိုတခါ Dateလုပ်တုန်းက ငါ့ဆီကနေ ဝမ် ၁ သိန်း ချေးထားတာ အခုထိ ပြန်မဆပ်ရသေးဘူးနော်"
တကယ်ကြီး အဲဒီလို ဖြစ်ခဲ့လို့လား။
"အိုကေလေ။ ဒါဆို ဝမ် ၁၅၀,၀၁၀,၀၀၀ လို့ ရေးထားလိုက်။ အားလုံးကို တစ်ခါထဲ ပြန်ဆပ်မယ်။ ပြီးတော့······."
ကျွန်တော်က Dateလုပ်ခဲ့တာ မဟုတ်ပါဘူးလို့ ပြောမလို့ ရှိသေး၊ ရုတ်တရက် နောက်ကနေ စူးစူးရှရှ အကြည့်တစ်ခုကို ခံစားလိုက်ရလို့ လှည့်ကြည့်လိုက်မိတယ်။ ကော်ဖီသောက်ဖို့ သွားခဲ့တဲ့ အစ်မဟျွန်းဂျူးနဲ့ အယ်လီ တို့ ရောက်နေကြတာပဲ။ သူတို့ ဘယ်ကတည်းက ရောက်နေတာလဲ။
အယ်လီ က ပြုံးပြုံးလေးနဲ့ ပြောတယ်။
"ဟွန်း…. သိပြီ။ ကန်ဂျင်ဟူ က Dateဖို့အတွက် ဝမ် ၁ သိန်းတောင် ချေးခဲ့တာပေါ့လေ။ အဲဒီ Date က ဘယ်လောက်တောင် အရေးကြီးလို့ ပိုက်ဆံတောင် ချေးရတာလဲ"
"အာ… မဟုတ်ပါဘူး······."
တက်ဂယူ ကတော့ အကုန်လုံးကို ချက်ချင်း ဖွင့်ပြောချင်နေတာပါ။
"သူက နှစ်ကုန်ပိုင်းလောက်မှာ ရှင်ယူရီ ဆိုတဲ့ ကောင်မလေးနဲ့ တွေ့ခဲ့တာလေ"
"ရှင်ယူရီ လား။ နာမည်လေးက လှသားပဲ"
ကျွန်တော် မြန်မြန် လက်ကာပြလိုက်တယ်။
"သူက ကျောင်းက ဂျူနီယာ တစ်ယောက်သက်သက်ပါ။ ကျွန်တော်တို့တွေ ဆွေးနွေးစရာ ကိစ္စလေးတွေ ရှိလို့ တွေ့ကြတာ။ ဒိတ်တာ မဟုတ်ပါဘူး"
"ဒါပေမဲ့ သူ့ကို အိမ်အထိ မင်းလိုက်ပို့ခဲ့တယ် မဟုတ်လား"
"······"
ဒီကောင်ကတော့ကွာ။
ကျွန်တော် သူ့ကို ဆက်မပြောဖို့ တားလိုက်ပေမဲ့ နောက်ကျသွားပါပြီ။ အယ်လီ က ပြုံးနေတုန်းပဲ။ ဒါပေမဲ့ သူက ပြောလာတယ်။
"ဒါဆို ကန်ဂျင်ဟူ က ရှင်ယူရီ ရဲ့ အိမ်အထိ လိုက်ပို့ခဲ့တာပေါ့နော်"
"အဲဒီလို မဟုတ်ပါဘူး······"
ကျွန်တော် အဲဒီတုန်းက အခြေအနေကို အတတ်နိုင်ဆုံး ရှင်းပြလိုက်တယ်။
စကားတွေ အများကြီး ပြောပြီးတဲ့နောက်မှာတော့ အယ်လီ က နားလည်သွားပုံရတယ်။
"ဒါဆို ရှင်ယူရီ က ဂျူနီယာ တစ်ယောက်ပဲပေါ့။ နင်က သူ့အိမ်ထဲအထိ ဝင်သွားတာ မဟုတ်ဘဲ အပြင်မှာပဲ လမ်းလျှောက်ခဲ့တာပေါ့လေ။ အဟုတ်လား"
"ဟုတ်ပါတယ်။ အတိအကျပါပဲ"
"အဲဒီနောက်ပိုင်း သူနဲ့ ထပ်မတွေ့တော့ဘူး မဟုတ်လား"
"မတွေ့တော့ပါဘူး"
တစ်ခါတလေ ဖုန်းစာပို့ဖြစ်တာကိုတော့ မပြောတာ ပိုကောင်းမယ် ထင်ပါတယ်။
ဒါပေမဲ့ ကျွန်တော်က ဘာလို့ ဒါတွေကို အသေးစိတ် ရှင်းပြနေရတာလဲ။ ကျွန်တော်တို့တွေ ဒိတ်ခဲ့တယ်လို့ပဲ ထင်သွားရင်လည်း အဆင်ပြေနေတာပဲ မဟုတ်လား။
"ဒါနဲ့ နင်တို့ ဘာလုပ်နေကြတာလဲ"
"ကားစာချုပ် ချုပ်နေတာပါ"
အယ်လီ က စိတ်ဝင်စားသွားပြီး ကျွန်တော့်နားကို တိုးကပ်လာတယ်။ ရေမွှေးနံ့ သင်းသင်းလေးက လေထဲမှာ ပျံ့လွင့်နေတာပဲ။
အရမ်းကြီး ကပ်လွန်းနေပြီ မဟုတ်ဘူးလား။
"ဘယ်ကား ဝယ်တာလဲ"
"7 Series ပါ"
"7 Series က ကန်ဂျင်ဟူ မောင်းဖို့အတွက် အရမ်းကြီး မနေဘူးလား"
ကျွန်တော် ဘာကြောင့် 7 Series ကို ရွေးခဲ့လဲဆိုတာ ရှင်းပြလိုက်တော့ အယ်လီ က ပြုံးပြီး လက်မထောင်ပြတယ်။
"ထင်ထားတဲ့အတိုင်းပဲ၊ ကန်ဂျင်ဟူ က မိုက်တယ်ကွာ"
"အာ... ကျေးဇူးပါ"
ဒီလို စကားမျိုးကို ရုတ်တရက် ကြားလိုက်ရတော့ နည်းနည်းတော့ ရှက်မိသွားတယ်။
အစ်မဟျွန်းဂျူး က တက်ဂယူ ကို မေးတယ်။
"နင်က ဘာလုပ်နေတာလဲ"
အဲဒီကောင်ကတော့ ကျွန်တော့်ကို ချက်ချင်းပဲ ရောင်းစားလိုက်ပါတော့တယ်။
"ဪ။ ဘာမှမဟုတ်ပါဘူး။ ကျွန်တော် ကန်ဂျင်ဟူ ကို ကားဝယ်ဖို့ ကူညီပေးနေတာပါ"
"ဒါဆို နင်က ဘာလို့ စာချုပ်မှာ လက်မှတ်ထိုးနေရတာလဲ"
"..."
ဘာလို့ ကားဝယ်နေတာပါလို့ ယုံယုံကြည်ကြည်နဲ့ ဒီကောင်က မပြောနိုင်ရတာလဲ။
ဒီကားက ငါ့ကားပါလို့ ဘာလို့ မပြောနိုင်ရတာလဲ။
စာရွက်စာတမ်းကိစ္စတွေ ပြီးသွားတော့ ကျွန်တော်တို့တွေ အပြင်ထွက်ခဲ့ကြတယ်။ အရောင်းကိုယ်စားလှယ်က ကားတွေ ရပ်ထားတဲ့နေရာအထိ ပြေးထွက်လာတယ်။
"သတ်မှတ်ထားတဲ့ နေ့ရက်မှာ သတ်မှတ်ထားတဲ့ နေရာကို ကားရောက်အောင် ပို့ပေးပါ့မယ်။ အဲဒီကျရင် စစ်ဆေးပေးပါဦး"
ကားပေါ်တက်တော့ ကျွန်တော် အယ်လီ ကို မေးလိုက်တယ်။
"အခု ဘယ်သွားကြမလဲ"
သူက မေးလာမှာကို စောင့်နေတဲ့အတိုင်း ပြန်ဖြေတယ်။ "ဝိုမီဒို သွားကြမလား။ အဲဒီမှာ Disco Pang Pang က နာမည်ကြီးတယ်လို့ ကြားဖူးတယ်"
အစ်မဟျွန်းဂျူး က ချက်ချင်း ဝင်တားတယ်။
"ငါတော့ မလိုက်တော့ဘူးနော်။ ကြိုပြောထားတာ"
"ဘာတွေ ပြောနေတာလဲ။ အပြင်ရောက်မှတော့ အားလုံး အတူတူ ပျော်ရအောင်လေ"
အဲဒီလိုနဲ့ ဝိုမီဒို ကို ထွက်လာခဲ့ကြတယ်။
ဝိုမီဒို ရောက်တော့ Disco Pang Pang အပါအဝင် ကစားကွင်းက ကစားစရာတွေကို အတူတူ စီးပြီး ပျော်ခဲ့ကြတယ်။ မှောင်စပြုလာတော့ ပင်လယ်နားက ဆိုင်တစ်ဆိုင်မှာ ဆာရှိမိ စားကြပါတယ်။ စကားတွေ အများကြီး ပြောဖြစ်ကြပြီး ညမိုးချုပ်မှ ဟိုတယ်ကို ပြန်ရောက်ကြတယ်။
နောက်နေ့ မနက်။
နောက်ဆုံးတော့ ပြန်ရမယ့် နေ့ကို ရောက်လာခဲ့ပြီ။
ကျွန်တော်တို့တွေ အင်ချွန်း လေဆိပ်ကို အတူတူ သွားခဲ့ကြတယ်။ အလုပ်ပိတ်ရက် မဟုတ်ပေမဲ့ လေဆိပ်မှာတော့ လူတွေနဲ့ စည်ကားနေတာပါပဲ။
အစ်မဟျွန်းဂျူး နဲ့ အယ်လီ က လေကြောင်းလိုင်း ကောင်တာမှာ Boarding လုပ်တာတွေ ပြီးသွားပါပြီ။ သူတို့က ဟောင်ကောင်မှာရှိတဲ့ သူတို့ရဲ့ မူလ အလုပ်တွေဆီ ပြန်ကြတော့မှာလေ။
လေယာဉ်ဆီ မသွားခင်မှာ ကျွန်တော်တို့တွေ နောက်ဆုံး နှုတ်ဆက်စကား ပြောဖြစ်ကြတယ်။
"အစ်မတို့ နှစ်ယောက်လုံး ပင်ပန်းသွားပါပြီ"
ကျွန်တော့်စကားကြောင့် အယ်လီ က မျက်မှောင်လေးကြုတ်ပြီး ပြောတယ်။
"ကန်ဂျင်ဟူ လည်း ပင်ပန်းခဲ့တာပဲလေ"
အစ်မဟျွန်းဂျူး က ကျွန်တော့်ကို ပြောတယ်။
"CarOS နဲ့ ညှိနှိုင်းမှု အပြီးသတ်တာနဲ့ ကျွန်တော် ချက်ချင်း ဖုန်းဆက်လိုက်ပါ့မယ်"
"ဟုတ်ကဲ့။ အဆုံးအထိ သေသေချာချာ ကိုင်တွယ်ပေးပါဦး"
တက်ဂယူ က လက်ဝှေ့ယမ်းပြတယ်။
"ဂရုစိုက်သွားနော်။ မမ"
"ကန်ဂျင်ဟူ၊ ဒီကောင် ဟိုဟိုဒီဒီလျှောက်မလုပ်အောင် သေသေချာချာ စောင့်ကြည့်ပေးပါဦး" လို့ အစ်မဟျွန်းဂျူး က ပြောတယ်။
ကျွန်တော် ခေါင်းညိတ်လိုက်တယ်။
"ကျွန်တော် တာဝန်ယူပြီး ကြပ်မတ်ပေးပါ့မယ်"
တက်ဂယူက ပုခုံးတွန့်ပြတယ်။
"ငါက ကလေးမှ မဟုတ်တာ"
အယ်လီ က ကျွန်တော့်ဆီကို လက်ကမ်းပေးလာတယ်။
"အတူတူ အလုပ်လုပ်ရတာ ပျော်စရာကောင်းခဲ့ပါတယ်"
ကျွန်တော် သူ့လက်ကို ဆွဲလိုက်တယ်။
"ငါလည်း အတူတူပါပဲ"
"နောက်ကျရင် ဟောင်ကောင် ကိုလည်း လာလည်ဦးနော်။ အဲဒီကျရင် ငါ လိုက်ပြပါ့မယ်"
"လာခဲ့ပါ့မယ်"
အယ်လီ က တစ်ခုခု ပြောချင်နေတဲ့အတိုင်း ကျွန်တော့်မျက်နှာကို ကြည့်ပြီး တုံ့ဆိုင်းနေပါတယ်။
"ဟိုလေ..."
အဲဒီအချိန်မှာ အစ်မဟျွန်းဂျူး က ကြားဖြတ်ပြောလိုက်တယ်။
"ဘာဖြစ်လို့လဲ၊ အယ်လီ။ ငါတို့တွေ အထဲဝင်ရတော့မယ်လေ"
"ဪ။ အင်း။ ဒါဆို နောက်မှ ပြန်တွေ့ကြမယ်နော်၊ ကန်ဂျင်ဟူ။ တက်ဂယူ လည်း အတူတူပဲ"
အဲဒီလိုနဲ့ အစ်မဟျွန်းဂျူး နဲ့ အယ်လီ က လေယာဉ်ဆီ သွားတဲ့ဘက်ကို ဝင်သွားကြတယ်။ နှမြောတသဖြစ်စွာနဲ့ ကျွန်တော် ခဏလောက် ရပ်ကြည့်နေမိတယ်။ တက်ဂယူ က "ပြီးပြီမလား" လို့ မေးမှ သတိပြန်ဝင်လာတယ်။
"အင်း"
"ပြန်ကြစို့"
ကျွန်တော်တို့တွေ ကားပေါ်တက်ခဲ့ကြတယ်။
အင်ချွန်း လေဆိပ်ကနေ အိမ်ကို ပြန်ဖို့က အတော်လေး ဝေးပါတယ်။ တက်ဂယူ က လေဆိပ် အမြန်လမ်းပေါ်မှာ အရှိန်ပြင်းပြင်း မောင်းနေတယ်။
ဟိုတယ်က ဘဝကို အဆုံးသတ်ပြီး အိမ်ပြန်ရမယ်လို့ တွေးလိုက်တာနဲ့ တစ်မျိုးလေး ခံစားရတယ်။ ဒါမှမဟုတ် ကျွန်တော်တို့နှစ်ယောက်ထဲ ကျန်ခဲ့လို့လား မသိပါဘူး။
နောက်ဆိုရင် နေ့တိုင်း မနက်စာကို ၄ ယောက် အတူတူ စားဖြစ်ကြတော့မှာ မဟုတ်ဘူးလေ။
"အိမ်မပြန်ခင် စီနီယာ ဆန်းယော့ ဆီကို ခဏ ဝင်ရအောင်"
"အိုကေလေ"
ယော့ဆမ်ဒေါင်း ရဲ့ လမ်းကြားထဲက အဆောက်အဦး သေးသေးလေးတစ်ခုဆီကို ကျွန်တော်တို့တွေ ရောက်လာခဲ့တယ်။
K Company ရဲ့ ရုံးခန်းက ဒီက ၅ ထပ်မှာ ရှိတယ်လို့ ကြားဖူးပေမဲ့ လူကိုယ်တိုင် လာတာကတော့ ဒါ ပထမဆုံးအကြိမ်ပါ။
ဓာတ်လှေကားနဲ့ တက်သွားပြီး ဆိုင်းဘုတ်တောင် မရှိတဲ့ တံခါးတစ်ခုကို ဖွင့်ဝင်လိုက်တော့ စီနီယာ ဆန်းယော့ က နွေးနွေးထွေးထွေး ကြိုဆိုပါတယ်။
"အင်ချွန်းလေဆိပ် ကနေ တန်းလာတာလား"
"ဟုတ်ပါတယ်"
"ပင်ပန်းသွားပြီ"
ရုံးခန်းက အလှဆင်တာတွေ မပြီးသေးဘူး။ စားပွဲတွေနဲ့ ကွန်ပျူတာတွေလိုမျိုး ပရိဘောဂတွေကိုပဲ အရင် သယ်လာပုံရတယ်။
ကျွန်တော် ပတ်ပတ်လည်ကို ကြည့်ပြီး ပြောလိုက်တယ်။
"ဝမ် သန်း ၇၀,၀၀၀ တန်တဲ့ ကုမ္ပဏီတစ်ခုအတွက်တော့ ရုံးခန်းက အတော်လေး ရိုးရှင်းနေတာပဲ"
စီနီယာ ဆန်းယော့ က ပြုံးပြီး ပြန်ဖြေတယ်။
"ရိုးရှင်းတာက မကောင်းဘူးလား"
ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေကတော့ ရင်းနှီးမြှုပ်နှံမယ့်သူတွေ ယုံကြည်မှုရှိအောင် ရုံးခန်းကို ခမ်းခမ်းနားနား ပြင်ဆင်တတ်ကြပါတယ်။
ရင်းနှီးမြှုပ်နှံမှုတွေ ဆွဲဆောင်နိုင်ပြီး အမြတ်ရရင် အောင်မြင်တဲ့ လုပ်ငန်းရှင် ဖြစ်လာသလို၊ မအောင်မြင်ရင်တော့ လူလိမ် ဖြစ်သွားတတ်ကြတာလေ။
ဒါပေမဲ့ K Company ကတော့ မိခင်ကုမ္ပဏီဖြစ်တဲ့ OTK Company ဆီကနေ ရင်းနှီးမြှုပ်နှံမှု ရထားပြီးသားဖြစ်လို့ တခြားသူတွေဆီက ရင်းနှီးမြှုပ်နှံမှုတွေ ရှာဖို့ မလိုပါဘူး။
"အတွင်းပိုင်း အပြင်အဆင်က ကုမ္ပဏီရဲ့ အငွေ့အသက်ကို တစ်မျိုး ပြောင်းလဲစေတာပဲ။ အစည်းအဝေးခန်းနဲ့ စီအီးအို ရုံးခန်းတွေလည်း သီးသန့် ရှိတယ်နော်"
"ဒီအခန်းမှာ အရင်က စာအုပ်ထုတ်ဝေရေး လုပ်ငန်း သေးသေးလေးတစ်ခု ရှိခဲ့တာ။ သူတို့ အောင်မြင်သွားပြီးမှ ပိုကြီးတဲ့နေရာကို ပြောင်းသွားကြတာလေ"
"K Company လည်း အဲဒီလို ဖြစ်လာမှာပါ"
ကျွန်တော့်စကားကို စီနီယာ ဆန်းယော့ က ရယ်ပြီး ပြန်ပြောတယ်။
"နောက်နှစ်အနည်းငယ်အတွင်းမှာ တီဟီရန်ရို ပေါ်မှာ အဆောက်အဦးတစ်ခု ဝယ်ဖို့ ငါ စီစဉ်ထားတယ်"
"နောက်တစ်နှစ်လောက်ဆိုရင် ဖြစ်နိုင်ပါတယ်"
တကယ်တော့ ကျွန်တော်သာ အလိုရှိရင် အခုချက်ချင်းတောင် ဝယ်ပေးလို့ ရပါတယ်။ ဒါပေမဲ့ ပိုက်ဆံတွေကို ရင်းနှီးမြှုပ်နှံမှုတွေဘက်ကိုပဲ လှည့်ထားလို့ မဝယ်ဖြစ်သေးတာပါ။
"ထမင်းစားပြီးပြီလား"
"မစားရသေးဘူး။ မင်းတို့နဲ့ အတူတူ စားဖို့ စောင့်နေတာ"
တက်ဂယူ က ပြောတယ်။
"တရုတ်ဆိုင်ကနေ မှာစားကြမလား။ ဒီလိုနေ့မျိုးဆိုရင် ပဲခေါက်ဆွဲက အကောင်းဆုံးပဲ"
ဒီနေ့က ဘယ်လိုနေ့မျိုးမလို့လဲ။ ဘာပဲဖြစ်ဖြစ်၊ မကြာသေးခင်ကမှ ဟိုတယ်မှာ ဇိမ်ခံစာတွေပဲ စားခဲ့ရတာဆိုတော့ ပဲခေါက်ဆွဲလိုဟာမျိုးကို သတိရနေမိတာ။
ကျွန်တော် တက်ဂယူ ကို ပြောလိုက်တယ်။
"ကျန်ပုန်း ခေါက်ဆွဲပြုတ် နဲ့ ဝက်သားချိုချဉ်ကြော်လည်း မှာလိုက်ဦး"
အခန်း (၅၀)
မကြာခင်မှာပဲ ပဲခေါက်ဆွဲ၊ ကျန်ပုန်းခေါက်ဆွဲပြုတ်၊ ထမင်းကြော်နဲ့ ဝက်သားချိုချဉ်ကြော်တွေ ရောက်လာပါတယ်။ ပစ္စည်းပို့တဲ့သူက ပစ္စည်းတွေ ရှုပ်ပွနေတဲ့ ရုံးခန်းကို လှည့်ကြည့်ပြီး ပြောတယ်။
"အခုမှ ပြောင်းလာတာ ထင်တယ်နော်။ နောက်ဆိုရင်လည်း မကြာမကြာ မှာပေးပါဦး၊ ကျွန်တော်တို့ဘက်က ဝန်ဆောင်မှုတွေ အများကြီး ပေးပါ့မယ်"
"ဟုတ်ကဲ့"
ကျွန်တော်တို့တွေ အားနေတဲ့ စားပွဲမှာ ဝိုင်းထိုင်ပြီး ပဲခေါက်ဆွဲနဲ့ ကျန်ပုန်းခေါက်ဆွဲပြုတ်ကို စားကြတယ်။ မစားဖြစ်တာ ကြာပြီဆိုတော့ ပိုတောင် အရသာရှိနေသလိုပဲ။ တရုတ်စာကတော့ ဘယ်အချိန်စားစား ကောင်းတာပါပဲလေ။
"နေဖို့ နေရာရော ရှာပြီးပြီလား"
"အခုမှ ရှာရဦးမှာ"
"ဒီအတောအတွင်း ဘယ်မှာ နေနေတာလဲ"
စီနီယာ ဆန်းယော့ က ထောင့်တစ်နေရာမှာ ခေါက်ထားတဲ့ ခုတင်လေးကို လက်ညှိုးထိုးပြတယ်။
"လောလောဆယ်တော့ ဒီမှာပဲ စားလိုက်၊ အိပ်လိုက် လုပ်နေတာပေါ့"
"ရေချိုးတာကျတော့ရော"
"လမ်းတစ်ဖက်က အဆောက်အဦးမှာ ဆောနား ချွေးထုတ်ခန်း ရှိတယ်လေ"
ကျောင်းတုန်းက သတိထားမိခဲ့သလိုပဲ စီနီယာက ဘယ်နေရာမှာမဆို အသားကျအောင် နေနိုင်တဲ့သူမျိုးပါ။ ဘယ်နေရာမှာပဲ ပစ်ထားထား သူကတော့ အဆင်ပြေအောင် နေသွားမှာပဲ။
"ဝန်ထမ်းတွေ ခေါ်ဖို့ အချိန်တန်ပြီနော်"
"စီနီယာက လူအချို့ကို အကြံပြုပေးထားတာ ရှိတယ်။ အခု အရေးကြီးတဲ့ ကိစ္စတွေ ပြီးသွားပြီဆိုတော့ အင်တာဗျူးတွေ စလုပ်ရတော့မယ်"
ဒီနေရာမှာ "စီနီယာ" လို့ သူပြောတာက သူ့အစ်မဖြစ်သူ ဟျွန်းဂျူး ကို ပြောတာပါ။
ကျွန်တော်တို့တွေ ယောင်ဂျုံး ကျွန်း က ဟိုတယ်မှာ နိုင်ငံခြား Startupတွေနဲ့ တွေ့ပြီး ရင်းနှီးမြှုပ်နှံဖို့ လုပ်နေတုန်း စီနီယာ ဆန်းယော့နဲ့ Golden Gate က ဝန်ထမ်းတွေက ပြည်တွင်း Startupတွေနဲ့ တွေ့ဖို့ အလုပ်ရှုပ်နေခဲ့ကြတာပါ။
သူက အလုပ်တွေ အရမ်းများနေတာကြောင့် အိမ်ရှာဖို့ရော ဝန်ထမ်းခေါ်ဖို့ရော အချိန်မရခဲ့ဘူး။ အခုမှ နည်းနည်း အသက်ရှူချောင်သွားပြီဆိုတော့ တစ်ခုချင်းစီကို စပြီး ကိုင်တွယ်ရတော့မှာပေါ့။
စီနီယာဆန်းယော့ က ရုတ်တရက် သတိရသလိုနဲ့ ပြောလာတယ်။
"ဒါနဲ့ ကီဟုမ် ကို သိလား"
"စီနီယာ ကီဟုမ် လား။ ကျွန်တော်တို့ဌာနက စီနီယာပဲ၊ သိတာပေါ့။ သိပ်မကြာသေးခင်ကတောင် တွေ့သေးတယ်"
ဌာနတူတာကြောင့် စီနီယာဆန်းယော့ နဲ့ စီနီယာကီဟုမ် ကလည်း ခင်ကြပါတယ်။ စီနီယာကီဟုမ် က စီနီယာဆန်းယော့ ထက် အရင် ကျောင်းပြီးသွားတာ ဆိုပေမဲ့ ကျောင်းဝင်နှစ်ကတော့ တစ်နှစ်ပဲ ကွာတာပါ။
"သူ အခု အလုပ်လက်မဲ့ ဖြစ်နေတယ်လေ"
"ဪ။ တကယ်ကြီးလား"
KYB Securities ကနေ ထွက်ပြီး PEF ဘက်ကို ရှာနေတာ အဆင်မပြေဖြစ်နေပုံပဲ။ ဒီဘက်ခေတ်မှာ အလုပ်ရှာရတာက ထင်သလောက် မလွယ်ဘူးလေ။
"ပြီးခဲ့တဲ့ ရက်ပိုင်းက သူ ငါ့ဆီ ဖုန်းဆက်လာတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေအကြောင်း မေးနေတာနဲ့ တွေ့ဖို့တော့ ချိန်းထားလိုက်တယ်"
"K Company မှာ ခန့်ဖို့ စဉ်းစားနေတာလား"
စီနီယာ ဆန်းယော့ က နောက်သလိုလိုနဲ့ ပြောတယ်။
"အရင် ဆွေးနွေးကြည့်ကြတာပေါ့။ မင်းရော အင်တာဗျူးမှာ ဝင်ထိုင်မလား"
ကျွန်တော်က စီနီယာ ကီဟုမ် ကို ရှေ့မှာ ထိုင်ခိုင်းပြီး အင်တာဗျူးမယ့်သူအဖြစ် လုပ်ရမယ်ဆိုရင်တော့ အတော်လေး ရယ်ရမှာပဲ။ အလုပ်မရသေးတဲ့ စီနီယာတွေကို တန်းစီခိုင်းပြီး အင်တာဗျူးရမယ့် အခြေအနေမျိုးပေါ့။
ဒါမျိုးက အလုပ်အကိုင် ဖန်တီးပေးတာနဲ့ တီထွင်ဆန်းသစ်တဲ့ စီးပွားရေးဆိုတာလို့ ခေါ်ရမယ်ထင်တယ်။
ကျွန်တော် လက်ကာပြလိုက်တယ်။
"စီနီယာပဲ ကိုင်တွယ်လိုက်ပါ"
ယုံကြည်စိတ်ချရတဲ့ စီနီယာ ဆန်းယော့ နဲ့ မတူတာက စီနီယာ ကီဟုမ်က လျှို့ဝှက်ချက် ထိန်းနိုင်တဲ့သူ မဟုတ်ပါဘူး။ သူက အရက်တစ်ခွက်လောက် သောက်လိုက်တာနဲ့ လျှို့ဝှက်ချက်တွေက ရေပိုက်ခေါင်း ဖွင့်ထားသလို ထွက်လာတော့တာလေ။
တကယ်လို့ ကျွန်တော်သာ အင်တာဗျူးသွားလုပ်ရင် နောက်နေ့ကျ ကျောင်းတစ်ကျောင်းလုံး သတင်းတွေ ပျံ့ကုန်မှာ အသေအချာပဲ။
စီနီယာ ဆန်းယော့ က နားလည်သွားသလို ခေါင်းညိတ်တယ်။
"ဟုတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဝန်ထမ်းသစ်တွေကို မြန်မြန်ခေါ်ရမယ်။ ဒီအတိုင်းဆိုရင် ငါပဲ အရင် လဲသေတော့မှာ"
သူ့မျက်နှာကို ကြည့်လိုက်တော့ မျက်လုံးတွေက ချောင်ကျနေပြီး အတော်လေး ပင်ပန်းနွမ်းနယ်နေပုံပဲ။ ကိုယ်အလေးချိန်လည်း နည်းနည်း ကျသွားပုံရတယ်။
"အိပ်ရေးရော ဝရဲ့လား"
ကျွန်တော့်အမေးကို စီနီယာ ဆန်းယော့ က သက်ပြင်းအရှည်ကြီး ချပြီး ပြန်ဖြေလိုက်တယ်။
"တစ်နေ့ကို ၃ နာရီလောက်တော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ရပါတယ်"
ကျွန်တော် ခပ်ဟဟ ရယ်လိုက်တယ်။
"အဲဒါဆိုလည်း တော်သေးတာပေါ့"
တက်ဂယူ က ဝင်ပြောတယ်။
"Golden Gate ကို ဝင်သွားတဲ့ ကျွန်တော့်အစ်မတောင် ပြောဖူးတယ်။ နှစ်အနည်းငယ်လောက်အထိ သူ့ရဲ့ ဆန္ဒက ကောင်းကောင်း အိပ်ချင်တာပဲတဲ့"
ငွေကြေးလောကရဲ့ ပြဿနာက အဲဒါပါပဲ။
ပိုက်ဆံတွေ ရှာနေလို့ရော ဘာထူးမှာလဲ။ မသုံးလိုက်ရခင် သေသွားနိုင်တာပဲလေ။
အားလုံး စားသောက်ပြီးတော့ ပန်းကန်အလွတ်တွေကို အပြင်ထုတ်ထားလိုက်ကြတယ်။ စီနီယာ ဆန်းယော့ က ရေနွေးအိုးတည်ပြီး အသင့်ဖျော်ကော်ဖီ ဖျော်ပေးတယ်။
"စာရင်းကိုင်ဌာနအတွက် တစ်ယောက်ယောက်ကို မြန်မြန်ခန့်ရမယ်။ အခုတော့ ဘောပင် ဒါမှမဟုတ် ကော်ဖီထုတ် လိုတာနဲ့တင် ငါကိုယ်တိုင် ဆိုင်ကို သွားနေရတယ်ကွ"
အသစ်တစ်ခုခု စလုပ်ရတာက အမြဲတမ်း ခက်ခဲတာပါပဲ။
ကော်ဖီသောက်ပြီးတဲ့နောက်မှာတော့ တကယ့် အလုပ်အကြောင်း တွေကို စပြီး ဆွေးနွေးကြတယ်။
အစ်မဟျွန်းဂျူး က OTK Company ကနေ ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီစာရင်းကို Shared Cloud ပေါ် တင်ပေးထားတယ်။ စီနီယာ ဆန်းယော့ ကလည်း K Company ကနေ ရင်းနှီးမြှုပ်နှံထားတဲ့ ပြည်တွင်းကုမ္ပဏီစာရင်းတွေကို စုစည်းထားပါတယ်။
ဘယ်ဘက်ကပဲ ရင်းနှီးမြှုပ်နှံထားတာဖြစ်ဖြစ် ဘဏ္ဍာရေး အစီရင်ခံစာတွေကို လက်ခံရယူဖို့၊ ခွဲခြမ်းစိတ်ဖြာဖို့နဲ့ နောက်ပိုင်းမှာ စီမံခန့်ခွဲဖို့က K Company ရဲ့ တာဝန်ပဲ ဖြစ်လာမှာပါ။
"ငါ နည်းနည်း သိချင်နေတာရှိတယ်။ ဒီကုမ္ပဏီတွေကို ရွေးချယ်ဖို့ ဘယ်လို စံနှုန်းတွေကို သုံးခဲ့တာလဲ"
ရွေးထားတဲ့ကုမ္ပဏီတွေကြားမှာ နိုင်ငံသား၊ စက်မှုလုပ်ငန်း ဒါမှမဟုတ် လုပ်ငန်းအမျိုးအစား စတာတွေမှာ တူညီတဲ့ အချက်တစ်ခုမှ မရှိပါဘူး။ တချို့လုပ်ငန်းတွေက ချက်ချင်းကြီး ပေါက်သွားမယ့်ပုံမျိုး ဖြစ်နေပေမဲ့ တချို့ကျတော့ တကယ်ရော ဖြစ်နိုင်ပါ့မလားလို့ သံသယဝင်စရာတွေပါ။
"အံစာတုံး ခေါက်ပြီး ရွေးလိုက်တာလေ"
စီနီယာ ဆန်းယော့ က ကြောင်ကြည့်နေတယ်။
"တကယ်ကြီးလား"
"နောက်တာပါ။ အနာဂတ်မှာ တိုးတက်လာမယ့် အလားအလာရှိမယ်လို့ ယုံကြည်ရတဲ့ ကုမ္ပဏီတွေကိုပဲ ကျွန်တော် ရွေးခဲ့တာ။ ၁၀ ရာခိုင်နှုန်းလောက်ပဲ အောင်မြင်သွားရင်တောင် ဒါက အကြီးအကျယ် အောင်မြင်တာပဲ မဟုတ်လား"
"အဲဒါတော့ ဟုတ်ပါတယ်"
အစောပိုင်းအဆင့် Startup တွေကို ရင်းနှီးမြှုပ်နှံတာက အောင်မြင်သွားရင် အနည်းဆုံး အဆ ၁၀ ကနေ အဆ ၁၀,၀၀၀ ကျော်အထိ ပြန်ရနိုင်တာက မဆန်းပါဘူး။
"ကျွန်တော်တို့မှာ ပိုက်ဆံ ဘယ်လောက် ကျန်သေးလဲ"
"သန်း ၆,၇၀၀"
မူလအရင်းအနှီး သန်း ၇၀,၀၀၀ ထဲက ၉၀ ရာခိုင်နှုန်းကျော်ကို Startup တွေမှာ ရင်းနှီးမြှုပ်နှံလိုက်တာတောင် သန်း ၆,၇၀၀ ကျန်နေသေးတာက မနည်းပါဘူး။
အဲဒီထဲက သန်း ၁,၀၀၀ လောက်ကိုတော့ နောက်ပိုင်းမှာ ဝန်ထမ်းလစာတွေနဲ့ လုပ်ငန်းလည်ပတ်စရိတ်တွေအတွက် သုံးရမှာပါ။
စီနီယာ ဆန်းယော့ က အေးအေးဆေးဆေးပဲ မေးလာတယ်။
"ကျန်တဲ့ ပိုက်ဆံတွေကို ငါ ရင်းနှီးမြှုပ်နှံလိုက်ရင် အဆင်ပြေလား"
"စီနီယာ ရင်းနှီးမြှုပ်နှံချင်တဲ့ အရာ ရှိလို့လား"
သူက ကျွန်တော့်အမေးကို စောင့်နေတဲ့အတိုင်း ခေါင်းညိတ်တယ်။
"စိတ်ကူးထားတာ တချို့ ရှိပါတယ်"
သူက ထုံပေပေပုံစံ ရှိပေမဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ရင်တော့ ထက်မြက်တဲ့ ပင်ကိုသိစိတ် ရှိပါတယ်။ သူ့မျက်နှာကို ကြည့်ရတာ အခွင့်အရေးကောင်းတစ်ခုကို မိထားပုံပဲ။
"စီနီယာ သဘောအတိုင်းသာ လုပ်ပါ။ ကုမ္ပဏီ လည်ပတ်မှုကို မထိခိုက်သရွေ့တော့ ပိုက်ဆံ နည်းနည်း ရှုံးသွားရင်တောင် ကျွန်တော် ဘာမှ မပြောပါဘူး"
စီနီယာ ဆန်းယော့ က ဝမ်းသာသွားပုံရတယ်။
"တကယ်လား။ နောက်မှ စကား မပြောင်းနဲ့နော်"
သူလည်း သူလုပ်ချင်တာကို လုပ်ဖို့အတွက် လက်ယားနေတာ ဖြစ်ရမယ်။ အခုထိ ဘယ်လိုတောင် အောင့်ထားခဲ့လဲ မသိဘူး။
ကျွန်တော်တို့တွေ အိမ်ပြန်ရောက်ပြီး အေးအေးဆေးဆေး အနားယူလိုက်ကြတယ်။ အဓိက ရင်းနှီးမြှုပ်နှံမှုတွေ ပြီးသွားပြီဖြစ်သလို ပိုက်ဆံတွေလည်း အကုန်နီးပါး သုံးပြီးသွားပြီဆိုတော့ လုပ်စရာ သိပ်မရှိတော့ဘူးလေ။
ရက်အနည်းငယ် ကြာပြီးနောက်မှာတော့ အစ်မဟျွန်းဂျူး ဆီက ဖုန်းဝင်လာတယ်။
"CarOS နဲ့ ညှိနှိုင်းမှုက နောက်ဆုံးတော့ ပြီးသွားပြီ"
"ဘယ်လောက်လဲ"
"ဒေါ်လာ ၈၈ သန်း။ အခု CarOS က OTK Company ပိုင် ဖြစ်သွားပြီ"
"တော်လိုက်တာ။ အစ်မဟျွန်းဂျူး"
ကျွန်တော် စိတ်ထဲကနေ ကြိတ်ပြီး ဝမ်းသာသွားတယ်။
စာချုပ်မှာ လက်မှတ်မထိုးရသေးခင်အထိတော့ ဘာမှ အသေအချာ မပြောနိုင်ဘူးလေ။ ညှိနှိုင်းမှုတောက်လျှောက် ဘယ်လိုဖြစ်လာမလဲဆိုတာ စိုးရိမ်နေခဲ့တာ၊ ကံကောင်းထောက်မစွာနဲ့ပဲ အဆင်ပြေပြေ ပြီးသွားခဲ့ပြီ။
အစတုန်းက ဒေါ်လာ သန်း ၁၀၀ တောင်းခဲ့တာနဲ့ ယှဉ်ရင် ၁၂ ရာခိုင်နှုန်းလောက် လျှော့ဈေး ရခဲ့တာပါ။ အွန်ဆောင်း ဘက်ကလည်း မြန်မြန် ဖယ်ထုတ်ချင်နေပုံရတယ်။
သူတို့ ဈေးပေါပေါနဲ့ ရောင်းလိုက်တဲ့ ကုမ္ပဏီက အနာဂတ်မှာ ကမ္ဘာကြီးကို ပြောင်းလဲပစ်လိမ့်မယ်လို့ သူတို့ ဘယ်လိုမှ ထင်ထားမှာ မဟုတ်ဘူးလေ။ ဟုတ်တယ်မလား။
နောက်ကနေ အသံတစ်ခု ထွက်လာတယ်။
[ကန်ဂျင်ဟူ လား။ ငါ့ကိုလည်း ပေးပြောဦး]
ခဏနေတော့ အသံက ပြောင်းသွားတယ်။
"ဟေ့…. ကန်ဂျင်ဟူ။ နေကောင်းလား"
အယ်လီ ပါ။
"ဟုတ်ကဲ့။ အယ်လီ ရော နေကောင်းလား"
"ဒီမှာက ပျင်းစရာကြီး။ အနောက်တိုင်းဝတ်စုံပြည့် ဝတ်ထားတဲ့ ယောက်ျားတွေပဲ ရှိတယ်။ ကန်ဂျင်ဟူ နဲ့ အတူတူ အလုပ်လုပ်ရတာပဲ ပျော်ဖို့ကောင်းတယ်"
"ငါလည်း အတူတူပါပဲ"
[(အစည်းအဝေးစဖို့ အချိန်တန်ပြီ၊ အယ်လီ) ဪ၊ အင်း။ ဒါဆို နောက်မှ ဖုန်းပြန်ဆက်လိုက်မယ်နော်]
ကျွန်တော် ဖုန်းချလိုက်တယ်။
တကယ်ကို ရုံးဝန်ထမ်းတွေက အလုပ်ရှုပ်ကြတာပဲ။ စီနီယာ ဆန်းယော့ ကလည်း ရုံးခန်း အတွင်းပိုင်း ပြင်တာနဲ့ ဝန်ထမ်းသစ် ခေါ်တာတွေနဲ့ အလုပ်ရှုပ်နေပါတယ်။
ကျွန်တော်တို့နှစ်ယောက်ကတော့ ပျင်းလွန်းလို့ သမ်းတောင် သမ်းမိတော့မယ်။
ဒီတစ်ကြိမ်မှာတော့ ကားရောက်ပြီဆိုတဲ့ ဖုန်းဝင်လာတယ်။ အရောင်းကိုယ်စားလှယ် ကင်ဒိုယွန်း က ကားလာပို့တဲ့သူနဲ့အတူ ကျွန်တော်တို့အိမ်ကို လာပြီး သော့ပေးတယ်။
ဂိုထောင်ထဲမှာတော့ မီးခိုးရောင် 7 Series နဲ့ အပြာရောင် i8 တို့က Octa Kukka နဲ့ ဘေးချင်းယှဉ်ပြီး တန်းစီနေကြတာပေါ့။
7 Series ကတော့ လက်ကျန် ရှိပေမဲ့ i8 အတွက်ကတော့ တစ်လလောက် စောင့်ရမှာပါ။ ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ မှာထားတဲ့သူတစ်ယောက်က ပြန်ဖျက်လိုက်တာ ရှိတာကြောင့် ချက်ချင်း ရခဲ့တာလေ။
အစတုန်းက ရွေးခဲ့တဲ့ Crystal White အရောင် မဟုတ်ဘဲ Protonic Blue အရောင် ဖြစ်နေပေမဲ့ တက်ဂယူ က ကိစ္စမရှိဘူး၊ ချက်ချင်းရရင် ရပြီလို့ ပြောတာနဲ့ ယူလိုက်တာပါ။
ငါ့အမြင်မှာတော့ အပြာရောင်က အဖြူရောင်ထက် ပိုကြည့်ကောင်းပါတယ်။ ဆီဒန်ကားတွေဆိုရင် အဖြူကပိုလှလောက်ပေမဲ့ ဒီအရောင်က ပြိုင်ကားတွေနဲ့ဆိုရင် အတော်လေး လိုက်ဖက်တာလေ။
အရောင်းကိုယ်စားလှယ်ရဲ့ လမ်းညွှန်မှုအတိုင်း ကားကို စစ်ဆေးပြီး စာရွက်စာတမ်းတွေမှာ လက်မှတ်ထိုးလိုက်ကြတယ်။
"အဆက်အသွယ်ကောင်း ရခဲ့လို့ ကျေးဇူးတင်ပါတယ်။ လိုအပ်တာ ဒါမှမဟုတ် သိချင်တာ ရှိရင်လည်း အချိန်မရွေး ဆက်သွယ်ပေးပါ"
"ဟုတ်ကဲ့"
ရပ်ထားတဲ့ ကားတွေကို ကြည့်ရင်း တက်ဂယူ က မေးတယ်။
"ဘယ်ကား မောင်းကြမလဲ"
i8 ကတော့ နှစ်ယောက်စီးဖို့ ခက်ပါတယ်။
ကျွန်တော် 7 Series ရဲ့ ခေါင်းပိုင်းကို လက်နဲ့ ပုတ်လိုက်တယ်။
"ဒါကိုပဲ ယူသွားကြတာပေါ့"
အမေ့အိမ်ကို ရောက်တဲ့အခါ ပစ္စည်းတွေ ထုပ်ပိုးတာက အကုန်နီးပါး ပြီးနေပါပြီ။ အစကတည်းက ပစ္စည်းက သိပ်မများတာလည်း ပါတာပေါ့။
"ကျွန်တော်တို့ ရောက်ပြီ။ အမေ"
"ဪ။ တက်ဂယူ လည်း ပါလာတာပဲ"
အမေက နွေးနွေးထွေးထွေး ကြိုဆိုပါတယ်။ မူလအိမ်ဟောင်းကို ပြန်ရတော့မှာမလို့လား မသိဘူး၊ အမေ့မျက်နှာမှာ ပျော်ရွှင်နေတဲ့ အမူအရာကို ဖုံးကွယ်မထားနိုင်ပါဘူး။
ပစ္စည်းသယ်တဲ့သူတွေက ထုပ်ပိုးထားတဲ့ ပစ္စည်းတွေကို ကားပေါ် တင်လိုက်ကြတယ်။
အရင်က ငှားနေတဲ့အိမ်ကိုတော့ ရောင်းဖို့ တင်ထားပြီးသားပါ။ ကျွန်တော်တို့တွေ စောစောထွက်သွားတာဖြစ်ဖြစ်၊ စာချုပ်သက်တမ်းကုန်တဲ့အထိ စောင့်ပြီးမှ စပေါ်ငွေ ပြန်ယူတာဖြစ်ဖြစ် ကိစ္စမရှိပါဘူး။
"ဒါဆိုရင် ဟိုမှာပဲ ပြန်တွေ့ကြတာပေါ့"
ပစ္စည်းတွေ တင်ထားတဲ့ ကားက အရင် ထွက်သွားတယ်။
"ကျွန်တော်တို့လည်း သွားကြရအောင်"
တီတီ
Remote Key ကို နှိပ်လိုက်တော့ 7 Series ရဲ့ မီးတွေ လင်းလာတယ်။ ကားပါကင်မှာ ရပ်ထားတဲ့ ဆီဒန်ကားကြီးကို မြင်တော့ အမေက အံ့သြသွားတယ်။
"ဒါက ဘယ်လိုကားမျိုးလဲ"
ကျွန်တော် ပြုံးပြီး ပြောလိုက်တယ်။
"အိမ်သစ်တက် အမှတ်တရ လက်ဆောင်ပါ။ အမေ မောင်းဖို့အတွက် ဝယ်ပေးတာ"
အဲဒါကြောင့်ပဲ 7 Series ကို ကျွန်တော်ရွေးခဲ့တာပါ။
အရင်က ကျွန်တော်တို့မိသားစုကားက 'အွန်ဆောင်း' က ထုတ်တဲ့ Chevrolet Caprice ဆီဒန်ကားကြီးလေ။ အဖေ မမောင်းတဲ့အချိန်တွေမှာ အမေက အဲဒီလို ကားကြီးတွေကို မောင်းရတာ ကျင့်သားရနေတာကြောင့် ဒါက ပိုလိုက်ဖက်မယ်လို့ ထင်ခဲ့တာပါ။
အပြင်ပန်းပုံစံနဲ့ ဘေးကင်းလုံခြုံမှုကို ကြည့်ရင်တော့ ဆီဒန်ကားကြီးတွေကို ဘာမှ မယှဉ်နိုင်ပါဘူး။
"ဒါကို နင် ဝယ်တာလား၊ ကန်ဂျင်ဟူ"
"ဟုတ်ကဲ့။ ဟိုအိမ်က မြေအောက်ရထားဘူတာနဲ့ ဝေးတယ်လေ။ ဈေးဝယ်ထွက်တာတို့ အပြင်သွားတာတို့ဆိုရင် ကားလိုမှာပဲ"
"ဒါပေမဲ့ ဘာလို့ ဒီလောက်အကောင်းစားကြီး... ဒါက ဘယ်လောက်တောင် ပေးရတာလဲ"
"လျှော့ဈေး ရလို့ ဈေးပေါပါတယ်။ အမေ။ စိတ်မပူပါနဲ့၊ ကျွန်တော့်မှာ ပိုက်ဆံတွေ အများကြီး ရှိပါတယ်"
တကယ်တော့ ကျွန်တော့်မှာ ပိုက်ဆံ မလောက်လို့ OTKဘဏ္ဍာထိန်းကြီးဆီကနေ ချေးပြီး ဝယ်ခဲ့ရတာပါ။
"ကားပေါ်တက်ရအောင်"
ကျွန်တော်က ကားမောင်းတဲ့နေရာမှာထိုင်ပြီး တက်ဂယူ က ဘေးက ထိုင်ပါတယ်။ အမေကတော့ နောက်ခန်းမှာ ထိုင်ပါတယ်။
ကျွန်တော် ကားစက်နှိုးလိုက်တယ်။ အမေက အတွင်းပိုင်းကို ဟိုကြည့်ဒီကြည့်လုပ်ရင်း ပွစိပွစိ ပြောတော့တာပဲ။
"ဘာလို့ ဒီလောက် ဈေးကြီးတဲ့ ကားကို ဝယ်ရတာလဲ။ ပြည်တွင်းဖြစ် တစ်ပတ်ရစ်ကား ကောင်းကောင်းလေး ဝယ်ရင်လည်း ရတာကို။ ဝယ်မယ်ဆိုရင်လည်း အမေ့ကို အရင် ပြောသင့်တာပေါ့။ နိုင်ငံခြားကားတွေက ပြုပြင်ထိန်းသိမ်းစရိတ်လည်း အရမ်းများတယ်လို့ ကြားဖူးတယ်"
စကားကသာ အဲဒီလို ပြောနေတာ၊ စိတ်ထဲမှာတော့ တကယ် သဘောကျနေပုံပါပဲ။
"ဒါပေမဲ့ BMW ကတော့ ကောင်းသားပဲ။ တိတ်ဆိတ်နေတာပဲ၊ ထိုင်ခုံတွေကလည်း နူးညံ့နေတာပဲ"
တက်ဂယူ က အမေ့ကို ပြောတယ်။
"ကျွန်တော့်မှာလည်း အမေ့အတွက် လက်ဆောင် ရှိသေးတယ်"
"ဟင်။ ဘာလက်ဆောင်လဲ"
"ဟဲဟဲ။ စိတ်ကူးကြည့်ထားလိုက်ပါ။ အန်တီ"
တစ်နာရီလောက် မောင်းပြီးတဲ့နောက်မှာတော့ အကုန်လုံး ပြင်ဆင်ပြီးသားဖြစ်တဲ့ ဒုံတန် က အိမ်ကို ရောက်လာခဲ့ကြတယ်။
TV၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက် အပါအဝင် အိမ်သုံးပစ္စည်းအစုံအလင် ရှိနေတဲ့ ဒုံတန် အိမ်က ပြီးခဲ့တဲ့တစ်ခေါက် ဆောင်း အီလက်ထရောနစ် မှာ အကြီးအကျယ် ဈေးဝယ်ခဲ့တုန်းကအတိုင်းပါပဲ။ တက်ဂယူ က ဝမ် သန်းပေါင်းများစွာ တန်တဲ့ ဘေလ်ကို ရှင်းခဲ့တာလေ။
"ဒါက ကျွန်တော့်ဆီက အိမ်သစ်တက် လက်ဆောင်ပါ။ အမေ"
အမေက မယုံနိုင်သလို ကြည့်နေတယ်။
"ငါ ဒီလောက်အထိ ဘဝကိုဖြတ်သန်းလာခဲ့တာတောင် ဘာတွေ ဖြစ်နေမှန်း အခုထိ နားမလည်နိုင်သေးဘူး"
ဝန်ထမ်းတွေက အိမ်သုံးပစ္စည်းတွေကို သယ်နေကြတုန်း အမေက ကလေးတစ်ယောက်လို ပျော်ရွှင်စွာနဲ့ အိမ်အနှံ့ လျှောက်ကြည့်ပြီး ပစ္စည်းတွေကို လိုက်စမ်းကြည့်နေတယ်။
"ပရိဘောဂတွေကိုတော့ ရည်ရွယ်ချက်ရှိရှိ မဝယ်ထားဘူး။ အမေ့စိတ်ကြိုက်ပဲ ပြင်ဆင်လိုက်ပါ"
ပစ္စည်းတွေ နေရာချပြီးတဲ့နောက်မှာတော့ အိမ်နားက စားသောက်ဆိုင်တစ်ခုမှာ အတူတူ စားကြပါတယ်။
"အလုပ်ကိစ္စကရော အဆင်ပြေရဲ့လား"
"အဆင်ပြေနေပါတယ်။ အဲဒါကြောင့် အမေ့ကို အနာဂတ် အစီအစဉ်တွေ ပြောပြမလို့..."
ကျွန်တော် အမေ့ကို ကျွန်တော့်ရဲ့ အစီအစဉ်တွေ ပြောပြလိုက်တယ်။
"ကျွန်တော် တက်ဂယူ နဲ့အတူ တစ်နှစ်လောက် ခရီးသွားရင်း ပညာနည်းနည်း ထပ်သင်မလို့ စဉ်းစားထားတယ်"
Oracle ကနေ ရှာတွေ့ခဲ့တဲ့ Startup တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြီးသွားပြီဖြစ်သလို OTK Company ရဲ့ လက်ကျန်ကလည်း အောက်ခြေထိ ရောက်သွားပါပြီ။ လောလောဆယ်တော့ ကျွန်တော့်မှာ လုပ်စရာ မရှိတော့ပါဘူး။
အစတုန်းကတော့ ခဏ အနားယူပြီး ကျောင်းပြန်တက်ဖို့ စဉ်းစားခဲ့တာပါ။ ဒါပေမဲ့ အတွေ့အကြုံမျိုးစုံကို ဖြတ်သန်းပြီးတဲ့နောက်မှာတော့ ကျွန်တော့်ရဲ့ အတွေးတွေက နည်းနည်း ပြောင်းလဲသွားခဲ့တယ်။
ဒီရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေတုန်းမှာ နိုင်ငံအသီးသီးက လူငယ်လုပ်ငန်းရှင်တွေကို တွေ့ခဲ့ရတယ်။ သူတို့က ပိုက်ဆံအများကြီး ရှာဖို့တင် မကဘဲ အိပ်မက်တွေနဲ့ ရှင်းလင်းတဲ့ ပန်းတိုင်တွေ ရှိကြတာပါ။
ပြီးတော့ အစ်မဟျွန်းဂျူး နဲ့ အယ်လီ တို့ အလုပ်လုပ်တာကို ကြည့်ပြီး ငွေကြေးလောကဆိုတာ မလွယ်ကူတဲ့ နေရာတစ်ခုမှန်း ကျွန်တော် သိလိုက်ရတယ်။
ကမ္ဘာကြီးက ကျွန်တော်တို့တွေ ထင်ထားတာထက် အများကြီး ပိုကျယ်ပြောပါတယ်။ သင်ယူစရာတွေ၊ သိစရာတွေ အများကြီး ရှိနေသေးတာပါ။
"ငါ အင်္ဂလိပ်စာလည်း ထပ်သင်ဖို့ လိုသေးတယ်"
"မင်းက အင်္ဂလိပ်လို ကောင်းကောင်း ပြောနိုင်တာပဲလေ"
"သိပ်မပြောနိုင်ပါဘူးကွာ"
သူတို့အမြင်မှာတော့ ကောင်းကောင်းပြောနိုင်တယ်လို့ ထင်ရပေမဲ့ ကျောင်းဝင်ခွင့်စာမေးပွဲနဲ့ TOEIC အတွက် သင်ခဲ့တဲ့ အင်္ဂလိပ်စာက ဝေါဟာရပိုင်းမှာ သိသိသာသာ အကန့်အသတ် ရှိနေတာကို ကျွန်တော် သိပါတယ်။
စီးပွားရေးလုပ်ဖို့ဆိုရင်တော့ သေသေချာချာ သင်ယူဖို့ လိုမှာပါ။
"ပြီးတော့ မင်းလည်း သင်ရမယ်"
တက်ဂယူ အံ့သြသွားတယ်။
"ငါက ဘာလို့သင်ရမှာလဲ။ မင်း ပြောနိုင်ရင်ပြီးတာပဲလေ"
"ငါက မင်းအတွက် တစ်သက်လုံး ဘာသာပြန်ပေးနေလို့ မရဘူးလေ။ ပြီးတော့ မင်း တစ်ယောက်ထဲ ရှိနေတဲ့အချိန်မှာလည်း စဉ်းစားနိုင်ဖို့ လိုတယ်"
"သင်ယူတာက ဘာကောင်းလို့လဲ"
"ဂိမ်းဆော့တဲ့အခါ ပိုလွယ်သွားမှာပေါ့"
"... "
တရုတ်စာ ဒါမှမဟုတ် စပိန်စာတွေကို မသင်နိုင်ရင်တောင် အင်္ဂလိပ်စာကိုတော့ မဖြစ်မနေ သင်ရပါမယ်။
"လာမယ့် တစ်နှစ်အတွင်းမှာ ကမ္ဘာကြီးနဲ့ ငွေကြေးလောက ဘယ်လို လည်ပတ်နေလဲဆိုတာကို ကိုယ်တိုင် လေ့လာကြရအောင်"
"မင်း ခရီးသွားနေတုန်း ဒါမှမဟုတ် စာသင်နေတုန်း ငါက အိမ်မှာပဲ ဂိမ်းဆော့နေလို့ မရဘူးလား"
"မရဘူး။ အထုပ်ပြင်ထားလိုက်တော့"