← Chapters

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

အခန်း (၄၁)

ဆိုးလ်မှာရှိတဲ့ တက္ကသိုလ်တွေထဲမှာ ကိုရီးယားတက္ကသိုလ်က အကြီးဆုံးလို့ ဆိုရမှာပါ။ လွတ်လပ်ရေးရပြီးပြီးချင်း တည်ထောင်ခဲ့တာဖြစ်လို့ အဲဒီတုန်းက မြေစျေးသက်သာတာကြောင့် ကျောင်းဝန်းကြီးကို အကျယ်ကြီး ဆောက်နိုင်ခဲ့တာလေ။ ကိုရီးယားမှာ အကြီးဆုံးနဲ့ အကောင်းဆုံး တက္ကသိုလ်တွေထဲက တစ်ခုဖြစ်တာကြောင့် နယ်ကလူတွေရော၊ နိုင်ငံခြားသားတွေပါ လာလည်ကြတာ များပါတယ်။ တက္ကသိုလ် Logo ပါတဲ့ တီရှပ်တွေနဲ့ အမှတ်တရပစ္စည်းတွေ ရောင်းတဲ့ဆိုင်တွေတောင် ရှိတာပါ။

ကျောင်းဝန်းကြီးက ကြီးကျယ်ပြီး နာမည်ကြီးတယ်ဆိုပေမဲ့ တကယ်တမ်း လာလည်ကြည့်ရင်တော့ ထူးထူးထွေထွေ ကြည့်စရာ သိပ်မရှိပါဘူး။

"ဘာလို့ ကိုရီးယားတက္ကသိုလ်ကိုသွားချင်ရတာလဲ" လို့ ကျွန်တော် အယ်လီကို မေးလိုက်တယ်။

ကျွန်တော့်မေးခွန်းကို အယ်လီက ပြန်ဖြေပါတယ်။

"ကိုရီးယားကို ရောက်တာ ဒါနဲ့ဆို သုံးခေါက်ရှိပြီဆိုတော့ အလည်အပတ်နေရာ တော်တော်များများ ရောက်ဖူးပြီးနေပြီ။ ဒါပေမဲ့ ကိုရီးယားတက္ကသိုလ်ကိုတော့ မရောက်ဖူးသေးဘူး။ ဂျက်စီကာ ပြောပြတာတွေ ကြားဖူးနေတော့ သွားလည်ကြည့်ချင်နေတာ ကြာပြီ"

"ဪ"

အစ်မဟျွန်းဂျူး ကျောင်းတက်ခဲ့တဲ့အချိန်ကနေဆိုရင် ၁၀ နှစ်လောက် ရှိပြီဆိုတော့ အများကြီး ပြောင်းလဲသွားလောက်ပါပြီ။ ၁၀ နှစ်ဆိုရင် တောင်တွေတောင် ပြောင်းလဲနိုင်တယ်လို့ ပြောကြတာလေ။ တက္ကသိုလ်နယ်မြေကတော့ ပြောင်းလဲမှာ သေချာတာပေါ့။ ကျောင်းသားတွေ ပေးထားတဲ့ ကျောင်းလခတွေနဲ့ အဆောက်အဦးအသစ်တွေ ဆောက်တာ၊ ပြုပြင်တာတွေ လုပ်ထားကြတာလေ။

"ဒါဆိုလည်း ကိုရီးယားတက္ကသိုလ်ကို သွားကြတာပေါ့"

ကျွန်တော် စမတ်ဖုန်းထဲက မြေပုံမှာ ကိုရီးယားတက္ကသိုလ်ကို ဦးတည်ရာအဖြစ် သတ်မှတ်လိုက်တယ်။ ရုံးတက်ရုံးဆင်းချိန် ကျော်သွားပြီဖြစ်တဲ့အပြင် ကြားရက်လည်း ဖြစ်နေတာကြောင့် လမ်းတွေက သိပ်မပိတ်ပါဘူး။

"ဂျင်ဟူကလည်း ကိုရီးယားတက္ကသိုလ်က ကျောင်းသားပဲလား"

"ဟုတ်ကဲ့၊ စီးပွားရေးစီမံခန့်ခွဲမှုဌာနမှာ တက်နေတာပါ"

"ဂျက်စီကာက စီးပွားရေးပညာ မေဂျာ မဟုတ်လား"

"ဟုတ်ပါတယ်"

ဂန်ဗြွန်ဘွတ်ရို လမ်းပေါ်ကနေ ထွက်လိုက်တာနဲ့ ကိုရီးယားတက္ကသိုလ် ကျောင်းဝန်းကို လှမ်းမြင်နေရပါပြီ။

ဟိုဝန်းဆန် တောင်ခြေမှာ ဖြန့်ကျက်ထားတဲ့ ကျယ်ပြောလှတဲ့ ကျောင်းဝန်းကြီးကို လက်ညှိုးထိုးပြရင်း ကျွန်တော် ပြောလိုက်တယ်။

"ဟိုဟာက ကိုရီးယားတက္ကသိုလ်ပဲ"

"တကယ်ကြီးတာပဲနော်"

တက္ကသိုလ်ကို ရောက်တဲ့အချိန်မှာမှ အရေးကြီးတဲ့ ပြဿနာတစ်ခုကို ကျွန်တော် သတိရသွားတယ်။ အဲဒါက ကျွန်တော်တို့ စီးလာတဲ့ ကားပါ။

ဒီကားက သာမန်ကား မဟုတ်ဘဲ အိုတာကူကားကြီး ဖြစ်နေတာလေ။

ဒီလိုကားမျိုးကို တစ်ယောက်ယောက်က မောင်းနေတယ်ဆိုတဲ့ ကောလာဟလသာ ပျံ့သွားရင် ခေါင်းမော့ပြီး လမ်းလျှောက်ဖို့တောင် ရှက်စရာ ဖြစ်နေမှာပါ။

ကံကောင်းတာက ကိုရီးယားတက္ကသိုလ်က ကျယ်ကျယ်ဝန်းဝန်း ရှိတဲ့အပြင် အခုက ကျောင်းပိတ်ရက်လည်း ဖြစ်နေတာပါပဲ။

သိတဲ့လူတွေနဲ့ မဆုံပါစေနဲ့လို့ပဲ ဆုတောင်းရမှာပေါ့။

အဲဒီလိုတွေးရင်း ကိုရီးယားတက္ကသိုလ် ကျောင်းဝန်းထဲကို ဝင်လာခဲ့ပါတယ်။ ဒီကို မရောက်တာ တော်တော်ကြာပါပြီ။ ကျောင်းခဏနားပြီး စစ်မှုထမ်းပြီးကတည်းက ပထမဆုံးအကြိမ် ပြန်ရောက်တာပါ။

ဗဟိုစာကြည့်တိုက်နားက လူပြတ်တဲ့ ထောင့်တစ်နေရာမှာ ကားကို ရပ်လိုက်တယ်။ ပတ်ဝန်းကျင်မှာ လူမရှိတာ သေချာမှ ကားပေါ်ကနေ အမြန်ဆင်းလိုက်ပါတယ်။

"အရင်ဆုံး စာကြည့်တိုက်ကို လိုက်ပြမယ်နော်"

ကျွန်တော် အယ်လီကို ခေါ်ပြီး စာကြည့်တိုက် အဆောက်အဦးဆီကို လျှောက်သွားလိုက်တယ်။

ကိုရီးယားတက္ကသိုလ် စာကြည့်တိုက်က ကျောင်းဝန်းလိုပဲ အရမ်းကြီးပါတယ်။ စာကြည့်ခန်းတွေ၊ စားသောက်ဆိုင်တွေ၊ ကဖေးတွေအပြင် အမျိုးသားအဆင့် ရတနာတွေကို ပြသထားတဲ့ ပြခန်းပါ ရှိတာပါ။

"ဒီထဲကို သာမန်လူတွေ ဝင်လို့ရလို့လား"

"အများပြည်သူအတွက် ဖွင့်ထားတဲ့နေရာတွေ ရှိသလို ကျောင်းသားတွေပဲ ဝင်လို့ရတဲ့ နေရာတွေလည်း ရှိတယ်"

ကျွန်တော် လိုက်ပြနေတုန်းမှာပဲ ဖြတ်သွားဖြတ်လာ ကျောင်းသားတွေက ရပ်ပြီး ကျွန်တော်တို့ကို လှမ်းကြည့်ကြတယ်။

ကျားမ မရွေး အားလုံးရဲ့ အကြည့်တွေက တစ်နေရာထဲမှာပါပဲ။ ဟုတ်ပါတယ်၊ သူတို့က ကျွန်တော့်ကို ကြည့်နေတာ မဟုတ်ဘဲ ဘေးနားက အယ်လီကို ကြည့်နေကြတာပါ။

ကိုရီးယားတက္ကသိုလ်က ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်တွေနဲ့ ကျောင်းသားဖလှယ်ရေး အစီအစဉ်တွေ ရှိတာကြောင့် ကျောင်းဝန်းထဲမှာ နိုင်ငံခြားသား တွေ့ရတာက သိပ်တော့ မဆန်းပါဘူး။

ဒါပေမဲ့ အားလုံးကို ဆွဲဆောင်သွားတာက အယ်လီရဲ့ ရုပ်ရည်ပါ။ အရပ်အမောင်း မြင့်မြင့်၊ သွယ်လျတဲ့ ခြေတံတွေ၊ ကိုယ်လုံးကိုယ်ပေါက် အချိုးအစားနဲ့ ထင်ရှားတဲ့ မျက်နှာသွင်ပြင်တွေကြောင့်ပေါ့။

ဒါ့အပြင် ကပြားမလေးရဲ့ ထူးခြားတဲ့ ဆွဲဆောင်မှုကလည်း ပါသေးတာလေ။ ဒီအတိုင်း ရပ်နေတာတောင် ဖက်ရှင်မဂ္ဂဇင်းထဲက ထွက်လာတဲ့အတိုင်းပါပဲ။

သူ လှမှန်း သိထားပေမဲ့ ဒီလောက်အထိ အာရုံစိုက်ခံရမယ်လို့တော့ မထင်ထားမိဘူး။

ကျွန်တော် နည်းနည်းတော့ စိတ်မသက်မသာ ဖြစ်လာတယ်။ ဒါပေမဲ့ အကြည့်တွေရဲ့ ဗဟိုချက်ဖြစ်နေတဲ့ အယ်လီကတော့ ဘာမှမဖြစ်သလိုပါပဲ။ ဒီလိုမျိုးတွေကို သူ အမြဲတမ်း ကြုံနေကျ ဖြစ်မှာပေါ့။

ကျောင်းပိတ်ရက် ဖြစ်နေတာတောင် စာကြည့်တိုက်ထဲမှာ စာကြိုးစားနေတဲ့ ကျောင်းသားတွေနဲ့ ပြည့်နေတာကို အယ်လီက အံ့သြတကြီး ကြည့်ရင်း ပြောပါတယ်။

"ဒီကလူတွေက တကယ်ကို တက်ကြွကြတာပဲ"

"ဒီဘက်ခေတ်မှာ အလုပ်ရဖို့က ခက်တာကိုးဗျ"

ဟိုးအရင်တုန်းက (ယောကျ်ားကြီးတွေ ဆေးတံသောက်တဲ့ ခေတ်တုန်းက) တက္ကသိုလ်ကြီးတစ်ခုက ဘွဲ့ရတာနဲ့ ကုမ္ပဏီကြီးတွေက အလုအယက် ခေါ်ကြတဲ့ ခေတ်မျိုး ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုတော့ အလုပ်ရဖို့ ခက်ခဲလွန်းလို့ ဘွဲ့ယူတာကိုတောင် အချိန်ဆွဲနေတဲ့ စီနီယာတွေ အများကြီးပါ။

"ဒါပေမဲ့လည်း ကဲရမယ့်အချိန်ကျရင်တော့ အားလုံးက ကဲတတ်ကြပါတယ်"

ကိုရီးယားတက္ကသိုလ်ရဲ့ ပွဲတော်တွေက ဒီနယ်မြေမှာ တော်တော်လေး နာမည်ကြီးတာလေ။ အနီးအနားက တခြားတက္ကသိုလ် ကျောင်းသားတွေတောင် လာဆင်နွှဲကြတာပါ။

စာကြည့်တိုက်ကို ပတ်ကြည့်ပြီးတဲ့နောက် ပထမထပ်က ကဖေးမှာ ခဏထိုင်လိုက်ကြတယ်။

"ဒါနဲ့ ဂျင်ဟူက အခု ကျောင်းခဏနားထားတာလား"

"ဟုတ်ပါတယ်"

"ကျောင်းပြန်တက်ဖို့ရော အစီအစဉ် ရှိလား"

"တက်ဖြစ်လောက်မှာပါ"

ဒီဘက်ခေတ်မှာ ဘွဲ့လက်မှတ်က ဘယ်လောက်အထိ အရေးပါဦးမှာလဲလို့ တွေးမိပေမဲ့လည်း ကုမ္ပဏီဝယ်ယူမှု အပိုင်းတွေ ပြီးသွားရင် ကျွန်တော် လုပ်စရာ သိပ်ရှိမှာ မဟုတ်တော့ဘူးလေ။

အမေကလည်း ကျွန်တော့်ကို ဘွဲ့ရစေချင်မှာ သေချာပါတယ်။

ကျွန်တော် ကော်ဖီသောက်ရင်း ပြတင်းပေါက် အပြင်ဘက်ကို ငေးကြည့်နေမိတယ်။

ကျောင်းသားတွေ အုပ်စုလိုက် စုနေတာတွေကို မြင်နေရသလို လက်တွဲပြီး လမ်းလျှောက်နေတဲ့ စုံတွဲတွေကိုလည်း တွေ့ရတယ်။

သာမန်ကျောင်းသားတစ်ယောက်လိုပဲ ကျောင်းပြန်တက်ပြီး အေးအေးဆေးဆေး နေနေမယ်ဆိုရင် အယ်လီနဲ့ ဆုံဖြစ်မှာ မဟုတ်ဘူးမလား။

ကျောင်းကို ရောက်တုန်းရောက်ခိုက် မင်ယောင်းကို ဆက်သွယ်ကြည့်ရမလား။

အဲဒီတော့မှ ဖုန်းက အိတ်ထဲမှာ မပါလာတာ သတိရတယ်။ Navigation စစ်ရင်းနဲ့ ကားထဲက ကားရဲ့ဖုန်းစတန်းပေါ်မှာ တင်ထားခဲ့မိတာပဲ။

ကျွန်တော် အယ်လီကို ပြောလိုက်တယ်။

"ကော်ဖီသောက်ပြီးရင် ကားထဲကနေ ဖုန်းသွားယူလိုက်ဦးမယ်နော်"

"အေးအေး၊ သွားလေ" လို့ သူက ပြန်ဖြေပါတယ်။

ဗဟိုစာကြည့်တိုက် အဆောက်အဦးထဲကနေ ကားပါကင်ဆီကို ကျွန်တော် ထွက်လာခဲ့တယ်။ ကျွန်တော့်ကား ဘေးနားမှာ စောနတုန်းက ရှိမနေခဲ့တဲ့ အဖြူရောင် ကားအကြီးကြီး တစ်စီး ရှိနေပါတယ်။

အဖြူရောင် Bentley Convertible ကြီးပါလား။

Continental GT ထင်တယ်။ ကျောင်းသားတစ်ယောက် မောင်းမယ့် ကားမျိုးတော့ မဟုတ်လောက်ဘူး။

ကျွန်တော် ကားတံခါးကို ဖွင့်ပြီး အထဲက ဖုန်းကို ယူလိုက်တဲ့အချိန်မှာပဲ ဖုန်းလာပါတယ်။

ကလင်...

စီနီယာ ဆန်းယော့ ဆီကပါ။ ကျွန်တော် ဖုန်းကို ဖြေလိုက်တယ်။

"ဘာကိစ္စလဲ။ စီနီယာ"

ဖုန်းထဲကနေ စီနီယာ ဆန်းယော့ရဲ့ အသံ ထွက်လာပါတယ်။

"ခဏလောက် စကားပြောလို့ ရမလားလို့ လှမ်းမေးတာ"

"ရပါတယ်၊ ဒီနေ့ အစည်းအဝေး မရှိလို့ အေးအေးဆေးဆေးပါပဲ"

OTK ကုမ္ပဏီက နိုင်ငံခြား Startup တွေနဲ့ တိုက်ရိုက်တွေ့ပြီး ရင်းနှီးမြှုပ်နှံနေချိန်မှာ စီနီယာ ဆန်းယော့ကတော့ K Company ဆိုတဲ့ နာမည်နဲ့ ကိုရီးယား Startup တွေမှာ ရင်းနှီးမြှုပ်နှံနေတာပါ။

"အရမ်း အလုပ်များနေလား"

"ဒီနေ့ အစည်းအဝေးတွေ ဆက်တိုက်ပဲ။ အခုတောင် ရုံးကနေ ပန်ဂယိုကို သွားနေတာ"

"လုပ်ရကိုင်ရတာ အဆင်ပြေရဲ့လား၊ စိတ်ကျေနပ်မှုရော ရှိရဲ့လား"

ကျွန်တော့်မေးခွန်းကို စီနီယာ ဆန်းယော့က ပြန်ဖြေပါတယ်။

"အလုပ်မပြုတ်အောင်တော့ ကြိုးစားနေရတာပေါ့"

"ဒီကိစ္စတွေ ပြီးရင် ကျွန်တော် ရုံးကို ဝင်ခဲ့ပါဦးမယ်"

ဖုန်းချခါနီးမှာ စီနီယာ ဆန်းယော့က ပြောပါတယ်။

"ဂျင်ဟူ"

"ဗျာ..."

"ကျေးဇူးတင်ပါတယ်"

စကားတစ်ခွန်းထဲဆိုပေမဲ့ တကယ်ကို လှိုက်လှိုက်လှဲလှဲ ရှိလှပါတယ်။

ကျွန်တော် ရယ်ပြီး ပြန်ပြောလိုက်တယ်။

"အခုမှ စရဦးမှာကို ဘာလို့ ကျေးဇူးတင်နေတာလဲ။ ကျေးဇူးတင်တာကို နောက်မှပဲ လုပ်ပါ"

"ဟားဟား။ ဟုတ်ပါပြီ။ နောက်မှ တွေ့ကြမယ်"

ခဏတာ ဖုန်းပြောတာ ပြီးသွားပါပြီ။

စီနီယာ ဆန်းယော့ရဲ့ အသံက တက်ကြွမှုတွေနဲ့ ပြည့်နေပါတယ်။ အလုပ်များပြီး ပင်ပန်းနေပေမဲ့လည်း အားအင်တွေ ရှိနေတဲ့ ပုံစံပါပဲ။

ကျွန်တော် ဖုန်းကို အိတ်ထဲထည့်ပြီး ကားပေါ်က ဆင်းလိုက်တဲ့အချိန်မှာ ကျောင်းသား ၁၀ ယောက်လောက်က ကျွန်တော့်ဘက်ကို လျှောက်လာနေတာ မြင်လိုက်ရတယ်။

အဲဒီထဲမှာ ရင်းနှီးနေတဲ့ မျက်နှာအချို့ ပါနေပါတယ်။ မင်ယောင်းနဲ့ ကျောင်ဂီ တို့ပါ။

ကျောင်ဂီက သူ့နောက်က ကျောင်းသားတွေကို ပြောနေတယ်။

"ကိုရီးယားတက္ကသိုလ်ရဲ့ ဗဟိုစာကြည့်တိုက်က ထမင်းဆိုင်က ဟင်းတွေက အကောင်းဆုံးဆိုတာ သိကြလား။ ဒီနေ့ ငါ ကျွေးမှာမလို့ ဝအောင် စားကြနော်"

"ဝိုး..."

"စီနီယာက အကောင်းဆုံးပဲ"

"ကျေးဇူးတင်ပါတယ်"

"ကောင်းကောင်း စားပါ့မယ်"

သူတို့တွေက ဂျူနီယာတွေနဲ့ ထမင်းစားဖို့ သွားနေကြတာလား။

ပုံမှန်ဆိုရင်တော့ မသိချင်ယောင်ဆောင်လိုက်မှာ ဖြစ်ပေမဲ့ အခုလို အခြေအနေမျိုးမှာ သူတို့နဲ့ တည့်တည့်တိုးရင်တော့ အနေရခက်မှာ အသေအချာပါပဲ။

ကျွန်တော် ခေါင်းကို အမြန်ငုံ့လိုက်ပေမဲ့ အဲဒီအချိန်မှာပဲ မျက်လုံးချင်း ဆုံသွားပါတယ်။ ကျွန်တော်ကတော့ မသိချင်ယောင်ဆောင်ပြီး သူတို့ကို ဖြတ်သွားခိုင်းလိုက်တယ်။

ဒါပေမဲ့ ကျောင်ဂီက လူကြားထဲမှာ အော်လိုက်ပါတယ်။

"ဟေ့... ကန်ဂျင်ဟူ။ ကျောင်းမှာ ဘာလုပ်နေတာလဲ"

"......"

ဒီကောင်ကတော့ကွာ...

မင်ယောင်းရော၊ နောက်ကပါလာတဲ့ ဂျူနီယာတွေပါ ကျွန်တော့်ကို ဝိုင်းကြည့်ကုန်ကြပါတယ်။

ကျွန်တော် လက်ကို အနေရခက်စွာ မြှောက်ပြလိုက်တယ်။

"ဪ... မတွေ့တာ ကြာပြီနော်"

ကျောင်ဂီက ကားကို ကြည့်ပြီး အော်ပြောပြန်တယ်။

"ဝိုး... ဒါ ဘယ်သူ့ကားလဲ။ မင်းကားလား"

မင်ယောင်းလည်း အံ့သြသွားပါတယ်။

"မင်းမှာ ဒီလို ဝါသနာ ရှိမှန်း မသိခဲ့ဘူး"

ဂျူနီယာတွေလည်း ကြောင်သွားတဲ့ ပုံစံပါပဲ။ ကျွန်တော့်လို အိုတာကူကား မောင်းတဲ့သူကို ပထမဆုံးအကြိမ် မြင်ဖူးကြတာ ထင်တယ်။

မင်ယောင်းက ဂျူနီယာတွေကို ကျွန်တော့်အကြောင်း အရင်ဆုံး မိတ်ဆက်ပေးပါတယ်။

"ဒါက ငါတို့ရဲ့ သူငယ်ချင်း ကန်ဂျင်ဟူ လေ။ အားလုံး နှုတ်ဆက်လိုက်ကြဦး"

"မင်္ဂလာပါ။ စီနီယာ"

"တွေ့ရတာ ဝမ်းသာပါတယ်"

အခုက နှုတ်ဆက်နေရမယ့် အချိန်မဟုတ်ဘူး။ အထင်မှားကုန်ရင်တော့ ကျွန်တော်က စီနီယာအိုတာကူ အဖြစ် နာမည်ကြီးသွားမှာပါ။

"အဲဒါကလေ… မဟုတ်ဘူး..."

ဒါက ကျွန်တော့်ကား မဟုတ်ဘဲ ခဏငှားလာတာလို့ ရှင်းပြဖို့ ကြိုးစားနေတုန်းမှာပဲ အသံစူးစူးတစ်ခု ဝင်လာပါတယ်။

"ဘာလို့ ကားပေါ်မှာ ဒီလိုပုံတွေ ကပ်ထားရတာလဲ"

ဆံပင်ညိုညို၊ မိတ်ကပ် အထူကြီးနဲ့ နားကွင်းအကြီးကြီး ဝတ်ထားတဲ့ ကျောင်းသူတစ်ယောက်ပါ။ သူက Louis Vuitton အိတ်ကို ကိုင်ထားပြီး တောက်တောက်ပပ ဝတ်စားထားတယ်။

ဒီလိုအေးတဲ့နေ့မှာ စကတ်တိုတိုနဲ့ အဝတ်အစားပါးပါးလေးကို ဝတ်ထားပြီး ဖိနပ်အမြင့်ကြီးတွေကို စီးထားတာပါ။

ဒီပုံစံနဲ့ဆိုရင် စီးပွားရေးစီမံခန့်ခွဲမှုဌာနထက် ကပွဲဌာနကို သွားသင့်တာ၊ ဘဲလေးကချေသည်နဲ့တောင် တူနေသေးတယ်။

"နင်လည်း ဒီကို ရောက်နေတာလား"

သူကတော့ ကျွန်တော့်ဌာနက ဂျူနီယာ လီဟဲမီ ပါ။

လှပပြီး တောက်ပြောင်တဲ့ ရုပ်ရည်ကြောင့် ဌာနထဲမှာ လူကြိုက်များပေမဲ့ ကျွန်တော်နဲ့တော့ ဆက်ဆံရေး မကောင်းပါဘူး။

ဆက်ဆံရေးမကောင်းတာက စာသင်နှစ် အစတုန်းက Group Project ကြောင့်ပါ။ ကျွန်တော်တို့ မေဂျာဘာသာရပ်တစ်ခုမှာ ဌာနမှူးဖြစ်တဲ့ ပရော်ဖက်ဆာက ပရော့ဂျက်ကို အဆုံးသတ်စာမေးပွဲ အစားထိုးအနေနဲ့ လုပ်ခိုင်းတာလေ။ အားလုံးက စိတ်အားထက်သန်နေကြပေမဲ့ ဟဲမီကတော့ အကြောင်းပြချက်အမျိုးမျိုးပေးပြီး အမြဲတမ်း အတန်းပျက်နေတတ်တာပါ။ လာပြန်ရင်လည်း ဘာမှ ပြင်ဆင်မလာပါဘူး။

အဲဒီတုန်းက အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ကျွန်တော်က ထောက်ပြတဲ့အခါမှာ သူက ချစ်စရာကောင်းတဲ့ ပုံစံနဲ့ ရယ်ပြီးပဲ ကျော်သွားတတ်တယ်။ တခြားကျောင်းသားတွေက အဆင်ပြေပေမဲ့ ကျွန်တော်ကတော့ အဆင်မပြေဘူးလေ။ နောက်တစ်ခါ ထပ်ပျက်ရင်တော့ နာမည်စာရင်းက ထုတ်ပစ်မယ်လို့ ကျွန်တော် သတိပေးလိုက်တယ်။ သူကတော့ ထုံးစံအတိုင်း ရယ်ပြီးပဲ ကျော်သွားပြီး နောက်နေ့မှာလည်း အရေးကြီးတာရှိလို့ဆိုကာ ထပ်ပျက်ပြန်တာပါပဲ။

နောက်ဆုံးတော့ တင်ပြရမယ့်နေ့မှာ သူ့နာမည်ကို ဖြုတ်ပြီး ကျွန်တော် တင်ပြလိုက်တယ်။ ပထမနှစ်အတွက်တော့ တော်တော်လေး ကောင်းတဲ့ တင်ပြချက်ဖြစ်လို့ အဖွဲ့သား အများစုက Grade A ရကြပေမဲ့ ဟဲမီကတော့ F ရသွားပါတယ်။

ပို့ချချက်ပြီးတော့ ဟဲမီက ငိုယိုပြီး ပြဿနာရှာခဲ့တာပေါ့။ အဲဒီနောက်ပိုင်းမှာ အတန်းထဲမှာ ဆုံရင်တောင် နှုတ်မဆက်ဖြစ်ကြတော့ပါဘူး။

ဟဲမီက ကျွန်တော့်ကို ပေါ်တင်ပဲ လှောင်ပြောင်လိုက်တယ်။

"ဒီလိုကားကြီး မောင်းနေရတာ မရှက်ဘူးလား"

တကယ်တော့ ရှက်တာပေါ့။

ကျွန်တော် စိတ်ထဲကနေ သက်ပြင်းချလိုက်ပြီး ပြန်ဖြေလိုက်တယ်။

"ငါ့ကားကို ငါ ဘယ်လိုပဲ ပြင်ပြင် နင့်ကို ဘာထိခိုက်လို့လဲ"

"တခြားလူတွေရဲ့ အမြင်ကိုလည်း ထည့်စဉ်းစားဦးမှပေါ့။ ကြည့်ရတာ စိတ်အနှောင့်အယှက် ဖြစ်စရာကြီး"

အေးပါ၊ ရှက်စရာကောင်းတာတော့ လက်ခံပါတယ်၊ ဒါပေမဲ့ တခြားလူတွေ စိတ်မကောင်းဖြစ်မှာကို ငါက ဘာလို့ ဂရုစိုက်နေရမှာလဲ။

"တခြားလူတွေ စိတ်မကောင်းဖြစ်တော့ ဘာဖြစ်လဲ"

အဲဒီအခါမှာတော့ ဟဲမီက စောင့်နေတဲ့အတိုင်း ဆက်ပြောပါတယ်။

"အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အသုံးချခံအဖြစ် ဖော်ပြထားတဲ့ စတစ်ကာတွေ ကပ်ထားတဲ့ ကားကို မောင်းနေရတာ မိန်းကလေးတစ်ယောက်အနေနဲ့ စိတ်မကောင်းမဖြစ်ရဘူးလား"

ဘာတွေ လျှောက်ပြောနေတာလဲ။ ဒါက အမျိုးသမီးတွေကို အသုံးချတာနဲ့ ဘာဆိုင်လို့လဲ။

ကျွန်တော် ဘာမှပြန်မပြောတဲ့အခါမှာ ဟဲမီက ဆက်ပြီး ငြင်းခုံနေပါတယ်။

"ဒါက အမျိုးသမီးတွေကို မုန်းတီးရာ ရောက်တယ်။ နင့်ရဲ့ အမျိုးသမီး ဂျူနီယာတွေကို အားမနာဘူးလား"

ဘာလို့ အမျိုးသမီးမုန်းတီးရေးကို ဒီနေရာမှာ လာဆွဲထည့်နေတာလဲ။

စဉ်းစားကြည့်မှ ဟိုးတုန်းက Group Project မှာ နာမည်ထုတ်ပစ်တုန်းကလည်း သူ ဒီလိုပဲ ပြောခဲ့ဖူးတာပဲ။

မင်ယောင်းက ဘာမှပြန်မပြောနိုင်ဘဲ တိုးတိုးလေး ရေရွတ်လိုက်တယ်။

"သူ့ကို ဂရုမစိုက်ပါနဲ့။ တစ်ရက်နှစ်ရက်နေရင် သူက မှတ်မိတော့မှာတောင် မဟုတ်ဘူး "

အေးလေ။ ဒါပေမဲ့ အကြာကြီးနေမှ ဒါတွေကို ပြန်ကြားရတာကတော့ အသားမကျသေးဘူး။

"နင့်ဘေးနားကလူတွေက ဘာမှမပြောကြဘူးလား"

"နင်က လှလို့ ယောက်ျားလေးတွေက မျက်နှာသာပေးတယ်ဆိုတာနဲ့ပဲ နေရာတကာမှာ လိုက်ဝေဖန်ခွင့်ရှိတယ်ထင်နေတာလား"

ကျွန်တော် ခေါင်းညိတ်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် သူလှလို့ဆိုပြီး မျက်နှာသာပေးနေတဲ့ အဲဒီယောက်ျားတွေကလည်း ပြဿနာပါ။

အဲဒီအချိန်မှာပဲ ကျွန်တော်တို့ ဘေးမှာ ရပ်ထားတဲ့ Bentley ရဲ့ မီးတွေ လင်းလာပါတယ်။

တီ…တီ

ဟဲမီက အခြေအနေ ကောင်းသွားတဲ့အတိုင်း လက်လှမ်းပြလိုက်တယ်။

" စီနီယာ ဂျွန်ဟျွန်း။ ဆွန်းအာ"

ဆွန်းအာဟုတ်လား။

ကျွန်တော် လှည့်ကြည့်လိုက်တယ်။ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်က လက်ချင်းချိတ်ပြီး ကျွန်တော်တို့ဆီကို လျှောက်လာနေတာပါ။

မျက်နှာသေးသေး၊ မျက်လုံးအကြီးကြီး၊ နှာတံစင်းစင်းနဲ့ အသားဖြူဖြူ ဆွန်းအာက အဝတ်အစားတွေ၊ မိတ်ကပ်တွေကို အလွန်အကျွံ မပြင်ဆင်ထားပေမဲ့ တစ်ချက်ကြည့်လိုက်တာနဲ့ ဆွဲဆောင်မှုရှိတဲ့ အလှတရားမျိုး ရှိတဲ့သူပါ။

ဆွန်းအာက ကျွန်တော့်ကို မြင်တော့ အံ့သြသွားတဲ့ ပုံစံနဲ့ မျက်လုံးလေးတွေ ဝိုင်းသွားပါတယ်။

ကျွန်တော်လည်း အံ့သြသွားတာပါပဲ။

သူ့ဘေးမှာ အမျိုးသားတစ်ယောက် ရှိနေတယ်။ သူတို့နှစ်ယောက်က Bentley ရှေ့မှာ ရပ်လိုက်ကြပါတယ်။

ကျွန်တော်က အောင်မြင်သွားလို့ နိုင်ငံခြားကား မောင်းပြချင်တဲ့ စိတ်မျိုး မရှိပါဘူး။ ဒါပေမဲ့ အခုလို အခြေအနေမျိုးမှာတော့ သူတို့နဲ့ မဆုံချင်ခဲ့တာအမှန်ပါပဲ။

အဖြူရောင် Bentley Convertible နဲ့ ဂိမ်းဇာတ်ကောင် စတစ်ကာ ကပ်ထားတဲ့ အနီရောင် ကားအသေးလေးကို ဟိုဘက်ဒီဘက် ကြည့်ရင်း ကျွန်တော် စိတ်ထဲကနေ တွေးလိုက်မိတယ်။

ဟာကွာ... ကားတစ်စီးလောက် စောစောစီးစီး ဝယ်ထားလိုက်သင့်တာ......။

အခန်း (၄၂)

လမ်းခွဲပြီးနောက် ဒါက ဒုတိယအကြိမ် ပြန်ဆုံတာပါ။

ပြန်တွေ့ရင် အနေရခက်မလားလို့ စိုးရိမ်ခဲ့ပေမဲ့ တကယ်တမ်း မျက်လုံးချင်း ဆုံတဲ့အခါကျတော့လည်း ထူးထူးခြားခြား ဘာမှမခံစားရပါဘူး။

မနာလိုတာမျိုး ဒါမှမဟုတ် နာကျည်းတာမျိုးလည်း မရှိတော့ဘူး။ အဲဒီနေ့က အားလုံး အပြတ်အသတ် ရှင်းလင်းသွားခဲ့လို့များလား။

ယွန်ဆွန်းအာ က အရင်ဆုံး နှုတ်ဆက်ပါတယ်။

"နေကောင်းလား"

"ဪ... အင်း"

လူတွေရဲ့ အာရုံစိုက်မှုကို ခံနေရတဲ့ကြားကပဲ ကျွန်တော်တို့ အနေရခက်စွာ နှုတ်ဆက်လိုက်ကြတယ်။

ဆွန်းအာ နဲ့အတူ ပါလာတဲ့ အမျိုးသားက ကျွန်တော့်ကို ကြည့်ပြီး လက်ကမ်းပေးလာတယ်။

"ငါတို့တွေ အရင်က ဆုံဖူးတယ် မဟုတ်လား"

ကျွန်တော် သူ့လက်ကို ပြန်ဆွဲနှုတ်ဆက်ရင်း ဖြေလိုက်ပါတယ်။

"ဟုတ်ကဲ့၊ ပွဲတော်တုန်းက ခဏလောက် ဆုံဖူးပါတယ်"

"တွေ့ရတာ ဝမ်းသာပါတယ်။ ကလေးတွေက မင်းအကြောင်း အများကြီး ပြောကြတယ်"

"ကျွန်တော်လည်း တွေ့ရတာ ဝမ်းသာပါတယ်"

"ကျောင်းကို ဘာကိစ္စ လာတာလဲ"

"သူငယ်ချင်းက ကျောင်းထဲ ပတ်ကြည့်ချင်တယ်ဆိုလို့ လိုက်ပြတာပါ"

ကျွန်တော် ဂိုဂျွန်ဟျွန်း ကို ကြည့်လိုက်တယ်။

သူက ပြည်တွင်း ထိပ်တန်း လုပ်ငန်းစုကြီးတစ်ခုဖြစ်တဲ့ GH ဆောက်လုပ်ရေး အုပ်စုရဲ့ သားပါ။

အရပ်ရှည်ပြီး ရုပ်ချောသလို လေ့ကျင့်ခန်း လုပ်ထားတဲ့ပုံစံနဲ့ ပုခုံးတွေကလည်း ကျယ်တယ်။ ချမ်းသာတဲ့ မိသားစုက ဖြစ်တာကို ထားဦး။ လူတွေရဲ့ အာရုံကို ဖမ်းစားနိုင်တဲ့ ဆွဲဆောင်မှုရှိတဲ့ ရုပ်ရည်မျိုး ရှိတာပါ။

သူ့ရဲ့ အမူအရာနဲ့ အကြည့်တွေမှာ ယုံကြည်မှု အပြည့် ရှိနေတာကို တွေ့နိုင်ပါတယ်။

သူ့လက်ထဲမှာ ကားသော့ကို ကိုင်ထားတယ်။ သိန်း ၃၀၀၀ လောက်တန်တဲ့ ကားကို ကျောင်းထဲအထိ မောင်းလာနိုင်တဲ့လူမရှိလောက်ဘူး။ သာမန်လူတွေအတွက်တော့ အဲဒါက အိမ်တစ်လုံးစာ စျေးပဲလေ။

အရင်တုန်းကဆိုရင်တော့ ကျွန်တော် အံ့သြသွားမိမှာ ဖြစ်ပေမဲ့ အခုတော့ ဘာမှမထူးသလို ခံစားရပါတယ်။

ဟဲမီ က ဆွန်းအာ ကို ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်တယ်။

"ဆွန်းအာ၊ ဂျင်ဟူ ရဲ့ ကားကို တွေ့ပြီးပြီလား။ တကယ့်ကို အံ့မခန်းပဲ မဟုတ်လား"

တကယ်တော့ သူတို့နှစ်ယောက်က သိပ်ရင်းနှီးတာ မဟုတ်ပါဘူး။ အကြောင်းရင်းကတော့ ပထမနှစ်ကတည်းက ဟဲမီ က သူ့ထက် အာရုံစိုက်ခံရတဲ့ ဆွန်းအာ ကို တစ်ဖက်သတ် ပြိုင်ဆိုင်နေခဲ့လို့ပါ။

ဆွန်းအာ က မေးပါတယ်။

"စိတ်ဝင်စားစရာကောင်းတဲ့ ကားပဲ။ နင့်ကားလား"

"သူငယ်ချင်းကားပါ။ ခဏ ငှားလာတာ"

ဂိုဂျွန်ဟျွန်း က ပြောတယ်။

"ဆင်ခြေတွေ ပေးမနေပါနဲ့ကွာ။ ဝါသနာဆိုတာ အမျိုးမျိုး ရှိတာပဲလေ"

သူက စကားလမ်းကြောင်းကို အကြောင်းပြချက် ပေးနေသလိုမျိုး သိမ်သိမ်မွေ့မွေ့ ပြောင်းလိုက်တာပါ။

ကျွန်တော်လည်း ပြန်ပြီး ငြင်းမနေတော့ဘဲ ပြုံးပြီး ခေါင်းညိတ်လိုက်တယ်။

"ဟုတ်ပါတယ်။ ဝါသနာကိုတော့ လေးစားရမှာပေါ့။ တခြားလူရဲ့ ဝါသနာကို လိုက်ပြီး ပြဿနာရှာနေတဲ့သူတွေကမှ ပြဿနာဖြစ်တာ"

ဂျွန်ဟျွန်း လည်း ပြုံးလိုက်တယ်။

"ဘယ်သူက အဲဒီလို လုပ်လို့လဲ"

သူ ပြုံးနေပေမဲ့ ကျွန်တော့်ကို ကြည့်နေတဲ့ အကြည့်တွေကတော့ အဓိပ္ပာယ် ပါနေပါတယ်။

"အဲဒီလိုလူတွေ ရှိတယ်လေ"

ကျွန်တော်လည်း ဂျွန်ဟျွန်း ကို အဓိပ္ပာယ်ပါပါ ပြန်ကြည့်လိုက်တယ်။

ရုတ်တရက် သူ့ကိုယ်သူ အပြောခံရတယ်လို့ ထင်သွားပုံရတဲ့ ဟဲမီ က ကြားဖြတ်ပြီး တခစ်ခစ် ရယ်ပါတယ်။

"တကယ်ကို ရယ်ရတာပဲ။ မိဘတွေရဲ့ စီးပွားပျက်သွားလို့ ခက်ခဲနေမှာကို နားလည်ပါတယ်၊ ဒါပေမဲ့လည်း ကျောင်းကို ဒီလိုကားမျိုးနဲ့ လာတာကတော့ နည်းနည်းတော့ လွန်တာပေါ့"

ကျွန်တော် စိတ်တိုတာကို ထိန်းထားပြီး စိတ်အေးအေးထားဖို့ ကြိုးစားပေမဲ့ ဒီတစ်ခါတော့ မအောင့်နိုင်တော့ပါဘူး။

"အခု ဘာပြောလိုက်တာလဲ"

ကျွန်တော် မျက်နှာတည်တည်နဲ့ သူ့ကို စိုက်ကြည့်လိုက်တဲ့အခါ ဟဲမီက တုန်သွားပြီး နောက်ကို ဆုတ်သွားတယ်။

"ဘာ... ဘာပြောမိလို့လဲ"

"ဟေ့… ဟဲမီ"

"ဟာ... နင်က အခု ငါ့ကို အော်နေတာလား။ ဒါက အားနည်းတဲ့မိန်းမတစ်ယောက်ကိုအကြမ်းဖက်မှုပဲ"

ရုတ်တရက် ကျောင်ဂီ က ဟဲမီ ကို ကာကွယ်ပေးတဲ့ပုံစံနဲ့ ရှေ့ထွက်လာပါတယ်။

"ဂျင်ဟူ၊ ခဏလောက် သည်းခံလိုက်ပါကွာ"

သူက ဘာလို့ ကြားထဲက ဝင်ပါတာလဲ။

"ဘာလို့ သည်းခံရမှာလဲ"

"သူက မိန်းကလေး ဖြစ်နေလို့လေ"

"......"

သူကတော့ လှတာတစ်ခုတည်းကိုပဲ ကြည့်တဲ့လူဆိုတော့ ပြဿနာပါပဲ။

ကျွန်တော် ကျောင်ဂီ ကို ပြောလိုက်တယ်။

"ဖယ်။ ငါ သူ့ကို တစ်ယောက်ထဲ စကားပြောဖို့လိုနေပြီ"

ကျောင်ဂီ ရောက်လာလို့ အားတက်သွားပုံရတဲ့ ဟဲမီ က ကျောင်ဂီ နောက်ကနေ စကားပြောပါတယ်။

"သူ နည်းနည်း စိတ်တိုတာနဲ့ အားနွဲ့တဲ့ မိန်းကလေးကို ရိုက်ဖို့ ကြိုးစားနေတယ်။ ဒါက ငါတို့နိုင်ငံရဲ့ ပြဿနာပဲ"

ပြီးတော့ သူ ဖုန်းကို ထုတ်လိုက်တယ်။

"ငါ နင့်ကို တိုင်မယ်"

"ဘာကို တိုင်မှာလဲ"

"နင် ငါ့ကို အော်ပြီး ရိုက်ဖို့ ကြိုးစားတယ်လေ"

"ငါ နင့်ကို ရိုက်ဖို့ မကြိုးစားမိပါဘူး"

"နင့်ရဲ့ ရည်ရွယ်ချက်က အရေးမကြီးဘူး။ အရေးကြီးတာက ငါ ဘယ်လို ခံစားရလဲဆိုတာပဲ။ မိန်းကလေးတစ်ယောက်က ခြိမ်းခြောက်ခံရတယ်လို့ ခံစားရရင် အဲဒါက အကြမ်းဖက်မှုပဲဆိုတာ နင် မသိဘူးလား"

"......"

ဒီလို မိုက်မဲတဲ့ ယုတ္တိဗေဒတွေကို လူတွေ ဘယ်မှာ သင်လာကြတာလဲ။ ဒါတွေကို သင်ပေးတဲ့ သင်တန်းကျောင်းများ ရှိနေလား။

ဂိုဂျွန်ဟျွန်း နဲ့ ဆွန်းအာ တို့ကတော့ ဒီအခြေအနေကို စိတ်ဝင်တစားနဲ့ ကြည့်နေကြတယ်။ သူတို့တင် မကဘဲ ပတ်ဝန်းကျင်မှာ ဂျူနီယာတွေ အများကြီး ရှိနေတာပါ။

ဒီမှာ သူနဲ့ ရန်ဖြစ်နေရင် ကျွန်တော့်ရဲ့ ပုံရိပ်ပဲ ပျက်မှာဖြစ်ပေမဲ့ ဘာပဲဖြစ်ဖြစ် ဘာအရေးလဲ။

သူ့ကို သေချာ ပညာပေးလိုက်တာက လူ့အဖွဲ့အစည်းအတွက် အကျိုးပြုတယ်လို့ပဲ သဘောထားလိုက်တော့မယ်။

"ငါ့မိသားစု ကိစ္စတွေကို ဆွဲထည့်တာက နင် စည်းကျော်သွားပြီလို့ မထင်ဘူးလား"

အဲဒီအချိန်မှာပဲ နောက်ဘက်ကနေ အင်္ဂလိပ်လို ပြောသံ ကြားလိုက်ရတယ်။

"ဟေ့… ဂျင်ဟူ။ ဘာဖြစ်နေတာလဲ"

ကျွန်တော် လှည့်ကြည့်လိုက်တော့ အယ်လီ က ကျွန်တော်တို့ဆီ လျှောက်လာနေတာကို တွေ့ရတယ်။ ဖုန်းသွားယူတာ ကြာနေလို့ သူ လိုက်လာတာ ထင်ပါတယ်။

အယ်လီ က သဘာဝကျကျပဲ ကျွန်တော့်ဘေးမှာ လာရပ်လိုက်တယ်။

"ဒါတွေက ဘယ်သူတွေလဲ"

"အတန်းဖော်တွေပါ"

ဖက်ရှင်မဂ္ဂဇင်းထဲက ထွက်လာတဲ့အတိုင်း ဖြစ်နေတဲ့ အယ်လီ ကို ကြည့်ပြီး ကျွန်တော့် သူငယ်ချင်းတွေနဲ့ ဂျူနီယာတွေက အံ့သြမှုကို မဖုံးကွယ်နိုင်ကြပါဘူး။ ဆွန်းအာ နဲ့ ဂိုဂျွန်ဟျွန်း လည်း အံ့သြသွားကြတာပါပဲ။

မင်ယောင်း က မေးပါတယ်။

"မင်းရဲ့ အသိလား"

"အင်း၊ အယ်လီ က ကျောင်းကို ပတ်ကြည့်ချင်တယ်ဆိုလို့ လိုက်ပြနေတာ"

ရုတ်တရက် ဂျူနီယာတွေရဲ့ အကြည့်တွေက ကျွန်တော့်အပေါ် လုံးဝ ပြောင်းလဲသွားတယ်။ ကျွန်တော်က အိုတာကူကနေ ချက်ချင်းပဲ ထူးချွန်တဲ့ စီနီယာတစ်ယောက်အဖြစ် ပြောင်းလဲသွားသလို ခံစားလိုက်ရပါတယ်။

"နင်တို့က ဘယ်လို သိကြတာလဲ"

ဒါကို ဘယ်လို ရှင်းပြရမလဲ။

အယ်လီ က Golden Gate Asia ရုံးကနေ ကိုရီးယားမှာ ကျွန်တော့်အလုပ်တွေကို ကူညီဖို့ လွှတ်လိုက်တာလေ။ ဒါပေမဲ့ အဲဒီအချက်ကို တိုက်ရိုက် ပြောပြလို့ မရဘူး။

မင်ယောင်း က အယ်လီ ကို အင်္ဂလိပ်လို မေးလိုက်တယ်။

"ဒီကို ဘာကိစ္စနဲ့ လာတာလဲ"

အယ်လီ က ပြုံးပြီး ပြန်ဖြေပါတယ်။

"ဂျင်ဟူ နဲ့ ဟိုတယ်မှာ တစ်ရက်နှစ်ရက်လောက် နေရတာ ပျင်းလာတာနဲ့ သူ့ကို လိုက်ပြခိုင်းလိုက်တာ"

သူ့စကားကြောင့် အားလုံး အံ့အားသင့်သွားကြတယ်။

"ဟိုတယ်မှာလား"

"ဘယ်နှစ်ရက်တောင်လဲ"

ကျောင်ဂီ က အော်လိုက်တယ်။

"တကယ်ကြီးလား။ ကန်ဂျင်ဟူ"

"အာ... အဲဒါက..."

အဲဒါက လုံးဝ အမှားကြီး မဟုတ်ပေမဲ့ အထင်လွဲစရာ ကောင်းနေတဲ့ စကားပါ။

သူငယ်ချင်းတွေရော၊ ဂျူနီယာတွေပါ အားလုံးက ကျွန်တော့်ကို အထင်ကြီး လေးစားတဲ့ အကြည့်တွေနဲ့ ဝိုင်းကြည့်နေကြပါပြီ။

"ဒီကောင်တွေ ဘာတွေ လျှောက်တွေးနေကြတာလဲဟ"

ဘာတွေ ဖြစ်သွားလဲဆိုတာကို တွေးနေကြတုန်းမှာပဲ အားလုံးရဲ့ အကြည့်တွေက အယ်လီ ဆီ ရောက်သွားတယ်။ သူ့ရဲ့ ဆွဲဆောင်မှုက တကယ်ကို လွှမ်းမိုးနိုင်လွန်းတာအမှန်ပါ။

ဒီအခြေအနေကို မကျေနပ်တဲ့ ဟဲမီ က ကြားထဲက ဝင်ပြောပြန်တယ်။

"ဟိုတယ်လား။ ဒီလို ညစ်ပတ်တဲ့ ကိစ္စတွေကို တခြားလူတွေရှေ့မှာ ဘယ်လိုတောင် အေးအေးဆေးဆေး ပြောနိုင်တာလဲ။ နင်က အဲဒီလို နေရာမှာအလုပ်လုပ်တဲ့ မိန်းကလေးလား။ မိန်းကလေးချင်းတောင် ရှက်ဖို့ကောင်းလိုက်တာ"

ကျွန်တော် အံ့သြသွားတယ်။

"နင် ရူးနေတာလား"

"ဘာလို့လဲ။ ငါ ပြောတာ မှားလို့လား"

"ပါးစပ်ပါတိုင်း လျှောက်မပြောနဲ့။ စကားပြောတဲ့အခါ ဦးနှောက်က သေချာ အလုပ်မလုပ်ဘူးလို့ ထင်ရင် ဘာမှ မပြောဘဲ နေလိုက်တာ ပိုကောင်းမယ်"

ကျွန်တော် ဝင်ပြောလိုက်တယ်။

မကျေနပ်သေးတဲ့ မင်ယောင်း ကလည်း စိတ်တိုသွားပါတယ်။

"ဟဲမီ၊ နင် ပြောတာ လွန်သွားပြီနော်။ တော်လိုက်တော့"

"ဟ... နင်က ယောက်ျားလေးမလို့ သူ့ဘက်ကနေ ကာကွယ်ပေးနေတာလား"

ဟဲမီ က အော်ပြောတယ်။

ကျွန်တော် ဟဲမီ ကို ကာကွယ်ပေးနေတဲ့ ကျောင်ဂီ ကို လှည့်ကြည့်လိုက်တယ်။

"ဖယ်လိုက်"

"အင်း... အင်းပါ"

ကျွန်တော့်မျက်နှာကို ကြည့်ပြီး ကျောင်ဂီ က အံ့သြသွားတဲ့ ပုံစံနဲ့ နောက်ဆုတ်ပေးပါတယ်။

လူသားဒိုင်း မရှိတော့တဲ့အခါ ဟဲမီ က ပျာပျာသလဲ ဖြစ်သွားတယ်။

"အနားကို မလာနဲ့။ အနားလာရင် ရဲတိုင်လိုက်မှာနော်"

သူကတော့ တကယ်ကို ပြဿနာရှာနေတာပဲ။

"တိုင်ချင် တိုင်လိုက်လေ။ ဘာဖြစ်မလဲ ကြည့်ရတာပေါ့"

"တ... တကယ် တိုင်မှာနော်"

အယ်လီ က ကျွန်တော့်လက်မောင်းကို လှမ်းကိုင်လိုက်တယ်။

"ဂျင်ဟူ၊ နေဦး"

ပြီးတော့ အယ်လီ က ကျွန်တော့်ရှေ့ကို ထွက်လာပြီး ဟဲမီ ကို ကိုရီးယားလို ကျွမ်းကျွမ်းကျင်ကျင် ပြောလိုက်ပါတယ်။

"မိတ်ဆက်တာ နောက်ကျသွားပြီ။ ကျွန်မက အယ်လီကင် ပါ။ ရှင့်နာမည်က ဘယ်သူလဲ"

လှောင်ပြောင်နေတဲ့ ဟဲမီ က အံ့သြသွားတယ်။ နိုင်ငံခြားသားတစ်ယောက်က ကိုရီးယားစကားကို ဒီလောက်အထိ နားလည်မယ်လို့ မထင်ထားဘူး ထင်တယ်။

"ကျွန်... ကျွန်မက လီဟဲမီ ပါ။ ကိုရီးယားတက္ကသိုလ် စီးပွားရေးစီမံခန့်ခွဲမှုဌာနက တတိယနှစ် ကျောင်းသူပါ။ ရှင့်အလုပ်က ဘာလဲဆိုတာ မေးလို့ရမလား"

ဟဲမီ က ပျာယာခတ်နေပေမဲ့ "ကိုရီးယားတက္ကသိုလ်" ဆိုတဲ့ နာမည်ကိုတော့ ယုံကြည်မှုရှိရှိနဲ့ ထည့်ပြောသွားသေးတယ်။ ဒါက နာမည်ကြီး တက္ကသိုလ်ရဲ့ နာမည်ကို သုံးပြီး ဂုဏ်ဖော်တဲ့ ပုံစံမျိုးပေါ့။

အယ်လီ က ပြုံးပြီး ပြောလိုက်တယ်။

"ကျွန်မက Golden Gate က ရှေ့နေတစ်ယောက်ပါ"

အဲဒီစကားကို ကြားလိုက်ရတဲ့အခါ အားလုံးက အံ့သြတကြီး အသံတွေ ထွက်လာကြတယ်။

"ဟာ... Golden Gate ဆိုတာ အမေရိကန် ရင်းနှီးမြုတ်နှံမှုဘဏ်(IB) လုပ်ငန်းစု မဟုတ်လား"

"ရှေ့နေတဲ့လား..."

မော်ဒယ်လ်လို ရုပ်ရည်မျိုးရှိတဲ့ အမျိုးသမီးက ရှေ့နေတစ်ယောက် ဖြစ်လိမ့်မယ်လို့ ဘယ်သူမှ မထင်ထားကြဘူး။ အဲဒီထက်ပိုပြီး Golden Gate မှာ အလုပ်လုပ်နေတာက ပိုပြီးတော့ အံ့သြစရာပါ။

Golden Gate ဆိုတာ ထိပ်တန်း အရည်အချင်းရှိသူတွေ အပြိုင်အဆိုင် ဝင်ကြရတဲ့ ကမ္ဘာ့အကြီးဆုံး IB လုပ်ငန်းစုကြီးလေ။ ကိုရီးယားတက္ကသိုလ်က ဘွဲ့ရတဲ့သူတွေတောင် နှစ်ပေါင်းများစွာနေမှ တစ်ယောက်လောက်ပဲ အလုပ်ရနိုင်တဲ့ နေရာမျိုးပါ။

ကိုရီးယားတက္ကသိုလ် ဆိုတဲ့ နာမည်ကို Golden Gate ရှေ့မှာ လာထုတ်ပြတာက မီးမောင်းကြီးရှေ့မှာ လက်နှိပ်ဓာတ်မီး လာပြနေသလိုပါပဲ။

"ဒါ တကယ်လား။ သက်သေရော ရှိလား"

အယ်လီ က သူ့ပိုက်ဆံအိတ်ထဲကနေ လိပ်စာကတ်တစ်ခုကို ထုတ်ပေးလိုက်တယ်။ အဲဒီကတ်ပေါ်မှာ သူ့နာမည်နဲ့ ရာထူးကို အင်္ဂလိပ်လိုရော၊ တရုတ်လိုပါ ရေးထားတာပါ။

ဟဲမီ ရဲ့ မျက်လုံးတွေ ဝိုင်းသွားပါတယ်။

ဒီအခြေအနေမှာတော့ ငြင်းဖို့ ခက်သွားပြီဆိုပေမဲ့ သူ့မျက်နှာကတော့ မယုံကြည်နိုင်သေးတဲ့ ပုံစံမျိုးပါပဲ။ ဒါမှမဟုတ် လက်မခံချင်တာပဲ ဖြစ်မှာပါ။

အယ်လီ က ဟဲမီ ကို စိုက်ကြည့်ပြီး မေးလိုက်တယ်။

"ဒါနဲ့ ခုနက ကျွန်မကို 'အဲဒီလိုနေရာမျိုးမှာ အလုပ်လုပ်တဲ့ မိန်းကလေး'လို့ ပြောတာက ဘာကို ဆိုလိုတာလဲ"

အားလုံးရဲ့ အကြည့်တွေက ဟဲမီ ဆီ ရောက်သွားတယ်။

"အဲ... အဲဒါက..."

အယ်လီ က မျက်နှာတည်လိုက်ပြီး လေသံမာမာနဲ့ ပြောလိုက်ပါတယ်။

"အခုမှ ဆုံတဲ့လူတစ်ယောက်ကို ဒီလိုစကားမျိုး ပြောတာက တကယ်ကို ရိုင်းစိုင်းပြီး မလေးစားရာ ရောက်တယ်ဆိုတာ သိလား"

"ဘာ... ဘာဖြစ်တယ်"

"ပြီးတော့ ကိုရီးယား ရာဇသတ်ကြီး ပုဒ်မ ၃၁၁ အရ ဒါက အသရေဖျက်မှုနဲ့ အရေးယူခံရနိုင်တယ်ဆိုတာကိုရော သိလား"

အရေးယူခံရမယ့်အကြောင်း ပြောလိုက်တော့ ဟဲမီ က ပျာယာခတ်သွားတယ်။

"ဘယ်... ဘယ်တုန်းက အသရေဖျက်လို့လဲ။ ကျွန်မက အဲဒီလို ရည်ရွယ်ချက်နဲ့ ပြောတာ မဟုတ်ပါဘူး"

ကျွန်တော် ခုနက စကားကိုပဲ ပြန်ပြောလိုက်တယ်။

"နင့်ရဲ့ ရည်ရွယ်ချက်က အရေးမကြီးဘူး။ အရေးကြီးတာက အယ်လီ ဘယ်လို ခံစားရလဲဆိုတာပဲ။ သူက အဲဒီလို ခံစားရတယ်ဆိုရင် အဲဒါက အမှန်ပဲ မဟုတ်လား"

"......"

ခုနကတင် စကားတွေ ဖောင်ဖွဲ့နေတဲ့သူက ချက်ချင်းပဲ တိတ်သွားပါတယ်။ ဟဲမီ က ဘာလုပ်ရမှန်းမသိဘဲ မျက်လုံးတွေ ပြူးတူးပြဲတဲ ဖြစ်နေပြီးမှ ရုတ်တရက် ဖုန်းကို ထုတ်ကြည့်ရင်း "ဟာ… ငါ ချိန်းထားတာ ရှိတာ မေ့နေလို့။ သူငယ်ချင်းက စောင့်နေတာ၊ အရင်သွားတော့မယ်" လို့ ပြောပြီး ထွက်သွားဖို့ ကြိုးစားတယ်။

ကျွန်တော် သူ့လမ်းကို ပိတ်လိုက်တယ်။

"ဘယ်ကို သွားမှာလဲ။ အရင်ဆုံး တောင်းပန်သင့်တယ်လေ"

အယ်လီ က လက်ပိုက်ပြီး ပြောလိုက်တယ်။

"ရှင် တောင်းပန်မယ်ဆိုရင်တော့ ဒါကို မေ့လိုက်လို့ ရပါတယ်။ မတောင်းပန်ချင်ဘူးဆိုရင်တော့ ကျွန်မဘက်ကနေ တရားဝင် အရေးယူရတော့မှာပေါ့"

ဟဲမီ က ကူညီမယ့်သူ ရှိမလားလို့ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်တယ်။ သူ့ဘက်ကနေ ဘယ်သူမှ မပါတော့ဘူးဆိုတာ သိလိုက်ရတဲ့အချိန်မှာ သူ့ရဲ့ ဂျူနီယာ မိန်းကလေးတွေက အားလုံး ရှေ့ထွက်လာကြပါတယ်။

"ဟေ့... နင်တို့..."

သူ့ဘက်မှာ အဖော်တွေ ရှိပြီလို့ ထင်ပြီး ဟဲမီ ရဲ့ မျက်နှာက ဝင်းပသွားပါတယ်။ ဒါပေမဲ့ ဂျူနီယာတွေရဲ့ ပါးစပ်က ထွက်လာတဲ့ စကားတွေကတော့ သူ မျှော်လင့်ထားတာနဲ့ လုံးဝ တခြားစီပါပဲ။

"စီနီယာ၊ တောင်းပန်လိုက်ပါ"

"ဟုတ်တယ် စီနီယာ၊ စီနီယာ မှားတာပဲလေ"

"ခုနကတည်းက စီနီယာ ပြောတာ လွန်နေတာ"

"စီနီယာ ဒီလို ဆက်လုပ်နေရင် စီးပွားရေးစီမံခန့်ခွဲမှုဌာနရဲ့ ပုံရိပ်က ဘာဖြစ်သွားမလဲ"

"ကျွန်မ တကယ်ကို စိတ်ပျက်မိတယ်"

ဒါက တောင်းပန်ခိုင်းတာ မဟုတ်ဘဲ လွှတ်တော်မှာ စစ်ဆေးမေးမြန်းခံနေရသလိုကို ဖြစ်နေတာပါ။

နောက်ဆုံးမှာတော့ ဟဲမီ က လူထုရဲ့ တောင်းဆိုမှုကြောင့် မတတ်သာဘဲ ခေါင်းငုံ့လိုက်ရတယ်။

"ကျွန်... ကျွန်မ တောင်းပန်ပါတယ်။ ခုနက ပြောလိုက်တာတွေကို ပြန်ရုပ်သိမ်းပါတယ်"

စိတ်မပါဘဲနဲ့ တောင်းပန်လိုက်တာပါ။

"အဲ... အဲဒါဆို ကျွန်မမှာ ချိန်းထားတာလေး ရှိလို့..."

ကျွန်တော် သူ့ကို သွားခွင့်ပြုလိုက်တယ်။

"အင်း၊ သွားလေ။ ချိန်းထားတာ ရှိတာပဲ မဟုတ်လား"

ဟဲမီ က နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ကျွန်တော့်ကို စိုက်ကြည့်သွားတယ်။ မျက်လုံးထဲမှာ မျက်ရည်တွေ ဝိုင်းနေတာကို ကြည့်ရင် သူ တော်တော်လေး စိတ်တိုနေတဲ့ ပုံပါပဲ။

စိုက်ကြည့်နေတော့ရော ဘာလုပ်နိုင်မှာလဲ။

"နောက်ကျနေပြီ မဟုတ်လား။ အမြန်သွားတော့လေ"

"အဲ... နောက်မှ တွေ့ကြမယ်နော် အားလုံးပဲ"

ဟဲမီ က ထွက်ပြေးသလိုမျိုး နေရာကနေ ပျောက်ကွယ်သွားပါတယ်။

ဒီလောက်အထိ ဖြစ်ပြီးတာတောင် နောက်နေ့ကျရင် ဘာမှမဖြစ်သလို ကျောင်းပြန်တက်လာဦးမှာပါ။ အဲဒါကလည်း အရည်အချင်းတစ်ခုပဲ မဟုတ်လား။

ဂျူနီယာ မိန်းကလေးတစ်ယောက်က ကိုယ်စားလှယ်အဖြစ် ရှေ့ထွက်လာပြီး အယ်လီ ကို ဦးညွှတ်နှုတ်ဆက်ပါတယ်။

"စီနီယာ့ကိုယ်စား ကျွန်မတို့ တောင်းပန်ပါတယ်။ တကယ်ကို စိတ်မကောင်းဖြစ်သွားလား"

အယ်လီ က ပြုံးပြီး ခေါင်းခါပြလိုက်တယ်။

"ရပါတယ်။ ကျွန်မကတော့ သိပ်ပြီး စိတ်ထဲ မထားပါဘူး"

"ဒါဆို ဘာလို့..."

အကြောင်းရင်းကို မေးနေတဲ့ ဂျူနီယာကို အယ်လီ က ပြောလိုက်ပါတယ်။

"သူ့ရဲ့ အမူအရာတွေကို ကြည့်နေတာ၊ ဂျင်ဟူ အပေါ် ဆက်ဆံတာက တော်တော်လေး လွန်လွန်းလို့ပါ"

ဪ... ဒါဆို သူက ကျွန်တော့်အတွက်ကြောင့် တမင်တကာ ဝင်ပါပေးတာပေါ့။

အယ်လီ က ကျွန်တော့်ကို ကြည့်ပြီး မျက်လုံးလေးတွေ မှေးလိုက်တယ်။

"ကျေးဇူးပဲနော်"

"ဘာအတွက်လဲ"

"ငါ့ကိုယ်စား တောင်းပန်ခိုင်းပေးလို့လေ"

"ဒါကတော့ လုပ်ပေးသင့်တဲ့ ကိစ္စပဲဟာ"

ပြီးတော့ အယ်လီ က နောက်ပြောင်တဲ့ လေသံနဲ့ ပြောလိုက်သေးတယ်။

"ဂျင်ဟူ။ ဘာလို့ လုပ်ခဲ့လဲဆိုတာက အရေးမကြီးဘူး။ အရေးကြီးတာက ငါ ဘယ်လို ခံစားရလဲဆိုတာပဲ။ မိန်းကလေးတစ်ယောက်က အဲဒီလို ခံစားရတယ်ဆိုရင် အဲဒါက အမှန်ပဲ မဟုတ်လား"

အဲဒီစကားကို ကြားလိုက်ရတော့ ကျွန်တော်လည်း မအောင့်နိုင်ဘဲ ရယ်မိပါတော့တယ်။

"အင်း... အဲဒါကတော့ ဟုတ်တာပေါ့"

All Chapters