← Chapters

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

အခန်း (၄၃)

အခြေအနေတွေ ငြိမ်သက်သွားပြီးနောက် ဂိုဂျွန်ဟျွန်း က အယ်လီ ကို စကားပြောပါတယ်။

"တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က ဂိုဂျွန်ဟျွန်း ပါ။ ကိုရီးယားကို ဘာကိစ္စနဲ့ ရောက်လာတာလဲခင်ဗျ"

ငယ်ငယ်ကတည်းက အထက်တန်းလွှာ ပညာရေးကို သင်ကြားခဲ့ရတာကြောင့် ဂိုဂျွန်ဟျွန်း ရဲ့ အင်္ဂလိပ်စကားပြော လေယူလေသိမ်းက မူရင်းနိုင်ငံသားတစ်ယောက်လိုပဲ အင်မတန် ကျွမ်းကျင်လှပါတယ်။

အယ်လီ က အင်္ဂလိပ်လိုပဲ ပြန်ဖြေလိုက်တယ်။

"အရေးကြီးတဲ့ အလုပ်ကိစ္စတစ်ခု ရှိလို့ပါ"

"ဘာကိစ္စလဲဆိုတာ မေးလို့ရမလား"

"စိတ်မကောင်းပါဘူး၊ ဒါက လျှို့ဝှက်ချက်မလို့ပါ"

"ဪ... ဟုတ်ကဲ့။ စပ်စုသလိုဖြစ်သွားရင် စိတ်မရှိပါနဲ့"

သူက အိတ်ကပ်ထဲက ပိုက်ဆံအိတ်ကို ထုတ်ပြီး အယ်လီ ကို လိပ်စာကတ် ကမ်းပေးလိုက်တယ်။

"ဒီလို ဆုံရတာ ကံကြမ္မာပဲနေမှာ။ ဒါ ကျွန်တော့်ကတ်ပါ"

အယ်လီ က လိပ်စာကတ်ကို လက်ခံလိုက်တယ်။

"ရှင်က GH ဆောက်လုပ်ရေးမှာ အလုပ်လုပ်တာလား"

ဂျွန်ဟျွန်း က ပြုံးရင်း ပြောပါတယ်။

"ကျွန်တော့်အဖေက အဲဒီက ဥက္ကဋ္ဌပါ။ GH ဆောက်လုပ်ရေးက Golden Gate နဲ့ အတော်လေး ရင်းနှီးပါတယ်၊ အယ်လီလည်း သိလောက်မယ်ထင်တယ်"

အယ်လီ က ခေါင်းညိတ်ပြတယ်။

"အင်ဒိုနီးရှားမှာ GH ဆောက်လုပ်ရေးက SOC ပရောဂျက်ကို ကိုင်တွယ်နေပြီး Golden Gate က အဲဒီအတွက် ပရောဂျက် Project Financing(ပရောဂျက်ဘဏ္ဍာငွေ) ထောက်ပံ့ပေးနေတာလေ"

ဒါကို နားထောင်ကြည့်ရသလောက် GH ဆောက်လုပ်ရေးက အင်ဒိုနီးရှား အစိုးရဆီကနေ လမ်းဖောက်လုပ်ရေး ပရောဂျက်ကို ရထားပြီး Golden Gate က အဲဒီအတွက် ရင်းနှီးမြှုပ်နှံပေးထားတာ ဖြစ်ပုံရပါတယ်။

အယ်လီ လည်း သူ့ရဲ့ လိပ်စာကတ်ကို ပြန်ပေးလိုက်တယ်။

"တွေ့ရတာ ဝမ်းသာပါတယ်"

ယွန်ဆွန်းအာ က သူတို့နှစ်ယောက် စကားပြောနေတာကို ကြည့်နေပြီးမှ ကျွန်တော့်ဘက်ကို လှည့်ကြည့်လာတယ်။ သူ့မျက်နှာက ဘာတွေးနေမှန်း မသိသာပါဘူး။

ဂိုဂျွန်ဟျွန်း က ကျွန်တော့်ဆီကိုလည်း လာပြီး လိပ်စာကတ် ကမ်းပေးပါတယ်။

"အကူအညီ လိုအပ်ရင် အချိန်မရွေး ဆက်သွယ်လိုက်ပါ"

ကျွန်တော့်မှာ တကယ်ကော အကူအညီ လိုအပ်ပါ့မလား။

ဘာပဲဖြစ်ဖြစ် ကျွန်တော် လိပ်စာကတ်ကို လက်ခံလိုက်တယ်။

"ဟုတ်ကဲ့ပါ။ စီနီယာ"

ဆွန်းအာ က ဂိုဂျွန်ဟျွန်း ကို ပြောလိုက်တယ်။

"သွားရအောင်။ ကိုကို"

"အေး... သွားကြစို့"

ဂိုဂျွန်ဟျွန်း က ဘေးတံခါးကို ဖွင့်ပေးလိုက်တယ်။ ဆွန်းအာ က ကားထဲမဝင်ခင် ကျွန်တော့်ကို "နောက်မှ တွေ့ကြမယ်နော်" လို့ နှုတ်ဆက်သွားပါတယ်။

"အေး... ကောင်းကောင်းသွား"

ဝူး...

Bentley ရဲ့ အားကောင်းတဲ့ အင်ဂျင်သံနဲ့အတူ ကားက ကားပါကင်ထဲကနေ ချောချောမွေ့မွေ့ ထွက်သွားပါတယ်။

ကားရဲ့ နောက်ပိုင်းကို ကြည့်ရင်း ကျွန်တော့်ဘာသာ တွေးမိတာက

"ဘန့်တလေ က တကယ်ပဲ ငါ့အကြိုက် မဟုတ်ဘူး။ ကားဝယ်မယ်ဆိုရင်Porsche ဒါမှမဟုတ် Maseratiကမှ ပိုကောင်းမယ်ထင်တယ်"

ဘယ်ကားကို ဝယ်ရမလဲဆိုတာ တကယ်ကို အလေးအနက် စဉ်းစားဖို့ လိုနေပါပြီ။

"ငါတို့တွေလည်း သွားကြရအောင်"

ကျွန်တော်တို့ ထွက်တော့မယ့်အချိန်မှာ ကျောင်ဂီ က အယ်လီ ကို "ကျွန်တော်တို့တွေ နေ့လယ်စာ သွားစားမလို့၊ လိုက်ခဲ့မလား" လို့ ဖိတ်ပါတယ်။

အယ်လီ က "အင်း... ကျွန်မ ဝင်ပါရင် အဆင်ပြေပါ့မလား" လို့ မေးတယ်။

ကျောင်ဂီ က ချက်ချင်းပဲ ခေါင်းညိတ်ပြီး "ရတာပေါ့။ တောင်းပန်တဲ့အနေနဲ့ ကျွန်တော်ပဲ ကျွေးပါ့မယ်"

"......"

ခုနကတင် ဟဲမီဘက်မှာရပ်တည်ပေးနေခဲ့တာ မဟုတ်ဘူးလား။

ဂျူနီယာတွေကလည်း "သွားကြရအောင်" လို့ ဝိုင်းပြောကြတယ်။

" သွားမယ်လေ"

အယ်လီ က ကျွန်တော့်ကို မေးတဲ့ အကြည့်နဲ့ ကြည့်လာတယ်။

"ငါလည်း သွားလို့ရမလား"

"ရတာပေါ့"

အဲဒီလိုနဲ့ မမျှော်လင့်ဘဲ အားလုံး ဗဟိုစာကြည့်တိုက်က ကျောင်းသား ထမင်းစားဆောင်ကို ထမင်းသွားစားကြပါတယ်။

မင်ယောင်း က ကျွန်တော့်ကို တိုးတိုးလေး လာပြောတယ်။

"မင်း စစ်တပ်က ပြန်ထွက်လာတာ မကြာသေးဘူး၊ ဒီလို အချောအလှလေးနဲ့ ဆုံနေပြီပေါ့။ ကံကောင်းလိုက်တာ"

"အဲဒီလို မဟုတ်ပါဘူး"

ကျွန်တော် မင်ယောင်း ကို ပြန်မေးလိုက်တယ်။

"မင်းက အားလပ်ရက်ကြီးမှာ ကျောင်းကို ဘာလာလုပ်တာလဲ"

"TOEIC စာမေးပွဲအတွက် စာလာလုပ်တာ"

"အားလပ်ရက်မှာ စာလာလုပ်တဲ့ ကျောင်းသားတွေ အများကြီး ရှိလား"

"ဒါက ကြိုတင်ပြင်ဆင်ထားရတာလေ။ အလုပ်မရလို့ ဘွဲ့မယူနိုင်သေးတဲ့ စီနီယာတွေကို ကြည့်ပြီး သက်ပြင်းချနေရတာ။ နောက်နှစ်ဆို ငါလည်း စတုတ္ထနှစ် ရောက်တော့မယ်။ ကျောင်းခဏနားပြီး ဘာသာစကား သင်ယူဖို့ နိုင်ငံခြား သွားမလားလို့ စဉ်းစားနေတာ"

ကျွန်တော်သာ စစ်တပ်က ထွက်လာပြီးနောက် ဖြေရှင်းစရာ ကိစ္စတွေ မရှိခဲ့ရင် အခုချိန်မှာ ဒီလိုပဲ ပူပန်ပြီး စာတွေ လုပ်နေမိမလား။

အားလပ်ရက်မှာတောင် ဂိုဂျွန်ဟျွန်း ကျောင်းလာရတာက ကျောင်းအုပ်ကြီးနဲ့ တွေ့ဖို့ ရှိလို့ပါ။ အခု ကိုရီးယားတက္ကသိုလ်ထဲမှာ ကျောင်းသား အဆောင်သစ်တွေ ဆောက်နေတာကို GH ဆောက်လုပ်ရေးက တာဝန်ယူထားတာလေ။

သူ့အဖေက GH ဆောက်လုပ်ရေးရဲ့ ဥက္ကဋ္ဌ ဖြစ်တာကြောင့် အဖေဖြစ်သူကိုယ်စား တချို့အလုပ်တွေကို တာဝန်ယူပေးနေရတာ ဖြစ်ပြီး ကျောင်းအုပ်ကြီးနဲ့ တွေ့တာကလည်း အဲဒီအလုပ်ကိစ္စတွေနဲ့ ဆက်စပ်နေတာပါ။

ဒါပေမဲ့ အပြန်လမ်းမှာ မမျှော်လင့်ဘဲ တစ်စုံတစ်ယောက်နဲ့ ဆုံခဲ့တယ်။

"ကန်ဂျင်ဟူ နဲ့ဆုံခဲ့ရတာဆိုပဲ"

ကျောင်းထဲမှာ ချစ်သူဖြစ်ကြ၊ လမ်းခွဲကြတာက သာမန်ကိစ္စမလို့ ရည်းစားဟောင်းနဲ့ ကျောင်းမှာ ပြန်ဆုံတာက အရေးကြီးတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။

ဒါပေမဲ့ တစ်ခုခုကတော့ စိတ်ထဲမှာ တစ်မျိုး ဖြစ်နေပါတယ်။

အရင်းရှင် လူ့အဖွဲ့အစည်းမှာ ပိုက်ဆံအများကြီး ရှိတာက အာဏာပါပဲ။ လူတွေက တခြားသူတွေရဲ့ အာဏာကို အားကျတာ ဒါမှမဟုတ် ကြောက်ရွံ့တတ်ကြတယ်။

အဲဒါကြောင့် လူအတော်များများက သူ့ရှေ့မှာဆိုရင် ရှိန်နေတတ်ကြတာပါ။

အတန်းဖော်တွေ၊ စီနီယာတွေနဲ့ ပါမောက္ခတွေက သူ့ကို သာမန်လိုပဲ ဆက်ဆံကြပေမဲ့ ဒါက အပေါ်ယံတင်ပါ။ ပိုက်ဆံရဲ့ အာဏာရှေ့မှာ သူတို့တွေ ခေါင်းငုံ့ကြရတယ်။ အခုလေးတင် တွေ့ခဲ့တဲ့ ကျောင်းအုပ်ကြီးတောင် အတူတူပါပဲ။

ခြွင်းချက်အနေနဲ့ကတော့ သူ့လိုမျိုး အဆင့်အတန်း ဒါမှမဟုတ် ချမ်းသာကြွယ်ဝမှု ရှိတဲ့သူတွေကတော့ ရှိန်မှာမဟုတ်ပါဘူး။

ဒါပေမဲ့... ခုနက ဂိုဂျွန်ဟျွန်း နဲ့ ကန်ဂျင်ဟူ တို့ လက်ဆွဲနှုတ်ဆက်တဲ့ အချိန်ကို ပြန်စဉ်းစားကြည့်မိတယ်။

ထူးထူးခြားခြားပဲ တစ်ဖက်လူက လုံးဝ ရှိန်နေတဲ့ပုံ မပေါက်ပါဘူး။ ဂျူနီယာတစ်ယောက်က စီနီယာတစ်ယောက်ကို ဆက်ဆံတဲ့ အမူအရာမျိုးထက် မပိုသလို မလျော့ပါဘူး။

ရှိန်သွားလောက်မလားလို့ ထင်ပြီး ကိုယ့်ရဲ့ အဆင့်အတန်းကို တမင် ထည့်ပြောပြီး လိပ်စာကတ်တောင် လဲခဲ့ပေမဲ့ သူကတော့ ဘာမှ မထူးခြားသလိုပါပဲ။

ဂိုဂျွန်ဟျွန်း က ကားမောင်းရင်း မေးလိုက်တယ်။

"သူတို့တွေက စိတ်ဝင်စားဖို့ ကောင်းသားပဲ။ နင်တို့ ပထမနှစ်တုန်းက ခဏလောက် တွဲခဲ့ကြတာ မဟုတ်လား"

ဆွန်းအာ က နောက်ပြောင်တဲ့ပုံစံနဲ့ မျက်နှာလွှဲပြီး မေးလိုက်တယ်။

"ဘာလဲ၊ မနာလိုဖြစ်နေတာလား"

"မဖြစ်ပါဘူး။ ငါ မသိတာမှ မဟုတ်တာ။ ငါလည်း ရည်းစားတွေ ထားခဲ့တာပဲ"

ယွန်ဆွန်းအာ ကို ဂိုဂျွန်ဟျွန်း ပထမဆုံး မြင်ဖူးတာက ကျောင်းပွဲတော်ကို ခဏလာတုန်းကပါ။ အဲဒီအချိန်မှာ ဆွန်းအာ က သူနဲ့ အတူရှိနေခဲ့တာလေ။

"သူက ထူးဆန်းတဲ့ ကားနဲ့ လာတာပဲ"

ဆွန်းအာ က တခစ်ခစ် ရယ်ရင်း "သူငယ်ချင်းကား ဖြစ်မှာပါ။ သူ့သူငယ်ချင်းတွေထဲမှာ အဲဒီလိုအကြိုက်ရှိတဲ့လူ တစ်ယောက် ရှိတယ်"

တွဲနေတုန်းက မိတ်ဆက်ပေးခဲ့တဲ့ သူငယ်ချင်းကို သူ မှတ်မိနေတာပါ။

"သူ့သူငယ်ချင်း နာမည်က တော်တော် ထူးခြားတယ်။ တက်ဂယူ တဲ့"

"သိပ်တော့ မထူးခြားပါဘူး"

"ဒါပေမဲ့ သူ့မျိုးရိုးနာမည်က 'အို' လေ။ ဒါကြောင့် အိုတက်ဂယူ ဖြစ်နေတာ"

"ဘာ... အိုတာကူ လား"

"အဲ့ဒီကောင်က ငါက အိုတာကူ မဟုတ်ပါဘူး၊ အိုတက်ဂယူ ပါ ဆိုပြီး ပြောတတ်သေးတယ်"

"ဟာဟာ... ရယ်ရတဲ့ နာမည်ပဲ"

ဂိုဂျွန်ဟျွန်း အကျယ်ကြီး ရယ်လိုက်မိတယ်။

"ဒါနဲ့ Golden Gate ရှေ့နေနဲ့ သူက ဘာပတ်သက်တာလဲ။ လိပ်စာကတ်မှာတော့ အာရှရုံးခွဲမှာ လုပ်တယ်လို့ တွေ့တယ်"

ဆွန်းအာ က ခုနက တွေ့ခဲ့တဲ့ နိုင်ငံခြားသူကို ပြန်စဉ်းစားကြည့်တယ်။

မော်ဒယ်လ်တစ်ယောက်လို အရပ်အမောင်းနဲ့ ကိုယ်လုံးကိုယ်ပေါက်က အချိုးအစားကျလွန်းတော့ ရှေ့နေအလုပ် လုပ်နေတာတောင် နှမြောစရာကောင်းလောက်အောင် လှပလွန်းသူပါ။

သာမန် တက္ကသိုလ်ကျောင်းသားတစ်ယောက်က Golden Gate ရှေ့နေတစ်ယောက်နဲ့ အတူရှိနေတာက တကယ့်ကို ထူးဆန်းပါတယ်။

ဒါပေမဲ့ ဆွန်းအာ ကတော့ အကြောင်းရင်းကို ခန့်မှန်းမိပါတယ်။

"အိုတက်ဂယူရဲ့အစ်မက Golden Gate အာရှရုံးခွဲမှာ အလုပ်လုပ်တာလေ"

ဂိုဂျွန်ဟျွန်း က နားလည်သွားတဲ့ပုံစံနဲ့ ခေါင်းညိတ်လိုက်တယ်။

"ဪ... အဲဒါကြောင့် ကျောင်းကို လိုက်ပြခိုင်းတာ ဖြစ်မယ်ထင်တယ်"

"ဖြစ်နိုင်ပါတယ်"

ဒါပေမဲ့လည်း သူတို့နှစ်ယောက်က ကြည့်ရတာ တစ်မျိုးလေး ရင်းနှီးနေကြသလိုပဲ။ တွဲနေတဲ့ပုံစံတော့ မဟုတ်ပေမဲ့ ကြားထဲမှာ တစ်ခုခု ရှိနေတာတော့ သေချာတယ်။

သူငယ်ချင်းတွေပဲလား။

ဒါပေမဲ့ သူ့ကို စိတ်ထဲမှာ တစ်ခုခု တစ်မျိုးဖြစ်နေစေတာ ရှိပါသေးတယ်။

'သူ ပြောင်းလဲသွားပြီ'

ဆွန်းအာ က လူကဲခတ်တာမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတဲ့သူပါ။

လွန်ခဲ့တဲ့ လအနည်းငယ်က ဝိုင်းတစ်ခုမှာ မတော်တဆ ဆုံတုန်းကတော့ သူက အရင်အတိုင်းပါပဲ။ ဒါပေမဲ့ ဒီနေ့ ပြန်တွေ့တဲ့အခါကျတော့ သူ့ဆီမှာ တစ်ခုခု ပြောင်းလဲသွားတာကို တွေ့ရတယ်။

တစ်ချက်ကြည့်ရုံနဲ့ သိနိုင်တာပါ။

နောက်ဆုံးတွေ့ခဲ့တာက သိပ်မကြာသေးဘူးလေ။

'အဲဒီကြားထဲမှာ ဘာတွေ ဖြစ်ခဲ့လို့လဲ'

ဒါမှမဟုတ်ရင်လည်း...

"ကုန်တိုက်မှာ ဈေးသွားဝယ်ကြမလား" လို့ ဂိုဂျွန်ဟျွန်း က မေးပါတယ်။

ဆွန်းအာ က "ကောင်းသားပဲ" လို့ သဘောတူလိုက်တယ်။

သူ စိတ်ထဲက အတွေးတွေကို မေ့ပစ်လိုက်တယ်။

'ငါ အထင်မှားတာပဲ နေမှာပါ'

"ကျောင်းက စားစရာတွေ မစားရတာ ဘယ်လောက်တောင် ကြာပြီလဲ"

ဒီနှစ်နှစ်အတွင်းမှာ ကျောင်းက စားစရာတွေက တော်တော်လေး တိုးတက်လာပါတယ်။ အသိသာဆုံး အပြောင်းအလဲကတော့ စျေးနှုန်းပါပဲ။

"တစ်ထောင်တောင် တက်သွားတာပဲ"

ချမ်းသာတဲ့ မိသားစုက ကလေးတွေအတွက်တော့ ကျောင်းက စားစရာစျေးနှုန်းက ဘာမှမဟုတ်ပေမဲ့ လအနည်းငယ်အတွင်းမှာ သန်းထောင်နဲ့ချီ ရှာထားတဲ့ ကျွန်တော့်အတွက်တော့ စျေးတက်သွားတာကို တစ်ချက်ကြည့်ရုံနဲ့ သိသာပါတယ်။

မင်ယောင်း က သက်ပြင်းချပြီး ပြောတယ်။

"နောက်ထပ် ၃၀၀ ထပ်တိုးဖို့ လုပ်တုန်းက ကျောင်းသားတွေ သောင်းကျန်းကြလို့ မတိုးတော့တာ"

တစ်ထောင်ဆိုတာ သိပ်မများဘူးလို့ ထင်ရပေမဲ့ တက္ကသိုလ်ကျောင်းသားတွေအတွက်တော့ အဲဒီအပိုပေးရတာက သေးငယ်တဲ့ အသုံးစရိတ် မဟုတ်ပါဘူး။

တချို့ကျောင်းသားတွေဆို ၁၀၀၀၊ ၂၀၀၀ သုံးရမှာ နှမြောလို့ ထမင်းကောင်းကောင်း မစားဘဲ ခေါက်ဆွဲခြောက်ပဲ စားကြတာလေ။

ကျွန်တော် ကျောင်းက စားစရာကို ထိုင်စားလိုက်တယ်။ မနက်က ကြယ်ငါးပွင့်ဟိုတယ်မှာ မနက်စာ စားခဲ့ပေမဲ့ အခုတော့ နေ့လယ်စာကို ကျောင်းက စားစရာ စားနေရပါပြီ။

ကျောင်းက စားစရာပဲ မှာစားတဲ့ အယ်လီ ကလည်း ကျွန်တော့်ဘေးမှာ လာထိုင်တယ်။ သူကတော့ ဝက်သားကတ်သလက်ကို ရွေးထားတာပါ။

"ကိုရီးယားတက္ကသိုလ်ကို ရောက်ရင် ဝက်သားကတ်သလက်ကို မြည်းကြည့်ချင်နေတာ"

"ဘာလို့လဲ"

"ဂျက်စီကာ က ဒီမှာ အဲဒါ အကောင်းဆုံးပဲလို့ ပြောဖူးလို့"

"အဲဒါက ဝက်သားကတ်သလက်က အရမ်းကောင်းလွန်းလို့ မဟုတ်ဘဲ တခြားဟာတွေက စားမကောင်းလို့ ဖြစ်မှာပါ"

ထမင်းစားဆောင်ထဲမှာတောင် အယ်လီ က အာရုံစိုက်ခံနေရတုန်းပါပဲ။ တခြားစားပွဲက ကျောင်းသားတွေက လှမ်းကြည့်နေကြသလို ဘေးမှာထိုင်နေတဲ့ စီးပွားရေးစီမံခန့်ခွဲမှုဌာနက ဂျူနီယာတွေကလည်း မေးခွန်းတွေ တရစပ် မေးနေကြပါတယ်။

Golden Gate ဆိုတာ ဘဏ္ဍာရေးလောကမှာ အလုပ်လုပ်ချင်တဲ့ ကျောင်းသားတိုင်းရဲ့ အိပ်မက် နေရာလေ။

အယ်လီ က မေးခွန်းတွေကို စိတ်ရှည်လက်ရှည် ဖြေပေးရင်း စကားတွေ ပြောနေပါတယ်။ ဂျူနီယာ မိန်းကလေးတွေနဲ့ စကားပြောတဲ့အခါ တစ်ခုခုကို သဘောကျနေသလိုမျိုး တခစ်ခစ်နဲ့ ရယ်သံတွေ မစဲပါဘူး။

ဒီလိုကြည့်တော့လည်း သူက သာမန် တက္ကသိုလ်ကျောင်းသူတစ်ယောက်လိုပါပဲ။ ဒါက သူ့ရဲ့ တကယ့် ပင်ကိုယ်စရိုက်လား။

စားသောက်ပြီးနောက် အပြင်ကို ထွက်လာခဲ့ကြတယ်။

"နောက်မှ တွေ့ကြမယ်နော်"

"ငါ ဆက်သွယ်လိုက်မယ်"

မင်ယောင်း နဲ့ ကျောင်ဂီ တို့က ဂျူနီယာတွေနဲ့အတူ ထွက်သွားကြပြီး ကျွန်တော်တို့ကတော့ ကျောင်းထဲကို ဆက်ပြီး လည်ပတ်ကြတယ်။

အယ်လီ က "ခုနက မိန်းကလေးက လှတယ်နော်" လို့ ပြောတယ်။

"ဘယ်သူလဲ။ ဟဲမီ ကို ပြောတာလား"

"မဟုတ်ပါဘူး၊ Bently ပေါ်က မိန်းကလေးကို ပြောတာ"

"ဪ... ဆွန်းအာကို ပြောတာလား"

အယ်လီ က ခေါင်းညိတ်ပြတယ်။

"သူက ယွန်ဆွန်းအာ ပေါ့လေ။ ကြားဖူးတဲ့အတိုင်း တကယ် လှတာပဲ"

သူ့စကားကြောင့် ကျွန်တော် အံ့သြသွားတယ်။

"ဟမ်... နင်က ဆွန်းအာ ကို ဘယ်လို သိတာလဲ"

"တက်ဂယူ ပြောပြလို့လေ"

"သူက ဘာတွေ ပြောလို့လဲ..."

"ကျောင်းဖွင့်စတုန်းက ဆုံပြီး တစ်နှစ်မပြည့်ခင် တွဲခဲ့ကြတယ်၊ ပြီးတော့ လမ်းခွဲလိုက်ကြတယ်၊ နင်ကတော့ ကျောင်းခဏနားပြီး စစ်တပ်ထဲ ဝင်သွားတယ်ဆိုပြီး ပြောတာပဲ"

"...ဘာလို့ သူများရဲ့ သမီးရည်းစားဇာတ်လမ်းတွေကို ခွင့်မတောင်းဘဲ အသေးစိတ် လျှောက်ပြောနေရတာလဲကွာ"

အယ်လီ က ကျွန်တော့်မျက်နှာကို ကြည့်ပြီး မေးတယ်။

"ဘာတွေ တွေးနေတာလဲ"

"ဘာမှ မဟုတ်ပါဘူး"

တက်ဂယူဆိုတဲ့ မအေဘေးကို ဘယ်လို သတ်ရမလဲလို့ စဉ်းစားနေတာပါ။

"ဒါနဲ့ နင် သူ့ကို ချစ်နေတုန်းလား"

ဒါက ဆွန်းအာနဲ့ပတ်သတ်ပြီး မေးတာ ဖြစ်လောက်မယ်ထင်တယ်။

ကျွန်တော် ခေါင်းခါလိုက်တယ်။

"မချစ်တော့ပါဘူး၊ လမ်းခွဲခဲ့တာ ကြာပါပြီ။ အခုတော့ ကျောင်းနေဖက်တွေပါပဲ"

တစ်ချိန်ကတော့ သူ့ကို တကယ် ကြိုက်ခဲ့ဖူးပေမဲ့ အခုတော့ အတိတ်က ကိစ္စတွေ ဖြစ်သွားပါပြီ။ ပြီးခဲ့တဲ့ ပတ်သက်မှုတွေကို ဆွဲကိုင်ထားစရာ မလိုတော့ဘူးလေ။

အယ်လီ က တစ်ခုခုကို သိနေတဲ့ပုံစံနဲ့ ပြုံးလိုက်တယ်။

"ဪ... ဟုတ်လား"

ကျောင်းပတ်ကြည့်လို့ ပြီးတော့ ကျောင်းနားက ရပ်ကွက်တွေကို သွားလည်ကြပါတယ်။ ရပ်ကွက်နားမှာပဲ ညစာ စားလိုက်ကြပြီး သတိထားမိတဲ့အချိန်မှာတော့ နေဝင်သွားပါပြီ။

ပြန်ဖို့အတွက်ဆို နောက်ထပ် တစ်နာရီလောက် မောင်းရဦးမှာပါ။

ကျွန်တော် အယ်လီ ကို တင်ပြီး ကားမောင်းလာခဲ့တယ်။ လမ်းတစ်လျှောက်လုံး အယ်လီ က ပြတင်းပေါက် အပြင်ဘက်ကိုပဲ ငေးနေပါတယ်။

"ဆိုးလ်ရဲ့ ညအလှက လှသားပဲ"

"ဟောင်ကောင်လည်း လှတာပဲ မဟုတ်လား"

ခရီးသွား အစီအစဉ်တစ်ခုထဲက ဟောင်ကောင်ရဲ့ ပုံရိပ်ကို ကျွန်တော် မြင်ယောင်မိတယ်။ အထပ်မြင့် အဆောက်အဦး သိပ်မရှိတဲ့ ဆိုးလ်နဲ့ မတူဘဲ ဟောင်ကောင်ကတော့ မိုးမျှော်တိုက်တွေရဲ့ နိဗ္ဗာန်ဘုံပဲလေ။ ညဘက်ဆို အဆောက်အဦးတွေက ရောင်စုံမီးတွေနဲ့ လင်းထိန်နေတာ။

အယ်လီ က ပြုံးပြီး ပြောတယ်။

"တစ်ခါလောက် လာလည်လေ။ ငါ လိုက်ပြပေးမယ်"

"လာခဲ့ပါ့မယ်"

ကျွန်တော်တို့ မကြာခင်မှာ ယောင်ဂျုံးတံတား ပေါ် ရောက်လာပါတယ်။ ဟိုတယ်ကို ရောက်တော့ ကားပါကင်ထိုးပြီး လော်ဘီကို တက်လာခဲ့ကြတယ်။

အယ်လီ က ကျွန်တော့်ဆီ လက်ကမ်းပေးလိုက်တယ်။

"မနက်ဖြန်ကစပြီး အလုပ်ပြန်လုပ်ကြတာပေါ့။ ဒီနေ့ Dateရတာ ပျော်ဖို့ကောင်းခဲ့ပါတယ်"

"တစ်ရက်တည်း အတူတူ ဖြတ်သန်းခဲ့တာ ဆိုပေမဲ့ ရုတ်တရက်ကြီး ပိုရင်းနှီးသွားသလို ခံစားရတယ်"

ကျွန်တော် သူ့လက်ကို ဆုပ်ကိုင်လိုက်တယ်။

"ငါလည်း အတူတူပါပဲ"

အခန်း (၄၄)

မူလက OTK Company ရဲ့ ရင်းနှီးမြှုပ်နှံမှု အရင်းအနှီးဟာ ဝမ် သန်းပေါင်း ၆၇၂,၀၀၀ ရှိပါတယ်။ ကိုရီးယားမှာ လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်တဲ့ K Company တည်ထောင်ဖို့ ဝမ် သန်း ၇၀,၀၀၀ ရင်းနှီးမြှုပ်နှံပြီးတဲ့နောက် ကျန်တဲ့ အရင်းအနှီးက ဝမ် သန်းပေါင်း ၆၀၂,၀၀၀ပါ။

Startup တွေမှာ ရင်းနှီးမြှုပ်နှံဖို့ ပထမဆုံး စတင်ခြေလှမ်းပြင်တုန်းက ဒီလောက်များပြားတဲ့ ငွေပမာဏကို ကျွန်တော် တကယ် ရင်းနှီးမြှုပ်နှံနိုင်ပါ့မလားလို့ စိုးရိမ်ခဲ့မိတယ်။ ဒါပေမဲ့ အဲဒီစိုးရိမ်စိတ်က ခဏတာ ကြောက်ရွံ့မှုတစ်ခုသာ ဖြစ်ခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံမှု စာချုပ်တစ်ခုစီမှာ လက်မှတ်ထိုးလိုက်တိုင်း ကျွန်တော့်အကောင့်ထဲက လက်ကျန်ငွေတွေက မြန်မြန်ဆန်ဆန်ပဲ လျော့နည်းသွားပါတယ်။ ပိုက်ဆံဆိုတာ ရှာရခက်ပေမဲ့ သုံးရတာတော့ လွယ်သားပဲ။

တစ်ခါတည်းနဲ့ သန်းထောင်ပေါင်းများစွာကို ရင်းနှီးမြှုပ်နှံလိုက်တာက ပိုက်ဆံအပေါ်ထားတဲ့ ကျွန်တော့်ရဲ့ အာရုံခံစားမှုကို ထုံထိုင်းသွားစေတယ်။ တစ်ယောက်ယောက်က ဒေါ်လာ ၅ သန်းလောက် လာတောင်းရင် 'ဒါက သိပ်မနည်းလွန်းဘူးလား၊ စနစ်တကျ လုပ်ငန်းတစ်ခုလည်ပတ်ဖို့ဆိုရင် အနည်းဆုံး ဒေါ်လာ ၁၀ သန်းတော့ လိုမှာပေါ့' လို့တောင် တွေးမိလာတယ်။

ကျွန်တော့်ရဲ့ စကေးက ဘယ်အချိန်ကတည်းက ဒီလောက်ကြီးသွားတာလဲ။

တွေ့ဆုံဖို့ ချိန်းဆိုထားပြီဆိုကတည်းက ရင်းနှီးမြှုပ်နှံဖို့က သေချာသလောက် ရှိနေပါပြီ။ တွေ့ဆုံဖို့ အစီအစဉ်ဆွဲရတဲ့ အကြောင်းရင်းက ရင်းနှီးမြှုပ်နှံမလား၊ မမြှုပ်နှံဘူးလားဆိုတာကို ဆုံးဖြတ်ဖို့ မဟုတ်ဘဲ လူကိုယ်တိုင်တွေ့ပြီး ဆွေးနွေးဖို့နဲ့ အသေးစိတ် အချက်အလက်တွေကို ညှိနှိုင်းဖို့ပဲ ဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲတွေမှာ အရေးကြီးဆုံး အချက်နှစ်ချက်ကတော့ ပိုင်ဆိုင်မှုနဲ့ စီမံခန့်ခွဲမှုပါပဲ။ ဘဏ္ဍာရေးလောကဆိုတာ ဘယ်လောက်ပဲ လှပတဲ့ စကားလုံးတွေနဲ့ ဖုံးဖိထားပါစေ၊ အနှစ်သာရကတော့ ပိုက်ဆံကနေ ပိုက်ဆံထပ်ပွားအောင် ကစားတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလောကကို လိမ်လည်လှည့်ဖြားသူတွေ စုဝေးရာနေရာလို့ ခေါ်ရင်တောင် မမှားပါဘူး။

တချို့က ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်ပြီး ရင်းနှီးမြှုပ်နှံမှု ငွေတွေကို အလွဲသုံးစားလုပ်ဖို့အတွက် ဟန်ပြကုမ္ပဏီတွေ ထောင်ကြတယ်။ တချို့ကျပြန်တော့လည်း ကျန်းမာသန်စွမ်းတဲ့ ကုမ္ပဏီတွေဆီ ချဉ်းကပ်ပြီး နည်းပညာတွေနဲ့ မူပိုင်ခွင့်တွေကို သိမ်းယူတာ ဒါမှမဟုတ် ကုမ္ပဏီတစ်ခုလုံးကို သိမ်းပိုက်တာမျိုးတွေ လုပ်တတ်ကြပါတယ်။

ဒါကြောင့် ရင်းနှီးမြှုပ်နှံမှု ရှာနေတဲ့ Startup တည်ထောင်သူတွေ အစိုးရိမ်ဆုံးက ပိုင်ဆိုင်မှု အခွင့်အရေးပါပဲ။ ကျွန်တော်တွေ့ခဲ့တဲ့ တည်ထောင်သူ အများစုက စီးပွားရေးသမား စိတ်ဓာတ်ထက် လုပ်ငန်းရှင် စိတ်ဓာတ် ပိုရှိကြတယ်။ သူတို့က ပိုက်ဆံအများကြီး ရှာဖို့ထက် သူတို့ရဲ့ ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှုတွေကို ဈေးကွက်မှာ အောင်မြင်အောင် လုပ်ချင်ကြတာပါ။

အဲဒါကြောင့် သူတို့က ရင်းနှီးမြှုပ်နှံမှုကို လက်ခံချင်ကြပေမဲ့ စီမံခန့်ခွဲမှုမှာတော့ ဝင်ရောက် စွက်ဖက်တာကို မလိုလားကြပါဘူး။ ကျွန်တော်လည်း သူတို့ ကြားချင်တဲ့ အဖြေကိုပဲ ဝမ်းမြောက်ဝမ်းသာ ပေးလိုက်ပါတယ်။

"ကျွန်တော် ရင်းနှီးမြှုပ်နှံမယ်၊ ဒါပေမဲ့ စီမံခန့်ခွဲမှုမှာတော့ ဝင်မပါဘူး"

စီမံခန့်ခွဲမှု အခွင့်အရေးကို လျှော့ပေးလိုက်ပြီး ရှယ်ယာ ဘယ်လောက်ယူမလဲ ဆိုတာကိုပဲ ဆုံးဖြတ်လိုက်တာကြောင့် တခြား အသေးစိတ် အချက်အလက်တွေကို မြန်မြန်ဆန်ဆန်ပဲ အဆုံးအဖြတ် ပေးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်မှာ အပြန်အလှန် လက်မှတ်ထိုးလိုက်ကြပြီး ဝေးလံလှတဲ့ ကိုရီးယားမြေမှာ ရင်းနှီးမြှုပ်နှံသူ ရှာတွေ့သွားတဲ့ သူတွေကတော့ သူတို့ရဲ့ နေရပ်ကို ပျော်ပျော်ရွှင်ရွှင် ပြန်သွားကြပါတယ်။

ဒီတစ်ခါ ကျွန်တော်တွေ့တဲ့ လုပ်ငန်းရှင်တွေကတော့ အရှေ့အာရှသား လူငယ်တစ်ယောက်နဲ့ လူမည်း အမျိုးသမီး တစ်ယောက်ပါ။

ဂျပန်-ဗြိတိန် ကပြား ပီတာ ကတ်ဆူယို နဲ့ ဂျမေကာ-ဗြိတိန် ကပြား ဂျနယ်လ် ဂျက်ဆင် တို့ ဖြစ်ပါတယ်။ ပီတာ က မူလက ဗိသုကာပညာရှင် တစ်ယောက်ဖြစ်ပြီး ဂျနယ်လ် ကတော့ ကွန်ပျူတာ သိပ္ပံပညာရှင် တစ်ယောက်ပါ။

"ArcIt က ဗိသုကာ ပုံစံထုတ်လုပ်ရေးအတွက် ဉာဏ်ရည်တု (AI) ကို အသုံးပြုဖို့ ရည်ရွယ်ထားတာပါ"

ဆက်လက် ရှင်းပြချက်တွေကတော့ အခုလိုပါပဲ။

ဗိသုကာပညာ ဆိုတာ အနုပညာရော အင်ဂျင်နီယာပညာရပ်ပါ ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ အဆောက်အဦးတွေက မြို့ပြကို ပုံဖော်ပေးတဲ့ အနုပညာ လက်ရာတစ်ခု ဖြစ်ရုံတင်မကဘဲ လူတွေ နေထိုင်ရာ နေရာတွေလည်း ဖြစ်ပါတယ်။

ဒါကြောင့် ဗိသုကာပညာဟာ အထူးလေ့ကျင့်သင်ကြားထားတဲ့ ဗိသုကာပညာရှင်တွေရဲ့ နယ်ပယ်ထဲမှာပဲ ရှိနေခဲ့တာပါ။ ဒါပေမဲ့ သူတို့တွေက ဒီနယ်ပယ်ကို IT နည်းပညာတွေနဲ့ ပေါင်းစပ်ပြီး စိန်ခေါ်ဖို့ ရည်ရွယ်ထားပါတယ်။

ဂျနယ်လ် က Arc (ဗိသုကာပညာအတွက် AI) ကနေ တိုက်ရိုက် ဖန်တီးထားတဲ့ ဒီဇိုင်းတွေနဲ့ ပုံစံကြမ်းတွေကို ပြသပါတယ်။

"လက်ရှိမှာတော့ ကျွန်မတို့တွေက ၁ ထပ်၊ ၂ ထပ် အဆောက်အဦး ရိုးရိုးလေးတွေကိုပဲ ဒီဇိုင်းဆွဲနိုင်သေးတဲ့ အဆင့်မှာ ရှိပါတယ်။ ဒါပေမဲ့ Arc က Machine Learning ကနေတစ်ဆင့် အမြဲ တိုးတက်နေတာပါ"

တက်ဂယူ က အံ့သြတကြီးနဲ့ ကျွန်တော့်ကို မေးတယ်

" Machine Learning ဆိုတာ ဘာလဲ"

"နာမည်အတိုင်းပဲလေ၊ စက်တွေက သင်ယူနေတာ"

"ဉာဏ်ရည်တု ကလည်း သင်ယူတတ်တာလား"

ဉာဏ်ရည်တု ဆိုတာ လူသားတွေရဲ့ တွေးခေါ်မှုကို အစားထိုးတဲ့ စက်တစ်မျိုးပါပဲ။

ဒါက အကြီးကြီးလို့ ထင်ရပေမဲ့ ကွန်ပျူတာတွေက အဲဒါကို အကောင်းဆုံး ကိုယ်စားပြုပါတယ်။

ကွန်ပျူတာတွေက ရှုပ်ထွေးတဲ့ တွက်ချက်မှုတွေကို လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်ပေမဲ့ ခွေးနဲ့ ကြောင်ကို ခွဲခြားဖို့ကျတော့ ရုန်းကန်ရတတ်တယ်။

အကြောင်းရင်းကတော့ အဲဒါတွေကို ခွဲခြားဖို့ Algorithm မရှိလို့ပါပဲ။

ခွေးနဲ့ ကြောင်ကို ဘယ်လို စံနှုန်းတွေနဲ့ ခွဲခြားမှာလဲ။ ခွေးက ခွေးနဲ့တူပြီး ကြောင်က ကြောင်နဲ့တူလို့လား။

ဒါပေမဲ့ ခွေးတွေ ကြောင်တွေမှာ ပုံစံမျိုးစုံ၊ အရွယ်အစား မျိုးစုံ ရှိတာလေ။ ဘယ်ဟာက ခွေး၊ ဘယ်ဟာက ကြောင်ဆိုတာ ဘယ်လို သတ်မှတ်မလဲ။

လူသားတွေအတွက်တော့ ဒါက အင်မတန် လွယ်ပါတယ်။ ခွေးနဲ့တူတဲ့ ကြောင်တစ်ကောင်ကို ရှေ့မှာ ချပေးထားရင်တောင် လူသားတွေက ချက်ချင်း ခွဲခြားနိုင်ကြတယ်။

ဒါက ဘဝမှာ သင်ယူခဲ့ရတဲ့ အတွေ့အကြုံတွေရဲ့ ရလဒ်ပဲ။ ကျွန်တော်တို့တွေက ခွေးပေါင်း ထောင်ချီ၊ ကြောင်ပေါင်း ထောင်ချီကို လူကိုယ်တိုင်ဖြစ်ဖြစ်၊ မီဒီယာတွေကနေတစ်ဆင့် ဖြစ်ဖြစ် မြင်ဖူးထားကြတယ်။ စုဆောင်းထားတဲ့ အချက်အလက်တွေက ကျွန်တော်တို့စိတ်ထဲမှာ စည်းကမ်းချက်တစ်ခု ဖြစ်သွားပြီး အဲဒီစည်းကမ်းချက်အတိုင်း ခွေးနဲ့ ကြောင်ကို အလိုအလျောက် ခွဲခြားနိုင်သွားတာပါ။

ဒါဆိုရင် စက်တွေကိုရော လူတွေလို သင်ယူတတ်အောင် သင်ပေးလို့ ရမလား။ ခွေးပုံစံ ထောင်ပေါင်းများစွာကို မှတ်မိအောင် ကြိုတင် လေ့ကျင့်ပေးထားမယ်ဆိုရင် ပြသလိုက်တဲ့ သတ္တဝါက ခွေးဟုတ်၊ မဟုတ် ခွဲခြားနိုင်တဲ့ စည်းကမ်းချက်တွေ သူတို့ဆီမှာ ရှိလာမှာပါ။

"အခုက အစောပိုင်း အဆင့်မှာပဲ ရှိသေးပေမဲ့ Arc ကို ပုံစံကြမ်းတွေနဲ့ ဒီဇိုင်းတွေ ဆက်တိုက် ပြသပေးနေခြင်းအားဖြင့် နောင်မှာ ပိုပြီး ရှုပ်ထွေးတဲ့ ဗိသုကာ ဒီဇိုင်းတွေကို ကိုင်တွယ်နိုင်အောင်အထိ ရည်ရွယ်ထားပါတယ်"

ထုတ်လုပ်မှု နယ်ပယ်တွေမှာ စက်ပစ္စည်းတွေ စတင် မိတ်ဆက်လာတာက စက်မှုတော်လှန်ရေးရဲ့ အစပါပဲ။ ဒုတိယနဲ့ တတိယ စက်မှုတော်လှန်ရေးတွေကနေတစ်ဆင့် စက်တွေက ပိုပြီး တိုးတက်လာခဲ့တယ်။

ဒါပေမဲ့ စက်တွေက လူသားတွေရဲ့ အလုပ်နေရာတိုင်းကို အစားထိုးနိုင်တာ မဟုတ်ပါဘူး။ ဖန်တီးမှုရှိတဲ့ အလုပ်တွေနဲ့ ဦးဆောင်ရတဲ့ အလုပ်တွေမှာတော့ လူသားတွေကပဲ ဆက်လက် ကြီးစိုးထားနိုင်ခဲ့တာပါ။

"ဒါက အခုတော့ အရင်က ဇာတ်လမ်း ဖြစ်သွားပါပြီ"

အခုဆိုရင် ဉာဏ်ရည်တု က ဒီဇိုင်းပိုင်း နယ်ပယ်မှာတောင် လူသားတွေကို ကျော်တက်နေပါပြီ။ ဒါက စက်မှုလုပ်ငန်းတွေရဲ့ အလားအလာလား။

တက်ဂယူ က အစ်မအိုဟျွန်းဂျူး ကို မေးလိုက်တယ်။

"မမ အမြင်ကရော"

"ဒါက ကောင်းတာထက်ကို ပိုပါတယ်။ ကောင်းမွန်တဲ့ ထုတ်ကုန်တွေ၊ ကောင်းမွန်တဲ့ မျှော်မှန်းချက်တွေပဲ"

အရင်က မကြုံဖူးတဲ့ စွန့်ဦးလုပ်ငန်းတွေကို မြင်ယောင်နေကြတဲ့ ကုမ္ပဏီအတော်များများ (အထူးသဖြင့် Faceit) နဲ့ တွေ့ဖူးထားတော့ AI က ဗိသုကာ ဒီဇိုင်းဆွဲပေးမယ်ဆိုတဲ့ အိုင်ဒီယာက တကယ့်ကို ယုတ္တိဆန်တယ်လို့ ထင်ရပါတယ်။

အဆိုပြုလွှာကို အမြန်ဖတ်ကြည့်ရင်း ကျွန်တော် စဉ်းစားနေမိတယ်။

တောင်ကိုရီးယားရဲ့ ဆောက်လုပ်ရေး စွမ်းဆောင်ရည်က ကမ္ဘာ့အဆင့်မီပါတယ်။ မလေးရှားက Petronas Twin Towers တို့၊ စင်ကာပူက Marina Bay Sands တို့လို ထင်ရှားတဲ့ အဆောက်အဦးတွေကို ကိုရီးယား ကုမ္ပဏီတွေက ဆောက်လုပ်ခဲ့တာလေ။

ဒါပေမဲ့ ဒီဇိုင်းပိုင်းမှာတော့ ကွာဟချက် ရှိနေပါသေးတယ်။

မကြာသေးခင်ကမှ ဆောက်လုပ်ပြီးစီးခဲ့တဲ့ အလွန်မြင့်မားတဲ့ အဆောက်အဦးဖြစ်တဲ့ LiTeta Tower ကိုတောင် LiT ဆောက်လုပ်ရေးက ဆောက်လုပ်ခဲ့တာ ဖြစ်ပေမဲ့ ဒီဇိုင်းနဲ့ ကြီးကြပ်မှုကိုတော့ အမေရိကန်၊ ဂျပန်၊ ဂျာမနီ စတဲ့ နိုင်ငံခြား ကုမ္ပဏီတွေကပဲ ကိုင်တွယ်ခဲ့တာပါ။

ဒါက ပြည်တွင်းမှာ အဲဒီလို ဒီဇိုင်းဆွဲနိုင်တဲ့ စွမ်းဆောင်ရည်ရှိတဲ့ ကုမ္ပဏီ မရှိလို့ပါပဲ။

ပီတာ ကို ကျွန်တော်မေးလိုက်တယ်။

"AI က အလွန်မြင့်မားတဲ့ မိုးမျှော်တိုက်တွေကို ဒီဇိုင်းဆွဲနိုင်ဖို့ ဖြစ်နိုင်ပါ့မလား"

ပီတာ က ယုံကြည်ချက်အပြည့်နဲ့ ပြန်ဖြေပါတယ်။

"ဖြစ်နိုင်တာပေါ့။ နည်းပညာ တိုးတက်မှုဆိုတာ အဆုံးသတ်မှ မရှိတာလေ"

ကျွန်တော် ခေါင်းညိတ်ပြလိုက်ပြီး အစ်မ အိုဟျွန်းဂျူး ကို ပြောလိုက်တယ်။

"ရင်းနှီးမြှုပ်နှံမှုလိုက်ကြရအောင်"

အစ်မ အိုဟျွန်းဂျူး က သူတို့နှစ်ယောက်ကို ပြောလိုက်တယ်။

"ကျွန်မတို့တွေ ArcIt မှာ ရင်းနှီးမြှုပ်နှံမယ်"

နောက်ထပ် တွေ့ဆုံပွဲက ည ၇ နာရီမှာပါ။

အစ်မ အိုဟျွန်းဂျူး က စီးကရက် သောက်ဖို့ ဟိုတယ်အပြင်ဘက်ကို ခဏ ထွက်သွားပါတယ်။

အယ်လီ က ကျွန်တော့်ကို မေးတယ်။

"ငါ Squash သွားကစားမလို့။ လိုက်မလား"

ကျွန်တော် ချက်ချင်းပဲ ခေါင်းခါလိုက်တယ်။

" မလိုက်တော့ဘူး။ မနေ့ညက ကောင်းကောင်း အိပ်မပျော်ခဲ့လို့ လည်ချောင်း နည်းနည်း နာနေတယ်"

အယ်လီ က စိုးရိမ်တကြီး ကြည့်လာတယ်။

"နေကောင်းရဲ့လား"

"အင်း... ခဏလောက် အနားယူလိုက်ရင် အဆင်ပြေသွားမှာပါ"

တကယ်တော့ ကျွန်တော့်ခန္ဓာကိုယ်က ကျန်းမာပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က မိနစ် ၃၀လောက် လိုက်ကစားကြည့်တာနဲ့တင် အန်မတတ် ဖြစ်ခဲ့ရတာကြောင့် ဒီဆင်ခြေကို သုံးလိုက်တာပါ။

စစ်သင်တန်း တက်တုန်းကတောင် ကျွန်တော့်ရဲ့ ခံနိုင်ရည် အကန့်အသတ်ကို မခံစားခဲ့ရပေမဲ့ ဟိုတယ်က Squash ကွင်းမှာတော့ အကန့်အသတ်ကိုခံစားမိရုံတင်မကဘဲ အန်ပါထွက်မိမယ့် အတွေ့အကြုံ ရတော့မလို့ပါ။

"ဒါဆိုရင် နောက်တစ်ခါမှ အတူတူ သွားကြတာပေါ့"

"...အင်း"

Squash က ငါနဲ့ သိပ်အဆင်မပြေဘူး ထင်ပါတယ်လေ။

အယ်လီ က လေ့ကျင့်ခန်း လုပ်ဖို့ ထွက်သွားတော့ ကျွန်တော်နဲ့ တက်ဂယူ ပဲ ကျန်ခဲ့တယ်။

အင်္ဂလိပ်လို နားလည်ဖို့ ရုန်းကန်နေရပေမဲ့ သူကတော့ တွေ့ဆုံပွဲတွေကို သေသေချာချာ တက်ရောက်ပါတယ်။ သူ့ပိုက်ဆံတွေ ဘယ်နေရာကို ရောက်သွားလဲဆိုတာ သူ သိချင်နေတာလေ။

ဒီကောင်က မထင်မှတ်ရအောင် တာဝန်သိစိတ် ရှိသားပဲ။

"ဒါပေမဲ့ ဒီလိုမျိုးနဲ့ တကယ်ပဲ ပိုက်ဆံအများကြီး ရှာနိုင်ပါ့မလား"

အဖြေပေးမယ့်အစား ကျွန်တော်က မေးခွန်းတစ်ခု ပြန်မေးလိုက်တယ်။

"မာဆာယိုရှီ ဆန် ကို သိလား"

"အဲဒါ ဘယ်သူတုန်း"

"သူက ဂျပန်နိုင်ငံ SoftBank ရဲ့ ဥက္ကဋ္ဌ၊ ကိုရီးယား-ဂျပန် ကပြားလေ"

တက်ဂယူ က ခေါင်းညိတ်လိုက်တယ်။

"အာ… ဟို ထိပ်ပြောင်ပြောင် လူကြီးလား"

"ဟုတ်တယ်"

မာဆာယိုရှီ ဆန် က ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးမှာ ပါရမီရှင် တစ်ယောက်ပါ။ သူရဲ့ စီမံခန့်ခွဲမှု စွမ်းရည်က အံ့မခန်း ဖြစ်သလို အနာဂတ်ကို ကြိုတင်မြင်နိုင်စွမ်းကလည်း ပိုပြီး ထူးခြားပါတယ်။

"အဲဒီလူကြီးနဲ့ ပတ်သက်တဲ့ နာမည်ကြီး ဇာတ်လမ်းတစ်ပုဒ် ရှိတယ်။ အလီဘာဘာကို သိလား"

"တရုတ် အွန်လိုင်း ဈေးဝယ်စင်တာကြီးလား"

အလီဘာဘာ က အခုဆိုရင် တရုတ်နိုင်ငံရဲ့ ထိပ်တန်း IT ကုမ္ပဏီကြီး ဖြစ်နေပါပြီ။ ဒါပေမဲ့ ကုမ္ပဏီ အများစုလိုပဲ အစောပိုင်း ကာလတွေတုန်းကတော့ သူက သာမန် ကုမ္ပဏီတစ်ခုပါ။

အဲဒီအချိန်တုန်းက တရုတ်ရဲ့ အွန်လိုင်း ဈေးကွက်ကို အမေရိကန် ကုမ္ပဏီဖြစ်တဲ့ eBay က ကြီးစိုးထားပြီး ကုမ္ပဏီ သေးသေးလေးတွေ အများကြီး ရှိနေခဲ့တာပါ။ အလီဘာဘာ ကလည်း အဲဒီထဲက တစ်ခုပဲ ဖြစ်ခဲ့ပါတယ်။

အလီဘာဘာ တည်ထောင်သူ မာယွန် (Jack Ma) က SoftBank ဥက္ကဋ္ဌ မာဆာယိုရှီ ဆန် ပီကင်းကို လာမယ်လို့ ကြားတဲ့အခါ တွေ့ခွင့်ရဖို့ ချက်ချင်းပဲ အပြေးအလွှား သွားတောင်းဆိုခဲ့တယ်။

သူတို့ ထမင်းအတူစားရင်း ၂ နာရီလောက် စကားပြောခဲ့ကြပါတယ်။

"မာဆာယိုရှီ ဆန် က အဲဒီတွေ့ဆုံမှုမှာတင် ဒေါ်လာ သန်း ၂၀ ရင်းနှီးမြှုပ်နှံလိုက်တာ"

လူတိုင်းက အဲဒီရင်းနှီးမြှုပ်နှံမှုကို သံသယ ဝင်ခဲ့ကြတယ်။ eBay နဲ့ ပြိုင်ဆိုင်တာက ကြက်ဥနဲ့ ကျောက်ဆောင်ကို ရိုက်တာနဲ့ တူနေခဲ့တာပါ။

မာဆာယိုရှီ ဆန် ဆိုရင် SoftBank ဘုတ်အဖွဲ့ အစည်းအဝေးမှာတောင် ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရပါတယ်။

ဒါပေမဲ့ သူကတော့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို မယိမ်းယိုင်ခဲ့ပါဘူး။

ရလဒ်က ဘာဖြစ်သွားလဲ။

အနှစ် ၂၀ ကြာတဲ့အခါမှာတော့ အလီဘာဘာ က တရုတ် အွန်လိုင်း ဈေးကွက်ကို ကြီးစိုးသွားပြီး ကမ္ဘာကျော် ကော်ပိုရေးရှင်းကြီး ဖြစ်လာခဲ့တယ်။ တစ်ဖက်မှာတော့ eBay က အရှုံးတွေကို မခံနိုင်တော့ဘဲ တရုတ်ဈေးကွက်ကနေ ဆုတ်ခွာသွားခဲ့ရပါတယ်။

အဲဒီနောက် အလီဘာဘာ ကို နယူးယောက် စတော့အိတ်ချိန်း (NYSE)မှာ စာရင်းတင်ခဲ့တယ်။ အခုဆိုရင် သူ့ရဲ့ ဈေးကွက် တန်ဖိုးက ဒေါ်လာ သန်းပေါင်း ၃၃၀,၀၀၀ ရှိနေပြီး ကိုရီးယားဝမ်နဲ့ ဆိုရင်တော့ သိန်းပေါင်း ၃၆၀ ကုဋေဝန်းကျင် ရှိပါတယ်။

တက်ဂယူ က မျက်လုံးအပြူးသား ဖြစ်သွားတယ်။

"ဆောင်း အီလက်ထရောနစ် ထက်တောင် ပိုကြီးတာပဲ"

"ဒါက တိုင်းပြည်ကြီးတစ်ခုရဲ့ စကေးလေ"

အလီဘာဘာ ဟာ တရုတ် အွန်လိုင်း ဈေးကွက်ရဲ့ အစိတ်အပိုင်း အတော်များများကို ရယူထားပါတယ်။ အခုချိန်မှာ တရုတ်ရဲ့ ထိပ်တန်း IT ကုမ္ပဏီ ဖြစ်နေသလို ဈေးကွက်တန်ဖိုးအရ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီ ၁၀ ခုထဲမှာလည်း ပါဝင်နေပါတယ်။ တရုတ်နိုင်ငံရဲ့ အင်တာနက် အသုံးပြုသူက လူဦးရေရဲ့ ထက်ဝက်လောက် ရှိနေတာကို ထည့်တွက်ရင် အနာဂတ်မှာ ပိုပြီး တိုးတက်လာဖို့ အလားအလာတွေက အကန့်အသတ် မရှိပါဘူး။

"အရေးကြီးတာက SoftBox က အလီဘာဘာ မှာ ဒေါ်လာ သန်း ၂၀ ရင်းနှီးမြှုပ်နှံပြီး ၃၀ ရာခိုင်နှုန်း ရှယ်ယာ ရခဲ့တာပဲ။ ရင်းနှီးမြှုပ်နှံမှု အမြတ်အစွန်းနဲ့ ပြောရရင် အဆပေါင်းငါးသိန်း မြတ်ခဲ့တယ်"

တက်ဂယူ က ပါးစပ်အဟောင်းသားနဲ့ အံ့သြသွားပါတယ်။

"ဝိုး... အဲဒါ တကယ့်ကို မယုံနိုင်စရာပဲ"

"ဟုတ်တယ်"

တကယ့်ကို စိတ်ကူးထဲကထက် ကျော်လွန်တဲ့ ထီပေါက်သလို ရင်းနှီးမြှုပ်နှံမှုမျိုးပါ။ Startup ရင်းနှီးမြှုပ်နှံမှုရဲ့ ဒဏ္ဍာရီပါပဲ။

ဒါကတော့ ဖြစ်ပြီးသွားတဲ့ ကိစ္စမလို့ ပြောရတာ လွယ်တာပါ။ တကယ်လို့ အလီဘာဘာ သာ eBay နဲ့ ပြိုင်လို့ ရှုံးခဲ့ရင် သူတို့ တစ်ပြားမှ ရမှာ မဟုတ်ဘူး။

ယုတ္တိရှိရှိ စဉ်းစားကြည့်ရအောင်။

များပြားလှတဲ့ Startup တွေထဲမှာ ၅ နှစ်အကြာမှာ ၁၀ ခုမှာ ၁ ခုပဲ ရှင်သန်နိုင်ပါတယ်။ အဲဒီထဲမှာမှ ၁၀ ခုမှာ ၁ ခုပဲ အဆမတန် တိုးတက်လာတာပါ။

အချုပ်ပြန်ပြောရရင် အောင်မြင်ဖို့ အလားအလာက ၁ ရာခိုင်နှုန်းအောက်မှာပဲ ရှိပါတယ်။

ဒါပေမဲ့ ဒီကုမ္ပဏီတွေက ကျွန်တော့်ရဲ့ အလိုလိုသိစိတ်နဲ့ ရှာဖွေထားတဲ့ ကုမ္ပဏီတွေလေ။ ကျွန်တော့်ရှေ့က ဟိုလိုဂရမ်က မှန်ကန်နေသရွေ့ သူတို့အားလုံးက အဲဒီ ၁ ရာခိုင်နှုန်းထဲမှာ ပါဝင်နေပါတယ်။

မာဆာယိုရှီ ဆန် က သိန်းပေါင်း ၁၁၀ ကုဋေ ထဲက သန်း ၁၁၀,၀၀၀ ရခဲ့တာလေ။ ငါတို့ရဲ့ သန်း ၆၇၀,၀၀၀ နဲ့ကော တစ်ခုခု မလုပ်နိုင်ဘူးလား။

အဲဒီလို တွေးနေတုန်း အစ်မအိုဟျွန်းဂျူး က ဖုန်းပြောရင်း ဟိုတယ်ထဲ ဝင်လာတယ်။

ခဏနေတော့ သူ ဖုန်းချလိုက်ပြီး ကျွန်တော့်ကို ပြောတယ်။

"ခုနလေးတင် Caros ဆီက ဖုန်းလာတယ်"

"Carosဟုတ်လား"

"နင် တကယ်တွေ့ချင်နေတဲ့ ကုမ္ပဏီလေ"

"အာ"

ကျွန်တော် Startup ပေါင်းများစွာကို ရွေးချယ်ခဲ့ပေမဲ့ အဲဒီထဲမှာမှ ကုမ္ပဏီတစ်ခုက အထူးတလည် ထင်ရှားနေခဲ့ပါတယ်။

အဲဒါက Caros ပါပဲ။

"ဘာတဲ့လဲ"

"ခုနတင် COO နဲ့ စကားပြောပြီး တွေ့ဖို့ ချိန်းလိုက်ပြီ။ သူ မနက်ဖြန် ကိုရီးယားကို လာမယ်တဲ့"

တက်ဂယူ က မေးတယ်။

"အဲဒါက ဘယ်လို ကုမ္ပဏီမျိုးလဲ"

အဆိုပြုလွှာကို ပြန်စဉ်းစားရင်း ကျွန်တော် ရေရွတ်လိုက်မိတယ်။

"အဲဒီနေရာက အရာရာကို လုပ်နေတဲ့ နည်းနည်း ရှုပ်ထွေးတဲ့ နေရာတစ်ခုပဲ"

All Chapters