← Chapters

အခန်း (၄၅-၄၆)

Vol. 5 Ch. 45-46

အခန်း (၄၅-၄၆)

Vol. 5 Ch. 45-46

အခန်း (၄၅)

ကျွန်တော်တို့တွေက Startup ပေါင်း ဒါဇင်နဲ့ချီပြီး ရင်းနှီးမြှုပ်နှံဖို့ ကမ်းလှမ်းခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကမ်းလှမ်းချက်ကို အားလုံးက လက်ခံခဲ့ကြတာတော့ မဟုတ်ပါဘူး။

တချို့က တခြားရင်းနှီးမြှုပ်နှံသူတွေ ရှာတွေ့သွားကြသလို၊ တချို့ကျတော့လည်း တခြားကုမ္ပဏီတွေရဲ့ ဝယ်ယူခြင်းကို ခံလိုက်ရပါတယ်။

Caros ကလည်း ကျွန်တော်တို့ရဲ့ကမ်းလှမ်းချက်ကို ယဉ်ယဉ်ကျေးကျေးပဲ ငြင်းပယ်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ သူတို့လိုချင်တဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏနဲ့ ပုံစံမျိုးကို ကျွန်တော်တို့ဘက်က ကိုင်တွယ်နိုင်ဖို့ ခက်ခဲလိမ့်မယ်လို့ ထင်လို့ပါ။

တခြားကုမ္ပဏီသာဆိုရင် ကျွန်တော်တို့တွေ အဲဒီအဆင့်မှာတင် ကမ်းလှမ်းချက်ကို ရုပ်သိမ်းလိုက်မိမှာပါ။ ရင်းနှီးမြှုပ်နှံစရာ ကုမ္ပဏီတွေက အများကြီးရှိတာပဲလေ။

ဒါပေမဲ့ Caros နဲ့ကျတော့ သူတို့ကို တွေ့ချင်တဲ့စိတ်က ကျွန်တော့်ဆီမှာ အရမ်းပြင်းပြနေခဲ့ပါတယ်။

အစ်မ ဟျွန်းဂျူးက ကျွန်တော်တို့ဆီမှာ လုံလောက်တဲ့ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေရှိကြောင်းနဲ့ ထပ်မံရင်းနှီးမြှုပ်နှံဖို့ ဆန္ဒရှိကြောင်း အဆိုပြုလွှာကို ပို့ခဲ့ပါတယ်။ နောက်ဆုံးတော့ အဲဒီက COO က ကျွန်တော်တို့ကို ဆက်သွယ်လာပြီး တွေ့ဆုံပွဲ ဖြစ်မြောက်လာခဲ့တာပါ။

Silicon Valley ကနေ အင်ချွန်း ကို ရောက်လာတဲ့သူ နှစ်ယောက်ကတော့ Caros ရဲ့ COO ဖြစ်သူ ရိုင်ယန် ဂိတ်စ် နဲ့ CFO ဖြစ်သူ ဆာဂျေ ယိုဗန်နိုဗစ် တို့ပဲ ဖြစ်ပါတယ်။

COO နဲ့ CFO ပါလာတာကို ကြည့်ခြင်းအားဖြင့် သူတို့က ကျွန်တော်တို့အရင်ကတွေ့ခဲ့တဲ့ Startup တွေနဲ့ စကေးချင်း မတူတာ သိသာပါတယ်။

အသက် ၃၀ ကျော်နှောင်းပိုင်းလို့ ထင်ရတဲ့ ရိုင်ယန်က ခရီးဝေး ပျံသန်းလာရလို့ ပင်ပန်းနေတဲ့ပုံ ပေါက်နေတယ်။ သူ့ရဲ့ ပိန်ပါးတဲ့ မျက်နှာကို ကြည့်ရတာ စိတ်ဆတ်တဲ့ ပင်ကိုယ်စရိုက်ရှိပုံပါပဲ။ သွယ်လျတဲ့ ရိုင်ယန် နဲ့ ဆန့်ကျင်ဘက်ဖြစ်တာကတော့ အရပ်ရှည်ပြီး လူကောင်ကြီးမားတဲ့ ဆာဂျေ ပါပဲ။ အပြင်ပန်းကြည့်ရုံနဲ့တင် ရုရှားမာဖီးယား ဒါမှမဟုတ် KGB အေးဂျင့်တစ်ယောက်လို အရှိန်အဝါမျိုး ထွက်နေတာပါ။ ရိုင်ယန် က ထိုင်ထိုင်ချင်းပဲ မေးလိုက်တယ်။

"OTK Company က ဆုံးဖြတ်ချက်ချနိုင်သူက ဘယ်သူလဲ"

အစ်မ ဟျွန်းဂျူး က ပွင့်ပွင့်လင်းလင်းပဲ ပြန်ဖြေတယ်။

"ကျွန်မကို လုပ်ပိုင်ခွင့်အပြည့် လွှဲထားပါတယ်"

"သီးသန့် အတည်ပြုချက်တွေ ထပ်ယူဖို့ လိုသေးလား"

"မလိုပါဘူး။ ကျွန်မရဲ့ ဆုံးဖြတ်ချက်က OTK Company ရဲ့ ဆုံးဖြတ်ချက်နဲ့ အတူတူပါပဲ"

ဘာလို့လဲဆိုတော့ OTK Company ရဲ့ စီမံခန့်ခွဲသူတွေနဲ့ ရှယ်ယာရှင်တွေ အားလုံးက ဒီအစည်းအဝေးမှာ ရှိနေလို့ပါပဲ။

သူက အခြေအနေတွေ အဆင်ပြေနေသလိုမျိုး ခေါင်းညိတ်ပြတယ်။

"ဒါဆိုရင် အဓိကအချက်ကိုပဲ ပြောကြစို့။ Caros က အခု ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံမှု လိုအပ်နေတယ်။ ခင်ဗျားတို့ လုပ်ပေးနိုင်မလား"

တက်ဂယူ က အံ့သြတကြီးနဲ့ ကျွန်တော့်ကို မေးတယ်။

"ဒေါ်လာ သန်း ၁၀၀ လား... အဲလောက်တောင်လား"

အခုထိ ကျွန်တော်တို့တွေက ဝမ် သန်း ၁၀၀အောက်ပဲ ရင်းနှီးမြှုပ်နှံခဲ့တာ များပြီး ဝမ် သန်း ၂၀,၀၀၀ထက် ကျော်တာ မရှိသေးပါဘူး။

ဒါပေမဲ့ အခု သူတို့က အဲဒီပမာဏရဲ့ ငါးဆလောက်ကို တောင်းဆိုနေတာပါ။

ဒေါ်လာ သန်း ၁၀၀ ဆိုတာ ကိုရီးယားဝမ် သန်း ၁၁၀,၀၀၀နဲ့ ညီမျှပါတယ်။ ကုမ္ပဏီတစ်ခုတည်းအတွက် ရင်းနှီးမြှုပ်နှံမှု ပမာဏအနေနဲ့ ဆိုရင်တော့ ဒါက အလွန်အမင်း များလွန်းတာပါ။

အစ်မဟျွန်းဂျူး က မျက်မှန်ကို ပင့်တင်လိုက်ပြီး ပြောတယ်။

"ငွေကြေး အင်အားကို မေးတာဆိုရင်တော့ ရင်းနှီးမြုတ်နိုင်စွမ်း အပြည့်ရှိပါတယ်"

အစ်မ ဟျွန်းဂျူးရဲ့ စကားကြောင့် ရိုင်ယန် နဲ့ ဆာဂျေ တို့ အံ့သြသွားပုံရတယ်။ သူတို့ တစ်ခုခုကို မျှော်လင့်ပြီး လာခဲ့တာ မှန်ပေမဲ့ ဒီလောက်ကြီး မျှော်လင့်ချက် အများကြီး ထားပုံမရဘူး။

"ဒါပေမဲ့ အဲဒီမတိုင်ခင် ကုမ္ပဏီအကြောင်း ရှင်းပြတာကို အရင်နားထောင်ချင်ပါတယ်"

"ကောင်းပါပြီ"

ဆာဂျေ က သူယူလာတဲ့ လက်ပ်တော့ကို အစည်းအဝေးခန်းထဲက ပရိုဂျက်တာနဲ့ ချိတ်ဆက်လိုက်တယ်။ ပြီးတော့ စခရင်ပေါ်မှာ ပေါ်လာတဲ့အတိုင်း ရှင်းပြတော့တာပဲ။

"အရင်တုန်းက ကားတွေဆိုတာ အတွင်းပိုင်း ပေါက်ကွဲအား အင်ဂျင်တွေနဲ့ မောင်းနှင်တဲ့ စက်တွေပါ။ ဒါပေမဲ့ အခုတော့ အဲဒါတွေက ဆန်းပြားတဲ့ အီလက်ထရောနစ် ထုတ်ကုန်တွေအဖြစ် ပြောင်းလဲနေပါပြီ"

နည်းပညာ တိုးတက်မှုနဲ့အတူ စက်မှုလုပ်ငန်းတွေကလည်း ပြောင်းလဲလာပါတယ်။ အရင်က အလားအလာရှိခဲ့တဲ့ စီးပွားရေးပုံစံတွေက ရုတ်တရက် အသုံးမဝင်တော့တာမျိုး ဖြစ်သွားနိုင်ပါတယ်။

ဖလင်ကင်မရာလောကမှာ ထိပ်တန်းက ရှိခဲ့တဲ့ Kodak ဟာ ဒစ်ဂျစ်တယ်ကင်မရာတွေ ပေါ်လာတဲ့အခါ ကျဆုံးသွားခဲ့တယ်။ ဖုန်းလောကမှာ ဘုရင်ဖြစ်ခဲ့တဲ့ Nokia နဲ့ Motorola တို့ဟာလည်း စမတ်ဖုန်း ခေတ်ရေစီးကြောင်းကို လွဲချော်ခဲ့လို့ ကျဆုံးခဲ့ရတယ်။ ဒီလို ဥပမာတွေက အများကြီးပါပဲ။

ဒီလို အခြေအနေမျိုးကို ရှောင်လွှဲဖို့ဆိုရင် နည်းပညာကို အမြဲတမ်း ဆန်းသစ်နေရမှာဖြစ်သလို ပြောင်းလဲနေတဲ့ ပတ်ဝန်းကျင်နဲ့လည်း လိုက်လျောညီထွေရှိရမှာ ဖြစ်ပါတယ်။

အခု ကျွန်တော်တို့တွေက စက်မှုတော်လှန်ရေး ၄.၀ ခေတ်ကို ရောက်နေပြီ၊ နယ်ပယ်တိုင်းက ပြောင်းလဲနေကြပြီလေ။ မော်တော်ကား လုပ်ငန်းကလည်း ဒီထဲမှာ ချွင်းချက် မဟုတ်ပါဘူး။

ဒါဆိုရင် အနာဂတ်မှာ ကားတွေက ဘယ်လို ပြောင်းလဲလာမှာလဲ။

ဒီမေးခွန်းအတွက် အဖြေတွေ ရှိပြီးသားပါ။ လက်ရှိမှာတော့ ဒီနယ်ပယ်ရဲ့ အာရုံစိုက်မှုက အချက်နှစ်ချက်ပေါ်မှာ ရှိနေတယ်၊ အဲဒါတွေက လျှပ်စစ်ကားတွေနဲ့ အလိုအလျောက် မောင်းနှင်တဲ့ စနစ်တွေပဲ ဖြစ်ပါတယ်။

လျှပ်စစ်ကားတွေက ဟာ့ဒ်ဝဲပိုင်းမှာ အင်ဂျင်ကနေ ဘတ္ထရီကို ပြောင်းလဲတာကို ကိုယ်စားပြုပေမဲ့ အလိုအလျောက် မောင်းနှင်တဲ့ စနစ်ကတော့ ဆော့ဖ်ဝဲပိုင်းမှာ လူသား မောင်းနှင်သူကနေ စက်ပစ္စည်းကမောင်းနှင်သူအဖြစ် ပြောင်းလဲတာကို ကိုယ်စားပြုပါတယ်။

အလိုအလျောက် မောင်းနှင်တဲ့စနစ်က အနာဂတ်ကားတွေအတွက် အင်မတန် အရေးကြီးတယ်။ အဲဒါကြောင့် ကားကုမ္ပဏီတွေနဲ့ IT ကုမ္ပဏီ အမြောက်အမြားက အဲဒီနည်းပညာ တိုးတက်ဖို့အတွက် အပြိုင်အဆိုင် လုပ်နေကြတာပါ။

လွန်ခဲ့တဲ့ ၅ နှစ်က….

အမေရိကန်ရဲ့ အကြီးဆုံး အွန်လိုင်းအရောင်းကုမ္ပဏီ AMZ က အရင်းအနှီး ၄၁ ရာခိုင်နှုန်း၊ ကိုရီးယားရဲ့ အွန်ဆောင်း ကော်ပိုရေးရှင်းက ၄၀ ရာခိုင်နှုန်းနဲ့ ဂျပန်ရဲ့ အီလက်ထရောနစ် ကုမ္ပဏီ Itachi က ၁၉ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံပြီး ဖက်စပ်ကုမ္ပဏီတစ်ခု တည်ထောင်ခဲ့ကြတယ်။

အဲဒီကုမ္ပဏီကို Carso လို့ ခေါ်ပါတယ်။

သူတို့က နိုင်ငံတွေ၊ နယ်ပယ်တွေ မတူညီတဲ့ သူတို့ရဲ့ အားသာချက်တွေကို ပေါင်းစပ်ပြီး အလိုအလျောက် မောင်းနှင်တဲ့ ကားဈေးကွက်ကို ကြီးစိုးဖို့ စီစဉ်ခဲ့ကြတာပါ။

ဒါပေမဲ့ တစ်နှစ်လောက်အကြာမှာ Itachi ဟာ အိမ်သုံးလျှပ်စစ်ပစ္စည်း နယ်ပယ်မှာ ကိုရီးယားရဲ့ CL Electronics ကို ရှုံးနိမ့်ပြီး ထိုးနှက်ချက် ရခဲ့သလို စမတ်ဖုန်း ဈေးကွက် ပြိုင်ဆိုင်မှုမှာလည်း ဆောင်း အီလက်ထရောနစ် ကို ရှုံးနိမ့်ပြီး စီမံခန့်ခွဲမှု အကြပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

စီးပွားရေး နယ်ပယ်တွေကို လျှော့ချတဲ့ ဖြစ်စဉ်မှာ Itachi က Carsoမှာရှိတဲ့ သူ့ရှယ်ယာအားလုံးကို ပြန်ရောင်းခဲ့ပြီး အွန်ဆောင်း ကော်ပိုရေးရှင်း က အဲဒီထဲက ၁၀ ရာခိုင်နှုန်းကို ဝယ်ယူခဲ့တဲ့အတွက် AMZ ကို ကျော်ပြီး အကြီးဆုံး ရှယ်ယာရှင် ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ မနှစ်ကတော့ AMZ ကလည်း အလိုအလျောက် မောင်းနှင်တဲ့ ကားထုတ်လုပ်ရေးကို လက်လျှော့လိုက်ပါတယ်။ ပြိုင်ဘက်တွေက အရှေ့ကို ရောက်နေတဲ့ အခြေအနေမှာ ထပ်ပြီး ရင်းနှီးမြှုပ်နှံနေတာက အဓိပ္ပာယ် မရှိဘူးလို့ သူတို့ ယူဆခဲ့ကြတာပါ။

အွန်ဆောင်း ကော်ပိုရေးရှင်း ကတော့ အကြပ်ရိုက်သွားတယ်။ ဖက်စပ်ကုမ္ပဏီ ထောင်ရတဲ့ အကြောင်းရင်းက IT ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး အကျိုးကျေးဇူးတွေ ရဖို့ မျှော်လင့်ခဲ့လို့လေ။

ဒါပေမဲ့ အဲဒီကုမ္ပဏီတွေက ထွက်သွားကြပြီဆိုတော့ သူတို့ ဘာဆက်လုပ်ရမလဲ။

အဲဒီမှာ ဟန်ချန်ယောင်း ဆိုတဲ့ လူငယ်တစ်ယောက် ရောက်လာခဲ့တယ်။ သူက ထူးကဲတဲ့ စွမ်းဆောင်ရည်တွေကြောင့် မဟုတ်ဘဲ အွန်ဆောင်း ကော်ပိုရေးရှင်း အုပ်စု ဥက္ကဋ္ဌ ဟန်မင်းဂူ ရဲ့ သားကြီး ဖြစ်နေတာကြောင့် အချိန်တိုအတွင်းမှာ အသက် ၃၀ ကျော်နဲ့တင် အမှုဆောင် အဆင့်ကို တက်လှမ်းလာခဲ့သူပါ။

လူတွေပြောကြသလိုပဲ တော်တဲ့ မိဘတွေ ရှိတာကလည်း အရည်အချင်း တစ်ခုပဲပေါ့။

ဒါပေမဲ့လည်း ဟန်ချန်ယောင်း က အနာဂတ် ကားထုတ်လုပ်ရေးကို တာဝန်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အုပ်စုကို အနာဂတ်မှာ ဦးဆောင်မယ့် ဆက်ခံသူတစ်ယောက်အနေနဲ့ စိတ်ဝင်တစား လုပ်ပြတာမလို့ အုပ်စုတစ်ခုလုံးရဲ့ ပံ့ပိုးမှုတွေ ရလာခဲ့တယ်။ အွန်ဆောင်း ကော်ပိုရေးရှင်း က AMZ ရောင်းတဲ့ ရှယ်ယာတွေကို ဝယ်လိုက်ပြီး ရှယ်ယာ ပိုင်ဆိုင်မှုကို ၈၆ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်ပါတယ်။

အနှစ်သာရအားဖြင့်တော့ Carso က အွန်ဆောင်း ကော်ပိုရေးရှင်း ရဲ့ လက်အောက်ခံ ကုမ္ပဏီ ဖြစ်သွားတာပေါ့။

အများကြီး ရင်းနှီးမြှုပ်နှံခဲ့ပေမဲ့ သိသာတဲ့ ရလဒ်တွေ ထွက်မလာတဲ့အခါ ရှယ်ယာရှင်တွေက ဟန်ချန်ယောင်း ရဲ့ စီမံခန့်ခွဲမှု စွမ်းရည်ကို သံသယ ဝင်လာကြတယ်။

အားလုံးထက် ပိုဆိုးတာက ဒီရင်းနှီးမြှုပ်နှံမှုကို ဆက်ထိန်းထားဖို့ ခိုင်လုံတဲ့ အကြောင်းပြချက် ရှာမရတော့တာပါပဲ။

စီးပွားရေး ကျရှုံးတယ်ဆိုတဲ့ အမည်းစက်ကို ရှောင်လွှဲဖို့အတွက် ဟန်ချန်ယောင်း က အောင်မြင်နေတဲ့ အဆင့်မြင့် ကားထုတ်လုပ်ရေး ဌာနကို ပြောင်းသွားခဲ့ပြီး အွန်ဆောင်း ကော်ပိုရေးရှင်း ကတော့ ဝန်ထုပ်ဝန်ပိုး ဖြစ်နေတဲ့ Carso ကို ပြန်ရောင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒါပေမဲ့ အရင်ကတော့ မသိခဲ့ပါဘူး။ အခုအချိန်မှာတော့ ဒါကို ဝယ်မယ့်သူက သင့်တင့်တဲ့ နေရာမှာ မရှိတော့ပါဘူး။

ENPFL၊ Google လို ကုမ္ပဏီတွေ၊ Daimler Group၊ Volkswagen Group၊ Toyota Group လို ကားကုမ္ပဏီတွေကလည်း သူတို့ဘာသာ သူတို့ အလိုအလျောက် မောင်းနှင်တဲ့ စနစ်တွေကို တီထွင်နေကြပြီမလို့ Caros က အကြီးအကျယ် ဝယ်ယူချင်လောက်အောင် ဆွဲဆောင်မှု မရှိတော့ပါဘူး။

အကြိမ်ကြိမ် ရောင်းဖို့ ကြိုးစားပေမဲ့ မအောင်မြင်တဲ့အခါ အွန်ဆောင်း ကော်ပိုရေးရှင်း က နောက်ဆုံး နည်းလမ်းကို သုံးဖို့ ပြင်ပါတယ်။

ရင်းနှီးမြှုပ်နှံထားတဲ့ ငွေထဲက အနည်းဆုံးတော့ ပြန်ရအောင် Caros ရဲ့ မူပိုင်ခွင့်တွေနဲ့ အဓိက နည်းပညာတွေကို ခွဲပြီး ရောင်းဖို့ ဆုံးဖြတ်လိုက်တာပါ။

အဲဒီလိုသာ ဖြစ်သွားရင် Caros က အခွံသက်သက်ပဲ ကျန်တော့မှာပါ။

Caros ရဲ့ အမှုဆောင်တွေနဲ့ ဝန်ထမ်းတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ကြပေမဲ့ မိခင်ကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်ကိုတော့ သူတို့ မတားဆီးနိုင်ခဲ့ပါဘူး။

CEO ဒါရီလ် က မူပိုင်ခွင့်တွေ ရောင်းမှာကို အချိန်ဆွဲထားရင်း တခြား ရင်းနှီးမြှုပ်နှံသူတွေကို လူကိုယ်တိုင် လိုက်ရှာခဲ့ပါတယ်။

အွန်ဆောင်း ကော်ပိုရေးရှင်း ဘက်က ကြည့်ရင်လည်း ဈေးပေါပေါနဲ့ ခွဲရောင်းတာထက် သင့်တင့်တဲ့ ဈေးပေးမယ့် ရင်းနှီးမြှုပ်နှံသူကို ရှာတွေ့တာက ပိုအကျိုးရှိတယ်လေ။

Caros က ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ဘဏ်တွေ၊ ပုဂ္ဂလိက ရှယ်ယာ ရန်ပုံငွေအဖွဲ့တွေဆီမှာ ရင်းနှီးမြှုပ်နှံဖို့ လိုက်တောင်းဆိုခဲ့တယ်။

Golden Gate ကလည်း အဆိုပြုလွှာကို စစ်ဆေးခဲ့ပေမဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏနဲ့ ယှဉ်ရင် အမြတ်မထွက်ဘူးလို့ ယူဆပြီး ငြင်းပယ်ခဲ့ပါတယ်။ အဲဒီအဆိုပြုလွှာက တခြား အဆိုပြုလွှာတွေနဲ့အတူ Startup တွေဆီကို ပြန်ရောက်လာခဲ့တာပါ။

ရှင်းပြချက်ကို နားထောင်ပြီး တက်ဂယူ က မျက်တောင်တခတ်ခတ် ဖြစ်နေပါတယ်။

" ဘာတွေ ပြောနေတာလဲဟင်"

အစ်မဟျွန်းဂျူး က သူ့ရဲ့ ဘောပင်ကို ချလိုက်ပြီး ပြောတယ်။

"အနှစ်ချုပ်ရရင်တော့ အွန်ဆောင်း ကော်ပိုရေးရှင်း က အခု Carosရဲ့ ရှယ်ယာ အများစုကို ပိုင်ထားတယ်။ ပြီးတော့ ရင်းနှီးမြှုပ်နှံထားတဲ့ ငွေတွေ ပြန်ရဖို့ အဲဒီရှယ်ယာတွေကို ရောင်းချင်နေတာ။ ဒေါ်လာ သန်း ၁၀၀ ဆိုတာ အွန်ဆောင်း ကော်ပိုရေးရှင်း က ရှယ်ယာရောင်းဖို့ တောင်းတဲ့ ပမာဏပဲ"

တက်ဂယူ က ထပ်မေးတယ်။

"ဒါဆို ကျွန်တော်တို့တွေက ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံလိုက်ရင် အဲဒီပိုက်ဆံက အွန်ဆောင်း ကော်ပိုရေးရှင်း အိတ်ထဲကို ရောက်သွားမှာပေါ့နော်"

"ဟုတ်တယ်"

"တကယ်လို့ ကျွန်တော်တို့တွေ ရင်းနှီးမမြှုပ်နှံရင်ကော"

"အွန်ဆောင်း ကော်ပိုရေးရှင်း က မူပိုင်ခွင့်တွေနဲ့ နည်းပညာတွေကို ခွဲရောင်းလိမ့်မယ်။ အဲဒီလိုဆိုရင် သူတို့ ပြန်ရမယ့် ငွေက ဒေါ်လာ သန်း ၅၀ တောင် ပြည့်မှာ မဟုတ်ဘူး"

အစ်မဟျွန်းဂျူး ရဲ့ စကားကြောင့် ဒီကောင်က ဇဝေဇဝါ ဖြစ်သွားပုံရပြီး ပြောတယ်။

"ဘာ... ဒါဆို အဆုံးမှာ အွန်ဆောင်း ကော်ပိုရေးရှင်း တစ်ယောက်ထဲပဲ အကျိုးရှိမှာပေါ့၊ ဟုတ်တယ်မလား"

"အတိအကျပဲ"

တက်ဂယူ က ကျွန်တော့်ကို ကြည့်ပြီး မေးတယ်။

"မင်းက ဒီကုမ္ပဏီအကြောင်း သိနေတာလား"

ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။

"သိတာပေါ့"

ကျွန်တော် အဆိုပြုလွှာကို အကြိမ်ပေါင်း ရာကျော်အောင် ဖတ်ခဲ့ပြီးသားပါ။ ရာခိုင်နှုန်းတွေကအစ အလွတ်ရနေပါပြီ။

"ဟေ့... အဲဒါတော့ မဟုတ်သေးဘူး။ စကားပြောရအောင်။ အပြင်ကို ခဏ လာခဲ့ဦး"

ကျွန်တော် ဘာမှ ပြန်မပြောရသေးခင်မှာတင် တက်ဂယူ က အစည်းအဝေးခန်းထဲကနေ အမြန် ထွက်သွားတယ်။

ကိုရီးယားစကား နားမလည်တဲ့ ရိုင်ယန် နဲ့ ဆာဂျေ တို့ကတော့ တက်ဂယူ ရုတ်တရက် ထွက်သွားတာကို ကြည့်ပြီး ကြောင်နေကြပါတယ်။

ကျွန်တော်လည်း ထရပ်လိုက်တယ်။

အစ်မဟျွန်းဂျူး က သူတို့နှစ်ယောက်ကို ပြောလိုက်တယ်။

"သူတို့နဲ့ ခဏ စကားပြောပြီး ချက်ချင်း ပြန်လာခဲ့ပါ့မယ်"

အစည်းအဝေးခန်းထဲက ထွက်လာပြီးတော့ အစ်မ ဟျွန်းဂျူး ရဲ့ အခန်းထဲမှာ လူစုမိကြတယ်။ အဲဒါက အိပ်ခန်းနဲ့ ဧည့်ခန်း သီးသန့်စီပါတဲ့ အခန်းကျယ်ကြီးပါ။ စားပွဲပေါ်မှာတော့ စီးကရက်တိုတွေ ပြည့်နေတဲ့ ပြာခွက်တွေနဲ့ ဟိုဟိုဒီဒီ ပြန့်ကျဲနေတဲ့ စာရွက်စာတမ်းတွေ ရှိနေတယ်။

OTK Company ရဲ့ ရှယ်ယာရှင်တွေ အားလုံး ဒီမှာ စုမိတော့ ရှယ်ယာရှင်များ အစည်းအဝေးတစ်ခုလို ခံစားရတယ်။ အယ်လီက လွဲလို့ပေါ့လေ။

ဆွေးနွေးရမယ့် အကြောင်းအရာက Caros အကြောင်းပါ။

တက်ဂယူ က စိတ်လှုပ်ရှားစွာနဲ့ အော်ပြောတော့တာပဲ။

"မင်း ရူးသွားပြီလား။ ဘာလို့ အဲဒီလို ကုမ္ပဏီမျိုးနဲ့ တွေ့ဖို့ သဘောတူလိုက်တာလဲ"

ကျွန်တော် ကြောင်သွားပြီး ပြန်မေးလိုက်တယ်။

"ဘာလို့ စိတ်တိုနေတာလဲ။ တစ်ယောက်ယောက်က စိတ်တိုရမယ်ဆိုရင် အဲဒါက ငါပဲ ဖြစ်သင့်တာလေ"

တက်ဂယူ က မျက်နှာပျက်သွားတယ်။

"အဲဒါက... ဘာပဲဖြစ်ဖြစ် သူတို့က မသင့်တော်ဘူး။ အွန်ဆောင်း ကော်ပိုရေးရှင်း အတွက် ကောင်းမယ့်ကိစ္စမှာ ဘာလို့ သွားပါမှာလဲ။ သူတို့ အောင်မြင်တာကို ငါ မကြည့်နိုင်ဘူး"

စကားဝိုင်းကို နားထောင်နေတဲ့ အယ်လီ က အင်္ဂလိပ်စကား နားမလည်သလိုမျိုး အစ်မဟျွန်းဂျူး ကို မေးတယ်။

"အွန်ဆောင်း ကော်ပိုရေးရှင်း နဲ့ ဘာပြဿနာ ရှိလို့လဲ"

"ကန်ဂျင်ဟူ ကိုပဲ တိုက်ရိုက် မေးကြည့်လိုက်ပါ"

အယ်လီရဲ့ အကြည့်က ကျွန်တော့်ဆီ ရောက်လာတယ်။

ကျွန်တော် အယ်လီ ကို မေးလိုက်တယ်။

"အွန်ဆောင်း ကော်ပိုရေးရှင်း က ဘာလုပ်လဲ သိလား"

"သိတာပေါ့။ အဲဒါက ကိုရီးယားမှာ အကြီးဆုံး မော်တော်ကား ထုတ်လုပ်သူဖြစ်သလို ကမ္ဘာမှာ အဆင့် ၆ ရှိတဲ့ ကုမ္ပဏီလေ"

"အဲဒါကို ပြောတာ မဟုတ်ဘူး"

အွန်ဆောင်း အုပ်စု က ကိုရီးယား စက်မှုလောကမှာ ဒုတိယ အကြီးဆုံးပါ။

အွန်ဆောင်း ကော်ပိုရေးရှင်း က ကားတွေ ထုတ်လုပ်တယ်။ အွန်ဆောင်း သံမဏိ က သံမဏိတွေ ထောက်ပံ့တယ်။ အွန်ဆောင်း MD က အစိတ်အပိုင်းတွေကို တီထွင် ထုတ်လုပ်တယ်။ အွန်ဆောင်း RT က ရထားတွေ ထုတ်လုပ်တယ်။ Glomass က သယ်ယူပို့ဆောင်ရေး လုပ်တယ်။ ပြီးတော့ Renoir က ကြော်ငြာနဲ့ မားကတ်တင်း ကုမ္ပဏီပေါ့။ ဒီလိုတွေ အများကြီးပါပဲ။

အွန်ဆောင်း အုပ်စု လက်အောက်ခံ ကုမ္ပဏီတွေရဲ့ ဈေးကွက်တန်ဖိုးကို ပေါင်းလိုက်ရင် ဝမ် သိန်းပေါင်း ၁၅၀ ကုဋေ ကျော်ပါတယ်။

ဒါပေမဲ့ အဲဒီမှာတင် မပြီးသေးပါဘူး။

သူတို့ဆီမှာ ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့် ကန်ထရိုက် ကုမ္ပဏီတွေ အများကြီး ရှိသေးတယ်။ အဲဒီထဲက အတော်များများက အွန်ဆောင်း ပိုင်တာ မဟုတ်ပေမဲ့ လက်တွေ့မှာတော့ အွန်ဆောင်း ရဲ့ လက်အောက်မှာ ရှိနေကြတာပါ။

အချုပ်ပြောရရင် အွန်ဆောင်း အုပ်စု ဟာ အွန်ဆောင်း ကော်ပိုရေးရှင်းကို ဗဟိုပြုထားတဲ့ ကြီးမားတဲ့ ကုန်ထုတ်လုပ်မှု နိုင်ငံတော်ကြီးပါပဲ။ ကမ္ဘာအနှံ့မှာ ထုတ်လုပ်ရေး စခန်းတွေရှိတဲ့ ကမ္ဘာကျော် ကုမ္ပဏီ ဖြစ်ပေမဲ့ ကိုရီးယား ဈေးကွက်မှာ အရောင်းရဆုံးအဖြစ် အပြတ်အသတ် ကြီးစိုးထားတာပါ။

သူ့ရဲ့ ပြည်တွင်း ဈေးကွက်ဝေစုက ၇၀ ရာခိုင်နှုန်းလောက်အထိ မြင့်မားနေတော့ လက်ဝါးကြီးအုပ်ထားသလို ဖြစ်နေတာပေါ့။ ပြည်တွင်းမှာ ရောင်းချတာနဲ့ ပတ်သက်ပြီး မျက်နှာသာပေးမှုတွေ ရှိနေတယ်လို့ ဝေဖန်မှုတွေ ရှိနိုင်ပေမဲ့ အကောင်းမြင်တဲ့ဘက်က ကြည့်ရင်တော့ ဒါက ဂုဏ်ယူစရာ ကိုရီးယား ကုမ္ပဏီတစ်ခုပါ။

ဒါပေမဲ့လည်း...

ကျွန်တော် သက်ပြင်းချလိုက်ပြီး ပြောလိုက်တယ်။

"သူတို့က လူယုတ်မာတွေ"

ကျွန်တော့်ပါးစပ်က ထွက်လာတဲ့ ဆဲဆိုသံကြောင့် အယ်လီ လန့်သွားတယ်။

"ဟမ်"

နိဂုံးချုပ်ပြောရရင်တော့ ကျွန်တော်တို့အိမ်ဟာ အွန်ဆောင်း ကော်ပိုရေးရှင်းကြောင့် ပျက်စီးသွားခဲ့ရတာပဲ။

အခန်း (၄၆)

အဖေ့ရဲ့ ရာထူးက DHK Engineering ရဲ့ ဥက္ကဋ္ဌပါ။

DHK Engineering ဆိုတဲ့ နာမည်ကတော့ ဟန်ပန်အပြည့်ရှိသလိုလို ထင်ရပေမဲ့ တကယ်တမ်းကျတော့ ဝန်ထမ်း ၁၀ ယောက်လောက်နဲ့ သတ္တုအစိတ်အပိုင်းတွေ ထုတ်လုပ်တဲ့ အသေးစား လုပ်ငန်းလေးတစ်ခုပဲ ဖြစ်ပါတယ်။

လုပ်ငန်းကို အချိန်အကြာကြီး ကြိုးကြိုးစားစား လုပ်ကိုင်ခဲ့လို့ အမြဲတမ်း ဖောက်သည်တွေ အများကြီးရှိသလို ယုံကြည်ရတဲ့ အသေးစားနဲ့ အလတ်စား လုပ်ငန်းတစ်ခုလည်း ဖြစ်ခဲ့တာပါ။

ဒါပေမဲ့ တရုတ်ကုမ္ပဏီတွေက ဈေးနှုန်းချိုချိုနဲ့ ထိုးဖောက်လာတဲ့အခါ လုပ်ငန်းက အခက်အခဲတွေနဲ့ ရင်ဆိုင်လာရတယ်။ ရေရှည်မှာတော့ ဈေးနှုန်းတစ်ခုထဲနဲ့ ယှဉ်ပြိုင်နေလို့ မအောင်မြင်နိုင်ဘူးဆိုတာ ရှင်းနေတာပဲလေ။

အဖေက ဒီအကျပ်အတည်းကို နည်းပညာအသစ် တီထွင်ပြီး ကျော်ဖြတ်ဖို့ ဆုံးဖြတ်ခဲ့တယ်။

နှစ်ပေါင်းများစွာ သုတေသနလုပ်ပြီးနောက်မှာ ခံနိုင်ရည်ရှိပြီး စွမ်းဆောင်ရည်ကောင်းတဲ့ Integrated Suspension System တစ်ခုကို အောင်မြင်စွာ တီထွင်နိုင်ခဲ့တယ်။ အဲဒီအချိန်မှာပဲ အွန်ဆောင်း ကော်ပိုရေးရှင်း ဆီက ဖုန်းဝင်လာခဲ့တာပါ။

သူတို့ရဲ့ မော်ဒယ်အသစ်မှာ DHK Engineering ရဲ့ ထုတ်ကုန်ကို သုံးချင်ကြတယ်။ ပြီးတော့ တခြားလိုအပ်ချက်လေးတွေလည်း ရှိတယ်ဆိုပြီးတော့ပေါ့။

သူတို့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီအောင် အချို့နေရာတွေကို မွမ်းမံပေးဖို့နဲ့ ပစ္စည်းပေးသွင်းရမယ့် ရက်ချိန်းမီအောင် စက်ပစ္စည်းတွေ တိုးချဲ့ဖို့ သူတို့က တောင်းဆိုခဲ့ကြတယ်။

ကုမ္ပဏီကြီးတစ်ခုနဲ့ ပစ္စည်းပေးသွင်းဖို့ စာချုပ်ချုပ်ရတာက အခွင့်အရေး အကြီးကြီးပဲလေ။ အမြတ်အစွန်း အများကြီးရရုံတင်မကဘဲ အရည်အသွေးကိုလည်း အသိအမှတ်ပြုခံရတာမလို့ လုပ်ငန်းကို အကြီးအကျယ် ချဲ့ထွင်နိုင်မယ့် အခြေအနေမျိုးပါ။ အဖေက စာချုပ်ချုပ်ဆိုခဲ့ပြီး တောင်းဆိုထားတဲ့အတိုင်း ထုတ်ကုန်ကို မွမ်းမံဖို့ စတင်လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ စာချုပ်ပါ အချက်အလက်တွေကို သေသေချာချာ လိုက်နာဆောင်ရွက်နေတုန်းမှာပဲ ရုတ်တရက် ထိုးနှက်ချက်တစ်ခု ရောက်လာတယ်။

အွန်ဆောင်း ကော်ပိုရေးရှင်း က သူတို့ရဲ့ ပြည်တွင်း အရည်အသွေး စစ်ဆေးချက်မှာ ချို့ယွင်းချက်တွေ တွေ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပစ္စည်းပေးသွင်းမှုစာချုပ်ကို တစ်ဖက်သတ် ဖျက်သိမ်းကြောင်း အကြောင်းကြားလာပါတယ်။

အဲဒီနောက်မှာ ဖြစ်လာတာက ပိုပြီးတော့တောင် အဓိပ္ပာယ်မရှိပါဘူး။

အွန်ဆောင်း ကော်ပိုရေးရှင်းက မူပိုင်ခွင့်ကို အကျုံးမဝင်ကြောင်း ကြေညာဖို့ တရားစွဲဆိုခဲ့တယ်။ သူတို့က အလားတူ ထုတ်ကုန်မျိုးကို ကိုယ်တိုင်တီထွင်ထားပြီး မကြာခင်ကပဲ သီးခြားမူပိုင်ခွင့် လျှောက်ထားခဲ့တယ်လို့ ဆိုပါတယ်။ ပြောရရင်တော့ အဖေ တီထွင်ထားတဲ့ ထုတ်ကုန်ရဲ့ ဒီဇိုင်းကို နည်းနည်းလေး ပြင်လိုက်တာပါပဲ။

ဒါတင်မကသေးဘူး။ ချို့ယွင်းချက်တွေ့တယ်ဆိုတဲ့ အရည်အသွေး စစ်ဆေးချက်တွေ မလုပ်ခင်ကတည်းက အွန်ဆောင်းကော်ပိုရေးရှင်းရဲ့ အမျိုးအဆွေတွေ ပိုင်တဲ့ ကန်ထရိုက် ကုမ္ပဏီတစ်ခုကနေတဆင့် suspensionပစ္စည်းကို ထုတ်လုပ်နေခဲ့ကြတာပါ။ အွန်ဆောင်း ကော်ပိုရေးရှင်းဟာ DHK Engineering ဆီကနေ ပစ္စည်းယူဖို့ ဘယ်တုန်းကမှ စိတ်မကူးခဲ့ဘူး။ သူတို့က စာချုပ်ကို အကြောင်းပြပြီး နမူနာတွေ စုဆောင်းချင်တာရယ်၊ ထုတ်လုပ်မှု လုပ်ငန်းစဉ်တွေနဲ့ စက်ရုံတွေကို ပုံမှန် စောင့်ကြည့်ချင်တာရယ်ကြောင့်ပဲ လုပ်ခဲ့တာပါ။

ကော်ပိုရေးရှင်း အကြီးစားတစ်ခုရဲ့ အမြင်မှာတော့ ဒါက လုပ်နေကျ ထုံးစံတစ်ခုလို ဖြစ်နေနိုင်ပေမဲ့ ပစ်မှတ်ထားခံရတဲ့ အသေးစား လုပ်ငန်းလေးအတွက်တော့ ဒါက ရှင်သန်ရပ်တည်ရေး ကိစ္စပါ။

စာချုပ် ဖျက်သိမ်းခံလိုက်ရတော့ ကုမ္ပဏီက အခက်အခဲတွေနဲ့ ရင်ဆိုင်ရတော့တာပဲ။ တိုးချဲ့ထားတဲ့ စက်ပစ္စည်းတွေက အကြွေးတွေ ဖြစ်ကျန်ခဲ့သလို ဝမ်သန်းပေါင်းများစွာ အကုန်ခံပြီး တီထွင်ထားတဲ့ မူပိုင်ခွင့်ကလည်း အသုံးမဝင်တော့ပါဘူး။

အဖေက ကုမ္ပဏီကို ကယ်တင်ဖို့ ဖောက်သည်အသစ်တွေကို ကိုယ်တိုင် လိုက်ရှာပြီး အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အွန်ဆောင်း ကော်ပိုရေးရှင်း နဲ့ အငြင်းပွားနေတဲ့ ကုမ္ပဏီတစ်ခုနဲ့ ဘယ်သူကမှ စီးပွားရေး မလုပ်ချင်ကြဘူးလေ။

အွန်ဆောင်း အုပ်စု ဆိုတာ ကြီးမားတဲ့ ကုန်ထုတ်လုပ်မှု နိုင်ငံတော်ကြီးပါ။ ကော်ပိုရေးရှင်းကြီးတွေရဲ့ ကန်ထရိုက်တွေ ဖြစ်နေတဲ့ အားကိုးရတဲ့ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေတောင်မှ သတိထားပြီး ဆက်ဆံကြရတာပါ။

ဘယ်လောက်ပဲ အခြေခိုင်တဲ့ အသေးစားနဲ့ အလတ်စား လုပ်ငန်းဖြစ်ဖြစ် သူတို့ရဲ့ ရန်ပုံငွေက လအနည်းငယ်လောက် လည်ပတ်မှု မရှိရင်တောင် ရှင်သန်ဖို့ ခက်ခဲသွားတတ်ပါတယ်။

ရလဒ်အနေနဲ့ DHK Engineering က ဒေဝါလီခံလိုက်ရပြီး အဖေလည်း လဲပြိုသွားခဲ့ရတယ်။

ကျွန်တော် တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်ပါတယ်။

"အဲဒီလိုနဲ့ ကျွန်တော့်အဖေ ဆုံးပါးသွားခဲ့ပြီး တို့မိသားစုလည်း ပြိုကွဲသွားခဲ့တာပဲ"

အခြေအနေကို သိနေတဲ့ တက်ဂယူ နဲ့ အစ်မဟျွန်းဂျူး တို့နဲ့ မတူတာက အယ်လီ ပါပဲ။ သူဟာ ဒီဇာတ်လမ်းကို ပထမဆုံးအကြိမ် ကြားဖူးတာ ဖြစ်ပါလိမ့်မယ်။

သူက စာနာတဲ့အကြည့်နဲ့ ကြည့်ပြီး မေးတယ်။

"အဲ့ဒါက ဘယ်တုန်းက ဖြစ်ခဲ့တာလဲ"

"လွန်ခဲ့တဲ့ ၂ နှစ်လောက်ကပါ"

ဘာကြောင့်မှန်းမသိဘူး။ အဲ့ဒါက လွန်ခဲ့တဲ့ အချိန်အကြာကြီးက ဖြစ်ရပ်တစ်ခုလို ခံစားနေရတယ်။ ကြားထဲမှာ ကိစ္စတွေ အများကြီး ဖြစ်ခဲ့လို့ ဒီလို ခံစားရတာများလား။

တစ်ယောက်ယောက်က ကျွန်တော့်ကို အွန်ဆောင်း ကို အပြစ်တင်လားလို့ မေးရင် ဟုတ်တယ်လို့ပဲ ဖြေမှာပါ။ ဒါပေမဲ့ ကော်ပိုရေးရှင်းကြီးတစ်ခုကို မုန်းတီးနေရတာက အလကားပါပဲ။

ကျွန်တော် အွန်ဆောင်း ကို မုန်းပေမဲ့ သူတို့ ကြော်ငြာတွေက တီဗီမှာ လာနေတုန်းပါပဲ။ အွန်ဆောင်း ကားတွေကလည်း လမ်းမပေါ်မှာ အပြည့်ပါပဲ။ အွန်ဆောင်း ကို မုန်းရင်တောင် သူတို့ ထုတ်ကုန်တွေကို ရှောင်လို့ မရဘူးလေ။ တက္ကစီတွေက အွန်ဆောင်း တက္ကစီ၊ ဘတ်စ်ကားတွေက အွန်ဆောင်း ကူးသန်းရောင်းဝယ်ရေး၊ မြေအောက်ရထားနဲ့ KTX တွေကလည်း အွန်ဆောင်း RT က လုပ်တာတွေပါ။

အွန်ဆောင်းရဲ့ထုတ်ကုန်တွေကိုမသုံးဘူးဆိုပြီး ကျွန်တော်က လမ်းပဲလျှောက်မယ်လို့ ဆုံးဖြတ်လို့မှမဖြစ်တာ။

အယ်လီ က ဇဝေဇဝါဖြစ်ပုံနဲ့ မေးတယ်။

"တစ်ဖက်သတ် စာချုပ်ဖျက်သိမ်းတာနဲ့ နည်းပညာ ခိုးယူတာကြောင့် ဆုံးရှုံးမှုတွေ ရှိခဲ့တယ်ဆိုရင် တရားစွဲပြီး လျော်ကြေးတောင်းလို့ မရဘူးလား"

အစ်မဟျွန်းဂျူး က ခါးခါးသီးသီး ရယ်လိုက်ပြီး ပြောတယ်။

"နင့်စကားကို ကြည့်ရတာ နင်က နိုင်ငံခြား ရှေ့နေပဲ ဖြစ်ရမယ်"

"ဟင်... ဘာကို ဆိုလိုတာလဲ"

"ဥပဒေကိုတော့ ကောင်းကောင်း သိပေမဲ့ နိုင်ငံခြားသား တစ်ယောက်အနေနဲ့ ကိုရီးယား အကြောင်းကို ဘာမှ မသိဘူးလို့ ပြောတာ"

အသေးစားနဲ့ အလတ်စား လုပ်ငန်းတစ်ခုက ဥပဒေကြောင်းအရ တိုက်ပွဲမှာ ကော်ပိုရေးရှင်းကြီးတစ်ခုကို အနိုင်ရဖို့ အခွင့်အလမ်း ဘယ်လောက်ရှိမှာမလို့လဲ။ တရားရုံး အဆင့်ဆင့်မှာ အနိုင်ရခဲ့ရင်တောင် ဘယ်လောက် လျော်ကြေးရမှာလဲ။ ဒါမှမဟုတ် အဲဒီအချိန်အထိ အသေးစားနဲ့ အလတ်စား လုပ်ငန်းကကော ရှင်သန်နိုင်ပါ့မလား။

ကုမ္ပဏီကြီးတွေက အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေ ခက်ခက်ခဲခဲ တီထွင်ထားတဲ့ နည်းပညာတွေကို လိုက်တုတာ ဒါမှမဟုတ် ယူသွားတာက အသစ်အဆန်း မဟုတ်ပါဘူး။ ဒါပေမဲ့ မူပိုင်ခွင့် အငြင်းပွားမှုတွေမှာ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေက ကုမ္ပဏီကြီးတွေကို အနိုင်ရတဲ့ ဖြစ်ရပ်ကတော့ အင်မတန် ရှားပါတယ်။

"ကိုရီးယားက ကုမ္ပဏီကြီးတွေက နိုင်ထက်စီးနင်း လုပ်တာ ထုံးစံလို ဖြစ်နေပေမဲ့ အွန်ဆောင်း ကတော့ ပိုပြီး ဆိုးတယ်"

အကြောင်းရင်းကတော့ အွန်ဆောင်း က ပြည်တွင်း မော်တော်ကား ဈေးကွက်ရဲ့ ၇၀ ရာခိုင်နှုန်းကို ချုပ်ကိုင်ထားလို့ပါပဲ။ တခြား ပြည်တွင်းကုမ္ပဏီတွေနဲ့ တင်သွင်းတဲ့ ကားတွေရဲ့ အရောင်းပမာဏကို ပေါင်းလိုက်ရင်တောင် အွန်ဆောင်း ရဲ့ ဈေးကွက်ဝေစုရဲ့ တစ်ဝက်တောင် မရှိပါဘူး။

ပြည်တွင်း ကုန်ထုတ်လုပ်မှု လုပ်ငန်းတစ်ခုလုံးကို ကြည့်ရင် ကုမ္ပဏီတစ်ခုထဲက ဈေးကွက်ရဲ့ ၇၀ ရာခိုင်နှုန်းကို ချုပ်ကိုင်ထားတဲ့ နယ်ပယ်မျိုး ဘယ်မှာ ရှာတွေ့နိုင်မှာမလို့လဲ။

လက်တွေ့မှာတော့ ပြည်တွင်းဈေးကွက်ကို လက်ဝါးကြီးအုပ်ထားတဲ့ အွန်ဆောင်း က သူ့ရဲ့ မိတ်ဖက် ကုမ္ပဏီတွေကို နည်းမျိုးစုံနဲ့ နိုင်ထက်စီးနင်း လုပ်ခဲ့ပါတယ်။ နည်းပညာ ခိုးယူတာ၊ ဈေးနှိမ်တာ၊ ပြိုင်ဘက် ကုမ္ပဏီတွေကို ပစ္စည်းမသွင်းဖို့ တားမြစ်တာ၊ စာချုပ်တွေကို တစ်ဖက်သတ် ပြောင်းလဲတာ ဒါမှမဟုတ် ဖျက်သိမ်းတာ စတာတွေပေါ့။ ဒါပေမဲ့ မိတ်ဖက် ကုမ္ပဏီတွေက တခြား ရွေးချယ်စရာ မရှိလို့ ဘာမှ မပြောရဲကြပါဘူး။

မျှတတဲ့ ဖျန်ဖြေသူအဖြစ် လုပ်ဆောင်ပေးရမယ့် အစိုးရကလည်း ဒါကို လျစ်လျူရှုတာ ဒါမှမဟုတ် ဘက်လိုက်ပြီး ဆုံးဖြတ်တာတွေ လုပ်ခဲ့ပါတယ်။

မော်တော်ကား လုပ်ငန်းက ပြည်တွင်း ကုန်ထုတ်လုပ်မှု နယ်ပယ်မှာ အင်မတန် အရေးကြီးတဲ့ ကဏ္ဍတစ်ခုပါ။ အလုပ်အကိုင် ဖန်တီးမှုနဲ့ ပို့ကုန်ကဏ္ဍမှာ တခြား လုပ်ငန်းတွေနဲ့ နှိုင်းယှဉ်လို့ မရပါဘူး။ အွန်ဆောင်း သာ ကျဆုံးသွားရင် နိုင်ငံအတွက် ဆုံးရှုံးမှု ဖြစ်လိမ့်မယ်ဆိုတဲ့ အတွေးနဲ့ အစိုးရက အွန်ဆောင်း ဘက်က ရပ်တည်ပေးခဲ့တာပါ။

တက်ဂယူ က ပြောတယ်။

"အဲဒါတင်ပဲမကဘူး။ သူတို့က ပြည်တွင်းက လူတွေကို ခွဲခြားဆက်ဆံပြီး စားသုံးသူတွေကို အရူးလုပ်တာနဲ့လည်း နာမည်ကြီးတယ်လေ"

ကိုရီးယား ကုမ္ပဏီတွေ လုပ်တဲ့ ကားတွေက နိုင်ငံခြားမှာ ဈေးပေါပြီး ပြည်တွင်းမှာ ဈေးကြီးနေတာက ထူးဆန်းပါတယ်။ နိုင်ငံခြားမှာ ရောင်းတဲ့ ကားတွေမှာ အခြေခံ ဘေးကင်းလုံခြုံရေး စနစ်တွေ ပါဝင်ပေမဲ့ ကိုရီးယားမှာတော့ အဲဒါတွေက စျေးပိုပေးပြီး ရွေးချယ်မှပဲ ပါတာပါ။ အာမခံက နိုင်ငံခြားမှာ ၁၀ နှစ် ပေးပေမဲ့ ကိုရီးယားမှာတော့ ၅ နှစ်ပဲ ပေးပါတယ်။ နိုင်ငံခြားမှာ ပြဿနာ တစ်ခုခု ပေါ်လာရင် ချက်ချင်း ပြန်ပြီးRecallလုပ်ပေမဲ့ ကိုရီးယားမှာတော့ သေသေချာချာ ပြုပြင်ပေးတာမျိုး မရှိပါဘူး။

ဒီလို ဖြစ်ရတဲ့ အကြောင်းရင်းက ရိုးရိုးလေးပါပဲ။ နိုင်ငံခြား ဈေးကွက်မှာတော့ အဲဒီလိုလုပ်ပေးမှ ရောင်းရမှာဖြစ်ပြီး ကိုရီးယားမှာတော့ ဒီအတိုင်းလည်း ရောင်းနေရလို့ပါ။

အစ်မဟျွန်းဂျူး က ကျွန်တော်တို့ကို မေးတယ်။

"ငါ စီးကရက် တစ်လိပ်လောက် သောက်လို့ ရမလား"

ဒါက အစ်မဟျွန်းဂျူးရဲ့ အခန်း ဖြစ်ပေမဲ့ ကျွန်တော်တို့တွေက စီးကရက် မသောက်တဲ့သူတွေမလို့ အစ်မဟျွန်းဂျူးက ကျွန်တော်တို့ရဲ့ ခွင့်ပြုချက်ကို တောင်းနေတာပါ။ ကျွန်တော်တို့တွေ ခေါင်းညိတ်ပြလိုက်တော့ သူ စီးကရက် တစ်လိပ် ညှိလိုက်တယ်။

စီးကရက် သောက်လို့ရတဲ့ အခန်းမလို့ စားပွဲပေါ်မှာ ပြာခွက်တစ်ခု အဆင်သင့် ရှိနေပါတယ်။ စီးကရက်နံ့ မကြိုက်တဲ့ တက်ဂယူ ကတော့ လေဝင်လေထွက် ကောင်းအောင် ပြတင်းပေါက်ကို နည်းနည်း ဖွင့်လိုက်တယ်။

ကျွန်တော်ကတော့ အခြေအနေကို တခြားနည်းလမ်းနဲ့ ရှင်းလိုက်တယ်။

"ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ခဏဖယ်ထားပြီး အခုတော့ စီးပွားရေး အကြောင်းပဲ ပြောကြရအောင်။ အစ်မက ဘယ်လို ထင်လဲ"

စီးကရက် သောက်ရင်း အစ်မဟျွန်းဂျူး က ပြောတယ်။

"ခံစားချက်တွေကို ဖယ်ထားမယ်ဆိုရင်တောင် ငါကတော့ ရင်းနှီးမြုတ်နှံဖို့ ကန့်ကွက်တယ်။ အမေရိကန်ရဲ့ အကြီးဆုံး အွန်လိုင်း အရောင်းဆိုင်ဖြစ်တဲ့ Amazon တောင် လက်လျှော့လိုက်တဲ့ ကုမ္ပဏီ၊ ပြီးတော့ ပြည်တွင်းရဲ့ အကြီးဆုံး ကားကုမ္ပဏီ ဖြစ်တဲ့ အွန်ဆောင်းတောင် လက်လျှော့ပြီး ရောင်းဖို့ ကြိုးစားနေတာနော်။ အခုထိ သူတို့မှာ ဝင်ငွေ မရှိသေးသလို ထုတ်ကုန်တစ်ခုကိုလည်း ချက်ချင်း ထုတ်နိုင်မှာ မဟုတ်ဘူး။ ဒီလို ကုမ္ပဏီမျိုးကို ဝယ်ဖို့ ဒေါ်လာ သန်း ၁၀၀ အကုန်ခံစရာ မလိုပါဘူးဟာ"

"ဒေါ်လာ သန်း ၁၀၀ က သင့်တင့်တဲ့ ပမာဏလား"

"အွန်ဆောင်း ကားကုမ္ပဏီ အကုန်ခံထားတဲ့ ငွေနဲ့ ယှဉ်ရင်တော့ ဒါက ဈေးပေါတဲ့ အရောင်းအဝယ်တစ်ခုဆိုတာတော့ မှန်တယ်"

အွန်ဆောင်း ကားကုမ္ပဏီ ဟာ CarOS ရဲ့ ရှယ်ယာတွေကို အကြိမ်ကြိမ် ဝယ်ယူရင်း ဒေါ်လာ သန်း ၂၅၀ လောက် သုံးစွဲထားတာပါ။ ဒါပေမဲ့ အခုတော့ အဲဒီပမာဏရဲ့ တစ်ဝက်တောင် မရှိတဲ့ ဈေးနဲ့ ကမ်းလှမ်းခံထားရတာလေ။

"ဒါပေမဲ့ အွန်ဆောင်း ကားကုမ္ပဏီ ပြန်ရနိုင်မယ့် ငွေနဲ့ ယှဉ်ရင်တော့ ဒါက ဈေးကြီးတယ်"

မူပိုင်ခွင့်တွေနဲ့ အဓိက နည်းပညာတွေကို ရောင်းပြီး ရနိုင်မယ့် ပမာဏက ဒေါ်လာ သန်း ၅၀ တောင် မရှိပါဘူး။ ဒါပေမဲ့ အွန်ဆောင်း ကားကုမ္ပဏီ က အဲဒီပမာဏရဲ့ နှစ်ဆကို တောင်းဆိုနေတာပါ။

"ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေထဲမှာ ဘယ်လောက် ကျန်သေးလဲ"

"ဒေါ်လာ သန်း ၁၂၀ "

တက်ဂယူ က အံ့သြတကြီးနဲ့ မေးတယ်။

"အဲဒါပဲ ကျန်တော့တာလား"

ကြည့်ရတာ Startup Shopping(ရင်းနှီးမြုတ်နှံမှု) မှာ ပိုက်ဆံတွေကို ရက်ရက်ရောရော သုံးလိုက်ပုံရပါတယ်။ ပမာဏက ကပ်သီးကပ်သတ် ဖြစ်နေပါပြီ။

ရှယ်ယာရှင် မဟုတ်ပေမဲ့ အယ်လီ ကိုလည်း သူ့ရဲ့ အမြင်ကို မေးခဲ့တယ်။

သူက သူ့ရဲ့ အတွေးတွေကို ပြောပြတယ်။

"ပွင့်ပွင့်လင်းလင်း ပြောရရင် ဂျင်ဟူ ဘာလို့ အဲဒီကုမ္ပဏီကို ရွေးလိုက်တာလဲ ဆိုတာ ငါ နားမလည်ဘူး။ ရင်းနှီးမြှုပ်နှံမှု ပမာဏက အရမ်း များလွန်းသလို စွန့်စားရမှုကလည်း မြင့်တယ်။ အခုလောလောဆယ်မှာ ဘာအလားအလာမှ ရှိပုံမရဘူး။ ဂျက်စီကာရဲ့ စကားအရ ဆိုရင်တော့ Itachi ၊ Amazon နဲ့ အွန်ဆောင်း ကားကုမ္ပဏီတို့ကတောင် လက်လျှော့ပြီး ရောင်းဖို့ လုပ်နေတယ်ဆိုတာ ခိုင်လုံတဲ့ အကြောင်းပြချက်တွေ ရှိလို့ပဲ ဖြစ်ရမယ်"

ကျွန်တော်ကတော့ အနာဂတ်ကို ကြိုမြင်နိုင်တဲ့ စွမ်းအားနဲ့ ကုမ္ပဏီတွေကို ရွေးချယ်ခဲ့တာပါ။ CarOS ကလည်း အဲဒီထဲက တစ်ခုပေါ့။ ဒါကို မသိတဲ့ အစ်မဟျွန်းဂျူး နဲ့ အယ်လီ တို့က ဒီလို တွေးတာကတော့ သဘာဝကျပါတယ်။

ဒါပေမဲ့ အမှန်တရားကို သိနေတဲ့ တက်ဂယူ ကလည်း အလားတူ အမြင်မျိုးပဲ ရှိနေတယ်။

"ငါလည်း လုံးဝ ကန့်ကွက်တယ်။ အဲဒီမှာ သွားပြီး ရင်းနှီးမြှုပ်နှံတာက အွန်ဆောင်း ကားကုမ္ပဏီ ကို ကူညီပေးသလိုပဲ ဖြစ်လိမ့်မယ်။ ပြီးတော့ တခြား ကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံဖို့လည်း ခက်သွားလိမ့်မယ်"

"အဲဒါကလည်း ဟုတ်တာပဲ"

အနှစ်ချုပ် ကြည့်ရအောင်။

တကယ်လို့ ကျွန်တော်တို့တွေ ရင်းနှီးမမြှုပ်နှံရင် အွန်ဆောင်း ကားကုမ္ပဏီက ရင်းနှီးမြှုပ်နှံမှု ပြန်ရဖို့ မူပိုင်ခွင့်တွေနဲ့ နည်းပညာတွေကို ရောင်းရပါလိမ့်မယ်။ ပြီးတော့ CarOS ကလည်း အလိုအလျောက် ပျက်စီးသွားလိမ့်မယ်။

တကယ်လို့ ကျွန်တော်တို့တွေ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် အွန်ဆောင်း ကားကုမ္ပဏီ က ရင်းနှီးမြှုပ်နှံမှုကို ပြန်ရပြီး ထွက်သွားပါလိမ့်မယ်။

ကျွန်တော်တို့ ဘာလုပ်သင့်သလဲ။

ယုတ္တိရှိရှိ စဉ်းစားရင်တော့ ဒီလို ကုမ္ပဏီမျိုးမှာ ရင်းနှီးမြှုပ်နှံတာကို ရှောင်တာက အကောင်းဆုံးပါပဲ။ ဒါပေမဲ့ အနာဂတ် အမြင်ကတော့ တခြားစီ ပြောနေပါတယ်။

လက်တွေ့ အခြေအနေနဲ့ အနာဂတ် အမြင်တို့ ထိပ်တိုက်တွေ့လာတဲ့အခါ ဘာလုပ်သင့်သလဲ။

တကယ်လို့ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေတွေကသာ အများကြီး ရှိနေမယ်ဆိုရင် စိတ်ပူစရာ နည်းမှာဖြစ်ပေမဲ့ အခုလောလောဆယ်မှာတော့ ရန်ပုံငွေက အရေးကြီးတဲ့ အဆင့်မှာ ရှိနေပါတယ်။ တက်ဂယူ ပြောသလိုပဲ CarOS အပြင် တခြား ကောင်းမွန်တဲ့ ရွေးချယ်စရာတွေ အများကြီး ရှိနေတာပဲလေ။

ကျွန်တော် အစ်မဟျွန်းဂျူး ကို မေးလိုက်တယ်။

"ဒီအရောင်းအဝယ်ကို မလုပ်တာက ပိုမကောင်းတဲ့သဘောပေါ့နော်"

အစ်မဟျွန်းဂျူးက တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေတယ်။

"နင်က ငါ့အမြင်ကို မေးတာဆိုရင်တော့ ဟုတ်တယ်။ ဒါပေမဲ့ ငါ့ရဲ့ အခန်းကဏ္ဍက ဖြစ်နိုင်ခြေတွေကို စဉ်းစားပြီး နင့်ကို အကြံပေးဖို့ပဲ။ အဲဒီအကြံဉာဏ်တွေကို ကြားပြီး ဆုံးဖြတ်ချက်ချဖို့က ဂျင်ဟူ ရဲ့ အခန်းကဏ္ဍပဲ။ နင်က OTK Company ရဲ့ စီအီးအိုလေ။ နင့်ကိုယ်စား ဘယ်သူမှ ဆုံးဖြတ်ချက် မချပေးနိုင်ဘူး"

အစ်မ ပြောတာ မှန်ပါတယ်။

ဆုံးဖြတ်ချက်ချတာက စီအီးအို ရဲ့ တာဝန်ပါ။

လူတိုင်း ကန့်ကွက်နေတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုကို ကျွန်တော် က ဇွတ်လုပ်တာက မှန်ပါ့မလား။ အဲဒါက တန်ဖိုးရှိပါ့မလား။

စဉ်းစားပြီးနောက်မှာ ကျွန်တော် ပြောလိုက်တယ်။

"CarOsက စီအီးအို နဲ့ ကျွန်တော် တွေ့ကြည့်သင့်တယ်လို့ထင်တယ်"

သူကိုယ်တိုင် စီအီးအို နဲ့ တွေ့ချင်တဲ့ အကြောင်းကို ပြောလိုက်တဲ့အခါ ရိုင်ယန် နဲ့ ဆာဂျေ တို့က စိုးရိမ်ပူပန်မှုတွေ ပြလာကြတယ်။

အစ်မဟျွန်းဂျူး က ပြတ်ပြတ်သားသား ပြောလိုက်တယ်။

"ဒါက ဒေါ်လာ သန်း ၁၀၀ တန်တဲ့ စီးပွားရေးတစ်ခုပါ။ စီအီးအို နဲ့ တွေ့ဖို့ တောင်းဆိုတာက ကျိုးကြောင်းမဆီလျော်တဲ့ တောင်းဆိုမှုလို့ ကျွန်မ မထင်ဘူး"

ရိုင်ယန် က စီအီးအို ဆီကို ချက်ချင်း ဖုန်းဆက်လိုက်ပြီး အစ်မဟျွန်းဂျူး က သူနဲ့ ခေတ္တ စကားပြောခဲ့ပါတယ်။

နောက်ဆုံးတော့ စီအီးအို က လေယာဉ်နဲ့ လိုက်လာဖို့ သဘောတူခဲ့ပြီး ရိုင်ယန် နဲ့ ဆာဂျေ တို့ကတော့ အရင် ထွက်သွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

နောက်တစ်နေ့။

ကျွန်တော်တို့တွေ CarOS ရဲ့ စီအီးအို နဲ့ အစည်းအဝေးခန်းထဲမှာ တွေ့ခွင့်ရခဲ့တယ်။

သူက အသက် ၃၀ ကျော်နှောင်းပိုင်းလောက်ရှိတဲ့ လူဖြူတစ်ယောက် ဖြစ်ပြီး ဆံပင်ကို တိုတိုညှပ်ထားကာ မျက်မှန် တပ်ထားပါတယ်။ ဂျင်းဘောင်းဘီနဲ့ တီရှပ်ကို ပေါ့ပေါ့ပါးပါး ဝတ်ထားတာပါ။

ပုံမှန်ဆိုရင် အစ်မဟျွန်းဂျူး က ဦးဆောင်မှာဖြစ်ပေမဲ့ ဒီတစ်ကြိမ်မှာတော့ ကျွန်တော်ကပဲ အရင်ဆုံး ရှေ့ထွက်လိုက်တယ်။

"ကိုရီးယားမှာ တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က ကန်ဂျင်ဟူ ပါ"

ကျွန်တော် သူ့ဆီကို လက်ကမ်းပေးလိုက်တယ်။

သူက ကျွန်တော့်လက်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်လိုက်တယ်။

"တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က ဒါရီလ် ဆီဂန် ပါ"

အဲဒီအချိန်မှာပဲ…

အချိန်အတော်ကြာမှ ဟိုလိုဂရမ်တစ်ခု ကျွန်တော်မျက်စိရှေ့မှာ ပေါ်လာခဲ့တယ်။

-CarOS Decacorn-

Unicorn ဆိုတာ ချိုတစ်ချောင်းပါတဲ့ ဈေးကွက်တန်ဖိုး ဒေါ်လာ သန်း ၁ထောင် ရှိတဲ့ စာရင်းမဝင် ကုမ္ပဏီ (Unlisted Company) ကို ခေါ်တာပါ။

Decacorn ဆိုတာကတော့ ချိုဆယ်ချောင်းပါတဲ့ ဒဏ္ဍာရီလာ သတ္တဝါပါ။ Unicorn ထက် ချိုဆယ်ဆ ပိုများတဲ့အတွက် တန်ဖိုး ဒေါ်လာ သန်း ၁၀,၀၀၀ ကျော်တဲ့ စာရင်းမဝင် ကုမ္ပဏီကို ကိုယ်စားပြုပါတယ်။

ဒေါ်လာ သန်း ၁၀,၀၀၀...

ကျွန်တော် စိတ်ထဲကနေ တဟဲဟဲ ရယ်လိုက်မိတယ်။

ကျွန်တော် တကယ်ပဲ မှန်ကန်စွာ ရွေးချယ်နိုင်ခဲ့လေပြီ။

All Chapters