← Chapters

အခန်း (၄၇-၄၈)

Vol. 5 Ch. 47-48

အခန်း (၄၇-၄၈)

Vol. 5 Ch. 47-48

အခန်း (၄၇)

နှုတ်ဆက်ပြီးတာနဲ့ ဒါရီလ် က ကုလားထိုင်မှာ သက်သောင့်သက်သာ မှီထိုင်လိုက်တယ်။

"နာမည်အတိုင်းပါပဲ၊ CarOS ဆိုတာ ကိုယ်တိုင်မောင်းနှင်တဲ့စနစ်ကိုပဲ တီထွင်နေတဲ့ ကုမ္ပဏီတစ်ခု မဟုတ်ပါဘူး"

CarOS ဆိုတဲ့ နာမည်ကို စကြားတုန်းကတော့ Carriage (မြင်းရထား)ကို ပြေးမြင်မိပေမဲ့ စာလုံးပေါင်းက CarOS ဖြစ်နေတာပါ။

ဒါကို တမင်တကာပဲ အဓိပ္ပာယ် နှစ်ခွထွက်အောင် ပေးထားတာလား။

"ရာစုနှစ်တစ်ခုကျော်ကြာအောင် ကားတွေက ဓာတ်ဆီအသုံးပြုရတဲ့ အတွင်းမီးလောင်အင်ဂျင်တွေနဲ့ပဲ မောင်းနှင်ခဲ့ကြတာ။ ဒါပေမဲ့ အနာဂတ်မှာ ဒါတွေက ပြောင်းလဲသွားတော့မှာပါ"

ကမ္ဘာတစ်ဝှမ်းက ကုမ္ပဏီတွေနဲ့ အစိုးရတွေက အတွင်းမီးလောင်အင်ဂျင်သုံး ကားတွေနေရာမှာ အစားထိုးဖို့ ပြင်ဆင်နေကြပါပြီ။ ဒီအတိုင်းဆိုရင် အင်ဂျင်သုံးကားတွေရဲ့ ခေတ်က ထင်ထားတာထက် ပိုမြန်မြန် ကုန်ဆုံးတော့မှာပါပဲ။

ပြီးတော့ သူက မေးခွန်းတစ်ခု မေးလာတယ်။

"ဒါကြောင့် နောက်မျိုးဆက်သစ် ကားတွေက ဘာဖြစ်လာမယ်လို့ ထင်လဲ"

ကျွန်တော်က ပြန်ဖြေလိုက်တယ်။

"လျှပ်စစ်ကားတွေ ဖြစ်လာမှာပေါ့"

နောက်မျိုးဆက်သစ် ကားတွေကို လျှပ်စစ်ကား (EV) နဲ့ လောင်စာဆဲလ်သုံး လျှပ်စစ်ကား (FCEV) ဆိုပြီး နှစ်မျိုး ခွဲထားပါတယ်။

နှစ်မျိုးလုံးက မော်တာကို လျှပ်စစ်နဲ့ မောင်းနှင်တာချင်း တူပေမဲ့ လျှပ်စစ်ကားက ဘတ္ထရီမှာ သိုလှောင်ထားတဲ့ လျှပ်စစ်ကို သုံးပြီး လောင်စာဆဲလ်သုံးကားကတော့ အတွင်းထဲမှာ ဟိုက်ဒရိုဂျင်နဲ့ အောက်ဆီဂျင် ဓာတ်ပြုမှုကနေ ထွက်လာတဲ့ လျှပ်စစ်ကို သုံးတာပါ။

လျှပ်စစ်ကားက ဘတ္ထရီနဲ့ မော်တာရှိရုံနဲ့ မောင်းလို့ရပြီး ရှုပ်ထွေးတဲ့ အင်ဂျင်တွေ၊ ဂီယာတွေ မလိုတော့ပါဘူး။ ပြောရရင်တော့ သူ့တည်ဆောက်ပုံက အကြီးစား RC ကားတစ်စီးနဲ့တောင် တူနေတာပါ။ ဒါက ပိုပိုသာသာ ပြောတာ မဟုတ်ပါဘူး။

ရိုးရိုးကားကုမ္ပဏီကြီးတွေထက် Startup တွေက လျှပ်စစ်ကားဈေးကွက်မှာ နေရာရလာတာကလည်း ဒီအချက်ကြောင့်ပါပဲ။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်အထိ လျှပ်စစ်ကားနဲ့ လောင်စာဆဲလ်သုံးကားတွေက ပြိုင်ဘက်တွေ ဖြစ်ခဲ့ကြတယ်။

တကယ်တော့ လျှပ်စစ်ကားမှာ အားနည်းချက်တွေ ရှိပါတယ်။ ဘတ္ထရီထဲမှာ သိုလှောင်ထားတဲ့ လျှပ်စစ်နဲ့ မောင်းတာဆိုတော့ သွားနိုင်တဲ့ အကွာအဝေးက ကန့်သတ်ချက်ရှိသလို အားသွင်းချိန်ကလည်း ကြာတတ်တယ်။ ဘတ္ထရီ ပမာဏကို တိုးလိုက်မယ်ဆိုရင်လည်း ကားက ပိုလေးလာပြီး ဈေးကလည်း ပိုကြီးသွားမှာပါ။

အတွင်းမီးလောင်အင်ဂျင်သုံး ကားတွေထက် အစိတ်အပိုင်းတွေ အများကြီး လျော့နည်းသွားပေမဲ့ လျှပ်စစ်ကားတွေက ပိုလေးပြီး ဈေးကြီးနေရတာက ဒီအကြောင်းကြောင့်ပါ။

လျှပ်စစ်ကားတွေက ဈေးကွက်မှာ မယှဉ်နိုင်ဘူးလို့ တွက်ဆပြီး Hyundai က လောင်စာဆဲလ်သုံးကားတွေဘက်ကို အာရုံစိုက်နေချိန်မှာ တကယ်တမ်းကျတော့ လျှပ်စစ်ကားတွေကပဲ အောင်ပွဲခံသွားခဲ့တာပါ။

အမေရိကန်က Nikola ကုမ္ပဏီဟာ ဘတ္ထရီဈေးနှုန်း ချိုသာအောင် သဲကန္တာရအလယ်မှာ စက်ရုံအကြီးကြီး ဆောက်ပြီး လျှပ်စစ်ကားတွေရဲ့ အားနည်းချက်ဖြစ်တဲ့ အကွာအဝေးနဲ့ အားသွင်းချိန်ကို သိသိသာသာ တိုးတက်အောင် လုပ်နိုင်ခဲ့တယ်။

သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ပြဿနာကို ဖြေရှင်းပြီး အနာဂတ် ကားဈေးကွက်ကို ဦးဆောင်ချင်တဲ့ တရုတ်အစိုးရရဲ့ အထောက်အပံ့နဲ့ တရုတ်က BID ကုမ္ပဏီဟာလည်း ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ကားကုမ္ပဏီ ဖြစ်လာခဲ့တယ်။

လျှပ်စစ်ကားလုပ်ငန်း ကြီးထွားလာတာနဲ့အမျှ ကမ္ဘာတစ်ဝှမ်းက အစိုးရတွေရဲ့ အထောက်အပံ့ကလည်း လျှပ်စစ်ကားတွေဘက်ကို ရောက်သွားခဲ့တာပေါ့။

နောက်ဆုံးတော့ ကားကုမ္ပဏီအားလုံးက လျှပ်စစ်ကား တီထွင်မှုထဲကို ခုန်ဝင်လာကြပေမဲ့ အွန်ဆောင်း ကော်ပိုရေးရှင်း ကတော့ လျှပ်စစ်ကားဘက်ကို ကူးပြောင်းတာ နောက်ကျခဲ့လို့ နည်းပညာပိုင်းမှာ အများကြီး နောက်ကောက်ကျနေခဲ့ပါပြီ။

ဒါရီလ် က ခေါင်းညိတ်လိုက်တယ်။

"အခုနောက်ပိုင်း ထွက်လာတဲ့ ကားတွေမှာ လမ်းညွှန်စနစ်၊ နောက်ကြည့်ကင်မရာ၊ ရေဒီယို၊ DMB၊ လေအေးပေးစက်၊ ထိုင်ခုံအနွေးပေးစက်၊ Blackbox စတဲ့ အီလက်ထရွန်နစ် ပစ္စည်းတွေ အများကြီး ပါလာပြီ"

ဒါက ထပ်ဆောင်းပစ္စည်းတွေ ပါလာတာတင် မဟုတ်ပါဘူး။

အရင်တုန်းကဆိုရင် အရှိန်မြှင့်တဲ့လီဗာကို နင်းလိုက်ရင် Mechanical) အတိုင်း လေဝင်ပေါက်ပွင့်ပြီး အင်ဂျင်ထဲကို လေရောက်သွားတာပါ။ ဒါပေမဲ့ အခုတော့ ECU (Electronic Control Unit) ကနေ ဒီလုပ်ငန်းစဉ်ကို ကိုင်တွယ်နေပါပြီ။

ဒါရီလ် ရဲ့ မျက်လုံးတွေက တောက်ပလာတယ်။

"CarOS ရဲ့ ပန်းတိုင်ကတော့ ကိုယ်တိုင်မောင်းနှင်တဲ့စနစ် အပါအဝင် အရာအားလုံးကို ထိန်းချုပ်နိုင်တဲ့ ကားတွေအတွက် AI ကို တီထွင်ဖို့ပါပဲ"

ဒီအကြောင်းတွေကို အဆိုပြုလွှာထဲမှာ ဖတ်ဖူးပြီးသား ဖြစ်ပေမဲ့ စီအီးအိုဆီကနေ တိုက်ရိုက် ကြားလိုက်ရတဲ့အခါ ခံစားချက်က သိသိသာသာ ပြောင်းလဲသွားတယ်။

ကားတွေအတွက် AI...

အစ်မဟျွန်းဂျူး က မေးခွန်းတစ်ခု မေးတယ်။

"တခြား ကုမ္ပဏီတွေက ကိုယ်တိုင်မောင်းနှင်တဲ့ နည်းပညာကို စီးပွားဖြစ် ထုတ်လုပ်နေကြပြီပဲ။ CarOS ရဲ့ နည်းပညာ အခြေအနေက ဘယ်လိုလဲ"

ကိုယ်တိုင်မောင်းနှင်တဲ့စနစ်ကို အကြမ်းဖျင်းအားဖြင့် အဆင့် ၅ ဆင့် ခွဲထားပါတယ်။ အဲဒါတွေကတော့ မောင်းနှင်သူကို ကူညီတဲ့အဆင့်၊ တစ်စိတ်တစ်ပိုင်း ကိုယ်တိုင်မောင်းတဲ့အဆင့်၊ အခြေအနေအရ ကိုယ်တိုင်မောင်းတဲ့အဆင့်၊ အဆင့်မြင့် ကိုယ်တိုင်မောင်းတဲ့အဆင့်နဲ့ အပြည့်အဝ ကိုယ်တိုင်မောင်းတဲ့အဆင့် ဆိုပြီးတော့ပါ။ အဆင့် ၃ အထိကတော့ တီထွင်ပြီးသားဖြစ်သလို ထုတ်လုပ်တဲ့ ကားတွေမှာလည်း သုံးနေကြပါပြီ။ အဆင့် ၄ နဲ့ ၅ ကတော့ သုတေသန လုပ်နေတုန်းပဲ ရှိပါသေးတယ်။

ဒါပေမဲ့ CarOS ကတော့ အခုထိ ဘာရလဒ်မှ မပြနိုင်သေးပါဘူး။

ဒါရီလ် က ခပ်ဟဟ ရယ်လိုက်တယ်။

"အဲဒါတွေက သတ်မှတ်ထားတဲ့ အယ်လ်ဂိုရီသမ်တွေအတိုင်း လုပ်ဆောင်တဲ့ ပရိုဂရမ်တွေပဲလေ။ တကယ့် ကိုယ်တိုင်မောင်းနှင်တဲ့စနစ်နဲ့ အများကြီး ကွာပါသေးတယ်"

"ဒါဆို တကယ့် ကိုယ်တိုင်မောင်းနှင်တဲ့စနစ်ဆိုတာ ဘာလဲ" လို့ ကျွန်တော် မေးလိုက်တယ်။

ဒါရီလ် က ကျွန်တော့မေးခွန်းကို စောင့်နေတဲ့အတိုင်း ပြန်ဖြေလာတယ်။

"လူတစ်ယောက်လိုပဲ စဉ်းစားပြီး တုံ့ပြန်နိုင်တဲ့၊ လူလို မောင်းနိုင်တဲ့ ဉာဏ်ရည်တုပါ။ သတ်မှတ်ထားတဲ့ လမ်းကြောင်းထဲမှာ နေမယ်။ ယာဉ်ကြောစီးဆင်းမှုအတိုင်း သွားမယ်။ အချက်ပြမီးတွေကို ကြည့်ပြီး စတင်မယ်။ အတားအဆီးရှိရင် ရပ်မယ်"

ဒါတွေအားလုံးက သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်း လုပ်ဆောင်တာပါ။ စည်းမျဉ်းတွေက ပိုပြီး ခေတ်မီလေလေ ချို့ယွင်းမှု ဖြစ်နိုင်ခြေက ပိုနည်းလေလေပဲပေါ့။

တကယ်တော့ Gruble က တီထွင်ထားတဲ့ ကိုယ်တိုင်မောင်းနှင်တဲ့ ကားတွေက မြို့ကြီးတွေမှာ လမ်းပေါ်စမ်းသပ်မောင်းနှင်မှုတွေကို အကြိမ်ကြိမ် အောင်မြင်ခဲ့ပြီးသားပါ။

ဒါပေမဲ့...

ယာဉ်ကြောကျပ်တည်းတဲ့ လမ်းဆုံတွေမှာ ယာဉ်ထိန်းရဲတွေက တိုက်ရိုက် အချက်ပြပြီး ထိန်းချုပ်တဲ့ အခါမျိုးတွေ ရှိပါတယ်။ အဲဒီအခါမှာ ယာဉ်ထိန်းရဲရဲ့ အချက်ပြမှုက မီးပွိုင့်ထက် ပိုပြီး အရေးကြီးပါတယ်။ အဲဒီအခါ ကိုယ်တိုင်မောင်းနှင်တဲ့ ကားတွေက မီးပွိုင့်ကို လျစ်လျူရှုပြီး ရဲရဲ့ လက်ဟန်ခြေဟန်တွေနောက်ကို တကယ်ပဲ လိုက်နိုင်ပါ့မလား။

နောက်ကနေ အရေးပေါ်အချက်ပေးသံ ကြားရင် ကားမောင်းတာကို ရပ်ပြီး လမ်းဖယ်ပေးဖို့ သူတို့ ဆုံးဖြတ်နိုင်ပါ့မလား။

ရှေ့က ကားက ယိမ်းထိုးမောင်းနေတာကို ကြည့်ပြီး အရက်မူးနေတယ်လို့ သိနိုင်မလား၊ ရှောင်တိမ်းနိုင်မလား။

မောင်းနေရင်း ကြုံလာနိုင်တဲ့ တခြား အမျိုးမျိုးသော အပြောင်းအလဲတွေကို သူတို့ အပြည့်အဝ ကိုင်တွယ်နိုင်ပါ့မလား။

CarOS က ဘာလို့ အခုထိ သိသာတဲ့ ရလဒ်တွေ မရခဲ့တာလဲဆိုတာ ကျွန်တော် နားလည်သွားပါပြီ။

အွန်ဆောင်း ဘက်က လိုချင်တာက ကိုယ်တိုင်မောင်းနှင်ဖို့ လိုအပ်တဲ့ အယ်လ်ဂိုရီသမ်တွေကို တီထွင်ဖို့ပါပဲ။ စက်တွေက စည်းမျဉ်းအတိုင်း သွားမယ်၊ ရပ်မယ် ဆိုတာမျိုးပဲ အွန်ဆောင်းက လိုချင်တာပါ။

ဒါပေမဲ့ ဒါရီလ် ရဲ့ ပန်းတိုင်ကတော့ လုံးဝ ကွဲပြားနေပါတယ်။ သူက ရိုးရိုး အယ်လ်ဂိုရီသမ်တွေ မဟုတ်ဘဲ လူလို စဉ်းစားပြီး ကားမောင်းပေးနိုင်တဲ့ ဉာဏ်ရည်တုကို တီထွင်ချင်တာလေ။

ဒါကြောင့် အဆင့်ဆင့် မြှင့်တင်ပြီး ကိုယ်တိုင်မောင်းတဲ့ နည်းပညာကို ရှေ့တိုးလုပ်ဆောင်နေတဲ့ တခြား ကုမ္ပဏီတွေနဲ့ ယှဉ်ရင် သူတို့ရဲ့ နည်းပညာ တီထွင်မှုက ပိုနှေးနေတယ်လို့ ထင်ရတာပါ။

"ကျွန်တော်တို့ တီထွင်နေတဲ့ ဉာဏ်ရည်တု စနစ်က ကိုယ်တိုင်မောင်းနှင်တာတင် မဟုတ်ဘဲ လမ်းညွှန်ပေးတာ၊ ခရီးသည်တွေအတွက် ဖျော်ဖြေမှုတွေ၊ အလိုအလျောက် ကားပါကင်ထိုးတာ၊ ဘတ္ထရီကို ထိရောက်စွာ စီမံတာ စတဲ့ ကားရဲ့ အစိတ်အပိုင်း အားလုံးကို ထိန်းချုပ်ပေးမယ့် အပြည့်စုံဆုံး Operating System တစ်ခု ဖြစ်လာမှာပါ"

တက်ဂယူ က ဘာသာပြန်ကို ကြားလိုက်ရတော့ အံ့သြသွားပုံရတယ်။

"ခဏလေး။ ဒါက လုံးဝ အံ့သြစရာကြီးပဲ"

"ဘာကို ပြောတာလဲ"

"Cyber Formula ထဲမှာ ပါတဲ့ AI တပ်ဆင်ထားတဲ့ စက်မျိုးဖြစ်နေတာလေ"

"······."

အဲဒီ ကာတွန်းကားက ဘယ်တုန်းက ထွက်တာလဲ။

အနည်းဆုံးတော့ ကျွန်တော်တို့မျိုးဆက်မှာ ထွက်ခဲ့တာမဟုတ်တာတော့ သေချာပါတယ်။ အဲ့ဒီကားတွန်းကို ကြည့်ခဲ့တဲ့သူတွေဆိုရင် အခုဆို အသက် ၃၀ ကျော်လောက် ရှိနေကြပြီ မဟုတ်လား။

အဲဒီလို စဉ်းစားနေတုန်းမှာပဲ ဒါရီလ် က ချောင်းတစ်ချက် ဟန့်ပြီး ခေါင်းကို ဟိုဘက် လှည့်သွားတယ်။

"အဟမ်း"

"······"

တစ်ခုခု စိတ်ထဲ တစ်မျိုး ဖြစ်သွားတာလား။ သူလည်း အဲဒီ ကာတွန်းကို ကြည့်ပြီးမှ ကားတွေအတွက် AI တီထွင်ဖို့ စိတ်ကူးခဲ့တာတော့ မဟုတ်ပါဘူးနော်။

ဒါရီလ် က သူ့မျက်နှာအမူအရာကို ပြန်ပြင်လိုက်ပြီး ပြောတယ်။

"ခင်ဗျားတို့ သိတဲ့အတိုင်းပဲ၊ ကျွန်တော်တို့တွေက အွန်ဆောင်း ကော်ပိုရေးရှင်း ဆီမှာ ရှိတဲ့ ရှယ်ယာတွေကို ဝယ်ဖို့ ရင်းနှီးမြှုပ်နှံသူ ရှာနေတာပါ။ အခုလောလောဆယ်မှာ အွန်ဆောင်း ကော်ပိုရေးရှင်း ရဲ့ လက်အောက်မှာ တီထွင်မှုတွေကို ဆက်လုပ်ဖို့က ပိုပြီး ခက်ခဲလာလို့လေ"

အစပိုင်းမှာ CarOS ကို ဖက်စပ်ကုမ္ပဏီအဖြစ် တည်ထောင်ခဲ့တာပါ။

AMZ က IT ကုမ္ပဏီတစ်ခုအနေနဲ့ လွတ်လပ်တဲ့ အငွေ့အသက် ရှိတယ်။ ရင်းနှီးမြှုပ်နှံထားပေမဲ့ လုပ်ငန်းလည်ပတ်မှုမှာ ဝင်မစွက်ဖက်ဘူး။ ဒါကြောင့် ဒါရီလ် ဟာ သူ့ရဲ့ ကိုယ်ပိုင် အဖွဲ့ကို တည်ထောင်ပြီး သူ လိုချင်တဲ့အတိုင်း နည်းပညာ တီထွင်မှုမှာ အာရုံစိုက်နိုင်ခဲ့တာပါ။

ဒါပေမဲ့ AMZ က သူ့ရဲ့ ရှယ်ယာတွေကို ရောင်းလိုက်ပြီး အွန်ဆောင်း ကော်ပိုရေးရှင်း ရဲ့ လက်အောက်ခံ ကုမ္ပဏီ ဖြစ်လာတဲ့အခါမှာတော့ အရာအားလုံး ပြောင်းလဲသွားတယ်။ အကြီးမားဆုံး ပြဿနာက ဟန်ချန်ယောင်း ရဲ့ တည်ရှိနေမှုပါပဲ။

သူက ကိုယ်တိုင်မောင်းနှင်တဲ့ နည်းပညာ တီထွင်မှုကို သူ့ရဲ့ အောင်မြင်မှုအတွက် ခြေလှမ်းတစ်ခုအဖြစ်ပဲ မြင်ခဲ့တာပါ။

ဒါကြောင့် ရေရှည် ပန်းတိုင်နဲ့ AI ကို တီထွင်တာထက် ချက်ချင်း အသုံးချလို့ရမယ့် ပရိုဂရမ်တွေကိုပဲ သူက လိုချင်ခဲ့တာလေ။

သူတို့ရဲ့ ပန်းတိုင်တွေ မတူကြတဲ့အတွက် ထိပ်တိုက်တွေ့မှုတွေက ရှောင်လွှဲလို့ မရခဲ့ပါဘူး။

နောက်ဆုံးတော့ ဟန်ချန်ယောင်း က CarOS ကနေ ထွက်သွားခဲ့ပြီး ရှယ်ယာတွေကိုရောင်းချဖို့ဆီ ဦးတည်သွားခဲ့တာပါ။

ကျွန်တော်ကတော့ အတွေးထဲမှာ နစ်နေခဲ့တယ်။

တကယ်လို့ သူသာ ကားတစ်စီးလုံးမှာ ရှိတဲ့ အရာအားလုံးကို ထိန်းချုပ်နိုင်တဲ့ Operating System တစ်ခုကို တကယ် ဖန်တီးနိုင်ခဲ့ရင်ကော ဘာဖြစ်လာမလဲ။ ဒါဆိုရင် လူတွေက စတီယာရင်ကို ကိုင်ထားစရာတောင် မလိုတော့ဘူးလေ။

ကားဆိုတာ ခေတ်သစ် လူနေမှုဘဝမှာ မရှိမဖြစ် လိုအပ်ပါတယ်။ ခေတ်တွေ ဘယ်လောက်ပဲ ပြောင်းပြောင်း ကားရဲ့ အရေးပါမှုကတော့ ရှိနေဦးမှာပါပဲ။

ဒါက ဆက်ပြီး ကြီးထွားလာမယ့် နယ်ပယ်တစ်ခု ဖြစ်နေတာကြောင့် ကမ္ဘာ့ထိပ်တန်း မော်တော်ကားနဲ့ IT ကုမ္ပဏီတွေက အနာဂတ် ကားတီထွင်မှုထဲကို ခုန်ဝင်နေကြတာပါ။

လမ်းမတွေပေါ်မှာ မောင်းနှင်နေတဲ့ လူမဲ့ကားတွေရဲ့ မြင်ကွင်းကို ကျွန်တော် ပုံဖော်ကြည့်မိတယ်။ ကားတိုင်းက အထိရောက်ဆုံး လမ်းကြောင်းအတိုင်း သွားနေမယ်၊ ဘတ္ထရီ အားနည်းလာရင် အနီးဆုံး အားသွင်းစခန်းကို သူ့ဘာသာသူ သွားရှာမယ်၊ ပိုင်ရှင်က ခေါ်လိုက်ရင် သတ်မှတ်ထားတဲ့ နေရာကို ရောက်လာမယ်။

ကျွန်တော်တို့တွေက အပြင်မှာ တကယ် ကြုံနေရသလိုမျိုး VR အတွေ့အကြုံတွေကို အလွယ်တကူ ခံစားနိုင်တာ ဒါမှမဟုတ် ပိုစားကောင်းတဲ့ ပီဇာတွေကို ပိုမြန်မြန် ပို့ပေးနိုင်တာလောက်နဲ့တော့ ကမ္ဘာကြီးက အများကြီး ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒါကတော့ တခြားစီပါ။ ကားတွေကို ထိန်းချုပ်တဲ့ AI သာ တီထွင်နိုင်ခဲ့ရင် အဲဒီတီထွင်မှုရဲ့ အကျိုးသက်ရောက်မှုက စိတ်ကူးထားတာထက်တောင် ကျော်လွန်သွားပါလိမ့်မယ်။

တစ်ခုထဲသော ပြဿနာက အောင်မြင်နိုင်ခြေ ရှိမရှိ ဆိုတာပါပဲ။ ပြီးတော့ ကျွန်တော်က အောင်မြင်မှုကို နှစ်ကြိမ်တောင် ကြိုမြင်ခဲ့ပြီးသားပါ။ တကယ်လို့ တီထွင်မှုမှာ အောင်မြင်ခဲ့ရင် ကုမ္ပဏီရဲ့ တန်ဖိုးက ဘယ်လောက်တောင် ဖြစ်သွားမလဲ။

Decacorn ဆိုတာ ဈေးကွက်တန်ဖိုး ဒေါ်လာ သန်း ၁၀,၀၀၀၊ ဒါမှမဟုတ် ကိုရီးယားဝမ် သိန်းပေါင်း ၁၁ကုဋေ ကျော်တဲ့ စာရင်းမဝင် ကုမ္ပဏီတစ်ခုပါ။ ဒါက အနည်းဆုံး ပမာဏပဲ ရှိပါသေးတယ်။ ကမ္ဘာ့ မော်တော်ကား ဈေးကွက်ရဲ့ အတိုင်းအတာကို စဉ်းစားရင် ဝမ် သိန်းပေါင်း ၁၁ ကုဋေ ဆိုတာ မလုံလောက်ပါဘူး။ သိန်းပေါင်း ၁၁၀ ကုဋေ အထိတောင် အလွယ်တကူ ဖြစ်သွားနိုင်ပါတယ်။

ရုတ်တရက် ကျွန်တော့်တစ်ကိုယ်လုံး စိမ့်တက်သွားတယ်။ ဒါက တစ်သက်မှာ တစ်ခါပဲ ရနိုင်တဲ့ အခွင့်အရေးမျိုးပါ။ အောင်မြင်ခဲ့မယ်ဆိုရင် ကျွန်တော် ရင်းနှီးမြှုပ်နှံခဲ့တဲ့ တခြား ကုမ္ပဏီတွေ အားလုံးရဲ့ အောင်မြင်မှုကို ပေါင်းလိုက်တာထက်တောင် ပိုပြီး အောင်မြင်နိုင်ပါတယ်။

ကျွန်တော် ဒါရီလ် ကို မေးလိုက်တယ်။

"CarOS ရဲ့ လက်ရှိ ရှယ်ယာ တည်ဆောက်ပုံက ဘယ်လိုလဲ"

"AMZ က ၈၆ ရာခိုင်နှုန်း ပိုင်ပြီး ကျွန်တော်နဲ့ တီထွင်သူတွေက ၁၄ ရာခိုင်နှုန်း ပိုင်ပါတယ်"

Silicon Valley မှာတော့ IT ပညာရှင်တွေရဲ့ တန်ဖိုးက စိတ်ကူးထားတာထက်တောင် ကျော်လွန်ပါတယ်။ သူတို့ရဲ့ လစာတွေက ဝမ် သန်းရာဂဏန်းကနေ သန်းပေါင်း သောင်းဂဏန်းအထိ ရှိတတ်တာပါ။ ကုမ္ပဏီကြီးတွေနဲ့ မတူတာကတော့ ကုမ္ပဏီအသေးလေးတွေက လစာအများကြီး ပေးမယ့်အစား Stock Options တွေကို ပေးလေ့ရှိတာပါပဲ။

မူလက ရှယ်ယာ စုစုပေါင်းရဲ့ ၇.၅ ရာခိုင်နှုန်းကို ဝန်ထမ်းတွေအတွက် Stock Options အဖြစ် သတ်မှတ်ထားခဲ့တာပါ။ AMZ က သူ့ရဲ့ ရှယ်ယာတွေကို ရောင်းတဲ့အခါမှာ ဒါရီလ် နဲ့ ဝန်ထမ်းတွေက နောက်ထပ် ၆.၅ ရာခိုင်နှုန်းကို စုပေါင်းပြီး ဝယ်ခဲ့ကြတယ်။

အခုလောလောဆယ်မှာ ဒါရီလ် က ၆.၄ ရာခိုင်နှုန်း ပိုင်ပြီး တခြား ဝန်ထမ်းတွေက ၇.၆ ရာခိုင်နှုန်း ပိုင်ပါတယ်။ တကယ်လို့ AMZ ရဲ့ ၈၆ ရာခိုင်နှုန်း ရှယ်ယာကိုသာ ရလိုက်မယ်ဆိုရင် ပြဿနာ အားလုံးက ပြေလည်သွားမှာပါ။

တက်ဂယူ ကတော့ AMZ ကို ချက်ချင်း ကျေးဇူးတင်ချင်မှ တင်မှာပါ။ ဒါပေမဲ့ သူတို့ ဒေါ်လာ သန်း ၁၀၀ ထဲနဲ့ ရောင်းလိုက်တဲ့ ကုမ္ပဏီက ဒေါ်လာ သန်း ၁၀,၀၀၀ကျော် တန်ဖိုး ရှိနေပြီဆိုတာ သိသွားတဲ့အခါ သူတို့ ဘယ်လို တုံ့ပြန်ကြမလဲ။

ဒါတင် မဟုတ်သေးဘူး။

CarOS တီထွင်နေတာက အနာဂတ် ကားတွေရဲ့ အဓိက နည်းပညာပါ။ တကယ်လို့ ကျွန်တော်တို့တွေက အဲဒီနည်းပညာမှာ ဦးဆောင်နိုင်ခဲ့ရင် ဘယ်ကားကုမ္ပဏီကမှ အဲဒီရဲ့ သြဇာကနေ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။

CarOS က နောက်ထပ် Decacorn ဖြစ်လာတော့မယ်ဆိုတဲ့ အချက်တစ်ခုတည်းနဲ့တင် အနာဂတ်မှာ ဘာတွေ ဖြစ်လာမလဲဆိုတာကို မြင်နိုင်သလိုပါပဲ။

အွန်ဆောင်း ကော်ပိုရေးရှင်း ဆီမှာ နည်းပညာတွေကို ဆုံးရှုံးခဲ့ပြီး ကွယ်လွန်သွားခဲ့တဲ့ ကျွန်တော့်အဖေ အကြောင်းကို တွေးမိတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ကျွန်တော်ကိုယ်တိုင်က အွန်ဆောင်း ကော်ပိုရေးရှင်း ဆီကနေ နည်းပညာကို ပြန်ယူနိုင်မယ့် အခြေအနေကို ရောက်နေပါပြီ။

ဒါပေမဲ့ အဲဒီကောင်တွေနဲ့ မတူတာကတော့ ကျွန်တော်က သင့်တင့်တဲ့ ဈေးနှုန်းကို ပေးပြီး ဝယ်ယူမှာပါ။

ဒါကြောင့် စိတ်မကောင်း ဖြစ်နေစရာ လုံးဝ မလိုပါဘူး။

ဒါပေမဲ့ အွန်ဆောင်း ကော်ပိုရေးရှင်း က တောင်းဆိုနေတဲ့ ဈေးအတိုင်းတော့ ပေးဖို့ စိတ်မကူးထားပါဘူး။ အလျင်စလို ဖြစ်နေတာက သူတို့ဘက်ကလေ။ ကျွန်တော်တို့ဘက်ကမှ မဟုတ်ဘဲ။

အွန်ဆောင်း ကော်ပိုရေးရှင်း ရဲ့ အမြင်ကတော့ မူပိုင်ခွင့်တွေနဲ့ အဓိက နည်းပညာတွေကို ဈေးပေါပေါနဲ့ ရောင်းလိုက်ရတာထက်စာရင် ပမာဏကို လျှော့ပြီး အရာအားလုံးကို ရှိတဲ့အတိုင်း ရောင်းချင်ကြမှာပါပဲ။ ဒါကြောင့် ညှိနှိုင်းဖို့ နေရာတော့ ရှိမှာပါ။

အခုထိတော့ အစ်မဟျွန်းဂျူး ကိုပဲ လွှတ်ထားခဲ့တာဖြစ်ပေမဲ့ ဒီတစ်ကြိမ်မှာတော့ ကျွန်တော်ကိုယ်တိုင် ပြောဖို့ ဆုံးဖြတ်လိုက်တယ်။

ဒါရီလ် ကို ကြည့်ပြီး ကျွန်တော် ပြောလိုက်တယ်။

" CarOS မှာ ကျွန်တော်တို့တွေ ရင်းနှီးမြှုပ်နှံပါမယ်"

အခန်း (၄၈)

ကျွန်တော့်စကားကြောင့် ဒါရီလ် က မျက်မှောင်ကြုတ်ပြီး ကြည့်လာတယ်။

"မစ္စတာ ကန်ဆီမှာ ရင်းနှီးမြှုပ်နှံမှု ဆုံးဖြတ်ချက်ချနိုင်တဲ့ လုပ်ပိုင်ခွင့် ရှိလို့လား" လို့ ဒါရီလ် က ပြောလိုက်တယ်။

"ဆုံးဖြတ်ချက်ချနိုင်တဲ့ လုပ်ပိုင်ခွင့်က မစ္စတာကန်ဆိုတဲ့ကျွန်တော့် ဆီမှာ ရှိပါတယ်" လို့ ကျွန်တော်က ပြန်ဖြေလိုက်တယ်။

ဒါရီလ် က ဇဝေဇဝါ ဖြစ်သွားပြီး "ခင်ဗျားက ကိုယ်စားလှယ် မဟုတ်ဘူးလား" လို့ မေးလာတယ်။

ကျွန်တော် ပြန်ပြောလိုက်တယ်။

"ကျွန်တော်က OTK Company ရဲ့ စီအီးအိုပါ"

"ဟမ်"

ဒါရီလ် က အံ့သြသွားပြီး ပါးစပ်တောင် မပိတ်နိုင်တော့ဘူး။ သူက ကျွန်တော့်ကို OTK Company ရဲ့ ဝန်ထမ်းတစ်ယောက်လို့ပဲ တွေးနေခဲ့တာလေ။ ဒီလောက် ငယ်ပြီး အတွေ့အကြုံ မရှိပုံရတဲ့ လူငယ်လေးတစ်ယောက်က ဒေါ်လာ သန်းပေါင်းများစွာ တန်တဲ့ ကုမ္ပဏီရဲ့ စီအီးအို ဖြစ်နေမယ်လို့ သူ ဘယ်တုန်းကမှ ထင်ခဲ့မှာ မဟုတ်ဘူး။

တခါတလေကျရင် ကျွန်တော်ကိုယ်တိုင်တောင် ဒါကို မယုံနိုင်သေးဘူး။

ကျွန်တော် ပြုံးလိုက်တယ်။

"လိမ်ညာဖို့ ရည်ရွယ်ချက် ကျွန်တော့်မှာ မရှိပါဘူး။ အခုလောလောဆယ် လူသိမခံချင်သေးလို့ပါ"

ဒါရီလ် က နားလည်သွားသလို ခေါင်းညိတ်တယ်။

"သိပါပြီ။ ဒါဆို မစ္စတာ ကန်က စီအီးအိုဖြစ်ကြောင်းကို ကျွန်တော် တစ်ယောက်ထဲပဲ သိထားပါ့မယ်"

အခုထိတော့ ကျွန်တော်တို့တွေက ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်တွေကို လက်မှတ်ထိုးပြီးတာနဲ့ ချက်ချင်း ရင်းနှီးမြှုပ်နှံမှု ငွေတွေကို ပေးခဲ့တာပါ။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ အခြေအနေက နည်းနည်း ကွဲပြားပါတယ်။ CarOS မှာ တိုက်ရိုက် ရင်းနှီးမြှုပ်နှံတာထက် အွန်ဆောင်း ကော်ပိုရေးရှင်း နဲ့ အဝယ်ကိစ္စ ညှိနှိုင်းဖို့ လိုအပ်နေတာလေ။

"ဒီအဝယ်ကိစ္စကို အစ်မပဲ လုပ်ပေးပါ" လို့ ကျွန်တော် ပြောလိုက်တယ်။

အစ်မဟျွန်းဂျူး က ခေါင်းညိတ်တယ်။

"အကောင်းဆုံး ဈေးနှုန်းရအောင် ငါ ညှိနှိုင်းကြည့်ပါ့မယ်"

ဒါရီလ် ရဲ့ မျက်နှာက စိတ်အေးသွားပုံရတယ်။ ကုမ္ပဏီ ပြိုကွဲသွားမယ့် အဆိုးဆုံး အခြေအနေကနေ လွတ်မြောက်သွားတာက သူ့အတွက်တော့ အတော်လေး စိတ်သက်သာရာ ရသွားတာပေါ့။ ကျွန်တော်တို့တွေ အသေးစိတ် အချက်အလက်တွေကို ဆက်ပြီး ဆွေးနွေးဖြစ်ကြတယ်။

သူ့ရဲ့ အကြီးမားဆုံး စိုးရိမ်ပူပန်မှုကတော့ စီမံခန့်ခွဲမှုပိုင်းပါပဲ။ အရင်က အွန်ဆောင်း ကော်ပိုရေးရှင်း ရဲ့ ဝင်ရောက်စွက်ဖက်တာတွေကို ကြုံခဲ့ဖူးတာကြောင့် အလားတူ အခြေအနေမျိုး ထပ်မဖြစ်ချင်တော့တာပေါ့။

စီအီးအို မဖြစ်ခင်မှာ ဒါရီလ် က တီထွင်သူ တစ်ယောက်ပါ။

သူကသာ ပိုက်ဆံပဲ လိုချင်တာဆိုရင် တခြား IT ကုမ္ပဏီတစ်ခုခုမှာ အလုပ်ဝင်လိုက်တာ ကြာလှပါပြီ။ ဒါပေမဲ့ သူက သူ့ရဲ့ လစာတွေကိုတောင် ကုမ္ပဏီထဲ ပြန်ထည့်ပြီး တီထွင်မှုတွေမှာပဲ တစ်စိုက်မတ်မတ် လုပ်နေခဲ့တာ။

Startup တစ်ခုက ကောင်းမွန်တဲ့ နည်းပညာတစ်ခုကို ဖန်တီးလိုက်တဲ့အခါ ကိုရီးယား ကုမ္ပဏီကြီးတွေက အဲဒီနည်းပညာကို လိုက်တုကြတယ်။ အမေရိကန် ကုမ္ပဏီကြီးတွေကတော့ အဲဒီ ကုမ္ပဏီကို ဝယ်ယူလိုက်ကြတယ်။

မကြာသေးခင်ကပဲ Google က အသံမှတ်သားတဲ့စနစ်ကို သုတေသနလုပ်နေတဲ့ Startup တစ်ခုကို ဒေါ်လာ သန်း ၅၀ နဲ့ ဝယ်ယူခဲ့တယ်။ ဝန်ထမ်း ၅ ယောက်ပဲ ရှိတာမလို့ ဝန်ထမ်း တစ်ယောက်ချင်းစီအတွက် ဒေါ်လာ ၁၀ သန်း ပေးခဲ့သလို ဖြစ်သွားခဲ့တာပေါ့။

တကယ်လို့ သူတို့က နည်းပညာကိုပဲ ကော်ပီကူးဖို့ စဉ်းစားခဲ့ရင် အဲဒီပမာဏရဲ့ ဆယ်ပုံတစ်ပုံလောက်နဲ့တင် လုံလောက်နေမှာပါ။

ဒါဆိုရင် အမေရိကန် ကုမ္ပဏီကြီးတွေက အဲဒီလို လုပ်ပေးတာက ကြင်နာလို့လား။ ဒါမှမဟုတ် ပိုက်ဆံတွေ ပိုနေလို့လား။

စီးပွားရေးဆိုတာ အမြတ်အစွန်းကိုပဲ တိတိကျကျ လိုက်စားတဲ့ အဖွဲ့အစည်းတွေပါ။ Google က ကုမ္ပဏီတစ်ခုကို ဝယ်ယူဖို့ အများကြီး ရင်းနှီးမြှုပ်နှံလိုက်တာက နည်းပညာကို လိုက်တုတာထက် ပိုပြီး အကျိုးအမြတ် ရှိမယ်လို့ တွက်ဆလို့ပါပဲ။

ကုမ္ပဏီတစ်ခုရဲ့ အဓိက အနှစ်သာရက မူပိုင်ခွင့် ဒါမှမဟုတ် နည်းပညာတွေမှာ ရှိတာ မဟုတ်ဘဲ လူတွေမှာ ရှိတာပါ။

နည်းပညာနဲ့ ထုတ်ကုန်တွေကိုတော့ လိုက်တုလို့ ရနိုင်ပေမဲ့ အဲဒါကို ဖန်တီးတဲ့သူရဲ့ ခံယူချက်နဲ့ ကုမ္ပဏီရဲ့ ယဉ်ကျေးမှုကိုတော့ လိုက်တုလို့ မရနိုင်ပါဘူး။

"OTK Company က ဝယ်ယူလိုက်ရင်တောင် စီမံခန့်ခွဲမှုပိုင်းမှာ ဝင်ရောက်စွက်ဖက်မှာ မဟုတ်ပါဘူး။ ရလဒ်တွေက ချက်ချင်း ထွက်မလာရင်လည်း အဆင်ပြေပါတယ်။ ဒါရီလ် စဉ်းစားထားတဲ့အတိုင်းပဲ ဆက်ပြီး တီထွင်သွားပါ"

ကျွန်တော့်စကားတွေက ဒါရီလ် ကို အများကြီး ဝမ်းသာသွားစေတယ်။

"ကျွန်တော် ဘယ်တော့မှ စိတ်ပျက်အောင် မလုပ်ပါဘူး"

နောက်ဆုံးအနေနဲ့ ကျွန်တော် သူ့ကို မေးလိုက်တယ်။

"CarOS က ဘာလုပ်နေတယ်လို့ ဒါရီလ် ထင်လဲ"

ဒါရီလ် က ဘာမှ တွန့်ဆုတ်မနေဘဲ ပြန်ဖြေတယ်၊

"ပိုကောင်းတဲ့ အနာဂတ်ကို ဖန်တီးနေတာပါ"

အဲ့ဒီနောက်မှာတော့ စီစဉ်ထားတဲ့ တွေ့ဆုံမှုတွေ အားလုံးကိုလည်း ဆိုင်းငံ့ထားလိုက်ပါတယ်။

အစ်မဟျွန်းဂျူး က ရင်းနှီးမြှုပ်နှံမှု ပမာဏနဲ့ လုပ်ငန်းအမျိုးအစားပေါ် မူတည်ပြီး ကုမ္ပဏီ ၄ ခုကို ရွေးချယ်ခဲ့တယ်။ CarOS ကို ဝယ်ယူဖို့ လိုအပ်တဲ့ ဒေါ်လာ သန်း ၁၀၀ ကလွဲလို့ ကျန်တဲ့ ပမာဏအားလုံးကို အဲဒီထဲမှာ ရင်းနှီးမြှုပ်နှံလိုက်တယ်။

အဲဒီအချိန်မှာ ကျွန်တော့်ဆီ ဖုန်းနှစ်ခေါက် ဝင်လာပါတယ်။

တစ်ခုက စီနီယာ ဆန်းယော့ ဆီကပါ။ K Company ရဲ့ Startup ရင်းနှီးမြှုပ်နှံမှုက အပြီးသတ်သွားပါပြီ။ လက်ထဲက ဒေါ်လာ သန်း ၇၀၀ ဟာ သန်း ၆၇၀ ဖြစ်သွားပြီပေါ့။

ဆိုးလ် ကို ပြန်ရောက်ရင် ရုံးကို ဝင်ခဲ့မယ်လို့ ပြောပြီး ဖုန်းချလိုက်တယ်။

နောက်ဖုန်းတစ်ခုကတော့ ဒုံတန် က အိမ်ကို ပြင်ဆင်ပေးတဲ့ အလှဆင်ကုမ္ပဏီဆီကပါ။ ရေလုံအောင်လုပ်တာ၊ အပူဒဏ်ခံတာ၊ ဝါယာကြိုးတွေနဲ့ ပိုက်လိုင်းတွေ အသစ်လဲတာ အပါအဝင် အကြီးစား ပြင်ဆင်မှုတွေ လုပ်ခဲ့တာပါ။

သူတို့ ပို့ပေးတဲ့ ဓာတ်ပုံတွေကို ကြည့်လိုက်တော့ နှစ်ပေါင်း ၂၀ ကျော် သက်တမ်းရှိပြီဖြစ်တဲ့ အိမ်ဟောင်းကြီးရဲ့ အတွင်းပိုင်းဟာ အိမ်သစ်တစ်လုံးလို လုံးဝ ပြောင်းလဲသွားပါပြီ။ အပြင်ပိုင်းကတော့ ဘာမှ မပြောင်းလဲဘဲ သန့်ရှင်းရေးပဲ လုပ်ထားတာပါ။

နောက်နေ့မှာတော့ ထုံးစံအတိုင်း စားသောက်ဆိုင်တစ်ခုမှာ မနက်စာ စားဖို့ လူစုဖြစ်ကြတယ်။

"အလုပ်က ထင်ထားတာထက် စောပြီး ပြီးသွားတာပဲ" လို့ တက်ဂယူက အစ်မဟျွန်းဂျူး ကို ပြောလိုက်တယ်။

"ဒီတစ်ခါတော့ ခဏလောက် အနားယူကြမလား" လို့ သူက အကြံပြုတယ်။

အစ်မဟျွန်းဂျူး က ခေါင်းခါလိုက်တယ်။

"ငါ ပြန်ရောက်ရင် လုပ်စရာတွေက တောင်လိုပုံနေတာ။ မနက်ဖြန် မနက်အတွက် လေယာဉ်လက်မှတ်တောင် ကြိုဖြတ်ထားပြီးပြီ"

"ဒီလောက်တောင် မြန်တာလား"

အတော်လေး မြန်တယ်လို့ ခံစားရတယ်။ ကျွန်တော်တို့တွေ နောက်ထပ် ရက်အနည်းငယ်လောက် ထပ်နေပြီးမှ ပြန်ကြမယ်လို့ ထင်ထားတာ။

အယ်လီ က ပြုံးပြီး အကြံပေးလာတယ်။

"ဒါဆိုရင် ဒီနေ့တော့ အားလုံး အတူတူ သွားလည်ကြရအောင်။ ဒီရောက်ကတည်းက တစ်ခါမှ အတူတူ အပြင်မထွက်ရသေးဘူး"

တက်ဂယူ ကလည်း အဲဒီအချက်ကို သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်တယ်။

"ဟုတ်တယ်။ မမ က တစ်ချိန်လုံး ဟိုတယ်ထဲမှာပဲ အောင်းနေတော့တာပဲ"

အစ်မဟျွန်းဂျူး ရဲ့ မျက်နှာကတော့ မသွားချင်တဲ့ပုံပါပဲ။

"ငါ အလုပ်လုပ်ရဦးမှာဟ"

ကျွန်တော်ပါ ဝင်ပြီးဖျောင်းဖျလိုက်တယ်။

"လာပါ၊ အတူတူ သွားကြရအောင်။ ကျွန်တော်တို့ ၄ ယောက်လုံး ကိုရီးယားမှာ အတူတူ လည်ဖို့က နောက်ဘယ်တော့မှ ကြုံဦးမှာလဲဆိုတာ မသိဘူးလေ"

တခြားသူတွေကလည်း ဝိုင်းပြောကြတော့ အစ်မဟျွန်းဂျူး က မတတ်သာတဲ့အဆုံး ခေါင်းညိတ်လိုက်ရတယ်။

အယ်လီ က ဝမ်းသာသွားပြီး "ဘယ်ကို သွားကြမလဲ" လို့ မေးတယ်။

"ကိုရီးယား စစ်ပွဲ အထိမ်းအမှတ်ဗိမာန် ကလွဲရင် ဘယ်နေရာဖြစ်ဖြစ် အဆင်ပြေပါတယ်" လို့ ကျွန်တော် ပြောလိုက်တယ်။

အဲဒီအခါမှာ အယ်လီ ရဲ့ မျက်လုံးတွေက တောက်ပလာပြီး "ငါ သွားချင်တဲ့ နေရာရှိတယ်" လို့ ပြောလာတယ်။

"ဒါဆို ငါ ရွေးလို့ရမလား။ ငါ တကယ် သွားချင်တဲ့ နေရာတစ်ခု ရှိတယ်"

"ရတာပေါ့"

ထပ်ပြောပါဦးမယ်။ ကိုရီးယား စစ်ပွဲ အထိမ်းအမှတ်ဗိမာန် ကလွဲလို့ ဘယ်နေရာမဆို သွားလို့ရပါတယ်။

တက်ဂယူ က ဟိုတယ်ရဲ့ အရှေ့ပေါက်မှာ ကားရပ်လိုက်တယ်။

ကျွန်တော်က အရှေ့ခန်းမှာ ထိုင်ပြီး အယ်လီ ကတော့ နောက်ခန်းထဲ ဝင်သွားပါတယ်။ ဒါပေမဲ့ အစ်မဟျွန်းဂျူး ကတော့ သူ့ခြေထောက်တွေ ခဲနေတဲ့အတိုင်း ဘာမှ မလှုပ်ရှားပါဘူး။

"ဘာဖြစ်လို့လဲ။ အမြန်တက်လေ၊ မမ"

"ဒီကားကို စီးရမှာလား"

ခဏလောက် တွန့်ဆုတ်နေပြီးမှ အစ်မဟျွန်းဂျူးက ခေါင်းခါလိုက်တယ်၊ ဒီကားကို မစီးချင်တဲ့ပုံပါပဲ။

"ငါ တက္ကစီပဲ စီးလိုက်မယ်"

ဒါပေမဲ့ ကားထဲ ရောက်နေပြီဖြစ်တဲ့ အယ်လီ က အစ်မဟျွန်းဂျူး ကို ဆွဲခေါ်လိုက်တယ်။

"ဘာဖြစ်လို့လဲ။ လာပါ၊ အတူတူ စီးကြရအောင်၊ ဂျက်စီကာ"

"နေပါဦးဟ။ အယ်လီ"

ဂျောက်

အယ်လီ က တံခါးကို မြန်မြန် ပိတ်လိုက်တယ်။

"သွားကြစို့"

တက်ဂယူ က သွားမယ့် နေရာကို မောင်းသွားတယ်။

အစ်မဟျွန်းဂျူး က ခေါင်းကို ငုံ့ထားပြီး တိုးတိုးလေး ရေရွတ်နေပါတယ်။

"အာ... ဒီကားကို စီးရလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး"

"…"

ကျွန်တော်လည်း ဒီကားကို စစစီးချင်းတုန်းကတော့ အတော်လေး ရှက်ခဲ့ရတာပါ။ ဒါပေမဲ့ အခုတော့ နည်းနည်းတော့ ကျင့်သားရလာပါပြီ။ ဒါတောင် နည်းနည်းတော့ နေရခက်တုန်းပါပဲ။

ကားက သွားမယ့် နေရာကို မြန်မြန်ပဲ ရောက်သွားတယ်။

ကားပေါ်က ဆင်းလိုက်တော့ ကျွန်တော့်ရှေ့က ကျယ်ပြောလှတဲ့ ပတ်လမ်းကြီးကို လှည့်ကြည့်မိတယ်။ ဒီနေရာက BMW က တည်ဆောက်ထားတဲ့ Driving Center ပါ။

"ယောင်ဂျုံး ကျွန်း မှာ ဒီလို နေရာမျိုး ရှိမှန်း မသိခဲ့ဘူး"

"ဒါက အာရှမှာ ပထမဆုံးလို့ ကြားဖူးတယ်"

အွန်ဆောင်း က ကိုရီးယား ဈေးကွက်မှာ ပိုက်ဆံတွေ အများကြီး ရှာနေပေမဲ့ Motorsports (မော်တော်ကား အားကစား) တွေမှာတော့ အများကြီး ရင်းနှီးမြှုပ်နှံမှု မရှိပါဘူး။ ဒါပေမဲ့ ဂျာမန် ကားကုမ္ပဏီတစ်ခုက မြို့တော်ရဲ့ နယ်မြေထဲမှာ ဒီလို နေရာမျိုး ဖန်တီးထားလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ထားခဲ့တာတော့ အမှန်ပါ။

ဒီကို မလာခင်မှာ ပတ်လမ်းထဲမှာ ကိုယ်တိုင် မောင်းနှင်ကြည့်ဖို့ ပရိုဂရမ်တစ်ခုကို ကြိုတင်မှာထားခဲ့တယ်။

အယ်လီ က ကျွန်တော့်ကို မေးတယ်။

"နင်က ကားမောင်းရတာ ဝါသနာပါလား"

"အဲဒါကတော့..."

ဝါသနာပါတာလည်း မဟုတ်၊ မပါတာလည်း မဟုတ်ဘူးလို့ ပြောမလို့ ရှိသေး၊ အစ်မဟျွန်းဂျူး က လက်ပိုက်ပြီး ကြားထဲက ဝင်ပြောလိုက်တယ်။

"ကန်ဂျင်ဟူ က ငယ်ငယ်ကတည်းက ကားမောင်းရတာ ဝါသနာပါတာ"

ကျွန်တော်က အံ့သြပြီး ပြန်မေးမိတယ်။

"ကျွန်တော်ကလား"

"နင် မမှတ်မိဘူးလား။ အလယ်တန်းတုန်းက ကားမောင်းကျင့်ရင်းနဲ့ ငါ့ကားရဲ့ ဘေးကြည့်မှန်ကို ခွဲလိုက်တာလေ"

"အဲ..."

အယ်လီ က တဟားဟား ရယ်တော့တာပဲ။

"ဟာ… တကယ်ကြီး အဲဒီလို ဖြစ်ခဲ့တာလား"

အစ်မဟျွန်းဂျူး က ခေါင်းညိတ်တယ်။

"အဲ့တုန်းကကားက ငါ့ရဲ့ ပထမဆုံး ကားလေ။ အဲဒီတုန်းက ကန်ဂျင်ဟူကို ပထမဆုံးအကြိမ်အဖြစ် တကယ် စိတ်ဆိုးခဲ့တာ"

"…"

ကျွန်တော် အကြီးအကျယ် အဆူခံခဲ့ရတာပါ။ ငိုတောင် ငိုချင်သွားတယ်။

အတိတ်ကို ပြန်တွေးမိပြီး တက်ဂယူ ကို စိုက်ကြည့်လိုက်တယ်။ သူကတော့ အပြစ်ရှိသလို အမူအရာနဲ့ ကျွန်တော့်အကြည့်ကို ရှောင်နေပါတယ်။

တကယ်တော့ အစ်မဟျွန်းဂျူး ရဲ့ ပထမဆုံး ကားကို ဖျက်ဆီးခဲ့တာ ကျွန်တော် မဟုတ်ဘဲ သူ ဖြစ်နေလို့ သူ အပြစ်ရှိသလို ခံစားနေရတာပါ။ တက်ဂယူ သာ လုပ်တာမှန်း သိရင် အစ်မ က သူ့ကို သတ်မှာစိုးလို့ ကျွန်တော်ကပဲ အပြစ်ခံယူပေးခဲ့တာလေ။

အခုအချိန်မှာတော့ အမှန်အတိုင်း ပြောလိုက်ပါတော့လား။

"အား... အေးလိုက်တာ။ မြန်မြန် အထဲဝင်ကြစို့"

တက်ဂယူ က အဆောက်အဦးထဲကို အရင်ဆုံး ပြေးဝင်သွားတယ်။

အယ်လီ က ငါ့လက်မောင်းကို ကိုင်လိုက်တယ်။

"မောင်ကံကောင်းလေးရေ။ ဒီနေ့တော့ ဘေးကြည့်မှန်ကို မခွဲလိုက်နဲ့ဦးနော်"

"······"

လျှို့ဝှက်ချက်အဖြစ် သိမ်းထားဖို့ သဘောတူထားတာမလို့ ကျွန်တော် ဘာမှ ပြန်မပြောနိုင်ခဲ့ဘူး။

နည်းပြဆီကနေ ခဏလောက် လေ့ကျင့်မှု ရယူပြီးနောက် ပတ်လမ်းဆီကို သွားခဲ့ကြတယ်။ အစ်မဟျွန်းဂျူးနဲ့ အယ်လီက M5 ကို ရွေးချယ်ပြီး တက်ဂယူ ကတော့ M6 ကို ရွေးတယ်၊ ကျွန်တော်ကတော့ M4 ကို စီးဖြစ်တယ်။

တက်ဂယူ ကတော့ ယုံကြည်မှု အပြည့်ရှိတဲ့ မျက်နှာပေးမျိုး လုပ်နေပါတယ်။

"ဟဲဟဲ၊ ကာတွန်းတွေ ကြည့်ရင်းနဲ့ လေ့ကျင့်ထားတဲ့ ငါ့ရဲ့ ကားမောင်းစွမ်းရည်ကို ပြရမယ့် အချိန်ပဲ"

"······"

ကာတွန်းကြည့်ပြီး လေ့ကျင့်တာက အလုပ်ဖြစ်ပုံရပါတယ်။

နည်းပြရဲ့ လမ်းညွှန်မှုအတိုင်း မိနစ် ၄၀ လောက် ပတ်လမ်းထဲမှာ မောင်းခဲ့ကြတယ်။ အံ့သြစရာကောင်းတာက တက်ဂယူ က အတော်လေး ကောင်းကောင်း မောင်းနိုင်တာကြောင့် အလားအလာ ရှိတယ်လို့ နည်းပြရဲ့ ချီးကျူးတာကိုတောင် ခံခဲ့ရသေးတယ်။

ကာတွန်းကနေ သင်ယူတာက တကယ်ပဲ ထိရောက်တာလား။

ယုံကြည်မှုတွေ တက်လာပြီး နောက်တစ်ခါကျရင် Drift ဆွဲဖို့ စိန်ခေါ်ဦးမယ်လို့ သူက အသံကျယ်ကျယ်နဲ့ ကြုံးဝါးနေပါသေးတယ်။

Driving Center ရဲ့ အထဲမှာ ကားအရောင်းခန်းမနဲ့ ဝန်ဆောင်မှုဌာနလည်း ရှိပါတယ်။ အတွင်းပိုင်းနေရာဟာ အရောင်းဆိုင်ထက်စာရင် ပြပွဲ ဒါမှမဟုတ် အတွေ့အကြုံယူတဲ့ နေရာနဲ့ ပိုတူနေတယ်။

လာလည်တဲ့သူ အများစုက ကားဝယ်ဖို့ထက်စာရင် လာကြည့်ကြတာ များပါတယ်။

အစ်မဟျွန်းဂျူး နဲ့ အယ်လီ က အပေါ်ထပ်က စားသောက်ဆိုင်မှာ ကော်ဖီသောက်ဖို့ သွားကြပြီး တက်ဂယူ နဲ့ ကျွန်တော်ကတော့ ပထမထပ်မှာ ကားတွေကို ကြည့်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။

"ကြည့်စမ်း၊ ဒီမှာ Mini တွေလည်း ရှိတာပဲ"

BMW တွေအပြင် Mini နဲ့ Rolls-Royce တွေကိုလည်း ပြသထားတယ်။ အားလုံးက အုပ်စုတစ်ခုထဲက တံဆိပ်တွေပါ။

ကျွန်တော့်ရှေ့က ကားတွေကို မြင်လိုက်ရတော့ ဝယ်ချင်စိတ် ပေါ်လာတယ်။ အစောကြီးကတည်းက ဝယ်ထားသင့်တာကို အာရုံတွေ များနေလို့ သတိမထားမိခဲ့တာပါ။ ကျွန်တော် စိတ်ဝင်စားနေတာကို မြင်တော့ အသက် ၃၀ အစောပိုင်းလောက်ရှိမယ့် အရောင်းကိုယ်စားလှယ် လူငယ်လေးတစ်ယောက်က အနားကို ချဉ်းကပ်လာတယ်။

"စိတ်ကြိုက် ကြည့်ပါ။ စိတ်ဝင်စားတဲ့ မော်ဒယ်ရှိရင် ကျွန်တော့်ကို ပြောပါ။ စမ်းသပ်မောင်းနှင်ဖို့လည်း စီစဉ်ပေးလို့ ရပါတယ်"

"ကားကို ကျွန်တော် ဘယ်တော့ ဝယ်ဖြစ်မလဲတောင် မသိသေးပါဘူး"

ကျွန်တော်က ဂျင်းဘောင်းဘီနဲ့ ပါကာ အင်္ကျီ ဝတ်ထားပြီး တက်ဂယူ ကတော့ အားကစားဘောင်းဘီနဲ့ Hoodie ဝတ်ထားတာပါ။ ကျွန်တော်တို့တွေကို ကြည့်ရတာ သာမန် ကောလိပ်ကျောင်းသား ဒါမှမဟုတ် အလုပ်လက်မဲ့တွေနဲ့ တူနေမှာပါ။

ဒါပေမဲ့ အရောင်းကိုယ်စားလှယ်က ပြုံးပြီး ပြောတယ်။

"ညီလေးတို့က ငယ်သေးတာဆိုတော့ တစ်နေ့ကျရင် ကျွန်တော့်ရဲ့ ဖောက်သည်တွေ ဖြစ်လာနိုင်တာပဲလေ။ ဟုတ်တယ်မလား"

သူ့ရဲ့ ခံယူချက်ကို ကျွန်တော် သဘောကျပါတယ်။

ရှေ့က ကားကို လက်ညှိုးထိုးပြီး ကျွန်တော် မေးလိုက်တယ်။

"ဒီကားအကြောင်း ပြောပြပါလား"

အရောင်းကိုယ်စားလှယ်က သေသေချာချာ ရှင်းပြတယ်။

"အခု ကြည့်နေတာက 530i မော်ဒယ်ပါ။ ဒါပေမဲ့ များသောအားဖြင့်တော့ ဘေးက 520d မော်ဒယ်ကို လူပိုကြိုက်ကြတယ်။ အဲဒါက ပိုပြီး စရိတ်စက သက်သာလို့လေ။ ဒီဘက်က 4 Series Coupe ဒါမှမဟုတ် Convertible တွေကလည်း လူငယ်တွေကြားမှာ ရေပန်းစားတယ်"

သူ ပြောတဲ့ ကားတွေရဲ့ ပုံစံကို ကျွန်တော် ကြည့်ပြီး မောင်းသူထိုင်ခုံမှာ ထိုင်ကြည့်လိုက်တယ်။ ကောင်းတော့ ကောင်းပါတယ်။ ဒါပေမဲ့ တစ်ခုခု လိုနေသလိုပဲ။

ကျွန်တော့်မျက်လုံးထဲကို တိုးဝင်လာတဲ့ တခြား ကားတစ်စီး ရှိပါသေးတယ်။

"ဒီကားကရော"

"ဒါကတော့ မကြာသေးခင်ကမှ ဒီဇိုင်းအသစ်နဲ့ ထွက်ထားတဲ့ 7 Seriesပါ။ ကျွန်တော်တို့ရဲ့ အဆင့်မြင့်ဆုံး ဇိမ်ခံဆီဒန်ကားဖြစ်သလို BMW ရဲ့ Flagship မော်ဒယ်လည်း ဖြစ်ပါတယ်"

အထဲမှာ ထိုင်ကြည့်လိုက်တော့ အတွင်းပိုင်းက ကျယ်ရုံတင်မကဘဲ အတော်လေးကို ကျယ်ဝန်းတာပါ။

ဘေးမှာ ထိုင်နေတဲ့ တက်ဂယူ က မေးတယ်။

"ဒါကြီးက အရမ်းကြီးမနေဘူးလား"

"ကြီးတော့ ကြီးတာပေါ့။ ဒါပေမဲ့..."

ကျွန်တော့်အသက်အရွယ်နဲ့ ဒီလို ကားမျိုး မောင်းရင် လူတွေက ကျွန်တော့်ကို ဒရိုင်ဘာ ဒါမှမဟုတ် အဖေ့ကားကို ယူမောင်းလာတယ်လို့ ထင်ကြမှာပါ။

အဲဒီအချက်ကလွဲရင် ဒီကားရဲ့ အရာအားလုံးကို ကျွန်တော် သဘောကျပါတယ်။ ကြီးလည်း ကြီးတယ်၊ ဘေးကင်းလုံခြုံမှုတွေလည်း အပြည့်ပါသလို Option တွေလည်း အစုံပါပဲ။

ကျွန်တော် အရောင်းကိုယ်စားလှယ်ကို မေးလိုက်တယ်။

"ဒီကားက ဘယ်လောက်လဲ"

"အခု ပရိုမိုးရှင်း ကာလမှာတော့ ဝမ် ၁၃၉ သန်း ပါ"

"ထင်ထားသလောက် စျေးမကြီးပါလား"

ကျွန်တော့်ဘာသာ တွေးမိရင်းနဲ့ ခဏတော့ အံ့သြသွားတယ်။ Startupတွေမှာ ဝမ် သန်းပေါင်း သောင်းချီ၊ သိန်းချီ သုံးစွဲနေတာနဲ့ ယှဉ်လိုက်ရင် ဝမ် သန်း ၁၀၀ ဆိုတာ ဈေးပေါသလို ခံစားရတာလေ။

"စာချုပ်ချုပ်ပြီးရင် ကားရဖို့ ဘယ်လောက် ကြာမလဲ"

BMW တွေက ဂျာမနီမှာပဲ ထုတ်တာဖြစ်ပြီး သင်္ဘောနဲ့ ကိုရီးယားကို ပို့တာပါ။ စာချုပ်ချုပ်ပြီးရင် ကားရဖို့ အချိန်အများကြီး ကြာတတ်တာကြောင့် ရောင်းတဲ့ ကုမ္ပဏီက အရင်ဆုံး ပမာဏတစ်ခုကို တင်သွင်းထားပြီးမှ ဖောက်သည်တွေကို ပြန်ရောင်းတာပါ။

တကယ်လို့ အရောင် ဒါမှမဟုတ် Option တွေကို အထူးမှာယူမယ် ဆိုရင်တော့ လအနည်းငယ် စောင့်ရနိုင်ပေမဲ့ ပုံမှန် မော်ဒယ်တွေအတွက်ကတော့ လက်ကျန် ရှိနိုင်ပါတယ်။

အရောင်းကိုယ်စားလှယ်က တက်ဘလက်ပေါ်မှာ သူတို့ဆီက လက်ကျန်ကို စစ်ကြည့်လိုက်တယ်။

"စစ်ကြည့်ပြီးသလောက်တော့ Black Sapphire နဲ့ Spector Grey အရောင်တွေကတော့ ချက်ချင်း ရနိုင်ပါတယ်"

"ဟင်း"

ကားက ဝမ် ၁၃၉ သန်း ကျသင့်မယ်။ ဒီအပေါ်မှာ တခြား အခွန်တွေနဲ့ အာမခံကြေးတွေ ထပ်တိုးဦးမှာပါ။

ကိုရီးယားကို ဝမ် သန်း ၁,၃၀၀ ကျွန်တော် ပို့ထားခဲ့တာပါ။

ဒါပေမဲ့ အခုနေတဲ့နေရာအတွက် ငှားရမ်းခ ပေးတာ၊ ဒုံတန် က အိမ်ဝယ်တာ၊ အမေ့ကို ပေးတာနဲ့ တခြား အခွန်အခတွေ ပေးပြီးတဲ့နောက်မှာတော့ အကုန်နီးပါး သုံးပြီးသွားပါပြီ။ အခုလောလောဆယ် ကျွန်တော့်လက်ထဲမှာ ဝမ် သန်း ၁၀၀ တောင် မပြည့်တော့ပါဘူး။

ကျွန်တော့်ရဲ့ ကျန်တဲ့ သန်းထောင်ပေါင်းများစွာက OTK Companyမှာ ရှိနေပြီး အဲဒါတွေ အားလုံးကလည်း ရင်းနှီးမြှုပ်နှံမှုတွေထဲ ရောက်ကုန်ပါပြီ။ ပြောရရင်တော့ ကျွန်တော်က အခုဘိုင်ပြတ်နေတာလေ။

ဒါပေမဲ့ စိုးရိမ်စရာတော့ မလိုပါဘူး။ ကျွန်တော့်မှာ OTK ဘဏ္ဍာထိန်းကြီး ရှိတာပဲ။

ကျွန်တော် တက်ဂယူ ကို ပြောလိုက်တယ်။

"ကားဝယ်ဖို့ ဝမ် ၁၅ သန်းလောက် ခဏ ချေးပါဦး"

တက်ဂယူက ဇဝေဇဝါ ဖြစ်သွားပြီး ပြန်မေးတယ်။

"ဘာ… မင်းက ကားဝယ်ဖို့ ငါ့ဆီကနေ ပိုက်ဆံ ချေးမလို့လား"

ကျွန်တော်က အရင် ဇာတ်လမ်းဟောင်းကို ပြန်ဖော်လိုက်တယ်။

"မင်း အထက်တန်းတုန်းက ဂိမ်းစက်ဝယ်ဖို့ ငါ့ဆီက ဝမ် ၂ သိန်း ချေးခဲ့တာ မှတ်မိလား"

သူက အံ့သြသွားပြီး ပြောတယ်။

"မင်းက ဝမ် ၂ သိန်းနဲ့ ဝမ် ၁၅ သန်းက အတူတူပဲလို့ ပြောချင်တာလား"

"အေး။ ဝမ် ၂ သိန်းက အများကြီး ပိုနည်းတာမှန်တယ်။ အဲဒီတုန်းက ဝမ် ၂သိန်းဆိုတာက ငါ့ရဲ့ ပိုင်ဆိုင်မှု အားလုံးပဲလေ"

"အဲ- အဲဒါကတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့..."

ပမာဏကတော့ နည်းနည်း ပိုကြီးပေမဲ့ သူ့အတွက်တော့ ဝမ် ၁၅ သန်း ဆိုတာ ဘာမှ မဟုတ်ပါဘူး။

"အခုလောလောဆယ်တော့ မင်းရဲ့ ကတ်နဲ့ပဲ ဖြတ်လိုက်ရအောင်"

All Chapters