← Chapters

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

အခန်း (၅၉)

ပထမဆုံး ဝမ် သန်း ၁၃၀,၀၀၀ ရင်းနှီးမြှုပ်နှံတုန်းကတော့ လွယ်ပါတယ်။ အခွင့်အရေးရတာနဲ့ ရှိသမျှအကုန် ပုံအောလိုက်ရုံပဲလေ။

ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ OTK Company က အရမ်းကြီးမားလာခဲ့တယ်။ အခုဆိုရင် ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုက ဒေါ်လာ သန်း ၁သောင်းလောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်။

ဒီလောက်များတဲ့ ပမာဏကို short position ဘက်မှာ ပုံအောဖို့ဆိုတာ ခဏခဏရတဲ့ အခွင့်အရေးမျိုး မဟုတ်ပါဘူး။

တက်ဂယူက မေးတယ်။

“ဒါနဲ့ Brexit သာ တကယ်ဖြစ်လာရင် ဘာတွေဖြစ်ကုန်မှာလဲ”

ကျွန်တော်က Golden Gate က အစီရင်ခံစာကို ကိုးကားပြီး ပြောလိုက်တယ်။

“အဆိုးဆုံးအခြေအနေမှာတော့ တခြားနိုင်ငံတွေပါ လိုက်ထွက်ပြီး EUကြီး ပြိုလဲသွားမယ်ဆိုရင် ကမ္ဘာ့စီးပွားရေးက အကြီးအကျယ် ရိုက်ခတ်မှု ခံရလိမ့်မယ်”

ဗြိတိန်က EU ထဲမှာ ဆက်ရှိနေမလား၊ ထွက်သွားမလားဆိုတဲ့အပေါ် မူတည်ပြီး စီးပွားရေးရိုက်ခတ်မှုကို Golden Gate က အသေးစိတ် ခွဲခြမ်းစိတ်ဖြာထားပါတယ်။ ဆက်ရှိနေရင်တော့ အခြေအနေက အခုအတိုင်းပဲပေါ့။ ထွက်သွားရင်တော့ အပြောင်းအလဲတွေ အများကြီး ရှိလာမှာပါ။

ဒါကြောင့် သူတို့သာ ဆက်ရှိနေရင်တော့ ဘာမှထူးမှာမဟုတ်ပေမဲ့ ထွက်သွားမယ်ဆိုရင်တော့ သမိုင်းဝင်ဖြစ်ရပ်တွေ ဖြစ်လာပါလိမ့်မယ်။

ပထမဆုံး ဗြိတိန်ပေါင်ငွေတန်ဖိုးက ထိုးကျသွားမယ်။ ဒုတိယကတော့ ဥရောပတစ်ခုလုံးကို ထိခိုက်မှာဆိုတော့ ယူရိုငွေလည်း လိုက်ကျမယ်။ တတိယကတော့ ကမ္ဘာ့စတော့ရှယ်ယာဈေးကွက်တွေ တစ်ပြိုင်နက် ကျဆင်းသွားမယ်။ စတုတ္ထကတော့ ယန်းငွေနဲ့ ရွှေလိုမျိုး ဘေးကင်းတဲ့ ပိုင်ဆိုင်မှုတွေရဲ့ ဈေးနှုန်းက ထိုးတက်သွားမှာပါ။

ဒါက ဘဏ္ဍာရေးဈေးကွက်တစ်ခုလုံး ကမောက်ကမ ဖြစ်သွားမယ့် ကိစ္စပဲ။

“ဝိုး”

ကျွန်တော့်ရဲ့ ရှင်းပြချက်ကို နားထောင်ပြီး တက်ဂယူက စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ဘူး။ ဒါပေမဲ့ သူက အရေးကြီးတဲ့ အချက်တစ်ခုကို ချက်ချင်း ထောက်ပြတယ်။

“ဒါပေမဲ့ ငါတို့မှာ ပိုက်ဆံမှမရှိတာ။ ဘယ်လိုလုပ်ပြီး ပုံအောမှာလဲ။ အခု လက်ထဲမှာ ငွေသားက မရှိသလောက်ပဲလေ”

“ဟုတ်တယ်။ အဲဒါက အဓိကအချက်ပဲ”

OTK Company ရဲ့ ပိုင်ဆိုင်မှု အများစုက ကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံထားတာပါ။ တကယ်တမ်း အကောင့်ထဲမှာ ငွေသားက မရှိသလောက်ပါပဲ၊ ရှိတာလေးကိုလည်း တက်ဂယူက ဂိမ်းကုမ္ပဏီတစ်ခုမှာ သွားပြီး ရင်းနှီးမြှုပ်နှံထားသေးတာလေ။

ကျွန်တော်တို့ဆီမှာ ငွေသားလက်ကျန်က သုညနီးပါးပါပဲ။

“ငါတို့ ပိုက်ဆံရှာရမယ်”

အဲဒီအတွက် နည်းလမ်းကို ကျွန်တော် စဉ်းစားထားပြီးသားပါ။

“ဒါနဲ့ အစ်မဟျွန်းဂျူးကို Brexit ဖြစ်နိုင်ခြေရှိတဲ့အကြောင်း ပြောပြပြီးပြီလား”

ကျွန်တော် ခေါင်းခါပြလိုက်တယ်။

“မပြောရသေးဘူး”

“ဘာလို့လဲ”

“မဲပေးဖို့က သုံးလတောင် လိုသေးတာပဲ”

ရလဒ်အကြောင်း ပြောဖို့က စောလွန်းပါသေးတယ်။ Brexit ဖြစ်လာနိုင်တဲ့ အကြောင်းရင်းတွေ အများကြီး ရှိသလို မဖြစ်နိုင်တဲ့ အကြောင်းရင်းတွေလည်း အများကြီး ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ Brexit ဖြစ်လာမယ်လို့ပဲ ယုံကြည်နေတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်မျက်စိရှေ့မှာ မြင်နေရတဲ့ နိမိတ်အာရုံက တခြားအထောက်အထားတွေထက် ပိုပြီး သေချာနေလို့ပါပဲ။

ပြဿနာက ဒါကို တက်ဂယူကလွဲပြီး ဘယ်သူ့ကိုမှ ရှင်းပြလို့မရတာပဲ။ ဒါကြောင့် လူတွေကို ယုံကြည်လာအောင် လုပ်နိုင်မယ့် တခြားအကြောင်းပြချက်တွေ ကျွန်တော့်မှာ လိုအပ်ပါတယ်။

“လောလောဆယ်တော့ အခြေအနေ ဘယ်လိုဖြစ်လာမလဲဆိုတာပဲ စောင့်ကြည့်ကြတာပေါ့”

ကျွန်တော်က စီနီယာဆန်းယော့ကို ဗြိတိန်အခြေအနေကို စောင့်ကြည့်ဖို့ ညွှန်ကြားထားတယ်။ Brexit က ကမ္ဘာ့စီးပွားရေးအပေါ် ဘယ်လိုသက်ရောက်မလဲဆိုတာကို ခွဲခြမ်းစိတ်ဖြာပြီး ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာတွေကို ကျွန်တော် ဆွဲထားပါတယ်။

တစ်လအတွင်းမှာ ကိစ္စတချို့ ဖြစ်ပျက်ခဲ့တယ်။

ပထမဆုံးအနေနဲ့ တက်ဂယူ ခဏခဏဝင်ကြည့်လေ့ရှိတဲ့ Luluweb ဆိုဒ်မှာ ဆောင်းပါးတစ်ပုဒ် တက်လာတယ်။

“အိချီကာဝါ ရှီဂဲရုက OTK Games ကို တည်ထောင်လိုက်ပြီ”

မကြာခင်တုန်းကပဲ Lost Fantasy ရဲ့ ဖခင်ကြီးလို့ လူသိများတဲ့ Linux Pentagon ရဲ့ စီအီးအိုဟောင်း အိချီကာဝါ ရှီဂဲရုက ဂိမ်းထုတ်လုပ်မှု ရပ်ဆိုင်းလိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး စီမံခန့်ခွဲမှုအဖွဲ့နဲ့ သဘောထားကွဲလွဲကာ ထွက်လာခဲ့တယ်။ သူနဲ့အတူ ရှီဂဲရု ဂိုဏ်းသားတွေလို့ ခေါ်တဲ့ အဖွဲ့လည်း ပါလာခဲ့တာပေါ့။

(ကောက်နုတ်ချက်)

“...တစ်ဖက်မှာလည်း OTK Company က ထုတ်လုပ်ရေးစရိတ်တွေကို ရင်းနှီးမြှုပ်နှံပေးမယ်လို့ သိရပါတယ်။ အိချီကာဝါ ရှီဂဲရုက ကုမ္ပဏီအသစ်ကို ရင်းနှီးမြှုပ်နှံသူရဲ့ အမည်ကို အစွဲပြုပြီး OTK Games လို့ အမည်ပေးမှာဖြစ်ကြောင်းနဲ့ Lost Fantasy M ကို စီစဉ်ထားတဲ့အတိုင်း ဆက်လက်ထုတ်လုပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်”

ဒီသတင်းကို ကြားတော့ Luluweb အသုံးပြုသူတွေက အရမ်းကို ဝမ်းသာအားရ ကြိုဆိုကြတယ်။

– Lost FanM ထွက်တော့မှာပေါ့။ ငါ ပိုက်ဆံစုပြီး စောင့်နေမယ်။

– ရှီဂဲရုက သစ္စာဖောက်ခံရပေမဲ့ ကိုယ်ပိုင်ကုမ္ပဏီ ထောင်နိုင်ခဲ့ပြီပဲ

– Linux Pentagon က လူတွေကတော့ ရှုံးနိမ့်ပြီး သင်ခန်းစာရမှ ဖြစ်မယ်။

– ဒါနဲ့ OTK Company ဆိုတာ ဘယ်လိုကုမ္ပဏီလဲ။

– Otaku Company ရဲ့ အတိုကောက်လား။

– အဲဒီလိုပဲ ထင်တယ်။ ဂျပန်အနွယ်ဝင် ကုမ္ပဏီလို့လည်း ကောလာဟလတွေ ထွက်နေတယ်။

– One Turn Kill ဆိုတဲ့ အဓိပ္ပာယ်လား။

– ဒီတစ်လှည့်မှာ မင်းကို သတ်ပစ်မယ်။ ငါ့ကတ်တွေကို တားနိုင်ရင် တားကြည့်လိုက်။

– အဲဒါကလည်း အိုတာကူ ဆန်တာပဲ။

– အို…. ဂတ်တာကု

“...”

ကျွန်တော်တို့ ကုမ္ပဏီက တကယ့်ကို အိုတာကု ကုမ္ပဏီလို့ အခေါ်ခံနေရပါပြီ။ တကယ်တော့ အဲဒီလို ခေါ်နေကြတာ ကြာပါပြီ။

ကျေးဇူးတင်စရာကောင်းတာက လူတိုင်းက ကျွန်တော်တို့ကို ဂျပန်ကုမ္ပဏီလို့ အထင်မှားနေကြတာပါပဲ၊ ဒါက တစ်ဖက်မှာတော့ အားသာချက်တစ်ခု ဖြစ်စေပါတယ်။

အဲဒီနောက်မှာ စိတ်ဝင်စားစရာ တစ်ခု ဖြစ်လာတယ်။ ပုံမှန်အားဖြင့် startupတွေမှာ ရင်းနှီးမြှုပ်နှံလို့ အောင်မြင်နိုင်ခြေက ၁၀-၂၀ ရာခိုင်နှုန်းပဲ ရှိပြီး ကြီးကြီးမားမား အောင်မြင်တာက ၅ ရာခိုင်နှုန်းလောက်ပဲ ရှိတာပါ။ ဒါပေမဲ့ OTK Company ကတော့ ရင်းနှီးမြှုပ်နှံသမျှ startupတိုင်း ပေါက်နေတာကြောင့် “startup နယ်ပယ်က လက်ဖျားမှာ ရွှေဖြစ်တဲ့သူ” လို့တောင် နာမည်ကြီးလာခဲ့တယ်။

OTK Company က Lost Fantasy M မှာ ရင်းနှီးမြှုပ်နှံထားတယ်ဆိုတာ သိသွားတော့ တခြားနေရာတွေကနေပါ ရင်းနှီးမြှုပ်နှံဖို့ ကမ်းလှမ်းချက်တွေ တဖွဲဖွဲ ရောက်လာပါတော့တယ်။

Linux Pentagon ကတောင် ဂိမ်းဖြန့်ချိတဲ့အပိုင်းကို ကျွန်တော်တို့ကို အပ်ချင်တယ်လို့ ပြောလာခဲ့တယ်။

ဒါကို ကြည့်ရင် OTK Company ရဲ့ ဘဏ္ဍာရေး နယ်ပယ်မှာ သြဇာညောင်းမှုက တော်တော်လေး ကြီးထွားလာပြီလို့ ပြောလို့ရပါတယ်။

တကယ်တမ်းတော့ ဂိမ်းက အောင်မြင်သည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ သိပ်ပြီး အရေးမကြီးပါဘူး။ အောင်မြင်ရင်တော့ ကောင်းတာပေါ့၊ ရှုံးသွားရင်လည်း တက်ဂယူက သူ့ရဲ့ ဝါသနာအတွက် သန်း ၁သောင်းလောက် သုံးလိုက်တယ်လို့ပဲ သဘောထားလိုက်ရုံပါပဲ။

အခု တကယ့် ပြဿနာက Brexit ပါ။ Golden Gate က နေ့တိုင်း ပို့ပေးတဲ့ သတင်းတွေနဲ့ စီနီယာဆန်းယော့ စောင့်ကြည့်ပေးထားတဲ့ အချက်အလက်တွေကို ကျွန်တော် အမြဲ ဖတ်နေပါတယ်။

ကျွန်တော့်ရဲ့ တောင်းဆိုချက်ကြောင့် အစ်မဟျွန်းဂျူးက ဗြိတိန်ကို ကိုယ်တိုင် သွားခဲ့တယ်။ Golden Gate ရဲ့ ဗြိတိန်ရုံးခွဲက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့သလို၊ ဒေသတွင်း အခြေအနေတွေကိုလည်း လေ့လာခဲ့ပါတယ်။

အယ်လီ ကလည်း အဲဒီခရီးစဉ်မှာ အတူတူ လိုက်သွားခဲ့တယ်။

သူ့အမေက ဗြိတိန်လူမျိုး ဖြစ်သလို သူကိုယ်တိုင်လည်း ဗြိတိန်မှာ နေခဲ့ဖူးတာဆိုတော့ အဲဒီက အခြေအနေတွေကို သူ လေ့လာခဲ့တာက တော်တော်လေး အထောက်အကူ ဖြစ်ပါလိမ့်မယ်။

ကျောင်းကို ရောက်တော့ ကားရပ်ပြီး အပြင်ထွက်လိုက်တယ်။

စီးပွားရေးစီမံခန့်ခွဲမှုဌာန အဆောက်အဦးဘက်ကို လျှောက်သွားတုန်း မင်ယောင်း နဲ့ ကျောင်ဂီ ကို တွေ့လိုက်ရတယ်။

“ရောက်လာပြီလား”

ကျောင်ဂီက ကျွန်တော့်နားကို အပြေးလေး လာပြီး ပြောတယ်။

“ငါ မနေ့က စီနီယာကီဟုမ် နဲ့ တွေ့ခဲ့တယ်။ သူက ‘K Company က အခုတလော အရမ်းကိုအလုပ်များနေတာတဲ့။ စီနီယာဆန်းယော့ နဲ့ ဘယ်တော့လောက် တွေ့ချင်လဲ။ အတူတူ သောက်ရအောင်’ လို့ ပြောသွားတယ်ကွ”

“ဘာလို့လဲ”

“ဘာလို့လဲ ဟုတ်လား။ အဆက်အသွယ်လုပ်ပြီး အလုပ်ရဖို့ ကြိုးစားမလို့ပေါ့ကွာ”

ကျွန်တော် သူ့ကို သနားစရာကောင်းတဲ့ မျက်နှာနဲ့ ကြည့်လိုက်တယ်။

“ဒီလိုလုပ်လို့ အလုပ်ရမယ် ထင်လို့လား”

ဘာလို့လဲဆိုတော့ ငါက မင်းကို အလုပ်ခန့်ဖို့ စိတ်ကူး လုံးဝမရှိလို့ပဲ။

အဆက်အသွယ်တွေ ရှာမနေဘဲ မင်းရဲ့ GPA လေးကို အရင် ဂရုစိုက်လိုက်ပါဦး။

ကျွန်တော်က စိတ်ပျက်လက်ပျက်နဲ့ ကျောင်ဂီကို အကြံပေးလိုက်တယ်။

“အလုပ်ရဖို့ အဆက်အသွယ်တွေကိုပဲ အားကိုးမနေဘဲ ကိုယ့်အရည်အချင်းကို တိုးတက်အောင် အရင်လုပ်ပါဦး”

ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင်လည်း အဆက်အသွယ်နဲ့ အလုပ်ရခဲ့တာ မဟုတ်လား။ အဲဒါကိုတော့ ပြန်စဉ်းစားရမယ်။

“ဟာ... မင်းလည်း ကူပေးပါဦး။ စီနီယာဆန်းယော့က မင်းကို အရမ်းခင်တာပဲ မဟုတ်လား”

“စီနီယာဆန်းယော့က မခင်ပါဘူး”

တကယ်တော့ ပြောင်းပြန်ပါ။ ကျွန်တော်က စီနီယာဆန်းယော့ကို အရမ်းခင်တာပါ။ ဒါကြောင့်လည်း K Company ကို သူ့လက်ထဲ အပ်ထားတာပေါ့။

ကျောင်ဂီက မျက်မှောင်ကြုတ်ပြီး ပြောတယ်။

“မင်းကျတော့ K Company မှာ အလုပ်ရသွားပြီးတော့ ငါ့ကျမှ အရည်အချင်းအကြောင်း လာပြောနေတာလား”

“ဟင့်အင်း။ အဲဒီလို မဟုတ်ပါဘူး”

ဘာလို့လဲဆိုတော့ ကျွန်တော်က အဲဒီကုမ္ပဏီမှာ အလုပ်ခန့်ထားခံရတာ မဟုတ်လို့လေ။

ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုတွေက တိုးပွားနေပေမဲ့ ကျွန်တော်တို့ လက်ထဲမှာတော့ တစ်ပြားမှ မရှိပါဘူး။ တော်သေးတာက တက်ဂယူရဲ့ အခြေအနေက နည်းနည်း ကောင်းသွားတာပါ။ သူက အိမ်နဲ့ ကားကို ရောင်းပြီးတော့ ဝမ် သန်းပေကါင်းသောင်းဂဏန်းလောက် ကျန်သေးတာလေ။ တစ်ဖက်မှာတော့ ကျွန်တော်က ငွေပြတ်နေတဲ့ ဒုက္ခနဲ့ ရင်ဆိုင်နေရတယ်။

ရှယ်ယာတွေပဲ ရှိပြီး ပိုက်ဆံမရှိတဲ့သူ မဖြစ်အောင် ကုမ္ပဏီထဲကနေ ပိုက်ဆံထုတ်မယ့် နည်းလမ်းကို ရှာရပါမယ်။ ဒါပေမဲ့ OTK Companyထဲကနေ ပိုက်ဆံထုတ်ဖို့က မလွယ်ပါဘူး။ startup ရင်းနှီးမြှုပ်နှံမှုမှာ ကမ္ဘာကျော်နေတာရယ်၊ L6 အဖြစ်အပျက်တုန်းက ပိုက်ဆံထုတ်ခဲ့တာကြောင့် ငွေကြေးကြီးကြပ်ရေးအဖွဲ့ ရဲ့ စောင့်ကြည့်တာ ခံနေရတာရယ်ကြောင့် ဒါက မရိုးရှင်းပါဘူး။

ပြည်တွင်းမှာ ပိုက်ဆံလွှဲရင်လည်း ငွေကြေးအာဏာပိုင်တွေက ငွေစီးဆင်းမှုကို စစ်ဆေးနေမှာဆိုတော့ ခေါင်းကိုက်စရာပါ။ အဲဒါအပြင် လက်ကျန်ငွေကလည်း နည်းနေသေးတာလေ။

တစ်ဖက်မှာတော့ လက်အောက်ခံ ကုမ္ပဏီဖြစ်တဲ့ K Company မှာ ငွေသားတွေ ပေါနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ စဉ်းစားလိုက်တဲ့ နည်းလမ်းကတော့ K Company မှာ အလုပ်ဝင်ထားသလိုမျိုး ဟန်ဆောင်လိုက်တာပါပဲ။

မကြာသေးခင်တုန်းကပဲ ကုမ္ပဏီပိုင်ရှင်အချို့က သူတို့ရဲ့ မိသားစုဝင်တွေကို ကုမ္ပဏီမှာ အလုပ်ဝင်ထားသလိုမျိုး လုပ်ပြီး လစာပေးနေတာက ပြဿနာအကြီးအကျယ် ဖြစ်ခဲ့ဖူးတယ်။ ဘယ်လောက်ပဲ ရှယ်ယာရှင်ကြီး ဖြစ်နေပါစေ၊ ဒီလိုလုပ်တာက တရားမဝင်ပါဘူး။ ဒါက တခြား ရှယ်ယာရှင်တွေကို ထိခိုက်စေတဲ့ ငွေအလွဲသုံးစားမှုပဲလေ။

ဒါပေမဲ့ ကျွန်တော်တို့ အခြေအနေကတော့ နည်းနည်း ကွဲပြားပါတယ်။ လစာခွဲယူမယ့် ကျွန်တော်တို့ကိုယ်တိုင်က ရှယ်ယာရှင်ကြီးတွေ ဖြစ်သလို၊ အနည်းစု ရှယ်ယာရှင်လို့ ပြောလို့ရတဲ့ အစ်မဟျွန်းဂျူး နဲ့ စီနီယာဆန်းယော့ တို့ကလည်း သဘောတူထားကြလို့ပါ။

ဒါ့အပြင် ဓမ္မဓိဋ္ဌာန်ကျကျ ကြည့်မယ်ဆိုရင်လည်း ဒါက အလုပ်လုပ်သလိုမျိုး ဟန်ဆောင်နေတာ မဟုတ်ပါဘူး။ ကျွန်တော်က ပိုက်ဆံယူရုံတင် မဟုတ်ဘဲ အဲဒီထက်မကတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာပါ။

တစ်စုံတစ်ယောက်ကြောင့်ပဲ K Company က ဒီလောက်အထိ အောင်မြင်နေတာလေ။ ဒီအတိုင်း ငြိမ်ငြိမ်လေး နေနေရုံနဲ့တင် လစာက အကောင့်ထဲကို လတိုင်း ဝင်နေတော့ အခုဆိုရင် ပိုက်ဆံအတွက် စိတ်မပူရတာ တစ်နှစ်လောက် ရှိပါပြီ။

မင်ယောင်းက ပြောတယ်။

“ဒီနေ့ပြီးရင် ငါတို့ သူငယ်ချင်းတွေနဲ့ PC room သွားပြီး Overwatch ကစားမလို့။ လိုက်မလား”

ကျွန်တော် ခေါင်းခါပြလိုက်တယ်။

“ဟင့်အင်း။ ငါ့မှာ ချိန်းထားတာ ရှိတယ်”

“မင်းက အခုတလော ဘာတွေ ဒီလောက်တောင် အလုပ်ရှုပ်နေတာလဲ”

“အလုပ်ရှုတ်နေတာတော့ ဟုတ်တယ်”

လန်ဒန် ဟိသ်ရိုး လေဆိပ်ကနေ ထွက်လာတဲ့ အစ်မဟျွန်းဂျူး နဲ့ အယ်လီ တို့က ဟောင်ကောင်မှာ မရပ်ဘဲ ကိုရီးယားကို တန်းပြီး လာခဲ့ကြတယ်။

လူဝင်မှုကြီးကြပ်ရေးမှာ ခဏစောင့်ပြီးတော့ အသက် ၃၀ကျော်အရွယ် ဝတ်စုံနဲ့ အမျိုးသမီးတစ်ယောက်ရယ်၊ အသက် ၂၀ကျော်အရွယ် ဂျင်းဘောင်းဘီနဲ့ တီရှပ်ဝတ်ထားတဲ့ နိုင်ငံခြားသူ အမျိုးသမီးတစ်ယောက်ရယ် ပေါ်လာပါတယ်။

“ဟေ့…ကန်ဂျင်ဟူ”

“ဒီမှာပါ။ အစ်မ”

အရင်တစ်ခါ ဟောင်ကောင်သွားတုန်းကနဲ့ ပြောင်းပြန်ပေါ့။ အဲဒီတုန်းက သူတို့နှစ်ယောက်က ကျွန်တော်တို့ကို လာကြိုတာလေ။

ပြန်ဆုံရတဲ့ နှုတ်ဆက်စကားတွေ ပြောပြီးနောက်မှာ လမ်းကူးပြီး ကားပါကင်ကို သွားကြတယ်။ အယ်လီက အဖြူရောင် Panameraလေးကို ကြည့်ပြီး ပြောတယ်။

“ဝိုး။ ကားက မိုက်လှချည်လား”

အရင်ဆုံး ခရီးဆောင်အိတ်တွေကို နောက်ဖုံးထဲ ထည့်လိုက်တယ်။ ပြီးတော့ ကျွန်တော်က ကားမောင်းသူနေရာမှာ ထိုင်ပြီး တက်ဂယူက ဘေးကခုံမှာ ထိုင်တယ်။ အစ်မဟျွန်းဂျူး နဲ့ အယ်လီ ကတော့ နောက်ခုံမှာ ထိုင်ကြတာပေါ့။

ကားထဲကို ဝေ့ကြည့်ရင်း အယ်လီက စနောက်ပြီး မေးတယ်။

“ဒီခုံမှာ မိန်းကလေးတွေ ဘာတွေ တင်မလာဘူး မဟုတ်လား”

ကျွန်တော် စိတ်ထဲမှာ နည်းနည်းတော့ ရှက်သွားပေမဲ့ ဘာမှမဖြစ်သလိုပဲ ပြန်ဖြေလိုက်တယ်။

“မ- မတင်ပါဘူး”

ဘေးကခုံမှာတော့ တင်လာဖူးတဲ့သူ ရှိပေမဲ့ နောက်ခုံမှာတော့ မရှိသေးပါဘူးလေ။

“သွားကြရအောင်”

ကျွန်တော် ဆိုးလ်ဘက်ကို ဦးတည်ပြီး မောင်းလာခဲ့တယ်။

သီးသန့်ခန်းတွေပါတဲ့ ကိုရီးယား ရိုးရာစားသောက်ဆိုင်မှာ စီနီယာဆန်းယော့ က ရောက်နှင့်နေပြီ။

အစ်မဟျွန်းဂျူး ကို မြင်တော့ စီနီယာဆန်းယော့ က ထရပ်ပြီး ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်တယ်။

“ရောက်လာပြီလား။ စီနီယာ”

ကျွန်တော်တို့ နှုတ်ဆက်ကြပြီး နေရာယူလိုက်ကြတယ်။

“အရင် စားကြရအောင်”

စားနေရင်းနဲ့ ကျွန်တော်က အယ်လီကို မေးလိုက်တယ်။

“အခု ဗြိတိန်က အခြေအနေက ဘယ်လိုလဲ”

အယ်လီက တည်ငြိမ်တဲ့ မျက်နှာနဲ့ ပြန်ဖြေတယ်။

“မကောင်းဘူး၊ အခုတလော ဖြစ်ပျက်နေတဲ့ ကိစ္စတွေကြောင့်လေ”

မကြာခင်တုန်းက ဗြိတိန်မှာ အဓိက ဖြစ်ရပ်နှစ်ခု ဖြစ်ခဲ့တယ်။ တစ်ခုကတော့ လန်ဒန် မြေအောက်ရထားဘူတာမှာ လူရှုပ်နေတဲ့အချိန် အသေခံဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။ လူ ၁၂ ယောက် သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့တယ်။ အဲဒီနေရာမှာတင် သေဆုံးသွားတဲ့ တရားခံက ဆီးရီးယား ဒုက္ခသည်တစ်ယောက် ဖြစ်နေတာလေ။

အဲဒါကို သိသွားတော့ လူထုရဲ့ သဘောထားကလည်း ဒုက္ခသည်တွေကို လက်ခံချင်တဲ့သူနဲ့ ကန့်ကွက်တဲ့သူဆိုပြီး နှစ်ခြမ်းကွဲသွားတယ်။ အဲဒီကြားထဲမှာပဲ နောက်ထပ် အကြမ်းဖက်မှုတစ်ခု ဖြစ်ပြန်ရော။ EU ထဲမှာ ဆက်ရှိဖို့ ထောက်ခံတဲ့ လေဘာပါတီ လွှတ်တော်အမတ် ဂျွန် ပါဆဲလ်ဆိုတဲ့သူက အကြမ်းဖက်မှု အထိမ်းအမှတ် အခမ်းအနားတစ်ခုမှာ အသက် ၅၀ကျော်အရွယ် အမျိုးသားတစ်ယောက်ရဲ့ ဓားနဲ့ထိုးသတ်တာ ခံလိုက်ရတယ်။ အဲဒီလူက ရဲတွေ ဖမ်းသွားတဲ့အချိန်မှာ “ဗြိတိန်က ပထမဦးစားပေးပဲ” လို့ အော်ဟစ်နေခဲ့တာကို ကင်မရာမှာ ရိုက်မိပြီး ကမ္ဘာတစ်ဝှမ်းကို ပြန့်သွားခဲ့တယ်။

ဒီဖြစ်ရပ်တွေက Brexit မဲမပေးခင် ဗြိတိန်လူ့အဖွဲ့အစည်းကြားထဲမှာ ဘယ်လောက်အထိ သဘောထားတွေ ကွဲလွဲနေလဲဆိုတာကို ပြနေတာပါ။ ဘာတွေပဲဖြစ်ဖြစ် ပညာရှင်တွေကတော့ ဗြိတိန်က EUထဲမှာပဲ ဆက်ရှိနေမယ်လို့ ခန့်မှန်းနေကြတုန်းပါပဲ။ လောင်းကစားသမားတွေကလည်း အဲဒီအတိုင်းပါပဲ။

အင်တာနက် လောင်းကစားကို တင်းတင်းကျပ်ကျပ် တားမြစ်ထားတဲ့ ကိုရီးယားနဲ့ မတူဘဲ ဥရောပနိုင်ငံ အတော်များများမှာတော့ လောင်းကစားဆိုဒ်တွေကို ခွင့်ပြုထားပါတယ်။ ဒါကြောင့် အားကစားရလဒ်တွေအပြင် Brexit ရလဒ်အပေါ်မှာပါ လောင်းနေကြတာပေါ့။

လောင်းကစားသမားတွေရဲ့ ၈၀ ရာခိုင်နှုန်းက ဆက်ရှိနေမယ်ဘက်က လောင်းကြပြီး ၂၀ ရာခိုင်နှုန်းပဲ ထွက်သွားမယ်ဘက်က လောင်းကြပါတယ်။ သုတေသနအဖွဲ့အစည်းတွေကလည်း အချိုးအစား နည်းနည်းစီ ကွဲပြားပေမဲ့ ဆက်ရှိနေမယ့် ရလဒ်ကိုပဲ ခန့်မှန်းထားကြတယ်။

“အယ်လီကော ဘယ်လိုထင်လဲ”

“ငါကတော့ ဆက်ရှိနေမယ်လို့ပဲ ထင်တယ်”

ကျွန်တော် ဘေးကို ကြည့်လိုက်တယ်။

“စီနီယာကော”

အစ်မဟျွန်းဂျူး က ခေါင်းညိတ်ပြတယ်။

“ငါလည်း အတူတူပဲ။ ထွက်သွားရင် ဖြစ်လာမယ့် ဆိုးကျိုးက အရမ်းကြီးလွန်းတယ်။ ဗြိတိန်နိုင်ငံသားတွေက ဒီလောက်အထိ မိုက်မဲတဲ့ ဆုံးဖြတ်ချက်မျိုး လုပ်မှာမဟုတ်ဘူး”

EU ရဲ့ စီးပွားရေး အတိုင်းအတာက အမေရိကန်ပြီးရင် ဒုတိယပါ။ EU အဖွဲ့ဝင်နိုင်ငံတွေက ဒီလောက်ကြီးမားတဲ့ ဈေးကွက်ကြီးကို ကုန်သွယ်မှု အတားအဆီး မရှိဘဲ အသုံးပြုခွင့် ရနေတာလေ။

လက်ရှိမှာ ဗြိတိန်ရဲ့ သွင်းကုန်ထုတ်ကုန် ထက်ဝက်ကျော်က EU နဲ့ လုပ်နေတာပါ။ တကယ်လို့သာ EU ကနေ ထွက်သွားမယ်ဆိုရင် အဲဒီ အကျိုးခံစားခွင့်တွေ အကုန် ဆုံးရှုံးသွားမှာဖြစ်သလို အခွန်တွေနဲ့ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ပြန်ပြီး ရင်ဆိုင်ရပါလိမ့်မယ်။

ဒါ့အပြင် လန်ဒန်က ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက်ရဲ့ ဗဟိုချက်ဖြစ်ပြီး အမေရိကန်နဲ့ ဥရောပကြားက ပေါင်းကူးတံတားလို ဖြစ်နေတာပါ။

ဒါပေမဲ့ EU ကနေ ထွက်သွားပြီးနောက်မှာ လန်ဒန်က ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက်ရဲ့ ဗဟိုချက်နေရာကို ဆက်ပြီး ထိန်းထားနိုင်ပါ့မလား။

လန်ဒန်မှာ အခြေစိုက်ထားတဲ့ ကမ္ဘာ့ဘဏ္ဍာရေး ကုမ္ပဏီကြီးတွေကတော့ ဗြိတိန်သာ EU ကနေ ထွက်သွားမယ်ဆိုရင် သူတို့ရဲ့ ရုံးချုပ်တွေကို ပြင်သစ် ဒါမှမဟုတ် ဂျာမနီကို ပြောင်းမယ်လို့ ပြောထားကြတယ်။ Golden Gate ကလည်း အခြေအနေကို စောင့်ကြည့်ပြီး လက်ရှိ ဗြိတိန်ရုံးခွဲက ကိုင်တွယ်နေတဲ့ ဘဏ္ဍာရေး လုပ်ငန်းတွေကို ဂျာမနီရုံးခွဲဆီ လွှဲဖို့ စဉ်းစားနေပါတယ်။

တစ်ဖက်မှာလည်း EU က ထွက်သွားလိုက်လို့ ဒုက္ခသည်တွေ ဝင်လာတာကို တားဆီးနိုင်မယ်လို့ အာမခံချက် မရှိပါဘူး။ အရှေ့ဥရောပနဲ့ တောင်ဥရောပက လာတဲ့ ဒုက္ခသည် အများစုက အလုပ်ကြမ်းတွေမှာ လုပ်နေကြတာဆိုတော့ သူတို့အားလုံးကို နှင်ထုတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ဥရောပတစ်ခုလုံးက ဒုက္ခသည်ကိစ္စနဲ့ ဗျာများနေတဲ့အချိန်မှာ ဗြိတိန်တစ်နိုင်ငံထဲက ဒုက္ခသည်တွေကို လက်ခံရမယ့် တာဝန်ကို တခြားနိုင်ငံတွေဆီ လွှဲချဖို့ဆိုတာလည်း မဖြစ်နိုင်တဲ့ ကိစ္စပါ။

ဒါ့အပြင် တခြား EU နိုင်ငံတွေမှာ နေထိုင်နေကြတဲ့ ဗြိတိန်နိုင်ငံသား တစ်သန်းကျော်ရဲ့ ကံကြမ္မာကလည်း ပြဿနာအကြီးကြီး ဖြစ်လာနိုင်ပါတယ်။

အတိုချုပ်ပြောရရင် EU ကနေ ထွက်လို့ ရမယ့် အကျိုးအမြတ်က မသေချာပေမဲ့ ဆုံးရှုံးမှုကတော့ သေချာနေတာပါ။

ဒါကြောင့် ယုတ္တိဗေဒအရဆိုရင် ဗြိတိန်က EU မှာပဲ ဆက်ရှိနေပါလိမ့်မယ်။ ဒါပေမဲ့ လူတွေက အမြဲတမ်းတော့ ဆင်ခြင်တုံတရားနဲ့ လုပ်ဆောင်ကြတာ မဟုတ်ဘူးလေ။

စီနီယာဆန်းယော့ က မေးတယ်။

“အခု Brexit က ဘဏ္ဍာရေး နယ်ပယ်မှာ အရမ်း နာမည်ကြီးနေတာ မှန်ပေမဲ့ ငါတို့ အလုပ်နဲ့တော့ တိုက်ရိုက် မသက်ဆိုင်ဘူးလေ။ ဘာလို့ အဲဒါကို ဒီလောက်အထိ စိတ်ဝင်စားနေရတာလဲ”

အစ်မဟျွန်းဂျူး က ကျွန်တော့်ကို စူးစူးစိုက်စိုက် ကြည့်လာတယ်။

“နင် တကယ်ပဲ ဘာလုပ်ဖို့ ကြံနေတာလဲ”

အခုဆိုရင်တော့ ပြောပြလို့ ရပြီ ထင်ပါတယ်။

ကျွန်တော် စဉ်းစားထားတဲ့ အစီအစဉ်ကို ပြောလိုက်တယ်။

“OTK Company နဲ့ K Company က ပိုင်ဆိုင်ထားတဲ့ startup ရှယ်ယာတွေကို အပေါင်ထားပြီး ချေးငွေထုတ်ဖို့ စဉ်းစားထားတယ်”

အယ်လီ့ရဲ့ မျက်လုံးတွေက ပြူးသွားတယ်။

“ချေးငွေလား။ ဘာလို့ယူချင်ရတာလဲ...”

ကျွန်တော်က ရယ်ပြီး ပြောလိုက်တယ်။

“Brexit မှာ ပုံအောမလို့လေ”

အခန်း (၆၀)

သိပြီးသားဖြစ်တဲ့ တက်ဂယူ ကလွဲရင် ကျန်တဲ့သူတွေအားလုံး အံ့သြသွားကြတယ်။

အယ်လီ က မျက်တောင်တခတ်ခတ်နဲ့ မေးတယ်။

“ပုံအောမယ် ဟုတ်လား၊ ဘယ်ဘက်ကိုလဲ”

“ငါ ပြောပြီးပြီလေ။ Brexit ဖြစ်မယ့်ဘက်က ပုံအောမှာ”

“ဪ... အဲဒါဆို... အာ”

အစ်မဟျွန်းဂျူး ရဲ့ မျက်နှာမှာ အံ့သြတုန်လှုပ်မှုတွေ ပေါ်လာတယ်။

“ဗြိတိန်က EU ထဲကနေ ထွက်သွားမယ့်ဘက်က နင် လောင်းမလို့လား”

“ဟုတ်တယ်”

စီနီယာဆန်းယော့ က အော်လိုက်တယ်။

“နေဦး၊ ခဏလေး။ အဲဒါ ဘာကို ဆိုလိုတာလဲ။ အခု အခြေအနေအရ ဆက်ရှိနေမယ်ဆိုတာက အတည်ဖြစ်သလောက် ရှိနေပြီ မဟုတ်လား”

“အတည်ဖြစ်နေပြီ ဟုတ်လား။ သူတို့မှ မဲမပေးရသေးတာပဲ”

သဘာဝကျကျပဲ လူတိုင်းက ဗြိတိန်ကို EU ထဲမှာ ဆက်ရှိနေမယ်လို့ပဲ မျှော်လင့်ထားကြတာပါ။ ဒီလို အခြေအနေမျိုးမှာ တခြားသူတွေကို ယုံကြည်လာအောင်တင် မဟုတ်ဘဲ ကျွန်တော့်ကိုယ်ကျွန်တော် အရင်ဆုံး ယုံကြည်အောင် ထွက်သွားမယ့်ဘက်က အထောက်အထားတွေ လိုအပ်ပါတယ်။

“ဗြိတိန်က EU ကနေ ထွက်သွားလိမ့်မယ်”

အယ်လီ က နားမလည်နိုင်သလို ဖြစ်နေတယ်။

“ဒါပေမဲ့ ပညာရှင်တွေက တခြားစီ ပြောနေကြတာလေ”

“ဒီလောကမှာ ဘဏ္ဍာရေး ပညာရှင်တွေလောက် ယုံကြည်လို့မရတဲ့လူ မရှိဘူး”

သူတို့ပြောသမျှသာ တကယ်ဖြစ်လာရင် တစ်နိုင်ငံလုံး ချမ်းသာနေကြမှာပေါ့။

“လူထုသဘောထား စစ်တမ်းတွေမှာလည်း ဆက်ရှိနေမယ့်ဘက်က အသာစီးရနေတာပဲ”

“EU ကနေ ထွက်ချင်တဲ့သူတွေက ကွန်ဆာဗေးတစ် (ရှေးရိုးစွဲ)တွေလေ။ သူတို့က သူတို့ကိုယ်သူတို့ အဲဒီလိုလူမျိုးပါလို့ ထုတ်ပြောဖို့ ဝန်လေးတတ်ကြတယ်။ ‘Shy Tory’ အကြောင်း မကြားဖူးဘူးလား”

‘Shy Tory’ ဆိုတာ ဗြိတိန်မှာ ကိုယ့်ရဲ့ ရှေးရိုးစွဲ နိုင်ငံရေးအမြင်ကို လူမသိအောင် ဖုံးကွယ်ထားတဲ့ မဲဆန္ဒရှင်တွေကို ခေါ်တာပါ။

EU မှာ ဆက်ရှိနေမယ်လို့ ပြောတာက တခြားလူမျိုးတွေကို လက်ခံတယ်။ ဥရောပ စည်းလုံးညီညွတ်မှုကို ထောက်ခံတယ်ဆိုတဲ့ အကောင်းမြင်တဲ့ ခံစားချက်ကို ပေးပါတယ်။ ဒါပေမဲ့ ထွက်သွားမယ်လို့ ပြောလိုက်ရင်တော့ ဒုက္ခသည်တွေနဲ့ လူဝင်မှုကြီးကြပ်ရေးကို ဆန့်ကျင်တဲ့ လူမျိုးရေးခွဲခြားသူ၊ ဥရောပ စည်းလုံးမှုကို ဖျက်ဆီးသူဆိုတဲ့ အဆိုးမြင်တဲ့ ခံစားချက်ကို ပေးတာပေါ့။

ဒါကြောင့်ပဲ တခြားသူတွေက မေးလာရင် သူတို့ရဲ့ စိတ်ရင်းကို ထုတ်မပြောဘဲ အမှန်တရားနဲ့ လွဲမှားတာတွေကို ပြောတတ်ကြသလို တိုက်ရိုက်အဖြေပေးဖို့ကိုလည်း ရှောင်တတ်ကြပါတယ်။

“စီးပွားရေးအရ ကြည့်ရင်တော့ ဆက်ရှိနေတာက ပိုပြီး တွက်ခြေကိုက်လိမ့်မယ်။ ဒါပေမဲ့ ဒါက နိုင်ငံရေး ပြဿနာပဲ”

တကယ်တမ်းတော့ EU ရဲ့ သဘောတူညီချက်ကို လူထုဆန္ဒခံယူပွဲ လုပ်ဖို့ ဆုံးဖြတ်လိုက်တာကကို နိုင်ငံရေး ကစားကွက်တစ်ခုပါ။

ထွက်သွားဖို့ ထောက်ခံတဲ့ နိုင်ငံရေးသမားတွေက Brexit ကြောင့် ဖြစ်လာမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေကို နှုတ်ပိတ်ထားကြတယ်။ သူတို့က ဗြိတိန်သာ EU ကနေ ထွက်သွားရင် ခေတ်သစ်တစ်ခုကို ရောက်သွားမယ်လို့ပဲ ကြွေးကြော်နေကြတာလေ။

သူတို့ရဲ့ အဓိက အချက်ကတော့ ဒုက္ခသည်တွေ ဝင်လာတာကို တားဆီးမယ်။ EU ရဲ့ မလိုအပ်တဲ့ စည်းမျဉ်းတွေကနေ ရုန်းထွက်ပြီး ဗြိတိန်ရဲ့ အချုပ်အခြာအာဏာကို ပြန်ယူမယ်။ ပြီးတော့ EU ကို ပေးနေရတဲ့ ပိုက်ဆံတွေကို ကိုယ့်နိုင်ငံသားတွေအတွက်ပဲ သုံးမယ် ဆိုတာတွေပါပဲ။

သူတို့ပြောတာတွေကိုပဲ နားထောင်ရင်တော့ ရှေ့မှာ အရမ်းလှပတဲ့ အနာဂတ်ကြီး ရှိနေသလိုမျိုးပါပဲ။

ဘဏ္ဍာရေး ပညာရှင်တွေနဲ့ နိုင်ငံရေးသမားတွေရဲ့ စကားကို အလွယ်တကူ မယုံသင့်ပါဘူး။

“အားလုံးထက် ပိုပြီး မဲဆန္ဒရှင်တွေ မကျေမနပ် ဖြစ်နေတာက လူဝင်မှုကြီးကြပ်ရေးနဲ့ ဒုက္ခသည် ကိစ္စပဲ”

အယ်လီ က ခေါင်းညိတ်တယ်။

“အဲဒါတော့ ဟုတ်တယ်။ ငါ လန်ဒန်ကို သွားတုန်းက မြို့ရဲ့ ပုံစံက အကုန်ပြောင်းလဲနေပြီ။ သန့်ရှင်းရေးသမားတွေနဲ့ အလုပ်သမား အတော်များများက အင်္ဂလိပ်စကားကို ကောင်းကောင်း မပြောနိုင်ကြဘူး၊ အရှေ့ဥရောပက လာတဲ့ ဒုက္ခသည်တွေ ဖြစ်နေတာလေ။ အဲဒါက လူတွေကို စိတ်မသက်မသာ ဖြစ်စေတယ်”

ကျွန်တော်တို့ နိုင်ငံမှာလည်း အတူတူပါပဲ။ စားသောက်ဆိုင်တွေမှာ တရုတ်-ကိုရီးယားကပြား အဒေါ်ကြီးတွေ အလုပ်လုပ်နေတာက အခုဆို ရိုးနေပါပြီ။ ဒယ်ရင်ဒေါင်း လို နေရာမျိုးဆိုရင် ကိုရီးယားလူမျိုးတွေကြား ရောက်နေတာလား၊ တရုတ်လူမျိုးတွေကြား ရောက်နေတာလားတောင် ခွဲရခက်ပါတယ်။ အန်ဆန် လို စက်မှုဇုန်တွေဆိုရင်လည်း ဘင်္ဂလားဒေ့ရှ် ဒါမှမဟုတ် ဥဇဘက်ကစ္စတန်က အလုပ်သမားတွေနဲ့ ပြည့်နှက်နေတာပဲ။

တချို့က သူတို့ကို ကျွန်တော်တို့ လူ့အဖွဲ့အစည်းထဲကို ပေါင်းစည်းဖို့ ပြောကြပေမဲ့ တချို့ကတော့ နိုင်ငံခြားသားတွေက အလုပ်အကိုင်တွေကို လုယူတယ်။ ပြစ်မှုတွေ ကျူးလွန်တယ်လို့ မြင်ပြီး သူတို့အပေါ် မကျေနပ်ချက်တွေ ရှိနေကြပါတယ်။

“ပြီးတော့ ဗြိတိန်လူမျိုးတွေရဲ့ ဂုဏ်သိက္ခာကလည်း တော်တော်လေး အထိနာထားတယ်”

တစ်ချိန်တုန်းက ဗြိတိန်ဆိုတာ နေမဝင်တဲ့ အင်ပါယာကြီးပေါ့။ အဲဒီ ရွှေရောင်နေ့ရက်တွေ ကုန်ဆုံးသွားပြီ ဆိုပေမဲ့ ဗြိတိန် အင်ပါယာခေတ်က ခံစားခဲ့ရတဲ့ ဂုဏ်ယူမှုတွေက ဗြိတိန်လူမျိုးတွေရဲ့ စိတ်ထဲမှာ ရှိနေတုန်းပါပဲ။

ဒါပေမဲ့ အခု EU ထဲမှာ သြဇာအရှိဆုံး နိုင်ငံက ဂျာမနီ ဖြစ်နေတာပါ။

ဗြိတိန်က EU ထဲကို ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ဝင်မလာအောင် တားဆီးပေးဖို့ တောင်းဆိုတဲ့အခါ ဂျာမနီ ဝန်ကြီးချုပ်က အဲဒါကို ငြင်းပယ်ခဲ့တယ်။

EU အဖွဲ့ဝင်နိုင်ငံတွေကြားမှာ လွတ်လပ်စွာ သွားလာခွင့်ကို အာမခံရမယ်။ တကယ်လို့ ဒါကို လက်မခံနိုင်ရင် ဗြိတိန်က EU ကနေ ထွက်သွားရမယ်လို့ ပြောခဲ့တာပါ။

တခြားကိစ္စတွေမှာ အလျှော့ပေးတာတွေ ရှိခဲ့ပေမဲ့ ဗြိတိန်ရဲ့ ဂုဏ်သိက္ခာကတော့ အထိနာသွားခဲ့ပြီ။ အခု ဒုက္ခသည်တွေကို ခွဲတမ်းနဲ့ လက်ခံမယ့် ကိစ္စကိုလည်း ဗြိတိန်ရဲ့ ဆန္ဒကို လျစ်လျူရှုပြီး ဂျာမနီကပဲ ဦးဆောင်နေတာလေ။

ဒါက ဂျာမနီရဲ့ အုပ်ချုပ်မှုအောက် ရောက်နေတာနဲ့ ဘာထူးလဲဆိုတဲ့ မကျေနပ်မှုတွေ၊ ဗြိတိန်ဟာ ကိုယ့်နယ်စပ်ကိုတောင် ကိုယ်တိုင် မထိန်းချုပ်နိုင်တဲ့ နိုင်ငံ ဖြစ်သွားပြီလားဆိုတဲ့ သက်ပြင်းချသံတွေက တစ်နေ့မှာ ပေါက်ကွဲထွက်လာနိုင်ပါတယ်။

သူတို့အတွက်တော့ နိုင်ငံရေးသမားတွေရဲ့ “EU ကနေ ထွက်ပြီး အမျိုးသားနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ပြန်ယူကြစို့” ဆိုတဲ့ ကြွေးကြော်သံက ဆွဲဆောင်မှု ရှိနေမှာ အသေအချာပါပဲ။

ဒါတွေကို ထည့်သွင်းစဉ်းစားမယ်ဆိုရင်တော့ ထွက်သွားဖို့ ထောက်ခံတဲ့သူတွေ အနိုင်ရသွားဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စ မဟုတ်ပါဘူး။

အစ်မဟျွန်းဂျူး က ငြိမ်ပြီး နားထောင်နေရင်း ရုတ်တရက် ပြောလာတယ်။

“ပြောတာလည်း ဟုတ်တာပဲ။ အခုတလော ဥရောပတစ်ခုလုံးမှာ လက်ယာစွန်းဝါဒီတွေက အားကောင်းနေတာလေ။ ဒါပေမဲ့လည်း အခြေအနေကတော့ ဆက်ရှိနေမယ့်ဘက်ကို ပိုပြီး နီးစပ်နေတုန်းပဲ”

“အဲဒါက ကျွန်တော်တို့အတွက် ကောင်းတာပေါ့။ မဟုတ်ဘူးလား”

မြင်းပြိုင်ပွဲနဲ့ ဥပမာပေးရရင် လူတိုင်း နိုင်မယ်လို့ ခန့်မှန်းထားတဲ့ မြင်းက အနိုင်ရရင် အလျော်အစားက မများပါဘူး။ ဒါပေမဲ့ ဘယ်သူမှ မမျှော်လင့်ထားတဲ့ မြင်းက အနိုင်ရသွားရင်တော့ လောင်းကြေးရဲ့ အဆပေါင်း ရာနဲ့ချီပြီး ရနိုင်ပါတယ်။ အခု အခြေအနေကလည်း အဲဒီအတိုင်းပါပဲ။

လူတိုင်းက ဆက်ရှိနေမယ်လို့ ပြောနေကြတဲ့အချိန်မှာ ကျွန်တော်တစ်ယောက်ထဲကပဲ ကမ္ဘာ့အလယ်မှာ “Brexit” လို့ အော်နေတာပါ။ လောလောဆယ်တော့ ကျွန်တော့်ကို အရူးလို့ ထင်ကြမှာပေါ့။ ဒါပေမဲ့ ရလဒ် ထွက်လာတဲ့အခါမှာတော့ စကားတွေ ပြောင်းကုန်ကြပါလိမ့်မယ်။

ကျွန်တော် အိမ်မှာ ပြင်ဆင်လာတဲ့ အချက်အလက်တွေကို ဝေပေးလိုက်တယ်။

“အဓိက မဟာဗျူဟာကိုတော့ ကျွန်တော် ရေးထားပေးတယ်။ အသေးစိတ် လုပ်ဆောင်ရမယ့် နည်းဗျူဟာတွေကိုတော့ တစ်ယောက်ချင်းစီ ပြင်ဆင်ပေးကြပါ”

အစ်မဟျွန်းဂျူး နဲ့ စီနီယာဆန်းယော့ တို့က အဲဒါကို ဖတ်ပြီးနောက်မှာ အံ့သြမှုကို မဖုံးကွယ်နိုင်ကြတော့ဘူး။

စီနီယာဆန်းယော့ က ဇဝေဇဝါနဲ့ ပြောတယ်။

“နေဦး။ ဒါ တကယ်လား။ မင်း တကယ်ပဲ ဒီလိုလုပ်ဖို့ ကြံနေတာလား”

“ဟုတ်တယ်”

အစ်မဟျွန်းဂျူး က ခေါင်းခါပြတယ်။

“ဒါက အရမ်းကို စွန့်စားရာကျလွန်းတယ်”

“မဲက အောင်မြင်သွားလိမ့်မယ်။ ပြီးတော့ Brexit က ဖြစ်လာလိမ့်မယ်။ ဒါကြောင့် ကျွန်တော့်ကို ယုံပြီး လိုက်ခဲ့ပါ”

အကြောင်းပြချက်တွေ အများကြီးထဲမှာ အသေချာဆုံးကတော့ နိမိတ်အာရုံပါပဲ။ ဒါပေမဲ့ အဲဒါကတော့ ထုတ်ပြောလို့ မရတဲ့ လျှို့ဝှက်ချက်ပေါ့။

ကျွန်တော့်ရဲ့ မဟာဗျူဟာကို အချက်နှစ်ချက်နဲ့ အကျဉ်းချုပ်လို့ ရပါတယ်။

- ပထမက ချေးနိုင်သလောက် အများဆုံး ချေးမယ်။

- ဒုတိယက အဲဒီပိုက်ဆံကို အသုံးချပြီး အဆပေါင်းများစွာ ပွားယူမယ်။

တော်သေးတာက နိုင်ငံခြားငွေလဲလှယ်နှုန်း ဈေးကွက်မှာ FX Margin(နိုင်ငံခြားငွေလဲလှယ်မှုမျဉ်း)လို့ ခေါ်တဲ့ အံ့သြစရာကောင်းတဲ့ ကစားလို့ရတဲ့နေရာတစ်ခု ရှိနေတာပါပဲ။

ဒါကို အသုံးချမယ်ဆိုရင် ကိုယ့်မှာရှိတဲ့ အရင်းအနှီးထက် ဆယ်ဆမက ပိုပြီး ပုံအောလို့ ရပါတယ်။

အားလုံးရဲ့ မျက်နှာတွေက ဖြူဖျော့ကုန်ကြပါပြီ။

အယ်လီ ကတော့ နားမလည်နိုင်တဲ့ မျက်နှာနဲ့ ကြည့်နေပါတယ်။

“အကြောင်းရင်းက ဘာလဲဟင်။ ဂျင်ဟူ က အခုထိလည်း ပိုက်ဆံတွေ အများကြီး ရှာထားပြီးပြီပဲ။ အစကနေ ပြန်စရင်တောင် ဒီလောက်ထက် ပိုကောင်းအောင် လုပ်နိုင်မှာ မဟုတ်တော့ဘူး။ ဒါပေမဲ့ ဘာလို့ အခုလို အန္တရာယ်များတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးကို လုပ်ချင်နေရတာလဲ”

သူပြောတာ မှန်ပါတယ်။

ရက်အတော်ကြာအောင် ကျွန်တော်လည်း အဲဒီပြဿနာကို စဉ်းစားခဲ့ပါတယ်။

OTK Company ရဲ့ ခန့်မှန်းခြေ ပိုင်ဆိုင်မှုက ဒေါ်လာ သန်း ၁၀,၀၀၀လောက် ရှိပါတယ်။ လက်အောက်ခံ ကုမ္ပဏီဖြစ်တဲ့ K Company ပါ ပေါင်းလိုက်ရင် ဒေါ်လာ သန်း ၁၁,၀၀၀လောက် ရှိတာပေါ့။

ကိုရီးယားဝမ်နဲ့ ဆိုရင်တော့ သိန်းပေါင်း ၁၂ကုဋေ နီးပါးပါပဲ။

အဲဒီထဲက ၈၀ ရာခိုင်နှုန်းက ကျွန်တော့်ဝေစုဆိုတော့ ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှုက ဝမ် သိန်းပေါင်း ၉.၆ ကုဋေလောက် ရှိပါတယ်။

ဒီပမာဏဆိုရင် ကျွန်တော်က ကိုရီးယားမှာ ၁၀ ယောက်မြောက် အချမ်းသာဆုံးစာရင်းထဲ ဝင်သွားပါပြီ။ အချိန်ကြာလာတာနဲ့အမျှ ကုမ္ပဏီတွေက ဆက်ပြီး ကြီးထွားနေမှာဆိုတော့ ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှုတွေကလည်း ဆက်ပြီး တိုးနေမှာပါ။

ဒီလို အခြေအနေမျိုးမှာ အကျိုးအကြောင်းမရှိဘဲ အန္တရာယ်များတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးကို လုပ်ဖို့ လိုအပ်လို့လား။ ဒီအတိုင်း ငြိမ်ငြိမ်လေး ထိုင်နေရင်းနဲ့ ပိုင်ဆိုင်မှုတွေ တိုးလာအောင် စောင့်နေလို့ မရဘူးလား။

ဒါပေမဲ့လည်း...

ကမ္ဘာ့ဘဏ္ဍာရေး ဈေးကွက်ကြီးတစ်ခုလုံးကို ဝါးမြိုပစ်နိုင်မယ့် အခွင့်အရေးက ကျွန်တော့်မျက်စိရှေ့မှာတင် ရှိနေတာလေ။

ကျွန်တော် တက်ဂယူ ကို ပြောခဲ့သလိုပါပဲ။ ဒါက တစ်သက်မှာ တစ်ခါပဲ ကြုံရမယ့် အခွင့်အရေးကြီးပါ။ ဒီလို အခွင့်အရေးမျိုး နောက်ထပ် နှစ်အနည်းငယ်အတွင်းမှာ ထပ်ပေါ်လာဦးမလားဆိုတာ ခန့်မှန်းလို့မရသလို ပေါ်လာရင်တောင် ကျွန်တော် ကြိုမြင်နိုင်မယ်လို့ အာမခံချက် မရှိပါဘူး။

ဒါကြောင့် ဒီအခွင့်အရေးကို ဘယ်လိုနည်းနဲ့မဆို လက်မလွှတ်နိုင်ပါဘူး။

ကျွန်တော် အားလုံးကို ဝေ့ကြည့်ပြီး ပြောလိုက်တယ်။

“ပိုက်ဆံရှာဖို့ အခွင့်အရေး ရှိနေရင် ငါတို့က ရှာရမှာပေါ့။ တခြား ဘာအကြောင်းပြချက် လိုသေးလို့လဲ”

အရင် L6 အဖြစ်အပျက်တုန်းကလိုဆိုရင်တော့ derivative ရင်းနှီးမြှုပ်နှံမှုမျိုးကို ငါ ရှောင်မိမှာပါ။ ဒါပေမဲ့ အခုကတော့ မဲပေးမယ့်နေ့အထိ အချိန်က အတိအကျ သတ်မှတ်ထားပြီးသားလေ။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေရင်တော့ ပြင်ဆင်ပြီး ခုန်ဝင်ရမှာပါပဲ။ ရင်းနှီးမြှုပ်နှံမှုတစ်ခုကို ဘေးကနေ ထိုင်ကြည့်နေရတာက ကျွန်တော့်ရဲ့ ပင်ကိုယ်စရိုက်နဲ့ မကိုက်ညီဘူး။

စီနီယာဆန်းယော့ က ညည်းတွားသလိုမျိုး ပြောလာတယ်။

“ငါတို့သာ ရှုံးသွားရင်တော့ အကုန်လုံးက မီးခိုးပြာလွင့်သလို ဖြစ်သွားလိမ့်မယ်။ OTK Company ရော၊ K Company ရော အကုန် ပြာဖြစ်သွားမှာ”

ကျွန်တော် စီနီယာဆန်းယော့ ကို ကြည့်ပြီး မေးလိုက်တယ်။

“လွန်ခဲ့တဲ့ နှစ်နှစ်က ဆောင်းရာသီကို မှတ်မိသေးလား”

“အင်း။ မှတ်မိတာပေါ့”

“အဲဒီတုန်းက စီနီယာရော ကျွန်တော်ရောက ပိုက်ဆံတစ်ပြားမှ မရှိတဲ့သူတွေလေ။ ဒါပေမဲ့ နှစ်နှစ်တောင် မပြည့်သေးတဲ့ အချိန်အတွင်းမှာ ကျွန်တော်တို့က ဒီနေရာအထိ ရောက်လာခဲ့ပြီ။ ဘာကြောင့်လို့ ထင်လဲ”

L6 အဖြစ်အပျက်တုန်းကသာ ကျွန်တော်တို့က put optionsတွေကို မကစားခဲ့ရင် ဝမ် သန်းပေါင်း ၆သိန်းကို ဘယ်နှစ်နှစ်လောက် ရှာရမှာလဲ။

အဲဒီတုန်းကသာ အဲဒီလို မရှာနိုင်ခဲ့ရင် နောက်ပိုင်းမှာ startup တွေမှာ ရင်းနှီးမြှုပ်နှံဖို့ကို ဘယ်လိုမှ သတ္တိရှိမှာ မဟုတ်သလို ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေကလည်း ဒေါ်လာ သန်း ၁သောင်းအထိ ဖြစ်လာမှာ မဟုတ်ပါဘူး။

တစ်နှစ်အတွင်းမှာ ကမ္ဘာကြီးက အရမ်းကို လျင်လျင်မြန်မြန် ပြောင်းလဲသွားခဲ့ပြီ။ အခွင့်အရေးတွေက ထပ်ပြီး ပေါ်လာဦးမှာပါပဲ။ အဲဒါတွေကို ဆုပ်ကိုင်နိုင်ဖို့အတွက် ကျွန်တော်တို့မှာ ပိုက်ဆံတွေ ပိုပြီး လိုအပ်ပါတယ်။

“အကုန်ပါသွားရင်လည်း အစကနေ ပြန်စရုံပေါ့။ ဘာကို စိတ်ပူနေတာလဲ”

စီနီယာဆန်းယော့က တင်းကျပ်နေတဲ့ နက်ကတိုင်လည်စီးကို လျှော့လိုက်တယ်။ ပြီးတော့ ရှေ့က သောက်စရာကို တစ်ကျိုက်တည်းနဲ့ မော့ချလိုက်တယ်။

“မင်းပြောတာ မှန်တယ်။ Brexit ဖြစ်မယ်လို့ သေချာနေတဲ့ အကြောင်းပြချက်ကောင်းတွေ ရှိနေမှာပဲ။ သေချာနေရင်တော့ လုပ်ရမှာပေါ့။ ငါကတော့ ပိုက်ဆံတွေ အများကြီး ရှာထားမိတော့ နည်းနည်းတော့ သွေးအေးသွားပုံရတယ်”

စီနီယာဆန်းယော့ ရဲ့ မျက်လုံးတွေက လွန်ခဲ့တဲ့ နှစ်နှစ်က ကျွန်တော့်ကို အလုပ်ခန့်ဖို့ လာရှာတုန်းကလိုပဲ ပြန်ပြီး တောက်ပလာတယ်။

အစ်မဟျွန်းဂျူး က သက်ပြင်းချပြီး ပြောတယ်။

“ဆုံးဖြတ်ချက်ကတော့ ချပြီးသားပဲ မဟုတ်လား”

“ဟုတ်တယ်”

“အဲဒါဆိုရင်တော့ ငါလည်း စီအီးအို ရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်ရမှာပေါ့”

တက်ဂယူ က လက်ထောင်ပြတယ်။

“ငါကတော့ အပြည့်အဝ ထောက်ခံတယ်”

အယ်လီ က ပခုံးတွန့်ပြတယ်။

“ငါကတော့ ကူညီပေးနိုင်တာ သိပ်မရှိပေမဲ့ ဘာပဲဖြစ်ဖြစ် ဝန်းရံပေးပါ့မယ်”

“ကျေးဇူးတင်ပါတယ်”

OTK Company ရဲ့ စီအီးအို တစ်ယောက်အနေနဲ့ ကျွန်တော် ပြောလိုက်တယ်။

“အခုကစပြီး ငါတို့တွေ ပိုက်ဆံတွေ ရှာကြစို့”

လန်ဒန် နိုင်ငံခြားငွေလဲလှယ်ရေး လုပ်ငန်းစုရဲ့ အကြီးအကဲ ဂျော့ရှ် ဟာရင်တန်က ဈေးကွက်ကို စောင့်ကြည့်နေရင်းနဲ့ ထူးဆန်းတဲ့ အလားအလာတစ်ခုကို သတိထားမိလိုက်တယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ဗြိတိန်ပေါင်ငွေတွေကို အဆက်မပြတ် ရောင်းချနေတာကို တွေ့လိုက်ရတာပါ။

“ဒီ အော်ဒါတွေက ဘယ်ကနေ ရောက်လာတာလဲ”

သူက သိချင်စိတ်နဲ့ သူ့ရဲ့ ထိပ်တန်း အရောင်းကိုယ်စားလှယ် ဒေးဗစ် အီးနော့ ကို စုံစမ်းဖို့ ခိုင်းလိုက်တယ်။

“သွားကြည့်ပြီးတော့ ဘယ်သူလဲဆိုတာ ရှာစမ်း”

ဘဏ္ဍာရေး ကုမ္ပဏီတွေက မေးမြန်းရုံနဲ့ ဝယ်သူရဲ့ အချက်အလက်တွေကို ထုတ်မပြောပေမဲ့ ငွေစီးဆင်းမှုကို သေသေချာချာ စောင့်ကြည့်မယ်ဆိုရင်တော့ ဘယ်ကလာလဲဆိုတာကို သိနိုင်ပါတယ်။

ဒေးဗစ်က ဂျော့ရှ်ဆီကို ပြန်လာပြီး အစီရင်ခံတယ်။

“OTK Company ပါ”

“ဘာ”

ဒါက ရင်းနှီးပြီးသား နာမည်တစ်ခုပဲ။

OTK Company က ကိုရီးယားမှာ L6 ပေါက်ကွဲတဲ့ ဖြစ်ရပ်တုန်းက ဘဏ္ဍာရေး ဈေးကွက်ထဲကို ပထမဆုံး ပေါ်လာခဲ့တာပါ။ ဆောင်း အီလက်ထရောနစ် ရဲ့ ပရီမီယံဖုန်း L6 က ပေါက်ကွဲမှုတွေကြောင့် ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်ရခါနီးမှာပဲ ကုမ္ပဏီတစ်ခုက ဆောင်း အီလက်ထရောနစ် နဲ့ KOSPI ရဲ့ put option တွေကို အမြောက်အမြား စုဆောင်းခဲ့တယ်။

ကိုရီးယား စတော့ဈေးကွက် ပျက်စီးသွားတဲ့ Black Friday လို့ ခေါ်တဲ့ နေ့မှာတင် အဲဒီကုမ္ပဏီက ဒေါ်လာ သန်း ၅၀၀ ကျော် အမြတ်ရခဲ့တာပါ။

အဲဒီ အရင်းအနှီးကို အခြေခံပြီး လွန်ခဲ့တဲ့ တစ်နှစ်လောက်ကပဲ venture capital(startup နယ်ပယ်)ထဲကို ဝင်လာခဲ့တာဖြစ်ပြီး သူတို့ ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီတွေရဲ့ တန်ဖိုးကလည်း နေ့တိုင်း တိုးလာနေခဲ့တာပါ။

ဘဏ္ဍာရေး ဈေးကွက်မှာ သြဇာရှိတဲ့သူတွေထဲမှာ OTK Company ရဲ့ နာမည်ကို မသိတဲ့သူ မရှိသလောက်ပါပဲ။

ဒါပေမဲ့ မကြာသေးခင်ကပဲ OTK Company က သူတို့ ပိုင်ဆိုင်ထားတဲ့ ရှယ်ယာတွေကို အာမခံထားပြီး ဘဏ္ဍာရေး အဖွဲ့အစည်းတွေဆီကနေ ဒေါ်လာ သန်း ၁သောင်းကျော် ချေးယူခဲ့တာကြောင့် ဘဏ္ဍာရေး လောကမှာ ကောလာဟလတွေ ပြန့်နေခဲ့တယ်။

ဒီလောက်များပြားတဲ့ ချေးငွေတွေနဲ့ သူတို့ ဘာလုပ်ဖို့ ကြံနေတာလဲ။ နိုင်ငံခြားငွေလဲလှယ်နှုန်း ဈေးကွက်ထဲကို ပုံအောနေကြတာလား။

ငွေလဲလှယ်နှုန်းဆိုတာ နိုင်ငံတစ်ခုရဲ့ စီးပွားရေး အင်အားနဲ့ တိုက်ရိုက် ပတ်သက်နေတာပါ။ ဗြိတိန်က ကမ္ဘာ့စီးပွားရေးမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်နေသလို ပေါင်ငွေကလည်း ယူရို၊ ယန်း၊ ယွမ် တို့နဲ့အတူ ကမ္ဘာ့အရန်ငွေကြေးတစ်ခုအဖြစ် သတ်မှတ်ခံထား ရတာလေ။

ဒါကြောင့်လည်း နိုင်ငံခြားငွေ ကစားတဲ့သူတွေအတွက် ဒါက ပေါ့ပေါ့တန်တန် တွက်လို့ရတဲ့ ကိစ္စ မဟုတ်ပါဘူး။ ပေါင်ငွေတွေကို အပြတ်အသတ် ရောင်းထုတ်နေတယ်ဆိုတာ ပေါင်ငွေတန်ဖိုး ကျဆင်းသွားမယ်လို့ သူတို့က ခန့်မှန်းနေတာလား။

“ဒါကို ငါ ထပ်ပြီး စုံစမ်းရမယ်”

ရက်အနည်းငယ်အကြာမှာတော့ အမှန်တရားကို သိသွားတဲ့ ဂျော့ရှ် က တုန်လှုပ်သွားခဲ့တယ်။

OTK Company က ဒီအတိုင်း ငွေလဲတာမျိုး မဟုတ်ဘဲ FX margin trading ကို လုပ်နေတာပါ။ သူတို့က ကိုယ့်မှာရှိတဲ့ ဒေါ်လာ သန်း ၁သောင်းကို ၁၀ ဆ အာမခံချေးငွေအဖြစ် သုံးပြီး ဒေါ်လာ သန်း ၁သိန်းအဖြစ် ပြောင်းလဲကာ ပုံအောလိုက်တာပဲ ဖြစ်ပါတယ်။

ဒါက တကယ့်ကို ရူးသွပ်တဲ့ လုပ်ရပ်ပါ။

တကယ်လို့ ပေါင်ငွေတန်ဖိုးက မမျှော်လင့်ဘဲ ၁၀ ရာခိုင်နှုန်းလောက် တက်သွားမယ်ဆိုရင် သူတို့ ရင်းနှီးမြှုပ်နှံထားတဲ့ အရင်းအနှီးတွေ အကုန်လုံး ဆုံးရှုံးသွားမှာလေ။

ဂျော့ရှ် တစ်ယောက် နားမလည်နိုင်အောင် ဖြစ်နေခဲ့တယ်။

“ဒီ အိုတာကူတွေ ဘာတွေ တွေးနေကြတာလဲ”

အဲဒီလို အချိန်မျိုးမှာပဲ...

ဂျပန်နိုင်ငံ၊ တိုကျို နိုင်ငံခြားငွေလဲလှယ်ရေး ဈေးကွက်မှာတော့ ပြောင်းပြန် အခြေအနေတွေ ဖြစ်နေခဲ့တယ်။

ဈေးကွက်ကပဲ ငွေလဲလှယ်နှုန်းကို ဆုံးဖြတ်တာလို့ ပြောကြပေမဲ့ ဈေးကွက်ထဲမှာ ပါဝင်ပတ်သတ်နေတဲ့ အစိုးရ အဖွဲ့အစည်းတွေလည်း ရှိပါတယ်။ ငွေလဲလှယ်နှုန်းက အရမ်းတက်သွားရင် အစိုးရက ဒေါ်လာတွေကို ရောင်းပြီး ပြည်တွင်းငွေကို ပြန်ဝယ်တယ်။ အရမ်းကျသွားရင်တော့ ပြည်တွင်းငွေကို ရောင်းပြီး ဒေါ်လာတွေကို ဝယ်ယူကာ ဈေးကွက်ထဲကို ဝင်ရောက် စွက်ဖက်လေ့ ရှိပါတယ်။

ယန်းငွေရဲ့ တန်ဖိုးကို ထိန်းသိမ်းတာက လက်ရှိ အစိုးရရဲ့ အဓိက ပေါ်လစီတွေထဲက တစ်ခုပါ။

ယန်းငွေတန်ဖိုး ကျဆင်းသွားအောင် အစိုးရက ဒေါ်လာတွေကို အဆက်မပြတ် ဝယ်ယူနေပေမဲ့ ငွေလဲလှယ်နှုန်းကတော့ တကယ်တမ်းမှာ ကျဆင်းနေပြီး ယန်းငွေတန်ဖိုးတက်လာခဲ့ပါတယ်။

ဒါက အဖွဲ့တစ်ခုက ဒေါ်လာတွေကို ရောင်းပြီး ယန်းငွေတွေကိုပဲ ဆက်တိုက် ဝယ်နေလို့ပါပဲ။

“ဘယ်သူက ဝယ်နေတာလဲ”

“OTK Company ပါ”

OTK Company က လန်ဒန် ဈေးကွက်မှာ ပေါင်ငွေတွေကို ရောင်းချနေတဲ့အချိန်မှာ တိုကျို ဈေးကွက်မှာတော့ ယန်းငွေတွေကို ဝယ်ယူနေခဲ့တာပါ။

ဒီအခြေအနေရဲ့ ဆိုလိုရင်းကတော့ ရှင်းပါတယ်။

တိုကျို နိုင်ငံခြားငွေလဲလှယ်ရေး ဈေးကွက်ရဲ့ အကြီးအကဲ ယာမာဇာကီ ဟီတိုရှီ က တိုးလာနေတဲ့ ဝယ်လိုအားတွေကို ကြည့်ပြီး တိုးတိုးလေး ရေရွတ်လိုက်တယ်။

“ဒါဆိုရင်... သူတို့က Brexit မှာ ပုံအောနေကြတာလား”

All Chapters