← Chapters

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း (၅၁)

ကလင်

ဖုန်းမြည်သံကြောင့် ကျွန်တော် မျက်လုံးကို အနိုင်နိုင်ဖွင့်ပြီး ဖုန်းကို စမ်းကိုင်လိုက်တယ်။

အိပ်ချင်မူးတူးနဲ့ပဲ ဖုန်းဖြေလိုက်တာပေါ့။

"ဟယ်လို"

ဖုန်းထဲကနေ ထွက်လာတဲ့ အမျိုးသမီးအသံကြောင့် ကျွန်တော့် ကျောရိုးထဲအထိ စိမ့်သွားသလို ခံစားလိုက်ရတယ်။

"[စီနီယာကန်ဂျင်ဟူ]"

"······"

ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်တော့ ရှင်ယူရီ ဖြစ်နေတာပါ။

ကျွန်တော် မျက်လုံးကို ပွတ်ရင်း မေးလိုက်တယ်။

"ဪ… ယူရီ။ ဘာကိစ္စရှိလို့လဲ"

"[စီနီယာ။ ဒီစာသင်နှစ်မှာ ကျောင်းပြန်တက်မယ်လို့ ပြောခဲ့တယ်မလား]"

"အင်း"

ကျောင်းနားထားတာ ၃ နှစ်တောင် ရှိပြီဆိုတော့ ဒီနှစ်မှာတော့ တကယ်ကို ကျောင်းပြန်တက်ဖို့ စီစဉ်ထားတာပါ။

"ကျောင်းပြန်တက်ဖို့ လျှောက်လွှာ တင်ပြီးပြီလား"

"မကြာခင် လုပ်တော့မလို့ပဲ"

ယူရီ က အလောတကြီး ပြောလာတယ်။

"[ဒီနေ့ နောက်ဆုံးရက်လေ]"

"ဟမ်။ အချိန်တွေက ဘယ်လိုတောင် ကုန်သွားတာလဲ"

"[ကျောင်းကို အခုချက်ချင်း လာခဲ့ပါ။ ၄ နာရီခွဲကျရင် ကျောင်းသားခန်းမရှေ့မှာ တွေ့မယ်။ ဟုတ်ပြီလား]"

"အိုကေ။ ကောင်းပါပြီ"

ဖုန်းချသွားပါတယ်။

အချိန်ကို ကြည့်လိုက်တော့ ညနေ ၃ နာရီ ၂၀ ရှိနေပါပြီ။ ၄ နာရီခွဲ အမီသွားဖို့ဆိုရင် အချိန်က တော်တော်လေး ကပ်နေပြီလေ။

ကျွန်တော် မြန်မြန် ရေချိုး၊ အဝတ်အစားလဲပြီး ပြင်ဆင်လိုက်တယ်။ ကျွန်တော် ရေးကြီးသုတ်ပျာ လုပ်နေတာကို ကြည့်ပြီး တက်ဂယူ က မေးတယ်။

"ဘယ်သွားမလို့လဲ"

"ကျောင်းပြန်တက်ဖို့ လျှောက်လွှာသွားတင်မလို့"

ဒီကောင်က ကြောင်ကြည့်ပြီး မေးတယ်။

"မင်း ကျောင်းထွက်လိုက်ပြီ မဟုတ်ဘူးလား"

"······"

ငါ ကျောင်းမထွက်ရသေးပါဘူးဟ။

ကျောင်းသားခန်းမရှေ့ ရောက်တဲ့အခါ ဆံပင်ရွှေရောင်နဲ့ ကောင်မလေးတစ်ယောက်ကို တွေ့လိုက်ရတယ်။

အရပ်အမောင်းက အနေတော်၊ ကိုယ်လုံးကိုယ်ပေါက် သွယ်လျပြီး မျက်နှာလေးက သေးသေးလေးပါ။ ရွှေရောင်ဆံပင်တွေကို အထက်မှာ စုစည်းထားပြီး လည်ပင်းမှာတော့ အနက်ရောင် Chokerလေး ပတ်ထားပါတယ်။

မတွေ့တာ ကြာပြီဆိုပေမဲ့ သူက အရင်အတိုင်း လှနေတုန်းပါပဲ။

"မြန်မြန်လုပ်ပါ။ စီနီယာ"

"သိပါပြီဗျာ"

ယူရီ နဲ့အတူ ကျောင်းသားခန်းမထဲကို ဝင်ခဲ့ကြတယ်။ အမြန်သွားလိုက်လို့ပဲ လျှောက်လွှာကို ဘာပြဿနာမှမရှိဘဲ တင်နိုင်ခဲ့တာပါ။

ယူရီ က ကျွန်တော့်ကို ဆူတော့တာပါပဲ။

"ကျွန်မသာ ဖုန်းမဆက်ရင် စီနီယာ ဘယ်လိုလုပ်မလဲ။ စီနီယာက ကျွန်မ ဂရုစိုက်ပေးဖို့ လိုတယ်ဆိုတာ သိတယ်မလား"

လျှောက်လွှာတင်ရုံနဲ့တင် မပြီးသေးပါဘူး။ ကျောင်းလစာပေးရမယ့် အရေးကြီးတဲ့ အဆင့်က ကျန်ပါသေးတယ်။

ကျောင်းလစာ ဘေလ်ကို ကြည့်ပြီး ကျွန်တော် အံ့သြသွားတယ်။

"ဝမ် ၃ သိန်း ၄ သောင်း"

ကျွန်တော် ကြည့်တာ မှားနေသလားလို့တောင် ခဏလောက် သံသယဝင်သွားမိတယ်။

ငါ စစ်ထဲမသွားခင်တုန်းက ဝမ် ၂ သိန်းဝန်းကျင်ပဲ ရှိတာ မဟုတ်လား။ ဘယ်တုန်းက ဒီလောက်အထိ တက်သွားတာလဲ။

ကျောင်းလစာတွေ တက်တယ်လို့ ကြားဖူးပေမဲ့ ဒီလောက်အထိ ဖြစ်သွားလိမ့်မယ်လို့ မထင်ထားဘူး။ အစိုးရတက္ကသိုလ်တောင် ဒီလောက်ဆိုရင် ပုဂ္ဂလိကတက္ကသိုလ်တွေမှာ ဘယ်လောက်တောင် ဖြစ်နေပြီလဲ။

ဒီပမာဏက လူလတ်တန်းစား မိသားစုတွေအတွက်တော့ တစ်နှစ်ကို ဝမ် ၇ သန်းနီးပါးဆိုတော့ အတော်လေး ဝန်ထုပ်ဝန်ပိုး ဖြစ်စေမှာပါ။

ကျွန်တော်လည်း လွန်ခဲ့တဲ့ နှစ်နှစ်၊ စစ်ထဲက မထွက်ခင်အထိတော့ ကျောင်းလစာအတွက် စိုးရိမ်ခဲ့ရတာပါပဲ။ အခုတော့ ဒါက ပြဿနာ မဟုတ်တော့ပါဘူး။

"ယူရီ ရော ဒီနေ့ လျှောက်တာလား"

ကျွန်တော့်အမေးကို ယူရီ က ခေါင်းခါပြတယ်။

"ကျွန်မက အစကတည်းက တစ်နှစ်ပဲ နားထားတာဆိုတော့ သီးသန့် လျှောက်နေဖို့ မလိုဘူးလေ"

ဒါဆို ကျွန်တော့်ကြောင့်နဲ့ ကျောင်းကို လာခဲ့တာပေါ့။

ကျွန်တော် သူ့ကို ကျေးဇူးတင်စကား ပြောမလို့ လုပ်တုန်းမှာပဲ ဒီအတွေးက ဝင်လာတယ်။

"ဒါကို အွန်လိုင်းကနေ လုပ်လို့မရဘူးလား"

ဒီဘက်ခေတ်မှာ ကျောင်းပြန်တက်ဖို့ လျှောက်လွှာတင်ဖို့ ကျောင်းအထိ လာနေဖို့ လိုသေးလို့လား။ ကျောင်း Website ထဲဝင်၊ ID ရိုက်ထည့်ပြီး နှိပ်လိုက်ရုံပဲလေ။

ယူရီ က ကျွန်တော့်စကားကြောင့် အိုးတို့အမ်းတမ်း ဖြစ်သွားပုံရတယ်။

"ဟိုလေ။ အဲဒါက..."

ဒါပေမဲ့ သူက ချက်ချင်းပဲ ခပ်ဟဟ ရယ်ရင်း ပြောလာတယ်။

"အာ… တင်လို့ရတော့ကော ဘာဖြစ်လဲ။ ကျွန်မတို့တွေ ကျောင်းပြန်တက်ဖို့ အဆင်ပြေပြေ လုပ်နိုင်ခဲ့တာပဲ အဓိက မဟုတ်လား"

"အဲဒါလည်း ဟုတ်ပါတယ်လေ"

ဘာပဲဖြစ်ဖြစ် သူသာ ဒီနေ့ ဖုန်းမဆက်ရင် ကျွန်တော့်ရဲ့ ကျောင်းနားရက်က အတင်းအကျပ် သက်တမ်းတိုးခံရတော့မှာပါ။

"စီနီယာ ထမင်းမစားရသေးဘူးမလား။ တစ်ခုခု သွားစားကြရအောင်"

"ဒီနေ့တော့ ငါ ဝယ်ကျွေးပါမယ်"

ဗဟိုစာကြည့်တိုက် အဆောက်အဦးကို လက်ညှိုးထိုးပြရင်း ကျွန်တော် မေးလိုက်တယ်။

"ကျောင်းကန်တင်းမှာပဲ စားမှာမလား"

ယူရီ ကတော့ ခပ်တည်တည်ပဲ ပြန်ကြည့်တယ်။

"ဘာတွေ ပြောနေတာလဲ။ စားမယ်ဆိုရင်တော့ သေသေချာချာ စားရမှာပေါ့။ အမဲသားကင် စားကြမလား"

"ဟင်"

ကျောင်းနားထားတဲ့ ကျောင်းသားတစ်ယောက်မှာ ပိုက်ဆံ ဘယ်က ရှိမှာလဲဟ။

ကျွန်တော့်မျက်နှာကို ကြည့်ပြီး ယူရီ က နောက်ပြောင်ပြီး ရယ်တယ်။

"နောက်တာပါ။ ကျွန်မပဲ ဝယ်ကျွေးမှာမလို့ တကယ့် အရသာရှိတာ သွားစားကြမယ်လေ။ တက္ကစီ စီးကြမလား"

"ငါ ကားပါ လာပါတယ်"

ကျွန်တော် အလောတကြီးနဲ့ ကားမောင်းပြီး လာခဲ့တာလေ။

ကျွန်တော့် ကားသော့ကို ထုတ်ပြီး ခလုတ်နှိပ်လိုက်တယ်။

တီတီ

ရပ်ထားတဲ့ အပြာရောင် ပြိုင်ကားလေးရဲ့ မီးတွေ လင်းလာပါတယ်။

ယူရီ က အံ့သြပြီး မျက်လုံးလေး ပြူးသွားတယ်။

"ဒါ i8 မဟုတ်လား။ စီနီယာ ဒီကားကို ဝယ်လိုက်တာလား"

ကျွန်တော် ခေါင်းခါပြလိုက်တယ်။

"ဟင့်အင်း။ ဒါက ငါ့ကား မဟုတ်ပါဘူး။ အတူတူနေတဲ့ သူငယ်ချင်းရဲ့ ကားပါ"

ဒီကားတစ်စီးတည်းတင် ဝမ် သန်း ၂၀၀ နီးပါး တန်တာလေ။ သာမန် ကျောင်းသားတစ်ယောက် မောင်းနိုင်မယ့် ကားမျိုး မဟုတ်ပါဘူး။

"ဒါပေမဲ့ စီနီယာ မောင်းလို့ ရလို့လား။ သူငယ်ချင်း အရင်းတွေတောင် ကားဆိုရင် အလွယ်တကူ မငှားကြဘူးလို့ ကြားဖူးတယ်"

"ရပါတယ်။ သူက အိမ်ပြင် ထွက်လေ့ရှိတဲ့သူ မဟုတ်လို့ပါ"

ယူရီ ပြောတဲ့အတိုင်း ဒိုဆန်ပန်းခြံဘက်ကို ကားမောင်းခဲ့တယ်။ လမ်းမှာတင် ယူရီ က ဖုန်းနဲ့ ကြိုတင်စာရင်း ပေးထားလိုက်တယ်။

ကျွန်တော်တို့တွေ ဆူရှီဆိုင်တစ်ဆိုင်ကို ရောက်လာကြတယ်။

အပြင်က Menu board ကို ကြည့်လိုက်တော့ ညစာက တစ်ယောက်ကို ဝမ် ၁ သိန်း ၈ သောင်းတောင် ဖြစ်နေပါတယ်။

ဒီကောင်မလေးက တကယ့် အကောင်းစားတွေကိုပဲ စားတတ်တာပဲ။

ကျွန်တော်တို့တွေ စားပွဲမှာ ဘေးချင်းယှဉ်ထိုင်ပြီး အိုမာခါဆဲ မှာလိုက်ကြတယ်။

"ဘီယာ အရင် ပေးပါဦး"

"ငါ ကားမောင်းရဦးမယ်လေ"

"အငှားယာဉ်မောင်း ခေါ်လိုက်လို့ ရတာပဲ"

"အင်း။ အဲဒီလိုပဲ လုပ်ကြတာပေါ့"

ညစာစားချိန်နဲ့ နီးနေပြီဖြစ်လို့ ကျွန်တော်တို့ဝင်ပြီး မကြာခင်မှာပဲ ဆိုင်ထဲမှာ လူတွေ ပြည့်လာပါတယ်။ စားပွဲတင် မကဘဲ သီးသန့်ခန်းတွေပါ လူတွေ ပြည့်သွားတာပါ။

ကြိုတင်စာရင်း မပေးထားရင်တော့ လုံးဝ စားရမှာ မဟုတ်ပါဘူး။

ကျွန်တော်တို့တွေ ဘီယာခွက်ချင်း တိုက်လိုက်ကြတယ်။ အေးစက်နေတဲ့ ဘီယာက လည်ချောင်းထဲကို စီးဝင်သွားတာ အတော်လေး နေလို့ကောင်းပါတယ်။

"စာသင်နှစ်သစ် စတာနဲ့ ကျွန်မတို့တွေ ဒုတိယနှစ် အတူတူ ဖြစ်သွားပြီနော်"

ယူရီ က ပြီးခဲ့တဲ့နှစ်မှာ ကျောင်းနားပြီး အမေရိက ကို ဘာသာစကားသင်ဖို့ သွားခဲ့တာပါ။ နှစ်ယောက်လုံး ကိုရီးယားမှာ ရှိနေတဲ့အချိန် သိပ်မများတာကြောင့် တွေ့ဖို့ အခွင့်အရေး သိပ်မရခဲ့ကြဘူးလေ။

ဒါပေမဲ့ ယူရီ က မှတ်မှတ်ရရ ကိစ္စလေးတွေ ရှိရင် ကျွန်တော့်ဆီ ဖုန်းဆက်တတ်ပါတယ်။

အစတုန်းကတော့ သူ ကျွန်တော့်ကို စိတ်ဝင်စားနေတာလားလို့ ထင်ခဲ့ပေမဲ့ အဲဒီလိုတော့လည်း မဟုတ်ပြန်ဘူး။ အချစ်ရေးထက် လူချင်း ခင်မင်တဲ့ သဘောမျိုး ပိုသက်ရောက်နေသလိုပါပဲ။ ဒါပေမဲ့ လုံးဝ စိတ်မဝင်စားတာမျိုးလည်း မဟုတ်ပါဘူး။

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့တွေကတော့ ကောင်းမွန်တဲ့ စီနီယာ၊ ဂျူနီယာ ဆက်ဆံရေးကို ထိန်းသိမ်းထားကြတုန်းပါ။

"ဒီလောက် ဈေးကြီးတာကို ဝယ်ကျွေးလို့ အဆင်ပြေရဲ့လား"

"ရတာပေါ့။ စီနီယာ ကျေးဇူးကြောင့် ကျွန်မ ပိုက်ဆံတွေ အများကြီး ရထားတာပဲလေ"

"ဟမ်။ ဘာပိုက်ဆံလဲ"

ယူရီ က နောက်ပြောင်တဲ့ အပြုံးလေးနဲ့ ပြောလာတယ်။

"ဆောင်း အီလက်ထရောနစ် ရှယ်ယာတွေ အများကြီး တက်သွားတယ် မဟုတ်လား"

"ဪ"

L6 ကိစ္စဖြစ်ပြီးတော့ စမတ်ဖုန်းဈေးကွက်ကနေ နှုတ်ထွက်တော့မယ်ဆိုတဲ့ စကားတွေ ထွက်ခဲ့သေးတာပါ။

ဒါပေမဲ့ ဆောင်း အီလက်ထရောနစ် က ဖောက်သည်တွေရဲ့ ယုံကြည်မှုကို ပြန်ရဖို့ ဘေးကင်းလုံခြုံရေးပိုင်းကို မြှင့်တင်ခဲ့ပြီး တစ်နှစ်အကြာမှာတော့ စီစဉ်ထားတဲ့အတိုင်း L7 မော်ဒယ်သစ်ကို ထုတ်ခဲ့တယ်။

L7 က အကြီးအကျယ် လူကြိုက်များခဲ့ပြီး အရင်နှစ်က အိပ်မက်ဆိုးတွေကို မေ့ပျောက်စေခဲ့တာပါ။ ကုမ္ပဏီကလည်း ဆီမီးကွန်ဒတ်တာနဲ့ အိမ်သုံးပစ္စည်းကဏ္ဍတွေမှာ တိုးချဲ့ခဲ့ပြီး ရှယ်ယာဈေးက ဝမ် ၁.၉ သန်းကျော်အထိ တက်သွားခဲ့တယ်။ ဒါက အရင်က အမြင့်ဆုံးဈေးထက်တောင် ကျော်သွားတာပါ။

မကြာခင်မှာ ဝမ် ၂ သန်း ကျော်သွားလိမ့်မယ်လို့လည်း ငွေကြေးဈေးကွက်မှာ ဟောကိန်းထုတ်နေကြပါတယ်။

"ယူရီ မှာ ရှယ်ယာ ၂၀ ရှိတယ်လို့ ပြောခဲ့တယ် မဟုတ်လား"

ကျွန်တော့်အမေးကို ယူရီ က ပြုံးပြီး ခေါင်းခါပြတယ်။

"ဟင့်အင်း"

"အဲဒီအချိန်တုန်းက ရောင်းလိုက်တာလား"

"မဟုတ်ဘူး။ တကယ်တော့ နောက်ပိုင်းမှာ နောက်ထပ် ၃၀ ထပ်ဝယ်လိုက်တာ။ ဆိုတော့ အခု စုစုပေါင်း ၅၀ ရှိတယ်"

"······"

ဒါဆို ဝမ် သန်း ၁၀၀ နီးပါး ရှိနေတာပေါ့။

ကျွန်တော် နေနေတဲ့ အိမ်က ဝမ် သန်း ၂ထောင်ကျော် တန်တာနဲ့ ယှဉ်ရင် ဝမ် သန်း ၁၀၀ ရင်းနှီးမြှုပ်နှံတာက ဘာမှ မဟုတ်ဘူးလို့ ပြောလို့ရပါတယ်။

"နောက်ဆိုရင်လည်း ရင်းနှီးမြှုပ်နှံမှုတွေအတွက် စီနီယာ့ ဆီက အကြံဉာဏ်တွေ ယူရဦးမယ်"

ကျွန်တော် ခပ်ဟဟ ရယ်လိုက်တယ်။

"ငါက ကျွမ်းကျင်သူမှ မဟုတ်တာ"

"မဟုတ်ဘူး။ ကျွန်မအမြင်မှာတော့ စီနီယာက ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ရင် ထက်မြက်တဲ့ အမြင်ရှိတယ်လို့ ထင်တယ်။ ကျောင်းပြီးရင် အဲဒီနယ်ပယ်မှာ အလုပ်လုပ်ရင် အောင်မြင်မှာပါ"

"······"

သူက အဲဒါကို သတိထားမိတဲ့အထိ လူကဲခတ် တော်ပုံရတယ်။

စားဖိုမှူးက ဆူရှီတစ်တုံးချင်းစီကို လာချပေးရင်း "ဒါက အာခါမီ ပါ။ ဒါကတော့ အိုတိုရို ပါ" ဆိုပြီး သေသေချာချာ ရှင်းပြပေးတယ်။

ကျွန်တော်တို့တွေ ဘီယာ သောက်ရင်း ဆူရှီကို အရသာခံ စားကြတာပေါ့။

"အရသာရှိတယ်နော်။ ဟုတ်တယ်မလား"

"တကယ် အရသာရှိတယ်"

စားကြည့်ပြီးမှ လူတွေ ဘာလို့ ဒီလိုနေရာမျိုးကို ပိုက်ဆံအများကြီးပေးပြီး လာကြလဲဆိုတာ နားလည်သွားတယ်။

ဈေးပေါတာ၊ ဈေးကြီးတာဆိုတာက နှိုင်းယှဉ်ချက်တစ်ခုပါပဲ။ ကိုယ်ပေးလိုက်တဲ့ ပိုက်ဆံနဲ့ ထိုက်တန်တဲ့ အရသာနဲ့ ဝန်ဆောင်မှု ရတယ်ဆိုရင် ဝမ် ၂ သိန်းဆိုတာလည်း အဆင်ပြေတာပါပဲ။ တစ်ဖက်မှာတော့ ဝမ် ၅ ထောင် ပေးရပေမဲ့ စိတ်ပျက်စရာကောင်းတဲ့ အစားအစာဆိုရင်တော့ အဲဒါက နှမြောစရာ ဖြစ်သွားမှာလေ။

"စီနီယာ။ စီနီယာတွေအတွက် လုပ်တဲ့ OT ပွဲကို လာမှာလား"

"မလာတော့ပါဘူး"

ကျောင်းပြန်တက်တဲ့သူအနေနဲ့ အဲဒီလိုနေရာမျိုး သွားရတာက နည်းနည်းတော့ အနေရခက်တယ်လေ။ ကျောင်ဂီ သာဆိုရင်တော့ သေချာပေါက် တက်မှာပါ။

"ဒါဆိုရင် မောင်မယ်သစ်လွင် ကြိုဆိုပွဲကိုရော သွားမှာလား"

“အဲဒါလည်း သွားဖြစ်မယ် မထင်ဘူး”

"ဘာလို့လဲ"

“အဲဒီအချိန်လောက်မှာ ဟောင်ကောင်ကို ငါသွားဖို့ အစီအစဉ် ရှိလို့လေ”

"ဟောင်ကောင်လား။ ဘာကိစ္စရှိလို့လဲ"

"သူငယ်ချင်းနဲ့ အတူတူ သွားလည်မလို့ပါ။ သူငယ်ချင်းရဲ့ အစ်မက အဲဒီမှာ အလုပ်လုပ်နေတာ"

"ဪ။ စီနီယာ့သူငယ်ချင်းရဲ့အစ်မအကြောင်း ကြားဖူးတယ်"

စကားပြောရင်းနဲ့ ကျွန်တော့်ဘီယာခွက်က ကုန်သွားပါတယ်။ နောက်ထပ် ဘီယာ နှစ်ခွက် ထပ်မှာလိုက်တယ်။

"ကောင်းတာပေါ့။ ကျွန်မလည်း ဟောင်ကောင် သွားချင်လိုက်တာ"

"ယူရီ က အမေရိကမှာ အပျော်ကြီး ပျော်ခဲ့တာပဲ မဟုတ်လား"

အဲဒီစကား ကြားတော့ ယူရီ က စိတ်ကောက်သွားပုံရတယ်။

"ဘာတွေ ပြောနေတာလဲ။ ကျွန်မက စာပဲ အာရုံစိုက်ခဲ့တာပါနော်"

"ဟုတ်ပါပြီ။ ယုံပါတယ်ဗျာ"

"ဟွန့်"

ယူရီ က နှုတ်ခမ်းလေးစူပြီး မေးတယ်။

"ဒါနဲ့ စီနီယာ တစ်နှစ်လုံး ဘာတွေ လုပ်နေခဲ့တာလဲ"

ကျွန်တော် ဘီယာသောက်ရင်း ခပ်ဟဟ ရယ်လိုက်တယ်။

"ဪ။ ဟိုဟိုဒီဒီပေါ့"

ဟောင်ကောင် ဆပ်လက်ကောက် အပြည်ပြည်ဆိုင်ရာ လေဆိပ်။

တက်ဂယူ နဲ့အတူ လေယာဉ်ပေါ်က ကျွန်တော် ဆင်းခဲ့တယ်။ လူဝင်မှုကြီးကြပ်ရေး ဧရိယာမှာ အစ်မဟျွန်းဂျူး နဲ့ အယ်လီ တို့က ကျွန်တော်တို့ကို လာကြိုနေကြတာပါ။

အစ်မဟျွန်းဂျူး က စကပ်နဲ့ ရှပ်အင်္ကျီကို ဝတ်ထားပြီး အယ်လီကတော့ အနောက်တိုင်းဝတ်စုံနဲ့ပါ။ ဆံပင်တိုတိုလေးနဲ့ ဆိုတော့ သူ့ပုံစံက ပိုပြီး ထက်မြက်တဲ့ပုံ ပေါက်နေပါတယ်။

ကျွန်တော်တို့တွေ လာနေတာကို မြင်တော့ အယ်လီ က လက်ယမ်းပြတယ်။

"Welcome to Hong Kong"

အစ်မဟျွန်းဂျူး က ပြောတယ်။

"လာခဲ့ပေးလို့ ကျေးဇူးပါ"

"ရပါတယ်ဗျာ။ First Class က အတော်လေး သက်သောင့်သက်သာ ရှိပါတယ်"

တက်ဂယူ ကလည်း ခေါင်းညိတ်ပြီး ထောက်ခံတယ်။

အိမ်ကနေ လေဆိပ်ကို သွားရတာကမှ ပိုပြီး အလုပ်ရှုပ်သေးတယ်။

လေယာဉ်ပေါ်မှာ အိပ်လို့ရတယ်ဆိုတာ ကျွန်တော် အခုမှ သိလိုက်ရတာပါ။ အထဲမှာ ညအိပ်ဝတ်စုံတွေတောင် ပေးသေးတာလေ။

ဒါက အမေရိက ဒါမှမဟုတ် ဥရောပကို သွားတဲ့ ခရီးဝေးလည်း မဟုတ်ဘူး။ နာရီအနည်းငယ်ပဲ ကြာတဲ့ ဟောင်ကောင် ကို လာဖို့အတွက် First Class ကို သုံးတာကတော့ အပိုဖြုန်းတီးရာ ရောက်တာပေါ့။

Business Class ဆိုရင်တောင် လုံလောက်နေပါပြီ။

အယ်လီ က ရှေ့တိုးလာပြီး ကျွန်တော့်ကို လက်ကမ်းနှုတ်ဆက်တယ်။

"မတွေ့တာ ကြာပြီနော်… ကန်ဂျင်ဟူ။ ဘယ်လိုလဲ။ အဆင်ပြေရဲ့လား"

ကျွန်တော် သူ့လက်ကို ဆွဲနှုတ်ဆက်လိုက်တယ်။

"အဆင်ပြေပါတယ်။ အယ်လီ ကော"

ကျွန်တော်တို့တွေ မတွေ့ဖြစ်တာ ၃ လနီးပါး ရှိသွားပါပြီ။ သြစတြေးလျ က အပြန် ဟောင်ကောင် မှာ တစ်ရက် ဝင်နားတုန်းက အားလုံး အတူတူ တစ်ခါ တွေ့ဖြစ်ခဲ့ကြသေးတာပါ။

အယ်လီ က နောက်ပြောင်ပြီး ပြောတယ်။

"အလုပ်တွေ အရမ်းများလွန်းလို့ ကိုရီးယားကိုပဲ ထွက်ပြေးလာချင်တော့တယ်"

အစ်မ ဟျွန်းဂျူး က မေးတယ်။

"ကန်ဂျင်ဟူရဲ့အမေ ရော နေကောင်းရဲ့လား"

"ဟုတ်ကဲ့၊ နေကောင်းပါတယ်။ ကျွန်တော်နဲ့ တက်ဂယူ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ သွားတွေ့ခဲ့သေးတယ်"

ကျွန်တော်တို့တွေ တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်ရင်း ကားပါကင်ဆီကို သွားခဲ့ကြတယ်။

တီတီ

အယ်လီ က Remote ကို နှိပ်လိုက်တော့ ဇိမ်ခံဆီဒန်ကားကြီးရဲ့ မီးတွေ လင်းလာတယ်။ အဲဒါက S-Class Maybach ပါ။

"ဒါ ဘယ်သူ့ကားလဲ"

"ကုမ္ပဏီကားပါ။ နင်တို့ကို သက်သောင့်သက်သာ ကြိုဖို့အတွက် ကုမ္ပဏီက စီစဉ်ပေးတာ"

ပစ္စည်းတွေကို နောက်ဖုံးထဲ ထည့်ပြီး ကျွန်တော်တို့တွေ နောက်ခန်းမှာ ထိုင်လိုက်ကြတယ်။ ခြေထောက်ကို ဆန့်ထားလို့ရတဲ့အထိ နေရာက ကျယ်ကျယ်ဝန်းဝန်း ရှိပါတယ်။

အစ်မ ဟျွန်းဂျူး က ရှေ့ခန်းမှာ ထိုင်ပြီး အယ်လီ ကတော့ ကားမောင်းပါတယ်။ ဗြိတိသျှ လွှမ်းမိုးမှုကြောင့် ကားမောင်းသူ ခုံနဲ့ လမ်းကြောင်းတွေက ကိုရီးယားနဲ့ ပြောင်းပြန် ဖြစ်နေတာပေါ့။

လေဆိပ်က ထွက်လာတဲ့ ကားက မြို့ထဲကို ဦးတည်တဲ့ အမြန်လမ်းပေါ်မှာ အရှိန်ပြင်းပြင်း မောင်းနေပါတယ်။

"လမ်းပြင်နေတာ ရှိလို့ တခြားဘက်က ပတ်သွားရမယ် ထင်တယ်"

လမ်းဘေး ဝဲယာမှာတော့ မြင့်မားတဲ့ အဆောက်အဦးတွေက အစီအရီ ရှိနေကြတာပါ။ သစ်ကိုင်းတွေလို လမ်းမပေါ်ကို ထွက်နေတဲ့ ဆိုင်းဘုတ်အမြောက်အမြားကလည်း ထူးခြားတဲ့ မြင်ကွင်းတစ်ခုပါပဲ။

အရင်က ခံစားခဲ့ရသလိုပဲ။ ဟောင်ကောင်က အဆောက်အဦး အသစ်ကြီးတွေနဲ့ ပြိုကျတော့မယ့်ပုံပေါက်နေတဲ့ အဆောက်အဦး အဟောင်းတွေ ရောနှောနေတဲ့ ထူးဆန်းတဲ့ မြင်ကွင်းမျိုးပါ။

ပင်လယ်ကို ဖြတ်ပြီး ဟောင်ကောင်ကျွန်းဘက်ကို ရောက်တဲ့အခါမှာတော့ မြင်ကွင်းက ပြောင်းလဲသွားတယ်။ မှန်တွေနဲ့ အလှဆင်ထားတဲ့ မိုးမျှော်တိုက်ကြီးတွေက ဆိုးလ် က တီဟီရန်ရိုလိုမျိုးပဲ အစီအရီ ရှိနေကြတာပါ။

ဒါကတော့ ဟောင်ကောင် ရဲ့ နှလုံးသားဖြစ်သလို အာရှရဲ့ ငွေကြေးဗဟိုချက်ဖြစ်တဲ့ Central ပဲ ဖြစ်ပါတယ်။

အထပ် ၆၀ လောက် မြင့်တဲ့ အဆောက်အဦးကြီးတစ်ခုရဲ့ အဝင်ဝမှာ ကားရပ်လိုက်တယ်။ ကျွန်တော်တို့တွေ ကားပေါ်က ဆင်းလိုက်တော့ အဝင်ဝက ဝန်ထမ်းတစ်ယောက်က အယ်လီ ဆီကနေ ကားသော့ကို ယူပြီး ပါကင်ထိုးပေးဖို့ သွားတယ်။

လှည့်ပတ်နေတဲ့ တံခါးကြီးရဲ့ အပေါ်မှာ "Golden Gate Building" ဆိုတဲ့ စာလုံးတွေကို မြင်လိုက်ရတယ်။

တက်ဂယူ က တအံ့တသြ ပြောတယ်။

"ဒါက ငါ့အစ်မ အလုပ်လုပ်တဲ့ နေရာပေါ့လေ"

"ဝင်ကြစို့"

ကျွန်တော်တို့တွေ ဟျွန်းဂျူး နောက်ကနေ အဆောက်အဦးထဲကို ဝင်ခဲ့ကြတယ်။ အယ်လီ က ရှေ့က ဧည့်ကြိုကောင်တာမှာ စကားပြောလိုက်တော့ ဝန်ထမ်းတစ်ယောက်က ကျွန်တော်တို့ကို အထဲက ဓာတ်လှေကားဆီ လိုက်ပို့ပေးတယ်။

ဓာတ်လှေကားက အပေါ်ဆုံးထပ်ဖြစ်တဲ့ ၅၈ ထပ်ကို အမြန်ဆုံး တက်သွားပါတယ်။ ဝိတိုရိယ ဆိပ်ကမ်းကို လှမ်းမြင်နေရတဲ့ ဧည့်ခန်းမထဲမှာ ဆံပင်ဖြူဖြူနဲ့ လူဖြူအမျိုးသားကြီးတစ်ယောက် ရပ်နေပါတယ်။

ကျွန်တော်တို့တွေ ဝင်သွားတဲ့အခါ သူက မပီကလာ ပီကလာ ကိုရီးယားစကားနဲ့ နှုတ်ဆက်တယ်။

"Welcome. Golden Gateကနေ ကြိုဆိုပါတယ်"

သူကတော့ Golden Gate ရဲ့ အာရှရုံးခွဲကို တာဝန်ယူထားတဲ့ ရုံးညွှန်ကြားရေးမှူး ချေ့ဆောက်ဝဲပါ။

အခန်း (၅၂)

ကျောင်းမဖွင့်ခင်မှာ ဟောင်ကောင်ကိုလာပြီး အစ်မဟျွန်းဂျူးနဲ့ အယ်လီတို့ကို တစ်ခေါက်လောက် တွေ့ဖို့ စိတ်ကူးထားတာပါ။ ဒါပေမဲ့ Golden Gate အာရှရုံးခွဲရဲ့ ဒေသဆိုင်ရာမန်နေဂျာက ကျွန်တော်တို့ကို တွေ့ချင်နေတယ်ဆိုတာနဲ့ ရောက်လာခဲ့တာပေါ့။ သူက ကျွန်တော်တို့အကြောင်း သိပ်မသိပေမဲ့ OTK Company က အစ်မဟျွန်းဂျူးရဲ့ အဓိကဖောက်သည်ဆိုတာကိုတော့ သိထားတယ်။ (အကောင့်ဖွင့်တာကစလို့ နောက်ပိုင်းကိစ္စအားလုံးကို အစ်မဟျွန်းဂျူးကပဲ ကိုင်တွယ်ပေးခဲ့တာလေ)။

ဒါကြောင့် သူက ဟျွန်းဂျူးကတစ်ဆင့် တွေ့ချင်တယ်လို့ အရိပ်အမြွက်ပြောလာတာဖြစ်ပြီး ကျွန်တော်ကိုယ်တိုင်လည်း သူ့ကို တွေ့ချင်နေတာနဲ့ ဝမ်းသာအားရ သဘောတူလိုက်တာပါ။ အဖိုးကြီးက ကျွန်တော်တို့ကို နွေးနွေးထွေးထွေး ကြိုဆိုပါတယ်။

"တွေ့ရတာ ဝမ်းသာပါတယ်။ ငါက ချေ့ဆောက်ဝဲ ပါ"

တို့တွေလည်း ယဉ်ယဉ်ကျေးကျေးပဲ ပြန်နှုတ်ဆက်လိုက်တယ်။

"တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က ကန်ဂျင်ဟူ ပါ"

"မင်္ဂလာပါ၊ ကျွန်တော်က အိုတက်ဂယူ ပါ"

လူအများကြီး ထိုင်လို့ရတဲ့ စားပွဲဝိုင်းမှာ နေရာယူလိုက်ကြတော့ အတွင်းရေးမှူးလို့ ထင်ရတဲ့ ဝန်ထမ်းအမျိုးသားတစ်ယောက်က ကော်ဖီနဲ့ လက်ဖက်ရည် လာချပေးတယ်။

"ဖိတ်ကြားတာကို လက်ခံပေးလို့ ကျေးဇူးတင်ပါတယ်။ လာရတာရော အခက်အခဲ မရှိဘူးမလား"

"မစ္စတာ ချေ့ ဆောက်ဝဲ ကျေးဇူးကြောင့် သက်သောင့်သက်သာ လာခဲ့ရပါတယ်"

အဖိုးကြီးက ရွှင်ရွှင်ပျပျပဲ ပြောတယ်။

"ငါ့ကို ရာထူးနဲ့ ခေါ်တာထက် နာမည်နဲ့ပဲ ခေါ်တာက ပိုကောင်းပါတယ်"

ကျွန်တော်တို့နဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ အစ်မဟျွန်းဂျူးနဲ့ အယ်လီတို့ကတော့ အတော်လေး နေရထိုင်ရ ခက်နေပုံပါပဲ။ ကိုရီးယားကုမ္ပဏီဖြစ်ဖြစ်၊ နိုင်ငံခြားကုမ္ပဏီဖြစ်ဖြစ် စီအီးအို တစ်ယောက်နဲ့ အတူရှိနေရတာကတော့ အနေရခက်တာ ထုံးစံပါ။ အစ်မဟျွန်းဂျူးဟာ ဘယ်လောက်ပဲ တော်နေပါစေ။ စီအီးအို နဲ့ ဒီလို သီးသန့်တွေ့ဖို့ဆိုတာ ဘယ်လောက်တောင် ရှားပါးတဲ့ အခွင့်အရေးဖြစ်လောက်မလဲ။ အဲဒီလို တွေးလိုက်မိတော့ ကျွန်တော်ပါ အလကားနေရင်း နေရခက်လာသလို ခံစားရတယ်။

"ဝိုး…. ဒီက မြင်ကွင်းကတော့ အလန်းစားပဲ။ ဟောင်ကောင်တစ်မြို့လုံးကို တစ်ချက်ထဲနဲ့ မြင်နေရတာပါလား။ အစ်မ ဟျွန်းဂျူး တို့ကတော့ နေရာကောင်းမှာ အလုပ်လုပ်ရတာပဲနော်"

"..."

အလုပ်ခွင်က အမေ့ဆီ လာလည်တဲ့ ကလေးကျနေတာပဲ။

အစ်မဟျွန်းဂျူးက တိတ်တိတ်နေဖို့ မျက်မှောင်ကြုတ်ပြလိုက်တော့ တက်ဂယူက ချက်ချင်း ပါးစပ်ပိတ်သွားတယ်။

သူတို့တုံ့ပြန်မှုကို ကြည့်ပြီး ချေ့ က ခပ်ဟဟ ရယ်တယ်။

"ဒါက တရားဝင် အစည်းအဝေး မဟုတ်လို့ သက်တောင့်သက်သာ နေလို့ရပါတယ်"

တက်ဂယူက အင်္ဂလိပ်လို ယဉ်ယဉ်ကျေးကျေးပဲ ပြန်ပြောတယ်။

"ဟုတ်လား၊ ကျွန်တော့်အစ်မက အရမ်း စည်းကမ်းကြီးတာလေ"

အရင်ကထက် ပိုပြီး ထက်မြက်တဲ့ ပုံစံရှိနေတဲ့ အစ်မဟျွန်းဂျူးကတော့ ဒါရိုက်တာရှေ့မှာ ငြိမ်နေတုန်းပါပဲ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ တက်ဂယူက ပြက်လုံးတစ်ခု ထုတ်လိုက်တော့ ချေ့ လည်း လိုက်ရယ်တော့တာပေါ့။

"ကျွန်တော့်အစ်မဆီမှာ ကျွန်တော် အမြဲ အရိုက်ခံနေရတာ သိလား"

"ဟားဟား၊ ငါလည်း အိမ်ပြန်ရောက်ရင် ငါ့မိန်းမ ဆူတာ ခံရတာပါပဲ"

ဒီအချိန်မှာတော့ သူက သဘောကောင်းတဲ့ နိုင်ငံခြားသား အဖိုးကြီးလိုပါပဲ။ ဒါပေမဲ့ အပြင်ပန်းကို ကြည့်ပြီး ဆုံးဖြတ်လို့တော့ မရဘူးလေ။

Golden Gate မှာ အဓိကရှယ်ယာရှင်နဲ့ စီအီးအို ဖြစ်တဲ့ ဂျိန်း စီ ဂိုးမန်း အပါအဝင် ထိပ်သီး ငါးယောက် ရှိပါတယ်။ အဲဒီထဲက တစ်ယောက်ကတော့ အာရှရုံးခွဲကို တာဝန်ယူထားတဲ့ ချေ့ ဆောက်ဝဲပါ။ သူက အာရှငွေကြေးလောကမှာတော့ ဂန္ထဝင်မြောက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပေါ့။

အများပြည်သူကြားထဲမှာ သိပ်မသိကြပေမဲ့ လက်ရှိအခြေအနေတွေကို စိတ်ဝင်စားတဲ့သူဆိုရင်တော့ သူ့နာမည်ကို သိကြမှာပါ။ ချေ့ က အာရှတိုက် ဖွံ့ဖြိုးတိုးတက်လာတဲ့ ၁၉၈၀ခုနှစ်နှောင်းပိုင်းမှာ ဟောင်ကောင်ကို ရောက်လာခဲ့တာလေ။ အာရှငွေကြေးအကြပ်အတည်းတုန်းက အရှုံးတွေ ရှိခဲ့ပေမဲ့ အာရှမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုတိုးလုပ်ဖို့ သူက တိုက်တွန်းခဲ့တယ်။

စီအီးအို ဂျိန်း က ချေ့ ရဲ့ အမြင်ကို သဘောကျပြီး အပြည့်အဝ ထောက်ခံပေးခဲ့တာပေါ့။ အဲဒါကြောင့် ချေ့ ဟာ အကြပ်အတည်းဖြစ်နေတဲ့ အကြွေးစာချုပ်တွေနဲ့ ရှယ်ယာတွေကို ဝယ်ယူနိုင်ခဲ့ပြီး အာရှနိုင်ငံတွေ အကြပ်အတည်းကနေ ကျော်လွှားနိုင်တဲ့အခါမှာတော့ အမြတ်အစွန်းအမြောက်အမြား ရရှိခဲ့တာပါ။

Golden Gate အာရှဈေးကွက်မှာ အောင်မြင်ခဲ့တာက သူ့ကြောင့်လို့ ပြောလို့ရပါတယ်။ ကိုရီးယားမှာလည်း Golden Gate ရဲ့ ရင်းနှီးမြှုပ်နှံမှု အားလုံးကို သူပဲ ကိုင်တွယ်တာမလို့ သူ့ရဲ့ သြဇာညောင်းမှုက ကြီးမားပါတယ်။

သူ့ရဲ့ ကိုယ်ပိုင်ပိုင်ဆိုင်မှုက ကျွန်တော်တို့တွေထက် နည်းချင်နည်းမှာဖြစ်ပေမဲ့ ကမ္ဘာ့စီးပွားရေးအပေါ် လွှမ်းမိုးမှုကတော့ ဘာနဲ့မှ မယှဉ်နိုင်ဘူး။ သူ စကားတစ်ခွန်း ပြောလိုက်တာနဲ့ ဒေါ်လာ သန်းထောင်ပေါင်းများစွာကို လှုပ်ခတ်သွားစေနိုင်တာလေ။

တကယ်လို့ သူသာ ကိုရီးယားမှာ ရင်းနှီးမြှုပ်နှံမှုတွေ လျှော့ချလိုက်ရင်ဖြစ်ဖြစ် ကိုရီးယားနဲ့ ပတ်သက်ပြီး မကောင်းတဲ့ မှတ်ချက်ပေးလိုက်ရင်ဖြစ်ဖြစ် ကိုရီးယားရှယ်ယာဈေးကွက်က အကြီးအကျယ် ထိခိုက်သွားမှာပါ။ ဒါဆိုရင် ဒီလောက် နာမည်ကြီးတဲ့သူက ကျွန်တော်တို့ကို ဘာလို့ တွေ့ချင်ရတာလဲ။

အကြောင်းရင်းကတော့ ရိုးရိုးလေးပါပဲ။

ဘာလို့လဲဆိုတော့ ကျွန်တော်တို့တွေကလည်း အတော်လေး အင်အားကြီးတဲ့သူတွေ ဖြစ်လာလို့ပါ။

တစ်နှစ်ဆိုတဲ့ အချိန်က တိုတယ်ဆိုရင်လည်း တိုပြီး ရှည်တယ်ဆိုရင်လည်း ရှည်တယ်လို့ ယူဆလို့ရပါတယ်။

ကျွန်တော်တို့တွေ ကမ္ဘာတစ်ဝှမ်းက မြို့အသီးသီးကို ခရီးသွားရင်း အများကြီး မြင်ခဲ့၊ သင်ခဲ့ရတယ်။

ကျွန်တော်လည်း ကမ္ဘာကြီးအကြောင်းနဲ့ ငွေကြေးလောက အကြောင်းကို အမြဲ လေ့လာနေခဲ့တာပါ။ အခုဆို အင်္ဂလိပ်စာက တော်တော်လေး တိုးတက်လာပြီဖြစ်လို့ အယ်လီတောင် ကျွန်တော့်ရဲ့ အသံထွက်နဲ့ အသုံးအနှုန်းတွေကို ချီးကျူးနေရပါပြီ။

ကံကောင်းတာက တက်ဂယူလည်း အင်္ဂလိပ်လို အတော်အသင့် ပြောတတ်လာတာပါ။ ကိုရီးယားလူမျိုးတွေက မူလတန်းကနေ အထက်တန်းအထိ ၁၂ နှစ်လုံးလုံး အင်္ဂလိပ်စာ သင်ခဲ့ရတာလေ။ အဲဒါကြောင့် အခြေခံစကားလုံးတွေနဲ့ ဝေါဟာရတွေက ကျွန်တော်တို့ခေါင်းထဲမှာ ရှိပြီးသားပါ။

ဒါကို ဘယ်လို ပြန်ထုတ်သုံးရမလဲဆိုတာပဲ မသိတာပါ။ အဲဒါကြောင့် တစ်နှစ်လောက် ရည်မှန်းချက်ထားပြီး လုပ်လိုက်တဲ့အခါမှာတော့ ကောင်းကောင်းမွန်မွန် ပြောနိုင်တဲ့ အဆင့်ကို ရောက်လာခဲ့တာပေါ့။

ကျွန်တော်တို့တွေ ခရီးသွားရင်း လေ့လာနေတဲ့အချိန်မှာ ကမ္ဘာ့စီးပွားရေးကလည်း အလျင်အမြန် ပြောင်းလဲနေခဲ့တယ်။

အရင်က လူနည်းစုပဲ သုံးခဲ့တဲ့ "စတုတ္ထမြောက် စက်မှုတော်လှန်ရေး" ဆိုတဲ့ စကားလုံးကို အခုဆို လူတိုင်း သိနေကြပါပြီ။ လာမယ့် ၁၀ နှစ်အတွင်း ဖြစ်ပေါ်လာမယ့် ပြောင်းလဲမှုတွေက ပြီးခဲ့တဲ့ အနှစ် ၁၀၀ ထက်တောင် ပိုကြီးမားလိမ့်မယ်လို့ ကျွမ်းကျင်သူအများစုက ခန့်မှန်းနေကြတာပါ။

အစိုးရတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကလည်း အမြဲပြောင်းလဲနေတဲ့ စက်မှုပတ်ဝန်းကျင်မှာ ရှင်သန်နိုင်ဖို့အတွက် အနာဂတ် အခွင့်အလမ်းတွေကို ရှာဖွေနေကြတယ်။

ပြီးတော့...

ကျွန်တော်တို့တွေ ရင်းနှီးမြှုပ်နှံထားတဲ့ Startup တွေကလည်း အရှိန်အဟုန်ပြင်းပြင်းနဲ့ တိုးတက်လာခဲ့ကြတယ်။

Startup တွေက အိပ်မက်တွေနဲ့ ရှင်သန်ကြတာပါ။ သူတို့က ချက်ချင်း အမြတ်ထွက်နေဖို့ မလိုပါဘူး။ အနာဂတ်မှာ အောင်မြင်နိုင်မယ့် အလားအလာရှိတယ်ဆိုတာကို ပြနိုင်ဖို့ပဲ လိုတာပါ။

ဒါပေမဲ့ အဲဒါကို ပြနိုင်ဖို့ကလည်း ခက်ခဲပါတယ်။

ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီတွေထဲမှာ အခုထိ အမြတ်ထွက်နေတဲ့ ကုမ္ပဏီ တစ်ခုမှ မရှိသေးဘူး။ အဲဒီအစား နှစ်စဉ် အရှုံးတွေ အကြီးအကျယ် ပေါ်နေကြတာပါ။

ဒါပေမဲ့ သူတို့အပေါ် ထားတဲ့ သဘောထားကတော့ သိသိသာသာ ပြောင်းလဲသွားခဲ့ပါပြီ။

ရင်းနှီးမြှုပ်နှံပေးဖို့ တောင်းပန်နေတဲ့ ကုမ္ပဏီတွေကို လှည့်တောင်မကြည့်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံသူတွေက အခုတော့ သူတို့ဘာသာ လာပြီး ရင်းနှီးမြှုပ်နှံဖို့ လာကမ်းလှမ်းနေကြပြီလေ။

ကုမ္ပဏီတွေ ဆက်လက် တိုးတက်ဖို့ဆိုရင် ရင်းနှီးမြှုပ်နှံမှုတွေက အမြဲ လိုအပ်ပါတယ်။ အဲဒီအတွက် သူတို့က ဝင်ငွေရှာရမယ်၊ ချေးငွေယူရမယ် ဒါမှမဟုတ် ပြင်ပကနေ အရင်းအနှီး ထပ်မံရယူရမှာပါ။

Startup တွေမှာ အစောပိုင်း ရင်းနှီးမြှုပ်နှံမှုတွေကတော့ တည်ထောင်သူတွေက သူတို့ရဲ့ ရှယ်ယာတွေကို ရောင်းချတာမျိုးပါ။ ဒါပေမဲ့ နောက်ပိုင်း ရင်းနှီးမြှုပ်နှံမှုတွေကတော့ နည်းနည်း ပိုရှုပ်ထွေးပါတယ်။

အရင်က တည်ထောင်သူနဲ့ ရင်းနှီးမြှုပ်နှံသူကြားက ကိစ္စဖြစ်ပေမဲ့ နောက်ပိုင်းမှာတော့ တည်ထောင်သူ၊ အစောပိုင်းရင်းနှီးမြှုပ်နှံသူနဲ့ ရင်းနှီးမြှုပ်နှံသူအသစ်တို့ကြားက ကိစ္စ ဖြစ်လာပါတယ်။ အပိုရင်းနှီးမြှုပ်နှံမှုတွေကိုတော့ ရှယ်ယာအသစ်တွေ ထုတ်ဝေတာကတစ်ဆင့် လုပ်လေ့ရှိကြတယ်။

ကုမ္ပဏီက ရှယ်ယာအချို့ကို ထုတ်ဝေပြီး ရင်းနှီးမြှုပ်နှံသူအသစ်တွေဆီက ပိုက်ဆံရယူတာပေါ့။ အဲဒီအခါမှာ ရှိပြီးသား ရင်းနှီးမြှုပ်နှံသူတွေရဲ့ ရှယ်ယာပိုင်ဆိုင်မှု ရာခိုင်နှုန်းက လျော့နည်းသွားပါတယ်။ ဒီလိုမျိုး အကြိမ်ကြိမ် လုပ်လိုက်မယ်ဆိုရင် ရှယ်ယာ ၅၀ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိတောင် လျော့သွားနိုင်တာလေ။

ဒီလို အခြေအနေမျိုး မဖြစ်အောင် ကျွန်တော်တို့တွေက ရင်းနှီးမြှုပ်နှံမှု စာချုပ်တွေမှာ စီမံခန့်ခွဲမှုပိုင်းကို ဝင်မစွက်ဖက်ပေမဲ့ ရှယ်ယာသစ် ထုတ်ဝေမှုနဲ့ ပတ်သက်ပြီး ကန့်သတ်ချက်တွေ၊ ကြိုတင်ဝယ်ယူခွင့်တွေ ထည့်သွင်းထားခဲ့ပါတယ်။ ရှယ်ယာသစ်တွေကို ဈေးပေါပေါနဲ့ ထုတ်ဝေပြီး ရှယ်ယာပိုင်ဆိုင်မှု လျော့မသွားအောင် ကာကွယ်ထားတာပေါ့။

အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ Startup ပေါင်းများစွာထဲက တစ်ခုကို ရွေးရမယ်ဆိုရင်တော့ အံ့သြစရာကောင်းလောက်အောင် (ဒါမှမဟုတ် မဆန်းဘူးလို့လည်းပြောလို့ရပါတယ်) Facit ဖြစ်နေတာပါပဲ။

Facit ဟာ ကျွန်တော်တို့ပေးလိုက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို သုံးပြီး ဆာဗာတွေ တည်ဆောက်ခဲ့သလို ထုတ်လုပ်ရေး ကုမ္ပဏီတွေနဲ့လည်း မိတ်ဖက်ဖြစ်အောင် လုပ်နိုင်ခဲ့တယ်။ အသုံးပြုသူ အရေအတွက်ကလည်း အကြီးအကျယ် တိုးတက်လာသလို ဒေတာတွေ များလာတာနဲ့အမျှ သူတို့ရဲ့ ထောက်ခံချက်ပေးတဲ့ စနစ်ကလည်း ပိုပြီး ကောင်းမွန်လာခဲ့ပါတယ်။

အင်တာနက်အနှံ့ လိုက်မရှာဘဲ ကိုယ်ကြည့်ချင်တဲ့ မင်းသမီး ဒါမှမဟုတ် ကိုယ်ကြိုက်တာကို Facit မှာ ရိုက်ထည့်လိုက်ရုံပါပဲ။

တစ်နှစ်အတွင်းမှာတင် Facit ဟာ ကမ္ဘာ့အပြာကားဈေးကွက်ကို လွှမ်းမိုးသွားခဲ့တယ်။ Google လို Search engine တွေမှာ ရှာလိုက်ရင် Facit က ထိပ်ဆုံးကနေ ပေါ်နေတော့တာပဲ။

နာမည်ကြီး အမေရိကန် content ကုမ္ပဏီတစ်ခုက Facit ရဲ့ တိုးတက်မှုကို သတိထားမိပြီး ဒေါ်လာ သန်း ၄၀၀ နဲ့ ဝယ်ဖို့ ကမ်းလှမ်းခဲ့သေးတယ်။

ဒါပေမဲ့ Facit က ငြင်းလိုက်ပါတယ်။ အဲဒီအစား လအနည်းငယ်အကြာမှာ သူတို့က ရှယ်ယာသစ် ၁၀ ရာခိုင်နှုန်း ထုတ်ဝေပြီး ကိုယ်ပိုင် အစုရှယ်ယာ ရန်ပုံငွေ တစ်ခုဆီကနေ ဒေါ်လာ ၉၅ သန်း ရင်းနှီးမြှုပ်နှံမှု ရယူခဲ့တယ်။ အဲဒီ ရန်ပုံငွေအဖွဲ့က Facit ရဲ့ တန်ဖိုးကို ဒေါ်လာ ၉၅၀ သန်းလို့ သတ်မှတ်ပြီး အရောင်းအဝယ် လုပ်ခဲ့တာပါ။

ကျွန်တော်တို့ရဲ့ ရှယ်ယာပိုင်ဆိုင်မှုက ၄၈ ရာခိုင်နှုန်းကနေ ၄၃.၂ ရာခိုင်နှုန်းကို လျော့သွားပေမဲ့ ရှယ်ယာရဲ့ တန်ဖိုးကတော့ အများကြီး တက်သွားခဲ့တာပေါ့။ တခြား Startup တွေမှာလည်း ဒီလို အခြေအနေမျိုးတွေ ဖြစ်နေခဲ့ပြီး တချို့က ရင်းနှီးမြှုပ်နှံမှု ရှာနေကြသလို တချို့ကလည်း ဝယ်ယူဖို့ ကမ်းလှမ်းခံနေရပါတယ်။

ရင်းနှီးမြှုပ်နှံသူတွေကတော့ အတော်လေး အံ့သြနေကြမှာပါ။ အလားအလာရှိတဲ့ Startup တွေမှာ ရင်းနှီးမြှုပ်နှံဖို့ ကြည့်လိုက်တဲ့အခါတိုင်း ရှယ်ယာအများစုကို အမည်မသိ အဖွဲ့အစည်းတစ်ခုက ပိုင်ဆိုင်ထားပြီးသား ဖြစ်နေတာလေ။

အဲဒါကြောင့်ပဲ OTK Company ဆိုတဲ့ နာမည်က ရင်းနှီးမြှုပ်နှံမှုဘဏ်တွေ၊ Hedge fundsတွေ၊ ကုမ္ပဏီကြီးတွေထက်တောင် ပိုပြီး နာမည်ကြီးလာခဲ့တာပါ။

ကျွန်တော်တို့တွေ ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီတွေရဲ့ စုစုပေါင်းတန်ဖိုးက ဒေါ်လာ သန်း ၁၀,၀၀၀ ဝန်းကျင်လောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်။

သန်း ၆၀၀ ကနေ ဝမ် သိန်းပေါင်း ၁၁ကုဋေအထိ ဖြစ်သွားတာပေါ့။ ဒါပေမဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေရဲ့ တန်ဖိုးကို သတ်မှတ်ဖို့ မလွယ်တာကြောင့် ဒါတွေအားလုံးက ခန့်မှန်းချက်တွေပါပဲ။

ချေ့က ကျွန်တော်တို့ကို ကြည့်ပြီး ပြောတယ်။

"OTK Company ကို ပဲ့ကိုင်နေတဲ့ ထိပ်သီးနှစ်ယောက်က ဟျွန်းဂျူး ရဲ့ မောင်လေးနဲ့ သူ့သူငယ်ချင်း ဖြစ်နေတယ်ဆိုတာ ကြားတော့ ငါ အတော်လေး အံ့သြသွားခဲ့သေးတယ်"

ကျွန်တော်က အားနာသလိုနဲ့ ပြုံးပြလိုက်ပါတယ်။

"ထိပ်သီးမဟုတ်ပါဘူးဗျာ"

သူက ဆက်ပြောတယ်။

"လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ကိုရီးယားဈေးကွက်မှာ Options အရောင်းအဝယ်ကနေ ဒေါ်လာ သန်း ၆၀၀ မြတ်ခဲ့တယ်ဆိုတာ ကြားတုန်းက အံ့သြမိပေမဲ့ သိပ်တော့ အာရုံမစိုက်မိခဲ့ဘူး။ ဒါက အန္တရာယ်များတဲ့ ရင်းနှီးမြှုပ်နှံမှုဗျူဟာဖြစ်လို့ ဘယ်သူမဆို ကံကောင်းပြီး ရနိုင်တယ်လို့ပဲ ထင်ခဲ့တာ။ ဒါပေမဲ့ အဲဒီနောက်ပိုင်း OTK Company ရဲ့ တိုးတက်မှုတွေကို ကြည့်ပြီး ငါ့ရဲ့ အတွေးတွေ ပြောင်းသွားခဲ့တယ်လေ"

သူကတော့ ခဏတာ အမြတ်ရှာတာထက် ဈေးပေါတဲ့အချိန်မှာ ဝယ်ပြီး ရေရှည်ဆုပ်ကိုင်ထားတဲ့ ရင်းနှီးမြှုပ်နှံမှု ဗျူဟာကို ပိုသဘောကျတဲ့သူပါ။ ကျွန်တော်တို့တွေ တန်ဖိုးနည်းနေတဲ့ Startup ရှယ်ယာတွေကို အမြန်ဆုံး ဝယ်ယူနိုင်ခဲ့တာကို သူက အတော်လေး အထင်ကြီးနေပုံရတယ်။

ပုံမှန်အားဖြင့် Startup ဆယ်ခုမှာ ရင်းနှီးမြှုပ်နှံရင် တစ်ခု ဒါမှမဟုတ် နှစ်ခုလောက် အောင်မြင်ရင်ကို ပေါက်ပြီလို့ ပြောလို့ရတာပါ။ ဒါပေမဲ့ ကျွန်တော်တို့တွေက ဆယ်ခုမှာ ကိုးခုက အောင်မြင်နေတာပါ။ ကျန်တဲ့ တစ်ခုကလည်း မအောင်မြင်တာ မဟုတ်ဘဲ အလားအလာ မပြသေးတာပဲ ရှိတာပါ။

"ဒီလောက် ထူးခြားတဲ့ အမြင်ရှိတဲ့သူတွေကို တစ်ခါလောက်တော့ တကယ် တွေ့ချင်နေခဲ့တာ"

ဝါရင် ဘတ်ဖတ် က အနှစ် ၅၀ လုံးလုံး အမြတ်ရနေလို့ဖြစ်ဖြစ်၊ ဂျော့ရှ် ဆိုရော့စ် က နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်မှာ ဂန္ထဝင်မြောက် အောင်မြင်မှုတွေ ရခဲ့လို့ဖြစ်ဖြစ် သူတို့မှာ ထူးခြားတဲ့ စွမ်းအားရှိတယ်လို့ ဘယ်သူမှ မထင်ကြပါဘူး။ သူတို့က ဈေးကွက်အပေါ် အမြင်သာလွန်တယ်လို့ပဲ ယူဆကြတာပါ။

ဒါကြောင့် ချေ့က ကျွန်တော့်ရဲ့ အရည်အချင်းကို သက်သက်ပဲ အံ့သြနေတာပါ။ သူက ဒီလောက် ချီးကျူးနေတော့ ကျွန်တော်တောင် နည်းနည်း အားနာလာမိတယ်။

"ကျွန်တော်လည်း အတူတူပါပဲ။ Golden Gate က ချေ့ ဆောက်ဝဲ ကို ကိုယ်တိုင်တွေ့ခဲ့တယ်လို့ ပြောရင် လူတိုင်းက မနာလို ဖြစ်ကြမှာပါ"

အာရှရဲ့ ဂန္ထဝင် ရင်းနှီးမြှုပ်နှံသူတစ်ယောက်နဲ့ တွေ့ဖို့ဆိုတာ မလွယ်ဘူးလေ။ စီနီယာ ဆန်းယော့ ဆိုရင် သူပါ လိုက်ခဲ့ချင်တယ်လို့ တောင်းပန်နေခဲ့တာပါ။ ဒါပေမဲ့ သူက အလုပ်တွေ အရမ်းများနေတာနဲ့ မခေါ်ခဲ့ဖြစ်ဘူး။

"ကျွန်တော် တက်နေတဲ့ တက္ကသိုလ်က ဌာနမှူးကလည်း မစ္စတာ ချေ့ကို အရမ်းလေးစားတာပါ။ ကျောင်းသားတွေရော၊ ကလပ်အဖွဲ့ဝင်တွေရောပေါ့"

ချေ့ က ကျွန်တော့်စကားကြောင့် သဘောကျသွားတယ်။

"တကယ်လား။ အဲဒါဆိုရင် ကန်ဂျင်ဟူ ရဲ့ ကျောင်းမှာ လက်မှတ်ထိုးပွဲလေး ဘာလေး လုပ်ပေးရမလား"

ကျွန်တော်က အတည်အပေါက် ခေါင်းညိတ်ပြလိုက်တယ်။

"ကျွန်တော် တစ်ခါလောက် စီစဉ်လိုက်ပါ့မယ်"

"မင်း ကျေးဇူးကြောင့် ငါလည်း အားလပ်ရက်ယူပြီး ကိုရီးယားကို သွားလည်ဖို့ အကြောင်းပြချက် ရသွားတာပေါ့ကွာ"

ကျွန်တော်တို့တွေ နှစ်နာရီလောက် စကားပြောဖြစ်ကြတယ်။ အချိန်ကြာလာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ စကားဝိုင်းက ငွေကြေးအကြောင်းတွေထက် ပေါ့ပေါ့ပါးပါး စကားတွေဘက်ကို ရောက်သွားတယ်။

တက်ဂယူက မကြာခင်က ထွက်ထားတဲ့ ဘယ်ကားကားက ရယ်ရတယ်။ ဘယ်ဂိမ်းက နာမည်ကြီးနေတယ်ဆိုတာတွေ ပြောပြပြီး ချေ့ ကလည်း ပါမောက္ခအဖြစ် အလုပ်လုပ်နေတဲ့ သူ့သားမိသားစုနဲ့ သူ့ရဲ့ မြေးအမွှာနှစ်ယောက်က ဘယ်လောက်တောင် ချစ်စရာကောင်းလဲဆိုတာ ကြွားတော့တာပဲ။

ကျွန်တော်တို့တွေက အေးအေးဆေးဆေး ရှိနေပေမဲ့ ချေ့ ကတော့ အလုပ်တွေနဲ့ အတော်လေး အချိန်ဇယား ပြည့်နေတာပါ။

ချေ့ က နှမြောတသပုံစံနဲ့ ထိုင်နေရာက ထလိုက်တယ်။

"အနာဂတ် အလားအလာတွေအပေါ် ငါ အတော်လေး အကောင်းမြင်ပါတယ်။ Golden Gate အနေနဲ့ OTK Company နဲ့ ဆက်လက် လက်တွဲသွားဖို့ မျှော်လင့်ပါတယ်"

"ကျွန်တော်တို့လည်း အတူတူပါပဲ"

"Golden Gate နဲ့ OTK Company ကြားမှာ ဟျွန်းဂျူး လို လူမျိုး ရှိနေတာက ငါတို့တွေအတွက် ကံကောင်းတာပါပဲ။ သူက နှစ်ဖက်စလုံးအတွက် အဖိုးတန်တဲ့ လူတစ်ယောက်ပါ"

ဥက္ကဋ္ဌရဲ့ ချီးကျူးစကားကြောင့် အစ်မဟျွန်းဂျူးက ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး တက်ဂယူက "မည်သို့ပင်ဆိုစေကာမူ သူက တကယ့်ကို အဖိုးတန်တဲ့ အစ်မပါ" ဆိုပြီး ပြောလိုက်တော့ အစ်မဟျွန်းဂျူးရဲ့ အေးစက်စက် အကြည့်ကို ခံလိုက်ရပါတယ်။

ဒီတစ်ခေါက် တွေ့ပြီးရင် နောက်ထပ် ချက်ချင်းကြီး တွေ့ဖြစ်ဖို့တော့ မရှိလောက်ဘူး ထင်ပါတယ်။

"ဒီနှစ်ကုန်လောက်ကျရင် တစ်ယောက်နဲ့တစ်ယောက် သတင်းကောင်းတွေ ရှိလာနိုင်ပါတယ်"

"ဘာသတင်းကောင်းမျိုးလဲ"

ကျွန်တော့်အမေးကို သူက သဘောကျစွာ ရယ်မောရင်း ပြောတယ်။

"အတည်တော့ မဖြစ်သေးဘူး၊ ဒါပေမဲ့ သတင်းကောင်းကို မျှော်လင့်ထားလို့ ရပါတယ်"

All Chapters