အခန်း (၅၃-၅၄)
Vol. 6 Ch. 53-54
အခန်း (၅၃)
ကျွန်တော်တို့တွေအားလုံး Golden Gate အဆောက်အဦးထဲကနေ အတူတူ ထွက်လာခဲ့ကြတယ်။
အယ်လီက ပျင်းရိပျင်းတွဲနဲ့ အကြောဆန့်ရင်း ပြောတယ်။
"အား…အပြင်ထွက်ရတာ တကယ်နေလို့ကောင်းတာပဲ"
သူ အဲဒီလိုလုပ်လိုက်တဲ့အခါ ခန္ဓာကိုယ်အချိုးအစားက ပိုပေါ်လွင်သွားတာကြောင့် မျက်လုံးချင်းဆုံဖို့တောင် နည်းနည်း အနေရခက်စေပါတယ်။ ဝတ်စုံနဲ့ဆိုပေမဲ့လည်း သူ့ရဲ့ ထွားကျိုင်းမှုကို ဖုံးကွယ်ထားဖို့ ခက်တာအမှန်ပါ။
အယ်လီက ကျွန်တော်တို့ကို ကြည့်ပြီး ပြောတယ်။
"ကျေးဇူးတင်ပါတယ်နော်။ နင်တို့ကျေးဇူးနဲ့ ငါတို့လည်း အားလပ်ရက် ရသွားတာ"
Golden Gate အာရှရုံးခွဲ ညွှန်ကြားရေးမှူးက ကျွန်တော်တို့တွေ ဟောင်ကောင်မှာ ရှိနေစဉ်အတွင်း အဆင်ပြေစေဖို့ ဝန်ထမ်းတွေကို တာဝန်ပေးထားတာပါ။ အဲဒီဝန်ထမ်းတွေကတော့ တခြားသူမဟုတ်ဘဲ အစ်မဟျွန်းဂျူးနဲ့ အယ်လီတို့ပေါ့။
တရားဝင်အနေနဲ့တော့ ဒါက အလုပ်ပြင်ပမှာ တာဝန်ထမ်းဆောင်တာလို့ ခေါ်ပေမဲ့ တကယ်တမ်းကတော့ အားလပ်ရက် ခရီးထွက်ရသလိုပါပဲ။
ပျော်နေတဲ့ အယ်လီနဲ့မတူဘဲ အစ်မဟျွန်းဂျူးကတော့ သိပ်သဘောကျပုံမရပါဘူး။
"ဟူး…အလုပ်တွေကလည်း များလှပါတယ်ဆိုမှ အခုတော့ အပြင်မှာ တာဝန်ကျပြန်ပြီ"
"ဘာလို့လဲ။ မမရယ်။ ဒါက အနားယူဖို့ အခွင့်အရေးကောင်းပဲလေ"
တက်ဂယူက ဝင်ပြောတယ်။
အစ်မဟျွန်းဂျူးက စီးကရက်တစ်လိပ် ထုတ်လိုက်ရင်း ပြန်ပြောတယ်။
"အလုပ်ဆိုတာ ရှောင်နေလို့ ပျောက်သွားတာ မဟုတ်ဘူး။ ပိုပြီး ပုံလာရုံပဲ ရှိတာ။ အလုပ်ထဲပြန်ရောက်သွားတာနဲ့ စားပွဲပေါ်မှာ စာရွက်စာတမ်းတွေ အပုံလိုက် ဖြစ်နေမှာဟ"
Golden Gate မှာ အလုပ်ချိန်က တစ်ပတ်ကို နာရီ ၁၀၀ လို့ ပြောခဲ့တာမျိုးရှိပါတယ်။
တစ်ရက်ကို ၁၄ နာရီနီးပါး အလုပ်လုပ်ရတာပါ။ ပြဿနာက အဲဒါက အနည်းဆုံး သတ်မှတ်ထားတဲ့ အချိန်ဖြစ်နေတာပါပဲ။
တစ်ချိန်တုန်းကတော့ Golden Gate မှာ အလုပ်ရဖို့က ကျွန်တော့်အိပ်မက် ဖြစ်ခဲ့ဖူးပေမဲ့ အခုတော့ အဲဒီမှာ ရာထူးကြီးကြီးနဲ့ အလုပ်ပေးမယ်ဆိုရင်တောင် မလုပ်ချင်တော့ပါဘူး။
ဒီလိုတွေ တွေးနေမိတော့မှ ကျွန်တော်လည်း တကယ်ကို အခြေအနေကောင်းနေပြီဆိုတာ သိလိုက်ရတယ်။
အဝင်ဝမှာတော့ ကျွန်တော်တို့စီးလာတဲ့ S-Class Maybach က စောင့်နေပါတယ်။ ဝန်ထမ်းဆီကနေ ကားသော့ကို ယူလိုက်ရင်း အယ်လီက မေးတယ်။
"ကဲ…ပထမဆုံး ဘယ်ကို အရင်သွားကြမလဲ"
တက်ဂယူက စောင့်နေတဲ့အတိုင်းပဲ ပြောလာတယ်။
"ဟောင်ကောင် ရောက်နေမှတော့ Disneyland ကိုပဲ သွားရမှာပေါ့"
အစ်မဟျွန်းဂျူးက ချက်ချင်း ဖြတ်ပြောတယ်။
"မသွားဘူး။ ပြီးခဲ့တဲ့တစ်ခေါက်က သွားပြီးပြီလေ"
"နောက်တစ်ခေါက် ထပ်သွားလည်း ပျော်စရာကောင်းတာပဲကို"
"..."
မင်းတစ်ယောက်တည်းပဲ ပျော်မှာဟ။
ကျွန်တော်ကတော့ တခြားအကြံတစ်ခု ပေးလိုက်တယ်
" Victoria Peakကို သွားကြရအောင်။ မကြာခင် ညနေစောင်းတော့မှာဆိုတော့ ညအလှကို ကြည့်ရင်း ညစာ စားကြတာပေါ့"
"အဲဒါ ကောင်းသားပဲ"
အယ်လီက ကားမောင်းရင်း စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်း ပေးလိုက်တယ်။
ပြီးခဲ့တဲ့တစ်ခေါက်တုန်းကလိုပဲ Victoria Peakကတော့ ဒေသခံတွေရော၊ ခရီးသွားတွေနဲ့ပါ စည်ကားနေတာပါပဲ။ ကျွန်တော်တို့တွေ အောက်မှာ ကားပါကင်ထိုးပြီး တခြားခရီးသွားတွေနဲ့အတူ Peak Tram (ဟောင်ကောင်လျှပ်စစ်ရထား) စီးပြီး တက်ခဲ့ကြတယ်။
စားသောက်ဆိုင်ထဲ ရောက်တဲ့အခါ မြင်ကွင်းကောင်းကောင်း မြင်ရတဲ့ ပြတင်းပေါက်ဘေးက စားပွဲမှာ နေရာရခဲ့ပါတယ်။ အယ်လီက ပင်လယ်စာနဲ့ ဝိုင်ကို ကျွမ်းကျွမ်းကျင်ကျင်ပဲ မှာလိုက်တယ်။
အစ်မဟျွန်းဂျူးက ကျွန်တော့်ကို မေးတယ်။
"နင် ဒီနှစ် ကျောင်းပြန်တက်မှာ မဟုတ်လား"
"ဟုတ်ကဲ့။ လောလောဆယ် လုပ်စရာ သိပ်မရှိတာနဲ့ စာပဲ ဆက်သင်နေဖို့ စဉ်းစားထားတာ"
အစ်မက ကျွန်တော့်စကားကို ရယ်တယ်။
"ကျောင်းမှာ တစ်ခုခုတော့ သင်ယူရမှာပါ။ ဘာပဲဖြစ်ဖြစ် ပျော်စရာတော့ ကောင်းမှာပေါ့။ ငါလည်း ကျောင်းတက်တုန်းက တကယ်ပျော်ခဲ့တာ"
တက်ဂယူက ခေါင်းညိတ်ပြီး ပြောတယ်။
"ဟုတ်တယ်။ အမှတ်ရစရာ အချိန်ကောင်းတွေပေါ့ကွာ။ ပထမနှစ်တုန်းကဆိုရင် ငါ့အစ်မက နေ့တိုင်း မနက်လင်းအားကြီးအထိ မူးပြီး စီးကရက်နံ့တွေနဲ့ အိမ်ပြန်လာနေကြလေ။ တစ်ခါကဆို ငါ့အမေက ငါ့အစ်မကို ဖိနပ်စင်နားမှာ လဲနေတဲ့ အလောင်းလို့ ထင်ပြီး ရဲတောင် ခေါ်တော့မလို့"
"ပါးစပ်ပိတ်ထားစမ်း"
"ဟုတ်ကဲ့"
ကျွန်တော်က အယ်လီကို မေးလိုက်တယ်။
"အယ်လီ ရော ကျောင်းတက်တုန်းက ဘယ်လိုလဲ"
သူက ခေါင်းခါပြီး ပြောလာတယ်။
"စာသင်တာကလွဲလို့ တခြားမှတ်မိတာ ဘာမှမရှိဘူး။ တစ်ယောက်ထဲ ကျောင်းသွားတက်ရတာဆိုတော့ သူငယ်ချင်းလည်း သိပ်မရှိဘူးလေ"
အယ်လီက ဟောင်ကောင်က နိုင်ငံတကာကျောင်းမှာ တက်ခဲ့တာဖြစ်ပြီး သူ့အမေကတော့ ဗြိတိန်က တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တာပါ။
နေ လုံးဝ ဝင်သွားတဲ့အခါ ဟောင်ကောင်ရဲ့ ညအလှက ပေါ်ထွက်လာတယ်။ ကမ်းခြေတစ်လျှောက်က အဆောက်အဦးတွေဟာ ရောင်စုံ မီးဆိုင်းတွေနဲ့ လင်းထိန်နေတာပါ။
"ဒါနဲ့ အာရှရဲ့ ဂန္ထဝင် ရင်းနှီးမြှုပ်နှံသူနဲ့ ကိုယ်တိုင်တွေ့ရတာ ဘယ်လိုခံစားရလဲ" လို့ အစ်မဟျွန်းဂျူးက မေးတယ်။
ကျွန်တော်က အစ်မဟျွန်းဂျူးရဲ့ အမေးကို အမှန်အတိုင်းပဲ ပြန်ဖြေလိုက်တယ်။
"တကယ့်ကို အထင်ကြီးဖို့ ကောင်းပါတယ်"
သူနဲ့ တွေ့ဆုံစကားပြောရုံနဲ့တင် သူ့ရဲ့ ယုံကြည်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုအပေါ် ထားတဲ့ မူဝါဒတွေကို တစ်စေ့တစ်စောင်း သိမြင်နိုင်ခဲ့တယ်။ ဝါရင် ဘတ်ဖတ် နဲ့ ညစာ အတူစားဖို့ လူတွေ ဘာလို့ ပိုက်ဆံအများကြီး အကုန်ခံကြလဲဆိုတာကိုလည်း ကျွန်တော် နားလည်သွားသလိုပါပဲ။
ကျွန်တော်သာ ချေ့ ဆောက်ဝဲ နဲ့ ကိုယ်တိုင်တွေ့ပြီး လက်ဆွဲနှုတ်ဆက် စကားပြောခဲ့တယ်လို့ ပြောရင် ဘယ်သူမှ ယုံမှာ မဟုတ်လောက်ဘူး။
စောစောက သူပြောခဲ့တဲ့ စကားတွေကို ကျွန်တော် ပြန်စဉ်းစားနေမိတယ်။
"ဒါနဲ့ ဘာသတင်းကောင်းများ ရှိလို့လဲ။ တစ်ခုခု ထူးထူးခြားခြား ကြားထားတာရှိလား"
အစ်မဟျွန်းဂျူးက ခေါင်းစောင်းပြီး မေးတယ်။
"ထွေထွေထူးထူးတော့ မစဉ်းစားမိဘူး" လို့ ကျွန်တော် ပြန်ဖြေလိုက်တယ်။
"အစ်မဟျွန်းဂျူးတို့နဲ့ အယ်လီတို့ လစာတိုးမယ့်ကိစ္စများလား"
ကျွန်တော်က နောက်လိုက်တယ်။
"အိုး… အဲဒါလည်း ဖြစ်နိုင်တာပဲ"
အယ်လီက ဝင်ပြောတယ်။
"လစာတိုးရင်တော့ အလုပ်ကလည်း ပိုများလာမှာပဲ"
"ဟွန်း"
အယ်လီက နှုတ်ခမ်းဆူလိုက်တယ်။
ကျွန်တော်တို့တွေ စားသောက်ရင်းနဲ့ သိပ်မကြာခင်က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို ပြောဖြစ်ကြတယ်။ အစ်မဟျွန်းဂျူးက ကျွန်တော်တို့ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီတွေရဲ့ လက်ရှိအခြေအနေကို အဓိကပြောပြပြီး အယ်လီကတော့ ကိုရီးယားက တက္ကသိုလ်ကျောင်းသားဘဝအကြောင်းတွေကို မေးတယ်။ တက်ဂယူကတော့ ပေါက်ကရတွေ လျှောက်ပြောနေတုန်းပါပဲ။
သူ စကားပြောတိုင်း အံကြိတ်နေတာကို ကြည့်ရတာ နောက် မိနစ် ၃၀ လောက်နေရင် အစ်မဟျွန်းဂျူးက တစ်ခုခု ပြန်ပြောတော့မယ့် ပုံစံမျိုးပါပဲ။
ကျွန်တော်ကတော့ နားထောင်သူသက်သက်ပါ။ တစ်ခါတလေတော့လည်း ငြိမ်ငြိမ်လေး နေရတာက ပိုလွယ်တယ်လေ။
အယ်လီက လက်တစ်ဖက်နဲ့ မေးထောက်ပြီး ကျန်လက်တစ်ဖက်နဲ့ ဝိုင်ခွက်ကို ဝေ့ယမ်းနေတယ်။ သူ့ပါးလေးတွေကတော့ အရက်ရှိန်ကြောင့် နီထွေးနေတာပေါ့။
"ဒီလိုပုံစံလေးကလည်း တစ်မျိုး ချစ်စရာကောင်းသား"
"ငါလည်း ဂျင်ဟူနဲ့အတူ တက္ကသိုလ် တက်ချင်လိုက်တာ"
"တကယ်လား။ နင် မူးနေတာလား"
ကျွန်တော် အစ်မဟျွန်းဂျူးကို ကြည့်လိုက်တော့ သူကလည်း သဘောတူတဲ့ပုံစံနဲ့ ခေါင်းညိတ်ပြတယ်။
"Golden Gateက အလုပ်ကိုကော ဘယ်လိုလုပ်မလဲ"
"ထွက်လိုက်ပြီး ကိုရီးယားက တက္ကသိုလ်တစ်ခုမှာပဲ လျှောက်လိုက်တော့မယ်။ ငါလည်း စီးပွားရေးစီမံခန့်ခွဲမှုဌာန မှာပဲ တက်ချင်တာ"
"... "
Golden Gate မှာ အလုပ်ဝင်ချင်ကြပေမဲ့ Golden Gate ကို ထွက်ပြီး စီးပွားရေးစီမံခန့်ခွဲမှု တက်ချင်တယ်ဆိုတာကတော့ နည်းနည်း ထူးဆန်းနေသလိုပဲနော်။
အယ်လီက တစ်ခုခု သတိရသွားသလိုမျိုး ပြောလိုက်တယ်။
" ကျောင်းပြန်တက်ရင် အဲဒီ ဂျူနီယာ ယူရီ နဲ့ အတူတူ အတန်းတက်ရမှာ မဟုတ်လား"
"ဟင်... အဲဒီနာမည်ကို အခုထိ မှတ်မိနေတာလား"
ကျွန်တော် ပျာပျာသလဲ ဖြစ်သွားတော့ တက်ဂယူက ဝင်ပြောတယ်။
"အတူတူအတန်းတက်ရမှာပဲလေ။ သူတို့နှစ်ယောက်လုံးက ဒုတိယနှစ်တွေပဲကို။ မကြာခင်ကတောင် အတူတူ ဘာသာရပ်တွေ ရွေးခဲ့ကြသေးတယ်"
"မဟုတ်ပါဘူး။ ငါက သေသေချာချာ မသိလို့ အကူအညီ တောင်းလိုက်တာပါ"
အယ်လီက တခိခိ ရယ်ရင်း ပြောတယ်။
"ဪ…. အဲဒီအကြောင်းလေး ထပ်ပြောပြပါဦး"
ကျွန်တော်ကတော့ ပြတင်းပေါက်အပြင်ဘက်ကို ကြည့်ရင်း ပြောလိုက်တယ်။
"ဟောင်ကောင်ရဲ့ ညအလှက အမြဲတမ်း လှနေတာပဲနော်"
"စကားလမ်းကြောင်း မလွှဲနဲ့"
"... ဟုတ်ကဲ့ပါ"
ဟောင်ကောင်မှာ ၃ ရက်ကြာ ခရီးထွက်ပြီးနောက် ကျွန်တော်တို့တွေ ကိုရီးယားကို ပြန်ရောက်လာခဲ့တယ်။
ဆိုဖာပေါ်မှာ လှဲနေတုန်း ယူရီ့ဆီက မက်ဆေ့ချ်တစ်ခု ရောက်လာတယ်။
တိန်
"[စီနီယာ- ကိုရီးယား ပြန်ရောက်ပြီလား]"
ကျွန်တော် ပြန်ဖြေလိုက်တယ်။
"အခုလေးတင် ပြန်ရောက်တာ"
"[ကျောင်းကို ဘယ်တော့ လာမှာလဲ]"
"မနက်ဖြန်မှ သွားတော့မယ်"
ဒီနေ့ သွားမလို့ စဉ်းစားသေးပေမဲ့ ပျင်းတာနဲ့ မသွားဖြစ်တော့ဘူး၊ ဘာပဲဖြစ်ဖြစ် အခုက ဘာသာရပ် ပြောင်းလို့ရတဲ့ ရက်တွေဖြစ်တဲ့ add/drop periodပဲ ရှိသေးတာလေ။
ကျွန်တော် မျက်လုံးမှိတ်ပြီး လှဲနေတုန်း ဘေးနားကနေ အော်သံကြီး တစ်ခု ကြားလိုက်ရတယ်။
"အား။ မဖြစ်နိုင်တာ။ သောက်ကျိုးနည်း"
"ဘာဖြစ်လို့လဲ"
တက်ဂယူက ကျွန်တော့်ကို အလောတကြီး ပြောတယ်။
"ဟေ့… ကြောက်စရာကောင်းတဲ့ ကိစ္စကြီး တစ်ခု ဖြစ်သွားပြီ"
"ဘာလဲ။ ဗဟိုဘဏ်က အတိုးနှုန်းကို ရုတ်တရက်ကြီး ၁ ရာခိုင်နှုန်း တိုးလိုက်လို့လား"
"ဒါက အဲဒါနဲ့ ယှဉ်လို့တောင် မရဘူး"
"ဘာမလို့လဲ"
"မင်းဘာသာပဲ ကြည့်လိုက်တော့"
တက်ဂယူက Lululeap ဆိုတဲ့ ဆိုဒ်ထဲဝင်ပြီး သတင်းတစ်ခုကို ဖွင့်လိုက်တယ်။
[“Lost Fantasy M ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်ပြီ”]
Linux Pentagon က မိုဘိုင်း RPG ဂိမ်းဖြစ်တဲ့ Lost Fantasy M ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။ လုပ်ငန်းတွင်း သတင်းရင်းမြစ်တွေအရ Linux Pentagon ဟာ သူတို့ရဲ့ အရင်ထုတ်ခဲ့တဲ့ Raketails နဲ့ Parastone 2 ဂိမ်းတွေ အောင်မြင်မှုမရခဲ့တာကြောင့် မိုဘိုင်းဈေးကွက်ကနေ နှုတ်ထွက်လိုက်တာဖြစ်ပြီး ဒီစီမံကိန်းကိုလည်း သဘာဝအတိုင်း ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။ Linux Pentagon ကတော့ ဒါက Console gamesတွေ ထုတ်လုပ်မှုအပေါ် ပိုပြီး အာရုံစိုက်ဖို့အတွက် မလွှဲမရှောင်သာ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဒီကိစ္စအတွက် ထုတ်လုပ်ရေးအဖွဲ့နဲ့လည်း အရင်ကတည်းက သေသေချာချာ ညှိနှိုင်းခဲ့တယ်လို့ ရှင်းပြထားပါတယ်။
ဒါပေမဲ့ Lost Fantasy ရဲ့ ဖခင်ကြီးနဲ့ Pentagon ရဲ့ စီအီးအိုဟောင်းဖြစ်တဲ့ အိချီကာဝါ ရှီဂဲရုကတော့ ကုမ္ပဏီရဲ့ တစ်ဖက်သတ် ဆုံးဖြတ်ချက်ကို လက်မခံနိုင်ဘဲ ဒါကို သည်းမခံနိုင်ကြောင်းနဲ့ ထုတ်လုပ်ရေးအဖွဲ့နဲ့အတူ အလုပ်ကနေ နုတ်ထွက်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
"ဒါက ဘာလဲ"
တက်ဂယူက စိတ်ပျက်လက်ပျက်နဲ့ အော်တယ်။
"သူတို့က Lost Fantasy M ထုတ်လုပ်မှုကို ရပ်လိုက်ပြီလေ"
"နေပါဦး။ Lost Fantasyဆိုတာက ဘာလဲ"
ကျွန်တော် မေးလိုက်တော့ သူက ကြောင်ကြည့်နေတယ်။
သူက ကျွန်တော့်အမေးကို စိတ်ပျက်နေတဲ့ပုံပါပဲ။
"Lost Fantasy 12 ထဲက ဇာတ်ကောင် လူစီက ငါ့ကားပေါ်မှာ ကပ်ထားတဲ့ ဇာတ်ကောင်ပဲ။ ငါ အရင်ကလည်း ပြောဖူးတယ်လေကွာ။ မင်းက မေ့သွားတာလား"
ကျွန်တော်ကတော့ မမှတ်မိတော့ပါဘူး။ ကျွန်တော် တက်ဂယူကို စိတ်အေးအေးထားဖို့ ဖျောင်းဖျလိုက်တယ်။
"ဘာလို့ ထုတ်လုပ်မှု ရပ်လိုက်တာလဲ"
"အဲဒီနောက်ကွယ်မှာ မျက်ရည်ကျစရာ ဇာတ်လမ်းတစ်ပုဒ် ရှိတယ်"လို့ သူက ပြောတယ်။
"ဪ။ ဟုတ်လား။ အဲဒါဆိုရင် ငါ နားမထောင်တော့ဘူး" လို့ ကျွန်တော် ပြန်ပြောလိုက်တယ်။
"နားထောင်စမ်းပါဟ" ဆိုပြီး သူက အသေးစိတ် ရှင်းပြတော့တာပဲ။ Lost Fantasy ဆိုတာ Pentagon လို့ ခေါ်တဲ့ ဂျပန်ဂိမ်းကုမ္ပဏီတစ်ခုက ထုတ်တဲ့ ဂိမ်းပါ။
အရင်တုန်းကတော့ ဂျပန်က Console Game(ဂိမ်းစက်)ဈေးကွက်ကို လွှမ်းမိုးထားခဲ့တာ။ ဒါပေမဲ့ ဂိမ်းဈေးကွက်က အွန်လိုင်းနဲ့ မိုဘိုင်းဘက်ကို ပြောင်းသွားတဲ့အခါမှာတော့ Console Game ထုတ်တဲ့ ကုမ္ပဏီတွေက အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။
ငွေကြေးပြဿနာတွေနဲ့ ရုန်းကန်နေရတဲ့ Pentagon ဟာ Linux ဆိုတဲ့ တခြားကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းလိုက်ပြီး Linux Pentagon ဆိုတဲ့ ကုမ္ပဏီကြီးတစ်ခု ဖြစ်လာခဲ့တယ်။
ပူးပေါင်းလိုက်ပေမဲ့ အခြေအနေက သိပ်မထူးခြားလာပါဘူး။ Console Gameတွေရဲ့ အခန်းကဏ္ဍက လျော့နည်းလာတဲ့အချိန်မှာ အသစ်ဝင်ရောက်ထားတဲ့ အွန်လိုင်းဂိမ်းဈေးကွက်မှာလည်း အမေရိကက Ice Storm တို့၊ ကိုရီးယားက LC Soft တို့လို ကုမ္ပဏီတွေကို မယှဉ်နိုင်ခဲ့ဘူးလေ။
နောက်ဆုံးတော့ မိုဘိုင်းဂိမ်းဈေးကွက်ထဲကို အားကြိုးမာန်တက် ဝင်ခဲ့ပေမဲ့ ဆက်တိုက်ဆိုသလို အရှုံးကြီးတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး သမိုင်းတစ်လျှောက် အကြီးမားဆုံး အရှုံးပေါ်တဲ့အထိ ဖြစ်သွားခဲ့တာပါ။
အခုတစ်ခါသာ ထပ်ပြီး ရှုံးသွားရင်တော့ စီမံခန့်ခွဲသူတွေ အလုပ်ကနေ ဆင်းပေးရတော့မှာလေ။
သာမန်အသုံးပြုသူတွေ များတဲ့ မိုဘိုင်းဂိမ်းတွေနဲ့မတူဘဲ Console Gameဈေးကွက်မှာတော့ ဝါသနာအိုးတွေ အများကြီး ရှိပါတယ်။ Pentagon လိုမျိုး ဝါသနာအိုးတွေ အများကြီးရှိတဲ့ Console Gameကို သေသေချာချာ ထုတ်လိုက်ရင် အမြတ်အစွန်း လုံလုံလောက်လောက် ရနိုင်မယ်လို့ စီမံခန့်ခွဲသူတွေက ယူဆခဲ့ကြတယ်။ အဲဒါကြောင့် သူတို့က Lost Fantasy M ထုတ်လုပ်မှုကို ရပ်ဆိုင်းပြီး Console Game ထုတ်လုပ်မှုအပေါ်မှာပဲ အာရုံစိုက်ဖို့အတွက် အဖွဲ့ကို လူစုခွဲလိုက်ဖို့ ဆုံးဖြတ်လိုက်ကြတာပါ။
ဒါကြောင့် အစောပိုင်းကတည်းက Lost Fantasy ကို ထုတ်လုပ်လာတဲ့ အိချီကာဝါ ရှီဂဲရု က ဒီဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီး ကုမ္ပဏီကနေ ထွက်မယ်လို့ ခြိမ်းခြောက်ခဲ့တာပေါ့။
"ဒါက ရှီဂဲရု အတွက်တော့ တကယ့်ကို ထိုးနှက်ချက်ပဲ"
Pentagon နဲ့ Linux က တန်းတူ ပူးပေါင်းခဲ့ကြတာပါ။ ဘယ်သူကမှ ဝယ်ယူလိုက်တာ မဟုတ်တဲ့အတွက် ဘယ်သူက စီမံခန့်ခွဲမှုပိုင်းကို ယူမလဲဆိုတာက ပြဿနာ ဖြစ်လာပါတယ်။ Pentagon ရဲ့ မန်နေဂျာဖြစ်တဲ့ အိချီကာဝါ ရှီဂဲရု က စီမံခန့်ခွဲမှုပိုင်းကို Linux ဆီ စိတ်လိုလက်ရ လွှဲပေးခဲ့တယ်။ သူက ထုတ်လုပ်ရေးပိုင်းက လာတဲ့သူဆိုတော့ စီမံခန့်ခွဲမှုကနေ ဖယ်ခွာပြီး သူဖြစ်ချင်တဲ့ ဂိမ်းတွေကိုပဲ ထုတ်ချင်ခဲ့တာလေ။
ဒါပေမဲ့ အခုတော့ အဲဒါကတောင် မဖြစ်နိုင်တော့သလိုပါပဲ။
တက်ဂယူက စိတ်ပျက်လက်ပျက်နဲ့ ပြောတယ်။
"ဝမ် သန်း ၁၀,၀၀၀ လောက်အတွက်နဲ့ ရှီဂဲရု ရဲ့ ထုတ်လုပ်မှုကို ရပ်ပစ်လိုက်တယ်ပေါ့။ ဒါက အဓိပ္ပာယ် ရှိလို့လား"
"ယန်း သန်း ၁ထောင်က ဝမ် သန်း ၁၀,၀၀၀နဲ့ ညီမျှတယ်ဆိုတာ သိရဲ့လား"
"အဲတော့ ဘာဖြစ်လဲ။ ဝမ် သန်း ၁၀,၀၀၀လေးအတွက်နဲ့တဲ့ကွာ"
"... မင်းအတွက် ဝမ် သန်း ၁၀,၀၀၀က နောက်ပြောင်စရာ ဖြစ်နေတာလား"
ကျွန်တော် ကြောင်ပြီး မေးလိုက်တယ်။
"ဂိမ်းက မထွက်ဘူးဆိုရင်လည်း တခြားဂိမ်းတစ်ခုခု ဆက်လုပ်လို့ မရဘူးလား"
အဲဒီအခါ တက်ဂယူက လက်သီးကျစ်ကျစ်ဆုပ်ပြီး အော်ပြောတယ်။
"Lost Fantasy က တခြားဂိမ်းတွေနဲ့ မတူဘူး"
"ဘာက ကွာခြားလို့လဲ"
"အဲဒါက အိပ်မက်တွေ၊ စွန့်စားမှုတွေနဲ့ မျှော်လင့်ချက်တွေကွ"
ဒီနေရာမှာတော့ သူ ဘာပြောနေလဲဆိုတာ ကျွန်တော် တကယ်ကို နားမလည်တော့ပါဘူး။
"ဒီမှာကြည့်။ Luluweb က Lost Fantasy ဘုတ်ပေါ်မှာကြည့်။ ငါတို့တွေ အခု Linux Pentagon ဆီကို အဖွဲ့လိုက် ကန့်ကွက်လွှာပို့ဖို့ လက်မှတ်တွေ စုနေကြပြီ။ ဒီမှာ EDM ဆိုတဲ့ ဂိမ်းကစားသူတစ်ယောက်ဆိုရင် သန်ဘက်ခါကျရင် ဌာနချုပ်ရှေ့မှာ တစ်ယောက်ထဲ သွားပြီး ကန့်ကွက်ဆန္ဒပြဖို့တောင် စီစဉ်နေတာ။ သူ ဂျပန်သွားဖို့ လက်မှတ်တောင် ဝယ်ပြီးပြီ"
တကယ်ပဲ ဂျပန်လို ရေးထားတဲ့ ဆန္ဒပြ ဆိုင်းဘုတ်နဲ့ လေယာဉ်လက်မှတ် ဓာတ်ပုံတွေကို တင်ထားကြပါတယ်။
ဟင်း…. သူတို့မှာ လုပ်စရာ အဲလောက်တောင် မရှိကြဘူးလား။ သူတို့က အလုပ်လက်မဲ့တွေလား။
တက်ဂယူက ကျွန်တော့်ကို အကဲခတ်ရင်း မေးတယ်။
"မင်း အခုလောက်ဆို တစ်ခုခု မြင်နေရပြီ မဟုတ်လား"
"ဘာမြင်နေရလို့လဲ"
"'Lost Fantasy M အကြီးအကျယ် အောင်မြင်မယ်' ဆိုတာမျိုးလေ"
"ဟင့်အင်း၊ လုံးဝ မမြင်ရဘူး"
ကျွန်တော် မြင်နိုင်တယ်ဆိုပေမဲ့ မှန်သမျှ အကုန်မြင်ရတာတော့ မဟုတ်ဘူးလေ။ အဲဒီလိုသာဆိုရင် နေ့တိုင်း ဟိုလိုဂရမ် တွေ သန်းနဲ့ချီပြီး ပေါ်နေမှာပေါ့။
တက်ဂယူကတော့ စိတ်ပိုင်းဖြတ်ထားတဲ့ ပုံစံနဲ့ ပြောတယ်။
"မရတော့ဘူး။ ငါတို့ဘာသာပဲ ရင်းနှီးမြှုပ်နှံလိုက်ကြရအောင်"
"ဟင်"
"ကမ္ဘာတစ်ဝှမ်းက Lost Fantasy ကစားသူတွေအတွက် အိချီကာဝါ ရှီဂဲရု ဆီကို ထုတ်လုပ်ရေး ရန်ပုံငွေ ငါတို့ ပေးရမယ်။ ဝမ် သန်း ၁၀,၀၀၀ လောက်တောင် ကုန်ချင်မှကုန်မှာပါ"
ကျွန်တော် တွေးမိတာကတော့ ကျွန်တော် ရှာထားတဲ့ ပိုက်ဆံတွေနဲ့ ဘာလို့လုပ်ရမှာလဲ။ ကျွန်တော့်ရဲ့ ဝါသနာတွေအတွက်ပဲ သုံးသင့်တာပေါ့။
ဒါက သူ တကယ်ဖြစ်ချင်တဲ့အရာမလို့ သူ့ကို စိတ်ပျက်အောင် မလုပ်ချင်တော့ပါဘူး။ ဝမ် သန်း ၁၀,၀၀၀လောက်ဆိုရင်တော့ ကျွန်တော်တို့လည်း တတ်နိုင်ပါသေးတယ်လေ။
"ခဏ စောင့်ဦး"
ကျွန်တော် K ကုမ္ပဏီ ရဲ့ စီအီးအို ဆီကို ဖုန်းဆက်လိုက်တယ်။
ကလစ်
"အခု စကားပြောလို့ ရမလား"
[ရပါတယ်၊ ပြောပါ]
ကျွန်တော် တိုက်ရိုက်ပဲ ပြောလိုက်တယ်။
"ဂျပန်မှာ Linux Pentagon ဆိုတဲ့ ဂိမ်းကုမ္ပဏီတစ်ခု ရှိတယ်။ အဲဒီမှာ အိချီကာဝါ ရှီဂဲရု ဆိုတဲ့ ထုတ်လုပ်သူတစ်ယောက် ရှိတယ်။ သူ့ကို ဆက်သွယ်ပြီး အိုတက်ဂယူ မဟုတ်ဘဲ OTK Company အနေနဲ့ ဂိမ်းထုတ်လုပ်ရေးအတွက် ယန်း သန်း ၁ထောင် ရင်းနှီးမြှုပ်နှံချင်တယ်လို့ ပြောပေးပါ"
အခန်း (၅၄)
သုံးနှစ်လောက် ပျက်ကွက်ခဲ့ပြီးနောက်မှာတော့ ကျွန်တော် ကျောင်းပြန်တက်ဖြစ်ခဲ့တယ်။
ဗဟိုစာကြည့်တိုက်နားမှာ ကားပါကင်ထိုးပြီး လမ်းလျှောက်တက်လာတော့ အရာအားလုံးက သူစိမ်းပြင်ပြင်ကြီးလို ခံစားရပါတယ်။ ပြီးခဲ့တဲ့တစ်ခေါက် အယ်လီနဲ့ လာတုန်းက အပြောင်းအလဲတချို့ကို သတိထားမိပေမဲ့ တကယ့်တကယ်ကျတော့ အများကြီး ပြောင်းလဲသွားတာပါ။
စီးပွားရေးစီမံခန့်ခွဲမှုဌာန အဆောက်အဦးကို ရှာမတွေ့လို့ ခဏလောက် လမ်းတောင် ပျောက်သွားသေးတယ်။
ဘာသာရပ်တွေ ဘယ်လိုရွေးရမလဲဆိုတာတောင် မေ့နေလို့ ရှင်ယူရီကို အကူအညီ တောင်းခဲ့ရတယ်။ ကျွန်တော်တို့နှစ်ယောက်လုံးက ဒုတိယနှစ်တွေဆိုတော့ မေဂျာဘာသာရပ်တွေကို အတူတူ တက်ရမှာဖြစ်ပြီး အထွေထွေဘာသာရပ်တွေအတွက်ကတော့ ရှင်ယူရီ ရွေးပေးတာကိုပဲ လိုက်တက်ဖို့ ဆုံးဖြတ်လိုက်တယ်။
စီးပွားရေးဌာန အဆောက်အဦးဆီ သွားနေတုန်း ရင်းနှီးတဲ့ မျက်နှာတွေကို တွေ့လိုက်ရတယ်။
မင်ယောင်းနဲ့ ကျောင်ဂီတို့က ကျွန်တော့်ကို လက်လှမ်းပြကြတယ်။
"ဟေ့… ကန်ဂျင်ဟူ"
"ရောက်လာပြီလား"
မင်ယောင်းက ပြီးခဲ့တဲ့နှစ်က ဖိလစ်ပိုင်မှာ ဘာသာစကားသင်တန်း သွားတက်ခဲ့တာဖြစ်ပြီး ကျောင်ဂီကတော့ အဲဒီမတိုင်ခင်ကတည်းက ကျောင်းခေတ္တနားထားတာမို့ သူတို့နှစ်ယောက်လုံးက အခုဆို စတုတ္ထနှစ်တွေ ဖြစ်နေကြပါပြီ။
ဘွဲ့ယူတာ၊ ပြည်ပစာသင်သွားတာ၊ စစ်မှုထမ်းတာ စတဲ့ အကြောင်းပြချက်တွေကြောင့် အတန်းဖော်တွေ သိပ်မကျန်တော့ပါဘူး။ ဒါတောင် ဒီနှစ်ယောက် ရှိနေသေးတာ ကံကောင်းတယ်လို့ ပြောရမယ်။
"ကျောင်းပြန်မတက်ဘဲ တစ်နှစ်လုံး ဘာတွေလုပ်နေတာလဲ။ ငါတို့နဲ့လည်း အဆက်အသွယ် သိပ်မလုပ်ဖြစ်ဘူးနော်" လို့ မင်ယောင်းက မေးတယ်။
"ဒီလိုပါပဲ၊ ဟိုဟိုဒီဒီ ခရီးတွေ လျှောက်သွားနေတာ"
ကျောင်ဂီက ချက်ချင်းပဲ ဖြတ်မေးတယ်။
"အဲဒီတုန်းက မင်းနဲ့အတူပါလာတဲ့ အလှလေးနဲ့ရော တွေ့သေးလား"
"အယ်လီ လား။ သူက ဟောင်ကောင်ကို ပြန်သွားတာ ကြာပြီ"
တကယ်ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ဟောင်ကောင်သွားပြီး သူနဲ့ တွေ့ခဲ့တာပါ။
မင်ယောင်းက တစ်ခုခု သတိရသွားပုံပဲ။
"ဪ… ဒါနဲ့ ဒီနှစ် ပထမနှစ်တွေထဲမှာ MCK Food ဥက္ကဋ္ဌရဲ့ သား ပါလာတယ်ဆိုတာ သိလား"
"Master Chicken လား"
တောင်ကိုရီးယားကတော့ ကြက်ကြော်သမ္မတနိုင်ငံပါ။ တစ်ကမ္ဘာလုံးမှာရှိတဲ့ McDonald’s ဆိုင်တွေ အားလုံးပေါင်းတာထက် ဒီမြေပုံအသေးလေးပေါ်မှာ ကြက်ကြော်ဆိုင်တွေက ပိုတောင် များဦးမယ်။
အဲဒီထဲမှာ Master Chicken က ဆိုင်ခွဲပေါင်း ၁,၈၀၀ ကျော်ရှိတဲ့ အကြီးဆုံး ကြက်ကြော်လုပ်ငန်းတစ်ခုပါ။ ဆင်းဆာဒေါင်းမှာ အထပ် ၃၀မြင့်တဲ့ ဌာနချုပ်ရှိပြီး ကုမ္ပဏီက KOSDAQ မှာ စာရင်းဝင်ထားသလို ဈေးကွက်တန်ဖိုးကလည်း ဝမ် သန်း ၁၂၀,၀၀၀လောက် ရှိပါတယ်။
ကြက်ကြော်ရောင်းတာ ဒီလောက်အထိ ရတာလား။ ကျွန်တော်တို့နိုင်ငံကလူတွေ ကြက်ကြော် ဘယ်လောက်တောင် စားကြတာလဲ။ တစ်ချိန်တုန်းက တက်ဂယူဆိုရင်လည်း ခဏခဏ မှာစားနေကျလေ။
"တစ်ယောက်ကတော့ တတိယနှစ်အနေနဲ့ ဝင်လာတာလို့ ကြားတယ်၊ ဒါပေမဲ့ သူတို့တွေက ပြဿနာရှိပုံပဲ"
"ဘာပြဿနာလဲ"
ကျောင်ဂီက ပြောတယ်။
"ကျောင်းသားသစ်မိတ်ဆက်ပွဲတုန်းက ကြည့်လိုက်ရင် သူတို့က လူသစ်တွေကို ဂိမ်းတွေ ဆော့ခိုင်းပြီး မိန်းကလေးတွေကို အန်တဲ့အထိ အတင်းတိုက်တာ... ငရှုတ်လေးတွေကွ။ စီနီယာတွေအပေါ်မှာတောင် သူတို့က အထက်စီးဆန်နေတာ"
"စီနီယာတွေက ဘာပြောလဲ"
"အဲဒါကတော့..."
ရုတ်တရက် ကျောင်းသားတစ်စု အနားကို ရောက်လာပြီး တက်တက်ကြွကြွ နှုတ်ဆက်ကြတယ်။
"မင်္ဂလာပါ။ စီနီယာတို့"
သူတို့ကတော့ အတွေ့အကြုံမရှိသေးတဲ့ ပုံစံလေးတွေနဲ့ အသစ်စက်စက် မျက်နှာသစ်လေးတွေပါ။
"ဪ။ ဒါတွေက ဒီနှစ် ပထမနှစ်တွေလေ။ မင်ယောင်းကိုတော့ မင်းတို့ သိမှာပါ။ ပြီးတော့ ဒါက ငါ့ဂျူနီယာ ကန်ဂျင်ဟူ၊ သူက ဒီနှစ်မှာမှ ကျောင်းပြန်တက်တာ"
ကျောင်ဂီက ပထမနှစ်တွေကို ကျွန်တော့်ကို တစ်ယောက်ချင်း မိတ်ဆက်ပေးတယ်။ ကျောင်းအကြာကြီး နားထားခဲ့ပြီး မိတ်ဆက်ပွဲတွေ၊ ကြိုဆိုပွဲတွေလည်း မတက်ဖြစ်ခဲ့တော့ ဘယ်သူတွေက ကျွန်တော်တို့ဌာနက ဂျူနီယာတွေလဲဆိုတာ ခွဲရခက်နေပါတယ်။
ကျောင်ဂီက ဂုဏ်ယူသလိုနဲ့ ပြောတယ်။
"ဒါကြောင့် ငါ့လိုမျိုး မိတ်ဆက်ပွဲတွေ တက်သင့်တာပေါ့ကွာ"
"စတုတ္ထနှစ်ကြီးက မိတ်ဆက်ပွဲတွေကို သွားနေသေးတာလား"
"တခြား စီနီယာကြီးတွေလည်း အများကြီး လာကြတာပဲလေ"
ပြန်စဉ်းစားကြည့်တော့ ကျွန်တော့် ပထမနှစ် မိတ်ဆက်ပွဲတုန်းကလည်း ဘွဲ့ရပြီးသား စီနီယာတွေက အရက်တွေနဲ့ လာကြတာ သတိရမိတယ်။ အသက်အရွယ်ကြီးသူတွေကို အဲဒီလို လူငယ်တွေကြားထဲမှာ တွေ့ရတာကလည်း ရယ်စရာတော့ ကောင်းပါတယ်။
"ကျွန်မကို ကော်ဖီ ဝယ်တိုက်ပါဦး။ စီနီယာ"
"ကျွန်တော်ကတော့ Caramel Macchiato သောက်မယ်နော်"
စီနီယာတွေဆီက တစ်ခုခု ဝယ်တိုက်ဖို့ တောင်းဆိုခွင့်ရှိတာက လူသစ်တွေရဲ့ အခွင့်အရေးပါပဲ။
မင်ယောင်းက မေးတယ်။
"မင်းလည်း လိုက်ဦးမလား"
"မသွားတော့ဘူး။ ဌာနမှူးနဲ့ တွေ့ဖို့ ရှိလို့"
မင်ယောင်းနဲ့ ကျောင်ဂီတို့က ဂျူနီယာတွေကို ကျောင်းထဲက ကော်ဖီဆိုင်ကို ခေါ်သွားကြပြီး ကျွန်တော်ကတော့ ဌာနမှူးရုံးခန်းဆီ ဦးတည်လိုက်တယ်။
စီးပွားရေးစီမံခန့်ခွဲမှုဌာန ရဲ့ ဌာနမှူး ကင်မြောင်ဂျွန်။
သူ့ အသက်အရွယ်က နုပျိုသေးပေမဲ့ သင်ကြားပုံကလည်း စွဲဆောင်မှုရှိသလို ကျောင်းသားတွေအပေါ်မှာလည်း အရမ်း စေတနာထားတာကြောင့် စီးပွားရေးဌာန ကျောင်းသားတွေကြားမှာ အတော်လေး လေးစားခံရသူပါ။
ပါမောက္ခကင် က ကျွန်တော့်ကို နှုတ်ဆက်တယ်။
"သုံးနှစ်တောင် ကြာသွားပြီပဲ။ ကျောင်းပြန်တက်နိုင်တာ ဝမ်းသာပါတယ်"
"ဟုတ်ကဲ့"
ကျွန်တော် မိသားစုကိစ္စကြောင့် ကျောင်းနားခဲ့တာကို သူ သိမှာပါ။ ဒါပေမဲ့ အဲဒီနောက်ပိုင်း ဘာတွေဖြစ်ခဲ့လဲဆိုတာတော့ သူ သိမှာ မဟုတ်ပါဘူး။
"မင်း ဆုံးဖြတ်ချက် မှန်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျောင်းပြီးတာက အကောင်းဆုံးပဲလေ"
"ကျောင်းပြီးရင်တောင် အလုပ်ရဖို့က ခက်နေတာ မဟုတ်လား"
ကျွန်တော့်စကားကြောင့် သူက တဟားဟား ရယ်တယ်။
"အမှန်ပဲ။ အခု အလုပ်အကိုင်ဈေးကွက်က ခက်ခဲနေတာလေ။ ဒါပေမဲ့ မင်း ဘွဲ့ရတဲ့အချိန်ကျရင်တော့ စီးပွားရေးက ပြန်ကောင်းလာနိုင်ပါတယ်။ ဒါကြောင့် စိတ်မပူဘဲ စာကိုပဲ အာရုံစိုက်ပါ"
"ဟုတ်ကဲ့ပါ"
"အခက်အခဲ တစ်ခုခုရှိရင်လည်း လာပြောလို့ ရတယ်နော်။ အကူအညီ အများကြီး မပေးနိုင်ရင်တောင် အနည်းဆုံးတော့ အရက်တစ်ခွက် ဝယ်တိုက်နိုင်တာပေါ့"
"ကျေးဇူးတင်ပါတယ်"
ရုံးခန်းထဲက ထွက်ခါနီးမှာ ကျွန်တော် ခဏ တန့်သွားတယ်။
"ဘာလို့ ရပ်သွားတာလဲ"
"ကျွန်တော် ဆရာ့ကို လက်ဆောင်တစ်ခု ပေးချင်လို့ပါ"
အဲဒီအခါ ပါမောက္ခကင်က လက်လှမ်းတားလိုက်တယ်။
"လက်မခံဘူးနော်။ ကင်ယောင်ရန်း ဥပဒေအရ ကျောင်းသားတွေဆီက ဖျော်ရည်တစ်ခွက်တောင် လက်မခံရဘူးလေ။ မင်းရဲ့ စေတနာကိုပဲ ယူလိုက်မယ်။ လက်ဆောင်ကို ပြန်ယူသွားပါ"
"ဒါက စာရွက်တစ်ရွက်ပါပဲ"
ကျွန်တော် လွယ်အိတ်ထဲက စာရွက်တစ်ရွက် ထုတ်ပေးလိုက်တယ်။
အဲဒီမှာ 'ပါမောက္ခ ကင်မြောင်ဂျွန် သို့' လို့ ရေးထားတဲ့ လက်မှတ်တစ်ခု ပါပါတယ်။
"ဒါက ဘာလဲ"
"ချေ့ ဆောက်ဝဲ ရဲ့ လက်မှတ်ပါ။ ဆရာ သူ့ကို ဘယ်လောက် အားပေးလဲဆိုတာ ကျွန်တော် သိပါတယ်"
"ဟင်"
ကျွန်တော်လုပ်စရာရှိတာ ပြီးသွားတာနဲ့ တံခါးပိတ်ပြီး ထွက်လာခဲ့လိုက်တယ်။ ခဏနေတော့ နောက်ကနေ "ဟေ့… ဒါကို ဘယ်က ရတာလဲ" ဆိုတဲ့ အော်သံကြီး ကြားလိုက်ရပေမဲ့ မကြားချင်ယောင်ဆောင်ပြီး ထွက်လာခဲ့လိုက်တယ်။
နောက်မှ တက်ဂယူရဲ့ အစ်မဆီမှာ မေးကြည့်လို့ ရတာပဲလေ။ သူက Golden Gate မှာ အလုပ်လုပ်တာ မဟုတ်လား။
ဒုတိယနှစ် ရောက်လာတာနဲ့အမျှ မေဂျာဘာသာရပ်တွေ ပိုများလာတယ်။
စာရင်းကိုင်၊ စီမံခန့်ခွဲမှုသိပ္ပံ၊ ကော်ပိုရိတ်ဥပဒေ၊ စျေးကွက်လေ့လာမှု၊ စီးပွားရေးဆက်သွယ်မှု အစရှိတာတွေပေါ့။
ကော်ပိုရိတ်ဥပဒေ အတန်းပြီးသွားတော့ ရှင်ယူရီ က စာအုပ်တွေသိမ်းရင်း ကျွန်တော့်ကို မေးတယ်။
"ဘယ်လိုလဲ။ စီနီယာ။ အဆင်ပြေရဲ့လား"
"အင်း"
စီးပွားရေးနယ်ပယ်ထဲမှာ လက်တွေ့ လုပ်ကိုင်နေခဲ့တာ ဖြစ်ပေမဲ့လည်း အတန်းထဲမှာ စာသင်တာကို နားထောင်တဲ့အခါကျတော့ တစ်ခုမှ နားမလည်တော့ပါဘူး။
သီအိုရီနဲ့ လက်တွေ့က ကွာခြားနေတာလား၊ ဒါမှမဟုတ် ကျွန်တော့်ဦးနှောက်ကပဲ ထုံနေတာလား။
ကျောင်းပြန်တက်တုန်းက A တွေကြီးပဲ ရအောင်ယူမယ်လို့ ကြုံးဝါးခဲ့တာကို နောင်တရမိတယ်။ အမှတ်ကောင်းရတာနဲ့ အလုပ်ရဖို့က မသေချာတာကြောင့် ကျောင်းပြီးရင် တော်ပြီလို့ပဲ သတ်မှတ်ထားလိုက်တော့တယ်။ အတန်းတက်မှန်ပြီး အိမ်စာတွေ သေသေချာချာ လုပ်ရင်တော့ ကျရှုံးမှာ မဟုတ်ပါဘူးလေ။
"အတန်းပြီးရင် ကျောင်းဖွင့်ပွဲ ပါတီကို လာမှာမလား"
"မသိသေးဘူး"
"လာခဲ့ပါ။ စီနီယာရယ်။ ကျောင်းဆက်တက်ဖို့ဆိုရင် ဒီလိုပွဲမျိုးတွေမှာ ဂျူနီယာတွေနဲ့ ရင်းနှီးအောင် လုပ်ထားရမှာလေ။ စီနီယာဆိုရင် အခု အတန်းအတူတူတက်နေတဲ့ သူတွေကိုတောင် သိမှာ မဟုတ်ဘူး"
"အဲဒါတော့ ဟုတ်တယ်"
ကျွန်တော့် အတန်းဖော်အများစုက ၃ နှစ် သို့မဟုတ် ၄ နှစ်တွေဆိုတော့ အတန်းထဲမှာ တွေ့ရခဲတယ်။ ကျောင်းမှာ သက်သက်သာသာ နေနိုင်ဖို့ဆိုရင် အနည်းဆုံးတော့ မျက်မှန်းတန်းမိအောင် သိအောင် လုပ်ထားသင့်ပါတယ်။
"ကောင်းပြီလေ၊ အတူတူ သွားကြတာပေါ့"
ရှင်ယူရီ က ကျွန်တော့်စကားကြောင့် ပြုံးပျော်သွားတယ်။
"ကတိနော်"
မနက်ခင်း အတန်းပြီးသွားတော့ ကျွန်တော် အတန်းဖော်တွေနဲ့အတူ နေ့လယ်စာကို စားဖို့ ဗဟိုစာကြည့်တိုက်ရှေ့မှာ စောင့်နေခဲ့တယ်။ ကားပါကင်ရဲ့ ထောင့်တစ်နေရာမှာတော့ ကျောင်းသူလေးတွေ စုနေကြတာ တွေ့ရတယ်။
"ဝိုး… ဒီကားကို ကြည့်ဦး"
"ဒါ ဘာကားလဲ"
"i8 လေ။ အပြင်မှာ မြင်ဖူးတာ ဒါ ပထမဆုံးပဲ"
"ကားလေးက အရမ်းလှတာပဲ။ ဘယ်သူက ဒီလိုကားမျိုး စီးတာပါလိမ့်"
အံ့သြစရာကောင်းတာက ဒါကို မောင်းလာတာ တက်ဂယူ ဖြစ်နေတာပါပဲ။
ဒီနေ့အထိ သူ့ကား ကျွန်တော် ကပ်စီးနေခဲ့တာဆိုပေမဲ့ ကျွန်တော်က ကိုရီးယားမှာ သိပ်မရှိခဲ့တာကြောင့် အဆင်ပြေခဲ့တယ်။ ဒါပေမဲ့ အခု ကျောင်းတက်ရပြီဆိုတော့ ကျွန်တော်လည်း ကားတစ်စီးတော့ လိုအပ်လာပါပြီ။ ဘယ်လိုကားမျိုး ဝယ်ရမလဲဆိုတာကိုတော့ လိုက်ကြည့်နေတုန်းပါ။
မိန်းကလေးတွေက ကားကို ကြည့်ပြီး သဘောကျနေကြသလို ရှေ့မှာ selfie တွေတောင် ရိုက်နေကြသေးတယ်။
"ဒီမှာ ဖုန်းနံပါတ် ပါတယ်ဟ။ ဆက်ကြည့်ရမလား။ ငါတို့ကျောင်းက ကျောင်းသားများ ဖြစ်နေမလား"
"မလုပ်နဲ့။ အဲဒါ တက်ဂယူ ရဲ့ ဖုန်းနံပါတ်ကြီး။ သူက ငါတို့ကျောင်းက ကျောင်းသား မဟုတ်ဘူး"
မကြာခင်မှာပဲ မင်ယောင်း အရင်ရောက်လာတယ်။
"ကျောင်ဂီ ကော"
"အခုပဲ လာနေပြီ။ ဪ… ဟိုမှာ i8 တစ်စီးပါလား။ ဘယ်သူ မောင်းလာတာလဲ"
တက်ဂယူ ရော၊ i8 ရောက ပေါ်လွင်လွန်းနေပါတယ်။ လူမသိသူမသိဖြစ်မယ့် ကားမျိုးပဲ ဝယ်ရမလား။ ဒါပေမဲ့ အဲဒီလိုဆိုရင်တော့ ဇိမ်ခံကား ဝယ်နိုင်မှာ မဟုတ်လောက်ဘူး။
"ဒီနှစ် ပထမနှစ်တွေထဲမှာ ချောတဲ့သူတွေ အများကြီး ပါတယ်တဲ့။ ကျောင်ဂီ ကတော့ ဒီနှစ်ရဲ့စာသင်နှစ်အစမှာတင် ရည်းစားရအောင် အတင်းကြိုးစားနေတာ။ မင်းရော စိတ်မဝင်စားဘူးလား"
ကျွန်တော် ခေါင်းခါလိုက်တယ်။
"တော်ပါပြီ။ ကျောင်းလစာ အများကြီး ပေးထားရတာဆိုတော့ စာပဲ အာရုံစိုက်သင့်တယ်လေ။ ပညာရှာရမယ့်အရွယ်မှာ ရည်းစားထားနေလို့ ဘာထူးမှာလဲ"
"အဲ့ဒါတော့ ဟုတ်တယ်"
"မင်းကော"
"ငါလည်း စိတ်မဝင်စားပါဘူး။ အလုပ်ရဖို့အတွက်ပဲ စိတ်ပူနေရတာနဲ့တင် အားနေတာ မဟုတ်ဘူး"
ယွန်ဆွန်းအာ နဲ့ ကျွန်တော် လမ်းခွဲခဲ့သလိုပဲ မင်ယောင်း ကလည်း ဌာနထဲက စီနီယာတစ်ယောက်နဲ့ တွဲပြီး လမ်းခွဲခဲ့တဲ့ အတွေ့အကြုံ ရှိခဲ့ပါတယ်။
အဲဒါကြောင့် ကျောင်းတွင်း အချစ်ရေးဆိုတာက အလုပ်ရှုပ်စရာတစ်ခုလိုပဲ ခံစားရတာပါ။
ကျောင်ဂီ ကို ဆက်စောင့်နေတုန်း အဝေးကနေ လမ်းလျှောက်လာတဲ့ ရှင်ယူရီကို တွေ့လိုက်ရတယ်။ သူ့ရဲ့ ရွှေအိုရောင် ဆံပင်တွေကြောင့် တစ်ချက်ကြည့်ရုံနဲ့တင် သူမှန်း သိနိုင်တာပါ။
မင်ယောင်း က ရှင်ယူရီကို ကြည့်ပြီး ပြောတယ်။
"ငါတို့ဌာနမှာတော့ ထိပ်တန်း အလှဆုံး နှစ်ယောက်က ယွန်ဆွန်းအာ နဲ့ ရှင်ယူရီ ပဲ ရှိတာ"
"ဟုတ်လို့လား"
တကယ်တော့ ရှင်ယူရီက မိန်းကလေးအဆိုတော်အဖွဲ့တစ်ခုခုမှာ ပွဲဦးထွက်လို့ရတဲ့ အလှမျိုးပါ။ လှတာအပြင် သူက ထူးခြားတဲ့ ဆွဲဆောင်မှုလည်း ရှိပါတယ်။
ရှင်ယူရီ က ကျွန်တော်တို့ကို မြင်တော့ လက်လှမ်းပြပြီး နှုတ်ဆက်တယ်။
"စီနီယာဂျင်ဟူ။ စီနီယာမင်ယောင်း"
ဒါပေမဲ့ အဲဒီအချိန်မှာပဲ အမျိုးသားတစ်ယောက်က နောက်ကနေ ရောက်လာပြီး ရှင်ယူရီရဲ့ လက်ကောက်ဝတ်ကို အသာအယာ ကိုင်လိုက်ကာ "ဒီမှာ ရှိနေတာကိုး။ စောစောက ဖုန်းဆက်တာ ဘာလို့ မကိုင်တာလဲ" လို့ ရင်းရင်းနှီးနှီး ပြောလိုက်တယ်။
စစချင်းတော့ သူတို့ ရင်းနှီးတယ်လို့ ထင်မိပေမဲ့ ရှင်ယူရီရဲ့ တုံ့ပြန်မှုက နည်းနည်း ထူးဆန်းနေပါတယ်။
"လက်ကို လွှတ်"
ဒါတောင် သူက လက်ကို မလွှတ်ဘဲ ပြုံးပြုံးလေးနဲ့ "နေ့လယ်စာ မစားရသေးဘူးမလား။ အတူတူ သွားကြရအောင်။ ငါ ဝယ်ကျွေးမယ်" လို့ ပြောနေတုန်းပဲ။
ရှင်ယူရီ က မျက်မှောင်ကြုတ်လိုက်တယ်။
"ဒီကိစ္စကို စီနီယာ့ကို မသိစေချင်ဘူး"
"အာ… ငါတို့တွေက အသက်တူတူပဲကို၊ ဘာဖြစ်လို့လဲ။ တစ်ယောက်နဲ့တစ်ယောက် အေးအေးဆေးဆေး နေတာ ကောင်းတာပဲ မဟုတ်လား"
"လက်ကို လွှတ်လို့ ပြောနေတယ်လ"
ရှင်ယူရီ က သူ့လက်ကို အတင်းရုန်းပေမဲ့ အဲဒီလူရဲ့ ဆုပ်ကိုင်ထားမှုကိုတော့ မကျော်လွှားနိုင်ဘူး။
"ဘာလို့ အဲလောက်တောင် ရန်လိုနေရတာလဲ။ ဒီနေ့က အဲဒီလိုနေ့မျိုးများလား"
"ဘာ"
"ဪ….နင့်ရဲ့ မျက်နှာအမူအရာကို ကြည့်ရတာတော့ ထီပေါက်သလို ဖြစ်နေတာလေ"
ရှင်ယူရီ က ဘာမှပြန်မပြောနိုင်ဘဲ ကြောင်နေပုံပဲ။
ကျွန်တော် သူတို့ရဲ့ တုံ့ပြန်မှုကို ကြည့်ပြီး အံ့သြသွားတယ်။
"အဲဒါ ဘယ်သူလဲ"
မင်ယောင်း ကလည်း အံ့သြတကြီး မေးတယ်။
" ပထမနှစ်တွေထဲမှာ Master Chicken ရဲ့ သား ပါလာတယ်ဆိုတာကို ငါအရင်က ပြောဖူးတယ်လေ"
သည်းမခံနိုင်တာနဲ့ ကျွန်တော် ရှင်ယူရီအနားကို သွားလိုက်တယ်။
"သူ့လက်ကို လွှတ်ပေးလို့ ရမလား"
အဲဒီလူက ကျွန်တော့်စကားကြောင့် ကျွန်တော့်ကို အကဲခတ်ကြည့်တယ်။
"ခင်ဗျားက ဘယ်သူလဲ"
"ငါက စီးပွားရေးစီမံခန့်ခွဲမှုဌာန က ကန်ဂျင်ဟူ ပါ"
သူက အေးအေးစက်စက်ပဲ ခေါင်းညိတ်ပြတယ်။
"ကျွန်တော်က ချဲမြောင်ဟို ပါ။ တွေ့ရတာ ဝမ်းသာပါတယ်။ စီနီယာ"
သူ့ရဲ့ သဘောထားကို ကြည့်ရတာတော့ ကျွန်တော်တို့နှစ်ယောက်လုံးအတွက် ဒါက သာယာတဲ့ တွေ့ဆုံမှုမျိုးတော့ မဟုတ်ပါဘူး။
အဲဒီနောက် ရှင်ယူရီ လက်ကောက်ဝတ်ကို ကိုင်ထားတဲ့ သူ့လက်ကို ကျွန်တော် ဖယ်ထုတ်လိုက်တယ်။ ပြီးတော့ ရှင်ယူရီကို ကျွန်တော့်နောက်ဆွဲခေါ်လိုက်ပါတယ်။
အဲဒီအခါ ချဲမြောင်ဟို ရဲ့ မျက်နှာ အမူအရာက ပြောင်းသွားတယ်။
"ခင်ဗျား ဘာလုပ်နေတာလဲ"
"မင်းကော ဘာလုပ်နေတာလဲ"
သူ ကျွန်တော့်ရှေ့မှာ ရပ်လိုက်တယ်။ ကျွန်တော်တို့တွေက အရပ်ချင်း ဆင်တူပေမဲ့ သူ့ပခုံးတွေက ပိုကျယ်တာကြောင့် လေ့ကျင့်ခန်း ပုံမှန်လုပ်ထားမှန်း သိသာပါတယ်။
သူ့မျက်နှာကလည်း အတော်လေး ချောသလို သူ့ရဲ့ ဘောင်းဘီနဲ့ ကုတ်အင်္ကျီတွေကလည်း တစ်ချက်ကြည့်ရုံနဲ့တင် တန်ဖိုးကြီး တံဆိပ်တွေမှန်း သိသာပါတယ်။
"ကျွန်တော်တို့ ဂျူနီယာတွေ အတူတူ ထမင်းစားဖို့ လုပ်နေတာဆိုတော့ စီနီယာ ဖယ်ပေးပါဦး"
"မဟုတ်ဘူး။ ငါတို့ စီနီယာတွေ အတူတူ ထမင်းစားကြမှာဆိုတော့ ဂျူနီယာဖြစ်တဲ့ မင်းပဲ ဖယ်ပေးလိုက်ပါလား။ ဟုတ်တယ်မလား။ ရှင်ယူရီ"
ရှင်ယူရီ ကလည်း ခေါင်းညိတ်ပြီး ထောက်ခံတယ်။
"ဟုတ်တယ်။ ကျွန်မ စီနီယာဂျင်ဟူနဲ့ပဲ ထမင်းစားမှာ"
ချဲမြောင်ဟို က သက်ပြင်းချရင်း ပြောလာတယ်။
"ဟူး… သောက်လိုက်ကမ်းဆိုးမသိတဲ့ စီနီယာက ကြားဖြတ်ဝင်ပြီး ပြဿနာ ရှာနေတာပဲ..."
မတွေ့ဖူးတဲ့သူကို ဆဲလိုက်တာပဲ။ သူ့ရဲ့ စရိုက်ကိုတော့ သိလိုက်ရပါပြီ။
"မင်း အခု ဘာပြောလိုက်တာလဲ"
"ခင်ဗျားက ကျွန်တော် ဘယ်သူလဲဆိုတာ မသိလို့လား"
"မင်းကော ငါ ဘယ်သူလဲဆိုတာ သိလို့လား"
အခြေအနေက တဖြည်းဖြည်းနဲ့ ဆိုးရွားလာတယ်။ တစ်ဖက်ဖက်က အရင်လက်ပါလိုက်ရင်တောင် မဆန်းတဲ့ အနေအထားပေါ့။
မင်ယောင်း နဲ့ ရှင်ယူရီ တို့က ကျွန်တော်တို့ကို ခွဲဖို့ ကြိုးစားနေတုန်းမှာပဲ မမျှော်လင့်ထားတဲ့ လူတစ်ယောက် ရောက်လာတယ်။
စစ်သားလို ဆံပင်တိုတိုနဲ့ အိတ်ကပ်အပွကြီးတွေပါတဲ့ ဘောင်းဘီ ဝတ်ထားတဲ့ လူကောင်ကြီးကြီး လူတစ်ယောက်ပါ။
"ဟေ့… ကန်ဂျင်ဟူ။ မင်းက ဂျူနီယာနဲ့ ဘာလုပ်နေတာလဲ"
"ဪ။ စီနီယာ ကျူဝမ် "
တခြားကျောင်းတွေတော့ မသိဘူး၊ ကိုရီးယားတက္ကသိုလ်ကတော့ အာဏာပြတဲ့ စနစ် သိပ်မရှိပါဘူး။ ဒါပေမဲ့ အမြဲတမ်းတော့ အာဏာပြချင်တဲ့ စီနီယာ တစ်ယောက်တလေတော့ ရှိစမြဲပါ။ စီးပွားရေးဌာနမှာတော့ အဲဒီလူက လီကျူဝမ် ပေါ့။
ဒါနဲ့ သူက အခုထိ ကျောင်းမပြီးသေးဘူးလား။
စီနီယာကျူဝမ် က ကျွန်တော့်ကို ချက်ချင်း ဒေါသထွက်တော့တာပဲ။
"ဟေ့… တက္ကသိုလ်က အာဏာပြတဲ့ စနစ်က ဘယ်တုန်းက ပျောက်သွားလို့လဲ။ မင်းက ဘာလို့ ဂျူနီယာတွေကို စစ်သားတွေလို ဆက်ဆံနေရတာလဲ။ စီနီယာပီပီသသ နေစမ်းပါကွာ"
"ဟိုလေ... အဲဒါက..."
ကျွန်တော် အခြေအနေကို ရှင်းပြဖို့ ကြိုးစားပေမဲ့ စီနီယာကျူဝမ် က ဖြတ်ပြောတယ်။
"စီနီယာကို ဘာပြန်ပြောနေတာလဲ။ စီနီယာကို လေးစားမှု မရှိဘူးလား။ ဒီကောင် ကျောင်းအကြာကြီး နားလိုက်တော့ အရှိန်အဝါတွေ ပျောက်ကုန်ပြီ ထင်တယ်"
"..."
သူကတော့ ဂျူနီယာတွေကို စစ်သားလို မဆက်ဆံနဲ့လို့ ပြောနေပြီး သူကိုယ်တိုင်ကျတော့ အရှိန်အဝါတွေအကြောင်း ပြောနေတာပဲ။
ချဲမြောင်ဟို က ဒါကို ကြည့်ပြီး အံကြိတ်နေပါတယ်။ အဲဒီနောက် စီနီယာကျူဝမ် ရဲ့ လက်ကို ကိုင်ပြီး ပြောလိုက်တယ်။
"တော်ပါပြီ။ စီနီယာ။ စီနီယာဂျင်ဟူကလည်း အခုဆိုရင် နားလည်သွားလောက်ပါပြီ"
"မဟုတ်ဘူး။ မြောင်ဟို၊ တစ်ခါတလေကျရင် သူတို့ကို ပြင်းပြင်းထန်ထန် ဆုံးမရတယ်"
အဲဒီအခါမှာတော့ ချဲမြောင်ဟို က ပြုံးပြီး ပြောလိုက်တယ်။
"ကျွန်တော် တော်ပြီလို့ ပြောနေတယ်လေ။ မကြားဘူးလား"
သူ့ပါးစပ်က ပြုံးနေပေမဲ့ မျက်လုံးတွေကတော့ စူးစူးရှရှ ဖြစ်နေပါတယ်။
စီနီယာကျူဝမ် က တုန်လှုပ်သွားပြီး "ဪ။ အေးပါ မြောင်ဟို။ နောက်တစ်ခါ ဒီလိုမျိုး ထပ်ဖြစ်ရင် ငါ့ကို အချိန်မရွေး လာပြောနော်"
"ထမင်းသွားစားကြရအောင်။ ကျွန်တော် ဝယ်ကျွေးမယ်"
"အင်း… အေးပါ။ ကျေးဇူးပဲ"
စီနီယာကျူဝမ် က ချဲမြောင်ဟို နောက်ကို လိုက်သွားရင်း ကျွန်တော့်ကို ပြောလိုက်သေးတယ်။
"ငါ မင်းကို စောင့်ကြည့်နေမှာနော်၊ သတိထား"
သူ လိုက်သွားတဲ့ ပုံစံက သခင်နောက်ကို အမြီးနန့်ပြီး လိုက်သွားတဲ့ ခွေးလေးတစ်ကောင်လိုပါပဲ။
ဒါက ဘာတွေလဲ။
သူက အမြဲတမ်း အာဏာပြချင်နေတာမျိုး ရှိပေမဲ့ ဒီလိုမျိုး အကြောင်းပြချက် မရှိဘဲ လုပ်မယ့်သူတော့ မဟုတ်ပါဘူး။
"စီနီယာကျူဝမ် က ဘာဖြစ်လို့ ဒီလို ဖြစ်သွားရတာလဲ"
မင်ယောင်း က သက်ပြင်းချရင်း ပြောတယ်။
"နားလည်ပေးလိုက်ပါ။ သူက အဲဒီလို လုပ်ချင်လို့ လုပ်နေတာလို့ မင်းက ထင်နေတာလား"
"ဟမ်"
"စီနီယာကျူဝမ် ရဲ့ အဖေက ပြီးခဲ့တဲ့နှစ်က အလုပ်နားခံလိုက်ရတာလေ"
"အဲဒါက ဘာဆိုင်လို့လဲ"
"သူက ကြက်ကြော်ဆိုင် ဖွင့်လိုက်လို့လေ"
"...ဪ"