← Chapters

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း (၅၅)

ကျွန်တော် ရှင်ယူရီကို မေးလိုက်တယ်။

"အဲ့ကောင်က ဘာလို့ ဒီလိုတွေ လုပ်နေရတာလဲ"

ရှင်ယူရီက စိတ်ပျက်လက်ပျက်နဲ့ ခေါင်းခါပြီး ပြန်ဖြေတယ်။

"ကျွန်မလည်း မသိတော့ဘူး။ ရူးတောင် ရူးချင်လာပြီ"

သူတို့က ပထမနှစ် ကြိုဆိုပွဲတုန်းက စတွေ့ခဲ့ကြတာပါ။ ချဲမြောင်ဟိုက ရှင်ယူရီကို မြင်မြင်ချင်း သဘောကျသွားပြီး တွဲဖို့ ပြောခဲ့ပေမဲ့ ရှင်ယူရီက ချက်ချင်းပဲ ငြင်းလိုက်တယ်။ ဒါပေမဲ့ အဲဒီမှာတင် ဇာတ်လမ်းက မပြတ်သွားခဲ့ဘူး။

သူ့ဖုန်းနံပါတ်ကို မပေးခဲ့ပေမဲ့လည်း အဲဒီလူက နည်းလမ်းမျိုးစုံနဲ့ ဆက်သွယ်လာခဲ့တယ်။ ဖုန်းနံပါတ်ကို block လိုက်ရင်တောင် တခြားနည်းလမ်းနဲ့ ထပ်ပြီး ရောက်လာပြန်တာပဲ။

ရှင်ယူရီက ချဲမြောင်ဟို ပို့ထားတဲ့ မက်ဆေ့ချ်တွေကို ကျွန်တော့်ကို ပြတယ်။ တကယ်ကို ရယ်စရာကြီးပါ။ အချစ်အကြောင်းတွေ ကြွေးကြော်နေတာတွေ၊ ကုန်တိုက်မှာ တန်ဖိုးကြီးအိတ်တွေ သွားဝယ်တာတွေ၊ ဘာလိုချင်လဲ အကုန်ဝယ်ပေးမယ်ဆိုတာတွေ အများကြီးပါပဲ။

ဒီလို အမူအရာမျိုးတွေက တခြားသူတွေအပေါ်မှာတော့ အလုပ်ဖြစ်ချင်ဖြစ်မှာပေမဲ့ ရှင်ယူရီအတွက်တော့ ဒါတွေက လုံးဝ မလိုအပ်တဲ့အရာတွေပါ။ သူ တန်ဖိုးကြီးအိတ် လိုချင်ရင် သူ့ရဲ့ ရှယ်ယာတွေကို ရောင်းပြီး ဝယ်လိုက်လို့ ရတာပဲလေ။ ဒါကြောင့် ချဲမြောင်ဟိုရဲ့ မက်ဆေ့ချ်တွေကို သူက အပိုတွေလို့ပဲ မြင်တာလေ။

"သူက နင့်ကို တကယ် သဘောကျနေပုံပဲ" လို့ ကျွန်တော် ပြောလိုက်တော့ ရှင်ယူရီက မျက်လုံးလှန်ပြတယ်။

"အခုမှ အဲဒါကို ပြောနေတာလား"

"ဆောရီးပါ"

ဒီလို အမူအရာမျိုးတွေကို လုံးဝ မကြိုက်တဲ့သူတစ်ယောက်အပေါ် အတင်းအဓမ္မ လုပ်နေတာက အကြမ်းဖက်မှုတစ်ခုလိုပါပဲ။ ဒါက အနှောင့်အယှက်ပေးနေတာ မဟုတ်ဘူးလား။ ကျွန်တော်တို့ ဗဟိုစာကြည့်တိုက်က ထမင်းစားဆောင်ဆီ ဦးတည်လိုက်ကြတယ်။ ထမင်းစားနေတုန်းမှာ ချဲမြောင်ဟို အကြောင်းကို မင်ယောင်းဆီကနေ ထပ်ကြားခဲ့ရသေးတယ်။

ဂိုဂျွန်ဟျွန်း ရဲ့ ကိစ္စကို ကြည့်မယ်ဆိုရင် ချေဘော မိသားစုက ကလေးတွေတောင် ကိုရီးယား စီးပွားရေးကျောင်းကို တစ်ခါတလေ တက်တတ်ကြပါတယ်။ ဒါကြောင့် Master Chicken ဥက္ကဋ္ဌရဲ့ သားကြီးက ပထမနှစ်အနေနဲ့ ကျောင်းဝင်လာတာက သိပ်တော့ မထူးဆန်းပါဘူး။ စီနီယာတွေကတော့ လူစုပွဲတွေမှာ ကြက်ကြော် အလကား စားရမလားလို့ ခပ်အေးအေးပဲ မျှော်လင့်နေကြတာပေါ့။

ဒါပေမဲ့ ဒီပထမနှစ်ကျောင်းသားသစ်က အတော်ကို ထောင့်မကျိုးတာပါ။ Orientationတုန်းက သတ်မှတ်ထားတဲ့ အချိန်ဇယားတွေ၊ စည်းကမ်းတွေကို ဂရုမစိုက်သလို စီနီယာတွေကိုလည်း ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတယ်။ သောက်စားတဲ့ပွဲတွေမှာလည်း မိန်းကလေးတွေကို အတင်းအဓမ္မ တိုက်တာမျိုးတွေ လုပ်ခဲ့တယ်။

ဒီအခြေအနေက စီနီယာကျူဝမ် အတွက်တော့ ဒီအတိုင်း ကြည့်နေလို့ ရတဲ့ကိစ္စ မဟုတ်ဘူးလေ။

စီနီယာကျူဝမ်က အဲဒီမြင်ကွင်းကို မြင်တဲ့သူတိုင်းကို ဆူပူကြိမ်းမောင်းခဲ့ပေမဲ့ ချဲမြောင်ဟိုကတော့ သူ့အမှားကို နောင်တရမယ့်အစား ရန်ဖြစ်ချင်တဲ့ ပုံစံမျိုးနဲ့ ပြန်တုံ့ပြန်ခဲ့တယ်။

ကံကောင်းတာက ဘေးနားက စီနီယာတွေက ဒါဟာ မူးပြီး ဖြစ်သွားတဲ့ အမှားပါလို့ ကြားဖြတ်ဖျန်ဖြေပေးခဲ့ကြလို့ပဲ အခြေအနေက အေးအေးဆေးဆေး ပြီးသွားခဲ့တာ။

ပြဿနာက Orientation ပြီးသွားတဲ့နောက်မှာ စတာပါ။

စီနီယာကျူဝမ်ရဲ့ အဖေက ပြီးခဲ့တဲ့နှစ်က အငြိမ်းစားယူခဲ့ပြီး အငြိမ်းစားယူတဲ့သူတွေ လုပ်လေ့ရှိတဲ့ လမ်းကြောင်းအတိုင်း လျှောက်ခဲ့တယ်။

သူက ကုမ္ပဏီအကြီးကြီးတစ်ခုရဲ့ မန်နေဂျာဘဝကနေ ကြက်ကြော်ဆိုင်လေးတစ်ဆိုင် ဖွင့်ခဲ့တာဖြစ်ပြီး အဲဒါက Master Chicken ရဲ့ ဆိုင်ခွဲတစ်ခု ဖြစ်နေတာပေါ့။

သူက နားနားနေနေ မနေဘဲ သားသမီးတွေကို ထောက်ပံ့ဖို့အတွက် ကြက်ကြော်တွေကို ကြိုးကြိုးစားစား ကြော်ပေးနေတာပါ။ ဒါပေမဲ့ ရုတ်တရက် ဌာနချုပ်ကနေ တစ်ကိုယ်ရေသန့်ရှင်းမှု စစ်ဆေးရေး ရောက်လာတယ်။ သူတို့က ချို့ယွင်းချက်အမျိုးမျိုးကို ရှာတွေ့ခဲ့ပြီး လုပ်ငန်းကို ၁၀ ရက်ကြာ ပိတ်ထားဖို့ အမိန့်ထုတ်ခဲ့တယ်။

လုပ်ငန်း ချက်ချင်းရပ်နားခံရတာက အတော်လေး ထိခိုက်သွားသလို အစားအသောက် သန့်ရှင်းမှုပိုင်းမှာ သတိပေးချက် ၃ ကြိမ်ရတာနဲ့ ဆိုင်ခွဲသဘောတူညီချက်က အလိုအလျောက် ပျက်ပြယ်သွားမှာ ဖြစ်ပါတယ်။

အဲဒါက သူ့အဖေရဲ့ အငြိမ်းစားယူလို့ ရတဲ့ ငွေတွေအကုန် ပုံအောပြီး ဖွင့်ထားတဲ့ ကြက်ကြော်ဆိုင်ပါ။ မိသားစုတစ်ခုလုံးရဲ့ စားဝတ်နေရေးက အဲဒီဆိုင်လေးပေါ်မှာပဲ မူတည်နေတာ။

ကျန်တဲ့ အပိုင်းကို ဆက်နားမထောင်ရင်တောင် ဘာဆက်ဖြစ်မလဲဆိုတာ မှန်းရလွယ်ပါတယ်။

"ကျန်တဲ့ စီနီယာတွေကော ဘာပြောလဲ"

မင်ယောင်းက ခေါင်းလေးစောင်းပြီး ပြောတယ်။

"စီနီယာကျူဝမ် ဘာဖြစ်သွားလဲဆိုတာ မြင်ပြီးမှတော့ ဘယ်သူက ဘာပြောရဲတော့မှာလဲ"

"ဂိုဂျွန်ဟျွန်းကော"

"အဲဒီစီနီယာက တစ်ခုခု ပြောရင် သူလည်း ဘာမှ ပြန်ပြောနိုင်မှာ မဟုတ်ဘူးမလား"

"သူက ကျောင်းကို လာခဲတယ်လေ။ အစတုန်းကတော့ သူက ဆွန်းအာကို လိုက်ဖို့ ကြိုးစားသေးတယ်။ ဒါပေမဲ့ စီနီယာဂျွန်ဟျွန်းနဲ့ ပတ်သက်နေမှန်း သိသွားတော့ ဆွန်းအာကိုပါ ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံလာတော့တာပဲ"

အရင်းရှင်လူ့အဖွဲ့အစည်းမှာတော့ ပိုက်ဆံက အာဏာပါပဲ။ ဘယ်သူကမှ အာဏာရှိတဲ့သူတွေနဲ့ ပြဿနာ မတက်ချင်ကြဘူး။

ချဲမြောင်ဟိုကလည်း ဘာမှ စဉ်းစားဉာဏ် မရှိတဲ့သူတော့ မဟုတ်ပါဘူး။ သူနဲ့ ရင်းနှီးတဲ့ ဂျူနီယာတွေ၊ စီနီယာတွေအပေါ်မှာတော့ ပိုက်ဆံကို လက်ဖွာပြီး သုံးစွဲခဲ့တာပဲ။ စီနီယာကျူဝမ်ရဲ့ ဆိုင်က နှစ်ရက်အကြာမှာ ပြန်ဖွင့်ခွင့်ရခဲ့ပြီး ရုတ်တရက် အကောင်းဆုံး ဆိုင်ခွဲအဖြစ် သတ်မှတ်ခံရတာက အထင်ရှားဆုံး ဥပမာပါပဲ။

အာဏာရှိတဲ့သူကို သွားစော်ကားရင် ဘာဖြစ်မလဲ။ သူတို့ကို ကောင်းကောင်း ဆက်ဆံရင် ဘာအကျိုးကျေးဇူးတွေ ရမလဲဆိုတာကို သူက အကွက်ကျကျ ပြသခဲ့တာပါ။

ဇာတ်လမ်းကို နားထောင်ပြီး ကျွန်တော် ဘာမှ ပြန်မပြောနိုင်တော့ဘူး။

"ဒါက..."

ဒါက ဆိုင်ခွဲစနစ်ရဲ့ အနိုင်ကျင့်မှုပါပဲ။

ကုမ္ပဏီကြီးတွေက လက်အောက်ခံ လုပ်ငန်းငယ်တွေကို ဖိနှိပ်ကြသလို ဆိုင်ခွဲဌာနချုပ်တွေကလည်း ဆိုင်ခွဲပိုင်ရှင်တွေကို ဖိနှိပ်ကြတာလေ။ နိုင်ငံခြားမှာ အတွေ့အကြုံတွေ ရခဲ့ပြီးမှ တောင်ကိုရီးယားကို ပြန်လာတဲ့အခါမှာတော့ ဒါတွေက ပိုပြီး သိသာလာတယ်။

ချေဘော မိသားစုက ကလေးတွေတောင် ကောလာဟလတွေကို ကြောက်လို့ လျှောက်မလုပ်ရဲကြပါဘူး။ ဆောင်း အီလက်ထရောနစ် ဒါမှမဟုတ် အွန်ဆောင်း မော်တာ အဖွဲ့အစည်းတွေရဲ့ သားသမီးတွေ သတင်းထဲမှာ ပြဿနာတက်တာ ကြားဖူးလို့လား။ ပြဿနာတွေက များသောအားဖြင့်တော့ နာမည်မရှိတဲ့ လူတွေဆီကပဲ လာတာပါ။ (ဒါကလည်း မီဒီယာတွေကို ကုမ္ပဏီကြီးတွေက ထိန်းချုပ်ထားလို့ ဖြစ်နိုင်ပါတယ်)

မင်ယောင်းက စိုးရိမ်တကြီးနဲ့ ပြောတယ်။

"အဆင်ပြေပါ့မလား။ စောစောက အဲဒီကောင်လေးကို ကြည့်ရတာတော့ ဒီအတိုင်း ငြိမ်နေမယ့်ပုံ မဟုတ်ဘူး"

ကျွန်တော် ရယ်လိုက်တယ်။

"သူ ဘာလုပ်နိုင်မှာမလို့လဲ"

ကျွန်တော်ကိုယ်တိုင်လည်း ဒီအတိုင်း လွှတ်ထားဖို့ အစီအစဉ် မရှိပါဘူး။

အနည်းဆုံးတော့ စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ လုပ်ငန်းရှင်လေးတွေအပေါ်မှာ ဒီလိုမျိုး မလုပ်သင့်ဘူးလေ။

ကျောင်းဖွင့်ပွဲ ပါတီကိုတော့ ကျောင်းနောက်ပေါက်နားက အရက်ဆိုင်လေးတစ်ခုမှာ လုပ်ခဲ့တာပါ။ ဒီနေ့တော့ စီးပွားရေးစီမံခန့်ခွဲမှုဌာန တစ်ခုလုံးက အဲဒီဆိုင်ကို ငှားထားတာပေါ့။

အခမ်းအနားမှူးအဖြစ် လုပ်နေတဲ့ ကျောင်းသားတစ်ယောက်က အော်ပြောတယ်။

"စီနီယာတို့။ ကျေးဇူးပြုပြီး ပထမနှစ်တွေနဲ့ အတူတူ ထိုင်ပေးကြပါ"

ညွှန်ကြားချက်အတိုင်း ထိုင်လိုက်တော့ ဘေးတစ်ဖက်တစ်ချက်မှာ ပထမနှစ်တွေ ဖြစ်နေပါတယ်။

"ကဲ… အားလုံးပဲ ခွက်တွေ ပြည့်ကြပြီလား။ ဒါဆိုရင် စာသင်နှစ် အသစ်အတွက် ခွက်မြှောက်ပြီး အောင်ပွဲခံကြရအောင်"

ကျွန်တော် ပထမနှစ်တွေနဲ့ ခွက်ချင်းတိုက်ရင်း တစ်ယောက်ချင်းစီကို မှတ်သားထားလိုက်တယ်။ သူတို့က ကျွန်တော့်ထက် ၄ နှစ်လောက် ငယ်ကြတာပါ။ စဉ်းစားကြည့်ရင် ကျွန်တော် အထက်တန်းကျောင်းသားဘဝတုန်းက သူတို့က မူလတန်းပဲ ရှိဦးမှာလေ။

အရက်အနည်းငယ် သောက်ပြီးတဲ့နောက်မှာတော့ မင်ယောင်းနဲ့ ကျောင်ဂီတို့ ထိုင်နေတဲ့နေရာကို ကျွန်တော် သွားလိုက်တယ်။ ဆွန်းအာကတော့ အဲဒီမှာ ရှိနှင့်နေပါပြီ။

သူ့ကို မတွေ့တာ တစ်နှစ်လောက် ရှိပြီထင်တယ်။

သူကတော့ တစ်ချက်ကြည့်လိုက်ရုံနဲ့တင် ဆွဲဆောင်မှုရှိနေတုန်းပါပဲ။

ကျွန်တော့်ကို ကြည့်ပြီး ဆွန်းအာက ပြောတယ်။

"နေကောင်းရဲ့လား။ ငါလည်း ဒီနှစ် ကျောင်းပြန်တက်တာ"

"အင်း"

"ဂိုဂျွန်ဟျွန်းကိုတော့ မတွေ့မိဘူးနော်"

"အဲဒီစီနီယာကော မလာဘူးလား"

"သူ ခဏနေရင် လာမှာတဲ့"

ကျွန်တော် ထိုင်လိုက်ပြီး အားလုံးနဲ့ ခွက်ချင်း တိုက်လိုက်တယ်။

ဆွန်းအာက မေးတယ်။

"ဘာလို့ ကျောင်းကို ချက်ချင်း ပြန်မတက်တာလဲ"

"ဟိုဟိုဒီဒီ ကိစ္စတွေနဲ့ အလုပ်ရှုပ်နေလို့ပါ"

ဆွန်းအာက တစ်ခုခု ထပ်မေးချင်ပုံ ရပေမဲ့ ဘာမှတော့ မပြောတော့ဘူး။

အချိန်ကြာလာတာနဲ့အမျှ ရင်းနှီးတဲ့အုပ်စုတွေ စုမိလာကြတယ်။ ရှင်ယူရီနဲ့ ဟွမ်ဂျီဟဲ အပါအဝင် သူငယ်ချင်းအုပ်စုတွေကလည်း ရယ်ရယ်မောမော စကားပြောနေကြတယ်။

မင်ယောင်းက ဆိုင်ထဲကို ဝေ့ကြည့်ပြီး ပြောတယ်။

"စဉ်းစားကြည့်မှ... ဟိုကောင်လေး ရောက်မလာသေးဘူးပဲ"

"ဟုတ်တယ်"

ဒါပေမဲ့ စကားတောင် မဆုံးသေးခင်မှာပဲ အနက်ရောင် Mercedes-Benz S-Class တစ်စီးက ဆိုင်ရှေ့မှာ ရပ်လိုက်တယ်။ ကားမောင်းသူနေရာကနေ ချဲမြောင်ဟို ဆင်းလာပြီး ဘေးကနေ စီနီယာကျူဝမ် ဆင်းလာပါတယ်။ နောက်ခန်းကနေတော့ ကျောင်းသူ ၃ ယောက် ဆင်းလာတယ်။ အဲဒီထဲက တစ်ယောက်ရဲ့ မျက်နှာကို ကျွန်တော် မှတ်မိနေတယ်။

ဟဲမီက အော်ပြောတယ်။

"ကားက တကယ်လှတာပဲ။ Mercedes-Benz S-Class ကတော့ အကောင်းဆုံးပဲနော်။ ငါ့အတန်းဖော်တချို့ဆိုရင် ကားသေးသေးလေးတွေ မောင်းနေတာ၊ အစုတ်ပလုတ်တွေကျနေတာပဲ။ ဒါကမှ တကယ့် အဆင့်အတန်းရှိတာလို့ခေါ်တယ်"

"......"

သူလည်း အခုထိ ကျောင်းမပြီးသေးဘူးပဲ။

ချဲမြောင်ဟိုက ကားသော့ကို လက်နဲ့ ဝေ့ယမ်းရင်း ဆိုင်ထဲကို အေးဆေးပဲ ဝင်လာတယ်။ ပြီးတော့ ပြောစရာမလိုအောင်ဘဲ ရှင်ယူရီရဲ့ဘေးမှာ ထိုင်လိုက်တယ်။

"အတူတူ သောက်ရအောင်။ စီနီယာ"

ရှင်ယူရီက မျက်မှောင်ကြုတ်လိုက်တယ်။

"နင်နဲ့ မသောက်ချင်ဘူး"

ချဲမြောင်ဟိုက ရယ်မောရင်း ပြောတယ်။

"အင်း။ ဒီလို မူနေတာလေးကလည်း ဆွဲဆောင်မှု သိပ်မရှိဘူးနော်"

သူ့ရဲ့ ပုံစံကို ကြည့်ရတာတော့ သူက ဆက်ဆံရေးတွေကို အာဏာပြတဲ့ စနစ်လိုပဲ မြင်နေပုံရတယ်။ တခြားသူရဲ့ ခံစားချက်ကို ဂရုမစိုက်ဘဲ သူ့စိတ်ကြိုက်ပဲ လုပ်နေတာပါ။

"ကဲ… လာပါ။ သောက်ရအောင်"

ချဲမြောင်ဟိုက ရှင်ယူရီရဲ့ ပခုံးပေါ်ကို လက်တင်ပြီး အနားကို တိုးလာပေမဲ့ ရှင်ယူရီက သူ့လက်ကို တွန်းထုတ်လိုက်တယ်။

အခြေအနေတွေ ပိုဆိုးမလာခင် ကျွန်တော် သူတို့အနားကို သွားလိုက်တယ်။

"ရှင်ယူရီ။ ငါ့ကို နေရာလေး နည်းနည်း ဖယ်ပေးမလား"

ကျွန်တော့်စကားကြောင့် ရှင်ယူရီက ထရပ်လိုက်ပြီး ကျွန်တော်က သူ့နေရာမှာ ဝင်ထိုင်လိုက်တယ်။

"အတူတူ သောက်ရအောင်လေ"

ချဲမြောင်ဟိုက မျက်မှောင်ကြုတ်သွားတယ်။

"နောက်ထပ် စီနီယာတစ်ယောက်ပေါ်လာတာပေါ့လေ"

"အေး"

သူက ပခုံးတွန့်ပြတယ်။

"အပိုတွေ လာမလုပ်နဲ့။ တခြားနေရာကို သွားလိုက်"

"အင်း။ ဒီလို အတင်းအဓမ္မ လုပ်တဲ့သူကလည်း ဆွဲဆောင်မှု သိပ်မရှိဘူးနော်"

ရုတ်တရက် ဆိုင်ထဲမှာ အခြေအနေက ငြိမ်သက်သွားတယ်။

တင်းမာမှုတွေ များလာတဲ့အချိန်မှာ စီနီယာကျူဝမ် ရောက်လာတယ်။

"ဟေ့။ ကန်ဂျင်ဟူ..."

ချဲမြောင်ဟိုက လက်မြှောက်ပြီး တားလိုက်တော့ စီနီယာကျူဝမ်က ချက်ချင်းပဲ ပါးစပ်ပိတ်သွားတယ်။

သူက ညည်းညည်းညူညူနဲ့ ပြောလာတယ်။

"လာတုန်းက စီနီယာဟဲမီ ပြောပြလို့ ကြားခဲ့တယ်။ ခင်ဗျားက စီနီယာအစ်မကို ပြဿနာတွေ အကြီးအကျယ် ရှာခဲ့တယ်ဆို။ ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းပြန်တက်နိုင်တာတော့ ဟုတ်နေတာပဲ"

အင်း။ ဟဲမီကတော့ ထုံးစံအတိုင်း ပါးစပ်ဖွာဆဲပါလား။

သူ့ကိုတော့ ကျွန်တော် လုံးဝ နားမလည်နိုင်တော့ဘူး။

"မင်းက ငါ့ကို တကယ် သဘောမကျဘူးလား"

ကျွန်တော် ရှေ့က ခွက်ကို ယူပြီး ဘီယာ သောက်လိုက်တယ်။

"တခြားသူတွေ ပြောတာ ကြားတယ်။ မင်းက အရက်သောက်တဲ့ ဂိမ်းတွေမှာ တော်တယ်ဆို။ ဂိမ်းတစ်ခု ဆော့ရအောင်"

သူ့မျက်ခုံးတွေ တွန့်သွားတယ်။

"ဂိမ်းဟုတ်လား"

"ငါ အခုလေးတင် စဉ်းစားမိတဲ့ ဂိမ်းတစ်ခုရှိတယ်။ စည်းကမ်းက ရိုးရိုးလေးပဲ။ အချိန်အကန့်အသတ်တစ်ခု သတ်မှတ်မယ်။ ပြီးတော့ စားပွဲပေါ်မှာ ငွေသားတွေကို ပုံမယ်။ ပိုက်ဆံ အများဆုံး ပုံနိုင်တဲ့သူက နိုင်မယ်။ ရှုံးတဲ့သူက ကျောင်းထွက်ရမယ်။ ဘယ်လိုလဲ"

ချဲမြောင်ဟိုက ဇဝေဇဝါ ဖြစ်သွားတယ်။

"ခင်ဗျားက ကျွန်တော် ဘယ်သူလဲဆိုတာ မသိဘူးလား"

"သိတာပေါ့။ မင်းက ချမ်းသာတယ် မဟုတ်လား။ ဒါပေမဲ့ ဒီမှာရှိတဲ့သူ ဘယ်သူမှ အဲဒီပိုက်ဆံတွေကို တကယ် မမြင်ဖူးကြသေးဘူးလေ"

ကျွန်တော် အားလုံး ကြားအောင် အသံကျယ်ကျယ်နဲ့ ပြောလိုက်တယ်။

"ပိုက်ဆံမထုတ်ပြဘဲ လူတိုင်းသူဌေးယောင်ဆောင်လို့ရတာပဲ။ ငါလည်း ဒီအချိန်အထိ ငါ့ရဲ့ ချမ်းသာမှုကို ဖုံးကွယ်ထားတာကွ။ တကယ့်တကယ်တော့ ငါ့အိမ်မှာ ဒေါ်လာ သန်းထောင်ပေါင်းများစွာ ရှိတာလေ"

ကျွန်တော့်စကားတွေက ရုတ်တရက်နားထောင်ရင် ပေါက်ကရ ပြောနေသလိုပဲ ဖြစ်မှာပါ။

"စီနီယာ... ခင်ဗျား အခု အမှားကြီး မှားနေပြီ"

ကျွန်တော်က ရန်စတဲ့ပုံစံနဲ့ ပြောလိုက်တယ်။

"မင်းက ကိုယ့်ကိုယ်ကိုယ် မယုံကြည်လို့လား"

"ဘာလို့ ဒီလို အဓိပ္ပာယ်မရှိတဲ့ ဂိမ်းကို ဆော့ရမှာလဲ"

သူကတော့ လွယ်လွယ်နဲ့ ဆွဲဆောင်လို့ ရမယ့်သူ မဟုတ်ဘူး။

ကျွန်တော် ဘယ်လို အခြေအနေမျိုး ပေးရမလဲလို့ စဉ်းစားနေတုန်းမှာ ဘေးနားမှာ နားထောင်နေတဲ့ ရှင်ယူရီက ဝင်ပြောတယ်။

"နင်သာ နိုင်ရင် နင်ခိုင်းတာ အကုန်လုပ်ပေးမယ် "

ချက်ချင်းပဲ ချဲမြောင်ဟိုရဲ့ မျက်လုံးတွေက တောက်ပသွားတယ်။

"တကယ်လား"

ရှင်ယူရီက ခေါင်းညိတ်ပြတယ်။

"အေး။ ငါက ချမ်းသာတဲ့ အမျိုးသားတွေကို ကြိုက်တာ။ ဒါကြောင့် နိုင်အောင် လုပ်ပါ"

ချဲမြောင်ဟိုက ချက်ချင်းပဲ သဘောတူလိုက်တယ်။

"ကောင်းပြီ။ လုပ်ကြတာပေါ့"

ကျွန်တော့်ဘေးနားကို အသာလေး ရောက်လာတဲ့ မင်ယောင်းနဲ့ ကျောင်ဂီတို့က ဝင်တားကြတယ်။

"မင်း မူးနေတာလား။ ဘာလို့ ဒီလိုတွေ လုပ်နေတာလဲ"

"ဂိမ်းကို မြန်မြန် ပြန်ဖျက်လိုက်ပါကွာ"

"စိတ်မပူပါနဲ့။ နိုင်ဖို့ပဲ လိုတာ မဟုတ်လား"

အဲဒီမြင်ကွင်းကို ကြည့်ပြီး ချဲမြောင်ဟိုက ရယ်မောနေတယ်။

သူ ဘယ်လောက်အထိ ဆက်ရယ်နိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့။

မျက်နှာသစ်ပြီး အိမ်သာထဲက ထွက်လာတော့ ဆွန်းအာက ကျွန်တော့်ရှေ့မှာ ရပ်နေပါတယ်။

"နင် ဘာတွေ စဉ်းစားနေတာလဲ။ တကယ်ပဲ ကျောင်းထွက်တော့မှာလား"

"ငါ ရှုံးရင်တော့ အဲဒီအတိုင်း လုပ်ရမှာပေါ့"

ဆွန်းအာက သက်ပြင်းချရင်း မေးတယ်။

"နိုင်မယ့် နည်းလမ်း ရှိလို့လား"

"ငါ့ကို ပိုက်ဆံ ခဏလောက် ချေးပေးနိုင်မလား"

"ဘာ"

"နောက်တာပါ"

"နင်ကတော့ တကယ်ပါပဲ..."

ဆွန်းအာက တစ်ခုခု ပြောချင်ပုံ ရပေမဲ့ နှုတ်ခမ်းကိုပဲ ခပ်ဖွဖွ ကိုက်ထားတယ်။

ကျွန်တော် သူ့ဘေးကနေ ဖြတ်လျှောက်လာခဲ့တယ်။ အလယ်စားပွဲမှာတော့ အရာအားလုံးကို အကွက်ကျကျ ပြင်ဆင်ထားပြီး ချဲမြောင်ဟိုက အဲဒီရှေ့မှာ ထိုင်နေတယ်။

တခြားကျောင်းသားတွေကတော့ ပွဲကြည့်ပရိသတ်တွေလို ဝိုင်းကြည့်နေကြတာပေါ့။

မထိုင်ခင်မှာ ကျွန်တော် ရှင်ယူရီကို အသာလေး ကပ်မေးလိုက်တယ်။

"ငါ ရှုံးသွားရင် နင် တကယ်ပဲ သူနဲ့ တွဲမှာလား"

ရှင်ယူရီက နောက်ပြောင်တဲ့ ပုံစံနဲ့ ပြုံးပြတယ်။

"စီနီယာက ဘယ်လိုပဲဖြစ်ဖြစ် နိုင်မှာပဲလေ"

"..."

သူက ဘာကို ယုံကြည်ပြီး ဒီလိုတွေ လုပ်နေရတာလဲ။

ကျွန်တော် သူ့မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်ပြီး စည်းကမ်းချက်တွေကို နောက်တစ်ခေါက် ထပ်ရှင်းပြလိုက်တယ်။

"အချိန်က ၂ နာရီ။ အဲဒီအချိန်အတွင်းမှာ စားပွဲပေါ်မှာ ငွေသား အများဆုံး ပုံနိုင်တဲ့သူက နိုင်မယ်။ မင်း ပိုက်ဆံဖြစ်ဖြစ်၊ မင်း မိဘတွေ ပိုက်ဆံဖြစ်ဖြစ်၊ တခြားသူဆီက ဖြစ်ဖြစ်၊ ချေးလာတဲ့ ပိုက်ဆံဖြစ်ဖြစ် ကိစ္စမရှိဘူး။ နိုင်ငံခြားငွေလည်း ရတယ်၊ ဒါပေမဲ့ ချက်လက်မှတ်တွေ၊ အာမခံစာချုပ်တွေနဲ့ ပစ္စည်းတွေတော့ မရဘူး။ ရှုံးတဲ့သူကတော့ နောင်တမရဘဲ မနက်ဖြန် မနက်မှာတင် ကျောင်းထွက်စာ သွားတင်ရမယ်။ ဟုတ်ပြီလား။ နောက်မှ စကားပြန်မပြင်ကြေး"

"စီနီယာသာ စကားမပြင်ပါနဲ့"

"ရှင်ယူရီ၊ နာရီလေး စမှတ်ပေးပါဦး"

"ဟုတ်ကဲ့"

ရှင်ယူရီက သူ့ဖုန်းထဲမှာ ၂ နာရီ timer ပေးပြီး စားပွဲပေါ် တင်လိုက်တယ်။

စီနီယာကျူဝမ်က လက်ခုပ်တီးပြီး ပြောတယ်။

"အားလုံးပဲ ဖုန်းတွေ သိမ်းထားကြ။ ဓာတ်ပုံရိုက်တာ မိရင်တော့ ကိုယ့်ဘာသာ ရှင်းကြရမယ်နော်"

သူ ဒီလို လုပ်ပေးတာကိုတော့ ကျေးဇူးတင်မိသား။ ကျွန်တော် မင်ယောင်းနဲ့ ကျောင်ဂီကို ပြောလိုက်တယ်။

"ဓာတ်ပုံတွေ မရိုက်အောင် စီနီယာကျူဝမ်နဲ့အတူ ကူကြည့်ပေးထားပါဦး"

စကားနဲ့ ပျံ့သွားမယ့် ကောလာဟလတွေကို တားလို့ မရပေမဲ့ ဓာတ်ပုံ သက်သေ မရှိရင်တော့ ယုံကြည်မှုက အများကြီး လျော့နည်းသွားမှာပဲလေ။

"ငါ အရင် စမယ်"

ကျွန်တော် စောစောက ATM ကနေ ထုတ်လာတဲ့ ငွေတွေနဲ့ ပိုက်ဆံအိတ်ထဲက ငွေတွေ အကုန်ထုတ်ပြီး စားပွဲပေါ် ပုံလိုက်တယ်။

ATM ကနေ တစ်နေ့ကို ငွေထုတ်ကန့်သတ်ချက်က ဝမ် ၆ သန်းပဲ ရှိတယ်ဆိုတာ ဒီနေ့မှ သိလိုက်ရတယ်။

"ဝမ် ၆.၄၅ သန်း။ မင်း ကြောက်နေရင်တော့ အခုပဲ အိမ်ပြန်လို့ ရတယ်နော်"

ချဲမြောင်ဟိုက မယုံနိုင်သလိုနဲ့ ရယ်တယ်။

"တကယ်ပဲ... ချာတိတ်လေးက ဘာတွေ လုပ်နေကြတာလဲ"

အဲဒီနောက် သူ ဖုန်းကို ထုတ်လိုက်တယ်။

"အတွင်းရေးမှူးဂျောင်။ အခု ငါပြောတာကို သေသေချာချာ နားထောင်"

ဘီယာဆိုင်ရှေ့မှာ အနက်ရောင် ဆီဒန် ကားတစ်စီး ရပ်လိုက်တယ်။ အနောက်တိုင်းဝတ်စုံပြည့် ဝတ်ထားတဲ့ လူလတ်ပိုင်း အမျိုးသား နှစ်ယောက်က 007 အိတ်လို့ လူသိများတဲ့ အိတ်နှစ်လုံးကို သယ်ပြီး ရောက်လာတယ်။

ဂျောက်

လျှို့ဝှက်နံပါတ်တွေ ရိုက်နှိပ်ပြီး အိတ်ကို ဖွင့်လိုက်တဲ့အခါမှာတော့ ဝမ် ၅ သောင်းတန် အရွက်တွေ အထပ်လိုက် ထွက်လာတယ်။ စားပွဲပေါ်မှာ အထပ်ပေါင်း ၂၀၀ ကို သေသေချာချာ ပုံလိုက်တယ်။ တစ်ထပ်မှာ ဝမ် ၅ သန်းစီ ပါတာကြောင့် စုစုပေါင်း ဝမ် သန်း ၁,၀၀၀ ရှိပါတယ်။

ဆူညံနေတဲ့ ဘီယာဆိုင်တစ်ခုလုံး ရုတ်တရက် ငြိမ်သက်သွားတယ်။ တစ်သက်မှာ ငွေသား သန်း ၁ထောင်ကို မြင်ဖူးဖို့ဆိုတာ မလွယ်ဘူးလေ။

တစ်ယောက်ယောက်က ရေရွတ်လိုက်တယ်။

"ငါ တစ်သက်လုံး အလုပ်လုပ်ရင်တောင် အဲဒီလောက် ရပါ့မလား"

ရုံးဝန်ထမ်းတစ်ယောက်က တစ်နှစ်ကို ဝမ် သန်း ၄၀ စာချုပ်နဲ့ ၂၅ နှစ်လောက် ကြိုးကြိုးစားစား လုပ်ရင်တော့ ဝမ် သန်း ၁ထောင်လောက် ရနိုင်ပါတယ်။

ဒါပေမဲ့ ဝမ် သန်း ၁ထောင်ကို တစ်စုတစ်စည်းထဲ ပိုင်ဆိုင်ဖို့ဆိုတာကတော့ လုံးဝ မတူတဲ့ ကိစ္စပါ။ ချဲမြောင်ဟိုဘက်က သန်း ၁ထောင်နဲ့ ကျွန်တော့်ရှေ့က ၆.၄၅ သန်းကို ကြည့်လိုက်ရင် ကျွန်တော့် ပိုက်ဆံတွေက ဘာမှ မဟုတ်တော့သလိုပါပဲ။

ကျွန်တော် အစကတည်းက ၁ ဘီလီယံအထိ ပုံလာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ သာမန် တက္ကသိုလ်ကျောင်းသားတစ်ယောက်ဆိုရင် ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဝမ် သန်းပေါင်း ဆယ်ဂဏန်းထက် ပိုပြီး မရှာနိုင်ဘူးလေ။

ဝမ် ၁ သန်းလောက် ပုံနိုင်ရင်တောင် လုံလောက်နေပါပြီ။ ဒါပေမဲ့ သူ ဒီလို လုပ်ရတဲ့ အကြောင်းရင်းကတော့ ဒီမှာ ရှိနေတဲ့သူတွေကို ကြွားချင်လို့ပဲ ဖြစ်မှာပါ။

သူ့ရဲ့ ရည်ရွယ်ချက်က သိသာသည်ဖြစ်စေ၊ မသိသာသည်ဖြစ်စေ ဘီယာဆိုင်ထဲက လူတိုင်းကတော့ သန်း ၁ထောင်ကို ကြည့်ပြီး အံ့သြနေကြတာတော့ အမှန်ပဲ။

"ဆက်လုပ်ဦးမှာလား"

ဂိမ်းစတာ မိနစ် ၃၀ ပဲ ရှိသေးတယ်။ ကျွန်တော် ပြုံးလိုက်တယ်။

"လုပ်မှာပေါ့။ အခုကစပြီး တကယ် စိတ်ဝင်စားဖို့ကောင်းတာကို ငါ ပြမယ်"

အခန်း (၅၆)

ဝမ် သန်း ၁ထောင်ကို စားပွဲပေါ်ပုံလာတဲ့ အချိန်ကစပြီး ပွဲက ပြီးသွားပြီလို့ အားလုံးက ထင်နေကြတာ သဘာဝပါပဲ။ နိုင်ဖို့ဆိုရင် ကျွန်တော့်ဘက်က ဝမ် ၉၉၃.၅၆ သန်းလောက် ထပ်ပုံနိုင်ဖို့ လိုတာလေ။ သာမန်တက္ကသိုလ်ကျောင်းသားတစ်ယောက်က ဒီလောက်များတဲ့ ပိုက်ဆံကို ဘယ်ကနေ သွားရှာနိုင်မှာလဲ။

ချဲမြောင်ဟိုက ကျွန်တော့်ကို ကြည့်ပြီး ပြောတယ်။

"ကျွန်တော်က မိဘပိုက်ဆံကိုပဲ အားကိုးနေတယ်လို့ ထင်နေတာလား။ အထင်မမှားပါနဲ့။ စီနီယာ"

ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။

"ငါ သိပါတယ်။ MCK Wholesale က မင်းပိုင်တာ မဟုတ်လား"

ချဲမြောင်ဟိုက သူ မူလတန်းကျောင်းသားဘဝတုန်းက ဝမ် ၁ သန်းပဲ အခွန်ဆောင်ပြီး MCK Wholesale ရဲ့ ရှယ်ယာ ၈၇ ရာခိုင်နှုန်းကို အမွေဆက်ခံခဲ့တာပါ။ အဲဒီနောက်မှာတော့ MCK Wholesale က Master Chicken ဆီကို စားသောက်ကုန်တွေ လက်ဝါးကြီးအုပ် ထောက်ပံ့ပေးရင်းနဲ့ အရှိန်အဟုန်နဲ့ ကြီးထွားလာခဲ့တယ်။ ဒါက လုပ်ငန်းတွေကို တစ်နေရာထဲ စုပေးပြီး တရားဝင် အမွေပေးတဲ့ နည်းလမ်းဟောင်းကြီးပါ။

ပြင်ပဆိုင်တွေမှာ ဝမ် ၂၀,၀၀၀ ပဲ ပေးရတဲ့ ဆော့စ်အချဉ်တစ်ပုလင်းက MCK Wholesale ကနေတစ်ဆင့်ဆိုရင် ဝမ် ၃၀,၀၀၀ ဖြစ်သွားတယ်။ ဈေးကွက်ထဲမှာ ကြက်သားဈေးတွေ ကျရင်တောင် MCK Wholesale ကနေ ပေးသွင်းတဲ့ ကြက်သားဈေးကတော့ တက်မြဲအတိုင်းပါပဲ။

ဒါပေမဲ့ ဆိုင်ခွဲပိုင်ရှင်တွေမှာတော့ ရွေးချယ်စရာ မရှိပါဘူး။ ဆိုင်ခွဲစာချုပ်အရ ပါဝင်ပစ္စည်း အားလုံးကို MCK Wholesale ဆီကပဲ ဝယ်ရမယ်လေ။

ဆိုင်ခွဲပိုင်ရှင်တွေကတော့ မျက်ရည်လည်ရွဲနဲ့ ဈေးကြီးတဲ့ ပစ္စည်းတွေကို ဝယ်နေကြရတာပေါ့။ အတိုချုပ်ပြောရရင် MCK Wholesale က ဆိုင်ခွဲပိုင်ရှင်တွေ ရသင့်ရထိုက်တဲ့ အမြတ်တွေကို စုပ်ယူပြီး ကြီးပွားလာတာပါ။

ဒါကြောင့်မလို့ ဒီကုမ္ပဏီက စတော့ဈေးကွက်ထဲမှာ စာရင်းမသွင်းရသေးပေမဲ့ တန်ဖိုးက ဝမ် သန်း ၂သောင်းကျော် ရှိနေတာပေါ့။

ဝမ် ၁ သန်းပဲ အခွန်ဆောင်ပြီး ဝမ် သန်း ၂သောင်းတန် ကုမ္ပဏီကို အမွေရခဲ့တယ်ဆိုတော့ ကိုရီးယားက တကယ်ကို ထူးဆန်းတဲ့ နိုင်ငံပါပဲ။

သူ ဒီလို အချိန်တိုအတွင်းမှာ ငွေသား ဘယ်လောက်အထိ ထုတ်နိုင်မလဲ။ အများဆုံး ဝမ် သန်း ၁ထောင်ကနေ သန်း ၂ထောင်ကြားပဲ ဖြစ်မှာပါ။

"ဒါနဲ့ စိတ်ဝင်စားဖို့ကောင်းတာကို ဘယ်တော့မှ ပြမှာလဲ"

"ခဏလေး စောင့်ပါဦး"

ကျွန်တော် နေရာကနေ ထလိုက်တယ်။ အဲဒီတော့ ရှင်ယူရီက မေးတယ်။

"ဘယ်သွားမလို့လဲ"

"ငွေချေးလုပ်ငန်းကြီးတစ်ခုနဲ့ သွားတိုင်ပင်ပြီး ပြန်လာခဲ့မယ်"

ဆိုင်ထဲကနေ ထွက်လာပြီး ကျွန်တော် စီနီယာဆန်းယော့ဆီကို အရင်ဆုံး ဖုန်းဆက်လိုက်တယ်။

[အေး။ ဂျင်ဟူ]

ကျွန်တော် တိုက်ရိုက်ပဲ မေးလိုက်တယ်။

"K Company ကနေ အခုချက်ချင်း ငွေသား ဘယ်လောက်အထိ ထုတ်လို့ရလဲ"

[သန်း ၃သိန်းခွဲ လောက်တော့ ရတယ်]

"အဲဒီထက် ပိုလိုချင်ရင်ကော"

"ငါတို့ဆီက ရှယ်ယာတွေကို အပေါင်ထားရင်တော့ သန်း ၁,၇၀၀,၀၀၀ အထိ ရနိုင်တယ်"

စဉ်းစားကြည့်ရင် Master Chicken တစ်ခုလုံးကိုတောင် ကျွန်တော် ဝယ်ပစ်လိုက်လို့ ရနေတာပဲ။

ထူးခြားတဲ့ အခြေအနေတစ်ခုခု ဖြစ်နေမှန်း သိသွားလို့ထင်တယ်။ စီနီယာဆန်းယော့ရဲ့ အသံက တည်ငြိမ်သွားတယ်။

"ဘာဖြစ်လို့လဲ။ ပြဿနာတစ်ခုခု တက်လို့လား"

"မဟုတ်ပါဘူး၊ ပျော်စရာကိစ္စလေး ရှိလို့ပါ။ အခု တက်ဂယူ ကို အဲဒီကို လွှတ်လိုက်မယ်။ ကျွန်တော် ခိုင်းတဲ့အတိုင်းလေး လုပ်ပေးပါဦး"

ညွှန်ကြားချက်တွေ ပေးပြီးနောက် ကျွန်တော် ဖုန်းချလိုက်တယ်။ အဲဒီနောက်မှာတော့ တက်ဂယူ ဆီကို ဆက်လိုက်တယ်။

"အခု လာခဲ့လို့ ရမလား"

"မရဘူး။ ငါ ဂိမ်းဆော့နေတာ အလုပ်ရှုပ်နေတယ်"

"အဲဒါတွေ ခဏထားပြီး ငါ့ကို လာကူပါဦး"

"ဘာကိစ္စလဲ"

ကျွန်တော် အခြေအနေကို အကျဉ်းချုပ် ရှင်းပြလိုက်တော့ သူ့ရဲ့ သဘောထားက ချက်ချင်း ပြောင်းသွားတယ်။

"အခုချက်ချင်း လာခဲ့မယ်"

"ဂိမ်းဆော့နေလို့ အလုပ်ရှုပ်နေတယ်ဆို"

"ဂိမ်းဆော့တာထက် ဒါက ပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းတယ်လေ။ စောင့်နေနော်။ သူငယ်ချင်း"

ဖုန်းချပြီးနောက် ကျွန်တော် နေရာကို ပြန်လာခဲ့တယ်။

ဒီတစ်ခါတော့ ကျောင်ဂီက မေးတယ်။

"ငွေချေးလုပ်ငန်းကြီးနဲ့ ကိစ္စက ဘယ်လိုလဲ"

"သူတို့ ချေးပေးမယ် ပြောတယ်။ ခဏတော့ စောင့်ရမယ်"

"ဘယ်လောက် ချေးခဲ့တာလဲ"

ကျွန်တော် စားပွဲပေါ်က ဝမ် သန်း ၁ထောင်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်တယ်။

"ဒါထက် အများကြီး ပိုတယ်"

ချဲမြောင်ဟိုက မယုံနိုင်သလိုနဲ့ ရယ်မောလိုက်သလို တခြားသူတွေကလည်း အလားတူ အမူအရာတွေပါပဲ။

တကယ်တော့ အတိုးကြီးစားတဲ့ ငွေချေးလုပ်ငန်း မဟုတ်ရင် တက္ကသိုလ်ကျောင်းသားတစ်ယောက်က ဝမ် သန်း ၁ထောင်ထက် ပိုချေးနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။

ဒါပေမဲ့ OTK ဘဏ္ဍာထိန်းကြီးသာ ပါဝင်လာရင်တော့ အခြေအနေက တူတာမှာမဟုတ်ပါဘူး။

တခြားသူတွေ စိုးရိမ်တကြီး ကြည့်နေကြတဲ့အချိန်မှာ ကျွန်တော်ကတော့ အေးအေးဆေးဆေး ဘီယာသောက်ရင်း စကားပြောနေခဲ့တယ်။

ပွဲစကတည်းက ကျွန်တော် ချဲမြောင်ဟိုထက် ရှင်ယူရီကို ပိုပြီး သတိထားနေခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ ရှင်ယူရီက လုံးဝ စိုးရိမ်နေတဲ့ပုံ မပေါ်လို့ပါပဲ။

တကယ်လို့ ကျွန်တော် ရှုံးသွားရင် သူက အဲဒီကောင် ခိုင်းတာ အကုန်လုပ်ပေးမှာလား။

ကတိပေးလိုက်ရုံနဲ့ အဲဒါကို တည်ရမယ်ဆိုတဲ့ ဥပဒေတော့ မရှိပါဘူး။

ဒါဆို သူက အစကတည်းက ကတိတည်ဖို့ အစီအစဉ် မရှိတာလား။

ဒါလည်း မဟုတ်နိုင်ပါဘူး။ သူက ကျွန်တော် နိုင်မှာကို ယုံကြည်နေတာ ဒါမှမဟုတ် တခြားနည်းလမ်း ရှိတယ်လို့ ယူဆနေတာ ဖြစ်နိုင်တယ်။

အချိန်တွေ ကုန်ဆုံးလာခဲ့တယ်။

ချဲမြောင်ဟိုက စားပွဲပေါ်က ဖုန်းကို ကြည့်ပြီး ပြောတယ်။

"နောက်ထပ် မိနစ် ၃၀ ပဲ ကျန်တော့တယ်"

"အေး။ ရောက်ခါနီးပြီ"

ကျွန်တော် ပြောလို့မှ မဆုံးသေးဘူး၊ ဂိမ်းဇာတ်ကောင် ပုံတွေကပ်ထားတဲ့ ကားလေးတစ်စီးက ဆိုင်ရှေ့ကို ရောက်လာတယ်။ တက်ဂယူ က ကားပေါ်က ဆင်း၊ ဆိုင်တံခါးကို တွန်းဖွင့်ပြီး အော်ပြောတယ်။

"ငါ ရောက်ပြီ။ သူငယ်ချင်း"

ရုတ်တရက် ဆိုင်ထဲကို ရောက်လာတဲ့ ဒီထူးထူးဆန်းဆန်း လူကြောင့် တစ်ဆိုင်လုံး ငြိမ်သွားတယ်။

"ဘာလို့ ဒီလောက် နောက်ကျနေတာလဲ"

"လမ်းတွေက ပိတ်နေလို့ပါကွာ"

ရှင်ယူရီက ကျွန်တော့်နံဘေးကို အသာလေး တို့ပြီး မေးတယ်။

"ဘယ်သူလဲဟင်"

"ငါနဲ့ အတူတူနေတဲ့ သူငယ်ချင်းပါ"

အဲဒီစကား ကြားတော့ ရှင်ယူရီက ချက်ချင်း ထရပ်ပြီး ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်တယ်။

"မင်္ဂလာပါရှင်။ ကျွန်မက ရှင်ယူရီ ပါ။ စီနီယာ ဂျင်ဟူ ရဲ့ ဂျူနီယာပါ"

တက်ဂယူ က အံ့သြဝမ်းသာ ဖြစ်သွားတယ်။

"ဟာ… နင်က ရှင်ယူရီ လား။ တွေ့ရတာ ဝမ်းသာပါတယ်။ ငါက အိုတက်ဂယူ ပါ"

"ဟုတ်ကဲ့။ ဝမ်းသာပါတယ်ရှင်။ စီနီယာ ဂျင်ဟူ ဆီကနေ အကို့အကြောင်းတွေ အများကြီး ကြားဖူးပါတယ်"

"ငါလည်း ဂျင်ဟူ ဆီကနေ နင့်အကြောင်းတွေ ကြားဖူးပါတယ်"

သူတို့နှစ်ယောက်က ကြာမြင့်စွာ ကွဲကွာနေတဲ့ မောင်နှမတွေ ပြန်ဆုံသလိုမျိုး ချစ်ချစ်ခင်ခင် နှုတ်ဆက်နေကြတယ်။

တက်ဂယူ က ကျွန်တော့်ကို မေးတယ်။

"ဒါနဲ့ ကြက်ကြော်ဌာနချုပ်က အနိုင်ကျင့်တတ်တဲ့ သားဆိုတာ ဘယ်သူလဲ"

ကျွန်တော် ရှေ့ကို လက်ညှိုးထိုးပြလိုက်တယ်။

"သူပဲ"

တက်ဂယူ က ချဲမြောင်ဟိုကို တစ်ချက်ကြည့်ပြီး ပြောတယ်။

"ကြည့်ရတာတော့ ကြက်နဲ့ တော်တော်တူတယ်။ ဒါပေမဲ့ ကြက်ကြော်ရောင်းပြီး မနည်းအသက်ဆက်နေရတဲ့ ဒီလိုလူမျိုးကို ကျောင်းက ထုတ်ပစ်လို့ အဆင်ပြေပါ့မလား"

"မင်း သနားရင် နောက်မှ ကြက်ကြော်မှာကျွေးလိုက်ပေါ့"

"မလုပ်ပါနဲ့။ ငါ Master Chicken မစားတာ ကြာပြီ"

ချဲမြောင်ဟိုရဲ့ မျက်နှာက ပျက်သွားတယ်။

"ဒါနဲ့ ကူညီရမယ့်ကိစ္စက ဘယ်လိုလဲ"

"သူ နောက်က လိုက်လာလိမ့်မယ်။ ဪ…ရောက်လာပြီ"

အနက်ရောင် SUV ကားတစ်စီး ရပ်လိုက်တယ်။ တံခါးပွင့်လာတော့ အနောက်တိုင်းဝတ်စုံနဲ့ မျက်မှန်တပ်ထားတဲ့ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ယောက်နဲ့ SECURITY လို့ ရေးထားတဲ့ ယူနီဖောင်းဝတ် လူငယ်တစ်ယောက် ဆင်းလာတယ်။ သူတို့လက်ထဲမှာတော့ အနက်ရောင် Boston အိတ်တစ်လုံးစီ ပါလာပါတယ်။

အနောက်တိုင်းဝတ်စုံနဲ့ လူက အနားကို လာပြီး ကျွန်တော့်ကို နှုတ်ဆက်တယ်။

"တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က Golden Gate ရဲ့ ဂန်နမ် ဘဏ်ခွဲ မန်နေဂျာ ယူဆန်းမူ ပါ"

"အိုး။ တွေ့ရတာ ဝမ်းသာပါတယ်"

ကျွန်တော် နေရာကနေ ထပြီး သူ့လက်ကို လှမ်းဆွဲလိုက်တယ်။

"စီနီယာ အယ်လီ ဆီကနေ မန်နေဂျာကြီးရဲ့အကြောင်းတွေ အများကြီး ကြားဖူးပါတယ်။ သူက စီနီယာကို ကျွန်တော်တို့ကျောင်းက စီနီယာတစ်ယောက်လို့ ပြောပြထားတယ်"

"ဟားဟား။ ဟုတ်ပါတယ်။ ကျောင်းနားကို မရောက်ဖြစ်တာ တော်တော်ကြာပြီ။ စီအီးအို ဆီကနေ ကြားပြီး လူကြီးမင်း လိုချင်တာတွေကို ယူလာပေးတာပါ"

"ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်"

Boston အိတ်နှစ်လုံးကို စားပွဲပေါ် တင်လိုက်တယ်။

ကျွန်တော် အိတ်ဇစ်ကို ဆွဲဖွင့်လိုက်တယ်။

"ကဲ… အခု စိတ်ဝင်စားဖို့ကောင်းတာကို ပြမယ်"

ဝေါ

မီးခိုးရောင် ငွေစက္ကူတွေ စားပွဲပေါ်ကို ပုံကျလာတယ်။ စုစုပေါင်း အထပ် ၅၀၀ ရှိပါတယ်။ ဟိုချာတိတ်က ဝမ် ၅ သောင်းတန်တွေ ပုံထားပေမဲ့ အခုသွန်ချလိုက်တာကတော့ ဒေါ်လာ ၁၀၀ တန်တွေပါ။

"စုစုပေါင်း ဒေါ်လာ ၅ သန်း"

ကျွန်တော် ဘဏ်ခွဲမန်နေဂျာကို မေးလိုက်တယ်။

"အခု ငွေလဲလှယ်နှုန်းက ဘယ်လောက်လဲ"

"တစ်ဒေါ်လာကို ၁,၁၀၈ ဝမ် ပါ"

ကျွန်တော် ချဲမြောင်ဟိုကို ပြောလိုက်တယ်။

"ကြားတယ်မလား။ ဒါဆိုရင် ဝမ် သန်း ၅၅၄၀ ပေါ့။ ငါ့ဆီက ၆.၄၅ သန်းနဲ့ ပေါင်းရင် စုစုပေါင်း ဝမ် သန်း ၅၅၄၆.၄၅ ဖြစ်သွားပြီ။ မင်း နောက်ထပ် ၁၇ မိနစ်အတွင်းမှာ ဝမ် သန်း၄၅၄၅.၄၆ ဘီလီယံ ထပ်ပုံနိုင်ရင် မင်း နိုင်မယ်။ မဟုတ်ရင်တော့ မနက်ဖြန် ကျောင်းထွက်စာ သွားတင်လိုက်တော့"

ချဲမြောင်ဟိုက အရမ်းအံ့သြသွားပြီး စကားတောင် မပြောနိုင်တော့ဘူး။

"ဒါ... ဒါ မဖြစ်နိုင်တာ။ ဒါမျိုးက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"မယုံရင် ကိုယ့်ဘာသာ လာကြည့်လေ"

ကျွန်တော် ပိုက်ဆံတစ်ထပ်ကို ယူပြီး သူ့ရှေ့ကို ပစ်ပေးလိုက်တယ်။ မန်နေဂျာက အနားကို တိုးလာပြီး ပိုက်ဆံတွေကို စစ်ဆေးကြည့်တယ်။

ဘဏ်ခွဲမန်နေဂျာက သူ့ကို လိပ်စာကတ်တစ်ခု ပေးလိုက်တယ်။

"ဒီပိုက်ဆံတွေက Golden Gate ရဲ့ ဂိုဒေါင်ထဲကနေ အခုလေးတင် ထုတ်လာတာပါ။ တကယ်လို့ ငွေတု ဖြစ်နေခဲ့ရင် Golden Gate ကနေ တာဝန်ယူပေးပါမယ်"

ရုတ်တရက် ဆူညံသံတွေ ပျံ့သွားတယ်။

"ကြားလိုက်လား။ Golden Gate တဲ့"

"ကမ္ဘာ့အကြီးဆုံး IB လေ"

"ဘယ်လိုလုပ်ပြီး..."

ဝမ် သန်း ၂သောင်းတန် ကုမ္ပဏီတစ်ခု ရှိနေရင်တောင် မိနစ် ၂၀ အတွင်းမှာ ငွေသား သန်း ၄၅၀၀ကျော်ကို ရှာနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။

တက်ဂယူ ကတော့ ဒီအခြေအနေကို ကျေနပ်တဲ့ ပုံစံနဲ့ ကြည့်နေတယ်။

အချိန်က ကုန်ခါနီးနေပြီ။ တက်ဂယူ က စားပွဲပေါ်က ဖုန်းနာရီကို ကြည့်ပြီး countdown လုပ်လာတယ်။

"တစ်ဆယ်၊ ကိုး၊ ရှစ်၊ ခုနစ်၊ ခြောက်..."

ရုတ်တရက် ဆိုင်ထဲက လူတိုင်းက လိုက်အော်ကြတော့တယ်။

"ငါး၊ လေး၊ သုံး၊ နှစ်၊ တစ်"

တီ တီ တီ

အချိန်ပြည့်သွားတော့ ဖုန်းက မြည်လာတယ်။

ကျွန်တော် ချဲမြောင်ဟိုကို ကြည့်ပြီး ပြောလိုက်တယ်။

"ဒီနေ့တော့ တွေ့ရတာ ဝမ်းသာပါတယ်။ မနက်ဖြန်ကစပြီးတော့တော့ မတွေ့ကြရအောင်နော်"

ဒုန်း

ချဲမြောင်ဟိုက စားပွဲကို လက်သီးနဲ့ ထိုးပြီး ဝုန်းခနဲ ထရပ်လိုက်တယ်။

"ခင်ဗျားက ဘာလဲ။ ဘာလို့ ကျွန်တော့်ကို ဒီလို လာလုပ်နေရတာလဲ"

"မင်းကော ဘာလို့ ဒီလိုတွေ လျှောက်လုပ်နေရတာလဲ"

သူက နာကျင်နေတဲ့ ပုံစံနဲ့ အော်ပြောတယ်။

"ချီးပဲ။ ငါက ဘာမှားလို့လဲ"

ကျွန်တော် ဘာမှ မပြောရသေးခင်မှာပဲ တက်ဂယူ က ရှေ့ကို ထွက်လာပြီး သူ့ကို ဆူပူလိုက်တယ်။

"မင်း ဘာမှားလဲဆိုတာ ခုထိ မသိသေးဘူးလား။ မင်းတို့ ကြက်တွေက အရွယ်အစား သိပ်သေးတယ်ကွ။ မင်းမှာသာ အသိတရားရှိရင် နံပါတ် ၁၀ ကြက်တွေကို သုံးသင့်တာ၊ ဒါပေမဲ့ မင်းတို့က နံပါတ် ၉ တွေကို သုံးနေတယ်လို့ ငါ သံသယရှိတယ်။ ပြီးတော့ မကြာသေးခင်ကမှ ဈေးကို ဝမ် ၂,၀၀၀ တိုးလိုက်သေးတယ်။ အခုဆို ငါ ဘယ်လိုမှ မှာစားလို့ မရတော့ဘူး။ တစ်နိုင်ငံလုံးက ကြက်ကြော် ချစ်မြတ်နိုးသူတွေကို အားနာရင် ဒီလို မလုပ်သင့်ဘူးလေ။ သိပြီလား ကြက်နဲ့တူတဲ့ကောင်ရဲ့"

"......"

ဒါက ဘာကို ဆိုလိုတာလဲ။

ကျွန်တော် စဉ်းစားနေတုန်းမှာပဲ ထူးထူးဆန်းဆန်းဆိုသလို တစ်ယောက်ယောက်က လက်ခုပ်တီးလိုက်တော့ အားလုံးက လိုက်တီးကြတယ်။

ဖြောင်း။ ဖြောင်း။ ဖြောင်း

ကျွန်တော်ကတော့ ကြောင်အမ်းအမ်း ဖြစ်နေတဲ့ ချဲမြောင်ဟိုရဲ့ ပခုံးကို အသာလေး ပုတ်ပြီး အားပေးစကား ပြောလိုက်တယ်။

"လောကကြီးမှာ လက်တွေ့လုပ်ရပ်တွေက အရေးကြီးဆုံးပဲ။ ကောင်ကလေး"

"......"

နောက်ဆုံးမှာတော့ သူ ဘယ်လိုမှ ဆက်မနေနိုင်တော့ဘဲ ဆိုင်ထဲကနေ ဝုန်းခနဲ ထွက်သွားတော့တယ်။ သူ့နောက်က လူတွေလည်း ဝမ် သန်း ၁ထောင်ကို 007 အိတ်ထဲ အမြန်ပြန်ထည့်ပြီး ပျောက်ကွယ်သွားကြတာပေါ့။

Golden Gate ဝန်ထမ်းတွေလည်း စားပွဲပေါ်က ဒေါ်လာ ၅ သန်းကို Boston အိတ်ထဲ ပြန်ထည့်လိုက်ကြတယ်။ ဒါတွေကို ဂန်နမ် ဘဏ်ခွဲကို ပြန်သယ်သွားပြီး သိမ်းရမှာလေ။

ကျွန်တော် ATM က ထုတ်လာတဲ့ ဝမ် ၆ သန်းကိုတော့ ဂျူနီယာ ခေါင်းဆောင်ဆီကို ရက်ရက်ရောရောပဲ ပေးလိုက်တယ်။

"ဒီနေ့အတွက် အသင်းဝင်ကြေးတွေ ထပ်မကောက်နဲ့တော့။ ဒါကိုပဲ သုံးလိုက်ပါ။ ကျန်တာကိုတော့ နောက်ပွဲတွေအတွက် သုံးကြတာပေါ့"

"အိုး။ ကျေးဇူးတင်ပါတယ်။ စီနီယာ"

ကျွန်တော် တက်ဂယူ နဲ့အတူ ထွက်ဖို့ ပြင်နေတုန်း ဆွန်းအာက ကျွန်တော့်လက်မောင်းကို လှမ်းဆွဲတယ်။

"ဘာတွေ ဖြစ်နေတာလဲ"

"ဘာကိုလဲ"

"အဲဒီပိုက်ဆံတွေက ဘယ်ကနေ ရတာလဲ"

ကျွန်တော် တက်ဂယူ ကို လက်ညှိုးထိုးပြလိုက်တယ်။

"ငါ့သူငယ်ချင်းမှာ ပိုက်ဆံတွေ အများကြီး ရှိတယ်လေ"

ပြီးတော့ ကျွန်တော် တစ်ခု ထပ်ပြောလိုက်သေးတယ်။

"ငါ့မှာက ဒါထက် ပိုရှိတယ်"

သူ ကျောင်းထွက်သွားလား မထွက်သွားလားတော့ မသိဘူး၊ ဒါပေမဲ့ ချဲမြောင်ဟိုကတော့ နောက်နေ့ ကျောင်းကို ရောက်မလာတော့ပါဘူး။ ရောက်လာရင်လည်း မျက်နှာပြရဲမှာ မဟုတ်တော့ဘူးလေ။

စီနီယာဝူဟွန်း ကတော့ ကျွန်တော့်ကို တောင်းပန်ရှာပါတယ်။ သူလည်း အခြေအနေအရ လုပ်ခဲ့ရတာဆိုတာကို နားလည်တဲ့အတွက် ကျွန်တော်ကတော့ အလွယ်တကူပဲ ခွင့်လွှတ်ပေးလိုက်တယ်။

ထင်ထားတဲ့အတိုင်းပဲ ဒီကောလာဟလက တောမီးလို ပျံ့သွားခဲ့တယ်။

ကျွန်တော့်နာမည်က စီးပွားရေးစီမံခန့်ခွဲမှုဌာန တင်မကဘဲ ဝိဇ္ဇာ၊ အင်ဂျင်နီယာနဲ့ အနုပညာမဟာဌာနတွေအထိပါ ကျော်ကြားသွားတော့တာပေါ့။

အချိန်အတော်ကြာမှ စီနီယာဆန်းယော့နဲ့ ပြန်တွေ့ဖြစ်ကြပြီး အမဲသားကင်တွေ စားရင်း စကားပြောဖြစ်ကြတယ်။ ကျွန်တော့် ဇာတ်လမ်းကို နားထောင်ပြီး စီနီယာဆန်းယော့က တဟားဟား ရယ်တယ်။

"ဟားဟား။ ငါလည်း အဲဒီမှာ ရှိနေသင့်တာ။ သူတို့ မျက်နှာတွေကို တကယ် မြင်ချင်လိုက်တာကွာ"

တက်ဂယူ ကလည်း ခေါင်းညိတ်တယ်။

"တကယ်ကို ပျော်စရာကြီးပါ။ စီနီယာ။ ဂိမ်းဆော့နေမိလို့ ဒါမျိုးကိစ္စကို လွဲချော်တော့မလို့ နည်းနည်းပဲလိုတယ်"

ကျွန်တော်တို့ ခွက်ချင်း တိုက်လိုက်ကြတယ်။

"တကယ်လို့ စီနီယာသာ လာခဲ့ရင်တော့ ကလေးတွေ ရူးသွားလောက်တယ်"

တကယ်တော့ အခု ကျောင်းမှာ ကျွန်တော့်ထက် ပိုပြီး နာမည်ကြီးနေတာက စီနီယာဆန်းယော့ပါ။

ကိုရီးယားတက္ကသိုလ်ရဲ့ ဒဏ္ဍာရီဖြစ်ခဲ့တဲ့ သင်္ချာဌာနက ဆန်းယော့က အိမ်စပေါ်ငွေတွေကို ထုတ်ပြီး ရင်းနှီးမြှုပ်နှံရာကနေ ဝမ် သန်း ၃ထောင်ကျော် မြတ်ခဲ့တာ စတဲ့ ဇာတ်လမ်းတွေက ကျောင်းမှာနာမည်ကြီးခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီဒဏ္ဍာရီရဲ့ အဆုံးသတ်ကတော့ ကျဆုံးမှုပါပဲ။ options ရင်းနှီးမြှုပ်နှံမှုမှာ ရှုံးနိမ့်ပြီး ပိုင်ဆိုင်မှုအားလုံး ဆုံးရှုံးခဲ့တယ်။ အကြွေးတွေ တင်ခဲ့ပြီး ကြွေးရှင်တွေရန်ကနေ ကျောင်းကနေပါ ထွက်ပြေးခဲ့ရသလို လူတွေရဲ့ မှတ်ဉာဏ်ထဲကနေပါ ပျောက်ကွယ်သွားခဲ့တယ်။

အဲဒီလို လုံးဝ ကျဆုံးသွားခဲ့တဲ့သူက အခု ဝမ် သန်းထောင်ပေါင်းများစွာတန်တဲ့ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုရဲ့ စီအီးအို အနေနဲ့ ပြန်ပေါ်လာတာဆိုတော့ ဒါက တကယ့်ကို ထူးခြားတဲ့ အလှည့်အပြောင်းပါပဲ။

လက်ရှိမှာ K Company က အရမ်းကို အောင်မြင်နေပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံထားတဲ့ ပြည်တွင်း Startup ၂၄ ခုရဲ့ တန်ဖိုးက အဆမတန် တက်လာခဲ့တယ်။ အချို့ကုမ္ပဏီတွေဆိုရင် B2C ဈေးကွက်မှာ လူသိများလာပြီး ကုမ္ပဏီကြီးတွေနဲ့ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့တွေဆီကနေ ဝယ်ယူဖို့ ကမ်းလှမ်းချက်တွေ တသီတတန်းကြီး ရနေတာပါ။

ဒါတင်မကသေးပါဘူး။ စီနီယာဆန်းယော့ သီးသန့် ရင်းနှီးမြှုပ်နှံထားတဲ့ ဝမ် သန်း ၆သောင်းကလည်း အခုဆိုရင် ဝမ် သန်း ၃သိန်း ကျော်သွားပါပြီ။

ရင်းနှီးမြှုပ်နှံမှု ပမာဏအပေါ် မူတည်ပြီး စီမံခန့်ခွဲတဲ့ နည်းဗျူဟာတွေက ကွဲပြားတတ်ပါတယ်။ ဆန်းယော့က သန်းထောင်ပေါင်းများစွာကို ကိုင်တွယ်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေကတော့ အပိုတွေပါပဲ။

လက်ထဲမှာ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမြောက်အမြား ရှိနေတာကြောင့် ဆန်းယော့က စတော့တွေ၊ အနာဂတ် ရောင်းဝယ်မှုတွေ ဒါမှမဟုတ် options တွေအထိ ငွေရနိုင်မယ့် ဘယ်အခွင့်အလမ်းကိုမဆို ကျွမ်းကျင်တဲ့ လောင်းကစားသမားတစ်ယောက်လို ဝင်ရောက် လုပ်ကိုင်ခဲ့တယ်။

သူ့ရဲ့ လုပ်ဆောင်ချက်တွေက တကယ့် ဆရာကြီးတစ်ယောက်နဲ့ တူပါတယ်။ အဲဒီအတောအတွင်းမှာ ကျွန်တော်ကလည်း သိမြင်လာတဲ့ အနာဂတ် ကြိုမြင်မှုလေးတွေကို တခြားနေရာကနေ ကြားလာသလိုမျိုး ဟန်ဆောင်ပြီး အစအနလေးတွေ ပေးခဲ့တယ်။

စီနီယာဆန်းယော့က ကျွန်တော် ပေးတဲ့ သတင်းအချက်အလက်တွေကို သေသေချာချာ ခွဲခြမ်းစိတ်ဖြာပြီး ကိုယ်ပိုင် နည်းလမ်းတွေနဲ့ ရင်းနှီးမြှုပ်နှံခဲ့တာကြောင့် တစ်နှစ်အတွင်းမှာ အဆပေါင်း ငါးဆယ်ကျော် အမြတ်တွေ ရခဲ့တာပါ။

ရေရှည်ရင်းနှီးမြှုပ်နှံမှုဆိုရင်တော့ သေချာမပြောတတ်ပေမဲ့ ရေတိုရင်းနှီးမြှုပ်နှံမှုကနေ ဒီလောက်အထိ အမြတ်ရနိုင်တဲ့သူကတော့ ရှာရခက်ပါတယ်။

ကျွန်တော့်မှာ တခြားသူတွေလို ထူးခြားတဲ့ စွမ်းရည်မျိုး မရှိပေမဲ့ ဒီလောက်အထိ အောင်မြင်မှုကို ရအောင် လုပ်နိုင်ခဲ့တာပါ။ အစ်မဟျွန်းဂျူး တောင်မှ ကျွန်တော့်ရဲ့ စွမ်းရည်ကို ချီးကျူးခဲ့ပြီး Golden Gate ထဲမှာတောင် ဒီလို အရည်အချင်းရှိတဲ့သူမျိုး မတွေ့ဖူးဘူးလို့ ပြောခဲ့ဖူးတယ်။

ကျွန်တော်က အရင်းအနှီးနဲ့ အနာဂတ် အမြင်တွေကို ပေးခဲ့ပေမဲ့ ကုမ္ပဏီကို ဒီလောက်အထိ ကြီးထွားအောင် လုပ်ခဲ့တာကတော့ စီနီယာဆန်းယော့ ပါပဲ။ တကယ်လို့ ကျွန်တော်ကိုယ်တိုင် ကြိုးစားခဲ့ရင်တောင် ဒီလောက်အထိ ကောင်းကောင်း လုပ်နိုင်မှာ မဟုတ်လောက်ပါဘူး။

K Company တည်ထောင်ပြီး တစ်နှစ်အကြာမှာ။

ကျွန်တော် ပေးထားတဲ့ ကတိအတိုင်း စီနီယာဆန်းယော့ကို K Company ရဲ့ ပိုင်ဆိုင်မှု ၂ ရာခိုင်နှုန်း ပေးခဲ့တယ်။ K Company ရဲ့ တန်ဖိုးက အခုဆိုရင် ဝမ် သိန်း ၁ကုဋေကျော်နေပြီ ဖြစ်တဲ့အတွက် သူက ဝမ် သန်း ၂သိန်းကျော် ရလိုက်သလိုပါပဲ။

အစတုန်းက ဝန်ထမ်းတစ်ယောက်မှ မရှိတဲ့ ရုံးခန်းလေးက အခုဆိုရင် တကယ့် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုနဲ့ တူနေပါပြီ။ အချိန်ကြာလာတာနဲ့အမျှ ဝန်ထမ်းတွေလည်း ထပ်ငှားခဲ့ရတာကြောင့် အခုဆိုရင် ရုံးဝန်ထမ်း အပါအဝင် စုစုပေါင်း ၁၅ ယောက် ရှိနေပြီ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ လအနည်းငယ်က အပေါ်ထပ်က အကြံပေးကုမ္ပဏီတစ်ခု ထွက်သွားတဲ့အခါမှာတော့ ကျွန်တော်တို့က အဲဒီနေရာကိုပါ ထပ်ငှားပြီး ရုံးခန်းကို ချဲ့လိုက်တယ်။

စီနီယာဆန်းယော့က ဘီယာကို တစ်ငုံသောက်ရင်း မေးတယ်။

"ဒါနဲ့ ငါ့ကို တကယ်တွေ့ချင်တဲ့ အကြောင်းရင်းက ဘာလဲ"

"စီနီယာ့ မျက်နှာကို မြင်ချင်လို့ပါ"

"မင်း မျက်နှာကြည့်ရတာတော့ ဒါတင် မဟုတ်ဘူးထင်တယ်။ ဒီတစ်ခါကော ဘာဖြစ်ပြန်ပြီလဲ"

ကျွန်တော် ခွက်ကို ချလိုက်ပြီး ပြောလိုက်တယ်။

"မကြာခင်မှာ ကြီးမားတဲ့ ကိစ္စတစ်ခု ဖြစ်တော့မယ်လို့ ကျွန်တော် ခံစားနေရတယ်"

All Chapters