← Chapters

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

အခန်း (၅၇)

စီနီယာဆန်းယော့က ကျွန်တော့်ကို ကြည့်ပြီး မေးတယ်။

"မင်း ဘာတွေတွေးနေတာလဲ"

"မကြာသေးခင်က စီးပွားရေး အညွှန်းကိန်းတွေနဲ့ သတင်းတွေကို ကြည့်ပြီး စိတ်ထဲမှာ တစ်ခုခု ဖြစ်တော့မယ်လို့ ခံစားနေရလို့ပါ"

အကြပ်အတည်းတွေဆိုတာ ကြိုတင်သတိပေးချက်မရှိဘဲ ရောက်လာတတ်တာ မှန်ပေမဲ့ မျက်စိဖွင့်ပြီး သေသေချာချာ စောင့်ကြည့်ရင်တော့ အရိပ်အယောင်တွေကို သတိထားမိဖို့ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဥပမာပြောရရင် IMF အကြပ်အတည်း မတိုင်ခင်တုန်းက ကိုရီးယားဝမ်ငွေရဲ့ တန်ဖိုးက နိုင်ငံရဲ့ စီးပွားရေးအင်အားထက် ပိုပြီး မြင့်တက်နေခဲ့သလို၊ Subprime Mortgage အကြပ်အတည်း မတိုင်ခင်တုန်းကလည်း အပေါင်ခံ စာချုပ်တွေရဲ့ အကြွေးဆပ်ဖို့ ပျက်ကွက်မှုနှုန်းက မြင့်တက်နေခဲ့တာမျိုးပေါ့။

(IMF ကိုရီးယားစီးပွားပျက်ကပ်အကြောင်းသိချင်ရင် Default (2018)ကို ကြည့်ပါ။ Subprime Mortgageဆိုတာကတော့ အိမ်အပေါင်ခံစာချုပ်နဲ့ပတ်သတ်ပြီး ဘဏ္ဍာရေးကပ်ဆိုက်ခဲ့တာပါ)

အမှန်တရားဆိုတာ အမြဲတမ်း မုသားတွေကြားမှာ ပုန်းကွယ်နေတတ်တာမလို့ ရှာဖွေဖို့က မလွယ်ပါဘူး။ IMF အကြပ်အတည်း မဖြစ်ခင် ရက်ပိုင်းအလိုအထိတောင် အစိုးရ စီးပွားရေးဌာနတွေက ကိုရီးယားစီးပွားရေးမှာ ဘာပြဿနာမှ မရှိဘူးလို့ ပြောနေခဲ့ကြတာလေ။ Subprime Mortgageအကြပ်အတည်း ဖြစ်တဲ့အထိလည်း အပေါင်ခံစာချုပ်တွေက AAA အဆင့် သတ်မှတ်ချက်ကို ထိန်းထားနိုင်ခဲ့ကြတာပါ။

တကယ်တော့ ကျွန်တော်က စီးပွားရေး အညွှန်းကိန်းတွေကို ခွဲခြမ်းစိတ်ဖြာပြီး အမှန်တရားကို ရှာတွေ့ခဲ့တာ မဟုတ်ပါဘူး။ ဒါက ခံစားချက်သက်သက်ပါ။ စစ်တပ်က ထွက်လာတုန်းကတော့ ကျွန်တော်က မတော်တဆ ထူးခြားတဲ့ စွမ်းအားတွေ ရခဲ့တဲ့ ကောင်လေးတစ်ယောက်ပဲ။ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာတော့ အများကြီး ပြောင်းလဲသွားခဲ့ပါပြီ။

အနည်းဆုံးတော့ လွန်ခဲ့တဲ့ တစ်နှစ်ကို ကျွန်တော် အလဟဿ အကုန်မခံခဲ့ပါဘူး။ အဲဒါက ကျွန်တော့်ရဲ့ စွမ်းအားတွေအပေါ် ဘယ်လို သက်ရောက်မှုရှိလဲ မသိပေမဲ့ အဲဒီစွမ်းအားတွေကို အသုံးချနိုင်စွမ်းကိုတော့ တိုးတက်စေခဲ့တာ အမှန်ပါပဲ။

အရာအားလုံးကို ကိုယ်ဖြစ်ချင်သလို မထိန်းချုပ်နိုင်သေးပေမဲ့ ကျွန်တော့်ရဲ့ ပင်ကိုသိစိတ်ကတော့ တော်တော်လေးကို ထက်မြက်လာခဲ့ပါပြီ။

ဒါကြောင့်လည်း အနာဂတ်ကို ကြိုမြင်တဲ့ စွမ်းအားတွေ မပေါ်လာခင်မှာတင် ကျွန်တော့်ရဲ့ ပင်ကိုသိစိတ်က အရင်ဆုံး တုံ့ပြန်နေတာ ဖြစ်မှာပါ။

အခုတလော ကျွန်တော် ခံစားနေရတာက မုန်တိုင်းမလာခင် ငြိမ်သက်နေတဲ့ အခြေအနေမျိုးနဲ့ တူနေပါတယ်။ အခုလောလောဆယ် အရာအားလုံးက အဆင်ပြေနေပုံရပေမဲ့ မုန်တိုင်းတစ်ခု ရောက်တော့မယ်ဆိုတဲ့ မတင်မကျ ဖြစ်နေတဲ့ စိတ်မသက်မသာ ခံစားချက်က ရှိနေတာပါ။

ကျွန်တော် ရယ်ပြီး ပြောလိုက်တယ်။

"အခုထိတော့ မသေချာသေးပါဘူး"

စီနီယာဆန်းယော့ရဲ့ မျက်နှာက တည်ကြည်သွားတယ်။

"မဟုတ်ဘူး။ မင်း ဒီလိုတွေးနေတယ်ဆိုရင် ခိုင်လုံတဲ့ အကြောင်းပြချက် တစ်ခုခု ရှိလို့နေမှာပဲ"

ကျွန်တော့်ရဲ့ အရင် ရင်းနှီးမြှုပ်နှံမှု အားလုံးက အောင်မြင်ခဲ့တာဆိုတော့ စီနီယာဆန်းယော့က ကျွန်တော့်ရဲ့ ဈေးကွက် အကဲဖြတ်မှုကို အပြည့်အဝ ယုံကြည်နေတာပါ။

အဲဒီလို ယုံကြည်မှုမျိုးကို အစ်မဟျွန်းဂျူး နဲ့ အယ်လီ တို့မှာလည်း ရှိကြပါတယ်။ တက်ဂယူ တစ်ယောက်ပဲ အမှန်တရားကို သိတာလေ။

အခြေအနေက တင်းမာနေသလို ဖြစ်သွားလို့ ကျွန်တော် အကြောင်းအရာ ပြောင်းလိုက်တယ်။

"K Company ဘက်ကကော ဘယ်လိုလဲ"

"အမြဲတမ်းလိုပါပဲ။ အလုပ်တွေလည်း ရှုပ်နေတုန်း၊ အဆင်လည်း ပြေနေတုန်းပဲ"

K Company က OTK Company ကနေ ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီတွေကို စီမံခန့်ခွဲပေးရတာပါ။ သူတို့က နေ့တိုင်း Startupပေါင်း ဒါဇင်ချီဆီကနေ အစီရင်ခံစာတွေ လက်ခံရယူတယ်။ ခွဲခြမ်းစိတ်ဖြာတယ်။ ပြီးတော့ ဖြစ်လာတဲ့ ပြဿနာတွေအတွက် ဖြေရှင်းနည်းတွေကို ရှာပေးရတာပေါ့။

"Edm Entertainment က ဒီတစ်ခါ ရှယ်ယာ ၂၈ ရာခိုင်နှုန်း ထပ်ထုတ်ဖို့ စီစဉ်နေတယ်"

ပိုင်ဆိုင်မှု ရာခိုင်နှုန်းဆိုတာက အသေသတ်မှတ်ထားတာ မဟုတ်ပါဘူး။ အရင်းအနှီး တိုးတာ၊ လျှော့တာတွေကနေတစ်ဆင့် ရှယ်ယာ အရေအတွက်က တိုးလာနိုင်သလို လျော့သွားနိုင်ပြီး ပိုင်ဆိုင်မှု ရာခိုင်နှုန်းတွေလည်း ပြောင်းလဲသွားနိုင်ပါတယ်။

ရင်းနှီးမြှုပ်နှံသူတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ ပိုင်ဆိုင်မှု တန်ဖိုးတွေ လျော့နည်းသွားမှာကို သတိထားရပါတယ်။ ဒါကြောင့် OTK Company လိုပဲ K Company မှာလည်း ဗီတိုအာဏာ (သတ်မှတ်ထားတဲ့ ရာခိုင်နှုန်းထက် ပိုပြီး ရှယ်ယာအသစ်တွေ ထုတ်ရင် ကျွန်တော်တို့ရဲ့ သဘောတူညီချက် ယူရမယ်) နဲ့ ရှယ်ယာအသစ် ထုတ်ဝေမှုတွေအပေါ် ဦးစားပေး ဝယ်ယူခွင့်တွေကို သတ်မှတ်ထားပါတယ်။

ဒါကို နည်းပညာအရ ပြောရရင် Rights Offering လို့ ခေါ်တာပေါ့။ အများပြည်သူကို ရောင်းချတာမျိုးနဲ့ တတိယလူကို ခွဲဝေပေးတာမျိုးတွေက ကျွန်တော်တို့ဘက်က အခွင့်အရေးကို စွန့်လွှတ်မှပဲ လုပ်လို့ရမှာပါ။

"GJ နဲ့ RCK Bros တို့က စိတ်ဝင်စားနေကြတယ်။ စီးပွားရေး မိတ်ဖက်ဖြစ်နိုင်ခြေကို ကြည့်ရင်တော့ GJ ကို ပေးလိုက်တာက ပိုကောင်းမယ် ထင်တယ်။ သူတို့မှာက ရုပ်သံလိုင်းတွေ အများကြီး ရှိတယ်လေ"

"အဲဒီအတိုင်းပဲ လုပ်လိုက်ပါ"

ယေဘုယျအားဖြင့် ပြည်တွင်းက ဆုံးဖြတ်ချက်တွေကို စီနီယာဆန်းယော့ကို လွှဲထားပြီး နိုင်ငံတကာ ဆုံးဖြတ်ချက်တွေကိုတော့ အစ်မဟျွန်းဂျူးကို အပ်ထားပါတယ်။

ဝီး။ ဝီး

စားပွဲပေါ်က ဖုန်းက တုန်ခါလာတယ်။

"ဘယ်သူလဲ"

"SSK Group က ဒါရိုက်တာ ဂျူ ပါ"

"သူက ဘာလို့ ဖုန်းဆက်တာလဲ"

"သူ့ရဲ့ ကိုယ်ပိုင် ပိုင်ဆိုင်မှုအချို့ကို ရင်းနှီးမြှုပ်နှံချင်လို့တဲ့"

စီနီယာဆန်းယော့က ရင်းနှီးမြှုပ်နှံမှု နယ်ပယ်မှာ သူ့ရဲ့ အရည်အချင်းကြောင့် တော်တော်လေးကို နာမည်ကြီးနေတာပါ။

သတင်းက တော်တော်လေး ပျံ့သွားပုံရတယ်။ ကုမ္ပဏီကြီးတွေရဲ့ အမွေဆက်ခံသူတွေတောင် သူတို့ရဲ့ ကိုယ်ပိုင် ပိုင်ဆိုင်မှုတွေကို စီမံခန့်ခွဲပေးဖို့ သူ့ဆီမှာ အကြံဉာဏ် လာတောင်းနေကြပါပြီ။

ကျွန်တော် မရယ်မိအောင် ထိန်းထားလိုက်တယ်။

"စီနီယာကတော့ တကယ်ကို အောင်မြင်နေပြီပဲ"

"မင်း ပြောတဲ့ပုံစံကလည်းကွာ"

လူအများကြီးက K Company မှာ သူတို့ ပိုက်ဆံတွေကို လာပြီး အပ်ချင်ကြပေမဲ့ အားလုံးကို ငြင်းလိုက်ပါတယ်။

အခုလောလောဆယ်မှာ K Company ရဲ့ ပိုင်ဆိုင်မှုတွေကို စီမံခန့်ခွဲဖို့တောင် ရှိတဲ့ ဝန်ထမ်းအင်အားနဲ့ မနိုင်မနင်း ဖြစ်နေတာလေ။ တခြားသူတွေရဲ့ ပိုက်ဆံတွေကို ကိုင်တွယ်ပေးဖို့ အချိန်မရှိပါဘူး။

တခြားသူတွေအတွက် ကောင်းတာလုပ်ပေးဖို့ ကိုယ့်ဘက်ကနေ အတင်းအကျပ် လုပ်နေဖို့လည်း မလိုဘူးလေ။

"စီနီယာကီဟုမ် ကော အဆင်ပြေရဲ့လား။ စီနီယာ"

"အေး။ သူကတော့ ကုမ္ပဏီမှာ အလုပ်လုပ်နေတုန်းပဲ"

မူလက KYB Securities မှာ အလုပ်လုပ်နေတဲ့ စီနီယာကီဟုမ်က ကုမ္ပဏီ ပြန်လည်ဖွဲ့စည်းတဲ့ အချိန်မှာ ယုံကြည်မှုအပြည့်နဲ့ အလုပ်ထွက်ခဲ့တာပါ။ အဲဒီအချိန်အထိတော့ အဆင်ပြေပါသေးတယ်။

အဲဒီနောက်မှာတော့ သူက RCK Bros နဲ့ Rain Capital တို့လို ကိုယ်ပိုင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းတွေဆီ ဝင်ဖို့ ကြိုးစားခဲ့ပေမဲ့ နေရာတိုင်းမှာလိုပဲ အဆင်မပြေခဲ့ဘူး။

အဲဒီတော့မှ သူ ကိုယ့်ဘာသာ အလုပ်ထွက်ခဲ့တာကို နောင်တရခဲ့ပေမဲ့ နောက်ကျသွားပြီလေ။

သူ အလုပ်အသည်းအသန် ရှာနေတုန်းမှာ စီနီယာဆန်းယော့နဲ့ ဆက်သွယ်မိတာပါ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီအချိန်မှာ စီနီယာဆန်းယော့ တစ်ယောက်ထဲ ဖြစ်နေလို့ K Company က ဝန်ထမ်းအင်အား အရမ်း လိုအပ်နေတဲ့ အချိန်ပေါ့။

စီနီယာဆန်းယော့က ကုမ္ပဏီကို ဝင်ဖို့ ကမ်းလှမ်းလိုက်တော့ အိမ်မှာ ဘာမှမလုပ်ဘဲ ထိုင်နေတဲ့ ကီဟုမ်က ချက်ချင်းပဲ K Company ကို ဝင်လာခဲ့တယ်။

သူက အဆက်အသွယ်နဲ့ ဝင်လာတာ မှန်ပေမဲ့ ဘဏ္ဍာရေး ကုမ္ပဏီတွေမှာ အတွေ့အကြုံ ရှိခဲ့တာက ကုမ္ပဏီရဲ့ အခြေခံ အဆောက်အအုံတွေကို စတင် တည်ဆောက်တဲ့ နေရာမှာ အများကြီး အထောက်အကူ ဖြစ်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ အတွေ့အကြုံရှိတဲ့သူတွေ တဖွဲဖွဲ ရောက်လာကြလို့ သူက အငယ်ဆုံးလို ဖြစ်သွားပေမဲ့ သူ့တာဝန်ကိုတော့ သူ ကျေပွန်အောင် ထမ်းဆောင်နေပုံရပါတယ်။

သူဟာ အလုပ်ကို ကျွမ်းကျင်တာ မကျွမ်းကျင်တာထက် သူ့ရဲ့ စိတ်အားထက်သန်မှုရှိတာကတော့ ထင်ရှားပါတယ်။ ဂျူနီယာတွေနဲ့ တွေ့တဲ့အခါ K Company အကြောင်း ကြွားလုံးထုတ်နေတာကို ကြည့်ရင် သိနိုင်တယ်လေ။

သူတို့က ရင်းနှီးမြှုပ်နှံမှုတွေကနေ အမြတ်တွေ အများကြီး ရနေတဲ့အကြောင်း၊ ဝန်ထမ်းသစ်တွေရဲ့ လစာက သန်း ၇၀ ကနေ စတာဖြစ်ပြီး performance bonus တွေကလည်း သန်းနဲ့ချီ ရနိုင်တဲ့အကြောင်း သူက တက်တက်ကြွကြွနဲ့ ကြော်ငြာနေခဲ့တာပေါ့။

လစာကောင်းတဲ့ ဘဏ္ဍာရေး နယ်ပယ်မှာတောင် ဒါက တကယ့်ကို ထူးခြားတဲ့ အခြေအနေပါ။

သတင်းက ဂျူနီယာတွေကနေတစ်ဆင့် ကျောင်းတစ်ကျောင်းလုံးကို တောမီးလို ပျံ့သွားခဲ့တယ်။ ဒါကို မြင်တော့ အရင်က အတန်းဖော်တွေနဲ့ အလုပ်မရသေးတဲ့ ဂျူနီယာတွေ အားလုံးက စီနီယာဆန်းယော့ကို ဝိုင်းပြီး ဆက်သွယ်လာကြတယ်။

သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ အလုပ်ရဖို့ အကူအညီ တောင်းတာပါပဲ။

သူတို့က ကျောင်းအဆက်အသွယ်တွေကို အသုံးချပြီး "ငါတို့က တစ်ကျောင်းထဲသားတွေပဲ" ဆိုတဲ့ စိတ်ဓာတ်မျိုး ပြလာကြတယ်။ ဆန်းယော့ အကြွေးတွေနဲ့ ဒုက္ခရောက်နေတုန်းကတော့ ဘယ်သူမှ လှည့်မကြည့်ခဲ့ကြဘဲနဲ့လေ။

ဒါကို ကြည့်ရင် အောင်မြင်လာရင် မိတ်ဆွေတွေ ပေါများလာတယ်ဆိုတာ မှန်ပုံရပါတယ်။

အလုပ်အကူအညီတွေတင်မကဘဲ ရာထူးကြီးကြီးတွေအတွက် ကမ်းလှမ်းချက်တွေလည်း မပြတ် ရောက်လာခဲ့တယ်။ ဖုန်းက ခဏခဏ မြည်နေလွန်းလို့ စီနီယာဆန်းယော့က မခံနိုင်တော့ဘဲ ဖုန်းနံပါတ်ပါ ပြောင်းလိုက်ရတဲ့အထိပါပဲ။

"အဲဒီလို မက်ဆေ့ခ်ျတွေ အများကြီး ရတာက ပုံမှန်ပဲလား"

"မပြောနဲ့တော့။ ငါ့နံပါတ်ကို ကျောင်းက သူငယ်ချင်း တစ်ယောက်ယောက်ကို ထပ်ပေးရင် ငါတို့ အဆက်အသွယ် ဖြတ်မယ်လို့ ကီဟုမ် ကို ပြောထားရတယ်"

"..."

မန်နေဂျာ ကီဟုမ် ကတော့ မကြာခင် အလုပ်ပြုတ်တော့မှာ ထင်တယ်။

စားပြီးနောက်မှာတော့ ကျွန်တော်တို့ နေရာကနေ ထလိုက်ကြတယ်။

"ဒီနေ့ ကျွန်တော် ရှင်းမယ်"

"မဟုတ်ဘူး။ ငါ ရှင်းမယ်။ ကုမ္ပဏီကတ် ထုတ်ထားပြီးသား"

တက်ဂယူ က ပြောတယ်။

"ကုမ္ပဏီကတ်နဲ့ ရှင်းတာက ကျွန်တော်တို့ ပိုက်ဆံနဲ့ ရှင်းတာနဲ့ အတူတူပဲ မဟုတ်ဘူးလား"

"..."

K Company ရဲ့ ပိုင်ဆိုင်မှု အများစုက OTK Company (အတိအကျပြောရရင် ၉၈ ရာခိုင်နှုန်း) ပိုင်တာဖြစ်ပြီး OTK Company ရဲ့ အများစုကိုတော့ ကျွန်တော်တို့က (အတိအကျပြောရရင် ၉၇ ရာခိုင်နှုန်း) ပိုင်တာလေ။

မုန့်ဖိုးပဲဖြစ်ဖြစ်၊ ကုမ္ပဏီကတ်နဲ့ အသုံးစရိတ်ပဲဖြစ်ဖြစ် ထွက်လာတဲ့ ပိုက်ဆံက ကျွန်တော်တို့ အိတ်ကပ်ထဲက ထွက်တာနဲ့ ဘာမှမထူးပါဘူး။

"ရှင်းလိုက်ပါ"

စုစုပေါင်း ဝမ် ၃၁၀,၀၀၀ ကျတယ်။

အနက်ရောင် Benz S-Class ကားတစ်စီးက စားသောက်ဆိုင်ရှေ့မှာ ရပ်ထားတယ်။

"ကားက မိုက်သားပဲ"

စီနီယာဆန်းယော့က ရယ်ပြီး ပြောတယ်။

"ဒါက ကုမ္ပဏီကားပဲဟာ။ ဂျင်ဟူ၊ မင်းကော ကားဝယ်ဖို့ အစီအစဉ် မရှိဘူးလား"

"စဉ်းစားနေတာ"

မကြာခင်မှာပဲ ကားမောင်းပေးမယ့်သူ ရောက်လာပြီး ကျွန်တော်တို့ ကားထဲကို ဝင်လိုက်ကြတယ်။

"အရင်ဆုံး ဆမ်ဆောင်ပန်းခြံ ကို မောင်းပေးပါ၊ ပြီးမှ ယော့ဆမ် ဘူတာကို သွားမယ်"

ကျွန်တော် နောက်ခန်းမှာ မှီရင်းနဲ့ အတွေးထဲ နစ်နေမိတယ်။

လွန်ခဲ့တဲ့ တစ်နှစ်တုန်းက Startup တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ပြီးနောက်ပိုင်း ကျွန်တော် လုပ်စရာ သိပ်မရှိခဲ့ပါဘူး။ ကျွန်တော် ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီတွေရဲ့ တန်ဖိုးတွေ တက်လာတာကိုပဲ စောင့်ကြည့်နေခဲ့တာလေ။

"ဖြည်းဖြည်းချင်း အလုပ်ပြန်စဖို့ အချိန်ရောက်ပြီလား"

ကားက အိမ်ရှေ့ကို ရောက်လာတယ်။

ကျွန်တော် တက်ဂယူ နဲ့အတူ ကားပေါ်က ဆင်းလိုက်ပြီး နောက်ခန်းကနေ ပြောလိုက်တယ်။

"Startup တွေကို ချန်ထားပြီး စီနီယာ ရင်းနှီးမြှုပ်နှံထားတဲ့ ရေရှည် ပစ္စည်းတွေ ရှိရင် အဲဒါတွေကို ရေတိုတွေအဖြစ် ပြောင်းထားလိုက်ပါ။ ကျွန်တော် ခိုင်းတာနဲ့ အချိန်မရွေး ငွေဖော်နိုင်အောင် ပြင်ထားပါ။ ကျွန်တော် ပိုသိလာတာနဲ့ တစ်ပြိုင်နက် စီနီယာ့ကို အသိပေးပါမယ်"

စီနီယာဆန်းယော့က ခေါင်းညိတ်ပြတယ်။

"အေးပါ"

ကျောင်းဖွင့်တာ တစ်လလောက် ရှိပြီ။

ကျွန်တော် ဖြစ်နိုင်ရင် ကျောင်းမပျက်အောင် ကြိုးစားပါတယ်။

အကြာကြီး နားပြီးမှ ကျောင်းပြန်တက်ရမှာမလို့ စိုးရိမ်နေခဲ့ပေမဲ့ ရှင်ယူရီ က အစစအရာရာ ကူညီပေးလို့ အဆင်ပြေပြေ လိုက်နိုင်ခဲ့တယ်။ ဂျူနီယာတွေနဲ့လည်း တော်တော်လေး ရင်းနှီးသွားပါပြီ။

အရာအားလုံးထက် ပိုသိသာတာက အဲဒီနေ့ကစပြီး ကလေးတွေ ကျွန်တော့်အပေါ် ကြည့်တဲ့ အမြင်တွေ ပြောင်းသွားတာကို သိသိသာသာ ခံစားရတာပါပဲ။

အဲဒီထဲမှာ သဘောထား အပြောင်းလဲဆုံးလူကတော့ သူ ပါ။

မိတ်ကပ်တွေ အထူကြီးလိမ်းပြီး နားကပ်ကြီးကြီးတွေ ဝတ်ထားတဲ့ လီဟဲမီ က ကျွန်တော့်အနားကို လာပြီး ခင်မင်ပြနေခဲ့တယ်။

"အရင်ကတော့ နင်က ငါ့အကြိုက် မဟုတ်ဘူးလို့ ထင်ခဲ့တာ။ ဒါပေမဲ့ အခုတလော နင်က တော်တော်လေး မိုက်လာတယ်။ တကယ်တော့ ငါ နင့်ကို ပထမနှစ်ကတည်းက ကြိုက်နေခဲ့တာဆိုတာ သိလား"

"..."

သူ ပြောတဲ့ စကားတွေထဲက ရှေ့နောက်မညီမှုကို သူကော သတိမထားမိတာလား။

လူတစ်ယောက်က ရုတ်တရက် ပြောင်းလဲသွားရင် အသားကျဖို့ မလွယ်ပါဘူး။ တစ်မျိုးပြောရရင် သူက ဘာမှ မပြောင်းလဲသေးဘူးလို့တောင် ပြောလို့ ရပါတယ်။

ဟဲမီ က ချိုချိုသာသာနဲ့ မေးတယ်။

"ငါ အခု ကော်ဖီသွားသောက်မလို့၊ ဂျင်ဟူ လိုက်မလား"

"ငါ ကော်ဖီ ဖြတ်လိုက်ပြီ"

"ဒါဆို ထမင်း သွားစားကြမလား"

"ငါ ထမင်းစားတာလည်း ဖြတ်လိုက်ပြီ"

"..."

ကြောင်အမ်းအမ်း ဖြစ်နေတဲ့ ဟဲမီ ကို ထားခဲ့ပြီး ကျွန်တော် စာသင်ခန်းထဲ ဝင်လာခဲ့တယ်။

အရင်ရောက်နေတဲ့ ရှင်ယူရီ က လက်လှမ်းပြတယ်။

"ဒီမှာ ထိုင်ပါ။ စီနီယာ"

ကျွန်တော် ရှင်ယူရီရဲ့ဘေးမှာ ထိုင်လိုက်တယ်။

"စာသင်နှစ်တစ်နှစ်မှာ အတန်းချိန် ၂၁ချိန် တက်ဖို့ ယူတာက သာမန်တော့ မဟုတ်ဘူးနော်"

"အင်း။ ကျွန်မက အင်္ဂလိပ်စာ အတန်းနှစ်ခုကို တက်စရာမလိုဘဲ ကင်းလွတ်ခွင့် ရထားလို့လေ"

ဟန်ဂုတက္ကသိုလ်မှာလည်း နိုင်ငံခြားကျောင်းသားတွေ ဒါမှမဟုတ် ကိုရီးယားနွယ်ဖွားနိုင်ငံခြားသားတွေ အများကြီး ရှိပါတယ်။

ပုံမှန်အားဖြင့် အင်္ဂလိပ်စာ ထပ်သင်ဖို့ မလိုတော့တဲ့ ကျောင်းသားတွေက အမှတ်ရဖို့အတွက် အစီရင်ခံစာလေး တစ်စောင် တင်လိုက်ရုံပါပဲ။ လွန်ခဲ့တဲ့ တစ်နှစ်အတွင်း အင်္ဂလိပ်စာ အရည်အချင်း တိုးတက်လာခဲ့တာကြောင့် ကျွန်တော်လည်း အမေရိကန် ပါမောက္ခတစ်ယောက်နဲ့ တွေ့ပြီး အတန်းတက်စရာမလိုဘဲ ကင်းလွတ်ခွင့် ရခဲ့ပါတယ်။ ရှင်ယူရီ လည်း အတူတူပါပဲ။ သူက ငယ်ငယ်တုန်းက နိုင်ငံခြားမှာ ကျောင်းတက်ခဲ့ဖူးတာမလို့ ရှင်ယူရီရဲ့ အင်္ဂလိပ်စာက native speaker အဆင့်ပါ။

မေဂျာ ဘာသာရပ်တစ်ခု သင်နေတုန်း ရှင်ယူရီ က အသံတိုးတိုးနဲ့ မေးတယ်။

"ဒေါ်လာ ၅ သန်းကို ဘယ်ကနေ ရတာလဲဟင်။ တကယ်ပဲ မပြောပြတော့ဘူးလား"

"ငါ ပြောပြီးပြီလေ။ ချေးလာတာပါဆို" လို့ ကျွန်တော် ဖြေလိုက်တယ်။

ဒေါ်လာ ၅ သန်းရဲ့ ရင်းမြစ်ကို လူတိုင်းက သိချင်နေကြတာပါ။ ကောလာဟလတွေ ကြားထားတဲ့ ပါမောက္ခတွေတောင် လာမေးတဲ့အထိပါပဲ။

ကျွန်တော်က ချေးထားတဲ့ ပိုက်ဆံလို့ ပြောပေမဲ့ ဘယ်သူမှ မယုံကြပါဘူး။ ယုတ္တိဗေဒအရ စဉ်းစားရင် သာမန်တက္ကသိုလ်ကျောင်းသားတစ်ယောက်ကို ဘယ်သူက ဒေါ်လာ ၅ သန်း ချေးမှာလဲ။

ဒါပေမဲ့ အဲဒီအတွက် အဖြေကတော့ စီနီယာကီဟုမ် ဆီကနေ အလွယ်တကူ ထွက်လာခဲ့တယ်။

"အဲဒီကောင်က ဆန်းယော့၊ မဟုတ်ဘူး K Company ရဲ့ စီအီးအို နဲ့ သူက တော်တော်ရင်းနှီးတာ။ သူတို့က ကလပ်က စီနီယာ ဂျူနီယာတင် မဟုတ်ဘဲ တကယ့် ညီအစ်ကိုတွေလိုပဲ။ စီအီးအို က သူ့ကို အရမ်းတန်ဖိုးထားတာလေ။ သူက ၅ သန်း မဟုတ်ဘဲ ၁၀ သန်း တောင်းရင်တောင် ချေးပေးမှာပဲ"

စီနီယာ ကီဟုမ်ပြောတဲ့စကားတွေထဲမှာ K Company မတည်ထောင်ခင်ကတည်းက ကျွန်တော် ပိုက်ဆံတွေ ရင်းနှီးမြှုပ်နှံထားတာ ဖြစ်နိုင်တယ်ဆိုတဲ့ ခိုင်လုံတဲ့ ဇာတ်လမ်းတစ်ပုဒ်တောင် ထပ်တိုးလာသေးတယ်။ ကောလာဟလတွေမှာလည်း တခါတလေ အမှန်တရားတွေ ပါတတ်တာ အံ့သြဖို့ကောင်းပါတယ်။

ကျွန်တော့်ဘက်ကတော့ အေးအေးဆေးဆေးပဲ မသိချင်ယောင်ဆောင်ပေးလိုက်တယ်။

"ဟင်း။ ဟုတ်လား။ စီနီယာ ပြောမှတော့ အမှန်ဖြစ်မှာပေါ့။ ကျွန်မ ယုံပါတယ်"

ဒါပေမဲ့ ရှင်ယူရီရဲ့ မျက်နှာကတော့ မယုံကြည်တဲ့ ပုံစံပါပဲ။ သူ ကျွန်တော့်အကြောင်းကို ဘယ်လောက်အထိ သိနေတာလဲ။

တွေးတောနေပုံရတဲ့ ရှင်ယူရီ က ရုတ်တရက် ပြောတယ်။

"ဟာ… ဒီနေ့က ကားထုတ်မယ့်နေ့ မဟုတ်လား"

ကျွန်တော် အံ့သြသွားတယ်။

"နင် ဘယ်လိုသိတာလဲ"

ရှင်ယူရီ က သူ့ဖုန်းကို ပြတယ်။

"အစ်ကိုတက်ဂယူ ပြောပြတာ"

"......"

"ဒီကောင်က ဘာလို့ အဲဒါကို ပြောရတာလဲ။ နေစမ်းပါဦး။ သူတို့က ဘယ်တုန်းက ဖုန်းနံပါတ်ချင်း လဲလိုက်ကြတာလဲ"

ရှင်ယူရီ က လျှာလေးထုတ်ပြီး ပြောတယ်။

"အတန်းပြီးရင် အတူတူသွားကြမယ်လေ။ ကားကို စမ်းမောင်းကြည့်ရမယ်"

ကိုရီးယားမှာ ရှိနေတဲ့ အတောအတွင်း ကျွန်တော် ဒီမှာ ရှိနေတာ မကြာသေးတဲ့အတွက် ကား သိပ်မလိုခဲ့ပါဘူး။ ဒါပေမဲ့ ကျောင်းတက်တာနဲ့ အလုပ်ကိစ္စတွေကြောင့် သွားလာဖို့ လိုအပ်တယ်လို့ ခံစားလာရတယ်။

တက္ကစီပဲ အမြဲ ငှားစီးနေလို့ မဖြစ်ဘူးလေ။

နောက်ဆုံးတော့ ပြီးခဲ့တဲ့ အပတ်က တက်ဂယူ ၊ စီနီယာဆန်းယော့တို့နဲ့အတူ အရောင်းပြခန်းကို သွားပြီး တစ်စီး ဝယ်လိုက်ပါတယ်။ ကားက ဒီနေ့ ရောက်မှာပါ။

အတန်းပြီးတော့ ကျွန်တော် ရှင်ယူရီ နဲ့အတူ ဆမ်ဆောင်ဒေါင်း က Porsche အရောင်းပြခန်းကို သွားခဲ့တယ်။

အရောင်းကိုယ်စားလှယ်က ကျွန်တော်တို့ကို နွေးနွေးထွေးထွေး ကြိုဆိုပါတယ်။

"ရောက်လာပြီလား"

ဆိုင်ထဲမှာတော့ က ဝန်ထမ်းတွေ ရောက်နေကြပါပြီ။

"ဒီဘက်ကို ကြွပါ"

ကားအပ်တဲ့ နေရာမှာတော့ ကျွန်တော် ဒီတစ်ခါ ပြောင်းဝယ်လိုက်တဲ့ Panamera အဖြူရောင် မော်ဒယ်လေးက ရပ်ထားတယ်။ ကားမှာ အပိုoption တချို့ ထပ်ထည့်လိုက်တော့ ဈေးက ဝမ် သန်း ၂၀၀ ကျော်အထိ တက်သွားပါတယ်။

ရှင်ယူရီ က ကျွန်တော့်ကိုယ်စား ကားကို သေသေချာချာ စစ်ဆေးပေးတယ်။ ပြီးတော့ အားလုံး အဆင်ပြေတယ်ဆိုတဲ့ ပုံစံနဲ့ ခေါင်းညိတ်ရင်း မေးတယ်။

"စီနီယာ သဘောကျရဲ့လား"

"အင်း ကောင်းပါတယ်" လို့ ကျွန်တော် ဖြေလိုက်တယ်။

စဉ်းစားကြည့်ရင် ဒါက ကျွန်တော့်ရဲ့ ပထမဆုံး ကားပါပဲ။ ကားမရှိလို့ တက္ကစီတွေ လိုက်စီးခဲ့ရတဲ့ အချိန်တွေ ရှိခဲ့ဖူးတယ်။ အဲဒီ စိတ်ညစ်စရာကောင်းတဲ့ အတိတ်တွေကိုတော့ မှတ်ဉာဏ်ရဲ့ အနက်ရှိုင်းဆုံးနေရာမှာပဲ ထားခဲ့လိုက်တော့မယ်။

ကလင်

"ဟုတ်ကဲ့။ အဖေ"

ရှင်ယူရီ က ဖုန်းဖြေဖို့ ထွက်သွားတယ်။ ကျွန်တော်ကတော့ စာရွက်စာတမ်းတွေ လုပ်တာကို ဆက်လုပ်ပြီး ကားသော့ကို လက်ခံလိုက်တယ်။

ကျွန်တော်တို့ ကားထဲကို ဝင်လိုက်ကြတယ်။ Panamera က လီဗာကို နင်းလိုက်တာနဲ့ ချောချောမွေ့မွေ့ တုံ့ပြန်ပေးပါတယ်။ ကိုယ်တိုင် မောင်းကြည့်ရတာ ပိုပြီး သဘောကျဖို့ ကောင်းပါတယ်။

"ဒီကားက မိုက်တယ်နော်။ ကျောင်းကို မောင်းသွားရင် စီနီယာ ပိုပြီး နာမည်ကြီးလာတော့မှာ မဟုတ်လား"

" ပိုပြီး မိုက်တဲ့ကားတွေ မောင်းတဲ့ ကလေးတွေ အများကြီး ရှိပါတယ်"

Bentleyမောင်းတဲ့ ဂိုဂျွန်ဟျွန်း လိုမျိုးပေါ့။ ကျောင်းကားပါကင်မှာ Mercedes ဒါမှမဟုတ် BMW တွေကို တွေ့ရတာ မဆန်းပါဘူး၊ ဒါပေမဲ့ Porsche ဆိုရင်တော့ ထင်ရှားနေမှာ အမှန်ပါပဲ။

"ပြီးတော့ ဒါက အခုမှ ထွက်တဲ့ မော်ဒယ်သစ်လေ"

"ဒါနဲ့ စီနီယာက ဒီကားကို ပိုက်ဆံနဲ့ ဘယ်လိုဝယ်လိုက်တာလဲ"

"ငါ့ပိုက်ဆံနဲ့ မဟုတ်ဘူး၊ ကုမ္ပဏီအမည်နဲ့ ငှားထားတာပါ"

ကုမ္ပဏီအမည်နဲ့ ဆိုပေမဲ့ ကိုယ့်ကားလိုပါပဲ။

ကျွန်တော် အကြောင်းအရာ ပြောင်းလိုက်တယ်။

"အခုနက အဖေနဲ့ စကားပြောနေတာလား"

ရှင်ယူရီ က ခေါင်းညိတ်ပြတယ်။

"ဟုတ်တယ်။ အဖေက အခု ဗြိတိန်ကို အလုပ်ကိစ္စနဲ့ သွားနေတာ၊ အခြေအနေက တော်တော် တင်းမာနေပုံရတယ်"

"ဘာဖြစ်လို့လဲ။ ဘာတွေ ဖြစ်နေလို့လဲ"

"လွန်ခဲ့တဲ့ ခဏလေးတင် Brexitမဲပေးမယ့် ရက်ကို အတည်ပြုလိုက်ပြီလေ။ အခုတော့ နှစ်ဖက်စလုံးက အပြိုင်အဆိုင် ဖြစ်နေကြတယ်"

"အဲဒီလိုလား"

အဲဒီအချိန်မှာပဲ ကျွန်တော့် မျက်စိရှေ့မှာ တစ်ခုခု လက်ခနဲ ဖြစ်သွားတယ်။

ကျွန်တော် ဟိုလိုဂရမ်ကို ကြောင်ကြည့်နေမိတယ်။

-Brexit မဲပေးမှု အောင်မြင်သွားပြီ-

အခန်း (၅၈)

ရှင်ယူရီက လန့်ဖျန့်ပြီး အော်လိုက်တယ်။

“စီနီယာ။ သတိထားဦး။ ရှေ့ကိုကြည့်”

“ဘာဖြစ်လို့လဲ”

ကျွန်တော် သတိပြန်ဝင်လာပြီး ကြည့်လိုက်တော့မှ လူရှုပ်တဲ့ လမ်းဆုံထဲကို ကားက တိုးဝင်တော့မယ့် အခြေအနေ ဖြစ်နေတာကို သတိထားမိသွားတယ်။ ကျွန်တော်လည်း လန့်သွားပြီး ဘရိတ်ကို အမြန်နင်းလိုက်ရတယ်။

ကျွီ

ကားက မီးပွိုင့်စည်းကို ကျော်ပြီးမှ ရုတ်တရက် ရပ်တန့်သွားတယ်။

ဘေးက တခြားကားတွေကလည်း လန့်သွားပြီး ဟွန်းတွေ တရပ်စပ် တီးကြတော့တာပဲ။

တီ။ တီ

ကားမောင်းသမားတစ်ယောက်က ကားမှန်ချပြီး “ဟေ့ကောင်။ မအေဘေး။ ကားကို သေသေချာချာ မမောင်းတတ်ဘူးလား” လို့ လှမ်းဆဲသွားတယ်။ ဒါက ကျွန်တော့်အမှား လုံးလုံးဖြစ်နေတာဆိုတော့ ဘာမှ ပြန်မပြောနိုင်ပါဘူး။

နဖူးမှာ ချွေးအေးတွေ ပျံလာတာနဲ့ ကားကို လမ်းဘေး ခဏကပ်ရပ်ပြီး စက်သတ်လိုက်တယ်။ ရှင်ယူရီကတော့ တုန်လှုပ်နေတဲ့ မျက်နှာနဲ့ “တော်သေးတာပေါ့” လို့ ပြောတယ်။

“ဆောရီးနော်၊ ငါ ခဏလေး အတွေးလွန်သွားလို့ပါ”

“ဘာတွေ တွေးနေတာလဲဟင်”

ကျွန်တော့် မျက်စိရှေ့မှာ လက်ခနဲ ပေါ်လာတဲ့ ဟိုလိုဂရမ်အကြောင်း ပြောပြသင့်လား။ မပြောတာပဲ ကောင်းမယ် ထင်ပါတယ်။

ကျွန်တော် ထိုင်ခုံကို မှီလိုက်ပြီး အသက်ကို ဝအောင် ရှူလိုက်ရတယ်။ တော်သေးတာပေါ့၊ ရှင်ယူရီသာ အော်မပြောရင် ကျွန်တော့်ရဲ့ ပေါ့ဆမှုကြောင့် မတော်တဆမှု အကြီးကြီး ဖြစ်သွားနိုင်ပါယ်။

နိမိတ်အာရုံက ရုတ်တရက် ပေါ်လာတာက တစ်ကြောင်းပေါ့။ ဒါပေမဲ့ ကားမောင်းနေရင်း စိတ်လွင့်သွားတာက ပိုပြီး စိုးရိမ်စရာ ကောင်းပါတယ်။

မတော်တဆမှုဖြစ်လို့ ကျွန်တော်တစ်ယောက်ထဲ သေတာက ကိစ္စမရှိပေမဲ့ ရှင်ယူရီနဲ့ တခြား ကားမောင်းသမားတွေမှာ ဘာအပြစ်မှမရှိဘူးလေ။

နောက်နောင် ကားမောင်းရင်တော့ ဒီထက်ပိုပြီး သတိထားမှ ဖြစ်မယ်။

ရှင်ယူရီက စိတ်ပူနေတဲ့ မျက်နှာနဲ့ ကျွန်တော့်ကို ကြည့်လာတယ်။

“စီနီယာ အဆင်ပြေရဲ့လား”

“အင်း။ နင်ကော အဆင်ပြေရဲ့လား၊ လန့်သွားလား”

“လန့်တာပေါ့။ ကားကို ကောင်းကောင်းမောင်းနေရင်းနဲ့ ရုတ်တရက်ကြီး ဒီလိုဖြစ်သွားတာပဲ၊ ဘယ်လိုလုပ် မလန့်ဘဲ နေမှာလဲ”

“တောင်းပန်ပါတယ်”

“တကယ်ပဲ အဆင်ပြေရဲ့လား”

“ပြေပါတယ်ဆို”

ရှင်ယူရီက ကျွန်တော့်ကို ခဏလောက် ကြည့်နေပြီးမှ ခေါင်းညိတ်ပြတယ်။

“အဲဒါဆိုရင် လမ်းဆင်းလျှောက်ကြရအောင်”

“...”

ဒီလိုမျိုး ကြုံလိုက်ရတာတောင် ကျွန်တော်မောင်းတဲ့ ကားကို သူက ဆက်စီးချင်လောက်မယ်မထင်ဘူး။

ကျွန်တော်သာ သူ့နေရာမှာဆိုရင်တော့ တက္ကစီငှားပြီး အိမ်ပြန်သွားမိမှာ အသေအချာပဲ။

“ဘယ်ကို သွားချင်လဲ”

“ဖယ်လ်တန် ဆည်ဘက် သွားရအောင်လေ။ ဂျီဟဲက သူ့ကောင်လေးနဲ့ အဲဒီကို သွားဖူးတယ်ပြောတယ်။ အဲဒီမှာ လေကောင်းလေသန့်ရပြီး မိုက်တဲ့ ကဖေးတွေ အများကြီးရှိတယ်တဲ့”

ရှင်ယူရီနဲ့ အမြဲတူတူသွားလေ့ရှိတဲ့ ဆံပင်အတိုနဲ့ ကောင်မလေးကို သွားသတိရမိတယ်။ သူက ရှင်ယူရီလောက် ထင်ရှားတဲ့အလှမျိုး မဟုတ်ပေမဲ့ တော်တော်လေး ချစ်ဖို့ကောင်းတဲ့သူပါ။

“ဂျီဟဲမှာ ကောင်လေး ရှိနေပြီလား”

“အင်း။ ရှိတာ ကြာလှပြီ”

“ဘယ်သူလဲ”

အဲဒီလိုမေးတော့ ရှင်ယူရီက မျက်စောင်းလေး ထိုးလိုက်တယ်။

“စီနီယာက ဂျီဟဲအကြောင်းကို စိတ်ဝင်စားနေပုံပဲနော်”

“မေးကြည့်ရုံပါ”

ဘာပဲဖြစ်ဖြစ် ကားလည်း ဝယ်ထားပြီးပြီဆိုတော့ နည်းနည်းတော့ မောင်းကြည့်ရမှာပေါ့။

Panamera လေးက ဂန်နမ်ရဲ့ ကားရှုပ်တဲ့ လမ်းမတွေကနေ ထွက်လာပြီး Olympic Boulevard ပေါ် ရောက်လာတယ်။ လီဗာကို နည်းနည်းလေး နင်းလိုက်ရုံနဲ့ ကားက ချက်ချင်းဆိုသလို အရှိန်နဲ့ ထွက်သွားတာပဲ။

ဒါနဲ့ အခုက ဘယ်လိုဖြစ်တာလဲ။

အရှိန်သတ်မှတ်ချက်က ၈၀ ကီလိုမီတာပဲလေ။

စောစောကလို အမှားမျိုး ထပ်မဖြစ်အောင် ရှေ့ကလမ်းကိုပဲ အာရုံစိုက်ပြီး မောင်းနေပေမဲ့ စိတ်ထဲမှာတော့ ခုနက မြင်လိုက်ရတာကိုပဲ ပြန်တွေးနေမိတယ်။

ဒါက ငါ ခံစားနေရတဲ့ စိတ်မသက်မသာဖြစ်မှုရဲ့ ရင်းမြစ်လား။

“Brexit...” လို့ ကျွန်တော် တိုးတိုးလေး ရေရွတ်မိတော့ ရှင်ယူရီက “စိတ်ဝင်စားလို့လား” လို့ လှမ်းမေးတယ်။

“မဟုတ်ပါဘူး၊ ဒီလိုပါပဲ...”

ခုနလေးတင်အထိ စိတ်မဝင်စားခဲ့ပေမဲ့ အခုတော့ အရမ်းကို သိချင်လာပြီ။

တကယ်တော့ Brexit ဆိုတာက အတော်လေး ဟောင်းနေတဲ့ ကိစ္စပါ။ ဗြိတိန်နဲ့ EU ကြားမှာ သဘောထားချင်း မတိုက်ဆိုင်တာ နှစ်နဲ့ချီနေပြီလေ။

ဒီကိစ္စက အခုမှ ပြန်ပြီး ခေါင်းထောင်လာတာက လူထုဆန္ဒခံယူပွဲ လုပ်မယ့်ရက်ကို အတည်ပြုလိုက်လို့ပါပဲ။

“စီနီယာက Brexit အကြောင်း အများကြီး သိတာလား”

ကျွန်တော်က သတင်းတွေ၊ ဆောင်းပါးတွေ အမြဲဖတ်နေတာဆိုတော့ တော်တော်လေးတော့ သိပါတယ်။ မီဒီယာတွေမှာလည်း ဒီအကြောင်းတွေပဲ ပြောနေကြတာဆိုတော့ မသိဘဲနေဖို့က ခက်ပါတယ်။

ဒါပေမဲ့ ကျွန်တော့်ရဲ့ အပြုအမူတွေက ထူးဆန်းနေမှာ စိုးလို့ မသိချင်ယောင်ဆောင်လိုက်တယ်။

“ကြားတော့ ကြားဖူးတယ်၊ ဒါပေမဲ့ အသေးစိတ်တော့ မသိဘူး”

“ဒါဆို ကျွန်မ ရှင်းပြမယ်။ စီနီယာကတော့ ကားမောင်းတာကိုပဲ အာရုံစိုက်ပြီး နားထောင်နော်”

“အိုကေ”

“Brexit ဆိုတာက ‘Britain’ နဲ့ ‘exit’ ကို ပေါင်းထားတာလေ၊ စာသားအတိုင်းဆိုရင်တော့ ဗြိတိန်က ဥရောပသမဂ္ဂ (EU) ထဲကနေ ထွက်ခွာတာကို ပြောတာ”

ဒီအခြေအနေကို နားလည်ဖို့ဆိုရင် အရင်ဆုံး ဥရောပသမဂ္ဂ ဆိုတာ ဘာလဲဆိုတာ သိဖို့လိုပါတယ်။

ဥရောပသမဂ္ဂရဲ့ အစက ဒုတိယကမ္ဘာစစ်အပြီးမှာ တည်ထောင်ခဲ့တဲ့ ECSC (ဥရောပ ကျောက်မီးသွေးနဲ့ သံမဏိ အသိုက်အဝန်း) ကနေ စတာပါ။ အဲဒီကနေ ECC (ဥရောပ စီးပွားရေး အသိုက်အဝန်း)၊ နောက်တော့ EC (ဥရောပ အသိုက်အဝန်း)၊ နောက်ဆုံး ၁၉၉၃ မှာတော့ EU (ဥရောပသမဂ္ဂ) ဆိုပြီး ဖြစ်လာတာပေါ့။

ဒါက လူသားသမိုင်းမှာ အကြီးမားဆုံး အစိုးရချင်း ပေါင်းစည်းတဲ့ အဖွဲ့အစည်းကြီး ပေါ်ပေါက်လာတာပါပဲ။

လူမျိုး၊ ယဉ်ကျေးမှု၊ ဘာသာစကား မတူတဲ့ ဥရောပနိုင်ငံတွေ တစုတစည်းထဲ ဖြစ်လာရတဲ့ အကြောင်းရင်း နှစ်ခုရှိပါတယ်။ ပထမကတော့ သူတို့က ဒီမိုကရေစီနဲ့ ခရစ်ယာန်တန်ဖိုးတွေကို အတူတူ လက်ခံထားကြတာဖြစ်ပြီး ဒုတိယကတော့ ကမ္ဘာစစ် နှစ်ကြိမ်ဖြစ်ပြီးနောက်မှာ လူမျိုးစွဲ၊ နိုင်ငံစွဲတွေကို ကျော်လွန်တဲ့ အသိုက်အဝန်းသစ်တစ်ခု လိုအပ်တယ်လို့ ခံစားမိကြလို့ပါ။

နိုင်ငံပေါင်း ၁၂ နိုင်ငံနဲ့ စတင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ဥရောပနိုင်ငံတွေ တစ်နိုင်ငံပြီးတစ်နိုင်ငံ ဝင်လာကြတာ အခုဆိုရင် အဖွဲ့ဝင် ၂၈ နိုင်ငံ ရှိနေပြီဖြစ်ပါတယ်။ ဂျာမနီ၊ ပြင်သစ်၊ ဗြိတိန်၊ အီတလီ တို့လို GDP မြင့်မားတဲ့ နိုင်ငံတွေ ပါဝင်နေတာမလို့ သူ့ရဲ့ စီးပွားရေး အတိုင်းအတာက ကြီးမားလွန်းပါတယ်။

တည်ထောင်စတုန်းကတော့ ကမ္ဘာ့အကြီးဆုံးပေါ့။ ဒါပေမဲ့ အခုတော့ အမေရိကန်ရဲ့ နောက်မှာ ဒုတိယနေရာကို ရောက်သွားပါပြီ။

“ဒါပေမဲ့ အခု ဗြိတိန်က အဲဒီထဲကနေ ထွက်ဖို့ စဉ်းစားနေတယ်လို့ ကြားတယ်”

သူက ဒါတွေကို ဘယ်လိုများ ဒီလောက်အထိ သိနေတာလဲ။ သာမန်တက္ကသိုလ်ကျောင်းသူတစ်ယောက်က ဒီလောက်အထိ အသေးစိတ် သိဖို့မလွယ်ဘူးလေ။

ကျွန်တော် ရှင်ယူရီကို လှမ်းကြည့်လိုက်တော့ သူက သူ့ဖုန်းထဲက ဆောင်းပါးတစ်ပုဒ်ကို ဖတ်နေတာ တွေ့လိုက်ရတယ်။

“အဲဒီလိုဆိုရင်တော့ ငါလည်း ကားခဏရပ်ပြီး ကိုယ့်ဘာသာ ရှာဖတ်လိုက်တာက ပိုကောင်းမလား”

ဘာပဲဖြစ်ဖြစ် ရှင်ယူရီကတော့ သူ့ဖုန်းကို ကြည့်ပြီး ဆက်ပြီး ရှင်းပြနေတုန်းပါပဲ။

EU က ဥရောပမှာ နိုင်ငံရေးနဲ့ စီးပွားရေး ပေါင်းစည်းမှုကို ဦးဆောင်ခဲ့တယ်။ ဒါကြောင့် အဖွဲ့ဝင်နိုင်ငံတွေက သူတို့ရဲ့ နိုင်ငံတော် အာဏာအချို့ကို EU ဆီ လွှဲပေးထားရတယ်။ ‘ယူရို’ ဆိုတဲ့ ဘုံငွေကြေးကို သုံးကြတယ်။ ပြီးတော့ လူနဲ့ ကုန်စည်တွေ လွတ်လွတ်လပ်လပ် သွားလာနိုင်ဖို့ ‘ရှန်ဂန် သဘောတူညီချက်’ကိုလည်း ချုပ်ဆိုထားကြတယ်။

ဥရောပနိုင်ငံတွေက နယ်နိမိတ်ချင်း ထိစပ်နေတာဆိုတော့ မြေပုံကို ကြည့်ရင် သိနိုင်ပါတယ်။ အဲဒီ နယ်စပ်တွေကို အပြည့်အဝ ထိန်းချုပ်ဖို့ဆိုတာ မဖြစ်နိုင်သလို ထိရောက်မှုလည်း မရှိပါဘူး။

အရင်တုန်းက ဂျာမနီကနေ ပြင်သစ်ကို သွားရင် လူဝင်မှုကြီးကြပ်ရေး စစ်ဆေးတာတွေ ခံယူရပေမဲ့ ရှန်ဂန် သဘောတူညီချက်မှာ လက်မှတ်ထိုးထားတဲ့ နိုင်ငံတွေကြားမှာတော့ ကိုရီးယားမှာ ဆိုးလ်ကနေ ဘူဆန်ကို သွားသလိုမျိုး ဘာစစ်ဆေးမှုမှမရှိဘဲ သွားလာလို့ ရပါတယ်။

“ဗြိတိန်က EU ထဲမှာ ပါပေမဲ့ ‘ပေါင်’ ငွေကြေးကိုပဲ ဆက်သုံးနေသလို ရှန်ဂန် သဘောတူညီချက်ထဲမှာလည်း မပါဝင်ခဲ့ဘူး”

“ဒါဆို သူတို့က ဘာလို့ ထွက်ချင်နေကြတာလဲ”

“EU ရဲ့ စည်းမျဉ်းစည်းကမ်းတွေ အများကြီးရှိပေမဲ့ အဓိက ပြဿနာကတော့ လူဝင်မှုကြီးကြပ်ရေးနဲ့ ဒုက္ခသည်ကိစ္စပဲ”

ဒါက ဗြိတိန်တစ်နိုင်ငံထဲရဲ့ ပြဿနာ မဟုတ်ပါဘူး။ ဥရောပတစ်ခုလုံးက အရှေ့အလယ်ပိုင်းကနေ စီးဝင်လာတဲ့ ဒုက္ခသည်တွေကြောင့် ဒုက္ခရောက်နေကြတာလေ။

နယ်စပ်တိုင်းမှာ ဒုက္ခသည်စခန်းကြီးတွေ ရှိနေပြီး သူတို့ကို ကျွေးမွေးစောင့်ရှောက်ဖို့ ဘတ်ဂျက်တွေ အများကြီး သုံးနေရပါတယ်။

ဒါ့အပြင် ဒုက္ခသည်အချို့က ပြစ်မှုတွေ ကျူးလွန်တာမျိုး၊ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်တာမျိုးတွေလည်း ရှိနေခဲ့တယ်။

ဒါကြောင့် အများပြည်သူရဲ့ သဘောထားကလည်း တော်တော်လေး ဆိုးရွားလာခဲ့ပါတယ်။

လက်ရှိမှာတော့ ဂျာမနီရဲ့ ဦးဆောင်မှုနဲ့ EU က ဒုက္ခသည်တွေကို ခွဲဝေလက်ခံမယ့် စနစ်ကို တွန်းအားပေးနေတယ်။ ဗြိတိန်ကတော့ အဲဒါကို ပြင်းပြင်းထန်ထန် ကန့်ကွက်နေတာပေါ့။

“ပြဿနာတွေနဲ့ နိုင်ငံအချင်းချင်း အကျိုးစီးပွား ပဋိပက္ခတွေ ရှိနေပေမဲ့လည်း ဥရောပသားတွေ စည်းလုံးရမယ်ဆိုတဲ့ ဘုံတန်ဖိုးကြောင့် EU စနစ်က ဆက်ရှိနေတာပါ။ ဒါပေမဲ့ ဗြိတိန်ကတော့ တခြား ဥရောပနိုင်ငံတွေနဲ့ မတူဘဲ အမေရိကန်နဲ့လည်း ဆက်ဆံရေးရှိတဲ့ ကျွန်းနိုင်ငံဖြစ်နေတော့ သူတို့ကိုသူတို့ ဥရောပရဲ့ အစိတ်အပိုင်းတစ်ခုလို့ သတ်မှတ်တဲ့နေရာမှာ နည်းနည်းတော့ အားနည်းတာပေါ့”

ကျွန်တော် ကဖေးရှေ့မှာ ကားရပ်လိုက်ပြီး ရှင်ယူရီနဲ့အတူ အထဲကို ဝင်လာခဲ့တယ်။

“အမေရိကန်နိုပဲ သောက်မလား”

“အင်း”

ပူနွေးတဲ့ အမေရိကန်နို ခွက်ကို ကိုင်ပြီး ကဖေးရဲ့ ခေါင်မိုးပေါ်ကို တက်သွားတော့ အောက်မှာ ဟန်မြစ်ကို မြင်နေရပါတယ်။ အလုပ်လုပ်ရတဲ့ ရက်ဖြစ်ပေမဲ့လည်း လူတော်တော်များများ ရှိနေကြပါတယ်။

ရှင်ယူရီက လေထဲမှာ ဝဲနေတဲ့ သူ့ရဲ့ ရွှေအိုရောင် ဆံပင်တွေကို စုပြီး စည်းလိုက်တယ်။ အဲဒီပုံရိပ်က ကြည့်လို့မဝအောင်ကို လှလွန်းပါတယ်။

“အကြာကြီးနေမှ ဒီလို လေကောင်းလေသန့် ရတာ တော်တော်လေး ကောင်းတာပဲ”

“တူတူလာတာ ကောင်းသွားတာပေါ့”

ကျွန်တော် ခေါင်းညိတ်ရင်းနဲ့ နတ်မျက်စိအကြောင်းကို တွေးနေမိတယ်။

“အင်း”

တူတူလာတာ တကယ်ကို ကောင်းပါတယ်။

ကျွန်တော် ကော်ဖီကို တစ်ငုံသောက်ပြီး ဖုန်းထဲမှာ ဆောင်းပါးအချို့ကို ရှာကြည့်လိုက်တယ်။

EU အဖွဲ့ဝင်နိုင်ငံတွေထဲမှာ အခုထိတော့ နှုတ်ထွက်သွားတဲ့ နိုင်ငံဆိုတာ မရှိသေးပါဘူး။ အရင်တုန်းက ဂရိနိုင်ငံမှာ အကြွေးပြဿနာတွေ ရှိတုန်းက ‘Grexit’ ဖြစ်နိုင်တယ်ဆိုတဲ့ စကားတွေ ထွက်ခဲ့ဖူးတယ်။

ဂရိက ကမ္ဘာ့စီးပွားရေးနဲ့ EU ထဲမှာ ပါဝင်တဲ့ အချိုးအစားက နည်းပါတယ်။ Grexit ဖြစ်သွားရင်တောင် ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှုက သိပ်မကြီးပါဘူး။

ဒါပေမဲ့ Brexit ကတော့ အခြေအနေချင်း လုံးဝ မတူပါဘူး။

ဗြိတိန်ဆိုတာ ဂျာမနီ၊ ပြင်သစ်တို့နဲ့အတူ EU ကို ထောက်ပေးထားတဲ့ အဓိက ဒေါက်တိုင်ကြီး တစ်ခုလေ။ အဲဒီ ဒေါက်တိုင်တစ်ခု ပြုတ်သွားရင် တခြားအဖွဲ့ဝင်နိုင်ငံတွေမှာလည်း မကျေနပ်မှုတွေ ဖြစ်လာပြီး တစ်နိုင်ငံပြီးတစ်နိုင်ငံ ထွက်သွားကြရင် ဥရောပသမဂ္ဂကြီး တစ်ခုလုံး ပြိုလဲသွားနိုင်ပါတယ်။

ဒါကြောင့်လည်း EU က ဗြိတိန်ကို “နင်တို့ရဲ့ အခြေအနေတွေကို ငါတို့ ထည့်စဉ်းစားပေးပါ့မယ်။ ဆက်ပြီး နေပေးပါ” ဆိုပြီး သဘောတူညီချက်တွေ ပေးခဲ့တာပါ။ ဝန်ကြီးချုပ်ရဲ့ ကတိအတိုင်း ဗြိတိန်အစိုးရက EU ရဲ့ သဘောတူညီချက်ကို လူထုဆန္ဒခံယူပွဲမှာ ထည့်သွင်းဆုံးဖြတ်ဖို့ ဆုံးဖြတ်ခဲ့တာပေါ့။

ဒီသဘောတူညီချက်ကို လက်ခံသည်ဖြစ်စေ၊ ငြင်းပယ်သည်ဖြစ်စေ လူထုဆန္ဒခံယူပွဲက ဥပဒေအရ အတည်မဖြစ်ပါဘူး။ တကယ်လို့ EU ထဲကနေ တရားဝင် ထွက်ချင်တယ်ဆိုရင်တော့ လစ္စဘွန်းစာချုပ်ရဲ့ အပိုဒ် ၅၀ ကို အကောင်အထည်ဖော်ရမှာပါ။

ဒါပေမဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းမှာ လူထုဆန္ဒခံယူပွဲရဲ့ ရလဒ်ကို လျစ်လျူရှုလို့ မရပါဘူး။ တကယ်လို့ သဘောတူညီချက်ကို ငြင်းပယ်လိုက်ရင် ဗြိတိန်က EU ထဲမှာ ဆက်ရှိနေမယ်။ လက်ခံလိုက်ရင်တော့ ဗြိတိန်က EU ကနေ ထွက်သွားရမှာပါ။

“Brexit က တကယ်ပဲ ဖြစ်လာတော့မှာလား”

တကယ်တမ်း ဘာတွေ ဖြစ်လာမှာလဲ။

နတ်မျက်စိ က ပေးတဲ့ အချက်အလက်က အရမ်းကို ကန့်သတ်ချက် ရှိလွန်းပါတယ်။

မဲရလဒ်ကိုတော့ ပြောပြခဲ့ပေမဲ့ အဲဒါက ဘယ်လို သက်ရောက်မှုတွေ ရှိမလဲ၊ ဘယ်လို တုံ့ပြန်ရမလဲဆိုတာကိုတော့ ရှင်းမပြခဲ့ပါဘူး။

ဒါကို ရှာဖွေဖို့က ကျွန်တော့်ရဲ့ တာဝန်ပါပဲ။

“ဘာလုပ်နေတာလဲဟင်”

“ဆောင်းပါးအချို့ ရှာဖတ်နေတာပါ”

ရှင်ယူရီက ကျွန်တော့်ကို ကြည့်ပြီး မေးတယ်။

“စီနီယာကော ဘယ်လိုဖြစ်လာမယ် ထင်လဲ”

“ဘာကိုလဲ”

“Brexit မဲရလဒ်လေ”

“အင်း...”

ကျွန်တော်က မတင်မကျပဲ ပြန်ဖြေပြီး အကြောင်းအရာ ပြောင်းလိုက်တယ်။

“ဒါနဲ့ နင့်အဖေက ဘာလို့ ဗြိတိန်ကို သွားတာလဲ”

“အလုပ်ကိစ္စနဲ့ သွားတာပါ”

“သူက ဘာလုပ်တာလဲ”

ကျွန်တော့်မေးခွန်းကြောင့် ရှင်ယူရီက နည်းနည်းတော့ တွန့်သွားပုံရတယ်။

“အင်း... သူက ဘဏ္ဍာရေး နယ်ပယ်မှာ အလုပ်လုပ်တာလေ။ ရန်ပုံငွေ ကိစ္စတွေ ဘာတွေ ကိုင်တွယ်ရတာပေါ့”

“ရန်ပုံငွေ မန်နေဂျာလား”

“အင်း။ အဲဒီလိုမျိုးပေါ့”

“နိုင်ငံခြားကုမ္ပဏီမှာလား”

“အရင်ကတော့ နိုင်ငံခြားကုမ္ပဏီမှာ၊ အခုတော့ ကိုရီးယားကုမ္ပဏီမှာပဲ လုပ်တော့တယ်”

ပြည်တွင်းက securities firmတစ်ခုမှာလား။

သူ့ရဲ့ မုန့်ဖိုးတွေနဲ့ ဆောင်း အီလက်ထရောနစ် ရှယ်ယာတွေ ဝယ်နေတာ မဆန်းတော့ပါဘူး။

“ဒီတစ်ပတ် ပိတ်ရက်မှာ အချိန်အားလား။ ကြည့်ချင်တဲ့ ရုပ်ရှင်တစ်ကား ရှိလို့”

ကျွန်တော်က ပြုံးပြီး ပြောလိုက်တယ်။

“တောင်းပန်ပါတယ်။ ငါ့မှာ အိမ်က သူငယ်ချင်းတစ်ယောက်နဲ့ ချိန်းထားတာ ရှိလို့ပါ”

“ဪ”

ကျွန်တော်တို့ ကဖေးကနေ ထွက်လာပြီး ဖယ်လ်တန်ရေကန်နားမှာ လမ်းလျှောက်ရင်း ဟိုအကြောင်း ဒီအကြောင်းတွေ ပြောဖြစ်ကြတယ်။

ဂန်နမ်ကို ပြန်ရောက်တဲ့အချိန်မှာတော့ နေဝင်သွားပါပြီ။

“ကောင်းကောင်းပြန်ပါ။ စီနီယာ။ နောက်အပတ်မှ တွေ့ကြမယ်နော်”

“အင်း။ သွားပြီနော်”

ရှင်ယူရီကို ပို့ပေးပြီး အိမ်ပြန်တဲ့လမ်းမှာ အစ်မဟျွန်းဂျူး ဆီကို ဖုန်းဆက်လိုက်တယ်။

“အစ်မ။ Brexit နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ရရင် အကုန်လုံး ပို့ပေးပါ။ ကျွန်တော် အမြန်ဆုံး အတည်ပြုချင်တာ ရှိလို့”

Brexit ဆိုတာက အခုတလော ဘဏ္ဍာရေး နယ်ပယ်မှာ အကြီးဆုံး ပြဿနာတစ်ခုပါ။

ဒါကြောင့်လည်း Golden Gate မှာ Brexit နဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေ တောင်ပုံရာပုံ ထွက်နေခဲ့တယ်။ အစ်မဟျွန်းဂျူးက အချက်အလက် အကုန်လုံးကို စုပြီး ကျွန်တော့်ဆီ အီးမေးလ် ပို့ပေးခဲ့ပါတယ်။

ပိတ်ရက်ဆိုတော့ ကျွန်တော် အိမ်မှာပဲ အောင်းပြီး အဲဒီ အချက်အလက်တွေကို ဖတ်နေမိတယ်။

တက်ဂယူက မေးတယ်။

“ဒါဆို ဗြိတိန်က EU ထဲကနေ တကယ် ထွက်သွားမှာပေါ့”

“ဒါပေါ့”

“ဒါပေမဲ့ ပညာရှင်အများစုကတော့ သူတို့ ဆက်ရှိနေမယ်လို့ ခန့်မှန်းနေကြတာပဲကို”

“အဲဒီ ပညာရှင်ဆိုတဲ့လူတွေ ပြောတာကို သွားမယုံနဲ့။ သူတို့ကသာ တကယ်သိရင် ဘာလို့ နေရာတကာမှာ လျှောက်ပြောနေမှာလဲ၊ ကိုယ့်ဘာသာပဲ သိမ်းထားမှာပေါ့”

ကျွန်တော့်စကားကို တက်ဂယူက ခေါင်းညိတ်ပြီး ထောက်ခံတယ်။

“အဲဒါလည်း ဟုတ်တာပဲ”

ဒါကြောင့်လည်း ကျွန်တော်တို့က ဘာမှမပြောဘဲ တိတ်တိတ်ဆိတ်ဆိတ် နေနေတာလေ။

“အိုကေ။ ဒါဆိုရင် နောက်ထပ် ဘာဖြစ်လာဦးမှာလဲ။ ဗြိတိန်က EUထဲကနေ ထွက်သွားရုံနဲ့တင် ပြီးသွားမှာလား”

“တကယ်ပဲ အဲဒီလောက် ရိုးရှင်းမယ် ထင်လို့လား”

ကမ္ဘာ့စီးပွားရေးအပေါ်မှာ အကြီးအကျယ် သက်ရောက်မှုတွေ ရှိလာမှာပါ။ ဘယ်လောက်အထိ ထိခိုက်မလဲဆိုတာကို ခန့်မှန်းဖို့တောင် ခက်ပါတယ်။

ဒါကြောင့်လည်း ကျွန်တော်က Golden Gate က ပို့ပေးတဲ့ အချက်အလက်တွေကို သေသေချာချာ ဖတ်နေရတာပေါ့။ short positionဘက်ကနေ ရင်းနှီးမြှုပ်နှံတဲ့နေရာမှာ အချိန်ကိုက်ဖို့က အရမ်း အရေးကြီးပါတယ်။

L6 အဖြစ်အပျက်တုန်းကလိုပဲ အချိန်သာ နောက်ထပ် ရက်ပိုင်းလောက် နောက်ကျသွားရင် ကျွန်တော်တို့ သန်း ၁၀,၀၀၀ ကျော်လောက် ရှုံးသွားနိုင်တာလေ။

အဲဒီနောက်ပိုင်းမှာ ကျွန်တော်က အဆင်ခြင်မဲ့ပြီး အန္တရာယ်များတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးကို ရှောင်ကြဉ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီတစ်ခါကတော့ အခြေအနေချင်း မတူဘူး။

Brexit ဆိုတာက ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက်ကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေနိုင်တဲ့ အဖြစ်အပျက်တစ်ခုဖြစ်ပြီး ကျွန်တော်က အဲဒီရဲ့ ရလဒ်နဲ့ ရက်စွဲကို အတိအကျ သိနေတာလေ။

ဒီလောက် ကောင်းတဲ့ အခွင့်အရေးမျိုး နောက်ထပ် ရှိလာဦးမှာတဲ့လား။

နှစ်ရက်လောက် အချက်အလက်တွေကို ဖတ်ပြီးနောက်မှာတော့ ကျွန်တော် နိဂုံးချုပ်လိုက်တယ်။

“ဗြိတိန်ကို ကျေးဇူးတင်ရမှာပဲ”

တက်ဂယူက နားမလည်တဲ့ပုံစံနဲ့ “ဘာကိုလဲ” လို့ မေးတယ်။

“တစ်သက်မှာ တစ်ခါပဲ ကြုံရမယ့် အခွင့်အရေးကြီး ရောက်လာတော့မယ်လို့ ပြောတာ”

All Chapters