ရာရာစစ ကျုပ်မိတ်ဆွေကို ဝင်ရှုပ်ရဲတယ်ပေါ့
Vol. 12 Ch. 1161
မိစ္ဆာဧကရာဇ်နိုင်ငံ ကောင်းကင်ဧကရာဇ်သုံးပါးမှာ ဤကဲ့သို့ အုပ်စုလိုက် ကြုံတွေရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူတို့သည် ထွက်ပေါက်အနား၌ စောင့်စားနေခဲ့ကြပြီး အဝေးမှ ထူးဆန်းသော အခိုးအငွေ့များအား သတိထားမိသောအခါ စစ်ဆေးရန် လာခဲ့ခြင်းဖြစ်၏။
သူတို့မှာ ပိုင်ရှောင်ချန်းနှင့် သူတော်စင်ဧကရာဇ်နိုင်ငံမှ အခြားကောင်းကင်ဧကရာဇ်များအားလုံးကို မြင်လိုက်ရသဖြင့် အံ့သြတုန်လှုပ်သွားကြတော့သည်။ ဤနေရာတွင် ဝိရူပက္ခသာ ရှိနေခဲ့လျှင် သူတို့လမ်းကြောင်းကို အားနှင့်အင်နှင့် တားဆီးနိုင်လောက်မည်ဖြစ်သည်။ သို့သော် မူလနတ်ဆိုးမင်းသား၏ ကျင့်ကြံခြင်းအခြေခံမှာ မြင့်သင့်သလောက် မမြင့်မားရာ သူ့ကို ပင့်သက်ရှိုက်မိသွားစေတော့သည်။
ဝိညာဥ်ဝါးမျိုသခင်၏ မျက်လုံးများကား ဝိုင်းစက်ပြူးကျယ်နေပြီး သူက အသာတကြည် နောက်ဆုတ်ရန်ပင် တွေးမိလိုက်သည်။ သို့သော် သူသည် ပိုင်ရှောင်ချန်းက သူ၏အပေါင်းအပါများနှင့်အတူ ဤနေရာသို့ ရောက်နေပြီဖြစ်၍ သူတစ်ယောက်တည်း လုံးဝမထိခိုက်ဘဲ သူတို့ကျော်ဖြတ်သွားလျှင် ၄င်းသည် သူ့ရောင်ရင်းကောင်းကင်ဧကရာဇ်များ၏ ဒေါသူပုန်ထခြင်းနှင့်တကွ မိစ္ဆာဧကရာဇ်၏ ဒေါသကိုလည်း လှုံ့ဆော်မိမည် ဖြစ်သည်။
" သူတို့မှာ အရှင်မင်းမြတ်လိုချင်တဲ့ ပစ္စည်းရှိတယ်"
သူက အော်ပြောလိုက်သည်။
" ဖြတ်သွားခွင့်မပေးနဲ့ "
အရာအားလုံးကို ပွင့်လင်းစွာ ထုတ်ဖော်ပြီး မိစ္ဆာဧကရာဇ်ကိုလည်း ညွှန်းဆိုခြင်းအားဖြင့် သူက အခြားလူများအား ခြေချုပ်လိုက်လေသည်။ မူလနတ်ဆိုးမင်းသားမှာ စိတ်ထဲတွင် ကျိန်ဆဲလိုက်သော်လည်း သူ့တွင် အခြားရွေးချယ်စရာမရှိပေ။ ဝိရူပက္ခနှင့် အခြားသူများကို သတင်းပို့ပြီးနောက် သူက သူ၏ကျင့်ကြံခြင်းအခြေခံ စွမ်းအားကို ထုတ်လွှတ်လိုက်သည်။
ကုန်းစွန်းဝမ်အာမှာ သက်ပြင်းချလိုက်၏။ သူမက ပိုင်ရှောင်ချန်းနှင့် တိုက်ခိုက်လိုစိတ် မရှိသော်လည်း သူတို့နှစ်ယောက်လုံးသည် ယခုလောလောဆယ်တွင် ဆန့်ကျင်ဘက် ဖြစ်နေသောကြောင့် သူမမှာ ကျင့်ကြံခြင်းအခြေခံကိုသာ အားဖြည့်လိုက်ပြီး သူတော်စင်ဧကရာဇ်နိုင်ငံ ကောင်းကင်ဧကရာဇ်များ၏ လမ်းကြောင်းကို ပိတ်ဆို့ရန် ဝိညာဥ်ဝါးမျိုသခင်နှင့် မူလနတ်ဆိုးမင်းသားတို့ဖြင့် ပူးပေါင်းလိုက်ရလေသည်။
" ဖယ်ကြစမ်း "
ဂူထျန်ကျွင်းက မန္တန်လက်ကွက်ဖော်၍ ဓားခုနစ်ချောင်းအား တဟုန်ထိုး ပို့လွှတ်လိုက်သည်။ ၄င်းတို့က လေကိုခွင်း၍ တရွှီရွှီ သွားနေစဥ် မိစ္ဆာဧကရာဇ်နိုင်ငံ ကောင်းကင်ဧကရာဇ်သုံးပါးထံ ခုတ်ပိုင်းချလိုက်သည့် ဧရာမဟာဓားကြီးတစ်ချောင်းအသွင်ပြောင်းသွား၏။ စီမာယွမ်ဟွာ၊ ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်နှင့် ချိန်စုတို့အားလုံး အချိန်ကအရေးကြီးကြောင်း သိထား၍ ဝှက်ဖဲများကို သုံးလိုက်ကြသည်။
နှစ်ဦးနှစ်ဖက် ဝင်တိုက်လိုက်ကြသဖြင့် တဂျိန်းဂျိန်း ထစ်ခြန်းသံများ ကောင်းကင်နှင့်မြေပြင်တွင် တန်ပြန်ရိုက်ခတ်သွား၏။ ဝိညာဥ်ဝါးမျိုသခင်၏ ပါးစပ်မှ သွေးများပန်းထွက်သွားပြီး ဒဏ်ရာ အကြီးအကျယ်ရကာ နောက်သို့လွင့်ထွက်သွားသည်။ သူ၏မျက်စိ၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများအဆက်မပြတ်စီးကျလာပြီး ပြိုလဲတော့မတတ် ယိမ်းယိုင်နေပုံအရ သူသည် တစ်ယောက်တည်း တောင့်ခံရန် တတ်နိုင်သမျှအကုန်လုပ်ခဲ့သည်ဖြစ်ကြောင်း မည်သူမဆိုအတွက် သိသာပေသည်။ ကံဆိုးစွာပင် သူတစ်ယောက်တည်းက လုံလုံလောက်လောက် စွမ်းအားမကြီးပေ။
မူလနတ်ဆိုးမင်းသားမှာ အမှန်တကယ် သိပ်ဆိုးဆိုးရွားရွား မထိခိုက်ပေ။ ဝိညာဥ်ဝါးမျိုသခင်က နတ်ဘုရားအာရုံအများဆုံးလမ်းကြောင်းကို တမင် ခုန်ဝင်ခဲ့ခြင်းဖြစ်ပြီး မူလနတ်ဆိုးမင်းသားသာ ထိုလူ၏အစီအစဥ်ကို မမြင်နိုင်ပါက သူအသက်ရှည်ရှည်နေထိုင်ခဲ့ခြင်းက ထိုက်တန်မည် မဟုတ်…
" ကောက်ကျစ်တဲ့ မြေခွေးအိုကြီး"
သိသာထင်ရှားစွာပင် ဝိညာဥ်ဝါးမျိုသခင်သည် တိုက်ပွဲမှ ထိခိုက်ဒဏ်ရာရလျက် ထွက်လာခြင်းဖြင့် မိစ္ဆာဧကရာဇ်ထံမှ အပြစ်ဒဏ်ကို ရှောင်ရှားနိုင်မည်ဟု မျှော်လင့်နေ၏။ မူလနတ်ဆိုးမင်းသားက ထိုနည်းတူ တွေးခဲ့သော်လည်း သူ၏ကျင့်ကြံခြင်းအခြေခံက ဝိညာဥ်ဝါးမျိုသခင်ထက် အဆင့်နိမ့်၍ မဖြစ်နိုင်ပေ။
သူက သွေးတချို့ အန်နေသော်လည်း ဝိညာဥ်ဝါးမျိုသခင် ဖြစ်ပျက်နေသကဲ့သို့ ဇာတ်လမ်းမဆန်ပေ။ ထို့ကြောင့် သူက စူးစူးဝါးဝါးအော်၍ သူ၏ရင်ဘတ်ကို ရိုက်လိုက်သည်။
ခပ်အုပ်အုပ်ပေါက်ကွဲသံတစ်သံကြားလိုက်ရပြီး သူ၏ရင်ဘတ် ချိုင့်ဝင်သွားကာ သူ နောက်သို့ယိမ်းယိုင်သွား၏။ ဝိညာဥ်ဝါးမျိုသခင်ပင် အထင်ကြီးသွား၏။
" တော်တော် ကောက်ကျစ်တဲ့ မြေခွေးအိုးကြီးပဲ "
ဝိညာဥ်ဝါးမျိုသခင်က အေးစက်စက်နှာမှုတ်ပြီး တတ်နိုင်သမျှ ထိထိခိုက်သည့်ပုံပေါ်အောင် ကြိုးစားရင်း တွေးလိုက်သည်။
ကုန်းစွန်းဝမ်အာသည်လည်း သွေးအန်နေသည့်တိုင် သူမတွင် ပြင်းထန်သည့်အရာ တစ်စုံတရာမဖြစ်ပွားခင် ပိုင်ရှောင်ချန်းက စိန်းစိန်းဝါးဝါးစိုက်ကြည့်ပြီး အော်လိုက်သည်။
" သရဲမယ်တော် … ဒီနေ့ ငါ မင်းအသက်ကို နှုတ်ယူပစ်မယ်ကွ "
သူက ဦးတည်ချက်ပြောင်း၍ သူမထံ တဟုန်ထိုးသွားလိုက်သည်။ ထိုအချိန်တွင် ဂူထျန်ကျွင်းနှင့် အခြားကောင်းကင်ဧကရာဇ်များ ရှေ့ဆက်သွားနေကြ၏။
ကုန်းစွန်းဝမ်အာ တအံ့တသြကြည့်နေချိန်မှာပင် ပိုင်ရှောင်ချန်းက သူမထံ တဟုန်ထိုးလာပြီး သူ၏အင်္ကျီလက်စကို ခါရမ်းလိုက်ရာ အနက်ရောင် မီးခိုးများ အရပ်မျက်နှာတစ်ခွင် ပျံ့နှံ့သွားလေသည်။ မီးခိုးများ၏ အကာအကွယ်ကို အခွင့်ကောင်းယူ၍ သူက မိုးမြေဧကရာဇ်၏ အသားတုံးတစ်တုံးကို ထုတ်ကာ သူမထံ ပစ်ပေးလိုက်၏။
သူမ၏မျက်ဝန်းလေးများ ဝိုင်းစက်ပြူးကျယ်သွားကာ သူမက အသားတုံးကို ဖမ်းယူပြီး သိမ်းလိုက်သည်။ ဤအချိန်တွင် ပိုင်ရှောင်ချန်းက စူးစူးဝါးဝါးအော်ပြီး အနက်ရောင်မီးခိုးထဲမှ ထွက်သွားသည်။
" ကျုပ်တို့ ကြားက တိုက်ပွဲ မပြီးသေးဘူး သရဲမယ်တော် ... "
သူက ဂူထျန်ကျွင်းနှင့် အခြားသူများကို မှီအောင် အရှိန်တင်ရင်း အော်လိုက်သည်။
ဝိညာဥ်ဝါးမျိုသခင်နှင့် မူလနတ်ဆိုးမင်းသားတို့မှာ ထိခိုက်ဒဏ်ရာရနေသောကြောင့် ဤထိပ်တိုက်တွေ့မှုနှင့်ပတ်သက်၍ ထူးဆန်းသည့်အရာတစ်ခုတလေမှ သတိမထားမိလိုက်ကြပေ။ သို့သော် ဂူထျန်ကျွင်းနှင့် အခြား သူတော်စင်ဧကရာဇ်နိုင်ငံကောင်းကင်ဧကရာဇ်များကား ယခုလေးတင် ဖြစ်ပျက်သွားခဲ့သည့် အရာကို ခန့်မှန်းနိုင်လေသည်။
ပိုင်ရှောင်ချန်းက မှီလာသည်နှင့်တစ်ပြိုင်နက် စီမာယွမ်ဟွာနှင့် ကောင်းကင်ဧကရာဇ်သက်တော်ရှည်ဝိညာဥ်တို့က သူ့အား ထူးထူးဆန်းဆန်း ကြည့်နေသည်ကို သူ သတိထားမိလိုက်သည်။ ဂူထျန်ကျွင်းနှင့် ချိန်စုမှာမူ သူ့ကို ကြည့်မနေကြသော်လည်း သူတို့၏ မျက်နှာများပေါ်၌ ပေါ်ပေါက်လာခဲ့သည့် အနေခက်သောအမူအရာများကို ဖုံးကွယ်ရန် မဖြစ်နိုင်ပေ။
ပိုင်ရှောင်ချန်းက မျက်တောင်တဖျပ်ဖျပ်ခတ်ရင်း ချောင်းဟန့်ပြီး ပြော၏။
" ကျုပ် နည်းနည်းလောက် ဒဏ်ရာရသွားလို့ သူ့ကို မိုးမြေဧကရာဇ်ရဲ့ အသားတစ်တုံးပေးခဲ့တယ် "
အခြားကောင်းကင်ဧကရာဇ်များမှာ သူ၏ပွင့်လင်းရိုးသားမှုကြောင့် ချက်ချင်းအံ့အားသင့်သွားကြသည်။
" မင်းနှယ်ကွာ ... အံ့ပါ့ "
ကောင်းကင်ဧကရာဇ်သက်တော်ရှည်ဝိညာဥ်က ရယ်ရင်း ပြောသည်။ အကြောင်းပြချက်တချို့ကြောင့် အနှီပိုင်ရှောင်ချန်းက ပျော်ပျော်နေတတ်သူဖြစ်ကြောင်း သူ ဆက်လက်တွေ့ရှိလာပြီး သူတို့ပြိုင်ဘက်များ ဖြစ်တုန်းက ဖြစ်တည်လာခဲ့သည့် ပိုင်ရှောင်ချန်းအပေါ် ထင်မြင်ချက်မှာ တကယ်တမ်း တိကျမှန်ကန်မှု မရှိကြောင်း သဘောပေါက်လိုက်လေသည်။
ချိန်စုက ပြုံးရင်း ခေါင်းကို ခါရမ်းနေကာ ဂူထျန်ကျွင်းနှင့် စီမာယွမ်ဟွာပင် ပိုင်ရှောင်ချန်းအပေါ် သူတို့၏အမြင်များ ပြောင်းလဲလာနေပုံရ၏။
စီမာယွမ်ဟွာက လည်ချောင်းရှင်းရင်း မိုးမြေဧကရာဇ်၏ အတုံးဖြင့် သူ၏အိတ်ကိုပုတ်ကာ ပြောသည်။
" မင်း သိလား၊ ကောင်းကင်ဧကရာဇ် သရဲမယ်တော်က တစ်ခါမှ တာအိုလက်တွဲဖော်မရှိခဲ့ဖူးဘူးကွ။ အင်း မင်း အဆင်ပြေဖို့ ငါ ဆုတောင်းပါတယ် တာအိုရောင်ရင်းပိုင်ရေ "
" ခင်ဗျား ကြည့်တဲ့လမ်း မှားနေပြီ "
ပိုင်ရှောင်ချန်းက ဂုဏ်ယူသောမျက်နှာထားဖြင့် ပြောသည်။ သူသည် အမြင်ဆုံးအရှိန်နှင့် လေကိုခွင်း၍ ပျံသန်းနေသည့်တိုင် အင်္ကျီလက်စကို ခါလိုက်နိုင်သေးသည်။
" ခင်ဗျားမြင်တဲ့အတိုင်း ကျုပ်က မိန်းကလေးရွေးတာ တကယ်တော်တယ်လေ။ ဒီတော့ ကျုပ်အတွက် အလုပ်ဖြစ်ဖို့တော့ မဆုတောင်းနဲ့ တာအိုရောင်ရင်း၊ သူ့အတွက် အလုပ်ဖြစ်ဖို့သာ ဆုတောင်းပေး။ ကျုပ်က ထူးချွန်ပြောင်မြောင်ပြီး ဆွဲဆောင်မှုရှိတဲ့ လူတစ်ယောက်မဟုတ်လား။ ဟုတ်တာပေါ့ တစ်ခါတလေဆို ကျုပ်ကိုယ်ကျုပ်တောင် တကယ်ကြီး ပြန်ချစ်မိတယ် "
ထိုစကားကြောင့် အခြားကောင်းကင်ဧကရာဇ်များအားလုံး၏ စကားစ ပြတ်တောက်သွားကာ နှုတ်ဆိတ်သွားတော့သည်။
ပိုင်ရှောင်ချန်းအား မည်သို့ပြန်ပြောရမည်ကို တစ်ယောက်မှ မသိကြတော့ပေ။
ပိုင်ရှောင်ချန်းက သူတို့ ဆွံ့အသွားသည်ကို မြင်သောအခါက အတန်ငယ်ထပ်မံ စိတ်လှုပ်ရှားသွားပြီး ဆက်ပြော၏။
" ခင်ဗျားတို့ ကျူပ်ကို မယုံဘူးလား။ ကောင်းပြီလေ၊ ဒီနေရာကနေ ထွက်တဲ့အထိသာ စောင့်လိုက်။ ပြီးရင် ကျုပ် ကောင်းကင်တံတားနယ်မြေတွေမှာတုန်းက ရခဲ့တဲ့ ရည်စားစာတွေအားလုံးကို ပြမယ်။ ကျုပ် ဘယ်လောက်စုဆောင်းမိလဲသိလား။ သိပ်ကိုများတာ။ တစ်ထောင်ကျော်လောက်တယ် "
ကျန်လမ်းတစ်လျှောက်လုံး သူသည် အချစ်နှင့်ပတ်သက်၍ သူ၏အတွေ့အကြုံများကို ဆက်လက် အသေးစိတ်ပြောပြနေတော့သည်။ နောက်ဆုံး၌ ဂူထျန်ကျွင်းပင် ရယ်ရအခက်၊ ငိုရအခက် ဖြစ်နေပြီး သူ့ရင်ထဲ တဖြေးဖြေးနွေးထွေးလာလေသည်။
ပိုင်ရှောင်ချန်းက ထွက်ပေါက်နှင့် နီးလာသည့်တိုင်အောင် သူ၏နည်းလမ်းအကြောင်း ကြွားလုံးထုတ်နေတော့သည်။ သို့သော် ထိုအချိန် သူတို့နောက်မှ ဒေါသတကြီးဟိန်းဟောက်သံတစ်သံ ကြားလိုက်ရပြီး ကောင်းကင်ဧကရာဇ်ဝိရူပက္ခနှင့် အခြားကောင်းကင်ဧကရာဇ်များက အရာအားလုံးပုံအော၍ သူတို့ကိုမှီရန် အစွမ်းကုန်ကြိုးစားနေကြလေသည်။ သို့သော် သူတော်စင်ဧကရာဇ်နိုင်ငံ ကောင်းကင်ဧကရာဇ်များမှာ ကောင်းကောင်းပြင်ဆင်ထားပြီး အခြေအနေအတွက် ပြီးပြည့်စုံသော ဆေးလုံးများကို ထုတ်လိုက်၏။ သက်တော်ရှည်ဝိညာဥ်က ပိုင်ရှောင်ချန်းကိုပင် တစ်လုံးပစ်ပေးလိုက်သည်။
" ဒီအရှိန်တင်ဆေးလုံးကို ယူလိုက် " သူက ပြောသည်။
" အသက်သုံးရှိုက်ကြာရင် မင်း ပုံမှန်ထက် အဆပေါင်းများစွာ ပိုမြန်မြန်ရွေ့လျားနိုင်လိမ့်မယ်။ ဒါက စျေးကြီးတဲ့ဆေးလုံးတစ်လုံး ဆိုပေမယ့် အခုလောလောဆယ် အရေးကြီးဘူး "
ထို့နောက် သူက ဆေးလုံးတစ်လုံးကို သူ့ပါးစပ်ထဲ ထည့်လိုက်ပြီး အခြားကောင်းကင်ဧကရာဇ်များလည်း ထိုနည်းတူ လုပ်လိုက်ကြသည်။ အမှန်ပင် ပိုင်ရှောင်ချန်း၏ ဆေးလုံးများအပေါ် နားလည်မှုကို ထည့်တွက်လျှင် ၄င်းက အဆိပ်မရှိကြောင်း အတည်ပြုရန် သူ့အတွက် တစ်ချက်ကြည့်ရုံသာ လိုလေသည်။သူက မျက်လုံးများ တဖျပ်ဖျပ်လက်နေလျက် ဆေးလုံးကို လက်ခံပြီး ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။
သို့သော် ကောင်းကင်ဧကရာဇ်သက်တော်ရှည်ဝိညာဥ်က ထိုသည်ကို သဘောမပေါက်ဘဲ ထိုအခြင်းအရာသည် သူ့အတွက် ပိုင်ရှောင်ချန်းက သူ့ကို မည်မျှယုံကြည်နေကြောင်း တန်ပြန်ဟပ်မှုတစ်ခုနှင့် ပို၍တူပုံပေါ်နေသည်။
သူက ဘာတစ်ခုမှ မပြောသော်လည်း ၄င်းက သူ့ကို စိတ်ထဲ နက်နက်နဲနဲ လှုပ်ရှားသွားစေသည်။ ပိုင်ရှောင်ချန်းကို ခေါင်းညိတ်ပြရင်း ဆေးလုံး၏ အာနိသင်အောက်တွင် သူက စတင်အရှိန်တင်တော့သည်။
ပိုင်ရှောင်ချန်းမှာမူ သူ၏ပါးစပ်ထဲတွင် ဆေးလုံးအရည်ပျော်သွားသည်နှင့်တစ်ပြိုင်နက် ပူပြီး ပေါက်ကွဲတတ်သည့် အားပြင်းသောစွမ်းအင်တစ်ခု သူ၏ကိုယ်ထဲ ဖြစ်တည်လာနေသည်ကို ခံစားလိုက်ရသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ရွေ့လျားနေတော့သည်။
အလင်းတန်းငါးတန်းက အခြားတစ်ဖက်တွင် သူတော်စင်ဧကရာဇ်နှင့် မိစ္ဆာဧကရာဇ်တို့က မျက်လုံးများ တလက်လက်တောက်ပလျက် ရပ်နေကြသည့် ထွက်ပေါက်ထံသို့ လေကိုခွင်း၍ တဟုန်ထိုးသွားနေချေသည်။
အမှန်ပင် သူတော်စင်ဧကရာဇ်၏ မျက်လုံးများကား ဝမ်းမြောက်မှုများဖြင့် လင်းလက်နေပြီး မိစ္ဆာဧကရာဇ်၏မျက်လုံးများမှာမူ မတူညီသောအရာတစ်ခုဖြင့် တောက်ပနေ၏။ ဝိရူပက္ခက မိစ္ဆာဧကရာဇ်၏မျက်လုံးများရှိ အကြည့်ကို မြင်သောအခါ ရုတ်တရက် ကျောက်စိမ်းပေလွှာတစ်ခုထုတ်ပြီး ချိုးခြေလိုက်သည်။
သူက နေရာနှင့် အချိန်ကို ခြယ်လှယ်နေသည့်အလား သူ့ပတ်လည်ရှိ အရာအားလုံး ပုံပျက်ရှုံ့တွလာလေသည်။ ပိုင်ရှောင်ချန်းနှင့် သူ၏အပေါင်းအဖော်များက ထွက်ပေါက်ကို မဖြတ်နိုင်ခင် ဝိရူပက္ခက သူတို့ထံ နီးကပ်လာပြီး စီမာယွမ်ဟွာကို လှမ်းဆွဲလိုက်သည်။
အမှန်ပင် သူသည် ပိုင်ရှောင်ချန်းကို တကယ်တမ်း ဖမ်းဆွဲချင်သော်လည်း စီမာယွမ်ဟွာ ခံနေလေသည်။ ထို့ပြင် သူက အဖွဲ့တစ်ဖွဲ့လုံးအပေါ် လှုပ်ရှားလိုက်လျှင် သူတို့အားလုံး သူကို လှည့်တိုက်မည်ဖြစ်ကြောင်း သိ၏။
ထို့ကြောင့် သူက တစ်ယောက်တည်းကို ပစ်မှတ်ထားလိုက်သည်။ သူစိုးရိမ်ရသရွေ့ အခြားလေးယောက်က ထိုတစ်ယောက်တည်းကို လှည့်ကူညီရန် အခွင့်အရေးများမှာ မရှိသလောက်ပင်။
သို့သော် ပိုင်ရှောင်ချန်းမှာ ဝိရူပက္ခ ခန့်မှန်းထားသည့်အတိုင်း လုပ်ဆောင်သော လူစားမျိုးမဟုတ်ပေ။ အခြားသူများအားလုံး မိုးမြေဧကရာဇ်အဆင့်အသားများအတွက် စိုးရိမ်နေကြပါသော်လည်း ပိုင်ရှောင်ချန်းက စီမာယွမ်ဟွာ သူ့အပေါ် ကျေးဇူးအကြွေးတင်မည့်အလားအလာနှင့် ပတ်သက်၍ ပို၍စိုးရိမ်နေပေသည်။
စီမာယွမ်ဟွာသည် ဝိရူပက္ခ၏ နတ်ဘုရားအာရုံဖြင့် ချောင်ပိတ်ခံလိုက်ရကြောင်း တွေ့လိုက်သောအခါ သူ၏မျက်နှာ မည်းမှောင်သွားပြီး စိတ်ပျက်လက်ပျက်ကျိန်ဆဲလိုက်သည်။ သူ ပြီးဆုံးသွားပြီဟု ယုံကြည်သွားပြီဖြစ်သည်။ သူသည် ဆုလာဘ်အားလုံးကို ဆုံးရှုံးမည်သာမက မိစ္ဆာဧကရာဇ်နိုင်ငံ၏ အကျဥ်းသားတစ်ယောက်အဖြစ် အဆုံးသတ်သွားလောက်မည် ဖြစ်သည်။
သူက ဒေါသူပုန်ထလျက် အော်ဟစ်လိုက်သည်။
" ဝိရူပက္ခ ခင်ဗျား ... "
သို့သော် သူဘာမှမပြောနိုင်ခင် အခြားဒေါသတကြီးအော်သံတစ်သံက သူ့အသံကို ဖုံးလွှမ်းသွား၏။
" ဝိရူပက္ခ … ရာရာစစ ကျုပ် မိတ်ဆွေကို ဝင်ရှုပ်ရဲတယ်ပေါ့ "