← Chapters

အခန်း (၉၇-၉၈)

Vol. 11 Ch. 97-98

အခန်း (၉၇-၉၈)

Vol. 11 Ch. 97-98

အခန်း (၉၇)

ဆေးလုံးစိမ်းအကြီးအကဲ၏အကူအညီ

အဆင့် ၅ ရောက်လာမှသာ ထူးဆန်းသည့်စာလုံးတွေ ပေါ်လာတာဖြစ်သည်။

ထိုစာလုံးတွေကြောင့်ပဲ စစ်မှန်ချီအရည်အသွေး ၁၀ ထိတိုးမြှင့်လာပြီး အရည်အဖြစ်တိုက်ရိုက်ပြောင်းသွားခြင်းဖြစ်သည်။

"မနက်ဖြန်ကျ စီနီယာအမမိုကို မေးရမယ်... သူမက စစ်မှန်တပည့်ဖြစ်တာလည်းကြာပြီး ဆရာလည်းရှိတယ်ဆိုတော့ စစ်မှန်အနှစ်သာရကို ကောင်းကောင်းနားလည်မှာပဲ..."

မုန့်ချန်ချင်း လက်ချပြီး ပြောလိုက်သည်။

တစ်ချိန်တည်းမှာပဲ ကျင့်ကြံရေးနယ်ပယ်ကို စတင်ကျင့်ကြံလိုက်၏။

ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်နောက်၌ တာအိုဖန်တီးခြင်းနယ်ပယ်ရှိ၏။

ဂိုဏ်းထဲ၌ ဤနယ်ပယ်သို့ရောက်ရှိနေသူမှာ နည်းသော်လည်း သူတို့၏အဆင့်အတန်းမှာ အလွန်မြင့်မားကြ၏။

အပြင်ဘက်လောကမှာသာဆိုလျှင် မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်အဖြစ် ယူဆလို့ရတာပဲဖြစ်သည်။

သူမိသားစုရှိသည့် တိမ်ရေမြို့ကဲ့သို့ပင်...

ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်က အထွတ်အထိပ်ဖြစ်ပြီး တာအိုဖန်တီးခြင်းနယ်ပယ် တစ်ယောက်မှမရှိပေ။

"အချိန်ကိုတွက်ကြည့်ရင် တောင်ထိပ် ၇ ခု သိုင်းပြိုင်ပွဲစဖို့ တစ်လခွဲလောက်လိုသေးတယ်...သဘောတရားပြောရရင် ဒီလောက်အချိန်အတိုအတွင်း တာအိုဖန်တီးခြင်းနယ်ပယ်ကို ရောက်ဖို့က မဖြစ်နိုင်ဘူး...."

"အဆုံးမှာတော့ အရင်းအမြစ်တွေအပြင် ဒန်ထျန်နဲ့ စစ်မှန်ချီကို နားလည်မှုတွေလိုအပ်တယ်... ဒါပေမယ့်လင်လုံမဟာကြော့ကွင်းကောင်းကင်က ငါ့ရဲ့ စစ်မှန်ချီအပေါ်နားလည်မှုကို အများကြီးတိုးမြှင့်ပေးတယ်...."

"ဒါကြောင့် နားလည်ခြင်းအတားအဆီးကို ပယ်ဖျက်ပြီးပြီဆိုလို့ရတယ်.... အရင်းအမြစ်ပဲလိုတော့တယ်... ငါ့လက်ထဲမှာရှိတဲ့အရင်းအမြစ်နဲ့ဆိုရင် အများဆုံးမှ ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ် အဆင့် ၇ ပဲ ရောက်နိုင်မှာ..."

မုန့်ချန်ချင်း ခေါင်းအနည်းငယ်ခါယမ်းလိုက်သည်။

သူသာ လျို့ဝှက်နယ်မြေထဲ၌ အခွင့်အလမ်းများစွာမရရှိခဲ့လျှင် အဆင့် ၁ မှာပဲရှိနေအုန်းမည်ဖြစ်သည်။

"ခဏနေအုန်း, အရင်းအမြစ်အကြောင်းပြောမှ ငါ ဝေချင်းတို့သိုလှောင်လက်စွပ်တွေကို မကြည့်ရသေးဘူးပဲ..."

မုန့်ချန်ချင်း မျက်လုံးတွေ အနည်းငယ်တောက်ပသွား၏။

ယခင် သူက အလုပ်ရှုပ်နေ၍ ၎င်းတို့ကို သိမ်းပဲထားလိုက်ပြီး ယခုမှ အမှတ်ရတာဖြစ်သည်။

ဤသို့ဖြင့် မုန့်ချန်ချင်း ညာလက်ကိုလှုပ်ရှားလိုက်ရာ သိုလှောင်လက်စွပ် သုံးကွင်း တစ်ခုပြီးတစ်ခု ပေါ်လာခဲ့သည်။

ပိုင်ရှင်တွေ သေပြီးဖြစ်၍ ၎င်းတို့မှာ သဘာဝအတိုင်း ပိုင်ရှင်မဲ့ပစ္စည်းတွေဖြစ်လာခဲ့သည်။

၎င်းတို့ကို ဆန္ဒရှိသလို စစ်ဆေးလို့ရတာပဲဖြစ်သည်။

သူက ဝေးချင်းသိုလှောင်လက်စွပ်ကိုကောက်ယူပြီး စစ်မှန်ချီဖြင့်ရစ်ပတ်ကာ အထဲကို ရှာဖွေလိုက်၏။

"ဒါက... အရမ်းဆင်းရဲတာပဲ?..."

မုန့်ချန်ချင်း အတော်လေး မယုံနိုင်ဖြစ်သွား၏။

သူက သိုလှောင်လက်စွပ်ထဲ၌ ပစ္စည်းအနည်းငယ်သာတွေ့လိုက်ပြီး ဘာမှမရှိလုနီးပါးပင်။

လျို့ဝှက်ကျမ်းနှစ်ခုမှလွဲ၍ အခြားဘာမှမရှိပေ။

"မဟာနက်နဲခြင်းရွှေရောင်ဓားသိုင်းကို ကျင့်ကြံလို့ ဒီကောင်မွဲသွားတာနေမှာ..."

မုန့်ချန်ချင်း တွေးလိုက်၏။

အဆုံးမှာတော့ ဤသိုင်းပညာကို ရွှေဝါးမျိုသားရဲကြီးဟု ခေါ်နိုင်သည်။

"မရဏဘုံသွေးဝါးမျိုခြင်းနည်းစနစ်?..."

သူက လျို့ဝှက်ကျမ်းနှစ်အုပ်ကိုထုတ်ပြီး တစ်ချက်ကြည့်လိုက်သည်။

တစ်ခုက နတ်ဆိုးနည်းစနစ်တစ်ခုဖြစ်ပြီး နောက်တစ်ခုမှာ ထိုက်ရွမ်ဂိုဏ်း၏လျှို့ဝှက်နည်းစနစ် ကောင်းကင်တိမ်လွာနဂါးခြေလှမ်းဖြစ်သည်။

ကြည့်ရတာ အစောပိုင်းသူ့ခန့်မှန်းချက်မှန်ပုံရသည်။ ဝေးချင်း ဒုတိယ မြေကမ္ဘာအဆင့်တုံကင် ရရှိခဲ့သည်။

"ဒီနတ်ဆိုးနည်းစနစ်နဲ့ဆို ဝေချင်း နတ်ဆိုးလမ်းစဥ်သူလျိုဆိုတာ သက်သေပြလို့ ရသွားပြီ..."

မုန့်ချန်ချင်း တွေးလိုက်ပြီး နောက်တစ်ကြိမ် ခေါင်းခါယမ်းလိုက်သည်။

"မေ့လိုက်တော့, ပြဿနာတွေနည်းလေပိုကောင်းလေပဲ... ဘယ်လိုပဲဖြစ်ဖြစ် ငါ သူ့ကို သတ်တာ ဘယ်သူမှသိတာမဟုတ်ဘူး..."

တကယ်တော့ အကောင်းဆုံးသက်သေမှာ ဝေချင်းအလောင်းကို ပြန်ယူသွားဖို့ဖြစ်သည်။

မည်သည့်ဖုံးကွယ်နည်းစနစ်မှမရှိ၍ သူ၏ နတ်ဆိုးနည်းစနစ်တွေ အလိုအလျောက် ပေါ်သွားမည်ဖြစ်သည်။

သို့ပေမယ့် ဝေချင်းမှာ သူ့ကြောင့် အမှုန့်ဖြစ်သွားပြီဖြစ်၍ သက်သေမရှိတောပေ။

ဤနတ်ဆိုးလမ်းစဥ်နည်းစနစ်အတွက်တော့ ၎င်းတို့မှာ ဝေချင်းပိုင်ကြောင်း အလုံးစုံကြီး သက်သေမပြနိုင်ပေ။

သူထားထားတာလည်း ဖြစ်နိုင်တာပဲဖြစ်သည်။

ဘယ်လိုပဲတွေးတွေး အတော်လေးပြဿနာများ၏။

ထားလိုက်တော့...

ဝေချင်းသွားမည့်နေရာမှာ သူနှင့် မတူပေ။

ဂိုဏ်းမှစုံစမ်းလျှင်တောင် သေချာပေါက် ဝေချင်းလမ်းကြောင်းကိုပဲလိုက်မည်ဖြစ်သည်။

ထို့ကြောင့် သူတို့က ဤနေရာမှာ ဘာမှရှာတွေ့မည်မဟုတ်ပေ။

ထို့ပြင် ရှာတွေ့ခဲ့လျှင်တောင် ကိစ္စမရှိပေ။

သူ၏လက်ရှိ ပုန်းကွယ်နဂါးစာရင်း အဆင့် ၃၈နှင့် ပြသခဲ့သည့်အလားအလာတွေထပ်ပေါင်းထည့်လျှင် ဂိုဏ်းက သူ့ကို ဘာမှလုပ်မည်မဟုတ်ပေ။

ထို့နောက် သူက ရှောင်ဘိုယန်၏လက်စွပ်ကို ကောက်ယူလိုက်သည်။

ဤကောင်က အနည်းငယ်ပိုကောင်း၏။

စစ်ဆေးကြည့်လိုက်ရာ အဆင့် ၃ ဆေးလုံး လေးလုံးရှိနေပြီး အမျိုးအစားမတူကြပေ။

ယင်းမှာ ဆေးလုံးအထောက်အပံ့အတွက် စိုးရိမ်စရာမလိုတော့ပဲ ဆက်တိုက်သောက်နိုင်သည်ဟု ဆိုလိုနေသည်။

ကံမကောင်းစွာဖြင့် သူစိတ်ဝင်စားသည့် သိုင်းပညာကို မတွေ့ခဲ့ပေ။

၎င်းကို "မြေအောက်ကမ္ဘာဝမ်းနည်းခြင်းကျမ်း- အတွဲ ၂" ဟုခေါ်သည်။

"နောက်ဆုံး ဆေးလုံးစိမ်းအကြီးအကဲအလှည့်ရောက်လာပြီ..."

မုန့်ချန်ချင်း နောက်ဆုံးသိုလှောင်လက်စွပ်ကိုကြည့်လိုက်သည်။

အဆင့် ၃ ဆေးဖော်စပ်ဆရာတစ်ယောက်အနေဖြင့် ဆေးလုံးစိမ်းအကြီးအကဲ၏သိုလှောင်လက်စွပ်က ဆင်းရဲနေမည်ဟုတော့ သူမထင်ပေ။

စစ်မှန်ချီရစ်ပတ်ပြီး အထဲကိုကြည့်လိုက်သည်။

ဟစ်!

မုန့်ချန်ချင်း ရုတ်တရက် အသက်ရူသွင်းလိုက်သည်။

သေချာပေါက်ပင်, သူမျှော်လင့်ထားသည့်အတိုင်း တကယ်ကို ကြွယ်ဝချမ်းသာ၏။

မျက်စိတစ်ဆုံး စိတ်ဝိညာဥ်ဆေးပင်တွေ၊ ဆေးလုံးတွေ၊ ဒြပ်စင်ကျောက်တုံးတွေနှင့် အခြားများစွာပင်...

"လူအများစု ဓားပြတိုက်ချင်ကြတာ မအံ့သြတော့ပါဘူး.. ဒါက ကြွယ်ဝဖို့ အကောင်းဆုံးဖြတ်လမ်းနည်းပဲ..."

မုန့်ချန်ချင်း စိတ်တည်ငြိမ်အောင်လုပ်လိုက်၏။

သူက ပစ္စည်းတွေကို ထုတ်ယူပြီး အမျိုးအစားခွဲလိုက်သည်။

စုစုပေါင်း အဆင့် ၃ ဆေးလုံး ၃၀ ကျော်ရှိ၏။

၂၀ သာ ကျင့်ကြံရေးကိုတိုးတက်စေသော်လည်း အမျိုးအစားများစွာရှိ၍ ဆေးဝါးအထောက်အပံ့အတွက် စိုးရိမ်စရာမလိုတော့ပေ။

ကျန် ၁၀ လုံးအတွက်တော့ ခန္ဓာသန့်စင်သည့်ဆေးလုံး၊ တိုက်ပွဲအတွင်းစစ်မှန်ချီသိုလှောင်ခြင်းဆေးလုံး၊ အစရှိသဖြင့်ပင်...

စိတ်ဝိညာဥ်ဆေးပင်အကြောင်းပြောလျှင် ၁၀၀ လောက်ရှိတာပဲဖြစ်သည်။

အများစုက အဆင့် ၂ တွေဖြစ်သော်လည်း အဆင့် ၃ လည်း အတော်များ၏။

ဆေးပင်တိုင်း၌ အဆိပ်အတာက်တွေပါ၍ သန့်စင်ပြီးမှသာ အသုံးပြုနိုင်မည်ဖြစ်သည်။

"ငါ့ရဲ့လက်ရှိဆေးပညာနဲ့ဆို ကိုယ်တိုင်သန့်စင်နိုင်တယ်..."

အခန်း (၉၈)

ဂိုဏ်း၏အုတ်မြစ်နက်ရှိုင်းမှု

နောက်တစ်နေ့...

မနက်ခင်ရောင်ခြည်ထွက်ပေါ်လာပြီး ကောင်းကင်က နှင်းဆီရောင်တောက်ပနေခဲ့သည်။

ကျွီ...

မုန့်ချန်ချင်း တံခါးတွန်းဖွင့်ပြီး အပြင်ထွက်လာခဲ့သည်။

ဤအခိုက်အတန့်၌ သူ့အော်ရာက ပြည့်ဝနေပြီး အဆင့် ၄ ကိုအောင်မြင်စွာအဆင့်ချိုးဖျက်ခဲ့ပုံပင်။

ဤနယ်ပယ်၌ ဒန်ထျန်ကိုနားလည်ခြင်းမှာအဟန့်အတားဖြစ်၏။

သို့ပေမယ့် ယခုတော့ ဤအဟန့်အတားက ပျောက်ကွယ်သွားပြီဖြစ်ရာ တိုးတက်မှုက ချောမွေ့သွားပြီဖြစ်သည်။

မနေ့ကစိန်ခေါ်မှုပြီးစီးသွား၍ ပွဲကြည့်သူတွေလည်း တစ်ယောက်ပြီးတစ်ယောက်ထွက်ခွာနေကြသည်။

အကျိုးဆက်အနေဖြင့် တုန်မင်ရေကန် ပိုတိတ်ဆိတ်သွားခဲ့သည်။

မုန့်ချန်ချင်း မိုယွင်လင်နေရာသို့ ဦးတည်သွားလိုက်သည်။

သူက စစ်မှန်အနှစ်သာရအကြောင်းစုံစမ်းရမည်ဖြစ်သည်။

"စစ်မှန်အနှစ်သာရ?..."

မိုယွင်လင်မျက်နှာပေါ်ရှိအပြုံး အေးခဲသွား၏။

သူမထင်ခဲ့တာ မုန့်ချန်ချင်း သူမနှင့်အတူ တုန်မင်ရေကန်၏မနက်ခင်အလှကို ခံစားလှည့်တာဟူ၍ပင်။

မည်သူသိမည်နည်း, ထိုကောင်က အလွန်လေးနက်နေပြီး ကြည်းနူးစရာခံစားချက်တွေကို လျစ်လျူရှုထားခဲ့သည်။

သို့ပေမယ့် ထိုအတွေးက သူမစိတ်ထဲပေါ်လာရုံသာ ပေါ်လာပြီး ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။

သူမက အလေးအနက်ပြောလိုက်သည်။

"ငါ အဲ့ဒီနယ်ပယ်ကို မရောက်သေးပေမယ့် ဆရာပြောတာတော့ ကြားဖူးတယ်... စစ်မှန်အနှစ်သာရဆိုတာ စစ်မှန်ချီက ပြောင်းလဲလာတာတဲ့..."

"အရိုးရှင်းဆုံးဥပမာပေးရရင်, စစ်မှန်ချီက ကောင်းကင်နဲ့မြေပြင်ကြားက ရေခိုးရေငွေ့ဖြစ်ပြီး စစ်မှန်အနှစ်သာရကကြ ပိုသိပ်သည်းတဲ့ မိုးရေတွေပဲ..."

"ဒါကြောင့် စစ်မှန်အနှစ်သာရရဲ့စွမ်းအားက စစ်မှန်ချီထက် အများကြီးသာတယ်... စစ်မှန်အနှစ်သာရနဲ့ အသက်သွင်းတဲ့ သိုင်းပညာတွေက ပိုလို့တောင်ကြောက်စရာကောင်းတယ်..."

ဤအရာကိုကြားသည့်အခါ, မုန့်ချန်ချင်း ခေါင်းညိတ်လိုက်ပြီး သူ့မျက်လုံးထဲ၌ ပျောက်ရွင်သည့်အရိပ်အယောင်တွေလက်သွား၏။

တကယ်ပင်, မနေ့က သူထင်တာမှန်၏။ ထိုရွှေရောင်အရည်တစ်စက်က တကယ်ကို စစ်မှန်အနှစ်သာရဖြစ်နေခဲ့သည်။

လင်းလုံမဟာကြော့ကွင်းကောင်းကင်က တကယ်ကို ကြောက်စရာကောင်း၏။

ကျင့်ကြံသူကို ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်မှာတင် စစ်မှန်အနှစ်သာရကို ပိုင်ဆိုင်စေ၏။

အချိန်က တိုတောင်းသော်လည်း အတော်လေး အစွမ်းထက်နေဆဲဖြစ်သည်။

တကယ်တော့ လင်းလုံမဟာကြော့ကွင်းကောင်းကင်က ကျင့်ကြံဖို့ အတော်လေးခက်၏။

ပင်လယ်နက်မူလသို့ပြန်ခြင်းနည်းစနစ်ကဲ့သို့ များစွာသောမတူညီသည့် ရှားပါးအဖိုးတန်အရင်းအမြစ်တွေလိုအပ်၏။

သာမန်ကျင့်ကြံသူတွေ ကျင့်ကြံနိုင်မည်မဟုတ်ပေ။

အထူးသဖြင့် နောက်ဆုံးအဆင့်ဖြစ်သည်။ မုန့်ချန်ချင်း ၎င်းအတွက်လိုအပ်သည့်အရင်းအမြစ်တွေကို ကြားတောင် မကြားဖူးပေ။

"ငါ့ကံဆက်ကောင်းနေပြီး ပိုများတဲ့ကျွမ်းကျင်ကဒ်တွေရဖို့ မျှော်လင့်တယ်..."

မုန့်ချန်ချင်း စိတ်ထဲတွေးလိုက်သည်။

သူ ဤလောက်အလျှင်အမြန်တိုးတက်နိုင်တာ ကျွမ်းကျင်ကဒ်တွေကျေးဇူးကြောင့်ပင်ဖြစ်သည်။

ဤပစ္စည်းတွေက အချိန်၊လုံ့လနှင့် စိုးရိမ်မှုတွေကို အများကြီးသက်သာစေ၏။

အတွေးတွေပြန်စုစည်းပြီးနောက် မုန့်ချန်ချင်း မိုယွင်လင်ကို တာအိုဖန်တီးခြင်းနယ်ပယ်အကြောင်း မေးလိုက်၏။

သဘာဝအတိုင်း မိုယွင်လင် ဗဟုသုတကြွယ်ဝရာ မုန့်ချန်ချင်း အတော်လေး အကျိုးအမြတ်များလိုက်၏။

တစ်ခဏကြာပြီးနောက်....

"ငါ့သံသယတွေဖြေရှင်းပေးလို့ ကျေးဇူးတင်ပါတယ် စီနီယာအမ... အခြားကိစ္စတွေရှိသေးလို့ သွားလိုက်ပါအုန်းမယ်..."

မုန့်ချန်ချင်း လက်ချင်းယှက်ပြီး ပြောလိုက်သည်။

"သွားတော့မလို့လား..."

မိုယွင်လင် အနည်းငယ် ညှိုးနွမ်းသွား၏။

သူမက ခဏနေလျှင် မုန့်ချန်ချင်းနှင့်အတူ သောက်ဖို့ စိတ်ကူးထား၏။

"ဟုတ်တယ်, ကျွန်တော် ဂိုဏ်းကို မြန်မြန်ပြန်ရမယ်..."

မုန့်ချန်ချင်း ခေါင်းညိတ်လိုက်သည်။

ယခုချိန်၌ သူ့အတွက် အချိန်က အလျှင်လိုနေခဲ့သည်။

တောင်ထိပ် ၇ ခုပြိုင်ပွဲမတိုင်ခင် တာအိုဖန်တီးခြင်းနယ်ပယ်တက်ရောက်လိုလျှင် အချိန်တစ်စက္ကန့်တောင် ဖြုန်းလို့မရပေ။

အချိန်တိုင်းကို အကျိုးရှိရှိအသုံးချဖို့ လိုအပ်၏။

တောင်ထိပ် ၇ခု သိုင်းပြိုင်ပွဲ၌ အဆင့်မြင့်လေလေ ဆုလဒ်တွေက ပိုများလေလေဖြစ်သည်။

အဆင့် ၄ အဆင့် ၅ အရင်းအမြစ်တွေတောင်ရှိသည်ဟု ပြောကြသည်။

သူသာ များများရနိုင်လျှင် ကျင့်ကြံရေးအရှိန် အလွန်အမင်းမြန်လာမည်ဖြစ်သည်။

မဟုတ်လျှင် အနှေးဆုံးနည်းလမ်းဖြစ်သည့် ကောင်းကင်နှင့်မြေကြီးချီကိုသာ စုပ်ယူရမည်ဖြစ်သည်။

တောင်ထိပ် ၇ ခုသိုင်းပြိုင်ပွဲ၌ တောင်ထိပ်အသီးသီးမှ ထိပ်တန်းပါရမီရှင်တွေ တစ်ယောက်ပြီးတစ်ယောက်ထွက်ပေါ်လာမည်ဖြစ်သည်။

ယခုချိန်၌ သူက အလွန်သန်မာနေပြီဖြစ်သော်လည်း လုံးဝကြီးမသေချာသေးပေ။

တာအိုဖန်တီးခြင်းနယ်ပယ်ရောက်မှသာ ထိုထိပ်တန်းပါရမီရှင်တွေမှလွဲ၍ မည်သူမှ သူ့ပြိုင်ဘက်မဟုတ်တော့ဘူးဆိုတာ ယုံကြည်လို့ရမှာပဲဖြစ်သည်။

အနည်းဆုံး ထိပ်တန်း ၂၀ အတွင်း အာမခံချက်ရှိ၏။

"အနာဂတ်မှာ အကူအညီတစ်ခုခုလိုလျှင် စိတ်ဝိိညာဥ်တောင်ထိပ်မှာ ကျွန်တော့်ကို လာရှာနိုင်ပါတယ်..."

မုန့်ချန်ချင်း ခပ်ဖွဖွပြုံးပြလိုက်၏။

ထို့နောက် ရွှေရောင်အလင်းတန်းဖြင့်ပြောင်းကာ အဝေးသို့ထွက်ခွာသွားခဲ့သည်။

"မကြာသေးခင်က ငါ့ဆွဲဆောင်မှုတွေများကျသွားတာလား... ဒါမှမဟုတ် မိန်းမသားဆန်မှုတွေများ ပျောက်သွားလို့လား..."

မိုယွင်လင် မှန်တစ်ချပ်ထုတ်ပြီး ကြည့်လိုက်သည်။

"ဂျူနီယာမုန့်က ဘယ်လိုလုပ် ငါ့အပေါ်မှာ ခံစားချက် လုံးဝမရှိရတာလဲ..."

ဂိုဏ်းထဲ၌ သူမက အလှဆုံးဟု မပြောရဲသော်လည်း အတော်လေးဆွဲဆောင်မှုရှိ၏။

လိုက်လံပိုးပန်းသူတွေလည်း များစွာရှိသည်။

သို့ပေမယ့် ဤဂျူနီယာမုန့်က သူမကို လုံးဝလျစ်လျူရှုထားပြီး မေးခွန်းအနည်းငယ်မေးကာ တွန့်ဆုတ်မနေပဲ ထွက်ခွာသွားခဲ့သည်။

အမှန်တော့... ထိုကဲ့သို့မဟုတ်ပေ။

မုန့်ချန်ချင်းစိတ်က ယခုချိန် ဤနေရာမှာ မရှိရုံသာဖြစ်သည်။

....

လေးရက်ကြာပြီးနောက်, မုန့်ချန်ချင်း ဂိုဏ်းကို ပြန်ရောက်လာခဲ့သည်။

သူက ခရမ်းပန်းလာသည်ဟု ပြောနိုင်၏။

လမ်းတစ်လျှောက်၌ အချိန်မဖြုန်းပဲ ကျင့်ကြံရေးကိုပဲအာရုံစိုက်နေခဲ့ရာ အဆင့် ၅ ကို ချိုးဖျက်နိုင်ခဲ့၏။

"ငါ နောက်ဆုံးတော့ ပြန်ရောက်လာပြီ..."

စိတ်ဝိညာဥ်တောင်ထိပ်ပေါ်၌ရပ်ပြီး မုန့်ချန်ချင်း ဘေးပတ်ပတ်လည်ရှိတိမ်ပင်လယ်ကိုကြည့်ကာ အနည်းငယ်အသက်ရူသွင်းလိုက်၏။

ခရီးသွားရင်း ကျင့်ကြံခြင်းက သူ့အား အပြည့်အဝအာရုံမစိုက်နိုင်အောင်လုပ်နေ၏။

ယခု ကျင့်ကြံရေးကို အာရုံစိုက်နိုင်ပြီဖြစ်ည်။

"ဂျူနီယာမောင်လေးမုန့်..."

ထိုစဥ် အံ့သြချိုသာသည့်အသံတစ်ခု သူ့နောက်မှ ထွက်ပေါ်လာခဲ့သည်။

မုန့်ချန်ချင်း လှည့်ကြည့်လိုက်ရာ...

ထိုအရာက ကုန်းလင်းရွယ်ပင်။

"စီနီယာအမကုန်းကိုး..."

မုန့်ချန်ချင်း ပြုံးလိုက်၏။

"ငါအချိန်တွက်ကြည့်တော့ နင်မကြာခင်ပြန်လာမယ်ခန့်မှန်းလိုက်တာ... နင့်ကိုဖမ်းမိဖို့ မမျှော်လင့်ထားဘူး..."

တစ်ခဏ မွေးပျံ့သည့်ရနံ့တစ်ခုသင်းပျံ့လာပြီး စိတ်ကူးတွေကိုမွေနှောက်သွားခဲ့သည်။

"မြန်လှကြီလား..."

မုန့်ချန်ချင်း အံ့အားသင့်သွား၏။

"ဒါပေါ့, ဝမ်ရှန်းအဆောက်အဦးရဲ့သတင်းတွေက အမြဲမြန်ဆန်တိကျတယ်လေ... တစ်ရက်၊နှစ်ရက်လောက်နေတာနဲ့ သတင်းတွေက ထျန်လင်းစီရင်စုတစ်ခုလုံးကို ပျံ့နှံ့သွားလိမ့်မယ်..."

ကုန်းလင်းရွယ် ခေါင်းညိတ်လိုက်၏။

"ဝမ်ရှန်းအဆောက်အဦး..."

မုန့်ချန်ချင်း မျက်ခုံးအနည်းငယ်ပင့်လိုက်၏။

သူ ထိုအရာကို အရင်က တစ်ခါမှမကြားဖူးပေ။

"ဝမ်ရှန်းအဆောက်အဦးဆိုတာ ဗဟိုစီရင်စုရဲ့အင်အားစုတစ်ခုလေ... နက်ရှိုင်းတဲ့နောက်ခံရှိပြီး အဆင့်စာရင်းအမျိုးမျိုးကိုပြုစု၊ပြောင်းလဲရတဲ့ တာဝန်ကိုယူထားတာ... အကယ်၍နင်သာ ဘယ်လိုသတင်းအချက်အလက်မဆိုလိုချင်ရင် လုံလောက်တဲ့တန်ကြေးတစ်ခုပေးနိုင်သ၍ ဝယ်လို့ရတယ်..."

ကုန်းလင်းရွယ် မုန့်ချန်ချင်းရင်းနှီးပုံမရတော့ ရှင်းပြလိုက်သည်။

"ကျွန်တော်သိပြီ..."

မုန့်ချန်ချင်း ရုတ်တရက် နားလည်လိုက်သည်။

ရှုမိသားစုတုန်မင်ရေကန်၌ တာဝန်ခံကျောမှာ "ဝမ်ရှန်း"ဆိုသည့်စကားလုံးရေထိုးထားတာ သူအမှတ်ရလိုက်၏။

"ဂျူနီယာမောင်လေးမုန့်ရဲ့ခွန်အား ဒီလောက်မြန်မြန်တိုးတက်လာမယ် မထင်ထားဘူး.. နင်က ပုန်းကွယ်နဂါးစာရင်းအဆင့် ၃၈ဖြစ်တဲ့ ချွေးချန်ကိုတောင် အနိုင်ရခဲ့တယ်... အဲ့ကောင်က ရင်ဆိုင်ရမလွယ်ဘူး..."

ကုန်းလင်းရွယ် စိတ်လှုပ်ရှားစွာပြောပြီး မုန့်ချန်ချင်းကို နှစ်သက်စွာကြည့်နေခဲ့သည်။

"အခုဆို, ငါတို့ဂိုဏ်းက စာရင်းမှာ ၃၃ နေရာရနေပြီ..."

"များလှကြီလား..."

မုန့်ချန်ချင်း အနည်းငယ်အံ့အားသင့်သွား၏။

ယခင်က ၆ နေရာဆုံးရှုံးပြီး ၁၉ နေရာသာကျန်တော့တာ သူမှတ်မိသေး၏။

မမျှော်လင့်စွာပဲ, သူတို့က နေရာတွေကို ချက်ချင်းပြန်ရရုံတင်မကပဲ ပိုများသည့်နေရာတွေပါပိုင်ဆိုင်ခဲ့သည်။

"ဟုတ်တယ်, ပုန်းကွယ်နဂါးစာရင်းအတွက် ဂိုဏ်းကအတော်လေးအားစိုက်ထားတာလေ... ငါတို့ရွမ်ချင်းနယ်မြေဝင်ချိန်မှာ စစ်မှန်တပည့်တွေလည်း ထိုက်ချင်းနယ်မြေကို ဝင်ပြီး အကျိုးအမြတ်တော်တော်ရခဲ့တယ်လို့ ပြောလို့ရတယ်..."

"ဒါ့ပြင် ဂိုဏ်းက ပါရမီရှင်တပည့်အချို့ကိုလည်း လျို့ဝှက်လေ့ကျင့်ထားပုံပဲ..."

ကုန်းလင်းရွယ်ပြောလိုက်သည်။

"လျို့ဝှက်လေ့ကျင့်ပေးတယ်?..."

မုန့်ချန်ချင်း အနည်းငယ်ခေါင်းညိတ်လိုက်၏။

ကြည့်ရတာ ဂိုဏ်း၏အုတ်မြစ်နက်ရှိုင်းမှုက အပေါ်ယံမြင်နေရသလောက်တင် ဟုတ်ပုံမရပေ။

All Chapters