← Chapters

ကျွန်တော် စားလိုက်တာ

Vol. 12 Ch. 1163

ကျွန်တော် စားလိုက်တာ

Vol. 12 Ch. 1163

" ကြွားကြွားဝါဝါနေရတာ ဘယ်တော့မှ မကောင်းပါလား "

ပိုင်ရှောင်ချန်းက တွေးလိုက်သည်။

" ဂူထျန်ကျွင်းနဲ့ တစ်ခြားကောင်တွေက တော်တော်ကို တရားလွန်တာပဲ။ ဘာကိစ္စနဲ့များ ခန္ဓာကိုယ်အပိုင်းအစတွေကို ပြန်ပေါင်းလိုက်ရတာတုံး "

သူသည် အနည်းငယ်အပြစ်ရှိသလို ခံစားနေရပြီး စိတ်ထဲတွင်ကြိတ်၍ သက်ပြင်းချလိုက်တော့သည်။

မင်းဆက်နှစ်ဆက်စလုံးမှ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများက သူ့ကို ဤကဲ့သို့ ဝိုင်းကြည့်နေကြသည်မှာ အနည်းငယ်တော့ ရှက်စရာကောင်းပေသည်။ တဒင်္ဂကြာသွားပြီးနောက် သူသည် မနေနိုင်တော့သဖြင့် ချောင်းဟန့်လိုက်တော့သည်။

" ဟေး.. မင်းပြောတာ ဟုတ်သားပဲ။ အမြီးပျောက်နေသေးတာပဲကိုး "

သူသည် ရုတ်တရက် သူ၏နဖူးကိုရိုက်လိုက်ပြီး အမေ့သန်သည့်ပုံစံ ဖမ်းလိုက်သည်။

" သြော် ... ငါမှတ်မိပြီ။ ငါ့ဦးနှောက်က အရင်တုံးကလောက် မကောင်းတော့ပါလားကွာ။ အမြီးကို ဒီမှာသိမ်းထားတာကို မေ့နေလိုက်တာ "

ထိုသို့ဆိုကာ သူသည် ဖွတ်ကြီး၏ အမြီးကို အလျင်အမြန်ထုတ်ယူလိုက်ပြီး လှမ်းပစ်လိုက်သည်။

ထို့နောက် သူသည် မျက်တောင်တဖျတ်ဖျတ်ခတ်၍ ဆိုလိုက်သည်။

" ဟေးး ငါ့ကို အဲဒီလိုကြီး မကြည့်နဲ့တော့လေ။ ငါ တကယ်မေ့သွားလို့ပါ "

ဂူထျန်ကျွင်းမှာ သူ့အား အချိန်အနည်းငယ်မျှထပ်၍ စူးရှစွာစိုက်ကြည့်ကာ အကြည့်လွှဲသွားပြီး စီမာယွမ်ဟာမှာမူ ယခုလေးတင် ရရှိခဲ့သည့် အကူအညီကြောင့် ခေါင်းယမ်း၍ ရှုံ့မဲ့မဲ့ ပြုံးလိုက်ရုံမှတစ်ပါး အခြားမတတ်နိုင်တော့ပေ။ ချိန်စုနှင့် ကောင်းကင်ဧကရာဇ်သက်တော်ရှည်ဝိညာဥ်တို့မှာလည်း ပြောစရာစကားကို တွေးတော၍မရနိုင်လောက်အောင် ဖြစ်သွားကြသည်။

မိစ္တာဧကရာဇ်မင်းဆက်မှ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများမှာလည်း ဆွံ့အနေကြပါသော်လည်း ပိုင်ရှောင်ချန်းအပေါ်ထားရှိသည့် သူတို့၏အမုန်းတရားများမှာ ပို၍ကြီးထွားလာတော့သည်။ ကုန်းစွမ်းဝမ်အာတစ်ယောက်သာ အေးစက်စက် မျက်နှာထားနှင့်ရှိနေပါသော်လည်း စိတ်ထဲတွင်မူ ကြိတ်၍ ရယ်မောနေသည်။

ယခုတွင် တိုက်ခိုက်မှုများ ပြီးဆုံးသွားပြီဖြစ်ပြီး ပြိုင်ပွဲမှာ အဆုံးသတ်သွားပြီဖြစ်သောကြောင့် သူတော်စင်ဧကရာဇ်မှာ ဖွတ်ကြီးကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ပဟေဋိဆန်စွာပြုံး၍ ပိုင်ရှောင်ချန်းအား စိုက်ကြည့်လိုက်တော့သည်။

" ကောင်းကင်တံတားဘုရင်ရေ … အဲဒီအမြီးက ... ဘာလို့ အရမ်းကြီး တိုနေရတာလဲ "

သူ၏ မေးခွန်းကြောင့် ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူအားလုံးမှာ ဖွတ်ကြီးကို သေသေချာချာကြည့်ရှုလိုက်သောအခါ ၎င်း၏အမြီးမှာ အစိတ်အပိုင်းတစ်ခု ပျောက်ဆုံးနေသည့်အလား အနည်းငယ် ပုံပျက်နေသည်ကို တွေ့လိုက်ရသည်။

" ဒီ သူတော်စင်ဧကရာဇ်က မျက်လုံးတယ်ကောင်းလှပါလား "

ပိုင်ရှောင်ချန်းမှာ စိတ်ထဲတွင် ငြီးတွားနေတော့သည်။ သို့သော် သူသည် အူကြောင်ကြောင်ဖြစ်နေသည့် မျက်နှာထားဖြင့် ဖွတ်ကြီးအား လှမ်းကြည့်လိုက်တော့သည်။ တခဏကြာပြီးနောက် သူသည် သူ၏ခေါင်းကိုထပ်၍ ရိုက်လိုက်ပြန်သည်။

" အိုက်ယား … ငါ့ဦးနှောက်က တကယ့်ကို ဆိုးနေပြီပဲ။ ဟုတ်တယ် အရှင်ပြောတယ် မှန်တယ်။ အဲ့အမြီးက အစိတ်အပိုင်းတစ်ခု လိုနေသေးတာ "

ထိုသို့ဆိုကာ သူသည် ထည့်စရာအိတ်ထဲမှ ဖွတ်ကြီး၏ အသားတုံးနောက်ထပ်တစ်တုံးကို ထပ်၍ထုတ်ယူလိုက်ပြီး လှမ်းပစ်လိုက်သည်။ သူတော်စင်ဧကရာဇ်မှာ သူ့အား လေးနက်သောမျက်ဝန်းများဖြင့် ကြည့်နေသည်ကို မြင်လိုက်ရ၍ သူသည် အရိုးသားဆုံးသောလေသံဖြင့် ဆိုလိုက်တော့သည်။

" ဒါအကုန်ပဲ။ ကျွန်တော့်ဆီမှာ တကယ်ဘာမှ မရှိတော့ဘူး "

ဘေးပတ်ပတ်လည်ရှိ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများမှာ ဤအချင်းအရာများအားလုံးကို ကြည့်၍ ပိုင်ရှောင်ချန်းနှင့် ယခုမှ ပထမဆုံးအကြိမ် တွေ့ဆုံလိုက်ရသကဲ့သို့ ခံစားနေရတော့သည်။ သူတို့အားလုံးမှာ အလွန်အမင်း တုန်လှုပ်နေကြပြီဖြစ်သည်။ ပစ္စည်းများကို အနည်းငယ်ခိုးယူ၍ မောင်ပိုင်စီးရန် ကြိုးစားတတ်သော သူ၏အမူအကျင့်ကြောင့် သူတို့အားလုံးမှာ

အမှန်တကယ်ပင် ဆွံ့အနေကြတော့သည်။

ထို့အပြင် သူ လှမ်းပစ်လိုက်သော အသားတုံးမှာ ဖွတ်ကြီး၏ အမြီးကို နဂိုမူလအရှည်အတိုင်း ပြန်မဖြစ်သွားစေသောကြောင့် သူတို့မှာ ပို၍ ဆွံ့အသွားရတော့သည်။ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူအားလုံးမှာ ဖြေးညင်းစွာဖြင့် ဖွတ်ကြီးဆီမှ အကြည့်များကိုခွာလိုက်ပြီး ပိုင်ရှောင်ချန်းအား ထပ်၍ ကြည့်လိုက်ကြပြန်သည်။

သူတော်စင်ဧကရာဇ်ကမူ စကားတစ်ခွန်းမှ မပြောပေ။ သူ၏မျက်နှာပေါ်တွင် ပဟေဋိဆန်သော အပြုံးတစ်စ ရှိနေဆဲဖြစ်သော်လည်း သူ၏မျက်ဝန်းထဲရှိ အမျက်ဒေါသများကို အတိုင်းသား မြင်နေရပြီဖြစ်သည်။

" ကျွန်တော့်မှာ တကယ်ဘာမှမရှိတော့ဘူး "

ပိုင်ရှောင်ချန်းက ဆိုလိုက်သည်။ ယခုအကြိမ်တွင် သူသည် အမှန်အတိုင်း ပြောနေခြင်းဖြစ်သည်။ သူ၏ထည့်စရာအိတ်ထဲတွင် မည့်သည့်အသားတုံးမှ ထပ်၍မရှိတော့ပေ။

ထိုအချိန်တွင် မိစ္ဆာဧကရာဇ်မှာ မထီမဲ့မြင် ပြုံးလိုက်ပြီး မန္တန်လက်ကွက်တစ်ခုဖော်၍ ရှေ့သို့ညွှန်ပြလိုက်သည်။ ထိုအခါ သူ၏လက်ချောင်းထဲမှ အနက်ရောင်အလင်းတန်းတစ်တန်း ပေါ်ထွက်လာပြီး ဖွတ်ကြီးဆီသို့ တည့်မတ်စွာ ဦးတည်သွားတော့သည်။

ထိုအလင်းတန်းတွင် ထူးခြားဆန်းပြားသော ဂုဏ်သတ္တိများ ပါဝင်နေသည်မှာ အမှန်ပင်။ ၎င်းမှာ ဖွတ်ကြီး၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်နှင့် ၎င်း၏အသားစိုင်များမှာ တဆတ်ဆတ်တုန်ရီသွားပြီး တသားထဲ ပြန်ဖြစ်သွားကြတော့သည်။ အချိန်အနည်းငယ်အတွင်း ထိုဖွတ်ကြီးမှာ လုံးဝအခုတ်ထစ်မခံထားရသကဲ့သို့ ဖြစ်သွားတော့သည်။

သို့သော် ၎င်း၏အမြီးမှ အစိတ်အပိုင်းတစ်ခု ပျောက်ဆုံးနေသည်ဆိုသော အချက်မှာ ယခုတွင် ပို၍ပင်သိသာသွားသည်။

ထို့ကြောင့် ယခုတွင် ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူအားလုံးနှင့် လောကနတ်ဘုရားအဆင့် ကျင့်ကြံသူနှစ်ယောက်စလုံးမှာ ပိုင်ရှောင်ချန်းကို ကြည့်နေကြပြီဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ အလွန့်အလွန် စိုးထိတ်နေပြီဖြစ်ပြီး စိတ်ထဲတွင်ကြိတ်၍ ငိုကြွေးမြည်တမ်းနေပြီဖြစ်သည်။ ထိုပျောက်ဆုံးနေသည့် အစိတ်အပိုင်းမှာ သူ အစောင့်အရှောင်ဝိညာဥ်ကို ပေးခဲ့သည့် အစိတ်အပိုင်း မဟုတ်ပါလော။ သူသည် အနည်းငယ်အပြစ်ရှိသလို ခံစားနေရပါသော်လည်း သူတော်စင်ဧကရာဇ်အတွက် ဤဖွတ်ကြီးကို ရယူပေးနိုင်ရန်အလို့ငှာ သူသည် အန္တရာယ်များစွာနှင့်ရင်ဆိုင်ခဲ့ရသည်ဖြစ်ကြောင်း သူ့ကိုယ်သူပြန်၍ သတိပေးလိုက်သည်။

" လိမ်လည်လှည့်ဖျားဖို့ ကြိုးစားတာထက် ယုံကြည်မှုအပြည့်နဲ့ ဖြေရှင်းတာက ပိုအဆင်ပြေလိမ့်မယ် "

သူက ထိုသို့တွေးလိုက်သည်။

ထိုသို့ဖြင့် သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ပြတ်သားစွာဆိုလိုက်တော့သည်။

" ကျွန်တော် စားလိုက်တာ။ အဲ့ပျောက်နေတဲ့အပိုင်းကို ကျွန်တော်စားလိုက်တာဗျာ။ မိုးမြေဧကရာဇ်ရဲ့ အသွေးအသားက ပစ္စည်းကောင်းတစ်ခုလေ။ ကျွန်တော် အဲ့ဖွတ်ကြီးကိုရတော့ နည်းနည်းလေး စမ်းသပ်ချင်ခဲ့တာ။ နောက်ဆုံးတော့လည်း မအောင်မြင်ပါဘူး။ အဲဒါနဲ့ စားကြည့်ရင် ဘာဖြစ်မလဲဆိုတာသိရအောင် စားလိုက်တာ။ ဒါပေမဲ့ဗျာ လုံးဝရွံစရာကောင်းပြီး ဘာမှလည်း မဖြစ်ဘူးဗျ "

စိတ်ထဲတွင်မူ သူသည် ဤလောကနတ်ဘုရားအဆင့် ကျင့်ကြံသူနှစ်ယောက်၏ ကပ်စေးနှဲတွန့်တိုမှုများကြောင့် ငြီးတွားနေရပြီဖြစ်သည်။ အသားတုံးလေး တစ်တုံးမျှသာ ပျောက်နေသည်မဟုတ်ပါလော။

ပိုင်ရှောင်ချန်းတစ်ယောက် ဤကဲ့သို့ ပေါ်ပေါ်ထင်ထင် ဝန်ခံလိုက်သည်ကိုကြားလိုက်ရသောအခါ ဘေးနားရှိ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများ၏ မျက်ဝန်းများထဲတွင် အားရကျေနပ်မှု အရိပ်အယောင်များဖြင့် တလက်လက်တောက်ပသွားတော့သည်။

လောကနတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက်အတွက် ရည်ရွယ်ထားသော မိုးမြေဧကရာဇ်အသားတုံး အနည်းငယ်ကို ကောင်းကင်ဧကရာဇ်အဆင့်ကျင့်ကြံသူတစ်ယောက်က မောင်ပိုင်စီးရန် ခိုးယူထားသည်မှာ ရေးကြီးခွင်ကျယ်တော့ မဟုတ်ပေ။ အကယ်၍ ပိုင်ရှောင်ချန်းသာ အမှန်အတိုင်းမပြောပဲ ဖုံးကွယ်ထားခဲ့မည်ဆိုပါက သူတို့မှာ အခြားဖြစ်နိုင်ခြေများကို စဥ်းစား၍ ကောက်ချက်ချမည်သာဖြစ်သည်။ သို့သော် ယခုတွင်မူ သူက တည့်တိုးဝန်ခံနေသည်ဖြစ်၍ သူတော်စင်ဧကရာဇ်ပင် ဤကိစ္စကို ဆက်၍စစ်ဆေးရန်မလိုတော့ကြောင်း ဆုံးဖြတ်လိုက်ပြီး ပိုင်ရှောင်ချန်းအား စူးရှသောမျက်ဝန်းများဖြင့်သာ စိုက်ကြည့်လိုက်တော့သည်။

" သူသေမသွားတာ ငါအံ့သြတယ် "

သူတော်စင်ဧကရာဇ်မှာ စိတ်ထဲတွင် ရေရွတ်လိုက်တော့သည်။

" မိုးမြေဧကရာဇ်အသားကို သူစားရဲတယ်ဆိုတာ ငါ့ဖြင့်မယုံနိုင်လောက်အောင်ပဲ "

ထို့နောက် သူသည် ပိုင်ရှောင်ချန်းအား လျစ်လျူရှုလိုက်ပြီး မိစ္ဆာဧကရာဇ်ကို လှမ်းကြည့်ကာ နတ်ဘုရားအာရုံအချို့ထုတ်လွှတ်၍ သူနှင့်အတူ စကားစမြည် အနည်းငယ်မျှ ပြောလိုက်သည်။

သူတော်စင်ဧကရာဇ်မှာ အသာစီးရနေသည်ဖြစ်ပြီး မိစ္ဆာဧကရာဇ်မှာ သူရှုံးနိမ့်သွားခဲ့သည်ဟူသော အချက်ကို လက်လံရမည်ဖြစ်သည်။ သို့သော် သူတို့နှစ်ယောက်စလုံးမှာ ယခင်ကတည်းက သဘောတူညီမှုတစ်ခု ရယူထားသည်ဖြစ်၍ မိစ္ဆာဧကရာဇ်မှာ အသွေးအသား၏ နှစ်ပိုင်းတိတိကို ရရှိဦးမည်သာဖြစ်သည်။ သူသည် မထွက်ခွာခင် ပိုင်ရှောင်ချန်းအား အေးစက်စက်ကြည့်လိုက်ပြီး အင်္ကျီလက်ကိုခါ၍ ပျောက်ကွယ်သွားတော့သည်။

ကောင်းကင်ဧကရာဇ်ဝိရူပက္ခနှင့် သူ၏ရောင်းရင်း မိတ်ဆွေများမှာလည်း ထိုနည်းတူပင်ပြုမူလိုက်ကြပြီး ပိုင်ရှောင်ချန်းကို အရိုးထဲထိစွဲအောင် တိတ်တခိုး မုန်းတီးနေကြတော့သည်။ ကုန်းစွန်းဝမ်အာတစ်ယောက်သာ ထိုသို့ခံစားချက်ရှိမနေသည် ဖြစ်သော်လည်း သူမ၏မျက်ဝန်းထဲတွင်မူ ထိုအရိပ်အယောင်များကို မြင်နိုင်မည် မဟုတ်ပေ။

မိုးမြေဧကရာဇ်ကိုယ်ပွားကိစ္စရပ်ကြီးမှာ ပြီးဆုံးသွားပြီဖြစ်သည်။ ပိုင်ရှောင်ချန်းအပါအဝင် သူတော်စင်ဧကရာဇ်၏ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူအားလုံးမှာ သူတို့၏ ကူညီမှုများကြောင့် ကောင်းကင်ဧကရာဇ်အဆင့် ဆေးလုံးတစ်လုံးစီ ရရှိသွားကြသည်။

လူအားလုံး ထွက်ခွာသွားပြီးနောက် ပိုင်ရှောင်ချန်းသည် မြောက်ပိုင်းစီရင်စုနယ်မြေများတွင် မည်သူမှမရှိတော့သည့်အချက်ကို အခွင့်ကောင်းယူ၍ မြောက်ပိုင်း၏ဓားကြီးထဲမှ လူများအားလုံးကို ထုတ်လိုက်သည်။ ပိုင်ရှောင်ချန်းမှာ ယွမ်ဟိုင်စီရင်စုနယ်မြေတစ်ခုထဲကို ပြန်လည်တည်ထောင်ရုံသာမက ဤကဲ့သို့ အလွန့်အလွန်ရှားပါးလှသော အခြေအနေကိုအသုံးချ၍ သူ၏ပိုင်နက်ကို ချဲ့ကားလိုက်တော့သည်။ လအနည်းငယ်အတွင်း သူသည် မြောက်ပိုင်းမှ စီရင်စုနယ်မြေငါးခုစလုံးကို သိမ်းပိုက်သွားနိုင်ခဲ့သည်။

သူသည် လျင်မြန်ဖျတ်လတ်စွာ သိမ်းပိုက်သွားသည်ဖြစ်၍ မိစ္တာဧကရာဇ်ပင် သူ့အား မတားဆီးနိုင်လိုက်ပေ။ မိစ္တာဧကရာဇ်မင်းဆက်မှာ လတ်တလောတွင် ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ယောက် သေဆုံးသွားသည့် ဆုံးရှုံးမှုဒဏ်ကို ခံစားနေသည်မဟုတ်ပါလော။ ၎င်းမှာ ထာဝရနစ်နာစေမည့် ဆုံးရှုံးမှုမျိုး မဟုတ်ပါသော်လည်း သိသာထင်ရှားသော ဆုံးရှုံးမှုတစ်ရပ်ဖြစ်ပေသည်။

ထို့အပြင် ပိုင်ရှောင်ချန်းမှာ အရှိန်အဟုန်တစ်ခု ရနေပြီဖြစ်၍ သူ့အားရင်ဆိုင်ရန်အတွက် ကောင်းကင်ဧကရာဇ် ဝိရူပက္ခကို စေလွှတ်မှသာ ရမည်ဖြစ်သည်။ အခြားသော ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများမှာ သူ့ကိုတားဆီးနိုင်စွမ်းရှိမည်မဟုတ်ပေ။

အရေးကြီးဆုံးသောအချက်မှာ ဒုတိယအင်မော်တယ်နယ်မြေ၏ မြောက်ပိုင်းတစ်ခုလုံး ဖုန်မှုန့်နီးပါး ဖြစ်သွားခဲ့ရခြင်းပင် ဖြစ်သည်။ ထိုကဲ့သို့ အသုံးမဝင်တော့သည့်နယ်မြေများကို မိစ္တာဧကရာဇ်မင်းဆက်မှာ စိတ်ဝင်စားမှုမရှိသလို တန်ဖိုးလည်းမထားပေ။

ထိုကိစ္စရပ်ကြီးတစ်ခုလုံးမှာ သူတော်စင်ဧကရာဇ်အတွက် အနည်းငယ်စိတ်ရှုပ်စရာ ကောင်းနေပါသော်လည်း သူသည် မိုးမြေဧရာဇ်၏ အသွေးအသားဆီသို့ အာရုံရောက်နေသည်ဖြစ်၍ သေသေချာချာ ဂရုမစိုက်နိုင်ပေ။

ဤအခြေအနေတစ်ရပ်လုံးအပေါ် သက်ရောက်မှုရှိနေသည့် အခြားအချက်တစ်ချက်မှာ ပိုင်ရှောင်ချန်းမှာ ယခုတွင် ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်နှင့် ဆက်ဆံရေးပို၍ ကောင်းမွန်လာပြီဖြစ်သောကြောင့် သူသည် ပိုင်ရှောင်ချန်း၏ လုပ်ရပ်များကို အပြန်အလှန်နားလည်မှုဖြင့် ခွင့်ပြုပေးနေခြင်းပင် ဖြစ်သည်။

ထို့ကြောင့် လအနည်းငယ်အတွင်း ပိုင်ရှောင်ချန်းမှာ မြောက်ပိုင်း၏ နယ်မြေအများစုကို စည်းရုံးသိမ်းပိုက်နိုင်လိုက်တော့သည်။ ထိုနယ်မြေများမှာ ဖုန်များထူထပ်နေပြီး အသုံးမဝင်သော မြေရိုင်းများဖြစ်ပါသော်လည်း ယွမ်ဟိုင်စီရင်စုနယ်မြေမှ လူများမှာ နဂိုမူလအခြေအနေအတိုင်းပြန်ဖြစ်ရန် ကြိုးစားနေကြပြီဖြစ်သည်။

ပိုင်ရှောင်ချန်း၏ နာမည်မှာ ယခု ပို၍ပင်ကျော်ကြားလာပြီး သူ မည်မျှအစွမ်းထက်ကြောင်းကို လူအများ သိစပြုလာကြပြီဖြစ်သည်။

" မင်းကြားပြီးပြီလား။ ကောင်းကင်တံတားဘုရင်က အခြား ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူတွေအားလုံးဆီကနေ တန်ဖိုးကြီးရတနာတစ်ခုကို ခိုးယူနိုင်ခဲ့တာတဲ့ "

" အဲ့ရတနာခိုးယူတာက ဘာဟုတ်သေးလို့တုံး။ သူ့ကို ကောင်းကင်ဧကရာဇ်အဆင့်ကျင့်ကြံသူ တစ်ဒါဇင်ကျော်လောက် ဝိုင်းရှာတာတောင်မှ ဆယ်ရက်တိတိ သူ့ကိုရှာမတွေ့ခဲ့ဘူးတဲ့ "

" သူပြန်လည်းပေါ်လာရော သူ့အစီအစဥ်တွေက ပြီးပြည့်စုံလွန်းလို့ သူတော်စင်ဧကရာဇ်မင်းဆက်က ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူတွေအားလုံး သူ့ကို သဘောကျသွားကြတာတဲ့။ ပြီးတော့ သူက အဲ့ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူအားလုံးကို ကယ်ထုတ်ခဲ့ပြီး သူတို့အားလုံး ကောင်းကင်ဧကရာဇ်အဆင့် ဆေးလုံးတစ်လုံးစီ ဆုချခံရအောင် စွမ်းဆောင်နိုင်ခဲ့တာတဲ့ "

" ဒါမျိုးဖြစ်ရပ်ဆိုတာ ကြုံတောင့်ကြုံခဲပဲ "

ထာဝရအင်မော်တယ်နယ်မြေများ တစ်ခွင် ထိုသတင်းများ ပျံ့နှံ့နေကြပြီး ကောင်းကင်တံတားနယ်မြေမှ လူများက ကြားသိသွားကြသောအခါ အလွန်အမင်း အားတက်သွားကြတော့သည်။

ထိုစဥ် ဘရူဆာ၏ စောင့်ရှောက်မှုအောက်တွင်ရှိနေသော စုန့်ကျင်းဝမ်မှာ စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီး၊ လီချင်းဟောက်တို့အပြင် သူတို့နှင့်အတူရှိနေသည့်လူများနှင့် ချိတ်ဆက်မိသွားတော့သည်။

အရာရာတိုင်းမှာ မယုံနိုင်လောက်အောင် တိုးတက်နေစဥ် ရုတ်တရက် သူတော်စင်ဧကရာဇ်မြို့တော်မှ တော်ဝင်အမိန့်တော်တစ်ခု ပိုင်ရှောင်ချန်းထံပါး ရောက်ရှိလာတော့သည်။

All Chapters