← Chapters

အခန်း (၅၈၃-၅၈၅)

Vol. 39 Ch. 583-585

အခန်း (၅၈၃-၅၈၅)

Vol. 39 Ch. 583-585

အခန်း (၅၈၃) - စတုတ္ထအဆင့် ဆေးပညာရှင်၊ အဆောင်ဆရာ အဖြစ်သို့ တက်လှမ်းခြင်း (၂)

ရေခိုးရေငွေ့များ အငွေ့ပျံသွားသောအခါ ဆေးရည်သည် တဖြည်းဖြည်း ခမ်းခြောက်သွားပြီး သွေးကဲ့သို့ နီရဲသော ဆေးလုံးများ အဖြစ်သို့ တစ်လုံးပြီး တစ်လုံး ပြောင်းလဲသွားတော့သည်။

အချိန် နှစ်နာရီခန့် ကုန်လွန်သွားခဲ့လေပြီ။

စုယွီက သူ၏ ဆေးမီးတောက်ကို ရုပ်သိမ်းလိုက်ပြီး ဆေးဖိုကို လက်ဖြင့် တစ်ချက် ပုတ်လိုက်သောအခါ ဆေးဖိုအဖုံးသည် ရွှီ ခနဲ အသံနှင့်အတူ ချက်ချင်း ပွင့်ထွက်သွား၏။ သူသည် ဆေးလုံး စုဆောင်းခြင်း နည်းစနစ်ကို အသုံးပြုလိုက်ရာ သွေးကဲ့သို့ နီရဲနေသော ဆေးလုံး လေးလုံးသည် ဆေးဖို အတွင်းမှ အလင်းတန်း လေးကြောင်း အဖြစ် ပျံသန်း ထွက်ပေါ်လာပြီး သူ၏ အရှေ့တွင် လာရောက် ကျဆင်းလာသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ပြင်းထန်ပြီး ထူးခြားလှသော ဆေးလုံး၏ ရနံ့သည် ဆေးဖော်စပ်ရာ အခန်း တစ်ခုလုံးသို့ ပျံ့နှံ့ လွှမ်းခြုံ သွားတော့၏။

သူ၏ အရှေ့ရှိ စတုတ္ထအဆင့် အဆင့်နိမ့် သားရဲဝိညာဉ် ဆေးလုံး လေးလုံးကို ကြည့်ရင်း စုယွီ၏ မျက်နှာပေါ်တွင် အပြုံးယောင်လေး တစ်ခု ပေါ်လာသည်။

ပထမဆုံး အကြိမ် စမ်းသပ်မှုမှာတင် အောင်မြင်သွားခဲ့ပြီပဲ။

ထို့အပြင် သူသည် ဆေးလုံး လေးလုံးကိုပင် ဖော်စပ် နိုင်ခဲ့၏။ ဆေးလုံးများ၏ ယေဘုယျ အရည်အသွေးမှာ သိပ်မကောင်းလှသလို အကောင်းဆုံး အရည်အသွေးရှိသော ဆေးလုံး တစ်လုံးမျှပင် မပါဝင်သော်ငြားလည်း ဒါက စတုတ္ထအဆင့် အဆင့်နိမ့် သားရဲဝိညာဉ် ဆေးလုံးများကို သူ ပထမဆုံး အကြိမ် ဖော်စပ်ခြင်း ပင်တည်း။

ပထမဆုံး အကြိမ်မှာတင် အောင်မြင် နိုင်ခဲ့ခြင်းက သူ မျှော်လင့်ထားသည်ထက် ပိုမို ကောင်းမွန် နေခဲ့သည်။

သူသည် သူ၏ နတ်ဘုရား အာရုံ နှင့် ချီစွမ်းအင်များ မည်မျှ ကုန်ဆုံးသွားသည်ကို စစ်ဆေး ကြည့်လိုက်၏။

'မဆိုးပါဘူး... စိတ်ပိုင်းဆိုင်ရာ ပင်ပန်း နွမ်းနယ်မှု က သိပ်မကြီးမားဘူး... ၁၀ ရာခိုင်နှုန်းတောင် မပြည့်ဘူးပဲ။ ချီစွမ်းအင် ကုန်ဆုံးမှု ကတော့ နည်းနည်း ပိုများတယ်... ဒါပေမဲ့ ၂၀ ရာခိုင်နှုန်း ကျော်ကျော်လေးပဲ ရှိတာ ဆိုတော့ ငါ သားရဲဝိညာဉ် ဆေးလုံး နောက်ထပ် သုံးဖိုစာ လောက်ကို အေးအေးဆေးဆေး ဆက်ပြီး ဖော်စပ်နိုင်သေးတယ်...'

အခြားသော ဆေးပညာရှင် များသာ ဤရလဒ်ကို မြင်တွေ့လိုက်ရမည် ဆိုပါက မနာလိုလွန်း၍ မျက်ရည်ပင် ကျသွားနိုင်၏။ ဘာပဲပြောပြော စုယွီသည် အမြုတေ ဖွဲ့စည်းခြင်း နယ်ပယ် အဋ္ဌမအဆင့် တွင်သာ ရှိသေးသည် မဟုတ်ပါလော။ အချို့သော ဆေးပညာရှင် များသည် အမြုတေ ဖွဲ့စည်းခြင်း နယ်ပယ် အဋ္ဌမအဆင့် သို့ ရောက်နေသည့်တိုင် တတိယအဆင့် အဆင့်မြင့် ဆေးလုံး တစ်လုံးကိုပင် အောင်မြင်အောင် မဖော်စပ် နိုင်ကြသေးချေ။ အမြုတေ ဖွဲ့စည်းခြင်း နယ်ပယ် ကျင့်ကြံမှုဖြင့် စတုတ္ထအဆင့် ဆေးလုံးများကို ဖော်စပ်နိုင်ရန် ဆိုသည်မှာကား ပြောနေစရာပင် မလိုတော့ပေ။

သူ၏ ကောင်းမွန်သော အခြေအနေကို အခွင့်ကောင်း ယူကာ စုယွီသည် စတုတ္ထအဆင့် အဆင့်နိမ့် သားရဲဝိညာဉ် ဆေးလုံး နောက်ထပ် နှစ်ဖိုစာကို ဆက်လက် ဖော်စပ်လိုက်သည်။ တစ်ဖိုစာ တွင် ဆေးလုံးများ အောင်မြင်စွာ ထွက်ပေါ်လာခဲ့သော်လည်း အခြား တစ်ဖိုစာ တွင်မူ အမှိုက် ဆေးလုံးများသာ ဖြစ်သွားခဲ့၏။ သို့သော်ငြားလည်း အောင်မြင်သော ဆေးဖို အတွင်းမှ ယခုတစ်ကြိမ်တွင် အကောင်းဆုံး အရည်အသွေးရှိ စတုတ္ထအဆင့် အဆင့်နိမ့် သားရဲဝိညာဉ် ဆေးလုံး တစ်လုံး ပါဝင် လာခဲ့သည်။

ဆေးသုံးဖိုစာ ဖော်စပ်ပြီးနောက် စုယွီသည် ဆေးဖော်စပ်ရာ အခန်းကို ရှင်းလင်းလိုက်ပြီး ယနေ့အတွက် ဆေးဖော်စပ်ခြင်း အမှုကို အဆုံးသတ် ကာ မှော်လက်နက် နန်းတော် အတွင်းသို့ ဝင်ရောက် သွား၏။

မှော်လက်နက် နန်းတော် အတွင်းရှိ ဝိညာဉ်ရေကန် တစ်ခု အတွင်း၌ စုယွီသည် ဆယ်ပေ ကျော် အထိ ကြီးထွားလာခဲ့ပြီ ဖြစ်သော ရွှမ်လိပ် (ပင်လယ်လွှမ်းမိုးလိပ်) ပင်လယ် မျိုးနွယ်စု ကိုရှာလိုက်သည်။ ၎င်း၏ နက်ပြာရောင် လိပ်ခွံပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော ပုံစံများ ဖုံးလွှမ်းနေ၏။ ရွှမ်လိပ် (ပင်လယ်လွှမ်းမိုးလိပ်)၏ အရှိန်အဝါသည် တတိယအဆင့် အလယ်အလတ် ကာလ တွင်သာ ရှိသေးသော်ငြားလည်း ခြိမ်းခြောက်နိုင်သော အရှိန်အဝါမှာ တတိယအဆင့် အဆင့်မြင့် ကောင်းကင် မိုးကြိုးကြွက် ထက်ပင် ပိုမို ကြောက်မက်ဖွယ် ကောင်းနေသေး၏။

ရှေးဟောင်း ခေတ်ကာလ က ပင်လယ် နယ်မြေ ကို ကြီးစိုးခဲ့သော ဝိညာဉ် သားရဲ သွေးမျိုးဆက် တစ်ခု ဆိုသည့် ဂုဏ်ပုဒ် နှင့် တကယ့်ကို ထိုက်တန် အံဝင်ခွင်ကျ ရှိလှပါသည်။

“ပလုံ…”

စုယွီ ရောက်ရှိလာသည်ကို အာရုံခံ မိလိုက်သော ရွှမ်လိပ် (ပင်လယ်လွှမ်းမိုးလိပ်) ပင်လယ် မျိုးနွယ်စု သည် ရေထဲမှ ခေါင်းကို ထုတ်ကာ စုယွီအား တောက်ပသော မျက်လုံးများဖြင့် လှမ်းကြည့်လိုက်ပြီး ၎င်း၏ အစာကို စောင့်မျှော်ရန် ပါးစပ်ကြီးကို ဟလိုက်သည်။

'တကယ့် အစားအသောက် ဝါသနာအိုး ကြီးပါလား...'

စုယွီက တီးတိုး ရေရွတ်လိုက်သည်။

သူသည် အခုလေးတင်မှ ဖော်စပ်ထားခဲ့သော စတုတ္ထအဆင့် အဆင့်နိမ့် သားရဲဝိညာဉ် ဆေးလုံး နှစ်လုံးကို ရွှမ်လိပ် (ပင်လယ်လွှမ်းမိုးလိပ်) ပင်လယ် မျိုးနွယ်စု အား ကျွေးလိုက်၏။

ရွှမ်လိပ် (ပင်လယ်လွှမ်းမိုးလိပ်) ပင်လယ် မျိုးနွယ်စု သည် စတုတ္ထအဆင့် အဆင့်နိမ့် သားရဲဝိညာဉ် ဆေးလုံး များ၏ ထူးခြားသော ရနံ့ကို ရှူရှိုက်ကြည့်လိုက်ပြီး အတော်လေး သင့်လျော်သည်ဟု ယူဆကာ ချက်ချင်း မျိုချလိုက်သည်။ သို့သော် ထိုဆေးလုံးများမှာ ၎င်း၏ သွားကြားညှပ်ရန်ပင် မလောက်င သောကြောင့် နောက်တစ်ကြိမ် ပါးစပ်ကြီးကို အကျယ်ကြီး ဟလိုက်ပြန်၏။

"မင်းရဲ့ သခင် က ပစ္စည်းပစ္စယ ပြည့်စုံလို့ တော်သေးတာပေါ့... မဟုတ်ရင် မင်းကို အစာကျွေးဖို့ ဘယ်သူက တတ်နိုင်မှာလဲ..."

စုယွီက ရွှမ်လိပ် (ပင်လယ်လွှမ်းမိုးလိပ်) ပင်လယ် မျိုးနွယ်စု ၏ ခေါင်းကို တစ်ချက် ပုတ်ကာ ပြောလိုက်သည်။

ထို့နောက် သူသည် သားရဲဝိညာဉ် ဆေးလုံး နောက်ထပ် နှစ်လုံး နှင့် စတုတ္ထအဆင့် အလယ်အလတ် ဝိညာဉ်အရည် တစ်စက် ကို ထပ်မံ ကျွေးလိုက်၏။

သားရဲဝိညာဉ် ဆေးလုံး လေးလုံး၏ ဆေးစွမ်းများ ၎င်း၏ ခန္ဓာကိုယ် အတွင်း၌ ပေါက်ကွဲ ထွက်ပေါ်လာပြီး စတုတ္ထအဆင့် အလယ်အလတ် ဝိညာဉ်အရည် ၏ ကြီးမားလှသော ဝိညာဉ် စွမ်းအင်များ ၎င်း၏ ခန္ဓာကိုယ် တစ်လျှောက် ဒလဟော စီးဆင်း သွားသော အခါ ရွှမ်လိပ် (ပင်လယ်လွှမ်းမိုးလိပ်) ပင်လယ် မျိုးနွယ်စု သည် သက်သောင့်သက်သာ ဖြင့် ၎င်း၏ လက်သည်းများကို ဆန့်ထုတ်လိုက်ပြီး ခေါင်းနှင့် ခြေလက်များကို ချက်ချင်း ရုပ်သိမ်းကာ ရေကန် အောက်ခြေ သို့ ငုပ်ဆင်း၍ အိပ်စက် သွားတော့၏။

စားလိုက်၊ အိပ်လိုက်... ဒါက ရွှမ်လိပ် (ပင်လယ်လွှမ်းမိုးလိပ်) ပင်လယ် မျိုးနွယ်စု ၏ သာမန် နေ့စဉ် ဘဝပင် ဖြစ်၏။

ရွှမ်လိပ် (ပင်လယ်လွှမ်းမိုးလိပ်) ပင်လယ် မျိုးနွယ်စု ကို အစာကျွေးရန် ကုန်ကျစရိတ်မှာ အတော်လေး ကြီးမားသော်ငြားလည်း ၎င်း၏ တစ်နေ့တခြား တိုးတက် အားကောင်းလာသော အရှိန်အဝါ ကို စုယွီ ရှင်းလင်းစွာ ခံစား သိရှိနေရပြီး သူ၏ မျက်ဝန်းများ ထဲတွင် အလင်းတန်း တစ်ခု ဝင်းလက် သွားသည်။

နောက်ထပ် ဆယ်နှစ်ခန့် အကြာတွင် ၎င်းသည် တတိယအဆင့် အဆင့်မြင့် ကျင့်ကြံခြင်း အဆင့် သို့ ရောက်ရှိနိုင်မည်မှာ သေချာလှ၏။

ဒီလောက် မြန်တဲ့ အရှိန်နှုန်း ကတော့... ဟူး...

'အင်မော်တယ် နန်းတော် က တာအိုသားတော် ရဲ့ ဝိညာဉ် ခန္ဓာကိုယ် ကျင့်ကြံခြင်း အရှိန်နှုန်း တောင် ဒီ ရွှမ်လိပ် (ပင်လယ်လွှမ်းမိုးလိပ်) ပင်လယ် မျိုးနွယ်စု နဲ့ ယှဉ်နိုင်ပါ့မလား မသိဘူး...'

စုယွီက သူ့ကိုယ်သူ တိုးညင်းစွာ ရေရွတ်လိုက်ပြီး ပို၍ ပို၍ မျှော်လင့်ချက်များ ကြီးမား လာတော့၏။

အကယ်၍ ရွှမ်လိပ် (ပင်လယ်လွှမ်းမိုးလိပ်) ပင်လယ် မျိုးနွယ်စု သာ ထို တာအိုသားတော် နှင့် တိုက်ခိုက်မည် ဆိုပါက မည်သူက အနိုင်ရမည်နည်း။

ထိုအကြောင်းကို တွေးမိသော အခါ စုယွီ၏ မျက်လုံးများ တောက်ပ သွားသည်။

‘ဟုတ်တယ်။

ငါ ဒီ ရွှမ်လိပ် (ပင်လယ်လွှမ်းမိုးလိပ်) ပင်လယ် မျိုးနွယ်စု ကို ပိုပြီး အစွမ်းထက် လာအောင် ဆက်ပြီး ပြုစုပျိုးထောင် ပေးရမယ်။

တကယ်လို့ အနာဂတ်မှာ တာအိုသားတော် က ငါ့ကို လာပြီး ရန်စမယ် ဆိုရင်... သူ့ကို ဒီ ရွှမ်လိပ် (ပင်လယ်လွှမ်းမိုးလိပ်) ပင်လယ် မျိုးနွယ်စု နဲ့ အရင် ပေးတိုက်လိုက်မယ်။

တကယ်လို့ သူက ငါ ယဉ်ပါးအောင် လုပ်ထားတဲ့ သားရဲ တစ်ကောင် ကိုတောင် မနိုင်ဘူး ဆိုရင်... သူက ဘာ ဝိညာဉ် ခန္ဓာကိုယ် ဖြစ်နေလို့လဲ’

နောက်ပိုင်း ကာလများ တွင်..စုယွီသည် နေ့စဉ် နေ့တိုင်း စတုတ္ထအဆင့် ဆေးလုံးများ ဖော်စပ်ရန် အချိန်ပေးခဲ့သည်။ ဤ စတုတ္ထအဆင့် ဆေးလုံးများကို သူ လုံးဝ မရောင်းချဘဲ ရွှမ်လိပ် (ပင်လယ်လွှမ်းမိုးလိပ်) ပင်လယ် မျိုးနွယ်စု ကို အစာကျွေးရန် အတွက်သာ အသုံးပြု ခဲ့၏။

စုယွီ၏ ရက်ရက်ရောရော အစာကျွေးမှု များကြောင့် ရွှမ်လိပ် (ပင်လယ်လွှမ်းမိုးလိပ်) ပင်လယ် မျိုးနွယ်စု ၏ ကျင့်ကြံခြင်း အဆင့်မှာ လျင်မြန်စွာ တိုးတက် လာခဲ့သည်။

တစ်နှစ် ကုန်လွန်သွားခဲ့လေပြီ။

စုယွီသည် အသုံးများသော စတုတ္ထအဆင့် အဆင့်နိမ့် ဆေးလုံး ဆယ်မျိုး နှင့် ပတ်သက်၍ သူ၏ ကျွမ်းကျင်မှု ပမာဏကို ၃၀ ရာခိုင်နှုန်း မှ ၄၀ ရာခိုင်နှုန်း အထိ မြှင့်တင် နိုင်ခဲ့လေပြီ။ ထို့နောက် သူသည် စတုတ္ထအဆင့် အဆင့်နိမ့် အဆောင်များကို စတင် ဖန်တီးရန် ကြိုးပမ်းတော့၏။

ပထမဆုံး အနေဖြင့် သူသည် ကြေးမုံလမင်း အဆောင် ကို စတင် စမ်းသပ် ဖန်တီးခဲ့သည်။

သူ မူလက ရရှိခဲ့သော ကြေးမုံလမင်း အဆောင် အမွေအနှစ် တွင် စတုတ္ထအဆင့် ကြေးမုံလမင်း အဆောင် တစ်ခု ပါဝင်၏။

သို့သော် အလွှာသုံးထပ် အကောင်းဆုံး အရည်အသွေးရှိ ကြေးမုံလမင်း အဆောင် နှင့် နှိုင်းယှဉ်လိုက်ပါက စတုတ္ထအဆင့် အဆင့်နိမ့် ကြေးမုံလမင်း အဆောင် ၏ ရှုပ်ထွေး နက်နဲမှု မှာ မိုးထိအောင် မြင့်တက် သွားသည်ဟု ဆိုနိုင်ပြီး ဟင်းလင်းပြင် စွမ်းအား ကို အပေါ်ယံ အသိပညာ ထက် ကျော်လွန်၍ နက်နက်ရှိုင်းရှိုင်း နားလည် သဘောပေါက်ပြီး ထိန်းချုပ် နိုင်စွမ်း ရှိရန် လိုအပ်လှ၏။

သို့သော် ကံကောင်းထောက်မစွာဖြင့် ဟင်းလင်းပြင် လွတ်မြောက်ခြင်းဟင်းလင်းပြင် ခွဲထွက်ခြင်း နည်းစနစ် ကို ကျင့်ကြံ ပြီးနောက် စုယွီ၏ ဟင်းလင်းပြင် စွမ်းအား အပေါ် နားလည် သဘောပေါက်မှု မှာ သိသိသာသာ နက်နဲ လာခဲ့လေပြီ။

စုယွီ၏ လက်ရှိ ဟင်းလင်းပြင် စွမ်းအား အပေါ် ကျွမ်းကျင် ပိုင်နိုင်မှု ဖြင့် စတုတ္ထအဆင့် အဆင့်နိမ့် ကြေးမုံလမင်း အဆောင် တစ်ခုကို ဖန်တီးရန် ဆိုသည်မှာ သူ့အတွက် လုံးဝ ခက်ခဲသော ကိစ္စ မဟုတ်တော့ချေ။

စတုတ္ထအဆင့် အဆင့်နိမ့် အဆောင် ကုန်ကြမ်း အခု လေးဆယ် နီးပါးခန့် ကုန်ဆုံးပြီး နောက်ဆုံးတွင် သူသည် စတုတ္ထအဆင့် အဆင့်နိမ့် ကြေးမုံလမင်း အဆောင် တစ်ခုကို အောင်မြင်စွာ ရေးဆွဲ ဖန်တီးနိုင်ခဲ့သည်။

အရည်အသွေးမှာ သာမန်သာ ဖြစ်ပြီး သာမန် စတုတ္ထအဆင့် အဆင့်နိမ့် အဆောင် တစ်ခု သက်သက်မျှသာ ဖြစ်၏။

သို့သော်ငြားလည်း ဤ ကြေးမုံလမင်း အဆောင် ၏ စွမ်းအား အောက်တွင် မူလ ဝိဉာဉ်အဆင့် တတိယအဆင့် ရှိသော အရှင်သခင်ကြီး တစ်ပါး ပင်လျှင် ခေတ္တမျှ ပိတ်လှောင် ခံရနိုင်ချေ ရှိ၏။

*

ငါးနှစ် ကုန်လွန်သွားခဲ့လေပြီ။

ယွင်ရှောင် ဆေးလုံး စံအိမ် အတွင်း၌။

လင်းချင်းရှား သည် မှောင်ခိုဈေး မှ ကြီးမားသော စီးပွားရေး လုပ်ငန်းစုကြီး တစ်ခု၏ တာဝန်ခံ ကို ဆီးကြို နှုတ်ဆက်လိုက်ပြီး ယဉ်ကျေးသော အပြုံးဖြင့် ပြောလိုက်သည်။

"တောင်းပန်ပါတယ် တာဝန်ခံ အန်း... ကျွန်မတို့ ဆေးလုံး စံအိမ် အရှင်သခင် က တကယ်ပဲ ဧည့်သည် လက်မခံပါဘူး ရှင်..."

သူမ၏ အရှေ့တွင် ရှိနေသော အမျိုးသား က တည်ငြိမ်သော မျက်နှာထားဖြင့် ခပ်ဟဟ ရယ်လိုက်ပြီး ပြောလိုက်၏။

"အဲဒါ က မလိုအပ်ပါဘူး... မင်း လုပ်ရမှာက မင်းရဲ့ ဆေးလုံး စံအိမ် အရှင်သခင် ကို သတင်းစကား ပါးပေးဖို့ပါပဲ... ငါတို့ ဝမ်ပေါင် ကုန်သွယ်ရေး အသင်း ကြီးရဲ့ တံခါး က သူ့အတွက် အမြဲတမ်း ဖွင့်ထားတယ် လို့..."

"ဝမ်ပေါင် ကုန်သွယ်ရေး အသင်း ကို ဝင်ရောက် ပူးပေါင်းတာ က သူ့အတွက် အကျိုးကျေးဇူး တွေပဲ ဆောင်ကြဉ်း ပေးလာမှာပါ..."

"မှောင်ခိုဈေး မှာ စည်းကမ်းတွေ အများကြီး ရှိတယ် ဆိုပေမယ့်... တချို့ အချိန်တွေမှာ စည်းကမ်း ဆိုတာ အသေ ပါပဲ၊ လူတွေ ကတော့ အရှင် လေ... ဒီနေရာမှာ ခြေကုပ် ရယူဖို့ ဆိုတာ အဲဒီလောက် မလွယ်ကူလှဘူး..."

ထိုသို့ ပြောဆိုပြီးနောက် ဆိုင်ရှင် သည် ခြေလှမ်းကျဲကျဲဖြင့် ထွက်ခွာ သွားတော့၏။

နောက်ဖေး ခြံဝင်း အတွင်း၌။

စုယွီ သည် ယနေ့ သူ ဖော်စပ်ထားသော စတုတ္ထအဆင့် အဆင့်နိမ့် သားရဲမူလ ဆေးလုံး များကို ရွှမ်လိပ် (ပင်လယ်လွှမ်းမိုးလိပ်) ပင်လယ် မျိုးနွယ်စု အား ကျွေးလိုက်ပြီးနောက် သူ၏ လက်ထဲရှိ စတုတ္ထအဆင့် အဆင့်နိမ့် အဆောင် များကို စစ်ဆေး ကြည့်လိုက်သည်။

'သာမန် အရည်အသွေးရှိတဲ့ စတုတ္ထအဆင့် အဆင့်နိမ့် ကြေးမုံလမင်း အဆောင် ၃၂ ခု နဲ့... အကောင်းဆုံး အရည်အသွေးရှိတာ က ၉ ခု ပါလား...'

'ကိုယ်ပျောက် အဆောင် ၊ ရွှမ်ကျား ကာကွယ်ရေး၊ နတ်ဘုရား အမြန်နှုန်းနဲ့ နတ်ဘုရား ရှောင်တိမ်းခြင်း စတဲ့ တခြား အဆောင်တွေ အပါအဝင် ဆိုရင်... စတုတ္ထအဆင့် အဆင့်နိမ့် အဆောင် စုစုပေါင်း ၁၁၆ ခု တောင် ရှိနေပြီပဲ...'

လွန်ခဲ့သော နှစ်များ တစ်လျှောက် သူ စုဆောင်း ထားခဲ့သော ဤ အခြေခံ အုတ်မြစ် များကို ကြည့်ကာ စုယွီ အတော်လေး ကျေနပ် အားရ နေမိသည်။

ဤ ပစ္စည်းများ အပြင် မှော်လက်နက်များ နှင့် အခြားသော နည်းလမ်းများ ကိုပါ ပေါင်းစပ်လိုက်မည် ဆိုပါက စုယွီ အနေဖြင့် မူလ ဝိဉာဉ်အဆင့် အစောပိုင်း ကာလရှိ သာမန် အရှင်သခင် တစ်ပါးကို ရင်ဆိုင်ရလျှင် တောင်မှ အနည်းငယ်မျှ ကြောက်ရွံ့ နောက်တွန့် နေမည် မဟုတ်ချေ။

မူလ ဝိဉာဉ်အဆင့် တတိယအဆင့် ရှိသော အရှင်သခင်ကြီး တစ်ပါး အပါအဝင် ပင်တည်း။

အကယ်၍ မထင်မှတ်ထားသော အခြေအနေ တစ်ခုခု ကြုံတွေ့ရပြီး သူ လွှမ်းမိုး ဖိနှိပ် ခံရလျှင် တောင်မှ... ထိုနေရာမှ အေးအေးဆေးဆေး ဆုတ်ခွာ ထွက်ပြေးရန် သူ့အတွက် မည်သည့် ပြဿနာမျှ ရှိမည် မဟုတ်ချေ။

နှစ်အနည်းငယ် အတောအတွင်း သူ၏ စွမ်းအား အခြေခံ အုတ်မြစ် မှာ အလွန်အမင်း တိုးတက် လာခဲ့လေပြီ။

သူ လျှို့ဝှက်ခန်း အတွင်းမှ ထွက်လာချိန်တွင် လင်းချင်းရှား သူ့ထံသို့ လျှောက်လာသည်ကို မြင်လိုက်ရ၏။

လင်းချင်းရှား သည် အရပ်ရှည်ရှည် နှင့် အလွန် အချိုးကျသော ခန္ဓာကောက်ကြောင်း ရှိပြီး ခရမ်းရောင် ဂါဝန်ကို ဆင်မြန်းထားသည်။ သူမ၏ ခါးသွယ်သွယ်လေး ကို ရစ်ပတ်ထားသော ခရမ်းရောင် ဖဲကြိုးလေး သည် သူမ၏ ပြည့်ဖြိုးသော ခန္ဓာကောက်ကြောင်း ကို ပိုမို ပေါ်လွင် ထင်ရှားစေပြီး ပြင်းထန်သော အမြင်အာရုံ ဆွဲဆောင်မှု ကို ပေးစွမ်း နေ၏။

စုယွီ နှင့်အတူ နှစ်အနည်းငယ်ကြာ နေထိုင်ပြီးနောက် လုံလောက်သော အနားယူမှု နှင့် ကျင့်ကြံခြင်း တို့ကို ရရှိခဲ့သောကြောင့် လင်းချင်းရှား ၏ အသွင်အပြင် မှာ ပိုမို ရင့်ကျက် တည်ငြိမ်လာပြီး သိမ်မွေ့ နူးညံ့ လာကာ သူမ၏ အသားအရေ မှာလည်း ဖြူဖွေး နုနယ် နေ၏။

သူမသည် တစ်ချိန်က ရောင်းစား ခံခဲ့ရသော အမျိုးသမီး ကျင့်ကြံသူ တစ်ဦး ဖြစ်ခဲ့ဖူးသည် ဆိုသည်ကို မည်သူကမျှ ထင်မှတ်မိကြမည် မဟုတ်ချေ။

သို့သော်ငြားလည်း ဤအခိုက်အတန့် တွင် လင်းချင်းရှား ၏ မျက်နှာပေါ်၌ စိုးရိမ် ပူပန်မှု အရိပ်အယောင်များ ထင်ဟပ် နေ၏။ စုယွီကို မြင်လိုက်ရသော အခါ သူမ၏ မျက်ဝန်းများ ထဲတွင် ပျော်ရွှင်မှု အရိပ်အယောင် အနည်းငယ် ဝင်းလက် သွားပြီး သူမ၏ ကျောထောက်နောက်ခံ ကို ရှာတွေ့သွားသည့် အလား ကပျာကယာ ပြေးလာကာ ပြောလိုက်၏။

"သခင်..."

စုယွီ၏ မျက်ခုံးတန်းများ အနည်းငယ် တွန့်ချိုးသွားပြီး မေးလိုက်သည်။

"ဘာဖြစ်လို့လဲ... ပြဿနာ တစ်ခုခု ရှိလို့လား..."

လင်းချင်းရှား က ကပျာကယာ ရှင်းပြလိုက်၏။

"ဝမ်ပေါင် ကုန်သွယ်ရေး အသင်း က ဆိုင်ရှင် လာသွားပါတယ်... သူက သခင့်ကို ဝမ်ပေါင် ကုန်သွယ်ရေး အသင်း နဲ့ ဝင်ရောက် ပူးပေါင်း စေချင်နေတယ်... ပြီးတော့ သူက အလေးအနက် ပြောသွားသေးတယ်... မှောင်ခိုဈေး မှာ စည်းကမ်းတွေ ရှိတယ် ဆိုပေမယ့်... ကိုယ်စားပြုတဲ့ နောက်ခံ အင်အားစု မရှိဘဲနဲ့ ဒီနေရာမှာ ခြေကုပ် ရယူဖို့ ဆိုတာ မလွယ်ကူဘူး တဲ့... သခင့်ကို အဲဒီကိစ္စ သေချာ စဉ်းစားစေချင်တယ် တဲ့ ရှင်..."

"သခင် ဆုံးဖြတ်ချက် ချပြီးရင် ဝမ်ပေါင် ကုန်သွယ်ရေး အသင်း မှာ သူ့ကို သွားတွေ့လို့ ရပါတယ် တဲ့..."

ဝမ်ပေါင် ကုန်သွယ်ရေး အသင်း ဆိုသော အမည်ကို ကြားလိုက်ရသော အခါ စုယွီ၏ မျက်နှာ အမူအရာ တင်းမာ သွားသည်။ မှောင်ခိုဈေး အတွင်း၌ အဓိက အင်အားစု အတော်များများ ရှိပြီး ဝမ်ပေါင် ကုန်သွယ်ရေး အသင်း သည်လည်း ၎င်းတို့ အနက်မှ တစ်ခု အပါအဝင် ဖြစ်၏။

သူ သိထားသလောက် ဆိုလျှင် ဝမ်ပေါင် ကုန်သွယ်ရေး အသင်း ၏ နောက်ကွယ် တွင် မူလ ဝိဉာဉ်အဆင့် အထွတ်အထိပ် သို့ ရောက်ရှိနေသော အရှင်သခင်ကြီး တစ်ပါး ရှိနေ၏။

ထိုကဲ့သို့သော အင်အားစုကြီး ၏ မျက်စိကျ စောင့်ကြည့် ခံရခြင်းမှာ သူ့အတွက် သတင်းကောင်း တစ်ခု လုံးဝ မဟုတ်ချေ။

သို့သော်ငြားလည်း အကယ်၍ သာမန် အမြုတေ ဖွဲ့စည်းခြင်း ကျင့်ကြံသူများ သို့မဟုတ် မူလ ဝိဉာဉ်အဆင့် အစောပိုင်း ကာလရှိ ကျင့်ကြံသူများ သာ ဆိုလျှင် ဝမ်ပေါင် ကုန်သွယ်ရေး အသင်း ၏ အရှိန်အဝါ ကို ကြောက်လန့် နေကြမည်မှာ သေချာလှ၏။

သို့သော် သူသည် ယခုအခါ တစ်သီးပုဂ္ဂလ ကျင့်ကြံသူ တစ်ဦး မဟုတ်တော့ချေ။ သူ၏ ကိုယ်ပိုင် ဆရာ ဖြစ်သူမှာ မူလ ဝိဉာဉ်အဆင့် အထွတ်အထိပ် တွင် ရှိသော တည်ရှိမှု တစ်ခု ဖြစ်ပြီး အင်မော်တယ် နန်းတော် ၏ နန်းတော်သခင် မှာလည်း သူ၏ ဂိုဏ်းတူ အစ်ကို ပင်တည်း။

အသေးအမွှား ကုန်သွယ်ရေး အသင်း လေး တစ်ခုက များ... ငါ့ရဲ့ အရှေ့မှာ လာပြီး ဗိုလ်ကျရဲတယ် တဲ့လား။

စုယွီသည် ထိုအကြောင်းကို စဉ်းစားရင်း သူ၏ စိတ်ထဲတွင် တန်ပြန် တိုက်ခိုက်မည့် အစီအစဉ် တစ်ခုကို လျင်မြန်စွာ ရေးဆွဲလိုက်တော့၏။

အခန်း (၅၈၄) - ယွင်ရှောင် ဆေးလုံး စံအိမ် ၏ ထက်မြက်လှသော ဓားသွားများ (၁)

ပြဿနာများနှင့် ရင်ဆိုင်ရသည့်အခါတိုင်း နောက်ဆုတ် ရှောင်ပြေးနေ၍ မဖြစ်ပေ။

အားနည်းချက်များကို ဖော်ပြလေလေ၊ ပြဿနာများက ကိုယ့်ထံသို့ ပိုမို တိုးဝင်လာလေလေ ပင်တည်း။

ခေတ္တမျှ စဉ်းစားတွေးတောပြီးနောက် စုယွီသည် အင်မော်တယ် နယ်မြေ သို့ တိတ်တဆိတ် ပြန်သွားရန် ဆုံးဖြတ်လိုက်သည်။ မဟာယွီ တောင်ထွတ် ပေါ်ရှိ သူ၏ ဆရာသခင် ချန်ရစ်ခဲ့သော အခင်းအကျင်းများထဲမှ ယာယီ အသုံးပြုရန်အတွက် စတုတ္ထအဆင့် အကောင်းဆုံး အရည်အသွေးရှိ အခင်းအကျင်း အလံ တစ်စုံကို သူ ရွေးချယ် ယူဆောင်ခဲ့၏။

ထို့နောက် စုယွီသည် အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော် ၏ မှောင်ခိုဈေး သို့ ဒုတိယအကြိမ် ပြန်လည် ရောက်ရှိလာခဲ့ပြီး... လမ်းမပေါ်ရှိ ကျင်း မိသားစု၏ သခင်လေး ကိုရော၊ ဝမ်ပေါင် ကုန်သွယ်ရေး အသင်း ၏ ဆိုင်ရှင် တာဝန်ခံ အန်း ကိုပါ ယွင်ရှောင် ဆေးလုံး စံအိမ် သို့ ဖိတ်ခေါ်ရန် လင်းချင်းရှား ကို စေလွှတ်လိုက်သည်။

ကျင်းရှန်း တိမ်တိုက် ဆေးလုံး စံအိမ်။

ကျင်း မိသားစု၏ သခင်လေး ဖြစ်သူ ကျင်းချုံး မှာ အံ့အားသင့် မှင်သက်သွားရသည်။

"ယွင်ရှောင် ဆေးလုံး စံအိမ် က ငါ့ကို တွေ့ဖို့ ဖိတ်ခေါ်တယ် ဟုတ်လား..."

ဤဖိတ်ကြားချက်မှာ လုံးဝ မထင်မှတ်ထားသော အရာဖြစ်ပြီး အနည်းငယ် ရုတ်တရက် ဆန်လွန်းနေ၏။

သူက ငါ့ကို ဘာများ ဆွေးနွေးချင်နေတာလဲ။

ကျင်း မိသားစု နဲ့ ပူးပေါင်းချင်လို့များလား။

ကျင်းချုံး ၏ မျက်ခုံးတန်းများ တွန့်ချိုးသွားသည်။ ယွင်ရှောင် ဆေးလုံး စံအိမ် သည် ကျင်း မိသားစု နှင့် ပူးပေါင်းရန် ရည်ရွယ်ချက် ရှိသည်ဟု မယုံကြည်သော်ငြားလည်း ထိုအတွေးကြောင့် သူ၏ ရင်ထဲတွင် မျှော်လင့်ချက် အရိပ်အယောင်လေး တစ်ခုတော့ ဖြတ်ပြေးသွားခဲ့၏။

သူသည် ယွင်ရှောင် ဆေးလုံး စံအိမ် ကို စောင့်ကြည့် အကဲခတ်နေခဲ့သည်မှာ အချိန် အတော်ကြာမြင့် နေခဲ့ပြီ ဖြစ်၏။

လွန်ခဲ့သော နှစ်များစွာ ကတည်းက ယွင်ရှောင် ဆေးလုံး စံအိမ် ကို ကျင်း မိသားစု၏ အကျိုးစီးပွား အတွက် အသုံးချရန် သိမ်းပိုက်လိုခဲ့ခြင်း ပင်တည်း။

သို့သော် သူ မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက် အနေဖြင့် ယွင်ရှောင် ဆေးလုံး စံအိမ် မှ လူများသည် မှောင်ခိုဈေး မှ တစ်ခါမျှ ထွက်ခွာခြင်း မရှိခဲ့ချေ။ ယွင်ရှောင် ဆေးလုံး စံအိမ် ၏ ဆေးလုံး စံအိမ် အရှင်သခင် ဟု ဆိုသူကိုလည်း သူ တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးခဲ့ပေ။

အရာအားလုံးက လျှို့ဝှက်ဆန်းကြယ် လွန်းနေ၏။

ယွင်ရှောင် ဆေးလုံး စံအိမ် ကို နှစ်ပေါင်းများစွာ စောင့်ကြည့်နေခဲ့သော်ငြားလည်း တိုက်ခိုက်ရန် အခွင့်အရေး တစ်ကြိမ်မျှ မရရှိခဲ့ချေ။

ထို့ကြောင့် လင်းချင်းရှား ၏ ဖိတ်ကြားချက်ကို လက်ခံရရှိပြီးနောက် ကျင်းချုံး သည် ခေတ္တမျှ စဉ်းစားတွေးတောပြီး သွားရောက် တွေ့ဆုံရန် ဆုံးဖြတ်လိုက်တော့သည်။

'ယွင်ရှောင် ဆေးလုံး စံအိမ် ဟုတ်လား...'

ကျင်းချုံး ၏ ရင်တွင်း၌ သရော်ပြုံးတစ်ချက် ဖြတ်ပြေးသွား၏။

အကယ်၍ မှောင်ခိုဈေး အတွင်း တိုက်ခိုက်ခြင်း မပြုရ ဆိုသော တားမြစ်ချက်သာ မရှိခဲ့လျှင် သူ၏ ကျင်း မိသားစု သည် ဆေးလုံး စံအိမ် ကို ဖျက်ဆီးပြီး အတွင်းရှိ လူများကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်မှာ ကြာလှပြီ ဖြစ်ပေလိမ့်မည်။

ဘာလှုပ်ရှားမှုမှ မလုပ်ဘဲ ယခုအချိန်ထိ စောင့်ဆိုင်းနေမည် မဟုတ်ချေ။

အေးစက်စက် အမူအရာဖြင့် ကျင်းချုံး သည် ကျင်းရှန်း တိမ်တိုက် ဆေးလုံး စံအိမ် မှ ထွက်ခွာလာပြီး လမ်း၏ အဆုံးရှိ ယွင်ရှောင် ဆေးလုံး စံအိမ် သို့ ဦးတည် လျှောက်လှမ်း သွားတော့သည်။

*

ထိုအချိန်တွင်။

ဝမ်ပေါင် ကုန်သွယ်ရေး အသင်း ၌၊

လင်းချင်းရှား ကို နောက်တစ်ကြိမ် ထပ်မံ မြင်တွေ့လိုက်ရသောအခါ တာဝန်ခံ အန်း ၏ မျက်ခုံးတန်းများ တွန့်ချိုးသွားပြီး မကျေမနပ် ပြောလိုက်၏။

"မင်းရဲ့ ဆေးလုံး စံအိမ် အရှင်သခင် က ငါ့ကို ထပ်တွေ့ဖို့ ခေါ်ခိုင်းလိုက်ပြန်ပြီလား..."

‘သူ့ကိုယ်သူ ဘယ်သူများ မှတ်နေသလဲ။

ပြီးတော့ မှောင်ခိုဈေး ရဲ့ ထောင့်ကျကျ နေရာလေး က ယွင်ရှောင် ဆေးလုံး စံအိမ် လေးကရော ဘာကောင်တွေများ မှတ်နေသလဲ။

လူတစ်ယောက်မှ မတွေ့လိုက်ရဘဲ သူ့ကို တစ်ခေါက် လာခိုင်းခဲ့တာကို သည်းခံပေးလို့ ရသေးပေမယ့်... အခုတော့ ဒီလောက် ရဲတင်းစွာနဲ့ သူ့ကို ထပ်ပြီး ခေါ်ရဲသေးတယ် တဲ့လား။ တကယ့်ကို ရောင့်တက်လွန်းတာပဲ’

တာဝန်ခံ အန်း သည် လင်းချင်းရှား ကို ကြည့်ရင်း ဒေါသကြောင့် ပေါက်ကွဲထွက်မတတ် ဖြစ်သွားရသည်။

မှောင်ခိုဈေး အတွင်း၌ သူ ကိုယ်တိုင် ကိုယ်ကျ သွားရောက် တွေ့ဆုံရမည့် လူဆိုသည်မှာ လက်ချိုး ရေတွက်၍ ရလောက်အောင်ပင် နည်းပါးလှ၏။

သို့သော်ငြားလည်း လွန်ခဲ့သော နှစ်များ တစ်လျှောက် ယွင်ရှောင် ဆေးလုံး စံအိမ် ၏ နာမည်ကျော်ကြားမှု နှင့် အရောင်းရဆုံး ဖြစ်သော အကောင်းဆုံး အရည်အသွေးရှိ တတိယအဆင့် ဆေးလုံးများ ကို ပြန်လည် သတိရမိလိုက်သော အခါ တာဝန်ခံ အန်း သည် လေကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး သူ၏ ရင်တွင်းမှ ဒေါသကို ဖိနှိပ် ချုပ်တည်းကာ လောလောဆယ်တွင် သည်းခံလိုက်ရန် ဆုံးဖြတ်လိုက်သည်။

ခေတ္တမျှ စဉ်းစားတွေးတော ပြီးနောက် တာဝန်ခံ အန်း က နှာခေါင်းရှုံ့ကာ ပြောလိုက်၏။

"ကောင်းပြီလေ... မင်းရဲ့ ဆေးလုံး စံအိမ် အရှင်သခင် ကို သွားတွေ့ဖို့ နောက်တစ်ခေါက် လိုက်ခဲ့ပေးမယ်..."

"ဒီတစ်ကြိမ်မှာသာ ယွင်ရှောင် ဆေးလုံး စံအိမ် က ငါ့ကို ကျေနပ်လောက်တဲ့ အဖြေတစ်ခု မပေးနိုင်ဘူး ဆိုရင်... ငါ့ရဲ့ ဝမ်ပေါင် ကုန်သွယ်ရေး အသင်း ကြီး ရက်စက်တယ် လို့တော့ မပြောနဲ့..."

လင်းချင်းရှား မှာ အနည်းငယ် စိုးရိမ်ပူပန် သွားရသည်။

သို့သော်ငြားလည်း သူမ၏ ရင်တွင်း၌ သူမ၏ ဆရာသခင် ၏ အရည်အချင်း နှင့် စွမ်းအားကို အပြည့်အဝ ယုံကြည် ကိုးစားထားပါ၏။

နာရီဝက် ကုန်လွန်သွားပြီးနောက်။

ယွင်ရှောင် ဆေးလုံး စံအိမ် ၏ ဆိုင်ခန်း အတွင်း၌။

ကျင်း မိသားစု၏ သခင်လေး ကျင်းချုံး နှင့် ဝမ်ပေါင် ကုန်သွယ်ရေး အသင်း ၏ ဆိုင်ရှင် အန်းပေါ်ယီ တို့ ရှေ့ဆင့်နောက်ဆင့် ရောက်ရှိလာကြသည်။ အရှေ့တံခါး မှ ဝင်ရောက် လာသည်နှင့် တစ်ပြိုင်နက်... လက်ဖက်ရည် စားပွဲ နောက်တွင် ထိုင်နေသော ရုပ်ရည် သန့်ပြန့်သည့် လူငယ်လေး တစ်ဦးနှင့် သူ၏ တစ်ဖက်တစ်ချက်စီတွင် မတ်တပ်ရပ်၍ ခစားနေကြသော ညှို့ယူဖမ်းစားနိုင်စွမ်း ရှိသည့် အမျိုးသမီး နှစ်ဦးကို မြင်တွေ့လိုက်ကြရ၏။

ကျင်းချုံး နှင့် အန်းပေါ်ယီ တို့ နှစ်ဦးစလုံး၏ မျက်ဝန်းများ ထဲတွင် အံ့အားသင့်မှု အရိပ်အယောင်များ ဖျတ်ခနဲ ဝင်းလက် သွားကြသည်။

လင်းချင်းရှား သည် သူတို့ နှစ်ဦးကို ဖြတ်ကျော်ကာ စုယွီ၏ အနားသို့ လျှောက်သွားပြီး ကိုယ်ကို ကိုင်းညွတ်၍ တိုးညင်းစွာ လျှောက်တင်လိုက်၏။

"ဆရာသခင်... သူတို့ ရောက်လာပါပြီ..."

အန်းပေါ်ယီ မရောက်လာမီ က ပြောဆိုခဲ့သော စကားများကိုလည်း စုယွီအား သူမ ပြန်လည် တင်ပြလိုက်သည်။

စုယွီသည် သူ၏ လက်ထဲရှိ လက်ဖက်ရည် ခွက်ကို အသာအယာ ချလိုက်ပြီး ကျင်းချုံး နှင့် အန်းပေါ်ယီ တို့ကို မော့ကြည့်လိုက်သော်လည်း သူတို့ကို ထိုင်ရန် မဖိတ်ခေါ်ချေ။

ကျင်းချုံး သည် စုယွီ ထက် အနည်းငယ် အသက်ကြီးပြီး သူ၏ ကျင့်ကြံခြင်း မှာ အမြုတေ ဖွဲ့စည်းခြင်း နယ်ပယ် အဋ္ဌမအဆင့် တွင် ရှိသည်။ သို့သော် သူ၏ အသွင်အပြင် မှာမူ လူငယ်လေး တစ်ဦး နှင့် တူနေဆဲပင်။

အန်းပေါ်ယီ ကတော့ အများကြီး ပို၍ အသက်ကြီးပြီး သူ၏ ဆံပင်များတွင် ဖြူယော်ယော် အရိပ်အယောင်များ ပင် နှောနေလေပြီ။ သူ၏ မျက်ဝန်းများ ထဲတွင် လွှမ်းမိုး ဖိနှိပ်နိုင်စွမ်း ရှိသော ဂုဏ်သိက္ခာ တစ်ခု အပြည့်အဝ ပါဝင်နေ၏။သူ၏ ကျင့်ကြံခြင်း မှာ အမြုတေ ဖွဲ့စည်းခြင်း နယ်ပယ် အထွတ်အထိပ် သို့ ရောက်ရှိနေပြီး သူ၏ အကြည့်များမှာ ဖိနှိပ်မှု အရှိန်အဝါများဖြင့် ပြည့်နှက် နေ၏။

သို့သော်ငြားလည်း စုယွီသည် အန်းပေါ်ယီ ကို လျစ်လျူရှု ထားလိုက်ပြီး သူ၏ အာရုံကို ကျင်းချုံး ထံသို့သာ စူးစိုက် ထားလိုက်သည်။

ဤအခိုက်အတန့်တွင် တာအိုဆရာ အရိပ်နီ အဖြစ် ရုပ်ဖျက်ထားသော စုယွီသည် ချောမော ခန့်ညားလှသည့် လူငယ်လေး တစ်ဦး အသွင် ရှိနေ၏။ ကျင်းချုံး ကို အေးစက်စက် စိုက်ကြည့်ရင်း သူက ပြောလိုက်သည်။

"မင်းရဲ့ ကျင်း မိသားစု က လွန်ခဲ့တဲ့ နှစ်တွေ တစ်လျှောက်လုံး သိပ်ပြီး ငြိမ်ငြိမ်သက်သက် ရှိမနေပါလား... ငါ့ရဲ့ ယွင်ရှောင် ဆေးလုံး စံအိမ် ကို စောင့်ကြည့်ဖို့ လူတွေကို အမြဲတမ်း စေလွှတ်နေတယ်... ဘာကိစ္စ ရှိလို့လဲ... မင်းရဲ့ ကျင်း မိသားစု က ငါ့ယွင်ရှောင် ဆေးလုံး စံအိမ် ကို အရေးယူ ဆောင်ရွက်ဖို့ ရည်ရွယ်ထားတာလား..."

ကျင်းချုံး ၏ မျက်နှာ အမူအရာ လုံးဝ ပြောင်းလဲခြင်း မရှိသော်ငြားလည်း သူ၏ ရင်တွင်း၌မူ တိတ်တဆိတ် အံ့အားသင့် တုန်လှုပ် သွားရသည်။ ယွင်ရှောင် ဆေးလုံး စံအိမ် က သူတို့ အပေါ် စောင့်ကြည့်ရန် လူလွှတ်ထားခဲ့သည် ကို အစောကြီး ကတည်းက သိထားခဲ့သည် တဲ့လား။

ကျင်းချုံး ၏ မျက်ခုံးတန်းများ တွန့်ချိုးသွားပြီး ပြန်လည် ဖြေကြားခြင်း မပြုဘဲ မေးလိုက်သည်။

"ခင်ဗျား က ယွင်ရှောင် ဆေးလုံး စံအိမ် ရဲ့ ဆေးလုံး စံအိမ် အရှင်သခင် လား... ဒီ ဆေးလုံး စံအိမ် က ဆေးလုံးတွေ အားလုံး က ခင်ဗျား ရဲ့ လက်ရာတွေ ချည်းပဲလား..."

စုယွီ၏ အရှိန်အဝါကို အာရုံခံ ကြည့်လိုက်ရာ... စုယွီနှင့် ပတ်သက်၍ ဘာကိုမှ ခွဲခြား သိမြင်နိုင်စွမ်း မရှိကြောင်း တွေ့ရှိလိုက်ရသဖြင့် သူ အလွန်အမင်း မှင်သက် သွားရသည်။

လုံးဝ ဗလာနတ္ထိ ဖြစ်နေသည့် အလားပင်။ အကယ်၍ စုယွီသည် သူ၏ အရှေ့တွင် ထိုင်နေခြင်း မဟုတ်ပါက စုယွီ ရှိနေသည် ကိုပင် သူ အာရုံခံ သိရှိနိုင်မည် မဟုတ်ချေ။

ဤတွေ့ရှိမှု ကြောင့် ကျင်းချုံး ၏ ကျောရိုး တစ်လျှောက် စိမ့်တက် သွားပြီး သူ၏ မျက်နှာ အမူအရာ မှာ ပိုမို လေးနက် တည်ကြည် လာတော့၏။

စုယွီသည် ကျင်းချုံး ၏ မေးခွန်းကို လျစ်လျူရှု ထားလိုက်ပြီး အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်သည်။

"မင်းရဲ့ ကျင်း မိသားစု ဆီ ပြန်သွားပြီး ပြောလိုက်... နောက်တစ်ခါ ငါ့ရဲ့ ယွင်ရှောင် ဆေးလုံး စံအိမ် ကို လိုက်လံ စောင့်ကြည့်တဲ့ လူ ရှိသေးတယ် ဆိုရင်... အဲဒီ နောက်ဆက်တွဲ ဆိုးကျိုးတွေ အားလုံး မင်းတို့ ဘာသာ တာဝန်ယူ ရလိမ့်မယ် လို့..."

ကျင်းချုံး သည် စုယွီ၏ လေသံကြောင့် အံ့အားသင့် သွားရပြီး သူ၏ အသံမှာလည်း အေးစက်စက် ဖြစ်သွားကာ...

"နောက်ဆက်တွဲ ဆိုးကျိုးတွေကို တာဝန်ယူ ရမယ် ဟုတ်လား... ခင်ဗျား ရဲ့ လေသံ က တကယ့်ကို မောက်မာ လွန်းလှချည်လား..."

သို့သော် နောက်တစ်စက္ကန့် တွင်၊ စုယွီ ထံမှ တာအို အင်မော်တယ် စွမ်းအား တစ်စွန်းတစ်စ ဖြာထွက်လာသည်။ စုယွီ၏ အေးစက်စက် အကြည့် နှင့်အတူ ထိုစွမ်းအားများ သည် ကျင်းချုံး အပေါ်သို့ လေးလံစွာ ဖိချလိုက်တော့၏။

ဤ တာအို အင်မော်တယ် စွမ်းအား သည် တောင်တန်းကြီး တစ်ခု အလား လေးလံ သိပ်သည်းလွန်းလှပြီး... မျက်စိတစ်မှိတ် အတွင်းမှာပင် လောကကြီး တစ်ခုလုံး၏ ဆွဲငင်အား အဆမတန် မြင့်တက် သွားသည့် အလား ဖိအားများ အားလုံး သည် ကျင်းချုံး ၏ ခန္ဓာကိုယ် ပေါ်သို့ ပြုတ်ကျလာတော့သည်။

"ဒုတ်..."

အင်မော်တယ် ခန္ဓာ ကျင့်စဉ် စတုတ္ထအဆင့် ၏ တာအို အင်မော်တယ် အရှိန်အဝါ တစ်စွန်းတစ်စ လေးသည်ပင် ကျင်းချုံး ၏ ဒူးများကို ခွေယိုင် သွားစေရန် လုံလောက် နေခဲ့ပြီး... သူ့ကို မြေပြင်ပေါ်၌ ဒူးထောက် ကျသွားစေရန် တွန်းအားပေးလိုက်တော့၏။

အခန်း (၅၈၅) - ယွင်ရှောင် ဆေးလုံး စံအိမ် ၏ ထက်မြက်လှသော ဓားသွားများ (၂)

ကျင်းချုံး ၏ မျက်နှာမှာ မျက်စိတစ်မှိတ် အတွင်း ဖြူရော် သွားပြီး ကျောရိုး တစ်လျှောက် စိမ့်တက် သွားသည်။ ဤ အင်မော်တယ် အဆင့်၏ လွှမ်းမိုး ဖိနှိပ်မှု အောက်တွင် အလိုအလျောက် ပင် တုန်ယင် နေမိတော့၏။

စုယွီ အပေါ် ထားရှိသော သူ၏ အကြည့်များ ချက်ချင်း ပြောင်းလဲသွားပြီး သူ၏ ရင်တွင်းသို့ ကြောက်ရွံ့ ထိတ်လန့်မှုများ တိုးဝင် လာသည်။

ဒီလောက် ငယ်ရွယ်တာကို...

သူ က တကယ့်ကို မူလ ဝိဉာဉ်အဆင့် ရှိတဲ့ အရှင်သခင်ကြီး တစ်ပါး တဲ့လား။

သူ၏ ဘေးတွင် ရှိနေသော ဝမ်ပေါင် ကုန်သွယ်ရေး အသင်း ၏ ဆိုင်ရှင် သည်လည်း သူ၏ အမူအရာများ ပြောင်းလဲသွားပြီး စုယွီအား ကြည့်နေသော သူ၏ အကြည့်များမှာ ယခင်ကကဲ့သို့ ဖိနှိပ် လွှမ်းမိုးလိုသော၊ ရန်လိုသော အရိပ်အယောင်များ လုံးဝ မပါဝင်တော့ချေ။ သူ၏ မတ်မတ် ဆန့်တန်း ထားသော ကျောပြင်ကြီး မှာ ယခုအခါ အနည်းငယ် ကိုင်းညွတ် သွားပြီး သူ၏ ကိုယ်ဟန် အနေအထား မှာ ပို၍ ရိုသေ ကျိုးနွံသော အသွင် ရှိနေ၏။

သို့သော်ငြားလည်း စုယွီသည် သူ့ကို အနည်းငယ်မျှပင် အာရုံစိုက်ခြင်း မပြုခဲ့ချေ။

စုယွီသည် ကျင်းချုံး ကို ကြည့်ကာ ဂရုမစိုက်သော လေသံဖြင့် ပြောလိုက်သည်။

"ကျင့်ကြံခြင်း လောကကြီး က အရမ်းကို ကျယ်ပြန့်တယ်... မင်းရဲ့ ကျင်း မိသားစု က အဲဒီထဲက နည်းနည်းလေး ပိုကြီးတဲ့ ပုရွက်ဆိတ် တစ်ကောင်လောက် ပဲ ရှိတာပါ... ရူးမိုက်မနေစမ်းပါနဲ့... မင်းတို့ မိသားစု လုံးဝ မလွန်ဆန်နိုင်တဲ့ တည်ရှိမှု မျိုးကို မင်း ရန်စမိနေတာ ဖြစ်နိုင်တယ်..."

"ငါ က အရင်က ဒုက္ခ မခံချင်လို့ လျစ်လျူရှု ထားခဲ့တာပါ... ဒါပေမဲ့ ကြည့်ရတာ မင်းရဲ့ ကျင်း မိသားစု က ကိုယ့်ကိုယ်ကိုယ် ဘာမှန်း သိပ်မသိကြဘူး ထင်တယ်..."

"ပြီးတော့ မင်း..."

ဤနေရာတွင် စုယွီ၏ အကြည့်များ သည် အန်းပေါ်ယီ ထံသို့ ရွှေ့လျား သွားသည်။ သူ၏ မျက်နှာမှာ ပိုမို တင်းမာ လေးနက်လာပြီး အင်မော်တယ် ခန္ဓာ ကျင့်စဉ် ၏ လေးလံ သိပ်သည်းလှသော အရှိန်အဝါ တစ်ခုသည် အန်းပေါ်ယီ အပေါ်သို့ ဖိချလိုက်တော့၏။

မျက်စိတစ်မှိတ် အတွင်းမှာပင် အန်းပေါ်ယီ ၏ နဖူးမှ ချွေးအေးများ စီးကျလာပြီး သူ၏ မျက်နှာမှာ အနည်းငယ် ဖြူရော် သွားသည်။

သို့သော်ငြားလည်း သူသည် စုယွီကို တည့်တည့် ရင်ဆိုင်နေဆဲ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူသည် ဝမ်ပေါင် ကုန်သွယ်ရေး အသင်း ၏ အဖွဲ့ဝင် တစ်ဦး ဖြစ်ပြီး ကျင်း မိသားစု ကဲ့သို့ သေးငယ်သော မိသားစု သို့မဟုတ် အင်အားစု တစ်ခုမှ လာခြင်း မဟုတ်သောကြောင့် ပင်တည်း။

စုယွီသည် သူ့ကို အမှန်တကယ် လက်ရောက် ခြေရောက် လုပ်ရဲမည်ဟု သူ လုံးဝ မယုံကြည်ချေ။

အင်မော်တယ် နယ်ပယ်၏ လွှမ်းမိုး ဖိနှိပ်မှု အောက်တွင် အန်းပေါ်ယီ သည် လေကို ပြင်းပြင်း နှစ်ချက် သုံးချက်ခန့် ရှူသွင်းလိုက်ပြီး သူ၏ ပျာယာခတ် နေသော စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။ ထို့နောက် စုယွီကို ကြည့်ကာ လေးနက် တည်ကြည်စွာ ပြောလိုက်၏။

"အရှင်သခင် က ကျွန်တော်တို့ကို ဒီကို ခေါ်လိုက်တာ... ကြည့်ရတာ ဆွေးနွေး တိုင်ပင်ဖို့ အတွက်တော့ မဟုတ်ဘူး ထင်တယ်..."

စုယွီ ခပ်ဟဟ ပြုံးလိုက်သော်လည်း သူ၏ လေသံမှာ အေးစက်နေဆဲပင်။

"အဖြေ သိပ်ကောင်းတယ်... ဒါပေမဲ့ ဆုတော့ မရှိဘူး..."

"ဝမ်ပေါင် ကုန်သွယ်ရေး အသင်း ဟုတ်လား... နောက်ခံ အင်အား မရှိဘဲ မှောင်ခိုဈေး မှာ ရှင်သန် နိုင်မှာ မဟုတ်ဘူး ဟုတ်လား..."

"ငါ မင်းကို အဖြေ မပေးရသေးဘူး နော်... မင်းရဲ့ ဝမ်ပေါင် ကုန်သွယ်ရေး အသင်း က သိပ်ပြီး အနိုင်ကျင့် လွန်းတယ် လို့များ ငါက အပြစ်တင် သင့်သလား..."

"မင်းရဲ့ ဝမ်ပေါင် ကုန်သွယ်ရေး အသင်း နောက်ကွယ်က မူလ ဝိဉာဉ်အဆင့် အထွတ်အထိပ် ကို ရောက်နေတဲ့ အရှင်သခင် ဆိုတဲ့ တစ်ယောက် ကြောင့်များ... မင်းတို့က တာ့ချန် ကျင့်ကြံခြင်း လောကကြီး တစ်ခုလုံးကို လွှမ်းမိုး ချုပ်ကိုင် နိုင်ပြီး ကျင့်ကြံသူတွေ အားလုံးကို ဒူးထောက် အညံ့ခံခိုင်း နိုင်မယ်လို့ ထင်နေတာလား..."

"မင်း မသိဘူးလား... တချို့ လူတွေရဲ့ မျက်လုံးထဲမှာ၊ ပြီးတော့ တချို့ အင်အားစု တွေရဲ့ မျက်လုံးထဲမှာ... မင်းရော၊ ဝမ်ပေါင် ကုန်သွယ်ရေး အသင်း ပါ... လုံးဝ ဂရုစိုက် စရာတောင် မလိုတဲ့ အရာတွေ ဆိုတာကို လေ..."

"ကိုယ့်ကိုယ်ကိုယ် သိပ်ပြီး အထင်မကြီးစမ်းပါနဲ့... မဟုတ်ရင် မင်းကိုယ်မင်းပဲ ပြန်ပြီး ဒုက္ခပေးသလို ဖြစ်သွားလိမ့်မယ်..."

အန်းပေါ်ယီ ၏ မျက်လုံးအိမ်များ ကျုံ့ဝင်သွားပြီး စုယွီကို အံ့အားသင့် ထိတ်လန့်စွာဖြင့် စိုက်ကြည့် နေမိသည်။

အဲဒါ က ဘာအဓိပ္ပာယ် လဲ...။

ဒီလူ က... ငါ့ရဲ့ ဝမ်ပေါင် ကုန်သွယ်ရေး အသင်း ကို လုံးဝ ဂရုမစိုက်ဘူး တဲ့လား။

အလိုအလျောက် ပင် သူသည် စုယွီကို ပြန်လည် ချေပလိုစိတ် ပေါ်လာခဲ့၏။ သို့သော် စကားလုံးများ ပါးစပ်မှ ထွက်လုနီးပါး ဖြစ်နေချိန်တွင် အန်းပေါ်ယီ သည် ထိုချေပချက် များကို ပြန်မျိုချလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဝမ်ပေါင် ကုန်သွယ်ရေး အသင်း မှ အမြုတေ ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်သာ ရှိသေးသော ဆိုင်ရှင်လေး တစ်ဦးသာ ဖြစ်သောကြောင့် ပင်တည်း။

ဘယ်လိုမှ မနိုင်နိုင်မယ့် အတူတူ ဤကိစ္စ အတွက် သူ၏ အရှေ့မှ အရှင်သခင် ကို စော်ကား ရန်စမိရန် မလိုအပ်ချေ။

ထို့အပြင် ယွင်ရှောင် ဆေးလုံး စံအိမ် ကို သိမ်းပိုက်ရန် ဆုံးဖြတ်ချက် မှာ ကုန်သွယ်ရေး အသင်း ၏ အထက်လူကြီးများ မှ အမိန့်ပေးခဲ့ခြင်းသာ ဖြစ်၏။

သူ ပြန်ရောက်သွားလျှင် ဤအကြောင်းကို သူတို့ထံ သတင်းပို့လိုက်ရုံ သာ ဖြစ်၏။

ယခု ကိစ္စမှာ သူ၏ ထိန်းချုပ်မှု ထက် ကျော်လွန်နေပြီ ဖြစ်၏။

“ဝီ…”

ထိုအချိန်တွင် အခင်းအကျင်း တစ်ခု အသက်ဝင် လာခဲ့ပြီး စတုတ္ထအဆင့် အကောင်းဆုံး အရည်အသွေးရှိ သတ်ဖြတ်ခြင်း အခင်းအကျင်း တစ်ခု စတင် လည်ပတ် လာတော့၏။ ထက်ရှသော အရှိန်အဝါများ သည် အန်းပေါ်ယီ နှင့် ကျင်းချုံး တို့၏ ခန္ဓာကိုယ် ပေါ်သို့ ကျရောက် လာသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူတို့ နှစ်ဦးစလုံး သည် သေမင်း နှင့် ရင်ဆိုင်ရတော့မည့် အလား မျှော်လင့်ချက် မဲ့မှုကို ပြင်းပြင်းထန်ထန် ခံစားလိုက်ကြရသည်။

ကျင်းချုံး နှင့် အန်းပေါ်ယီ တို့၏ မျက်လုံးများမှာ ပြူးကျယ် သွားပြီး မြေပြင်ပေါ်သို့ ပြိုလဲ ကျသွားကာ ကျယ်လောင်စွာ အော်ဟစ် တောင်းပန် ကြတော့၏။

"ကျွန်တော်တို့ကို ချမ်းသာပေးပါ အရှင်သခင်... ကျေးဇူးပြုပြီး ချမ်းသာပေးပါ..."

အခင်းအကျင်း သည် လျင်မြန်စွာ အသက်ဝင် လာသကဲ့သို့ မကြာမီမှာပင် ပြန်လည် ရုပ်သိမ်း သွားသည်။

စုယွီသည် ဖြည်းညင်းစွာ မတ်တပ် ထရပ်လိုက်ပြီး ကျင်းချုံး နှင့် အန်းပေါ်ယီ တို့ကို ငုံ့ကြည့်ကာ ပြောလိုက်၏။

"မှတ်ထား... တချို့ လူတွေ က မင်းတို့... ဒါမှမဟုတ် မင်းတို့ရဲ့ နောက်ကွယ်က လူတွေ နဲ့ အင်အားစု တွေ လုံးဝ ရန်မစ သင့်တဲ့ သူတွေ ဆိုတာကို..."

"ထွက်သွားတော့..."

ကျင်းချုံး နှင့် အန်းပေါ်ယီ တို့သည် ယွင်ရှောင် ဆေးလုံး စံအိမ် မှ အလုအယက် ထွက်ပြေး ကြရင်း ကျေးဇူးတင် စကား ဆိုလိုက်ကြသည်။

"အသက်ချမ်းသာ ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် အရှင်သခင်..."

သူတို့ ပင်မ လမ်းမကြီး ပေါ်သို့ လွတ်မြောက် သွားသည့် အချိန်ကျမှသာ သူတို့၏ အပြေးကို ရပ်တန့် လိုက်ကြတော့၏။

သို့သော် ထိုအချိန်တိုလေး အတွင်းမှာပင် သူတို့၏ ကျောပြင်များ သည် ချွေးအေးများဖြင့် ရွှဲနစ် နေခဲ့ပြီ ဖြစ်ကာ သူတို့၏ မျက်နှာများမှာ သွေးဆုတ် ဖြူရော် နေဆဲ ဖြစ်ပြီး သူတို့၏ မျက်ဝန်းများ ထဲတွင် ကြောက်ရွံ့မှု၊ တုန်လှုပ်မှု နှင့် ထိတ်လန့်မှု တို့ အပြည့်အဝ ပါဝင်နေဆဲ ပင်။

အချိန် အတန်ကြာ မှသာ ကျင်းချုံး နှင့် အန်းပေါ်ယီ တို့သည် မကြာမီက ကြုံတွေ့ခဲ့ရသော အတွေ့အကြုံ မှ တဖြည်းဖြည်း ပြန်လည် သက်သာလာကြသည်။

ကျင်းချုံး သည် အန်းပေါ်ယီ ကို လှမ်းကြည့်လိုက်၏။ မှောင်ခိုဈေး တွင် နှစ်ပေါင်းများစွာ ကျင်လည် ခဲ့သူ ဖြစ်သောကြောင့် ဝမ်ပေါင် ကုန်သွယ်ရေး အသင်း ၏ ဆိုင်ရှင် အန်းပေါ်ယီ ကို သဘာဝကျစွာပင် သူ မှတ်မိသည်။ ထို့ကြောင့် သူက တုန်ယင်နေသော အသံဖြင့် မေးမြန်းလိုက်၏။

"မန်... တာဝန်ခံ အန်း... စောစောက အခင်းအကျင်း က ဘယ်အဆင့် အခင်းအကျင်း လဲ... ဟူး... အဲဒီနေရာမှာတင် ကျွန်တော် သေပြီ လို့ တကယ် ထင်လိုက်တာ..."

အန်းပေါ်ယီ သည် အသိပညာ ဗဟုသုတ အနည်းငယ် ကြွယ်ဝသူ ဖြစ်သောကြောင့် သူ၏ ပျာယာခတ် နေသော စိတ်ကို လျင်မြန်စွာ တည်ငြိမ်အောင် ထိန်းချုပ် နိုင်ခဲ့ပြီး ကျင်းချုံး ထက် ပိုမို ကောင်းမွန်သော အခြေအနေ တွင် ရှိနေ၏။

သူသည် လေကို ပြင်းပြင်း နှစ်ချက် သုံးချက်ခန့် ရှူသွင်းလိုက်ပြီး တိုးညင်း ထိတ်လန့်သော လေသံဖြင့် ပြောလိုက်၏။

"စတုတ္ထအဆင့် အဆင့်မြင့် သတ်ဖြတ်ခြင်း အခင်းအကျင်း ပဲ..."

"အဲဒီအပြင်... အဲဒါ က အကောင်းဆုံး အရည်အသွေးရှိတဲ့ စတုတ္ထအဆင့် သတ်ဖြတ်ခြင်း အခင်းအကျင်း ဖြစ်ရမယ်..."

"ဒီလို အခင်းအကျင်း မျိုးကို သေးငယ်တဲ့ ဆေးလုံး စံအိမ်လေး အတွင်းမှာ ခင်းကျင်း ထားတယ် တဲ့လား... ဟူး..."

အေးစက်စက် လေကို တစ်ချက် ရှူသွင်းလိုက်ပြီးနောက် အန်းပေါ်ယီ သည် မနေနိုင် မထိုင်နိုင် ကျိန်ဆဲ လိုက်မိတော့၏။

"ကျစ်... မှောင်ခိုဈေး ထဲမှာ ဒီလို အခင်းအကျင်း မျိုးကို ခင်းကျင်း ထားတယ် ဆိုတော့... သူ က ဘယ်သူ့ကို သတ်ဖို့ ရည်ရွယ် ထားတာလဲ..."

ကျင်းချုံး သည် ထိုစကားကို ကြားသောအခါ အပြည့်အဝ သဘောတူ ထောက်ခံလိုက်သည်။

အမှန်တရား ပင် မဟုတ်ပါလော။

မှောင်ခိုဈေး အတွင်း၌ လူသိရှင်ကြား တိုက်ခိုက်ရဲသူ များစွာ မရှိချေ။ ဘာပဲပြောပြော ဤနေရာသည် အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော် ၏ အကာအကွယ် အောက်တွင် ရှိနေသည် မဟုတ်ပါလော။ ယေဘုယျ အားဖြင့် ဆိုရလျှင် စတုတ္ထအဆင့် အဆင့်နိမ့် အခင်းအကျင်း အနည်းငယ် ရှိရုံဖြင့် အခြေအနေ အားလုံးကို ရင်ဆိုင် ဖြေရှင်းရန် လုံလောက် နေပေပြီ။

သို့သော် ထို ယွင်ရှောင် ဆေးလုံး စံအိမ် လေးက စတုတ္ထအဆင့် အကောင်းဆုံး အရည်အသွေးရှိ သတ်ဖြတ်ခြင်း အခင်းအကျင်း ကို ခင်းကျင်း ထားသည် တဲ့လား။

ဒါက လုံးဝကို ကျိုးကြောင်း ဆီလျော်မှု မရှိသော ကိစ္စပင်။

'စတုတ္ထအဆင့် အကောင်းဆုံး အရည်အသွေးရှိ သတ်ဖြတ်ခြင်း အခင်းအကျင်း...'

ကျင်းချုံး တစ်ယောက် အကြီးအကျယ် ထိတ်လန့် ပျာယာခတ် သွားရ၏။

ကျင်း မိသားစု အနေဖြင့် ဒီလို အဆင့်မြင့် အခင်းအကျင်း ကို ခင်းကျင်း နိုင်စွမ်း ရှိတဲ့ သူတစ်ယောက် ကို ရန်စ ဖို့ တတ်နိုင်ပါ့မလား။

လွန်ခဲ့တဲ့ နှစ်တွေ တစ်လျှောက်လုံး... ယွင်ရှောင် ဆေးလုံး စံအိမ် ကို နှိမ်နင်း ပြီး ကျင်း မိသားစု အတွက် အလုပ် အကျွေး ပြုခိုင်းဖို့ အတွက် သူ အမြဲတမ်း မိုက်မဲစွာ စဉ်းစား တွေးတော နေခဲ့မိတာ ပါလား။

ဒါက ကိုယ့်သေတွင်း ကိုယ်တူး တဲ့ လုပ်ရပ် မဟုတ်ဘူးလား။

ဒီလုပ်ရပ် က ကျင်း မိသားစု တစ်ခုလုံးကို မျိုးဖြုတ် သုတ်သင် ပစ်နိုင်တဲ့ ဘေးဒုက္ခ ကြီး တစ်ခုကို တောင် ဖိတ်ခေါ် လာနိုင်ချေ ရှိတယ်။

"တာဝန်ခံ အန်း... ကျွန်တော် အရင် ခွင့်ပြုပါဦး..."

ကျင်းချုံး ကပျာကယာ ထွက်ခွာသွားလေတော့သည်။ ဤကိစ္စကို မည်သို့ ကိုင်တွယ် ဖြေရှင်းမည်ကို သူတို့ ဆုံးဖြတ် နိုင်ရန် သူ အိမ်သို့ အမြန် ပြန်သွားပြီး သူ၏ မိသားစု ထံ သတင်းပို့ ရမည် ဖြစ်၏။

ကျင်း မိသားစု နှင့် ယွင်ရှောင် ဆေးလုံး စံအိမ် အကြားရှိ ပြဿနာ ကို တစ်နည်းနည်းဖြင့် ပြေလည်အောင် ဖြေရှင်းရမည်သာ။

တောင်းပန် ရမည်မှာကား ရှောင်လွှဲ၍ မရသော ကိစ္စပင်။ တစ်ခုတည်းသော မေးခွန်းမှာ ယွင်ရှောင် ဆေးလုံး စံအိမ် မှ ထိုပုဂ္ဂိုလ် က သူတို့၏ တောင်းပန်မှုကို လက်ခံမည်လား ဆိုသည်ပင်။

အန်းပေါ်ယီ သည် သူ့ကို တားဆီးရန် မကြိုးပမ်းခဲ့ချေ။ ကျင်းချုံး ကဲ့သို့သော အရေးမပါသည့် ဇာတ်ကောင် များဖြင့် သူ အချိန် မကုန်လိုပေ။ ဆန့်ကျင်ဘက် အနေဖြင့် ကျင်းချုံး ထွက်သွားပြီးနောက် သူ့ကို လာရောက် နှောင့်ယှက်မည့်သူ မရှိတော့သောအခါ အန်းပေါ်ယီ ၏ အတွေးများမှာ ပိုမို ရှင်းလင်း လာပြီး တည်ငြိမ် လာခဲ့သည်။

ဝမ်ပေါင် ကုန်သွယ်ရေး အသင်း ၏ ဆိုင်ရှင် တစ်ဦး အနေဖြင့် အန်းပေါ်ယီ သည် ထိုကဲ့သို့ 'တုန်လှုပ် ချောက်ချားမှု ကင်းမဲ့သော' စွမ်းရည်ကို ပိုင်ဆိုင် ထား၏။

အန်းပေါ်ယီ သည် ယွင်ရှောင် ဆေးလုံး စံအိမ် အတွင်း၌ စုယွီ ပြောဆိုခဲ့သော စကားများကို ပြန်လည် စဉ်းစား သုံးသပ် နေမိ၏။ သူ၏ မျက်လုံးအိမ်များ ကျုံ့ဝင် သွားသည်။ စုယွီ၏ လေသံ နှင့် စတုတ္ထအဆင့် အကောင်းဆုံး အရည်အသွေးရှိ သတ်ဖြတ်ခြင်း အခင်းအကျင်း ၏ ခြိမ်းခြောက်မှု တို့ ပေါင်းစပ်လိုက်သော အခါ စုယွီ၏ စကားများမှာ မှားယွင်း လိမ်ညာ နေခြင်း မဟုတ်ကြောင်းကို သူ နားလည် သဘောပေါက် သွားသည်။

"ယွင်ရှောင် ဆေးလုံး စံအိမ် နဲ့ သူ့နောက်ကွယ် က လူငယ်လေး တစ်ယောက်လို အသွင် ရှိတဲ့ အရှင်သခင် က... လုံးဝ သာမန် မဟုတ်ဘူး..."

"ဖြစ်နိုင်တာက... သူတို့ က ငါ့ရဲ့ ဝမ်ပေါင် ကုန်သွယ်ရေး အသင်း လုံးဝ ရန်မစ သင့်တဲ့ လူတွေ ၊ အင်အားစု တွေများ ဖြစ်နေမလား..."

“ဟူး…”

ဤ ရုတ်တရက် သဘောပေါက် နားလည်သွားမှု ကြောင့် သူ အကြီးအကျယ် ခေါင်းကိုက် သွားရသည်။

ထိုကဲ့သို့သော တည်ရှိမှု မျိုးကို ရန်စမိခြင်း က သူ၏ ဝမ်ပေါင် ကုန်သွယ်ရေး အသင်း ထံသို့ ပြဿနာ များစွာ ဆောင်ကြဉ်း လာနိုင်၏။

"ငါ ချက်ချင်း သတင်း ပြန်ပို့ ရမယ်... ဒီ ပဋိပက္ခ ကို အမြန်ဆုံး ဖြေရှင်း ရမယ်..."

အန်းပေါ်ယီ သည် သူ၏ ခြေလှမ်းများကို ခပ်သွက်သွက် လှမ်းကာ ဝမ်ပေါင် ကုန်သွယ်ရေး အသင်း သို့ အထက် လူကြီးများအား အသိပေး အကြောင်းကြားရန် အမြန် ပြန်သွားတော့သည်။

အခြား တစ်နေရာ တွင်၊ ယွင်ရှောင် ဆေးလုံး စံအိမ်ဝယ်မူ၊

စုယွီသည် လင်းချင်းရှား၊ လင်းပင်း နှင့် ယန်ယွီမင် တို့ နှင့်အတူ နောက်ဖေး ခြံဝင်း အတွင်းရှိ ကျောက်စားပွဲ သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

ဝမ်းသာ ပီတိ ဖြစ်နေသော မျက်နှာများ၊ ရိုသေ လေးစား အထင်ကြီးမှု အပြည့် ရှိနေသော မျက်ဝန်းများ ဖြင့် သူ့ကို ကြည့်နေကြသည့် အမျိုးသမီး သုံးဦးကို ကြည့်ကာ သူက ရယ်လိုက်စ။

"ဘယ်လိုလဲ... မင်းတို့ လွန်ခဲ့တဲ့ နှစ်တွေ တစ်လျှောက်လုံး ခံစား နေရတဲ့ မကျေနပ်ချက် တွေ ပျောက်သွားပြီလား..."

ထိုအခါ လင်းပင်း သည် ဆောင်းဦး ရေပြင် အလား တောက်ပနေသော မျက်လုံးများ ဖြင့် စုယွီကို အလွန်အမင်း အားကျ လေးစားစွာ ကြည့်ကာ ပြန်ပြောလိုက်သည်။

"ဆရာသခင်... စောစောက သခင် အရမ်းကို ခန့်ညားလွန်းတယ် ... ဟိုနှစ်ယောက် ကို ကြည့်လိုက်ပါဦး... အရင်က အရမ်း မောက်မာ နေခဲ့ကြတာလေ... အခုတော့ ဘယ်လို ဖြစ်သွားပြီလဲ... သူတို့ အရမ်း ကြောက်လန့် သွားကြပြီး သခင့် ရှေ့မှာ ဒူးထောက် တောင်းပန် ခဲ့ကြရတာပဲ..."

"သူတို့ ဆေးလုံး စံအိမ် မှာ ဆက်ပြီး မောက်မာ ရဲသေးလား ကြည့်ကြသေးတာပေါ့... ဟွန်း..."

ယန်ယွီမင် ၏ မျက်နှာလေး မှာ အနည်းငယ် နီမြန်း နေပြီး စုယွီကို ကြည့်ကာ တိုးညင်းစွာ ပြောလိုက်၏။

"ကျွန်မ သိသားပဲ... ဆရာသခင် က ဘာမဆို လုပ်နိုင်တယ် ဆိုတာကို..."

လင်းချင်းရှား ကမူ အစ်မကြီး တစ်ဦး အနေဖြင့် လင်းပင်း နှင့် ယန်ယွီမင် တို့၏ စိတ်လှုပ်ရှား နေသော မျက်နှာလေး များကို ကြည့်ကာ အပြုံးဖြင့် ခေါင်းခါယမ်း လိုက်သည်။ သူမကတော့ သူတို့ နှင့် နှိုင်းယှဉ်လျှင် အတော်လေး တည်ငြိမ် အေးဆေး နေခဲ့၏။

သူမက စုယွီကို ကြည့်လိုက်ပြီး ပြောလိုက်သည်။

"ဆရာသခင် ရဲ့ ဒီတစ်ကြိမ် သတိပေးမှု ကြောင့်... ဆေးလုံး စံအိမ် ဟာ မှောင်ခိုဈေး ထဲမှာ အခိုင်အမာ ခြေကုပ် ရယူနိုင်တော့မယ် ထင်ပါတယ် .."

ယခင်က စိုးရိမ် ပူပန် နေခဲ့ရသမျှ အရာအားလုံး တစ်မုဟုတ်ချင်း ပျောက်ကွယ် သွားသောကြောင့် လင်းချင်းရှား သက်ပြင်း တစ်ချက် ချလိုက်သည်။

အကယ်၍ ဝမ်ပေါင် ကုန်သွယ်ရေး အသင်း ၏ ဆိုင်ရှင် ပင်လျှင် ဆရာသခင် ၏ နှိမ်နင်းမှုကို ခံလိုက်ရသည် ဆိုလျှင်... အနာဂတ်တွင် မှောင်ခိုဈေး အတွင်း၌ သူတို့ကို မည်သူကများ ခြိမ်းခြောက် ရဲတော့မည်နည်း။

ထိုအကြောင်းကို တွေးမိသောအခါ လင်းချင်းရှား ၏ ရင်တွင်း၌ စိတ်လှုပ်ရှား ပျော်ရွှင်သွားရသည်။

ခြိမ်းခြောက်မှု များ၊ ပြဿနာများ မရှိတော့သော အခါ သူမတို့သည် ဆရာသခင် နှင့်အတူ မှောင်ခိုဈေး အတွင်းရှိ ဆေးလုံး စံအိမ် ကို အေးချမ်းစွာ စီမံ အုပ်ချုပ် နိုင်တော့မည် ဖြစ်၏။ ထိုကဲ့သို့သော နေ့ရက်များကို မျှော်လင့်ရင်း လင်းချင်းရှား ၏ ရင်တွင်း၌ မျှော်လင့်ချက်များ အပြည့်အဝ ဖြစ်တည် နေတော့သည်။

စုယွီသည် ထိုအကြောင်းကို အများကြီး ထပ်မံ စဉ်းစား မနေတော့ချေ။ ကျင်းချုံး နှင့် အန်းပေါ်ယီ တို့ကို သတိပေးမှု တစ်ခု ပြုလုပ်ပြီးနောက်... သူသည် သူ၏ နေ့စဉ် ဘဝ ဖြစ်သော ကျင့်ကြံခြင်း၊ ဆေးဖော်စပ်ခြင်း နှင့် အဆောင်များ ဖန်တီးခြင်း တို့ကိုသာ ပြန်လည် အာရုံစိုက် လိုက်တော့သည်။ တစ်ခါတရံတွင် စတုတ္ထအဆင့် အဆင့်နိမ့် အရိပ်ဓား ရုပ်သေး ကို ဖန်တီး တည်ဆောက်ရန် သူ အချိန် အနည်းငယ် ပေးလေ့ ရှိ၏။

စတုတ္ထအဆင့် အကောင်းဆုံး အရည်အသွေးရှိ သတ်ဖြတ်ခြင်း အခင်းအကျင်း နှင့် ပတ်သက်၍မူ... ကျင်း မိသားစု သို့မဟုတ် ဝမ်ပေါင် ကုန်သွယ်ရေး အသင်း သည် လက်စားချေရန် ကြံစည် နေမည်လား မသေချာ သောကြောင့် ၎င်းကို အသင့် အနေအထား တွင်သာ ဆက်လက် ထားရှိခဲ့သည်။

All Chapters