အခန်း (၅၇၇-၅၇၉)
Vol. 39 Ch. 577-579
အခန်း (၅၇၇) - ရိတ်သိမ်းမှု (၂)
"ဟင်..."
ကျန်းမန်ယောင် တစ်ယောက် မှင်သက်သွားပြီး ဘာပြောရမှန်းမသိအောင် ဖြစ်သွားရသည်။ သူမ၏ တွေးတောနိုင်စွမ်းများပင် ရပ်တန့်သွားသကဲ့သို့ ဖြစ်သွား၏။
သူတို့ ဤအပျက်အစီး နယ်မြေ အတွင်းသို့ ဝင်ရောက်လာခဲ့ခြင်းမှာ ကံကြမ္မာ အခွင့်အရေး များကို ရှာဖွေရန် မဟုတ်ပါလော။
ဤမြေအောက် နက်ရှိုင်းသော နေရာတွင် ဘာများ ပုန်းကွယ် နေနိုင်မည်နည်း။
စုယွီ နှင့် အခြားသူများ သည် မြေပြင်ပေါ်တွင် ဝင်ထိုင်လိုက်ကြပြီး... စုယွီ အနေဖြင့် အဘယ်ကြောင့် ကံကြမ္မာ အခွင့်အရေးများ ရှာဖွေရန် အပြင်မထွက်ဘဲ ဤကဲ့သို့ မြေအောက် ဂူစံအိမ် တစ်ခုကို တူးဖော် တည်ဆောက်ထားရသနည်း ဆိုသည့် အကြောင်းကို အလေးအနက် မထားကြတော့ချေ။
ထိုအစား... သူတို့သည် ဤတစ်ကြိမ် အင်မော်တယ် နန်းတော်တွင် ထွက်ပေါ်လာခဲ့သော ဝိညာဉ် ခန္ဓာကိုယ် တာအိုသားတော် အကြောင်းကိုသာ ဆွေးနွေး တိုင်ပင် နေကြသည်။
လော့ချန်ယွီ က စဉ်းစား တွေးတောရင်း ပြောလိုက်၏။
"သူ့ရဲ့ စွမ်းအား တွေက နည်းနည်း ထူးဆန်းတယ်... သူက မူလ ဝိဉာဉ်အဆင့် ရဲ့ တံခါးပေါက်ကို တောင် လှမ်းနေပြီလား လို့ ငါ.. ခံစားနေရတယ်..."
တာအိုဆရာမ ချင်းချွမ် သည် ထိုစကားကို အပြည့်အဝ ထောက်ခံသည့် အနေဖြင့် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
"အဲဒါ က တကယ့်ကို မူလ ဝိဉာဉ်အဆင့် ကနဦးအဆင့် အရှင်သခင် တစ်ပါးရဲ့ စွမ်းအား နဲ့ တူတယ်... အဲဒီအပြင် အင်မော်တယ် နန်းတော် ရဲ့ အင်မော်တယ် အခင်းအကျင်း စွမ်းအား တွေကပါ သူ့ဆီကို စုဆောင်း ရောက်ရှိနေတာလေ... ဒါကြောင့်မို့လို့ သူက ပါရမီရှင် တွေ အများကြီး ကို တစ်ပြိုင်နက်တည်း ယှဉ်ပြိုင် တိုက်ခိုက် နိုင်ခဲ့တာပဲ..."
ထိုအခါ.. တာအိုဆရာ ရှုဟိုင် ၏ မျက်ဝန်းများ ထဲတွင် စိုးရိမ် ပူပန်မှု အရိပ်အယောင် အချို့ ယှက်သန်း သွားပြီး... တိုးညင်းသော လေသံဖြင့် မေးမြန်းလိုက်သည်။
"မင်းတို့ ဘယ်လို ထင်လဲ... အမြုတေ ဖွဲ့စည်းခြင်း အဆင့်မှာ ရှိတဲ့ သူ့ရဲ့ တာအို အခြေခံ အုတ်မြစ် က ဘယ်လောက်တောင် အစွမ်းထက် နေမလဲ..."
ထိုစကားကို ကြားလိုက်ရသောအခါ လော့ချန်ယွီ နှင့် တာအိုဆရာမ ချင်းချွမ် တို့ နှစ်ဦးစလုံး တိတ်ဆိတ် သွားကြသည်။ သူတို့သည် ထိုအခြေအနေ မျိုးကို မျက်မြင် ကိုယ်တွေ့ မကြုံဖူးသလို... ထိုအဆင့် သို့လည်း မရောက်ရှိဖူးသေးသောကြောင့် ရှင်းလင်း ပြတ်သားသော အဖြေကို မပေးနိုင်ကြချေ။
ကျင့်ကြံခြင်း အဆင့် အနိမ့်ဆုံး ဖြစ်ကြသော ကျန်းမန်သဲ့ နှင့် ကျန်းမန်ယောင် ညီအစ်မ နှစ်ဦး မှာမူ... သဘာဝကျစွာပင် ဤကိစ္စ နှင့် ပတ်သက်၍ ဝင်ရောက် ဆွေးနွေးပိုင်ခွင့် မရှိကြချေ။
စုယွီ သည် ခေတ္တမျှ စဉ်းစား တွေးတော ပြီးနောက် ပြောလိုက်သည်။
"ကျွန်တော် တစ်ခါက ကောင်းကင် သိုင်းကျမ်း မျှော်စင် ရဲ့ ရှေးဟောင်း စာအုပ် တစ်အုပ် ထဲမှာ ဖတ်ဖူးတယ်... အမြုတေ ဖွဲ့စည်းခြင်း ကျင့်ကြံသူ တစ်ယောက် ဟာ သူတို့ရဲ့ တာအို အခြေခံ အုတ်မြစ် ကို အသွင်ပြောင်းလဲခြင်း သတ္တမအဆင့် ရွှေအမြုတေ အဖြစ်သို့ ရောက်ရှိအောင် သန့်စင် နိုင်ခဲ့မယ် ဆိုရင်... အသွင်ကူးပြောင်းမှု တစ်ခု ဖြစ်ပေါ်လာလိမ့်မယ် တဲ့..."
"သူတို့ ဟာ တာအို ရဲ့ စွမ်းအား တွေကို ထိန်းချုပ် အသုံးပြု လာနိုင်လိမ့်မယ်... အဲဒါ က မူလ ဝိဉာဉ်အဆင့် ရှိတဲ့ အရှင်သခင်ကြီး တစ်ပါး ရဲ့ တာအို စက်ကွင်း နဲ့ အတော်လေး ဆင်တူတယ်..."
"ဒါပေမဲ့... အမြုတေ ဖွဲ့စည်းခြင်း ကျင့်ကြံသူ ဟာ မူလ ဝိဉာဉ်အဆင့် က အရှင်သခင်ကြီး တစ်ပါး မဟုတ်သေးတာ ကြောင့်... ဒီ စွမ်းအား က တကယ့် အရှင်သခင် အစစ်အမှန် တစ်ပါး ထက်တော့ အနည်းငယ် အားနည်း နေသေးတယ်..."
"အသွင်ပြောင်းလဲခြင်း သတ္တမအဆင့် ရွှေအမြုတေ..."
ထိုစကားများ ထွက်ပေါ်လာသည် နှင့် တစ်ပြိုင်နက်... လော့ချန်ယွီ၊ တာအိုဆရာမ ချင်းချွမ်၊ တာအိုဆရာ ရှုဟိုင်၊ ကျန်းမန်သဲ့ နှင့် ကျန်းမန်ယောင် တို့၏ မျက်နှာ အမူအရာများမှာ သိသိသာသာ ပြောင်းလဲ သွားကြပြီး... သူတို့၏ မျက်နှာများ ပေါ်တွင် အံ့အားသင့် မှင်သက်မှုများ ပြည့်နှက် သွားကာ... စုယွီအား မယုံကြည်နိုင်စွာ ဖြင့် စိုက်ကြည့် နေကြလေတော့၏။
အချိန် အတန်ကြာအောင် တိတ်ဆိတ် သွားသည်။
ထိုအချိန် မှသာ တာအိုဆရာ ရှုဟိုင် သည် လေကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး... အံ့အားသင့် ထိတ်လန့်စွာ ဖြင့် ရေရွတ်လိုက်သည်။
"ဒါကြောင့် ကိုး... ဒါကြောင့်များ အင်မော်တယ် နန်းတော် က အဲဒီ တာအိုသားတော် ဟာ အမြုတေ ဖွဲ့စည်းခြင်း ပဉ္စမအဆင့် မှာပဲ ရှိနေသေးတာ တောင်မှ... ဒီလောက်တောင် ကြောက်မက်ဖွယ် ကောင်းတဲ့ စွမ်းအား တွေကို ပိုင်ဆိုင်ထားတာကိုး..."
"အသွင်ပြောင်းလဲခြင်း သတ္တမအဆင့် ရွှေအမြုတေ တဲ့လား... သူ က တကယ့်ကို ဘီလူး သတ္တဝါ တစ်ကောင်ပဲ..."
လော့ချန်ယွီ၊ တာအိုဆရာမ ချင်းချွမ် နှင့် ကျန်း ညီအစ်မ နှစ်ဦး တို့သည်လည်း သဘောတူ ထောက်ခံသည့် အနေဖြင့် ခေါင်းညိတ်လိုက်ကြ၏။ မှန်၏။ သူသည် တကယ့်ကို ဘီလူး သတ္တဝါ တစ်ကောင်ပင်။
စုယွီ "..."
ပြီးတော့... သူ က တကယ်ရော ဘီလူး သတ္တဝါ တစ်ကောင် ဟုတ်ရဲ့လား။ သူ ကတော့ သူကိုယ်သူ အတော်လေး သာမန် ဖြစ်တယ်လို့ ခံစားနေရသည်။
အချိန် အတန်ကြာ ဆွေးနွေး တိုင်ပင် ပြီးနောက် တာအိုဆရာ ရှုဟိုင် က ထပ်မံ မေးမြန်းလိုက်ပြန်၏။
"ဒီဖြစ်ရပ် ပြီးသွားရင် သူ နည်းနည်းလောက် ငြိမ်သက် သွားလိမ့်မယ် လို့ မင်းတို့ ထင်လား..."
လော့ချန်ယွီ သည် ခေတ္တမျှ စဉ်းစား တွေးတော ပြီးနောက် ပြန်ဖြေလိုက်သည်။
"ဖြစ်နိုင်ခြေ နည်းပါတယ်... ရှင် ပြောသလိုပဲ သူ က တိုက်ခိုက်ရေး ကျင့်ကြံသူ ရဲ့ လမ်းစဉ်ကို ရွေးချယ်ထားတာ ဆိုတော့... ဒီ အပျက်အစီး နယ်မြေ ကို စူးစမ်း လေ့လာခွင့် ရတာ က သူ့အတွက် တကယ့်ကို အခွင့်အရေးကောင်း တစ်ခုပဲ..."
"သူ့ကိုယ်သူ သွေးစမ်း လေ့ကျင့်ဖို့ အတွက်... တူညီတဲ့ အဆင့်မှာ ရှိတဲ့ ပါရမီရှင် တွေ အများကြီး ရှိနေတာလေ... အပျက်အစီး နယ်မြေ ပိတ်သွားပြီး နောက်တစ်ခါ ပြန်မဖွင့်မချင်း... ဒီလောက် ကောင်းတဲ့ လေ့ကျင့်ရေး အခွင့်အရေး မျိုး နောက်တစ်ခါ ရနိုင်တော့မှာ မဟုတ်ဘူး..."
တာအိုဆရာမ ချင်းချွမ် သည် မျက်မှောင် အနည်းငယ် ကြုံ့လိုက်ပြီး မေးလိုက်၏။
"ဒါဆို ကျွန်မတို့ အပြင်ထွက်ပြီး ကံကြမ္မာ အခွင့်အရေး တွေ သွားရှာကြမလား..."
ဖြေကြားခြင်း မပြုကြဘဲ လော့ချန်ယွီ နှင့် တာအိုဆရာ ရှုဟိုင် တို့ နှစ်ဦးစလုံး သည် စုယွီ ထံသို့ လှည့်ကြည့် လိုက်ကြသည်။ သူ တစ်ယောက်တည်းသာ ဤ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်စွမ်း ရှိသကဲ့သို့ပင်။
စုယွီ အနေဖြင့် သူသည် အမြုတေ ဖွဲ့စည်းခြင်း စတုတ္ထအဆင့် တွင်သာ ရှိသေးသော ကျင့်ကြံသူ အသေးအမွှားလေး တစ်ဦး မျှသာ ဖြစ်ကြောင်း တကယ်ကို ပြောချင်နေမိ၏။
သို့သော် သေချာ စဉ်းစား ပြီးနောက်... သူ၏ ကိုယ်ပိုင် လူများကို လှည့်စားနေရန် အကြောင်း မရှိဟု တွေးကာ ထိုစကားများကို ပြန်မျိုချလိုက်သည်။
"အဲဒီ တာအိုသားတော် က စိုးရိမ်စရာ မရှိပါဘူး..."
"ကျွန်တော် စိုးရိမ်နေတာ က... သူ့ရဲ့ အနောက်က အင်မော်တယ် နန်းတော် က အဘိုးကြီး တွေများ ထွက်လာကြမလား လို့ပါပဲ..."
စုယွီ က အနည်းငယ် စိုးရိမ် ပူပန်စွာဖြင့် စဉ်းစား နေမိသည်။
သေချာသည်ပေါ့။
သူ အနည်းငယ်သာ စိုးရိမ် ပူပန်နေခြင်း ဖြစ်၏။
‘တကယ်လို့ အခြေအနေ တွေကသာ ဆိုးရွားတဲ့ အနေအထား ကို ရောက်လာခဲ့မယ် ဆိုရင်... သူ က လော့ချန်ယွီ နဲ့ အခြားသူတွေကို ခေါ်ပြီး ဟင်းလင်းပြင် လွတ်မြောက်ခြင်းဟင်းလင်းပြင် ခွဲထွက်ခြင်း နည်းစနစ် ကို အသုံးပြုကာ ဒီ အပျက်အစီး နယ်မြေ ထဲကနေ လွတ်မြောက်အောင် ထွက်ပြေးမှာပဲ...
ဟင်းလင်းပြင် ကို သီးသန့် ပိတ်ဆို့ ချိတ်ပိတ်ထားခြင်း မျိုး မရှိဘူး ဆိုရင်... ထွက်ခွာသွားဖို့ ဆိုတာ ခက်ခဲတဲ့ ကိစ္စ မဟုတ်ပါဘူး…’
*
တစ်ဖွဲ့လုံးသည် ဂူစံအိမ် အတွင်း၌ ရက်အနည်းငယ်ကြာအောင် နေထိုင်ခဲ့ကြသည်။ ဤ ဂူစံအိမ် လျှို့ဝှက် နယ်မြေ အတွင်း၌ လောလောဆယ်တွင် လေပြေလေညင်းများ ငြိမ်သက် နေခဲ့၏။ အင်မော်တယ် နန်းတော်မှ ထို တာအိုသားတော် သည်လည်း သူ၏ ဒဏ်ရာများကို ကုသရန် သွားရောက်နေပုံ ရပြီး... လုံးဝ ပျောက်ကွယ် သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် အပျက်အစီး နယ်မြေ အတွင်းရှိ အခြား အင်အားစုများမှ ပါရမီရှင် များသည် လူဆယ်ဂဏန်းခန့် ရှိသော အဖွဲ့များ အဖြစ် စတင် စုစည်းလာကြသည်။
လော့ချန်ယွီ နှင့် တာအိုဆရာမ ချင်းချွမ် တို့ နှစ်ဦး ပူးပေါင်းကာ အင်မော်တယ် နန်းတော်မှ တာအိုသားတော် ကို အနိုင်ယူ တွန်းလှန်နိုင်ခဲ့ကြောင်း သတင်းမှာ ဤ ပါရမီရှင်များ အကြားတွင် ရေပန်းစားသွားခဲ့ပြီး... အတော်လေး ဂယက်ရိုက် သွားစေခဲ့၏။
သူမတို့ နှစ်ဦး၏ အလှတရားကို မြင်တွေ့ခဲ့ရသော ပါရမီရှင် များသည်လည်း... မရည်ရွယ်ဘဲ သူမတို့ကို နတ်မိမယ်လေးများ အဖြစ် ရှုမြင်လာကြပြီး... နှလုံးသားများ လှုပ်ရှားနေကြသည်။
ထို့အပြင် လော့ချန်ယွီ နှင့် တာအိုဆရာမ ချင်းချွမ် တို့က ကျန်း ညီအစ်မ နှစ်ဦးကို သူမတို့နှင့်အတူ ခေါ်ဆောင်သွားသည်ကို လူအများအပြား မြင်တွေ့ခဲ့ရသောကြောင့်... လော့ချန်ယွီ နှင့် တာအိုဆရာမ ချင်းချွမ် တို့မှာ မြေကမ္ဘာ အင်မော်တယ် နယ်မြေမှ ပါရမီရှင်များ ဖြစ်ကြောင်း ခန့်မှန်းရန် သိပ်မခက်ခဲလှချေ။
အင်မော်တယ် တစ်သောင်း နန်းတော်မှ အကြီးအကဲများ၏ အနှောင့်အယှက် ပေးခြင်း မရှိဘဲ ဂူစံအိမ် အတွင်း၌ သုံးရက်ကြာအောင် နေထိုင်ပြီးနောက်... စုယွီသည် လော့ချန်ယွီ နှင့် အခြားသူများ နှင့်အတူ ထပ်မံ ထွက်ပေါ်လာရန် ဆုံးဖြတ်လိုက်သည်။ သူတို့သည် အတူတကွ စုရုံးကာ... ဤ ရှေးဟောင်း အပျက်အစီး နယ်မြေ အတွင်းရှိ အခွင့်အရေး များကို စတင် ရှာဖွေ စူးစမ်းကြလေတော့၏။ စုယွီ၏ လမ်းညွှန် ပြသမှုများ ဖြင့်... ဝိညာဉ် ဆေးပင်များ၊ ဝိညာဉ် ဆေးဝါးများ နှင့် အခြားသော အခွင့်အရေး များကို သူတို့၏ ရှာဖွေမှုမှာ မျှော်လင့်ထားသည်ထက် များစွာ ပိုမို ချောမွေ့ နေခဲ့သည်။
ရက်အနည်းငယ် ကြာတိုင်း လိုလို... သူတို့သည် စတုတ္ထအဆင့် ဝိညာဉ် ဆေးပင် တစ်ပင် သို့မဟုတ် နှစ်ပင်ကို အမြဲတမ်း ရှာဖွေ တွေ့ရှိလေ့ ရှိကြ၏။
လဝက် ကုန်လွန်သွားပြီးနောက် အင်မော်တယ် တစ်သောင်း နန်းတော်မှ တာအိုသားတော် ၏ သတင်းများကို စုယွီ နောက်တစ်ကြိမ် ကြားသိလိုက်ရ ပြန်သည်။ ရွှေပုစဉ်း နတ်ဘုရား မျက်လုံး နည်းစနစ်ကို အသက်သွင်းလိုက်သည့်အခါ... ထို တာအိုသားတော် သည် အခြား အင်အားစုများမှ ပါရမီရှင် များကို စိန်ခေါ်ရန် သူ၏ နောက်လိုက်များကို ဆက်လက် ဦးဆောင်နေဆဲ ဖြစ်ကြောင်း စုယွီ မြင်တွေ့လိုက်ရ၏။
ကံကောင်းစွာပင် ဤ ပါရမီရှင် များသည် အဖွဲ့များ အဖြစ် ဖွဲ့စည်းထားပြီး ဖြစ်ကာ... အချို့ ဆိုလျှင် လူရာချီ ပါဝင်သော အဖွဲ့များ အဖြစ်ပင် စုဝေးနေကြလေပြီ။ အင်မော်တယ် တစ်သောင်း နန်းတော်မှ တာအိုသားတော် သည် လာရောက် ရန်စ စိန်ခေါ်သည့် တိုင်အောင်... ထိုတိုက်ပွဲမှ ဖြစ်ပေါ်လာသော ဆုံးရှုံးမှု များမှာ သိပ်ပြီး ကြီးမားလှခြင်း မရှိချေ။ ဒဏ်ရာ ရရှိမှုများ ရှိသော်ငြားလည်း သေဆုံးသူ အရေအတွက်မှာ အနည်းငယ်မျှသာ ဖြစ်၏။
အခြား အင်အားစုများ နှင့် ဖြစ်ပွားနေသော တာအိုသားတော် ၏ ပြဿနာများတွင် ဝင်ရောက် စွက်ဖက်ရန် စုယွီ အနေဖြင့် ပျင်းရိ နေခဲ့သည်။ ထို့အစား လော့ချန်ယွီ နှင့် အခြားသူများ နှင့်အတူ အပျက်အစီး နယ်မြေ အတွင်း၌ ဝိညာဉ် ဆေးပင်များကိုသာ ဆက်လက် တူးဖော် ရှာဖွေ နေခဲ့ပြီး... အကျိုးအမြတ် များစွာ ရိတ်သိမ်း နိုင်ခဲ့သည်။
*
အချိန်များ လျင်မြန်စွာ ကုန်လွန်သွားပြီး... မျက်စိတစ်မှိတ် အတွင်းမှာပင် တစ်နှစ်တာ ကာလ ပြည့်မြောက်သွားခဲ့လေပြီ။
ရှေးဟောင်း အပျက်အစီး နယ်မြေ ကို နောက်တစ်ကြိမ် ထပ်မံ ဖွင့်လှစ် ပေးလိုက်ပါသည်။
အခြား အင်အားစုများမှ ပါရမီရှင် များသည် အင်မော်တယ် တစ်သောင်း နန်းတော်မှ တာအိုသားတော် ကူရှောက်ခွန်း ကို ရင်ဆိုင် ဖြေရှင်း နေရခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ အရ အလွန်အမင်း ပင်ပန်း နွမ်းနယ် နေကြလေပြီ။ မှော်တိုက်ပွဲ တစ်ပွဲပြီး တစ်ပွဲ ပါဝင် ဆင်နွှဲ နေရသော်ငြားလည်း... ရှေးဟောင်း အပျက်အစီး နယ်မြေ ကို စူးစမ်း လေ့လာရန် အတွက် သူတို့ ထံတွင် ခွန်အား သို့မဟုတ် စိတ်ဝင်စားမှု များစွာ မကျန်ရှိတော့ချေ။ သို့သော်ငြားလည်း... တာအိုသားတော် နှင့် သူ၏ နောက်လိုက်များ ကို တိုက်ခိုက် ရခြင်းမှ တဆင့်.. အဖိုးတန်သော အသိအမြင် ဗဟုသုတ များကို ရရှိခဲ့ကြပြီး... ဤခရီးစဉ်ကို အချည်းနှီးတော့ မဖြစ်စေခဲ့ပေ။
ရှေးဟောင်း အပျက်အစီး နယ်မြေ ကို ပြန်လည် ဖွင့်လှစ်လိုက်သော အခါ... ပါရမီရှင် များသည် ကောင်းကင်ယံ သို့ လျင်မြန်စွာ ပျံတက်သွားကြပြီး... အပျက်အစီး နယ်မြေ အတွင်းမှ ထွက်ခွာ သွားကြလေတော့၏။
စုယွီ၊ လော့ချန်ယွီ နှင့် တာအိုဆရာမ ချင်းချွမ် အပါအဝင် အခြားသူများ သည်လည်း လူအုပ်ကြီး နှင့်အတူ ရောနှော၍ ထွက်ခွာ လာခဲ့ကြသည်။
သို့သော်ငြားလည်း... သူတို့ အပျက်အစီး နယ်မြေ အတွင်းမှ ထွက်လာသည် နှင့် တစ်ပြိုင်နက်... သူတို့၏ လမ်းကြောင်း ကို ပိတ်ဆို့ တားဆီးရန် ထွက်ပေါ်လာသော အင်မော်တယ် တစ်သောင်း နန်းတော်မှ တာအိုသားတော် ကို မြင်တွေ့လိုက်ကြရသည်။
လွန်ခဲ့သော တစ်နှစ်က အခြေအနေ နှင့် နှိုင်းယှဉ်လိုက်ပါက... ယခု ပြန်လည် မြင်တွေ့ရသည့်အခါ... တာအိုသားတော် သည် ပိုမို ရင့်ကျက် တည်ငြိမ်လာပြီး... သူ၏ အရှိန်အဝါ မှာလည်း ပိုမို အားကောင်း လာကြောင်းကို စုယွီ နှင့် အခြားသူများ ခံစား သိရှိလိုက်ကြရသည်။ သူသည် အမြုတေ ဖွဲ့စည်းခြင်း အဆင့် ခြောက် သို့ပင် ရောက်ရှိ နေခဲ့လေပြီ။
အလွန် သိသာ ထင်ရှားလှ၏။
လွန်ခဲ့သော တစ်နှစ် အတွင်း သူ ဖြတ်သန်း ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများ နှင့် တိုက်ပွဲများက သူ့ကို အကျိုးကျေးဇူး များစွာ ရရှိစေခဲ့ခြင်း ပင်တည်း။
သူတို့ကို ပိတ်ဆို့ တားဆီး နေသည်ကို မြင်လိုက်ရသောအခါ စုယွီ၊ လော့ချန်ယွီ နှင့် တာအိုဆရာမ ချင်းချွမ် တို့၏ မျက်ခုံးတန်းများ တွန့်ချိုးသွားကြသည်။
"တာအို မိတ်ဆွေ... ဒါ က ဘာသဘောလဲ..."
သူတို့ မေးမြန်းလိုက်ကြ၏။
ကူရှောက်ခွန်း သည် ခန့်ညား ချောမောသော မျက်နှာ အသွင်အပြင် ကို ပိုင်ဆိုင်ထားပြီး... တစ်နှစ်တာ အတွေ့အကြုံများ အပြီးတွင် ပိုမို တည်ငြိမ် ရင့်ကျက် လာခဲ့သည်။ သူ၏ ထက်ရှသော စရိုက်လက္ခဏာ များကို အနည်းငယ် ဖုံးကွယ်ထားနိုင်ခဲ့ပြီး... ယခင်ကလောက် မောက်မာ ရိုင်းစိုင်းခြင်း မရှိတော့ချေ။
လော့ချန်ယွီ နှင့် တာအိုဆရာမ ချင်းချွမ် တို့ကို ခေတ္တမျှ ကြည့်ရှုပြီးနောက် ကူရှောက်ခွန်း က ပြောလိုက်သည်။
"လွန်ခဲ့တဲ့ တစ်နှစ် တုန်းကသာ... အဲဒီ မန္တန် အဆောင် တွေ မရှိခဲ့ဘူး ဆိုရင်... မင်းတို့ နှစ်ယောက်စလုံး ငါ့ကို အနိုင်ရနိုင်ခဲ့မှာ မဟုတ်ဘူး..."
"ဒါပေမဲ့... အဲဒါ တွေ က အတိတ် က ကိစ္စတွေ ဖြစ်သွားပါပြီ..."
"မင်းတို့ က မြေကမ္ဘာ အင်မော်တယ် နယ်မြေ က မဟုတ်လား..."
"ငါ မှတ်ထားပါ့မယ်... နောက်ထပ် နှစ်အနည်းငယ် ကြာရင်... ငါ မြေကမ္ဘာ အင်မော်တယ် နယ်မြေ ကို လာလည်မယ်... အဲဒီ အချိန်ကျရင် မင်းတို့ အနေနဲ့ အဲဒီ မန္တန် အဆောင် တွေကို ထပ်ပြီး အသုံးပြုနိုင်ပါသေးတယ်..."
"ငါ့ကို နောက်တစ်ကြိမ် ထပ်ပြီး အနိုင်ယူနိုင်ဖို့ မျှော်လင့်ပါတယ်..."
ထိုသို့ ပြောဆိုပြီးနောက်... ကူရှောက်ခွန်း သည် သူ၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး လော့ချန်ယွီ နှင့် တာအိုဆရာမ ချင်းချွမ် တို့ထံသို့ ရှေးဟောင်း ကျောက်စိမ်း သေတ္တာ နှစ်လုံးကို ပစ်ပေးလိုက်သည်။
ထို့နောက် သူသည် နောက်သို့ တစ်ချက်လေးမျှ လှည့်မကြည့်တော့ဘဲ ချာခနဲ လှည့်ထွက်သွားလေတော့၏။
"ဆယ်နှစ် နေရင် မြေကမ္ဘာ အင်မော်တယ် နယ်မြေ ကို ငါ လာလည်မယ်... အဲဒီ အချိန်ကျရင် မင်းတို့ အသက်ရှင် ရက် ရှိနေတာကို မြင်တွေ့ရဖို့ မျှော်လင့်ပါတယ်..."
လော့ချန်ယွီ နှင့် တာအိုဆရာမ ချင်းချွမ် တို့သည် မျက်ခုံးတန်းများ တွန့်ချိုးလျက် ကျောက်စိမ်း သေတ္တာများကို ဖမ်းယူလိုက်ကြပြီး... စိတ်ထဲမှ တွေးတော နေမိကြသည်။
'ဒါ က ဘာ အဓိပ္ပာယ် လဲ...'
တာအိုသားတော် ထွက်ခွာသွားသည်ကို ကြည့်ရင်း စုယွီမှာ အတော်လေး စိတ်သက်သာရာ ရသွားပြီး... ကျောက်စိမ်း သေတ္တာများကို စိတ်ဝင်စား သွားသည်။ သူက အကြံပြု ပြောဆိုလိုက်၏။
"သူတို့ကို ဖွင့်ကြည့်ပြီး အထဲမှာ ဘာပါလဲ ဆိုတာ ကြည့်လိုက်ကြရအောင်လား..."
လော့ချန်ယွီ သည် သူမ၏ ကျောက်စိမ်း သေတ္တာကို စုယွီထံသို့ ပစ်ပေးလိုက်ပြီး... ဂရုမစိုက်သော လေသံဖြင့် ပြောလိုက်သည်။
"နင် ကြည့်လိုက်ပါ..."
စုယွီ ပခုံးတွန့်လိုက်ပြီး ကျောက်စိမ်း သေတ္တာကို ဖွင့်လိုက်သည်။ ဝိညာဉ် ဆေးဝါး၏ ပြင်းထန်လှသော ရနံ့များမှာ လေထုထဲသို့ ချက်ချင်း ပျံ့နှံ့ သွားတော့၏။
သေတ္တာ အတွင်း၌... ဖြူဖွေးသော ကျောက်စိမ်း တစ်တုံး နှင့် တူသည့် လက်သီးဆုပ်ခန့် အရွယ်အစား ရှိသော သစ်သီး တစ်လုံး ရှိနေ၏။
ထို သစ်သီးကို မြင်လိုက်ရသောအခါ စုယွီ၏ မျက်နှာ တုန်လှုပ်သွားပြီး... အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်မိသည်။
"ဒါ က မူလ ဝိညာဉ် ဆေးလုံး ကို ဖော်စပ်တဲ့ နေရာမှာ အသုံးပြုရတဲ့ အဓိက ကုန်ကြမ်းတွေ ထဲက တစ်ခု ဖြစ်တဲ့... စတုတ္ထအဆင့် ဝိညာဉ် သစ်သီး... မျက်နှာဖြူ ဆက်သွယ်ရေး သစ်သီး ပါလား..."
မူလ ဝိညာဉ် ဆေးလုံးကို ဖော်စပ်ရန် အတွက် အဓိက ကုန်ကြမ်း လေးမျိုး လိုအပ်သည်။ အဓိက အကျဆုံး ဖြစ်သော မူလ ဝိညာဉ် သစ်သီး အပြင်... ဤ မျက်နှာဖြူ ဆက်သွယ်ရေး သစ်သီး မှာလည်း အခြား အဓိက ကုန်ကြမ်း သုံးမျိုး အနက်မှ တစ်မျိုး အပါအဝင် ဖြစ်၏။
အင်မော်တယ် တစ်သောင်း နန်းတော်မှ တာအိုသားတော် သည် သည်လို အဓိက ကုန်ကြမ်း တစ်မျိုးကို ပေါ့ပေါ့ပါးပါး ပစ်ပေးသွားခဲ့သည် တဲ့လား။
လော့ချန်ယွီ၊ တာအိုဆရာမ ချင်းချွမ် နှင့် တာအိုဆရာ ရှုဟိုင် တို့ အားလုံးမှာ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသဖြင့် အလွန်အမင်း အံ့အားသင့် မှင်သက်သွားကြပြီး... နားမလည်နိုင်အောင် ဖြစ်နေကြသည်။
အင်မော်တယ် တစ်သောင်း နန်းတော်က ထို တာအိုသားတော် က ဘာတွေ လုပ်ဖို့ ကြိုးစားနေတာလဲ။
သူ ရူးနေတာလား။
ဒါမှမဟုတ်... သူ့မှာ တခြား လျှို့ဝှက် ရည်ရွယ်ချက်တွေ များ ရှိနေလို့လား။
ထိုစဉ်၊ တာအိုဆရာမ ချင်းချွမ် သည် သူမ၏ ကျောက်စိမ်း သေတ္တာကို စုယွီထံသို့ ကမ်းပေးလိုက်ပြီး ပြောလိုက်သည်။
"ဒီတစ်ခုကိုပါ ဖွင့်ကြည့်ပြီး အထဲမှာ ဘာပါလဲ ဆိုတာ ကြည့်လိုက်ပါလား စီနီယာအစ်ကို…”
အခန်း (၅၇၈) - ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ် အဆင့်ချိုးဖြတ်ခြင်းနှင့် နောက်ထပ် အသွင်ပြောင်းလဲမှုတစ်ရပ် (၁)
စုယွီသည် ကျန်ရှိနေသေးသော ရှေးဟောင်းကျောက်စိမ်းသေတ္တာကို ဖွင့်လှစ်လိုက်သည်။ ထိုသေတ္တာငယ်အတွင်း၌ စတုတ္ထအဆင့် ဝိညာဉ်ဆေးမြစ်ဆယ်ပင်ကျော်မျှ ကိန်းဝပ်လျက်ရှိ၏။ ထိုအရာများမှာ အပျက်အစီးနယ်မြေအတွင်းမှ ရရှိလာခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားလှ၏။ ထိုဆေးမြစ်များအနက် မူလဝိညာဉ်ဆေးလုံး ဖော်စပ်ရာတွင် အသုံးပြုနိုင်သည့် အရန်ဆေးမြစ်တစ်ပင်လည်း ပါဝင်နေ၏။
မူလအဓိကကုန်ကြမ်းဖြစ်သော မျက်နှာဖြူဝိညာဉ်သစ်သီးနှင့် ပေါင်းစပ်လိုက်မည်ဆိုပါက... အင်မော်တယ်နန်းတော်မှ တာအိုသားတော်သည် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်သိန်းနီးပါးခန့်ကို ပေါ့ပေါ့ပါးပါး ပေးအပ်သွားခဲ့ခြင်းပင်တကား။
တာအိုဆရာမ ချင်းချွမ်သည် ထိုဝိညာဉ်ဆေးမြစ်များကို ကြည့်ကာ မျက်ခုံးအနည်းငယ်ပင့်လိုက်သည်။
"ငါတို့ ဒါတွေကို ယူသင့်ရဲ့လား..."
စုယွီက ကျောက်စိမ်းသေတ္တာနှစ်လုံးကို သူတို့ထံ ပြန်လည်ကမ်းပေးလိုက်၏။
"ယူရမှာပေါ့... အလကားပေးတာကို ဘာလို့မယူဘဲ နေရမှာလဲ..."
သူသည် ခေတ္တမျှ စကားရပ်နားလိုက်သည်။
သူသည် လော့ချန်ယွီနှင့် တာအိုဆရာမ ချင်းချွမ်တို့ကို ကြည့်ကာ တိုးညင်းသောလေသံဖြင့် ဆိုလိုက်၏။
"ခင်ဗျားတို့ နှစ်ယောက်စလုံးရဲ့ ကျင့်ကြံခြင်းက အမြုတေဖွဲ့စည်းခြင်း နဝမအဆင့်ကို ရောက်နေပြီလေ... တကယ်လို့ မူလဝိညာဉ်ဆေးလုံး လိုချင်တယ်ဆိုရင် ကုန်ကြမ်းတွေကို စုပေါင်းဖို့ စဉ်းစားသင့်တယ်... အချိန်တန်ရင် ကျွန်တော့်ဆရာကို ခင်ဗျားတို့အတွက် မူလဝိညာဉ်ဆေးလုံး ဖော်စပ်ပေးဖို့ အကူအညီတောင်းပေးလို့ရတယ် ဗျ..."
သူ၏ဆရာဖြစ်သူ တာအိုဆရာ ထျန်းယွီသည် မြေကမ္ဘာအင်မော်တယ်နယ်မြေတွင် အစွမ်းအထက်ဆုံး ဆေးပညာရှင်တစ်ဦးဖြစ်ကြောင်း ယုံမှားဖွယ်မရှိပေ။ သူသည် စတုတ္ထအဆင့် အဆင့်မြင့်ဆေးပညာရှင်တစ်ဦး ဖြစ်၏။
အကယ်၍ သူမတို့နှစ်ဦးသား ကုန်ကြမ်းများကို စုပေါင်းနိုင်ခဲ့မည်ဆိုပါက တစ်ဦးချင်းစီ ဂိုဏ်းထည့်ဝင်မှုရမှတ်များ စုဆောင်း၍ မူလဝိညာဉ်ဆေးလုံးနှင့် လဲလှယ်ရခြင်းထက် များစွာသာလွန်ကောင်းမွန်မည်မှာ အသေအချာပင်။ ဒါက သာမန်အတွင်းအသိုင်းအဝိုင်းတပည့်များ မရရှိနိုင်သော အကျိုးကျေးဇူးများအနက်မှ တစ်ခုဟုပင် ဆိုနိုင်ပေ၏။
စုယွီကိုယ်တိုင်အတွက်မူကား... သူသည် ယခုအချိန်တွင် သာမန် စတုတ္ထအဆင့် အဆင့်နိမ့်ဆေးလုံးများကို ဖော်စပ်ရန် ကြိုးပမ်းနိုင်ပြီဖြစ်၏။ သို့သော် အရည်အသွေးမြင့်မားသော မူလဝိညာဉ်ဆေးလုံးကို အချိန်တိုအတွင်း ဖော်စပ်နိုင်ရန်မှာမူ လုံးဝမဖြစ်နိုင်သည့် ကိစ္စတစ်ရပ်ပင်။ ထို့ကြောင့် သူ၏ဆရာကို ဖော်စပ်ခိုင်းခြင်းကသာ အကောင်းဆုံးဖြစ်သည်။
မူလဝိညာဉ်ဆေးလုံးမှာ ဖော်စပ်ရန် အလွန်ခက်ခဲသည်ဆိုစေကာမူ စတုတ္ထအဆင့် အဆင့်မြင့်ဆေးပညာရှင်တစ်ဦး၏ လက်ထဲတွင်တော့ အကောင်းဆုံးအရည်အသွေးရှိသော မူလဝိညာဉ်ဆေးလုံး ထွက်ပေါ်လာနိုင်ချေ ရှိနေ၏။
လော့ချန်ယွီနှင့် တာအိုဆရာမ ချင်းချွမ်တို့မှာ ဤစကားကြောင့် ရင်တွင်း၌ လှုပ်ခတ်သွားရပြီး နှစ်ဦးစလုံး ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။ ဒါက တကယ့်ကို ကောင်းမွန်သောအကြံအစည်တစ်ခုပင်။ ၎င်းတို့နှစ်ဦးစလုံး မူလဝိညာဉ်ဆေးလုံး တစ်လုံးစီ ပြင်ဆင်ထားရန် လိုအပ်နေဆဲဖြစ်သည်။
မူလဝိညာဉ်နယ်ပယ်သို့ အဆင့်ချိုးဖြတ်ရန် ကြိုးပမ်းမည့်အချိန်ရောက်လာပါက... အောင်မြင်သွားလျှင်တော့ သဘာဝကျစွာပင် အကောင်းဆုံးဖြစ်၏။ အကယ်၍ တိုက်ရိုက်အဆင့်မတက်နိုင်ခဲ့လျှင်တောင်မှ လက်ထဲတွင် မူလဝိညာဉ်ဆေးလုံး ရှိနေခြင်းက မထင်မှတ်ထားသော အခြေအနေများကို ရင်ဆိုင်ဖြေရှင်းရာတွင် များစွာအထောက်အကူပြုနိုင်ပေလိမ့်မည်။
ရည်မှန်းချက်ကြီးမားသော အင်အားစုအချို့သည် လော့ချန်ယွီနှင့် တာအိုဆရာမ ချင်းချွမ်တို့အပေါ် အာရုံစိုက်နေကြပြီဖြစ်ကြောင်း စုယွီ သတိပြုမိလိုက်သဖြင့် ယာဉ်ပျံကို ချက်ချင်းဆင့်ခေါ်လိုက်သည်။
"သွားကြစို့..."
“ဝှစ်... ဝှစ်... ဝှစ်…”
လူခြောက်ဦးသား ယာဉ်ပျံအတွင်းသို့ ဝင်ရောက်ပုန်းအောင်းလိုက်ကြပြီး စုယွီက ယာဉ်ပျံကို ထိန်းချုပ်ကာ ရေပေါ်ဖူတုန်းမြို့တော်ဆီသို့ ဦးတည်ပျံသန်းသွားတော့သည်။
လဝက်ခန့် ကုန်လွန်သွားပြီးနောက်.. စုယွီသည် လော့ချန်ယွီတို့နှင့် လမ်းခွဲခဲ့ပြီး သူ၏အသွင်အပြင်ကို ပြောင်းလဲလိုက်သည်။
ထို့နောက် အရှင်သခင် ဆယ်ပါး အင်မော်တယ်မြို့တော်၏ မြေအောက်မှောင်ခိုဈေးသို့ အရိပ်နီအသွင်ဖြင့် ပြန်လည်ဝင်ရောက်လာခဲ့ကာ ယွင်ရှောင်ဆေးလုံး စံအိမ်ဆီသို့ ခြေလှမ်းကျဲကျဲဖြင့် ထွက်ခွာလာခဲ့၏။
သူ ပြန်ရောက်ရောက်ချင်းပင် လင်းချင်းရှား၊ လင်းပင်းနှင့် ယန်ယွီမင်တို့ သုံးဦးစလုံး ပြိုင်တူထွက်ပေါ်လာကြသည်။ စုယွီကို မြင်လိုက်ရသောအခါ သူတို့၏မျက်နှာများထက်တွင် ပျော်ရွှင်မှုအရောင်အဝါများ တောက်ပသွားကြသည်။
"သခင်... နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ..."
"ထိုင်ကြပါဦး..."
စုယွီက အမျိုးသမီးသုံးဦးအား ကျောက်စားပွဲတွင် ထိုင်စေလိုက်ပြီးနောက် မေးမြန်းလိုက်၏။
"ငါမရှိတဲ့အချိန် ဆေးလုံး စံအိမ်ရဲ့ အရောင်းအဝယ်အခြေအနေ ဘယ်လိုရှိလဲ..."
လင်းချင်းရှားက ချက်ချင်းပင် အစီရင်ခံလာပါသည်။
"သခင်... ကျွန်မ အခုပဲ ပြောပြမလို့ပါ... သခင်ချန်ထားခဲ့တဲ့ တတိယအဆင့် ဆေးလုံးတွေ အားလုံးနီးပါး ရောင်းကုန်သွားပြီမို့ ထပ်ဖြည့်ဖို့ လိုနေပါပြီ ရှင်... ဝင်ငွေအနေနဲ့ကတော့ ဒီနှစ်ထဲမှာ ဆေးလုံး စံအိမ်က အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်သိန်းခုနစ်သောင်းနီးပါး ရရှိခဲ့ပါတယ်... အသုံးစရိတ်က ငါးသောင်းနီးပါးရှိလို့ အမြတ်ငွေ တစ်သိန်းလေးသောင်း ကျန်ပါတယ် ရှင်..."
လင်းချင်းရှားသည် အသေးစိတ်အချက်အလက် တစ်ခုချင်းစီကို ရှင်းလင်းပြောပြရင်း စာရင်းစာအုပ်ကိုပါ ထုတ်ယူကာ စုယွီထံသို့ ကမ်းပေးလိုက်သည်။
စုယွီက လက်မြှောက်ကာ ဟန့်တားလိုက်ပြီး စာရင်းများကို စစ်ဆေးခြင်းမပြုချေ။
"ဆေးဖော်စပ်ဖို့ ကုန်ကြမ်းတွေကော ပြင်ဆင်ထားပြီးပြီလား..."
လင်းချင်းရှားက ဖြေကြားလိုက်၏။
"သခင့်ရဲ့ အမိန့်အတိုင်း အရှေ့ဘက်ဈေးကွက်က ဆေးပညာရှင်အသင်းတွေဆီကနေ ဝယ်ယူထားပါတယ် ရှင်... ဒီနှစ်ထဲမှာ အဲဒီအတွက် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး နှစ်သောင်းနီးပါး အကုန်အကျ ခံထားပါတယ်..."
"ကျင်း မိသားစုကကော... သူတို့ဆီက ဘာလှုပ်ရှားမှုတွေများ ရှိသေးလဲ..."
ထိုအခါ လင်းချင်းရှားက နှာခေါင်းလေးရှုံ့ကာ ပြန်ဖြေသည်။
"ကျွန်မတို့ အပြင်ထွက်ရင် နောက်ကနေ တကောက်ကောက် လိုက်ကြည့်နေကြတုန်းပါပဲ ရှင်... ဒါပေမဲ့ ကျွန်မတို့ မှောင်ခိုဈေးထဲကနေ အပြင်မထွက်တဲ့အတွက် သူတို့ ဘာမှ မလှုပ်ရှားရဲကြသေးပါဘူး..."
လင်းချင်းရှားထံမှ ယခုနှစ်အတွက် အမြတ်အစွန်း ဝိညာဉ်ကျောက်တုံးများကို လှမ်းယူလိုက်ပြီးနောက် စုယွီက မိန်းကလေးသုံးဦးအား မျက်ဝန်းများဖြင့် ငေးကြည့်ကာ ချီးကျူးလိုက်သည်။
"မင်းတို့ တော်တော်လေး လုပ်နိုင်ကြပါတယ်..."
ယန်ယွီမင်သည် စုယွီအား စူးစိုက်ကြည့်ကာ မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် သတိကြီးစွာ မေးမြန်းလိုက်၏။
"သခင်... ကျွန်မ အမြုတေဖွဲ့စည်းခြင်းနယ်ပယ်ရဲ့ အတားအဆီးကို ထိတွေ့ခံစားနေရပြီလို့ ထင်ပါတယ်... အဆင့်ချိုးဖြတ်ဖို့အတွက် စပြီး ပြင်ဆင်လို့ ရနိုင်မလား ရှင်..."
ထိုစကားကို ကြားလိုက်ရသောအခါ စုယွီ၏မျက်ဝန်းများမှာ တောက်ပသွားရသည်။ ယန်ယွီမင်၏ ယုံကြည်မှုအပြည့်ရှိသော အမူအရာကိုကြည့်ရင်း သူသည် မနေနိုင်မထိုင်နိုင် ပြုံးလိုက်မိပြီး ဆိုလိုက်၏။
"အရမ်းကောင်းတယ်..."
ထို့နောက် သူက စိတ်အာရုံဖြင့် အကောင်းဆုံးအရည်အသွေးရှိ ရွှေမူလဆေးလုံးတစ်လုံးကို ဆင့်ခေါ်လိုက်ပြီး ယန်ယွီမင်၏လက်ထဲသို့ လှမ်းပစ်ပေးလိုက်သည်။
"ဒီဆေးလုံးက မင်းအတွက်ပဲ... အခုကစပြီး မင်း အမြုတေဖွဲ့စည်းခြင်းနယ်ပယ်ကို အဆင့်ချိုးဖြတ်ဖို့အတွက် စိတ်အေးချမ်းသာစွာနဲ့ ပြင်ဆင်လို့ရပြီ... အရမ်းမလောနဲ့၊ စိတ်ကို မလှုပ်ရှားစေနဲ့... အချိန်ကျပြီလို့ ခံစားရတဲ့အခါကျမှ အတားအဆီးကို ချိုးဖျက်ဖို့ ကြိုးစားပေတော့..."
ယန်ယွီမင်သည် သူမလက်ထဲရှိ အကောင်းဆုံးအရည်အသွေးရှိ ရွှေမူလဆေးလုံးလေးကို ကြည့်ရင်း ရင်တွင်း၌ လှိုက်ဖိုစိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားကာ မျက်နှာထက်တွင် ပျော်ရွှင်မှုများ အတိုင်းသားပေါ်လွင်နေ၏။ သူမက စုယွီကို ကျေးဇူးတင်သော မျက်လုံးဖြင့် တစ်ချက်ကြည့်ကာ ပြောလိုက်၏။
“ အရမ်းကို ကျေးဇူးတင်ပါတယ်… သခင်ရယ်..."
ယန်ယွီမင် လျှို့ဝှက်ကျင့်ကြံရာအခန်းအတွင်းသို့ ဝင်ရောက်သွားသည်ကို ကြည့်ရင်း စုယွီ၏ရင်တွင်း၌ မျှော်လင့်ချက်များ ရှင်သန်လာရသည်။ အကယ်၍ ယန်ယွီမင်သာ အမြုတေဖွဲ့စည်းခြင်းနယ်ပယ်သို့ အဆင့်ချိုးဖြတ်နိုင်ခဲ့မည်ဆိုပါက သူဝယ်ယူခဲ့သော အမျိုးသမီးကျင့်ကြံသူသုံးဦးစလုံး အမြုတေဖွဲ့စည်းခြင်းအဆင့် အရှင်သခင်များ ဖြစ်လာကြတော့မည် မဟုတ်ပါလော။
အမြုတေဖွဲ့စည်းခြင်းနယ်ပယ်၏ သက်တမ်းဖြင့် ၎င်းတို့ကို ဆက်လက်ပျိုးထောင်ပေးမည်ဆိုပါက သူသည် ၎င်းတို့ထံမှ နှစ်ပေါင်းရာချီတိုင်အောင် အကျိုးအမြတ်များကို ခံစားရယူနိုင်ဦးမည် ဖြစ်၏။ ဤအမျိုးသမီးသုံးဦးကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် နှစ်စဉ်အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး နှစ်သောင်းမှ သုံးသောင်းခန့်အထိ အကုန်အကျခံနေရသည် ဆိုသော်ငြားလည်း ၎င်းတို့ရှာဖွေပေးသော အကျိုးအမြတ်များနှင့် နှိုင်းယှဉ်လိုက်ပါက လုံးဝတန်ဖိုးရှိလှ၏။
လင်းချင်းရှားနှင့် လင်းပင်းတို့ကို အနည်းငယ် ချော့မော့ပြောဆိုလိုက်ပြီး ၎င်းတို့၏ လက်ရှိကျင့်ကြံခြင်းတိုးတက်မှု အခြေအနေများကို မေးမြန်းပြီးနောက်၊ စုယွီသည် ချီသန့်စင်အိုးအတွင်းမှ တတိယအဆင့် အဆင့်မြင့်ဝိညာဉ်အရည် အနည်းငယ်ကို ထုတ်ယူကာ ၎င်းတို့နှစ်ဦးအား ပေးအပ်လိုက်သည်။ သူတို့ကို ဆက်လက်၍ ကြိုးစားပမ်းစား ကျင့်ကြံကြရန် တိုက်တွန်းပြီးနောက် သူကိုယ်တိုင်လည်း ဆေးဖော်စပ်ရာအခန်းအတွင်းသို့ ဝင်ရောက်ကာ ဆေးလုံး စံအိမ်အတွက် ဆေးလုံးများ စတင်ဖော်စပ်တော့သည်။
ဤတစ်ကြိမ်တွင် သူ ထွက်ခွာသွားခဲ့သည်မှာ တစ်နှစ်တိတိ ကြာမြင့်ခဲ့ပြီဖြစ်ရာ သူသိုလှောင်ထားခဲ့သော ဆေးလုံးများမှာလည်း အကုန်အစင်နီးပါး ဖြစ်နေခဲ့လေပြီ။ ဆေးလုံးများ ပြန်လည်မဖြည့်တင်းမီအချိန်အထိ စုယွီအနေနှင့် အခြား မည်သည့်ကိစ္စကိုမျှ အာရုံစိုက်ရန် အချိန်မရှိသည်မှာ သေချာလှ၏။
ဤသို့ဖြင့် သူ တတိယအဆင့် ဆေးလုံးနှစ်ဖိုစာ ဖော်စပ်အပြီးတွင် အပြင်ဘက်၌ မိုးလင်းလင်းစ ပြုနေချေပြီ။
နောက်ထပ် နေ့သစ်တစ်ရက် ကူးပြောင်းသွားခဲ့လေပြီတကား။
အခန်း (၅၇၉) - ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ် အဆင့်ချိုးဖြတ်ခြင်းနှင့် နောက်ထပ် အသွင်ပြောင်းလဲမှုတစ်ရပ် (၂)
စုယွီသည် နေရာထိုင်ခင်းအား သပ်ရပ်အောင် ရှင်းလင်းပြီးနောက် လျှို့ဝှက်ခန်းအတွင်းသို့ ဝင်ရောက်ကာ တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။ ပုစဉ်း ပိုးတုံးလုံး အချိန်တာအို ကျင့်စဉ်အား အသက်သွင်းလိုက်ရာ ရွှေရောင်အလင်းတန်း တစ်ခုသည် သူ၏ ခန္ဓာကိုယ်အား ပုစဉ်းရင်ကွဲ ပိုးအိမ်သဏ္ဌာန် ရစ်ပတ်လွှမ်းခြုံသွားပြီး ယနေ့အတွက် သူ၏ ပုံမှန် ကျင့်ကြံခြင်းအမှုကို စတင်လိုက်တော့၏။
ဓာတ်ကြီးငါးပါး ကျင့်စဉ်၊ အင်မော်တယ် ခန္ဓာ ကျင့်စဉ် နှင့် အထက်ဘုံ သန့်စင်သော မူလတာအို နိယာမ တို့ကို တစ်ရက်တာလုံး အာရုံစိုက် ကျင့်ကြံခဲ့သည်။
ထို့နောက် စုယွီသည် လက်တစ်ချက် ဝှေ့ယမ်းကာ မှော်လက်နက် နန်းတော်အတွင်းမှ ပင်လယ်လိပ်လေးအား ဆင့်ခေါ်လိုက်၏။ ထိုအကောင်ပေါက်လေး မွေးဖွားလာခဲ့သည်မှာ ဆယ်နှစ်ပင် မပြည့်သေးသော်ငြားလည်း ၎င်း၏ အရှိန်အဝါသည် တတိယအဆင့် အလယ်အလတ် ကာလသို့ပင် ရောက်ရှိနေချေပြီ။ နှစ်အနည်းငယ်မျှသော အချိန်တိုလေးအတွင်း အမြုတေ ဖွဲ့စည်းခြင်း ပထမအဆင့်မှ စတုတ္ထအဆင့်သို့ တဟုန်ထိုး ခုန်တက်သွားခဲ့ခြင်း ပေတကား။
ဤမျှ မြန်ဆန်လှသော ကျင့်ကြံခြင်း တိုးတက်မှုနှုန်းက စုယွီအား အံ့အားသင့် မှင်သက်သွားစေသည်။ ပင်လယ်လိပ်လေးသည် အလွန်ပြင်းအားကောင်းသော ဝိညာဉ်အရည်များနှင့် ရှေးဟောင်းသစ်ပင်ကြီးထံမှ ချီစွမ်းအင်များကို အတိုင်းအဆမရှိ စားသုံးခွင့် ရရှိခဲ့သောကြောင့် ဤမျှ ခိုင်မာသော အခြေခံအုတ်မြစ်နှင့် မြန်ဆန်သော တိုးတက်မှုကို ရရှိခဲ့ခြင်း ဖြစ်တန်ကောင်းပေ၏။ သို့သော်ငြားလည်း ၎င်း၏ စွမ်းအား တိုးတက်လာမှု နှုန်းထားသည် ရှေးဟောင်း ဝိညာဉ်သားရဲ တစ်ကောင်ဖြစ်သော ပင်လယ်လိပ်၏ ဂုဏ်ဒြပ်နှင့် တကယ့်ကို ထိုက်တန် အံဝင်ခွင်ကျ ရှိလှ၏။
စတုတ္ထအဆင့် အလယ်အလတ် ဝိညာဉ်အရည်များကို ဆင့်ခေါ်၍ ပင်လယ်လိပ်လေးအား အစာကျွေးနေစဉ်မှာပင် စုယွီသည် သူ၏ လက်ထဲရှိ ထူးဆန်းသော မျိုးစေ့လေးကိုပါ ပြုစုပျိုးထောင် ပေးလိုက်သည်။ ပြီးခဲ့သည့်အကြိမ် အမြစ်တွယ်ပြီး အညှောက်ပေါက်လာခဲ့သည့် အချိန်မှစ၍ ဤမျိုးစေ့လေးအား သူ ပြုစု ယုယလာခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့လေပြီ။ ယခုအချိန်သို့ ရောက်မှသာ ၎င်းအတွင်း၌ ကိန်းအောင်းနေသော ကြီးမား ပြင်းထန်လှသည့် သက်စောင့်စွမ်းအင်များ ပြီးပြည့်စုံခြင်း အခြေအနေသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း သူ စတင် ခံစားလာရ၏။
မျိုးစေ့လေး မည်သည့်အချိန်တွင် နောက်တစ်ကြိမ် အညှောက်ထွက်လာမည် ဆိုသည်ကိုမူ သူ အတိအကျ မသိရှိနိုင်သေးချေ။ ပင်လယ်လိပ်လေးနှင့် ထူးဆန်းသော မျိုးစေ့လေးကို အစာကျွေး ပြုစုပြီးနောက် စုယွီသည် ပင်လယ်လိပ်လေးအား မှော်လက်နက် နန်းတော်အတွင်းသို့ ပြန်လည် ပို့ဆောင်လိုက်ပြီး မျိုးစေ့လေးကိုမူ ချင်းယွဲ့ လက်စွပ်အတွင်းသို့ သိမ်းဆည်းလိုက်သည်။ ထို့နောက် သူသည် ဆေးဖော်စပ်ရာ အခန်းသို့ သွားရောက်ကာ ဆေးဖော်စပ်ခြင်း အမှုကို ဆက်လက် ပြုလုပ်တော့သည်။
အချိန်ကာလတို့သည် တရွေ့ရွေ့ ကုန်လွန်သွားခဲ့၏။ လဝက်ခန့် ကြာပြီးနောက် ယန်ယွီမင်သည် အမြုတေ ဖွဲ့စည်းခြင်း ပထမအဆင့်သို့ အောင်မြင်စွာ တက်လှမ်းသွားနိုင်ခဲ့သည်။
နောက်ထပ် တစ်နှစ် ကုန်လွန်သွားခဲ့ပြန်၏။
လျှို့ဝှက်ခန်း အတွင်း၌။
“ဝီ…”
စုယွီသည် တတိယအဆင့် အဆင့်မြင့် ဝိညာဉ်အရည် တစ်အုပ်စုကို မျိုချလိုက်ပြီး ထိုစွမ်းအင်များကို အသုံးပြုကာ အင်မော်တယ် ခန္ဓာ ကျင့်စဉ်၏ တာအို အမှတ်အသားများကို စုစည်း၍ သူ၏ ခန္ဓာကိုယ် အတွင်းသို့ နက်ရှိုင်းစွာ ထွင်းထု မှတ်တမ်းတင် နေ၏။
အင်မော်တယ် ခန္ဓာ ကျင့်စဉ်ကို လေ့ကျင့်ရာတွင် ဝိညာဉ်အရည် အရင်းအမြစ်များ အမြောက်အမြား ကုန်ဆုံးသည်။ အကယ်၍ ဝိညာဉ်အရည် အရင်းအမြစ်များသာ မလုံလောက်ပါက ကျင့်ကြံခြင်း တိုးတက်မှု နှုန်းထားသည် အလွန်တရာ နှေးကွေး သွားပေလိမ့်မည်။ ဒါက အင်မော်တယ် ခန္ဓာ ကျင့်စဉ်၏ အားနည်းချက်များ အနက်မှ တစ်ခု ဖြစ်ပြီး ဝိညာဉ်အရည် အရင်းအမြစ် ပမာဏ အလွန်အမင်း များပြားစွာ လိုအပ်ခြင်း ပင်တည်း။ သို့သော်ငြားလည်း ဝိညာဉ်အရည် အရင်းအမြစ်များသာ လုံလုံလောက်လောက် ရှိနေမည် ဆိုပါက အင်မော်တယ် ခန္ဓာ ကျင့်စဉ်၏ တိုးတက်မှု နှုန်းမှာ အံ့မခန်း လျင်မြန် နိုင်၏။
တာအို အမှတ်အသားများ တစ်ခုပြီး တစ်ခု စုယွီ၏ ခန္ဓာကိုယ် အတွင်းသို့ နက်ရှိုင်းစွာ ဖွဲ့စည်း ထွင်းထု ဝင်ရောက်သွားသည် နှင့်အမျှ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် စွမ်းအားများ ပိုမို သိပ်သည်း အားကောင်းလာကြောင်းကို သူ ရှင်းလင်းစွာ ခံစား နေရ၏။ အင်မော်တယ် ခန္ဓာ ကျင့်စဉ် တတိယအဆင့် အတွက် လိုအပ်သော တာအို အမှတ်အသား ကိုးထောင့်ကိုးရာကိုးဆယ့်ကိုးခုမှာ လွန်ခဲ့သော နှစ်အနည်းငယ် အတွင်း စုယွီ၏ အားသွန်ခွန်စိုက် ကျင့်ကြံမှုများ ကြောင့် ပြီးပြည့်စုံလုနီးပါး အခြေအနေသို့ ရောက်ရှိ နေခဲ့လေပြီ။
ကိုးထောင့်ကိုးရာကိုးဆယ့်ခုနစ် ခုမြောက်... ကိုးထောင့်ကိုးရာကိုးဆယ့်ရှစ် ခုမြောက်...
“ဝေါ…”
အင်မော်တယ် ခန္ဓာ ကျင့်စဉ် တတိယအဆင့် အတွက် လိုအပ်သော တာအို အမှတ်အသား ကိုးထောင့်ကိုးရာကိုးဆယ့်ကိုးခုကို အပြည့်အဝ ဖွဲ့စည်း စုစည်းလိုက်နိုင်သော အခါ စုယွီ၏ အရှိန်အဝါသည် သိမ်မွေ့စွာ ပြောင်းလဲသွားလေတော့၏။ အရာအားလုံး တစ်သားတည်း ပေါင်းစပ်သွားသည့် အလား အင်မော်တယ် ခန္ဓာ ကျင့်စဉ် အစပိုင်း ကျင့်စဉ် အတွက် လိုအပ်သော တာအို အမှတ်အသားများ ထံမှ မျက်စိကျိန်းမတတ် စူးရှ တောက်ပလှသော အဖြူရောင် အင်မော်တယ် အလင်းတန်းများ ရုတ်တရက် ပေါက်ကွဲ ထွက်ပေါ်လာသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ထို စူးရှ တောက်ပသော အင်မော်တယ် အလင်းတန်းများသည် စုယွီ၏ ခန္ဓာကိုယ် ပေါ်တွင် အစိုင်အခဲ အဖြစ် ပြောင်းလဲသွားပြီး မူလ အရင်းအမြစ် တစ်ခုကို ဖန်တီးလိုက်သည်။ ဤ မူလ အရင်းအမြစ် ဖြစ်တည်လာသည့် အခိုက်အတန့် တွင် စုယွီသည် ၎င်းကို စိတ်အာရုံဖြင့် အသက်သွင်းလိုက်ရာ အဖြူရောင် အင်မော်တယ် အလင်းတန်း အလွှာတစ်ခု ပေါက်ကွဲ ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ် ပေါ်တွင် အင်မော်တယ် စစ်ကြေးခွံ အလား သဏ္ဌာန် ဖန်တီး ပေါ်ပေါက်လာတော့၏။
တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ် ထံမှ ကြီးမား ခမ်းနားလှသော အင်မော်တယ် အရှိန်အဝါ တစ်ခု ဖြာထွက်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံးသို့ လွှမ်းခြုံ ပြန့်နှံ့သွားသည်။ ၎င်းသည် မူလ ဝိဉာဉ်အဆင့် အရှင်သခင်ကြီး တစ်ပါး ကိုယ်တိုင် ကိုယ်ကျ ဆင်းသက်လာသည့် အလားပင် ဖြစ်၏။ စုယွီသည် ဤ အရှိန်အဝါကို ခံစားလိုက်ရပြီး သူ၏ မျက်နှာ အမူအရာ အနည်းငယ် ပြောင်းလဲသွားကာ အံ့အားသင့် မှင်သက်စွာဖြင့် တွေးလိုက်သည်။
'အင်မော်တယ် ခန္ဓာ ကျင့်စဉ် ရဲ့ အစပိုင်း ကျင့်စဉ် ပြီးပြည့်စုံ သွားတာက ဒီလို အပြောင်းအလဲ မျိုးကို ဖြစ်ပေါ်စေတာလား...'
သူ၏ ခန္ဓာကိုယ် အတွင်းမှ ဧရာမ ခွန်အားကြီးကို သူ ရှင်းလင်းစွာ ခံစား သိရှိနေရ၏။ သူ၏ ကိုယ်ခန္ဓာကြီးမှာ အင်မော်တယ် တောင်တန်းကြီး တစ်ခု အဖြစ်သို့ အသွင်ပြောင်း သွားသည့် အလား မယုံကြည်နိုင် လောက်အောင် လေးလံ သိပ်သည်း လာခဲ့သည်။ ဤ ပေါက်ကွဲ ထွက်ပေါ်လာသော ခွန်အား များကို သာမန် အမြုတေ ဖွဲ့စည်းခြင်း နဝမအဆင့် ကျင့်ကြံသူများ ပင်လျှင် ခံနိုင်ရည် ရှိမည် မဟုတ်ချေ။ အတုအယောင် မူလ ဝိဉာဉ်အဆင့် ရှိသော အရှင်သခင် တစ်ပါးကို ရင်ဆိုင်ရလျှင် တောင်မှ ခန္ဓာကိုယ် သန့်စင်ခြင်း စွမ်းအား တစ်ခုတည်းကိုသာ အားကိုး၍ တစ်ဖက်လူကို လုံးဝ ချေမှုန်းပစ်နိုင်စွမ်း ရှိနေပေလိမ့်မည်။
အင်မော်တယ် ခန္ဓာ ကျင့်စဉ်၏ ကနဦး အဆင့် သုံးဆင့်မှာ ပြီးပြည့်စုံ သွားခဲ့လေပြီ။ ယခုအခါ စတုတ္ထအဆင့် သို့ တက်လှမ်းရန် အတွက် ခြေတစ်လှမ်း တစ်ဝက်သာ လိုအပ်တော့၏။ စုယွီ၏ စိတ်ဝိညာဉ်မှာ အလွန်အမင်း စိတ်လှုပ်ရှား တက်ကြွ နေတော့သည်။ သူ၏ ခန္ဓာကိုယ် အသွင်ပြောင်းလဲမှု မှ အသစ် တဖန် ဖြစ်တည်လာသော စွမ်းအားများကို ကျွမ်းကျင်စွာ ထိန်းချုပ်ပြီးနောက် သူသည် တံခါးပိတ် ကျင့်ကြံကာ အင်မော်တယ် ခန္ဓာ ကျင့်စဉ် အလယ်ပိုင်း ကျင့်စဉ် တွင် ပါရှိသော စတုတ္ထအဆင့် တာအို အမှတ်အသား များ၏ အခင်းအကျင်း ပုံစံများကို စတင် လေ့လာ နားလည်အောင် ကြိုးပမ်းတော့သည်။
အင်မော်တယ် ခန္ဓာ ကျင့်စဉ် စတုတ္ထအဆင့် သည် ချီစွမ်းအင် ကျင့်ကြံမှု၏ မူလ ဝိဉာဉ်အဆင့် နှင့် တန်းတူ ညီမျှသည်။ စုစုပေါင်း တာအို အမှတ်အသား ကိုးသောင်းကိုးထောင့်ကိုးရာကိုးဆယ့်ကိုးခု ပါဝင်၏။ အခင်းအကျင်း ပုံစံ တစ်ခုလုံးကို အပိုင်း ကိုးပိုင်း ခွဲခြားထားပြီး အပိုင်း တစ်ခုစီတိုင်း တွင် တာအို အမှတ်အသား ကိုးထောင့်ကိုးရာကိုးဆယ့်ကိုးခု စီ ပါဝင်ကာ အသေးစား အခင်းအကျင်း တစ်ခုစီကို ဖွဲ့စည်းထားခြင်း ဖြစ်၏။ ဤ တာအို အမှတ်အသား များကို ထွင်းထု နေစဉ် အတွင်း စုယွီသည် သူကိုယ်တိုင် အင်မော်တယ် လက်နက် တစ်ခု အဖြစ် သန့်စင် ခံနေရသကဲ့သို့ ခံစား နေရသည်။
အင်မော်တယ် ခန္ဓာ ကျင့်စဉ် စတုတ္ထအဆင့် ၏ တာအို အမှတ်အသား များကို နှစ်ဝက်ခန့် အချိန်ယူ၍ လေ့လာ နားလည်ပြီးနောက် စုယွီသည် စတုတ္ထအဆင့် အဆင့်နိမ့် ဝိညာဉ်အရည် တစ်စက်ကို မျိုချလိုက်ပြီး သူ၏ ခန္ဓာကိုယ် အတွင်း၌ ပထမဆုံး တာအို အမှတ်အသား ကို စတင် ဖွဲ့စည်းရန် ကြိုးပမ်းတော့၏။
စတုတ္ထအဆင့် အဆင့်နိမ့် ဝိညာဉ်အရည် သုံးစက်ကို စားသုံးပြီးနောက် တွင်မူ စုယွီ၏ ခန္ဓာကိုယ် အတွင်း၌ ပထမဆုံး တာအို အမှတ်အသား အောင်မြင်စွာ ဖြစ်တည် လာခဲ့သည်။
ထို့နောက် ဒုတိယ တစ်ခု...
နောက်ဆုံးတွင် စတုတ္ထအဆင့် အဆင့်နိမ့် ဝိညာဉ်အရည် အစက်ပေါင်း ရာကျော်ကို စားသုံးပြီးချိန် မှသာ စုယွီသည် သူ၏ ခန္ဓာကိုယ် အတွင်း၌ တာအို အမှတ်အသား ကိုးဆယ့်ကိုးခု ကို အခိုင်အမာ ဖွဲ့စည်းနိုင်ခဲ့၏။
“ဝီ…”
ထိုအခိုက်အတန့်၌ စုယွီ၏ အရှိန်အဝါသည် သိသိသာသာ အသွင်ပြောင်းလဲ သွားခဲ့သည်။ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများ လှိုင်းထန် လာပြီး ခမ်းနား ကြီးကျယ်လှသော ကောင်းကင်နှင့် မြေကြီး တာအို အရှိန်အဝါ တစ်ခု ဆင်းသက် လာခဲ့၏။ ဤ ကြီးမားသော လှုပ်ခတ်မှု အောက်တွင် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများသည် ဒီရေလှိုင်းကြီး တစ်ခုအလား စုယွီ၏ ခန္ဓာကိုယ် အတွင်းသို့ ဒလဟော ဝင်ရောက်လာကြသည်။ ပင်လယ်ပြင် အတွင်းရှိ ကျောက်ဆောင် တစ်ခုသည် ဆူနာမီ လှိုင်းတံပိုးကြီး ၏ ရိုက်ခတ် ဆေးကြောမှုကို ခံယူနေရသည့် အလားပင်။
“ဂျုန်း…”
ကောင်းကင်နှင့် မြေကြီး တစ်ခုလုံး သိမ့်သိမ့်ခါ တုန်လှုပ် သွားပြီး မျက်စိကျိန်းမတတ် စူးရှ တောက်ပလှသော အဖြူရောင် အင်မော်တယ် အလင်းတန်းများ စုယွီထံမှ ပေါက်ကွဲ ထွက်ပေါ်လာသည်။ အဆုံးအစမဲ့သော အင်မော်တယ် ခန္ဓာ ကျင့်စဉ်၏ တာအို အမှတ်အသားများ ဖွဲ့တည်လာပြီး သူ၏ ခန္ဓာကိုယ် ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အင်မော်တယ် ကြေးခွံ တစ်ခု အဖြစ် ဖွဲ့စည်း သွားတော့၏။ ထို ကောင်းကင်နှင့် မြေကြီး စွမ်းအားများ ၏ အရိုင်းဆန်သော ရိုက်ခတ် တိုက်ခိုက်မှုများ သည် သူ၏ ခန္ဓာကိုယ် အပေါ် ကျရောက်လာသော်ငြားလည်း သူ့ကို အနည်းငယ်မျှပင် တုန်လှုပ် ယိမ်းယိုင်သွားအောင် မစွမ်းဆောင် နိုင်ခဲ့ချေ။
ဤအချိန်တွင် စုယွီ၏ ခန္ဓာကိုယ်မှာ အင်မော်တယ် တောင်တန်းကြီး တစ်ခုအလား လေးလံ သိပ်သည်း နေလေပြီ။ သူသည် ကောင်းကင်နှင့် မြေကြီး စွမ်းအားများ ၏ ကြမ်းတမ်းသော ရိုက်ခတ်မှု များကို အပြည့်အဝ ခံနိုင်ရည် ရှိနေခဲ့၏။ ထို ကောင်းကင်နှင့် မြေကြီး စွမ်းအားများ သည် သူ့အတွက် အန္တရာယ် တစ်ခု အဖြစ် ခြိမ်းခြောက် နိုင်စွမ်း မရှိတော့သည့် အပြင် အင်မော်တယ် ခန္ဓာ ကျင့်စဉ်၏ အင်မော်တယ် စစ်ကြေးခွံ ကို လာရောက် ရိုက်ခတ်သည့် အခိုက်အတန့် တွင်ပင် အားကောင်းလှသော စုပ်ယူမှု စွမ်းအားကြီး တစ်ခု၏ ဝါးမျို သန့်စင်ခြင်းကို ခံလိုက်ကြရသည်။
ဒေါသတကြီး ရိုက်ခတ်လာသော ရေလှိုင်းကြီး အလား အဆက်မပြတ် ဝင်ရောက်လာသည့် ကောင်းကင်နှင့် မြေကြီး စွမ်းအားများ အောက်တွင် စုယွီ၏ အရှိန်အဝါသည် သိသိသာသာ အသွင်ပြောင်းလဲ တိုးတက် လာတော့သည်။
အချိန်ကာလတို့ နှေးကွေးစွာ ကုန်လွန် သွားခဲ့၏။ လဝက်တိတိ ပြည့်မြောက် သွားခဲ့လေပြီ။
လျှို့ဝှက်ခန်း အတွင်း၌။
အလွှာထပ်ပေါင်း များစွာသော အခင်းအကျင်း များ၏ ပိတ်ဆို့ တားဆီးမှု အောက်တွင် နောက်ဆုံး၌ စုယွီ၏ အရှိန်အဝါသည် တည်ငြိမ် သွားခဲ့လေပြီ။ ကောင်းကင်နှင့် မြေကြီး စွမ်းအားများ ၏ လှိုင်းထန်မှုများ လည်း ရပ်တန့် သွားခဲ့၏။ သူသည် လျှို့ဝှက်ခန်း၏ အလယ်ဗဟိုတွင် တင်ပျဉ်ခွေ ထိုင်နေပြီး သူ၏ အရေပြားနှင့် ဆံပင်များ တစ်လျှောက်တွင် အဖြူရောင် အင်မော်တယ် အလင်းတန်းများ စိမ့်ဝင် ပျံ့နှံ့ နေ၏။ မူလ ဝိဉာဉ်အဆင့် ရှိသော အရှင်သခင်ကြီး တစ်ပါး ကဲ့သို့ အင်မော်တယ် အရှိန်အဝါ တစ်ခု စုယွီထံမှ ဖြာထွက် နေတော့၏။
အင်မော်တယ် ခန္ဓာ ကျင့်စဉ် စတုတ္ထအဆင့်... အစပြုခြင်း အဆင့် ပေတကား။
စုယွီသည် သူ၏ ခန္ဓာကိုယ် အတွင်းရှိ အပြောင်းအလဲ များကို စိတ်အာရုံဖြင့် အကဲခတ် ကြည့်ရှုလိုက်သည်။ အင်မော်တယ် ခန္ဓာ ကျင့်စဉ် စတုတ္ထအဆင့် သို့ ချိုးဖျက် ဝင်ရောက်ပြီးနောက် သူ တွေးထင်ထားသည့် အတိုင်းပင် သူ၏ ခန္ဓာကိုယ်သည် သက်စောင့်စွမ်းအင် အဆင့်အတန်း တစ်ခု ကဲ့သို့သော အသွင်ပြောင်းလဲမှု တစ်ခုကို အမှန်တကယ် ဖြတ်သန်း ခဲ့ရသည်။ သို့သော်ငြားလည်း သူ၏ ဝိညာဉ်နှင့် အသွင်ပြောင်းလဲခြင်း သတ္တမအဆင့် ရွှေအမြုတေ တို့ကြောင့် ယခင်ကတည်းက သူ၏ ခန္ဓာကိုယ်မှာ အသွင်ပြောင်းလဲမှု တစ်ခု ဖြစ်ပေါ်ခဲ့ပြီး ဖြစ်သောကြောင့်လော မသိပေ။ ယခု အသွင်ပြောင်းလဲမှု မှာမူ သူ စိတ်ကူးထားသလောက် မျက်စိကျိန်းမတတ် စူးရှ တောက်ပလှခြင်း မရှိခဲ့ချေ။
ဥပမာ အားဖြင့် အင်မော်တယ် ခန္ဓာ ကျင့်စဉ် စတုတ္ထအဆင့် သို့ ရောက်ရှိပြီးနောက် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို ဝါးမျိုပြီးချိန်တွင် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည် မူလ ဝိဉာဉ်အဆင့် အရှင်သခင် တစ်ပါးနှင့် ဆင်တူသော စွမ်းအား စက်ကွင်း တစ်ခုကို ဖန်တီးနိုင်ခဲ့သည်။ သူသည် အသွင်ပြောင်းလဲခြင်း သတ္တမအဆင့် ရွှေအမြုတေ ဖြင့် ဓာတ်ကြီးငါးပါး တာအို၏ 'အတုအယောင်' စက်ကွင်း စွမ်းအားကို ယခင်ကတည်းက ကြုံတွေ့ ခံစားဖူးပြီး ဖြစ်၏။ ထို့ကြောင့် ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ် မှ စုစည်း ဖန်တီးလိုက်သော စွမ်းအား စက်ကွင်းမှာ သူ့အတွက် အံ့အားသင့်စရာ မဟုတ်တော့ချေ။
ထို့အပြင် သက်စောင့်စွမ်းအင် အဆင့်အတန်း များ အကြားမှ အသွင်ပြောင်းလဲမှု လည်း ရှိနေသေး၏။ ဤတစ်ကြိမ်တွင် အင်မော်တယ် ခန္ဓာ ကျင့်စဉ်သည် တတိယအဆင့် မှ စတုတ္ထအဆင့် သို့ ချိုးဖျက် ဝင်ရောက် သွားခဲ့ခြင်း ဖြစ်၏။ အကယ်၍ ဒါက အမြုတေ ဖွဲ့စည်းခြင်း နယ်ပယ် တွင်သာ ဖြစ်ခဲ့မည် ဆိုပါက သက်တမ်းကို သုံးရာမှ လေးရာ အထိ တိုးမြှင့် ပေးနိုင်မည်မှာ သံသယ ဖြစ်ဖွယ် မရှိချေ။ သို့သော် သူ၏ ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ချိုးဖြတ်မှု တွင်မူ... သူ၏ သက်တမ်းမှာ နှစ်ပေါင်း နှစ်ရာကျော် ခန့်သာ တိုးလာခဲ့သကဲ့သို့ ဖြစ်နေ၏။
စုယွီသည် သူ၏ စိတ်ထဲရှိ ကျွမ်းကျင်မှု မျက်နှာပြင် ကို လှမ်းကြည့်လိုက်သည်။
[ကျင့်ကြံခြင်း - အမြုတေ ဖွဲ့စည်းခြင်း အဆင့် ရှစ်]
[သက်တမ်း - ၂၁၁/၁၄၇၉ နှစ်]
[ကျင့်စဉ်များ - ဓာတ်ကြီးငါးပါး ကျင့်စဉ် (အမြုတေ ဖွဲ့စည်းခြင်း အဆင့် ရှစ်၊ ကျွမ်းကျင်မှု ၂၄.၆၁%)၊ အင်မော်တယ် ခန္ဓာ ကျင့်စဉ် (အဆင့် ၄၊ ကျွမ်းကျင်မှု ၀.၀၃%)၊ သွေးဝေလငါး လမင်းမြို သိုင်းကျမ်း (အဆင့် ၃၊ ကျွမ်းကျင်မှု ၉၀%)၊ အထက်ဘုံ သန့်စင်သော မူလတာအို နိယာမ (ပြီးပြည့်စုံခြင်း အဆင့်၊ ကျွမ်းကျင်မှု ၉၄.၁၄%)၊ ...၊ ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် (အဆင့် ၄၊ ကျွမ်းကျင်မှု ၉.၉၆%)]
[မန္တန်များ - သစ်သားနွယ်ပင် မန္တန် (ပြီးပြည့်စုံခြင်း အဆင့်)... ယင်ယန် ထွက်ပြေးခြင်းယင်ယန် လွတ်မြောက်ခြင်း နည်းစနစ် (ပြီးပြည့်စုံခြင်း အဆင့်)၊ ပုစဉ်း ပိုးတုံးလုံး အချိန်တာအို ကျင့်စဉ် (အစပြုအဆင့်၊ ကျွမ်းကျင်မှု ၉၈.၈၉%)၊ ကောင်းကင်ပိုင်းဖြတ် နတ်ဘုရား ကျင့်စဉ် (အလယ်အလတ်အဆင့်၊ ကျွမ်းကျင်မှု ၉၆.၇၇%)၊ ဟင်းလင်းပြင် လွတ်မြောက်ခြင်းဟင်းလင်းပြင် ခွဲထွက်ခြင်း နည်းစနစ် (အစပြုအဆင့်၊ ကျွမ်းကျင်မှု ၆.၁၈%)]
'ငါ့ရဲ့ သက်တမ်းက ၁၉၄ နှစ်ပဲ တိုးလာတာလား...'
စုယွီသည် တကိုယ်တည်း တိုးညင်းစွာ ရေရွတ်လိုက်သည်။
သို့သော် ဤ ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ် ၏ အဆင့်ချိုးဖြတ်သွားမှု ကြောင့် သူ၏ ကျန်ရှိနေသေးသော သက်တမ်းမှာ နှစ်ပေါင်း ၁၂၀၀ ကျော် အထိ ရောက်ရှိသွားခဲ့လေပြီ။ ယခုအခါ ဝိညာဉ် ခွဲထွက်ခြင်း အဆင့်ရှိ အစွမ်းထက် ပုဂ္ဂိုလ်ကြီးများ သာလျှင် သူ့ထက် ပိုမို ရှည်လျားသော သက်တမ်းကို ပိုင်ဆိုင်ထားနိုင်ပေတော့မည်။ သူ၏ လက်ရှိ အသက်အရွယ် နှင့် ကျန်ရှိနေသေးသော သက်တမ်းကို နှိုင်းယှဉ် ကြည့်လိုက်မည် ဆိုပါက... နည်းပညာ အရ ဆိုရလျှင် သူသည် ဆယ်ကျော်သက် အရွယ် လူငယ်လေး တစ်ဦးသာ ဖြစ်နေသေးတော့၏။
စုယွီ ကိုယ်တိုင်လည်း သူ အိုမင်း ကြီးရင့် နေပြီဟု လုံးဝ မခံစားရချေ။ လိုအပ်သည့် အချိန်တွင် ကျင့်ကြံမည်၊ လိုအပ်သည့် အချိန်တွင် မိတ်ဆွေများ နှင့် စုဝေး တွေ့ဆုံမည်။ ထို့အပြင် သူ၏ နေ့စဉ် ဘဝတွင်လည်း မျက်စိပသာဒ ဖြစ်ဖွယ်ရာ ဆွဲဆောင်မှု ရှိသော အမျိုးသမီး ကျင့်ကြံသူလေး များ၏ အဖော်ပြုမှု လည်း ရှိနေသေးရာ... သူ၏ ဘဝလေးမှာ အလွန်တရာ သာယာ ချမ်းမြေ့ နေ၏။ သူ ဘယ်လို လုပ်ပြီး အိုမင်း နိုင်မည်နည်း။
ထို့နောက် သူသည် အခြား ကျင့်စဉ်များကို လှမ်းကြည့်လိုက်သည်။
'အထက်ဘုံ သန့်စင်သော မူလတာအို နိယာမ ပြီးပြည့်စုံတဲ့ အဆင့်ကို ရောက်ဖို့ဆိုရင် အချိန် နည်းနည်းတော့ ထပ်ယူရဦးမယ် ထင်တယ်...'
'ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် ကလည်း နောက်ထပ် အဆင့်ငယ် တစ်ခုကို တက်ဖို့ သိပ်မလိုတော့ဘူးပဲ...'
'ပုစဉ်းခွံချွတ် ဆိုတဲ့ ဒီ အချိန်ကာလ နဲ့ သက်ဆိုင်တဲ့ နည်းစနစ် ကလည်း အလယ်အလတ်အဆင့် ကို ရောက်ဖို့ နီးစပ်နေပြီ... အဲဒါကများ ငါ့ကို အချိန်ရဲ့ အသေးစား တာအို နဲ့ ပတ်သက်တဲ့ ဉာဏ်အလင်းတွေ ပေးစွမ်းနိုင်မလား မသိဘူး...'
'ကောင်းကင်ပိုင်းဖြတ် နတ်ဘုရား ကျင့်စဉ် ရဲ့ တိုးတက်မှု ကလည်း မနှေးဘူးပဲ...'
ထိုသို့ စဉ်းစား တွေးတော နေစဉ် မှာပင်... စုယွီ၏ မျက်နှာ အမူအရာ ရုတ်တရက် ပြောင်းလဲ သွားသည်။ ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်သည် သူ၏ စိတ်အာရုံ အတွင်း၌ အလိုအလျောက် လည်ပတ် သွားပြီး... သူ၏ နတ်ဘုရား မျက်လုံး နည်းစနစ်ကို အသုံးပြု၍ ဆေးလုံး စံအိမ်၏ ခြံဝင်း ထဲသို့ စစ်ဆေးကြည့်လိုက်၏။
ထိုအခါ မည်သို့ မည်ပုံ ခိုးဝင်လာမှန်း မသိရသော သူစိမ်း တစ်ယောက်၏ ပုံရိပ်ကို သူ မြင်တွေ့လိုက်ရပြီး... ထိုသူသည် တစ်စုံတစ်ရာကို လိုက်လံ ရှာဖွေ နေပုံ ရတော့သည်။