သူတော်စင်ဧကရာဇ်နိုင်ငံတော်၏ သံအမတ်
Vol. 12 Ch. 1164
တော်ဝင်အမိန့်တော်တွင် စာကြောင်း တစ်ကြောင်းထဲသာ ပါဝင်သည်။
" ဤအမိန့်တော်ဖြင့် ကောင်းကင်တံတားဘုရင်ဖြစ်သော ပိုင်ရှောင်ချန်းအား မိစ္ဆာဧကရာဇ်မြို့တော်ထဲတွင် တာဝန်ထမ်းဆောင်ရမည့် သူတော်စင်ဧကရာဇ်မင်းဆက်၏ သံအမတ်အဖြစ် တရားဝင် သတ်မှတ်လိုက်သည် " ဟူ၍ပင် ဖြစ်သည်။
ဥပဒေသတ်မှတ်ချက်အရ ပိုင်ရှောင်ချန်းမှာ ဒုတိယအင်မော်တယ်နယ်မြေထဲရှိ မြောက်ပိုင်း၏ဘုရင်အဖြစ် ဆက်လက်ရှိနေဦးမည်ဖြစ်သော်လည်း လက်တွေ့တွင်မူ ထိုတာဝန်ကို ဆက်လက်ထမ်းဆောင်ရတော့မည် မဟုတ်ပေ။ သူသည် မိစ္ဆာဧကရာဇ်မြို့တော်ထဲတွင် တာဝန်ကျမည့် တရားဝင်သံအမတ်အဖြစ် သတ်မှတ်ခံလိုက်ရပြီဖြစ်သည်။
မင်းဆက်နှစ်ခုစလုံးမှာ နှစ်ဆက်စလုံး၏ မြို့တော်များအသီးသီးတွင် သံအမတ်များ ထားရှိထားကြသည်။ သာမန်ဆိုလျှင် ထိုသံအမတ်များမှာ တာဝန်သက်တမ်းရင့်နေပြီဖြစ်သော နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြပါသော်လည်း တစ်ခါတရံတွင် ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများသည်လည်း ထိုတာဝန်ကို ထမ်းဆောင်လေ့ရှိကြသည်။
စီမာယွမ်ဟွာမှာ ယခင်က သံအမတ်ဖြစ်သော်လည်း သူသည် မိစ္ဆာဧကရာဇ်မင်းဆက်သို့ မကြာခဏသွားရောက်ခြင်း မရှိပေ။ သူ၏အချိန်အများစုကို သူတော်စင်ဧကရာဇ်မြို့တော်ထဲတွင်သာ ကုန်ဆုံးစေခဲ့သည်။
သို့သော်လည်း စီမာယွမ်ဟွာမှာ ကောင်းကင်ဧကရာဇ် ဝိရူပက္ခနှင့် တိုက်ခိုက်ရာတွင် ဒဏ်ရာရရှိသွားခဲ့သည်ဖြစ်၍ သူ၏ဆန္ဒပါသည်ဖြစ်စေ မပါသည်ဖြစ်စေ သူ၏တာဝန်များကို ပိုင်ရှောင်ချန်းဆီသို့ လွှဲပြောင်းခံလိုက်ရသည်။
အမှန်တွင် သူတော်စင်ဧကရာဇ်သည် ဤကဲ့သို့ ဆောင်ရွက်ရန် ကြံစည်နေခဲ့သည်မှာ အတော်အတန်ကြာမြင့်နေပြီ ဖြစ်သည်။ ယွမ်ဟိုင်စီရင်စုနယ်မြေ ဂုဏ်သတင်းကျော်စောလာသည်နှင့်အမျှ သူတော်စင်ဧကရာဇ်မှာ ထိုစီရင်စုနယ်မြေ၏ တန်ဖိုးကိုသိရှိနားလည်လာသဖြင့် ပိုင်ရှောင်ချန်းရှိနေခြင်းမှာ သူ့အတွက် ခေါင်းခဲစရာတစ်ခု ဖြစ်လာတော့သည်။
သို့သော်လည်း ပိုင်ရှောင်ချန်းမှာ အများနှင့်မတူပဲ ထူးခြားသဖြင့် သူတော်စင်ဧကရာဇ်မှာ သူ့အားဆက်ဆံရာတွင် သတိကြီးကြီးထားရသည်။ သူ၏ နောက်ဆုံးရည်ရွယ်ချက်မှာ ကောင်းကင်တံတားနယ်မြေမှ ကျင့်ကြံသူများ သူ၏မင်းဆက်အပေါ် အကောင်းမြင်လာအောင်လုပ်ရန် မဟုတ်ပါလော။ သူ၏နာမည်ကို ပျက်ပြားစေမည့်လုပ်ရပ်မျိုး သူက မလုပ်လိုပေ။
ပိုင်ရှောင်ချန်းအား မိစ္ဆာဧကရာဇ်မင်းဆက်ထဲတွင် တာဝန်ထမ်းဆောင်ရမည့် ရာထူးသို့ လွှဲပြောင်းပေးလိုက်ခြင်းမှာ သွယ်ဝိုက်သောနည်းဖြင့် သူ့အား ရှင်းထုတ်လိုက်ခြင်းဟု ဆိုနိုင်သည်။ ထိုရာထူးမှာ ယာယီမျှဖြစ်လျှင်တောင် သူ၏အကြံအစည်များနှင့် လိုက်လျောညီထွေမှုရှိနေမည် ဖြစ်သည်။
ထို့အပြင် ပိုင်ရှောင်ချန်းမှာ ဂုဏ်ထူးဆောင်လုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ခဲ့သည်ဖြစ်ပြီး အခြားသော ကောင်းကင်ဧကရာဇ်များနှင့်လည်း ဆက်ဆံရေးတိုးတက်ကောင်းမွန်လာအောင် လုပ်နိုင်ခဲ့ပေသည်။ ထိုအချင်းအရာများကြောင့် သူတော်စင်ဧကရာဇ်မှာ သတိကြီးကြီးထားမိသွားရုံသာမက သူ့အား ဆုံးဖြတ်ချက်ချအောင် ကူညီပေးလိုက်သကဲ့သို့ပင် ဖြစ်သွားတော့သည်။
ဤတော်ဝင်အမိန့်တော်တွင် ခြိမ်းခြောက်နေသည့် အရိပ်အယောင်များ လုံးဝမပါပေ။ သူ၏ရာထူးအသစ်ကိုသာ ကြေငြာပြီး ထိုရာထူးကိုလက်ခံရမည့် နောက်ဆုံးရက်ကိုသာ ဖော်ပြထားသည်။ သို့သော် ပိုင်ရှောင်ချန်းမှာ ထိုအမိန့်တော်ကိုဖတ်ရင်း သူတော်စင်ဧကရာဇ်၏ အေးစက်နေသော ကြောင်သူတော်မျက်လုံးများကို မြင်ယောင်လာတော့သည်။
" ဒီအမိန့်တော်ထဲမှာ ခြိမ်းခြောက်မှုတစ်ခု သေချာပေါက်ပါရမယ်။ ငါက လက်မခံဘူးဆိုရင်လည်း သူက ငါ့ကို လုပ်ချင်တာလုပ်ခွင့်ရှိသွားမှာ "
သူသည် သက်ပြင်းချကာ မဟာကောင်းကင်သခင်နှင့် သရဲကြီးဘုရင်တို့ကို ဆင့်ခေါ်လိုက်ပြီး တော်ဝင်အမိန့်တော်အကြောင်း သူတို့ကို အသိပေးလိုက်သည်။
" သူတော်စင်ဧကရာဇ်က လုံးဝ ဗိုလ်ကျတာပဲ " သရဲကြီးဘုရင်က ဒေါသတကြီးဆိုလိုက်သည်။
" ရှောင်ချန်း၊ မင်းက အခုလေးတင် ဂုဏ်ထူးဆောင်လုပ်ငန်းတစ်ခု ဆောင်ရွက်ပေးထားတာတောင် လနည်းနည်းလောက်ပဲကြာသေးတယ် သူက ဒီလို ပြန်ဆက်ဆံရလား "
ပိုင်ရှောင်ချန်းမှာ ငိုမဲ့မဲ့ဖြစ်နေပြီဖြစ်သည်။ မိစ္ဆာဧကရာဇ်မြို့တော်မှာ အန္တရာယ်များသော နေရာတစ်ခုဖြစ်ကြောင်း သူက သိသည်။ ထိုသို့အန္တရာယ်များရခြင်းမှာ သူ့အား ပေါ်ပေါ်ထင်ထင် တိုက်ခိုက်မည့် လူများရှိနေခြင်းကြောင့်မဟုတ်။ ထိုမြို့တော်ထဲရှိ လျှို့ဝှက်ကြံစည်ခြင်းများနှင့် ကောက်ကျစ်စဥ်းလဲမှုများကြောင့်သာ ဖြစ်သည်။
ပို၍ဆိုးသည်မှာ မိုးမြေဧကရာဇ်ကိုယ်ပွားနှင့် ပတ်သတ်သော ကိစ္စရပ်အတောအတွင်း သူသည် မိစ္ဆာဧကရာဇ်မင်းဆက်မှ ထိပ်တန်းအဆင့် ကျင့်ကြံသူအားလုံးနီးပါးကို စော်ကားမိခဲ့သည် မဟုတ်ပါလော။
" ကြည့်ရတာ သတိကြီးကြီးထားနေသ၍ အရမ်းကြီးအန္တရာယ် မများလောက်ပါဘူး "
ထိုစကားဖြင့်သာ သူ့ကိုယ်သူပြန်၍ နှစ်သိမ့်နိုင်တော့သည်။ သူတော်စင်ဧကရာဇ် ဖော်မပြထားသည့် ခြိမ်းခြောက်မှုများမှာ သိသာထင်ရှားလွန်းနေသည် မဟုတ်ပါလော။ အကယ်၍ သူသာဤအမိန့်တော်ကို ငြင်းဆိုခဲ့မည်ဆိုပါက သူ ခက်ခက်ခဲခဲကြိုးစား၍ ပြန်လည်တည်ထောင်ခဲ့သော ယွမ်ဟိုင်စီရင်စုနယ်မြေမှာ သူတော်စင်ဧကရာဇ်၏ပစ်မှတ်ထားခြင်းကို ခံစားရမည်သာဖြစ်သည်။
သရဲကြီးဘုရင်မှာ ပိုင်ရှောင်ချန်း တွေဝေနေသည်ကို အတိုင်းသားမြင်နေရသဖြင့် အေးစက်စက် နှာမှုတ်၍ မေးလိုက်သည်။
" ရှောင်ချန်း။ မင်းအဲဒီရာထူးကို လက်ခံလိုက်မယ်ဆိုရင် သူတော်စင်ဧကရာဇ်က ယွမ်ဟိုင်စီရင်စုနယ်မြေကို မကောင်းကြံစည်ဦးမယ်လို့ ထင်လား "
မဟာကောင်းကင်သခင်မှာ ယခုအထိ စကားမပြောသေးပေ။ သူသည် တစ်ချိန်လုံး ဤတော်ဝင်အမိန့်တော်ကို ဆန်းစစ်နေခဲ့သည်။ ယခုတွင်မူ သူသည် ခေါင်းမော့လာပြီး ဆိုလိုက်တော့သည်။
" ကံကောင်းရင် ... ဒါက အခွင့်ကောင်းတစ်ခု ဖြစ်သွားနိုင်တယ် "
သရဲကြီးဘုရင်နှင့် ပိုင်ရှောင်ချန်းတို့နှစ်ယောက်စလုံးက မျှော်လင့်ချက်များတောက်ပနေသည့် မျက်ဝန်းများဖြင့် သူ့ကိုလှမ်းကြည့်လိုက်ကြသည်။ မဟာကောင်းကင်သခင်မှာ အကြံအစည်များထုတ်ရာတွင် ဆရာတစ်ဆူဖြစ်ကြောင်း ပိုင်ရှောင်ချန်းက သိသည်။ သူ ကျင့်ကြံနေခဲ့သည့် နှစ်ထောင်ပေါင်းများစွာအတွင်း သူသည် အကောက်ကျစ်ဆုံး မြေခွေးအိုကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီ မဟုတ်ပါလော။
" ပထမဆုံးအချက်အနေနဲ့ မိစ္ဆာဧကရာဇ်မြို့တော်ထဲကိုသွားရင် အန္တရာယ်တွေနဲ့ကြုံရမယ်လို့ ထင်ရပေမဲ့ အမှန်တကယ်တော့ ကြုံရမှာမဟုတ်ဘူး။ အရှင်က ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ယောက်ရော သံအမတ်တစ်ယောက်ပါဖြစ်နေတဲ့အတွက် သူတော်စင်ဧကရာဇ်မင်းဆက်က လူတိုင်းက အရှင်ဘာဖြစ်နေသလဲဆိုတာကို စောင့်ကြည့်နေကြမှာ။ အရှင်သာ တစ်ခုခု ထိခိုက်သွားမယ်ဆိုရင် မင်းဆက်နှစ်ဆက်အကြား စစ်ပွဲဖြစ်ဖို့ အသေအချာပဲ "
" အဲဒါကြောင့် အရှင့်ရဲ့ရာထူးက တစ်နည်းနည်းနဲ့တော့ မိစ္ဆာဧကရာဇ်မင်းဆက်ထဲမှာရှိတဲ့ ပြည်သူတွေရဲ့ နှလုံးသားထဲကို အကြောက်တရားတွေ ရိုက်သွင်းနိုင်မှာပဲ "
" ဒုတိယမြောက် အကျိုးကျေးဇူးက ကောင်းကင်တံတားနယ်မြေသားတွေက သူတော်စင်ဧကရာဇ်မင်းဆက်ထဲမှာထက် မိစ္ဆာဧကရာဇ်မင်းဆက်ထဲမှာပိုပြီး ရှိနေတဲ့အချက်ပဲ။ မိစ္ဆာဧကရာဇ်မင်းဆက်က ပိုပြီးတော့ ကျယ်တယ်လေ "
" အဲဒါကြောင့် အဲဒီမြို့တော်ကိုသွားပြီး သူတို့အစိုးရနဲ့ ကူးလူးဆက်ဆံလိုက်မယ်ဆိုရင် ကောင်းကင်တံတားနယ်မြေသားတွေကို ရှာပြီး ပြန်ခေါ်လာနိုင်ဖို့ ပိုပြီး လွယ်သွားပါလိမ့်မယ် "
" နောက်တစ်ချက်က သူတော်စင်ဧကရာဇ်မင်းဆက်ထဲမှာ အခြေအနေတွေ ကောင်းနေတယ်လို့ ထင်ရပေမဲ့ ဒီမှာဆက်နေနေမယ်ဆိုရင် အရှင် တိုးတက်ကြီးပွားနိုင်ခြေ သိပ်မရှိဘူး။ ဒါပေမဲ့ အရှင်သာ မိစ္ဆာဧကရာဇ်မင်းဆက်ထဲမှာ ကိုယ်ပိုင်နယ်မြေတစ်ခု ခြေကုပ်ရယူနိုင်မယ်ဆိုရင် ကျွန်တော်မျိုးတို့အတွက် အခြေအနေတွေ ပိုကောင်းသွားမှာ "
" ကုန်ကုန်ပြောရမယ်ဆိုရင် အရှင့်ဆီမှာ ရွေးချယ်စရာက သိပ်မရှိသလောက်ပါပဲ။ အရှင် ဒီအမိန့်တော်ကို မနာခံချင်ဘူးဆိုရင် ကျွန်တော်တို့တွေ ယွမ်ဟိုင်စီရင်စုနယ်မြေကနေ ထွက်ခွာပြီး မိစ္ဆာဧကရာဇ်မင်းဆက်ဘက်ကို ဘက်ပြောင်းလိုက်တာ ပိုကောင်းမယ် "
" တကယ်လို့ ဒီအမိန့်တော်ကို နာခံမယ်ဆိုရင် ယွမ်ဟိုင်စီရင်စုနယ်မြေကို ဆယ်နှစ်တိတိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးပါလို့ သူတော်စင်ဧကရာဇ်ကို အရှင် တောင်းဆိုပေးဖို့ ကျွန်တော်မျိုး တိုက်တွန်းလိုပါတယ် "
ထိုသို့ဆိုကာ မဟာကောင်းကင်သခင်သည် လက်ယှက်၍ ပိုင်ရှောင်ချန်းအား ဦးညွှတ်လိုက်ပြီး အဖြေတစ်ခုကို ပြန်လည်စောင့်ဆိုင်းနေတော့သည်။
သရဲကြီးဘုရင်ကမူ ဘေးနားတွင် မတ်တတ်ရပ်ကာ ဆိတ်ငြိမ်နေသည်။
ပိုင်ရှောင်ချန်းမှာ သူတို့နှစ်ယောက်အား ကြည့်လိုက်ပြီး တော်ဝင်အမိန့်တော်ကို စိုက်ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူသည် သက်ပြင်းချလိုက်တော့သည်။ သူအင်မော်တယ်နယ်မြေများထဲသို့ စတင်ရောက်ရှိခဲ့သည့် အချိန်မှစ၍ သူကောင်းကင်တံတားနယ်မြေထဲတွင် ရှိခဲ့စဥ်တုံးကလောက် လွတ်လပ်မှုမရှိဟု ခံစားခဲ့ရသည်။
သူသည် အမြဲတမ်း ဖိအားများအောက် ရောက်နေခဲ့ရသည်ဖြစ်ပြီး တစ်နည်းမဟုတ်တစ်နည်းဖြင့် ချုပ်နှောင်ခံထားရသကဲ့သို့ ဖြစ်နေခဲ့ရသည်။ ယခင်ကဆိုလျှင် သူဆန္ဒရှိသည့်အတိုင်း စိတ်ကြိုက်ပြုမူခွင့် ရှိခဲ့ပါသော်လည်း ယခုတွင်မူ ထိုသို့ပြုမူ၍ မရတော့ပေ။ ထို့ကြောင့် သူသည် မျက်ထောင့်နီကြီးများဖြင့် လက်ရှိအခြေအနေကို တစ်ခဏမျှသုံးသပ်လိုက်ပြီးနောက် အံကြိတ်၍ သတင်းပို့ပေလွှာတစ်ခုကို ထုတ်ယူလိုက်သည်။ ထို့နောက် သူသည် လုံးဝတွေဝေမနေတော့ပဲ သူတော်စင်ဧကရာဇ်ဆီသို့ တောင်းဆိုချက်အချို့ကို လှမ်း၍အကြောင်းကြားပေးပို့လိုက်သည်။
ယခုတွင် သူသည် လောကနတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ညှိုနှိုင်းမှုများ ပြုလုပ်နိုင်လောက်အောင် ဤကမ္ဘာထဲတွင် အဆင့်မြင့်မားနေပြီဖြစ်သည်။
သိပ်မကြာခင် သူတော်စင်ဧကရာဇ်မှာ သူ၏တောင်းဆိုချက်များကို လိုက်လျောကြောင်း အကြောင်းပြန်လာသည်။ သူတို့နှစ်ဦးအကြားတွင် ဟန်ဆောင်နေစရာ မလိုတော့ပေ။ ပိုင်ရှောင်ချန်း၏ ယွမ်ဟိုင်စီရင်စုနယ်မြေအား ဆယ်နှစ်တိတိ လက်ဖျားနှင့်ပင် မတို့ရဟူသော တောင်းဆိုချက်ကို သူသည် ချက်ချင်းပင် ခွင့်ပြုပေးလိုက်သည်။
ထိုဆယ်နှစ်တာ အတောအတွင်း သူတော်စင်ဧကရာဇ်မှာ ထိုစီရင်စုနယ်မြေကို မည်သည့်နည်းနှင့်မျှ ဝင်ရောက်စွက်ဖက်ခွင့်ရှိမည်မဟုတ်ပေ။ သို့သော် ထိုဆယ်နှစ်တာ ကုန်ဆုံးသွားပြီးနောက်တွင် ထိုစီရင်နယ်မြေမှာ သူတော်စင်ဧကရာဇ်မင်းဆက်၏ အုပ်ချုပ်မှုအောက်သို့ ပြန်ရောက်သွားမည်ဖြစ်သည်။
" ဆယ်နှစ် … မိစ္ဆာဧကရာဇ်မင်းဆက်ထဲမှာ ကိုယ်ပိုင်နယ်မြေတစ်ခု သိမ်းပိုက်ဖို့အတွက် ငါ့မှာအချိန်ဆယ်နှစ်ရှိတယ် ... "
သူသည် ထိုသို့စိတ်ပိုင်းဖြတ်လိုက်ပြီး သံအမတ်ရာထူးကို လက်ခံလိုက်တော့သည်။
ရက်အနည်းငယ်အကြာတွင် သူထွက်ခွာသွားတော့သည်။ သူသည် မဟာကောင်းကင်သခင်နှင့် အခြားအရေးကြီးပုဂ္ဂိုလ်များကို အသိပေးလိုက်ပါသော်လည်း နှုတ်ဆက်ပွဲကြီးတစ်ခု မကျင်းပခဲ့ပေ။
သူ၏ရာထူးအဆင့်အတန်းကြောင့် သူ၏ပန်းတိုင်ကိုသွားရန် ထာဝရပင်လယ်ကို ဖြတ်နေစရာမလိုပေ။ သူသည် အရင်ဆုံး ဒုတိယအင်မော်တယ်နယ်မြေ၏ မြို့တော်သို့သွား၍ ေကာင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်နှင့် တွေ့ဆုံလိုက်သည်။ ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်မှာ သတင်းအစုံအလင်ကိုကြားသိလိုက်သောအခါ တစ်ခဏမျှတွေဝေသွားပြီး ခေါင်းယမ်းလိုက်တော့သည်။
" တာအိုရောင်းရင်းပိုင်ရေ။ သူတော်စင်ဧကရာဇ် ဘာလုပ်လုပ် ငါ့အတွက်ဆိုရင်တော့ ယွမ်ဟိုင်စီရင်စုနယ်မြေက အမြဲတမ်းမင်းအပိုင်း ဖြစ်နေရမယ်လို့ အာမခံပါတယ် "
သက်တော်ရှည်ဝိညာဥ်မှာ သူတော်စင်ဧကရာဇ်နှင့် နဂိုထဲကမှ သဘောထားကွဲလွဲချက်များ ရှိနေသည်ဖြစ်သောကြောင့် ဤအမိန့်တော်အသစ်ကို သက်တော်ရှည်ဝိညာဥ်က လုံးဝသဘောမကျပေ။
ပိုင်ရှောင်ချန်း ဒုတိယအင်မော်တယ်နယ်မြေသို့ စတင်ရောက်ရှိခဲ့သည့်အချိန်က သူနှင့် သက်တော်ရှည်ညာဥ်တို့အကြားတွင် တင်းမာမှုအနည်းငယ် ရှိခဲ့သည်။ သို့သော် ပြဿနာများပြေလည်သွားပြီးနောက် သူတို့မှာ ချစ်ကြည်စွာနေထိုင် ဆက်ဆံခဲ့သည်သာဖြစ်သည်။ ထို့အပြင် အင်မော်တယ်နယ်မြေတစ်ခုထဲတွင် ကောင်းကင်ဧကရာဇ်အဆင့်ကျင့်ကြံသူနှစ်ယောက်ရှိနေပါက တပ်ဖွဲ့အင်အားမှာ ပို၍တောင့်တင်းသည် မဟုတ်ပါလော။
ကောင်းကင်ဧကရာဇ်သက်တော်ရှည်ဝိညာဥ်၏ အာမခံချက်ကြောင့် ပိုင်ရှောင်ချန်းမှာ စိတ်နှလုံးလှုပ်ရှားသွားရသည်။ သူသည် ကျေးဇူးတင်စကားများ ဆိုလိုက်ပြီးနောက် တည်နေရာရွှေ့ပြောင်းခြင်းအပေါက်ဆီသို့ ဦးတည်သွားလိုက်သည်။ ခဏအကြာတွင် တဂျိန်းဂျိန်းမြည်သံများ ပေါ်ထွက်လာပြီး သူသည် ဒုတိယအင်မော်တယ်နယ်မြေထဲမှ ပျောက်ကွယ်သွားတော့သည်။ သူပြန်ပေါ်လာသောအခါတွင် .... သူတော်စင်ဧကရာဇ်မင်းဆက်၏ နယ်မြေထဲတွင် ရှိမနေတော့ပေ။
သူသည် မိစ္ဆာဧကရာဇ်မင်းဆက်ထဲသို့ရောက်နေပြီဖြစ်ပြီး အတိအကျဆိုရမည်ဆိုလျှင် နန်းမြို့တော်တည်ရှိရာ အင်မော်တယ်နယ်မြေထဲသို့ ရောက်ရှိနေပြီဖြစ်သည်။
မိစ္ဆာဧကရာဇ်မြို့တော်ကို ကောင်းကင်တောင်ငါးလုံးက ဝန်းရံထားပြီး ထိုတောင်တစ်လုံးချင်းစီ၏ထိပ်တွင် မြို့တော်ကြီးကို အခြားအင်မော်တယ်နယ်မြေများနှင့် ချိတ်ဆက်ပေးထားသည့် မန္တန်အစီအရင်တစ်ခုရှိနေသည်။ ထိုတည်နေရာပြောင်းရွှေ့ခြင်း ဝင်ပေါက်များကြောင့် ထာဝရအင်မော်တယ်နယ်မြေများမှာ တစ်ခုမှ အခြားတစ်ခုသို့ သွားရောက်၍ မရနိုင်လောက်အောင် ကြီးမားဝေးကွာနေခြင်း မရှိတော့ပေ။
သူတော်စင်ဧကရာဇ်မြို့တော်တွင်လည်း ထိုသို့သော မန္တန်အစီအရင်များရှိပါသော်လည်း ၎င်းတို့ကို အသုံးနည်းပေသည်။ ထိုတည်နေရာရွှေ့ပြောင်းချင်းဝင်ပေါက်များကို ဖွင့်မည်ဆိုပါက နှစ်ဘက်စလုံးမှာ အရင်ဆုံး သဘောတူညီမှုတစ်ခု ရယူရမည် မဟုတ်ပါလော။
ယခုမှာ ပိုင်ရှောင်ချန်းက မိစ္ဆာဧကရာဇ်မင်းဆက်ထဲသို့ တည်နေရာရွှေ့ပြောင်းသည့် ပထမဆုံးအကြိမ်ဖြစ်သည်။ သူသည် ပေါ်ပေါ်လာချင်း ဘေးဘီဝဲယာကို ကြည့်လိုက်သောအခါ သူ၏ လက်အောက်ငယ်သားများအဖြစ် တာဝန်ထမ်းဆောင်ကြမည်ဖြစ်သော သူတော်စင်ဧကရာဇ်မင်းဆက်မှ ကျင့်ကြံသူတစ်ဒါဇင်ကျော်ကို တွေ့လိုက်ရသည်။ သူတို့ထဲမှ နှစ်ယောက်မှာ နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူများဖြစ်ပြီး အခြားလူများမှာ နတ်အဆင့်ကျင့်ကြံသူများဖြစ်ကြသည်။
" မင်္ဂလာပါ ကောင်းကင်တံတားဘုရင် "
ပိုင်ရှောင်ချန်းက မည်သည့်စကားမှ ပြန်မပြောပေ။ သူသည် ကောင်းကင်တောင်ပေါ်ရှိ မန္တန်အစီအရင်ပေါ်တွင်ရပ်၍ အေးမြသောလေထုကြီးကိုခံစားနေပြီး ရံခါဖန်ခါ လျှပ်စီးများလက်နေသော ခရမ်းရောင်တိမ်တိုက်များကိုလှမ်းကြည့်နေသည်။
သူတော်စင်ဧကရာဇ်မင်းဆက်နှင့် လုံးဝမတူညီပေ။ ပတ်ဝန်းကျင်တစ်ခုလုံး မည်းမှောင်နေပြီး ထိတ်လန့်အံ့သြဖွယ်ကောင်းနေသည်။ ဤနေရာကြီးတစ်ခုစလုံးမှာ သွေးဆာနေသည်ဟုပင် ထင်ရသည်။
ခရမ်းရောင်တိမ်တိုက်များ၏အောက်၊ ကောင်းကင်တောင်ငါးလုံး၏ အလယ်တွင် တောင်ကြားတစ်ခုရှိသည်။ ထိုတောင်ကြား၏ အလယ်ဗဟိုတည့်တည့်တွင် ဧရာမ သုံးခွမှိန်းကြီးမှာ ကောင်းကင်ယံပေါ်သို့ ထိုးထွက်နေသည်။
ထိုမှိန်းကြီး၏ အကျယ်မှာ မီတာသုံးရာခန့်ရှိပြီး ပိုင်ရှောင်ချန်း၏ အမြင်အရဆိုလျှင် ၎င်းမှာ မှော်ပစ္စည်းတစ်မျိုးဖြစ်သည်။ ၎င်းမှာ ခြောက်ခြားဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးနေပြီး အံ့သြဖွယ်ရာအကောင်းဆုံးက ထိုသုံးခွမှိန်းကြီး၏ ပတ်ပတ်လည်တွင် ရစ်ပတ်နေသော ဧရာမ အရိုးနဂါးကြီးတစ်ကောင်ပင် ဖြစ်သည်။