အခန်း (၁၀၁-၁၀၂)
Vol. 11 Ch. 101-102
အခန်း(၁၀၁)
“ဒီလူလွန်မသားကတော့ . . .”
ဒီအခြေအနေကြီးက ဘယ်လောက်တောင် ရယ်ချင်စရာကောင်းနေသလဲဆိုတာ ချန်ဟူး တစ်ယောက် ရယ်တောင် မရယ်နိုင်တော့ဘူး။ မာရူးက သူ ဘယ်နေရာရောက်နေလဲဆိုတာကိုရော သိရဲ့လားမသိဘူး။ အဲဒီကောင်က ချန်ဟူး လက်ထဲက သားကောင်ကို စူးစူးစိုက်စိုက် ကြည့်နေတာလေ၊ အဲဒါက ချန်ဟူးကို တကယ့်ကို ဒေါသထွက်စေတာပေါ့။ နောက်ဆုံးတော့ သူက သူ့ရှေ့က ခိုင်းဖတ်ကောင်လေးနားကို တိုးကပ်သွားပြီး တိုးတိုးလေး ကပ်ပြောလိုက်တာလေ။
“ဒီကလေးတွေကို ဂရုမစိုက်နဲ့တော့၊ မင်းအတန်းထဲမင်း ပြန်သွားတော့ . . . ဟုတ်ပြီလား”
“. . . ဟုတ်ကဲ့”
“ဒီနေ့ ဘာမှမဖြစ်ခဲ့ဘူးနော်။ အဲဒါကိုတော့ မင်း သိပါတယ်၊ ဟုတ်တယ်မလား”
အဲဒီကောင်လေးက ခေါင်းညိတ်ပြတော့ ချန်ဟူးက သူ့ကို အသာလေး တွန်းထုတ်လိုက်တာပေါ့။ တော်သေးတာပေါ့၊ ဒီလိုငတုံးတွေကို ပါးစပ်ပိတ်ခိုင်းဖို့က တော်တော်လေး လွယ်တာကိုး။ စကားကို ဝှေ့ဝိုက်ပြီး ပြောတာက သူတို့စိတ်ထဲမှာ ပိုပြီးတော့တောင် ကြောက်စိတ်ဝင်သွားစေတယ်ဆိုတာ ချန်ဟူး ကောင်းကောင်း သိတာပေါ့။ အဲဒီငတုံးကတော့ ကျောင်းရဲ့ တခြားတစ်ဖက်ဆီကို ပျောက်ကွယ်သွားတော့တာလေ။
“မင်းက ဘာကိစ္စရှိလို့လဲ” လို့ ချန်ဟူးက မေးလိုက်တာပေါ့။
“မင်းကတော့ အစွမ်းကုန် လုပ်နေတာပဲနော်။ ငါက မင်းကို ကြွားချင်ရုံသက်သက်ပဲလို့ ထင်နေတာ၊ တကယ်တော့ မင်းက တကယ့် အမှိုက်ကောင်ပဲ”
“ဟား . . . မင်းကတော့ . . .”
ချန်ဟူးက မာရူးရဲ့ အနောက်ဘက်ကို တစ်ချက် ကြည့်လိုက်တာလေ။ အဲဒီကောင်က သူငယ်ချင်းတွေ ဘာတွေ ခေါ်လာသလားလို့ သူ စစ်ဆေးကြည့်ချင်လို့လေ။ ဒါပေမဲ့ ကြည့်ရတာတော့ တစ်ယောက်တည်းပဲ ထင်ပါရဲ့။
‘တကယ့် ဟန်ဆောင်ကောင်းတဲ့ကောင်ပဲ’
ချန်ဟူးက မာရူးဆီကို လျှောက်သွားရင်း သူ့သူငယ်ချင်းတွေကို အချက်ပြလိုက်တာလေ၊ သူက ရန်ဖြစ်ချင်တာ မဟုတ်ပါဘူး။ ဟိုကောင်ကို ကြောက်သွားအောင်ပဲ လုပ်ချင်တာကိုး။ မာရူးနဲ့ နှစ်မီတာလောက် အကွာကို ရောက်တော့ အဲဒီကောင်က ပါးစပ်ဟလိုက်တာလေ။
“ငါ့ပိုက်ဆံတွေ ပြန်လာတောင်းတာ”
ချန်ဟူး ခြေလှမ်းတွေ ရပ်သွားတာပေါ့။
“ပိုက်ဆံ”
“အေး . . . ပိုက်ဆံ”
“ဪ . . . အဲဒီ တစ်သိန်းကို ပြောတာလား”
ချန်ဟူးက သူ့ဘေးက သူငယ်ချင်းတွေနဲ့အတူ တဝါးဝါး ရယ်တော့တာပေါ့။
“ဘာလဲ . . . မင်းက ပိုက်ဆံအတွက်နဲ့ ဒီအထိ လာတာလား”
“ပိုက်ဆံအတွက် မဟုတ်ရင် ဘာအတွက် လာရမှာလဲ”
“ခွေးမသား . . . မင်းကတော့ တကယ်ကို ခန့်မှန်းရခက်တဲ့ကောင်ပဲ”
“ငါ ရှည်ရှည်ဝေးဝေး မပြောချင်ဘူး။ ငါ့ပိုက်ဆံ ပြန်ပေးစမ်း”
“ဝမ်တစ်သိန်း . . . အေးလေ၊ ငါ ခဏ ချေးထားတာပါ၊ ဒါပေမဲ့ . . . ငါ အခု ပြန်မပေးချင်သေးဘူး။ အဲဒါကို အဲလောက်အထိ ကပ်စေးမနှဲစမ်းပါနဲ့။ ငါတို့က သူငယ်ချင်းတွေပဲ မဟုတ်လား”
ချန်ဟူးက ပြုံးပြုံးလေးနဲ့ မာရူးရဲ့ ပခုံးကို အသာလေး တွန်းလိုက်တာလေ။
“မင်းမှာ ပိုက်ဆံတွေ အများကြီး ရှိတာပဲ မဟုတ်လား။ ဒီလောက် ပိုက်ဆံလေးကို ဘာလို့ အဲလောက်အထိ ဂရုစိုက်နေတာလဲ”
“စကားလမ်းကြောင်း မလွှဲနဲ့။ ငါ့ပိုက်ဆံ ပြန်ပေး”
“မပေးချင်ဘူး”
ချန်ဟူးက ဖြီးပြလိုက်တာပေါ့။ သူ့မှာ ပိုက်ဆံ ရှိပါတယ်၊ ဒါပေမဲ့ သူ အလကား မပေးချင်တာလေ။
“မင်း တခြားကလေးတွေကိုလည်း ဒီလိုပဲ လုပ်တာလား”
“မင်းက ဘာလို့ ဂရုစိုက်နေတာလဲ။ ဘာလဲ . . . မင်းပါ သူတို့နဲ့အတူ အုပ်စုထဲ ဝင်ချင်လို့လား”
ချန်ဟူးက မာရူးကို နောက်တစ်ခါ ထပ်တွန်းလိုက်ပြီး လှည့်ထွက်ဖို့ လုပ်တာပေါ့။
‘ဒီကောင်က လက်သီးကို မကြောက်တဲ့ကောင်ပဲ’
ပြီးခဲ့တဲ့တစ်ခေါက် အိမ်သာထဲမှာတုန်းက သူ အဲဒါကို သတိထားမိခဲ့တာလေ။ အဲဒီကောင်က အကြမ်းဖက်ရတာကို သိပ်မကြိုက်ပေမဲ့ ရန်ဖြစ်ပြီဆိုရင်တော့ လူတစ်ယောက်တည်းကိုပဲ ပစ်မှတ်ထားပြီး နှိပ်ကွပ်တတ်တဲ့ လူစားမျိုးလေ။ မာရူးရဲ့ ပစ်မှတ်က သူ ဖြစ်နေမှာကို ချန်ဟူး ကောင်းကောင်း သိတာကြောင့် ဒီအတိုင်းကြီးတော့ ရန်မစချင်ဘူးလေ။
“ဒါဆို . . . မင်းက ပြန်မပေးဘူးပေါ့”
“မင်း ကြိုက်သလို တွေး၊ ကြိုက်သလို လုပ်။ သွားတိုင်ချင်ရင်လည်း တိုင်လိုက်လေ၊ အဲဒီကျမှပဲ ငါ ပိုက်ဆံ ပြန်ပေးမယ်။ ဒါပေမဲ့ မင်းက အဲဒီလို ကလေးကလား ကိစ္စမျိုးတော့ လုပ်မှာ မဟုတ်ဘူးလို့ ငါ ထင်ပါတယ်၊ ဟုတ်တယ်မလား”
“ငါ နောက်ဆုံးအကြိမ် ထပ်မေးမယ်။ အဖြေမပေးခင် သေသေချာချာ စဉ်းစားနော်။ မင်းက ဝမ်တစ်သိန်း လိုတယ်ဆိုလို့ ငါ ပေးခဲ့တယ်။ အခုတော့ မင်းက ပြန်မပေးဘူးလို့ ပြောနေတာလား”
“ခွေးမသား . . . မင်းက တကယ်ပဲ ငါ့ကို နှစ်ခါ ပြန်ပြောခိုင်းနေတာလား။ ငါ့ရဲ့ ဖင်ထဲက ပိုက်ဆံတောင် ပြန်မပေးနိုင်ဘူးကွာ”
အဲဒီအချိန်မှာပဲ သူတို့အနောက်မှာ နောက်ထပ် လူနှစ်ယောက် ပေါ်လာတာလေ။ ဒေးမြောင်နဲ့ ဒိုဂျင်ပေါ့။
“ဘာတွေ ဖြစ်နေတာလဲ” လို့ ဒိုဂျင်က စိုက်ကြည့်ရင်း ရှေ့ကို တိုးလာတာလေ။
ပေါ်လာသမျှ လူတွေထဲမှာမှ အဲဒီကောင်မှ ဖြစ်ရလေသလား။ ဒိုဂျင်က မာရူးထက်စာရင် ကိုင်တွယ်ရ ပိုခက်တယ်လေ။ အဲဒီကောင်က အရင်တုန်းက တော်တော်လေးဆိုးခဲ့တဲ့ကောင်ဆိုတာ သေချာတာပေါ့။ ပြီးတော့ သူက ရန်ဖြစ်ရင်လည်း တော်တော်လေး ကျွမ်းမယ့်ပုံပဲ။ ပြန်တိုက်နိုင်တဲ့ လူမျိုးတွေနဲ့ဆိုရင် ချန်ဟူးက သိပ်ပြီး မပတ်သက်ချင်ဘူးလေ။
‘အခြေအနေ မဟန်ရင်တော့ သူ့ကို အလဲထိုးရမှာပေါ့’
တော်သေးတာပေါ့၊ ချန်ဟူးမှာ သူ့သူငယ်ချင်းတွေ ပါနေလို့လေ။ သူတို့တွေကို လုပ်နိုင်တုန်းမှာ ကြောက်သွားအောင် လုပ်လိုက်တာက အကောင်းဆုံးပဲ။
“မင်းတို့ ချချင်ရင်တော့ လာခဲ့လေ။ ဒါပေမဲ့ မင်းတို့ရဲ့ ချစ်စရာကောင်းတဲ့ ကလပ်အကြောင်း မကောင်းတဲ့ သတင်းတွေ ငါ ဖြန့်ပစ်မှာနော်။ ဆရာတွေကိုလည်း သွားတိုင်မယ်”
“မင်းကတော့ တကယ်ကို ကလေးပဲ”
ဒိုဂျင်က သွားတွေကို ကြိတ်ပြီး ရှေ့ကို တိုးလာတာပေါ့။ ချန်ဟူးလည်း ရှေ့ကို တိုးလိုက်တာလေ၊ ဟိုကောင်က သူ့ကို ဘယ်လိုမှ မရိုက်နိုင်ဘူးဆိုတာ သူ သိနေတာကိုး။ ပြီးခဲ့တဲ့တစ်ခေါက်ကလည်း သူ အဲဒါကို အတည်ပြုခဲ့ပြီးသားလေ။ ပြဇာတ်ကလပ်ဆိုတာ ဒိုဂျင်အတွက်တော့ တကယ့်ကို တန်ဖိုးရှိတဲ့ နေရာတစ်ခု ဖြစ်ပုံရပါတယ်။ ပြီးတော့ အရိုက်ခံရတာကလည်း သေသွားမှာမှ မဟုတ်တာ။ နည်းနည်းလောက် နာကျင်ရတာနဲ့ ပိုပြီး ပျော်စရာကောင်းမယ့် ကိစ္စမျိုးဆိုရင်တော့ ချန်ဟူးက အခုချက်ချင်းတောင် အရိုက်ခံလိုက်ဦးမှာပေါ့။ ချန်ဟူးက သူ့ပါးကို စောင်းပေးလိုက်ပြီး ဒိုဂျင်ကို ရိုက်ဖို့ စိန်ခေါ်လိုက်တာလေ။ ဒိုဂျင်ကတော့ ဒေါသတွေပဲ ထွက်နေရုံကလွဲလို့ ဘာမှ မတတ်နိုင်ဘူးပေါ့။
‘ငါ ထင်တဲ့အတိုင်းပါပဲ’
ချန်ဟူး မဲပြုံးပြုံးလိုက်တယ်။ အခုချိန်မှာတော့ ပြဇာတ်ကလပ်ဆိုတာ ဒီကလေးတွေအတွက်တော့ အားနည်းချက်တစ်ခု ဖြစ်နေပြီဆိုတာ သိသာနေပြီလေ။
“သွားကြရအောင်”
“ဟေ့ . . . ဟန်မာရူး”
မာရူးက ဘာမှ ထပ်မပြောဘဲ ဆုတ်ခွာသွားတာပေါ့။ ဒိုဂျင်ကတော့ ဒေါသတကြီးနဲ့ အသက်ကို ပြင်းပြင်းရှူရင်း ဟိုကောင်နောက်ကို ပြေးလိုက်သွားတာလေ။ ဒေးမြောင်လည်း အမြန်ပဲ ထွက်သွားတော့တာပေါ့။
“ငကြောက်လေးတွေ”
“မာရူးက သွားတိုင်ရင် ဘယ်လိုလုပ်မလဲ”
“မပူပါနဲ့၊ သူ မတိုင်ပါဘူး။ အဲဒီကောင်က ဘာလို့လဲမသိဘူး၊ သူ့မာနနဲ့သူ ရှိနေတာ"
“တကယ်လား”
“ပြီးတော့ သူ တိုင်ရင်တောင်မှ ဒါက အထင်လွဲတာပါလို့ ဆရာ့ကို ပြောလိုက်လို့ ရတာပဲ။ ဆရာတွေက ပြဿနာတွေ ရှင်းရမှာကို မုန်းကြတာလေ၊ အဲဒီတော့ သူတို့လည်း ဒီအတိုင်းပဲ လွှတ်ပေးလိုက်ကြမှာပေါ့၊ ၁၀၀% သေချာတယ်။ အလယ်တန်းတုန်းက ဘယ်လိုလဲဆိုတာ မှတ်မိသေးတယ် မဟုတ်လား။ ဒီမှာလည်း အတူတူပါပဲ"
“မင်း ပြောတာ မှန်တယ် ချန်ဟူး”
ချန်ဟူး မဲပြုံးပြုံးလိုက်တယ်၊ လူတွေရဲ့ အားနည်းချက်ကို နှိပ်ကွပ်ရတာက သူ့အတွက်တော့ အမြဲတမ်း စိတ်ကျေနပ်စရာပဲလေ။ သူတို့တွေကို စိတ်ကြိုက် ခြယ်လှယ်နိုင်တယ်လို့ သိလိုက်ရတာက သူ့ကိုယ်သူ ကမ္ဘာ့ထိပ်သီး ရောက်နေသလိုမျိုး ခံစားရစေတာကိုး။ တကယ်တော့ လူတစ်ယောက်ကို ရိုက်နှက်နေတုန်း အဲဒီလူက ဘာမှ မတတ်နိုင်ဘဲ ကြိုးပြတ်နေတဲ့ ရုပ်သေးရုပ်လိုမျိုး အသက်မဲ့စွာ စိုက်ကြည့်နေတာကို မြင်ရတဲ့ ခံစားချက်ထက် ပိုကောင်းတဲ့ အရာ မရှိတော့ဘူးလေ။
“အခုဆိုရင် သူတို့တွေ ငြိမ်သွားကြမှာပါ”
* * * * * * * * *
“မင်း မလာခဲ့သင့်ဘူး”
“ငါတို့သာ အဲဒီမှာ မရှိရင် မင်း တော်တော် ဒုက္ခရောက်သွားမှာ၊ အဲဒါကို သိရဲ့လား”
“မဖြစ်နိုင်တာ”
“ဒါနဲ့ မင်းက ဘာဖြစ်လို့ အဲဒီကို ရောက်နေရတာလဲ”
ဒိုဂျင်ရဲ့ မေးခွန်းကြောင့် မာရူးက သူ့မျက်ခုံးကို ကုပ်လိုက်တာလေ။
“ငါ စခဲ့တဲ့ ကိစ္စကို ငါကိုယ်တိုင်ပဲ အဆုံးသတ်ချင်လို့ပါ”
“ဘာ”
ဒိုဂျင်က မာရူးကို ဇဝေဇဝါမျက်နှာနဲ့ ကြည့်နေတော့တာပေါ့။
* * * * * * * * *
အတန်း(၂) က ဗြောင်ဆူကတော့ ဒီနေ့လည်း နာရီကိုပဲ ထိုင်ကြည့်နေပြန်တာလေ။ နောက်ဆုံးအချိန် ဘယ်တော့ ပြီးမလဲဆိုတာကို သူ မစောင့်နိုင်တော့ဘူး။
“ဟေ့ . . . ဂိမ်းဆိုင် သွားကြရအောင်”
“မင်းက ဘိလိယက် သွားဆော့ချင်တယ်ဆို”
“တော်စမ်းပါကွာ၊ အကင်ဆိုင်ပဲ သွားရအောင်။ ငါ ဗိုက်အရမ်း ဆာနေပြီ”
တခြားကလေးတွေကတော့ အုပ်စုလိုက် ဘယ်သွားကြမလဲဆိုတာကို ပြောနေကြတာလေ။ ဗြောင်ဆူလည်း တစ်ချိန်တုန်းကတော့ သူတို့ထဲက တစ်ယောက် ဖြစ်ချင်ခဲ့တာပေါ့၊ ဒါပေမဲ့ အခုတော့ မဟုတ်တော့ပါဘူး။ အခုချိန်မှာတော့ သူ အမြန်ဆုံး အိမ်ပြန်ဖို့ကလွဲလို့ တခြား ဘာမှ မစဉ်းစားနိုင်တော့ဘူးလေ။
“ဟေ့ . . . ဗြောင်ဆူ၊ ဟို ကျောက်သင်ပုန်းဖျက်ကို သွားဆေးပေးစမ်း”
“ဗြောင်ဆူ . . . ဒါလေး သွားလွှင့်ပေးဦး”
ဗြောင်ဆူ က ဘာမှ ပြန်မပြောဘဲ ကျောက်သင်ပုန်းဖျက်နဲ့ အမှိုက်ကို ယူဖို့ ထလိုက်တာလေ။ သူ ဘယ်အချိန်ကတည်းက ဒီလို ဖြစ်သွားတာပါလိမ့်။ သူ့စိတ်ထဲမှာ ဒေါသတွေ တောက်လောင်လာသလို ခံစားရပေမဲ့ သူ ပြန်အောင့်ထားလိုက်တာပေါ့။ လူတွေက သူ့ကို ကြည့်နေကြတာလေ။ သူ ကျောက်သင်ပုန်းဖျက်ကို အမြန်ဆေးပြီး အမှိုက်တွေကို သွားလွှင့်ပစ်လိုက်တာပေါ့၊ ပြီးမှ သူ့နေရာမှာ သူ ပြန်ထိုင်လိုက်တာလေ။
အဲဒီအချိန်မှာတော့ . . . သူက ပြန်ပြီး မမြင်ကွယ်ရာ ရောက်သွားပြန်ပြီပေါ့။ သူ့ရဲ့ သူငယ်ချင်း နှစ်ယောက်ကတော့ သူနဲ့ မလှမ်းမကမ်းမှာ ရယ်မောနေကြတာလေ။ အရင်တုန်းကတော့ သူက သူတို့နဲ့ အမြဲ စကားပြောဖြစ်ခဲ့တာပါ၊ ဒါပေမဲ့ အခုတော့ သူတို့က သူ့ကို နှုတ်တောင် မဆက်ကြတော့ဘူး။
ဒါတွေက ဘယ်လိုဖြစ်ပြီး ဒီလို ဖြစ်သွားရတာလဲ။ ဗြောင်ဆူ ခေါင်းခါလိုက်တာပေါ့။ သူ ဆက်ပြီး မစဉ်းစားချင်တော့ဘူး၊ စဉ်းစားလေလေ ပိုပြီး နာကျင်ရလေလေပဲ။ လူတွေက သူ့ကို ဘာလို့ မကြိုက်ကြတာလဲဆိုတာကို သူ စဉ်းစားတာကို လက်လျှော့လိုက်ပြီး အခြေအနေအတိုင်းပဲ နေဖို့ ကြိုးစားလိုက်တာပေါ့။ အနည်းဆုံးတော့ အဲဒီလိုလုပ်မှ တခြားကလေးတွေက သူ့ကို နှိပ်စက်တာ သက်သာမှာကိုး။
‘ဒုတိယနှစ်ကျရင်တော့ အခြေအနေတွေ ပြောင်းလဲသွားမလားမသိဘူး’
အဲဒီလို တွေးရင်းနဲ့ ဗြောင်ဆူကတော့ ဒီကြောက်စရာကောင်းတဲ့ ဆောင်းရာသီကြီး ကုန်ဆုံးသွားဖို့ပဲ ဆုတောင်းနေမိတာပေါ့။ နောက်ဆုံးတော့ ဆရာ အခန်းထဲ ဝင်လာပြီး ကျောင်းဆင်းဖို့ ပြောလိုက်တာလေ။
“ငါ ဒီနေ့ စောစော ပေးဆင်းမယ်၊ အဲဒီတော့ လျှောက်မလည်ကြနဲ့၊ အိမ်ကိုပဲ တန်းပြန်ကြ"
ဗြောင်ဆူ သူ့အိတ်ကို အမြန်ဆုံး ဆွဲယူပြီး အပြင်ကို ထွက်လာခဲ့တာပေါ့၊ သူ့ကို လှမ်းခေါ်မယ့်သူလည်း တစ်ယောက်မှ မရှိပါဘူး။ သူ့ရဲ့ စားပွဲခုံက ကျွန်းလေးတစ်ကျွန်းလိုပဲ၊ သူ အမြန်ဆုံး ထွက်ပြေးရမယ့် ငရဲခန်းကြီးတစ်ခုပေါ့။
ဗြောင်ဆူ ရဲ့ ဖုန်း မြည်လာတာလေ၊ သူ့ရဲ့ အလယ်တန်းတုန်းက သူငယ်ချင်းဆီကပေါ့။ သူက စိတ်လှုပ်ရှားစွာနဲ့ ဖုန်းကို ကိုင်လိုက်တာလေ။
“ဗြောင်ဆူ မတွေ့တာ ကြာပြီနော်။ ဘယ်လိုနေလဲ”
“အေး . . . အဆင်ပြေပါတယ်"
“မင်းကလည်း တစ်ခါတလေတော့ ဖုန်းဆက်ဦးမှပေါ့ကွာ။ ကျောင်းက ဘယ်လိုလဲ။ လူဆိုးတွေ အများကြီး ရှိလား”
“မရှိပါဘူး၊ အကုန်လုံးက လူကောင်းတွေကြီးပါပဲ"
“ဟုတ်လို့လား။ ဟေ့ . . . တခြားကောင်တွေကလည်း မင်းနဲ့ တွေ့ချင်နေကြတာ၊ အဲဒီတော့ ပိတ်ရက်ကျရင် ဘယ်လိုလဲ။ အားလား”
“အားတာပေါ့။ အားလုံးနဲ့ မတွေ့ရတာ ကြာပြီဆိုတော့"
“မင်းကလည်း တစ်ခါတလေတော့ ဖုန်းဆက်ဦး။ မင်းက Group chat ထဲမှာလည်း မရှိတော့ဘူး။ အဲဒီကိုလည်း ပြန်လာခဲ့ဦးလေ”
ပြုံးစိုးက “အေးပါ” လို့ ပြောပြီး ဖုန်းကို အမြန် ချလိုက်တာပေါ့။ အဲဒီနောက်မှာတော့ အလယ်တန်းတုန်းက အကြောင်းတွေကို တွေးမိပြီး စိတ်ဓာတ်ကျသွားတာလေ။ အဲဒီတုန်းက သူ့မှာ သူငယ်ချင်းတွေ အများကြီး ရှိခဲ့တာပေါ့။ ဒါပေမဲ့ အခုတော့ သူ Group chat ထဲကို မဝင်ဖြစ်တော့တာ ကြာပြီ၊ ဘာလို့လဲဆိုတော့ အခုချိန်မှာ သူ့ရဲ့ သူငယ်ချင်းစာရင်းက လုံးဝ ဗလာ ဖြစ်နေလို့လေ။
သူ့ရဲ့ အလယ်တန်းတုန်းက သူငယ်ချင်းတွေကတော့ သူတို့ရဲ့ အထက်တန်းကျောင်းက သူငယ်ချင်းအသစ်တွေနဲ့ အဆင်ပြေနေကြတာ၊ ဒါပေမဲ့ သူကတော့ . . . ဒီလိုမျိုး အနိုင်ကျင့်ခံနေရတာလေ။ အဲဒီအကြောင်းတွေကို သူ့သူငယ်ချင်းတွေကိုလည်း သူ မပြောပြချင်ဘူး။ အကယ်၍ သူတို့ပါ တခြားသူတွေလိုပဲ သူ့ကို ကျောခိုင်းသွားရင် ဘယ်လိုလုပ်မလဲ။
အဲဒီအချိန်မှာပဲ နောက်ထပ် ဖုန်းတစ်ကော ဝင်လာတာလေ။ သူ့အမေဆီကပေါ့။ ဗြောင်ဆူက စိတ်တိုတိုနဲ့ ဖုန်းကို ကိုင်လိုက်တာပေါ့။
“ဘာလဲ”
“. . . အမေ နည်းနည်း နောက်ကျမယ်”
“အမေကတော့ အမြဲ နောက်ကျနေတာပဲ။ ကျွန်တော့်ကို ခေါက်ဆွဲခြောက်ပဲ ထပ်စားခိုင်းပြန်ဦးမလို့လား”
“တောင်းပန်ပါတယ် သားရယ်”
“တောင်းပန်မနေနဲ့။ ကျွန်တော့် သူငယ်ချင်းတွေရဲ့ အမေတွေဆိုရင် သူတို့အတွက် အများကြီး လုပ်ပေးကြတာ။ ကျမကတော့ ဒီမှာ အိမ်အလုပ်တွေလည်း လုပ်ရ၊ ထမင်းလည်း ကိုယ်တိုင်ချက်ရနဲ့ . . . အမေက ကျွန်တော့်အတွက် ဘာလုပ်ပေးဖူးလို့လဲ”
“တောင်းပန်ပါတယ် သားရယ်။ အမေကတော့ . . .”
“တော်လိုက်ပါတော့။ ဒီစကားတွေပဲ။ အမေ ဒီလို ဖြစ်နေလို့လည်း အဖေနဲ့ ကွာရှင်းခဲ့ရတာပေါ့"
“. . . တစ်ခုခု စားချင်ရင် ဝယ်စားလိုက်နော်။ ထမင်းစားပွဲပေါ်မှာ အမေ ပိုက်ဆံ ထားခဲ့တယ်"
အမေ ဖုန်းချသွားတာပေါ့။ ပြုံးစိုးက သူ့ဖုန်းကို ကြောင်တောင်တောင်လေး စိုက်ကြည့်နေမိတာလေ။
“. . . . .”
အဲဒီအချိန်မှာတော့ “ငါက တကယ့် အမှိုက်ကောင်ပဲ” ဆိုတဲ့ အတွေးကလွဲလို့ တခြား ဘာမှ မစဉ်းစားနိုင်တော့ဘူး။ သူက ဘာမှ မသက်ဆိုင်တဲ့ လူတစ်ယောက်အပေါ် သူ့ဒေါသတွေကို ပေါက်ကွဲခဲ့မိတာကိုး။ သူ ခြေလှမ်းတွေကို မြန်မြန် လှမ်းလိုက်တာပေါ့၊ မျက်လုံးထဲမှာ မျက်ရည်တွေ ဝဲလာတာလေ။ သူက ကျောင်းထဲမှာ ရှိနေသေးတာဆိုတော့ တခြားကျောင်းသားတွေကို သူ့ရဲ့ အားနည်းချက်ကို မပြချင်ဘူး၊
ဒါမှမဟုတ်ရင် သူ ပိုပြီး အနိုင်ကျင့်ခံရမှာကိုး။ သူ လှေကားကနေ ပြေးဆင်းသွားပြီး ဖိနပ်ကို အမြန် လဲစီးလိုက်တာပေါ့။ ကျောင်းရှေ့က တံခါးကြီးကတော့ ကောင်းကင်ဘုံရဲ့ တံခါးဝတစ်ခုလိုပဲ သူ့ရှေ့မှာ လင်းလက်နေတာလေ၊ သူ ဒီငရဲခန်းကနေ အမြန်ဆုံး ထွက်သွားချင်နေပြီ။ လမ်းလျှောက်နေရင်းနဲ့ သူက စက်ဘီးထားတဲ့နေရာဆီကို ရုတ်တရက် လှည့်ကြည့်လိုက်တာပေါ့။
‘သူတို့က ဘာဖြစ်လို့ . . .’
“သူတို့” က ကျောင်းရှေ့တံခါးဝမှာ စောင့်နေကြတာလေ။ သူ့အတန်းထဲက လူမိုက်တွေ၊ သူ့ဆီကနေ အမြဲ ပိုက်ဆံလုတတ်တဲ့ ကောင်တွေပေါ့။ သူတို့ဘေးမှာလည်း ချောတဲ့ မိန်းကလေးတွေ ပါလာတာလေ။ ဗြောင်ဆူကတော့ ဘာကိုမှ မကြောက်ဘဲ အဲဒီတံခါးဝကို ဖြတ်ကျော်သွားချင်ပေမဲ့ အဲဒါက သူ့အတွက် မဖြစ်နိုင်ဘူးဆိုတာ သူ သိတာပေါ့။ သူတို့ ထွက်သွားတာကို စောင့်ရင်း အချိန်ဆွဲဖို့အတွက် သူ့စက်ဘီးကို သော့ဖွင့်နေသလိုမျိုး ဟန်ဆောင်လိုက်တာလေ . . .
“အဲဒီနေရာက ပုန်းဖို့ သိပ်မကောင်းလှဘူးနော်”
အနောက်ကနေ အသံတစ်သံ ကြားလိုက်ရတော့ ဗြောင်ဆူ လန့်ပြီး လှည့်ကြည့်လိုက်တာပေါ့။ ကျောင်းထဲမှာ သူ့ကို စကားလာပြောလေ့ရှိတာက လူမိုက်တွေပဲ ရှိတာလေ။ ဒါပေမဲ့ . . . သူ့နောက်က ကောင်လေးကတော့ သူ တစ်ခါမှ မမြင်ဖူးတဲ့ ကောင်လေးတစ်ယောက် ဖြစ်နေတာ။ မဟုတ်ဘူး၊ တကယ်တော့ စောစောက ကျောင်းအနောက်ဘက်မှာ သူ အဲဒီကောင်လေးကို မြင်ခဲ့ဖူးတာပဲ။
“ဘာလို့ အဲလောက်အထိ အံ့သြသွားတာလဲ”
“အဲ . . . ဟို . . . အဲဒါက . . .”
“ဒါနဲ့ အဲဒီစက်ဘီးက ငါ့ဟာနော်”
“အာ . . . ဆောရီး”
ဗြောင်ဆူက အမြန်ပဲ လွှတ်ပေးလိုက်တာပေါ့။ ဒီကောင်က ချန်ဟူးနဲ့တောင် ဘာမှမကြောက်ဘဲ စကားပြောနေတဲ့ ကောင်လေးပဲ။ ကြည့်ရတာတော့ လူမိုက်တစ်ယောက်ပဲ ဖြစ်မှာပေါ့။ အဲဒီလိုဆိုရင်တော့ သူက တတ်နိုင်သမျှ နှိမ့်ချပြီး နေရမှာပေါ့။
“လီဗြောင်ဆူ၊ ဟုတ်တယ်မလား”
“. . . အေး”
နောက်ဆုံးတော့လည်း ဒီလိုပဲ ဖြစ်သွားပြန်ပြီပေါ့။ ဗြောင်ဆူက သူ့အိတ်ကပ်ထဲက ဝမ်နှစ်သောင်းကို တွေးမိတာပေါ့။ ဒါက လုံလောက်ပါ့မလား။ ဒါပေမဲ့ သူ့ရှေ့က ကောင်လေးကတော့ သူ မမျှော်လင့်ထားတဲ့ စကားကို ပြောလိုက်တာလေ။
“ငါတို့ ခဏလောက် စကားပြောလို့ ရမလား။ အာ . . . အဲဒါက ဟိုက လူမိုက်တွေ ပြောနေကျ စကားမျိုး မဟုတ်လား”
“. . . . .”
“ဘာပဲဖြစ်ဖြစ်၊ ငါ မင်းကို တစ်ခုခု ပြောချင်လို့ပါ”
အဲဒီကောင်လေးက သူ့မျက်ခုံးကို ကုပ်ရင်း ပြောလိုက်တာပေါ့။ ဗြောင်ဆူလည်း မသိစိတ်ကနေ ခေါင်းညိတ်လိုက်မိတာလေ။
* * * * * * * * *
“ဆရာမ မီဆို၊ မာရူးကတော့ . . .”
“သူ့ဆီက ဖုန်းလာတယ်လေ။ သူ အလုပ်ရှိတယ်ဆိုလား။ ငါတို့ ဒီနေ့တော့ စာဖတ်တာလေးနဲ့ပဲ အဆုံးသတ်မှာဆိုတော့ အဆင်ပြေပါတယ်"
ဒိုဂျင်ကတော့ အသံကျယ်ကြီးနဲ့ ထောက်ခံပြီး နောက်ကို ဆုတ်သွားတာပေါ့။ မီဆိုက ကျောင်းကို မရောက်ခင်မှာပဲ မာရူးဆီက ဖုန်းလက်ခံရရှိခဲ့တာလေ၊ အဲဒီကောင်က ဒီနေ့ မြောင်ဒုံမှာ ကိစ္စရှိတယ်လို့ ပြောတာကိုး။ တခြားလူသာဆိုရင် သူ ငြင်းလိုက်မှာ ဖြစ်ပေမဲ့ မာရူးကိုတော့ သူ လွှတ်ပေးလိုက်တာလေ။ အဲဒီကောင်က သူ့စကားအပေါ်မှာ တာဝန်ယူတတ်တဲ့ကောင်ဆိုတာ သူ သိတာကြောင့် အချိန်ဖြုန်းနေမှာ မဟုတ်ဘူးလို့ သူ ယုံကြည်တာကိုး။
“ငါတို့ စာဖတ်ပြီးရင် တစ်နေရာ သွားဖို့ ရှိတယ်နော်”
“ဘယ်ကိုလဲ”
“ပထမအဆင့် ပြိုင်ပွဲတွေ ကျင်းပမယ့် ပြဇာတ်ရုံလေ။ အန်ယန်မှာ ရှိတာ။ ငါတို့အားလုံး အတူတူ သွားကြည့်ကြမှာဆိုတော့ ပြင်ဆင်ထားကြ”
“ဟုတ်ကဲ့”
“ကောင်းပြီ၊ အခုပဲ လူစုလိုက်ကြတော့”
မီဆိုရဲ့ အချက်ပြမှုနဲ့အတူ ကလပ်အဖွဲ့ဝင်တွေ စုရုံးလာကြတာပေါ့။
* * * * * * * * *
ဗြောင်ဆူက ဟန်မာရူးနောက်ကို လိုက်လာခဲ့တယ်၊ တကယ်တော့ ကျောင်းအဆောက်အဦထဲကို ပြန်ဝင်ရတာ သူ့အတွက်တော့ စိတ်ထဲမှာ သိပ်ပြီး နေလို့မကောင်းလှပါဘူး။ သူတို့က ကျောင်းက မုန့်ဆိုင်ဆီကို လျှောက်သွားနေတုန်း ဗြောင်ဆူရဲ့ အတန်းထဲက ကလေးတချို့နဲ့ တိုးတာပေါ့။ သူတို့နဲ့ မျက်လုံးချင်း ဆုံပေမဲ့ ထူးထူးခြားခြား ဘာမှ မဖြစ်ပါဘူး။ တခြားလူတွေအတွက်တော့ ဗြောင်ဆူဆိုတဲ့ လူတစ်ယောက် ရှိနေတယ်ဆိုတာကိုတောင် သတိမထားမိကြတာ ဖြစ်မှာပါ။
“အတန်းတူလား”
“အာ . . . အေး”
ဗြောင်ဆူက ခေါင်းညိတ်ပြလိုက်တာပေါ့။
“ငါတို့ ဘာမှ မလုပ်ခင် တစ်ခုခု အရင် သောက်လိုက်ရအောင်”
* * * * * * * * *
အခန်း(၁၀၂)
ဗြောင်ဆူ က ပါးစပ်နဲ့ သောက်နေတာလား နှာခေါင်းနဲ့ သောက်နေတာလားတောင် မဝေခွဲနိုင်တော့ဘဲ ဟန်မာရူး ကို ကြည့်ပြီး ဦးနှောက်တွေပါ ဂျောင်ပိတ်ကုန်တော့တာပေါ့။ သူ့ဘဝမှာ တစ်ခါမှ မမြင်ဖူးတဲ့ ကောင်လေးတစ်ယောက်က ဘာအကြောင်းပြချက်မှ မရှိဘဲ ချောကလက်ပူပူလေး ဝယ်တိုက်နေတာကိုး။ အရင်တုန်းကဆိုရင်တော့ ဘာမှ စဉ်းစားမနေဘဲ ပျော်ပျော်ကြီး သောက်မိမှာ ဖြစ်ပေမဲ့ အခုတော့ သူ့ကို ဘာလို့ ဒါကြီး ပေးတာလဲဆိုတာကိုပဲ အဖြေရှာဖို့ ကြိုးစားနေမိတယ်။ ဒီလောက်အထိ အဝေးကြီး တွေးနေရတာကို သူကိုယ်တိုင်လည်း မကြိုက်ပေမဲ့ လက်ရှိမှာတော့ ဒီအတွေးတွေကပဲ ခေါင်းထဲ စိုးမိုးနေတာပါ။
“စောစောက မင်း ဖုန်းပြောနေတာ ငါ ကြားလိုက်တယ်”
“ . . . ”
ရှက်စိတ်တွေက သူ့ကို ချက်ချင်း လွှမ်းမိုးသွားတာပေါ့။ သူက မိဘအပေါ် မလိမ္မာတဲ့ သားဆိုးတစ်ယောက်ဆိုတာ ကျောင်းမှာ အရှက်တကွဲ သိသွားပြီဆိုတဲ့ အသိကြောင့်လေ။
“တခြားသူတွေက မင်းကို အနိုင်ကျင့်ကြတာ များလား”
“ဟို... မ…မဟုတ်ပါဘူး၊ သူတို့က မလုပ်ကြပါဘူး”
ဗြောင်ဆူ တစ်ကိုယ်လုံး ကြက်သီးတွေတောင် ထသွားတယ်။ ဒီကောင်က လူမိုက်တွေက သူ့ကို စမ်းသပ်ဖို့ လွှတ်လိုက်တဲ့သူများလား။ ချန်ဟူး ဆိုရင် ဒီလိုမျိုး အလွယ်လေး လုပ်နိုင်တာပဲ။ သူက နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ပြုံးပြလိုက်တာပေါ့။ တစ်ချိန်တည်းမှာပဲ ရှက်လွန်းလို့ ခြေချောင်းလေးတွေတောင် လိပ်တက်မတတ် ခံစားနေရတယ်
“ဟုတ်ကဲ့လို့ ဝန်ခံဖို့က အမြဲတမ်း ခက်ခဲတာပဲနော်”
“ဘာ….ဘာတွေ ပြောနေတာလဲ၊ သူတို့က လူကောင်းတွေကြီးပါ။ မင်းက ငါ့အတန်းကတောင် မဟုတ်ဘဲနဲ့ ငါ့အတန်းအကြောင်း ဘာသိမှာလဲ။ သူတို့က အကုန်လုံး... လူကောင်းတွေပါ”
သူ့ကိုယ်သူ ဖုံးကွယ်ဖို့အတွက် ရှိသမျှ စကားတွေ အကုန်လျှောက်ပြောနေတော့တာပေါ့။ အထက်တန်းကျောင်း ရောက်ပြီးတဲ့နောက်မှာ သူ ပိုတော်လာတာဆိုလို့ လိမ်ပြောတတ်တာပဲ ရှိပုံရတယ်။ စိတ်မကောင်းစရာကတော့ ကျောင်းစာထက်စာရင် အဲဒါက ပိုကျွမ်းကျင်နေတာပဲ။
စိတ်ထဲမှာ ဗရုတ်ဗရက် ဖြစ်နေပေမဲ့ ဗြောင်ဆူ ကတော့ သူ့သူငယ်ချင်းတွေအကြောင်းကို ရှိသမျှ အင်အားသုံးပြီး ကောင်းသတင်းတွေပဲ ပြောနေမိတယ်။ ရယ်စရာကောင်းတာက ဒီလို လျှောက်ပြောနေရင်းနဲ့ သူတို့အပေါ် ထွက်နေတဲ့ ဒေါသတွေက နည်းနည်း လျော့လာသလိုပဲ။ ဟုတ်တာပေါ့၊ သူတို့က အစကတည်းက လူကောင်းတွေပါ။ ငါကသာ ထူးဆန်းနေတာ။ ချန်ဟူး လည်း အတူတူပါပဲ။ ငါသာ အခုထက် ပိုတော်မယ်ဆိုရင် သူက ဒီလို လုပ်မှာ မဟုတ်ဘူး။
ဒီစကားတွေကိုပဲ ထပ်ခါတလဲလဲ ပြောပြီးတဲ့နောက်မှာတော့ ဗြောင်ဆူ က ပြန်တော့မယ်ဆိုပြီး နေရာက ထလိုက်တာပေါ့။ ဒါက ချန်ဟူး ရဲ့ စမ်းသပ်မှု ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် ဘယ်သူ ဂရုစိုက်မှာလဲ။ သူ ဘာမှ အမှားမလုပ်ထားတော့ အိမ်ကို ဘေးကင်းကင်း ပြန်နိုင်မှာပေါ့။
“မင်းကိုယ်မင်း အဲဒီလိုမျိုးတွေပဲ အမြဲတမ်း မှိုင်းတိုက်နေရင်တော့ တကယ်ကြီး အဲဒါကို ယုံသွားလိမ့်မယ်”
ဗြောင်ဆူ လှည့်ကြည့်လိုက်တော့ ဟန်မာရူး က သူ့ကို တည့်တည့်ကြီး စိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။
“မှိုင်းတိုက်တယ်၊ ငါ တကယ်ကြီး . . ”
“ကိုယ့်ကိုယ်ကိုယ် လိမ်ပြောနေတာထက် ပိုကောင်းတဲ့ မှိုင်းတိုက်နည်း ဘယ်မှာ ရှိဦးမှာလဲ”
“ငါ လုံးဝ မလိမ်ဘူး”
“အဲလိုလား”
မာရူး က ရုတ်တရက် လျှောက်လာပြီး ဗြောင်ဆူ ရဲ့ ပခုံးပေါ် လက်တင်လိုက်တယ်။ ဒီကောင် ဘာတွေးနေတာပါလိမ့်။
“ချန်ဟူး က ကျောင်းအပေါက်ဝမှာ ရှိနေတုန်းပဲ ဖြစ်မှာ”
“ဘာ…ဘာပြောတယ်”
“မင်းတို့က သူငယ်ချင်းတွေဆို၊ ဟုတ်တယ်မလား။ လာလေ၊ သွားကြရအောင်”
“မသွားဘူး”
“ဘာလို့လဲ၊ သူငယ်ချင်းတွေဆို”
“ဟုတ်….ဟုတ်ပါတယ်၊ ဒါပေမဲ့ အဲလောက်အထိတော့ ခင်တာ မဟုတ်ဘူး”
“သူငယ်ချင်းဆိုတာ သူငယ်ချင်းပဲပေါ့။ လာပါ၊ သွားပြီး စကားပြောကြရအောင်”
ဗြောင်ဆူ က သွားကြိတ်ပြီး မာရူး ကို တွန်းထုတ်လိုက်တယ်။ သူ အမှားလုပ်လိုက်မိပြီဆိုတာ သိလိုက်ပေမဲ့ ချန်ဟူး ဆီ အတင်းခေါ်သွားတာ ခံရတာထက်စာရင်တော့ ဒါက ပိုတော်သေးတာပေါ့။ ဗြောင်ဆူ က ချက်ချင်းပဲ တောင်းပန်လိုက်တယ်။
“ဆောရီး၊ မင်းကို ထိခိုက်အောင် လုပ်လိုက်တာ မဟုတ်ဘူးမလား”
“မင်း ဘာတွေးနေလဲ ငါ သိပါတယ်။ ငါ့ကို ချန်ဟူး နဲ့ အုပ်စုတစ်ခုတည်းလို့ ထင်နေတာမလား။ ငါက သူနဲ့ မပတ်သက်ပါဘူး။ ငါက သူ သောင်းကျန်းမလာခင်မှာ သူ့ကို ပါးစပ်ပိတ်ခိုင်းချင်လို့ မင်းနားမှာ ရှိနေပေးတာပါ”
ဒီကောင်လေး ဘာတွေ လျှောက်ပြောနေတာပါလိမ့်။ ချန်ဟူး ကို ပါးစပ်ပိတ်ခိုင်းဖို့ ဟုတ်လား။ ဗြောင်ဆူ ကတော့ မာရူး ပြောတာကို လုံးဝ နားမလည်နိုင်တော့ဘူး။ သူ့လို အနိုင်ကျင့်ခံနေရတဲ့သူက ဘာလုပ်နိုင်မှာမို့လို့လဲ။
“မင်း ခဏခဏ စိတ်ကူးမယဉ်ဖူးဘူးလား။ မင်းကို အနိုင်ကျင့်တဲ့ ကောင်တွေကို ပြန်တိုက်ဖို့လေ”
“ . . . ”
“ကျောင်းတက်ရတာကလည်း သိပ်မပျော်တော့ဘူး၊ ဟုတ်တယ်မလား။ အိမ်ကိုပဲ ပြန်ချင်နေတော့တာပေါ့၊ ကျောင်းမှာ နေရတာက မင်းအတွက် နာကျင်စရာကြီး ဖြစ်နေလို့လေ။ နောက်ဆုံးတော့လည်း အဲဒီဒေါသတွေကို သနားစရာကောင်းတဲ့ မင်းရဲ့ မိဘတွေအပေါ်မှာပဲ ပေါက်ကွဲပစ်လိုက်တာပေါ့”
ဗြောင်ဆူ ရင်ထဲ တစ်မျိုးကြီး ဖြစ်သွားပြီး အန်ချင်သလိုတောင် ခံစားလိုက်ရတယ်။ ဒေါသတွေနဲ့ မကျေနပ်ချက်တွေက သူ့ရင်ထဲမှာ တောက်လောင်လာတာပေါ့။ ဒီကောင်လေးက အကုန်သိသလိုမျိုး ဘယ်လိုတောင် လာပြောရဲတာလဲ။
“မင်း ကျောင်းမှာ ငတုံးတစ်ယောက်လို အဆက်ဆံခံနေရမှာပဲ။ အိမ်အတူတူပြန်ဖို့ သူငယ်ချင်းတောင် မရှိဘူး မဟုတ်လား။ အခုဆို သူတို့ မင်းဆီက ပိုက်ဆံ ဘယ်လောက်တောင် လုသွားပြီလဲဆိုတာတောင် မင်း မသိတော့ဘူးမလား။ တစ်ချိန်မှာတော့ အဲဒါတွေကို တွက်ချက်နေရတာကပဲ မင်းအတွက် နာကျင်စရာ ဖြစ်လာလို့လေ”
“ . . . . ”
“မင်း အတိတ်အကြောင်းတွေကို အမြဲ တွေးနေမိမှာပေါ့။ အလယ်တန်းတုန်းကတော့ ငါ့မှာ သူငယ်ချင်းတွေ အများကြီး ရှိခဲ့တာဆိုပြီးတော့လေ။ အော်... ဒါမှမဟုတ် မင်းက အလယ်တန်းတုန်းကလည်း အနိုင်ကျင့်ခံခဲ့ရတာလား။ မင်းဘဝမှာ သူငယ်ချင်း စစ်စစ်ဆိုလို့ တစ်ယောက်တောင် မရှိခဲ့ဖူးဘူးလား။ အဲလောက်တောင် ဆိုးနေတာလား”
“မ…မဟုတ်ပါဘူး၊ အဲလို မဟုတ်ပါဘူး . . ”
“အလယ်တန်းတုန်းက သူငယ်ချင်းတွေ ရှိခဲ့တာလား”
“အင်း”
“အဟက်”
ဗြောင်ဆူ က သွားတိုက်သံ ကြားရတဲ့အထိ သွားတွေကို အားနဲ့ ကြိတ်ထားလိုက်တယ်။ ဟိုကောင်ရဲ့ ရယ်သံက သူ့ခေါင်းကို မူးနောက်သွားစေတာပေါ့။ ဒီကောင် ဘယ်လိုတောင်...
“မင်း လိမ်နေတာ။ မင်းဘဝတစ်လျှောက်လုံး အနိုင်ကျင့်ခံခဲ့ရတာ ဖြစ်မှာ။ မင်း ရုပ်ကိုက အဲဒီလို ဖြစ်နေတာကိုး။ မူလတန်းတုန်းကလည်း အနိုင်ကျင့်ခံရတာမလား။ ဆရာက မင်းကို ထခိုင်းလိုက်တိုင်း အနေရခက်နေတတ်တဲ့ ကလေး မဟုတ်လား။ ငါ့ကို အမှန်အတိုင်း ပြောစမ်းပါ။ မင်းဘဝတစ်လျှောက်လုံး တစ်ယောက်တည်း ဖြစ်နေခဲ့တာ မဟုတ်လား”
“မဟုတ်ဘူး”
“မဟုတ်ဘူး ဟုတ်လား။ ဒီမှာ ကြည့်စမ်း၊ ထပ်ပြီး လိမ်ပြန်ပြီ”
“တကယ် မဟုတ်ပါဘူး။ ငါလည်း အလယ်တန်းတုန်းက . . ”
“ငါလည်း ဟုတ်လား။ အသုံးအနှုန်းက ထူးဆန်းနေပါလား။ ဒါဆို အခုကျမှ အနိုင်ကျင့်ခံနေရတာပေါ့။ ခုနကတော့ သူငယ်ချင်းတွေ အများကြီး ရှိတယ်ဆို။ ဒါဆို မင်း လိမ်နေတာပေါ့၊ ဟုတ်တယ်မလား”
မာရူး ပြောတာတွေကို ကြားလေလေ ဗြောင်ဆူ ပိုပြီး မူးနောက်လာလေပဲ။ ဒီကောင် ဘာလို့ ဒီလိုတွေ လုပ်နေရတာလဲ။ သူ ဘာမှားခဲ့လို့လဲ။ သူ အလယ်တန်းတုန်းက တကယ့်ကို ပုံမှန်ဘဝနဲ့ ဖြတ်သန်းခဲ့တာပါ။ ဘောလုံးကန်တယ်၊ ဂိမ်းဆိုင်သွားတယ်၊ ပိတ်ရက်ဆို သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်တယ်။ သူ လိမ်နေတာ မဟုတ်ဘူး။ တကယ်တော့ သူ့သူငယ်ချင်းတွေက ခုနတင်ပဲ ဖုန်းဆက်ထားသေးတာ။ သူ ဒါတွေကို လုပ်ကြံပြောနေတာ မဟုတ်ဘူး။ ဗြောင်ဆူ က ပထမဆုံးအကြိမ် ခေါင်းကို မော့လိုက်ပြီး ခါးခါးသီးသီး တိုးတိုးလေး မေးလိုက်တယ်။
“မင်းက ဘာသိလို့လဲ”
ဒေါသတွေနဲ့ အဲဒီစကားကို အန်ထုတ်လိုက်တာပေါ့။ မာရူး ရဲ့ မျက်နှာက ဒေါသနဲ့ မျက်မှောင်ကြုတ်သွားတာ မြင်လိုက်တော့မှ ဗြောင်ဆူ ချက်ချင်း သတိပြန်ဝင်လာတယ်
“ငါ... ငါ အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး၊ တခြားတစ်ခုကို တွေးမိသွားလို့ပါ။ တောင်းပန်ပါတယ်၊ ငါ လိမ်ပြောနေတာ မဟုတ်ပါဘူး”
“ဘာလို့ အဲလောက်တောင် ခုခံနေရတာလဲ”
“ . . . ”
“မင်း တခြား ပြောချင်တာ မရှိတော့ဘူးလား”
“အဲဒါက . . ”
မာရူး ရဲ့ မျက်မှောင်ကြုတ်နေတာတွေ ပျောက်သွားတော့မှ ဗြောင်ဆူ စိတ်အေးသွားရတယ်။ တော်သေးတာပေါ့၊ အထိုးခံရမယ့်ပုံ မပေါ်တော့ဘူး။
“မင်း လိမ်ပြောနေတယ်ဆိုတာက အမှန်တရားက မင်းကို နာကျင်စေလို့ပဲ။ အမှန်အတိုင်း ပြောဖို့က ခက်ခဲတယ်၊ ဟုတ်တယ်မလား။ ငါတို့နှစ်ယောက်လုံးမှာ အဲဒီလို သတ္တိမျိုးမှ မရှိတာ။ ဒါပေမဲ့ တို့တွေ သတ္တိမွေးပြီး အမှန်တရားကို ပြောရမယ့်အချိန်ဆိုတာ ရှိလာတတ်တယ်။ မင်း ကိုယ့်ကိုယ်ကိုယ် ချောက်ကမ်းပါး အစွန်းကို ရောက်နေသလိုမျိုး တစ်ခါတလေ ခံစားရတယ် မဟုတ်လား”
ဆူညံနေတဲ့ အတန်းထဲမှာတောင် ဗြောင်ဆူ ကို နှုတ်ဆက်မယ့်သူ တစ်ယောက်မှ မရှိဘူး။ ဗြောင်ဆူ ကလည်း ဘယ်သူမှ လာမပြောတာက ပုံမှန်ပဲလို့ တွေးထားတာ။ တကယ်တမ်းကျတော့ တစ်ယောက်ယောက်က လာပြောရင်တောင် သူ ကြောက်နေတာ။ သူတို့ အခုတစ်ခါ ဘာခိုင်းဦးမလို့လဲ။ ဒီတစ်ခါရော ဘာလိုချင်ကြပြန်တာလဲ။
အတန်းထဲမှာ နေရတာက ဗြောင်ဆူ အတွက် အသက်ရှူကျပ်စရာကြီး။ အဲဒီထဲ ရောက်နေတဲ့အချိန်တိုင်း တစ်စက္ကန့်ချင်းစီ၊ တစ်မိနစ်ချင်းစီကို သူ ရေတွက်နေမိတယ်၊ အချိန်တွေ မြန်မြန် ကုန်ဆုံးသွားဖို့ကိုပဲ စောင့်နေရတာ။
‘ငါ အစွန်းကို ရောက်နေပြီ ထင်တယ်’
အခုတလော ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့ ကျောင်းသားတွေရဲ့ အကြောင်းက သူ့အတွက်တော့ သူစိမ်းပြင်ပ ကိစ္စလို မဟုတ်တော့ဘူး။ ဒါပေမဲ့ သူ ရောက်နေတဲ့ အခြေအနေကြီးကို သူ မကြိုက်တာတော့ အမှန်ပဲ။ ဘယ်သူက ကြိုက်မှာလဲ။ သူ ရုန်းကန်ချင်တယ်၊ သူ့ဘဝကို ပြောင်းလဲဖို့ ကြိုးစားချင်ပေမဲ့ သတ္တိက မရှိဘူး။ သူ့ရဲ့ အသံတွေက သူ့ခန္ဓာကိုယ်ထဲမှာပဲ ပုန်းကွယ်နေပြီး နောက်ဆုံးမှာတော့ ဒေါသတွေနဲ့ မုန်းတီးမှုတွေအဖြစ် ပြောင်းလဲသွားတာပေါ့။ အဲဒီဒေါသတွေကို သူ့အမေအပေါ်မှာပဲ ပေါက်ကွဲပစ်လိုက်တယ်။ ဒါက မှားတယ်ဆိုတာ သူ သိပေမဲ့ ဘယ်လို ပြောင်းလဲရမလဲဆိုတာ သူ မသိဘူး။
“မင်း ရောက်နေတဲ့ အခြေအနေကို မကြိုက်ဘူးလို့ ဘာလို့ မပြောတာလဲ ငါ သိပါတယ်။ မဟုတ်ဘူး၊ ဘာလို့ မပြောနိုင်တာလဲဆိုတာကို သိတာပါ။ အစကတည်းက မင်း ပြောချင်တာကို ပြောနိုင်ခဲ့မယ်ဆိုရင် မင်းဘဝမှာ ဘာပူပန်စရာမှ ရှိမှာ မဟုတ်ဘူးလေ”
“ . . မင်း ငါ့ဆီက ဘာလိုချင်တာလဲ”
ဗြောင်ဆူ ဇဝေဇဝါ ဖြစ်နေတယ်။ အခုချိန်မှာ ချန်ဟူး လို လူမျိုးက သူ့ကို လာရိုက်နေမယ်ဆိုရင်တောင် စိတ်ထဲ ပိုနေသာဦးမယ်။ မာရူး ဘာပြောချင်နေတာလဲဆိုတာကို သူ့ဦးနှောက်က သိနေပေမဲ့ အဲဒါကို ပါးစပ်ကနေ ထုတ်ပြောဖို့ သတ္တိ မရှိဘူး။
“ငါ ဘာမှ မလုပ်နိုင်ဘူး။ ငါက လူကြောက်ပဲ။ ငါက... ငတုံးပါ။ တခြားကလေးတွေ ငါ့ကို ဘာပြောပြော ငါ ဘာမှ ပြန်မပြောနိုင်ဘူး။ သူတို့ ငါ့ဆီက ပိုက်ဆံ လုသွားရင်တောင် ငါက ပြုံးနေရုံပဲ တတ်နိုင်တာ။ အဲလို မလုပ်ရင် ငါက အရိုက်ခံရမှာလေ၊ အဲဒီတော့ ငါက ဘယ်လို ပြန်တိုက်ရမှာလဲ”
သူ့ပခုံးပေါ်က အင်အားတွေ အကုန်ကုန်ခမ်းသွားသလို ခံစားလိုက်ရတယ်။ သူ့ခေါင်းထဲ ပေါ်လာတာတွေကိုပဲ လျှောက်ပြောလိုက်မိလို့ သူ ရှက်သွားတာပေါ့။ ဒီလိုတွေ ပြောလိုက်မိလို့ မာရူး က သူ့ကို ပိုးဟပ်တစ်ကောင်လို သတ်မှတ်သွားတော့မှာပဲ။
“ပြီးပြီ”
ပျော်ရွှင်တဲ့ အသံလေးပေါ့။ မာရူး က ပြုံးနေတယ်။
“ဘာ ပြီးတာလဲ”
“အဲဒါဆို ရပြီ။ အဲဒါက မင်းရဲ့ ပထမဆုံး ခြေလှမ်းပဲ။ အဲဒီ ပထမဆုံး ခြေလှမ်းကို လှမ်းပြီးသွားတာနဲ့ ကျန်တာတွေက အများကြီး ပိုလွယ်သွားလိမ့်မယ်”
“ငါ ဘာလုပ်လိုက်လို့လဲ”
“စကားပြောတာလေ။ အမှန်အတိုင်း ပြောလိုက်တာ။ မင်းမှာ ထွက်ပြေးစရာ နေရာ ရှိနေသေးရင်တော့ လိမ်နေလို့ ရသေးတာပေါ့။ တကယ်လို့ အစွန်းကို ရောက်သွားပြီဆိုရင်တော့ တကယ့်ကို ပြတ်သားတဲ့ အလုပ်တွေကို စလုပ်ရတော့မှာ။ လူအများစုကတော့ ကိုယ့်ကိုယ်ကိုယ် လက်လျှော့လိုက်တာက ပိုလွယ်လို့ အဲဒီလမ်းကိုပဲ ရွေးသွားကြတာပေါ့”
“ . . မင်း ငါ့ကို ဘာတွေ ပြောချင်နေတာလဲ”
“အဲဒီ ချောက်ကမ်းပါး အစွန်းမှာ မင်း တစ်ယောက်တည်း ဖြစ်နေသလိုမျိုး မခံစားရဘူးလား”
* * * * * * * * *
ဗြောင်ဆူ က ကျောင်းအနောက်ဘက်ကို လာရတိုင်း အမြဲတမ်း စိတ်လှုပ်ရှားနေတာ၊ ဒီမှာ ကောင်းတဲ့ အမှတ်တရဆိုလို့ တစ်ခုမှ မရှိခဲ့ဖူးဘူးလေ။ တကယ်တမ်းပြောရရင် သူ့ရဲ့ ဆိုးရွားတဲ့ အမှတ်တရတွေ အကုန်လုံးက ဒီနေရာကနေ စခဲ့တာ။ ကျောင်းစတက်တဲ့အချိန်တုန်းက ကျောင်းက လူမိုက်က သူ့ကို ဒီနေရာ ခေါ်လာပြီး ဝမ်သုံးသောင်းနဲ့ မိုက်ကြေးအခွဲခံရတာကိုး။
“ငါတို့ ဒီကို ဘာလို့ လာတာလဲ”
“တစ်ခုခု စတော့မယ်ဆိုရင် တို့တွေ ပြင်ဆင်ထားဖို့ လိုတယ်လေ”
မာရူး က အနားကို တိုးလာတယ်။
“မင်းရဲ့ ဗိုက်ကို အားစိုက်ထားစမ်း”
“ဘာ”
“အားစိုက်ထားလား”
“အင်း…အေး”
ချက်ချင်းဆိုသလိုပဲ ဗြောင်ဆူ ရဲ့ နားထဲမှာ ‘ဝုန်း’ ဆိုတဲ့ အသံနဲ့အတူ အထိုးခံလိုက်ရတယ်။ ဗြောင်ဆူ မျက်နှာ ရှုံ့မဲ့သွားပြီး လဲကျသွားတာပေါ့။ ခဏလောက် အသက်တောင် ရှူလို့ မရတော့ဘူး
“ဘယ်လိုနေလဲ”
“အဟွတ်.. အဟွတ်…. ဘာ… ဘာလို့ ရုတ်တရက်ကြီး ဒီလို လုပ်တာလဲ”
ဗြောင်ဆူ က နံရံကို လက်နဲ့ အားပြုပြီး ပြန်ထလိုက်တယ်၊ သူ့ခန္ဓာကိုယ်ကတော့ ကြောက်လို့ တုန်နေတာပေါ့။ သူ အလိမ်ခံလိုက်ရတာလား။ တော်သေးတာပေါ့၊ မာရူး က သူ့ကို ထပ်မထိုးတော့ဘူး။
“မင်း သေသွားလောက်တဲ့အထိတော့ မနာပါဘူး၊ ဟုတ်တယ်မလား”
“အဲဒါကတော့ သိသာ . . ”
“ကဲ၊ အခု ငါ့ကို ပြန်ထိုးစမ်း”
“ဘာ….ဘာလို့လဲ၊ ငါ ဘာလို့ ထိုးရမှာလဲ”
“လုပ်စမ်းပါ။ လက်သီးကို သေသေချာချာ ဆုပ်ထား။ အရမ်းကြီး လျော့ထားရင် မင်းလက် နာသွားလိမ့်မယ်”
မာရူး က လက်သီးဆုပ်နည်းကို သင်ပေးပြီး သူ့ဗိုက်ကို ညွှန်ပြတယ်။ ဒါပေမဲ့ ဘယ်ပုံမှန်လူက သူများတွေကို လျှောက်ထိုးနေမှာလဲ
“ငါ သူတို့နဲ့ ရန်မဖြစ်ချင်ဘူး၊ ငါ မလုပ်ချင်ဘူး။ မင်း ငါ့ကို ရန်ဖြစ်နည်း သင်ပေးနေတာဆိုရင်တော့ အလကားပါပဲ”
“မင်းကို ဘယ်သူက ရန်ဖြစ်ခိုင်းလို့လဲ။ လူတစ်ယောက်ကို ထိုးရတာ ဘယ်လို ခံစားချက်မျိုးလဲ၊ ပြီးတော့ အထိုးခံရတာကရော ဘယ်လိုလဲဆိုတာကို သိစေချင်ရုံတင်ပါ”
“မင်း….မင်းကို တကယ်ကြီး ထိုးခိုင်းနေတာလား။ အဲဒါက အန္တရာယ်ရှိတယ်လေ”
မာရူး က ပခုံးတွန့်ပြလိုက်ပြီး သူ့ဗိုက်ကို နောက်တစ်ခါ ထပ်ညွှန်ပြတယ်။ နောက်ဆုံးတော့ ဗြောင်ဆူ လည်း မျက်နှာကြီး ရှုံ့မဲ့ပြီး ထိုးလိုက်တာပေါ့။ စောစောကထက် အများကြီး ပေါ့တဲ့ အသံလေးပဲ ထွက်လာတယ်၊ မာရူး ကတော့ ဘာမှ မဖြစ်သလို မျက်နှာပေးနဲ့ စကားဆက်ပြောတယ်
“မင်း အထိုးခံရမှာ ကြောက်နေတာမလား”
ဗြောင်ဆူ ခေါင်းညိတ်ပြလိုက်တယ်၊ သူက အထိုးခံရမှာ ကြောက်လို့ပဲ တခြားသူတွေ ခိုင်းသမျှ အမြဲ ငြိမ်ခံနေခဲ့တာလေ။
“မင်း အထိုးခံရမှာ ကြောက်နေတာက မင်းမှာ ပြန်ထိုးဖို့ သတ္တိ မရှိလို့ပဲ”
“ပြန်ထိုးဖို့ သတ္တိ ဟုတ်လား”
“ဟုတ်တယ်။ မင်းမှာ ပြန်တိုက်ဖို့ သတ္တိ မရှိတော့ အထိုးခံရမှာကို ကြောက်နေရတာပေါ့”
“ဒါက ရှောင်လွှဲလို့ မရဘူး မဟုတ်လား။ ငါက မတိုက်တတ်ဘူးလေ”
“မင်းကို တိုက်ခိုင်းနေတာ မဟုတ်ပါဘူး။ ရန်ဖြစ်တာက အလကားပါ”
“ဒါဆိုရင်”
“မင်းမှာ ပြန်ထိုးနိုင်စွမ်း ရှိတယ်ဆိုတာကို သိနေပြီးတော့ သည်းခံတတ်ဖို့ သင်ယူရမယ်”
“သည်းခံရမယ် ဟုတ်လား”
“တခြားကလေးတွေက မင်းကို ထိုးတာ ရပ်သွားမှာ မဟုတ်ဘူး။ မင်း ပြန်တိုက်ဖို့ ကြိုးစားရင်တောင် သူတို့က တုန်လှုပ်သွားမှာ မဟုတ်ဘူး။ တကယ်တမ်းပြောရရင် မင်း ပြန်တိုက်ဖို့ ကြိုးစားတာက သူတို့ကို ပိုတောင် ပျော်သွားစေဦးမယ်”
“ . . ဒီအတိုင်းကြီး အမြဲ အရိုက်ခံနေရရင် ဘာမှ ပြောင်းလဲမှာ မဟုတ်ဘူးလေ”
“ဒါပေါ့၊ မပြောင်းလဲဘူး။ ဒါပေမဲ့ မင်းမှာ ပြန်တိုက်နိုင်တဲ့ ယုံကြည်မှု ရှိသွားပြီဆိုရင်တော့ အဲဒီအချိန်ကျမှ မင်းရဲ့ အသံကို သူတို့ ကြားလာလိမ့်မယ်။ ဘာလို့လဲဆိုတော့ မင်းက ဘယ်လိုပဲဖြစ်ဖြစ် အရိုက်ခံရမယ်ဆိုတာ သိနေလို့လေ”
“ငါ သူတို့ကို ပြန်ပြောလို့ ရတာလား”
မာရူး ခေါင်းညိတ်ပြတယ်။
“ဒါပေမဲ့ အဲဒါက သူတို့အပေါ် ဘာမှ သက်ရောက်မှာ မဟုတ်ဘူး” လို့ ဗြောင်ဆူ က ပြောလိုက်တယ်။
“မဟုတ်ဘူး၊ မင်းရဲ့ စကားလုံးတွေက ပိုပြီး အစွမ်းထက်လာမယ့် အချိန်ဆိုတာ ရှိလာလိမ့်မယ်”
အဲဒီအချိန်မှာပဲ မာရူး က သူ့အိတ်ကပ်ထဲက ပလတ်စတစ် တုတ်ချောင်းလေး တစ်ခုကို ထုတ်လိုက်တယ်။ မာရူး က ခလုတ်တစ်ခုကို နှိပ်လိုက်တဲ့အခါ အဲဒီထဲကနေ အသံတစ်ခု ထွက်လာတယ်
“ငါတို့ရဲ့ အသံလေ”
အဲဒီစက်ထဲကနေ တော်တော်လေး ရှင်းလင်းတဲ့ အသံတစ်ခု ထွက်လာတာပေါ့။ တခြား ဆူညံသံတွေလည်း ရောနေပေမဲ့ စောစောက သူတို့ပြောခဲ့တဲ့ စကားတွေကတော့ အပြည့်အစုံ ပါနေတယ်။
“မင်းက . . ”
“ဒါက ငါ မင်းရဲ့ အကူအညီ လိုရတဲ့ အကြောင်းရင်းပဲ။ ဒါပေမဲ့ ဒါကို သူတို့ရှေ့မှာ ကိုင်ပြီး စကားပြောနိုင်ဖို့တော့ မင်းမှာ သတ္တိ နည်းနည်း လိုလိမ့်မယ်။ သတ္တိဆိုတာက ထူးထူးခြားခြားကြီး မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် အမှန်အတိုင်း ရိုးသားနိုင်သရွေ့ အဲဒါက လုံလောက်ပါတယ်။ မင်း လုပ်ရမှာက မင်းခေါင်းထဲ ပေါ်လာတဲ့ စကားလုံးတွေကို ပြောလိုက်ဖို့ပဲ”
ဗြောင်ဆူ တံတွေး တစ်ချက် မျိုချလိုက်တယ်။
“သူတို့ရှေ့မှာ အမှန်အတိုင်း ပြောခိုင်းနေတာလား။ ဒါဆိုရင် . . ”
“မင်း အရင်ကထက် ပိုပြီး အရိုက်ခံရမှာပေါ့”
“ဟေ့”
ဒီကောင်ကတော့ တကယ်ကို မတရားတာပဲ။ ဗြောင်ဆူ ကို ခက်ခဲတဲ့အလုပ်တွေ ခိုင်းနေတာကိုး။ ဗြောင်ဆူ ကသာ တကယ်ကြီး လိုက်လုပ်မယ်ဆိုရင် ဒုက္ခအကြီးအကျယ် ရောက်မှာပေါ့။ ပိုက်ဆံတွေ ပြန်ပေးဖို့၊ အနိုင်ကျင့်တာတွေ ရပ်ဖို့၊ အရိုက်မခံနိုင်တော့ဘူးလို့ သွားပြောမယ်ဆိုရင် ချက်ချင်းပဲ သူ့မျက်နှာကို လက်သီးနဲ့ အထိုးခံရမှာ။ မာရူး က အဲဒီ အသံဖမ်းစက်ကို အိတ်ကပ်ထဲ ပြန်ထည့်လိုက်တယ်
“ကိုယ်တူးတဲ့ကျင်း ကိုယ်ပဲ ပြန်ဖို့ရမှာပေါ့”
“ငါ့ဘာသာ ငါ ဖြေရှင်းရမယ်လို့ ပြောတာလား”
“ဟုတ်တယ်။ မင်း ငါ့အပေါ် ရိုးသားခဲ့သလို ငါလည်း မင်းအပေါ် ရိုးသားမယ်။ ငါက အရာရာကို ကူညီပေးလို့ မရဘူး။ အဲဒါက မဖြစ်နိုင်ဘူးလေ။ တချို့အရာတွေကို စွန့်လွှတ်မှုတွေနဲ့မှ ရနိုင်တာ”
“ဒါအတွက် ငါက အရိုက်ခံရမယ်လို့ ပြောနေတာလား”
“အင်း”
“ဒါပေမဲ့ ဒါက အသံတွေတင်ပဲလေ။ အဲဒါနဲ့ ဘာလုပ်မှာလဲ။ ပြီးတော့ ငါ ဒါနဲ့ ဘာလုပ်တယ်ဆိုတာ သူတို့ သိသွားရင် . . ငါ ကျောင်းတောင် လာနိုင်တော့မှာ မဟုတ်ဘူး”
ကြောက်စရာကြီး။ လူမိုက်တွေက သူ ပြန်တိုက်ဖို့ ကြိုးစားတယ်ဆိုတာ သိသွားရင် ပုံမှန်ထက် ပိုပြီး နှိပ်စက်ကြမှာ။ ဒီလောက် အန္တရာယ်ရှိတာကို ခိုင်းနေတာလား။ ပိုပြီး အနိုင်ကျင့်ခံရအောင် လုပ်နေတာလား
“ကျောင်းတွင်း အကြမ်းဖက်မှုမှာ သက်သေက အရေးကြီးဆုံးပဲ။ သူတို့ မင်းဆီက ပိုက်ဆံ ဘယ်လောက် လုသွားလဲ၊ မင်းကို ဘယ်လောက်ကြာကြာ အနိုင်ကျင့်ခဲ့လဲ၊ လူဘယ်နှစ်ယောက်က အနိုင်ကျင့်လဲဆိုတဲ့ သက်သေတွေ ရထားဖို့က တကယ်ကို အရေးကြီးတယ်”
“ဒါပေမဲ့ ဒါတွေ အကုန်လုံးက ဆရာ့ဆီက ဆူပူကြိမ်းမောင်းတာနဲ့တင် ပြီးသွားမှာလေ။ အဲဒီနောက်မှာရော။ အဲဒီကျရင် ငါက . . ”
“ဘယ်သူက ဆရာ့ဆီ သွားမယ်လို့ ပြောလို့လဲ”
“ဒါဆိုရင် ဘာလုပ်မှာလဲ”
“ကျောင်းတွင်းမှာတင် အဆုံးသတ်ချင်တယ်ဆိုရင်တော့ ငါတို့ ဒါတွေ လုပ်နေမှာ မဟုတ်ဘူး။ တစ်ခုခု စလိုက်ပြီဆိုရင်တော့ အဆုံးထိ သွားကြရမှာပေါ့”
မာရူး က စိတ်ပျက်နေတဲ့ မျက်နှာပေးနဲ့ ပြောလိုက်တာက ဗြောင်ဆူ ရဲ့ ကျောရိုးထဲအထိ စိမ့်သွားစေတယ်
“တကယ်တော့ ချန်ဟူး ရဲ့ အနိုင်ကျင့်တာ ခံနေရတဲ့ ကလေးတွေ အများကြီး ရှိတယ်။ ငါတို့သာ ဒါကို အောင်အောင်မြင်မြင် လုပ်နိုင်မယ်ဆိုရင် တကယ်ကို တန်သွားမှာပါ”
“မင်း ဘာလုပ်ဖို့ စဉ်းစားနေတာလဲ . . ”
“သိသာပါတယ်၊ မဟုတ်ဘူးလား”
မာရူး က အသံဖမ်းစက်ကို ထပ်ထုတ်လိုက်တယ်
“လက်သီးထက် ဥပဒေက ပိုပြီး အစွမ်းထက်တယ်ဆိုတာကို သူတို့ကို ပြချင်ရုံပါ”
“ဥပဒေ။ ဘာ….ဘာလဲ၊ မင်းက သူတို့ကို တရားစွဲမလို့လား”
မာရူး က အေးအေးဆေးဆေးပဲ ခေါင်းညိတ်ပြတယ်။ ဒီကောင် ဘာတွေ လျှောက်ပြောနေမှန်း သိရဲ့လား။ တရားစွဲမယ် ဟုတ်လား။ အဲဒါတွေက လူကြီးတွေ ကမ္ဘာမှာပဲ ရှိတာလေ
“ငါ ဘာလုပ်ပေးနိုင်လဲ၊ ဘာမလုပ်နိုင်ဘူးလဲဆိုတာကို ရှင်းပြမယ်။ ငါ ပြောတာတွေ အကုန်လုံး နားထောင်ပြီးလို့ မင်း သဘောကျတယ်ဆိုရင် ဒီအသံဖမ်းစက်ကို ယူလိုက်။ သဘောမကျရင်တော့ တိုင်စာရေးတဲ့အခါ လက်မှတ်ပဲ ထိုးပေးပေါ့။ အသံဖမ်းတဲ့ အလုပ်ကိုတော့ တခြားတစ်ယောက်ကို ခိုင်းလို့ ရတာပဲ”
ဗြောင်ဆူ က တုန်လှုပ်နေတဲ့ မျက်လုံးတွေနဲ့ အဲဒီစက်ကို ကြည့်လိုက်တယ်။ ဘာကြောင့်လဲတော့ မသိဘူး၊ ဒီနေ့မှ စတွေ့တာ ဖြစ်ပေမဲ့ မာရူး ကို သူ ယုံကြည်လို့ ရမယ်လို့ ခံစားနေရတယ်။ မာရူး က ဒီကိစ္စကို ပေါ့ပေါ့တန်တန် လုပ်နေတာမျိုးလည်း မဟုတ်ဘူး။ အသံဖမ်းစက် . . ဒါကို သူ ဘယ်က ရလာတာပါလိမ့်
“မင်း တကယ် ကူညီမှာလား”
“နှစ်ယောက်လုံးအတွက် အကျိုးရှိမယ့် ကိစ္စပါ”
ဗြောင်ဆူ ခဏလောက် စဉ်းစားလိုက်တယ်၊ ဆုံးဖြတ်ချက် ချဖို့ သိပ်တော့ မကြာလိုက်ပါဘူး။ သူက အောက်ခြေအထိ ရောက်နေတာ ကြာပြီဆိုတော့ ဒီထက် ထပ်ကျစရာ နေရာလည်း မရှိတော့ဘူးလေ။ ဘယ်လိုပဲဖြစ်ဖြစ် အနိုင်ကျင့်ခံနေရမှာ အတူတူတော့ . . တစ်ခါလောက်တော့ ပေါက်ကွဲပစ်လိုက်တာပေါ့။ ကြောက်တော့ ကြောက်ပေမဲ့ ဒီကောင် ကူညီနေတာဆိုတော့ သူ လုပ်နိုင်မှာပါ။ ဗြောင်ဆူ က မာရူး လက်ထဲက အသံဖမ်းစက်ကို တင်းတင်းဆုပ်ပြီး ယူလိုက်တယ်
“ငါ လုပ်မယ်”
“ငါ ပြောတာကို အရင် နားထောင်ဦးလေ။ အော်၊ ဒါနဲ့ အဲဒါကို အဲလောက်အထိ တင်းတင်းကြီး မဆုပ်ထားနဲ့ဦး”
“ဘာလို့လဲ”
“အဲဒါက ငါ့ဟာလည်း မဟုတ်ဘူး၊ ပြီးတော့ ဝမ်ရှစ်သိန်းတောင် တန်တာလေ”
“ရှစ်….ရှစ်သိန်း”
ဗြောင်ဆူ လန့်ပြီး ချက်ချင်း လွှတ်လိုက်တာပေါ့။ ဒီကောင်က တကယ်ကို ဘယ်လို လူစားလဲ
“ဘာပဲဖြစ်ဖြစ်၊ တို့တွေ ဘာလုပ်မလဲဆိုတာ ရှင်းပြမယ်”
မာရူး က တည်တည်ငြိမ်ငြိမ် မျက်နှာပေးနဲ့ စကားစပြောတော့တာပေါ့။
* * * * * * * * *