← Chapters

အခန်း (၁၀၃-၁၀၄)

Vol. 11 Ch. 103-104

အခန်း (၁၀၃-၁၀၄)

Vol. 11 Ch. 103-104

အခန်း(၁၀၃)

ကျောင်းရောက်ပြီ။ ကျောင်းရှေ့တံခါးဝမှာ ရပ်နေတဲ့ ဆရာတစ်ယောက်က မျက်မှောင်ကြီးကြုတ်လို့။ အဲဒီဆရာက ကျောင်းသားအတော်များများကို ရှိသမျှအင်အားနဲ့ တုတ်နဲ့ လိုက်ရိုက်နေတာလေ။ အင်း... ဒါဟာ စက်မှုအထက်တန်းကျောင်းရဲ့ ပုံမှန်မနက်ခင်းတစ်ခုပေါ့။

ဗြောင်ဆူက သက်ပြင်းအရှည်ကြီး ချလိုက်ပြီးမှ ကျောင်းတံခါးထဲကို လှမ်းဝင်လိုက်တယ်။ သူ့ဘဝမှာ ဆရာတွေဆီက တစ်ခါမှ အဆူမခံခဲ့ဖူးဘူး၊ တကယ်တော့ ဆရာတွေက သူ့လိုလူမျိုး ရှိနေမှန်းတောင် သိကြမှာမဟုတ်ပါဘူး။ အဲဒီလိုတွေးမိတော့ စိတ်ထဲမှာ နည်းနည်းတော့ ဝမ်းနည်းသလို ခံစားရတာပေါ့။ ဒါပေမဲ့ ဒီခံစားချက်က သိပ်တော့မကြာပါဘူး၊ အတန်းထဲရောက်သွားတာနဲ့ ဒီလိုမျိုးတွေက ပျောက်သွားမှာပဲလေ။

“ဗြောင်ဆူ”

သူ အတန်းထဲဝင်လိုက်တာနဲ့ ကလေးတချို့က သူ့ဆီ တန်းလာကြတယ်။ သူတို့က သူ့ကို အနိုင်ကျင့်တာမျိုးတော့ မဟုတ်ဘူး၊ ဒါပေမဲ့ ဗြောင်ဆူဆီကနေ တစ်ခုခု အမြဲလိုချင်နေကြတာ။ ဗြောင်ဆူလည်း သူတို့အတွက် အင်္ဂလိပ်စာ အိမ်စာစာအုပ်ကို ထုတ်ပေးလိုက်တယ်။

သူတို့က ကျေးဇူးတင်စကားတောင် မပြောဘဲ ယူသွားကြတာလေ၊ ဗြောင်ဆူကတော့ ဒီလိုအခြေအနေမျိုးကို အကျင့်ဖြစ်နေပါပြီ။ နောက်ဆုံးတော့ အဲဒီကလေးတွေက သူ့အိမ်စာတွေကို ကူးပြီးသွားတော့မှ မီတာအနည်းငယ်အကွာက စားပွဲတစ်ခုပေါ်မှာ ညစ်ပတ်ပေရေနေတဲ့ သူ့စာအုပ်ကို ပစ်ထားခဲ့ကြတယ်။ ဗြောင်ဆူက အဲဒီစာအုပ်ကို ပြန်ကောက်ပြီး သူ့စားပွဲပေါ်မှာပဲ ပြန်တင်ထားလိုက်တယ်၊ ခဏနေရင် တခြားကလေးတွေက လာယူသွားကြဦးမှာပဲလေ။

အဲဒီအချိန်မှာပဲ အတန်းရဲ့ တခြားတစ်ဖက်မှာလည်း အလားတူကိစ္စမျိုး ဖြစ်နေတယ်။ ဗြောင်ဆူက စားပွဲကို ငုံ့ကြည့်နေတဲ့ မျက်မှန်နဲ့ကောင်လေးကို လှမ်းကြည့်လိုက်တော့ အဲဒီကောင်လေးကလည်း သူ့ဘက်ကို လှည့်ကြည့်တယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းကဆိုရင်တော့ မျက်လုံးချင်းဆုံရင် ဗြောင်ဆူက အဲဒီကောင်လေးကို လျစ်လျူရှုခဲ့တာပေါ့။ သူ့ရင်ထဲမှာ ကျန်နေသေးတဲ့ မာနအနည်းငယ်ကြောင့် ငါက ဒီကောင်ထက်တော့ ပိုသာပါသေးတယ်လို့ ယုံကြည်နေခဲ့တာကိုး။

‘ရောက်ပြီလား’

‘အေး’

သူတို့နှစ်ယောက်ကြားမှာ တိတ်တဆိတ်ပဲ နှုတ်ဆက်လိုက်ကြတယ်။ မာရူးဆီကနေ သူသင်ယူလိုက်ရတဲ့ အချက်တစ်ခုရှိရင် အဲဒါကတော့ သူ့မှာ ရဲဘော်ရဲဘက်တွေ ရှိနေပြီဆိုတာပဲ။ သူတို့တွေဟာ တစ်ယောက်ကိုတစ်ယောက် လျစ်လျူမရှုကြတော့ဘဲ အချင်းချင်း နားလည်မှုတွေ တည်ဆောက်ထားကြပြီလေ။ နာကျင်မှုတွေကို မျှဝေတာမျိုးမဟုတ်ဘဲ ခွန်အားတွေကို မျှဝေနေကြတာပေါ့။ မျက်မှန်နဲ့ကောင်လေး နာမည်က ဂျင်ဟိုတဲ့၊ အဲဒီကောင်လေးက အထက်တန်းကျောင်းမှာ ဗြောင်ဆူရဲ့ ပထမဆုံး သူငယ်ချင်းစစ်စစ် ဖြစ်လာနိုင်တာပေါ့။

* * * * * * * * *

ဘယ်အလုပ်ကိုမဆို အလောတကြီး မလုပ်သင့်ဘူး။ အဲဒီအစား တည်တည်ငြိမ်ငြိမ်နဲ့ အနုစိတ် ဂရုတစိုက် လုပ်ရမယ်။ အခု သူလုပ်တော့မယ့် ကိစ္စဟာ တကယ့်ကို အနုစိတ် ဂရုတစိုက် လုပ်ရမှာဖြစ်ပြီး စိတ်ခံစားချက်တွေ လုံးဝ မပါရဘူးဆိုတာ မာရူး ကောင်းကောင်းသိတယ်။ တော်သေးတာပေါ့၊ ဗြောင်ဆူ၊ ဂျင်ဟိုနဲ့ ကျန်တဲ့သူတွေအားလုံးကလည်း ဒါကို နားလည်ထားကြလို့လေ။

“ဗြောင်ဆူ၊ ဒါလေး သွားလွှင့်ပေးဦး”

ဒီနေ့လည်း အမှိုက်တွေက သူ့ဆီကို ပိုပြီး ရောက်လာပြန်တယ်။ ဗြောင်ဆူက စိတ်တောင်မဆိုးတော့ပါဘူး၊ ထုံးစံအတိုင်းပဲ အဲဒီအမှိုက်တွေကို ကောက်ပြီး သွားလွှင့်ပစ်လိုက်တယ်။ မနက်ဖြန်ကျရင်လည်း ဒါတွေက ပြောင်းလဲမှာမဟုတ်ဘူးလို့ တွေးမိတော့ ဒေါသတွေ တောက်လောင်လာပေမဲ့ အနည်းဆုံးတော့ မနက်ဖြန်အတွက် သူ ပြင်ဆင်နိုင်နေပြီဆိုတဲ့ အသိကပဲ အရာရာကို သည်းခံနိုင်စေတာပေါ့။

‘မဟုတ်ဘူး၊ ဒါက မဟုတ်သေးဘူး’

‘မင်း ဒါကို ဒီအတိုင်း အောင့်အည်းသည်းခံနေရမှာ မဟုတ်ဘူး။ အဲဒါကို မှတ်ထားပါ။ လူတွေက မင်းအပေါ် ဘယ်လိုဆက်ဆံခဲ့လဲဆိုတာ အကုန်မှတ်ထားရမယ်။ မှတ်စုတောင် ရေးထားလို့ရတယ်။ မင်းရဲ့မှတ်စုတွေကို ပြန်ကြည့်တဲ့အခါ ဆဲချင်ရင်ဆဲ၊ ငိုချင်ရင်ငို၊ ဒါပေမဲ့ ဒါက တကယ့်ကို လိုအပ်တဲ့အရာပဲ။ ငါ ထပ်ပြောမယ်နော်။ မင်း ဒါကို သည်းခံနေရုံတင်မဟုတ်ဘူး၊ သက်သေတွေကိုပါ စုဆောင်းနေတာ’

ဗြောင်ဆူက သူ့ဆီ အမှိုက်တွေပစ်တဲ့ကောင်၊ သူ့ကို အိမ်စာတွေခိုင်းတဲ့ကောင်နဲ့ အကြောင်းပြချက်မရှိဘဲ အမြဲရိုက်တဲ့ကောင်တွေရဲ့ နာမည်တွေကို မှတ်ထားလိုက်တယ်။

‘ပြောင်းလဲမှုဆိုတာ ချက်ချင်းကြီး ဖြစ်မလာဘူး၊ လူတွေက လက်ဖျောက်တစ်ချက်တီးလိုက်ရုံနဲ့ ပြောင်းလဲမသွားနိုင်ကြဘူးလေ။ သူတို့က ဒုက္ခကနေ လွတ်မြောက်ဖို့အတွက် ပြောင်းလဲချင်ယောင်ဆောင်နေကြတာပဲ ရှိတာ။ ဒါပေမဲ့ လူတစ်ယောက် တကယ်ပြောင်းလဲသွားတဲ့ အချိန်တစ်ခုတော့ ရှိတယ်၊ အဲဒါကတော့ သူတို့ ချောင်ပိတ်မိသွားတဲ့ အချိန်ပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က အသက်ရှင်ချင်ကြတာကိုး။ အဲဒီအချိန်ကျမှ လူတွေက တကယ်ပြောင်းလဲသွားတာ။ ဒါကြောင့် အရာရာကို အလောတကြီး မလုပ်ပါနဲ့။ ရယ်စရာတော့ ကောင်းသားပဲ၊ နင်က ဒီအချိန်အထိ ဘေးကင်းကင်းနဲ့ ရောက်လာနိုင်ခဲ့တာပဲလေ’

ဘေးကင်းကင်းနဲ့ ရောက်လာတယ်။ ဗြောင်ဆူက ဂျင်ဟိုနဲ့ စကားပြောတုန်းက တော်တော်လေး အံ့သြသွားခဲ့တာကို သတိရမိတယ်၊ အဲဒီကောင်လေးက အရင်တုန်းက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ အကြိမ်ကြိမ် စဉ်းစားခဲ့ဖူးတာလေ။ ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်မိတဲ့ အချိန်တိုင်းပေါ့။

‘ရယ်စရာကောင်းတာကလေ... ငါက သေလို့မရဘူး၊ ငါသာ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ရင် လူတွေက ငါ့ကို သနားစရာကောင်းတဲ့ကောင်လို့ ထင်သွားမှာကို ကြောက်လို့။ သနားစရာကောင်းလိုက်တာနော်’

ဗြောင်ဆူကတော့ အဲဒီစကားကို ချက်ချင်းပဲ ငြင်းလိုက်တယ်၊ မာရူးရှာပေးထားတဲ့ တခြားကောင်လေးတစ်ယောက်ဆိုရင် သူ့ကွန်ပျူတာထဲမှာ ဝှက်ထားတဲ့ အပြာကားတွေကြောင့် သေလို့မရဘူးလို့ ပြောခဲ့တာ သူ သတိရနေတုန်းပဲ။ အဲဒါက သူ့ကို ရယ်ချင်စိတ်ပေါက်စေသလို ကျောချမ်းသလိုလည်း ခံစားရစေတယ်။ ဒါဆို လူတိုင်းက တစ်ချိန်ချိန်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ စဉ်းစားဖူးကြတာပဲပေါ့။

နေ့လယ်စာစားချိန်။ ဗြောင်ဆူက ဂျင်ဟိုနဲ့အတူ တိတ်တဆိတ် နေ့လယ်စာစားပြီး အတန်းထဲ ပြန်လာခဲ့တယ်။ တခြားသူတွေကတော့ သူတို့နှစ်ယောက်ကို ကြည့်ပြီး အတူတူပဲဆိုပြီး လက်ညှိုးထိုး လှောင်ရယ်နေကြတာပေါ့။

နေ့လယ် ၁၂ နာရီ ၄၀ မိနစ်။ ဗြောင်ဆူနဲ့ ဂျင်ဟိုက အကြည့်ချင်းဖလှယ်လိုက်ပြီး အပြင်ကို ထွက်လာခဲ့ကြတယ်၊ သူတို့တွေ ငါးထပ်က ခန်းမကြီးဆီကို ဦးတည်နေတာ။ အဲဒီနေရာက ပုံမှန်ဆိုရင် ပြဇာတ်ကလပ်ကလွဲလို့ ဘယ်သူမှမရှိတော့ လူစုဖို့ တကယ့်နေရာကောင်းပဲပေါ့။ ဗြောင်ဆူက ပတ်ဝန်းကျင်ကို ခဏလောက် ဝေ့ကြည့်လိုက်ပြီးမှ ခန်းမထဲကို ဂရုတစိုက် ဝင်လာခဲ့တယ်။

“အော်... ရောက်လာပြီလား”

အထဲမှာ လူ ၁၄ ယောက်လောက် ရှိနေတယ်။ အားလုံးက ချန်ဟူးနဲ့ သူ့သူငယ်ချင်းတွေရဲ့ အနိုင်ကျင့်တာ ခံနေရတဲ့ ကျောင်းသားတွေချည်းပဲ။ ဗြောင်ဆူက မာရူးဘေးမှာရှိနေတဲ့ ဆရာ့ကို အရင်ဆုံး နှုတ်ဆက်လိုက်တယ်၊ အဲဒီဆရာက ပြဇာတ်ကလပ်ရဲ့ အကြံပေးဆရာ တေးဆစ် ပဲ။ ဆရာတစ်ယောက်က သူတို့ဘက်မှာ ရှိနေတယ်ဆိုတဲ့အသိက ဗြောင်ဆူကို ခွန်အားတွေ ဖြစ်စေတာပေါ့။

မာရူးနဲ့ တေးဆစ်က တိုးတိုးလေး စကားပြောနေကြတာကို ကြည့်ပြီး ဗြောင်ဆူ အတော်လေးကို အံ့သြနေမိတယ်။ အမှန်အတိုင်းပြောရရင် မာရူးက သူတို့အတွက် ဒီလောက်အထိ အင်တိုက်အားတိုက် လုပ်ပေးလိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူးလေ။

မာရူး အလုပ်လုပ်နေတာကို ကြည့်ပြီး ဒီကောင်လေးက တကယ်ပဲ အထက်တန်းကျောင်းသား ဟုတ်ရဲ့လားလို့တောင် ဗြောင်ဆူ သံသယဝင်လာမိတယ်။ ဗြောင်ဆူက သူတို့နှစ်ယောက် ဘာတွေပြောနေလဲဆိုတာ သိချင်လို့ ရှေ့ကို နည်းနည်း တိုးလိုက်တယ်။

“ဒီကိစ္စကို ဆရာကြီးတွေ အစည်းအဝေးမှာ ပြောကြည့်ပြီးပြီလား”

“ဆရာတွေက ကျောင်းရဲ့ နာမည်ဂုဏ်သတင်းကို မြှင့်တင်ချင်နေကြတာဆိုတော့ လာမယ့်နှစ်မှာ ကျောင်းတွင်းအကြမ်းဖက်မှုတွေကို တတ်နိုင်သမျှ ဖယ်ရှားပစ်ဖို့ ကြိုးစားနေကြတယ်”

“အခုလောလောဆယ်ရော”

“ဘယ်လိုပဲကြည့်ကြည့် ကျောင်းတွင်းအကြမ်းဖက်မှု လျှော့ချရေး အစည်းအဝေးတစ်ခုတော့ လုပ်ကြလိမ့်မယ် ထင်တယ်။ စိတ်မကောင်းစရာကတော့ ဒီကိစ္စကို ဒီထက်ပိုပြီး အရှိန်မမြှင့်ဘဲ ဒီအတိုင်းပဲ ပြီးသွားအောင် လုပ်ကြမှာပဲ။ ကျောင်းသားမိဘတွေက ဒီလိုသတင်းမျိုးဆိုရင် တကယ့်ကို ထိခိုက်လွယ်ကြတာကိုး”

တစ်ခုခုတော့ မဟုတ်သေးဘူး၊ သူတို့နှစ်ယောက်လုံးရဲ့ မျက်နှာက သိပ်ပြီး မကောင်းလှဘူး။

“ဒါပေမဲ့ လျှော့ချရေးအစည်းအဝေးပဲ လုပ်မယ်ဆိုရင် ခဏတဖြုတ် လူမှုရေးအလုပ်တွေ ခိုင်းပြီး အရာရာ ပြီးဆုံးသွားမှာပေါ့”

“ဟုတ်တယ်လေ။ ဘယ်ကျောင်းကမှ သူတို့ရဲ့ အမှောင်ဘက်ခြမ်းကို လူသိရှင်ကြား မထုတ်ပြချင်ကြဘူး။ သူတို့က အရာရာကို တတ်နိုင်သမျှ သေးသေးလေးဖြစ်အောင် လုပ်ကြမှာပဲ၊ ဘယ်သူမှ ကျောင်းထုတ်ခံရတာ ဒါမှမဟုတ် ကျောင်းပြောင်းခံရတာမျိုး ဖြစ်လာမှာမဟုတ်ဘူး”

“ပြီးခဲ့တဲ့တစ်ခေါက် အစည်းအဝေးတုန်းက ဘာဖြစ်ခဲ့လဲ”

“မင်းပြောသလိုပဲ၊ ရိုးရိုးရှင်းရှင်း လူမှုရေးအလုပ်တွေခိုင်းပြီး ပြီးသွားတာပဲ”

“ခံရတဲ့သူကရော”

“... ကျောင်းပြောင်းသွားရတယ်”

“နားလည်ပါပြီ။ ကျွန်တော့်တောင်းဆိုချက်ကို နားထောင်ပေးလို့ ကျေးဇူးတင်ပါတယ်”

“ငါ့မှာလည်း ပေးစရာကြွေးတွေ ရှိသေးတာဆိုတော့လေ၊ ဒါပေမဲ့ ငါ လုပ်ပေးနိုင်တာက ဒီလောက်အထိပဲ။ ငါသာ ဒီမှာ ဝင်ပါလိုက်ရင် ကျန်တဲ့ဆရာတွေက ဒါကို အခွင့်ကောင်းယူပြီး ပြဇာတ်ကလပ်ကို ထပ်ပြီး နှိပ်ကွပ်ကြမှာ”

“ဟုတ်ကဲ့။ ကျွန်တော်လည်း အဲဒီလိုမျိုး မဖြစ်စေချင်ပါဘူး”

“ဒါနဲ့ မင်းက ဒါတွေအားလုံးကို ဘယ်တုန်းကတည်းက ပြင်ဆင်ထားတာလဲ။ ဥပဒေရေးရာ စာရွက်စာတမ်းတွေတောင် ရထားတယ်ဆိုတော့”

“မကြာခင်ကမှ သိတဲ့သူတစ်ယောက်ကနေတစ်ဆင့် ရှေ့နေတစ်ယောက်နဲ့ မိတ်ဆက်ပေးလို့ပါ။ တစ်ခုခု စလုပ်ပြီဆိုမှတော့ အကြီးအကျယ်ပဲ လုပ်လိုက်တော့မယ်လို့ ဆုံးဖြတ်ထားလို့ပါ”

“မင်း တော်တော် အလုပ်ရှုပ်နေမှာပဲ။ ဒီကိစ္စရော၊ မြောင်ဒုံကိစ္စရော၊ ပြဇာတ်ကလပ်ကိစ္စတွေရော... ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ဦးနော်”

“ဟုတ်ကဲ့ပါ။ အော်... ဒါနဲ့ ဒီနှစ်ထဲမှာ မင်္ဂလာဆောင်ရှိတယ်လို့ သတင်းကြားတယ်နော်”

“ဟားဟား... မင်းကတော့ကွာ”

တေးဆစ် ထရပ်ပြီး ခန်းမထဲက ထွက်သွားတော့ ဗြောင်ဆူက နှုတ်ဆက်လိုက်တယ်။ အကယ်၍ သူ့မှာသာ ဒီလိုမျိုး ဆရာတစ်ယောက်ရှိခဲ့ရင် အရာရာက အများကြီး ပြောင်းလဲသွားမှာပဲလို့ သူ ခံစားလိုက်ရတာပေါ့။

“မင်းတို့ ရေးလာကြပြီလား”

လူတိုင်းက A4 စာရွက်တစ်ရွက်စီကို မာရူးလက်ထဲ ထည့်ပေးလိုက်ကြတယ်။ အဲဒီစာရွက်တွေပေါ်မှာ ဒီနေ့ ဘာတွေဖြစ်ခဲ့သလဲဆိုတဲ့ စာရင်းတွေ အပြည့်အစုံ ပါတာပေါ့။ မာရူးက အဲဒီစာရွက်တွေကို ယူပြီး ပလတ်စတစ်အိတ်ထဲ သေသေချာချာ ထည့်လိုက်တယ်။

“မင်းတို့ ကြားတဲ့အတိုင်းပဲ၊ ကျောင်းကိုပဲ တိုင်မယ်ဆိုရင်တော့ လူမှုရေးအလုပ်တွေခိုင်းပြီး ပြီးသွားမှာပဲ။ အဲဒီလူမိုက်တချို့ဆိုရင် အပြစ်ပေးတောင် ခံရမှာမဟုတ်ဘူး”

“အဲ... အဲဒီလောက်ပဲလား”

ကလေးတစ်ယောက်က အားငယ်တဲ့လေသံနဲ့ မေးလိုက်တယ်။ အဲဒီကောင်လေးကို ဗြောင်ဆူ သိတာပေါ့၊ အရင်တုန်းက အတူတူ အရိုက်ခံခဲ့ရဖူးတဲ့ ကောင်လေးလေ။

“ငါတို့က ဒီကိစ္စတွေကို အဆင့်ဆင့် လုပ်သွားရမယ်။ အာဏာရှိတဲ့သူတွေက အဆင့်ဆင့်လုပ်တာကို သဘောကျကြတာ။ ဒီကျောင်းမှာဆိုရင် အာဏာအရှိဆုံးက ကျောင်းအုပ်ကြီးပဲ။ သူ့လိုလူမျိုးကို ရန်စလိုက်ရင် ဘာမှကောင်းလာမှာမဟုတ်ဘူး၊ အဲဒါကြောင့် ဘာပဲဖြစ်ဖြစ် လျှော့ချရေးအစည်းအဝေးကနေပဲ အရင်စရမယ်။ အဲဒီက ထွက်လာတဲ့ ရလဒ်တွေကို ကြည့်ပြီးမှ ငါတို့ ဆုံးဖြတ်ချက် ချကြတာပေါ့”

“ဆုံးဖြတ်ချက်”

“ဟုတ်တယ်၊ မင်းတို့ ကိုယ်တိုင် ချရမယ့် ဆုံးဖြတ်ချက်ပေါ့”

“ကျွန်တော်တို့ကလား”

ဗြောင်ဆူ မျက်တောင်တခတ်ခတ် ဖြစ်သွားတယ်။ သူတို့က ဆုံးဖြတ်ချက် ချရမယ် ဟုတ်လား။

“ဒီလောက် ခိုင်လုံတဲ့ သက်သေတွေရှိနေမှတော့ သူတို့ ကြိုက်ကြိုက် မကြိုက်ကြိုက် လျှော့ချရေးအစည်းအဝေးကို ဖွင့်ပေးရမှာပဲ။ အဲဒီစာရွက်ပေါ်မှာ ပါတဲ့သူတွေအားလုံးကို သူတို့ ခေါ်ရလိမ့်မယ်၊ အဲဒီအချိန်ကျရင် မင်းတို့ကိုလည်း မေးမြန်းတာတွေ လုပ်ကြလိမ့်မယ်။ အဲဒီမှာ အရေးကြီးဆုံးက မင်းတို့ အမှန်အတိုင်းပဲ ပြောဖို့ပဲ”

လူတိုင်းက ခေါင်းညိတ်လိုက်ကြတယ်။

“အဲဒါ ပြီးသွားရင်တော့ ကျောင်းကနေ အပြစ်ပေးတာတွေ လုပ်လိမ့်မယ်။ ရိုးရိုးအဆူခံရတာကနေ ကျောင်းထုတ်တာအထိ ဖြစ်နိုင်တာပေါ့။ သူတို့ အပြစ်ပေးပြီးသွားတဲ့ အချိန်ကျရင်တော့ မင်းတို့ ဆုံးဖြတ်ချက် ချရတော့မယ်။ အဲဒီမှာတင် ရပ်မလား၊ ဒါမှမဟုတ်...”

“ဒါမှမဟုတ်”

ဗြောင်ဆူ တံတွေး တစ်ချက် မျိုချလိုက်တယ်။

“ငါတို့ ဒါကို အကြီးအကျယ် တရားစွဲတဲ့အထိ လုပ်ပစ်လို့ ရတယ်”

* * * * * * * * *

“မင်း ဒီရက်ပိုင်း ဘယ်တွေ သွားနေတာလဲ”

ဒိုဂျင်ရဲ့ မေးခွန်းကို မာရူးက ပြုံးပဲ ပြလိုက်တယ်၊ သူ့ကိုယ်သူ နှစ်ယောက်လောက် ရှိနေရင် ဘယ်လောက်ကောင်းမလဲလို့တောင် တွေးမိတာပေါ့။

“ပိတ်ရက်ကျရင် ကာရာအိုကေ သွားကြမလို့၊ မင်းလည်း လိုက်ခဲ့လေ”

မာရူးကတော့ တောင်းပန်စကားပဲ ပြောနိုင်တော့တယ်။

“ဒါတွေ ပြီးသွားရင်တော့ အတူတူ သွားကစားကြတာပေါ့”

“မင်း ဘာတွေများ လုပ်နေလို့လဲ”

“ပြောလို့မရဘူးလေ၊ ဒါက လျှို့ဝှက်ချက်ပေါ့”

“ဘာတွေလာပြောနေတာလဲ”

ဒိုဂျင်ကတော့ တော်တော်လေး ဇဝေဇဝါ ဖြစ်နေပုံပဲ။ မာရူးက သူ့သူငယ်ချင်း နှစ်ယောက်ကို နှုတ်ဆက်လိုက်ပြီး မြို့ထဲက လက်ဝှေ့အားကစားရုံဆီကို သွားလိုက်တယ်။ အဲဒီမှာ တခြားသူတွေက သူ့ကို စောင့်နေကြပြီလေ။

“ဘာလို့ ငါမပါဘဲ အထဲမဝင်ကြတာလဲ”

“ငါတို့ဘာသာ ငါတို့ ဝင်ရမှာက နည်းနည်း အနေရခက်လို့ပါ”

“လုပ်ပါကွာ၊ သုံးရက်တောင် ရှိနေပြီလေ။ အခုဆိုရင်တော့ အသားကျသင့်နေပြီ မဟုတ်လား”

သူတို့ အထဲဝင်လိုက်တာနဲ့ ချွေးနံ့တွေက သူတို့ကို ဆီးကြိုလိုက်တယ်။ မာရူးက ထောင့်က နည်းပြကို လှမ်းနှုတ်ဆက်လိုက်တယ်။

“သူတို့ကို အရင်အတိုင်းပဲ ဆရာ့လက်ထဲ အပ်ခဲ့မယ်နော်”

“အေးပါ”

“အော်... ဒါနဲ့ ကျွန်တော့်အဖေက ဆရာ ပိတ်ရက်ကျရင် အားလားလို့ မေးခိုင်းလိုက်တယ်”

“အဲဒီလူက ငါ့ဆီ တိုက်ရိုက်ဖုန်းမဆက်ဘဲနဲ့ ဘာလို့ အဲဒီလို လုပ်နေတာလဲ။ ပိတ်ရက်မှာ ငါ့ကို ဘာခိုင်းဦးမလို့လဲ”

“အကင်နဲ့ ဆိုဂျူ သောက်ကြမလို့တဲ့...”

မာရူး စကားမဆုံးခင်မှာတင် အဲဒီလူက “ငါ ကျိန်းသေ လာခဲ့မယ်” လို့ ချက်ချင်း ပြောတော့တာပဲ။ အဲဒီနည်းပြက မာရူးအဖေရဲ့ ဝါသနာရှင် လက်ဝှေ့သမားဘဝတုန်းက သူငယ်ချင်းပေါ့။ ကျောင်းမှာ ဘာတွေဖြစ်နေသလဲဆိုတာကို မာရူးက ရှင်းပြလိုက်တဲ့အခါ အဲဒီလူက “ဘာပဲဖြစ်ဖြစ် အဲဒီကလေးတွေကို ဒီကို ခေါ်လာခဲ့” လို့ ပြောခဲ့တာလေ။ တော်သေးတာပေါ့၊ ဒါတွေအားလုံးက အလကားပဲဆိုတော့။

“တကယ်တော့ ငါ့မှာ မင်းအဖေကို ပေးစရာ ကျေးဇူးကြွေးတွေ ရှိသေးတာ။ ငါ ပြန်ဆပ်ခဲ့ပေမဲ့ သူလုပ်ပေးခဲ့တာတွေအတွက် အခုထိ ကျေးဇူးတင်နေတုန်းပဲ။ တကယ်တော့ ဒီအားကစားရုံရဲ့ တစ်ဝက်လောက်က မင်းအဖေရဲ့ အထောက်အပံ့တွေ ပါနေတာကိုး”

“သူတို့ကို နည်းနည်းလောက် တက်ကြွလာအောင် လုပ်ပေးပါဦးနော်”

“တက်ကြွအောင် ဟုတ်လား။ အေးလေ... သူတို့တွေ ဘယ်လို အထိုးခံရမလဲဆိုတာကို သိသွားပြီဆိုရင်တော့ ရန်ဖြစ်ရင် ဘယ်တော့မှ ရှုံးမှာမဟုတ်တော့ဘူး။ သူတို့တွေကို သေသေချာချာ သင်ပေးလိုက်မယ်၊ အဲဒီကျရင် လူမိုက်တွေကို အရင်ဆုံး ပြန်ထိုးနိုင်တဲ့သူတွေ ဖြစ်သွားမှာပေါ့”

နည်းပြရဲ့ စကားကြောင့် ကလေးတွေလည်း စတင် လှုပ်ရှားလာကြတယ်။ လူမိုက်တွေ အပြစ်ပေးခံရရင်တောင်မှ ပြဿနာရဲ့ အရင်းအမြစ်က အလွယ်တကူ ပြောင်းလဲမှာမဟုတ်ဘူးလေ။ နောက်ဆုံးတော့ လူတစ်ယောက်ကို အောက်ခြေကနေ စပြီး ပြုပြင်ပေးရတာပဲ။ မာရူးကတော့ အဲဒီကလေးတွေကို တတ်နိုင်သလောက် ကူညီပေးချင်တာ။

“ဒါတောင်မှ သူတို့အတွက် စိတ်မကောင်းတော့ ဖြစ်မိသားပဲ”

သူက အနိုင်ကျင့်ခံရတဲ့ ကလေးတွေကို သနားလို့ ဒါကို စလုပ်ခဲ့တာ မဟုတ်ဘူး။ နောက်ဆုံးတော့ သူ့ရဲ့ ကိုယ်ပိုင်ပြဿနာကို ဖြေရှင်းဖို့အတွက် စခဲ့တာပဲလေ။ ချန်ဟူးက တကယ်ကို ဦးနှောက်ရှိတဲ့ကောင်ဆိုတော့ ရေရှည်မှာ ကလပ်ကို ဒုက္ခပေးမှာ သေချာတယ်လေ။ အမှန်အတိုင်းပြောရရင် ချန်ဟူးသာ မရှိရင် မာရူး ဒီကိစ္စမှာ ဝင်ပါမှာမဟုတ်ဘူး။ သူက သူ တကယ်မကူညီနိုင်တဲ့သူတွေဆီ လက်လှမ်းပေးရလောက်အောင်အထိ ကလေးမဆန်တော့ဘူးလေ။

‘ဒါပေမဲ့ စမိပြီဆိုမှတော့’

တစ်ခုခု စမိပြီဆိုရင် အဆုံးထိ လိုက်တာ မာရူးရဲ့ အလုပ်လုပ်ပုံပဲလေ။ ချန်ဟူးက သူ့ညီမကို ထိလိုက်တာကလည်း သူ့အတွက် နောက်ထပ် ခွန်အားတစ်ခု ဖြစ်စေတာပေါ့။ အမျိုးသမီးတွေကို လက်ဖျားနဲ့တောင် မတို့သင့်တာကို ဒီအမှိုက်တွေကို ဖယ်ရှားပစ်ရမယ်လို့ မာရူး တွေးထားတာလေ။ အဲဒီလို အမှိုက်တွေကို အဆူအဆဲ လုပ်နေမှာမဟုတ်ဘူး၊ သူတို့က တစ်ခါလောက် အသေအလဲ အရိုက်ခံရတော့မှပဲ မှတ်သွားကြမှာကိုး။

‘ဒါဆိုရင်တော့ တစ်ချက်လောက် ပညာပေးလိုက်ရမှာပေါ့’

မာရူးရဲ့ တရားမျှတမှုဆိုတာ သူ့ရဲ့ စရိုက်ထဲမှာ ကိန်းအောင်းနေပြီဆိုတာ သူ သဘောပေါက်လိုက်တယ်။ ကုမ္ပဏီကနေ ထွက်တုန်းကတောင် သူတို့ရဲ့ မကောင်းမှုတွေကို အကုန် ဖော်ထုတ်ခဲ့သေးတာပဲလေ။ သူက ကိစ္စတော်တော်များများမှာ ဝင်မပါချင်ပေမဲ့ ဓားကို အိမ်ကနေ ထုတ်ပြီးပြီဆိုရင်တော့ တစ်ခုခု လုပ်ရမှ ကျေနပ်တတ်တဲ့ လူစားမျိုးလေ။

“ကျေးဇူးတင်ပါတယ်”

နည်းပြကို နှုတ်ဆက်ပြီး မာရူး အပြင်ကို ပြန်ထွက်လာခဲ့တယ်။ လူမိုက်တွေဆိုတာ အကြမ်းဖက်တတ်လို့သာ ကြောက်စရာကောင်းနေတာလေ။ သူတို့ရဲ့ အကြမ်းဖက်မှုကို ပြန်ခုခံနိုင်ပြီလို့ ယုံကြည်လိုက်တာနဲ့ သူတို့က ဘာမှ မဟုတ်တော့ဘူး။

‘သူက နည်းနည်းတော့ ထူးဆန်းပေမဲ့ ကလေးတွေအတွက်တော့ ရေရှည်မှာ ပိုကောင်းမှာပါ’

နောက်ဆုံးတော့ ကြောက်စိတ်ဆိုတာ ကိုယ့်ဘာသာ သတ်မှတ်တာပဲလေ။ အဲဒီကလေးတွေက တကယ့် လက်ဝှေ့သမားတစ်ယောက်ရဲ့ လက်သီးတွေက ဘယ်လိုလဲဆိုတာကို မြည်းစမ်းပြီးသွားရင် လူမိုက်တွေကို ခုခံနိုင်တဲ့ စွမ်းအားတွေ အလိုလို ရလာမှာပေါ့။ အစမှာတော့ သူတို့အတွက် ခက်ခဲလိမ့်မယ်၊ ဒါပေမဲ့ နောက်ပိုင်းမှာတော့ သူတို့တွေ ကြီးထွားလာမှာ သေချာပါတယ်။

ခန္ဓာကိုယ်ဆိုတာကလည်း ရိုးသားတာကိုး။ ကိုယ့်ခန္ဓာကိုယ်အတွက် အလုပ်လုပ်ပေးရင် ကြွက်သားတွေအဖြစ် ပြန်ပေးတတ်တာပဲလေ။ အဲဒီကလေးတွေလည်း အောက်ခြေကို ရောက်ပြီးသွားပြီဆိုတော့ ရှိသမျှ ခွန်အားတွေနဲ့ ပြန်တက်ဖို့ ကြိုးစားကြမှာပေါ့။

ဒါပေမဲ့ သူတို့က အဲဒီမှာတင် လက်လျှော့လိုက်ရင်ကော။ အဲဒီလိုဆိုရင်တော့ မာရူးလည်း ဘာမှ မတတ်နိုင်တော့ဘူး။ ကိုယ့်ဘာသာ ချောက်ကမ်းပါးထဲ ခုန်ချချင်နေတဲ့သူကို သူလည်း ကူညီပေးလို့ မရဘူးလေ။

‘သူတို့တွေ ကောင်းကောင်း လုပ်နိုင်ကြမှာပါ’

နောက်ဆုံးတော့လည်း အတန်းထဲက တခြားကလေးတွေနဲ့အတူ ရောယှက်သွားတဲ့ အချိန်ကျရင် အနိုင်ကျင့်ခံနေရတယ်လို့ ခံစားလာရတာပေါ့။ ဒီကလေးတွေက သူတို့မှာ တစ်ခုခု မှားနေလို့ အနိုင်ကျင့်ခံရတာ မဟုတ်ဘူး၊ အတန်းထဲမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကြောင့်သာ ဒီလို ဖြစ်သွားတာ။ အဲဒါကြောင့်ပဲ အတန်းထဲက ကလေးအများစုက သူတို့အတန်းထဲမှာ အနိုင်ကျင့်တာတွေ ရှိလားလို့ အမေးခံရရင် မသိချင်ယောင် ဆောင်နေတတ်ကြတာ။

သူတို့ကိုယ်တိုင် တစ်စုံတစ်ယောက်ကို အနိုင်ကျင့်နေမိမှန်းတောင် သူတို့ မသိကြဘူးလေ။ အဲဒီလိုဆိုရင်တော့ မာရူးက သူတို့ကို သိအောင် လုပ်ပေးရမှာပေါ့။ သူတို့ လေလိုမျိုး သဘောထားနေတဲ့သူကလည်း သူတို့လိုပဲ လူသားတစ်ယောက် ဖြစ်တယ်ဆိုတာကို သိအောင် လုပ်ပေးရမယ်။

“အလို... အချိန်တွေကို ကြည့်ဦး”

ဂန်ဟွမ်က သူ့ကို စောင့်နေရလို့ စိတ်တိုနေမှာကို မာရူး မြင်ယောင်နေမိတယ်။ ဒီနေ့က ဝါသနာရှင် ပြဇာတ် လေ့ကျင့်တဲ့နေ့လေ၊ သူ အခုချက်ချင်း မြောင်ဒုံဆီကို ပြေးရမယ်။ သူတို့ ချိန်းထားတဲ့ နေရာရောက်တော့ ဂန်ဟွမ်က သူ့ဖုန်းကို ကိုင်ပြီး မျက်မှောင်ကြီး ကြုံလို့ စောင့်နေတာကို တွေ့လိုက်ရတာပေါ့။

“တောင်းပန်ပါတယ်၊ ကျွန်တော် နောက်ကျသွားတယ်”

“အော်... မင်းက သိသေးသားပဲ”

“ကျွန်တော်တို့ နောက်ကျနေပြီဆိုတော့ သွားကြရအောင်လေ”

“တောက်... ငါသာ ဒါအတွက် ပိုက်ဆံမရဘူးဆိုရင်တော့..”

“မကြာခင်မှာ ဆရာ့အတွက် ဒိတ်လုပ်ဖို့ မိန်းကလေးတစ်ယောက် ရှာပေးပါ့မယ်”

“... ချစ်ရတဲ့ တပည့်ကြီး၊ ကားပေါ် တက်ပါခင်ဗျာ”

ဂန်ဟွမ်က သူ့အတွက် ကားတံခါးတောင် ဖွင့်ပေးလိုက်သေးတယ်။

“ဒီနေ့ ကျွန်တော်တို့ ဇာတ်ကောင်တွေ ခွဲကြမှာ မဟုတ်လား”

“အေး... လူတိုင်းက ပြဇာတ်ကလပ်ကဆိုတော့ သူတို့ ဘာလုပ်ရမလဲဆိုတာ သူတို့ သိကြပါတယ်”

မြောင်ဒုံ အနုပညာ ပြဇာတ်ရုံအကြောင်းကို တွေးမိတော့ မာရူး ပြုံးမိသွားတယ်။

“ဘာဖြစ်လို့ ရုတ်တရက်ကြီး အဲဒီလိုကြီး ပြုံးနေတာလဲ”

“ဘာလဲ၊ ကျွန်တော် ပြုံးလို့တောင် မရဘူးလား”

“ဟင်း... ဒီဘက်ခေတ် ကလေးတွေကတော့ကွာ။ အော်... ဒါနဲ့ ပြီးခဲ့တဲ့တစ်ခေါက်က အဲဒီက မိန်းကလေးတစ်ယောက်နဲ့ မင်းက တော်တော် ခင်နေပုံရတယ်နော်”

“ဆရာ မြင်သွားတာလား”

“မြင်တာပေါ့။ ငါကလည်း အဲဒီကြားထဲမှာ ချစ်စရာကောင်းတဲ့ နည်းပြမလေးတွေ ရှိမလားလို့ လိုက်ကြည့်နေတာလေ၊ ဒါပေမဲ့ အကုန်လုံးက အဘွားကြီးတွေချည်းပဲ။ ဟင်း...”

မာရူးက ဂန်ဟွမ်ဆီကနေ မျက်နှာလွှဲပြီး ပြတင်းပေါက်ကို ကြည့်လိုက်တယ်။ သူမ ကလည်း ဝါသနာရှင် အတန်းထဲမှာ ရှိနေတာကိုး။ ဒါက ကံကောင်းတာမျိုး မဟုတ်ပါဘူး။ မာရူးက ဂျွန်မင်းကို ပြောပြီး သူမကို အဲဒီအတန်းထဲ ထည့်ပေးဖို့ တောင်းဆိုခဲ့တာလေ၊ သူ့ရဲ့ အရှိန်အဝါကို ကောင်းကောင်း အသုံးချလိုက်တာပေါ့။

‘ငါ ဘယ်တော့မှ ရည်းစားရမှာပါလိမ့်’

ဂန်ဟွမ်ကတော့ သူ့ဘာသာသူ ဘာမှန်းမသိတဲ့ သီချင်းတစ်ပုဒ်ကို တညည်းညည်းနဲ့ ဆိုနေတော့တယ်။

* * * * * * * * *

အခန်း(၁၀၄)

ဗြောင်ဆူရဲ့ မေးရိုးတွေက အသေအလဲကို နာနေတာပါပဲ။ လက်ဝှေ့သင်တန်းက နည်းပြက သူ့ကို ဟန်းမစ်တွေနဲ့ အားပြင်းပြင်း ထိုးခဲ့တာကို သူ ပြန်တွေးမိတယ်။ အဲဒီလူကြီးက ဘီယာဗိုက်ကြီးနဲ့ဆိုပေမဲ့ အားကတော့ တကယ့်ကို သန်တာပါ။

‘ဒီနာကျင်မှုက ငါ့အတွက် အထောက်အကူ ဖြစ်လာမှာပါ၊ သေချာတယ်’

တကယ်ပဲ သူ့ကိုယ်သူ ယုံကြည်မှုတွေ စတင်ရရှိလာသလို ခံစားနေရတယ်။ အဲဒီအချိန်မှာပဲ နည်းပြ ပြောခဲ့တဲ့ စကားတစ်ခွန်းကို သတိရသွားပြီး ကလေးတစ်ယောက်လို ပြုံးမိသွားတာပေါ့။

‘အတန်းထဲက ကုလားထိုင်တွေကို သိတယ်မလား။ အခြေအနေ မဟန်တော့ဘူးဆိုရင် အဲဒါတွေထဲက တစ်လုံးကိုပဲ ဆွဲယူလိုက်။ တကယ်ကြီး လွှဲရိုက်ဖို့ ပြောတာမဟုတ်ဘူးနော်၊ အဲဒါတော့ သိသာပါတယ်။ မင်းသာ အဲဒါနဲ့ လူတစ်ယောက်ကို တကယ်သွားထိုးမိရင်တော့ ကိစ္စတွေက တကယ့်ကို အခြေအနေ ဆိုးသွားလိမ့်မယ်။ အဲဒီတော့ ဆွဲယူပြီး စိုက်ကြည့်နေလိုက်ရုံပဲ၊ အဲဒါက တစ်ခါလောက်တော့ အလုပ်ဖြစ်ပါလိမ့်မယ်။ ပြီးတော့ အခုကစပြီး လေ့ကျင့်ခန်းတွေ စလုပ်တော့။ ယောက်ျားတစ်ယောက်ရဲ့ ယုံကြည်မှုဆိုတာ သူ့ရဲ့ ကြွက်သားထုထည်နဲ့ တိုက်ရိုက် အချိုးကျတာကွ။ ဟို ကွန်ပျူတာဂိမ်းဆိုတာတွေကိုလည်း ခဏလောက် လွှင့်ပစ်ထားလိုက်ဦး။ မင်းမှာ အဲဒီ မောက်စ်ကို ရွှေ့ဖို့ အချိန်ရှိနေရင် အဲဒီအစား ဒမ်ဘယ်တွေပဲ မလိုက်တော့။ လေ့ကျင့်ခန်းဆိုတာ တကယ်ကြိုးစားတဲ့သူကိုပဲ အကျိုးပြန်ပေးတာမျိုးလေ’

ဗြောင်ဆူက ကွန်ပျူတာကို ပိတ်လိုက်ပြီး ဒိုက်ထိုးတာတွေ စလုပ်တော့တာပါပဲ။ ငါးကြိမ်လောက် လုပ်ပြီးတာနဲ့ သူ့လက်မောင်းတွေက စပြီး တုန်လာတယ်။ အဲဒီလို ဖြစ်နေတာတောင် သူကတော့ သွားကြိတ်ပြီး နောက်ထပ် တစ်ကြိမ် ထပ်လုပ်လိုက်သေးတာပေါ့။ စိတ်ကျေနပ်မှုတွေက သူ့ရင်ထဲမှာ ပြန့်လွင့်လာပါတော့တယ်။

* * * * * * * * *

“အဲဒီကောင်က တစ်ခါတလေကျရင် ငါ့ကို တည့်တည့်ကြီး စိုက်ကြည့်နေတာ”

ချန်ဟူးက မကြာခင်ကမှ သူ အနိုင်ကျင့်နေတဲ့ ငတုံးလေးအကြောင်းကို တွေးပြီး နှုတ်ခမ်းကို လျှာနဲ့ သပ်လိုက်တယ်။ အပေါ်ယံကြည့်ရင်တော့ ဘာမှ ပြောင်းလဲသွားတာ မရှိပါဘူး။ အဲဒီငတုံးက သူ တောင်းတဲ့အချိန်တိုင်း ပိုက်ဆံ ပေးနေတုန်းပါပဲ၊ ဒါပေမဲ့ တစ်ခုခုတော့ လွဲနေသလို ခံစားရတယ်။ အဲဒီငတုံးက သူ့ကို ပြန်ပြီး စကားနာထိုးလာတာမျိုးပေါ့။

‘ငါ့ပိုက်ဆံတွေ ဘယ်တော့ ပြန်ပေးမှာလဲ’ ဒါမှမဟုတ် ‘တော်လိုက်တော့လေ’ ဆိုတဲ့ စကားမျိုးတွေပေါ့။ ချန်ဟူးက အဲဒီကလေးကို ရိုက်နေတဲ့ အချိန်မှာတောင် အဲဒီငတုံးက အဲဒီစကားတွေကိုပဲ ကြက်တူရွေးလို ထပ်ခါတလဲလဲ ပြောနေတာလေ။

“အထိုးခံရတာ များသွားလို့ သူ့ရဲ့ ခံနိုင်ရည်အမှတ်တွေ တက်သွားတာနေမှာ၊ ဟား”

“ဟားဟား၊ ဒါက ဗီဒီယိုဂိမ်းများ မှတ်နေတာလား”

ချန်ဟူးက သူ့ရဲ့ စိုးရိမ်မှုတွေကို အဲဒီလိုပဲ ရယ်မောပြီး မေ့ပစ်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် ဒီငတုံးတွေက သူ့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။ သူတို့ အလွန်ဆုံး လုပ်နိုင်တာဆိုလို့ ဆရာ့ကို သွားတိုင်တာပဲ ရှိတာ၊ အဲဒီအတွက်လည်း ချန်ဟူးက ကြိုတင်ပြင်ဆင်ထားပြီးသားလေ။

‘ငါက တစ်ချိန်လုံး ဟန်ဆောင်ကောင်းခဲ့တာပဲ’

သူက ဆရာတွေရဲ့ အမြင်မှာ အမှတ်ကျမယ့် အလုပ်မျိုး ဘယ်တော့မှ မလုပ်ခဲ့ပါဘူး။ ဆေးလိပ်သောက်တာလည်း တစ်ခါမှ အမိမခံရသလို၊ တစ်ယောက်ယောက်ကို ရိုက်နေတာလည်း အမိမခံရဖူးဘူး၊ ဆရာတွေကိုလည်း အမြဲတမ်း နှုတ်ဆက်တတ်ပြီး အမှတ်တွေကိုလည်း ဂရုစိုက်ခဲ့တာကိုး။ အပြင်ပန်း ကြည့်လိုက်ရင်တော့ သူက တကယ့် ကျောင်းသားကောင်း တစ်ယောက်ပါပဲ။ အနာဂတ်မှာ သူ့အကြောင်း ပြဿနာတစ်ခုခု တက်လာခဲ့ရင်တောင် ဒါက ရိုးရိုးလေး အထင်လွဲတာပါလို့ ပြောပြီး လွတ်အောင် ရုန်းနိုင်မှာပါ။ ဒါတွေ အားလုံးက တခြား စက်မှုကျောင်းတစ်ခု တက်နေတဲ့ သူ့စီနီယာဆီကနေ သူ သင်ယူထားတာတွေပေါ့။

သူ့စီနီယာ ပြောပြချက်အရဆိုရင် အဲဒီလူက ကလေးတွေကို ရိုက်ရုံတင်နဲ့ ဝမ် ရှစ်သန်းလောက်တောင် ရခဲ့တာတဲ့။ အဲဒီလို လုပ်ခဲ့တာတောင် ဘာပြဿနာမှမရှိဘဲ ကျောင်းပြီးသွားခဲ့ပြီး အခုဆို ဆိုးလ်မြို့က ကောလိပ်တစ်ခုမှာ ကျောင်းတက်နေပြီလေ။ ချန်ဟူးကတော့ အဲဒီစီနီယာကို သူ့ရဲ့ စံပြပုဂ္ဂိုလ်အဖြစ် အမြဲ အားကျနေခဲ့တာပေါ့။

“ချ….ချန်ဟူး”

အဲဒီအချိန်မှာပဲ သူ့သူငယ်ချင်း တစ်ယောက်က အံ့ဩတကြီး မျက်နှာပေးနဲ့ အတန်းထဲကို ပြေးဝင်လာတယ်။ ချန်ဟူးကတော့ ပြုံးပြုံးလေးနဲ့ပဲ နှုတ်ဆက်လိုက်တာပေါ့။

“ဘာလဲ၊ မင်း တစ်ခုခု အမှားလုပ်လို့ အမိခံရပြန်ပြီလား”

“မ….မဟုတ်ဘူး၊ အဲဒါ မဟုတ်ဘူး”

သူ့သူငယ်ချင်းက အရာရာကို ပုံကြီးချဲ့တတ်တဲ့သူမို့လို့ ချန်ဟူးက သိပ်ပြီး ဂရုမစိုက်ပါဘူး။ ဒါပေမဲ့ သူ့သူငယ်ချင်းရဲ့ မျက်နှာက တစ်စက္ကန့်ထက် တစ်စက္ကန့် ပိုပြီး ဖြူဖတ်ဖြူလျော် ဖြစ်လာတော့မှ တစ်ခုခု မှားနေပြီဆိုတာ သူ ရိပ်မိလိုက်တယ်။

“ဘာလဲ၊ ဘာဖြစ်လို့လဲ”

“ဂျွန်ဆူကို ခေါ်သွားပြီ”

“အေးလေ၊ အဲဒါ ဘာဖြစ်လဲ”

ဆရာတွေရဲ့ ရုံးခန်းဆီ ခေါ်သွားခံရတဲ့ ကျောင်းသားတွေ အများကြီး ရှိတာပဲလေ။ ဂျွန်ဆူက တကယ့် ငတုံးတွေထဲက တစ်ယောက်ဆိုတော့ သူက တစ်ရက်ခြား တစ်ခါလောက် ဆရာ့ရုံးခန်း ရောက်နေကျပဲ။ အဲဒီကလေး ခေါ်သွားခံရတာက သတင်းတောင် မဟုတ်ပါဘူး။

“ရိုးရိုး အထိုးခံရဖို့ ခေါ်သွားတာ မဟုတ်ဘူးကွ”

“ဘာ”

“သူတို့တွေ ကျောင်းတွင်း အကြမ်းဖက်မှု လျှော့ချရေး အစည်းအဝေးတစ်ခု ဖွင့်နေကြတာ။ အကုန်လုံးကို လိုက်ခေါ်နေကြပြီ”

“. . . ဘာ”

အဲဒီအချိန်မှာပဲ သူတို့ အတန်းပိုင်ဆရာက တံခါးကို ဝုန်းခနဲ တွန်းဖွင့်ပြီး ဝင်လာတယ်။ ဆရာက တံခါးကို အားနဲ့ ထိုးဖွင့်လိုက်တာဆိုတော့ တံခါးဆီကနေ တကျိကျိ အသံတောင် ထွက်သွားတာပေါ့။

“မင်း၊ မင်း၊ မင်း၊ ပြီးတော့ မင်းပါ၊ ငါ့နောက်ကို လိုက်ခဲ့ကြ”

ဆရာ့ရဲ့ ဘိလိယက်တံက ချန်ဟူးဆီကို ညွှန်ပြနေတဲ့အချိန်မှာ ချန်ဟူး တစ်ယောက် ဘာတွေ ဖြစ်နေလဲဆိုတာ နောက်ဆုံးတော့ သဘောပေါက်သွားတယ်။ အဲဒီ အစည်းအဝေးဆိုတာ ဘာလဲဆိုတာ သူ မသိပေမဲ့ အဲဒီငတုံးတွေ နောက်ဆုံးတော့ သူ့ကို သွားတိုင်လိုက်ကြပြီဆိုတာ သိလိုက်ရပြီ။ အတန်းပိုင်ဆရာက မျက်မှောင်ကြုတ်ပြီး အပြင်ကို ပြန်ထွက်သွားတယ်။ အဲဒါကို အချက်ပြလို့ ယူဆပြီး ချန်ဟူးက ဂီဂျုံဆီကို တန်းလျှောက်သွားလိုက်တော့တာပေါ့။

“မင်း လုပ်တာလား”

“. . . . .”

ဘာမှ ပြန်မပြောပါဘူး။ ဒါဟာ သူ့အတွက်တော့ လုံလောက်တဲ့ အဖြေတစ်ခုပါပဲ၊ ဒီကလေးက တရားခံပေါ့။ ချန်ဟူးက သူ့လက်ကို မြှောက်လိုက်ပြီး အဲဒီကောင်လေးရဲ့ ဦးခေါင်းနောက်စေ့ကို လက်သီးနဲ့ ထိုးလိုက်တယ်။ တစ်အတန်းလုံး တိတ်ဆိတ်သွားပေမဲ့ ချန်ဟူးကတော့ အဲဒါကို အခုချိန်မှာ ဂရုမစိုက်နိုင်တော့ပါဘူး။

“ငါ မေးတာကို ဖြေလေ၊ ခွေးမသားရဲ့”

“တောက်... မင်း တကယ် လုပ်လိုက်တာပဲလား”

သူ့သူငယ်ချင်းတွေကလည်း ဂီဂျုံကို ဝိုင်းဖို့ ရောက်လာကြတယ်။ ချန်ဟူးက ဒီငတုံးကို အခုတလော သူ ကောင်းကောင်း စောင့်ရှောက်နေတယ်လို့ ထင်ထားတာ၊ ဒီလိုမျိုး အနောက်ကနေ ဓားနဲ့ အထိုးခံရလိမ့်မယ်လို့ ဘယ်လိုမှ မထင်ထားခဲ့ဘူး။ သူ ရယ်ပဲ ရယ်နိုင်တော့တယ်။

“နောက်ဆုံးတော့ ငတုံးတစ်ယောက်က ငါ့ကို အကွက်ရွှေ့နိုင်ခဲ့တာပေါ့လေ။ ဒါပေမဲ့ စိတ်မပူပါနဲ့၊ ငါကတော့ ဘယ်လိုပဲဖြစ်ဖြစ် ဘာပြဿနာမှမရှိဘဲ လွတ်မှာပါ”

ချန်ဟူးက ဂီဂျုံရဲ့ အင်္ကျီကော်လာကို ဆွဲပြီး အပေါ်ကို မလိုက်တယ်။

“သတ္တိမွေးလိုက်တာကိုတော့ ချီးကျူးပါတယ် ငတုံးလေးရယ်။ ဒါပေမဲ့ ဒီကိစ္စပြီးရင်တော့ ငါတို့တွေ သီးသန့် အစည်းအဝေးတစ်ခု လုပ်ကြတာပေါ့”

ချန်ဟူးက ဂီဂျုံကို ထိုင်ခုံပေါ် ပြန်ပစ်ချလိုက်တဲ့ အသံက အကျယ်ကြီး ထွက်သွားတာပေါ့။

“မင်းက ပြန်တောင် မတိုက်နိုင်ဘဲနဲ့ ဘယ်လို သတ္တိမျိုးနဲ့ ငါ့ကို အနောက်ကနေ ဓားနဲ့ ထိုးရဲတာလဲ။ မင်း အခုပြလိုက်တဲ့ သတ္တိလေးက မင်းဘဝရဲ့ အမှားတစ်ခုဆိုတာ ငါ ပြပေးမယ်”

ချန်ဟူး ရယ်ပဲ ရယ်နိုင်တော့တယ်။ သူတို့အားလုံးက နောက်ဆုံးတော့ သူ့ကို ပြန်မတိုက်နိုင်တဲ့ အမှိုက်တွေပါပဲ၊ အဲဒီအစား သူတို့ စာကိုပဲ အာရုံစိုက်သင့်တာ။ ဒါပေမဲ့ ဒီပိုးကောင်တွေဆီကနေ ဘာများ မျှော်လင့်လို့ ရမှာလဲ သူတို့က ကစားတာလည်း မဟုတ်၊ စာလုပ်တာလည်း မဟုတ်ဘဲနဲ့လေ။ တကယ်တော့ သူတို့ အနိုင်ကျင့်ခံရတာမှာ အကြောင်းပြချက် ရှိပြီးသားပါ။ အဲဒီအတွက်ပဲ သူတို့က အသုံးကျတာကိုး။

“. . . အေးလေ၊ နောက်မှ တွေ့ကြတာပေါ့”

သူ အပြင်ကို ထွက်တော့မယ့် အချိန်မှာပဲ သူ့အနောက်ကနေ အသံတစ်သံ ကြားလိုက်ရတယ်။ ချန်ဟူးက သူ နားကြားမှားတာလို့ ထင်ခဲ့ပေမဲ့ အဲဒီအသံက သူ့စိတ်ကူးထဲက မဟုတ်ဘဲ တကယ့်ကို ရှင်းလင်းနေတာပါ။ သူ့အနောက်မှာတော့ ဂီဂျုံက မျက်မှောင်ကြုတ်ပြီး ပြန်ထလာတယ်။ အဲဒီကောင်လေးရဲ့ မျက်လုံးထဲမှာ ရန်ဖြစ်ချင်တဲ့ စိတ်ဓာတ်တွေ မရှိပေမဲ့ ကြောက်ရွံ့မှုလည်း မရှိတော့ပါဘူး။

ချန်ဟူးက တစ်ခုကို ချက်ချင်း သဘောပေါက်လိုက်တယ်။ ဒီကလေးက သူ့ကို မျက်တောင်မခတ်တမ်း ပြန်ကြည့်နေတာ။

“ဟား အဲဒီခွေးမသားကတော့ တကယ် ရယ်ရတာပဲ”

“အေးလေ၊ သူက ရူးသွားတာလား ဘာလား”

သူ့သူငယ်ချင်းတွေ အကုန်လုံးက ရယ်နေကြပေမဲ့ ချန်ဟူးကတော့ မရယ်နိုင်ဘူး။ ဒါတွေ အားလုံးက သူ့အတွက် တော်တော်လေး စိတ်ထဲ အဆင်မပြေလှဘူး။ ဒီကလေးက အရင်နဲ့ မတူဘဲ ပြောင်းလဲသွားတယ်ဆိုတာ တစ်ယောက်ယောက်ကို အားကိုးထားလို့ပဲ ဖြစ်ရမယ်။

အဲလို အကြောင်းပြချက်မရှိဘဲနဲ့ ဒီလိုလူမျိုးက ပြောင်းလဲမှာ မဟုတ်ဘူးလေ။ လူတစ်ယောက်ဟာ ချောင်ပိတ်မမိမချင်း ဘယ်တော့မှ မပြောင်းလဲဘူးဆိုတာကို လူမိုက်ဘဝက အတွေ့အကြုံတွေအရ ချန်ဟူး ကောင်းကောင်း သိတာပေါ့။ ဒါတောင်မှ သူက လူတစ်ယောက်ကို ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့အထိတော့ မတွန်းပို့ချင်ပါဘူး။ အဲဒါက သူ့အတွက်တော့ တော်တော်လေး စိတ်ပျက်စရာကြီးလေ။

အဲဒီသဘောအရဆိုရင်တော့ ဂီဂျုံက တခြား ငတုံးတွေလိုပါပဲ။ ခဏလောက် လွှတ်ထားလိုက်ရင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားမယ့် လူစားမျိုးပေါ့။ ဒါပေမဲ့ စောစောက မျက်လုံးတွေကတော့ အရင်လို မဟုတ်ဘူး၊ အဲဒီကလေးက ရန်ဖြစ်ဖို့ကို တကယ့်ကို စောင့်နေတာ။

ဂီဂျုံက အေးအေးဆေးဆေး မျက်နှာပေးနဲ့ သူ့နေရာမှာ ပြန်ထိုင်လိုက်တာကို သူ မြင်နေရတယ်။ ချန်ဟူးက အဲဒီကောင်လေးကို အဲဒီနေရာမှာတင် တစ်ခါတည်း ထပ်ပြီး ရိုက်ပစ်လိုက်ချင်ပေမဲ့ လက်လျှော့လိုက်တယ်။ တစ်ခုခုတော့ တကယ့်ကို မှားနေပြီ။

“သွားကြရအောင်”

“အေး”

ချန်ဟူးက စင်္ကြံလမ်းကို ထွက်လာပြီးတဲ့နောက် ပြတင်းပေါက်ကနေ အတန်းထဲကို ပြန်ကြည့်လိုက်တယ်။ ဂီဂျုံက အထဲမှာ တုန်နေတာကို သူ မြင်ရတယ်၊ အဲဒီကလေးက သူ့ကို ကြောက်နေတာတော့ သေချာပါတယ်။ ဒါဆိုရင် ခုနက သတ္တိတွေက ဘယ်က ရလာတာပါလိမ့်

အဲဒီအချိန်မှာပဲ ဂီဂျုံက အတန်းနောက်ဘက်ကို လှမ်းကြည့်နေတာကို သူ သတိထားမိသွားတယ်။ ချန်ဟူးက အဲဒီကောင်လေး ကြည့်တဲ့နေရာကို လိုက်ကြည့်လိုက်တော့... အဲဒီမှာ မာရူးက သန်းဝေနေတာကို တွေ့လိုက်ရတာပေါ့။

‘ဖြစ်နိုင်မလား’

“ချန်ဟူး၊ သွားရအောင်လေ။ ဆရာ ငါတို့ကို ထပ်ပြီး စိတ်တိုတာမျိုး မဖြစ်စေချင်ဘူး မဟုတ်လား”

လောလောဆယ်တော့ ချန်ဟူးက ဆရာ့ရုံးခန်းကိုပဲ သွားဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ သူ တကယ် သိချင်နေတာက... မာရူးက ဒီကိစ္စမှာ တစ်နည်းနည်းနဲ့ ပတ်သက်နေတာလား ဆိုတာပါပဲ။ မဟုတ်ပါဘူး၊ အဲဒီကလေးက ပတ်သက်စရာ အကြောင်းမှ မရှိတာ။ ပိုက်ဆံကြောင့်များလား

‘မဖြစ်နိုင်တာ၊ ငါ အတွေးလွန်နေတာ နေမှာပါ။ ဒါကလည်း ရိုးရိုးလေး ကိစ္စသေးသေးလေး ဖြစ်သွားမှာပါ’

ဒါပေမဲ့ ချန်ဟူး ဆရာ့ရုံးခန်းထဲ ရောက်သွားတဲ့ အချိန်မှာတော့ ဒါက ရိုးရိုးလေး ကိစ္စသေးသေးလေး မဟုတ်တော့ဘူးဆိုတာ သူ သဘောပေါက်သွားတယ်။ အထူးသဖြင့် စားပွဲပေါ်မှာ ရှိနေတဲ့ အဲဒီလောက်များပြားလှတဲ့ စာရွက်စာတမ်းပုံကြီးကို မြင်လိုက်ရတဲ့ အချိန်မှာပေါ့။

“ခွေးမသားတွေ”

အဲဒါက ဆရာ့ပါးစပ်ကနေ ပထမဆုံး ထွက်လာတဲ့ စကားပါပဲ။

* * * * * * * * *

“ဒီနေ့ စပြီ”

မာရူးရဲ့ စကားကို ကျန်တဲ့ကလေးတွေက ခေါင်းညိတ်ပြီး ထောက်ခံကြတယ်။ ဗြောင်ဆူရဲ့ ရင်ထဲမှာလည်း တဒိန်းဒိန်း ခုန်နေတာပေါ့။ နောက်ဆုံးတော့ စတင်ခဲ့ပြီ။ ဒါကို နောက်ပြန်လှည့်လို့ မရတော့ဘူး။ ဓားကို အိမ်က ထုတ်ပြီးပြီဆိုတော့ ဘယ်သူပဲဖြစ်ဖြစ် တစ်ယောက်ယောက်တော့ လဲရမှာပဲ။ အခုချိန်မှာ သူတို့ လုပ်ရမှာက ခေါင်းငုံ့ထားပြီး သူတို့ကိုယ်တိုင် ထိခိုက်မှု မရှိအောင် နေဖို့ပါပဲ။

“မင်းတို့တွေ ဆရာတွေနဲ့ တစ်ယောက်ချင်းစီ တွေ့ပြီးလောက်ပြီ ထင်တယ်။ ငါ အရင်က ပြောခဲ့သလိုပဲ၊ မင်းတို့ ကြုံခဲ့ရတာတွေကို ဘာမှ ပုံကြီးမချဲ့ဘဲ အမှန်အတိုင်းပဲ ပြောလိုက်ကြ။ ဆရာက ဒါတွေက မင်းတို့ဘာသာ လုပ်ကြံပြောနေတာလို့ ဘယ်လောက်ပဲ ပြောပြော၊ မင်းတို့ကတော့ မဟုတ်ဘူးလို့ပဲ ငြင်းရမယ်။ အမှန်တရားကိုပဲ ထပ်ခါတလဲလဲ ပြောနေလိုက်။ အကြံပေးဆရာကလည်း ဒီ လျှော့ချရေး အစည်းအဝေးမှာ ပါဝင်ဖို့ ရွေးချယ်ခံထားရတယ်။ အဲဒီ အဖွဲ့ဝင်တွေကိုတော့ ကျောင်းအုပ်ကြီးကပဲ ရွေးမှာဆိုတော့ အဲဒီမှာတော့ ငါ ဘာမှ လုပ်ပေးလို့ မရဘူး။ အခုကစပြီး မင်းတို့ဘာသာပဲ ရင်ဆိုင်ရတော့မယ်”

“မင်းပြောတဲ့အတိုင်း ငါ အတိအကျ လုပ်ခဲ့တယ်”

“ငါလည်း အတူတူပဲ”

“အကြံပေးဆရာက ငါ့ကို ခြောက်ဖို့ ကြိုးစားပေမဲ့ လက်ဝှေ့နည်းပြ ကျေးဇူးကြောင့် ငါ တစ်စက်မှ မကြောက်ခဲ့ဘူး”

သူ့သူငယ်ချင်းတွေရဲ့ မျက်နှာမှာ အပြုံးလေးတွေ ပေါ်လာတာကို ဗြောင်ဆူ သတိထားမိလိုက်တယ်။ သူတို့အပေါ် တကယ့်ကို စိတ်ရင်းနဲ့ ကူညီပေးနေတဲ့ လက်ဝှေ့နည်းပြကိုလည်း သူ တကယ့်ကို ကျေးဇူးတင်မိတာပေါ့။ အဲဒီအတွက်ကြောင့်ပဲ ဗြောင်ဆူက ကြွက်သားတွေ တော်တော်လေး နာကျင်နေရပေမဲ့ အဲဒီထဲကနေ ယုံကြည်မှုတွေကိုတော့ သူ ရရှိခဲ့တယ်။

“ဒါကို ကြွားပြောရင်တော့ နည်းနည်းတော့ ရယ်ချင်စရာကောင်းမယ်၊ ဒါပေမဲ့ ဒီနေ့ ငါ ချန်ဟူးကို ပြန်ပြောခဲ့တယ်” လို့ ဂီဂျုံဆိုတဲ့ ကောင်လေးက ပြောလိုက်တယ်။

အခန်းထဲက လူတိုင်းက အဲဒီကောင်လေးကို လက်မထောင်ပြလိုက်ကြတယ်။ ဒါဟာ သူတို့အားလုံးအတွက် တကယ့်ကို တိုးတက်မှုတစ်ခုပါပဲ။

“သူတို့က ခံရတဲ့သူတွေဆီက တိုင်စာတွေ ရထားပြီးပြီဆိုတော့ အနိုင်ကျင့်တဲ့သူတွေဘက်က စကားကို နားထောင်ကြလိမ့်မယ်။ သူတို့ ခေါ်သွားတာကို မင်းတို့ မြင်လိုက်တယ် မဟုတ်လား။ အဲဒီနောက်မှာတော့ သူတို့က နှစ်ဖက်စလုံးကို တွေ့ဆုံစေပြီး အနိုင်ကျင့်တဲ့သူတွေအတွက် အပြစ်ဒဏ်ကို ဆုံးဖြတ်ကြလိမ့်မယ်”

“တွေ့ဆုံစေတယ် ဆိုတာက... ငါတို့က သူတို့နဲ့ အခန်းတစ်ခုတည်းမှာ အတူတူ နေရမှာလား” လို့ ကျောင်းသားတစ်ယောက်က မေးတယ်။

မာရူးက ခေါင်းခါပြလိုက်ပြီး...

“ပုံမှန်ဆိုရင်တော့ တစ်ဖက်ချင်းစီကို တစ်ယောက်ချင်းစီ ခေါ်မှာပါ။ အကယ်၍ သူတို့က မင်းတို့ကို အခန်းတစ်ခုတည်းမှာ အတူတူ ထားမယ်ဆိုရင်တော့ အဲဒီမှာတင် ချက်ချင်း ကန့်ကွက်လိုက်။ အဲဒါက မင်းတို့ရဲ့ ရပိုင်ခွင့်ပဲ”

“အ…အေးပါ”

“ပြီးတော့ ငါ အစကတည်းက ပြောခဲ့သလိုပဲ၊ အခုကစပြီး ငါ မင်းတို့ကို ထပ်ပြီး ကူညီလို့ မရတော့ဘူး။ ငါ မင်းတို့နဲ့ အမြဲ စကားပြောနေလို့ ရပေမဲ့ ဒီကိစ္စမှာ ငါ ပတ်သက်နေတယ်ဆိုတာကိုတော့ လုံးဝ အသိမခံနိုင်ဘူး။ ဘာလို့လဲဆိုတာ အခုချိန်မှာ မင်းတို့ သိလောက်ပြီ မဟုတ်လား”

“မင်း ငါတို့အတွက် လုပ်ပေးခဲ့တာတွေနဲ့တင် ငါတို့ ကျေနပ်နေပါပြီ”

“ဟုတ်တယ်”

“ကျန်တာတွေကို... ငါတို့ဘာသာ ဆက်လုပ်သွားပါ့မယ်”

မာရူးက ခေါင်းညိတ်ပြလိုက်တယ်။ သူက ပြဇာတ်ကလပ်ရဲ့ ဂုဏ်သိက္ခာအကြောင်းကို ဒီအုပ်စုကို ရှင်းပြထားပြီးသားလေ။ ဗြောင်ဆူလည်း အဲဒါကို နားလည်ပါတယ်။ အကယ်၍ မာရူးသာ သူတို့ကို ကူညီနေမှန်း သိသွားရင် ပြဇာတ်ကလပ်ပါ ဒုက္ခရောက်သွားနိုင်တာကိုး။ အမှန်အတိုင်း ပြောရရင် ဒီကောင်လေးက သူတို့အုပ်စုအတွက် လုပ်ပေးသင့်တာထက်တောင် ပိုပြီး လုပ်ပေးခဲ့ပြီးပါပြီ။

“အာရုံစိုက်ထားကြ။ အစည်းအဝေး ပြီးဆုံးတဲ့အထိပဲ”

“အိုကေ”

“မင်းတို့ရဲ့ အတန်းဖော်တွေကလည်း အခုကစပြီး မင်းတို့ကို တခြားစီ ဆက်ဆံကြလိမ့်မယ်၊ အဲဒါကိုလည်း မင်းတို့ဘာသာ ကောင်းကောင်း ကိုင်တွယ်နိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်။ နည်းပြ ပြောခဲ့တာကို မှတ်မိသေးတယ် မဟုတ်လား”

“ပြန်တိုက်နိုင်တဲ့ သဲအိတ်ကို လူတွေက ဒီအတိုင်း မထိုးကြဘူး” လို့ ဗြောင်ဆူက ပြောလိုက်တယ်။

အဲဒါက နည်းပြ အမြဲ ပြောလေ့ရှိတဲ့ စကားပဲလေ။

‘မင်းတို့က သဲအိတ်တွေကွ။ မင်းတို့က တစ်ညတည်းနဲ့တော့ ရန်ဖြစ်တော်တဲ့သူတွေ ချက်ချင်း ဖြစ်မလာနိုင်ဘူး။ ဒါပေမဲ့… အနည်းဆုံးတော့ ဆူးတွေပါတဲ့ သဲအိတ်တွေတော့ ဖြစ်လာနိုင်တာပေါ့။ အဲဒီကနေပဲ ငါတို့ စကြတာပေါ့’

“မင်းတို့တွေ တကယ် ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ အခုထိ မပြီးသေးဘူးဆိုတော့ သတိမလွတ်ကြနဲ့ဦး”

မာရူးက သူ့လက်ကို ရှေ့ကို ကမ်းပေးလိုက်တယ်။ ကျန်တဲ့သူတွေကလည်း သူတို့လက်တွေကို မာရူးလက်ပေါ်မှာ တင်လိုက်ကြပြီး တိုးတိုးလေးပဲ ဖိုက်တင်းလို့ အော်လိုက်ကြတော့တယ်။

* * * * * * * * *

All Chapters