အခန်း (၁၀၅-၁၀၆)
Vol. 11 Ch. 105-106
အခန်း(၁၀၅)
အဲဒီနေ့ပြီးကတည်းက လူမိုက်ဂိုဏ်းက ကောင်တွေအားလုံး ငြိမ်ကုပ်သွားကြတော့တယ်။ သူတို့တွေက အရင်ကထက် ပိုပြီးတော့တောင် စိုက်ကြည့်နေကြပေမဲ့ ဗြောင်ဆူကတော့ အဲဒီအကြည့်တွေကို ခဏလေးနဲ့ပဲ ကျင့်သားရသွားတာပေါ့။ ဘယ်လောက်ပဲ စိုက်ကြည့်ခံရပါစေ အဲဒီအကြည့်တွေက ကိုယ့်ကို နာကျင်အောင် မလုပ်နိုင်ဘူးဆိုတာကို သူ သင်ခန်းစာရသွားခဲ့ပြီလေ။ တကယ်တော့ အဲဒီလူမိုက်တွေကို ပြန်ကြည့်လိုက်တိုင်း သူ နိုင်သွားပြီဆိုတဲ့ အသိက သူ့ကို ပိုပြီး ယုံကြည်မှုရှိလာစေတာပါ။ အခုချိန်မှာတော့ သူတို့အားလုံးက တကယ့်ကို စိုးရိမ်တုန်လှုပ်နေကြတာ မျက်မြင်ပါပဲ။
မာရူး မနေ့က ကြိုပြောခဲ့တဲ့အတိုင်း သူတို့အားလုံး ဆရာတွေဆီမှာ အစစ်ခံဖို့ ခေါ်သွားခံရတယ်။ နှစ်ဖက်စလုံးဆီက အမှန်တရားကို သိရအောင် ဆရာတွေက တစ်ယောက်ချင်းစီကို ခေါ်ယူတွေ့ဆုံပြီး မေးမြန်းနေကြတာလေ။
ဗြောင်ဆူကို တကယ် အံ့ဩသွားစေတာက စည်းကမ်းထိန်းသိမ်းရေးဆရာရဲ့ တုံ့ပြန်မှုပါပဲ။ အရင်တုန်းကတော့ ဒီဆရာက ကျောင်းကို ကလေးတွေကို ရိုက်ဖို့သက်သက် လာတာလို့ သူ ထင်ထားခဲ့တာ၊ ဒါပေမဲ့ အဲဒီကြောက်စရာကောင်းတဲ့ ဆရာက သူ့ရဲ့စကားတွေကို တကယ့်ကို အလေးအနက်ထားပြီး နားထောင်ပေးခဲ့တယ်။ အဲဒီဆရာက ‘ဒီလိုမျိုး ပြုပြင်လို့မရတဲ့ ကောင်တွေကိုတော့ ထိရောက်တဲ့ အပြစ်ဒဏ် ပေးရမယ်’ လို့တောင် မှတ်ချက်ချခဲ့သေးတာပေါ့။
ဒါပေမဲ့ ဆရာတိုင်းကတော့ အဲဒီလို မဟုတ်ကြပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ လုပ်တဲ့ အစည်းအဝေးမှာ ပါလာတဲ့ တခြားဆရာတွေကတော့ ဗြောင်ဆူကို နားလည်ပေးသလို ဟန်ဆောင်နေကြပြီး ဒီကိစ္စကို တတ်နိုင်သမျှ သေးသေးလေးဖြစ်အောင်ပဲ ဖုံးဖိဖို့ ကြိုးစားနေကြတယ်။ အဲဒီလူတွေ လုပ်နေတာကို ကြည့်ပြီး ဗြောင်ဆူ တကယ့်ကို အံ့ဩသွားရတာပေါ့။
သူက ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့အထိ စဉ်းစားခဲ့တယ်လို့ ပြောတာတောင် အဲဒီလူတွေက ‘ဒါပေမဲ့ သူတို့က သူငယ်ချင်းတွေပဲဟာ၊ မင်းကပဲ နားလည်ပေးလိုက်ပါ’ ဆိုတဲ့ စကားမျိုးပဲ ပြောခဲ့ကြတာလေ။ အဲဒါကို ကြားတော့ မာရူး ပြောခဲ့တဲ့ စကားတစ်ခွန်းကို ဗြောင်ဆူ ပြန်သတိရသွားမိတယ်။
‘နောက်ဆုံးတော့ ကျောင်းဆိုတာလည်း စီးပွားရေးလုပ်ငန်းတစ်ခုလိုပါပဲ။ လူတွေ တကယ် လာကြမှ စီးပွားရေးက လည်ပတ်မှာလေ။ လူတွေ လာချင်အောင်ဆိုရင် နာမည်ကောင်းရှိဖို့ လိုတယ်။ အဲဒီသဘောအရဆိုရင် ငါတို့ကျောင်းက လူမိုက်တွေနဲ့ ပတ်သက်တဲ့ သတင်းဆိုးတွေကို တတ်နိုင်သမျှ ဖျောက်ဖျက်ပစ်ချင်ကြမှာပဲ။ အဲဒါကြောင့် ဆရာတော်တော်များများက ဒီလို အနိုင်ကျင့်တဲ့ကိစ္စတွေ လုံးဝမရှိခဲ့သလိုမျိုး ဖုံးဖိဖို့ ကြိုးစားကြလိမ့်မယ်’
ဆရာတွေက ဒီကိစ္စကို သေးသေးလေးဖြစ်အောင် လုပ်ကြလိမ့်မယ်လို့ မာရူး သတိပေးခဲ့တာ မှန်ပေမဲ့ အဲဒါကို သူ့မျက်စိရှေ့မှာတင် တကယ်ကြီး မြင်လိုက်ရတော့ ဗြောင်ဆူ စိတ်ပျက်လက်ပျက်နဲ့ပဲ ရယ်မိသွားတော့တယ်။ ဒါပေမဲ့ ဆရာတွေ လုပ်နေတာကို သူ မမုန်းပါဘူး။ အရာအားလုံးကို မာရူးနဲ့အတူ ပြင်ဆင်လာခဲ့ရင်း သူ ဒါတွေအတွက် အများကြီး စဉ်းစားခဲ့ပြီးသားလေ။ သူ့ရဲ့ တခြားသူငယ်ချင်းတွေလည်း အတူတူပဲ ဖြစ်မှာပါ။
‘လူတိုင်းမှာ ကိုယ်စီ ယုံကြည်ချက်တွေ ရှိကြတာပဲ'
တချို့ဆရာတွေက သူတို့လို ကလေးတွေအတွက် တိုက်ပွဲဝင်ပေးတာက တရားမျှတမှုလို့ ထင်ကြသလို၊ တချို့ဆရာတွေကတော့ ရာထူးတက်ဖို့ ဒါမှမဟုတ် ကိုယ့်မိသားစုအတွက် ကြိုးစားတာက တရားမျှတမှုလို့ ထင်ကြတာပေါ့။ လူတိုင်းမှာ ကိုယ်စီ အကြောင်းပြချက်တွေနဲ့ အလုပ်လုပ်နေကြတာလေ။ လူတိုင်းမှာ ကိုယ်စီ ရှင်သန်နေထိုင်ရတဲ့ အကြောင်းပြချက်တွေ ရှိကြတယ်ဆိုတာ ဗြောင်ဆူ အခုတော့ နားလည်သွားပြီ။ အဲဒီအချိန်မှာပဲ သူကိုယ်တိုင်အတွက်လည်း ပိုပြီး ခိုင်မာတဲ့ အမြင်တစ်ခု ရှိဖို့လိုပြီဆိုတာ သူ သဘောပေါက်လိုက်တယ်။
‘တခြားလူတွေရဲ့ အမြင်ဆိုတာ နောက်ဆုံးတော့ သူတို့ရဲ့ အမြင်သက်သက်ပါပဲ'
လူတွေ ဘာကြောင့် အဲဒီလို လုပ်ကြသလဲဆိုတာကို ဗြောင်ဆူ နားလည်ပေးနိုင်ရုံနဲ့တင် သူက အဲဒါကို သဘောတူရမယ်လို့ မဆိုလိုပါဘူး။ ဒီကိစ္စကို အေးအေးဆေးဆေးပဲ ပြီးသွားအောင် လုပ်ပါလို့ ဆရာတွေက ပြောတဲ့အခါ ဗြောင်ဆူက ခေါင်းခါပြလိုက်တယ်။
အဲဒီအခါ ဆရာတွေက စိတ်တိုတိုနဲ့ပဲ လတ်တလော စိတ်ကျေနပ်မှုနောက်ကို လိုက်မနေဘဲ အနာဂတ်ကိုပဲ စဉ်းစားစမ်းပါလို့ သူ့ကို ပြောကြတာပေါ့။ အဲဒါကို ကြားတော့ ဗြောင်ဆူရဲ့ စိတ်က ပိုတောင် ပြတ်သားသွားခဲ့သေးတယ်။ အနိုင်ကျင့်တဲ့သူတွေကို အပြစ်ဒဏ်ပေးတာကိုပဲ မြင်ချင်တယ်လို့ သူ အဲဒီနေရာမှာတင် တန်းပြောလိုက်တယ်။ သူတို့ ဘယ်လောက်ပဲ ဖျောင်းဖျဖျောင်းဖျ သူ့ရဲ့ စိတ်ကူးက ပြောင်းလဲမှာ မဟုတ်ဘူးလို့လည်း ဆိုလိုက်တာပေါ့။
အဲဒီအချိန်တုန်းက သူ ပြောလိုက်တဲ့ပုံစံက သိပ်တော့လည်း မမိုက်လှပါဘူး။ တကယ်တော့ သူက စကားတွေတောင် ထစ်နေခဲ့တာပါ။ ဒါပေမဲ့ ကိုယ်ပြောချင်တာကို ပြောလိုက်ရတဲ့အတွက် သူ့ကိုယ်သူ ဂုဏ်ယူနေမိတာကတော့ အမှန်ပါပဲ။ တော်တော်လေး ကြာသွားခဲ့တဲ့ အချိန်တွေထဲမှာ ပထမဆုံးအကြိမ်အဖြစ် သူ တစ်ပါးသူကို ကိုယ့်ရဲ့အမြင်ကို ထုတ်ပြောနိုင်ခဲ့တာလေ။
အတန်းကို ပြန်တဲ့လမ်းမှာ သူ့သူငယ်ချင်း နောက်တစ်ယောက် ဆရာ့ရုံးခန်းထဲကို ခေါ်သွားခံရတာ ဗြောင်ဆူ မြင်လိုက်ရတယ်။ သူ့ရဲ့ နောက်ထပ် ရဲဘော်ရဲဘက် တစ်ယောက်ပေါ့။ သူ ဖြတ်သွားတဲ့အချိန်မှာ အဲဒီသူငယ်ချင်းကို ပြုံးပြခဲ့တာကို သူ ပြန်သတိရလိုက်တယ်။ တခြားသူတွေကို စပြီး အားပေးနိုင်တဲ့အထိ ယုံကြည်မှုတွေ ရှိလာပြီဆိုတာ သူ သဘောပေါက်လိုက်တာပေါ့။ အဲဒီလို သဘောပေါက်လိုက်တာနဲ့တင် သူ့ဘဝက ပိုပြီး ကောင်းမွန်လာခဲ့ပြီ၊ သူ ကျောင်းတက်ရတာကိုတောင် နည်းနည်းလေး ပိုပြီး ပျော်လာခဲ့တယ်။
“ဟေး၊ မနေ့က ငါ့လက်သီးတွေ တော်တော် မိုက်တယ် မဟုတ်လား”
“အေးပါကွာ။ လက်သီးတွေဆီက ထွက်လာတဲ့ အသံတွေက တကယ့်ကို အားရစရာကြီး။ ဒါနဲ့ ဒီနေ့ရော လမ်းလျှောက်ပြီး လေ့ကျင့်ခန်း လုပ်ရဦးမှာလား။ အဲဒါကြီး လုပ်ရတာ ငါတော့ အမြဲတမ်း အန်ချင်လာတာပဲ”
“သေချာတာပေါ့။ ငါတို့သာ ခိုးနားဖို့ ကြိုးစားရင်တော့ နည်းပြက ငါတို့ကို သတ်မှာပဲ”
နောက်ဆုံးတော့ သူ ကျောင်းပိတ်ချိန်တွေမှာ စကားပြောလို့ရမယ့် သူငယ်ချင်းတစ်ယောက် ရသွားခဲ့ပြီ။ တစ်ယောက်တည်းဆိုပေမဲ့ သူငယ်ချင်းဆိုတာ သူငယ်ချင်းပါပဲ။ ဒီအတောအတွင်း သူတွေ့ခဲ့တဲ့ သူငယ်ချင်း တစ်ဆယ့်လေးယောက်က ဗြောင်ဆူအတွက် တကယ့်ကို တန်ဖိုးရှိလှတယ်။ သူတို့တွေက နာကျင်မှုချင်း တူနေလို့တင် မဟုတ်ဘဲ အားလုံးက တိုက်ပွဲတစ်ခုတည်းကို အတူတူ တိုက်နေကြလို့ပါပဲ။ အဲဒီလိုသာ မဟုတ်ရင် သူတို့တွေ အခုလောက်အထိ ရင်းနှီးကြမှာ မဟုတ်ဘူးလေ။
နေ့လယ်စာစားချိန် ရောက်ပြီ။ ဗြောင်ဆူက အရင်လို အတန်းထဲကနေ အလျင်စလို ထွက်မပြေးတော့ဘူး။ တခြားအတန်းက သူ့သူငယ်ချင်းတွေကို အေးအေးဆေးဆေး စောင့်ပြီးမှ ပျော်ပျော်ရွှင်ရွှင်နဲ့ ဆင်းလာခဲ့တာပေါ့။ သူ့ဘေးနားက တခြားကျောင်းသားတွေရဲ့ အကြည့်တွေက... ထူးထူးဆန်းဆန်းပဲ၊ ပုံမှန်အတိုင်းပါပဲလား။ အမှန်အတိုင်း ပြောရရင် အစကတော့ သူ နည်းနည်း ကြောက်နေခဲ့တာ။ သူ့အတန်းထဲက လူမိုက်ကို သွားတိုင်လိုက်လို့ အတန်းဖော်တွေက သူ့ကို ဝိုင်းပြီး အနိုင်ကျင့်ကြမလားလို့ တွေးခဲ့တာလေ၊ ဒါပေမဲ့ အတန်းဖော်တွေရဲ့ တုံ့ပြန်မှုက တကယ့်ကို ရိုးရိုးရှင်းရှင်းပါပဲ။ သူတို့က လုံးဝ ဂရုမစိုက်ကြဘူး။ တခြားအတန်းတွေမှာလည်း အဲဒီအတိုင်းပဲလို့ သိရတယ်။
အဲဒီမှာပဲ ဗြောင်ဆူနဲ့ သူ့သူငယ်ချင်းတွေ နောက်ထပ် အချက်တစ်ခုကို သိလိုက်ရတယ်။ လူတွေဆိုတာ ကိုယ်နဲ့မဆိုင်ရင် တခြားသူတွေအကြောင်းကို ဂရုမစိုက်ကြဘူးဆိုတာပါပဲ။ ဗြောင်ဆူ သူ့ရဲ့ အလယ်တန်းကျောင်းတုန်းက အချိန်တွေကို ပြန်တွေးမိသွားတယ်။ အဲဒီတုန်းက တခြားသူတွေထက် နည်းနည်း နှေးကွေးတဲ့ ကလေးတစ်ယောက် ရှိခဲ့ဖူးတယ်။ သူက အဲဒီကလေးကို တိုက်ရိုက်ကြီး အနိုင်ကျင့်တာမျိုး မလုပ်ခဲ့ပေမဲ့ သူနဲ့ သူ့အတန်းဖော်တွေက အဲဒီကလေးကို စနောက်ခဲ့ကြတာလေ။
ပြန်စဉ်းစားကြည့်ရင် သူလည်း အနိုင်ကျင့်ရာမှာ ပါဝင်ခဲ့တာ သေချာပါတယ်။ အဲဒီကလေးက သူ မမြင်ရတဲ့ နေရာတွေမှာလည်း အထိုးခံနေရတာ ဖြစ်နိုင်တာပေါ့။ ဒါပေမဲ့ အဲဒီတုန်းက ဗြောင်ဆူက အဲဒီကလေးအပေါ် ဘာစိတ်ဝင်စားမှုမှ မရှိခဲ့ဘူး။ တခြားသူတွေ အကုန်လုံးက လုပ်နေကြတာဆိုတော့ သူလည်း ရံဖန်ရံခါ အဲဒီကလေးကို တစ်ခွန်းစ၊ နှစ်ခွန်းစ နောက်ပြောင်ခဲ့တာပဲ ရှိတာလေ။
ဟုတ်တာပေါ့၊ အဲဒီတုန်းက သူ လုံးဝ ဂရုမစိုက်ခဲ့ဘူး။ နောက်ဆုံးတော့ အဲဒီကလေးက စင်ပေါ်က ပစ္စည်းတစ်ခုလိုပါပဲ၊ သူ တမင်တကာ လျစ်လျူရှုထားခဲ့တဲ့ အရာတစ်ခုပေါ့။
‘သူတို့လည်း ငါ့အပေါ်မှာ ဒီလိုပဲ မြင်ကြမှာပဲ'
သူ့အတန်းဖော်တွေလည်း ဒီလိုပဲ တွေးကြမှာ သေချာပါတယ်။ သူ့အတန်းထဲမှာ သူ့ကို အနိုင်ကျင့်ချင်လို့သက်သက် အနိုင်ကျင့်နေတဲ့သူက သိပ်ပြီး အများကြီး ရှိမှာမဟုတ်ပါဘူး။
ဒါပေမဲ့ သူတို့လုပ်ခဲ့တာတွေကို သူ ခွင့်လွှတ်လိုက်ပြီလို့တော့ မဆိုလိုပါဘူး။ သူ အနိုင်ကျင့်ခံနေရတာကို သူတို့ သိကြပေမဲ့ ဘာမှ ဝင်မလုပ်ပေးခဲ့ကြဘူးလေ။ ဒါပေမဲ့ သူကတော့ အရာရာတိုင်းအတွက် သူတို့ကိုပဲ အပြစ်တင်နေတာမျိုးကို ရပ်လိုက်ပါပြီ။ သူတစ်ပါးကိုပဲ အပြစ်လိုက်ပုံချနေတာက ဘာမှ အဓိပ္ပာယ်မရှိဘူးဆိုတာ သူ သဘောပေါက်သွားလို့ပါ။ နောက်ဆုံးတော့ ပြဿနာဆိုတာ ကိုယ်တိုင် တည့်တည့်ရင်ဆိုင်မှပဲ ပြေလည်နိုင်မှာ မဟုတ်လား။
‘ပြဿနာတစ်ခုကို ရှောင်လွှဲလို့ရပြီး အဲဒီပြဿနာက ပြေလည်သွားမယ်ဆိုရင်တော့ ရှောင်လိုက်ပေါ့။ ဒါပေမဲ့ ရှောင်လို့မရဘူးဆိုရင်တော့ နောက်ဆုံးတော့ မင်း ရင်ဆိုင်ရမှာပဲ။ မင်း ဘယ်လောက်ပဲ ရှောင်ရှောင်၊ အဲဒီပြဿနာက တစ်နေ့မှာ မင်းဆီကို ပြန်ရောက်လာပြီး မင်းကို လိုက်ဖမ်းမှာပဲ။’
အဲဒါက မာရူး ပြောခဲ့တဲ့ နောက်ထပ် စကားတစ်ခွန်းပါပဲ။ သေချာတာပေါ့၊ ဗြောင်ဆူက မာရူးရဲ့ စကားတွေကို အမြဲတမ်းတော့ မယုံပါဘူး။ တကယ်တော့ သူ မာရူးနဲ့ သဘောထားကွဲလွဲတာတွေလည်း ခဏခဏ ရှိခဲ့တာပဲလေ။ အဲဒီလို ဖြစ်တိုင်းမှာ မာရူးက သူ့ရဲ့ စကားတွေကို ထည့်သွင်းစဉ်းစားပေးပြီး တခြား ဆုံးဖြတ်ချက်တစ်ခုကို ချတတ်တာ။ အဲဒီလို အချိန်မျိုးမှာ ဗြောင်ဆူက အဲဒီကောင်လေးဆီကနေ အတွေ့အကြုံတွေ အများကြီးကို ခံစားမိရတယ်။
တစ်ချိန်တည်းမှာပဲ မာရူးက ဗြောင်ဆူအတွက် တကယ့်ကို သူစိမ်းတစ်ယောက်လိုပါပဲ။ တခြားသူငယ်ချင်းတွေကို လိုက်မေးကြည့်တော့လည်း အားလုံးက ဒီလိုပဲ ခံစားနေရတယ်လို့ သိရတယ်။
“မာရူးက အမြဲတမ်း ဘာမဆို သူနဲ့မဆိုင်သလိုမျိုး ပြောတတ်တယ် မဟုတ်လား”
“အေးလေ။ သူကိုယ်တိုင်က ဒီကိစ္စကို စတင်ခဲ့တဲ့သူ ဖြစ်နေတာတောင် တစ်ခါတလေကျရင် သူနဲ့ လုံးဝမဆိုင်သလိုမျိုး ပြုမူတတ်တာ”
မာရူးက အမြဲတမ်း တည်တည်ငြိမ်ငြိမ် ရှိလှတယ်။ သူ့ရဲ့ ရင့်ကျက်မှုတွေက သူ့ရဲ့ အသက်ထက်တောင် အများကြီး ပိုပြီး ကြီးနေသလို ခံစားရစေတာပေါ့။ အဲဒီကောင်လေးက တကယ့်ကို အမျှော်အမြင်ရှိတဲ့သူပဲ။ ဒါပေမဲ့ ထူးထူးဆန်းဆန်းပဲ၊ ဗြောင်ဆူက အဲဒီကောင်လေးနဲ့ လုံးဝ သူငယ်ချင်း မဖြစ်ချင်ဘူး။ အဲဒီကောင်လေးရဲ့ အမြဲတမ်း ပျင်းရိနေတဲ့ မျက်နှာပေးကြောင့်လား ဒါမှမဟုတ် အဲဒီကောင်လေးရဲ့ ယုံကြည်မှုတွေကြောင့်လားတော့ မသိဘူး။
သေချာတာကတော့ မာရူးက တကယ့်ကို အားကိုးရတဲ့ အဖော်တစ်ယောက်ပါပဲ။ ဒါပေမဲ့ ဒါက ဒါပါပဲ။ သူတို့နှစ်ယောက် တကယ့်ကို ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူးဆိုတာကို ဗြောင်ဆူ တစ်ခုခုကြောင့် ကျိန်းသေနေခဲ့တယ်။
‘အဲဒါက သိပ်တော့လည်း အရေးမကြီးပါဘူးလေ'
အစကတည်းက မာရူးက သူတို့လို ကလေးတွေနဲ့ အတူတူ နေစရာ အကြောင်းမှ မရှိတာ။ မာရူးဟာ လူအများကြီးဆီကနေ မျှော်လင့်ချက်တွေကို ထမ်းပိုးထားရတယ်ဆိုတာ ဗြောင်ဆူ ဒီအတောအတွင်းမှာ သိခဲ့ရတယ်။ အဲဒီကောင်လေးဆီကို ဖုန်းတွေ အမြဲတမ်း လာနေတတ်ပြီး အများစုကတော့ လူကြီးတွေဆီကလေ။
မာရူးရဲ့ ကျောင်းက သူငယ်ချင်းတွေတောင်မှ တကယ့်ကို အထင်ကြီးစရာကောင်းကြတာ။ ပြန်စဉ်းစားကြည့်ရင် ပြဇာတ်ကလပ်က လူတိုင်းက တကယ့်ကို ထူးထူးခြားခြားနဲ့ ဆွဲဆောင်မှု ရှိကြတာလေ။ ထပ်ပြောရရင် မာရူးက... သူတို့နဲ့ အတူတူရှိနေစရာ အကြောင်းမှ မရှိတာ။ ဘာပဲဖြစ်ဖြစ် မာရူးဆီမှာတော့ တခြားသူတွေ ချဉ်းကပ်ဖို့ ခက်ခဲစေတဲ့ ထူးဆန်းတဲ့ အရှိန်အဝါတစ်ခု ရှိနေတာတော့ အမှန်ပဲ။
သူ့ရဲ့ အရည်အချင်းကြောင့်လည်း မဟုတ်သလို၊ စရိုက်ကြောင့်လည်း မဟုတ်ဘူး။ သူငယ်ချင်းဖြစ်ဖို့ ခက်ခဲစေတဲ့ ထူးဆန်းတဲ့ အရာတစ်ခုခုပေါ့။ တခြားသူတွေလည်း အဲဒီလိုပဲ ထင်ကြတာပဲ။
“မာရူးက တစ်မျိုးပဲ... သူက အဲဒီမှာ ရှိနေသလိုလို၊ ဒါပေမဲ့လည်း မရှိနေသလိုလိုလား။ ပြောရတာ နည်းနည်းတော့ ခက်တယ်”
“အေးလေ၊ သူက လူကောင်းတစ်ယောက်ပါ၊ ဒါပေမဲ့...”
တခြားသူတွေက အဲဒီအကြောင်းကို သိပ်ပြီး အလေးအနက် မတွေးကြပါဘူး။ မာရူးက ဘယ်လိုလူပဲ ဖြစ်နေပါစေ၊ အဲဒီကောင်လေးက သူတို့ရဲ့ ကယ်တင်ရှင်ဆိုတဲ့ အချက်ကတော့ မပြောင်းလဲပါဘူး။
* * * * * * * * *
“... ဝါး”
“မင်း အခုတလော သန်းဝေနေတာ ခဏခဏပဲနော်”
“ပင်ပန်းလို့ပါကွာ”
ဒိုဂျင်က ပတ်ဝန်းကျင်ကို ခဏလောက် ဝေ့ကြည့်လိုက်ပြီး မာရူးဘက်ကို ရှေ့တိုးလာခဲ့တယ်။
“မင်း အခုတလော အနိုင်ကျင့်ခံရတဲ့ ကလေးတွေနဲ့ အတူတူ ရှိနေတာ ငါ သတိထားမိတယ်နော်။ ဒါတွေအားလုံးကို သူတို့လုပ်အောင် မင်းပဲ လုပ်လိုက်တာ မဟုတ်လား”
“ငါ သူတို့ကို နည်းနည်းလေးပဲ ကူညီပေးလိုက်တာပါ”
“ငါ သိသားပဲ၊ တစ်ခုခုတော့ လွဲနေတယ်လို့”
ဒိုဂျင်က မာရူးကို ချယ်ရီအရသာ ချိုချဉ်တစ်လုံး ကမ်းပေးလိုက်တယ်။ မာရူးက အဲဒါကို ယူပြီး ပါးစပ်ထဲ ထည့်လိုက်တာပေါ့။ အချိန်ကိုက်ပါပဲ၊ သူ အခုလေးတင် အချိုတစ်ခုခု စားချင်နေတာလေ။
“ဒါက ချန်ဟူးကြောင့်လား”
“လောလောဆယ်တော့ ဟုတ်တယ်လို့ ပြောရမှာပေါ့”
“မင်း တကယ်ကြီး ဆုံးဖြတ်ချက် ချလိုက်ပြီပေါ့လေ။ ဒါပေမဲ့ အဲဒီကောင် သိသွားရင် အန္တရာယ် မရှိဘူးလား။ မင်း သိတဲ့အတိုင်း အဲဒီကောင်က ဒီလိုကိစ္စမျိုးဆိုရင် တော်တော်လေး အညှိုးကြီးတာလေ”
ဒိုဂျင်က ချန်ဟူးကို သေသေချာချာလေး ညွှန်ပြပြီး ပြောလိုက်တယ်။ ချန်ဟူးနဲ့ သူ့သူငယ်ချင်းတွေက အခုတလော ဆရာတွေရဲ့ ရုံးခန်းဆီကို နေ့တိုင်းလိုလို ခေါ်သွားခံနေရတာကိုး။ အဲဒီအတွက်ကြောင့်လည်း အခုချိန်မှာ ကျောင်းက ကျောင်းသားတိုင်း ဘာတွေ ဖြစ်နေလဲဆိုတာကို သိနေကြပြီလေ။ ဆရာတွေက ဘယ်လောက်ပဲ တိုးတိုးတိတ်တိတ် ကိုင်တွယ်ဖို့ ကြိုးစားပါစေ၊ ကောလာဟလတွေကတော့ တောမီးလို ပြန့်နှံ့နေတာပဲလေ။
“ငါက လူမြင်ကွင်းမှာ ပေါ်အောင် လုပ်နေတာ မဟုတ်ဘူးဆိုတော့ စိတ်မပူပါနဲ့။ ပြီးတော့ ချန်ဟူးက အခုချိန်မှာ စဉ်းစားဖို့တောင် အချိန်ရှိမှာ မဟုတ်ပါဘူး။ မကြာခင်မှာ သူ့မိဘတွေဆီကို ဖုန်းဝင်လာတော့မှာလေ”
“မင်းရဲ့ သူငယ်ချင်း ဖြစ်ရတာ ငါ တကယ်ကို ဝမ်းသာတာပဲ။ မင်းကတော့ တကယ့်ကို ရက်စက်တဲ့ ကောင်ပဲ”
“ရက်စက်တယ် ဟုတ်လား။ မဟုတ်ပါဘူး။ ဒါက ဝဋ်လည်တာပါ”
“အဲဒါကြောင့်ပဲ မင်း အခုတလော အလုပ်တွေ အရမ်းများနေတာကိုး”
“အကုန်လုံး ပြီးသလောက် ရှိနေပြီဆိုတော့ နောက်ဆုံးတော့ ငါ နည်းနည်းလောက် အသက်ရှူချောင်သွားပြီ”
“ရော့... ဒါလေး စားလိုက်ဦး”
တခြားတစ်ယောက်က သူတို့ရဲ့ စကားဝိုင်းထဲကို ကြားကနေ ချက်ချင်း ဝင်လာခဲ့တယ်။ ဒေးမြောင်ပဲလေ၊ သူက သူတို့နှစ်ယောက်လုံးကို ဘာဂါ တစ်လုံးစီ ကမ်းပေးလိုက်တာ။ ကလပ်လေ့ကျင့်ခန်းတွေ စလုပ်ကတည်းက အဲဒီကောင်လေးက ပြန်ပြီး ဝလာပြန်ပြီ၊ ကြည့်ရတာ မကြာခင်မှာ ယန်မီဆိုက ဒေးမြောင်ကို တကယ်တမ်း ဝိတ်ကျသွားအောင် စီမံချက်တွေ ချတော့မယ့်ပုံပဲ။
“အခုချိန်ကစပြီး ငါ စားချင်သလောက် စားနိုင်မှာ မဟုတ်တော့ဘူးလို့ တွေးလိုက်မိလို့ပါ။ ဟဲဟဲ”
“မင်း ပြန်ဝလာဦးမယ်။ ကိုယ့်ကိုယ်ကိုယ် ထိန်းစမ်းပါဦး”
“ထိန်းမှာပါ၊ ထိန်းမှာပါ။ မနက်ဖြန်ကစပြီး ဝိတ်ချတော့မယ်”
“လူတိုင်း အဲဒီအတိုင်း ပြောကြတာပဲ”
ဒိုဂျင်နဲ့ ဒေးမြောင်က ပြုံးပြုံးရွှင်ရွှင်နဲ့ စကားပြောနေကြတယ်။ အဲဒီအချိန်မှာ မာရူးက ပါးစပ်ထဲက ချိုချဉ်ကို ဝါးလိုက်ပြီး ဘာဂါကိုပဲ အာရုံစိုက်လိုက်တော့တယ်။ ကြားရက်တွေမှာ သူက ကလပ်လေ့ကျင့်ခန်းတွေ ရှိသလို ယန်ဂန်ဟွမ်ရဲ့ သီးသန့်သင်တန်းတွေလည်း ရှိတာလေ။ ဗုဒ္ဓဟူးနေ့ကနေ သောကြာနေ့အထိကတော့ မြောင်ဒုံ အနုပညာပြဇာတ်ရုံမှာ လေ့ကျင့်ခန်းတွေ ရှိတယ်။ စနေနေ့ကျရင် ဟျဲဟွာ ဘူတာရုံကို သွားရမှာဖြစ်ပြီး ညနေပိုင်းမှာ မြောင်ဒုံကို ပြန်သွားရမယ်။ တနင်္ဂနွေနေ့ကလည်း အတူတူပါပဲ။ တကယ်တော့ ပြီးခဲ့တဲ့ တစ်လလုံး သူ ဆွန်ဂျီနဲ့တောင် မတွေ့ဖြစ်ခဲ့ဘူးလေ။
‘စဉ်းစားကြည့်တော့...’
ကန်ဒိုဝူးနဲ့ ပတ်သက်တဲ့ ကိစ္စလည်း ရှိသေးတယ်။ မာရူးက တတ်နိုင်ရင် အဲဒီလူကို ကူညီပေးချင်တာလေ။ မာရူး ဒီတစ်ပတ်အတွက် သူ့ရဲ့ အချိန်ဇယားကို ပြန်စဉ်းစားကြည့်လိုက်တယ်။
သူ ဆွန်ဂျီဆီကနေ အများကြီး သင်ယူခဲ့ရတယ်။ သူမရဲ့ မိသားစုကိစ္စတွေထဲမှာ သူ ဝင်မပါချင်ပေမဲ့ ဖြစ်နိုင်ရင်တော့ သူမကို သူမရဲ့ မောင်လေးနဲ့ နားလည်မှု ပြန်ရစေချင်တာလေ။ သူမဆီကနေ အများကြီး ရထားခဲ့တာဆိုတော့ သူမကို ပြန်ပေးဆပ်ဖို့က သင့်တော်တယ်လို့ သူ တွေးခဲ့တာ။
မာရူး ကိုယ့်ကိုယ်ကိုယ် တော်တော်လေး အလုပ်များလာတာကို ခံစားမိရတယ်၊ သူ အခုတလော အလုပ်တွေမှာ အချိန်တွေ အများကြီး ပေးနေမိတာကိုး။ သူမနဲ့ နောက်ထပ် တစ်ခေါက်လောက် ဒိတ်လုပ်ချင်သေးတယ်၊ ဒါပေမဲ့ သူ့မှာ အချိန်ကို မရှိတာ။ အရင်တုန်းက လူကြီးဘဝထက်တောင် ပိုပြီး အလုပ်များနေရတာကတော့... တကယ်ကို ရယ်စရာကောင်းလိုက်တာ။
“ဟေ့၊ မာရူး”
ဒိုဂျင်က ခေါ်လိုက်တဲ့ အသံကြောင့် မာရူး မျက်လုံးပွင့်လာခဲ့တယ်။
“မင်း ကြည့်ရတာ တော်တော် ပင်ပန်းနေပုံပဲ၊ ခဏလောက် အိပ်လိုက်ဦး”
“အေးပါ၊ အိပ်လိုက်ဦးမယ်။ ဆရာလာရင် ငါ့ကို နှိုးလိုက်ဦးနော်”
“စိတ်ချ”
မာရူး လောလောဆယ်တော့ ခဏလောက် အိပ်ဖို့ ဆုံးဖြတ်လိုက်တယ်။
* * * * * * * * *
ကလေးတွေ လိုချင်တဲ့ အရာက တစ်ခုတည်းပါပဲ၊ အဲဒါကတော့ အနိုင်ကျင့်တဲ့သူတွေကို ကျောင်းကနေ ထုတ်ပစ်ဖို့ပါပဲ။ သူတို့က တခြား ဘာမှ မလိုချင်ပါဘူး၊ အဲဒါကိုပဲ ဆရာတွေကို အတိအကျ ပြောခဲ့ကြတာလေ။ အဲဒီအတွက်ကြောင့်လည်း ဒီဖြစ်ရပ်အကြောင်း ကောလာဟလတွေက ကျောင်းထဲမှာ အရမ်းကို မြန်မြန် ပြန့်သွားတာ ဖြစ်မှာပါ။
ဆရာတွေက ကျောင်းထဲမှာ အလုပ်တွေ စပြီး များလာကြတယ်။ အနိုင်ကျင့်တဲ့သူတွေက အစစ်ခံဖို့ စကားတွေ အများကြီး ပြောနေရပြီး အနိုင်ကျင့်ခံရတဲ့သူတွေကတော့ တဖြည်းဖြည်းနဲ့ တည်ငြိမ်လာကြတယ်။ နောက်ဆုံးတော့ မိဘတွေကိုလည်း ခေါ်လိုက်ကြရတာပေါ့။ အများစုကတော့ မိခင်တွေပါပဲ၊ ဒါပေမဲ့ တစ်ခါတလေကျရင် ဖခင်တွေလည်း လာတတ်ကြပါတယ်။
မာရူးက အပြင်မှာ စုရုံးနေကြတဲ့ လူတွေကို လှမ်းကြည့်လိုက်တယ်။ ကြည့်ရတာ ကျောင်းထဲမှာ နောက်ထပ် တစ်ခေါက်လောက် ဆူညံသွားဦးမယ့်ပုံပါပဲ။
“အဆင်ပြေမှာပါလေ”
မာရူးက သူ့ရဲ့ ဖုန်းထဲက နာမည်စာရင်းကို ကြည့်ရင်း နှုတ်ခမ်းကို လျှာနဲ့ သပ်လိုက်တယ်။ မကြာခင်ကမှ သူ တစ်ခု သဘောပေါက်လိုက်တာက... အာဏာရှိတဲ့လူတွေက ဘာလို့ သူတို့ရဲ့ အာဏာကို မပျောက်ပျက်အောင် ဒီလောက်တောင် အသည်းအသန် ကြိုးစားနေကြလဲဆိုတာပါပဲ။
* * * * * * * * *
ချန်ဟူးရဲ့ အယုံကြည်ရဆုံး သူငယ်ချင်းက ဖြူဖတ်ဖြူလျော် မျက်နှာပေးနဲ့ ခေါင်းခါပြလိုက်တယ်။ အဲဒီကောင်ရဲ့ အမေက ကျောင်းရဲ့ ဥက္ကဋ္ဌနဲ့ တော်တော်လေး ရင်းနှီးတာဆိုတော့ ချန်ဟူးက သတင်းကောင်း မျှော်လင့်ထားခဲ့တာ၊ ဒါပေမဲ့... အဲလို ဖြစ်မလာခဲ့ဘူး။
“ဟေ့ကောင်၊ မင်းအမေက အာဏာရှိတယ်လို့ ငါ ထင်ထားတာ”
“အဲဒါက... အမေက ပြောတယ်၊ ကျောင်းရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာတာက ငါတို့အတွက် အကောင်းဆုံးပဲတဲ့”
“ဘာလို့လဲ”
“အကယ်၍ ဒီကိစ္စက တရားရုံးအထိ ရောက်သွားရင်တော့... ငါတို့ တကယ်ကို ဒုက္ခရောက်ကုန်မှာလေ။ အမေက ပြောတယ်၊ ကျောင်းထုတ်ခံရတာက ငါတို့အတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်နိုင်တယ်တဲ့”
“ဘာ ကျောင်းထုတ်ခံရမယ် ဟုတ်လား မင်း ငါ့ကို ထပ်ပြောပါဦး။ ဘာတွေ ဖြစ်နေတာလဲ”
ကျောင်းထုတ်ခံရမယ် ဟုတ်လား အကောင်းဆုံး ရွေးချယ်မှု ဟုတ်လား ဒါက ဘာသောက်တလွဲ စကားတွေလဲ ချန်ဟူး ဒေါသတွေက ခေါင်းပေါ်အထိ တက်လာတာကို ခံစားလိုက်ရတယ်။ အဲဒီအချိန်မှာပဲ စားပွဲမှာ ထိုင်ပြီး စာအုပ်ဖတ်နေတဲ့ ဂီဂျုံကို သူ သတိထားမိသွားတယ်။ သူ မလုပ်သင့်ဘူးဆိုတာ သိပေမဲ့ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်တော့ဘူး။ သူ ရှေ့ကို ပြေးသွားပြီး ဂီဂျုံကို ရှိသမျှ အားနဲ့ ကန်ပစ်လိုက်တယ်။ အဲဒီကောင်လေး နောက်ကို လန်ကျသွားတဲ့ အသံက အကျယ်ကြီး ထွက်သွားပြီး တစ်အတန်းလုံးရဲ့ အာရုံက သူ့ဆီ ရောက်လာတော့တာပေါ့။
ချန်ဟူး သူ ဘာလုပ်လိုက်မိလဲဆိုတာ သဘောပေါက်လိုက်ပေမဲ့ ရေကတော့ ဖိတ်သွားပြီလေ။ သူ စလိုက်တဲ့ အလုပ်ကို အဆုံးထိပဲ လုပ်လိုက်တော့မယ်။
“မင်းကတော့ကွာ... ခွေးမသားရဲ့၊ ငြိမ်ငြိမ်လေး နေဖို့ ကြိုးစားစမ်းပါ”
“မင်းက အရမ်း ဆူညံနေတာပဲ။ ဟေ့ကောင်၊ တစ်အတန်းလုံးက မင်းအပိုင်လို့ ထင်နေတာလား”
“ခွေးမသားရယ်၊ အားလပိချိန်မှာတောင် ငါတို့တွေ နားလို့မရတော့ဘူးလား”
အတန်းထဲက ကလေးတိုင်းက သူ့ကို တစ်ခုခု ပြောနေကြတယ်။ အရင်တုန်းကတော့ သူတို့ကို ဘာမှ မပြောခဲ့ကြပေမဲ့... ပြန်စဉ်းစားကြည့်ရင် ဒီကလေးတွေကလည်း ဂီဂျုံနဲ့ မနက်တိုင်း နှုတ်ဆက်နေကျ လူတွေပဲလေ။ သူတို့က သူငယ်ချင်းတွေလား။
“ဒီကောင်လည်း ရှင်သန်ဖို့ ကြိုးစားနေတာပဲ။ တော်လိုက်တော့လေ။ အခုလိုအတိုင်းဆိုရင်တော့ မင်း တကယ်ကြီး ထိန်းသိမ်းရေးစခန်းကို ရောက်သွားလိမ့်မယ်”
“အေးလေ။ စိတ်အေးအေးထားစမ်းပါ၊ ငတုံးရဲ့”
ချန်ဟူး သွားကြိတ်လိုက်မိတယ်။ သူ့ကို ပြန်ပြောရဲတဲ့ ကောင်တွေကို ရိုက်ပစ်ဖို့ သူ လှည့်လိုက်ပေမဲ့ သူ့ကို မကျေမနပ်နဲ့ ကြည့်နေတဲ့ လူတွေက နည်းနည်းပါးပါး မဟုတ်မှန်း သတိထားမိလိုက်တော့မှ သူ့ရဲ့ လက်သီးတွေက အလိုလို ပြေလျော့သွားခဲ့တယ်။
အမှန်အတိုင်း ပြောရရင် ချန်ဟူးက ရန်ဖြစ်တဲ့နေရာမှာ အဲဒီလောက်ကြီး ယုံကြည်မှု မရှိပါဘူး။ သူလည်း အခုမှ သဘောပေါက်လိုက်တာက သူ့အတန်းထဲက ကလေးတော်တော်များများကလည်း သူ့လို မဟုတ်ဘဲ ရန်ဖြစ်တာ တော်တော်လေး တော်ကြတဲ့သူတွေ ဆိုတာပါပဲ။
“အလိုလေး... ငါတို့ရဲ့ ချန်ဟူးလေးတော့ သွားပြီထင်တယ်၊ ဟုတ်တယ်မလား”
ဒိုဂျင်ရဲ့ အသံက ချန်ဟူးရဲ့ နားထဲကို ထိုးဝင်လာတယ်။ နောက်ဆုံးတော့ ချန်ဟူး လုပ်နိုင်တာဆိုလို့ စိတ်တိုတိုနဲ့ပဲ အတန်းထဲကနေ ထွက်သွားဖို့ပဲ ရှိပါတော့တယ်။
* * * * * * * * *
အခန်း(၁၀၆)
“ကျောင်းက ဒီအခြေအနေအထိ ပျက်စီးသွားရတာ ဒီလိုလူမိုက်တွေကြောင့်ပဲ”
“ဆရာလီ... စိတ်ကို အေးအေးထားပါဦး။ ဆရာက ဆရာတစ်ယောက်ပဲဟာ၊ ဒီလိုမျိုး စကားတွေကို အရမ်းကာရော မပြောသင့်ဘူးလေ”
“ကျွန်တော့်ရဲ့ အပြောအဆိုတွေက အခုချိန်မှာ သိပ်ပြီး မယဉ်ကျေးဘူးဆိုတာ နားလည်ပါတယ်။ ဒါပေမဲ့ ဒီကလေးတွေ လုပ်လိုက်တဲ့ကိစ္စကတော့ တကယ်ကို လွန်လွန်းတယ်”
ဆရာလီက စားပွဲပေါ်ကို A4 စာရွက်ပုံကြီး ပစ်တင်လိုက်တဲ့အခါ အဲဒီစာရွက်တွေကို ကြည့်နေကြတဲ့ ဆရာတွေအားလုံးရဲ့ မျက်နှာမှာ တကယ့်ကို အနေရခက်တဲ့ အမူအရာတွေ ဖြစ်သွားကြတာပေါ့။
“ဒါပေါ့... သူတို့တွေ စည်းကျော်သွားတယ်ဆိုတာ ကျွန်တော် ကောင်းကောင်း သိတာပေါ့။ ဒါပေမဲ့ ဆရာလီရယ်... အခုက ကျောင်းသားသစ်တွေ လက်ခံတော့မယ့် အချိန်နီးနေပြီလေ။ ဒီကိစ္စကြောင့် ကျောင်းနဲ့ ပတ်သက်ပြီး သတင်းဆိုးတွေ ပြန့်သွားရင် ကျွန်တော်တို့တွေ ဒုက္ခရောက်ကုန်မှာပေါ့။ ကျောင်းအုပ်ကြီး မှာထားတာတွေကို ဆရာ မမှတ်မိတော့ဘူးလား”
အဲဒီလို ပြောလိုက်တဲ့သူကတော့ ကျောင်းရဲ့ ဟန်ဂျာဆရာပဲ။ သူက နယ်ဘက်ကနေ မြို့ကို တက်လာတဲ့သူဖြစ်ပြီး ရာထူးတွေ အကြိမ်ကြိမ် တိုးပေးခံရပြီးတဲ့နောက်မှာ ဒုတိယကျောင်းအုပ် ဖြစ်လာဖို့ ရေပန်းအစားဆုံးလူတစ်ယောက် ဖြစ်နေတာလေ။
(TR Note:ရှေ့မှာ ဟန်ဂျာဆရာကို တရုတ်စာဆရာလို့သုံးခဲ့ပါတယ်။ ကိုရီးယားစာမှာပါတဲ့ တရုတ်အက္ခရာများကို သင်ကြားပေးသည့်ဆရာပါ။ ဟန်ဂျာဆရာလို့ပဲ ဆက်သုံးသွားပါမယ်)
‘သူကတော့ ဒီနေရာကြီးကို သူ့အပိုင်လို့တောင် ထင်နေပြီ ထင်တယ်’
ဆရာလီက ဟန်ဂျာဆရာကို မကျေမနပ်နဲ့ ကြည့်လိုက်တယ်။
“ကျောင်းရဲ့ ပုံရိပ်ကို ကောင်းအောင် လုပ်နေတာဆို။ ဒါကို အခွင့်အရေးတစ်ခုလို့ သဘောထားလိုက်ရမှာပေါ့။ အရင်တုန်းက ဒီလိုလူမိုက်တွေကို ထိရောက်တဲ့ အပြစ်ဒဏ် မပေးခဲ့လို့ အခုလောက်အထိ ဆိုးကုန်တာလေ”
ဆရာလီက သတ္တိရှိရှိနဲ့ ရှေ့ကို တစ်လှမ်းတိုးလိုက်တယ်။ အရင်တုန်းကတော့ ကျောင်းက ဒီလိုလူမိုက်ကိစ္စတွေကို ဖုံးဖိကိုင်တွယ်ခဲ့တာပဲ။ ဒီကျောင်းက ကလေးတွေက တကယ့်ကို ဆိုးကြတာဆိုတော့ ရန်ပွဲတွေ ခဏခဏ ဖြစ်တတ်ပြီး အခြေအနေတွေက တဖြည်းဖြည်းနဲ့ ပိုပြီး ဆိုးလာတတ်တာလေ။
အဲဒါကြောင့်ပဲ ပြဿနာဖြေရှင်းရေး ကော်မတီဆိုတာ ရှိနေတာပေါ့၊ ဒါပေမဲ့ အဲဒီ အစည်းအဝေး အများစုကတော့ အနိုင်ကျင့်တဲ့သူတွေကို သာသာထိုးထိုးလေးပဲ ဆုံးမပြီး ပြီးသွားတတ်တာပါ။ ဆရာလီကတော့ ဒါကို လုံးဝ သဘောမကျဘူး။ သူက အနိုင်ကျင့်တဲ့သူတွေကို ပိုပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ အမြဲ တောင်းဆိုခဲ့ပေမဲ့ တစ်ခါမှလည်း ထိရောက်မှု မရှိခဲ့ပါဘူး။
တကယ်တော့ အဲဒီ ကော်မတီကို ကျောင်းအုပ်ကြီးက ရွေးချယ်ထားတဲ့ မိဘလေးယောက်နဲ့ ဆရာသုံးယောက်ကပဲ ဦးဆောင်နေတာလေ။ ဆရာလီက အစတုန်းကတော့ အဲဒီ ဆရာသုံးယောက်ထဲမှာ ပါခဲ့ဖူးပြီး အနိုင်ကျင့်တဲ့သူတွေကို ထိုက်တန်တဲ့ အပြစ်ဒဏ်တွေ ပေးခဲ့ဖူးတာပေါ့။ ဒါပေမဲ့ တစ်ချိန်မှာတော့ ကျောင်းအုပ်ကြီးနဲ့ သူနဲ့ ဆက်ဆံရေးက လွဲချော်သွားခဲ့တယ်။ အခုဆိုရင် သူက ကော်မတီ အစည်းအဝေးတစ်ခုမှာတောင် ခြေလှမ်းခွင့် မရတော့ပါဘူး။
“ကျွန်တော်တို့ပဲ ကိုင်တွယ်လိုက်ပါ့မယ်၊ စိတ်မပူပါနဲ့”
ဟန်ဂျာဆရာက မျက်မှောင်ကြီးကြုတ်ပြီး ထိုင်ခုံကနေ ထသွားတယ်။ ကော်မတီအတွက် ရွေးချယ်ခံရတဲ့ တခြား ဆရာနှစ်ယောက်ကလည်း အပြင်ကို မထွက်သွားခင်မှာ ဆရာလီကို စိတ်အေးအေးထားဖို့ ပြောသွားကြသေးတာပေါ့။
“အကုန်လုံးတော့ သွားပြီပဲ”
လူတွေအားလုံး ထွက်သွားပြီးတဲ့နောက်မှာတော့ ဆရာလီက ရေခဲသေတ္တာထဲကနေ အအေးတစ်ပုဒ်ကို ယူပြီး အတင်း မော့သောက်လိုက်တော့တယ်။ ဆရာတွေထဲက တချို့က သူ့ကို ကွယ်ရာမှာ ‘ခေတ်နောက်ပြန်ဆွဲနေတဲ့ ဆရာ’ လို့တောင် ခေါ်ကြတယ်၊ ပြဿနာတစ်ခုကို မှန်ကန်တဲ့နည်းလမ်းနဲ့ ဖြေရှင်းဖို့ ကြိုးစားခဲ့တာတောင် ဆူပူကြိမ်းမောင်း ခံခဲ့ရသေးတာကိုး။
“ဘယ်လို ပညာရေးသမားမျိုးကများ အပြစ်ပေးရမယ့်သူရဲ့ ရှေ့မှာ အမြီးနံ့ပြနေမှာလဲ”
ဆရာတွေဆိုတာ ထိုက်တန်တဲ့ ကလေးတွေကို အပြစ်ပေးရမှာပဲ၊ ဒါက ရိုက်နှက်ဆုံးမတာမျိုး ဖြစ်နေဖို့ မလိုပါဘူး။ ဒါပေမဲ့ ကျောင်းသားတွေက ဆရာ့ကို တစ်နည်းနည်းနဲ့ ကြောက်ရွံ့နေအောင် လုပ်ဖို့တော့ လိုအပ်သေးတာပေါ့၊ အရာရာတိုင်းက အဲဒီနောက်မှပဲ လာမှာလေ။ အကယ်၍ ကျောင်းသားတစ်ယောက်က မကောင်းတဲ့အလုပ်ကို လုပ်ခဲ့မယ်ဆိုရင် တခြား ဘာထက်မဆို အရင်ဆုံး အပြစ်ပေးခံရဖို့ လိုအပ်တာပေါ့။
‘အထက်တန်းကျောင်းသား’
ဟိုးအရင်တုန်းကဆိုရင် ဒီအရွယ်လူတွေက ကိုယ့်သားသမီးကိုတောင် ပြန်ပြီး ပျိုးထောင်နေရပြီလေ။ ဒါပေမဲ့ အချိန်တွေ ကြာလာလေလေ၊ လောကကြီးက လူတွေကို ကလေးဘဝမှာပဲ တတ်နိုင်သမျှ အကြာကြီး နေခိုင်းချင်နေသလိုပဲ။
“သူတို့တွေကလည်း အခုချိန်မှာ အရာရာကို သိနေကြပြီလေ”
အခုခေတ်မှာတော့ အင်တာနက် ကျေးဇူးကြောင့် ဒီကလေးတွေက ဆရာတွေထက်တောင် ပိုပြီး ဉာဏ်ကောင်းနေကြတာပေါ့။ သူတို့ မကျေနပ်တာနဲ့ တစ်ပြိုင်တည်း ဗီဒီယိုရိုက်ပြီး ပညာရေးဝန်ကြီးဌာနဆီကို တိုင်စာနဲ့အတူ တန်းပို့လိုက်ကြတာလေ။ တခြားကျောင်းတွေက ဒီလို သတင်းတွေကို ကြားရတိုင်း ဆရာလီကတော့ တကယ့်ကို စိတ်ပျက်နေမိတာပဲ။
“လူမိုက်တွေ”
ဆရာလီက A4 စာရွက်ပေါ်မှာ ရေးထားတဲ့ နာမည်တွေကို ဖတ်လိုက်တယ်။ သူတို့တွေကများ ဒီလိုလုပ်လိုက်ရင် လွတ်သွားမယ်လို့ ထင်နေတာလား၊ ဆရာတွေကို ဘယ်လောက်တောင် အထင်သေးနေကြတာလဲ။ လက်ရှိ အခြေအနေကတော့ သူ့အတွက် ဘာထက်မဆို ပိုပြီး ခါးသီးနေခဲ့ပြီလေ။
* * * * * * * * *
ဟန်ဂျာဆရာက လူနားနေခန်းထဲကို နောက်တစ်ခေါက် လှမ်းကြည့်လိုက်ပြီးမှ လျှာတစ်ချက် သပ်လိုက်တယ်။
“အဲဒီလူက ဘယ်ခေတ်ကြီးမှာ ရှင်သန်နေတယ်လို့ ထင်နေတာလဲ”
ဆရာတွေရဲ့ အာဏာစက်ကြီးစိုးတဲ့ ခေတ်က ကုန်သွားတာ ကြာပါပြီ။ အဲဒီတုန်းကတော့ ကျောင်းသားတွေနဲ့ မိဘတွေက ဆရာ့ကို ပြန်ကြည့်နေရတာလေ။ အခုတော့ မဟုတ်တော့ဘူး၊ အခြေအနေက ပြောင်းပြန် ဖြစ်သွားပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်တုန်းကဆိုရင် ဆရာတွေက လာဘ်ငွေကနေတစ်ဆင့် ပိုက်ဆံအများကြီး ရှာနိုင်ခဲ့သေးတာ။ မိဘတွေက ဆရာက တောင်းတာ မဟုတ်ဘဲနဲ့တောင် ပိုက်ဆံတွေကို အတင်း လာပေးကြတာလေ။ အဲဒီခေတ်တုန်းက ဆရာတွေမှာ အာဏာရှိခဲ့တာ၊ တကယ်ကို ပညာတတ်တွေအတွက် ဖန်တီးထားတဲ့ လောကကြီးပေါ့။
ဒါပေမဲ့ အခုချိန်မှာကော
အခုချိန်မှာတော့ လူတိုင်းက ပညာတတ်တွေ ဖြစ်နေကြပြီလေ။ အကုန်လုံးပဲ။ အမှန်အတိုင်း ပြောရရင် ဟန်ဂျာဆရာက တစ်ခါတလေကျရင် အတန်းထဲဝင်ဖို့တောင် ကြောက်နေမိတာ။ ဒါတောင် သူက အညံ့စားကလေးတွေပဲ ရှိတဲ့ အင်ဂျင်နီယာကျောင်းမှာမို့လို့ တော်သေးတာပေါ့။ သူ့သူငယ်ချင်း ပြောပြချက်အရဆိုရင် ပုဂ္ဂလိက ကျောင်းတွေကတော့ တကယ့်ကို ကြောက်စရာကောင်းတာတဲ့။
‘ကျောင်းသားတွေက ငါပြောတာကို နားတောင် မထောင်ကြဘူး။ စာမေးပွဲမှာ ပါမယ်လို့ ပြောလိုက်မှပဲ ခေါင်းမော့ကြည့်ကြတာ။ သူတို့က ကျောင်းထဲမှာ ရှိနေတဲ့အချိန်မှာတောင် အပြင်က ကျူရှင်တွေက ပေးလိုက်တဲ့ အလုပ်တွေကိုပဲ ထိုင်လုပ်နေကြတာလေ။ အခြေခံပညာရေးလား။ အဲဒီလို အရာမျိုးက ငရဲလိုပဲ။ ဒီမှာရှိတဲ့ ဆရာတွေက ကလေးတွေရဲ့ အလိုကို မကန့်ကွက်မိအောင်ပဲ အချိန်ဖြုန်းနေကြတာ။ အခုချိန်မှာ ကျွန်တော်တို့ကို ဆရာတစ်ယောက်လိုတောင် မဆက်ဆံကြတော့ဘူး’
ဟန်ဂျာဆရာက သူ့သူငယ်ချင်းရဲ့ စကားတွေကို တကယ့်ကို ထောက်ခံတယ်။ အခုခေတ် လူ့အဖွဲ့အစည်းမှာ ကျောင်းတွေက ဘာမှ မဟုတ်တော့ဘူး။ အွန်လိုင်း ဗီဒီယိုတွေပဲဖြစ်ဖြစ်၊ ကျူရှင်တွေပဲဖြစ်ဖြစ်... လေ့လာစရာ နေရာတွေက ဘယ်နေရာမှာမဆို ရှိနေတာလေ။ ပညာရေး နယ်ပယ်တစ်ခုလုံး ပြောင်းလဲသွားခဲ့ပေမဲ့ အခြေခံပညာရေးကတော့ ဘာမှ မပြောင်းလဲသေးဘူး။ တောင်ကိုရီးယားရဲ့ အခြေခံပညာရေးကတော့ အခုချိန်မှာ ရေမြောင်းထဲမှာ ပုပ်သိုးနေပြီလို့တောင် ပြောလို့ရတာပေါ့။
‘ကလေးတွေကို စာသင်ပေးမယ် ဟုတ်လား’
ရယ်စရာကောင်းလိုက်တာ။ ဟန်ဂျာဆရာက လူနားနေခန်းဘက်ကို နောက်တစ်ခေါက် လှမ်းကြည့်ရင်း နှာခေါင်းရှုံ့လိုက်တယ်။ စည်းကမ်းထိန်းသိမ်းရေး ဆရာဖြစ်တဲ့ ဆရာလီကတော့ ပညာရေးရဲ့ ရွှေခေတ်ထဲကနေ အခုထိ မထွက်နိုင်သေးဘူး။ သူ့အရွယ် လူတွေဖြစ်နေတာတောင် ဘယ်လိုလုပ်ပြီး ဒီလောက်အထိ နှေးကွေးနေနိုင်ရတာလဲဆိုတာ သူ လုံးဝ နားမလည်နိုင်ဘူး။
ကျောင်းတွေက ပြောင်းလဲသွားပြီ၊ လူ့အဖွဲ့အစည်းကလည်း တက္ကသိုလ်ဘွဲ့ရတွေဆီကနေ ပိုပြီး တောင်းဆိုလာကြပြီလေ။ အထက်တန်းကျောင်းမှာ ကလေးအများစုက တက္ကသိုလ်တက်ဖို့ပဲ စဉ်းစားကြတာ။ အဲဒီရလဒ်အနေနဲ့ သူ့ရဲ့ ဟန်ဂျာ စာသင်ချိန်မှာတောင် ကလေးတွေက သင်္ချာကိုပဲ ထိုင်တွက်နေကြတာပေါ့။
အရင်တုန်းကဆိုရင်တော့ ဒီလိုအပြုအမူမျိုးက သူ့ကို တကယ့်ကို ဒေါသထွက်စေမှာ။ ဒါပေမဲ့ အခုတော့ သူ ကျင့်သားရနေပါပြီ။ ဘာပဲဖြစ်ဖြစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွေမှာ ဟန်ဂျာထက် သင်္ချာက အဆပေါင်းများစွာ ပိုပြီး အရေးကြီးတာကိုး။ တစ်ခါတလေကျရင် သူက သူ့ရဲ့ စာသင်ကြားမှုတွေကို လုံးဝ ဂရုမစိုက်ဘဲ ကျော်သွားလိုက်ဖို့တောင် သူ့ကျောင်းသားတွေကို ပြောတတ်သေးတာ။
‘ဒါက စီးပွားရေးသက်သက်ပဲ’
ဟန်ဂျာဆရာက ကျောင်းထဲမှာ သူ့ရဲ့ နာမည်ကောင်းက အဲဒီလောက်ကြီး မရှိဘူးဆိုတာ သိပေမဲ့ တကယ့် အရေးကြီးတဲ့ ကလေးတွေဆီကနေတော့ နာမည်ကောင်း ရထားတာပေါ့။
ဟုတ်တယ်၊ အရေးကြီးတဲ့ ကလေးတွေ။ တက္ကသိုလ်တက်ဖို့ ကြိုးစားနေတဲ့ ကလေးတွေကို ပြောတာပါ။ အင်ဂျင်နီယာကျောင်းကတောင်မှ SKY တက္ကသိုလ်တွေထဲက တစ်ခုခုကို ကျောင်းသားတွေ ပို့ပေးနိုင်သေးတာလေ။ မဟုတ်ဘူး၊ အင်ဂျင်နီယာကျောင်းကနေ သွားရတာကတောင် ပိုပြီး လွယ်ကူသေးတယ်။
ဒီလို ကောလာဟလတွေက ကျောင်းရဲ့ ပုံရိပ်ကို တိုးတက်စေဖို့အတွက် အဓိကပဲ။ တကယ်လည်း မနှစ်တုန်းက သူတို့ကျောင်းက ကလေးတစ်ယောက် နာမည်ကြီး ဆိုးလ်တက္ကသိုလ်ကို ရောက်သွားတဲ့အခါမှာ ကျောင်းတစ်ကျောင်းလုံးမှာ အဲဒီအကြောင်း ဆိုင်းဘုတ်တွေ အပြည့် ချိတ်ခဲ့ကြတာလေ။ အဲဒါက ဘာကို ဆိုလိုတာလဲ
‘ဒါတွေ အကုန်လုံးက စီးပွားရေးပဲ။ စီးပွားရေးပဲ’
ဒါက အခုချိန်မှာတော့ လူတိုင်းသိတဲ့ လျှို့ဝှက်ချက်တစ်ခုပါ၊ ကျောင်းတွေဆိုတာလည်း တကယ်က ကုမ္ပဏီတွေပဲလေ အခေါ်အဝေါ်သာကွဲနေတာ။ သူတို့မှာ နာမည်ကောင်း ရှိမှပဲ ရှင်သန်နိုင်မှာ မဟုတ်လား။ အားကြီးတဲ့သူက အားနည်းတဲ့သူကို စားတဲ့လောကမှာ လက်ရှိ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲနိုင်တဲ့ ကျောင်းတွေကမှ ရှင်သန်နိုင်ရုံတင်မကဘဲ ပိုပြီး အောင်မြင်လာနိုင်မှာပေါ့။
အခုခေတ်မှာ ပညာရေးလောကက ကျောင်းသားတွေနဲ့ မိဘတွေကိုပဲ ဗဟိုပြု လည်ပတ်နေတာ။ နောက်ဆုံးတော့ ပညာရေးသမားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာတို့ ဘာတို့ဆိုတာ လက်ငင်းရတဲ့ ပိုက်ဆံနဲ့ ယှဉ်ရင်တော့ ဘာမှ မဟုတ်တော့ဘူးလေ။
‘အဲဒီလို ဖြစ်သွားတာက တချို့ကဏ္ဍတွေမှာတောင် ပိုပြီး ကောင်းသေးတယ်’
ဟိုးအရင်တုန်းကတော့ မိဘတွေက အမှတ်ကောင်းကောင်း ရအောင်ဆိုပြီး ဆရာတွေကို ပိုက်ဆံ လာပေးကြတာလေ။ ဒါပေမဲ့ အခုတော့ မိဘတွေက သူတို့ကလေးတွေ တကယ်ပဲ ကိုယ့်ဘာသာကိုယ် အောင်မြင်သွားတဲ့အခါမှ ဆရာတွေကို ပိုက်ဆံ လာပေးကြတာ။
မကြာသေးခင်ကပဲ တက္ကသိုလ်ကောင်းကောင်း ရအောင်ဆိုပြီး သူတို့ကျောင်းကို လာတက်တဲ့ ကျောင်းသားတွေ အများကြီး ရှိလာခဲ့တယ်။ အဲဒီကျောင်းသားတွေထဲမှာ တကယ့်ကို ချမ်းသာတဲ့ မိသားစုက ကလေးတွေလည်း ပါတာပေါ့။
‘တကယ်တော့ ကျွန်တော်က ကျွန်တော့်ရဲ့ အလားအလာရှိတဲ့ ဖောက်သည်တွေကို အလိုလိုက်နေတာပါ’
သူ့ကို ဆရာစစ်စစ် တစ်ယောက်လိုတောင် မဆက်ဆံကြတော့တဲ့ အခြေအနေမှာ... သူက သူ့ရဲ့ ဖောက်သည်တွေကို စိတ်ကျေနပ်အောင် လုပ်ပေးမယ့် ဝန်ဆောင်မှုပေးသူ တစ်ယောက်ပဲ ဖြစ်နေလိုက်တာက ပိုပြီး ကောင်းတာပေါ့။ အဲဒါက အကောင်းဆုံးပဲလေ။
“ဆရာလီ... ဆရာလည်း မကြာခင်မှာ သိလာပါလိမ့်မယ်။ ကျောင်းသားတွေဆိုတာ ဆရာက စာသင်ပေးရမယ့်လူတွေ မဟုတ်ဘူး၊ ဆရာက သူတို့ရဲ့ အလိုကို လိုက်ပေးရမယ့် လူတွေပဲ”
ဟန်ဂျာဆရာက ပြဿနာဖြေရှင်းရေး ကော်မတီဆီကို ဖိတ်ကြားထားတဲ့ မိဘလေးယောက်ကို လှမ်းကြည့်လိုက်တယ်။ အကယ်၍ သူက ဒီလေးယောက်ဆီကနေ သဘောတူညီချက် ရခဲ့မယ်ဆိုရင် ဒီအစည်းအဝေးက တခြား အစည်းအဝေးတွေလိုပဲ အလွယ်တကူ ပြီးဆုံးသွားမှာပါ။
‘အာ... အဲဒီနှစ်ယောက်လည်း အရင်အတိုင်းပဲ ပါလာကြတာကိုး’
ဒီအစည်းအဝေးကို ဘယ်သူတွေ လာမယ်ဆိုတာကို ဟန်ဂျာဆရာက ကြိုပြီး သိထားပြီးသားပဲ။ အခု သူ့ရှေ့မှာ ရှိနေတဲ့ အမျိုးသမီး နှစ်ယောက်က ဒီကော်မတီမှာ တကယ့် အာဏာရှိတဲ့သူတွေဆိုတာလည်း သူ သိတာပေါ့။ အဲဒီ အမျိုးသမီးတွေက ဒီကိစ္စမှာ ပါဝင်နေတဲ့ လူမိုက်တွေရဲ့ မိဘတွေနဲ့ တော်တော်လေး ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေကြတာလေ။
ဒီလို ကော်မတီမျိုးကို ချမ်းသာတဲ့ မိသားစုက မိဘတွေပဲ တက်နိုင်တာ၊ ဘာလို့လဲဆိုတော့ ဆင်းရဲတဲ့ မိသားစုတွေကတော့ ဒီလို ကိစ္စသေးသေးလေးတွေအတွက် အချိန်မပေးနိုင်ကြလို့လေ။
‘ပြီးတော့ ဒီလို အရာမျိုးတွေက ပိုက်ဆံလည်း ကုန်တာကိုး’
ဒီလို ကော်မတီမျိုးကို လူချမ်းသာတွေကပဲ စုပြီး လုပ်ကြတာ။ ရလဒ်အနေနဲ့ လူချမ်းသာတွေကပဲ ကျောင်းဆီကနေ ထိရောက်တဲ့ အကျိုးကျေးဇူးတွေကို ရကြတာပေါ့။
“ဒီနေ့ ကြည့်ရတာ အခြေအနေ ကောင်းနေတယ်နော် ဆရာ။ ကျွန်မ ပို့ပေးလိုက်တဲ့ ဂျင်ဆင်းက တကယ်ပဲ အစွမ်းပြနေပုံရတယ်”
“ကျေးဇူးတင်ပါတယ်၊ ဒီလို အေးစက်တဲ့ ဆောင်းတွင်းကြီးမှာ အဲဒါက ကျွန်တော့်ကို တကယ်ပဲ အထောက်အကူ ဖြစ်စေပါတယ်”
“ကြားရတာ ဝမ်းသာပါတယ်”
ဟန်ဂျာဆရာက သူတို့ရှေ့မှာ ကိုယ်ကို နှိမ့်ချလိုက်တယ်၊ ဒီလူတွေက ဖောက်သည်တွေလေ။ ပြောရရင် VIP ဖောက်သည်တွေပေါ့။ သူတို့က သူ့ရဲ့ အငြိမ်းစား ယူမယ့် ရန်ပုံငွေထဲကို ပိုက်ဆံတွေ အများကြီး ထည့်ပေးနိုင်တဲ့ လူမျိုးတွေလေ။ အဲဒီတော့ သူက သူတို့နဲ့ အဆင်ပြေအောင် သူတို့ခိုင်းသမျှ အရာရာတိုင်းကို လုပ်ပေးဖို့ လိုတာပေါ့။
“ဂျွန်ယောင်းရဲ့ အမေကတော့ ဒီကိစ္စအတွက် တော်တော်လေး စိတ်ပျက်နေပုံပဲ”
“နားလည်ပါတယ်”
ဂျွန်ယောင်း။ သူကတော့ ဒီကိစ္စမှာ ပါဝင်တဲ့ လူမိုက်တွေထဲက တစ်ယောက်ပေါ့၊ အဆိုးဆုံးတွေထဲက တစ်ယောက်လို့တောင် ပြောလို့ရတယ်။ အဲဒီကောင်လေးက ဒီနှစ်မှာ အတန်းပြန်တက်နေရတဲ့သူလေ။
“ဂျွန်ယောင်းက ဒီလိုမျိုး လုပ်မယ့်ကလေးမျိုး မဟုတ်ပါဘူး”
“ကျွန်တော်တို့လည်း အဲဒီလိုပဲ ထင်ပါတယ်”
“ဟုတ်တယ်မလား ဟုတ်တယ်မလား တကယ်တော့ ဒီလို ကိစ္စသေးသေးလေးအတွက် လူစုနေတာက နည်းနည်းတော့ မိုက်မဲသလိုပဲ။ နောက်ဆုံးတော့ ကလေးတွေ အချင်းချင်း ဆော့ကြတာပဲဟာကို”
“ဆရာမ ပြောတာ မှန်ပါတယ်”
အသက်လေးဆယ်အရွယ် အမျိုးသမီးက သူ့ကို ကြည့်ပြီး တောက်ပစွာ ပြုံးပြလိုက်တယ်။ သူ့ရဲ့ အသက်အရွယ်နဲ့မတူဘဲ အသားအရေက အသက်နှစ်ဆယ်ကျော်အရွယ်လိုမျိုး ချောမွေ့နေတာပေါ့။
“ကျောင်းဥက္ကဋ္ဌကလည်း လွန်လွန်းပါတယ်။ ကျွန်မတို့က သူ့ကို ဒါကို သေသေချာချာ ကိုင်တွယ်ပေးဖို့ ပြောတာကို သူက ဒီအစည်းအဝေးက ထွက်လာတဲ့ ဆုံးဖြတ်ချက်ကိုပဲ လိုက်နာရမယ်လို့ ပြောတယ်လေ။ ကျွန်မတို့ ကလေးတွေ ကျောင်းထုတ်ခံရဖို့အထိတောင် ပြင်ဆင်ထားသင့်တယ်လို့ ပြောသေးတာ”
“ဟားဟား။ သူက နောက်နေတာ နေမှာပါ”
ဒါက ဟန်ဂျာဆရာကိုလည်း နည်းနည်းတော့ ဇဝေဇဝါ ဖြစ်စေတယ်။ ပြဿနာဖြေရှင်းရေး ကော်မတီကို ဖွဲ့ဖို့ကတော့ လိုအပ်တာပေါ့။ တကယ်တော့ သူတို့ဆီမှာ ရှိတဲ့ သက်သေအထောက်အထားတွေအရဆိုရင် မဖွဲ့ရင်တောင်မှ ထူးဆန်းနေဦးမှာ။
ပုံမှန်အတိုင်းဆိုရင်တော့ ကော်မတီကို ဖွဲ့မယ်၊ အစည်းအဝေးတွေကို ခပ်မြန်မြန်လေး လုပ်မယ်၊ ပြီးရင် အရာအားလုံးကို ဖုံးဖိလိုက်မယ်။ အဲဒါက ကျောင်းဥက္ကဋ္ဌနဲ့ ကျောင်းအုပ်ကြီးတို့ ကိုင်တွယ်နေကျ ပုံစံပဲလေ။ ထူးထူးဆန်းဆန်းပဲ၊ ဒီတစ်ခါမှာတော့ ကျောင်းအုပ်ကြီး တစ်ယောက်တည်းကပဲ အရာရာကို ကိုင်တွယ်နေတာ။ ကျောင်းဥက္ကဋ္ဌကတော့ ဘာမှမပြောဘဲ နှုတ်ဆိတ်နေတယ်၊ ဒါက သူ့ရဲ့ စရိုက်နဲ့ လုံးဝကို မတူတာလေ။
“ဂျွန်ယောင်းနဲ့ သူ့သူငယ်ချင်းတွေကြားမှာ နားလည်မှုလွဲတာတွေ ရှိခဲ့လို့ ဒီလို ဖြစ်သွားတာပါ။ သူတို့က ကျောင်းထုတ်ခံရမှာကိုတောင် စိုးရိမ်နေကြတာ...”
“အဲဒီလို ဖြစ်လာစရာ အကြောင်း လုံးဝ မရှိပါဘူး”
“တကယ်လား ဒါဆို ဘာလို့ ကျွန်မက အဲဒီလို သတင်းတွေ ခဏခဏ ကြားနေရတာလဲ။ တော်တော်လေး စိုးရိမ်စရာပဲ။ ဂျွန်ယောင်းရဲ့ အမေဆိုရင် လောကကြီးပဲ ပျက်တော့မလိုမျိုး သက်ပြင်းတွေ ခဏခဏ ချနေတာ၊ ဒါပေမဲ့ ကျောင်းဥက္ကဋ္ဌကတော့ ဘာမှ မပြောဘူး။ ကျွန်မတို့ ကျောင်းကို လက်ဆောင်တွေ ဒီလောက် ပေးထားတာတောင်မှ...”
“ဒါပေါ့”
ဟန်ဂျာဆရာက သူ့ရဲ့ ဖောက်သည်တွေ ပျော်အောင် အကောင်းဆုံး ကြိုးစားနေတာပေါ့။ အဲဒီ ရယ်စရာကောင်းတဲ့ ကောလာဟလတွေက ဘယ်ကနေ လာတာလဲ သူ မသိပေမဲ့ လုံးဝတော့ မမှန်ပါဘူး။ ဒီအစည်းအဝေးက ထွက်လာမယ့် ဆုံးဖြတ်ချက်ကတော့ ကျိန်းသေနေပြီသားလေ။
ကျောင်းတွင်း စေတနာ့ဝန်ထမ်း လုပ်အားပေး နာရီ ၂၀ နဲ့ လူမိုက်တွေက နစ်နာသူတွေကို နှုတ်နဲ့ တောင်းပန်ဖို့ပဲ၊ ဒါက ထိုက်တန်တဲ့ အပြစ်ဒဏ် ဖြစ်လိမ့်မယ်။
‘နစ်နာတဲ့သူတွေက အဲဒီ အပြစ်ဒဏ်ကို မကြိုက်ရင်ကော’
ကျောင်းကတော့ လူမိုက်တွေကို အပြစ်ပေးဖို့ လုံးဝ ရည်ရွယ်ချက် မရှိပါဘူး။
“ကျွန်တော် ကျောင်းဥက္ကဋ္ဌနဲ့ သီးသန့် ဆက်သွယ်ကြည့်ပါ့မယ်၊ စိတ်မပူပါနဲ့။ အာ... ခဏနေရင် တခြားသူတွေနဲ့ အတူတူ တရားဝင် အစည်းအဝေး စရမှာမို့လို့ ခဏလောက် ထပ်ပြီး စောင့်ပေးစေချင်ပါတယ်”
“နားလည်ပါပြီ။ အာ... အစည်းအဝေး ပြီးသွားရင် ဒီက ဆရာတွေနဲ့ အတူတူ ထမင်းစားချင်လို့ပါ။ ဆရာရော ဘယ်လိုထင်လဲ ယွန်းဆောင်းရဲ့ အမေ”
“ဒါပေါ့၊ ကောင်းတာပေါ့”
လူနားနေခန်းထဲကနေ ပျော်ရွှင်စရာ ရယ်မောသံတွေ ထွက်လာတယ်။ ဟန်ဂျာဆရာလည်း အခြေအနေတွေက တခြား အစည်းအဝေးတွေလိုပဲ ဖြစ်နေတာကို မြင်တော့မှ စိတ်အေးသွားတော့တယ်။
* * * * * * * * *
“ . . . ”
“ဒီ ဆုံးဖြတ်ချက်ကို မင်းတို့တွေ ကျေနပ်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ မင်းတို့တွေ ဒီအတောအတွင်း ဘယ်လောက်တောင် နာကျင်ခံစားခဲ့ရလဲဆိုတာ ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ မင်းတို့လည်း နားလည်ပေးရမှာက ဒီလူမိုက်တွေဟာ သူတို့ရဲ့ ရင်ထဲကနေ တကယ်ကို နောင်တရနေကြတယ်ဆိုတာပါပဲ။ မင်းတို့တွေ နားလည်ပေးပြီး သူတို့ကို ခွင့်လွှတ်ဖို့ သင်ယူရမယ်”
ဗြောင်ဆူက ဟန်ဂျာဆရာကို ကြောင်တောင်တောင်လေး ကြည့်နေမိတယ်။ သူတို့တွေ အခုချိန်အထိ အသည်းအသန် ကြိုးစားခဲ့ကြတာ၊ ဒီလူမိုက်တွေကို ကျောင်းကနေ ဖယ်ထုတ်ပစ်ဖို့ သွားကြိတ်ပြီး သည်းခံခဲ့ကြတာ။ ဒါပေမဲ့... နောက်ဆုံးမှာ သူတို့ ရလိုက်တဲ့အရာကတော့ သာသာထိုးထိုးလေး ဆုံးမတာပဲ ဖြစ်နေတယ်။ ပြီးတော့...
“ဆောရီးပဲကွာ။ မင်းတို့တွေက တကယ့်ကို အသေးအဖွဲလေးတွေအတွက်နဲ့ ကပ်စေးနှဲတာပဲ။ အဲဒီ ပိုက်ဆံလေးကိုလည်း မက်နေကြတာလား။ ထားပါတော့၊ ငါ မင်းတို့ဆီက ပိုက်ဆံ ထပ်မယူတော့ပါဘူး၊ ငတုံးတွေရဲ့”
“အရာရာအတွက် တောင်းပန်ပါတယ်၊ အရူးတွေရဲ့”
ဒါက တောင်းပန်စကားထက် စော်ကားတဲ့စကားနဲ့ ပိုတူနေတာပေါ့။
“ငါကတော့ အလကားနေရင်း လန့်နေတာ။ အဲဒီကောင်က ငါ့ကို တကယ်ကြီး လန့်သွားအောင် လုပ်တာ”
“အဲဒါက ကျောင်းဥက္ကဋ္ဌနဲ့ နားလည်မှုလွဲလို့ ဖြစ်သွားတာလို့ သိရတယ်”
“အေးပါ၊ အဲဒါကြောင့်ပဲ ဖြစ်မှာပေါ့ ဟုတ်တယ်မလား ဂျွန်ယောင်းရဲ့ အမေကတော့ တကယ်ကို အတော်ဆုံးပဲ”
“ဒါနဲ့ ဒီကောင်တွေကို အခု ဘာလုပ်ကြမလဲ”
“ဘာလုပ်ရမှာလဲ၊ ပြန်ပြီး ဒုက္ခပေးရမှာပေါ့”
လူမိုက်တွေက လောကကြီးမှာ သူတို့ပဲ ရှိသလိုမျိုး တဝါးဝါး ရယ်မောနေကြတယ်၊ ဗြောင်ဆူကတော့ အားလုံးထဲမှာ ဂျွန်ယောင်းရဲ့ အကြည့်က အကြောက်ရဆုံးပဲလို့ ခံစားနေရတာ။
‘ဒါက အဆုံးသတ်ပဲလား ငါတို့တွေ တကယ်ပဲ တရားစွဲရတော့မှာလား’
အဲဒီအတွေးတွေ သူ့ခေါင်းထဲမှာ ပြည့်နေတဲ့အချိန်မှာပဲ….
ဒုန်း
ဟန်ဂျာဆရာက တံခါးကို အရှိန်နဲ့ တွန်းဖွင့်ပြီး အထဲဝင်လာတယ်။ သူ ဘယ်လောက်တောင် အသည်းအသန် ဝင်လာလဲဆိုရင် ဆံပင်တွေတောင် လွင့်နေတာပေါ့၊ ဗြောင်ဆူကတော့ အဲဒီဆရာရဲ့ မျက်နှာပေါ်မှာ ချွေးစက်တွေ စီးကျနေတာကိုပါ မြင်လိုက်ရတယ်။ ဟန်ဂျာဆရာက တုန်ရင်နေတဲ့ လက်နဲ့ လူမိုက်တွေကို လှမ်းညွှန်ပြလိုက်တယ်။
“မင်း... မင်းတို့ ခဏလောက် လာခဲ့ကြဦး”
သူက ဗြောင်ဆူကို တစ်ချက် စိုက်ကြည့်ပြီးတော့ ချက်ချင်း ပြန်ထွက်သွားတယ်၊ လူမိုက်တွေလည်း ဇဝေဇဝါ ဖြစ်နေတဲ့ မျက်နှာတွေနဲ့ အဲဒီဆရာ့နောက်ကို လိုက်သွားကြတာပေါ့။ အဲဒီနောက် တိတိကျကျ မိနစ် ၂၀ ကြာတဲ့အခါမှာတော့ သူတို့အားလုံးက ဖြူဖတ်ဖြူလျော် ဖြစ်နေတဲ့ မျက်နှာတွေနဲ့ အတန်းထဲကို ပြန်ရောက်လာကြတော့တယ်။
‘ဘာတွေ ဖြစ်ကုန်တာလဲ’
* * * * * * * * *
မာရူးက ပြတင်းပေါက်ဘောင်မှာ ထိုင်ရင်း သူ့ရဲ့ ဖုန်းကို ကြောင်တောင်တောင်လေး ကိုင်ထားမိတယ်။ ပိုက်ဆံနဲ့ အာဏာဆိုတာ တကယ်ကို အံ့ဩစရာကောင်းတဲ့ အရာတွေပဲ။
“ဟေ့ကောင်... ကျောင်းဥက္ကဋ္ဌက ငါတို့ကျောင်းကို ရောက်လာတယ်တဲ့”
“ဘာတွေ ဖြစ်နေတာလဲ”
“မသိဘူးလေ။ ဒါပေမဲ့ ဟန်ဂျာဆရာကတော့ အဆွဲခံသွားရပြီ”
“စင်္ကြံလမ်းမှာ သူ အော်နေတာကို ငါ ကြားလိုက်ရတယ်၊ သူ သေတာကို မြင်ချင်လို့လားဆိုလားပဲ”
“ဘာကြီးလဲဟ”
“မသိဘူးလေ”
မာရူးက သူ့ဘေးနားက လူတွေ စကားပြောနေတာကို နားထောင်ရင်း ကိုယ့်ဘာသာ သီချင်းလေး တညည်းညည်း လုပ်နေမိတာပေါ့။
“ဟင်း ဟင်း။ ဥပဒေဆိုတာ... ဥပဒေဆိုတာ တကယ်ကို ကောင်းတဲ့ အရာတစ်ခုပဲ”
* * * * * * * * *