← Chapters

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း(၁၀၇)

ဂျွန်မင်းဟာ ပျားရည်ရောထားတဲ့ ရေနွေးပုလင်းလေးကို ကိုင်ပြီး ဟျဲဟွာ ဘူတာရုံနားက အဆောက်အဦးတစ်ခုထဲကို လှမ်းဝင်လာခဲ့တယ်။ သူ ဓာတ်လှေကားကို စီးပြီး အပေါ်တက်လာခဲ့တာပေါ့။ ဒီအဆောက်အဦးထဲမှာ မြောင်ဒုံ အနုပညာပြဇာတ်ရုံရဲ့ စင်မြင့်အရွယ်အစားနဲ့ တထပ်တည်းတူတဲ့ လေ့ကျင့်ရေးခန်းမတစ်ခု ရှိတယ်လေ။ တကယ်တော့ ပြဇာတ်ရုံရဲ့ မြေအောက်ထပ်မှာလည်း လေ့ကျင့်ရေးခန်းမ ရှိပါတယ်။ ဒါပေမဲ့ အဲဒီနေရာက သူတို့အသုံးပြုမယ့် ရည်ရွယ်ချက်အတွက်ဆိုရင်တော့ တော်တော်လေး ကျဉ်းလွန်းနေတာကိုး။

သူ လေ့ကျင့်ရေးခန်းမထဲကို ဝင်လိုက်တဲ့အခါ သရုပ်ဆောင် တော်တော်များများက ကိုယ့်ဘာသာကိုယ် အသည်းအသန် လေ့ကျင့်နေကြတာကို မြင်လိုက်ရတယ်။ အဲဒီထဲမှာ ပြဇာတ်ရုံအသေးလေးတွေမှာ နာမည်ရပြီးသားသူတွေရော၊ လက်မှတ်ဈေး အင်မတန်ကြီးတဲ့ ပြဇာတ်ရုံကြီးတွေမှာမှ မြင်ရတတ်တဲ့ သရုပ်ဆောင်တွေပါ အတော်များများ ပါတာပေါ့။ ပြဇာတ်ရုံအသစ် ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အနေနဲ့ တကယ့်ကို ပါရမီရှိတဲ့ သရုပ်ဆောင်တွေကိုပဲ သေသေချာချာ ရွေးချယ်ထားခဲ့တာလေ။

သူတို့ကို ပထမဆုံး လူရွေးချယ်ခဲ့တဲ့သူကတော့ ဂျွန်မင်းပါပဲ။ ဒီပြဇာတ်ကြီး အောင်မြင်ဖို့အတွက် သူဟာ တခြားပရောဂျက်တွေထက်စာရင် လူရွေးချယ်မှုအပိုင်းမှာ သရုပ်ဆောင်ရွေးချယ်တဲ့ဒါရိုက်တာ တစ်ယောက်အနေနဲ့ ပိုပြီးတော့တောင် အင်တိုက်အားတိုက် ကြိုးစားနေခဲ့တာ။

“မနက်စောစောစီးစီး ကော်ဖီတွေ သောက်နေတာလား။ အစာအိမ် ဒုက္ခပေးကုန်မှာပေါ့”

သူ့ရဲ့ သူငယ်ချင်းဟောင်းတစ်ယောက်က ခုံတစ်ခုံကို ညွှန်ပြရင်း နှုတ်ဆက်လိုက်တယ်။ ဂျွန်မင်းက သရုပ်ဆောင်တွေကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးမှ ဝင်ထိုင်လိုက်တာပေါ့။

“ကော်ဖီ မဟုတ်ပါဘူး၊ ပျားရည်”

“ပျားရည်လား။ ငါ့ကိုလည်း နည်းနည်းလောက် ပေးမြည်းကြည့်ဦး”

မုတ်ဆိတ်ဗလပွနဲ့ သူငယ်ချင်းဖြစ်သူက ပြုံးဖြီးဖြီးနဲ့ လက်လှမ်းလိုက်တယ်။ ဒါမျိုးက အမြဲတမ်း ကြုံနေကျဆိုတော့ ဂျွန်မင်းက ပြန်တောင် မဖြေတော့ပါဘူး။ ဒီလူကတော့ ပြဇာတ်ရဲ့ ဒါရိုက်တာဖြစ်သလို နှစ်ပေါင်းများစွာ အတူတူ အလုပ်လုပ်လာခဲ့တဲ့ သူငယ်ချင်းကောင်း တစ်ယောက်ပေါ့။

“ပြဇာတ်အခြေအနေ ဘယ်လိုလဲ”

“လွန်ခဲ့တဲ့ လအနည်းငယ်တုန်းကတော့ သရုပ်ဆောင်အသစ်တွေက ဝါရင့်စီနီယာတွေကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ဘူး၊ ဒါပေမဲ့...”

“သရုပ်ဆောင်အသစ် ဟုတ်လား။ သူတို့ကလည်း သူတို့နယ်ပယ်မှာတော့ နာမည်ကြီးတွေပဲဟာကို”

“ဒီမှာ ရှိနေတဲ့သူတိုင်းက နာမည်ကြီးတွေပါပဲ။ ဘာပဲဖြစ်ဖြစ် အခုဆိုရင်တော့ သူတို့တွေ အချင်းချင်း နောက်ပြောင်ကျီစယ်နိုင်တဲ့အထိ ဖြစ်နေကြပြီလေ။ ဒါနဲ့ဆို လေးလောက်တောင် ရှိပြီဆိုတော့လည်း တစ်ယောက်နဲ့တစ်ယောက် ကျင့်သားရနေပြီပေါ့”

“ကောင်းတာပေါ့”

“မင်းကြောင့် ငါ ဘယ်လောက်တောင် ပင်ပန်းခဲ့ရလဲဆိုတာ တွေးကြည့်ရင်တော့... ဟူး။ ဒီလူတွေကို တစ်သားတည်းဖြစ်အောင် လုပ်ရတာ တကယ့်ကို မလွယ်တဲ့ အလုပ်ပဲ”

“မင်းသာ သူတို့ကို ပေါင်းစည်းပေးနိုင်မယ်ဆိုတာ ငါသိလို့ တကယ့် All Star အသင်းကြီးကို ခေါ်လာပေးတာလေ”

ဒီအခန်းထဲမှာ ရှိနေတဲ့သူတွေက တကယ့်ဝါရင့်တွေချည်းပဲ၊ တစ်ယောက်ချင်းစီမှာလည်း ကိုယ်စီ အစွဲအလမ်းတွေ ရှိကြတာပေါ့။ သူတို့ထဲက တော်တော်များများက ရုပ်ရှင်တွေနဲ့ ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်နေကြသူတွေလေ။ ပုံမှန်ဆိုရင်တော့ ဒီလူတွေထဲက တစ်ယောက်ကိုတောင် ပြဇာတ်မှာ ပါဖို့ ဖိတ်ခေါ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။

ဒါပေမဲ့ မြောင်ဒုံ အနုပညာပြဇာတ်ရုံ ပြန်လည်ဖွင့်လှစ်တာက တကယ့်ကို ထူးခြားတဲ့ ကိစ္စဖြစ်နေတာကြောင့် သရုပ်ဆောင် တော်တော်များများက အဖွင့်ပြဇာတ်မှာ ပါဝင်ဖို့ ကိုယ့်ဘာသာကိုယ် စေတနာ့ဝန်ထမ်းအနေနဲ့ လာကြတာလေ။ ဂျွန်မင်းက အဲဒီအထဲကမှ အတော်ဆုံး သရုပ်ဆောင်တွေကို ရွေးချယ်ထားတာဖြစ်ပြီး အခု သူ့ရှေ့မှာ မြင်နေရတဲ့သူတွေက အဲဒီလူတွေပဲပေါ့။ အခုလိုမျိုး သရုပ်ဆောင်အဖွဲ့အစည်းမျိုးကို နောက်ထပ် ဆယ်စုနှစ်တစ်ခုအတွင်းမှာတောင် ပြန်တွေ့ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။

“အော်... မင်း ရောက်နေတာကိုး”

ဝါရင့် သရုပ်ဆောင်ကြီး တစ်ယောက်က လွယ်အိတ်လေး လွယ်ပြီး သူတို့နှစ်ယောက်နားကို လျှောက်လာခဲ့တယ်။ ဒီလူကတော့ အသက်ငါးဆယ် ကျော်သွားရင်တောင် ဂျွန်မင်းနဲ့ ဒါရိုက်တာ သူငယ်ချင်းဖြစ်သူတို့က ရိုရိုသေသေ အရိုအသေပေးရမယ့် စီနီယာကြီးပေါ့။ သူတို့နှစ်ယောက်လုံး ထိုင်ခုံကနေ ချက်ချင်း ထရပ်လိုက်ကြတယ်။

“ထိုင်ကြပါ... ထိုင်ကြပါ။ ငါက မင်းတို့ကို အရိုအသေလာခံဖို့ နှုတ်ဆက်တာ မဟုတ်ပါဘူး”

ဂျွန်မင်းက သရုပ်ဆောင်ကြီးအတွက် ထိုင်ခုံတစ်ခုံကို အမြန်ဆွဲပေးလိုက်တော့ သရုပ်ဆောင်ကြီးက ပြုံးပြီး ဝင်ထိုင်လိုက်တာပေါ့။

“ပြင်ဆင်နေရတာ တော်တော်လေးတော့ ပင်ပန်းနေမှာပေါ့”

“မပင်ပန်းပါဘူး ဆရာ”

“ပင်ပန်းစရာ မရှိပါဘူးဗျာ”

ဂျွန်မင်းက ဆရာလို့ ခေါ်နေတဲ့သူကတော့ ဒီနှစ်မှာ အသက် ၆၅ နှစ် ပြည့်သွားပြီဖြစ်တဲ့ ယွန်းမွန်ဂျောင် ပါပဲ။ သူက ၈၀ ခုနှစ်တွေတုန်းက ဒီလုပ်ငန်းနယ်ပယ်မှာ ဩဇာအရှိဆုံး လူတစ်ယောက်ပေါ့။ ၉၀ ခုနှစ် နောက်ပိုင်းမှာ အနားယူသွားခဲ့ပေမဲ့ ဂျွန်မင်းရဲ့ တောင်းဆိုမှုကြောင့် အခုလို ပြန်ပြီး သရုပ်ဆောင်ပေးတာလေ။

“ဆရာ”

“အင်း...”

“ဒီထဲမှာ ဆရာ့မျက်စိထဲ ထူးထူးခြားခြား ဝင်နေတဲ့သူ ရှိလား”

ဂျွန်မင်းရဲ့ မေးခွန်းကြောင့် မွန်ဂျောင်က ရယ်လိုက်ပြီး

“အားလုံးက တော်ကြပါတယ်”

“ဆရာ့စိတ်ထဲမှာ တစ်ယောက်ယောက်ကို အထူးတလည် သတိထားမိတယ်ဆိုရင်တော့ ကျွန်တော့်ကို ပြောပြပေးပါဦး”

“မင်းက ငါ့ထက်တောင် မျက်စိ ပိုစူးဦးမှာပါ”

“အဲဒီလို မပြောပါနဲ့ ဆရာ။ ဒီက ဒါရိုက်တာကလည်း ဆရာ့မျက်စိထဲ တစ်ယောက်ယောက် ဝင်နေတယ်လို့ ပြောနေလို့ပါ”

မွန်ဂျောင်က ဂျွန်မင်း တကယ်ကို လေးစားရတဲ့ သရုပ်ဆောင်အနည်းငယ်ထဲက တစ်ယောက်ပေါ့။ ဒီလိုလူမျိုးရဲ့ မျက်စိထဲ ဝင်နေတဲ့ သရုပ်ဆောင်က ဘယ်သူလဲဆိုတာ သိရတာက ဂျွန်မင်းအတွက် တကယ့်ကို အထောက်အကူ ဖြစ်စေမှာလေ။

“ငါ တကယ်ကြီး တစ်ယောက်ယောက်ကို ရွေးရမယ်ဆိုရင်တော့...”

မွန်ဂျောင်ရဲ့ အကြည့်တွေက အခန်းထောင့်တစ်နေရာဆီ ရောက်သွားတယ်။ ဒီပြဇာတ်မှာ သရုပ်ဆောင် ၃၀ လောက် ပါဝင်တာလေ။ စင်ပေါ်မှာ တစ်ကြိမ်ကို ၁၀ ယောက်လောက်ပဲ တစ်ပြိုင်တည်း တက်လို့ရတာဆိုတော့ ဒါက တကယ့်ကို လူအင်အား အများကြီးပါပဲ။

အဲဒါကြောင့် သရုပ်ဆောင်တွေက လေ့ကျင့်ချိန်မှာ အဖွဲ့လိုက်ခွဲပြီး လေ့ကျင့်နေကြတာပေါ့။ အရည်အချင်းရှိတဲ့သူ အများစုက အလယ်မှာ လေ့ကျင့်နေကြပြီး အတွေ့အကြုံ နည်းတဲ့သူတွေကတော့ အခန်းထောင့်တွေဆီကို အလိုလို ရောက်သွားကြတာလေ။

ဂျွန်မင်းလည်း မွန်ဂျောင်ရဲ့ အကြည့်နောက်ကို လိုက်ကြည့်လိုက်တော့ လူငယ်သရုပ်ဆောင် အနည်းငယ် စုပြီး လေ့ကျင့်နေတဲ့ အခန်းထောင့်ဆီ ရောက်သွားတယ်။ သူ့အကြည့်က မှန်ရှေ့မှာ မျက်မှောင်ကြီးကြုတ်ပြီး လှုပ်ရှားမှုတွေကို ခပ်ကြီးကြီး လုပ်နေတဲ့ လူငယ်တစ်ယောက်ဆီမှာ ရပ်တန့်သွားတာပေါ့။ အဲဒီလူက ဂျွန်မင်းကိုယ်တိုင်လည်း ကောင်းကောင်း သိထားတဲ့သူ ဖြစ်နေတာလေ။

“သူက ဘယ်လိုလဲ။ မင်းလည်း သူ့ကို သတိထားမိနေတာ မဟုတ်လား”

“အလို... ကျွန်တော်တို့တွေ တစ်ယောက်တည်းကိုပဲ ပြိုင်တူ သတိထားမိနေကြတာ သိရတာ တကယ့်ကို ဝမ်းသာစရာပဲဗျာ”

“ဟုတ်လား။ ဟားဟားဟား”

မွန်ဂျောင်က သူ့မုတ်ဆိတ်ကို အသာအယာ ပွတ်ရင်း စကားဆက်ပြောတယ်။

“အဲဒီလူငယ်လေး... သူ လေ့ကျင့်တာကို ငါ သဘောကျတယ်။ ဘယ်လိုစဉ်းစားရမလဲ၊ ဘယ်လိုသရုပ်ဆောင်ရမလဲဆိုတာ သူ သိတယ်။ အာရုံစိုက်မှုကလည်း တကယ့်ကို အံ့ဩစရာပဲ။ ပြဇာတ်ထဲမှာ စိတ်နှစ်လိုက်ပြီဆိုရင် သူ့ပတ်ဝန်းကျင်က အရာအားလုံးကို မေ့သွားသလိုပဲ။ ငါသာ ပြဇာတ်အဖွဲ့တစ်ခုကို ဦးဆောင်နေတုန်းဆိုရင်တော့ သူ့ကို ကျိန်းသေပေါက် ခေါ်ယူထားမှာပဲ”

ဂျွန်မင်း ခေါင်းညိတ်လိုက်တယ်။ ဟုတ်ပါတယ်၊ သူတို့ ကြည့်နေတဲ့လူကို ဖော်ပြဖို့ဆိုရင် ‘အာရုံစိုက်မှု’ ဆိုတဲ့ စကားလုံးက တကယ့်ကို အမှန်ကန်ဆုံးပါပဲ။

“သူ အခု လွတ်လပ်တဲ့ ရုပ်ရှင်တွေဘက်မှာ အလုပ်လုပ်နေတယ်လို့ ကြားတယ်နော်”

“ဟုတ်တယ်၊ သူ ရုပ်ရှင်တစ်ကားမှာ ပါဝင်ခဲ့ဖူးပြီးပြီ။ အခုလည်း အဲဒီဒါရိုက်တာနဲ့ပဲ ဒုတိယမြောက် ရုပ်ရှင်ကို ရိုက်နေတယ်လေ”

“အဲဒီဒါရိုက်တာက မင်း သိတဲ့လူလား”

“ဟုတ်ကဲ့၊ အကြိမ်အနည်းငယ် ဆုံဖူးပါတယ်။ အော်... သူက ဒါရိုက်တာယူးနဲ့လည်း အလုပ်လုပ်ဖူးတယ်လေ”

“ချိုမင်းကို ပြောတာလား။ ဘာဖြစ်လို့လဲ”

“အခု သူနဲ့ အလုပ်လုပ်နေတဲ့ ဒါရိုက်တာက ဒါရိုက်တာ ယူးချိုမင်းနဲ့ သူငယ်ချင်းကောင်းတွေလေ။ ဒါရိုက်တာယူးနဲ့ ဆုံတုန်းက သူ့ရဲ့ မျက်စိထဲ ဝင်သွားခဲ့တာပေါ့”

“ဟက်... အဲဒီလူကလား။ အသင်းအစည်းအဝေးတွေကိုလည်း မလာတော့ အလုပ်များနေတယ် ထင်နေတာ၊ ဒါတွေ လုပ်နေတာကိုး”

ဒါရိုက်တာ ယူးချိုမင်းဆိုတာ တောင်ကိုရီးယားမှာ အကျော်ကြားဆုံး ပြဇာတ်အဖွဲ့တွေထဲက တစ်ခုဖြစ်တဲ့ Sky Theater ရဲ့ ပိုင်ရှင်ပေါ့။ အခုဆိုရင် သူက ကိုရီးယား သရုပ်ဆောင်များအသင်းရဲ့ ဥက္ကဋ္ဌလည်း ဖြစ်နေတာလေ။

“ငါတစ်ယောက်တည်းပဲ ကျောက်ကောင်းလေးတစ်လုံးကို ရှာတွေ့ထားတယ် ထင်နေတာ။ အကုန်လုံးက သူ့ကို မျက်စိကျနေကြတာကိုး” လို့ မွန်ဂျောင်က တိုးတိုးလေး ရေရွတ်လိုက်တယ်။

သရုပ်ဆောင်ကြီးက ဂျွန်မင်းကို အဲဒီသရုပ်ဆောင်လေးကို သေသေချာချာ ပျိုးထောင်ပေးဖို့ မှာကြားပြီး ထိုင်နေရာက ထလိုက်တယ်။ သူ ထွက်ပေါက်ဆီကို လျှောက်သွားတဲ့အချိန်မှာ သရုပ်ဆောင်တွေ အားလုံးက ကြောက်ရွံ့တုန်လှုပ်မှုတွေနဲ့ တောင့်တင်းသွားတာကို ဂျွန်မင်း မြင်လိုက်ရတာပေါ့။

ဒါကလည်း နားလည်ပေးလို့ ရပါတယ်။ ဒီသရုပ်ဆောင်ကြီးက အခုချိန်မှာတော့ သဘောကောင်းပြီး ပေါ့ပေါ့ပါးပါး ရှိနေပုံရပေမဲ့ တကယ်တမ်း လေ့ကျင့်ခန်း လုပ်ပြီဆိုရင်တော့ တကယ့်ကို ကြောက်စရာကောင်းပြီး ရက်စက်တတ်တဲ့သူ မဟုတ်လား။ အဲဒီအချိန်မှာ ဂျွန်မင်းရဲ့ ဒါရိုက်တာ သူငယ်ချင်းကတော့ စောစောက သူတို့ကြည့်နေတဲ့ သရုပ်ဆောင်လေးဆီမှာပဲ အကြည့်မခွာသေးဘူး။

“သူက အဲဒီလောက်တောင် အရည်အချင်းရှိတာလား”

“ဒါပေါ့”

“ဟင်း...”

“သူ့ကို ဘယ်အထိ ခေါ်သွားလို့ရမလဲဆိုတာ ကြည့်ထားလိုက်ဦး။ နောက်ဆိုရင် သူ့ကို ပြဇာတ်တွေမှာ မြင်ရဖို့တောင် တော်တော်လေး ခက်သွားလိမ့်မယ်”

“ဘာလဲ၊ မင်းက သူ့ကို ချောင်မူရိုဘက်အထိ ခေါ်သွားဖို့ စဉ်းစားနေတာလား”

“ဖြစ်နိုင်ရင်ပေါ့”

“အေးလေ... မင်း ပါးစပ်က ထွက်လာတဲ့ စကားဆိုတော့လည်း အခုလောလောဆယ်တော့ အဲဒီအတိုင်း ဖြစ်လာလိမ့်မယ်လို့ပဲ မှတ်ထားလိုက်ပါ့မယ်။ သူ့နာမည်က ဟောင်ဂွန်ဆူ၊ ဟုတ်တယ်မလား”

ဒါရိုက်တာက နာရီကို တစ်ချက် ကြည့်လိုက်ပြီး ထရပ်လိုက်တယ်။ သူ လေ့ကျင့်ခန်း ပြန်စတော့မှာ ဖြစ်မှာပေါ့။ ဂျွန်မင်းက ပြဇာတ်နဲ့ ပတ်သက်တဲ့ အပြောင်းအလဲ အနည်းငယ်ကို ဒါရိုက်တာကို ပြောပြပြီးတော့မှ သူကိုယ်တိုင်လည်း ပြန်ဖို့ ပြင်လိုက်တော့တယ်။

အဆောက်အဦး အပြင်ဘက်မှာတော့ လေအေးလေးတွေ တိုက်ခတ်နေတာပေါ့။ ဂျွန်မင်းက သူ့ရှေ့က လမ်းမကို ခဏလောက် ငေးကြည့်နေတုန်း အိတ်ထဲက ဖုန်းမြည်လာလို့ ဖြေလိုက်တယ်။ မွန်ဂျောင် ဆီကပါပဲ။

“ဟုတ်ကဲ့ ဆရာ”

“မင်း ထွက်သွားတာမြင်လိုက်တယ်၊ တကယ်ကို အလုပ်များတာပဲ”

“ဟားဟား... ဆရာ ကျွန်တော့်ကို ပြောစရာ ရှိရင် ပြန်တက်လာခဲ့လို့ ရပါတယ်”

“မလိုပါဘူး... မလိုပါဘူး၊ ရပါတယ်။ ဖုန်းထဲမှာပဲ ပြောလို့ ရတာပဲ။ ငါ မေးချင်တာက မင်း အခုထိ လူငယ်ပါရမီရှင်တွေကို လိုက်ရှာနေတုန်းပဲလားလို့”

“ဒါက ကျွန်တော့်အလုပ်ပဲလေ ဆရာ၊ ရှာနေတုန်းပါပဲ”

“ထူးထူးခြားခြား တစ်ယောက်ယောက် ရှိလား။ အလယ်တန်း ဒါမှမဟုတ် အထက်တန်း ကျောင်းသားအရွယ်မျိုးဆိုရင် ပိုကောင်းမယ်”

“ရှိတော့ ရှိပါတယ်ဗျာ။ ဒါနဲ့ ဆရာက ဘာလို့ သိချင်တာလဲဆိုတာ မေးလို့ ရမလား”

“ပြန်ပြီး သရုပ်ဆောင်ရတော့ အတိတ်ကို လွမ်းလာလို့ပါလေ။ အနားယူထားတဲ့သူ တစ်ယောက်အနေနဲ့ အေးအေးဆေးဆေး နေရတာ ကောင်းပေမဲ့ ငါ အနားယူတာ စောသွားသလို ခံစားနေရလို့လေ”

မွန်ဂျောင် ဘာကို ဆိုလိုချင်တာလဲဆိုတာကို ဂျွန်မင်း ချက်ချင်းပဲ ရိပ်မိလိုက်တယ်။

“ဆရာ ကျောင်းသားသစ်တွေကို ပြန်ပြီး ပျိုးထောင်ပေးချင်တာလား”

“မင်းကတော့ တကယ်ကို ဉာဏ်ပြေးတာပဲ”

“တကယ်လား ဆရာ။ ဆရာသာ တကယ် လုပ်မယ်ဆိုရင်တော့ ဘယ်လိုသရုပ်ဆောင်မျိုးမဆို ဆရာ့ဆီမှာ သင်ကြားခွင့်ရဖို့ အသေအလဲ တောင်းဆိုကြမှာပဲ”

“အဲဒီလောက်အထိတော့ လူသိမများချင်ပါဘူးကွာ။ ငါ့ရဲ့ အားလပ်ချိန်မှာ ဝါသနာတစ်ခုလိုမျိုး လူငယ်လေးတွေကို သင်ပေးချင်ရုံသက်သက်ပါပဲ”

“နားလည်ပါပြီ ဆရာ။ ကျွန်တော် စာရင်းတစ်ခု အမြန်ပို့ပေးပါ့မယ်”

“အဲဒါဆိုရင်တော့ ကောင်းတာပေါ့။ ဉာဏ်ကောင်းတဲ့ ကလေးလေးတွေပဲ ရွေးခဲ့ပေးပါဦး”

“ဟို... ဆရာ”

“အင်း…”

“ဆရာ ပြဇာတ်အဖွဲ့ကို ပြန်ပြီး တည်ထောင်ဖို့များ စဉ်းစားနေတာလား...”

“မဟုတ်ပါဘူး၊ အဲဒီအထိတော့ မစဉ်းစားသေးပါဘူး”

ဂျွန်မင်း စိတ်ပျက်သွားရအောင်ပဲ။ မွန်ဂျောင်က အဲဒီစကား ပြောပြီးတာနဲ့ ဖုန်းချသွားတော့တယ်။ အရင်တုန်းကတော့ မွန်ဂျောင်ရဲ့ ပြဇာတ်အဖွဲ့ဟာ ဟျဲဟွာ ဘူတာရုံနားမှာ အကျော်ကြားဆုံး ပြဇာတ်အဖွဲ့ နှစ်ခုထဲက တစ်ခုအဖြစ် နာမည်ကြီးခဲ့တာလေ။

ဂျွန်မင်းကိုယ်တိုင်တောင် အရင်က အဲဒီအဖွဲ့ထဲ ဝင်ဖို့ ကြိုးစားခဲ့ဖူးတာပေါ့။ သူ တိတ်တိတ်လေး မျှော်လင့်ခဲ့တဲ့ အိပ်မက်ပြဇာတ်အဖွဲ့ကြီး ပြန်ပြီး အသက်ဝင်လာမလားလို့ မျှော်လင့်ခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ပဲ အဲဒီလို ဖြစ်လာဖို့ကတော့ အလှမ်းဝေးနေပါသေးတယ်။

“ဒါတောင်မှပဲ...”

အနည်းဆုံးတော့ သူက လူငယ်သရုပ်ဆောင်လေးတွေကို ပျိုးထောင်ပေးဖို့ ဆန္ဒရှိနေတာပဲလေ။ အခုခေတ်မှာ သရုပ်ဆောင်တွေ အများကြီး ရှိနေပေမဲ့ တကယ် ပါရမီရှိတဲ့သူကတော့ ရှာရခက်နေတုန်းပါပဲ။ အဲဒီအပြင် အိုင်ဒေါတွေကလည်း သူတို့ရဲ့ ကျော်ကြားမှုကို အသုံးချပြီး သရုပ်ဆောင်လောကထဲကို တိုးဝင်လာနေကြပြီလေ။ အခုချိန်ဟာ သရုပ်ဆောင်တွေအနေနဲ့ သူတို့ရဲ့ တကယ့်တန်ဖိုးကို သက်သေပြရတော့မယ့် ခေတ်ကို ရောက်လာခဲ့ပြီပေါ့။

“ကလေးတွေ ဟုတ်လား”

ဂျွန်မင်းရဲ့ ပတ်ဝန်းကျင်မှာ အခုလောလောဆယ် လူငယ်သရုပ်ဆောင်တွေ အများကြီး ရှိနေတာပဲ။ သူတို့ထဲက ဘယ်သူ့ကို ရွေးရမလဲ။ နောက်မှ စီနီယာကြီးဆီ ဖုန်းဆက်ပြီး လူဘယ်နှစ်ယောက်လောက်ကို သင်ပေးချင်တာလဲဆိုတာကို သူ မေးကြည့်ရမယ်။

အဲဒီအချိန်မှာပဲ ဂျွန်မင်းရဲ့ ဖုန်း မြည်လာပြန်တယ်။ ဖုန်းနံပါတ်ကို ကြည့်ပြီး သူ ထူးဆန်းသွားပေမဲ့ ဖြေလိုက်တာပေါ့။

“ရှေ့နေပတ်လား။ တစ်ခုခု ဖြစ်လို့လား”

“မင်း ကျွန်တော့်ဆီ မိတ်ဆက်ပေးလိုက်တဲ့ ကလေးအကြောင်းကြောင့် ဖုန်းဆက်တာပါ။ ကျွန်တော့်ရဲ့ ဖောက်သည်အကြောင်းကို မင်းကို အစီရင်ခံစာလေး တစ်စောင်လောက်တော့ ပြောပြထားသင့်တယ် ထင်လို့လေ”

“အော်... မာရူးလား”

ဂျွန်မင်း အဲဒီကောင်လေးရဲ့ အမြဲတမ်း ပျင်းရိငြီးငွေ့နေတဲ့ မျက်နှာပေးကို ပြန်သတိရလိုက်တယ်။ အဲဒီကောင်လေးက သရုပ်ဆောင်တာကို တကယ် စိတ်ဝင်စားစပြုလာပေမဲ့ တကယ့်တကယ် စိတ်မနှစ်နိုင်ခင်မှာပဲ ထူးဆန်းတဲ့ အမှုတစ်ခုမှာ ပါဝင်ပတ်သက်သွားခဲ့တာလေ။

ကျောင်းတွင်း အကြမ်းဖက်မှု။ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက မာရူး ဖုန်းဆက်လာပြီး ပြဇာတ်ကလပ်လည်း အဲဒီထဲမှာ ပါဝင်ပတ်သက်နေတယ်လို့ ပြောခဲ့တာ။ ကောင်လေးရဲ့ တောင်းဆိုချက်က တိုတောင်းပေမဲ့ တကယ့်ကို သတ္တိရှိလှပါတယ်။ သူက ရှေ့နေတစ်ယောက်နဲ့ မိတ်ဆက်ပေးဖို့ တောင်းဆိုခဲ့တာလေ။

သရုပ်ဆောင်တစ်ယောက်ကို သရုပ်ဆောင်တာမှာပဲ အာရုံစိုက်နိုင်အောင် ကူညီပေးဖို့က ထုတ်လုပ်သူတစ်ယောက်အနေနဲ့ ဂျွန်မင်းရဲ့ တာဝန်ပဲ မဟုတ်လား။ သူက မာရူးအပေါ်မှာလည်း အမြင်ကောင်းရှိတာကြောင့် အဲဒီတောင်းဆိုချက်ကို အလွယ်တကူပဲ လက်ခံခဲ့တာပေါ့။ ရှေ့နေပတ်က သူ မာရူးဆီကို မိတ်ဆက်ပေးခဲ့တဲ့ လူပါပဲ။

“အခြေအနေ ဘယ်လိုလဲ”

“ရိုးရိုးလေးပါပဲ။ မင်းက ကူညီပေးဖို့ တောင်းဆိုထားတော့ ကျွန်တော်က အများကြီး ပြင်ဆင်ထားခဲ့တာ၊ ဒါပေမဲ့ သူက အစကတည်းက သက်သေအထောက်အထားတွေ အပုံလိုက်ကြီးနဲ့ ရောက်လာခဲ့တာလေ။ ဥပဒေရေးရာ စကားလုံး တချို့ကိုလည်း သူ သိနေသေးတယ်။ လူကြီးတော်တော်များများထက်တောင် ကျွန်တော့်စကားတွေကို သူက ပိုပြီး နားလည်နေသေးတာ၊ ဒါက နည်းနည်းတော့ ထူးဆန်းသလိုပဲ”

“အဲဒီကောင်လေးက အဲလိုပဲလေ။ ဒါနဲ့ အရာအားလုံး အဆင်ပြေသွားပြီလား”

“လောလောဆယ်တော့ ဟုတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ဥပဒေအကျိုးဆောင်အဖွဲ့ရဲ့ နာမည်ကို ကြားရုံနဲ့တင် ပြဿနာအများစုက ပြေလည်သွားတာပဲလေ”

“ဟင်း... ကြွားပြန်ပြီ။ ဒါနဲ့ မင်းရဲ့ ရှေ့နေခကရော”

“တစ်နာရီကို တစ်သိန်းနှစ်သောင်းကျတယ်။ မင်း တကယ်ပဲ ပေးနိုင်လို့လား”

“... အဲဒါကတော့ နည်းနည်းတော့…”

“နောက်တာပါ။ သူငယ်ချင်းချင်းပဲဟာကို၊ ဒီအတိုင်းပဲ ထားလိုက်ပါ။ နောက်မှ သရုပ်ဆောင် ဂျောင်ဝူဆောင်း ရဲ့ လက်မှတ်လေးပဲ ရအောင် လုပ်ပေးပါဦး။ ကျွန်တော့်သမီးက သူ့ရဲ့ ပရိသတ်အကြီးစားလေ”

“လုပ်ပေးပါ့မယ်”

ဂျွန်မင်း ဖုန်းချလိုက်တယ်။

* * * * * * * * *

မာရူးက ရှေ့နေပတ်ကို နှုတ်ဆက်ပြီး ထိုင်နေရာက ထလိုက်တယ်။ ဒီနေ့ဟာ ဒီဆိုးလ်မြို့က ဥပဒေအကျိုးဆောင်အဖွဲ့ဆီကို သူ နောက်ဆုံးလာရတဲ့ နေ့ ဖြစ်ရမယ်။

“တကယ့်ကို ခမ်းနားလိုက်တာ”

ဒီနိုင်ငံမှာ ဩဇာအရှိဆုံး ဥပဒေအကျိုးဆောင်အဖွဲ့ ရှိနေတဲ့ အဆောက်အဦးဟာ ဘာကြောင့်ရယ်မသိ ဘေးနားက တခြားအဆောက်အဦးတွေထက်တောင် ပိုပြီး ခမ်းနားထည်ဝါနေသလိုပဲ။ ဒီနေရာဟာ အခြေခံ ရှေ့နေခ ဝမ်တစ်သန်းကနေ တစ်နာရီကို ငါးသိန်းအထိ ယူတတ်တဲ့ ရှေ့နေတွေ ပြည့်နှက်နေတဲ့ နေရာပေါ့။ ရှေ့နေတွေအတွက်တော့ တကယ့်ကို မြင့်မြတ်တဲ့ နယ်မြေပါပဲ။

“နာမည်ဆိုတာ တကယ်ကို ကြောက်စရာကောင်းတာပဲ”

ကျောင်းကော်မတီရဲ့ ဆုံးဖြတ်ချက်ကို ကြားလိုက်ရတဲ့ အချိန်မှာပဲ မာရူး စတင်လှုပ်ရှားခဲ့တာလေ။ ပညာရေးဝန်ကြီးဌာနဆီကို တိုင်စာပို့ဖို့ သူ စဉ်းစားခဲ့ပေမဲ့ အဲဒါက တော်တော်လေး ရှုပ်ထွေးသွားမှာပေါ့။ အစိုးရဆိုတာကလည်း ဒီလိုကိစ္စမျိုးတွေမှာ သေသေချာချာ လုပ်တတ်တာမှ မဟုတ်တာ။ မာရူးက ဒီကိစ္စကို တတ်နိုင်သမျှ အမြန်ဆုံး ပြီးဆုံးစေချင်တာကြောင့် အကူအညီအချို့ ယူခဲ့တာပါ။

သူက ရှေ့ကို ထွက်လာပြီး ပြဇာတ်ကလပ်ရဲ့ နာမည်ကို အပျက်စီးမခံချင်ဘူးလေ။ အဲဒါကြောင့် နစ်နာသူတွေထဲက တစ်ယောက်ကို အသုံးချပြီး ကျောင်းအုပ်ကြီးနဲ့ ကျောင်းဥက္ကဋ္ဌကို တရားစွဲမယ်လို့ ခြိမ်းခြောက်ခိုင်းခဲ့တာပေါ့။

ရှေ့နေပတ်က အစပိုင်းမှာ ကျောင်းဥက္ကဋ္ဌဆီကို သတိပေးစာ ပို့ခဲ့ပေမဲ့ ကျောင်းအုပ်ကြီးနဲ့ သူတို့ကြားမှာ နားလည်မှုလွဲတာတွေ ရှိခဲ့ပုံရပါတယ်။ အဲဒါကြောင့် ကျောင်းဥက္ကဋ္ဌက နောက်ဆုတ်သွားတဲ့အချိန်မှာ ကျောင်းအုပ်ကြီးကတော့ သူလုပ်နေကျအတိုင်းပဲ ဆက်လုပ်နေခဲ့တာလေ။

ကော်မတီဝင်တွေကလည်း တရားစွဲမယ်ဆိုတဲ့ ခြိမ်းခြောက်မှုကို မြင်တော့ ရယ်နေကြမှာပေါ့။ သူတို့က ချမ်းသာတဲ့ မိဘတွေပဲဟာကို။ ဒါပေမဲ့ KY ဥပဒေအကျိုးဆောင်အဖွဲ့ရဲ့ နာမည်ကတော့ အရာအားလုံးကို ပြောင်းလဲပစ်ခဲ့တယ်။ ဒီနိုင်ငံရဲ့ အကြီးဆုံး ဥပဒေအကျိုးဆောင်အဖွဲ့နဲ့ ရင်ဆိုင်ရတဲ့အခါ ကျောင်းက လုပ်နိုင်တာ တစ်ခုပဲ ရှိတော့တာပေါ့။

လက်နက်ချဖို့ပါပဲ။

အဲဒီအပြင် နစ်နာသူတစ်ယောက်ရဲ့ မိဘက တကယ်တော့ ရှေ့နေပတ်ရဲ့ အထက်တန်းကျောင်းတုန်းက သူငယ်ချင်း ဖြစ်နေတာလေ။ သူတို့က ဒီအမှုကြောင့် သူငယ်ချင်းသံယောဇဉ် ပြန်စခဲ့ကြပြီး ရှေ့နေပတ်ကလည်း အရင်ထက် ပိုပြီး အင်တိုက်အားတိုက် လုပ်ပေးခဲ့တာပေါ့။ ကျောင်းက တော်တော်လေး မြန်မြန်ဆန်ဆန်ပဲ လက်နက်ချခဲ့တာကြောင့် မာရူးနဲ့ ရှေ့နေပတ်တို့ရဲ့ တွေ့ဆုံမှုကလည်း ဒီမှာတင် အဆုံးသတ်သွားခဲ့ပြီ။

‘မနက်ဖြန်ကျရင်တော့ ဆုံးဖြတ်ချက်တွေ ပြောင်းလဲသွားပြီဆိုတဲ့အကြောင်း သတင်းရောက်လာလိမ့်မယ်’

လူမိုက်တွေဟာ မနက်ဖြန်မှာ ဆုံးဖြတ်ချက်အသစ်ကို ကြားရတော့မှာပေါ့။ သူတို့တွေ အနည်းဆုံးတော့ ကျောင်းပြောင်းရတာမျိုးတော့ ကြုံရမှာ သေချာပါတယ်။

“နာမည်တစ်ခုရဲ့ နောက်ကွယ်က အာဏာဆိုတာ...”

ဒါကြောင့်မို့လို့ပဲ လူတစ်ယောက်ဟာ ဘာမဆို မလုပ်ခင်မှာ အရင်ဆုံး နာမည်ကြီးအောင် လုပ်ဖို့ လိုတာပေါ့၊ အာဏာဆိုတာ ကျော်ကြားမှုရဲ့ နောက်ကနေ ကပ်ပါလာတာကိုး။ ဂျွန်မင်းသာ သူ့ကို မကူညီခဲ့ရင် မာရူးအတွက်တော့ အရာရာက တော်တော်လေး ခက်ခဲသွားမှာပါ။

မာရူးက ခါးသီးတဲ့ အပြုံးတစ်ခုနဲ့အတူ အဆောက်အဦးကနေ လှည့်ထွက်လာခဲ့တယ်။ ဥပဒေဆိုတာက အကြမ်းဖက်မှုထက် ပိုပြီး ကြောက်စရာကောင်းသလို၊ ပိုက်ဆံဆိုတာကလည်း ဥပဒေထက် ပိုပြီး ကြောက်စရာကောင်းတာပဲ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ အဆက်အသွယ်ရှိခြင်းက အရာအားလုံးထက် ပိုပြီး ကြောက်စရာအကောင်းဆုံးပါပဲ။

* * * * * * * * *

အခန်း(၁၀၈)

အတိုချုပ်ပြောရရင်တော့ အခု အတန်းထဲမှာ ခုံလွတ် လေးခုံ ဖြစ်သွားပြီပေါ့။ လူမိုက်တစ်သိုက်က တခြားကျောင်းကို ပြောင်းဖို့ ကြိုးစားခဲ့ကြပေမဲ့ နောက်ဆုံးမှာတော့ ကျောင်းက သူတို့ကို ကျောင်းထုတ်ပစ်ဖို့ ဆုံးဖြတ်လိုက်တယ်လေ။ ဒီရလဒ်နဲ့ ပတ်သက်ပြီး တကယ်တော့ စိတ်ထဲမှာ နည်းနည်းတော့ မတင်မကျ ဖြစ်မိတယ်လို့ ဗြောင်ဆူက မာရူးကို သီးသန့် ပြောပြလာခဲ့တယ်။

‘ဒါကိုပဲ လိုချင်ခဲ့တာ ဆိုပေမဲ့လည်း... တစ်ခုခုတော့ လိုနေသလိုပဲ၊ ငါတို့ အနိုင်ရလိုက်တယ်လို့ကို မခံစားရဘူး’

နာရီ ၂၀ စေတနာ့ဝန်ထမ်း အလုပ်လုပ်ရမယ့် ပြစ်ဒဏ်ကနေ မိနစ်ပိုင်းအတွင်းမှာပဲ ကျောင်းထုတ်ခံရတဲ့ ပြစ်ဒဏ် ဖြစ်သွားတာကိုး။ လိုချင်တဲ့ ရလဒ်တော့ ထွက်လာပါရဲ့၊ ဒါပေမဲ့ ဗြောင်ဆူကတော့ ဒီလိုနည်းလမ်းမျိုးနဲ့ ရလာတာကို သိပ်သဘောကျပုံမရဘူး။ တကယ်တော့လည်း မာရူးသာ ကြားဝင် မကူညီခဲ့ရင် ကျောင်းဘက်က ဒီလောက်အထိ အလျှော့ပေးမှာ မဟုတ်ဘူးလေ။

“ဟန်ဂျာဆရာကတော့ ပုဂ္ဂိုလ်ရေး အကြောင်းပြချက်နဲ့ အကန့်အသတ်မရှိ ခွင့်ယူသွားပြီ။ သူ နေမကောင်းဖြစ်နေတာဆိုတော့ မင်းတို့တွေ သူငယ်ချင်းအချင်းချင်း စာလေး ဘာလေး ရေးကြဦးနော်”

ဟန်ဂျာဆရာကတော့ ဆရာဘဝကို ဒီမှာတင် အဆုံးသတ်ရတော့မှာ သေချာသလောက်ပါပဲ။ ဒါက ပုဂ္ဂလိက စက်မှုအထက်တန်းကျောင်း မဟုတ်လား။ ကျောင်းဥက္ကဋ္ဌနဲ့ ဆက်ဆံရေးကလည်း အပြီးတိုင် ပျက်စီးသွားပြီဆိုတော့ ဒီမှာ ဆက်လုပ်ဖို့ကတော့ လုံးဝ မဖြစ်နိုင်တော့ဘူးလေ။ ရှေ့နေပတ် ပြောပြတာကတော့ ကျောင်းဥက္ကဋ္ဌက သူ့ရဲ့ အမြီးကို ဖြတ်ထုတ်လိုက်တာပဲတဲ့။ အဲဒီလူက ဆရာ့ကို အရှက်မကွဲခင် အေးအေးဆေးဆေးပဲ အလုပ်ထွက်ဖို့ အကြံပေးခဲ့ပုံရတယ်။

“ဟန်ဂျာဆရာက တကယ်ကို အဂတိလိုက်စားတာပဲလို့ ငါ ကြားခဲ့တယ်”

“အဲဒါကြောင့်ပဲ သူ အလုပ်ထုတ်ခံလိုက်ရတာ နေမှာပေါ့”

ကျောင်းသားတွေကြားမှာ ဒီလို ကောလာဟလတွေကို ဘယ်သူက စပြီး ဖြန့်နေတာလဲဆိုတာကို မာရူး တွေးနေမိတယ်။ တချို့ သတင်းတွေဆိုရင် တကယ့် အမှန်တရားနဲ့ ထူးဆန်းလောက်အောင်ကို တူနေတာကိုး။ နောက်ဆုံးမှာတော့ အတန်းထဲက အခြေအနေက အရင်အတိုင်း ပြန်စည်ကားလာခဲ့ပြီး ကျောင်းထုတ်ခံလိုက်ရတဲ့ လူမိုက်တွေအကြောင်းကို ဘယ်သူမှတောင် ဂရုမစိုက်ကြတော့ပါဘူး။ ပြောရရင်တော့ အဲဒီလူတွေကို ဂရုစိုက်မယ့်သူတွေကလည်း အကုန်လုံး ကျောင်းထုတ်ခံလိုက်ရတာကိုး။

အရင်က ချန်ဟူးရဲ့ အနိုင်ကျင့်ခြင်းကို ခံခဲ့ရတဲ့ ဂီဂျုံဆိုတဲ့ ကောင်လေးကတော့ အရင်အတိုင်းပဲ ငြိမ်နေတုန်းပါပဲ။ ဒါပေမဲ့ ကံကောင်းတာက သူ အရင်ကထက် ပိုပြီး ပျော်နေပုံရတယ်။ အားလပ်ချိန်တွေဆိုရင် အတန်းထဲကို ပြုံးပြုံးလေးနဲ့ ပြန်ဝင်လာတတ်ပြီလေ။

အခြေအနေတွေက ဒီလို ရှိနေပေမဲ့လည်း နစ်နာသူတွေနဲ့ ကျန်တဲ့ ကျောင်းသားတွေကြားက ဆက်ဆံရေးကတော့ ချက်ချင်းကြီး တိုးတက်လာမှာ မဟုတ်သေးပါဘူး။ ကျောင်းသား အတော်များများကတော့ သူတို့ကို ဆရာ့ဆီ သွားတိုင်တတ်တဲ့သူတွေလို့ပဲ သတ်မှတ်ထားကြမှာ သေချာတယ်။ အဲဒီအပြင် လူတိုင်းမှာလည်း ကိုယ့်အုပ်စုနဲ့ကိုယ် ရှိနေကြပြီဆိုတော့ နစ်နာခဲ့တဲ့ ကလေးတွေအတွက် အဲဒီထဲကို ဝင်ဆံ့ဖို့က တော်တော်လေး ခက်ခဲလိမ့်ဦးမှာပါ။

‘ဒါပေမဲ့လည်း...’

နစ်နာခဲ့တဲ့ ကလေးတွေကတော့ သူတို့အချင်းချင်းပဲ အုပ်စုလေးတစ်ခု ဖွဲ့လိုက်ကြပုံရတယ်။ ဒါက ကောင်းတဲ့ လက္ခဏာပဲလေ။ သူတို့တွေ အချိန်အကြာကြီးအထိ တကယ့် သူငယ်ချင်းကောင်းတွေ ဖြစ်သွားကြမှာပါ။

မာရူးရဲ့ အကြည့်က ဂီဂျုံနဲ့ ဆုံသွားတယ်။ မာရူးက ပခုံးတွန့်ပြလိုက်တော့ ဂီဂျုံက အံ့ဩသွားပြီး မျက်နှာလွှဲသွားတာပေါ့။

“ဟင်း...”

မာရူးက ပြဇာတ်ကလပ်အတွက်ကြောင့်ပဲ ကူညီတာလို့ သူတို့ကို အကြိမ်ကြိမ် ပြောခဲ့ဖူးတယ်လေ။ အဲဒါကြောင့်လည်း ဂီဂျုံက ဒီလောက်တောင် အံ့ဩသွားတာ ဖြစ်မှာပေါ့။ သူက တစ်ခုခု ပြန်ရဖို့ မျှော်လင့်ပြီး လုပ်ခဲ့တာ မဟုတ်ပေမဲ့ ဒီလို တုံ့ပြန်မှုမျိုးကတော့ နည်းနည်းတော့ နေရခက်စေတာ အမှန်ပဲ။

‘ဗြောင်ဆူလည်း အဲဒီအတိုင်းပါပဲ’

ဟိုတစ်ခေါက် နောက်ဆုံးတွေ့တုန်းကလည်း အဲဒီကောင်လေးက မာရူးကို အောင့်သက်သက် အပြုံးလေး ပြုံးပြခဲ့သေးတာ။ မာရူးကို မြင်တာနဲ့ အမြန် ပြေးထွက်သွားတာဆိုတော့ ငါ ဘာမှားလုပ်မိလို့လဲလို့တောင် မာရူး တွေးမိတယ်။

“မိုက်တယ်... အခုမှပဲ အတန်းထဲက ကြည့်လို့ကောင်းတော့တယ်” လို့ ဒိုဂျင်က ဂျွန်ဆူရဲ့ ခုံလွတ်ကို ကြည့်ရင်း ပြောလိုက်တယ်။

“အဲဒီအုပ်စုထဲက ကောင်တစ်ယောက်က ဥက္ကဋ္ဌနဲ့ ပတ်သက်နေတယ်လို့ ငါ ကြားထားတာ။ ဥက္ကဋ္ဌက အဲဒီလိုလူကိုတောင် ဖြတ်ထုတ်ပစ်လိုက်တာဆိုတော့ တော်တော်လေး အံ့ဩဖို့ကောင်းသားပဲ။ အဲဒီလူက တကယ်ပဲ လူကောင်းတစ်ယောက်ဖြစ်နေတာလား မသိဘူးနော်”

ဒိုဂျင်က ပြုံးဖြီးဖြီးနဲ့ ချိုချဉ်တစ်လုံးကို ပါးစပ်ထဲ ထည့်လိုက်တယ်။ မာရူးကတော့ ဘာမှပြန်မပြောဘဲ ဒီအတိုင်းပဲ လွှတ်ထားလိုက်ပါတော့တယ်။ တကယ်လို့ အမှန်တရားကိုသာ ဒီမှာ ပြောလိုက်ရင်တော့ အသေးစိတ် သိချင်လွန်းတဲ့ ဒိုဂျင်ရဲ့ မေးခွန်းတွေကြားမှာ မာရူးတစ်ယောက် ရက်တော်တော်ကြာအောင် ဒုက္ခရောက်နေမှာ မဟုတ်လား။

“ငါတော့ အဲဒီ လူမိုက်တွေအတွက် စိတ်မကောင်းဘူးကွာ”

“အမယ်... မင်းက တကယ့်ကို သနားတတ်တဲ့သူကြီးပါလား”

ခုံလွတ်တွေကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေတဲ့ ဒေးမြောင်ကို ကြည့်ပြီး ပြောလိုက်တာပါ။ ကျောင်းထုတ်ခံလိုက်ရတယ်ဆိုရင် အဲဒီမှတ်တမ်းက နောက်ထပ် နှစ်နှစ်အထိ ကျန်နေမှာလေ။ သူတို့တွေ ကျောင်းပြင်ပမှာပဲ စာပြန်သင်ပြီး အစိုးရစစ် စာမေးပွဲကို အောင်မှသာ အထက်တန်းအောင်လက်မှတ် ရကြမှာပေါ့။ အဲဒီအခါကျမှ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ဖြေဆိုခွင့် ရမှာပါ။ အဲဒီအချိန်ကျရင်တော့ သူတို့တွေက ကျောင်းထုတ်ခံရတာ မဟုတ်ဘဲ ကျောင်းထွက်လိုက်တာပါလို့ လျှောက်ပြောလို့ ရသွားမှာပေါ့။

“စိတ်မပူပါနဲ့ကွာ... သူတို့တွေကတော့ ကျူရှင်ဆရာကောင်းကောင်းတွေ ငှားပြီး စာသင်နေကြလောက်ပါပြီ။ ဖြစ်နိုင်ရင် နိုင်ငံခြားသွားဖို့တောင် စဉ်းစားနေကြမှာပေါ့။ သူတို့က တကယ့်ကို ချမ်းသာတဲ့သူတွေပဲဟာကို”

“အဲဒါတော့ ဟုတ်ပါရဲ့။ ဒါပေမဲ့... အဲဒီကောင်တစ်ယောက်အတွက်တော့ ငါ နည်းနည်း စိတ်ပူတယ်”

“ဟိုဆွန်းကို ပြောတာလား”

ဒေးမြောင်က ခေါင်းညိတ်ပြတယ်။ ဂျွန်ဆူရဲ့ အုပ်စုထဲမှာ ဟိုဆွန်းဆိုတဲ့ ကောင်လေးတစ်ယောက် ရှိတယ်လေ။ အဲဒီအုပ်စုထဲမှာ သူ တစ်ယောက်တည်းကပဲ ဆင်းရဲတဲ့ မိသားစုက လာတဲ့သူပေါ့။

“အဲဒီလို ဖြစ်သွားတာ သူကိုယ်တိုင် အဲဒီလို ပြုမူခဲ့လို့ပဲလေ။ ဒေးမြောင်... ဒါကို ကံကြမ္မာလို့ပဲ မှတ်လိုက်စမ်းပါ။ မေ့ပစ်လိုက်တော့။ မင်းကတော့ တကယ်ကို စိတ်ထားကောင်းလွန်းတယ်”

ဒေးမြောင်က အနေရခက်သလို ပြုံးပြလိုက်တယ်။ ဒါပေမဲ့လည်း ဒိုဂျင် ပြောတာမှန်ပါတယ်။ ဟိုဆွန်းက တခြားသူတွေလို ပိုက်ဆံ မချမ်းသာတဲ့အတွက် အခုချိန်မှာတော့ သူ့ဘာသာသူ တော်တော်လေး ကြိုးစားရတော့မှာပေါ့။ ဒါကတော့ လုံးဝ မလွယ်ကူတဲ့ ကိစ္စပဲလေ။

“ငါ တကယ်ကို ပိုက်ဆံ အများကြီး ရှာရမယ်”

“ဘာတွေလဲဟ”

“ပိုက်ဆံ”

မာရူးက သူတို့နှစ်ယောက်ကို ဘာလုပ်ချင်လဲဆိုတာ သေသေချာချာ စဉ်းစားကြဖို့ ပြောပြီး စားပွဲပေါ်မှာ မှောက်အိပ်လိုက်တယ်။ အခုမှပဲ သူ နည်းနည်း နားရတော့မှာပါ။ ဒီတစ်ပတ်လုံးတော့ အလုပ်များနေဦးမှာ ဖြစ်ပေမဲ့ အနည်းဆုံးတော့ ဒါက သူ့ရဲ့ စာရင်းထဲကနေ တစ်ခု ပြီးသွားပြီ မဟုတ်လား။

“ငါ အိပ်တော့မယ်”

“အေးပါ... အေးပါ... အိပ်.. အိပ်နေလိုက်”

* * * * * * * * *

“မာရူးက... နည်းနည်း ထူးဆန်းတယ်နော်”

“ဟင်”

ဒိုဂျင်ကို ချောကလက်ပူပူလေး တစ်ခွက် ကမ်းပေးရင်း ဒေးမြောင်က လှမ်းမေးလိုက်တယ်။ မာရူးက ထူးဆန်းတယ် ဟုတ်လား။

“ငါ သူ့ကို စတွေ့တဲ့နေ့ကတည်းက သူက တကယ့်ကို မိုက်တဲ့လူလို့ ထင်ခဲ့တာ။ သူ့ရဲ့ အတွေးအခေါ်တွေက ငါတို့နဲ့ တော်တော်လေး ကွဲပြားတယ်လေ”

“ဒါနဲ့ ဘာဖြစ်လို့လဲ”

“ငါတို့ နှစ်ယောက်ကြားမှာ အကွာအဝေးတစ်ခု ရှိနေသလို ခံစားရလို့ပါ”

“အင်းလေ... သူက အလုပ်များတာကိုး။ သရုပ်ဆောင်ဖို့အတွက် ဒီနေရာ ဟိုနေရာတွေ သွားနေရတာလေ။ အဲဒါကြောင့်များလား”

“အဲဒါလည်း ပါမှာပေါ့၊ ဒါပေမဲ့... ဘယ်လို ပြောရမလဲ။ သူ့ကို ကြည့်လိုက်ရင် ငါ နည်းနည်း စိတ်ရှုပ်လာသလို ခံစားရတယ်”

“စိတ်ရှုပ်တယ်”

ဒေးမြောင်က ဘေးကို ရှောင်လိုက်ရင်း သူ့ဆီ ပြေးလာတဲ့ ကျောင်းသူလေးတစ်ယောက်ကို လမ်းဖယ်ပေးလိုက်ရတယ်။ သူ့ရဲ့ ချောကလက်တွေ မှောက်ကျမလိုတောင် ဖြစ်သွားတာ။ ဒေးမြောင်က မမှောက်ခင်လေးတင် တစ်ငုံ သောက်လိုက်ပြီးမှ သက်ပြင်းချလိုက်တယ်။

“တစ်ခုခုကို စိတ်နှစ်လိုက်ရင် သူ တကယ့်ကို အာရုံစိုက်တတ်တာကို ငါ သိပါတယ်။ သူက သူပြောတာထက်စာရင် တခြားသူတွေကို ပိုပြီး ဂရုစိုက်တတ်တာကိုလည်း ငါ သိတာပေါ့။ တကယ်တော့ ငါတို့ရဲ့ ဆက်ဆံရေးက အခုလိုမျိုး တိုးတက်လာတာကလည်း မာရူးကြောင့်ပဲလေ”

ဒိုဂျင်က နည်းနည်း ရှက်ကိုးရှက်ကန်းနဲ့ ပြောနေတုန်းမှာပဲ ဒေးမြောင်ပါလိုက်ပြီး ရှက်လာသလို ခံစားလိုက်ရတယ်။ ဒီလူက စကားပြောရင် တကယ့်ကို ရင်ဘတ်ထဲက စကားလုံးတွေ ပြောတတ်တာက သူ့ရဲ့ ထူးခြားချက်ပဲလို့ ဒေးမြောင် တွေးမိတယ်။

“ဒါပေမဲ့ သူ့ကို ကြည့်လိုက်ရင် သူ တစ်ခုခု လုပ်တိုင်းမှာ အမြဲတမ်း အကြောင်းပြချက် တစ်ခုခု ရှိနေတာကို မင်း သတိထားမိမှာပါ”

“အဲဒါကတော့ သူ လုပ်စရာရှိလို့ လုပ်တာ ဖြစ်မှာပေါ့”

“အာ... ချီးပဲ၊ ရှင်းပြရတာ တော်တော် ခက်တာပဲ။ ပြောရရင် သူက လေထဲမှာ ဝဲနေသလိုမျိုးပဲ။ သူက အမြဲတမ်း အလုပ်များပြီး ကြိုးစားနေတာ မှန်ပေမဲ့ ဘာရည်မှန်းချက်မှ မရှိသလိုပဲ။ မဟုတ်ဘူး... ရည်မှန်းချက်တော့ ရှိပါတယ်၊ ဒါပေမဲ့... ဟုတ်ပြီ၊ သူက အဝိုင်းပတ်ပြီး ပြေးနေသလိုပဲ”

“အဝိုင်းပတ်ပြီး ပြေးနေတယ် ဟုတ်လား... မာရူးက”

ဒေးမြောင် ခဏလောက် စဉ်းစားလိုက်တယ်။ မာရူးက အဝိုင်းပတ်ပြေးနေတာ ဟုတ်လား။ ကျောင်းဖွင့်ကာစတုန်းကဆိုရင်တော့ ဟုတ်တာပေါ့။ သူက ကလပ်ရဲ့ အစွန်အဖျားမှာပဲ နေပြီး ဘယ်အရာမှာမှ နက်နက်ရှိုင်းရှိုင်း ဝင်မပါခဲ့ဘူးလေ။ တရုတ်စာ သင်လိုက်၊ ကွန်ပျူတာဆော့ဖ်ဝဲလ်တွေ လေ့လာလိုက်၊ တစ်ခါတလေဆိုရင် ဝန်ထမ်းစာမေးပွဲ လမ်းညွှန်စာအုပ်တွေတောင် ဖတ်နေသေးတာ။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ မာရူးက သရုပ်ဆောင်တာတစ်ခုတည်းကိုပဲ အာရုံစိုက်နေတာလေ။ အဲဒါက ဘယ်လိုလုပ်ပြီး အဝိုင်းပတ်ပြေးနေတာ ဖြစ်မှာလဲ။

အဲဒီအချိန်မှာပဲ ဒေးမြောင် စဉ်းစားမိသွားတယ်။ ဒိုဂျင် ပြောတာတစ်ခုခုတော့ ရှိမှာပဲ။

“ငါက ထူးဆန်းနေလို့လားတော့ မသိဘူး၊ ဒါပေမဲ့ မာရူးကို ကြည့်လိုက်တိုင်း အဲဒီလို ခံစားရတာပဲ။ သူ့ကို ကြည့်ရတာ တက်ကြွနေသလိုပဲ၊ ဒါပေမဲ့ ဘာလို့ အဲဒီလောက်အထိ တက်ကြွနေရလဲဆိုတာကတော့ အဓိပ္ပာယ် မရှိသလိုပဲ။ မင်းနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ ရှင်းသွားတာပေါ့။ မင်းက သရုပ်ဆောင်တာကို တကယ် တော်ချင်လွန်းလို့ အသည်းအသန် ကြိုးစားနေတာလေ၊ ဒါပေမဲ့ မာရူးဆီမှာတော့ အဲဒီလို ခံစားချက်မျိုး ငါ လုံးဝ မတွေ့ရဘူး။ သူက မင်းထက်တောင် ပိုပြီး ကြိုးစားနေတဲ့ အချိန်မှာတောင် အဲဒီလိုပဲ။ ငါကပဲ အရမ်း စိတ်ပူနေတာလားတော့ မသိပါဘူး၊ ဒါပေမဲ့... မာရူးအကြောင်း ပိုသိလာလေ၊ သူနဲ့ ပိုဝေးသွားသလို ခံစားရလေပဲ”

ဒေးမြောင်ရဲ့ ခေါင်းထဲမှာ စကားလုံးတစ်လုံး ပေါ်လာတယ်။

“ဗလာဖြစ်နေတာပေါ့...”

“......”

အကြည့်ချင်း ခဏလောက် ဆုံလိုက်ရုံနဲ့တင် ဒေးမြောင်က ဒိုဂျင် ပြောချင်နေတဲ့ အရာအားလုံးကို အဲဒီစကားလုံးလေး တစ်လုံးတည်းနဲ့တင် နားလည်သွားပါတော့တယ်။

* * * * * * * * *

မာရူး တော်တော်လေး ပင်ပန်းနေပြီ။ သူ့အပေါ်တည့်တည့်မှာ အပူပေးစက် လည်နေတာကို မြင်တော့ သူ ဝမ်းသာသွားတယ်။ ရာသီဥတုက အေးလာပြီဆိုတော့ ကျောင်းက နောက်ဆုံးတော့ အပူပေးစက်တွေကို ဖွင့်ပေးလိုက်ပြီလေ။ တော်သေးတာပေါ့။ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်တော့ ဒိုဂျင်ရဲ့ ခုံက လွတ်နေတာ သတိထားမိတယ်။ ဒေးမြောင်ကိုလည်း မတွေ့ဘူး။

“သူတို့တွေ မုန့်သွားဝယ်ကြတာလား”

ဒီအချိန်မှာ သွားစရာ နေရာကလည်း သိပ်မရှိပါဘူး။ မာရူးက သန်းဝေလိုက်ရင်း ဖုန်းကို ထုတ်ကြည့်လိုက်တယ်၊ မက်ဆေ့ချ်အိတ်ထဲမှာတော့ ဘာမှ မရှိဘူး။ အရင်တုန်းက သူ တကယ်ပဲ ဒီလောက် ငယ်တုန်းကဆိုရင်တော့ သူငယ်ချင်းတွေဆီကို မက်ဆေ့ချ်တွေ အဆက်မပြတ် ပို့နေမိမှာပေါ့။

ဒါပေမဲ့ အခု အသက်ကြီးလာတဲ့အခါမှာတော့ တစ်ယောက်ယောက်ကို အခြေအနေ မေးဖို့တောင် ပျင်းနေမိပြီ။ မက်ဆေ့ချ်ပို့မယ့်အစား ဖုန်းခေါ်တတ်တဲ့ သူ့ရဲ့ အကျင့်ကြောင့်လည်း မက်ဆေ့ချ်နေရာက ဗလာဖြစ်နေတာ ပါမှာပေါ့။ ဒါပေမဲ့ သူ အမြဲတမ်း စောင့်မျှော်နေရတဲ့ လူတစ်ယောက်တော့ ရှိတယ်။

သူမပေါ့။

အလုပ်များနေတာနဲ့ သူမဆီတောင် မက်ဆေ့ချ် မပို့ဖြစ်ခဲ့ဘူး။

“ဘာလုပ်နေလဲ” လို့ သူ မက်ဆေ့ချ် ပို့လိုက်တယ်။

စက္ကန့်ပိုင်းအတွင်းမှာပဲ ပြန်စာ ရောက်လာတယ်။

“ထမင်းစောင့်နေတာ”

အော်... ဟုတ်သားပဲ။ သူမက တော်တော်လေး စားနိုင်တာပဲ။ ပြဇာတ်မှာ ဇာတ်ကောင်အသစ် ရတိုင်း သူမ မျက်မှောင်ကြုတ်နေတတ်တာလေးကို ပြန်သတိရလိုက်တော့ သူ့ရဲ့ စိတ်အခြေအနေက ပိုပြီး လန်းဆန်းသွားရတယ်။

“ပိတ်ရက်ကျရင် အချိန်ရမလား။ ငါ့ပိုက်ဆံတွေ အခုထိ ပြန်မရသေးဘူးနော်”

ဖုန်းက ထပ်ပြီး မြည်လာပြန်တယ်။

“အရည်အချင်းစစ်ပွဲအတွက် နှစ်ပတ်ပဲ လိုတော့တာ။ လျှောက်လည်ဖို့ အချိန်မရှိဘူး။ မင်းရော သေသေချာချာ လေ့ကျင့်နေရဲ့လား”

“အင်း... သိတဲ့အတိုင်းပါပဲ”

မင်းအတွက် ငါ အသည်းအသန် ကြိုးစားနေတာပါလို့တော့ မာရူး မရေးရဲပါဘူး၊ အဲဒါကြောင့် သူ နည်းနည်း ပျင်းနေပါတယ်လို့ပဲ ပြန်ပြောလိုက်တယ်။

“ပျင်းနေတယ် ဟုတ်လား။ ဝိုး... တော်တော်လေးကို ယုံကြည်မှု ရှိနေတာပဲ။ တို့တွေကတော့ ဆောင်းရာသီ နိုင်ငံလုံးဆိုင်ရာ ပြိုင်ပွဲမှာ ပထမရမှာမို့လို့ စောင့်ကြည့်နေလိုက်။ ပြီးတော့ တို့တွေက တစ်ပတ်မှာ သုံးကြိမ်တောင် ဆုံနေကြတာပဲကို။ ဖုန်းထဲကနေ ပိုက်ဆံတောင်းစရာ လိုလို့လား။ တစ်ခုခုတော့ ထူးဆန်းနေပြီနော်”

“ထူးဆန်းတယ် ဟုတ်လား... မဟုတ်ပါဘူး”

မာရူးက “အိုကေ” လို့ ပြန်ပို့ပြီး စားပွဲပေါ်မှာ ပြန်မှောက်လိုက်တယ်။ ဒီနေ့လည်း သူမနဲ့ ထပ်ဆုံရဦးမှာပါ။ သူမက ဝါသနာရှင်အတန်းတွေမှာတောင် တကယ့်ကို အသည်းအသန် ကြိုးစားနေတာ။ သူမရဲ့ တက်ကြွမှုက မာရူးရဲ့ မျက်စိထဲမှာ တကယ့်ကို တောက်ပနေတာပဲ။

‘စဉ်းစားကြည့်တော့... သူ့ကို သတိထားရမယ်’

သူမရဲ့ ဆွဲဆောင်မှုက အတန်းထဲက ကောင်လေးတချို့ရဲ့ အာရုံကို စပြီး ဖမ်းစားနေပြီလေ။

“ဘာလို့များ အဲဒီလောက်အထိ ချစ်စရာကောင်းနေရတာလဲ”

တစ်ယောက်ယောက်က သူမကို လုယူသွားမှာ စိုးရိမ်ပြီး မာရူး နည်းနည်းတော့ စိတ်ပူသွားတယ်။ အထက်တန်းကျောင်းပြီးရင် ဘာဖြစ်လာမလဲဆိုတာကို သူ တွေးနေမိပြီးမှ ခေါင်းခါလိုက်တယ်။ အခုလောလောဆယ်တော့ အဲဒါတွေကို မတွေးချင်သေးဘူး။

‘တကယ်လို့ သူမသာ တခြားလူနဲ့ တွဲသွားမယ်ဆိုရင်တော့ ငါ...’

နောက်ဘက်က တံခါးပွင့်လာသံကြောင့် မာရူးရဲ့ အတွေးတွေ ပြတ်တောက်သွားတယ်။ ဒိုဂျင်နဲ့ ဒေးမြောင်ပဲ။ ထူးဆန်းတာက သူတို့ မျက်နှာတွေမှာ အပြုံးဆိုတာ လုံးဝ မရှိတာပဲ။

“တစ်ခုခု ဖြစ်လို့လား”

“ဘာမှ မဟုတ်ပါဘူး”

ဘာဖြစ်တာပါလိမ့်။ မာရူးက သူတို့နှစ်ယောက်ကို စူးစမ်းတဲ့ မျက်လုံးတွေနဲ့ ကြည့်နေမိတယ်။

* * * * * * * * *

မီဆိုကတော့ သူတို့ကို နောက်ထပ် တစ်လ အချိန်ပိုပေးလိုက်တာကို လုံးဝ သဘောမကျပါဘူး။ ကလပ်အဖွဲ့ဝင်တွေကို ပြဇာတ်အတွက် တတ်နိုင်သမျှ စိတ်လှုပ်ရှားနေအောင် စီစဉ်ထားခဲ့တာ၊ ဒါပေမဲ့ အဲဒီ တစ်လ အချိန်ပိုက အရာအားလုံးကို ဖျက်ဆီးပစ်လိုက်တာပဲ။

သူတို့တွေ ဩဂုတ်လမှာ စပြီး လေ့ကျင့်ခဲ့ကြတာလေ။ စက်တင်ဘာလမှာ ဇာတ်တိုက်လေ့ကျင့်မှုတွေ စလုပ်ပြီး အောက်တိုဘာလ ကျောင်းပွဲတော်မှာ မထင်မှတ်တဲ့အမှားတွေကို ရှာဖွေဖို့အတွက် ပြဇာတ် ကပြခဲ့ကြတယ်။ နိုဝင်ဘာလ ခြေစစ်ပွဲမှာတော့ အရာအားလုံး အပြည့်အစုံနဲ့ ဝင်ပြိုင်ဖို့ပေါ့။ မီဆိုရဲ့ အစီအစဉ်က တကယ့်ကို ပြည့်စုံခဲ့တာ၊ ဒါပေမဲ့...

“တို့တွေ ပျင်းလာကြပြီ”

ဒါက ငါးလမြောက် လေ့ကျင့်ရေး ကာလကို ရောက်နေပြီလေ။ ဝါရင့် သရုပ်ဆောင်တွေတောင်မှ အများဆုံး ၂ လလောက်ပဲ လေ့ကျင့်ကြတာ။ အထူးသဖြင့် အချိန်ပိုတွေ အများကြီး လေ့ကျင့်တာက ပြဇာတ်အပေါ်မှာ ဆိုးကျိုးတွေ သက်ရောက်စေနိုင်တာမို့လို့ပါ၊ ဒါပေမဲ့ အခုက ငါးလမြောက် ဖြစ်နေပြီ။ လူတိုင်းက သိသိသာသာကို စိတ်လျော့နေကြပြီလေ။

“အားလုံး... ဒီကို လာခဲ့ကြဦး”

မီဆိုက ကျောင်းသားတွေကို သူမရဲ့ ဘေးနားမှာ စုလိုက်တယ်။

“ငါ မင်းတို့ကို အိမ်စာပေးမယ်”

“အိမ်စာ ဟုတ်လား”

“ဟုတ်တယ်၊ အိမ်စာ။ မင်းတို့အတွက် အသစ်အဆန်း တစ်ခုခု လိုအပ်နေလို့ပါ”

‘အသစ်အဆန်း’ ဆိုတဲ့ စကားလုံးကို ကြားတော့ အားလုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။ မီဆိုက လက်ဖြောက်တစ်ချက်တီးလိုက်ပြီး စကားဆက်ပြောတယ်။

“တစ်ကိုယ်တော် ပြဇာတ်အသေးလေးတစ်ခု ပြင်ဆင်ကြ။ မင်းတို့ရဲ့ ညာဘက်မှာ ရှိနေတဲ့လူအကြောင်းကို ကပြရမှာ။ မင်းတို့ရဲ့ ပစ်မှတ်ကို သေသေချာချာ လေ့လာပြီးမှ ပြဇာတ်ကို လုပ်ကြ။ ထူးထူးခြားခြားကြီးတော့ မဟုတ်ပါဘူး။ မင်းတို့ရဲ့ ဘေးနားကလူကို တုပပြီး သရုပ်ဆောင်ပြရုံပါပဲ”

“ဗျာ”

ကလပ်အဖွဲ့ဝင်တွေအားလုံးက မီဆိုကို ဇဝေဇဝါနဲ့ ကြည့်နေကြပါတော့တယ်။

* * * * * * * * *

All Chapters