← Chapters

ဘယ်သူက ဘယ်သူ့ကို ကြောက်ရမှာတုံး

Vol. 12 Ch. 1165

ဘယ်သူက ဘယ်သူ့ကို ကြောက်ရမှာတုံး

Vol. 12 Ch. 1165

သုံးခွမှိန်းကြီး၏ တစ်ဝက်က မြေကြီးအနက်ထဲ ထိုးစိုက်နေပြီး အခြားတစ်ဝက်က ခရမ်းရောင်တိမ်တိုက်များအကြားထဲ ထောင်မတ်နေ၏။ ၄င်းမှာ ရင်သပ်ရှူမောဖွယ်ကောင်းသော မြင်ကွင်းတစ်ရပ် ဖြစ်ပေသည်။

၄င်းကို ရစ်ပတ်ထားသည့် အရိုးနဂါးကြီးမှာမူ မည်သည့်အရာနှင့်မှ မနှိုင်းယှဥ်နိုင်လောက်အောင် ရက်စက်ကြမ်းကြုတ်၏။ ၄င်းတွင် ခေါင်းခွံတစ်ခြမ်းစာကျန်သော်လည်း ပြင်းထန်သော အသတ်အဖြတ်အရှိန်အဝါများ ထုတ်လွှတ်နေသေးသည်။ အရိုးများက မှိန်းကြီးနှင့် ကပ်မနေဘဲ ထိတ်လန့်တုန်လှုပ်ဖွယ်အသွင်ဖြင့် တွဲလောင်းကျနေခြင်းသာ ဖြစ်သည်။

ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်သည့်တိုင် ပိုင်ရှောင်ချန်းပင် ရက်စက်သောမြင်ကွင်းကြီးကြောင့် တုန်လှုပ်သွားရ၏။

မိစ္ဆာဧကရာဇ်မြို့တော်ကို ထိုအရိုးနဂါးကြီး၏ အရိုးများအပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ မရေမတွက်နိုင်သော အဆောက်အအုံများနှင့် လူနေအိမ်များကို ထိုနေရာတွင် မြင်နိုင်သည်။ အရိုးခွံကြီးမှာမူ အင်ပါယာနန်းတော်၏အခြေခံအုတ်မြစ် ဖြစ်သည်။

နန်းတော်သည် မရေမတွက်နိုင်သော လျှပ်စီးတန်းများ ဝန်းရံလျက် ခရမ်းရောင်တိမ်တိုက်များထဲတွင် သီးသန့်တည်ရှိ၏။ ဤမြို့တော်နှင့်ပတ်သက်၍ သောကဗျာပါဒများရှိကာ ပရိဒေဝမီးတောက်လောက်နေသောအသွင်ကို ဆောင်နေ၍ သူတော်စင်ဧကရာဇ်မြို့တော်နှင့် လုံးလုံးလျားလျား ခြားနားနေစေတော့သည်။

ပိုင်ရှောင်ချန်းက အင်ပါယာနန်းတော်ကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် အခြေခံအကျဆုံးအဆင့်တွင် ကောင်းကင်ဧကရာဇ်များထက်သာလွန်သည့်အရာဖြစ်သော နက်နဲသိမ်မွေ့စွာ အထက်စီးဆန်သော နတ်ဘုရားစွမ်းရည်စီးကြောင်းတစ်ကြောင်းက ၄င်းအတွင်းမှ ထွက်ပေါ်လာ၏။

ထိုနတ်ဘုရားစီးကြောင်းကြောင့် သူ၏မျက်လုံးများ နာကျင်လုနီးပါးဖြစ်သွားပြီး ရင်တဒိန်းဒိန်းခုန်လာတော့သည်။ သိသာစွာပင် ဤသည်မှာ မိစ္ဆာဧကရာဇ်၏ စိတ်ဆန္ဒဖြစ်ပေသည်။

" အဲဒီတော့ ဒါက ... မိစ္ဆာဧကရာဇ်မြို့တော်ပေါ့ "

သူက အံ့သြတုန်လှုပ်လျက် ကြိုဆိုသည့်အနေဖြင့် လက်များယှက်ထားဆဲဖြစ်သော တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါပတ်လည်တွင်ရပ်နေကြသည့် ကျင့်ကြံသူ တစ်ဒါဇင်ကျော်ကို ကြည့်လိုက်သည်။

သူတော်စင်ဧကရာဇ်နိုင်ငံတော် ကျင့်ကြံသူများ၏ အနောက်တွင်ရပ်နေသည်က မိစ္ဆာဧကရာဇ်မြို့တော်မှ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူနှစ်ယောက်ဖြစ်သည်။ သူတို့က လေးလေးစားစားရပ်နေကြသည့်တိုင် သူတို့၏မျက်လုံးများအတွင်း၌ ဖုံးကွယ်မထားသည့် မောက်မာထောင်လွှားသော မာန်မာနအငွေ့အသက်များရှိလေသည်။

သူတို့က သူ ကြည့်နေကြောင်းသဘောပေါက်လိုက်သည်နှင့်တစ်ပြိုင်နက် လက်ယှက်ပြီး နှုတ်ခွန်းဆက်လိုက်ကြသည်။

" ကြိုဆိုပါတယ် ကောင်းကင်ဧကရာဇ်ပိုင် "

ပိုင်ရှောင်ချန်းမှာ စိတ်ကြည်ကြည်လင်လင်မရှိဘဲ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများက လေးလေးစားစား ပြုမူနေသော်လည်း သူတို့ မည်မျှ သွေးနားထင်ရောက်နေကြောင်း သူ ပြောနိုင်သည်။ တချိန်တည်းမှာပင် သူတို့က သူ့ကို ကြောက်ကြကြောင်း သိသာ၏။

အခြားကျင့်ကြံသူများမှာမူ ပို၍ပင် ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်နေကြသည်။ ပိုင်ရှောင်ချန်းက တစ်ယောက်တည်းတတွတ်တွတ်ပြောကာ တည်နေရာရွေ့ပြောင်းခြင်းဝင်္ကပါမှ ထွက်၍ လက်ကို ဝှေ့ယမ်းလိုက်သည်။

" ထကြ"

သူက ပြောသည်။ သူတော်စင်ဧကရာဇ်နိုင်ငံကျင့်ကြံသူများမှာ စိတ်သက်သာရာရကာ ဒူးထောက်နေရာမှ ထလိုက်ကြသည်။ သူတို့သည် စီမာယွမ်ဟွာအတွက် အချိန်အနည်းငယ် အလုပ်လုပ်ပေးခဲ့ကြသော်လည်း ရုတ်တရက် သံအမတ် ပြောင်းလဲသွားခဲ့သည်။ သံအမတ်အသစ်ကား နာမည်ကြီး ကောင်းကင်တံတားဘုရင် ပိုင်ရှောင်ချန်းဖြစ်နေခဲ့ပေသည်။ ပိုင်ရှောင်ချန်း၏ စိတ်နေစိတ်ထားအကြောင်း တစ်ခုမှ သူတို့ မသိသောကြောင့် ဖြစ်နိုင်သည့်အရာများနှင့်ပတ်သက်၍ စိတ်လှုပ်ရှားနေကြသည်။

" စီမာယွမ်ဟွာ ငါ့ကို ဒီလူတွေအကြောင်း ဘာတစ်ခုမှ မပြောခဲ့တာကို တွေးကြည့်ရင် သူတို့ကို သိပ်အရေးကြီးတယ်လို့ မမြင်တာ ထင်တယ် "

အဖွဲ့ကို လှမ်းကြည့်ပြီးနောက် သူတို့အားလုံးသာမက နတ်ဘုရားတစ်ပိုင်းများပင် အတိုင်းအတာတစ်ခုအထိ စိတ်ဓာတ်ကျနေပုံပေါ်လေသည်။ သို့သော် သူတို့က သူတော်စင်ဧကရာဇ်နိုင်ငံမှဖြစ်ပြီး ကြောက်စရာကောင်းသော မိစ္ဆာဧကရာဇ်မြို့တော်တွင် ပိတ်မိနေကြောင်း စဥ်းစားကြည့်ပါက ကျိုးကြောင်းဆီလျော်ပေသည်။

အကယ်၍ နှစ်နိုင်ငံကြား တကယ့်တိုက်ပွဲဖြစ်ပွားပါက ဤအဖွဲ့မှာ ပထမဆုံး ခေါင်းပြတ်မည့်သူများ ဖြစ်ပေမည်။

သူက ခေါင်းခါရမ်း၍ မိစ္ဆာဧကရာဇ်နိုင်ငံ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူနှစ်ယောက် ကောင်းကင်တောင်မှ ထွက်သွားသည့်နောက် လိုက်ပါသွားသည်။ သူတို့ မြို့တော်နှင့်နီးလာစဥ် ပိုင်ရှောင်ချန်းသည် လူဦးရေမှာ သူတော်စင်ဧကရာဇ်မြို့ထက် များစွာသာလွန်ကြောင်း အာရုံရလိုက်ပြီး ဖြစ်သည်။

သူ မြို့တော်ထဲ ခြေချလိုက်သည့်အခိုက်အတန့်တွင် နတ်ဘုရားအာရုံစီးကြောင်း ငါးကြောင်း၊ ခြောက်ကြောင်းက သူ့အပေါ် ကျရောက်လာ၏။

သူက တခဏတာ အရှိန်လျှော့လိုက်ပြီး သူတို့ဖြင့်ဆက်သွယ်ရန် သူ၏နတ်ဘုရားအာရုံကို စေလွှတ်လိုက်သည်။

ဘယ်သူမှ ထိုဆက်သွယ်မှုအခိုက်အတန့်ကို မမြင်နိုင်သော်လည်း ၄င်းက ပိုင်ရှောင်ချန်းကို အလွန်အံ့သြတုန်လှုပ်သွားစေ၏။ ထိုနတ်ဘုရားအာရုံစီးကြောင်းများသည် မြို့တော်ရှိ ကောင်းကင်ဧကရာဇ်များနှင့် သက်ဆိုင်သည် မဟုတ်ပါလော။

သို့သော် သူတော်စင်ဧကရာဇ်နိုင်ငံတော်မှ သံအမတ်အဖြစ် သူ၏ရာထူးကို ထည့်တွက်ပါက သူ မည်သည့်အမှားမှမလုပ်သရွေ့ ဘယ်သူမှ အနည်းဆုံးတော့ အလွယ်တကူ သူ့ကို တစ်ခုခုလုပ်နိုင်မည် မဟုတ်ပေ။

ထိုသို့ ဖြစ်ပျက်သွားပြီး ပထမဆုံးဆက်သွယ်မှုပြီးနောက် အခြားနတ်ဘုရားအာရုံစီးကြောင်းများ တစတစလွင့်ပျယ်သွားသည်။ ထိုအချိန်တွင် သူက သူ၏ကိုယ်ပိုင်နတ်ဘုရားအာရုံကို ပြန်ဆွဲယူပြီး ထူးထူးဆန်းဆန်းတစ်ခုခု ဖြစ်နေကြောင်း အာရုံရခဲ့သော်လည်း မည်သည့်အရာဖြစ်ကြောင်း မသေချာဖြစ်နေသော နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူနှစ်ယောက်ဖြင့် ဆက်သွားလိုက်သည်။

ပိုင်ရှောင်ချန်းက အလျင်မလိုပေ။ သူသည် လမ်းကြိုလမ်းကြားများနှင့် မိစ္ဆာဧကရာဇ်မြို့သူမြို့သားများကို ဝေ့ဝိုက်ကြည့်ပြီး သူမည်သို့ခံစားနေရသည်ကို မသေချာဖြစ်နေ၏။ ဤနေရာမှာ သူ့အတွက် အစိမ်းသက်သက်ဖြစ်သည် မဟုတ်ပါလော။

သို့သော် မရင်းနှီးသောပတ်ဝန်းကျင်ဖြစ်သည့်တိုင် သူသည် ကောင်းကင်တံတားဒေသကျင့်ကြံသူများ၏ အရှိန်အဝါ အတော်များများကို အာရုံရလိုက်၏။ ဝမ်းနည်းဖွယ်ပင် အရှိန်အဝါများကား အားနည်းနေသည်။ ဤနေရာတွင် လူဘယ်လောက်များများ အကျဥ်းချခံနေရကာ မလွတ်မြောက်နိုင်ဖြစ်နေကြောင်း သူ စိတ်ကူးသာကြည့်နိုင်တော့သည်။

ဤနေရာရှိ မိစ္ဆာဧကရာဇ်နိုင်ငံတော်တွင် လွှမ်းမိုးနေသောအမြင်မှာ ကောင်းကင်တံတားဒေသသားများအား ကျွန်ပြုရန်ဖြစ်သည်။ ထို့ပြင် ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေခံမှာ နယ်မြေ၏ စည်းမျဥ်းဥပဒေများကို အလွယ်တကူ လျစ်လျူရှုပြီး သူလုပ်ချင်သလို လုပ်နိုင်သည်အထိ ကြီးကျယ်ခမ်းနားမနေပေ။

သူက သက်ပြင်းချရ၍ အရှေ့တွင် သူတော်စင်ဧကရာဇ်နိုင်ငံ၏ သံရုံး မြင်လာရသည့်တိုင်အောင် ခပ်သုတ်သုတ် သွားလိုက်သည်။ သံရုံးက အရိုးနဂါးကြီးကျောရိုး၏ အောက်ပိုင်းတွင်ရှိပြီး ငါးထပ်မြင့်ကာ ကျယ်ဝန်းသောခြံဝင်းတစ်ခုက ဝန်းရံထားလေသည်။ ခြုံငုံရလျှင် ၎င်းက အထင်ကြီးဖွယ်ကောင်းလေသည်။ အထူးသဖြင့် ၄င်းထံမှ တလိပ်လိပ်ထွက်နေသော အစွမ်းထက် မန္တန်ဝင်္ကပါအခိုးအငွေ့များကို စဥ်းစားကြည့်စဥ် ဖြစ်သည်။ သာမန်ကာလျှံကာ တစ်ချက်ကြည့်လိုက်ရုံနှင့် ထိုဝင်္ကပါကို ထိုးဖောက်ဝင်ရောက်လိုသည့် ကောင်းကင်ဧကရာဇ်တစ်ပါးပင် အခက်တွေ့မည်ဖြစ်ကြောင်း ပိုင်ရှောင်ချန်း ပြောနိုင်၏။ ထိုသည်က သူ့ကို အတန်ငယ် စိတ်အေးသွားစေလေသည်။

သံရုံးက သူ့ကို ကြိုဆိုရန် ရောက်လာခဲ့ကြသည့် ကျင့်ကြံသူများမှာ ပြန်ရောက်လာသည့်အတွက် သိသိသာသာ စိတ်သက်သာရာရသွားကြသည်။

အထဲရောက်ပြီးနောက် မိစ္ဆာဧကရာဇ်နိုင်ငံ နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူနှစ်ယောက် ပြန်သွားကြပြီး ပိုင်ရှောင်ချန်းက သံရုံး၏ ပင်မခန်းမဆောင်တွင် ထိုင်လိုက်သည်။ သူ့အရှေ့တွင် တန်းစီနေရာယူထားသည့် သူ၏လက်အောင်ငယ်သားများကိုကြည့်ရင်း သူကမေးသည်။

" ငါ့တာဝန်တွေက ဘာလဲ "

ပိုင်ရှောင်ချန်းက မည်သို့လူစားမျိုးဖြစ်ကြောင်း မသေချာ၍ သူတို့မှာ မည်သည့်အရာကိုမှ မထိမ်ချန်ရဲဘဲ အခြေအနေအကြမ်းဖျင်းအား သူ့ကို ကပျာကယာ ပြောပြလိုက်ကြသည်။

" အရှင် ကောင်းကင်ဧကရာဇ်ခင်ဗျား… ပုံမှန်ဆို ဘာမှလုပ်စရာမလိုပါဘူး။ နှစ်နိုင်ငံစစ်မက်မဖြစ်ပွားသရွေ့ အရှင်က အချိန်အတော်ကြာမှ တစ်ကြိမ် လူလုံးထွက်ပြဖို့ပဲ လိုတာပါ “

" တခါတလေ အရှင့်ကို မိစ္ဆာဧကရာဇ်က ဆင့်ခေါ်ပါလိမ့်မယ်။ အရှင်က အခုမှ သံအမတ်အဖြစ် ခန့်အပ်ခံရတာဆိုတော့ မကြာခင် အဲဒီလိုဆင့်ခေါ်ခံရလောက်ပါတယ် “

" အရှင်ကောင်းကင်ဧကရာဇ် ကျေးဇူးပြုပြီး ဒီနေရာမှ ဂရုစိုက်ပါ။ ဘာပဲပြောပြော ဒါက မိစ္ဆာဧကရာဇ်မြို့ မဟုတ်လား... "

သူက ခေါင်းညိတ်လိုက်သည်။

" ဒီနေရာနဲ့ ပတ်သက်ပြီး ဘာကအရမ်းအန္တရာယ်များတာလဲ " သူက မေးသည်။

စုဝေးနေကြသော ကျင့်ကြံသူများက အကြည့်ချင်းဖလှယ်လိုက်ကြပြီး သူတို့အကြားထဲ တခဏကြာ တီးတိုးတီးတိုးပြောလိုက်ကြသည်။ ထို့နောက် ရာထူးအမြင့်ဆုံး နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူက ရှေ့တက်ပြီး လက်ယှက်ဦးညွှတ်လိုက်သည်။

" အရှင်ကောင်းကင်ဧကရာဇ် ၊ မိစ္ဆာဧကရာဇ်နိုင်ငံရဲ့ စည်းမျဥ်းစည်းကမ်း၊ ဓလေ့ထုံးတမ်းတွေအားလုံးကို လိုက်နာဖို့လိုပါတယ်။ ပြီးတော့ တမင်တကာ ပြဿနာရှာနေတဲ့ လူတွေကိုလဲ သတိထားဖို့လိုပါတယ် "

ထိုလူက ဝိုးတိုးဝါးတားဖြစ်နေသော်လည်း ပိုင်ရှောင်ချန်းသည် သူပြောချင်သည့်အရာကို နားလည်၏။ အခြားကိစ္စရေးရာများအား အဖွဲ့ဖြင့် ဆွေးနွေးပြီး မြို့အကြောင်း အတန်ငယ် ထပ်မံ နားလည်လာပြီးနောက် သူတို့ကို ပြန်လွှတ်ပြီး ထိုင်တွေးလိုက်သည်။

"လူတွေက ငါ့ကို ပြဿနာရှာဖို့ ကြိုးစားလာကြမှာ မြေကြီးလက်ခတ်မလွဲဘူး "

သူက တွေးသည်။ သူက နားထင်ကို နှိပ်နယ်၍ သူ၏ကျင့်ကြံခြင်းအခြေခံသာ မြင့်သင့်သလောက်မြင့်လျှင် ထိုကဲ့သို့အရာများနှင့်ပတ်သက်၍ စိုးရိမ်စရာလိုမည်မဟုတ်ကြောင်း စဥ်းစားလိုက်သည်။

" ခဏနေပါဦး "

ရုတ်တရက် သူက နဖူးကို ရိုက်လိုက်၏။

" ပုံမှန်ဆို ငါက နေရာအသစ်တစ်နေရာရာသွားတိုင်း သူများတွေကို စိတ်ဆင်းရဲအောင်လုပ်တာလေ။ ထုံးစံက .... ငါပေါ်လာရင် အရာအားလုံးက ခဏတော့ ပုံမှန်အတိုင်းသွားတယ်။ ဒါပေမဲ့ ဘာကြောင့်မှန်းမသိ အမြဲပြောင်းလဲကုန်တယ်လေ "

သူသည် ရုတ်တရက် လမ်းအမှား တွေးနေမိကြောင်း သဘောပေါက်လိုက်သည်။ နှစ်ပေါင်းများစွာ တောက်လျှောက် အိုးစည်ဗုံမောင်းသံ မည်မျှ ကြားခဲ့ရသည်ကို ပြန်ပြောင်းစဥ်းစားပြီးနောက် မျက်တောင်တစ်ဖျပ်ဖျပ်ခတ်ပြီး ရုတ်တရက် အတော်လေးနေသာထိုင်သာ ရှိသွားလေသည်။

သူက ချောင်းဟန့်ရင်း သူ့ကိုယ်သူ မြှောက်ပင့်ရန် ကြိုစားလိုက်သည်။

" မိစ္ဆာဧကရာဇ်က တကယ်သောက်ရူး ဖြစ်ရမယ်။ သူတော်စင်ဧကရာဇ်က ငါ့ကို သံအမတ်ဖြစ်စေချင်တာနဲ့ သူက ချက်ချင်း သဘောတူလိုက်ရောလား။ သိလားကွ … အခြေအနေနဲ့အချိန်အခါသာ သင့်ရင် ငါ ပိုင်ရှောင်ချန်းဆိုတဲ့ကောင်က တစ်ကမ္ဘာလုံးကို ဖျက်စီးပစ်နိုင်တယ်လို့ လူအတော်များများပြောကြတာနော် "

ယခုတွင် သူသည် တင်းမာမှုများ စတင်အရည်ပျော်လာသည်ကို ခံစားလိုက်ရပြီး မိစ္ဆာဧကရာဇ်အတွက်ပင် အတန်ငယ်စိတ်မကောင်း ဖြစ်နေရှာသည်။

အပြင်ဘက်တွင် မှောင်ရီပျိုးစပြုနေပြီး သူ မည်မျှစိတ်ကြည်လင်နေကြောင်း တွေးကြည့်ပါက သူက သံရုံးတစ်ပတ် စိတ်ပြေလက်ပျောက် လမ်းလျှောက်ရန် ဆုံးဖြတ်လိုက်သည်။ နောက်ဆုံး၌ သူသည် ကျင့်ကြံအားထုတ်ခြင်းအတွက် ပြီးပြည့်စုံသော သီးသန့်အခန်းတစ်ခန်းရှာတွေ့၍ တရားအားထုတ်ရန် ဝင်ထိုင်လိုက်သည်။

" ငါ ယပ်တောင်အစုတ်ကြီးကို သွားစစ်ဆေးပြီး အဲဒီမှာ အဆင့်နည်းနည်းပါးပါး ကျော်ဖြတ်ဖို့လိုတယ်။ တစ်ရက်ရက်ကျ ငါ အဆင့်တစ်ရာကို ရောက်ပြီး ဟိုဆုလာဘ်ကိုရရင် ငါ့ကျင့်ကြံခြင်းက ပိုမြန်မြန်တိုးတက်လိမ့်မယ် "

သူ၏ အတွေးစများက ထိုနေရာရောက်သော် သူက မျက်လုံးများပိတ်ပြီး ပျောက်ကွယ်သွား၏။ သူ အကောင်အထည်ပြန်ပေါ်လာသောအခါ ယပ်တောင်အစုတ်ကြီးအပေါ် ရောက်နေပေသည်။ နှုတ်ဆက်စကား နည်းနည်းပါးပါး အော်ပြောပြီးနောက် အစောင့်အရှောက်ဝိညာဥ်အိပ်ပျော်နေကြောင်း အတည်ပြုကာ နောက်အဆင့်ထံ ဦးတည်လိုက်သည်။

All Chapters