← Chapters

အခန်း (၁၀၉-၁၁၀)

Vol. 11 Ch. 109-110

အခန်း (၁၀၉-၁၁၀)

Vol. 11 Ch. 109-110

အခန်း(၁၀၉)

“လေ့လာကြည့်တာလား”

သူမက မုယောစပါးလက်ဖက်ရည်ကို တစ်ငုံသောက်ရင်း လှမ်းမေးလိုက်တယ်။

“ကိုယ့်ဘေးနားမှာရှိတဲ့ လူရဲ့ ထူးခြားချက်တွေကို အခြေခံပြီး တစ်ကိုယ်တော် ပြဇာတ်တစ်ခု လုပ်ရမှာလေ။ ငါထင်ထားတာထက်တော့ နည်းနည်း ပိုခက်သား”

မနေ့က ဖြစ်ပျက်ခဲ့တာတွေကို ပြန်စဉ်းစားရင်း မာရူးက ပြောလိုက်တယ်။ ယန်မီဆို သုံးလိုက်တဲ့ ‘လေ့လာစူးစမ်းခြင်း’ ဆိုတဲ့ စကားလုံးကြောင့် သူ နည်းနည်းတော့ အံ့ဩသွားမိတာ အမှန်ပဲ။ အဲဒါက ဘာကို ဆိုလိုတာလဲလို့ တွေးနေမိပေမဲ့ သူမပေးတဲ့ အလုပ်ကို စလုပ်လိုက်တာနဲ့ ဘာကို ဆိုလိုချင်တာလဲဆိုတာ ချက်ချင်း သဘောပေါက်သွားတယ်။

ပြောရရင်တော့ ဒါဟာ ယန်ဂန်ဟွမ် ခဏခဏ ပြောလေ့ရှိတဲ့ ‘လေ့လာစူးစမ်းတာထက် ကောင်းတဲ့ လေ့ကျင့်ခန်း မရှိဘူး’ ဆိုတဲ့ စကားနဲ့ ထပ်တူကျနေတာကိုး။ ကိုယ်လေ့လာရမယ့်သူကိုပဲ အသေအချာ အာရုံစိုက်ကြည့်နေတာက ပုံမှန်ခံစားရတာထက်စာရင် အဲဒီလူအပေါ်မှာ လုံးဝကို ကွဲပြားတဲ့ အမြင်တစ်ခု ရလာစေတယ်လေ။

“အင်း... လေ့လာစူးစမ်းတာပေါ့”

သူမက မျက်မှောင်လေး နည်းနည်းကြုတ်ပြီး ခဏလောက် စဉ်းစားနေပြီးမှ မာရူးကို စူးစူးစိုက်စိုက် စိုက်ကြည့်လာတယ်။ သူမရဲ့ မျက်လုံးလေးတွေက ချစ်စရာကောင်းနေတာကြောင့် မာရူးကလည်း ပြန်ကြည့်နေလိုက်တာပေါ့။

သူမဘက်ကပဲ အရင်ဆုံး ချောင်းတစ်ချက်ဟန့်ပြီး အကြည့်လွှဲသွားတယ်။ မျက်လုံးချင်း ဆုံသွားလို့ထင်ပါရဲ့ သူမရဲ့ ခေါင်းပေါ်မှာ စကားပြောပူပေါင်းလေးတစ်ခု ပေါ်လာတယ်။ မာရူးကတော့ အဲဒါကို မမြင်ချင်ယောင်ဆောင်နေလိုက်တာပေါ့။ ဒီလို မရိုးသားတဲ့ နည်းလမ်းမျိုးနဲ့ သူမ ဘာတွေးနေလဲဆိုတာကို သူ မသိချင်ဘူးလေ။

“နင်က ဘယ်တော့မှ ရှက်တတ်တာမျိုး မရှိဘူးလား”

“ဘာကို ရှက်ရမှာလဲ”

“မဟုတ်ပါဘူး... ထားလိုက်ပါတော့။ နင်နဲ့ စကားပြောရတာ အမြဲတမ်း ရှုံးနေသလိုပဲ”

သူမက နှာမှုတ်သံလေးနဲ့အတူ ထရပ်လိုက်တယ်။ သူတို့နှစ်ယောက်က အခု မြောင်ဒုံ အနုပညာပြဇာတ်ရုံထဲမှာ ရောက်နေကြတာ။ ဝါသနာရှင်အတန်းတွေ ရှိတဲ့နေ့ဆိုရင် ပြဇာတ်ရုံက နည်းနည်းစောစော ပိတ်တတ်ပြီး အထက်တန်းကျောင်းသားတွေနဲ့ တက္ကသိုလ်ကျောင်းသားတွေက စင်ပေါ်မှာ အတူတူ လေ့ကျင့်ကြတာလေ။

စင်ပေါ်မှာ စကားစပြောတုန်းက သူ တော်တော်လေး အံ့ဩခဲ့ရတာကို မာရူး မှတ်မိနေသေးတယ်။ ခန်းမကြီးက ဒီလောက်အထိ ကျယ်နေတာတောင် သူ့အသံက တစ်ခန်းလုံးမှာ ဟိန်းထွက်နေတာပဲ။ ဒီတစ်ကြိမ် အတွေ့အကြုံနဲ့တင် ဒီအဆောက်အအုံကို သရုပ်ဆောင်ဖို့အတွက်ပဲ သီးသန့် ရည်ရွယ်ပြီး ဆောက်ထားတာဆိုတာ သူ သိလိုက်ရတယ်။

သေးငယ်တဲ့ ပြဇာတ်ရုံလေးတွေနဲ့ ယှဉ်ရင်တော့ ကောင်းကင်နဲ့ မြေကြီးလို ကွာခြားတာပေါ့။ စင်ပေါ်ကနေ ပရိသတ်ခုံတွေကို လှမ်းကြည့်လိုက်တဲ့အခါ မာရူး ကိုယ့်ကိုယ်ကိုယ် တော်တော်လေး သေးငယ်သွားသလို ခံစားလိုက်ရတယ်။ ဒီလောက်ကြီးတဲ့ စင်တစ်ခုလုံးကို ကိုယ့်ရဲ့ ရှိနေမှုနဲ့တင် အပြည့်အဝ ဖုံးလွှမ်းနိုင်ဖို့ဆိုတာ... တကယ့်ကို အများကြီး ကြိုးစားအားထုတ်ရမှာပဲ။

“ဟေ့ ဟေ့ စကားပြောတာ ရပ်ပြီး ဒီကို လာကြဦး”

ယန်ဂန်ဟွမ်က သူ့ဘေးနားက အထက်တန်းကျောင်းသားတွေကို လက်ယမ်းပြီး လှမ်းခေါ်လိုက်တယ်။ ဆိုးလ်မြို့နားက ပြဇာတ်ကလပ်တွေက ကျောင်းသားတွေ စုစုပေါင်း ၁၂ ယောက် ရှိတာပေါ့။ အဲဒီထဲမှာ နယ်ပယ်ထဲမှာ ပွဲဦးထွက်ထားပြီးသား လူတွေတောင် ပါသေးတယ်။ ကြည့်ရတာ ဒီပရောဂျက်အတွက် ထုတ်လုပ်သူတွေက လူရွေးချယ်တဲ့နေရာမှာ တော်တော်လေးကို ဂရုစိုက်ခဲ့ပုံရတယ်။

“မင်းတို့တွေ ကျောင်းပွဲတော်တွေကြောင့် အလုပ်များနေကြမှန်း ငါ သိပါတယ်။ အခု နှစ်ပတ်ပဲ လိုတော့တယ် မဟုတ်လား”

“အတိအကျပြောရရင် နှစ်ပတ်ပါ ဆရာ”

ကျောင်းသူလေးတစ်ယောက်က စိုးရိမ်တကြီးနဲ့ ပြန်ဖြေတယ်။ အဲဒီကျောင်းသူလေးက ဘိုဆွန်းအထက်တန်းကျောင်းက ဖြစ်ပြီး ပြီးခဲ့တဲ့ နွေရာသီ နိုင်ငံလုံးဆိုင်ရာ ပြိုင်ပွဲမှာ မြောင်ဟွာအထက်တန်းကျောင်းရဲ့ နောက်မှာ ဒုတိယ ရခဲ့တဲ့သူလေ။ အဲဒါကြောင့်ပဲ အဲဒီကျောင်းသူလေးက သူမကို ခဏခဏ လှမ်းကြည့်နေတာကို မာရူး သတိထားမိနေတာ။ မျက်လုံးချင်း ဆုံမိတိုင်း သူမက အားနာတဲ့ အပြုံးလေးနဲ့ ပြန်ပြီး လက်ပြတတ်တယ်။ အဲဒီအခါမျိုးဆိုရင် ဟိုဘက်က မိန်းကလေးကလည်း စိတ်တိုသလိုလို၊ ရှုံးနိမ့်သွားသလိုလို ခံစားချက်မျိုးတွေနဲ့ အတင်းဖျညှစ်ပြီး ပြုံးပြတတ်တာပေါ့။ သူတို့နှစ်ယောက်ကတော့ သူငယ်ချင်းကောင်းတွေ ဖြစ်သွားကြမှာ သေချာသလောက်ပဲ။

“ဟန်မာရူး”

“ဟုတ်ကဲ့”

“ဒီရှေ့ထွက်ခဲ့ပြီး မင်းရဲ့ ဇာတ်ညွှန်းကို ပြောစမ်း”

ယန်ဂန်ဟွမ်က သူ့ကို ညွှန်ပြရင်း ပြောလိုက်တယ်။ ဝါသနာရှင် သရုပ်ဆောင်အတန်း စတာနဲ့ ယန်ဂန်ဟွမ် ပထမဆုံး လုပ်တာက ကျောင်းသားတစ်ယောက်ချင်းစီကို ဇာတ်ညွှန်းတစ်ခုစီ ပေးတာပဲ။ ယာယီဇာတ်ကောင်တစ်ခု ပေးပြီး လေ့ကျင့်ခိုင်းတာပေါ့။ ရက်အနည်းငယ် ကြာတော့ အစမ်းဖတ်ခိုင်းပြီး ချက်ချင်း သရုပ်ဆောင်ခိုင်းတော့တာပဲ။

အဖွဲ့လိုက် အကြမ်းဖျင်း သရုပ်ဆောင်နေတာကို ကြည့်ပြီး သူက သေသေချာချာ မှတ်သားထားတယ်၊ ပြီးတော့ နောက်နေ့မှာတင် ဇာတ်ကောင်တွေကို သတ်မှတ်ပေးလိုက်တာ။ ဇာတ်ကောင်တွေ ခွဲပေးတဲ့အခါမှာလည်း ‘ဇာတ်ကောင် ပြောင်းချင်ရင် မင်းတို့ရဲ့ အရည်အချင်းကို ငါ့ကို သက်သေပြ’ လို့ သူက ပြောခဲ့သေးတယ်။ ဆိုလိုတာက ကိုယ်က တကယ် တော်နေရင် တခြားလူရဲ့ ဇာတ်ကောင်နေရာကို လုယူလို့ ရတယ်ပေါ့။ ဒီနေ့ကတော့ ယန်ဂန်ဟွမ်ကို သူတို့ အရည်အချင်း ပြရမယ့်နေ့ပဲ။

ဝါသနာရှင် သရုပ်ဆောင်အတန်းက ကပြရမယ့် ပြဇာတ်က ‘အတန်း (၃)၊ အဆင့် (၃)’ လို့ အမည်ရပြီး ကျောင်းဘဝကို ရိုးရိုးရှင်းရှင်း ဖော်ပြထားတဲ့ ပြဇာတ်တစ်ခုပေါ့။ ဇာတ်ကောင်တွေကြားမှာ အသက်အရွယ် ကွာခြားချက် သိပ်မရှိတဲ့ ပုံမှန် ပြဇာတ်မျိုးပါပဲ။

မာရူးက အတန်းခေါင်းဆောင် နေရာက သရုပ်ဆောင်ရတာ။ စာတော်ပေမဲ့ စိတ်ထဲမှာတော့ လူမိုက်တွေကို အားကျနေတဲ့ ကောင်လေးတစ်ယောက်ပေါ့။ မာရူးက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ပတ်ဝန်းကျင်မှာ စာသင်ခန်းကြီး ရှိနေတယ်လို့ စိတ်ကူးလိုက်တယ်။

နေဝင်ရိုးရီ နေရောင်ခြည်ကြောင့် စာသင်ခန်းလေးထဲမှာ ဝါရွှေရောင် သန်းနေတာပေါ့။ ကျောက်သင်ပုန်းကလည်း ပြောင်စင်နေပြီး ဘယ်ဘက်အပေါ်ထောင့်မှာ ကိုရီးယား အလံလေးတစ်ခု ချိတ်ထားတယ်။ စင်္ကြံလမ်းထဲမှာ ကျောင်းသားအချို့ အပြင်သွားဖို့ အစီအစဉ်ဆွဲနေတဲ့ အသံတွေကို သူ ကြားနေရတယ်။ တစ်ချိန်တည်းမှာပဲ အပြင်မှာ ထူးဆန်းတဲ့ ဝါသနာတွေ မပါဖို့ ကလေးတွေကို ဆရာတွေ ဆူပူနေတဲ့ အသံကိုလည်း ကြားနေရတယ်။

‘စာမျက်နှာ ၅’

အတန်းခေါင်းဆောင်က သူအရင်က လှောင်ပြောင်ခဲ့တဲ့ သူငယ်ချင်းတွေ ကနေတာကို ကြည့်ရင်း ရင်တွေ ခုန်လာတယ်။ ကျောင်းဆင်းလို့ လူတွေ အကုန်ထွက်သွားတဲ့အခါ သူက ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ပြီး စောစောက ကြားခဲ့တဲ့ သီချင်းလေးကို ညည်းရင်း ကိုယ်တိုင် စကတော့တာပေါ့။ အဲဒီအချိန်မှာပဲ အတန်းတံခါး ပွင့်လာပြီး သူငယ်ချင်းတစ်ယောက်နဲ့ မျက်လုံးချင်း တည့်တည့် ဆုံသွားတယ်။ အဲဒီအချိန်မှာ အတန်းခေါင်းဆောင်က ဘယ်လို ခံစားချက်မျိုး ဖြစ်သွားမလဲ။

“ . . . ”

ဇာတ်ညွှန်းထဲမှာတော့ ‘မဟုတ်ဘူး၊ မင်းထင်သလို မဟုတ်ပါဘူး’ လို့ ပြောရမှာ ဖြစ်ပေမဲ့ မာရူးကတော့ တခြားတစ်မျိုး စဉ်းစားထားတယ်။ သူက စကားမပြောဘဲ ကိုယ်ဟန်အမူအရာနဲ့ပဲ ဖော်ပြဖို့ ဆုံးဖြတ်လိုက်တာ။ သူက မျက်လုံးကို ခဏလောက် တင်းတင်းမှိတ်လိုက်ပြီးမှ ခေါင်းကို အနေရခက်သလို ကုပ်လိုက်တယ်။ တကယ်လို့ သူသာ ဒီလို အခြေအနေမျိုး ကြုံရရင် ဘာမှ ပြောနိုင်မှာ မဟုတ်ဘူးလို့ ခံစားမိလို့လေ။ သူက စိုးရိမ်တကြီးနဲ့ ဟိုဟိုဒီဒီ လုပ်နေပြီးမှ ‘ငါ သွားတော့မယ်’ ဆိုတဲ့ ပုံစံမျိုးနဲ့ ထွက်လာခဲ့တယ်။

“ကောင်းပြီ၊ ကင်စီဟွန်း မင်း အလှည့်”

ယန်ဂန်ဟွမ်က ဘာမှမပြောဘဲ ခေါင်းညိတ်ပြပြီး နောက်တစ်ယောက်ကို ခေါ်လိုက်တယ်။ မာရူးက သူမ မတ်တတ်ရပ်နေတဲ့ နေရာဆီ ပြန်လျှောက်လာခဲ့တာပေါ့။

“ငါ လုပ်တာ ကောင်းရဲ့လား”

“အင်း ဇာတ်ညွှန်းထဲကထက်စာရင်တော့ ပိုကောင်းပါတယ်။ ဒါပေမဲ့ ပရိသတ်ကတော့ အဝေးကကြည့်ရင် နင် အနေရခက်နေတာကို မြင်ရမှာ မဟုတ်ဘူး၊ အဲဒါကြောင့် တစ်ခုခု ပြန်ဖြည့်ဖို့အတွက် စကားလုံးလေးတွေတော့ လိုမယ် ထင်တယ်”

“အင်း အဲလိုလား”

“ငါ့အမြင်မှာတော့ အောင်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ငါက ဆရာမဟုတ်တော့ ငါပြောတာကို အရမ်းကြီး စိတ်ထဲ မထားပါနဲ့”

မာရူးရဲ့ နောက်က ကောင်လေးကလည်း ပြကွက်တိုလေးတစ်ခုကို သရုပ်ဆောင်ပြတယ်။ ဒီတစ်ခါလည်း ယန်ဂန်ဟွမ်က ‘ကောင်းပြီ’ လို့ပဲ ပြောပြီး နောက်တစ်ယောက်ကို ခေါ်ပြန်တယ်။ သူက ဘာမှတ်ချက်မှ မပေးတာကြောင့် စစ်ဆေးတာက တော်တော်လေးကို မြန်မြန်ဆန်ဆန် ပြီးသွားတယ်။ မာရူးရဲ့ ဘေးနားက ကလေးတွေကတော့ စင်ပေါ်မှာ သရုပ်ဆောင်ရမယ့် ပြကွက်တွေအကြောင်း တစ်ယောက်နဲ့တစ်ယောက် ပြောနေကြတာပေါ့။

“ဒီအပတ် ပိတ်ရက်မှာ အပြင်သွားကြမလား”

“ငါ လေ့ကျင့်စရာ ရှိတယ်”

“နင်တို့ကလပ်က တကယ့်ကို ရူးသွပ်တာပဲနော်၊ ပိတ်ရက်မှာတောင် လေ့ကျင့်ရတာလား”

“နင်တို့လည်း ငါတို့လောက်ပဲ လေ့ကျင့်နေကြတာ သိတယ်နော်၊ ပါးစပ်ပိတ်ထားစမ်းပါ”

“အနားယူဖို့ကလည်း အရေးကြီးတယ်လေ”

“နင်သာ အနားယူလိုက်ပါ။ ငါကတော့ ပိုပြီး လေ့ကျင့်ပြီး အကောင်းဆုံး သရုပ်ဆောင်ဆုကို ယူဦးမှာ။ ငါ့စီနီယာက ဒီနွေရာသီမှာ ရခဲ့တာဆိုတော့ ငါက ဆောင်းရာသီပြိုင်ပွဲမှာ ယူမှာ”

“အဲဒီ ယုံကြည်ချက်တွေက ဘယ်ကနေ ရောက်လာတာလဲ”

“လေ့ကျင့်တာကနေ လာတာပေါ့၊ သိသာနေတာပဲကို”

တကယ့်ကို အလုပ်ကြိုးစားလွန်းတဲ့သူပဲ... မာရူးလည်း ဒီတစ်ပတ် ချိန်းတွေ့ဖို့ကို လက်လျှော့လိုက်ရပြန်ပြီ။ သူ ထင်ထားတဲ့အတိုင်းပဲ သရုပ်ဆောင်တာနဲ့ ပတ်သက်လာရင် သူမရဲ့ စိတ်က ကျောက်တုံးလိုပဲ ခိုင်မာနေတာ။ အတိတ်က အမှတ်တရလေးတွေထဲမှာတောင် သူတို့ ချိန်းတွေ့နေတုန်း သူမက သရုပ်ဆောင် လေ့ကျင့်နေတာတွေကို မြင်နေရသေးတယ်။ ဒါပေမဲ့ သူမ အဲဒီလို လုပ်နေတာကို မြင်ရတာ သူ မမုန်းပါဘူး၊ စိတ်ထဲမှာလည်း ဘာမှ မရှိပါဘူး။

ကလေးတွေက တစ်ယောက်ပြီးတစ်ယောက် စင်ပေါ်တက်ပြီး သရုပ်ဆောင်ပြကြတယ်။ နောက်ဆုံးတစ်ယောက် ပြီးသွားတဲ့အခါမှာတော့ ယန်ဂန်ဟွမ်က သူ့ရဲ့ မှတ်စုစာအုပ်ကို တစ်ချက်ကြည့်ပြီး အားလုံးကို စုလိုက်တာပေါ့။

“အရင်ဆုံး လေ့ကျင့်တာတွေအတွက် အားလုံးကို ချီးကျူးပါတယ်။ ဆောင်းရာသီ ပြိုင်ပွဲအတွက် လေ့ကျင့်နေကြရင်းနဲ့တောင် မင်းတို့ရဲ့ ဇာတ်ကောင်တွေကို တော်တော်လေး နားလည်ထားကြတာပဲ။ ငါကတော့ မင်းတို့ ပျင်းနေကြမယ်ထင်လို့ ဆူဖို့တောင် ပြင်ထားတာ၊ အခုတော့ အားလုံးက ကြိုးကြိုးစားစား လုပ်နေကြတာ မြင်ရတော့ စိတ်အေးသွားပါပြီ”

လောလောဆယ်တော့ အားလုံး အောင်မြင်သွားကြတဲ့ ပုံပါပဲ။ ယန်ဂန်ဟွမ်က သူ့မှတ်စုစာအုပ်ကို လှန်ရင်း ဆက်ပြောတယ်။

“မင်းတို့ သိကြတဲ့အတိုင်းပဲ၊ ဒီဝါသနာရှင်အတန်းက စမ်းသပ်မှုတစ်ခုပဲ။ ဒါက ပြဇာတ်ကို အောင်အောင်မြင်မြင် ကပြဖို့ထက်စာရင် အရာအားလုံးကို ဘယ်လို စီစဉ်ရမလဲဆိုတာ သိဖို့အတွက်ပဲ။ ဒါက ပြိုင်ပွဲတစ်ခုလည်း မဟုတ်ဘူးလေ။ ဒီလိုကြီးကျယ်တဲ့ စင်ပေါ်မှာ သရုပ်ဆောင်ရတာက မင်းတို့အတွက် အတွေ့အကြုံကောင်း ဖြစ်မှာ မှန်ပေမဲ့ အဲဒီလောက်ထိ အသေအလဲ ကြိုးစားဖို့အတွက်ကျတော့ အကြောင်းပြချက် မလုံလောက်သလိုပဲနော်”

ယန်ဂန်ဟွမ်ရဲ့ မျက်နှာမှာ နောက်ပြောင်ချင်တဲ့ အရိပ်အယောင်လေးတွေ ပေါ်လာတယ်။ ကြည့်ရတာ သူ တစ်ခုခု စတော့မယ် ထင်ပါရဲ့။ အဲဒီလူရဲ့ မျက်နှာက အဲဒီလို ဖြစ်လာပြီဆိုရင် အမြဲတမ်း တော်တော်လေး စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ အရာတစ်ခုခုကို စလုပ်တော့တာပဲ။ မာရူးကို တခြား အာရုံခံစားမှုတွေ တိုးတက်လာအောင်ဆိုပြီး လမ်းပေါ်မှာ မျက်လုံးမှိတ် လမ်းလျှောက်ခိုင်းတုန်းက မျက်နှာပေးမျိုးနဲ့ တူနေတာကို မာရူး ပြန်သတိရလိုက်မိတယ်။

“မင်းတို့ထဲက အတော်များများက ပရော်ဖက်ရှင်နယ် သရုပ်ဆောင်တွေ ဖြစ်ချင်ကြတယ်လို့ ငါ ကြားထားတယ်။ တချို့ဆိုရင် ကလေးသရုပ်ဆောင်အဖြစ်တောင် လုပ်ခဲ့ကြသေးတာပဲ။ အဲဒါကြောင့် ပရော်ဖက်ရှင်နယ် သရုပ်ဆောင်တွေက သူတို့လိုချင်တဲ့ ဇာတ်ကောင်နေရာကို ဘယ်လို ရယူကြလဲဆိုတာ ငါ ပြချင်တယ်။ အာ... အဲဒီလို ဖြစ်အောင် ငါကိုယ်တိုင်က ပြမှာ မဟုတ်ပါဘူး။ မင်းတို့ကိုပဲ လုပ်ခိုင်းမှာပါ”

“ဆိုလိုတာက...”

“ငါ ပြောခဲ့သားပဲ။ မင်းတို့ ဇာတ်ကောင်တစ်ခု လိုချင်ရင် ငါ့ကို သက်သေပြပါလို့။ ဒီနေ့ ငါမြင်ရသလောက်တော့ မင်းတို့အားလုံးက ပုံမှန်ပါပဲ။ ဘယ်သူမှ ထူးထူးခြားခြား ပါရမီပါနေတာမျိုး မရှိဘူး။ အဲဒါကြောင့် ဒီနေ့ကစပြီး နောက်အပတ်အထိ လူရွေးပွဲ အစစ်အမှန်တစ်ခု လုပ်မယ်။ နေ့တိုင်းမှာ ဇာတ်ကောင်နေရာ အတော်များများအတွက် လူရွေးပွဲတွေ ရှိမယ်။ မင်းတို့ တစ်ခုခုကို လိုချင်ရင် လျှောက်ထားပြီး ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ကြည့်ကြပေါ့”

ယန်ဂန်ဟွမ်က ထူးဆန်းတဲ့ အပြုံးတစ်ခုနဲ့ သူ့မေးစေ့ကို ပွတ်နေတယ်။

“ဒါပေမဲ့ သာမန် လူရွေးပွဲဆိုရင်တော့ ပျင်းဖို့ကောင်းတာပေါ့။ တစ်ခုခု လှုံ့ဆော်မှုပေးမယ့် အရာတစ်ခုတော့ လိုတာပေါ့၊ ဟုတ်တယ်မလား”

ကလေးတွေက မဝံ့မရဲနဲ့ပဲ ခေါင်းညိတ်လိုက်ကြတယ်။ ဒီလူက စိတ်ထဲမှာ ဘာတွေ ထပ်ကြံစည်နေပြန်ပြီလဲလို့ မာရူး တွေးနေမိတာပေါ့။

“ပြဇာတ်တစ်ခု ကြည့်ဖူးရင် သိမှာပါ။ ပုံမှန်အားဖြင့် အရေးကြီးတဲ့ ဇာတ်ကောင် ၄ ယောက်၊ ဇာတ်ပို့ ၄ ယောက်နဲ့ နောက်ခံလူလိုပဲ ရှိတဲ့ ဇာတ်ကောင် ၄ ယောက် ပါတတ်တယ်။ တစ်ခါတစ်လေကျရင် ပြဇာတ်ထဲက ဇာတ်ကောင်တိုင်းက အရေးကြီးပါတယ်လို့ ပြောကြတဲ့သူတွေ ရှိပေမဲ့ အဲဒါက မှားတယ်။ ရိုမီယိုနဲ့ ဂျူးလိယက်မှာ ရိုမီယိုရဲ့ သူငယ်ချင်းက ရိုမီယိုထက် ပိုအရေးကြီးတယ်လို့ ပြောလို့မှ မရတာ၊ ဟုတ်တယ်မလား”

“ဟုတ်ကဲ့”

“ဒီမှာလည်း အတူတူပါပဲ။ အတန်းခေါင်းဆောင်၊ လူမိုက်တွေနဲ့ ဆရာ။ ဒီလို ဇာတ်ကောင်တွေက အမြဲတမ်း စင်ပေါ်မှာ ဗဟိုချက်မ ဖြစ်နေကြတာ။ ငါက ဇာတ်ညွှန်းကို ပြင်ပြီး ဒီဇာတ်ကောင် ၄ ယောက်ကို ပိုပြီး အရေးပါအောင် လုပ်ဖို့ စဉ်းစားထားတယ်။ ဆိုလိုတာကတော့... တခြားဇာတ်ကောင်တွေရဲ့ ပြကွက်တွေက နည်းသွားမှာပေါ့”

ယန်ဂန်ဟွမ်က ပြုံးစိစိနဲ့ ဟိုဟိုဒီဒီ လျှောက်နေတယ်။ ကျောင်းသားတွေကတော့ ယန်ဂန်ဟွမ်ရဲ့ အဲဒီလို ထူးထူးဆန်းဆန်း လှုပ်ရှားမှုတွေကို နေသားကျနေပြီမို့ ငြိမ်ပြီး စောင့်နေကြတာပေါ့။ ဒါပေမဲ့ ယန်ဂန်ဟွမ်ကိုပဲ ဒီအတိုင်း လွှတ်ထားရင် စကားတွေက တခြားဆီ ရောက်သွားနိုင်တာကြောင့် မာရူးပဲ ကြားဝင်ပြောလိုက်တယ်။

“ဒါဆို ဆုလာဘ်က ဘာလဲ”

“ဆုလာဘ် ဟုတ်တာပေါ့၊ ဆုလာဘ်တွေက အရေးကြီးတယ်။ ငါတို့ ပြဇာတ်ကို အလကား ကပြမှာဆိုတာ မင်းတို့ သိတယ်မလား”

“ဟုတ်ကဲ့”

“အဲဒါပဲလေ”

“ဗျာ”

ယန်ဂန်ဟွမ်က နောက်ထပ် ထူးဆန်းတဲ့ မျက်နှာပေးတစ်ခု လုပ်ပြပြန်တယ်။

“ငါ တကယ့်ကို လေးစားရတဲ့ ဆရာတစ်ယောက်က ဒီပြဇာတ်ကို လာကြည့်မှာ။ ဒီအတိုင်း လာကြည့်ရုံသက်သက်တော့ မဟုတ်ဘူးပေါ့။ မင်းတို့ တကယ်ပဲ သရုပ်ဆောင် ဖြစ်ချင်တဲ့ အိပ်မက် ရှိတယ်ဆိုရင်တော့... ဒီအခွင့်အရေးကို လက်မလွတ်စေနဲ့။ ဒီလူ့ဆီမှာ ကိုယ့်ကိုယ်ကိုယ် ပြသနိုင်အောင် ကြိုးစားကြ”

ယန်ဂန်ဟွမ်က ‘ငါသာ ၁၃ နှစ်လောက် ပိုငယ်ခဲ့ရင်’ လို့ ကိုယ့်ဘာသာ ညည်းတွားနေရှာတယ်။

“ဘယ်သူ လာမှာလဲ”

“လာမယ့်နေ့ကျရင် ကိုယ်တိုင် မြင်ရမှာပေါ့။ မင်းတို့တော့ သိချင်မှ သိမှာပေါ့၊ သူကတော့ တကယ့် ဝါရင့်ကြီး တစ်ယောက်ပဲ၊ ဟားဟား”

* * * * * * * * *

“ငါ သွားတော့မယ်၊ နောက်မှ တွေ့မယ်”

“ . . . ”

သူမက မျက်စိတစ်မှိတ်အတွင်းမှာပဲ ပျောက်ကွယ်သွားတယ်။ ယန်ဂန်ဟွမ်ရဲ့ စကားကို ကြားပြီးကတည်းက သူမရဲ့ မျက်လုံးတွေက ချက်ချင်း ပြောင်းလဲသွားတာ။ သရုပ်ဆောင် ဖြစ်ချင်တဲ့သူ တစ်ယောက်အတွက်တော့ ယန်ဂန်ဟွမ် ကမ်းလှမ်းတဲ့ ဒီအခွင့်အရေးက တကယ့်ကို ဆွဲဆောင်မှု ရှိမှာပဲ။ ယန်ဂန်ဟွမ် ဘယ်သူ့အကြောင်း ပြောနေတာလဲဆိုတာ မာရူး မသိပေမဲ့ တစ်ကယ့်ကို ထူးခြားတဲ့သူ ဖြစ်မယ်ဆိုတာတော့ သိနေတာပေါ့။

“လာကြည့်ရုံတင် မဟုတ်ဘူးတဲ့လား...”

အဲဒီလူက သရုပ်ဆောင်တွေကို လူရွေးဖို့ လာတာလား၊ ဘာလား မာရူး ခဏလောက် တွေးနေမိပြီးမှ လက်လျှော့လိုက်တယ်။ အမှန်အတိုင်းပြောရရင် သူကတော့ ဒီကမ်းလှမ်းချက်ကို သိပ်ပြီး စိတ်မဝင်စားပါဘူး။ သူက အခုတောင် တော်တော်လေး အလုပ်များနေတာလေ။ ဒီထက် ပိုပြီး အလုပ်များလာမယ်ဆိုရင် သူမနဲ့ အတူတူ အချိန်ဖြုန်းဖို့ အချိန်ရှိမှာ မဟုတ်တော့ဘူး။ အဲဒါက တကယ့် ပြဿနာပဲ။ ဘာပဲဖြစ်ဖြစ် သူက အခုချိန်မှာ သူ့မိသားစုအတွက်ပဲ အသေအလဲ ကြိုးစားနေတာကိုး။

“ဟင်း... အခုတော့ ယန်မီဆို ပေးထားတဲ့ အလုပ်ကို လုပ်ရတော့မှာပေါ့”

နေက ဝင်တော့မယ် ဆိုပေမဲ့ သူ လုပ်ရမယ့် အလုပ်တွေကတော့ တောင်ပုံရာပုံပဲ။ မာရူး သူ့ဖုန်းကို ထုတ်လိုက်ပြီး ဖုန်းနံပါတ်စာရင်းထဲမှာ လိုက်ရှာနေလိုက်တယ်။

* * * * * * * * *

ပတ်ဒေးမြောင်က သူ့ရဲ့ နည်းပြနဲ့ သင်ခန်းစာတွေ ပြီးတဲ့နောက် အိမ်ကို ပြန်လာခဲ့တယ်။ သူ့ရဲ့ နည်းပြက ဟျဲဟွာ ဘူတာရုံနားမှာ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီးနောက်မှာ သရုပ်ဆောင်သင်တန်းကျောင်းတစ်ခုရဲ့ ကျောင်းအုပ်အဖြစ် လုပ်နေတာလေ။ နည်းပြက သူ့ကို သရုပ်ဆောင်ပညာကို အမြဲတမ်း ကြင်ကြင်နာနာနဲ့ သင်ပေးတတ်တယ်၊ ဒေးမြောင် နားလည်အောင် သူ့ရဲ့ ကိုယ်တွေ့ အတွေ့အကြုံတွေနဲ့ ယှဉ်ပြီး ရှင်းပြပေးလေ့ရှိတာပေါ့။

‘ဟူး... ကိုယ်အလေးချိန် လျှော့ဖို့ လိုပြီ’

သူ့နည်းပြက သူ့ကို အိမ်စာအဖြစ် ပေးလိုက်တာက ဝိတ်ထိန်းဖို့ပဲ။ ဒေးမြောင်က သူ့ခန္ဓာကိုယ်အပေါ်မှာ သိပ်ပြီး ရှက်တတ်တာမျိုး မရှိပေမဲ့ သရုပ်ဆောင်တွေက ကိုယ်အလေးချိန်ကို လွတ်လွတ်လပ်လပ် ထိန်းချုပ်နိုင်ဖို့ လိုတယ်လို့ ပြောတဲ့အခါမှာတော့ သူလည်း သဘောတူလိုက်ရတာပေါ့။ ဒါပေမဲ့ သူ ဆာလောင်မှုကို အောင့်ထားပြီး ဘတ်စ်ကားပေါ် တက်လိုက်တဲ့အချိန်မှာပဲ ဖုန်းမြည်လာတယ်။ မာရူးဆီက ဖုန်းပဲ။

* * * * * * * * *

အခန်း(၁၁၀)

ဗုဒ္ဓဟူးနေ့။

တစ်ပတ်ရဲ့ အလယ်ရက်ပေါ့။ ရုံးပိတ်ရက် ရောက်ဖို့ လိုသေးတယ်ဆိုတာကို ပြသနေသလိုပဲ ပန်းခြံထဲမှာ လမ်းလျှောက်နေတဲ့သူ သိပ်မရှိဘူး။ ဒေးမြောင်က အေးစက်တဲ့ လေဒဏ်ကနေ ခဏလောက် ခိုလှုံဖို့ စတိုးဆိုင်လေးထဲ ဝင်လာခဲ့တယ်။ သူ့မျက်လုံးတွေက မုန့်တွေနဲ့ ခေါက်ဆွဲခြောက်ထုပ်တွေဆီ တန်းရောက်သွားပေမဲ့ နည်းပြရဲ့ ညွှန်ကြားချက်ကြောင့် မယူရဲတာနဲ့ အဲဒီအစား နွေးထွေးတဲ့ အဖျော်ယမကာလေးတစ်ဘူးပဲ ရွေးလိုက်ရတာပေါ့။

စတိုးဆိုင်တံခါး ပွင့်လာပြီး သူ့အရွယ်လောက်ရှိမယ့် စုံတွဲတစ်တွဲ ဝင်လာတယ်။ ဒေးမြောင်က ဘာကြောင့်မှန်းမသိ ကိုယ့်ကိုယ်ကိုယ် အားငယ်သလို ခံစားရတာနဲ့ စားသောက်တဲ့နေရာရဲ့ ထောင့်လေးဆီ လျှောက်သွားလိုက်မိတယ်။

‘အားကျလိုက်တာ’

ကလပ်ထဲမှာ မိန်းကလေး သုံးယောက် ရှိပေမဲ့ ကလပ်လှုပ်ရှားမှုတွေ အပြင်ဘက်မှာ သူတို့နဲ့ အတူတူ အချိန်ဖြုန်းဖူးတာမျိုး မရှိဘူးလေ။

‘သူတို့မှာလည်း ကိုယ်စီ အဖော်တွေ ရှိကြတာပဲကိုး’

ဂွန်ဆော့နဲ့ ယူရင်က လူသိရှင်ကြား စုံတွဲတွေဖြစ်ပြီး ဆိုယွန်းနဲ့ တေဂျွန်းကလည်း တစ်ယောက်ကိုတစ်ယောက် သဘောကျနေကြတာ။ အီဆိုးလ်ကတော့... ချဉ်းကပ်ရ ခက်တာကြောင့် သူ ကျော်လိုက်တော့တယ်။

‘နေပါဦး... သူတို့တွေ တေဂျွန်းအတွက် တစ်ခုခု စီစဉ်နေကြတာ မဟုတ်လား’

တေဂျွန်း တစ်ယောက်တည်း ရုန်းကန်နေရတာကို ကြည့်ပြီး မနေနိုင်တော့တဲ့ အီဆိုးလ်က တစ်ရက်ရက်ကျရင် သူတို့နှစ်ယောက်လုံးကို သူ့မိဘတွေရဲ့ စားသောက်ဆိုင်ဆီ ဖိတ်မယ်လို့ ပြောထားတာလေ။ ဒေးမြောင်ကတော့ အဲဒါက ဘယ်တော့ ဖြစ်လာမလဲဆိုတာ အတိအကျ မသိသေးဘူး။ လေ့ကျင့်ခန်း မရှိတဲ့ တနင်္ဂနွေနေ့မျိုးမှာများ ဖြစ်မလား။ စတိုးဆိုင်ထဲက စုံတွဲ ပြန်ထွက်သွားတဲ့အချိန်မှာပဲ မာရူး ဝင်လာတယ်။

အပြင်မှာ ပိုအေးလာတဲ့ပုံပဲ။ မာရူး သူ့ဆီ လျှောက်လာတဲ့အခါ ဒေးမြောင် ပိုပြီး ချမ်းသွားသလို ခံစားလိုက်ရတယ်။

“ချမ်းတယ် မဟုတ်လား”

“တော်တော် အေးတာ။ အပြင်မှာ နှင်းတွေ ကျနေတာ မြင်လား”

“တကယ်လား”

အပြင်မှာ တကယ်ပဲ နှင်းတွေ ကျနေတာကိုး။ ပြတင်းပေါက်ကနေတစ်ဆင့် အဲဒီစုံတွဲ တစ်ယောက်ကိုတစ်ယောက် ပြုံးပြနေတာကို ဒေးမြောင် မြင်နေရတယ်။ ချိန်းတွေ့နေကြတာ ဖြစ်မှာပေါ့။ အားကျစရာပဲ။

“ဟေ့ကောင်... ဒီရာသီရဲ့ ပထမဆုံးနှင်းကို ယောင်္ကျားလေးချင်း အတူတူ ကြည့်ရတာလည်း မဆိုးပါဘူးကွာ”

“ဆိုးတာပေါ့လို့...”

“ဟင်း... မစ္စတာဒေးမြောင်တစ်ယောက် အခုပဲ ရည်းစားရှာဖို့ ပြင်နေတာလား”

“ဘာ... ဘာတွေ ပြောတာလဲ။ မဖြစ်နိုင်တာ။ ငါ့လိုလူမျိုးကို ဘယ်သူက ပြန်ကြိုက်မှာလဲ”

“အင်းလေ... ငယ်သေးတာကိုး”

မာရူးက ပေါင်မုန့်တစ်လုံးနဲ့ နို့တစ်ဘူး ဝယ်ပြီး ပြန်လာခဲ့တယ်။

“မစားရသေးဘူးလား”

“အင်း... ညစာ စားဖို့ မေ့သွားလို့။ မင်းကော မစားဘူးလား”

“ရတယ်... ငါကတော့ အဆင်ပြေတယ်”

ဒေးမြောင်က သူ့ဗိုက်ကို ပြုံးပြီး ငုံ့ကြည့်လိုက်တယ်။

“နည်းပြက ဝိတ်လျှော့ခိုင်းထားလို့ ငါးကီလိုလောက် ကျအောင် ကြိုးစားကြည့်မလို့လေ”

“ပင်ပန်းမှာပဲ။ ခေါက်ဆွဲခြောက် စားဦးမလား”

မာရူးက ခပ်ပြုံးပြုံးလေး စားနေတယ်။ ဒေးမြောင်က မာရူးကို အသေအချာ အကဲခတ်ကြည့်နေမိတယ်။ ယန်မီဆို ပေးထားတဲ့ အိမ်စာအတွက် သူ လေ့လာရမယ့်သူက မာရူးပဲလေ။ ဒါပေမဲ့ အခုချိန်မှာတော့ သူ တော်တော်များများ လုပ်ပြီးနေပြီဆိုတော့ အထူးတလည် ထပ်ကြည့်နေဖို့ မလိုတော့ဘူး။

“ငါ့ကို အဲဒီလောက်ကြီး စိုက်မကြည့်နဲ့ဦး။ မင်း ငါ့ကို သဘောကျသွားမှာ စိုးလို့”

“ဘာ... ဘာတွေ ပြောတာလဲ”

မာရူးက ဒေးမြောင်ကို လျစ်လျူရှုပြီး ဆက်စားနေတယ်။ သူ တော်တော်လေး ဆာနေတဲ့ပုံပဲ။

“ဗိုက်ဆာလွန်းလို့ ခေါင်းတွေတောင် မူးနေတာ။ မင်း တကယ် မစားဘူးလား။ ဝိတ်ကို အတင်းအဓမ္မကြီး အမြန်ချရင် ခန္ဓာကိုယ်က ဒဏ်မခံနိုင်ဘူးနော်။ ဖြည်းဖြည်းချင်းပဲ လုပ်ရတာမျိုး”

“ရပါတယ်။ ငါ ကြက်ဥတစ်လုံး စားထားပြီးသားပါ”

“တကယ်လား။ အဲဒါနဲ့တင် လုံလောက်လို့လား”

“မလုံလောက်လောက်ပေမဲ့ အတတ်နိုင်ဆုံး ကြိုးစားကြည့်ရမှာပေါ့”

“ခေါက်ဆွဲခြောက် စားဦးမလား”

“အဲဒါကြီးကို ထပ်မပြောပါနဲ့တော့။ ငါ တကယ် ဗိုက်ဆာလာပြီ”

ဒေးမြောင်က ခေါက်ဆွဲခြောက်တွေတင်ထားတဲ့ စင်ဘက်ကို နောက်တစ်ခေါက် ထပ်ကြည့်လိုက်ပြီးမှ ခေါင်းခါလိုက်တယ်။ ခေါက်ဆွဲခြောက် တစ်ထုပ်မှာ အနည်းဆုံး ၄၀၀ ကယ်လိုရီလောက် ရှိတာလေ။ အဲဒါတွေ အကုန်လောင်ကျွမ်းသွားဖို့ အနည်းဆုံး မိနစ် ၄၀ လောက် လမ်းလျှောက်ရမှာ။ ၅ မိနစ်စာ ပျော်ရွှင်မှုအတွက် မိနစ် ၄၀ စာ ပင်ပန်းရမှာဆိုတော့... မတန်တဲ့ အလုပ်မှန်း ဒေးမြောင် သိပေမဲ့လည်း ပါးစပ်ကတော့ အလိုလို သွားရည်ကျလာတာပဲ။

“မင်းရဲ့ လေ့လာစူးစမ်းတဲ့ ကာလက ပြီးတော့မှာလား”

“အင်း... ပြီးသလောက် ရှိနေပြီ”

ဒေးမြောင်က သူ့ရဲ့ မှတ်စုစာအုပ်ကို ထုတ်လိုက်တယ်။

“ရေးစရာတွေကော ရှိလို့လား။ ငါက သာမန်လူတစ်ယောက်ပဲဟာကို”

မာရူးက လက်ကမ်းပေးလိုက်တာနဲ့ ဒေးမြောင်က သူ့ရဲ့ မှတ်စုစာအုပ်ကို ပေးလိုက်တယ်။

“အများကြီးတော့ မရေးထားပါဘူး”

“တကယ်လား”

မာရူးက မေးစေ့ကို လက်နဲ့ပွတ်ရင်း စာအုပ်ကို လှန်လှောကြည့်နေတယ်။ ဒေးမြောင်ကတော့ ဘာကြောင့်မှန်းမသိ ဆရာတစ်ယောက်ဆီမှာ အိမ်စာ အစစ်ခံနေရသလို ခံစားနေရတာပေါ့။ မာရူးက စာမျက်နှာတွေကို တော်တော်လေး အာရုံစိုက်ပြီး ဖတ်နေတာ။ အဲဒါက ဒေးမြောင်ကို တကယ်ပဲ ဖိအားဖြစ်စေတယ်။ အဲဒီအချိန်မှာပဲ...

“ဒါက...”

မာရူးက စာမျက်နှာတစ်ခုပေါ်က နေရာလေးတစ်ခုကို ညွှန်ပြလိုက်တယ်။ ဒေးမြောင်က ဘာလဲဆိုတာကို ငုံ့ကြည့်လိုက်ပြီးမှ မာရူးလက်ထဲက စာအုပ်ကို ချက်ချင်း ပြန်လုလိုက်တာပေါ့။

“ဒါ... ဒါတွေက ကိုယ်ပိုင်အတွေးလေးတွေတင်ပါ။ စိတ်ထဲ မထားပါနဲ့”

“ဒါပေမဲ့ ငါ့ကို လေ့လာနေတုန်းမှာ မင်း တကယ်ပဲ အဲဒီလို ခံစားခဲ့ရတာ မဟုတ်လား”

“အဲဒါတွေက အလကား…. ပါးစပ်ထဲ ရှိတာတွေ ရေးထားတာပါ။ တကယ်ပါ။ ဖျက်ပစ်ဖို့ မေ့သွားလို့ပါ”

အဲဒီအပိုင်းက ဒေးမြောင် မာရူးကို ပြဖို့ မရည်ရွယ်ထားတဲ့ အပိုင်းလေ။ ဒီလောက်အလွယ်တကူ စာအုပ်ကို မပေးလိုက်သင့်ဘူး။

“ငါ မမြင်သင့်တဲ့ အရာတစ်ခုခုများလား...”

“ဘာ... ဘာတွေလဲ”

ဒေးမြောင် စကားတွေ ထစ်ကုန်ပြီ။ သူ့လျှို့ဝှက်ချက်ကို အမိခံလိုက်ရသလိုပဲ... မဟုတ်ဘူး၊ အမိခံလိုက်ရတာ သေချာတယ်။ သူ အဲဒီလောက်အထိ သိသာနေခဲ့လို့လား။

‘သူ သိသွားတာလည်း မဆန်းပါဘူးလေ’

သူ့ဘာသာ ရယ်ရယ်မောမောနဲ့ပဲ ထားလိုက်သင့်တာ။ ဘာလို့ အဲဒီလောက်အထိ ထူးထူးဆန်းဆန်းတွေ ဖြစ်နေမိတာပါလိမ့်။ ဒေးမြောင်က လက်ရှိအခြေအနေကို ရယ်မောပြီး ထားလိုက်ဖို့ ကြိုးစားပေမဲ့ မာရူးကတော့ သူ့ကို ဒီအတိုင်း လွှတ်ပေးမယ့်ပုံ မပေါ်ဘူး။

“ငါက မင်းကို အပြစ်တင်ဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး။ မင်း ငါ့ကို ဘယ်လိုလူစားမျိုးလို့ မြင်လဲဆိုတာ သိချင်ရုံတင်ပါ”

“... အဲဒါက တကယ်ပဲ အကြောင်းမရှိ ရေးထားတာပါဆို”

မာရူးကတော့ တကယ့်ကို အလေးအနက်ထားတဲ့ ပုံစံပဲ။ နောက်ဆုံးတော့ ဒေးမြောင်လည်း စာအုပ်ကို ပြန်ပေးလိုက်ရတော့တာပေါ့။

“အပျော်သဘော ရေးထားတာမို့လို့ အရမ်းကြီး အလေးအနက် မထားပါနဲ့နော်”

“နေဦး”

ဒေးမြောင် ပါးစပ်ကို တင်းတင်းစေ့ထားလိုက်မိတယ်။ သူ စိတ်ဆိုးသွားတာလား။ နေပါဦး... သူ ရေးထားတဲ့ အထဲမှာ စိတ်အနှောင့်အယှက် ဖြစ်စရာတွေလည်း ပါတာပဲကိုး။ ဒေးမြောင်လည်း အဲဒါတွေကို မှတ်စုထဲ ရေးမိခဲ့တာကို တကယ် နောင်တရနေမိပြီ။ မာရူးရဲ့ မျက်နှာမှာ မျက်မှောင်ကြီး ကြုတ်နေတာကို မြင်တော့ ဒေးမြောင်တစ်ယောက် ကြက်သီးတွေတောင် ထလာရတယ်။

မာရူးက ဒေးမြောင် ရေးထားတာတွေကို တကယ့်ကို အာရုံစိုက်ပြီး ဖတ်နေတာ။ တစ်ခါတည်းတင် မဟုတ်ဘဲ အဲဒီစာမျက်နှာတွေကိုပဲ ထပ်ခါတလဲလဲ ဖတ်နေတာ။ ဝတ္ထုတစ်အုပ်ကို ဖတ်နေသလိုမျိုးပဲ။

‘စိတ်မဆိုးတဲ့ပုံပဲ’

မာရူးရဲ့ မျက်မှောင်ကြုတ်ထားတာက သူ့ကို စိတ်ဆိုးလို့ မဟုတ်ဘူးဆိုတာ ဒေးမြောင် သဘောပေါက်လိုက်တယ်။ မာရူးက ဖတ်ပြီးတဲ့နောက် စာအုပ်ကို ပိတ်လိုက်တယ်။

“မာ... မာရူး”

“ဒါဆို မင်းက ငါ့ကို ကြည့်တဲ့အခါ အဲဒီလို ထင်တာပေါ့လေ”

“မဟုတ်ပါဘူး... ငါက...”

“ငါ စိတ်မဆိုးပါဘူး။ အဲဒီတော့ အမှန်အတိုင်းပဲ ပြောပြပါ။ မင်း ပြောချင်တာကို ငါ သိချင်လို့ပါ”

မာရူးက တိုးတိုးလေး ပြောနေတာ။ ပုံမှန်နဲ့မတူဘဲ သူ့အသံထဲမှာ ယုံကြည်ချက်တွေ ပျောက်နေသလိုပဲ။ ဘယ်လို အခြေအနေမျိုးမှာမဆို အဖိုးကြီးတစ်ယောက်လို ယုံကြည်မှုအပြည့် ရှိနေတတ်တဲ့ မာရူးက အခုတော့ အဲလို မဟုတ်တော့ဘူး။ မာရူးအနေနဲ့ သူ့ရဲ့ အမြင်ကို တကယ် လိုအပ်နေတာပဲလို့ ဒေးမြောင် သဘောပေါက်လိုက်တယ်။ အဲဒီတော့ စကားလုံးတွေကို လှလှပပ ပြင်ပြောနေဖို့ မလိုတော့ဘူးလေ။ အခုချိန်မှာ မာရူးအပေါ် ရိုးသားပေးလိုက်တာက အကောင်းဆုံးပဲ ဖြစ်လိမ့်မယ်။

“ဒါက ပြီးခဲ့တဲ့တစ်ခေါက်က ဒိုဂျင်နဲ့ ငါ တွေးမိခဲ့တဲ့ အချက်ပဲ”

“ဒိုဂျင်လား”

“ဒိုဂျင်လည်း ငါ့လိုပဲ ခံစားရတာတဲ့။ မင်းကို အသေအချာ လေ့လာကြည့်တော့မှ ငါ့ခံစားချက်က မမှားဘူးဆိုတာ သိလိုက်ရတာ။ တခြားကလေးတွေကိုလည်း သေချာအောင် မေးကြည့်တော့ သူတို့လည်း အဲလိုပဲ ပြောကြတယ်”

“တခြားသူတွေပါ အဲဒီလို ခံစားရတယ်ဆိုရင်တော့ ဒါက ငါ့ရဲ့ ပင်ကိုယ်စရိုက် ဖြစ်နေလို့ပဲ နေမှာပေါ့”

“ဒါက ခံစားချက်တစ်ခုတင်ပါ၊ ဒါပေမဲ့...”

ဒေးမြောင်က ခဏလောက် တုံ့ဆိုင်းနေပြီးမှ ဆုံးဖြတ်ချက် ချလိုက်တယ်။ မာရူးက သူ့ရဲ့ ပြဿနာတွေကို အမြဲ ကူညီပေးခဲ့တာလေ။ ဒီတစ်ခါတော့ မာရူးက သူ့ရဲ့ အကူအညီကို လိုအပ်နေတာ။ အဲဒီတော့ သူ့ဘက်က တတ်နိုင်သလောက် ကူညီပေးဖို့ တာဝန်ရှိတယ်လို့ ခံစားလိုက်ရတယ်။

“မင်း နားထောင်ပေးမယ်ဆိုရင် ငါ ပြောပြချင်တာလေးတွေ ရှိတယ်။ ထပ်ပြောပါရစေ၊ ဒါက လေ့လာစူးစမ်းချက်တစ်ခုတင်ပါ။ အတန်းထဲမှာ ငါ့ကို စပြီး စကားလာပြောတုန်းက အချိန်ကို မှတ်မိသေးလား”

“မှတ်မိတာပေါ့”

“အဲဒီလို လုပ်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ မဟုတ်ရင် ငါလည်း ဂီဂျုံလိုမျိုး အနိုင်ကျင့်ခံနေရတဲ့သူ တစ်ယောက် ဖြစ်နေလောက်ပြီ”

“အဲဒါကတော့...”

“ဘာပဲဖြစ်ဖြစ် မင်းက အခက်အခဲ ဖြစ်နေတဲ့သူတွေကို ကူညီပေးတတ်တဲ့ လူကောင်းတစ်ယောက်ပါ။ ဒါပေမဲ့ မကြာခင်ကမှ ငါ စဉ်းစားမိတာက မင်းက လူကောင်းတစ်ယောက်တင် မဟုတ်ဘူး။ ဒါက ငါ့ရဲ့ ကိုယ်ပိုင်အမြင်တင်ပါ၊ မင်းမှာ လူတွေကို ကူညီတဲ့နေရာမှာ သီးသန့်စည်းမျဉ်းတစ်ခု ရှိနေသလိုပဲ”

“စည်းမျဉ်း ဟုတ်လား”

“ပထမအချက်က တစ်ဖက်လူကို ကူညီလို့ မင်းမှာ ထိခိုက်နစ်နာမှု မရှိစေရဘူးဆိုတာပဲ။ စိတ်မဆိုးပါနဲ့နော်၊ ဒါက ငါ့ရဲ့ လေ့လာချက်တစ်ခုတင်ပါ”

“ရပါတယ်။ ဆက်ပြောပါဦး”

“နွေရာသီတုန်းက ဆီဆိုင်မှာ အလုပ်လုပ်ပြီးချိန် အတူတူ အပြင်သွားကြတုန်းက မှတ်မိလား။ တို့တွေ ရှိနေတဲ့နေရာမှာ လူတွေ ရန်ဖြစ်ကြတာလေ”

“မှတ်မိတာပေါ့”

“မင်း သူတို့ကို တားမယ်လို့ ငါ ထင်ခဲ့တာ၊ ဒါပေမဲ့ မင်းကတော့ အဲဒီနေရာကနေ ထွက်သွားဖို့ပဲ ဆုံးဖြတ်ခဲ့တာ။ တကယ်တော့ အဲဒီလို အခြေအနေမျိုးတွေ အများကြီး ရှိခဲ့ဖူးတယ်။ မင်းက လူတွေကို ကူညီတာတော့ မှန်ပေမဲ့ ကိုယ့်ကို ထိခိုက်နစ်နာစေမယ့် အခြေအနေမျိုးဆိုရင်တော့ ဘယ်တော့မှ ဝင်မပါဘူး”

“အင်း... အဲဒါတော့ ဟုတ်တယ်”

မာရူးက ငြင်းမနေပါဘူး။

“ဒါတောင်မှ မင်းက တော်တော်လေး အံ့ဩဖို့ကောင်းတဲ့သူပါ။ ငါတို့အများစုကတော့ တခြားသူတွေကို ကူညီဖို့တောင် စိတ်မကူးကြဘူးလေ”

“ချီးမွမ်းပေးတာ ကျေးဇူးပါ၊ ဒါပေမဲ့ အခု ငါ ကြားချင်တာက အဲဒါ မဟုတ်ဘူး”

“ဟုတ်... ဟုတ်ကဲ့”

ဒေးမြောင်က မှတ်စုစာအုပ်ကို ဖွင့်ပြီး မာရူးအကြောင်း ရေးထားတာတွေကို ဖတ်နေမိတယ်။ အဲဒါတွေကို ဖတ်ရင်း အဲဒီအချိန်တုန်းက ဖြစ်ခဲ့တာတွေကို ပြန်မြင်ယောင်လာတာပေါ့။

“ဟိုတုန်းက ကလေးတွေ အနိုင်ကျင့်ခံနေရတာကို မြင်တုန်းက မင်း မကူညီခဲ့ဘူးလေ။ ဂျောင်ချန်ဟူးကြောင့်ပဲ မင်း ကူညီခဲ့တာလို့ ငါ ကြားခဲ့တယ်။ အဲဒါ တကယ်ပဲလား”

“အင်း”

“ငါ လေ့လာမိသလောက်ဆိုရင် ဟန်မာရူးက ကိုယ့်ကို ထိခိုက်နစ်နာစေမယ့် အလုပ်မျိုး ဘယ်တော့မှ မလုပ်ဘူး။ တရားမျှတမှုအတွက် ရှေ့ထွက်မယ့်သူမျိုး မဟုတ်ဘူးလေ။ ဒါပေမဲ့ ထူးဆန်းတာက သရုပ်ဆောင်တာနဲ့ ပတ်သက်လာရင်တော့ အဲဒီစည်းမျဉ်းက အလုပ်မလုပ်တော့ဘူး။ ဟိုတစ်ခေါက်က ကလပ်တစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်ခဲ့တာကို မှတ်မိလား”

“ဪ... အဲဒါလား”

“အဲဒီတုန်းက ဘာဖြစ်ခဲ့လဲဆိုတာကို ဆရာပတ်တေးဆစ်ကို ငါ မေးကြည့်ဖူးတယ်”

“မင်း တော်တော်လေး ကြိုးစားထားတာပဲ”

“အိမ်စာပဲဟာကို။ ပြီးတော့ ငါ့အိပ်မက်က ဒါရိုက်တာ ဖြစ်ဖို့လေ။ သရုပ်ဆောင်တွေကို အနုစိတ် လေ့လာတာက လေ့ကျင့်ခန်းကောင်းတစ်ခုပဲ မဟုတ်လား။ ဒါနဲ့... ဘာပဲဖြစ်ဖြစ် မင်းက ကိုယ့်အတွက် ထိခိုက်နစ်နာမှု ရှိနိုင်မှန်း သိရက်နဲ့ ကလပ်တစ်ခုလုံးကို လှုပ်ခါပစ်ခဲ့တယ်။ ကလပ်မှာ ရှိသမျှ အလုပ်ကြမ်းတွေကိုလည်း အမြဲတမ်း ဦးဆောင်လုပ်ခဲ့တယ်။ သရုပ်ဆောင်တာနဲ့ ပတ်သက်လာရင်တော့ မင်းက ကိုယ့်အတွက် မကောင်းရင်တောင် အဲဒီအလုပ်တွေကို ဇွတ်လုပ်တော့တာပဲ”

“ဟုတ်တယ်”

“အဲဒီအချိန်မှာ ငါ စဉ်းစားမိတာက သရုပ်ဆောင်တာက မင်းအတွက် တကယ့်ကို ကြီးမားတဲ့ အဓိပ္ပာယ် ရှိနေတာပဲလို့။ ဒါပေမဲ့ အဲဒါကပဲ နောက်ထပ် အချက်တစ်ခုကို ပိုပြီး ထူးဆန်းသွားစေတယ်။ ကျောင်းစဖွင့်တုန်းကတော့ မင်းက သရုပ်ဆောင်တာကို စိတ်မဝင်စားဘူး၊ အချိန်ကုန်ရတာနဲ့ မတန်ဘူးလို့ ပြောခဲ့တယ်လေ။ အဲဒီတုန်းက မင်းက လေ့ကျင့်ခန်းတွေကိုတောင် အမြဲ ရှောင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ မင်းက ဘယ်သူ့ထက်မဆို ပိုကြိုးစားနေပြီ။ အဲဒါကို ကြည့်ပြီး ငါ သိလိုက်ရတာက... မင်းက သရုပ်ဆောင်တာဆီကနေ တစ်ခုခုကို ရချင်လို့ အဲဒီလောက်အထိ ကြိုးစားနေတာပဲ ဖြစ်ရမယ်”

အဲဒီအချိန်မှာ မာရူး ပါးစပ်ပိတ်သွားပြီး တိတ်တိတ်လေး ခေါင်းညိတ်လိုက်တယ်။

“အဲဒီတော့မှ မင်းရဲ့ ပင်ကိုယ်စရိုက်ကို ပြန်ကြည့်မိတော့တာပဲ။ ကျောင်းစဖွင့်တုန်းက မင်း စာကို တအား ကြိုးစားခဲ့တယ်လေ။ ဒါပေမဲ့ အခုတော့ အိမ်စာတွေကို လျစ်လျူရှုပြီး ဇာတ်ညွှန်းတွေပေါ်မှာပဲ အချိန်ကုန်နေတော့တယ်။ သရုပ်ဆောင်တာကို တကယ့်ကို အပတ်တကုတ် ကြိုးစားနေတာ မှန်ပေမဲ့... တစ်ခုခုဆိုရင် မင်း သရုပ်ဆောင်တာကို လွယ်လွယ်လေးနဲ့ လက်လွှတ်ပစ်လိုက်မလားလို့ ငါ ခံစားနေရတယ်”

ဒီဇင်ဘာလ ရောက်လာတဲ့အခါ မာရူးက သရုပ်ဆောင်တာပေါ်မှာပဲ အချိန်တွေ အကုန်ပေးလိုက်တယ်။ ကြားရက်တွေမှာလည်း သရုပ်ဆောင်ဖို့ အချိန်ဖဲ့ပေးပြီး ပိတ်ရက်တွေဆိုရင်တော့ မြောင်ဒုံမှာပဲ လေ့ကျင့်နေတော့တာ။ အခုချိန်မှာ မာရူးက သူ့ဘဝတစ်ခုလုံးကို သရုပ်ဆောင်တာပေါ်မှာပဲ ပုံအောထားတာ သိသာပါတယ်။ ဒါပေမဲ့... ဒေးမြောင် စိတ်ထဲက ခံစားချက်တစ်ခုကိုတော့ ဖျောက်လို့ မရဘူး။ မာရူးက သရုပ်ဆောင်တာကို တကယ် မြတ်နိုးလို့ အခုလို ကြိုးစားနေတာလား။

အဲဒီအတွေးနဲ့ မာရူးကို ထပ်ကြည့်မိတော့ ဒေးမြောင် အဲဒီ သုံးသပ်ချက်ဆီ ရောက်သွားတယ်။ ဗလာကျင်းနေတာ။ ဘယ်လိုပဲ လှလှပပ ပြင်ပြောပါစေ၊ ဒါက တစ်ဖက်လူအတွက်တော့ သိပ်ပြီး နားဝင်ချိုမယ့် စကား မဟုတ်ဘူးလေ။ အဲဒါကြောင့်ပဲ ဒေးမြောင်က အစတုန်းက မာရူးလက်ထဲက စာအုပ်ကို ပြန်လုခဲ့တာပေါ့။

“ဒါဆို သုံးသပ်ချက်က ဘာလဲ”

“ဟမ်”

“မင်း ဟန်မာရူးကို အဲဒီလောက်အထိ လေ့လာခဲ့တယ်ဆိုရင် သူ့ရဲ့ ပင်ကိုယ်စရိုက်အပေါ်မှာ နိဂုံးတစ်ခုခုတော့ ရှိမှာပေါ့။ ဇာတ်ကောင်တစ်ခုအတွက် သုံးလို့ရမယ့် အာဘော်မျိုးလေ။ ဟုတ်တယ်မလား”

“အာ... ဟုတ်... ဟုတ်ပါတယ်”

“အဲဒါကို ပြောပြလို့ ရမလား”

ဒေးမြောင် ခဏလောက် တုံ့ဆိုင်းနေပြီးမှ ပါးစပ်ဟလိုက်တယ်။

“ဗားရှင်း နှစ်မျိုး ရှိတယ်”

“ဗားရှင်း နှစ်မျိုးလား”

“အင်း။ ပထမတစ်ခုကတော့ မင်းကို ကြိုးစားတဲ့ သရုပ်ဆောင်တစ်ယောက်အဖြစ် ပုံဖော်တာပေါ့။ ကိုယ်လုပ်မယ်လို့ ဆုံးဖြတ်လိုက်ရင် ဘာမဆို ဖြစ်အောင် လုပ်နိုင်တဲ့ ဇာတ်ကောင်မျိုး။ သန်မာပြီး ကြင်နာတတ်တဲ့သူမျိုးပေါ့”

“ငါ နားထောင်ချင်တာကတော့ ဒုတိယတစ်ခု ဖြစ်မှာ သေချာတာပေါ့”

ဒေးမြောင် ခေါင်းညိတ်လိုက်တယ်။ အမှန်အတိုင်းပြောရရင် သူက ဒုတိယတစ်ခုကိုပဲ စဉ်းစားထားတာပါ။ အဲဒီအကြောင်းကိုလည်း သိပ်မပြောချင်သလို အဲဒါကို သေသေချာချာ သရုပ်ဆောင်နိုင်ပါ့မလားဆိုတာလည်း သူ့ကိုယ်သူ ယုံကြည်မှု မရှိဘူး။ ဒါပေမဲ့ မာရူးကိုယ်တိုင်က သိချင်နေတာဆိုတော့လည်း သူ နှုတ်ဆိတ်နေလို့ မရတော့ဘူးလေ။

“ဒုတိယတစ်ခုကတော့...”

ဒေးမြောင် မှတ်စုစာအုပ်ရဲ့ နောက်ဆုံးစာမျက်နှာကို လှန်လိုက်တယ်။

“မင်း သရုပ်ဆောင်တာကနေ နောက်ဆုံးမှာ ဘာကို ရချင်တာလဲ၊ ပြီးတော့ အဲဒီအရာကို ဆုံးရှုံးသွားရင် မင်း ဘယ်လို ဖြစ်သွားမလဲဆိုတာကို ငါ စဉ်းစားကြည့်တာပါ”

ဒေးမြောင်က စကားကို အသေအချာ ဆင်ခြင်ပြီး ဆက်ပြောတယ်။

“ဒါက ငါ့ရဲ့ စိတ်ကူးယဉ်မှုသက်သက်လည်း ဖြစ်နိုင်ပါတယ်။ ငါ အများကြီး တွေးမိသွားတာလည်း ဖြစ်မှာပါ။ မင်းက သရုပ်ဆောင်တာကို အစွမ်းကုန် ကြိုးစားနေတဲ့အချိန်မှာ ငါက အခုလိုတွေ ပြောနေတာဆိုတော့ မင်း ငါ့ကို ဆဲချင်လည်း ဆဲနိုင်ပါတယ်။ ဒါပေမဲ့ ဒီခံစားချက်ကြီးကို ငါ ဖျောက်လို့ မရဘူး။ အော်... နောက်ထပ် တစ်ခု ရှိသေးတယ်။ စောစောက ပြောခဲ့တဲ့ အချက်နှစ်ခုကို စဉ်းစားပြီးမှ ဒီသုံးသပ်ချက်ကို ရောက်လာတာပါ၊ အဲဒါကတော့... မင်းက ဟန်မာရူးဆိုတဲ့ ဇာတ်ကောင်တစ်ခုကို သရုပ်ဆောင်နေသလိုမျိုး ငါ ခံစားရတာပဲ”

ဒီလို ပြောလိုက်တာက မာရူးကို စိတ်ဆိုးသွားစေမှာပဲလို့ ဒေးမြောင် တွေးလိုက်မိတယ်။

* * * * * * * * *

All Chapters