← Chapters

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

အခန်း(၁၁၁)

မာရူးက တော်တော်ကြာအောင် ဘာမှမပြောဘဲ တိတ်နေတယ်။ မဟုတ်ဘူး... သူတို့ကြားက အနေရခက်တဲ့ အခြေအနေကြီးကြောင့်ပဲ ကုန်ဆုံးသွားတဲ့ အချိန်တွေက တော်တော်လေး နှေးကွေးနေသလို ခံစားရတာလည်း ဖြစ်နိုင်တာပေါ့။

ဒေးမြောင်က မာရူးကို ခဏလောက် အကဲခတ်ကြည့်ပြီးမှ အအေးသွားဝယ်ဖို့ ထွက်လာခဲ့တယ်။ သူက လီမွန်ဆိုဒါတစ်ဘူး ဝယ်လိုက်တာပေါ့။ လီမွန်ရဲ့ အချဉ်အရသာက သူ့ရဲ့ စိတ်လှုပ်ရှားမှုတွေကို နည်းနည်းလောက် ပြေပျော့သွားစေမလားလို့ တွေးမိလို့လေ။ စိတ်မကောင်းစရာကတော့ အဲဒီအအေးက သူ့လည်ချောင်းကို ယားကျိကျိဖြစ်အောင်ပဲ လုပ်နိုင်ခဲ့တာပါပဲ။

တောက် တောက် တောက်

မာရူးက ရှေ့က ပြတင်းပေါက်ကနေ အပြင်ကို ငေးကြည့်ရင်း စားပွဲကို လက်နဲ့ တောက်တောက် ခေါက်နေတယ်။ ဒီကောင်လေး ဘာတွေ တွေးနေပါလိမ့်။ တော်သေးတာက သူ့ကြည့်ရတာ သိပ်ပြီး စိတ်ဆိုးနေတဲ့ပုံတော့ မပေါက်ဘူး။

“ဟေ့ ဒေးမြောင်”

“ဘာလဲ”

“အခုချိန်မှာ မင်းအတွက် အရေးကြီးဆုံးအရာက ဘာလဲ”

“အင်း... အတိအကျကြီးတော့ ရွေးရခက်သားပဲ။ ငါ့မိသားစုလည်း အရေးကြီးတယ်၊ သူငယ်ချင်းတွေရော၊ သရုပ်ဆောင်တာရောပေါ့...”

“ဟုတ်တယ်မလား။ ကိုယ့်ဘဝမှာ အရာတစ်ခုတည်းကိုပဲ အရေးကြီးဆုံးအရာအဖြစ် ရွေးထုတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးမလား”

“...”

“ဒါပေမဲ့ အရာတစ်ခုတည်းအတွက်ပဲ အသက်ရှင်နေတဲ့ လူတစ်ယောက် ရှိတယ်ဆိုပါစို့။ အဲဒီလူဆီကနေ အဲဒီအရာကိုသာ လုယူလိုက်မယ်ဆိုရင် ဘာဖြစ်သွားမယ်လို့ မင်းထင်လဲ”

“သူ တော်တော်လေး ဝမ်းနည်းသွားမှာပေါ့”

မာရူးက သူ့အကြောင်းသူ ပြောနေတာလား။ ဒေးမြောင် သူ့ရဲ့ မှတ်စုထဲမှာ ရေးထားခဲ့တဲ့ အချက်တွေကို အခုထိ မာရူးဘက်က ငြင်းဆိုတာမျိုး မရှိသေးဘူး။ ဒေးမြောင် အစောပိုင်းက ရေးခဲ့တာတွေကိုပဲ မာရူးက ဆက်ပြီး ပြောနေတာများလား။ အဲဒါဆိုရင် မာရူးက သူ့ဘဝမှာ အရေးကြီးဆုံးဖြစ်တဲ့ အရာတစ်ခုကို ရွေးနိုင်နေပြီလို့ ဆိုလိုတာလား။

ဒေးမြောင်ကတော့ စိတ်ကူးကြည့်လို့တောင် မရဘူး။ သူ့စိတ်ထဲမှာတော့ မိသားစု၊ သူငယ်ချင်းနဲ့ သရုပ်ဆောင်တာ အားလုံးက အဆင့်အတန်း အတူတူပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် တခြားအရာတွေထက် ပိုပြီး အရေးကြီးတဲ့ အရာတစ်ခုကိုတော့ သူ ရွေးနိုင်မှာ မဟုတ်ဘူးလေ။

“ဟန်မာရူး... ဟန်မာရူးဆိုတဲ့ ဇာတ်ကောင်အတိုင်း သရုပ်ဆောင်နေတာပေါ့”

“အဲဒါက ဒီအတိုင်း အကြောင်းမရှိ ရေးထားတာပါ။ အရမ်းကြီး စိတ်ထဲမထားပါနဲ့”

မာရူးက ခပ်ပြုံးပြုံးလေးနဲ့ ခေါင်းညိတ်ပြပေမဲ့ သူ့ရဲ့ အမူအရာကတော့ မှိုင်နေသလိုပဲ။ သူကတော့ မှတ်စုထဲမှာ ရေးထားတာတွေကို တွေးနေတာ ဖြစ်မှာပေါ့။ မာရူးကို အဲဒီလောက်အထိ စိုးရိမ်ပူပန်အောင် လုပ်ခဲ့မိလို့ ဒေးမြောင် စိတ်မကောင်း ဖြစ်လာတယ်။

“အဲဒီထဲက အတော်များများက အလကား လျှောက်တွေးပြီး ရေးထားတာတွေပါ... အဲဒါကြောင့် အရမ်းကြီး အလေးအနက် မထားပါနဲ့ကွာ”

သူ မှတ်စုစာအုပ်ကို လွယ်အိတ်ထဲ ပြန်ထည့်လိုက်တယ်။ သူ့သူငယ်ချင်းကို အကဲခတ်ပြီး သုံးသပ်ရတာက တကယ့်ကို ပျော်စရာကောင်းတဲ့ အတွေ့အကြုံပါပဲ။ မာရူးအကြောင်း တော်တော်များများ သိထားတယ်လို့ သူ ထင်ခဲ့ပေမဲ့ အဲဒါက တကယ်မဟုတ်ဘူးဆိုတာ ချက်ချင်း သိလိုက်ရတယ်လေ။

သူ့ရဲ့ တန်ဖိုးထားရတဲ့ သူငယ်ချင်းအကြောင်း အသစ်အသစ်တွေ သိလိုက်ရတာက ကောင်းတဲ့ အတွေ့အကြုံဆိုပေမဲ့ ကိုယ့်ရဲ့ သုံးသပ်ချက်တွေကို သူငယ်ချင်းကို ပြလိုက်ရတဲ့အခါမှာတော့ စိတ်ထဲမှာ တော်တော်လေး ဖိအားဖြစ်ရတယ်ဆိုတာ သူ မသိခဲ့ဘူး။ လူတစ်ယောက်ကို ဝေဖန်သုံးသပ်ရတာက ရိုးရှင်းပေမဲ့ ရလာတဲ့ ရလဒ်ကတော့ တကယ့်ကို စိတ်ဖိစီးစရာပဲ။ ဆရာမ ယန်မီဆိုက ဒီအိမ်စာပေးတုန်းက ဒါတွေကို ကြိုတွေးပြီး ပေးခဲ့တာ ဖြစ်မှာပါ။

အခုချိန်မှာတော့ ဒေးမြောင်အနေနဲ့ သူ့ရဲ့ စကားလုံးတွေကြောင့် မာရူး စိတ်မထိခိုက်ဖို့ပဲ မျှော်လင့်နိုင်တော့တယ်။ ဒါကြောင့်လည်း မာရူးက သူ့အပေါ်မှာ အမြင်မစောင်းသွားဖို့ ဆုတောင်းနေမိတာပေါ့။ ခဏလောက်ကြာတော့ မာရူးက သက်ပြင်းတစ်ချက် ချလိုက်တယ်၊ သူ့မျက်နှာပေါ်က မှိုင်နေတဲ့ အရိပ်အယောင်တွေလည်း ပျောက်ကွယ်စပြုလာပြီ။ သူ သူ့ရဲ့ လည်ပင်းကို ဟိုဘက်ဒီဘက် နည်းနည်းလောက် လှုပ်ရှားလိုက်ရင်း ထူးဆန်းတဲ့ အပြုံးလေးတစ်ခုနဲ့ ပြုံးလိုက်တယ်။

“ကျေးဇူးပဲ”

ကျေးဇူးတင်တယ် ဟုတ်လား။ ဒေးမြောင် တော်တော်လေး ကြောင်သွားတယ်။ သူက အဲဒီစာရွက်ပေါ်မှာ မာရူးအပေါ် တော်တော်လေး မကောင်းတဲ့ အမြင်တွေကို ရေးထားခဲ့တာလေ။ အဲဒါကို သူ စိတ်မဆိုးဘူးလား။ ဒါမှမဟုတ် ရွဲ့ပြောနေတာလား။ ကြည့်ရတာတော့ အဲဒီလိုပုံစံမျိုး မဟုတ်ဘူး။ မာရူးက ဒေးမြောင် လုပ်ခဲ့တဲ့ အရာတွေအတွက် တကယ်ကို ကျေးဇူးတင်နေတဲ့ ပုံပါပဲ။

“ငါ့အတွက် တစ်ခုခုလောက် လုပ်ပေးနိုင်မလား”

“တစ်ခုခု ဟုတ်လား”

“အင်း”

“ဘာလဲဟ။ ငါ လုပ်ပေးနိုင်တာဆိုရင် ဘာမဆို လုပ်ပေးမှာပေါ့”

“နည်းနည်းတော့ ခက်လိမ့်မယ်၊ ဒါပေမဲ့ မင်း လုပ်ပေးနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်။ မင်းဆိုရင် တကယ်ကို ကောင်းကောင်း လုပ်နိုင်မှာပါ”

“ငါကလား”

မာရူးက ဘာတွေ တောင်းဆိုဖို့ ကြံနေတာပါလိမ့်။ အဲဒီကောင်လေးရဲ့ မျက်လုံးတွေကို ကြည့်ရင်း မာရူး ဘာကို လိုချင်နေတာလဲဆိုတာ ဒေးမြောင် နည်းနည်းတော့ ရိပ်မိလိုက်တယ်။ တကယ်လည်း သူ့ရဲ့ ခန့်မှန်းချက်က မှန်သွားခဲ့တာပေါ့။

“ဟို တစ်ကိုယ်တော် ပြဇာတ်အကြောင်းလေ... မင်းရဲ့ ဒုတိယ သုံးသပ်ချက်အတိုင်း ငါ့ကို သရုပ်ဆောင်ပြပေးနိုင်မလား။ အဲဒါကို ငါ တကယ် မြင်ချင်လို့ပါ”

ဒါက တောင်းဆိုတာထက်စာရင် အမိန့်ပေးလိုက်သလိုမျိုးတောင် ခံစားရတယ်။ မာရူးရဲ့ စကားကို ဒေးမြောင်အနေနဲ့ ‘အင်း’ လို့ပဲ ပြန်ဖြေနိုင်ခဲ့တော့တာပေါ့။

“လေ့လာစူးစမ်းတာက တကယ့်ကို အံ့ဩဖို့ကောင်းတဲ့ အရာပဲနော်။ ဒေးမြောင်က လူတွေကို ဒီလောက်အထိ အကဲခတ် တော်လိမ့်မယ်လို့ ငါ တကယ် မထင်ထားခဲ့ဘူး”

“... တကယ်လား”

“လူတိုင်းမှာ ပါရမီတစ်ခုစီ ရှိကြတယ်လို့ ပြောကြတယ်မလား။ မင်းရဲ့ ပါရမီက လူတွေကို အကဲခတ်တာ ဖြစ်မှာပေါ့။ သရုပ်ဆောင်တာထက် ရာဇဝတ်မှုဆိုင်ရာ စိတ်ပညာဘက်ကို သွားကြည့်တာက ပိုမကောင်းဘူးလား”

မာရူးက ခပ်ပြုံးပြုံးလေးနဲ့ ထရပ်လိုက်တယ်။

“မကြာခင်မှာ ငါလည်း မင်းကို အကဲခတ်ပြီး ဘာတွေ သိလာလဲဆိုတာ ပြန်ပြောပြမယ်လေ။ မင်းက ငါ့ကို အသေအလဲ လေ့လာထားတာဆိုတော့ ငါလည်း ပြန်ပြီး လေ့လာရမှာပေါ့။ အဆင်သင့် ပြင်ထားလိုက်ဦး သူငယ်ချင်း”

“ဟေ့... မာရူး၊ အဲဒီလောက်ထိတော့ မလုပ်ပါနဲ့ကွာ”

ဒေးမြောင်က လက်ခါပြရင်း အသည်းအသန် ငြင်းလိုက်တယ်။ မာရူးသာ သူ့ကို လေ့လာတော့မယ်ဆိုရင် အိမ်သာထဲအထိတောင် လိုက်လာမလားလို့ သူ ခံစားနေရလို့လေ။

“ငါ အရင်သွားနှင့်တော့မယ်”

“အာ... အင်းပါ”

စတိုးဆိုင်ထဲကနေ ထွက်သွားတဲ့ မာရူးကို ဒေးမြောင် ကြည့်နေမိတယ်။ တော်သေးတာက အဲဒီကောင်လေးရဲ့ အမူအရာက စောစောကထက်စာရင်တော့ အများကြီး ပိုလန်းသွားသလိုပဲ။

“ဒါဆိုရင်တော့ အဆင်ပြေသွားတာပေါ့နော်”

ဒေးမြောင်က စိုးရိမ်တကြီးနဲ့ သူ့ရဲ့ လည်ဂုတ်ကိုပွတ်ရင်းတွေးမိလိုက်တယ်။

* * * * * * * * *

၁၁ နာရီ…

သူမက ခုတင်ပေါ်မှာ ကြောင်တောင်တောင်လေး လှဲနေမိတယ်။ အိမ်ရောက်တဲ့အချိန်တုန်းကတော့ ဒီအတိုင်းကြီး ပစ်လဲပြီး အိပ်ပျော်သွားချင်ခဲ့တာ၊ ဒါပေမဲ့ ရေချိုးပြီးသွားတော့လည်း မျက်စိက ကြည်သွားပြန်ရော။ ဟောင်းနွမ်းနေတဲ့ ဇာတ်ညွှန်းကို ကိုင်ပြီး ခုတင်ပေါ်မှာ ဟိုလှိမ့်ဒီလှိမ့် လုပ်နေရင်းမှ သူမ ထရပ်လိုက်တယ်။

ဖုန်းမြည်လာလို့လေ…

ဘာကြောင့်မှန်းမသိဘူး၊ ဖုန်းကို ကြည့်လိုက်ရုံနဲ့ ဘယ်သူ ခေါ်နေတာလဲဆိုတာကို သူမ သိနေသလိုပဲ။ သေချာအောင်လို့ ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်တော့ သူမ ထင်တဲ့အတိုင်းပါပဲ။

‘ငါ့ရဲ့ အာရုံခြောက်ပါးကလည်း ဘယ်လိုတွေ ဖြစ်နေတာပါလိမ့်’

မာရူးပါ…

သူမရဲ့ ခန့်မှန်းချက် မှန်သွားလို့ ပျော်ရမှာလား။ သူမ ခပ်ပြုံးပြုံးလေးနဲ့ ဖုန်းကို ကိုင်လိုက်တယ်။ ဒီထူးဆန်းတဲ့ ကောင်လေးက ဒီနေ့ ဘာတွေများ လာပြောဦးမလဲ။

“ဒီလောက် ညဉ့်နက်တဲ့အချိန်မှာ ဖုန်းဆက်တာက သိပ်ပြီး ယဉ်ကျေးရာ မကျဘူးနော်”

“ဆောရီး၊ နင် အိပ်နေပြီလား”

ပုံမှန်ဆိုရင်တော့ အဲဒီကောင်လေးက ပါးစပ်အရမ်းသန်ပြီး ပြန်ပြောင်နေကျ။ ဒါပေမဲ့ ဒီတစ်ခါတော့ သူက ချက်ချင်း တောင်းပန်လာတယ်။ အဲဒါက သူမကို တော်တော်လေး အံ့ဩသွားစေတာပေါ့။

“ဘာလို့ ရုတ်တရက်ကြီး တောင်းပန်နေတာလဲ။ ပုံမှန်အတိုင်းပဲ နေစမ်းပါ”

“ဒီနေ့တော့ အဲလိုနေလို့ မဖြစ်ဘူး ထင်တယ်”

“ဘာကို ဆိုလိုတာလဲ”

သူမ ခုတင်ပေါ်ကို ပြန်လှဲချလိုက်တယ်၊ သူမရဲ့ မွေ့ယာဟောင်းလေးဆီကနေ တကျိကျိ အသံလေး ထွက်လာတာပေါ့။ ခြုံစောင်ရဲ့ အထိအတွေ့ကို ခံစားရင်း သူမ ပိုပြီး အာရုံစိုက်ပြီး နားထောင်နေမိတယ်။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်အပေါ် စိတ်ဝင်စားနေတဲ့ ကောင်လေးတစ်ယောက်ဆီက ဖုန်းလာရင်တော့ ရင်ထဲမှာ နည်းနည်းတော့ ခုန်မိတာပေါ့။

ငါ အခုထက် ပိုပြီး အားနာစရာကောင်းတဲ့ စကားတစ်ခွန်း ပြောတော့မှာမို့လို့ အဲဒါကြောင့် တောင်းပန်တာပါ။

“ဘာအတွက် အားနာမှာလဲ”

“အင်း”

“ဘာလဲလို့”

“နင် အခု အပြင်ကို ခဏလောက် ထွက်လာပေးလို့ ရမလား”

“... ဘာ”

သူမ အခန်းထဲက နာရီကို လှမ်းကြည့်လိုက်တယ်။ ၁၁ နာရီ ထိုးဖို့ ၅ မိနစ်ပဲ လိုတော့တာ။ နေဝင်သွားတာလည်း တော်တော်လေး ကြာနေပြီလေ။ ဒီလိုအချိန်ကြီးမှာ သူက သူမကို အပြင်ထွက်လာခိုင်းတာလား။

“နင် ရူးနေတာလား”

“သိပါတယ်၊ ငါ တကယ် အားနာပါတယ်။ ဒါပေမဲ့ နင်နဲ့ တွေ့လို့ ရမလား”

“ဟေ့... ၁၁ နာရီ ထိုးတော့မယ်လေ။ ဘာတွေ ဖြစ်နေတာလဲ”

“နင့်ကို ပြောချင်တာလေး ရှိလို့ပါ”

“ဖုန်းထဲကပဲ ပြောလေ”

“ဖုန်းထဲက ပြောလို့ မဖြစ်ဘူး ထင်လို့”

“... ဘာကြီးလဲဟ”

သူမကိုယ်သူမတောင် အံ့ဩနေမိတယ်၊ ဘာလို့လဲဆိုတော့ သူမက ပြန်ဖြေနေရင်းနဲ့ပဲ သူမအမေ သူမအခန်းထဲမှာ ရှိမရှိကို စတင်စဉ်းစားနေမိလို့လေ။ အဲဒါတင်မကဘူး၊ သူမက အပြင်ထွက်ဖို့တောင် အဝတ်အစားတွေ လဲနေပြီ။

‘ရူးနေပြီ... ငါ တကယ် ရူးနေပြီ’

သူမ ခုတင်ပေါ်မှာ ပြန်ထိုင်လိုက်တယ်။ အခု ၁၁ နာရီ ရှိပြီ။ သူမအမေက အရမ်းကြီး စည်းကမ်းမကြီးပေမဲ့ ဒီလိုအချိန်ကြီးမှာ အပြင်သွားမယ်ဆိုရင်တော့ တစ်ခုခု ပြောမှာ သေချာတယ်။

“မဖြစ်နိုင်တာ။ ဖုန်းထဲကပဲ ပြော။ အဲလိုမှ မဟုတ်ရင်လည်း မနက်ဖြန်မှ ပြောတော့။ ဘာပဲဖြစ်ဖြစ် တို့တွေ ပြန်တွေ့ကြမှာပဲကို”

“အင်း... အဲဒါကလည်း ဟုတ်တာပါပဲ။ ဒါပေမဲ့ အခုပဲ ပြောဖို့ လိုမယ်လို့ ငါ တကယ် ခံစားနေရလို့ပါ”

“နင်ကတော့ တကယ့်ကို ဇွတ်ပဲနော်”

“ဘာလို့လဲဆိုတော့ ငါ သိနေလို့လေ”

“ဘာကိုလဲ”

“နင်က ဇွတ်လုပ်တတ်တဲ့ လူတွေကို သိပ်မမုန်းဘူးဆိုတာကိုပေါ့”

အဲဒီအချိန်မှာပဲ မာရူးဘက်ကနေ ဘတ်စ်ကားပေါ်က အသံတွေကို သူမ ကြားလိုက်ရတယ်။ ပုံမှန်အတိုင်း ပျင်းဖို့ကောင်းတဲ့ တေးသီချင်းလေးနဲ့အတူ ‘စကိုင်း သွားဘက်ဆိုင်က ဘူတာရုံရဲ့ တစ်ဖက်ခြမ်းမှာ ရှိပါတယ်’ ဆိုတဲ့ ကြေညာသံပေါ့။ အဲဒါက သူမအတွက် တကယ့်ကို ရင်းနှီးနေတဲ့ ကြော်ငြာတစ်ခုလေ။ အဲဒီဘူတာရုံက သူမတို့ တိုက်ခန်းဝန်းရဲ့ အရှေ့တည့်တည့်မှာ ရှိနေတာကို သိလိုက်ရတဲ့အချိန်မှာ သူမ လန့်သွားတယ်။

“နင် တကယ်ကြီး ရောက်နေတာလား”

သူမ ချက်ချင်း ထရပ်ပြီး အပြင်ကို လှမ်းကြည့်လိုက်တယ်။ တိုက်ခန်းဝန်းရဲ့ အဝင်ဝကို မြင်နေရပြီး အဲဒီကျော်မှာတော့ ဘတ်စ်ကားဂိတ် ရှိတာပေါ့။ ဘတ်စ်ကားတစ်စင်း ဂိတ်ကနေ ထွက်ခွာသွားတာကို သူမ မြင်လိုက်ရတယ်။

အဲဒီ ဘတ်စ်ကား ရှိနေခဲ့တဲ့ နေရာမှာတော့ ကောင်လေးတစ်ယောက်တည်း ရှိနေတာ။ တကယ့်ကို ထူးဆန်းလိုက်တာ။ လမ်းပေါ်မှာ တခြားလူတွေ အများကြီး ရှိနေပြီး သူတို့ရဲ့ မျက်နှာတွေကိုတောင် သူမ သေသေချာချာ မမြင်ရဘူး။ ဒါပေမဲ့ ဘာဖြစ်လို့ အဲဒီကောင်လေးကိုကျတော့ ဒီလောက်အထိ ထင်ထင်ရှားရှားကြီး သိနေရတာပါလိမ့်။

“မဖြစ်နိုင်တာ... ဟုတ်တယ်မလား။ အင်း... မဖြစ်နိုင်ပါဘူး”

သူမ အဲဒီလို ပြောလိုက်တဲ့အချိန်မှာပဲ လမ်းပေါ်က ကောင်လေးက လက်လှမ်းပြလိုက်တယ်။ သူမ မျက်နှာမှာ သွေးမရှိသလိုမျိုး ချက်ချင်း ဖြူဖျော့သွားသလို ခံစားလိုက်ရတယ်။ သူ ဘာလုပ်နေတာလဲ။

“နင် ရူးနေတာလား။ ဘာလုပ်နေတာလဲလို့”

“အော်... နင် ငါ့ကို မြင်ရတာကိုး။ တိုက်ခန်းတွေက ဒီလောက်အထိ များနေတာဆိုတော့ နင် ဘယ်နားမှာ ရှိနေမှန်းတောင် ငါ မသိဘူး”

“ဟား...”

တကယ့်ကို မယုံနိုင်စရာပဲ။ သူက ဒီအထိ တကယ်ကြီး လာခဲ့တာပေါ့။ ဖွင့်ထားတဲ့ ပြတင်းပေါက်ကနေ အေးစိမ့်တဲ့ လေတွေ တိုက်ခတ်လာတယ်။ ချမ်းလိုက်တာ။ သူမ အပြင်ကို ငေးကြည့်ရင်း လက်ပိုက်ထားလိုက်မိတယ်။ မာရူးကတော့ လမ်းပေါ်မှာ ကြောင်တောင်တောင်လေး ရပ်နေတာကို သူမ မြင်နေရတုန်းပဲ။

“ပြန်မသွားသေးဘူးလား”

“ချမ်းတယ်ဟ”

“ဒီကောင်စုတ်လေး”

“အင်း... ငါ ဒီနေ့တော့ အဲဒီအတိုင်းပဲ နေလိုက်တော့မယ်။ မိန်းကလေးတစ်ယောက်ရဲ့ အိမ်ကိုတောင် ဘာမှမပြောဘဲ ရောက်လာခဲ့တာဆိုတော့ နင် ငါ့ကို ဘယ်လိုပဲ ဆဲဆဲ ငါ ဘာမှ ပြန်မပြောပါဘူး”

“အဲဒါကို သိရက်နဲ့ လာခဲ့တာလား”

“နင်နဲ့ စကားပြောချင်လို့ပါ”

သူမ နှုတ်ခမ်းကို ကိုက်ပြီး ဖုန်းချလိုက်တယ်။ ဒီကောင်လေးက တကယ့်ကို ခေါင်းမာတာပဲ။ သူမက ဘာမှတောင် ပြင်ဆင်ရသေးဘူး။ ဆံပင်တွေကလည်း စိုနေတုန်း၊ မျက်နှာပေါ်က ဝက်ခြံလေးတွေကိုလည်း သေသေချာချာ မပြင်ရသေးဘူး။ ဝတ်ဖို့အတွက် အဝတ်အစားကောင်းကောင်းလည်း အခုလောလောဆယ်မှာ မရှိဘူးလေ။

“နေဦး... ငါက ဘာလို့...”

သူမ အပြင်ထွက်ဖို့အတွက်ပဲ ဆက်ပြီး တွေးနေမိတာကို သတိထားမိတဲ့အခါမှာ သူမ ပိုပြီး စိတ်တိုလာတယ်။ ပိုပြီး ရယ်စရာကောင်းတာက သူမက မာရူးကို ပေးဖို့ရှိတဲ့ ဝမ် ငါးသောင်းကိုလည်း ယူလိုက်သလို၊ သူ ချမ်းနေမှာစိုးလို့ဆိုပြီး လည်စည်းတစ်ခုကိုပါ ယူလိုက်မိတာပဲ။

ထားလိုက်ပါတော့... ဘာပဲဖြစ်ဖြစ်။

သူမ တတ်နိုင်သလောက် အမြန်ဆုံး အဝတ်အစားလဲပြီး အခန်းထဲကနေ ထွက်လာခဲ့တယ်။

“ဘယ်သွားမလို့လဲ” လို့ သူမအမေက မျက်မှန်ကို ပင့်တင်ရင်း မေးတယ်။

အမေက လက်ပ်တော့ရှေ့မှာ ထိုင်နေတာ။ ကြည့်ရတာ အလုပ်မပြီးသေးတဲ့ ပုံပဲ။ သူမ သူငယ်ချင်းနဲ့ သွားတွေ့မလို့ပါဆိုပြီး ဆင်ခြေတစ်ခုကို ထစ်ထစ်ငေါ့ငေါ့နဲ့ ပြောလိုက်မိတယ်။ သူမရဲ့ အသက်ရှူနှုန်းကို ပုံမှန်အတိုင်း ထိန်းထားနိုင်လို့လည်း တော်သေးတာပေါ့။ သရုပ်ဆောင်တာက နေ့စဉ်ဘဝမှာ တကယ်ကို အသုံးဝင်တာပဲ။ ဒါပေမဲ့...

“ယောင်္ကျားလေးလား”

“မ... မဟုတ်ပါဘူး”

“လိမ်မနေနဲ့ပါအေ။ ငါလည်း ငယ်ငယ်တုန်းက မိန်းကလေး ဖြစ်ခဲ့ဖူးတာပဲလေ။ နင့်အဖေနဲ့ သွားတွေ့တုန်းက ငါ့ပုံစံနဲ့ အခု နင့်ပုံစံက တထပ်တည်းပဲ”

“...”

သူမ မျက်နှာတစ်ခုလုံး ပေါက်ကွဲထွက်တော့မမတတ် ပူထူးလာပေမဲ့ ဘာမှတော့ မတတ်နိုင်ဘူး။

“သွားလို့ ရမလား”

“နင်က လူလားမြောက်နေပြီပဲ။ ခွင့်ပြုချက် တောင်းနေစရာ မလိုပါဘူး။ ဒါပေမဲ့ သန်းခေါင်မတိုင်ခင်တော့ ပြန်လာခဲ့နော်။ အမေ့ကို စိတ်မပူအောင် ထားလေ၊ ကြားလား”

“ဟုတ်”

အမေကတော့ အကောင်းဆုံးပဲ။ ဒါပေမဲ့... အဲဒီလူနဲ့ သွားတွေ့ဖို့ကို ဒီလောက်အထိ စိတ်လှုပ်ရှားနေမိတာကို သတိပြုမိတဲ့အခါမှာတော့ သူမ နည်းနည်းတော့ ပြန်ပြီး စိတ်ဓာတ်ကျသွားတယ်။ အဲဒါအပြင်...

“ရည်းစားလား”

“မဟုတ်ဘူး”

“ဪ... အဲဒါဆို မကြာခင် ဖြစ်တော့မယ့်သူပေါ့”

“... အမေရာ၊ အရာရာကို အချစ်ဝတ္ထုတွေလိုပဲ လျှောက်မတွေးပါနဲ့”

“အမလေး... ဆောရီးပါ။ အကျင့်ပါနေလို့လေ။ ဒါက ငါ့အလုပ်ပဲဟာကို”

အမေက ခပ်ပြုံးပြုံးလေးနဲ့ သူမရဲ့ လက်ပ်တော့ကို ညွှန်ပြတယ်။ သူမ ခေါင်းခါရင်း အပြင်ကို ထွက်လာခဲ့တယ်။ ဓာတ်လှေကားခလုတ်ကို နှိပ်လိုက်ပေမဲ့ ၁၇ ထပ်မှာ ရပ်နေတာ။ ဆင်းလာဖို့အတွက် အချိန်အများကြီး ပေးရမှာဆိုတော့ သူမ မျက်မှောင်ကြုတ်ပြီး လှေကားဘက်ကိုပဲ ဦးတည်လိုက်တော့တယ်။

“ငါ ဘာလို့ ဒီလောက်တောင်...”

သူမ လှေကားကနေ ဆင်းလာရင်း ကိုယ့်ဘာသာကိုယ် စိတ်ပျက်လက်ပျက်နဲ့ ရေရွတ်နေမိတယ်။

“စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းနေတာတောင်မှ...”

သူမ နှုတ်ကသာ ငြီးတွားနေပေမဲ့ သူမရဲ့ ခြေလှမ်းတွေကတော့ ပိုပိုပြီး မြန်လာတာပေါ့။ ဆင်းလာတဲ့ လမ်းတစ်လျှောက်မှာ မာရူးနဲ့အတူ ရှိခဲ့တဲ့ အမှတ်တရလေးတွေကို သူမ ပြန်တွေးနေမိတယ်။ ဟျဲဟွာ ဘူတာရုံမှာ သူ့ကို ပထမဆုံး တွေ့ခဲ့တာ၊ ပွဲတော်တုန်းက သူ့နာမည်ကို သိလိုက်ရတာ။ အဲဒီတုန်းက အဲဒီကောင်လေးက ဖွင့်ပြောသလိုလို ဘာလိုလို စကားမျိုးတွေ ပြောခဲ့သေးတာလေ။ အဲဒီတုန်းကတော့ သူက တကယ့်ကို ထူးဆန်းတဲ့သူလို့ပဲ သူမ ထင်ခဲ့တာ၊ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာလည်း သူ့ကိုပဲ ထပ်ခါတလဲလဲ တွေ့နေရလိမ့်မယ်လို့ သူမ တကယ် မထင်ထားခဲ့ဘူး။

မကြာသေးခင်ကမှ မတော်တဆလိုလိုနဲ့ သူတို့ ချိန်းတွေ့ဖြစ်ခဲ့ကြသေးတယ်။ အမှန်အတိုင်းပြောရရင် အဲဒီချိန်းတွေ့မှုကို သူမ လုံးဝ မမုန်းခဲ့ပါဘူး။ အဲဒီနောက်ပိုင်းမှာလည်း မာရူးက သူမ အားလားဆိုပြီး ခဏခဏ မေးခဲ့တယ်၊ သူမကလည်း အကြိမ်ကြိမ် ငြင်းခဲ့ပြီးမှ နောက်ဆုံးတော့ လက်ခံလိုက်မိတာပေါ့။

တကယ်တမ်းတော့ သူမသာ သူ့ကို တကယ် မုန်းတယ်ဆိုရင် ဖုန်းတောင် ကိုင်မှာ မဟုတ်ဘူး။ မဟုတ်သေးဘူး... သူ့ကို သူမရဲ့ ဖုန်းနံပါတ်တောင် ပေးမှာ မဟုတ်ဘူးလေ။ ဘာပဲဖြစ်ဖြစ် သူတို့တွေ ဆက်ပြီး တွေ့ဖြစ်နေကြတယ်၊ အခုဆိုရင် ကျောင်းမတူကြတာတောင် တစ်ပတ်ကို လေးကြိမ်ထက်မနည်း တွေ့ဖြစ်နေကြတာပေါ့။

မာရူးက အမြဲတမ်း ပြုံးနေတတ်တယ်၊ ကြင်နာတတ်တယ်၊ ပြီးတော့ သူမအတွက် အမြဲ စိတ်ပူပေးတတ်တယ်။ သူက ပိတ်ရက်တွေဆိုရင် အမြဲတမ်း ချိန်းတွေ့ဖို့ တောင်းဆိုတတ်တဲ့ ထူးဆန်းတဲ့ ကောင်လေးတစ်ယောက်ပေါ့။ သူမကိုယ်သူမတောင် သတိမထားမိဘဲ ပိတ်ရက်တွေမှာ တခြားလူတွေနဲ့ မတွေ့ဖြစ်တော့တာကို သိလိုက်ရတယ်။ သူ့ဆီက ဖုန်းလာတိုင်း စိတ်အနှောင့်အယှက် ဖြစ်ရတယ်လို့ တွေးနေပေမဲ့ နောက်ဆုံးတော့လည်း သူမ ဖုန်းကို ကိုင်မိနေတာပါပဲ။

ဒါတွေအားလုံးက ဘာကို ဆိုလိုတာလဲဆိုတာ သူမ သိပါတယ်၊ ဒါပေမဲ့ အဲဒါကို အမှန်တရားအဖြစ် သူမ လက်မခံချင်သေးဘူး။ ဘာလို့လဲဆိုတော့...

“သူက အဖိုးကြီးတစ်ယောက်လိုပဲ”

သူက အရမ်းကို ရင့်ကျက်တဲ့သူတစ်ယောက်လို စကားပြောတတ်တာ။ သူ့သက်တူရွယ်တူတွေနဲ့ ယှဉ်လိုက်ရင် သူက တော်တော်လေးကို အေးစက်နေသလိုမျိုးတောင် ခံစားရစေတယ်။ ဒါပေမဲ့ သူမကို ကြည့်လိုက်တဲ့အခါတိုင်းမှာတော့ သူက အရူးတစ်ယောက်လို ပြုံးနေတတ်တာပေါ့။ သူမသာ လိုအပ်တယ်လို့ ပြောလိုက်ရင် သူ့ရဲ့ ကျောက်ကပ်ကိုတောင် ထုတ်ပေးမယ့်ပုံမျိုး။ သူမအနေနဲ့ အဲဒီလိုလူမျိုးကို တကယ် မမုန်းနိုင်ဘူး။ မဟုတ်ဘူး... သူမ သူ့ကို မကြိုက်ဘဲ မနေနိုင်တာ ဖြစ်မှာပေါ့။

“အဲဒါတောင်မှ”

သူမ တိုက်ခန်းဝန်း အဝင်ဝကနေ ထွက်လာခဲ့တယ်။ လမ်းရဲ့ တစ်ဖက်ခြမ်းမှာ ရပ်နေတဲ့ မာရူးကို သူမ မြင်လိုက်ရပြီ။

“အဲဒီစကားကို ငါက အရင်ဆုံး ပြောမှာတော့ မဟုတ်ဘူးနော်”

သူမ လက်ထဲက လည်စည်းကို တင်းတင်းဆုပ်ကိုင်ရင်း မာရူး ရှိနေတဲ့ နေရာဆီကို သူမ လျှောက်သွားလိုက်တော့တယ်။

* * * * * * * * *

အခန်း(၁၁၂)

ဟောင်းနွမ်းနေတဲ့ ရတနာဆိုင်ဆိုင်းဘုတ်အိုကြီးရဲ့ စာလုံးတစ်လုံးက ပြုတ်ထွက်နေပြီး အပေါက်ကလေးထဲကနေ နီယွန်မီးရောင်မှိန်မှိန်လေးက တဖျတ်ဖျတ် ဖြစ်နေတယ်။ အဲဒီဆိုင်းဘုတ်ရဲ့ ဘေးနားမှာတော့ တို့တွေ မြင်နေကျ ဆံပင်ညှပ်ဆိုင်က လည်နေတဲ့ မီးတိုင်လေး ရှိတာပေါ့။ မာရူးက တကယ်ပဲ ဟောင်းနွမ်းနေတဲ့ အဆောက်အဦးတွေရဲ့ ဘေးမှာ ရပ်နေခဲ့တာပါ။ ပတ်ဝန်းကျင်က တိုက်ခန်းအသစ်တွေနဲ့ ယှဉ်ကြည့်ရင် ဒီအဆောက်အဦးအိုကြီးတွေက တော်တော်လေးကို ကြည့်ရဆိုးနေတာမို့ မကြာခင်မှာပဲ ပြန်ပြင်ဖို့အတွက် ဖျက်ပစ်တော့မယ့်ပုံပါပဲ။

“ဟူး”

မာရူးက လက်နှစ်ဖက်ကို စုလိုက်ပြီး လေပူလေးမှုတ်ထုတ်လိုက်တယ်။ သူ တကယ်ကို တာဝန်မဲ့မိတာပဲ။ ည ၁၁ နာရီကြီးမှ မိန်းကလေးတစ်ယောက်ကို အပြင်ထွက်လာခိုင်းတယ်ဆိုတာ ဘယ်လိုပဲတွေးတွေး မသင့်တော်ဘူးလေ။

“ဒါပေမဲ့လည်း”

ဒီနေ့တော့ သူ မတတ်နိုင်ခဲ့ဘူး။ သူမ စိတ်ဆိုးမယ်ဆိုတာ သိပေမဲ့လည်း သူ လုပ်ကိုလုပ်ရမှာမို့လို့လေ။ သူမဆီက စကားသံလေးတွေ ကြားချင်တယ်။ ပြီးတော့ သူ့ရင်ထဲက ခံစားချက်တွေကိုလည်း သူမကို သိစေချင်တယ်။ အခုတော့ နှင်းတွေက ပိုပြီး သည်းလာပြီ၊ သူ့ခြေထောက်အောက်က ကြမ်းပြင်ပေါ်မှာလည်း နှင်းတွေက စုပုံလာနေပြီပေါ့။

‘ပထမဦးဆုံးကျတဲ့ နှင်းပါလား’

မကြာခင်ကတင် သတင်းထဲမှာ ပထမဦးဆုံးကျမယ့် နှင်း အကြောင်း မြင်လိုက်ရပေမဲ့ သူ့အတွက်တော့ အခုမှပဲ တကယ့် ပထမဦးဆုံး နှင်းလို့ ခံစားရတယ်။ သူ ငယ်ငယ်တုန်းကလိုပဲ နှင်းပွင့်လေးတစ်ပွင့်ကို ဖမ်းကြည့်လိုက်တော့ နှင်းပွင့်လေးက သူ့လက်ထဲမှာ ခဏလောက် ပုံစံမပျက်ဘဲ ရှိနေပြီးမှ အရည်ပျော်သွားတယ်။ နှင်းတွေ အရည်ပျော်သွားတာကို ခဏလောက် ငေးကြည့်နေပြီးမှ နောက်ထပ်နှင်းပွင့်တွေကို ထပ်ဖမ်းဖို့ ကြိုးစားနေတုန်းမှာပဲ။

“နင်က ကလေးလား၊ နှင်းကျတာကို အဲလောက်တောင် ပျော်နေရသလား”

သူမက သူ့ဘေးမှာ ရောက်နေပြီ၊ လက်ထဲမှာလည်း လည်စည်းတစ်ခု ကိုင်ထားသေးတယ်။ ပန်းရောင် အိပ်ယာဝင် ဘောင်းဘီအပွကြီးပေါ်မှာ အပြာရောင် အနွေးထည်အထူကြီးကို ထပ်ဝတ်ထားတာပေါ့၊ မာရူးရဲ့ အကြည့်က သူမရဲ့ ခြေထောက်ဆီ ရောက်သွားတယ်။ အပြင်လေနဲ့ ထိနေတဲ့ ခြေကျင်းဝတ်လေးတွေကို ကြည့်ရတာ တော်တော်လေး ချမ်းမယ့်ပုံပဲ။ မာရူးက သူမရဲ့လက်ကို ဆွဲလိုက်တယ်။

“ဟဲ့... ဘာလုပ်တာလဲ”

“ချမ်းတယ်လေ၊ အရင်ဆုံး တစ်နေရာရာ သွားရအောင်”

“နင် တစ်ခုခု ပြောချင်လို့ဆို”

“ဘာလဲ”

သူမက သူ့နောက်ကနေ ဖြည်းဖြည်းချင်း လိုက်လာခဲ့ပြီး နှစ်ယောက်သား အနားက လမ်းဘေးသရေစာရောင်းတဲ့ဆိုင်လေးထဲ ဝင်လာခဲ့ကြတယ်။ ၂၄ နာရီဖွင့်တဲ့ဆိုင်ဆိုတော့ လူတွေ တော်တော်များများ ရှိနေတာပေါ့။

“တစ်ခုခု စားမလား”

“ညဘက် စားရင် ဝလာမှာပေါ့”

“ချောကလက်ပူပူလေးဆိုရင်ရော၊ သောက်စရာဆိုရင်တော့ အဆင်ပြေတယ်မလား”

“အဲဒါလည်း အတူတူပါပဲ”

သူမက ငြင်းမနေတာကြောင့် မာရူးက မှာလိုက်တယ်။ ဘူဂိုဂီဘာဂါတစ်ခု၊ ကြက်ကြော်အတုံးလေးတွေ အစုံလိုက် တစ်ပွဲနဲ့ ချောကလက် တစ်ခွက်ပေါ့။ ဒေးမြောင်နဲ့ စကားပြောတုန်းက ပေါင်မုန့်တစ်ချပ် စားခဲ့ပေမဲ့ အဲဒါက တော်တော်လေး နည်းနေခဲ့တာကိုး။ မှာပြီးလို့ လှည့်အထွက်မှာပဲ သူ့ကျောကို တစ်ယောက်ယောက်က လာပုတ်တာ ခံလိုက်ရတယ်။ သူမက မီနူးကတ်ကို ကြည့်ပြီး နှုတ်ခမ်းလေး ဆူနေတာပေါ့။

“အဲဒါ”

အသစ်ထွက်ထားတဲ့ ဘာဂါအမျိုးအစားကို သူမက လက်ညှိုးထိုးပြတယ်။ မာရူးက ပြုံးပြီး အဲဒီဘာဂါကိုပါ ထပ်မှာပေးလိုက်တယ်။

“ရပါတယ်၊ သန်းခေါင်မတိုင်ခင် စားရင် ကယ်လိုရီက သုညပဲလို့ သဘောထားလိုက်ပါ”

“ဘယ်သူက အဲလိုတွေ ပြောလို့လဲ”

“အင်း... ငါ တော်တော်လေး ရင်းနှီးတဲ့လူတစ်ယောက်ပေါ့”

‘နင်လေ’

သူမက ညဘက် မုန့်စားတိုင်း အမြဲတမ်း အဲလိုပြောတတ်တာ။ အိမ်ထောင်ကျပြီးတဲ့နောက်မှာဆိုရင် မနက် ၁ နာရီမတိုင်ခင် စားရင်တောင် အဆင်ပြေပါတယ်လို့ ပြောတဲ့အထိပဲ။

“တကယ်ကို တာဝန်မဲ့တာပဲ” သူမက ချမ်းလို့ တုန်တုန်ရင်ရင်နဲ့ ပြောတယ်။

တကယ်လို့ ဒီစကားကို သူကိုယ်တိုင်ပြောခဲ့တာလို့သာ သိသွားရင် သူမ ဘယ်လိုမျက်နှာမျိုး ဖြစ်သွားမလဲဆိုတာ မာရူး သိချင်မိတယ်။

“အပေါ်ကို အရင်တက်နှင့်လေ၊ စားစရာတွေရရင် ငါ ယူလာခဲ့မယ်”

သူမကို အပေါ်ထပ် အရင်လွှတ်လိုက်ပြီး သူကတော့ စားစရာတွေ စောင့်ပြီးမှ တက်လာခဲ့တယ်။ အပေါ်ထပ်မှာ တက္ကသိုလ်ကျောင်းသားတွေ တော်တော်များများ ရှိနေတာပေါ့။ တစ်နေ့လုံး စာလုပ်ပြီးမှ နားနေကြတာ ဖြစ်မှာပါ။ တချို့ဆိုရင် စာအုပ်တွေတောင် ဖွင့်ထားတုန်းပဲ။

“ဒီမှာ”

“ငါ ဝလာရင် နင့်အပြစ်ပဲနော်”

“မပူပါနဲ့၊ ငါ နင်နဲ့အတူ လေ့ကျင့်ခန်း လုပ်ပေးမှာပေါ့”

သူမက နှာလေး နည်းနည်းစေးနေတာကြောင့် မာရူးက သူ့အင်္ကျီကို ချွတ်ပြီး သူမရဲ့ ခြေထောက်တွေကို အုပ်ပေးလိုက်တယ်။

“ချမ်းနေတာကို အဝတ်အစားကို အထူကြီး ဝတ်လာရမှာပေါ့”

“တစ်ယောက်ယောက်က ချက်ချင်းကြီး အပြင်ထွက်ခဲ့ဆိုလို့ အချိန်မှ မရတာ၊ အဲဒီလူက တကယ်ကို ယဉ်ကျေးမှု မရှိတာပဲ”

“အင်း... တကယ့် လူယုတ်မာပဲနော်”

“ဪ... နင် သိတာပဲလား”

“အဲဒါကြောင့်လည်း နင် ထွက်လာပေးလို့ ကျေးဇူးတင်နေတာပါ”

သူမက မျက်မှောင်လေးကြုတ်ပြီး ချောကလက်ကို တစ်ငုံ သောက်လိုက်တယ်၊ အဲဒီအချိန်မှာပဲ နောက်က ကျောင်းသားတွေက အုပ်စုလိုက် ပြန်ထွက်သွားကြတယ်။ သူတို့ ထွက်သွားပြီး မိနစ်ပိုင်းလောက်မှာပဲ ဝန်ထမ်းတစ်ယောက်က သက်ပြင်းလေးချပြီး သူတို့စားသွားတာတွေကို လာသိမ်းတာပေါ့။

“ဒါနဲ့ ဘာပြောချင်လို့လဲ”

သူမက ခွက်ကို ချလိုက်ပြီး မေးတယ်။ မာရူးကတော့ အခုထိ ဘာဂါကိုပဲ ဟိုလှည့်ဒီလှည့် လုပ်နေတုန်းပဲ။

“ပြောစရာ မရှိရင် ငါ ပြန်တော့မယ်နော်”

အဲလိုသာ ပြောနေတာ၊ သူမ ကြည့်ရတာ အေးအေးဆေးဆေး ထိုင်နေတဲ့ပုံပါပဲ။ မာရူးက မေးထောက်ပြီး သူမကို စိုက်ကြည့်လိုက်တယ်။

“နင် ဘာလို့ သရုပ်ဆောင်တာကို စလုပ်ခဲ့တာလဲ”

“နင်က ဒီအေးစိမ့်နေတဲ့ ဆောင်းတွင်းညကြီးမှာ ငါ့ကို အပြင်ခေါ်ထုတ်ပြီး ဒါကြီးပဲ မေးတာလား”

မာရူးက ပခုံးလေးတွန့်ပြလိုက်တော့ သူမက စိတ်တိုတိုနဲ့ နှုတ်ခမ်းလေး ဆူပြီး သူ့ကို ပြန်ကြည့်တယ်။ မာရူးက ဘာမှမပြောဘဲ ပြန်ကြည့်နေရင်း မျက်လုံးချင်း ဆုံသွားတာပေါ့။

မာရူးအတွက်တော့ ဒီမွဲခြောက်ခြောက် ကမ္ဘာကြီးထဲမှာ သူမတစ်ယောက်တည်းပဲ အရောင်အသွေး စုံလင်နေသလိုပဲ။ အပေါ်ထပ်မှာ အသံတွေ ဆူညံနေပေမဲ့ အခုတော့ သူ ဘာအသံမှ မကြားရတော့ဘူး။ သူမ စကားစပြောမယ့်အချိန်အထိ ဘာအသံမှ ကြားရတော့မှာ မဟုတ်ဘူး။

သူမက ဘာမှမပြောပေမဲ့ ခဏကြာတော့ ဆူထားတဲ့ နှုတ်ခမ်းလေးက ပုံမှန် ပြန်ဖြစ်သွားတယ်။ မျက်မှောင်ကြုတ်ထားတာတွေလည်း မရှိတော့ဘူး။ အခုတော့ သူမက သူ့ကို ငြိမ်ငြိမ်လေး ပြန်ကြည့်နေတယ်။ သူ့ခေါင်းပေါ်မှာ စကားပြောပူပေါင်းလေး တစ်ခု ထပ်ပေါ်လာပြန်တယ်။ ဒီတစ်ခါလည်း မာရူး မဖတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူမ ပါးစပ်ဟလာမယ့်အချိန်အထိ သူ ငြိမ်ပြီး စောင့်နေလိုက်တယ်။

“အခုကစပြီး ပြောထားမယ်၊ နောက်တစ်ခါ အဲလိုမျိုး လာမလုပ်နဲ့နော်၊ နောက်ဆိုရင် ငါ လုံးဝ ထွက်မလာတော့ဘူး”

“ကတိပေးပါတယ်”

“ဟူး... ဘာတွေ ဖြစ်နေတာလဲတော့ မသိဘူး၊ ဒါပေမဲ့ နင် နောက်နေတာ မဟုတ်ဘူးဆိုတာတော့ ငါ သိပါတယ်၊ ဘာဖြစ်လို့လဲ”

“ဒီအတိုင်းပါပဲ”

“ငါ့အဖြေက အထောက်အကူ ဖြစ်မှာမို့လို့လား”

“ဖြစ်နိုင်တာပေါ့”

သူမက မျက်လုံးလေး မှေးပြီး အပြင်ကို လှမ်းကြည့်တယ်။ မာရူးလည်း သူမ အကြည့်နောက်ကို လိုက်ကြည့်လိုက်တာပေါ့။ အပြင်မှာ နှင်းတွေ ကျနေတယ်။ ကမ္ဘာကြီးပေါ်မှာ အဖြူရောင် လိုက်ကာကြီး တစ်ခုကို ချိတ်ဆွဲထားသလိုမျိုး နှင်းတွေက အများကြီးပဲ။

“အဖေနဲ့အတူ ပြဇာတ်ရုံကို ပထမဆုံး သွားခဲ့တဲ့အချိန်မှာ ငါ ဆုံးဖြတ်ချက် ချလိုက်တာ၊ စင်ပေါ်မှာ ရပ်ချင်တယ်ဆိုပြီးတော့လေ”

သူမက ‘အဖေ’ ဆိုတဲ့ စကားလုံးကို ပြောလိုက်ချိန်မှာ သူမရဲ့ မျက်လုံးတွေက ကောင်းကင်ယံမှာ တစ်ခုခုကို လိုက်ရှာနေသလိုပဲ။ မာရူးကတော့ အကုန်သိတာပေါ့။ အရင်ဘဝတုန်းကတောင် သူမအဖေနဲ့ သူ မဆုံခဲ့ရဘူး၊ သူမ အလယ်တန်း ပထမနှစ်မှာတင် သူမအဖေ ဆုံးသွားခဲ့တာကိုး။ မှေးမှိန်နေတဲ့ မှတ်ဉာဏ်တွေထဲမှာတောင် ဒီအချက်ကိုတော့ သူ ရှင်းရှင်းလင်းလင်း မှတ်မိနေတယ်။ သူ သူမကို လက်ထပ်ခွင့် တောင်းခဲ့တဲ့နေ့က သူမ ငိုပြီးတော့ သွားစရာ နေရာတစ်ခု ရှိတယ်လို့ ပြောခဲ့တာလေ။

အဲဒီနေရာက သူမအဖေကို မြှုပ်ထားတဲ့ တောင်ပေါ်မှာပေါ့။ အဲဒီတုန်းကမှ မာရူးက သူမအဖေနဲ့ ပထမဆုံးအကြိမ် ဆုံခဲ့ရတာ။

‘အဖေ... ဒါ သမီးရဲ့ လူပဲ၊ သမီးကို ပျော်အောင် ထားပါ့မယ်လို့ သူ ပြောတယ်၊ တကယ့်ကို ခေါင်းမာမာနဲ့ ပြောတာ... သူပါ အဖေ’

မာရူးက သူမရဲ့ လက်ကလေးတွေကို ကြည့်လိုက်တယ်။ စားပွဲပေါ်က သူမရဲ့လက်လေးတွေက တုန်နေတာပေါ့။ အဲဒီအတိုင်း ဆက်ပြီး တုန်မနေစေချင်တာကြောင့် သူက သူမရဲ့လက်ပေါ်ကို သူ့လက်လေး တင်ပေးလိုက်တယ်။ သူမက အံ့ဩပြီး သူ့ကို ကြည့်ပေမဲ့ မာရူးက သူ့လက်ကို ပြန်မရုတ်ဘူး၊ အဲဒီတော့မှ လက်တုန်တာတွေလည်း ရပ်သွားတော့တယ်။

“ငါ့အဖေက... စာအုပ်တိုက်မှာ အလုပ်လုပ်တာ၊ သူက စာရေးဆရာ ဖြစ်ချင်ခဲ့တာပေမဲ့ အကြိမ်ကြိမ် ရှုံးနိမ့်ပြီးတဲ့နောက်မှာတော့ လက်လျှော့လိုက်ရတယ်၊ ဒါပေမဲ့ သူက စာပေကိုတော့ မြတ်နိုးတုန်းပဲ၊ အဲဒါကြောင့်လည်း စာအုပ်တိုက်မှာ အလုပ်လုပ်ခဲ့တာပေါ့၊ အဲဒီမှာပဲ ငါ့အမေနဲ့ ဆုံခဲ့တာလေ”

သူမက လွန်ခဲ့တဲ့ အချိန်အကြာကြီးက ဖတ်ခဲ့ဖူးတဲ့ အရာတစ်ခုကို ပြန်ပြောပြနေသလိုမျိုး ပြောနေတယ်။ မာရူးက ဘာမှမပြောဘဲ ခေါင်းပဲ ညိတ်ပြနေလိုက်တယ်။

“သူတို့နှစ်ယောက်လုံးက အနုပညာကို တကယ် ဝါသနာပါကြတာ၊ ငယ်ငယ်တုန်းကဆိုရင် တခြားနေရာတွေထက် အနုပညာ ပြပွဲတွေကိုပဲ ပိုပြီး သွားဖြစ်ခဲ့တာပေါ့၊ ပျင်းဖို့ကောင်းတာတော့ အမှန်ပဲ၊ ဘာမှလည်း မပြောရဘူး၊ ပြေးလည်း မပြေးရဘူး၊ သူငယ်ချင်းတွေကိုလည်း ကြွားလို့ မရဘူးလေ”

သူမက သူမဘဝရဲ့ အဲဒီအချိန်တွေကို ပြန်သတိရပြီး ခပ်ပြုံးပြုံးလေး လုပ်လိုက်တယ်။

“ငါ ပျင်းနေပြီလို့ အဖေ့ကို ပြောလိုက်တော့ သူက တခြားနေရာ သွားရအောင်လို့ ပြောတယ်”

“အဲဒါ ပြဇာတ်ရုံ ဖြစ်မှာပေါ့”

“အင်း... အခုထိ မှတ်မိသေးတယ်၊ လက်မှတ်ရောင်းတဲ့ အဒေါ်ကြီးရယ်၊ ပြဇာတ်ရုံထဲကို ဝင်တဲ့ လမ်းကျဉ်းလေးရယ်၊ ပြီးတော့ တစ်ခုနဲ့တစ်ခု ကပ်နေတဲ့ ထိုင်ခုံလေးတွေပေါ့၊ အပေါ်က ခရမ်းရောင်မီးတွေနဲ့ ပြဇာတ်ကြီးပေါ့၊ ငါ့အဖေက တကယ်ကို ထူးခြားတဲ့သူပါ၊ ပြဇာတ်ရုံ အသေးရော အကြီးရော အကုန်လုံးကို လိုက်ပြခဲ့တာ၊ အဲဒီနောက်ပိုင်းမှာတော့ ပြဇာတ်က ငါ့ရဲ့ အိပ်မက် ဖြစ်လာခဲ့တယ်၊ စင်ပေါ်မှာ ကိုယ်တိုင် သရုပ်ဆောင်ပြီး ပရိသတ်ကို စကားပြောချင်လာတာကြောင့် အလယ်တန်းမှာတင် ကလေးပြဇာတ်အဖွဲ့ထဲ ဝင်လိုက်တာ၊ ဆရာ သေသေချာချာ မရှိပေမဲ့ တို့တွေ အများကြီး လေ့ကျင့်ခဲ့ကြတယ်”

“ပျော်ဖို့ကောင်းလား”

“အရမ်းပဲ၊ အခုထိ အဲဒီကလေးတွေနဲ့ စကားပြောဖြစ်သေးတယ်၊ သူတို့ကျောင်းမှာ ပြဇာတ်အဖွဲ့ ရှိတဲ့သူတွေလည်း အကုန် ဝင်ကြတာပဲ”

သူမက ဝမ်းနည်းရိပ်လေးတွေ ကျန်နေသေးတဲ့ မျက်နှာနဲ့ ဆက်ပြောတယ်။

“ငါ သရုပ်ဆောင်တာကို စလုပ်ခဲ့တာက တကယ့်ကို ထူးခြားတဲ့ အကြောင်းရင်းတွေကြောင့် မဟုတ်ပါဘူး၊ ဒီအတိုင်း ဖြစ်လာခဲ့တာပါ၊ ဒါပေမဲ့ အဲလိုဖြစ်ခဲ့လို့လည်း ကျေးဇူးတင်မိပါတယ်၊ အဖေက ငါ့ကို သရုပ်ဆောင်တာနဲ့ မိတ်ဆက်ပေးခဲ့လို့ ကျေးဇူးတင်တယ်”

“သရုပ်ဆောင်တာက နင့်အတွက် တကယ့်ကို တန်ဖိုးရှိမှာပဲနော်”

သူမက ခဏလောက် ငြိမ်သွားပြီးမှ ‘တန်ဖိုးရှိမှာပေါ့’ လို့ တိုးတိုးလေး ပြန်ဖြေတယ်။ သူမရဲ့ မျက်နှာက ဘယ်အချိန်မဆို ငိုချလိုက်တော့မယ့်ပုံပဲ။

“အဖေနဲ့အတူ ကျန်ခဲ့တဲ့ အမှတ်တရ အနည်းငယ်ထဲက တစ်ခုလေ၊ ဒါပေါ့... အခုတော့ ငါ့အတွက် အရမ်း တန်ဖိုးရှိနေပါပြီ”

သူမက မျက်ရည်မကျအောင် မျက်လုံးလေး မှေးထားတယ်။ အခုရော အနာဂတ်မှာရော အဖေ့အကြောင်း ပြောရင် သူမ ငိုတတ်တာကတော့ မပြောင်းလဲသေးဘူး။ သူမ ငိုနေတာကို ဒီအတိုင်း ကြည့်မနေနိုင်တာကြောင့် မာရူးက သူမ ပါးပေါ်က မျက်ရည်စလေးကို သုတ်ပေးလိုက်တယ်။ သူမက သူ့ကို ကြောင်တောင်တောင်လေး ကြည့်နေရင်း နောက်ထပ် မျက်ရည်တစ်စက ကျလာပြန်တယ်။

“အဲဒီလို မေးခွန်းမျိုး မေးမိလို့ တောင်းပန်ပါတယ်နော်”

“......”

နှစ်ယောက်သား ခဏလောက် ငြိမ်သွားကြတယ်၊ သူမ စိတ်ပြန်အေးသွားအောင် မာရူးက စောင့်ရင်း အတွေးတွေကို ပြန်စုစည်းလိုက်တယ်။ ဒီကို မလာခင်တုန်းက ပြောချင်တဲ့ စကားတွေ အများကြီး ရှိခဲ့ပေမဲ့ အခုတော့ ပြောချင်တဲ့ စကားက တစ်ခွန်းတည်းပဲ ကျန်တော့တယ်။

အဲဒီစကားကို ပြောလိုက်ရင် သူက တကယ့် လူရိုင်းကြီးလိုမျိုး၊ ဒါမှမဟုတ် ရယ်စရာကောင်းတဲ့သူလိုမျိုး ဖြစ်သွားမယ်ဆိုတာ သူ သိပေမဲ့ မာရူးကတော့ အခြားစကားလုံးကို မစဉ်းစားနိုင်တော့ဘူး။ ဘာပဲဖြစ်ဖြစ် ဒီအချိန်မှာ ပြောဖို့အတွက် အဲဒီစကားက အသင့်တော်ဆုံးပဲ မဟုတ်လား။

“အဲဒါကြောင့်ပဲ ယောက်ျားလေးတွေက လက်ကိုင်ပဝါ ဆောင်ထားသင့်တာ၊ ငါ့မှာ မပါတာကတော့ ကံဆိုးတာပဲ”

“နောက်ခါကျရင်တော့ ဆောင်ထားပေါ့”

သူမက ပြန်ပြုံးပြတယ်။ အဲဒီနောက်မှာတော့ သူတို့တွေ စားစရာတွေ စားရင်း စကားအနည်းငယ် ပြောဖြစ်ကြတယ်။ ဘာဂါတွေက အေးသွားပြီ၊ ကြက်ကြော်အတုံးလေးတွေလည်း အေးစက်နေပြီပေမဲ့ ဒီထမင်းဝိုင်းကတော့ အရသာရှိတုန်းပဲ။ မာရူးက သူမ ဘာဂါကုန်အောင် စားပြီး သူ့ရဲ့ ကြက်ကြော်နဲ့ အာလူးကြော်တွေကို မျက်စိကျနေတာကို ကြည့်ပြီး ပြုံးနေမိတယ်။

“ဒါနဲ့ နင်ကရော ဘာလို့ သရုပ်ဆောင်တာကို စလုပ်ခဲ့တာလဲ”

သူမက ပါးစပ်နားမှာ ဆီတွေ ပေနေရင်း မေးတယ်။ မာရူးက အဲဒါကို လက်ညှိုးထိုးပြပေမဲ့ သူမက နားမလည်ဘူး။ နောက်ဆုံးတော့ မာရူးက တစ်ရှူးကို ယူပြီး ကိုယ်တိုင်ပဲ သုတ်ပေးလိုက်တယ်။

“ငါ ကလေး မဟုတ်ပါဘူး”

“သိပါတယ်”

မာရူးက စားပြီးသား အမှိုက်တွေကို လင်ဗန်းထဲ စုထည့်ရင်း ပြောလိုက်တယ်။

“ငါက နင့်လိုမျိုး သဘာဝအတိုင်း စခဲ့တာ မဟုတ်ဘူး၊ တစ်ခုခုကို တိတိကျကျ ရည်ရွယ်ပြီး စခဲ့တာ”

“ရည်ရွယ်ချက် ဟုတ်လား၊ နင်ကလည်း သရုပ်ဆောင် ဖြစ်ချင်လို့လား”

“မဟုတ်ပါဘူး”

“ဒါဆို ဘာလို့လဲ”

“လှေကားထစ်တစ်ခုလို သုံးချင်ရုံသက်သက်ပါ၊ အဓိပ္ပာယ် မရှိတဲ့ လှေကားထစ်တစ်ခုပေါ့၊ တခြားအရာတွေကိုလည်း သုံးလို့ ရပေမဲ့ သရုပ်ဆောင်တာက ပိုပြီး သင့်တော်မယ်လို့ ထင်လို့ ရွေးလိုက်တာ”

“ဘာကို ဆိုလိုတာလဲ၊ ငါ နားမလည်ဘူး”

“ဒါပေါ့၊ ငါကိုယ်တိုင်တောင် ငါဘာပြောနေလဲဆိုတာ ကောင်းကောင်း မသိတာ”

“ဘာ”

ဒါကို ရှင်းပြဖို့ဆိုရင် သူ့ရဲ့ မှတ်ဉာဏ်တွေနဲ့ အရင်ဘဝအကြောင်းတွေကို ပြောပြရလိမ့်မယ်။ ဒါပေမဲ့ နင်က ငါ့ရဲ့ အနာဂတ် ဇနီးလောင်းပါလို့ ပြောလိုက်တာနဲ့ သူ စိတ်ကျန်းမာရေး ဆေးရုံ ရောက်သွားမှာပေါ့။ အဲဒါကြောင့်လည်း သူက ဒီအတိုင်းပဲ လွှတ်ပေးလိုက်ရတာ။

“နေဦး၊ ငါ နားမလည်ပေမဲ့ နင်က သရုပ်ဆောင်တာကို သိပ်ပြီး စိတ်မဝင်စားဘူး၊ အဲလိုလား”

“အဲလိုပဲ ပြောရမှာပေါ့”

“ဒါဆို ဘာလို့ သရုပ်ဆောင်နေတာလဲ”

“ငါ့အတွက် လိုအပ်လို့လေ”

“ဘာလို့ လိုအပ်တာလဲ”

“ငါ့အတွက် အရမ်း အရေးကြီးတဲ့ လူတစ်ယောက်က ဒါကို လုပ်နေလို့လေ”

သူက အထက်တန်းကျောင်းသား မာရူးရော၊ လူလတ်ပိုင်း မာရူးရော ဖြစ်နေတယ်။ မာရူးရဲ့ မှတ်ဉာဏ်တွေက အထက်တန်းကျောင်းသားဘဝ ဖြစ်ပေမဲ့ စရိုက်ကတော့ လူလတ်ပိုင်း တစ်ယောက်နဲ့ ပိုတူနေတာ။ မာရူး သေသေချာချာ အာရုံစိုက်ကြည့်လိုက်တော့ သူ့ရဲ့ ကိုယ်ပိုင်လက္ခဏာက နှစ်ခြမ်း ကွဲနေတယ်ဆိုတာ သတိပြုမိသွားတယ်။ အရင်က သေသေချာချာ အာရုံမစိုက်မိလို့ မသိခဲ့တာ ဖြစ်မှာပါ။ ဘယ်သူကရော ကိုယ့်ဘဝကို ကိုယ် သံသယ ဝင်နေမှာလဲ။

‘ဒေးမြောင်သာ မရှိရင် အဲဒီအကြောင်း ငါ စဉ်းစားမိမှာ မဟုတ်ဘူး’

ကျောင်းစတက်တုန်းကတော့ အိပ်မက်ကို ဘယ်လို အကောင်အထည်ဖော်မလဲလို့ တွေးခဲ့ပေမဲ့ တစ်ချိန်မှာတော့ အိပ်မက်ကို စွန့်လွှတ်လိုက်တယ်။ အနာဂတ်မှာ ရှင်သန်နိုင်မယ့် နည်းလမ်းကိုပဲ ရှာရမယ်လို့ ဆုံးဖြတ်ခဲ့တာကိုး။ ဒါပေမဲ့ သူ့ရင်ထဲက ငယ်ရွယ်တဲ့ စိတ်ဓာတ်လေးကတော့ အော်ဟစ်နေတုန်းပဲ။ အခြားသူတွေကို ကူညီချင်တယ်၊ လူကြီးတစ်ယောက်လို နေပြပြီး အခြားသူတွေရဲ့ အထင်ကြီးမှုကို ရချင်တယ်။ အိပ်မက်နောက်ကို လိုက်ချင်တဲ့ ငယ်ရွယ်တဲ့ စိတ်ဓာတ်လေးက ရှိနေတုန်းပဲ။ တစ်ဖက်မှာလည်း ဘေးကင်းလုံခြုံမှုကိုပဲ အလိုရှိတဲ့ လူကြီးစိတ်ကလည်း ရှိနေပြန်ရော။

သရုပ်ဆောင်တာက သူ့ရဲ့ ငယ်ရွယ်တဲ့ စိတ်နဲ့ လူကြီးစိတ်ကြားက ပဋိပက္ခရဲ့ ရလဒ် ဖြစ်နိုင်ပါတယ်။ အပေါ်ယံမှာတော့ သူမနဲ့ ဆုံဖို့အတွက်ပဲ သရုပ်ဆောင်တာကို သုံးတယ်လို့ တွေးထားပေမဲ့ ရင်ထဲမှာတော့ ဟန်မာရူးက စင်ပေါ်မှာ ရှိနေရတာကို တကယ် ရင်ခုန်နေတာ။

ဒေးမြောင်က သူ့ကို ဟန်မာရူးရဲ့ နေရာမှာ သရုပ်ဆောင်နေတဲ့ ဟန်မာရူးနဲ့ တူတယ်လို့ အရင်က ပြောခဲ့ဖူးတယ်။ အထက်တန်းကျောင်းသားဘဝ အခွံထဲမှာ ရှိနေတဲ့ လူလတ်ပိုင်း တစ်ယောက်ပေါ့။ ဒါပေမဲ့ တစ်ချိန်မှာတော့ အဲဒီအခွံက တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့ပြီ။ ဟန်မာရူးက တကယ့် ဟန်မာရူး ဖြစ်လာနေပြီပေါ့။

မာရူးက သရုပ်ဆောင်တာကို သဘောကျလာတာကို ကြောက်နေခဲ့တာ ဖြစ်မှာပါ။ ဘာလို့လဲဆိုတော့ သူ့ရဲ့ အတွင်းစိတ်မှာ မိသားစုကို ဘေးကင်းအောင် ထားချင်စိတ်ကပဲ အဓိကမို့လို့လေ။ ဒါပေမဲ့ အခုတော့ အဲဒီစိတ်ဓာတ်က ပြိုလဲစပြုလာပြီ။ သူက သရုပ်ဆောင်တာကို ပိုပြီး ဂရုစိုက်လာတယ်။ ပိုက်ဆံကြောင့် စခဲ့တာပေမဲ့ အခုတော့ စင်ပေါ်မှာ ရှိနေရတဲ့ ခံစားချက်ကို သူ သိသွားပြီ။ စင်ပေါ်မှာ ရှိနေချင်တဲ့ စိတ်ဆန္ဒက အချိန်နဲ့အမျှ ပိုပြီး ကြီးထွားလာနေတယ်ဆိုတာ သူ သတိပြုမိသွားတယ်။

လှေကားထစ်တစ်ခုအဖြစ် စတင်ခဲ့တာကနေ အခုတော့ အဲဒီထက် ပိုတဲ့အရာတစ်ခု ဖြစ်လာနေပြီ။ ဒါက အန္တရာယ်ရှိတဲ့ လက္ခဏာပဲ။ ဟျဲဟွာ ဘူတာရုံက သရဲတစ္ဆေပုံပြင်တွေကတောင် သူ့အတွက် မဆိုးဘူးလို့ ခံစားလာရတယ်လေ။ ဒါက တကယ်ပဲ အဆင်ပြေရဲ့လား။ သူ အခုပဲ သရုပ်ဆောင်တာကို ရပ်လိုက်ပြီး တခြားအရာတစ်ခုကိုပဲ လုပ်သင့်သလား။ အဲဒါက သူမအတွက် ပိုကောင်းမှာလား။

သူ ကြောက်နေတယ်….

ဒေးမြောင်ရဲ့ စကားတွေက သူ့နှလုံးသားကို နက်နက်ရှိုင်းရှိုင်း ခွဲရှလိုက်သလိုပဲ။ သူမက သူနဲ့ မပတ်သက်တဲ့ သူစိမ်းတစ်ယောက် ဖြစ်သွားမှာကို သူ တကယ် ကြောက်တယ်။ ကြောက်လွန်းလို့ အဲဒီအကြောင်းကိုတောင် မတွေးမိခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် သူမက သူ့လူပဲ ဖြစ်လာမှာပါလို့ တွေးလိုက်တာက ပိုပြီး လွယ်ကူလို့လေ။

ဒါပေမဲ့ အခုတော့ သူ လက်တွေ့ဘဝကို ရင်ဆိုင်ရတော့မယ်။ စောလွန်းနေသေးတာလည်း ဖြစ်နိုင်ပေမဲ့ ဒါက ဘယ်လို အပြောင်းအလဲတွေ ယူဆောင်လာမလဲဆိုတာ သူ မသိဘူး။ ဒါပေမဲ့ အခုပဲ ပြောရတော့မယ်။ သူ့ဘဝမှာ အပြောင်းအလဲတစ်ခု ယူဆောင်လာဖို့ လိုနေပြီ။

“ငါ နင့်ကို သဘောကျတယ်၊ ငါ နင့်ကို... တကယ် သဘောကျတယ်”

အဘိဓာန်ထဲက စကားလုံးတွေ အများကြီးထဲမှာ သူ့ရဲ့ ခံစားချက်ကို ဖော်ပြဖို့အတွက် ဒါကပဲ သူ သုံးနိုင်တဲ့ တစ်ခုတည်းသော အရာ ဖြစ်နေတော့တယ်။

* * * * * * * * *

All Chapters