အခန်း (၁၁၃-၁၁၄)
Vol. 12 Ch. 113-114
အခန်း(၁၁၃)
မာရူးက ဘတ်စ်ကားပေါ် တက်သွားခဲ့တယ်။ သူမကတော့ လက်ဝှေ့ယမ်းပြနေတဲ့ မာရူးကို ငေးကြည့်နေမိပြီး ပြန်ပြီး လက်ပြဖို့တောင် စိတ်ထဲမရှိခဲ့ဘူး။ သူမ တကယ်ကို မှင်တက်နေခဲ့တာပါ။ မာရူး ထွက်သွားပြီး ဆယ်မိနစ်လောက်ကြာတဲ့အထိ အဲဒီနေရာမှာတင် ကျောက်ရုပ်လို ရပ်နေမိတဲ့အထိပေါ့။ ခေါင်းပေါ်မှာ တင်နေတဲ့ နှင်းတွေက အရည်ပျော်ပြီး မျက်နှာပေါ် စီးကျလာတော့မှပဲ သူမ သတိပြန်ဝင်လာတော့တယ်။ ခေါင်းကို ခါယမ်းပြီး ပုံနေတဲ့ နှင်းတွေကို ခါချလိုက်တာပေါ့။
“ရူးလိုက်တာ တကယ်ပဲ”
မီးပွိုင့်အချက်ပြပြောင်းတဲ့အထိ စောင့်ပြီးမှ လမ်းကို ဖြတ်ကူးခဲ့တယ်။ လမ်းစောင့်နေတုန်း ဘေးနားကနေ ကားတစ်စီး ဖြတ်မောင်းသွားတော့ လေတိုးတဲ့အရှိန်ကြောင့် မျက်လုံးလေး နည်းနည်း မှေးလိုက်မိတာပေါ့။ အဲဒီလို မျက်လုံးမှေးလိုက်တဲ့အချိန်မှာပဲ သူမကို လက်ဝှေ့ယမ်းပြနေတဲ့ မာရူးရဲ့ ပုံရိပ်က ခေါင်းထဲ ပြန်ရောက်လာပြန်တယ်။
“ရူးနေတာလား မသိဘူး”
ခေါင်းကို တရမ်းရမ်းနဲ့ လမ်းကူးလာခဲ့တယ်။ သူမတို့ အိမ်က လမ်းလျှောက်ရင် ငါးမိနစ်လောက်ပဲ ဝေးတာလေ။ လမ်းလျှောက်နေတုန်း ခြေလက်တွေဆီ အအေးဓာတ်က ပြန်ဝင်လာတာမို့ ခြေလှမ်းကို နည်းနည်း ပိုသွက်လိုက်မိတယ်။ ပုခုံးပေါ်က နှင်းတွေကို ခါချပြီး တိုက်ခန်း အဆောက်အဦးထဲ ဝင်လာခဲ့တာပေါ့။ အထဲမှာတော့ စာတိုက်ပုံးတန်းတွေ၊ ကြော်ငြာစာရွက်တွေရယ်၊ နံရံမှာ ချိတ်ထားတဲ့ မှန်ချပ်လေး တစ်ချပ်ရယ် ရှိတယ်။ မှန်ရှေ့ကနေ ဖြတ်အသွားမှာတော့ သူမ ကိုယ်တိုင်တောင် လန့်ပြီး နောက်ကို ဆုတ်လိုက်မိတာပေါ့။ အပြင်မှာ တော်တော်လေး ချမ်းခဲ့ပေမဲ့ သူမရဲ့ မျက်နှာကတော့ ခရမ်းချဉ်သီးမှည့်ကြီးလို နီရဲနေခဲ့တာကိုး။
ပါးပြင်လေးတွေကို လက်နဲ့ အသာအုပ်ကြည့်လိုက်တယ်။ မင်္ဂလာဆောင်တုန်းက မတော်တဆ ဆိုဂျူသောက်မိသလိုမျိုး ပါးတွေက တင်းခနဲ ပူနေတာပေါ့။
“မေမေသာ မြင်လို့ကတော့”
မေမေကတော့ ဒါကို ဒီအတိုင်း လွှတ်ပေးမှာ မဟုတ်ဘူး။ အကျိုးအကြောင်း သိရအောင် အတင်းမေးမှာဖြစ်ပြီး သူမကလည်း နောက်ဆုံးတော့ ပြောပြမိမှာပဲလေ။ အဲဒါကတော့ လုံးဝ အဆင်မပြေဘူး။ အပူရှိန်လျော့သွားအောင် အပြင်မှာ မိနစ်အနည်းငယ်လောက် ထပ်ရပ်နေပေမဲ့ မျက်နှာက အပူကတော့ လုံးဝ မပြယ်သွားဘူး။ ပြောရရင် ပိုတောင် ပူလာသလိုပဲ။
“တစ်ယောက်ယောက်ကို စောင့်နေတာလား”
လုံခြုံရေးဝန်ထမ်း အန်ကယ်ကြီးက စိုးရိမ်တကြီးနဲ့ လှမ်းမေးတယ်။ သူမကလည်း ‘ဘာမှမဟုတ်ပါဘူး၊ ပူလို့ပါ’ လို့ ပြန်ဖြေလိုက်တော့ အန်ကယ်ကြီးက သူမကို တစ်မျိုးကြီး ကြည့်နေတာပေါ့။ ဒါလည်း ဟုတ်တာပဲလေ၊ ဒီဇင်ဘာလအစောပိုင်းရဲ့ အေးစိမ့်နေတဲ့ ညကြီးမှာ ပူတယ်လို့ ပြောနေတာကိုး။ ဒါပေမဲ့လည်း သူမကတော့ တကယ်ကို ပူနေတာလေ။ လုံခြုံရေးရုံးခန်းထဲက နာရီကို လှမ်းကြည့်လိုက်တော့ သန်းခေါင်ယံအချိန်ရောက်ဖို့ မိနစ် ၂၀ ပဲ လိုတော့တယ်။ မိနစ် ၂၀ အတွင်းမှာတော့ အိမ်ထဲကို ပြန်ဝင်ရတော့မှာပေါ့။
ခံစားချက်ကတော့ တော်တော် ထူးဆန်းနေတယ်။ မျက်နှာက ပူနေပေမဲ့ ခြေထောက်တွေကတော့ ခဲနေတာပဲ။ အပေါက်ဝမှာ ရပ်နေတုန်း စုံတွဲတစ်တွဲ သူမဘေးကနေ ဖြတ်သွားတာ တွေ့လိုက်ရတယ်။
“မင်္ဂလာဆောင်ဖို့ အဲဒီနေရာဆိုရင် အဆင်ပြေမှာပေါ့၊ ဟုတ်တယ်မလား”
“အင်း၊ အဆင်ပြေမှာပါ။ ဒါပေမဲ့ တခြားနေရာလေးတွေကိုလည်း ထပ်ကြည့်ချင်သေးတယ်”
“ဒါပေါ့။ ဒါနဲ့ ကုမ္ပဏီကလူတွေကို ဖိတ်စာ ဘယ်နှစ်ယောက်လောက် ပေးရမှာလဲ”
“သူငယ်ချင်း အနည်းအကျဉ်းပါပဲ၊ အကုန်လုံးကိုတော့ မဖိတ်ချင်ဘူး”
သူတို့တွေ မကြာခင် လက်ထပ်ကြတော့မယ့်ပုံပဲ။ အဲဒီအမျိုးသမီးဆီကနေ ပျော်ရွှင်မှု အရိပ်အယောင်တွေနဲ့ နွေးထွေးတဲ့ အငွေ့အသက်တွေ ထွက်နေသလို ခံစားရတယ်။ လူတွေက အချစ်နဲ့ တွေ့တဲ့အခါတိုင်း အဲဒီလိုပဲ ဖြစ်သွားကြတာလား။ အချစ်တဲ့။
“ဟူး... ရူးတော့မှာပဲ”
နာရီကို စိုက်ကြည့်လိုက်တော့ သန်းခေါင်ယံရောက်ဖို့ ၁၅ မိနစ်ပဲ ကျန်တော့တယ်။ ပါးပြင်တွေကို ထပ်ပြီး စမ်းကြည့်လိုက်တာပေါ့။
‘အပူပေးစက်တစ်လုံးကျနေတာပဲ’
မစဉ်းစားပါနဲ့လို့ ကိုယ့်ကိုယ်ကိုယ် တားနေပေမဲ့ ပိုပြီးတော့တောင် တွေးနေမိတယ်။ နောက်ဆုံးတော့ လက်လျှော့လိုက်ရတော့တာပေါ့။ မျက်နှာက နီမြဲနီနေပေမဲ့ အအေးဒဏ်ကိုတော့ ဆက်ပြီး အောင့်မထားနိုင်တော့ဘူး။ ဓာတ်လှေကား စောင့်မလို့ လုပ်နေတုန်း ဘေးနားက လှေကားထစ်တွေကို သတိထားမိသွားတယ်။ ခပ်ပြုံးပြုံးလေး လုပ်လိုက်ပြီးမှ ပထမဆုံး ခြေလှမ်းကို စတင်လိုက်တာပေါ့။ ပြီးတာနဲ့ အပေါ်ထပ်ကို အရှိန်နဲ့ ပြေးတက်သွားတော့တယ်။ လှေကားတွေကို နှစ်ထစ်ကျော် သုံးထစ်ကျော်နဲ့ပေါ့။
ဆယ်ထပ်ကို ရောက်တဲ့အချိန်မှာတော့ သူမမှာ ချွေးလေးတွေတောင် စို့နေပြီ။ တံခါးကို ဖွင့်ပြီး အိမ်ထဲကို ချက်ချင်း ဝင်လိုက်တယ်။
“သမီး ပြန်ရောက်ပြီ”
မေမေက ဧည့်ခန်းထဲမှာ စာရိုက်နေတုန်းပဲ။ ထူးခြားသွားတာဆိုလို့ မေမေ့ဘေးမှာ ရေဖန်ခွက်လေး တစ်လုံး ရှိနေတာပဲပေါ့။
“ပြေးတက်လာတာလား”
“အော်၊ ဟုတ်တယ်မေမေ။ ဓာတ်လှေကားက နှေးနေတာနဲ့ လှေကားကပဲ တက်လာလိုက်တာ”
“ပင်ပန်းနေမှာပေါ့”
“မပင်ပန်းပါဘူး”
ကဲ... အောင်မြင်သွားပြီ။ ဖိနပ်ချွတ်ပြီး အထဲဝင်လာခဲ့ပေမဲ့ ကိုယ့်အခန်းထဲ ဝင်ခါနီးမှာပဲ...
“ဒါနဲ့... နင့်ကောင်လေးနဲ့ စကားပြောလို့ အဆင်ပြေခဲ့ရဲ့လား”
“သူက သမီးကောင်လေး မဟုတ်ပါဘူး”
“မဟုတ်လည်း မဟုတ်ဘူးပေါ့၊ အဲဒါကို ဘာလို့ အဲဒီလောက် စိတ်တိုနေရတာလဲ”
မေမေက နတ်ဆိုးမလေးလို ပြုံးနေတာပေါ့။ ဒီလိုကိစ္စမျိုးမှာတော့ မေမေ့ကို ဘယ်လိုမှ မယှဉ်နိုင်တာမို့ အခန်းထဲကိုပဲ အမြန် ပြေးဝင်ခဲ့လိုက်ရတယ်။ နောက်ကနေ မေမေက ‘ငါ့သမီးလေးတော့ လူလားမြောက်သွားပြီ’ လို့ ပြောနေတာကို ကြားနေရသေးတယ်။
“ဟင်း”
ကုတင်ပေါ် ပစ်လှဲလိုက်ပြီး ပါးတွေကို စမ်းကြည့်လိုက်မိတယ်။ အခုထိ ပူနေတုန်းပဲ။ ဒီညအတွင်းရော အပူရှိန် ပြယ်သွားပါ့မလား။
‘ဘာတွေ ဖြစ်ကုန်တာလဲ’
ပူနေတာက မျက်နှာတင် မဟုတ်ဘူး။ မာရူး ဆုပ်ကိုင်ခဲ့တဲ့ လက်ကလေးကလည်း အပူရှိန်တွေနဲ့ တဒိတ်ဒိတ် ခုန်နေသလိုပဲ။ အဲဒါက... ခံစားလို့ကောင်းတဲ့ နာကျင်မှုမျိုးလား။ တခြား ဘယ်လို စကားလုံးနဲ့ ဖော်ပြရမှန်းတောင် မသိတော့ဘူး။
“သူက အဲဒီလိုမျိုးကြီး ဝင်လာမယ်လို့”
သူ တစ်ချိန်ချိန်မှာ လက်တွဲခွင့်တောင်းလိမ့်မယ်လို့တော့ သူမ ခံစားမိသားပါ။ သူမက အဲဒီလောက်အထိ အူကြောင်ကြောင်နိုင်တဲ့သူ မဟုတ်ဘူးလေ။ ဒါပေမဲ့ ဒီနေ့မှ ဖြစ်လာလိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး။
‘ငါ နင့်ကို သဘောကျတယ်’
အဲဒီစကားလုံးတွေက ခေါင်းထဲမှာ ပတ်ချာလည်နေတုန်းပဲ။ မျက်နှာကလည်း ထပ်ပြီး နီရဲလာပြန်တယ်။ မာရူး အဲဒီစကားကို ပြောလိုက်တုန်းက သူမကတော့ သူ့ကို ငေးကြည့်နေရုံကလွဲလို့ ဘာမှ မတတ်နိုင်ခဲ့ဘူး။ အထူးအဆန်းတွေနဲ့ မွမ်းမံထားတာမျိုး မဟုတ်တဲ့ ရိုးရိုးရှင်းရှင်း စကားလုံးလေးတွေပေမဲ့ ဘာကြောင့်မှန်းမသိ သူမရဲ့ ရင်ထဲကိုတော့ ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားစေခဲ့တာပေါ့။ ခေါင်းအုံးထဲ မျက်နှာအပ်လိုက်မိတယ်။ ဒီကောင်လေးကတော့ သူမရဲ့ အဖြေကိုတောင် နားမထောင်ဘဲ ထွက်သွားခဲ့တာလေ။
‘ဘာလဲ၊ ငါက သဘောတူမယ်လို့များ ထင်နေလို့လား’
“နေပါဦး၊ တကယ်ကြီး အဲလိုဖြစ်သွားတာလား”
ကုတင်ပေါ်ကနေ ချက်ချင်း ထထိုင်လိုက်တယ်။ တကယ်ကို စိတ်တိုလာတာပေါ့။ အဖြေကိုတောင် နားမထောင်ဘဲ ထွက်သွားတယ်ဆိုတော့ ဘယ်လိုလူလဲ။ အဲဒီအတိုင်းကြီးလား။ စိတ်တိုတိုနဲ့ ဖုန်းကို ထုတ်လိုက်တယ်။ ဒါပေမဲ့ မာရူးရဲ့ ဖုန်းနံပါတ်ကို နှိပ်ခါနီးမှာပဲ... မနှိပ်ဖြစ်ခဲ့ဘူး။ ဘာလို့လဲ။ ဘာလို့လဲဆိုတော့ ဖုန်းခေါ်ဖို့ သတ္တိက မရှိဘူး ဖြစ်နေတာလေ။
နှိပ်ဖို့ သတ္တိတွေ စုစည်းနေတုန်းမှာပဲ မာရူးဆီက ဖုန်းဝင်လာတယ်။ သူမ ဘာတွေ ခံစားနေရလဲဆိုတာကို သူ အကုန်သိနေသလိုမျိုးပဲ။
“ဟယ်လို”
“ဘာလို့ ဖုန်းဆက်တာလဲ”
ရည်ရွယ်ထားတာထက် ပိုပြီး အေးစက်စက် လေသံမျိုးနဲ့ ပြောလိုက်မိတယ်။ ကိုယ့်စကားကိုယ်တောင် အံ့ဩသွားပြီး ပါးစပ်ကို အသာအုပ်လိုက်မိပေမဲ့ မာရူးကတော့ သိပ်ပြီး အံ့ဩနေတဲ့ပုံ မရဘူး။
“စဉ်းစားကြည့်တော့ နင့်ရဲ့ အဖြေကိုတောင် ငါ မကြားခဲ့ရဘူးလေ”
“နင်ကတော့ တကယ်ပဲ...”
“ငါ အရမ်း စိတ်လှုပ်ရှားနေလို့ပါ။ အဲဒီနေရာမှာတင် နင့်အဖြေကို နားထောင်ဖို့ သတ္တိမရှိခဲ့ဘူး”
“. . .”
ကြောက်လို့တဲ့လား။ အဲဒီ ဟန်မာရူးကလေ။ ဘယ်အရာကိုမှ မကြောက်တတ်တဲ့ အဲဒီ ဟန်မာရူးကလေ။
အခု အဲဒီစကားကို ပြောလိုက်တော့ ပိုတောင် စိတ်လှုပ်ရှားလာပြီ။ ကြောက်တောင် ကြောက်လာသလိုပဲ
“... ဟေ့၊ ကြောက်တယ်ဆိုတာကတော့ နည်းနည်း များသွားပြီ”
အနောက်အပြောင် ပြောနေတာ မဟုတ်ဘူး။ မာရူးရဲ့ အသံထဲမှာ တကယ်ပဲ ကြောက်ရွံ့နေတဲ့ အရိပ်အယောင်လေးတွေ ပါနေတာကို သူမ ခံစားနေရတယ်။ ဘာလို့လဲ။ သူမရဲ့ အဖြေကြောင့်လား။ အဲဒီလောက်လေးနဲ့လား။
‘ကောင်းပါပြီ၊ အဲဒါက သိပ်တော့လည်း မသေးငယ်ပါဘူးလေ’
ကိုယ့်ဘာသာကိုယ်တော့ နည်းနည်း ပုံကြီးချဲ့ တွေးနေမိတာလည်း ဖြစ်နိုင်ပေမဲ့ သူမက မာရူးအတွက် တကယ်ကို တန်ဖိုးရှိတဲ့လူတစ်ယောက် ဖြစ်နေလို့လား။ အဲဒီအတွေးကို ချက်ချင်းပဲ ခေါင်းထဲက ထုတ်ပစ်လိုက်တယ်။ အဝေးကြီးတွေ လျှောက်တွေးနေမိပြီ။
“ငါ့စကားကို နားထောင်ပေးလို့ ကျေးဇူးတင်ပါတယ်။ ပြီးတော့ တောင်းပန်ပါတယ်နော်”
“ဘာအတွက် တောင်းပန်တာလဲ”
“သိတယ်မလား၊ ရုတ်တရက်ကြီး ရောက်လာပြီး မမျှော်လင့်ဘဲ ဖွင့်ပြောလိုက်မိတာတွေ... အားလုံးအတွက်ပေါ့”
“နင် တောင်းပန်ရမယ့် အကြောင်းအရာတွေက တော်တော်များသားပဲနော်”
သူ့အသံကို ကြားလိုက်ရတော့မှပဲ စိတ်က နည်းနည်း ငြိမ်သွားတော့တယ်။ မျက်နှာက အပူရှိန်တွေလည်း လျော့သွားသလိုပဲ။ ရင်ခုန်သံတွေလည်း ပုံမှန် ပြန်ဖြစ်လာပြီ။ စိတ်အေးသွားပြီပေါ့။ ဟူး။
“ဪ၊ စဉ်းစားကြည့်တော့ အဲဒါကြီးက တကယ် ထူးဆန်းတာပဲ။ နင်က ဘာလို့ အဲဒီလိုမျိုးကြီး ဖွင့်ပြောရတာလဲ”
“ငါ အနေအထားကို သေသေချာချာ မပြင်ဆင်နိုင်ခဲ့ဘူး ထင်တယ်နော်”
“အေးလေ။ လမ်းဘေးဆိုင်မှာ ဖွင့်ပြောတယ်လို့လား။ အတန်းထဲမှာ ပြောတာကမှ ပိုပြီး အဆင်ပြေဦးမယ်”
“တောင်းပန်ပါတယ်”
“... အခုကျတော့လည်း ငါကပဲ ပြန်ပြီး အားနာလာသလိုပဲ။ ပုံမှန်အတိုင်းပဲ နေစမ်းပါ။ အခု နင်နဲ့ စကားပြောရတာ တကယ်ကို အနေရခက်တာပဲ”
ခပ်ပြုံးပြုံးလေး လုပ်လိုက်မိတယ်။ စကားဝိုင်းကို သူမကပဲ ဦးဆောင်နေရသလို ခံစားလိုက်ရလို့ပေါ့။
ပြုံးစိစိနဲ့…
တစ်ဖက်မှာ မာရူးတစ်ယောက် စိတ်လှုပ်ရှားနေမယ်ဆိုတာကို တွေးမိတော့ သူမက သူ့ကို စနောက်ချင်လာပြန်တယ်။ ဟုတ်တယ်၊ စလိုက်တာကမှ ပိုကောင်းမယ်။
“ငါ နင့်ကို သဘောကျတယ်”
သုံးစက္ကန့်လောက် ကြောင်အသွားမိတယ်။ သူ့ကို စနောက်ဖို့ ရည်ရွယ်ထားတာပေမဲ့ ပါးစပ်က ထွက်လာတာကတော့ လုံးဝ တခြားစီ ဖြစ်နေတာကိုး။ မျက်နှာက ပြန်ပြီး နွေးလာပြန်ပြီ၊ ရင်တွေကလည်း အသည်းအသန် ခုန်နေတော့တာပဲ။ ပါးစပ်ကို လက်နဲ့အုပ်ပြီး မျက်နှာကျက်ကို မော့ကြည့်ရင်း ဖုန်းကို ချလိုက်မိတယ်။ ဘာလုပ်ရမှန်းကို မသိတော့ဘူး။ နောက်ဆုံးတော့ ဘယ်လို ဆုံးဖြတ်ရမှန်း မသိတာနဲ့ ကုတင်ပေါ်မှာပဲ ဟိုလှိမ့်ဒီလှိမ့် လုပ်နေမိတော့တယ်။
တစ်ချက်။ ဖုန်းအချက်ပေးသံ မြည်လာတယ်။ မက်ဆေ့ခ်ျ တစ်စောင်ပေါ့။
“ကျေးဇူးပဲ”
အဲဒီ စကားလုံးလေး တစ်လုံးကို ဖတ်ပြီးတော့ သူမ ပြုံးမိသွားပြန်တယ်။ စိတ်လှုပ်ရှားနေတာတွေလည်း ချက်ချင်း ပြယ်သွားတာပေါ့။ ခဏလောက် တစ်ယောက်တည်း ပြုံးနေပြီးမှ ခေါင်းအုံးစွန်းကို ကိုက်ပြီး ကုတင်ပေါ်မှာ ပျော်ပျော်ကြီး လှိမ့်နေတော့တယ်။ မျက်နှာက အပူရှိန်တွေလည်း ပျောက်ကွယ်သွားပြီ။
* * * * * * * * *
မာရူးကတော့ ခပ်ပြုံးပြုံးနဲ့ ငေးငေးငိုင်ငိုင်လေး ဘတ်စ်ကား ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်နေတယ်။ နောက်ဆုံးတော့ သူ ရှေ့ကို တစ်လှမ်း တိုးနိုင်ခဲ့ပြီ။ သူ့အတွက်တော့ ဒီနေ့ဟာ လွန်ခဲ့တဲ့ တစ်နှစ်လုံးလုံးထက် ပိုပြီး တန်ဖိုးရှိတဲ့ နေ့တစ်နေ့ပဲ။ ဒါက အစပဲ ရှိသေးတာ ဆိုပေမဲ့ သူ တကယ်ကို ပျော်နေမိတယ်။
ဒါပေမဲ့လည်း ဝေခွဲမရတာတွေတော့ ရှိနေတုန်းပဲ။ ဟန်မာရူးရဲ့ ဘဝထဲမှာ ဟန်မာရူး ကိုယ်တိုင် မရှိနေဘူးဆိုတဲ့ အချက်က ပြဿနာပဲလေ။ သူမက သူ့ဘဝရဲ့ အစိတ်အပိုင်း တော်တော်များများကို နေရာယူထားလို့ ဖြစ်မှာပါ။ အချိုးအဆ ညီအောင် သူ ကြိုးစားဖို့ လိုနေပြီ။
‘ငါ လောဘကြီးလို့ ရပါ့မလား’
သူ ရှုံးနိမ့်မှာကို ကြောက်နေမိတယ်။ အရန်အစီအစဉ် ရှိမှသာ သူက အသစ်တစ်ခုကို စမ်းကြည့်တတ်တာကိုး။ အခု... အရန်အစီအစဉ်ကို ဒီအတိုင်း စွန့်လွှတ်လိုက်လို့ ရပါ့မလား။ သူမကို ဒုက္ခရောက်စေနိုင်တယ်ဆိုတာ သိရက်နဲ့ သူ့ဘဝကို အဲဒီထဲကို ပစ်သွင်းလိုက်လို့ ရပါ့မလား။
အဝါရောင် နီယွန်မီးတွေက သူ့အပေါ်ကနေ ဖြတ်ကျော်သွားတယ်။ အဲဒီမီးတွေ တဖြည်းဖြည်း ပျောက်ကွယ်သွားတာကို မြင်တော့ သူ့ရဲ့ လက်ရှိဘဝကို သွားပြီး သတိရမိတယ်။ မီးရောင်တွေကို ငေးကြည့်နေတုန်းမှာပဲ... မက်ဆေ့ခ်ျ တစ်စောင် ဝင်လာတယ်။ သူမဆီက ဖြစ်မှာပါ။
“ချမ်းတယ်လေ၊ အဲဒီလည်စည်းကို သေသေချာချာ ပတ်ထားဦး”
သူ ပြုံးမိသွားပြီး စိုးရိမ်ပူပန်မှုတွေလည်း ခဏတာ ပျောက်ကွယ်သွားတော့တယ်။
“လောလောဆယ်တော့ ပျော်နေလိုက်ရုံပေါ့”
မာရူးက သူ့လည်ပင်းက လည်စည်းလေးကို အသာအယာ ကိုင်ကြည့်လိုက်တယ်။ သူမဆီက ရနံ့သင်းသင်းလေးက အဲဒီမှာ ကျန်နေဆဲပဲပေါ့။
* * * * * * * * *
အခန်း(၁၁၄)
ယွန်းမွန်ဂျောင်က နှိုးစက်မမြည်ခင်ကတည်းက မျက်လုံးပွင့်နေခဲ့တယ်။ သူ အေးအေးဆေးဆေး နိုးလာပြီးနောက် ဒစ်ဂျစ်တယ်နာရီကို လှမ်းကြည့်လိုက်တော့ ၅ နာရီ ၅၉ မိနစ် ၅၇ စက္ကန့် ရှိနေပြီ။ မြည်တော့မယ့် နှိုးစက်ပေါ်က ခလုတ်ကို အသာလေး နှိပ်လိုက်ရင်း မွန်ဂျောင်ရဲ့ တစ်နေ့တာကို စတင်လိုက်တာပေါ့။
မွန်ဂျောင် အသက် ၆၀ ကျော်လာကတည်းက နှိုးစက်မမြည်ခင် ကြိုနိုးနေတတ်တဲ့ အကျင့်က စလာတာပါ။ ‘အသက်ကြီးလာရင် အိပ်ချိန်နည်းသွားတယ်’ ဆိုတဲ့ စကားထက် ‘အသက်ကြီးလာရင် ကိုယ်ခန္ဓာထဲမှာ နာရီတစ်လုံး အလိုလို ပါလာတယ်’ ဆိုတဲ့ စကားက ပိုမှန်မယ်လို့ သူ ခံစားရတယ်။ အချိန်စီးဆင်းမှုထဲမှာ နှစ်ပေါင်းများစွာ ရှင်သန်လာခဲ့တဲ့ ကိုယ်ခန္ဓာက အဲဒီစီးဆင်းမှုကို မှတ်မိနေတာက သဘာဝပဲလေ။
မွန်ဂျောင်က မီးဖိုချောင်ထဲ ထွက်လာပြီး နည်းနည်းအေးစိမ့်နေတဲ့ ခါးလေးကို နှိပ်ရင်း ကြက်ဥဟင်းရည် အိုးတည်ရင်း သမ်းဝေလိုက်တယ်။ အိုးထဲ ရေထည့်ပြီး ရေဆူလာတဲ့အချိန် ကြက်ဥနှစ်လုံး ခေါက်ထည့်လိုက်ရင် ဟင်းရည်လုပ်ငန်းစဉ်ရဲ့ တစ်ဝက်က ပြီးသွားပြီပေါ့။ သားသမီးတွေ ပို့ပေးထားတဲ့ အရန်ဟင်းလေးတွေကို ထုတ်ပြီး ရိုးရိုးရှင်းရှင်းပဲ ထမင်းစားပွဲ ပြင်လိုက်တယ်။
လေးယောက်ထိုင် ထမင်းစားပွဲကြီး ဖြစ်ပေမဲ့ သူကတော့ အမြဲတမ်း တစ်ယောက်တည်းပဲ ထိုင်နေကျပါ။ ဘေးနားက အားနေတဲ့ နေရာတွေကို သူ့မျက်လုံးက အလိုလို ဝေ့ကြည့်လိုက်မိပြီး ထမင်းစားပွဲဘေးမှာ ချိတ်ထားတဲ့ ဓာတ်ပုံဘောင်ဆီ အကြည့်ရောက်သွားတယ်။
စက္ကူခေါက်ပန်းလေး အောက်မှာတော့ ပြုံးနေတဲ့ သူ့ဇနီးရဲ့ မျက်နှာလေး ရှိနေတာပေါ့။ အဲဒီတုန်းက သူမ အသက် ၅၀ လောက်ပဲ ရှိဦးမယ် ထင်တယ်။
“အဲဒီမှာ ထမင်းစားနေတာလား”
မွန်ဂျောင်က တိုးတိုးလေး ရေရွတ်လိုက်ပြီးမှ ထမင်းစားဖို့ ဇွန်းနဲ့တူကို ကိုင်လိုက်တယ်။ အတူတူ အိုမင်းသွားကြရအောင်လို့ ကတိပေးခဲ့တဲ့ သူ့ဇနီးကတော့ သမီးနှစ်ယောက်လုံး အိမ်ထောင်ကျတာကို မြင်သွားရလို့ နောင်တမရှိတော့ဘဲ ထွက်သွားခဲ့ပုံရတယ်။ နှလုံးရောဂါကြောင့်ဆိုပေမဲ့ သူမက ဘာမှတောင် ကြိုတင်ပြင်ဆင်ခွင့်မပေးဘဲ ချက်ချင်းကြီး ထွက်သွားခဲ့တာပါ။ သူမ သက်ရှိထင်ရှား ရှိစဉ်တုန်းကလည်း အရာရာမှာ စိတ်မြန်လွန်းသူမို့လို့ ထွက်သွားတဲ့အချိန်မှာတောင် နှုတ်ဆက်စကား တစ်ခွန်းမှ မပြောသွားခဲ့ဘူးလေ။ နာရေးနေ့တုန်းက မွန်ဂျောင်ဟာ ပြုံးနေတဲ့ သူ့ဇနီးရဲ့ ဓာတ်ပုံကို စိုက်ကြည့်ရင်း တစ်ယောက်တည်း အရက်ခွက်ကို မော့ခဲ့ရတာပေါ့။ သူမက တကယ်ကို သံယောဇဉ်မရှိတဲ့သူပါလို့ သူ ထပ်ခါတလဲလဲ ရေရွတ်နေခဲ့မိတာပါ။
ကြက်ဥဟင်းရည်နဲ့ ဟင်းသီးဟင်းရွက် သနပ်လေးတွေနဲ့ ထမင်းစားပြီးနောက် မွန်ဂျောင်က ဧည့်ခန်းထဲထွက်ပြီး တီဗီဖွင့်လိုက်တယ်။ အဲဒါက သူ့သမီးကြီး လက်ဆောင်ပေးထားတဲ့ ၃၀ လက်မ CRT တီဗီ အဖောင်းကြီးပေါ့။ သိကျွမ်းသူတစ်ယောက်က ၄၀ လက်မ LCD တီဗီအသစ် ဝယ်ပေးမယ်လို့ ကမ်းလှမ်းခဲ့ဖူးပေမဲ့ အိမ်မှာ ဒီထက်ကောင်းတာ ရှိတယ်ဆိုပြီး သူက ငြင်းခဲ့တာလေ။
မနက်ခင်းသတင်း လိုင်းကို ပြောင်းလိုက်ပြီး သတင်းစာ ကောက်ကိုင်လိုက်တယ်။ အသက်ရှူသံ ပြင်းပြင်းနဲ့ ဒါလ်ဂူ ရောက်လာပြီး ဆိုဖာရှေ့မှာ လှိမ့်နေတော့မှ အိမ်အိုကြီးက နည်းနည်း သက်ဝင်လှုပ်ရှားလာသလို ရှိတော့တယ်။
မွန်ဂျောင်က ဒါလ်ဂူရဲ့ ခေါင်းလေးကို ပုတ်ပေးလိုက်တယ်။ ဒါလ်ဂူက ဂျင်မင်းက လက်ဆောင်ပေးထားတဲ့ ရှီဘာအိနုခွေးလေးပေါ့။ ချစ်စရာကောင်းပြီး အမြဲတမ်း ပျော်ပျော်ရွှင်ရွှင် ရှိနေတတ်လို့ မွန်ဂျောင်က သူ့ကို အထူးတလည် သဘောကျတာပါ။ ဒါလ်ဂူရဲ့ အမေကတော့ လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက ဆုံးသွားခဲ့ပြီပေါ့။
“မကြာသေးခင်က အသက် ၃၀ အရွယ် အမျိုးသမီးတစ်ယောက်ကို မူကြိုကျောင်းတစ်ခုမှာ လိမ်လည်မှုလုပ်တဲ့အတွက် ဖမ်းဆီးလိုက်ပါတယ်။ အသေးစိတ် သတင်းကတော့...”
သတင်းစာကို ခဏဖတ်ပြီးတဲ့နောက် နာရီလက်တံက ၉ နာရီကို ညွှန်ပြနေပြီ။ ပုံမှန်နေ့တွေလိုပါပဲ။ မွန်ဂျောင်က ဒါလ်ဂူရဲ့ လည်ပင်းမှာ ကြိုးတပ်လိုက်ပြီး အပြင်ထွက်ခဲ့တယ်။
အေးစိမ့်တဲ့ လေညင်းက မျက်နှာကို လာတိုးတယ်။ မွန်ဂျောင်က အင်္ကျီကော်လာကို ပြင်လိုက်ပြီး ဘုရားကျောင်းသွားသူတွေကိုပဲ ရံဖန်ရံခါ တွေ့ရတတ်တဲ့ လမ်းကလေးအတိုင်း အေးအေးဆေးဆေး လမ်းလျှောက်လာခဲ့တယ်။ ဒီလမ်းလေးက တိတ်ဆိတ်ငြိမ်သက်နေလို့ မွန်ဂျောင်က သဘောကျတာပေါ့။
“မင်္ဂလာမနက်ခင်းပါ”
ကုန်စုံဆိုင်က မစ္စတာပတ်က သူ့ကို နှုတ်ဆက်တယ်။ သူ ဒီရပ်ကွက်ကို ရောက်လာတာ ၁၀ နှစ်တောင် ရှိပြီလေ။ အခုဆို အိမ်နီးချင်းလို့ ခေါ်လို့ရတဲ့သူတွေ ရှိလာပြီဖြစ်ပြီး မစ္စတာပတ်ကလည်း အဲဒီထဲက တစ်ယောက်ပေါ့။
“ဒီနေ့လည်း ရောင်းကောင်းပါစေဗျာ”
“ဟုတ်ကဲ့၊ အများကြီး ရောင်းရမှာပေါ့”
မစ္စတာပတ်က လူမှုရေး တော်တော်သိတာပဲ။ တစ်ချိန်မှာတော့ မွန်ဂျောင်ဟာ စိတ်ရင်းနဲ့ ရယ်တာလား၊ ဟန်ဆောင်ရယ်တာလား ဆိုတာကို ခွဲခြားနိုင်စွမ်း ရှိလာခဲ့တယ်။ သူ့မျက်လုံးတွေကလည်း ဟန်ဆောင်အပြုံးတွေနဲ့ လေ့ကျင့်သားရခဲ့ဖူးတာဆိုတော့ အဲဒီနှစ်ခုကို ခွဲခြားနိုင်တာက သဘာဝပဲ ဖြစ်မှာပါ။
မွန်ဂျောင်က မောဟိုက်နေတဲ့ ဒါလ်ဂူနဲ့အတူ လမ်းလျှောက်ရင်း လက်မောင်းတွေကို လွှဲယမ်းနေလိုက်တယ်။ မပြောင်းလဲဘဲ ရှိနေသေးတဲ့ လမ်းတွေကို ကြည့်ရင်း မွန်ဂျောင်က ကျေနပ်စွာ ပြုံးလိုက်မိတယ်။ အသက်ကြီးလာလေလေ အပြောင်းအလဲတွေကို ကြောက်လာလေလေပါပဲ၊ ပတ်ဝန်းကျင်ကိစ္စတွေမှာလည်း ဒီအတိုင်းပါပဲ။ မွန်ဂျောင်ဟာ ရှိသင့်တဲ့အရာတွေက အဲဒီနေရာမှာပဲ ရှိနေတာကို တန်ဖိုးထားတတ်တဲ့သူပါ။
မွန်ဂျောင်က လူရှုပ်နေတဲ့ မူလတန်းကျောင်းကို ဖြတ်ကျော်ပြီး ကုန်းမြင့်တစ်ခုပေါ် စတက်လိုက်တယ်။ ငယ်ငယ်ကတည်းက လေ့ကျင့်ခန်း မပျက်ခဲ့သူမို့လို့ သူ့ကျန်းမာရေးက တော်တော်လေး ကောင်းတယ်လို့ ပြောရမယ်။ ခါးဆစ်လေး နည်းနည်းတော့ လွဲနေပေမဲ့ လေ့ကျင့်ခန်းလုပ်လိုက်ရင် အဲဒီအအေးမိသလို ခံစားချက်က ပျောက်သွားတာပဲလေ။ သူ့ရဲ့ မိသားစုဆရာဝန်ကလည်း ဆေးကုသမှု ခံယူတာထက် နေ့တိုင်း လေ့ကျင့်ခန်းလုပ်ဖို့က ပိုအရေးကြီးတယ်လို့ ပြောထားတာကိုး။
“သွားကြစို့ ဒါလ်ဂူ”
ဒါလ်ဂူက ကုန်းစောင်းအတိုင်း တက်ကြွစွာ ပြေးတက်သွားတယ်။ မွန်ဂျောင်လည်း အင်အားနည်းနည်း စုစည်းလိုက်ပြီး လှပတဲ့ လူနေအိမ်ခြေတွေနဲ့ တိုက်ခန်းတွေဆီကနေ အနည်းငယ် ဝေးကွာတဲ့ တောင်ကုန်းပေါ်က ဆင်းရဲသား ရပ်ကွက်လေးဆီ ဒါလ်ဂူနောက်ကနေ လိုက်ပြေးခဲ့တယ်။ မွန်ဂျောင်က ဖျက်သိမ်းတော့မယ့် တဲစုတ်လေးတစ်ခုကို ဖြတ်သွားလိုက်တယ်။ မကြာခင်မှာ ဒီနေရာကလည်း မီးခြစ်အိမ်လေးတွေလို တိုက်တန်းလျားတွေ ဖြစ်သွားတော့မှာပေါ့။
ဒါလ်ဂူနဲ့အတူ ကုန်းဆင်းလေးအတိုင်း ဆင်းလာပြီးနောက် မွန်ဂျောင်ဟာ ဒီနေ့ရဲ့ ပန်းတိုင်ဖြစ်တဲ့ ဒါလ်ဂူရင် ဂေဟာကို ရောက်လာခဲ့တယ်။ ဒါလ်ဂူက ဂေဟာအဆောက်အဦးကို မြင်တာနဲ့ အမြီးလေး တနန့်နန့်နဲ့ ပြေးလွှားနေတော့တာပဲ။
“ပျော်နေတာလား ကောင်လေး”
သူ ဒါလ်ဂူကို ခေါ်ပြီး အထဲဝင်သွားလိုက်တယ်။ ဂေဟာမှူးက အသံစူးစူးလေးနဲ့ ထွက်ကြိုတယ်။
“ဆရာ”
“ရောက်ပြီလား”
မွန်ဂျောင်က ပြုံးပြီး ခေါင်းညိတ်ပြလိုက်တယ်။ ဂေဟာမှူးက တခြားဆရာတွေကို ခေါ်ဖို့ အထဲကို ချက်ချင်း ဝင်သွားတာပေါ့။ မွန်ဂျောင်က ကလေးတွေရှိတဲ့ ဧည့်ခန်းထဲ ဒါလ်ဂူကို ခေါ်သွားလိုက်တယ်။ မနက်စာ စားပြီးစမို့လို့ ကလေးတွေက ကိုယ့်ပန်းကန်လေးတွေကိုယ် သယ်ပြီး လှုပ်ရှားနေကြတာပေါ့။
“အာ ဒါလ်ဂူလေးပဲ”
“ဒါလ်ဂူ”
ဒါလ်ဂူကို မြင်တာနဲ့ ကလေးတွေက အုပ်စုလိုက် ပြေးလာကြတော့တာပဲ။ မွန်ဂျောင်က ဒါလ်ဂူရဲ့ ကြိုးကို ဖြည်ပေးပြီး ကလေးတွေကြားထဲ လွှတ်ပေးလိုက်တယ်။ သူတို့ အခုလို အတူတူ ဆော့လာကြတာ ၃ နှစ်တောင် ရှိပြီလေ။ အရင်က လာလည်နေကျက ဒါလ်ဂူရဲ့ အမေပါ၊ သူမ ဆုံးပြီးတဲ့နောက် အခုတော့ ဒါလ်ဂူကပဲ ဒီကလေးတွေရဲ့ သူငယ်ချင်း ဖြစ်လာခဲ့တာပေါ့။
“မင်္ဂလာပါ အဘိုး”
“မင်္ဂလာပါ”
အခု အထက်တန်းကျောင်း ဒုတိယနှစ် ရောက်နေပြီဖြစ်တဲ့ အစ်ကိုကြီးက ဦးဆောင်ပြီး ကလေးတွေက အရိုအသေပေး နှုတ်ဆက်ကြတယ်။ မွန်ဂျောင်က ကျေနပ်စွာ ပြုံးပြရင်း ခေါင်းညိတ်ပြလိုက်တယ်။
“ဆရာက ဂျင်းလက်ဖက်ရည် ကြိုက်တယ် မဟုတ်လား”
“တိုက်ရင်တော့ သောက်မှာပေါ့”
မွန်ဂျောင်က ဒါလ်ဂူကို ကလေးတွေနဲ့ ဆော့ဖို့ ထားခဲ့ပြီး ဂေဟာမှူးရုံးခန်းထဲ ဝင်လာခဲ့တယ်။
“ဆရာ လာလည်တိုင်း ကလေးတွေက ပျော်နေကြတာ”
“ငါ့ထက် ဒါလ်ဂူကို ပိုသဘောကျကြတာပါ”
သူ မွှေးပျံ့နေတဲ့ လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်တယ်။ ဒီနေရာနဲ့ သူနဲ့ ပတ်သက်လာခဲ့တာ မသိမသာနဲ့ ၁၆ နှစ်တောင် ရှိသွားပြီပေါ့။
“ကလေးတွေရဲ့ ကျောင်းလစာအတွက် ဆရာ ပိုက်ဆံတွေ ပို့ပေးလို့ တကယ် ကျေးဇူးတင်ပါတယ်”
“တစ်ခုခု လိုတာရှိရင်လည်း ပြောဦးနော်”
“ဆရာက ဒီလောက်တောင် ဂရုစိုက်ပေးနေတာပဲ၊ ဘာများ ထပ်လိုဦးမှာလဲ”
ဒီဂေဟာထဲကို ပိုက်ဆံတွေ တော်တော်များများ စီးဝင်နေတာပေါ့။ ဒါပေမဲ့ မွန်ဂျောင်ကတော့ ဒါကို နှမြောစရာလို့ တစ်ခါမှ မတွေးခဲ့ဖူးပါဘူး။ ဒါတွေက ပြည်သူတွေရဲ့ အာရုံစိုက်မှုကို ခံခဲ့ရလို့ သူ ရှာဖွေနိုင်ခဲ့တဲ့ ပိုက်ဆံတွေလေ။ အဲဒီပိုက်ဆံတွေကို ပြည်သူတွေဆီပဲ ပြန်ပေးတာက ကျိုးကြောင်းဆီလျော်တယ်လို့ မွန်ဂျောင်က ယူဆထားတာပါ။
ဂေဟာမှူးနဲ့ ဟိုဟိုဒီဒီ စကားပြောနေတုန်းမှာပဲ “ဪ ဟုတ်သားပဲ” ဆိုပြီး ဂေဟာမှူးက ခွင့်တောင်းပြီး နေရာကနေ ထလိုက်တယ်။ မွန်ဂျောင်က ဘာဖြစ်လို့လဲလို့ မေးလိုက်တော့
“ဒီနေ့ ကျွန်တော် ကျေးဇူးတင်ရမယ့်သူ တစ်ယောက် လာလိမ့်မယ်။ သူက ပြီးခဲ့တဲ့တစ်ခေါက်ကစပြီး ဒီမှာ လာကူပေးနေတာ။ ဒါပေမဲ့... စဉ်းစားကြည့်တော့ သူ ဆရာနဲ့ တစ်ခါမှ မဆုံဖူးသေးဘူးပဲ”
“စေတနာ့ဝန်ထမ်းလား”
“ဟုတ်ကဲ့။ သူက ရုပ်သေးပြဇာတ်တွေ ကပြတတ်လို့ ကလေးတွေက သဘောကျကြတယ်။ ဒါ့အပြင် သူက လက်မှုလည်း တော်တော့ ကလေးတွေအတွက် အရုပ်လှလှလေးတွေ ကိုယ်တိုင်လုပ်ပြီး လက်ဆောင်ပေးတတ်သေးတယ်”
“အင်း... အဲဒီလိုလူမျိုးလည်း ရှိတာပဲ”
“သူက အမျိုးသမီးငယ်လေးပါ။ စိတ်ထားလည်း ကောင်းသလို ရုပ်လည်း အရမ်းချောတယ်။ ကျွန်တော့်မှာ အိမ်ထောင်မပြုရသေးတဲ့ သားသာ ရှိရင် သူ့ကို ချက်ချင်း မိတ်ဆက်ပေးမိမှာ”
စေ့စပ်သေချာတဲ့ ဂေဟာမှူးကတောင် အဲဒီလောက်အထိ ချီးကျူးနေပြီဆိုရင် ဒီနေ့ လာမယ့်သူက တကယ့်ကို ထူးခြားတဲ့သူ ဖြစ်မှာပါ။
အခန်းထဲမှာ တစ်ယောက်တည်း ကျန်နေရတာ ပျင်းဖို့ကောင်းတာနဲ့ သူ အပြင်ကို ထွက်လာခဲ့တယ်။ အဝေးကနေ ဒီဘက်ကို မောင်းလာတဲ့ အနီရောင် ကားလေးတစ်စီးကို တွေ့လိုက်ရတယ်။ အဲဒီကားနဲ့ လာတာ ဖြစ်မှာပေါ့။
ကားက အဆောက်အဦးရှေ့မှာ ရပ်သွားတယ်။ ကားမောင်းသူရော၊ ဘေးက လိုက်လာသူရော တံခါးတွေကို တစ်ပြိုင်တည်း ဖွင့်လိုက်ကြပြီး အရပ်ရှည်ရှည် အမျိုးသမီးတစ်ယောက်နဲ့ အရပ်အမောင်း ဆင်တူတဲ့ ကောင်လေးတစ်ယောက် ပေါ်လာတယ်။ အမျိုးသမီးက အသက် ၂၀ ကျော်လောက် ရှိမယ့်ပုံပေါ့၊ ကောင်လေးကတော့ အထက်တန်းကျောင်းသားအရွယ် ဖြစ်ပုံရပေမဲ့ သူ့အသက်ထက် ပိုပြီး ရင့်ကျက်တဲ့ အငွေ့အသက်တွေ ထွက်နေတယ်။
ဂေဟာမှူးက ပြုံးရွှင်စွာနဲ့ သူတို့ကို အထဲဝင်ဖို့ ဖိတ်ခေါ်နေတုန်း မွန်ဂျောင်က သူတို့နှစ်ယောက်ကို အကဲခတ်နေလိုက်တယ်။
“ဒီလူကတော့ ကျွန်တော်တို့ ဂေဟာရဲ့ အဓိက အလှူရှင်ကြီး ယွန်းမွန်ဂျောင် ပါ”
ဂေဟာမှူးက ရယ်မောရင်း မိတ်ဆက်ပေးတယ်။ ဂေဟာမှူးက ဧည့်သည်တွေ လာတိုင်း အဲဒီလိုပဲ ခဏခဏ မိတ်ဆက်ပေးနေကျမို့လို့ မွန်ဂျောင်ကတော့ ဒါကို သိပ်ဂရုမစိုက်ပါဘူး။
“မင်္ဂလာပါ၊ ကျွန်မက ကင်ဆွန်ဂျီ ပါ”
“ကျွန်တော်က ဟန်မာရူး ပါ”
သူတို့ အစပိုင်းမှာ နည်းနည်းတော့ လန့်သွားပုံရပေမဲ့ အမျိုးသမီးက ချက်ချင်းပဲ ပြုံးပြပြီး တည်ငြိမ်တဲ့ ကောင်လေးနဲ့အတူ မိတ်ဆက်ကြတယ်။ မာရူး တဲ့လား။ နာမည်က ထူးခြားနေလို့လားတော့ မသိဘူး၊ အဲဒီကောင်လေးရဲ့ နာမည်က မွန်ဂျောင်ရဲ့ ခေါင်းထဲမှာ ချက်ချင်း စွဲကျန်သွားတယ်။
“တွေ့ရတာ ဝမ်းသာပါတယ်။ ဂေဟာမှူးက ပြောတယ်၊ မင်းတို့က ပျော်စရာကောင်းတဲ့ ရုပ်သေးပြဇာတ်တွေ ကပြတတ်တယ်ဆို။ ဒီအဘိုးကြီး ဘေးကနေ ကြည့်လို့ ရမလား”
“ရတာပေါ့”
မွန်ဂျောင်က ခေါင်းညိတ်ပြပြီး နောက်လှည့်လိုက်တယ်။ ဂေဟာမှူးက အနောက်ကနေ စကားတွေ တဗျစ်ဗျစ် ပြောနေတာကို ကြားနေရတယ်။
“ဆွန်ဂျီ၊ အဲဒီလူကို မမှတ်မိဘူးလား”
“ဟင်”
“အာ ကျွန်တော်တို့ ဆရာ့ကို ဘယ်လိုလုပ်ရမလဲ။ အခုခေတ် လူငယ်တွေကတော့ ဆရာ့အကြောင်း သိပ်မသိကြတော့ဘူး ထင်တယ်”
နှမြောစရာကောင်းလိုက်တာလို့ ပြောနေတဲ့ ဂေဟာမှူးကို ကြည့်ပြီး မွန်ဂျောင်က ခပ်တိုးတိုး ရယ်မိသွားတယ်။ ငယ်ရွယ်ပြီး မိုက်မဲခဲ့တုန်းကတော့ လူတွေ သူ့ကို မမှတ်မိရင် အားငယ်မိသား။ ဒါပေမဲ့ အခုလို အသက်ကြီးလာတဲ့အခါမှာတော့ အဲဒီလို ဖြစ်တာကိုပဲ သူက ကျေးဇူးတင်နေမိတာ။ ဒါဟာ အနားယူသွားတဲ့ အဘိုးကြီးဆီကနေ အလင်းရောင်တွေကို လုယူသွားနိုင်တဲ့ ထူးချွန်တဲ့ သရုပ်ဆောင်သစ်တွေ အများကြီး ထွက်ပေါ်လာနေပြီဆိုတဲ့ အဓိပ္ပာယ်ပဲလေ။
“ဂေဟာမှူး။ လျှောက်နောက်နေတာတွေ ရပ်ပြီး အထဲဝင်ခဲ့တော့”
“ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါ ဆရာ”
အထဲဝင်မယ်လို့ ပြောတဲ့ ဂေဟာမှူးက ခဏလောက် ထပ်ပြောနေသေးတယ်။ အသက်ကြီးပေမဲ့ နားကတော့ အခုထိ စွင့်နေတုန်းမို့လို့ “သူက တကယ်ကို ပြောင်မြောက်လှတဲ့ သရုပ်ဆောင်တစ်ယောက်ပေါ့” လို့ ပြောသံကို သူ ကြားလိုက်ရတယ်။ လူတိုင်းလိုပါပဲ၊ ကိုယ့်အကြောင်း ချီးကျူးသံ ကြားရရင် သူလည်း မပျော်ဘဲ မနေနိုင်ပါဘူး။ ဂေဟာမှူးရုံးခန်းထဲ သွားပြီး သူ ဖျော်ပေးထားတဲ့ ဂျင်းလက်ဖက်ရည်ကို ယူကာ ဧည့်ခန်းထဲ ပြန်ထွက်လာခဲ့တယ်။ ဒါလ်ဂူနဲ့ ဆော့နေတဲ့ ကလေးတွေက ဆွန်ဂျီနဲ့ မာရူးကို မြင်တာနဲ့ သူတို့ဆီပဲ အာရုံရောက်သွားကြတော့တယ်။ အဲဒီကျမှပဲ ဒါလ်ဂူလေးခမျာ တစ်ယောက်တည်း ဖြစ်သွားတာပေါ့။
“အင်း... ဒီကလေးလေးတော့”
မွန်ဂျောင်က ဒါလ်ဂူကို ခေါ်ဖို့ လက်ဟန်ပြလိုက်တယ်။ နာမည်ကြီးတယ်ဆိုတာ ခဏတာပဲပေါ့ ကောင်လေးရာ။ ဒါလ်ဂူရဲ့ ပါးပြင်လေးတွေကို ဖျစ်ညှစ်ရင်း သူ ခဏလောက် စောင့်နေလိုက်တယ်။ အဲဒီပါးလေးတွေက ပေါက်စီကိတ်လေးတွေလိုပဲ။
ဆွန်ဂျီက ကားဆီကို အကြိမ်ကြိမ် သွားပြီး လက်ဆောင်တွေနဲ့ ဝတ်စုံတွေကို သယ်လာခဲ့တယ်။ ဂေဟာမှူးရဲ့ ချီးကျူးမှုနဲ့ ထိုက်တန်လှတဲ့ လက်ရာမြောက်တဲ့ ဝတ်စုံတွေနဲ့ အရုပ်တွေက ဧည့်ခန်းထဲမှာ နေရာယူသွားတော့တာပေါ့။ ယောင်္ကျားလေးတွေအတွက် ကစားစရာတွေကိုလည်း တွေ့ရတယ်။ တော်တော်လေးတော့ ဈေးကြီးမယ့်ပုံပါပဲ။ မွန်ဂျောင်က ဆွန်ဂျီနဲ့ မာရူးကို နွေးထွေးတဲ့ အကြည့်နဲ့ ကြည့်နေလိုက်တယ်။
“ဒီဘက်ခေတ်မှာ အဲဒီအမျိုးသမီးလို လူမျိုးက ရှားပါတယ်”
“အဲဒီလိုပဲ ထင်ရတာပဲ”
ဂေဟာမှူးက ဖုန်းဖြေဖို့ ထွက်သွားပြီး အားလုံး ပြင်ဆင်ပြီးတဲ့နောက် ရုပ်သေးပြဇာတ် စတင်ခဲ့တယ်။ ဇာတ်လမ်းကတော့ အသေးစိတ်ကြီး မဟုတ်ပေမဲ့ ကလေးတွေကို ပျော်ရွှင်အောင် လုပ်ပေးနိုင်တဲ့ ပြောင်မြောက်လှတဲ့ ပြကွက်တစ်ခုပါလို့ မွန်ဂျောင်က တွေးလိုက်မိတယ်။
“ကျွန်မကို ကူညီပေးကြမလား”
ဆွန်ဂျီက အကူအညီတောင်းလိုက်တဲ့အခါ ကလေးတွေက သူတို့လက်မှာ ရုပ်သေးရုပ်လေးတွေ စွပ်ပြီး အတူတူ ဆော့ကြတော့တာပဲ။ ကလေးတွေကို ကြည့်ရင်း မွန်ဂျောင်ရဲ့ စိတ်ထဲမှာ သက်သောင့်သက်သာ ခံစားရတယ်။ ဒီလိုနေရာမျိုးအထိ လာပြီး ကလေးတွေနဲ့ ကစားပေးတဲ့ အမျိုးသမီးငယ်လေးကို သူ တကယ် ကျေးဇူးတင်မိတာ။
ငါလည်း သူ့ကို သေသေချာချာ နှုတ်ဆက်ရမယ်။ ပြဇာတ်အဆုံးကို ကျေနပ်တဲ့ မျက်နှာပေးနဲ့ စောင့်နေတုန်းမှာ မွန်ဂျောင်ရဲ့ မျက်လုံးတွေက တွန့်ခနဲ ဖြစ်သွားတယ်။ သူ မှားကြည့်မိတာလားလို့ ထင်ပြီး ဆွန်ဂျီကို ထပ်ကြည့်လိုက်မိပြန်တယ်။
‘......’
သူမရဲ့ ရယ်သံက တောင့်တောင့်ကြီး ဖြစ်နေတယ်။ စိတ်ရင်းနဲ့ ရယ်နေတာကတော့ ရှင်းပါတယ်၊ ဒါပေမဲ့ သူမကိုယ်တိုင်ကတော့ ဒါကို ပျော်နေပုံမရဘူး။ မွန်ဂျောင်က သူမကို သေသေချာချာ အကဲခတ်ရင်း အားမလိုအားမရဖြစ်စွာနဲ့ ညည်းလိုက်မိတယ်။ ဆွန်ဂျီရဲ့ ရယ်သံက ဆင်ခြေပေးနေတဲ့သူတွေဆီမှာပဲ တွေ့ရတတ်တဲ့ ပုံစံမျိုး ဖြစ်နေတာကိုး။
‘ငါ တကယ်ပဲ အိုသွားပြီလား’
ဒီလောက် ချီးကျူးစရာကောင်းတဲ့ အလုပ်ကို လုပ်နေတဲ့သူက တခြား ရည်ရွယ်ချက် ရှိနေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ အကြိမ်ကြိမ် စစ်ဆေးကြည့်တာတောင် အဲဒီအပြုံးက သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေတယ်။ ရုပ်သေးပြဇာတ် ကပြနေတုန်းကတော့ ဘာပြဿနာမှ မရှိပေမဲ့ ကလေးတွေနဲ့ မျက်လုံးချင်းဆုံတဲ့ အချိန်မှာတော့ သူမရဲ့ အပြုံးက အရမ်းကို နေရခက်နေသလိုပဲ။ ကြင်နာမှုတွေ ပြည့်နေတဲ့ ပုံမှန်အပြုံးလို့ ထင်ရပေမဲ့ သိမ်မွေ့တဲ့ ကွဲပြားမှုလေးတွေကိုတော့ မွန်ဂျောင်က ရိပ်မိနေတာ။
သူမက မကောင်းတဲ့ ရည်ရွယ်ချက်နဲ့တော့ ချဉ်းကပ်လာတာ မဟုတ်လောက်ပါဘူး၊ ဟုတ်တယ်မလား။ မနက်က ကြည့်ခဲ့တဲ့ သတင်းထဲက ဂေဟာလိမ်လည်မှု အကြောင်းကို သူ သတိရသွားတယ်။ စိတ်ပုပ်တဲ့ သတ္တဝါတွေရဲ့ ကြောက်စရာကောင်းတဲ့အချက်က ဘာမှမရှိတဲ့သူတွေဆီကနေတောင် ခွဲထုတ်ပြီး စားတတ်ကြတာပဲလေ။ ကလေးတွေကို လာကြည့်တဲ့သူတွေကို အဲဒီလို စွပ်စွဲမိလို့ သူ စိတ်မကောင်းဖြစ်မိပေမဲ့ ဘာပဲဖြစ်ဖြစ် စောင့်ကြည့်ဖို့တော့ သူ ဆုံးဖြတ်လိုက်တယ်။
ဆွန်ဂျီနဲ့ မာရူးက ကလေးတွေနဲ့အတူ မိနစ် ၃၀ လောက် ကစားပေးကြတယ်။ ရံဖန်ရံခါ သူမပြတဲ့ ဝေခွဲမရတဲ့ အပြုံးလေးကလွဲလို့ ကျန်တာကတော့ ပြည့်စုံလွန်းပါတယ်။ စဉ်းစားကြည့်ရင် သူတို့ရဲ့ ရည်ရွယ်ချက်က လိမ်လည်ဖို့ဆိုရင် ကလေးတွေထက်စာရင် ဂေဟာမှူးနဲ့ ပတ်သက်ဖို့ပဲ ပိုကြိုးစားကြမှာပေါ့။ အခုကြည့်ရတာတော့ သူတို့က တော်တော်လေးတောင် ရင်းနှီးနေကြပြီလေ။
“ရော့ ဒါ လက်ဆောင်”
ဆွန်ဂျီက ကလေးတွေကို လက်ဆောင်တွေ ဝေပေးပြီး နေရာက ထလိုက်တယ်။ မွန်ဂျောင်က ပစ္စည်းတွေ သိမ်းနေတဲ့ သူတို့နှစ်ယောက်နားကို ချဉ်းကပ်သွားလိုက်တယ်။
“အခုပဲ ပြန်တော့မလို့လား”
“အာ ဟုတ်ကဲ့။ သွားစရာ နေရာတွေ ကျန်သေးလို့ပါ”
“မင်းတို့ ဒီလိုအလုပ်မျိုး လုပ်လာတာ ကြာပြီ ထင်တယ်နော်”
“ဟုတ်ကဲ့။ ၁၀ နှစ်လောက် ရှိပါပြီ”
“ဟေ ၁၀ နှစ်တောင်”
သူ အထင်လွဲခဲ့တာ တကယ် ဖြစ်ပုံရတယ်။ ဒါဆိုရင် အဲဒီ နေရခက်တဲ့ အပြုံးရဲ့ အကြောင်းရင်းက ဘာဖြစ်မလဲ။ အချိန်ကိုက်ပဲ ဂေဟာမှူး ဖုန်းပြောပြီး အထဲဝင်လာခဲ့တယ်။
“အခု ပြန်တော့မလို့လား”
“ဟုတ်ကဲ့”
“ထမင်းလေး ဘာလေး စားသွားပါဦးလား”
“ကျွန်မတို့မှာ တခြားချိန်းထားတာတွေ ရှိလို့ပါ”
“ထမင်းတောင် စားချိန်မရလောက်အောင် အလုပ်ရှုပ်နေတာလား”
ဆွန်ဂျီက ခဏလောက် စဉ်းစားပြီးမှ ပြန်ဖြေတယ်။ “စားပြီးမှပဲ သွားတော့မယ်လေ”
“ဆရာလည်း ကျွန်တော်တို့နဲ့ အတူတူ စားမှာ မဟုတ်လား”
“အေးလေ၊ ငါလည်း ဝင်စားလို့ ရမလား”
သူက ဆွန်ဂျီကို ကြည့်ပြီး မေးလိုက်တော့ သူမကလည်း တွန့်ဆုတ်မနေဘဲ ခေါင်းညိတ်ပြလိုက်တယ်။
“ရတာပေါ့”
* * * * * * * * *