အခန်း (၁၁၅-၁၁၆)
Vol. 12 Ch. 115-116
အခန်း(၁၁၅)
ဂေဟာမှူး ခေါ်သွားတဲ့နေရာက ရိုးရာအစားအစာ ဆိုင်လေးတစ်ဆိုင်ပါ။ ဒီဆိုင်က မွန်ဂျောင် ကိုယ်တိုင်လည်း ခဏခဏ လာနေကျ နေရာပေါ့။ သူက တစ်ယောက်တည်း နေတာဆိုတော့ မနက်စာကလွဲရင် ကျန်တဲ့ အချိန်တွေမှာ အပြင်မှာပဲ အစားများတယ်လေ။ ဒီဆိုင်လေးက သာမန် အိမ်တွင်းဟင်းလျာနံ့လေးတွေ ရတာကြောင့် မွန်ဂျောင်က တော်တော်လေး သဘောကျတာပါ။
ဆိုင်ရှင်က သူတို့ကို ဖော်ဖော်ရွေရွေ ကြိုဆိုပြီးနောက် လေးယောက်သား စားပွဲမှာ ထိုင်လိုက်ကြတယ်။ သေသေချာချာ ကင်ထားတဲ့ ငါးကင်ရယ်၊ အရသာရှိတဲ့ ပဲပင်ပေါက်သုပ်နဲ့ အငွေ့တထောင်းထောင်း ထွက်နေတဲ့ ဒွန်းဂျန်းဟင်းရည်တို့ ရောက်လာတာပေါ့။ အရသာကို ခပ်ပေါ့ပေါ့လေးပဲ စပ်ထားတာက ဒီဆိုင်ရဲ့ ထူးခြားချက်ပဲလေ။
“လူငယ်တွေအတွက်တော့ အရသာက နည်းနည်း ပေါ့နေမလား မသိဘူး”
“ကျွန်တော်က အရသာပေါ့တာ ကြိုက်ပါတယ်။ စားလို့ အရမ်းကောင်းတယ်ဗျ”
မာရူးရဲ့ စကားပြောဟန်က တော်တော်လေး ရင့်ကျက်တာပေါ့။ မွန်ဂျောင်က မာရူးကို ကြည့်ပြီး တည်ငြိမ်တဲ့ ကလေးတစ်ယောက်ပဲလို့ တွေးမိသွားတယ်။ သူ့အရွယ် ကလေးအများစုဆိုရင် ဒီလို အခြေအနေမျိုးမှာ နေရခက်နေမှာ ဖြစ်ပေမဲ့ မာရူးကတော့ သူ့နေရာမှာ သူ အေးအေးဆေးဆေးနဲ့ အလိုက်သင့် ရှိနေတာပါ။
လူမှုရေးတော်တဲ့ ဂေဟာမှူးက ဆိုင်ရှင်ကိုပါ သူတို့နဲ့အတူ ထိုင်ခိုင်းပြီး စကားတွေ တဗျစ်ဗျစ် ပြောကြတော့တာပေါ့။ ပြန်လည်တည်ဆောက်ရေးတွေကြောင့် ရပ်ကွက်ထဲ ဆူညံနေတဲ့ အကြောင်းတွေ၊ ဘယ်သူ့အိမ်မှာ ရန်ဖြစ်ကြတဲ့ အကြောင်း၊ သူတို့သား ဒီနှစ်ထဲ စစ်တပ်က ထွက်လာမယ့် အကြောင်း... စသဖြင့်ပေါ့။ ထမင်းစားပြီးတဲ့ အချိန်မှာတော့ မွန်ဂျောင်ဟာ ဒီရပ်ကွက်ထဲက အကြောင်းအရာ အသေးအဖွဲကအစ အကုန်လုံးကို ကြားလိုက်ရတော့တယ်။
“ဪ... ဂေဟာမှူး။ ဒီဘက် ခဏလာပါဦး။ ကျွန်မ ဆီးသီးယို လုပ်ထားတာ ရှိတယ်၊ ကလေးတွေအတွက် ယူသွားပေးလိုက်ဦးလေ”
ဆိုင်ရှင်က လှမ်းခေါ်လိုက်တော့ ဂေဟာမှူးက ပြုံးဖြဲဖြဲနဲ့ ထသွားတာပေါ့။ “မင်းတို့ ဆက်ပြောနေကြဦးနော်” လို့ စကားပါးပြီး ဂေဟာမှူး ထွက်သွားတော့ စားပွဲမှာ သုံးယောက်တည်း ကျန်ခဲ့တယ်။
မွန်ဂျောင်က ခပ်ယဲ့ယဲ့လေး ရယ်လိုက်ပြီး စကားစလိုက်တယ်။
“မင်းတို့ အချိန်တွေ အများကြီး ပေးလိုက်ရပြီ ထင်တယ်။ ချိန်းထားတာ ရှိတယ်ဆို၊ အဆင်ပြေရဲ့လား”
“ကျွန်မ ဖုန်းဆက်ပြီး နည်းနည်း နောက်ကျမယ်လို့ ပြောထားလိုက်ပါတယ်။ အမှန်အတိုင်း ပြောရရင် ဂေဟာမှူးက လာတိုင်း ထမင်းကျွေးနေကျဆိုတော့ ခဏခဏ ငြင်းနေရမှာ အားနာလို့ပါ”
ဆွန်ဂျီက ပြုံးလိုက်ရင် မျက်လုံးလေးတွေ မှေးသွားတဲ့အထိ ချစ်စရာကောင်းတဲ့သူပါ။ မွန်ဂျောင်က ဆွန်ဂျီရဲ့ အပြုံးကို သေသေချာချာ စိုက်ကြည့်နေမိတယ်။ အခု သူမရဲ့ အပြုံးမှာတော့ ဝေခွဲမရတဲ့ အမူအရာတွေ မရှိတော့ဘဲ စိတ်ရင်းအတိုင်း ပေါ်လွင်နေတာပေါ့။ ဒီလိုမျိုး စိတ်ရင်းနဲ့ ပြုံးတတ်တဲ့သူက ကလေးတွေ ရှေ့မှာကျမှ ဘာလို့ အဲဒီလို တောင့်တောင့်ကြီး ပြုံးနေရတာလဲဆိုတာ သူ တကယ် နားမလည်နိုင်အောင် ဖြစ်ရတယ်။
ဒါက သူ စဉ်းစားလို့ မရတဲ့ အချက်ပဲပေါ့။
မွန်ဂျောင်က စကားကို ဆက်ပြောလိုက်တယ်။ ပုံမှန်ဆိုရင် သူက သူများကိစ္စထဲ ဝင်ပါတတ်သူ မဟုတ်ပေမဲ့ ဒါက ကလေးတွေနဲ့ ပတ်သက်နေတာဆိုတော့ သေချာအောင် လုပ်ချင်တာလေ။
“ကလေးတွေကို ၁၀ နှစ်တောင် ကြည့်ပေးခဲ့တာဆိုတော့ တော်တော်လေးတော့ ပင်ပန်းမှာပဲနော်”
“...... ကလေးတွေနဲ့ တွေ့ရတာ ပျော်ဖို့ကောင်းသလို တန်လည်း တန်ဖိုးရှိပါတယ်။ ပင်ပန်းတယ်လို့ တစ်ခါမှ မတွေးမိခဲ့ပါဘူး”
စကားပြောတာ နည်းနည်းတော့ တွန့်သွားတာပေါ့။ အဲဒီ ခဏတာ တုံ့ဆိုင်းသွားမှုထဲက ဝမ်းနည်းရိပ်လေးကို သတိထားမိလိုက်တော့ မွန်ဂျောင် စိတ်မကောင်းဖြစ်ပြီး လျှာသပ်မိသွားတယ်။ သူမမှာ တစ်ခုခုတော့ နောက်ခံအကြောင်းရင်း ရှိနေတာ သေချာပြီလေ။ သူမက ကလေးတွေကို မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ချဉ်းကပ်တာမျိုး မဟုတ်လောက်ပေမဲ့ သူမရဲ့ ကြင်နာမှုတွေနောက်က ဝေခွဲမရတဲ့ ရည်ရွယ်ချက်တွေကြောင့် ကလေးတွေ စိတ်ဒဏ်ရာ ရသွားမှာကို သူ စိုးရိမ်မိတာပါ။
လူတွေမှာ နှာခေါင်း နှစ်မျိုး ရှိတယ်လို့ မွန်ဂျောင်က ယုံကြည်ထားတယ်။ အနံ့တွေကို ရိုးရိုးခံစားတတ်တဲ့ နှာခေါင်းနဲ့ စိတ်ခံစားမှုတွေကို အနံ့ခံနိုင်တဲ့ နှာခေါင်းပေါ့။ သူမရဲ့ ကြင်နာမှုတွေကို ဘယ်လောက်ပဲ လှလှပပ ထုပ်ပိုးထားပါစေ၊ ထက်မြက်တဲ့ ကလေးအချို့ကတော့ အဲဒီ ကြင်နာမှုတွေရဲ့ အနက်ရှိုင်းဆုံးနေရာမှာ မှောင်မိုက်တဲ့ အရာတစ်ခုခု ရှိနေတယ်ဆိုတာကို ရိပ်မိကြမှာပဲ။
ကလေးတွေက ဒီလိုအရာမျိုးမှာ ပိုပြီး အာရုံခံစားလွယ်ကြတယ်လေ။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း မရှိတဲ့ ကလေးတွေဟာ လူကြီးတွေကို ပိုပြီး အကဲခတ်တတ်ကြလို့ပဲ။ မျက်နှာအမူအရာ ပြောင်းလဲသွားတာ၊ စကားသံ အနိမ့်အမြင့် ပြောင်းသွားတာကအစ... သူတို့က မသိစိတ်ထဲကနေ အလိုလို သိနေတတ်တာပေါ့။
ပြဿနာက အဲဒီ ပြောင်းလဲမှုတွေကို သူတို့က ကျိုးကြောင်းဆီလျော်အောင် မတွေးတတ်တာပဲ။ လူကြီးတွေဆီကနေ ထွက်လာတဲ့ မကောင်းတဲ့ စိတ်ခံစားမှုတွေဟာ ကလေးတွေရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လေ။ ပုပ်နေတဲ့ အစားအစာကို ဘယ်လောက်ပဲ လှလှပပ ထုပ်ပိုးထားပါစေ၊ နံစော်တဲ့ အနံ့ကတော့ ထွက်နေမှာပဲ မဟုတ်လား။
မွန်ဂျောင်က ဒါဟာ မသင့်တော်ဘူးဆိုတာ သိပေမဲ့ မေးလိုက်တော့တယ်။
“ငါတို့ ခဏလောက် သီးသန့် စကားပြောလို့ ရမလား”
မွန်ဂျောင်က အေးအေးဆေးဆေးပဲ မေးလိုက်တာပါ။ သူက အရမ်းကြီး ဖိအားပေးသလို ဖြစ်နေရင် သူမက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ကြိုးစားမှာ စိုးတာကြောင့် သာမန်အတိုင်းပဲ ပြောလိုက်တာပေါ့။ ထူးထူးဆန်းဆန်းပဲ၊ ဆွန်ဂျီရဲ့ ဘေးမှာ ထိုင်နေတဲ့ မာရူးက ထိုင်ခုံကို အနောက်ကို ဆွဲလိုက်ပြီး ထရပ်လိုက်တယ်။
“ကျွန်တော် ခဏလောက် အပြင်ထွက်ပေးပါ့မယ်”
အဲဒီကောင်လေးရဲ့ အကဲခတ်နိုင်စွမ်းက တကယ်ကို အံ့ဩစရာပဲ၊ အခြေအနေကို ကြည့်ပြီး ချက်ချင်း သိလိုက်တာလေ။ ဒါက တိုက်ဆိုင်မှုဆိုတာထက် သူက သေသေချာချာ အကဲခတ်နေလို့ ဖြစ်မှာပါ။ မွန်ဂျောင်က ဆိုင်ထဲက ထွက်သွားတဲ့ မာရူးကို မျက်မှောင်ကြုတ်ပြီး ကြည့်နေမိတယ်။ ဒီကောင်လေးက သူ့ရဲ့ ကိုယ်ပိုင်မူဝါဒနဲ့သူ ရှိတဲ့ကလေးပဲ။ သူနဲ့ သိတာ ခဏပဲ ရှိသေးပေမဲ့ ဒါကို သူ ကောင်းကောင်း သိနိုင်တယ်။
“ဟို... ဘာများ ပြောချင်လို့လဲဟင်......” ဆွန်ဂျီက မေးလိုက်တယ်။
မွန်ဂျောင်က ဆိုင်အဝင်ဝဆီကနေ ဆွန်ဂျီဘက်ကို အကြည့်လွှဲလိုက်တယ်။ အခုတော့ သူ သိချင်တာတွေကို မေးဖို့ အချိန်တန်ပြီလေ။
“အရင်ဆုံးတော့ တောင်းပန်ပါတယ်လို့ ပြောပါရစေ”
“ရှင်”
“ငါ့မှာ မင်းအပေါ် မကောင်းတဲ့ စိတ်မရှိပါဘူး။ တကယ်တော့ ကျေးဇူးတောင် တင်မိတာပါ။ ဒါပေမဲ့ ငါ့စိတ်ထဲမှာ တစ်ခုခုက တစ်မျိုးကြီး ဖြစ်နေလို့ မေးမိတာပါ၊ မင်း မပြောချင်ဘူးဆိုရင်လည်း မပြောဘဲ နေလို့ ရပါတယ်”
“ဪ... ဟုတ်ကဲ့ပါ”
သူမရဲ့ မျက်နှာမှာ ဝေခွဲမရတဲ့ အမူအရာတွေ ဖြစ်သွားတာပေါ့။ မွန်ဂျောင်က ခဏလောက် စောင့်ပြီးမှ အဓိက အကြောင်းအရာကို စပြောလိုက်တယ်။
“ဂေဟာက ကလေးတွေက ငါ့ရဲ့ သားသမီးတွေလိုပါပဲ။ အဲဒါကြောင့် ကလေးတွေနားကို လာတဲ့သူတွေကို ငါက သေသေချာချာ အကဲခတ်တတ်တာ၊ အဲဒီမှာ မင်းကို သတိထားမိသွားတာပဲ”
“အဲဒါက ဘာကို ဆိုလိုတာလဲဟင်”
“ငါ တည့်တည့်ပဲ ပြောမယ်နော်။ မင်း တကယ်ပဲ ကလေးတွေအတွက် ဒါကို လုပ်နေတာလား။ ဒါမှမဟုတ် တခြား ရည်ရွယ်ချက် ရှိနေတာလား။ ငါ့ကို အမှန်အတိုင်း ပြောပြစေချင်တယ်။ ငါ မှားကြည့်မိတာဆိုရင်လည်း ပြောပါ၊ အဲလို မဟုတ်ဘူးဆိုရင်တော့... မင်း ဖုံးကွယ်ထားတဲ့ အရာတွေကို ငါ ကြားချင်တယ်”
သူက စကားလုံးတွေကို တမင်တကာ ဖိအားပေးပြီး ပြောလိုက်တာပါ။ သူက အရမ်းကြီး စိုးရိမ်လွန်နေတာလည်း ဖြစ်နိုင်ပေမဲ့ သူ ဖြတ်သန်းလာခဲ့တဲ့ အသက် ၆၅ နှစ်တာ အတွေ့အကြုံအရ အရာရာကို သတိထားတာက မမှားဘူးလို့ သူ ယူဆထားတာကိုး။ လူတွေက မွေးရာပါ စိတ်ထားကောင်းကြပေမဲ့ ပတ်ဝန်းကျင်ကပဲ သူတို့ကို မကောင်းတဲ့သူတွေ ဖြစ်အောင် လုပ်လိုက်တာလို့ မွန်ဂျောင်က ယုံကြည်တယ်။ ဒါ့အပြင် အခုခေတ် လောကကြီးကလည်း လူတစ်ယောက်ကို လူဆိုးဖြစ်သွားအောင် လုပ်ဖို့ လုံလောက်နေတာပဲလေ။ သူက ဒီအမျိုးသမီးကို လူဆိုးလို့ မသတ်မှတ်ထားပေမဲ့ ကလေးတွေအပေါ် ထားတဲ့ သူမရဲ့ စိတ်ထားက မသန့်ရှင်းမှာကိုပဲ စိုးရိမ်နေတာပါ။
ဒါဟာ သူ့ရဲ့ အထင်အမြင် မှားတာပဲ ဖြစ်ပါစေလို့ သူ မျှော်လင့်မိတာပေါ့။
ဒါပေမဲ့ ဆွန်ဂျီကတော့ မျက်နှာကြီး တောင့်ခဲသွားပြီး သူ့ကို စိုက်ကြည့်နေတယ်၊ သူမရဲ့ မျက်ဆန်းလေးတွေကလည်း တုန်လှုပ်နေတာပေါ့။ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး စောစောက အေးဆေးဖြစ်နေတဲ့ ပုခုံးလေးတွေကလည်း တွန့်ဆုတ်သွားတာပဲ။ ဒါဟာ သူမ တစ်ခုခုကို ဖုံးကွယ်ထားတယ်ဆိုတဲ့ သက်သေပါပဲ။
“ငါ့ရဲ့ အမြင်မရှိတဲ့ မျက်လုံးတွေနဲ့ ကြည့်ရင်တောင် မင်းက လူဆိုးတစ်ယောက် မဟုတ်ဘူးဆိုတာ သိနိုင်ပါတယ်။ ဒါပေမဲ့ မင်း ကလေးတွေအပေါ် ထားတဲ့ စိတ်ထားက လုံးဝကို သန့်ရှင်းတဲ့ စိတ်ထားမျိုး မဟုတ်ဘူးဆိုတာကိုတော့ ငါ မျက်ကွယ်မပြုနိုင်ဘူး”
“အဲဒါက......”
“၁၀ နှစ်တောင်လေ။ တော်တော် ရှည်လျားတဲ့ အချိန်ပဲ။ အဲဒီအချိန်အတွင်းမှာ မင်း ကလေးတွေ အများကြီးကို ကြည့်ပေးခဲ့မှာပါ။ အဲဒီ လုပ်ရပ်တွေကို ငါက အပြစ်ပြောနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ မင်း အဲဒီလို လုပ်နေရင်းနဲ့ တစ်နေ့ကျရင် အာရုံခံစားလွယ်တဲ့ ကလေးတစ်ယောက်က မင်းရဲ့ မှောင်မိုက်တဲ့ဘက်ကို ရိပ်မိသွားပြီး စိတ်ဒဏ်ရာ ရသွားနိုင်တယ်ဆိုတာကိုရော စဉ်းစားဖူးလား။ ဒါက ဖြစ်နိုင်ခြေ တစ်ခုပါပဲလေ။ ကလေးတွေက ဒါကို သတိမထားမိဘဲ ကျော်သွားတာမျိုးလည်း ရှိမှာပါ”
“...... ”
“ဒါပေမဲ့ မိဘဆိုတာ အသေးအဖွဲ ကိစ္စလေးကအစ စိုးရိမ်တတ်ကြတာပဲလေ။ မင်းရဲ့ အခြေအနေကို ငါ့ကို ပြောပြလို့ ရမလား။ ကလေးတွေကို ၁၀ နှစ်တောင် ကြည့်ပေးခဲ့တဲ့သူက ဘာလို့ အပြစ်ရှိသလို ခံစားနေရတာလဲ။ ဘာလို့ မျက်နှာဖုံးကြီး စွပ်ထားသလို ခံစားနေရတာလဲ”
သူမ ခေါင်းငုံ့သွားတယ်၊ လက်သီးကို တင်းတင်းဆုပ်ပြီး ပေါင်ပေါ် တင်ထားတာပေါ့။ မွန်ဂျောင် သူမကို ကြည့်ပြီး သနားမိသွားတယ်။ လိမ်ပြောတာ အမိခံလိုက်ရလို့ ဘာလုပ်ရမှန်း မသိဖြစ်နေတဲ့ ကလေးလေးတစ်ယောက်နဲ့ တူနေတာကိုး။
သူမရဲ့ အမူအရာကို ကြည့်ရုံနဲ့တင် သူမက သံယောဇဉ်ကြီးတဲ့သူ ဖြစ်သလို တစ်ဖက်မှာလည်း တစ်ခုခုက သူမကို ၁၀ နှစ်တောင် နှောင်ဖွဲ့ထားတယ်ဆိုတာကို မွန်ဂျောင် သိလိုက်ရတယ်။
သူက ဖိအားပေးနေတာတွေကို လျှော့ချလိုက်ပြီး သူမရဲ့ ပုခုံးကို အသာလေး ပုတ်ပေးလိုက်တယ်။ သူမက စိတ်ထားကောင်းတဲ့ ကလေးတစ်ယောက်ပါပဲ။ သူမသာ ဆက်ပြီး လိမ်ချင်ရင် လိမ်လို့ ရပေမဲ့ သူမကတော့ ဘာမှမပြောဘဲ ငြိမ်နေခဲ့တာလေ။
“ကျွန်မ... တောင်းပန်ပါတယ်ဗျာ။ ခဏလောက် အပြင်ထွက်ပါရစေ” ဆွန်ဂျီ ထရပ်လိုက်တယ်။ သူမရဲ့ မျက်ဝန်းတွေမှာ မျက်ရည်တွေ ဝိုင်းနေတာကို မြင်တော့ မွန်ဂျောင် သက်ပြင်းအရှည်ကြီး ချမိသွားတယ်။
ဆွန်ဂျီ ထွက်သွားတာနဲ့ မာရူးက စောင့်နေသလိုမျိုး ချက်ချင်း ဝင်လာတာပေါ့။ သူမ ပါးစပ်ကို ပိတ်ပြီး ထွက်သွားတာကို သူ မြင်လိုက်ပုံရတယ်။
“ဘာဖြစ်သွားတာလဲလို့ မေးလို့ ရမလားခင်ဗျာ”
“ငါက သူမရဲ့ နာကျင်စရာကောင်းတဲ့ အကြောင်းအရာကို သွားထိမိလိုက်ပုံရတယ်”
“နာကျင်စရာ အကြောင်းအရာ ဆိုတာက......”
“သူမမှာ တစ်ခုခု ရှိနေမှာပဲလို့ ငါ ထင်လို့ မေးမိတာပါ၊ ဒါပေမဲ့ ကိစ္စက တော်တော်လေး ရှုပ်ထွေးမယ့်ပုံပဲ။ သူမလို နူးညံ့တဲ့ အမျိုးသမီးတစ်ယောက်က ဘာလို့ ကလေးတွေ ရှေ့မှာ အဲဒီလို အပြုံးမျိုးတွေ ပြုံးနေရတာလဲ”
မာရူးက အဲဒီစကားကို ကြားတော့ ခေါင်းငုံ့သွားပြီး ဆိုင်ထဲကနေ လိုက်ထွက်သွားပြန်တယ်။ ခဏနေတော့ သူ တစ်ယောက်တည်း ပြန်ဝင်လာတာပေါ့။
“ပထမဆုံးအနေနဲ့ ကျွန်တော့်အလိုအတိုင်း ပြောမိတာကို တောင်းပန်ပါတယ်ဗျာ။ သူမကတော့ အခု စကားပြောနိုင်တဲ့ အခြေအနေမှာ မရှိတော့ဘူး ထင်တယ်”
“အဲလိုလား”
“တကယ်တော့ ကျွန်တော်လည်း သူမကို ဒီနေ့ ပြောပြစရာ တစ်ခု ရှိနေတာပါ။ သူမဆီက ခွင့်ပြုချက် ရပြီးမှ ပြောပြတာပါ။ သူမမှာ မောင်လေးတစ်ယောက် ရှိတယ်ဗျ”
“မောင်လေး ဟုတ်လား”
“ဟုတ်ကဲ့။ အသက်ကွာခြားချက် တော်တော်ကြီးတဲ့ မောင်လေးပေါ့၊ ဒါပေမဲ့ သူမကြောင့်ပဲ ငယ်ငယ်တုန်းက အဲဒီမောင်လေး မတော်တဆ ဖြစ်ခဲ့ဖူးတယ်လို့ ကြားရတယ်”
“အလို... တော်တော်လေး ပြင်းထန်တဲ့ မတော်တဆမှု ဖြစ်မှာပဲနော်”
“ဟုတ်ကဲ့၊ ၁၀ နှစ် မတိုင်ခင်အထိ ပြန်လည်သန်စွမ်းရေး ကုသမှုတွေ လုပ်ရင်းနဲ့ ဘဝကို ဖြတ်သန်းခဲ့ရတဲ့အထိပါပဲ။ အခုတော့ သေသေချာချာ ကုသမှု ခံယူပြီး လေ့ကျင့်ခန်းတွေ လုပ်နေလို့ ဘာပြဿနာမှ မရှိတော့ပေမဲ့ အဲဒီကိစ္စပြီးကတည်းက သူတို့ မောင်နှမ နှစ်ယောက်ရဲ့ ဆက်ဆံရေးက ဝေးကွာသွားခဲ့တာပေါ့”
“ဒါဆို သူမက အဲဒီမောင်လေးကို ရှောင်နေတာပေါ့ ဟုတ်လား...... ”
“မှန်ပါတယ်ဗျာ။ သူမက အပြစ်ရှိသလို ခံစားနေရလို့ လွန်ခဲ့တဲ့ ၁၀ နှစ်လုံးလုံး သူ့ကို စကားမပြောခဲ့ဘူး။ အဲဒီမောင်လေးကလည်း ဆေးကုနေရတာကြောင့် ကျောင်းမှာ အဆင်မပြေခဲ့ဘူးလေ။ ကလေးတွေဆိုတာ ဖြူစင်ကြပေမဲ့ တစ်ဖက်မှာလည်း ကြောက်စရာကောင်းတဲ့ ဘက်တွေ ရှိတတ်ကြတာကိုး”
မွန်ဂျောင်က အဲဒီစကားကို ခေါင်းညိတ် ထောက်ခံလိုက်မိတယ်။ အတန်းတစ်တန်းမှာ ကလေး ၄၀ ကနေ ၅၀ လောက် စုထားတဲ့အခါ တစ်ယောက်ယောက်က တစ်ခုခု ပြောလိုက်တာနဲ့ ပြဿနာ ဖြစ်တတ်ကြတာပဲလေ။ အဲဒီထဲမှာ ဆေးကုသမှု ခံယူနေရလို့ ခန္ဓာကိုယ်က အဆင်မပြေဖြစ်နေတဲ့ ကလေးတစ်ယောက်သာ ပါနေရင်... သူက အလှောင်ခံရမှာ သေချာသလောက်ပဲ။ အဲဒီလို အနိုင်ကျင့်ခံရတာက လူကြီးတွေ စိတ်ကူးမယဉ်နိုင်လောက်အောင်ကို ဆိုးရွားတတ်တာပေါ့။ ကလေးတွေက ရိုးရှင်းကြလွန်းတော့ ဘယ်စည်းကမ်းကိုမှလည်း လေးစားမှု မရှိကြဘူးလေ။ ကလေးတွေက မကျော်သင့်တဲ့ စည်းတွေကို အလွယ်တကူ ကျော်သွားတတ်ကြတာပဲ။
“အနိုင်ကျင့်ခံရတာကြောင့်လည်း ပါမှာပေါ့၊ သူက မူလတန်းကျောင်း ပြီးသွားပြီး ကျန်းမာလာတဲ့ အခါမှာတော့ လမ်းမှားကို ရောက်သွားခဲ့တယ်။ လူတောတိုးဖို့ဆိုရင် ကြမ်းတမ်းဖို့ လိုတယ်လို့ သူ ထင်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ကံကောင်းတာက အခုတော့ သူက လမ်းမှန်ပေါ်ကို ပြန်ရောက်လာပါပြီ”
“သူက ငယ်ငယ်တုန်းကတည်းက လောကကြီးရဲ့ ဆိုးရွားတဲ့ဘက်ကို ကြုံခဲ့ရတာပေါ့၊ ဒါနဲ့ မင်းက အဲဒီမောင်လေးရဲ့ သိကျွမ်းသူလား”
“ကျွန်တော်တို့က အတန်းတူတူပါပဲ၊ သူက ကျွန်တော့်ရဲ့ သူငယ်ချင်းပါ”
အဲဒါကြောင့်ပဲ သူက အသေးစိတ် သိနေတာကိုး။ မွန်ဂျောင်က တည်တည်ငြိမ်ငြိမ်နဲ့ အမှန်အတိုင်း ပြောပြနေတဲ့ မာရူးကို စိုက်ကြည့်နေမိတယ်။
“ကျွန်တော့်သူငယ်ချင်းဆီကနေ အမှန်တရားကို မသိခင်လေးမှာတင် ကြားခဲ့ရတာပါ၊ သူ ဘယ်လို ခံစားနေရလဲဆိုတာကိုလည်း ကြားခဲ့ရတယ်။ သူက အဲဒီတုန်းက မတော်တဆမှုကို ဖြစ်စေခဲ့တဲ့ သူ့အစ်မကို မုန်းတာတော့ အမှန်ပဲ၊ ဒါပေမဲ့ သူ ပိုပြီး စိတ်ပျက်တာကတော့ လွန်ခဲ့တဲ့ ၁၀ နှစ်လုံးလုံး သူမက သူ့ကို ဘာမှ မပြောခဲ့တာကိုပဲ။ သူတို့ စကားပြောဖြစ်ခဲ့တဲ့ အချိန်တွေ ရှိခဲ့ပေမဲ့ အဲဒီတုန်းက တွေ့ဆုံပုံကလည်း သူ သဘောမကျတဲ့ ပုံစံမျိုး ဖြစ်နေခဲ့တာ”
“အဲဒီ အမျိုးသမီးက လူကိုယ်တိုင် မတွေ့ချင်ဘူးလို့ ပြောခဲ့ပုံရတယ်”
“ဘယ်လိုလုပ် သိတာလဲဗျာ...... ”
“မြင်ရတဲ့ အရာတွေကို ပေါင်းစပ်ကြည့်လိုက်ရင် ကျန်တာတွေကိုလည်း သိနိုင်တာပေါ့။ အေးလေ... ဒါကြောင့်ကိုး။ အပြစ်ရှိသလို ခံစားနေရတဲ့ အကြောင်းရင်းက ဒါကိုး”
ဒါကြောင့်လည်း သူမက ကလေးတွေကို ကြည့်တဲ့အခါ အဲဒီလို မျက်လုံးမျိုး ဖြစ်နေတာကိုး။ အဲဒီလို မျက်လုံးမျိုးနဲ့မှ ဘာလို့ ဂေဟာတွေမှာ လာပြီး စေတနာ့ဝန်ထမ်း လုပ်နေရတာလဲဆိုတာကို မွန်ဂျောင် နားလည်သွားပြီ။ ဂေဟာတွေ သွားနေတာက သူမအတွက်တော့ နောင်တရတာကို ပြသနေတာ ဖြစ်မှာပေါ့။ ကလေးတွေကို ကြည့်ရှုစောင့်ရှောက်ရင်း သူမရဲ့ မောင်လေးအပေါ် မလုပ်ပေးနိုင်ခဲ့တာတွေကို လုပ်ပေးရင်းနဲ့ စိတ်သက်သာရာ ရှာနေတာလေ။
“ဒါက ထင်သလောက်တော့ မကောင်းလှဘူး” ဒါက ရှောင်လွှဲရာကနေ စတင်ခဲ့တာကိုး။ အစပိုင်းမှာတော့ ရလဒ်က ကောင်းသလို ရှိပေမဲ့ နောက်ပိုင်းမှာတော့ ပျက်စီးသွားမှာပဲ။ ဒီလို စိတ်ခံစားမှုတွေက ပိုပြီး နက်ရှိုင်းလာရင် နောက်ဆုံးမှာတော့ မကောင်းတဲ့ဘက်ကိုပဲ ဦးတည်သွားတော့မှာ။
“ကျွန်တော် ကူညီပေးချင်ပေမဲ့ အခြေအနေက မရိုးရှင်းတော့ ဘာလုပ်ရမှန်းကို တကယ် မသိဘူး ဖြစ်နေတာ။ ဒါ့အပြင် သူမနဲ့ မတွေ့တာလည်း ကြာပြီဆိုတော့ ဒီအကြောင်းကို စကားစဖို့ကလည်း မလွယ်ဘူးဗျ။ လွန်ခဲ့တဲ့ ၁၀ နှစ်လုံးလုံး စုဆောင်းလာခဲ့တဲ့ သူမရဲ့ စိတ်ခံစားမှုတွေကို ကျွန်တော်က မဆင်မခြင် သွားပြီး မထိတွေ့ချင်ဘူးလေ”
စကားလုံး တစ်လုံးချင်းစီမှာ သူမအပေါ် ငဲ့ညှာတာကို ခံစားနေရတယ်။ စိတ်ခံစားမှုဘက်မှာ ဘယ်လိုရှိလဲ မသိပေမဲ့ သူက တကယ့်ကို ကျိုးကြောင်းဆီလျော်တဲ့ ကလေးတစ်ယောက်ဆိုတာကတော့ ရှင်းပါတယ်။ မွန်ဂျောင် ခေါင်းညိတ်လိုက်တယ်။ ဒါက တကယ်ကို စိတ်မကောင်းစရာ အခြေအနေပါပဲ။ ဒါပေမဲ့ ဒီအတိုင်းကြီးတော့ ပစ်ထားလို့ မဖြစ်ဘူးလေ။ ဒီလို ဝေခွဲမရတဲ့ စိတ်ခံစားမှုတွေနဲ့ ဆက်ဆံရေးကို ဆက်သွားနေတာက ကလေးတွေအတွက်ရော အဲဒီ အမျိုးသမီးအတွက်ပါ မကောင်းဘူး။
“မင်းရဲ့ သူငယ်ချင်းက အဲဒီ အမျိုးသမီးကို ရွံရှာနေတဲ့ ပုံစံမျိုးရော ရှိလား”
“မရှိပါဘူးဗျာ။ သူ ကျွန်တော့်ကို အကုန်ပြောပြနေတုန်းက သူကိုယ်တိုင်တောင် ဘာလုပ်ရမှန်း မသိဖြစ်နေတာပါ။ သူက သူ့အစ်မနဲ့ ပြန်အဆင်ပြေချင်တာလား ဒါမှမဟုတ် ဆက်ပြီး စိတ်ဆိုးနေချင်တာလားဆိုတာကို သူကိုယ်တိုင်တောင် မသေချာဘူး ဖြစ်နေတာ”
“သူတို့ နှစ်ယောက် သေသေချာချာ စကားမပြောရသေးလို့ ပြဿနာ ဖြစ်နေတာပါ။ ဒီလို အခြေအနေမျိုးမှာတော့ အကောင်းဆုံး နည်းလမ်းက စကားပြောဖို့ပဲ”
“ဒါပေမဲ့ တစ်ယောက်က တွေ့ဖို့ ကြောက်နေတယ်၊ နောက်တစ်ယောက်ကလည်း ရှောင်နေတာဆိုတော့...... ”
“အေးလေ... လူတွေရဲ့ ရည်ရွယ်ချက်ကို ဖော်ပြဖို့ဆိုတာ စကားသံထက်မကတဲ့ တခြား နည်းလမ်းတွေလည်း ရှိပါသေးတယ်”
အချိန်ကိုက်ပဲ ဆွန်ဂျီ ပြန်ဝင်လာတယ်။ သူမရဲ့ မျက်ခွံလေးတွေက နီရဲနေတာပေါ့။ မွန်ဂျောင် စိတ်မကောင်းဖြစ်သွားပြီး ချက်ချင်းပဲ တောင်းပန်လိုက်တယ်။
“ရပါတယ်ဗျာ။ ကျွန်မ လုပ်နေတာတွေက မှားနေတယ်ဆိုတာ သိပေမဲ့ သိရက်နဲ့ပဲ မရပ်တန့်နိုင်ခဲ့ဘူး။ ဒါကို မလုပ်ရင် ကျွန်မရဲ့ စိတ်က အေးချမ်းမှာ မဟုတ်လို့ပါ”
“နားလည်ပါတယ်ဗျာ။ ဒါပေမဲ့ ဒါကို ဒီအတိုင်းကြီးပဲ ဆက်ပြီး ပစ်ထားလို့တော့ မဖြစ်ဘူးလေ”
မွန်ဂျောင်က ဆွန်ဂျီရဲ့ မျက်နှာကို ကြည့်ပြီး စကားဆက်ပြောတယ်။
“ဒီ အဘိုးကြီးရဲ့ အကြံဉာဏ်ကို တစ်ခါလောက် နားထောင်ကြည့်မလား”
* * * * * * * * *
“ကျွန်မကို ကူညီပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ”
“အားမနာပါနဲ့။ ဒါနဲ့ မင်း တကယ်ပဲ အဆင်ပြေရဲ့လား”
“အဲဒီ အဘိုးပြောသလိုပါပဲ၊ ကျွန်မ ဒါကို ထာဝရ ရှောင်နေလို့မှ မရတာ”
မာရူးက ကားတံခါးကို ပိတ်လိုက်ရင်း ခေါင်းညိတ်ပြလိုက်တယ်။ အနီရောင် ကားလေးက ချက်ချင်းပဲ ပျောက်ကွယ်သွားတော့တာပေါ့။
“စာတစ်စောင်...... ”
မာရူးက သူ့လက်ထဲက စာကို ငုံ့ကြည့်လိုက်တယ်။ အဘိုးကြီးပေးတဲ့ အကြံဉာဏ်က ရိုးရိုးလေးပါပဲ။ သူမ ပြောချင်တာ မှန်သမျှကို စာထဲမှာ အကုန်ရေးချလိုက်ဖို့ပေါ့။ ဒါပေမဲ့ စကားလုံးတွေကို ဘယ်တော့မှ မပြင်ဖို့ သူက အလေးပေး ပြောခဲ့သေးတယ်။ ဆွန်ဂျီက အဲဒီစကားကို ကြားပြီး အချိန်အကြာကြီး ထိုင်ရေးနေခဲ့တာ။ စာအိတ်ထဲမှာ စာမျက်နှာ ၁၁ မျက်နှာတောင် ပါတဲ့ စာတစ်စောင် ရှိနေတာပေါ့။ ဒါတောင် အားမရသေးလို့ဆိုပြီး ဆွန်ဂျီက အိမ်ပြန်ရင် ထပ်ပြင်ဆင်ဦးမယ်ဆိုပြီး ပြန်သွားခဲ့တာလေ။
“ဒါက အထောက်အကူ ဖြစ်ပါစေလို့ပဲ ဆုတောင်းရမှာပဲ”
ဒိုဝူးက သူ့အစ်မကို မုန်းတာကတော့ အမှန်ပဲ။ ဒါပေမဲ့ သူမကို ထာဝရ မတွေ့ချင်တော့ဘူးဆိုတဲ့ ပုံစံမျိုးတော့ မဟုတ်ဘူး။ သူသာ သူမကို တကယ် ရွံရှာနေတာဆိုရင် မြောင်ဒုံမှာတုန်းက အဲဒီလိုမျိုး ဝမ်းနည်းပက်လက် ဖြစ်နေမှာ မဟုတ်ဘူးလေ။
သူကိုယ်တိုင်လည်း နည်းလမ်းတစ်ခုခုကို ရှာနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒီစာကပဲ ပိတ်ဆို့နေတဲ့ စိတ်ခံစားမှုတွေကို လမ်းပွင့်သွားစေဖို့ မျှော်လင့်ရင်း မာရူးက ဖုန်းကို ထုတ်လိုက်တယ်။
ဒီနေ့မှ အသစ်မှတ်လိုက်တဲ့ ဖုန်းနံပါတ်ကို သူ ကြည့်လိုက်မိတယ်။ ယွန်းမွန်ဂျောင် တဲ့။ အဲဒီ အဘိုးကြီးက ရလဒ်ကို သိချင်တယ်ဆိုပြီး သူ့ရဲ့ ကိုယ်ပိုင်နံပါတ်ကို ပေးခဲ့တာလေ။
“ယွန်းမွန်ဂျောင်...... ”
အဲဒီနာမည်က တစ်နေရာရာမှာ ရင်းနှီးနေသလိုပဲ။ မာရူးက သူ့ရဲ့ မျက်ခုံးတွေကို ပွတ်ရင်း အိမ်ကို ပြန်လာခဲ့တော့တယ်။
* * * * * * * * *
အခန်း(၁၁၆)
နှင်းတွေက တဖွဲဖွဲကျနေပြီး လမ်းမတစ်ခုလုံးလည်း ကြောက်စရာကောင်းလောက်အောင် ဖြူဖွေးနေတာပေါ့။
“အမှိုက်တွေ ကျလာပြန်ပြီ”
သူက ရွှံ့ဗွက်တွေထနေတဲ့ နှင်းတွေကို ရှောင်ထွက်လာပြီး ကျောင်းရှေ့ကို ရောက်လာခဲ့တယ်။ နှင်းက အရမ်းသည်းနေတော့ ကျောင်းဝင်းတံခါးဝမှာ ဘယ်သူမှ ရှိမနေကြဘူး။
“နေ့လယ်စာစားချိန်ကျရင် နှင်းလူရုပ် လုပ်ကြမလား”
“နင်က ကလေးလား”
ကျောင်းလာနေကြတဲ့ ကလေးတွေရဲ့ မျက်နှာမှာတော့ အပြုံးတွေ ပွင့်လန်းနေကြတာပေါ့။ နှင်းဆိုတာကို မြင်ရင် ပျော်နေတုန်းအရွယ်တွေဆိုတော့လည်း နားလည်ပေးလို့ ရပါတယ်လေ။ သူက ဖိနပ်ပေါ်က ဖုန်တွေကို ခါထုတ်လိုက်ပြီး အိမ်တွင်းစီး ဖိနပ်လေးတွေ ပြောင်းစီးလိုက်တယ်။ ထီးကိုလည်း နှင်းတွေစင်အောင် ခါပြီးတော့မှ စင်္ကြံလမ်းထဲကို ဝင်လာခဲ့တာပေါ့။
သူနဲ့အတူ စကားတပြောပြောနဲ့ လိုက်လာတဲ့ အတန်းဖော်တွေနဲ့အတူ အတန်းထဲကို ရောက်လာခဲ့တယ်။ ဒိုဂျင်ကတော့ နောက်ဖုံးတံခါးနားမှာ ထိုင်နေတာပေါ့။ ဘာကြောင့်လဲတော့ မသိဘူး၊ ဒီနေ့ သူ ကျောင်းကို စောစောရောက်နေတာပဲ။
“ရောက်ပြီလား၊ နှင်းတွေ တော်တော်ကျတယ် မဟုတ်လား”
သူက အားရပါးရ သမ်းဝေရင်း မေးလိုက်တာပါ။
“ဒီနေ့ စောလှချည်လား”
“တစ်ခါတလေတော့လည်း ဒီလိုနေ့မျိုး ရှိရမှာပေါ့။ ရော့... ဒါက မနက်ခင်းအတွက် ချိုချဉ်”
လှမ်းပစ်ပေးလိုက်တဲ့ ချိုချဉ်ကို သူက ဖမ်းယူပြီး ပါးစပ်ထဲ ထည့်လိုက်တယ်။ မသိစိတ်ထဲကနေ ချိုချဉ်စားတာက အကျင့်တစ်ခုလို ဖြစ်နေပြီလေ။ မနက်ခင်းမှာ ဒိုဂျင်က ချိုချဉ်မပေးရင်တောင် စိတ်မကောင်းဖြစ်မိမယ့်ပုံပဲ။
မာရူးက လွယ်အိတ်ကို ချိတ်လိုက်ပြီး ပထမတန်းရဲ့ နောက်ဆုံးခုံဆီကို လှမ်းကြည့်လိုက်တယ်။ ဒိုဝူးကတော့ မှောက်ပြီး အိပ်နေတာပေါ့။ မာရူးက သူ့ဘေးမှာ တစ်ခုခုပြောနေတဲ့ ဒိုဂျင်ကို လက်ဟန်ခြေဟန်နဲ့ ခဏတားလိုက်ပြီး ဒိုဝူးဆီကို လျှောက်သွားလိုက်တယ်။
မာရူးက သွားထိလိုက်တော့မှ ဒိုဝူးက မျက်လုံးပွင့်လာတာပေါ့။
“ဘာလဲ”
“မျက်နှာကို လျှော့ထားစမ်းပါ။ အသက်ကြီးလာရင် နောင်တရလိမ့်မယ်”
“... ငါ့ကို ဘာလို့ နှိုးတာလဲ”
“ခဏလောက် စကားပြောရအောင်။ အတန်းပိုင်အချိန် ရောက်ဖို့ အချိန်နည်းနည်း ကျန်သေးတယ်လေ”
သူက ဒိုဝူးကို မုန့်ဆိုင်ဆီ ခေါ်လာခဲ့တယ်။ မနက်စာ မစားလာတဲ့ ကလေးတွေကတော့ ထောင့်တစ်နေရာမှာ စုပြီး ပေါင်မုန့်စားနေကြတာပေါ့။
“ကော်ဖီ သောက်မလား”
ဒိုဝူးက ဘာမှမပြောဘဲ ခေါင်းပဲ ညိတ်ပြတယ်။ မာရူးက အလိုအလျောက် ရောင်းချတဲ့ စက်ထဲကနေ ကော်ဖီဘူး နှစ်ဘူး ထုတ်လိုက်ပြီး ဒိုဝူးကို တစ်ဘူး ကမ်းပေးလိုက်တယ်။
“ဘာအကြောင်း ပြောချင်လို့လဲ”
“အစ်မ ဆွန်ဂျီနဲ့ ပတ်သက်လို့ပါ”
ချက်... ဆိုတဲ့ အသံနဲ့အတူ ကော်ဖီဘူး ဖွင့်လိုက်တဲ့အချိန်မှာပဲ စကားသံတွေ ရပ်သွားတော့တာပေါ့။ ဒိုဝူးက ဘာမှမပြောဘဲ သူ့လက်ထဲက ကော်ဖီဘူးကိုပဲ ငုံ့ကြည့်နေတယ်။ ဘေးနားက လူတွေရဲ့ စကားသံတွေကတော့ ပျံ့လွင့်လာနေတုန်းပဲ။ မနက်စာကို ပေါင်မုန့်ပဲ စားရတာ ငြီးငွေ့စရာကောင်းတဲ့ အကြောင်းပေါ့။
“သူက ဘာဖြစ်လို့လဲ”
အေးအေးဆေးဆေး နေနေတဲ့ ဒိုဝူးက ကော်ဖီသောက်ရင်း မေးလိုက်တယ်။ ကြည့်လိုက်ရုံနဲ့တင် သူက တည်ငြိမ်အောင် ကြိုးစားနေမှန်း သိသာတာပေါ့။ သူ့မျက်လုံးတွေကတော့ ပုံမှန်လိုမျိုး စူးရှမနေဘူး။
“အရင်က မပြောဖြစ်ခဲ့ပေမဲ့ ငါက မင်းရဲ့အစ်မနဲ့ ရင်းနှီးပါတယ်”
“မင်းကလား”
“အင်း”
“ဘယ်လိုမျိုးလဲ”
“ရှင်းပြရရင်တော့ နည်းနည်း ရှည်လိမ့်မယ်။ မင်းလည်း သိဖို့ သိပ်မလိုပါဘူး။ အနှစ်ချုပ်ပြောရရင်တော့ ငါတို့ စေတနာ့ဝန်ထမ်း အတူတူ လုပ်ကြတာပါပဲ”
ဒိုဝူးက နားလည်သွားလို့လားတော့ မသိဘူး၊ ဘာမှ ထပ်မမေးတော့ပါဘူး။
“ငါ မနေ့က သူနဲ့တွေ့ပြီး စကားနည်းနည်း ပြောဖြစ်ခဲ့တယ်”
“ဘာတွေ ပြောတာလဲ”
“မင်းနဲ့ မင်းအစ်မအကြောင်းပေါ့။ ပြီးတော့ ဒါက မင်းအစ်မ မင်းကို ပေးချင်တဲ့ စကားပါ”
မာရူးက မျက်ရည်တွေနဲ့ ရေးထားတဲ့ ဆွန်ဂျီရဲ့ စာကို ကမ်းပေးလိုက်တယ်။
“... ဒီလိုမျိုးပဲ ထပ်လုပ်ပြန်ပြီလား။ ပြောစရာရှိရင် ကိုယ်တိုင်လာပြောဖို့ ပြောလိုက်ပါ”
ဒိုဝူးက စာကို ပြန်ပေးပေမဲ့ မာရူးကတော့ ခေါင်းခါပြီး လက်မခံခဲ့ပါဘူး။
“စကားနဲ့ပြောဖို့ ခက်နေတဲ့ သူ့ရဲ့ ခံစားချက်တွေကို ဖော်ပြဖို့ ခက်ခက်ခဲခဲ ရေးထားတာပါ။ အနည်းဆုံးတော့ တစ်ခါလောက် ဖတ်ကြည့်ရင် မမှားဘူးလို့ ထင်တယ်”
အဲဒီစကားကြောင့် ဒိုဝူးရဲ့ လက်တွေ တောင့်ခဲသွားတာပေါ့။
“တစ်ခါလောက်တော့ နားထောင်ပေးကြည့်ပါလား။ စကားပြောဆိုတာက နားထောင်ပေးခြင်းကနေ စတင်တာတဲ့”
၁၀ နှစ်တောင် ပုပ်ဆွေးနေခဲ့တဲ့ ဒဏ်ရာလေ။ အရာအားလုံးကို တစ်ပြိုင်တည်း ချပြလိုက်ရင် သူတို့ရဲ့ ခံစားချက်တွေက ပိုပြီး ပြင်းထန်လာမှာပေါ့။ ဒါကြောင့်ပဲ မွန်ဂျောင်က စာအရင် ရေးခိုင်းကြည့်ဖို့ မှာခဲ့တာလေ။ ဘယ်လောက်အထိ ထိရောက်မလဲဆိုတာတော့ မသိဘူးပေါ့။ မာရူးက ဒိုဝူးရဲ့ ပုခုံးကို အသာလေး ပုတ်ပေးပြီး ဘေးကနေ ဖြတ်လျှောက်လာခဲ့တယ်။
* * * * * * * * *
“စာ ပေးလိုက်ပြီလား”
“ဟုတ်ကဲ့။ သူ ဖတ်မလား၊ လွှင့်ပစ်မလားတော့ မသိဘူး၊ ဒါပေမဲ့ ပေးတော့ ပေးလိုက်ပြီ”
“ပင်ပန်းသွားပြီ၊ အဆင်ပြေသွားမှာပါ။ သူ့မောင်လေးမှာ သူငယ်ချင်းကောင်း ရှိနေတာ တော်သေးတာပေါ့”
မွန်ဂျောင်က အကြောင်းကြားပေးလို့ ကျေးဇူးတင်တဲ့အကြောင်း ပြောပြီး ဖုန်းချလိုက်တယ်။ အဲဒီ စိတ်ထားကောင်းတဲ့ အမျိုးသမီးက ဒီအခွင့်အရေးကနေတစ်ဆင့် သူ့ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို လျှော့ချနိုင်ရင် ဘယ်လောက်ကောင်းမလဲ။ အဲလိုဆိုရင်တော့ ကလေးတွေကို သူမနဲ့ စိတ်ချလက်ချ ထားခဲ့လို့ ရမှာပေါ့။
“ဒီကလေးကတော့ ဗိုက်ဆာနေပြီ ထင်တယ်”
ဒါလ်ဂူက ထရပ်လိုက်ပြီး သူ့ဗိုက်လေးကို ပြပြီး လှိမ့်နေတာပေါ့။ မွန်ဂျောင်က ခွက်ထဲကို အစာတွေ လောင်းထည့်ပေးလိုက်တယ်။ ဆောင်းတွင်းမို့လို့လားတော့ မသိဘူး၊ ဒါလ်ဂူက နည်းနည်း ဝလာသလိုပဲ။
ဒါလ်ဂူက အမြီးလေး နံ့နံ့နဲ့ အစာကို မြိန်မြိန်ယှက်ယှက် စားနေတော့တာပေါ့။ မွန်ဂျောင်က ဒါလ်ဂူကို ခဏကြည့်နေပြီးမှ ထမင်းစားပွဲဘက်ကို လှည့်လိုက်တယ်။ ဖုန်းလာနေတာကိုး။
“ဟယ်လို”
“အာ... ဆရာ”
“ဂျွန်မင်း လား”
“ဟုတ်ပါတယ် ခင်ဗျာ”
“ဒီအချိန်ကြီး ဘာကိစ္စလဲ”
“အရင်က ဆရာ ကျွန်တော့်ကို ပြောထားတာ ရှိတယ်လေ။ တပည့်တစ်ယောက်လောက် မွေးချင်လို့ တစ်ယောက်ယောက် ညွှန်းပေးပါဦးဆိုတာလေ”
“မှတ်မိပါတယ်”
“ကျွန်တော် အလယ်တန်းနဲ့ အထက်တန်းထဲက ကလေးအချို့ကို စာရင်းလုပ်ပြီး အီးမေးလ် ပို့လိုက်ပါတယ်။ အဲဒီမှာ ဓာတ်ပုံရယ်၊ သူတို့အပေါ် ကျွန်တော် ဘယ်လို ခံစားရလဲဆိုတာကိုပါ တစ်ခါတည်း ရေးပေးထားပါတယ်။ သုံးယောက်... မဟုတ်ဘူး၊ လေးယောက်လောက်ကို ကူညီပြီး မွေးထုတ်ပေးစေချင်ပါတယ်ဗျာ”
“ငါက အချိန်ရရင် ကလေးတွေ စကားပြောတာလေး နားထောင်ပေးချင်ရုံတင်ပါ။ တစ်ယောက်ဆိုရင် လုံလောက်ပါပြီ”
“ဆရာကလည်း တော်တော်လေးပဲ။ ကျွန်တော့်ကို မျက်နှာထောက်ပြီး နှစ်ယောက်လောက်တော့ စဉ်းစားပေးပါဦးဗျာ”
“ငါ သဘောကျတဲ့ ကောင်လေး ပါရင်တော့ပေါ့။ အာ... ဝါသနာရှင် အတန်းလား။ အဲဒီကိုလည်း တစ်ခေါက်လောက် သွားကြည့်ရဦးမယ်”
“ပွဲပြတဲ့အချိန်မှ လာမလို့ မဟုတ်ဘူးလား”
“အဲဒီလိုတော့ စဉ်းစားထားတာပါ၊ ဒါပေမဲ့ သူတို့ရဲ့ စရိုက်ကို နားလည်ဖို့အတွက် ပြင်ဆင်တဲ့ အဆင့်တွေကိုပါ ကြည့်ရမယ် ထင်တယ်”
“ဒါဆိုရင်တော့ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ ဒါမှမဟုတ် ပိတ်ရက်တွေမှာ ဆရာ အားတဲ့အချိန် လာခဲ့ပါဦး။ တာဝန်ခံဆရာကို ကျွန်တော် ပြောထားလိုက်ပါ့မယ်။ ကလေးတွေနဲ့ တွေ့ဖို့က…”
“ငါက တိတ်တိတ်လေးပဲ စောင့်ကြည့်မှာပါ”
“နားလည်ပါပြီ။ အဲဒီအတိုင်းပဲ ပြောထားလိုက်ပါ့မယ်။ အာ... ဒါနဲ့ ဆရာ။ ကျွန်တော့်ဆီကို မှိုကောင်းကောင်းလေးတွေ လက်ဆောင်ရောက်လာတာ ရှိတယ်၊ ဆရာ့ဆီ တစ်ခေါက်လောက် လာလည်လို့ ရမလား”
မှို တဲ့လား။ သူ တံတွေးတောင် ထွက်လာတာပေါ့။ တခြားဟာတော့ မသိဘူး၊ ဂျွန်မင်း ယူလာမယ့် မှိုဆိုရင်တော့ မငြင်းနိုင်ဘူးလေ။
“အန်ဒုန်း အရက်ပါ တစ်ခါတည်း ယူလာခဲ့”
“ဒါပေါ့ခင်ဗျာ။ ညဘက်ကျရင် လာခဲ့ပါ့မယ်”
ဒီ အလုပ်များတဲ့ သူငယ်ချင်းက တော်တော်လေးလည်း ကြိုးစားရှာပါတယ်။ မွန်ဂျောင်က ပြုံးလိုက်ပြီး လက်ပ်တော့ကို ဖွင့်လိုက်တယ်။ ဒီလက်ပ်တော့က သူ့ရဲ့ ဒုတိယသမီး လက်ဆောင်ပေးထားတာလေ။ အစတုန်းကတော့ ဒါမျိုးတွေကို သူ မကိုင်တတ်ဘူးလို့ ထင်ထားတာ၊ ဒါပေမဲ့ စမ်းကြည့်ရင်းနဲ့ အီးမေးလ်တွေ ဘာတွေ စစ်တတ်လာတာပေါ့။ သူက ဇက်ကြောတွေ တက်နေတဲ့ မျက်လုံးတွေကို ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း အဝင်စာတိုက်ကို ဖွင့်လိုက်တယ်။ ရင်းနှီးတဲ့လူ နည်းနည်းကိုပဲ အီးမေးလ်လိပ်စာ ပေးထားတာဆိုတော့ ပုံမှန်ဆိုရင်တော့ အမြဲ အားနေတတ်ပေမဲ့ အခုတော့ အီးမေးလ်အသစ် ရောက်နေပြီလေ။
သူက အဲဒါကို နှိပ်ပြီး အထဲက ဖိုင်တွေကို ဒေါင်းလုဒ်ဆွဲလိုက်တယ်။
“ကြည့်ရအောင်”
အသက်ကြီးလာလို့လားတော့ မသိဘူး၊ အနားက အရာတွေကို ကြည့်ရင် မျက်လုံးက ဝေဝါးနေတာပေါ့။ သူက လည်ပင်းမှာ ချိတ်ထားတဲ့ မျက်မှန်ကို တပ်လိုက်ပြီး စခရင်ကို ကြည့်လိုက်တယ်။ ဘယ်ဘက်မှာ ဓာတ်ပုံ၊ ညာဘက်မှာတော့ ဂျွန်မင်း ရေးထားတဲ့ အချက်အလက်တွေ ပါတာပေါ့။ အစမ်းလေ့ကျင့်ပွဲတွေမှာ ပေးရတဲ့ ကိုယ်ရေးအချက်အလက်တွေလိုမျိုးပဲ၊ ဒီနယ်ပယ်ထဲမှာ လုပ်နေတဲ့သူဆိုတော့ အချက်အလက်တွေက တကယ့်ကို သေသေသပ်သပ် ရှိတာလေ။
မွန်ဂျောင်က တစ်ယောက်ချင်းစီကို သေသေချာချာ အချိန်ပေးပြီး ဖတ်ကြည့်နေမိတယ်။ မြောင်ဒုံ အနုပညာ ပြဇာတ်ရုံမှာ ပြမယ့် ပြဇာတ်အတွက် ပြင်ဆင်ရင်းနဲ့ သူ ပြဇာတ်အပေါ်မှာ ဝါသနာ ပါနေတုန်းပဲဆိုတာကို သူ သတိထားမိလိုက်တယ်။ ဒါပေမဲ့ ငယ်ငယ်တုန်းက ဝါသနာနဲ့တော့ မတူဘူးပေါ့။ အခုကတော့ ကိုယ်တိုင် ကပြတာထက် တပည့်တွေကို မွေးထုတ်ပေးရတာကို ပိုပြီး သဘောကျနေတာလေ။ မွန်ဂျောင်က အခုတော့ မရှိတော့တဲ့ ပြဇာတ်ရုံအကြောင်းကို သတိရရင်း စာမျက်နှာကို ဆက်မဆွဲဘဲ ရပ်လိုက်တယ်။
“ဒီကလေးက...”
သူက မောက်စ်ပေါ်က လက်ကို ခွာလိုက်ပြီး စခရင်ကို သေသေချာချာ ကြည့်နေမိတယ်။ ဟန်မာရူး၊ မနေ့က သူ တွေ့ခဲ့တဲ့ သူငယ်ချင်း၊ စောစောကမှ ဖုန်းပြောထားတဲ့ ကောင်လေးက မော်နီတာထဲမှာ ရောက်နေတာလေ။
ဒါဆို သူက ပြဇာတ်တွေ ကပြတဲ့ ကလေးပေါ့။
“အဲဒါကြောင့် သူ့ရဲ့ အကဲခတ်နိုင်စွမ်းက တော်တော်လေးကို...”
သရုပ်ဆောင်ခြင်းရဲ့ အခြေခံက တုပခြင်းပဲလေ။ တုပခြင်းရဲ့ အခြေခံက အကဲခတ်ခြင်းဆိုတော့ လူတစ်ယောက်ရဲ့ အကဲခတ်မှု ကောင်းတယ်ဆိုတာ သရုပ်ဆောင်ဖို့အတွက် ခိုင်မာတဲ့ အခြေခံအုတ်မြစ် ရှိနေတာနဲ့ အတူတူပါပဲ။
“ဒါက ရေစက်ပဲလား”
ပြန်စဉ်းစားကြည့်တော့ မာရူးက ကလေးတွေအတွက် ရုပ်သေးပြဇာတ် ပြတုန်းကလည်း သူ့ရဲ့ သရုပ်ဆောင်ချက်တွေက မညံ့ဘူးလေ။ ဘယ်လို စင်မြင့်မျိုးမှာပဲဖြစ်ဖြစ် အလေးအနက်ထားရမယ်ဆိုတဲ့ မူဝါဒက သရုပ်ဆောင်တွေ ထိန်းသိမ်းထားရမယ့် အနှစ်သာရပဲ၊ သူက အဲဒါကို ရရှိထားပြီးသားပုံပဲ။
“သူ့ရဲ့ ကြင်နာတတ်တဲ့ အမူအရာတွေကလည်း ကောင်းပါတယ်”
ဒါက နောက်ဆုံးတော့ လူတွေနဲ့ ပတ်သက်နေတာပဲလေ။ ဘယ်လောက်ပဲ သရုပ်ဆောင်ကောင်းပါစေ၊ စိတ်ဓာတ်မကောင်းတဲ့သူဆိုရင်တော့ သူ မသင်ပေးချင်ဘူး။ အဲဒီသဘောအရဆိုရင် မာရူးက အမှတ်အများကြီး ရတာပေါ့။ သူက ဂျွန်မင်း ရေးထားတဲ့ အသေးစိတ် အချက်အလက်တွေကို ဖတ်ကြည့်လိုက်တယ်။
“ဟိုး... ဟိုး...”
ဂျွန်မင်းက လူသာနူးညံ့တာ၊ အသက် ၅၀ ရှိနေပြီဖြစ်ပေမဲ့ ခွေးလေးတွေကို မြင်ရင် အမြဲ ပြုံးနေတတ်တာလေ။ ဒါပေမဲ့ အလုပ်နဲ့ ပတ်သက်လာရင်တော့ သူက တကယ့် ပညာရှင်ပဲ။ သရုပ်ဆောင် ရွေးချယ်သူတစ်ယောက် ဖြစ်ဖို့ဆိုရင် လူတစ်ယောက်ကို အနုစိတ် ကြည့်တတ်တဲ့ စွမ်းရည် လိုအပ်တယ်လေ။ ဘာလို့လဲဆိုတော့ ပြဇာတ်ပဲဖြစ်ဖြစ်၊ ဒရာမာပဲဖြစ်ဖြစ်၊ ရုပ်ရှင်ပဲဖြစ်ဖြစ်... ဇာတ်ညွှန်းတွေ၊ အဖွဲ့သားတွေ၊ အသံပိုင်းဆိုင်ရာတွေ ဘယ်လောက်ပဲ ကောင်းနေပါစေ၊ ဇာတ်လမ်းကို ပြောပြရမယ့် သရုပ်ဆောင်က မကောင်းရင် အကုန်လုံး အလကား ဖြစ်သွားမှာကိုး။
အလုပ်တစ်ခု အောင်မြင်မလား၊ ကျရှုံးမလားဆိုတာ ပထမဆုံးအနေနဲ့ သရုပ်ဆောင် ရွေးချယ်မှုအပေါ်မှာ မူတည်တာဆိုတော့ ဂျွန်မင်းက လူတွေကို ကြည့်တဲ့အခါ အရမ်းကို တင်းကျပ်တာ။ မွန်ဂျောင် ကိုယ်တိုင်တောင် သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဂျွန်မင်းနဲ့ တွေ့ဖို့ကို ရှောင်ခဲ့ဖူးတဲ့အထိပဲ။
“အဲဒီလိုလူမျိုးကတောင် သူ့အပေါ် ဒီလောက်အထိ မျှော်လင့်ချက် ထားနေတာလား”
မျှော်လင့်ချက်။ ဒီစကားလုံးတစ်လုံးရဲ့ လေးနက်မှုက ထင်ထားတာထက် ပိုပါတယ်။
မွန်ဂျောင်က လက်ပိုက်လိုက်ပြီး...
“သူ့ကို ကြိုပြီး သွားတွေ့ကြည့်ရအောင်”
* * * * * * * * *
“ဟိုင်း”
“......”
“နှုတ်ဆက်တာကိုတော့ ပြန်ထူးဦးလေ”
“အင်း၊ ဟိုင်း”
သူမက သူ့ကို ပထမဆုံးအကြိမ် တွေ့ဖူးသလိုမျိုး နှုတ်ဆက်တာကို လက်ခံလိုက်တယ်။ မာရူးက မျက်ခုံးကို ကုပ်လိုက်ပြီး သူမရဲ့ ဘေးနားကို တစ်လှမ်း တိုးသွားလိုက်တယ်။
“ဘာ... ဘာလုပ်မလို့လဲ”
သူမက လန့်ပြီး ခုန်ဆုတ်သွားတာပေါ့။ သူမမှာ ချစ်စရာကောင်းတဲ့ဘက်လေးလည်း ရှိသားပဲ၊ မာရူးက ကြာခဲ့ပြီဖြစ်တဲ့ သူ့ရဲ့ နောက်ပြောင်တတ်တဲ့ စိတ်ကို ပြန်နှိုးလိုက်ပြီး သူမနားကို တဖြည်းဖြည်း ထပ်တိုးသွားလိုက်တယ်။ သူမက ဘာလုပ်ရမှန်းမသိဘဲ စင်ပေါ်ကို ပြေးတက်သွားပြီးမှ ရပ်လိုက်ပြီး သက်ပြင်းချလိုက်တယ်။
“ပျော်နေလား”
“အင်း”
“တကယ်ပါပဲ၊ ငါတော့ မနေနိုင်တော့ဘူး”
“တို့တွေက ချစ်သူတွေပဲလေ၊ အတူတူ နေကြရအောင်”
“ချစ်... ချစ်သူလား။ ဘယ်သူလဲ။ ငါလား။ နင်နဲ့လား”
“မဟုတ်လို့လား”
“... ”
သူမက မငြင်းခဲ့ပါဘူး။ မာရူးလည်း စိတ်တွေ ကြည်လင်သွားပြီး သူမရဲ့ လက်ကို တင်းတင်းဆုပ်ကိုင်ပြီး စင်ရဲ့ ဘေးတစ်ဖက်ကို ဆွဲခေါ်သွားလိုက်တယ်။ တခြားကျောင်းသားတွေ မရောက်သေးတော့ စင်ပေါ်မှာ သူတို့ နှစ်ယောက်တည်း ရှိနေတာလေ။
“ငါ နင့်ကို ကြိုက်တယ်”
“ဘာ... ဘာ... ဘာလဲ”
“ဘာလို့ ဒီလောက် လန့်နေရတာလဲ။ နင် ပြောခဲ့တာတွေပဲလေ”
သူမရဲ့ မျက်နှာက ချက်ချင်းဆိုသလို နီမြန်းသွားတော့တာပေါ့။ သူမ ငယ်ငယ်တုန်းက ဒီလောက်အထိ တုံ့ပြန်မှု မြန်တဲ့သူ ဖြစ်ခဲ့တာကိုး။ အရင်ဘဝတုန်းကတော့ သူတို့က လူကြီးတွေဖြစ်မှ တွေ့ခဲ့ကြတာလေ။ တစ်ယောက်က ပြဇာတ်ရုံတွေမှာပဲ အချိန်ကုန်ပြီး ဒရာမာတွေမှာ ဇာတ်ပို့လုပ်နေတဲ့ သရုပ်ဆောင်မလေး၊ နောက်တစ်ယောက်ကတော့ အဲဒီလို အစီအစဉ်တွေအတွက် လိုက်ပို့ပေးရတဲ့ ရှုတင်မန်နေဂျာပေါ့။ သူမက အရာအားလုံးကို သိနေတဲ့အရွယ် ရောက်နေပြီဆိုတော့ သူ ဒီလို နောက်ပြောင်ရင် နှာခေါင်းရှုံ့ရုံပဲ လုပ်တတ်တာ။ အဲဒီအစား သူမကပဲ မာရူး ဘာလုပ်ရမှန်းမသိဖြစ်အောင် လိုက်စတတ်တာလေ။
“ဟိုင်း”
“စောလှချည်လား”
ပထမထပ်က အဝင်ဝတံခါး ပွင့်လာပြီး တခြားကျောင်းသားတွေ ရောက်လာကြတယ်။ မာရူးက ဆုပ်ကိုင်ထားတဲ့ လက်ကို ဖြည်းဖြည်းချင်း လွှတ်ပေးလိုက်တယ်။ သူမက အဲဒါကို သတိထားမိပြီး သူမရဲ့ လက်ကို နောက်ကို ပြန်ဆွဲလိုက်တာပေါ့။
“နင်ကတော့ မျက်နှာနီတာ အရမ်းမြန်တာပဲနော်”
“မျိုးရိုးဗီဇကြောင့် ဖြစ်နေတာကို ငါက ဘာလုပ်ရမှာလဲ”
“အာ... ယောက္ခမကလည်း...”
“ယောက္ခမ ဟုတ်လား”
“ဘာမှမဟုတ်ပါဘူး၊ ဘာမှမဟုတ်ဘူး”
မာရူးက ချောင်းဟန့်လိုက်ပြီး သူမရဲ့ စူးစိုက်ကြည့်နေတာကို လျစ်လျူရှုလိုက်တယ်။ အချစ်ဝတ္ထုတွေ ရေးတတ်တဲ့ သူ့ရဲ့ ယောက္ခမကို သူ ဝေဝေဝါးဝါး သတိရလိုက်မိတာ။ သူမ ပြောသလိုပဲ ယောက္ခမကလည်း မျက်နှာ အရမ်းနီတတ်တဲ့သူလေ။
“ငေးမနေကြနဲ့၊ လည်ချောင်းတွေရော ခန္ဓာကိုယ်တွေရော သွေးပူအောင် လုပ်ကြစမ်း”
ဂန်ဟွမ်က ရှေ့ကို ထွက်လာတယ်၊ သူ့နောက်မှာတော့ သရုပ်ဆောင် ဖြစ်ချင်တဲ့ ကျောင်းသား ၅ ယောက် ပါတာပေါ့။
“နောက်မိနစ် ၂၀ ကျရင် လေ့ကျင့်တော့မယ်။ အရင်က ပြောထားသလိုပဲ၊ မနက်ဖြန်ကစပြီး နေရာတွေ ရွေးမယ်၊ အစမ်းလေ့ကျင့်ပွဲတွေ လုပ်မယ်ဆိုတော့ ပြင်ဆင်ထားကြ”
“ဟုတ်ကဲ့ပါ”
“ဒါဆိုရင်တော့ ခန္ဓာကိုယ်တွေရော အသံတွေပါ သေချာ သွေးပူအောင် လုပ်ထားကြ။ ငါကတော့ ခဏလောက် လှဲနေဦးမယ်”
ဂန်ဟွမ်က ပြောပြောဆိုဆိုနဲ့ ကြမ်းပြင်ပေါ်မှာ လှဲချလိုက်တယ်။ ဒါက တစ်ခါနှစ်ခါ မဟုတ်တော့ ကျောင်းသားတွေလည်း ပခုံးတွန့်ပြပြီး ကိုယ့်ဘာသာကိုယ် သွေးပူလေ့ကျင့်ခန်းတွေ လုပ်ကြတော့တာပေါ့။
* * * * * * * * *
“စိတ်ခံစားမှုကို ပိုပြီး ပေါ်လွင်အောင် လုပ်ကြည့်စမ်း၊ အော်ဟစ်နေသလိုမျိုးလေ။ မိုက်ခရိုဖုန်း မပါတဲ့ ပြဇာတ်ဆိုတော့ အသံကို ပိုပြီး ဂရုစိုက်ရမယ်။ ဝါသနာရှင် ပြဇာတ်ဆိုပေမဲ့ အချိန်ပေးပြီး လာကြည့်တဲ့ ပရိသတ်တွေကိုတော့ အားနာတတ်ရမယ်လေ။ ပြန်လုပ်”
ဂန်ဟွမ်က အချက်ပြလိုက်ပြီး လှည့်ထွက်သွားတယ်။ သူကသာ အဲဒီလို ပြောနေတာ၊ အခြေအနေကတော့ တော်တော်လေး ကောင်းပါတယ်။ ပြဇာတ်ကလပ်မှာ နေရင်းနဲ့ အားလုံးက အခြေခံ ဗဟုသုတတွေ ရလာကြပြီလေ။ သူတို့က ကလေးလေးတွေလိုပဲ၊ ဒါပေမဲ့ ဘာလုပ်ရမလဲဆိုတာကို သိနေကြတာကြောင့် သင်ပေးရတာ တော်တော်လေး ကျေနပ်စရာ ကောင်းတာပေါ့။
“အာ... စီနီယာ”
“အလုပ်ရှုပ်နေလား”
စီနီယာ ဂျွန်မင်း ပါလား။ ဒီပြဇာတ်ရုံမှာ ပြမယ့် အဓိကပြဇာတ်ကြောင့် သူ အလုပ်ရှုပ်နေမှာပဲလို့ ဂန်ဟွမ် တွေးနေမိတာ၊ ဘာလို့ ဒီကို ရောက်လာတာပါလိမ့်။ ဂန်ဟွမ်က ကျောင်းသားတွေကို ဆက်လုပ်ခိုင်းလိုက်ပြီး အဝင်ဝဆီကို လျှောက်သွားလိုက်တယ်။
“ဘာကိစ္စရှိလို့လဲ”
“ငါ ခေါ်သွားရမယ့် သူငယ်ချင်းတစ်ယောက် ရှိလို့ပါ”
“အဲဒီထဲကလား မာရူး လား”
“အင်း”
“သူ့ကို အမဲသားကျွေးမလို့လား”
“အမဲသား မဟုတ်ပါဘူး၊ မှိုကျွေးမလို့”
“အာ... ကျွန်တော်လည်း လိုက်မယ်လေ။ ကျွန်တော့်ကိုလည်း မျက်နှာသာ ပေးပါဦးဗျာ”
“အရမ်းတွေ ပေါကြောင်ကြောင် မလုပ်စမ်းပါနဲ့။ ဒီနေ့ ငါက အိမ်ရှင်မဟုတ်ဘူး၊ အဲဒါကြောင့် ခေါ်သွားဖို့ ခက်လိမ့်မယ်”
“ဒါဆို ဘယ်သူလဲ...”
“ဆရာ ယွန်းမွန်ဂျောင် လေ”
“... ကျွန်တော် တကယ်ကို လိုက်ချင်သွားပြီ”
ဂန်ဟွမ်မှာ သူ အားကျရတဲ့ သရုပ်ဆောင် နှစ်ယောက် ရှိပြီး အဲဒီထဲက တစ်ယောက်က မွန်ဂျောင် ပါ။
“လွန်ခဲ့တဲ့ တစ်နှစ်တုန်းက တွေ့ပြီးကတည်းက မတွေ့ရတော့ဘူး”
“ဟျဲဟွာ ဘူတာရုံနားက လေ့ကျင့်ရေးခန်းကို လာခဲ့လေ”
“စီနီယာတွေ လေ့ကျင့်နေတဲ့နေရာကို ကျွန်တော်က ဘယ်လိုလုပ် သွားရမှာလဲ။ အဲဒီမှာ တခြား စီနီယာ သရုပ်ဆောင်ကြီးတွေလည်း ရှိနေတာကို”
“ဟင်း... ဒါဆို သူ့ကို ဖုန်းတစ်ချက် ဆက်ကြည့်ပေးရမလား”
“စီနီယာ... ကျွန်တော် စီနီယာ့ကို ချစ်လိုက်တာ”
ဂန်ဟွမ်က ဂျွန်မင်းရဲ့ လက်မောင်းကို ဖက်ပြီး စိတ်ရှည်လက်ရှည် စောင့်နေလိုက်တယ်။ ခဏလောက် ဖုန်းပြောပြီးတဲ့နောက်မှာတော့ ဂျွန်မင်းက...
“လိုက်ခဲ့လေ” လို့ ပြောလိုက်တာပေါ့။
“လေ့ကျင့်ခန်းပြီးဖို့ နောက်ထပ် ၂ နာရီလောက် လိုသေးတယ်၊ အဲဒီအထိတော့ စောင့်ပေးပါဦး”
“စောစော မသိမ်းပေးဘူးလား”
“အဲဒါ မင်း ဖြစ်ချင်နေတာလား”
“မဟုတ်ပါဘူး။ စောစောသိမ်းပေးရင်တောင် ကျွန်တော်က စီနီယာ့ကို ဆဲမိမှာ”
“ဟုတ်လို့လား”
“ကလေးတွေက ဘယ်လိုလဲ”
“ထင်ထားတဲ့အတိုင်းပါပဲလို့ ပြောရမလား။ သူတို့က ညွှန်းထားတဲ့ ကလေးတွေဆိုတော့ သာမန်ကလေးတွေနဲ့တော့ လုံးဝ မတူဘူး။ နည်းနည်းလောက် သေသေချာချာ သွေးပေးလိုက်ရင်တော့ အရှက်မရစေဘဲနဲ့ ပွဲထုတ်လို့ ရမှာပါ”
“အစွမ်းကုန် ကြိုးစားစမ်းပါ။ ဆရာ ယွန်းက အစမ်းလေ့ကျင့်ပွဲကို လာကြည့်မယ်ဆိုတာ မင်း သိတယ် မဟုတ်လား”
“ဒါပေါ့၊ အဲဒါကြောင့် ကျွန်တော်လည်း ရင်တုန်နေတာ”
“ရင်တုန်နေတဲ့လူက စင်ပေါ်မှာ လှဲနေတာလား”
“အဟမ်း... အဟမ်း”
သူက ဂန်ဟွမ်ရဲ့ အကြည့်ကို ရှောင်ပြီး ရယ်နေတော့တာပေါ့။
* * * * * * * * *