← Chapters

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

အခန်း(၁၁၇)

“ကဲ... တော်ပြီ”

ဂန်ဟွမ်က လက်ဟန်ခြေဟန်နဲ့ အချက်ပြလိုက်တော့ နောက်ဆုံးတစ်ခေါက် အစမ်းလေ့ကျင့်မှု ပြီးသွားတဲ့ ကလေးတွေက သက်ပြင်းအရှည်ကြီးတွေ ချပြီး အမောဖြေကြတော့တာပေါ့။ ဂန်ဟွမ်က အားလုံးကို တစ်နေရာတည်းမှာ စုခိုင်းလိုက်တယ်။ ထုံးစံအတိုင်းပဲ ဒီနေ့ လေ့ကျင့်ခန်းမှာ ကိုယ့်ရဲ့ သရုပ်ဆောင်ချက်အပေါ် ဘယ်လိုမြင်လဲဆိုတာကို ပြန်သုံးသပ်ပြီးမှ အဆုံးသတ်မှာလေ။

“ကျွန်တော်ကတော့ အသံကို ပိုကျယ်ကျယ်နဲ့ လေယူလေသိမ်း ပိုပြင်းပြင်း သုံးချင်ခဲ့တာ၊ ဒါပေမဲ့ စိတ်သွားတိုင်း ကိုယ်မပါဘူး ဖြစ်နေတယ်။ အသံထွက်ကို အားထည့်လိုက်ရင် အသက်ရှူတာကို ထိန်းရတာ ခက်သွားရော။ ဘာပဲဖြစ်ဖြစ် တော်တော်လေးတော့ ရုန်းကန်လိုက်ရတယ်”

“မင်းက အသံထွက်ဖို့ ဗိုက်ထဲကနေ အားယူလိုက်တယ်ဆိုပေမဲ့ နောက်ဆုံးတော့ အသံဆိုတာ ပါးစပ်ကနေ ပုံဖော်ရတာလေ။ တုန်ခါမှုပုံစံ ပြောင်းသွားရင် အချိုးအစားက ပျက်သွားရော။ အသက်ရှူတာကို ထိန်းပြီး ဒါကို ကျော်လွှားနိုင်ရင်တော့ အကောင်းဆုံးပေါ့၊ ဒါပေမဲ့ ခက်နေတယ်ဆိုရင်တော့ စကားစုတစ်ခုလုံးကို အားစိုက်နေမယ့်အစား စကားလုံးတစ်လုံးချင်းစီကိုပဲ အလေးပေးကြည့်တာက ပိုကောင်းလိမ့်မယ်။ ငါပြောတာကို သဘောပေါက်ရဲ့လား”

“ဟုတ်ကဲ့၊ တစ်ခါလောက် ပြန်ကြိုးစားကြည့်ပါ့မယ်”

“ကောင်းပြီ၊ နောက်တစ်ယောက်”

ဂန်ဟွမ်က သူတို့ဘေးမှာ ရပ်နေတဲ့ မိန်းကလေးတစ်ယောက်ကို လှမ်းကြည့်လိုက်တယ်။ ဘိုဆောင် မိန်းကလေး အထက်တန်းကျောင်းက လီယွန်းဂျင် တဲ့။ သူက ဒီနှစ်မှာ ကျင်းပခဲ့တဲ့ ဆယ်ကျော်သက် ပြဇာတ်ပွဲတော်မှာ ထူးချွန်သရုပ်ဆောင်ဆု ရထားတဲ့သူလေ။ သူ့အဖွဲ့ကတော့ အမြင့်ဆုံးဆုနဲ့ လွဲခဲ့ပေမဲ့ တစ်ဦးချင်း သရုပ်ဆောင်ချက်မှာတော့ ဒီမှာရှိတဲ့ ဘယ်သူ့ထက်မဆို သူက သာပါတယ်။ တီဗီမှာလည်း ဇာတ်ပို့နေရာကနေ ပါဝင်ဖူးပြီးသားဆိုတော့ ပညာရှင်တွေနဲ့ လက်တွဲခဲ့တဲ့ အတွေ့အကြုံကတော့ လျှော့တွက်လို့ မရဘူးပေါ့။

“အရမ်း စိတ်လှုပ်ရှားနေတာတွေ ပျောက်သွားတော့ တော်တော်လေး နေလို့ကောင်းသွားတယ်။ စင်ပေါ်မှာလည်း ပတ်ဝန်းကျင်ကို ပိုမြင်လာရသလိုပဲ။ မနေ့ကဆိုရင် ပရိသတ်ထိုင်တဲ့နေရာရဲ့ အလယ်တည့်တည့်ကိုပဲ မြင်ရတာ၊ ဒီနေ့တော့ ဘေးဘက်တွေကိုပါ မြင်နေရပြီ”

“ကောင်းတယ်။ အမြင်ကျယ်လာတယ်ဆိုတာ မင်း ပိုပြီး စိတ်အေးလက်အေး ရှိလာလို့ပဲ။ ဒီနေ့ သရုပ်ဆောင်ချက်ထဲမှာ မင်းကိုယ်မင်း သဘောမကျတာမျိုးကော ရှိသေးလား”

“ထူးထူးခြားခြားတော့ မရှိပါဘူး”

“ယုံကြည်မှု ရှိတာပဲ၊ သဘောကျတယ်”

တကယ်တော့ ကိုယ့်သရုပ်ဆောင်ချက်ကို ကိုယ်တိုင်က အရင်ဆုံး သဘောကျဖို့ လိုတာလေ။ ကိုယ်တိုင်တောင် အားမရတဲ့ သရုပ်ဆောင်ချက်မျိုးနဲ့ တခြားသူတွေကို ဘယ်လိုလုပ် စိတ်ကျေနပ်အောင် လုပ်ပေးနိုင်မှာလဲ။ သရုပ်ဆောင်တွေဆိုတာ ငါ့သရုပ်ဆောင်ချက်က အကောင်းဆုံးပဲဆိုတဲ့ မာနလေးတော့ နည်းနည်း ရှိထားရတာပေါ့။ သူများခိုင်းသမျှ လိုက်လုပ်နေရုံနဲ့တော့ ဒီလောကမှာ ရပ်တည်ဖို့ မလွယ်ဘူးလေ။

“မင်း ဖြစ်ချင်တဲ့ နေရာရော ရှိလား”

“ဆူလ်မီ နေရာကို လိုချင်ပါတယ်”

“ဟင်း... ဇာတ်ဆောင်မင်းသမီးနေရာပေါ့။ ပြိုင်ဆိုင်မှုကတော့ ပြင်းထန်လိမ့်မယ်”

ဒီတစ်ခါ အစမ်းလေ့ကျင့်ဖို့ ရွေးထားတဲ့ '၃ နှစ် ၃ အတန်း' ဆိုတဲ့ ဇာတ်ညွှန်းမှာ သူက အဓိကဇာတ်ဆောင်လို့ ပြောလို့ ရတာကိုး။ ဆူလ်မီ အပြင် အတန်းခေါင်းဆောင်၊ ဆရာမ နဲ့ ချူဂျင် ဆိုပြီး အဓိကဇာတ်ကောင် လေးယောက် ရှိတာပေါ့။ ဒီလေးယောက်က အခန်းတိုင်းမှာ ပါကြတာလေ။ ဂန်ဟွမ်က အဲဒီဇာတ်ကောင် လေးယောက်ကြားမှာ ပဋိပက္ခလေးတွေ ထည့်ပြီး ဇာတ်ညွှန်းကို ပိုပြီး ချဲ့ထားသေးတာ။

ဒီပြဇာတ်မှာ ကျောင်းသား ၁၂ ယောက် ပါဝင်နေပြီး အဓိကနေရာက ၄ နေရာဆိုတော့ မနက်ဖြန် စတင်မယ့် လူရွေးပွဲကတော့ တော်တော်လေး အကြိတ်အနယ် ရှိမှာပေါ့။ ဒီကို လာကြတဲ့ ကလေးတွေကလည်း သရုပ်ဆောင်ဖို့ဆိုရင် တော်တော်လေး လောဘကြီးကြတာ၊ ဘယ်သူမှ ပေါ့ပေါ့တန်တန် လုပ်မယ့်သူတွေ မဟုတ်ဘူး။ အဲဒီအထဲမှာ တီဗီမှာ ပါဖူးတဲ့ ယွန်းဂျင်ကပါ အဓိကနေရာကို မျက်စိကျနေတာဆိုတော့လေ။

သူတို့ရဲ့ မျက်လုံးတွေကို ကြည့်လိုက်စမ်းပါ။

ကျောင်းသား ၁၂ ယောက်ထဲမှာ မိန်းကလေးက ၅ ယောက် ပါတာပေါ့။ အဲဒီ ၅ ယောက်က ဆွန်ဂျီ နေရာရယ်၊ ကျားမ မရွေး သရုပ်ဆောင်လို့ရတဲ့ ဆရာမ နေရာရယ်၊ အဲဒီ အဓိကနေရာ နှစ်ခုအတွက် လုကြရမှာ။ အားလုံးကတော့ အဲဒီနှစ်ခုထဲက တစ်ခုခုကိုပဲ လိုချင်နေကြတာ သိသာပါတယ်။

ပျော်စရာကြီး ဖြစ်တော့မှာပဲ။

ဂန်ဟွမ်က ကျန်တဲ့ မိန်းကလေး ၄ ယောက်ဆီ လျှောက်သွားပြီး မေးလိုက်တယ်။

“ဆူလ်မီ နေရာကို သရုပ်ဆောင်ချင်တဲ့သူ ရှိသေးလား”

သုံးယောက်က ချက်ချင်း လက်ထောင်လိုက်ကြတယ်။ လက်မထောင်တဲ့ တစ်ယောက်ကတော့ ဆရာမ နေရာကိုပဲ လိုချင်တယ်လို့ ပြောတာပေါ့။

“၄ ယောက်ပေါ့။ အားလုံးကော ယုံကြည်မှု ရှိကြရဲ့လား”

“ဟုတ်ကဲ့”

ဘယ်သူမှ နောက်မဆုတ်ကြဘူး။ အားလုံးရဲ့ မျက်နှာမှာ ဒီနေရာက ငါ့နေရာပဲဆိုတဲ့ အမူအရာတွေ ပါပဲ။ ကြည့်ရတာ ဒီဘက်ခေတ် ကလေးတွေကတော့ တကယ့်ကို ကြောက်စရာကြီးပါလား။

“ကောင်းပြီ၊ ဒါဆိုရင် မနက်ဖြန် လူရွေးပွဲမှာဆူလ်မီ နေရာကို အရင်ဆုံး စလုပ်မယ်။ အားလုံး ပြင်ဆင်လာကြပေါ့။ ဘယ်သူက ဆွန်ဂျီ နေရာနဲ့ အလိုက်ဖက်ဆုံးလဲဆိုတာ ကြည့်ရအောင်။ ဪ... ဒီအကဲဖြတ်မှုကို ငါတစ်ယောက်တည်း လုပ်မှာ မဟုတ်ဘူး။ မင်းတို့လည်း အတူတူ လုပ်ကြရမှာ။ ဒါပေမဲ့ ငါ့ရဲ့ အကဲဖြတ်မှုကတော့ အမှတ်အများဆုံး ဖြစ်လိမ့်မယ်”

“အကဲဖြတ်တဲ့ အစီအစဉ်က ဘယ်လိုမျိုး ဖြစ်မလဲ”

မေးခွန်းမေးလိုက်တာက မာရူး ပါ။ ဂန်ဟွမ်က သူ့မေးစေ့ကို ပွတ်ရင်း ပြောလိုက်တယ်။

“အသေးစိတ်ကြီး ခွဲခြားထားမှာ မဟုတ်ပါဘူး။ မင်းတို့က မင်းတို့ရဲ့ အမြင်တွေကို ပြောပြရမှာ၊ ငါကတော့ အလုံးစုံ အမှတ်ပေးမှာပေါ့။ ကြည့်ရတာ ပျော်စရာတော့ ကောင်းမှာပါ။ သူများကို အကဲဖြတ်ရသလို ကိုယ်တိုင်လည်း အကဲဖြတ်ခံရမှာဆိုတော့လေ”

ဂန်ဟွမ်က ဖုန်းကို ထုတ်ပြီး အချိန်ကို စစ်လိုက်တယ်။ သိမ်းရမယ့် အချိန် ရောက်နေပြီလေ။

“ဒီနေ့လည်း အားလုံး ပင်ပန်းသွားကြပြီ။ ပစ္စည်းတွေ သိမ်းပြီး ပြန်ကြရအောင်”

“ပင်ပန်းသွားပါပြီ ဆရာ”

ကလေးတွေက အရိုအသေပေး နှုတ်ဆက်ပြီးတာနဲ့ ကိုယ်လက်တွေကို အညောင်းဆန့်ကြတော့တာပေါ့။

“ဟန်မာရူး”

မာရူးက သူမနဲ့အတူ ပြန်ဖို့ ပြင်နေတုန်းမှာပဲ အခေါ်ခံလိုက်ရလို့ လှည့်ကြည့်လိုက်မိတယ်။ ဂန်ဟွမ်က လက်ဟန်ခြေဟန်နဲ့ ခေါ်နေတာ။ ဘာကိစ္စပါလိမ့်။

“ဒီနေ့ အချိန်ရတယ် မဟုတ်လား”

“ဟင် ဘာလို့ မေးတာလဲ”

“မမေးနဲ့ဦး၊ ချိန်းထားတာ ရှိလား”

“မရှိပါဘူး၊ ဘယ်သူနဲ့မှ မချိန်းထားဘူး”

“အဲဒါဆိုရင်တော့ တော်သေးတာပေါ့”

ဂန်ဟွမ်က ဖုန်းကို ထုတ်ပြီး တစ်နေရာရာကို ဖုန်းဆက်လိုက်တယ်။ ဖုန်းထဲက အသံကို နားထောင်ရင်း သူ့မျက်နှာက တောက်ပသွားတာပဲ။ သူ ပထမဆုံး ပြောလိုက်တဲ့ စကားက “စီနီယာ ဂျွန်မင်း” တဲ့။

“ဆရာ”

“စီနီယာ၊ ကျွန်တော် မာရူးနဲ့ အခုပဲ လာခဲ့မယ်။ ဟုတ်ကဲ့၊ ဟုတ်ကဲ့။ ဆရာ့အိမ်ရှေ့မှာပဲ တွေ့ကြတာပေါ့။ အခုပဲ လာခဲ့ပါ့မယ်”

ဂန်ဟွမ်က ဖုန်းချလိုက်ပြီး တံခါးဆီကို လျှောက်သွားတယ်။

“ဘာကိစ္စလဲဗျ”

“တို့တွေ တစ်နေရာကို အတူတူ သွားရမယ်”

“ဘယ်ကိုလဲ”

“ငါ အမြဲ အရိုအသေပေးရတဲ့ ဆရာတစ်ယောက်ရဲ့ အိမ်ကို”

“ဗျာ”

“အဲဒီဆရာက မင်းကို တွေ့ချင်လို့တဲ့။ မင်းကတော့ကွာ၊ တော်တော်လေး နာမည်ကြီးနေတာပဲ။ မင်းက ငယ်သေးတော့ မသိလောက်ပေမဲ့ သူက ယွန်းမွန်ဂျောင် ဆိုတဲ့သူလေ”

“ဪ... အဲဒီအဘိုးကြီးလား”

“မင်း သူ့ကို သိလို့လား”

“ဟုတ်ကဲ့၊ ကလေးထိန်းကျောင်းမှာ စေတနာ့ဝန်ထမ်း သွားလုပ်တုန်းက မတော်တဆ ဆုံဖူးတာ”

“အော်... အဲလိုလား၊ အဲဒါကြောင့် သူက မင်းကို သိနေတာကိုး။ ဘာပဲဖြစ်ဖြစ်၊ သွားကြစို့”

“အခုချက်ချင်းကြီးလား”

“အင်း၊ အခုပဲ။ စကားတွေ အများကြီး ပြောမနေနဲ့တော့၊ လိုက်ခဲ့”

မာရူးက သူ့မျက်ခုံးကို ကုပ်လိုက်မိတယ်။ တခြား အစီအစဉ် ရှိနေလို့တော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ တစ်ခါပဲ ဆုံဖူးတဲ့သူရဲ့ အိမ်ကို သွားရမှာဆိုတော့ နည်းနည်းတော့ နေရခက်တာပေါ့။ ဒါ့အပြင် ဂန်ဟွမ်ကတောင် ဆရာလို့ ခေါ်ရတဲ့သူဆိုတော့လေ။ ကြည့်ရတာ ဆရာ ဂျွန်မင်း ပါ လိုက်လာမယ့်ပုံပဲ။

‘သူက အရင်တုန်းက တော်တော်လေး နာမည်ကြီးခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်လေ’

မနေ့က ဂေဟာမှူးပြောခဲ့တဲ့ စကားကို မာရူး သတိရလိုက်မိတယ်။ ကြည့်ရတာတော့ အဲဒီအတိုင်း ဖြစ်မှာပါ။

“ကျွန်တော့်ကို ခဏလောက် အချိန်ပေးပါဦး”

မာရူးက အပြင်ကို ထွက်လာပြီး ဘတ်စ်ကားဂိတ်ဘက်ကို လှမ်းကြည့်လိုက်တယ်။ သူမက ဟိုကြည့်ဒီကြည့်နဲ့ အဲဒီမှာ ရပ်နေတုန်းပဲ၊ သူ့အိမ်ဘက်ကို သွားမယ့် ဘတ်စ်ကား ရောက်လာတာတောင် မစီးဘဲ စောင့်နေတာ။

မေ့သွားတာပဲ။

အတူတူ ပြန်ကြမယ်လို့ သူ ကတိပေးထားခဲ့တာလေ။ မာရူး စိတ်မကောင်းဖြစ်သွားပြီး သူမဆီကို အပြေးသွားလိုက်တယ်။

“ဘယ်တွေ သွားနေတာလဲ၊ ဘတ်စ်ကားတောင် ထွက်သွားပြီ”

“ဆောရီး၊ ငါ ချိန်းထားတာ ရှိလို့”

“ချိန်းထားတာ ဟုတ်လား”

မာရူးက အနက်ရောင်ကားဆီ လျှောက်သွားနေတဲ့ ဂန်ဟွမ်ကို ညွှန်ပြလိုက်တယ်။

“ဆရာနဲ့လား”

“အင်း၊ သူက တစ်နေရာကို အခုချက်ချင်း ခေါ်သွားချင်လို့တဲ့”

“အော်... အဲလိုဆိုရင်လည်း စောစောက ပြောရမှာပေါ့”

သူမက နှုတ်ခမ်းလေး ဆူသွားတာပေါ့။

“ဆောရီးပါ”

“အတူတူ ပြန်မယ်ဆိုပြီးတော့။ ထားပါတော့၊ ကိစ္စမရှိပါဘူး။ အရင်ကလည်း အမြဲတမ်း အတူတူ ပြန်ဖြစ်တာမှ မဟုတ်တာ။ သွားလေ”

တကယ့်ကို နေရခက်စရာကြီးပဲ။ ဒီအတိုင်းသာ လှည့်ထွက်သွားရင် နောက်မှ သူမရဲ့ ပွစိပွစိ ပြောတာကို ခံရမှာ သေချာနေတာကိုး။ သူ့ရဲ့ အတွေ့အကြုံတွေအရ သိနေတာလေ။ ဘယ်လိုလုပ်ရမလဲ။

“လိုက်ခဲ့”

“ဟင်”

မာရူးက သူမရဲ့ လက်ကို ဆွဲပြီး ဂန်ဟွမ်ရဲ့ ကားဆီကို လျှောက်သွားလိုက်တယ်။ ဂန်ဟွမ်က လှည့်ကြည့်ရင်း မျက်လုံးတွေ ပြူးသွားတာပေါ့။

“ဟင်”

“ဆရာ”

“အေး... အင်း”

“တောင်းဆိုစရာလေး တစ်ခု ရှိလို့ပါ”

“ရည်းစားမရှိတဲ့လူတွေကတော့ တစ်ယောက်တည်း နေရတာ တော်တော်လေး အထီးကျန်မှာပဲ”

“အဲလိုကြီး မလုပ်ပါနဲ့၊ ဒီအချိန်ကြီး မိန်းကလေးတစ်ယောက်တည်း ပြန်ခိုင်းဖို့က နောက်ကျနေပြီလေ။ ကျွန်တော်က သူမကို အိမ်အထိ လိုက်ပို့ပေးမလို့ပဲ၊ ဒါပေမဲ့ ချိန်းထားတာ ရှိနေတော့ ဘာမှ လုပ်လို့ မရတော့လို့ပါ”

“အေးပါ၊ အေးပါ၊ မင်းကတော့ အကောင်းဆုံးပဲ”

သူတို့က မြောင်ဒုံ ကနေ ဆူဝမ် ကို သွားပြီးတဲ့နောက် အခုတော့ ဆိုးလ် ကို ပြန်လာနေကြတာပေါ့။ ည ၁၀ နာရီနီးပါး ရှိနေပြီ။ ဂန်ဟွမ်က အမြန်လမ်းပေါ် ရောက်တာနဲ့ ကားကို အရှိန်မြှင့်လိုက်တယ်။

“ဒီအသက်အရွယ်ကြီး ရောက်မှ ကလေးတစ်ယောက်အတွက် ဒရိုင်ဘာ လာလုပ်ပေးနေရတာကတော့ တကယ့်ကို စိတ်မကောင်းစရာပဲ”

“နောက်ကျရင် ကျွန်တော် ဆရာ့ကို မိန်းကလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးပါ့မယ်”

“ဘာ တကယ်လား”

“ဖြစ်နိုင်ရင်ပေါ့”

“မင်းကို ငါ ယုံလိုက်ပြီနော်”

ဂန်ဟွမ်ရဲ့ စိတ်အခြေအနေက ချက်ချင်းကြီး ၁၈၀ ဒီဂရီ ပြောင်းသွားတာပဲ။ မာရူးကတော့ ဂန်ဟွမ် ဒီလိုလုပ်နေတာက အထီးကျန်လို့ မဟုတ်ဘဲ အကျင့်တစ်ခုလို ဖြစ်နေတာမှန်း သိတာပေါ့။ ဂန်ဟွမ်က သရုပ်ဆောင်ခြင်းကိုပဲ အမြဲ ဦးစားပေးလေ့ရှိပြီး အချစ်ရေးအတွက် တကူးတက ကြိုးစားတာမျိုး တစ်ခါမှ မမြင်ဖူးဘူးလေ။ ဒါကြောင့်လည်း တကယ်သာ မိန်းကလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးရင် ဂန်ဟွမ် ဘယ်လို တုံ့ပြန်မလဲဆိုတာကို မာရူး သိချင်နေမိတာ။

“ဘာပဲဖြစ်ဖြစ်၊ တော်တော်လေးတော့ နောက်ကျနေပြီ၊ အဆင်ပြေပါ့မလား။ ဆရာကတော့ နောက်မှ တွေ့လည်း ရတယ်လို့ ပြောတာပဲ”

“သံပူတုန်း ရိုက်ရမှာလေ။ အခြေအနေကလည်း ဒီလိုဖြစ်နေပြီဆိုတော့ သွားလိုက်တာပဲ ကောင်းပါတယ်”

“ကျောင်းကရော ဘယ်လိုလုပ်မလဲ”

“ဆရာပဲ ကူညီပေးပါဦး”

“... ”

“ကျွန်တော် ဒီည အိမ်ပြန်မလာဖြစ်ဘူးဆိုတာ အမေ့ကို အကြောင်းကြားထားပြီးသားပါ”

“မင်းကတော့ မင်းရဲ့ဆရာကို နည်းနည်းလောက်တော့ လေးစားဦးမှ။ ငါ အခုပဲ ပြောထားလိုက်မယ်၊ ငါက မင်းရဲ့ ဒရိုင်ဘာ မဟုတ်ဘူးနော်”

“သိပါတယ်၊ ဒါပေမဲ့ ဆရာက ကျွန်တော့်ကို ကျောင်းအထိ လိုက်ပို့ပေးမှာကို ကျွန်တော် ယုံကြည်ပါတယ်။ ဆူဝမ် ကနေ ဆိုးလ် က တော်တော်ဝေးတာ ဆရာလည်း သိတာပဲ။ ဒီည အဘိုးကြီးအိမ်မှာပဲ အိပ်ပြီးမှ မနက်ကျမှ ပြန်ဆင်းလာတော့မယ်”

“မင်းကတော့ တကယ့်ကို မျက်နှာပြောင်တာပဲ၊ ပထမဆုံးအကြိမ် သွားလည်တဲ့လူရဲ့ အိမ်မှာ အိပ်မယ်လို့ ပြောရဲတယ်ပေါ့”

“အခြေအနေအရလေ၊ ပြီးတော့ ခွင့်ပြုချက်လည်း ရထားပြီးသား”

“ဘာ ဘယ်တုန်းကလဲ”

“စောစောက ဖုန်းပြောတုန်းကလေ။ ခရီးက အရမ်းဝေးနေလို့ တစ်ညလောက် အိပ်လို့ ရမလားလို့ မေးလိုက်တာ”

“အကွက်စေ့တဲ့ ကလေးပဲ”

“ချီးကျူးတယ်လို့ပဲ မှတ်ယူလိုက်ပါ့မယ်”

ဂန်ဟွမ်က လျှာတစ်ချက်သပ်ပြီး ကားကို ကွေ့လိုက်တယ်။

ဂန်ဟွမ်က အိမ်တစ်အိမ်ရှေ့မှာ ကားကို ရပ်ပြီး အင်ဂျင်သတ်လိုက်တယ်။ အိမ်ကို စီးမိုးထားတဲ့ ဝင်းထဲမှာ ထင်းရှူးပင်ကြီး တစ်ပင် ရှိပြီး အဲဒီအရှေ့မှာတော့ ကုလားထိုင်အဟောင်းလေး တစ်လုံး ရှိတာပေါ့။ အိမ်ထဲကို သွားတဲ့ လမ်းလေးကတော့ ကျောက်ခဲလေးတွေ ခင်းထားတာ။ ကြည့်ရတာ သပ်သပ်ရပ်ရပ် ရှိလှတာထက် ပိုပြီးတော့ နွေးထွေးတဲ့ ခံစားချက်မျိုး ပေးတယ်။ နံရံမှာ တပ်ထားတဲ့ သံတံခါးက နည်းနည်းလေး ဟနေတာ။ ဂန်ဟွမ်က လူခေါ်ဘဲလ်ကို ဘယ်လောက်ပဲ ရှာရှာ မတွေ့တာနဲ့ တံခါးအပြင်ကနေပဲ ဖုန်းလှမ်းဆက်လိုက်ရတယ်။

“ဟုတ်ကဲ့ စီနီယာ၊ ကျွန်တော် ရောက်ပါပြီ။ အော်... အထဲကိုပဲ ဝင်လာခဲ့ရမှာလား။ ဟုတ်ကဲ့၊ ရပါပြီ”

ခွင့်ပြုချက် ရပြီဆိုတော့ မာရူးက အထဲကို ခြေတစ်လှမ်း လှမ်းလိုက်တယ်။ ကျောက်ခဲလေးတွေကို နင်းတဲ့အသံနဲ့အတူ အိမ်ထဲကနေ ခွေးဟောင်သံ သဲ့သဲ့လေး ကြားလိုက်ရတယ်။ မွှေးကြိုင်နေတဲ့ အနံ့လေးကလည်း လွင့်ပျံ့လာတာပဲ။

“အမဲသားနဲ့ ထင်းရှူးမှိုပေါ့။ ထင်ထားတဲ့အတိုင်းပဲ၊ အမဲသားဆိုရင် ထင်းရှူးမှိုနဲ့မှ အလိုက်ဖက်ဆုံးပဲ”

ဂန်ဟွမ်က တေးသံလေး တညည်းညည်းနဲ့ အိမ်တံခါးကို ဖွင့်လိုက်တယ်။ မာရူးကတော့ အထဲမဝင်ခင်မှာ ဝင်းထဲမှာ တစ်လုံးတည်း ရှိနေတဲ့ ကုလားထိုင်အဟောင်းလေးကို တစ်ချက် ထပ်ကြည့်လိုက်မိသေးတယ်။ အထဲရောက်တာနဲ့ အမဲသားနံ့နဲ့ ထင်းရှူးမှိုနံ့က တစ်အိမ်လုံးမှာ သင်းပျံ့နေတာပဲ။

“ဆရာ”

“ဧည့်သည်တွေ ရောက်လာပြီပဲ”

မွန်ဂျောင် နဲ့ ဂျွန်မင်း က ကြမ်းပြင်ပေါ်မှာ ထိုင်နေကြတာ။ ကောင်းကောင်းမွန်မွန်ရှိတဲ့ ဆိုဖာကို ထားပြီး ဘာလို့ ကြမ်းပြင်ပေါ်မှာ ထိုင်နေကြတာပါလိမ့်လို့ သူ တွေးမိပေမဲ့ သူတို့အရှေ့မှာ မီးဖိုလေးကို ထွန်းထားတာကြောင့်မှန်း သိလိုက်ရတယ်။ မီးဖိုလေးပေါ်မှာ အမဲသားနဲ့ မှိုတွေကို ကင်နေကြတာကိုး။

“မင်္ဂလာပါ”

မာရူးက ဆရာနှစ်ယောက်လုံးကို အရိုအသေပေး နှုတ်ဆက်လိုက်တယ်။

“လာကြလေ၊ အားနာစရာ တောင်းဆိုမှုမျိုး ဖြစ်သွားပေမဲ့ လက်ခံပေးလို့ ကျေးဇူးတင်ပါတယ်။ လာထိုင်ကြ၊ စားပြီးမှ စကားပြောကြတာပေါ့”

“ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ဆရာပြောသလိုပဲ အရင်စားကြတာပေါ့”

မာရူးက လက်ဆောင်အဖြစ် ယူလာတဲ့ အဖျော်ယမကာဘူးတွေကို အဝင်ဝနားမှာ ချထားလိုက်တယ်။

“လက်ဗလာနဲ့ လာတာလား”

“ဟားဟား ဆရာကလည်း။ ကျွန်တော်ကိုယ်တိုင်က လက်ဆောင်ပဲလေ၊ တစ်နှစ်လောက်မှ မတွေ့ရတာကို ဆရာကလည်း တော်တော်လေး စေးတာပဲ”

“တောက်... သူ့ကို ကြည့်ရတာ ကြည့်မရအောင်ကို ဖြစ်နေတာပဲ”

မွန်ဂျောင် နဲ့ ဂန်ဟွမ် တို့ရဲ့ ရင်းနှီးမှုကို ကြည့်ရတာ တော်တော်လေးကို အဆင်ပြေနေတဲ့ပုံပဲ။ မာရူးက ပြုံးပြီး ဝင်ထိုင်လိုက်တယ်။

“မာရူး”

“ဟုတ်ကဲ့”

“မင်း ထင်းရှူးမှို ကြိုက်လား”

“ဟုတ်ကဲ့ ကြိုက်ပါတယ်၊ မရှိလို့ မစားရတာပါ”

“ဟားဟား၊ အဲဒါဆိုရင်တော့ တော်သေးတာပေါ့” မွန်ဂျောင်က အားရပါးရ ရယ်လိုက်တယ်။ သူ့မျက်နှာက နီမြန်းနေတာကို ကြည့်ရတာ တစ်ခွက်နှစ်ခွက်လောက်တော့ သောက်ထားကြပြီထင်တယ်။ အဲဒါကို သက်သေပြနေသလိုပဲ၊ မှိုသေတ္တာဘေးမှာ 'အန်ဒုန်း အရက်' လို့ ရေးထားတဲ့ မြေအိုးဘူးလေး တစ်လုံး ရှိနေတာပေါ့။

“ဟေ့၊ ဒီနားလာပြီး အသားတွေကို လှန်ပေးစမ်း”

“ဟုတ်ကဲ့ပါ ဆရာ” ဂန်ဟွမ်က ပျော်ပျော်ရွှင်ရွှင်ပဲ ပြန်ထူးလိုက်တယ်။

“တို့တွေ အပြင်ထွက်ပြီး လေညင်း ခံလိုက်ဦးမယ်” ဂျွန်မင်းက မူးနေတဲ့ ဂန်ဟွမ်ကို အပြင်ကို ခေါ်သွားတယ်။ အပြင်မှာ အေးနေလို့ ဂန်ဟွမ်က အထဲမှာပဲ နေချင်ပေမဲ့ ဂျွန်မင်းက အတင်းခေါ်ထုတ်သွားတာ။

“မင်း အရက်သောက်တာကို ဘယ်သူ့ဆီက သင်ခဲ့တာလဲ”

“ကျွန်တော့်အဖေ သင်ပေးတာပါ”

“ကောင်းတယ်၊ ပထမဆုံးအကြိမ် သောက်တာကို လူကြီးတစ်ယောက်နဲ့ စတင်တာက အလေ့အကျင့်ကောင်းပဲ။ ပထမဆုံးအကြိမ်မှာ အမှားလုပ်မိရင် အရက်ရဲ့ တကယ့်အရသာကို သိမှာ မဟုတ်ဘူး”

မာရူးက ဒူးထောက်ထိုင်လိုက်ပြီး သူ့ခွက်ကို ကမ်းပေးလိုက်တယ်။ ဒါက တတိယမြောက် ခွက်ပေါ့။

“ဒါက နောက်ဆုံးတစ်ခွက်ပဲနော်”

“ကျေးဇူးတင်ပါတယ်”

အရက်က စီးကျလာပြီး ခွက်ထဲမှာ ဝိုင်းသွားတာပေါ့။ အခုကတော့ မာရူးရဲ့ အလှည့်၊ သူက မြေအိုးဘူးကို ယူပြီး မွန်ဂျောင် ရဲ့ ခွက်ထဲကို ထည့်ပေးလိုက်တယ်။

“အတင်းကြီး သောက်နေဖို့ မလိုဘူးနော်”

“ဒါက တန်ဖိုးရှိတဲ့ အဖျော်ယမကာပဲ၊ မဖြုန်းတီးချင်ပါဘူး”

“ဟင်း ဟင်း... ဒီကလေးတော့”

လူနှစ်ယောက်က တိတ်တိတ်ဆိတ်ဆိတ်ပဲ ခွက်တွေကို အကုန်သောက်လိုက်ကြတယ်။ မာရူးက အမဲသားနဲ့ မှိုတချို့ကို မီးဖိုပေါ် ထပ်တင်လိုက်တယ်။

“မင်း ဘာဖြစ်လို့ သရုပ်ဆောင်စလုပ်တာလဲ”

မာရူး ခဏလောက် စဉ်းစားပြီးမှ အမှန်အတိုင်းပဲ ပြောလိုက်တယ်။

“ကျွန်တော် သဘောကျလို့ သရုပ်ဆောင်နေတာ မဟုတ်ပါဘူး။ ပိုက်ဆံရှာချင်လို့ လုပ်နေတာပါ”

“ပိုက်ဆံရှာဖို့ ဟုတ်လား... ကောင်းတယ်၊ အဲဒါလည်း ကောင်းတာပဲ။ ငါလည်း အဲလိုပါပဲ။ အစတုန်းကတော့ အဆိုတော် ဖြစ်ချင်ခဲ့တာ၊ ဒါပေမဲ့ ငါ့အဖေက အနုပညာရှင် လုပ်မယ်ဆိုရင် ခြေထောက်နှစ်ဖက်လုံး ရိုက်ချိုးပစ်မယ်လို့ ပြောလို့ သရုပ်ဆောင် ဖြစ်လာခဲ့တာ။ ထူးဆန်းတာက နှစ်ခုစလုံးက တခြားသူတွေကို ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုတွေ ပေးရတဲ့ အလုပ်တွေချည်းပဲ၊ ဒါပေမဲ့ တစ်ခုကတော့ ပိုပြီး အဆင့်အတန်း မြင့်သလို ဖြစ်နေတာ”

“အရင်တုန်းကတော့ အဲလိုမျိုး ဖြစ်ခဲ့တယ်လို့ ကြားဖူးပါတယ်”

“အခုတော့ အားလုံးက အဆိုတော် ဖြစ်ချင်နေကြတာပဲ။ အဲဒါက ကောင်းတဲ့အလုပ်ပါ၊ လူတွေက ဒါကို အထင်မသေးသင့်ဘူး”

မာရူးက အခြေအနေကို ကြည့်ပြီး ခွက်ထဲကို အရက် ထပ်ဖြည့်ပေးလိုက်တယ်။ မွန်ဂျောင် က တစ်ဘူးခွဲလောက်ကို တစ်ယောက်တည်း သောက်ထားတာတောင် ဘာမှမဖြစ်ဘဲ တည်ငြိမ်နေတုန်းပဲ၊ အရက်တော်တော်လေး ခံနိုင်တဲ့သူပဲ။ မာရူးက အိုးခွံတွေကို ဖယ်ရင်း တွေးနေမိတယ်။

“မင်းက မိန်းကလေးတစ်ယောက်ကို အိမ်လိုက်ပို့ချင်လို့ နောက်ကျတာလို့ ကြားတယ်”

“ဟုတ်ကဲ့၊ သူမကို တစ်ယောက်တည်း ပြန်ခိုင်းဖို့ စိတ်မချလို့ပါ။ တောင်းပန်ပါတယ်”

“မဟုတ်တာ၊ မဟုတ်တာ၊ ငါက တောင်းဆိုခဲ့တာဆိုတော့ မင်းမှာ အားနာစရာ အကြောင်းမရှိပါဘူး။ သူမက မင်းအတွက် တကယ့်ကို တန်ဖိုးရှိတဲ့ သူငယ်ချင်း ဖြစ်မှာပေါ့”

“ကျွန်တော့်ရဲ့ နှလုံးသားတစ်ခုလုံးကို ပေးထားရတဲ့သူပါ”

“ဟင်း ဟင်း... ဒီလောက် ငယ်ငယ်လေးနဲ့ အချစ်အကြောင်းတွေ ပြောနေရင် နောက်ကျရင် ခေါင်းကိုက်လိမ့်မယ်နော်”

“ကျွန်တော်လည်း အဲလိုပဲ ထင်ပါတယ်”

စကားပြောရတာ တော်တော်လေးကို နေလို့ကောင်းပါတယ်။ မျှော်လင့်ထားတဲ့အတိုင်းပဲ၊ တခြားကလေးတွေနဲ့ အဓိပ္ပာယ်မရှိ စကားပြောနေရတာထက်စာရင် ဒီလို တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေရတာက မာရူးအတွက် ပိုပြီး အဆင်ပြေတာပေါ့။ အသားကင်နေတဲ့ အသံလေးရယ်၊ မွန်ဂျောင် ရဲ့ သဲ့သဲ့လေး ရယ်မောသံရယ်၊ ပြီးတော့ ပြတင်းပေါက်ကနေ ရံဖန်ရံခါ တိုက်ခတ်လာတဲ့ လေတိုးသံလေးတွေက ဧည့်ခန်းထဲမှာ တကယ့်ကို အေးချမ်းတဲ့ ဝန်းကျင်လေးတစ်ခုကို ဖန်တီးပေးနေသလိုပဲ။

“မင်း သရုပ်ဆောင်နေတာက အဲဒီမိန်းကလေးကြောင့်လား”

“... အဲဒါက သိသာနေလို့လား”

“အဲဒီမိန်းကလေးအကြောင်း ပြောရင် မရပ်မနား ပြုံးနေတဲ့ မင်းလို ကလေးမျိုးကို ကြည့်ပြီး ငါက ဘာလို့ မသိဘဲ နေမှာလဲ။ ဒါဆို အချစ်ကြောင့်ပေါ့။ အဲဒါလည်း ကောင်းတာပါပဲ”

မွန်ဂျောင် က ကျေနပ်သလိုမျိုး ပြုံးလိုက်ပြီး မာရူးဘက်ကို လှည့်လိုက်တယ်။

“မင်းကို ပထမဆုံး တွေ့တုန်းကလည်း ငါ ခံစားမိပါတယ်၊ မင်းက တကယ့်ကို ရင့်ကျက်တာပဲ။ ဒါပေမဲ့ အဲဒီရင့်ကျက်မှုက သဘာဝကျနေလို့ ထူးဆန်းနေတာ။ မင်းအရွယ် ကလေးတွေကို ကြည့်ရင် သူတို့ ဘယ်လိုဘဝမျိုး ဖြတ်သန်းခဲ့လဲဆိုတာ ငါ အကြမ်းဖျင်း သိနိုင်တယ်၊ ဒါပေမဲ့ မင်းကျတော့ မတူဘူး”

“... ”

“ဒီည မင်းကို တွေ့ချင်ရတဲ့ အကြောင်းရင်းက ထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ မင်းအကြောင်း နည်းနည်းလောက် ပိုသိချင်လို့ပါ။ မင်းအကြောင်းလေးတွေ ပြောပြလို့ ရမလား။ ဘာပဲဖြစ်ဖြစ် ရပါတယ်။ မင်းမှာ စိုးရိမ်တာတွေ ရှိရင်လည်း ငါ့ကို ပြောပြလို့ ရတယ်နော်။ အဘိုးကြီးတစ်ယောက်ရဲ့ အတွေ့အကြုံက တစ်ခါတလေကျရင် ဆေးတစ်ခွက် ဖြစ်သွားတတ်တာမျိုးလေ”

စိုးရိမ်တာတွေ။

မာရူးက ကိုင်ထားတဲ့ တူကို ခဏ ချထားလိုက်တယ်။ ဘဝရဲ့ စီနီယာတစ်ယောက်ကို သူ စိုးရိမ်နေတဲ့ အရာတချို့အကြောင်း ပြောပြလိုက်ရင်လည်း ဘာမှ ဆိုးမှာ မဟုတ်ပါဘူးလေ။

* * * * * * * * *

အခန်း(၁၁၈)

“ဆရာ... ဆရာက ဘလက်ကော်ဖီပဲ ကြိုက်တာ မဟုတ်လား”

“ငါကတော့ အကုန်ကြိုက်ပါတယ်”

“ဒါဆိုရင်တော့ သံပုရာလက်ဖက်ရည်ပဲ ဝယ်ခဲ့မယ်နော်”

ဂန်ဟွမ်က ကုန်စုံဆိုင်ထဲ ဝင်သွားပြီး ကော်ဖီတစ်ဘူးနဲ့ သံပုရာလက်ဖက်ရည်တစ်ဘူး ဝယ်ပြီး ပြန်ထွက်လာတယ်။ သူက ကားပေါ်တက်လိုက်ပြီး ဘေးမှာထိုင်နေတဲ့ ဂျွန်မင်းဆီကို သံပုရာလက်ဖက်ရည်ဘူး လှမ်းပေးလိုက်တာပေါ့။

“တော်တော်လေး အေးတယ်နော်”

“ဆောင်းတွင်းမို့လို့ပေါ့။ နှင်းမကျတာပဲ တော်သေးတယ်လို့ ပြောရမယ်။ အခုတောင် ဒီလောက်အေးနေတာ၊ နှင်းများ ထပ်ကျရင်တော့ မလွယ်ဘူး”

“မင်းလို လူပျိုပေါက်က ဒီလောက်အေးတာလေးကို ညည်းမနေစမ်းပါနဲ့”

“စီနီယာကလည်း... ကျွန်တော်က ငယ်တယ်ဆိုပေမဲ့ အအေးဒဏ်ကို ပိုခံနိုင်ရမယ်လို့ မဆိုလိုပါဘူးဗျာ”

ဂန်ဟွမ်က ကော်ဖီကို တစ်ငုံသောက်ရင်း နာရီကို ကြည့်လိုက်တယ်။ မွန်ဂျောင်ရဲ့ အိမ်ကနေ ထွက်လာခဲ့တာ မိနစ် ၂၀ တောင် ရှိသွားပြီလေ။

“အခုပဲ ပြန်ကြတော့မလား”

“နောက်ထပ် ၁၀ မိနစ်လောက် ထပ်စောင့်ရအောင်”

ဂျွန်မင်းက လက်ပိုက်ပြီး ထိုင်ခုံကို မှီလိုက်တယ်။ တစ်ယောက်တည်းသာ ထားခဲ့ရင် အခုချက်ချင်းကြီး အိပ်ပျော်သွားမယ့်ပုံပဲ။

“အိပ်မပျော်စေနဲ့ဦးနော်”

“မအိပ်ပါဘူးဗျာ”

“ဒါနဲ့ တကယ်ကို မထင်ထားတာပဲ။ ဆရာက ဘာလို့ မာရူးနဲ့ တွေ့ချင်ရတာပါလိမ့်”

“ငါ မင်းကို မပြောရသေးဘူးလား”

“ဘာကိုလဲဗျ”

“ဆရာက အရင်တုန်းကလိုပဲ တပည့်တွေကို ပြန်ပြီး လက်ခံသင်ပေးတော့မယ့်ပုံပဲ”

ဂန်ဟွမ်က မျက်လုံးလေး ပြူးသွားတာပေါ့။

“တကယ်ကြီးလား”

“အင်း... မင်းတို့လို လူကြီးတွေကို မဟုတ်ဘဲ ပါရမီရှိတဲ့ ကလေးတစ်ယောက်ကို ရွေးပြီး သင်ပေးချင်နေတာ။ ဒီနေ့မနက်တင် ငါ ရွေးထားတဲ့သူတွေရဲ့ စာရင်းကို ပို့ပေးလိုက်သေးတယ်။ ဘာကြောင့်ရယ်တော့ မသိဘူး၊ ဆရာက မာရူးကိုပဲ ရွေးလိုက်တယ်”

“သူတို့ အရင်က ဆုံဖူးတယ်လို့ ကြားတယ်၊ အဲဒါကြောင့်များလား”

“ဆရာက မတော်တဆ ဆုံဖူးရုံလောက်နဲ့ ချိန်းတွေ့မယ့် လူမျိုး မဟုတ်ဘူးလေ”

“အဲဒါတော့ ဟုတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဆရာက မာရူးကို တော်တော်လေး သဘောကျနေပုံပဲ”

“ဘာလို့လဲဆိုတော့ သူက ပါရမီလည်းရှိ၊ ဆွဲဆောင်မှုလည်းရှိသလို စိတ်ဓာတ်လည်း ပြတ်သားတာကိုး။ အရင်တုန်းကတော့ ဘာလုပ်ရမှန်းမသိဘဲ ယောင်ချာချာ ဖြစ်နေတတ်ပေမဲ့ အခုနောက်ပိုင်းတော့ အဲဒီလိုပုံစံမျိုး မရှိတော့ဘူး။ ပြောစရာ အပြစ်ကို မရှိတော့တာပါ”

ဂန်ဟွမ်က ဆရာပြောတဲ့ အချက်တွေကို သဘောကျသလိုမျိုး ခေါင်းညိတ်လိုက်တယ်။

“စီနီယာ ကိုယ်တိုင်ရော ရွေးချယ်စေချင်တဲ့သူ ရှိလား။ စာရင်းကို စီစဉ်ပေးရတာဆိုတော့ စီနီယာ သဘောကျတဲ့သူတွေလည်း ရှိမှာပေါ့”

“ရှိမလား မသိဘူးလေ။ ငါ ကိုယ်တိုင် သင်ပေးနေရတဲ့ တပည့်တွေတောင် အများကြီးဆိုတော့ တခြားသူတွေကို အာရုံစိုက်ဖို့ မလွယ်ဘူး။ တစ်ယောက်လောက် ရွေးပါဆိုရင်တော့ မာရူးပဲ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ အဲဒါကလည်း ဖြစ်နိုင်ခြေရှိတာကိုပဲ ငါမြင်တာ၊ အာမခံချက်တော့ မဟုတ်ဘူးပေါ့”

“စီနီယာကတော့ လူတွေကို အကဲဖြတ်ရင် တကယ့်ကို တင်းကျပ်တာပဲ။ မာရူးကိုပဲ ရွေးချယ်စေချင်တယ်လို့ ပြောလိုက်ရင် ပြီးနေတာကို”

“ငါ အလုပ်လုပ်တဲ့အခါတိုင်း သတိထားမိတာတစ်ခု ရှိတယ်။ ဒီလောကမှာ အလုပ်နဲ့ ပုဂ္ဂိုလ်ရေးကို ခွဲခြားထားဖို့က တအား အရေးကြီးတယ်။ ငါ့အလုပ်က လူတွေကို စီမံခန့်ခွဲရတာလေ။ သံယောဇဉ်ကို အခြေခံပြီး လုပ်မယ်ဆိုရင်တော့ ငါ့အတွက် အရှုံးပေါ်မှာပဲ”

“အဲဒီလို လူစားမျိုးက ဝမ်သန်း ၃၀၀ တောင် လှူခဲ့တယ်ပေါ့”

“ရင်းနှီးမြှုပ်နှံမှုဆိုတာ အဲဒီလိုမျိုးပဲလေ”

“ကျွန်တော့်ကိုလည်း ရင်းနှီးမြှုပ်နှံပေးပါဦး”

“မင်း ဒီရက်ပိုင်း ပိုက်ဆံလိုနေလို့လား”

“နောက်တာပါဗျာ”

တကယ်လို့သာ သူ အတည်မေးရင် ဂျွန်မင်းက တွန့်ဆုတ်မနေဘဲ ငွေအမြောက်အမြား ထုတ်ပေးမယ်ဆိုတာ ဂန်ဟွမ် သိတာပေါ့။ ဒါပေမဲ့ ဂန်ဟွမ်က အဲဒီလို တောင်းဆိုဖို့ စိတ်ကူးမရှိပါဘူး။ သူ ပိုက်ဆံ တစ်ပြားမှ မရှိတော့ရင်တောင် တခြားသူဆီက အကူအညီ မတောင်းဘူးလို့ သူ သစ္စာဆိုထားတာလေ။ ပိုက်ဆံဆိုတာ ရှာလို့လည်း ရတယ်၊ ကုန်သွားလို့လည်း ရတယ်၊ ဒါပေမဲ့ လူတစ်ယောက်ကို ဆုံးရှုံးလိုက်ရရင်တော့ အဲဒါက အဆုံးသတ်ပဲ။ လူမှုဆက်ဆံရေးဆိုတာ ပြန်ပြီး ပြင်လို့ရတဲ့ အရာမျိုး မဟုတ်ဘူး။ အဲဒီအစား အားလုံးကို မေ့ပစ်ပြီး အစကနေ ပြန်စရုံပဲ ရှိတာပေါ့။ စာရွက်တစ်ရွက်က ဆုတ်ပြဲသွားပြီဆိုရင် ဘယ်လောက်ပဲ ပြန်ကပ်ကပ် အဲဒီ အရာက ကျန်နေဦးမှာပဲလေ။

သူ့မှာ ပိုက်ဆံ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူကတော့ ဒီဘဝအတိုင်းပဲ ရှင်သန်သွားမှာပါ။ ပိုက်ဆံကြောင့် လူမှုဆက်ဆံရေးတွေ ပျက်စီးသွားတာကို ဂန်ဟွမ် အများကြီး မြင်ဖူးခဲ့တာလေ။ သူတို့တွေဆီကနေ သင်ခန်းစာတွေလည်း အလုံအလောက် ရခဲ့ပါပြီ။

“စီနီယာ”

“ဘာလဲ”

“နောက်နှစ်မှာလည်း ကျွန်တော့်ကို စောင့်ရှောက်ပေးပါဦးနော်”

“... နောက်နှစ်လည်း ပင်ပန်းရဦးမယ့်ပုံပဲ”

* * * * * * * * *

မာရူးက ဒူးထောက်ပြီး ထိုင်လိုက်တယ်။

“ကျွန်တော်က စကားပြော သိပ်မတော်တော့ ဆိုလိုချင်တဲ့ အဓိပ္ပာယ်ကို သေသေချာချာ ပေါက်အောင် ပြောပြနိုင်မလားတော့ မသိဘူး၊ ဒါပေမဲ့...”

မာရူးက စကားကို ခေတ္တရပ်ပြီး အတွေးတွေကို ပြန်စီစဉ်လိုက်တယ်။ စကားမပြောခင်မှာ အရာရာကို အနည်းဆုံး နှစ်ခါလောက် ပြန်သုံးသပ်ရမှာကိုး။ အတွေးတွေကို အတည်ပြုပြီးတဲ့နောက်မှာတော့ သူ ပါးစပ်ဖွင့်ပြီး ပြောလိုက်တယ်။

“ဒါက နည်းနည်းတော့ ကြောင်တောင်တောင် ဖြစ်နေလိမ့်မယ်၊ ဒါပေမဲ့... ကျွန်တော် အိပ်မက်တစ်ခု မြင်ခဲ့တယ်”

“အိပ်မက် ဟုတ်လား”

“ဟုတ်ကဲ့၊ အဲဒါက တကယ့်ကို ထင်ထင်ရှားရှား မြင်ခဲ့တဲ့ အိပ်မက်ပါ။ ကျွန်တော် ကြီးပြင်းလာတယ်၊ အိမ်ထောင်ကျတယ်၊ ပြီးတော့ သာမန်ဘဝလေးတစ်ခုနဲ့ နေထိုင်ရင်း နောက်ဆုံးတော့ သေဆုံးသွားခဲ့တယ်”

“ဟင်း...”

“အဲဒီအိပ်မက်က ဘယ်လောက်တောင် ရှင်းလင်းနေသလဲဆိုရင် အိပ်မက်လို့တောင် ယုံရခက်တယ်ဗျ။ အဲဒီအိပ်မက် မြင်ပြီးကတည်းက ကျွန်တော့်ဘဝရဲ့ လမ်းကြောင်းက ပြောင်းလဲသွားခဲ့တာ။ မနေ့က ဆရာ ပြောခဲ့သလို ကျွန်တော်က လူကြီးဆန်နေတယ်ဆိုတာ အဲဒီအိပ်မက်ကြောင့်လည်း ပါတာပေါ့။ အဲဒီအိပ်မက်ထဲမှာ ကျွန်တော်က အသက် ၄၅ နှစ် ရှိပြီဖြစ်တဲ့ အိမ်ထောင်ဦးစီး တစ်ယောက်လေ”

မာရူးက တချို့ အချက်တွေကို လိမ်ပြောရင်း တတ်နိုင်သလောက် အမှန်အတိုင်း ပြောပြနေတာပေါ့။ သူ စကားပြောနေရင်းနဲ့ ရင်ထဲမှာ တစ်မျိုးကြီး ဖြစ်လာတယ်။ သူ သေဆုံးခဲ့တာတွေ၊ ပြီးတော့ အဲဒီဘဝမှာ ထားခဲ့ရတဲ့ မိသားစုအကြောင်းတွေကို ပြန်စဉ်းစားမိတိုင်း သူ ဘယ်တော့မှ နေသားမကျနိုင်ခဲ့ဘူး။

“မင်းရဲ့ အမူအရာကို ကြည့်တာနဲ့ မင်း တကယ်ပြောနေတာမှန်း ငါသိပါတယ်။ ဆက်ပြောပါဦး၊ ကျန်တာလေးတွေလည်း နားထောင်ချင်သေးတယ်”

မွန်ဂျောင်ရဲ့ မျက်လုံးတွေက တည်ငြိမ်သွားတယ်၊ မာရူးလည်း ဆရာ့ရဲ့ အမူအရာကို ကြည့်ပြီး သူ့ဇာတ်လမ်းကို ပိုပြီး ဂရုတစိုက် ပြောပြလိုက်တာပေါ့။

“အဲဒီအိပ်မက်ထဲမှာ ကျွန်တော့်မှာ ဇနီးသည်နဲ့ သားသမီးတွေ ရှိတယ်။ ပြီးတော့... ကျွန်တော်က မတော်တဆမှုတစ်ခုနဲ့ သေဆုံးသွားခဲ့တယ်။ နိုးလာတဲ့အခါမှာတော့ အတွေးတွေ အများကြီး ဝင်လာတာပေါ့။ ငါ ဒီလိုမျိုးပဲ ရည်မှန်းချက် မရှိဘဲ ဆက်နေသွားလို့ ဖြစ်ပါ့မလားလို့ တွေးမိခဲ့တယ်။ အဲဒီအချိန်ကစပြီး ကျွန်တော့်ရဲ့ စိတ်နေစိတ်ထားတွေ ပြောင်းလဲသွားခဲ့တာ။ ကျွန်တော် ချစ်တဲ့သူတွေအတွက် အကောင်းဆုံး ကြိုးစားမယ်၊ ပြီးတော့ ကျွန်တော့်ရဲ့ အနာဂတ်အတွက် ပြင်ဆင်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီ အိပ်မက်တစ်ခုက ကျွန်တော့်အပေါ် သက်ရောက်မှု တအား ကြီးခဲ့တာပါ”

“အဲဒါကြောင့်ပဲ မင်းက သရုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တာပေါ့”

“ဟုတ်ပါတယ်”

“ဂျွန်မင်းဆီက ကြားတယ်၊ မင်းက ဝမ်သန်း ၃၀၀ လိုချင်တယ်ဆို”

“ဟုတ်ကဲ့”

“မင်းက ချမ်းသာချင်ရုံ သက်သက်လို့ ငါ ထင်ထားတာ၊ ဒါပေမဲ့ အဲဒီလို မဟုတ်ဘူးပဲ။ အဲဒီ သန်း ၃၀၀ ဆိုတာက မင်းရဲ့ အနာဂတ်အတွက် အာမခံချက် တစ်ခုလိုမျိုးပေါ့”

“တခြားသူတွေသာ ကျွန်တော့် တောင်းဆိုမှုကို ကြားရင် လှောင်ကြမှာပါ။ ဘာပဲဖြစ်ဖြစ် အထက်တန်းကျောင်းသား တစ်ယောက်က ဝမ်သန်း ၃၀၀ တောင်းနေတာကိုး။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ တစ်ခုခုကို သေသေချာချာ အာမခံချက် ရှိထားဖို့ လိုအပ်နေတာပါ”

“မင်းက ကြောက်စိတ်တွေ အများကြီး ရှိနေတာပဲ”

“ဟုတ်ကဲ့”

“မင်း တကယ်သာ အဲဒီလိုမျိုး ကြုံခဲ့ရတယ်ဆိုရင် ကြောက်နေတာက သဘာဝပါပဲ။ သားသမီးရဲ့ ဝန်ထုပ်ဝန်ပိုးကို ပခုံးပေါ် ထမ်းထားရတဲ့ ယောင်္ကျားတစ်ယောက်ကတော့ ကြောက်နေရမှာပဲလေ။ ငါလည်း အဲဒီလိုပဲ ဖြစ်ခဲ့ဖူးတာပေါ့”

နောင်တစ်ချိန်မှာ ရလာမယ့် သမီးလေးအကြောင်းကို တွေးမိရုံနဲ့တင် သူ စိတ်ပူလာတယ်။ မျက်နှာတောင် မမြင်ရသေးတဲ့ အဲဒီကလေးအတွက် အရာအားလုံးကို ပြင်ဆင်ပေးထားချင်တယ်၊ အဲဒါကြောင့်လည်း သူ့မှာ ပိုက်ဆံ လိုအပ်နေတာပေါ့။

“မင်းက အိမ်ထောင်ဦးစီး တစ်ယောက်ဖြစ်နေရင်တော့ ပိုက်ဆံအပေါ် လောဘတက်လာတာက မတတ်နိုင်ဘူးလေ။ ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ ပျော်ရွှင်နိုင်ဖို့အတွက် ပိုက်ဆံဆိုတာ လိုအပ်နေတာကိုး”

မွန်ဂျောင်က သူ့ခွက်ထဲက အရက်ကို ကုန်အောင်သောက်ပြီး ခွက်ကို ဘေးမှာ ချထားလိုက်တယ်။

“ကောင်းပြီ၊ မင်း ကြောက်စိတ်ကြောင့် ပိုက်ဆံတောင်းခဲ့တာကို ငါ နားလည်သွားပြီ။ ဒါပေမဲ့ ဒါကို ပြဿနာလို့တော့ ခေါ်လို့ မရဘူးလေ။ မင်းမှာ တခြား စိုးရိမ်တာတွေ ရှိသေးတယ်လို့ ပြောခဲ့တယ် မဟုတ်လား”

“ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ကြည့်တဲ့ အခါမှာ အတွေးတွေ ရှုပ်ထွေးလာလို့ပါ။ သရုပ်ဆောင်ဖို့ ရွေးချယ်ခဲ့တာနဲ့ ပိုက်ဆံတောင်းခဲ့တာတွေအထိကတော့ အဆင်ပြေပါသေးတယ်။ ပြဿနာက သရုပ်ဆောင်ခြင်းအပေါ်မှာ ကျွန်တော့်ရဲ့ စိတ်ဝင်စားမှုက ပိုပြီး ကြီးထွားလာနေတာပါပဲ”

“စိတ်ဝင်စားတာက ပြဿနာ ဖြစ်နေလို့လား”

“ဟုတ်ကဲ့၊ အာရုံစိုက်မှု ပိုကောင်းလာစေရုံလောက်ပဲ စိတ်ဝင်စားတာဆိုရင်တော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ ပြဿနာက အဲဒီ စိတ်ဝင်စားမှုက ရပ်တန့်မသွားဘဲ ပိုပိုပြီး တိုးလာနေတာဗျ။ အစတုန်းကတော့ သုံးနှစ်လောက် လေ့ကျင့်ပြီး သရုပ်ဆောင်ကြည့်မယ်လို့ပဲ စီစဉ်ထားတာ။ တကယ်လို့ အဲဒီ သုံးနှစ်အတွင်းမှာ အရည်အချင်း မပြည့်မီဘူးဆိုရင်တော့ လက်လျှော့ပြီး အရင်က စီစဉ်ထားတဲ့အတိုင်း ပြန်သွားမယ်လို့ တွေးခဲ့တာပေါ့။ ဒါဆိုရင် သုံးနှစ်အတွင်းမှာ ဝမ်သန်း ၃၀၀ ရတာဆိုတော့ မဆိုးတဲ့ ကိစ္စပဲလေ”

“ဒါပေမဲ့ အခု မင်း စိုးရိမ်နေတာက သုံးနှစ်ကျော်သွားရင်တောင် သရုပ်ဆောင်ခြင်းအပေါ် သံယောဇဉ် ဖြတ်လို့ မရမှာကိုလား”

မာရူးက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်တယ်။ အဲဒါက ရိုးရှင်းပေမဲ့ အင်မတန် အရေးကြီးတဲ့ ပြဿနာတစ်ခုပေါ့။ အသက် ၄၀ ဆိုတာက ဘယ်လို မြှူဆွယ်မှုမျိုးကိုမဆို ကြံ့ကြံ့ခံနိုင်ရမယ့် အရွယ်လေ။ သူက အဲဒီအရွယ်ကို သေသေချာချာ ဖြတ်သန်းခဲ့ပြီးသား။ အဲဒီတုန်းကတော့ သူ အရာအားလုံးကို စွန့်လွှတ်ပြီး ဇနီးသည်နဲ့ သမီးလေးအတွက်ပဲ နေထိုင်ခဲ့တာပေါ့။ ဝါသနာတွေအတွက် အချိန်ပေးတာကို လျှော့ချပြီး သမီးလေးရဲ့ နာမည်နဲ့ ဘဏ်စာရင်းထဲကို ပိုက်ဆံတွေပဲ ထည့်ပေးခဲ့တာလေ။ အဲဒါကမှ ရှင်သန်ဖို့အတွက် ယုတ္တိအရှိဆုံး နည်းလမ်းလို့ သူ တွေးခဲ့တာကိုး။

ဒါပေမဲ့ အခု မာရူးရဲ့ ကိုယ်ထဲမှာ ရှိနေတဲ့ သွေးသားတွေက သူ့ကို ခဏခဏ မြှူဆွယ်နေတာ။ ပါရမီ မရှိဘူးလို့ အပြောခံရရင်တောင်မှ သရုပ်ဆောင်ဖို့ ဆက်ပြီး ကြိုးစားနေမယ့် သူ့ရဲ့ ပုံရိပ်ကို သူ မြင်နေရတယ်။

အခုကြည့်ရတာ အဲဒီအနာဂတ်က တကယ့်ကို ချိုမြိန်နေသလိုပဲ။ စိတ်ဓာတ်တွေ၊ အိပ်မက်တွေနဲ့အတူ သူ့ရဲ့ အကန့်အသတ်တွေကို စိန်ခေါ်နေတဲ့ သူ့ကိုယ်သူ မြင်နေရတာကိုး။ အသက် ၂၀ အရွယ်ဆိုတာ တကယ့်ကို တောက်ပနေတဲ့ အချိန်လေ။ တကယ်လို့ သူသာ အနာဂတ်ကို မသိခဲ့ရင်တော့ အဲဒီလို ဘဝမျိုးနဲ့ပဲ ရှင်သန်နေမိမှာပေါ့။

ဒါပေမဲ့ ပြဿနာက သူ သိနေတာပဲ။

သူ သိသွားပြီ။

သူ သိလိုက်ရပြီ။

အလုပ်အကိုင် ဈေးကွက်က ဆက်ပြီး အေးခဲနေဦးမှာပဲ။ အလုပ်ရဖို့သာ လွယ်ကူခဲ့ရင် သူ ဘတ်စ်ကား ဒရိုင်ဘာ ဖြစ်လာစရာ အကြောင်းမရှိဘူးလေ။ အဲဒီတုန်းက ပတ်ဝန်းကျင် အခြေအနေကို သူ ဝေဝေဝါးဝါး မှတ်မိနေသေးတယ်။ အလုပ်လက်မဲ့နှုန်းက လုံးဝ လျော့ကျသွားမှာ မဟုတ်ဘူး၊ ပိုတောင် တိုးလာဦးမှာ။

ဝမ်သန်း ၃၀၀ သာ ရှိရင်တော့ တစ်ခုခု ကြိုးစားကြည့်လို့ ရမှာပေါ့။

သရုပ်ဆောင်ဖို့ မသင့်တော်ဘူးလို့ အပြောခံရပြီးရင် လက်လျှော့လိုက်မယ်ဆိုရင်တော့ ဘာမဆို ဖြစ်နိုင်တာပေါ့။

သူသာ လက်လျှော့နိုင်မယ်ဆိုရင်ပေါ့။

“ကျွန်တော် ချစ်ရတဲ့ မိန်းကလေးကိုလည်း ဆုံးရှုံးမခံနိုင်သလို၊ သူမကိုလည်း ဒုက္ခမပေးချင်ဘူး။ ဒါက စောလွန်းတယ်လို့ ထင်ရပေမဲ့ ကျွန်တော့်ရဲ့ ကလေးကိုလည်း ဆင်းရဲတဲ့ ပတ်ဝန်းကျင်မှာ မကြီးပြင်းစေချင်ဘူး။ ကျွန်တော့်ရဲ့ စိုးရိမ်မှုက သရုပ်ဆောင်ခြင်းအပေါ် ကျွန်တော် ဘယ်လို စိတ်ထားမျိုး ထားရှိရမလဲဆိုတာပါပဲ”

မာရူးက မွန်ဂျောင်ကို စိုက်ကြည့်ရင်း ဆရာ့ရဲ့ အတွေ့အကြုံတွေကနေ ဘယ်လို အဖြေမျိုး ထွက်လာမလဲဆိုတာကို စောင့်ဆိုင်းနေမိတယ်။

“စိုးရိမ်မှုတစ်ခုကနေ နောက်ထပ် စိုးရိမ်မှုတွေ ထပ်တိုးလာနေတဲ့ပုံပဲ”

“...”

“အဲဒါကတော့ ဘာမှ လုပ်လို့ မရဘူးလေ၊ စိုးရိမ်မှုဆိုတာ တစ်ခုပေါ် တစ်ခု ထပ်နေတတ်တာမျိုးကိုး။ နောက်ဆုံးတော့ လူတွေ မခံစားနိုင်လောက်အောင်အထိ ကြီးထွားလာတော့တာပေါ့”

“ဒါပေမဲ့ စိုးရိမ်မှုတွေ မရှိဘဲနဲ့တော့ ဘဝကို ဖြတ်သန်းလို့ မရဘူး မဟုတ်လား”

“အဲဒါကြောင့်လည်း စိုးရိမ်မှုဆိုတာ စိုးရိမ်မှု ဖြစ်နေတာပေါ့”

မွန်ဂျောင်က ရယ်လိုက်တယ်။

“စိတ်မကောင်းပါဘူး၊ အဲဒီလို စိုးရိမ်မှုမျိုးအတွက်တော့ ငါ အဖြေ မပေးနိုင်ဘူးဗျာ။ မင်းကို မကူညီနိုင်တာ စိတ်မကောင်းပါဘူး”

“...”

“ဒါပေမဲ့ အကြံတစ်ခုတော့ ပေးနိုင်ပါတယ်”

အကြံပေးချက်ပေါ့။

မာရူးက ကိုယ်ဟန်အနေအထားကို ပြင်လိုက်ပြီး သေသေချာချာ နားထောင်လိုက်တယ်။

“လောကကြီးကို ရှုခင်းတစ်ခုလိုမျိုးပဲ လှမ်းကြည့်မနေပါနဲ့၊ အဲဒီအစား လက်တွေ့ဘဝထဲကို တည့်တည့် တိုးဝင်လိုက်စမ်းပါ”

“လက်တွေ့ဘဝထဲကို တိုးဝင်ဖို့ ဟုတ်လား...”

“မင်းရဲ့ ဇာတ်လမ်းကို နားထောင်ပြီးတော့ မင်းရဲ့ ခံစားချက်တွေကို ငါ နားလည်ပေးနိုင်ပါတယ်။ မင်းရဲ့ အမူအရာတွေကို ကြည့်တာနဲ့ အဲဒီအိပ်မက်က ဘယ်လောက်တောင် လက်တွေ့ကျနေမလဲဆိုတာ ငါ သိနိုင်တာပေါ့။ မင်း လက်ထပ်မယ့် မိန်းကလေး၊ မင်း တည်ဆောက်မယ့် မိသားစု၊ ပြီးတော့ မင်း ရလာမယ့် ကလေးအတွက် မင်း စိုးရိမ်နေမှာ သေချာပါတယ်။ မင်းရဲ့ ဘဝက အဲဒီလို စိုးရိမ်မှုတွေနဲ့ ပြည့်နေတဲ့အချိန်မှာ မင်းကတော့ နောက်ကို တစ်လှမ်းဆုတ်ပြီး အရာအားလုံးက မင်းနဲ့ မဆိုင်သလိုမျိုး လှမ်းကြည့်နေတာပဲ”

“ကျွန်တော်က နောက်ကို တစ်လှမ်းဆုတ်ပြီး ကြည့်နေတယ်လို့ ပြောတာလား”

“မင်း ပြောသမျှ အရာတွေထဲမှာ မင်းကိုယ်တိုင်က ဘယ်နေရာမှာမှ မရှိဘူး မဟုတ်လား”

“...”

“ပြီးတော့ မင်းက အရာရာကို လုပ်နိုင်စွမ်းရှိတဲ့ နတ်ဘုရားရဲ့ သားတော်လည်း မဟုတ်ဘူးလေ။ ဘဝဆိုတဲ့ ကျဉ်းမြောင်းတဲ့ ချောက်ကမ်းပါးပေါ်မှာ လျှောက်လှမ်းနေကြတဲ့ လူတွေထဲက တစ်ယောက်ပဲ။ ငါလည်း အတူတူပါပဲ။ ဘယ်သူမှ ကိုယ့်ဘဝအတွက် အာမခံချက် မပေးနိုင်ပေမဲ့ မင်းကတော့ အရာရာအတွက် တာဝန်ယူဖို့ ကြိုးစားနေတာကိုး”

“ဒါပေမဲ့ ကျွန်တော်မှ မဟုတ်ရင်...”

“မင်း ချစ်တဲ့ မိန်းကလေး ရှိတယ်လို့ ပြောတယ် မဟုတ်လား”

“ဗျာ အော်... ဟုတ်ကဲ့ ရှိပါတယ်”

“မင်း ပြောပုံအရဆိုရင် သူမက ပါရမီရှိမယ့်ပုံပဲ”

“ပါရမီ ရှိရုံတင် မဟုတ်ပါဘူး၊ သူမက ဇာတ်ဆောင်မင်းသမီးလေ”

“ဒါဆို ငါ တစ်ခုလောက် မေးမယ်၊ မင်း သူမအပေါ်မှာ တကယ် စိတ်ရင်းရှိတာပဲ။ သူမကို လက်ထပ်ဖို့ စီစဉ်ထားတာလား”

“အဲဒါကတော့ ကျွန်တော့်ရဲ့ မျှော်လင့်ချက်ပါ”

“ဒါဆိုရင်တော့ ပိုလွယ်သွားပြီ။ ဟင်း... အခု ည ၁၂ နာရီ ရှိပြီပဲ၊ ဒီဘက်ခေတ် ကလေးတွေက ဘယ်အချိန် အိပ်ကြတာလဲ”

“သူမ နိုးနေလောက်ပါသေးတယ်၊ စောစောက ကျွန်တော် ဖုန်းဆက်တုန်းကလည်း ကိုင်သားပဲ”

“ဒါဆို သူမဆီကို ဖုန်းဆက်လိုက်စမ်း”

“ဖုန်းဆက်ဖို့ ဟုတ်လား”

“အင်း၊ ဖုန်းဆက်လိုက်”

မာရူးက ခဏလောက် တွန့်ဆုတ်နေပြီးမှ ဖုန်းကို ထုတ်ပြီး သူမဆီ ဖုန်းဆက်လိုက်တယ်။ ဖုန်းက အချက်အနည်းငယ် မြည်ပြီးတဲ့နောက်မှာတော့ သူမ ကိုင်လိုက်တာပေါ့။

“ဘာလို့ ဒီလောက်နောက်ကျမှ ဖုန်းဆက်တာလဲ”

ပင်ပန်းနေတဲ့ အသံလေး ထွက်လာတယ်။ အိပ်ရာကနေ နိုးလာပြီး ဖုန်းကိုင်လိုက်တာလည်း ဖြစ်နိုင်တာပေါ့။ မာရူးက မွန်ဂျောင်ကို လှမ်းကြည့်လိုက်တယ်။ သူ ခိုင်းတဲ့အတိုင်း ဖုန်းတော့ ဆက်လိုက်ပြီ၊ ဒါပေမဲ့ ဆက်ပြီး ဘာလုပ်ရမှန်း မသိတော့ဘူးလေ။

“သူမကို မေးလိုက်စမ်း”

“ဘာကို မေးရမှာလဲဗျ”

“မင်း စိုးရိမ်နေတဲ့ အရာတွေကိုပေါ့”

“ဟဲလို မာရူး၊ ငါပြောတာ ကြားရဲ့လား”

မာရူး သက်ပြင်းတစ်ချက် ချလိုက်တယ်။ ဘာမေးရမလဲဆိုတာ သူ သိပေမဲ့ ရုတ်တရက်ကြီး ဖြစ်နေတော့ စကားပြောဖို့ ခက်နေတာပေါ့။

“ငါ ဖုန်းချလိုက်တော့မယ်နော်”

“နေဦး”

“အော်... အခုမှ ကြားရတော့တယ်။ ဘာကိစ္စလဲ”

“ဟေး... တကယ်လို့ပေါ့၊ ဖြစ်နိုင်ခြေတစ်ခု အနေနဲ့ပေါ့”

“ဘာ ဖြစ်နိုင်ခြေလဲ”

“တကယ်လို့ နင် လက်ထပ်မယ့် ယောက်ျားက ပိုက်ဆံရှာဖို့ ခက်ခဲနေပြီး သူ့ရဲ့ အိပ်မက်တွေနောက်ပဲ လိုက်နေမယ်ဆိုရင်... နင် ဘာလုပ်မလဲ”

“ဒီညကြီးအချိန်မတော် ဘာတွေ လာပြောနေတာလဲ။ နင် နောက်နေတာဆိုရင် ငါ ဖုန်းချလိုက်မှာနော်”

“နောက်နေတာ မဟုတ်ဘူး၊ နင့်ရဲ့ အမြင်ကို သိချင်လို့ပါ။ ငါ တကယ်ပြောနေတာ၊ ယုံပေးပါ”

“... တကယ်ကြီးလား၊ ဘာဖြစ်လို့လဲ။ မနေ့ကလည်း ခံစားမိပါတယ်၊ နင်ကတော့ တစ်မျိုးကြီးပဲ”

“ဆောရီးပါ”

“နင်ကတော့ ထုံးစံအတိုင်း တောင်းပန်ဖို့ပဲ တော်တာ။ ဟူး... ဒါဆို ငါ လက်ထပ်မယ့်လူက ဘယ်လိုလူမျိုးလဲ”

“ဗျာ အော်... နင် တအားချစ်ရတဲ့ လူတစ်ယောက်လို့ပဲ သဘောထားလိုက်ပါ”

“ငါ တအားချစ်ရတဲ့လူ ဟုတ်လား။ အဲဒီလိုလူမျိုးသာ ဆိုရင်တော့ ငါ သူ့ကို အော်ဟစ်ဆူပူပြီး နိုးကြားလာအောင် လုပ်မှာပေါ့။ သူ့အရွယ်နဲ့ လိုက်အောင် နေဖို့၊ မိသားစုအကြောင်း စဉ်းစားဖို့တွေ ပြောပြီးရင်တော့…”

“ပြီးရင်တော့...”

“ငါပဲ ပိုက်ဆံရှာတော့မှာပေါ့။ ငါ ချစ်တဲ့လူပဲဟာ။ ငါ့မေမေက ခဏခဏ ပြောလေ့ရှိတယ်၊ အချစ်ဆိုတာ ကိုယ်ချစ်တဲ့သူ ဒဏ်ရာရတဲ့အခါ ကိုယ်က နည်းနည်းလေး ပျော်နေတတ်တာမျိုးတဲ့။ သူတို့ ဒဏ်ရာရတယ်ဆိုတာ ကိုယ်က သူတို့ကို စောင့်ရှောက်ပေးလို့၊ ကူညီပေးလို့ ရပြီဆိုတဲ့ အဓိပ္ပာယ်ပဲလေ။ အဲဒီအတွက်ကြောင့် သူက သနားစရာကောင်းပြီး စိတ်ပျက်စရာ ကောင်းနေရင်တောင်... ငါသာ သူ့ကို ချစ်ရင် ငါ့ကျောပေါ်မှာပဲ သူ့ကို ပိုးထားလိုက်မှာပေါ့။ ဟေး... ငါ သူ့ကို အိမ်ထောင်ရှင်ယောက်ျားပဲ လုပ်ခိုင်းလိုက်ရင်ရော။ ဟားဟား၊ သူက ခါးစည်းလေး ဝတ်ပြီး ကလေးထိန်းနေတာပေါ့။ အဲဒီအချိန်မှာ ငါက နာမည်ကြီး မင်းသမီး ဖြစ်လာရင် ဘာမှ စိတ်ပူစရာ မလိုတော့ဘူးလေ။ မဆိုးဘူး မဟုတ်လား”

“အင်း... အင်း၊ မဆိုးပါဘူး”

“ဘာတွေ ပြဿနာဖြစ်နေလဲတော့ မသိဘူး၊ ဒါပေမဲ့ အဲဒီလိုမျိုးတွေ စိုးရိမ်နေတာက အဓိပ္ပာယ် မရှိဘူးလို့ ထင်တာပဲ။ မေးခွန်းကိုယ်တိုင်က တစ်ဖက်စောင်းနင်း ဖြစ်နေတာလေ။ တကယ်လို့ ယောက်ျားက ပိုက်ဆံ မရှာနိုင်ရင် မိန်းမက ရှာလို့ ရတာပဲ။ မိန်းမတွေက ယောက်ျားတွေဆီကနေပဲ ကပ်စားနေရတဲ့ ကပ်ပါးကောင်တွေလို့ နင် ထင်နေတာလား။ အခုမှ စဉ်းစားကြည့်တော့ အဲဒါက ငါ့ကို စိတ်တိုလာစေတယ်။ ဘယ်သူက နင့်ကို အဲဒီလို မေးခွန်းမျိုး မေးခိုင်းတာလဲ စောစောက နင့်ဘေးမှာ အသံတစ်ခု ကြားလိုက်သလိုပဲ၊ ဆရာ ဂန်ဟွမ် လား။ ဟုတ်လား

“မဟုတ်ပါဘူး၊ အဲလို မဟုတ်ပါဘူး”

မာရူးက ဖြေပြီးတာနဲ့ ရယ်ချင်စိတ်ကို မထိန်းနိုင်ဘဲ တဝါးဝါး ရယ်တော့တာပေါ့။ ဖုန်းထဲကနေ “ဟေး” လို့ အော်နေတာကိုတောင် သူ ပြန်မဖြေနိုင်တော့ဘူး။

နောက်ဆုံးတော့ သူမက ဖုန်းချလိုက်တယ်။ မာရူးကတော့ မနက်ဖြန်ကျရင် သူမဆီကနေ နားပူနားဆာ လုပ်တာတွေကို ခံရတော့မယ်ဆိုတာ ကြိုမြင်နေပေမဲ့ လောလောဆယ်မှာတော့ သူ တကယ်ကို ပျော်နေမိတာပေါ့။

မာရူးက ရယ်ချင်စိတ်ကို အနိုင်နိုင် ထိန်းပြီး မွန်ဂျောင်ကို ကြည့်လိုက်တော့ ဆရာကလည်း ကျေနပ်သလိုမျိုး ပြုံးပြနေတယ်။

“စိုးရိမ်မှုတစ်ခုက စိုးရိမ်မှု အနေနဲ့ပဲ ကျန်နေသေးရင်တော့ အဲဒါက ကျော်ဖြတ်လို့ မရတဲ့ တံတိုင်းကြီး တစ်ခုလို ဖြစ်နေမှာပဲ။ ဒါပေမဲ့ မင်းက အဲဒါကို တည့်တည့် တိုးဝင်လိုက်မယ်ဆိုရင်တော့ ဘာမှ မဟုတ်ဘူးဆိုတာကို တွေ့လိုက်ရတတ်တယ်။ ‘ဘဝဆိုတာ အနီးကပ်ကြည့်ရင် ကြေကွဲစရာ ကောင်းပေမဲ့ အဝေးကကြည့်ရင်တော့ ဟာသတစ်ခုပါပဲ’ ဆိုတဲ့ စကားက အလကား ဖြစ်နေတာ မဟုတ်ဘူးလေ”

“အဲဒီလိုပဲ ဖြစ်မှာပါ”

“အကွာအဝေးကို ထိန်းသိမ်းတတ်ဖို့က အရေးကြီးတယ်။ အရမ်းဝေးနေရင်လည်း အရာရာကို အမှန်အတိုင်း မမြင်နိုင်ဘူး၊ အရမ်းနီးကပ်နေရင်လည်း စိတ်လှုပ်ရှားမှုတွေပဲ ရှိနေမှာ။ ဒီဘက်ခေတ်မှာ မျှတမှုကို အလေးပေး ပြောဆိုနေကြတာကလည်း အဲဒါက ဘဝနဲ့ တိုက်ရိုက် ဆက်နွှယ်နေလို့ပဲ”

မွန်ဂျောင်က ဘေးမှာ ချထားတဲ့ ခွက်ကို ပြန်ကိုင်လိုက်ပြီး မာရူးကိုလည်း ခွက်ကို ကိုင်ဖို့ အချက်ပြလိုက်တယ်။

“နောက်တစ်ခွက်လောက် ထပ်သောက်ကြရအောင်၊ ညက ရှည်ပါသေးတယ်”

“ဟုတ်ကဲ့ပါ အဘိုး”

“အဘိုး ဟုတ်လား ဟက်ဟက်... ကောင်းတယ်၊ ဆရာ လို့ ခေါ်တဲ့ အသုံးအနှုန်းဟောင်းတွေထက်စာရင် ဒါက ပိုကောင်းပါတယ်”

စိုးရိမ်မှုတွေက ခွက်ထဲမှာ အရည်ပျော်သွားပြီး အရက်နံ့လေးတွေနဲ့အတူ လွင့်ပျံ့သွားတော့တာပေါ့။ ကျန်ရစ်ခဲ့တာကတော့ ဘဝရဲ့ အရသာကို အပြည့်အဝ ဖော်ပြနေတဲ့ ခါးသက်သက် အရက်တစ်ခွက်ပဲ ရှိပါတော့တယ်။

* * * * * * * * *

All Chapters