အခန်း (၁၁၉-၁၂၀)
Vol. 12 Ch. 119-120
အခန်း(၁၁၉)
ဒိုဂျင်က ရှုပ်ပွနေတဲ့ သူ့ဆံပင်တွေကို ကုတ်ရင်း မျက်လုံးပွင့်လာခဲ့တယ်။ မျက်နှာသစ်ပြီး အိမ်သာထဲက ထွက်လာတော့ သူ့အမေက ဟင်းရည်အိုး တည်နေတာကို တွေ့လိုက်ရတာပေါ့။
“ဒွန်းဂျန်းဟင်းရည်လား”
“အင်း”
မွှေးပျံ့နေတဲ့ ဟင်းနံ့လေးကို ရှူရှိုက်ရင်း သူ အင်္ကျီလဲလိုက်တယ်။ ပြီးတော့ မနေ့ညကအထိ ဖတ်နေခဲ့တဲ့ ဇာတ်ညွှန်းရယ်၊ သူ့အဖေ အမြဲဝယ်လာတတ်တဲ့ ချိုချဉ်တွေကိုပါ လွယ်အိတ်ထဲ ထည့်လိုက်တာပေါ့။
“ဒီနေ့လည်း နောက်ကျဦးမှာလား”
“နောက်ကျမယ် ထင်တယ်၊ စိတ်မပူပါနဲ့ မဒမ်လင်ရဲ့”
“နင်လည်း မိဘဖြစ်လာရင် သိလိမ့်မယ်၊ အပြောသလောက် မလွယ်ဘူးဆိုတာ။ တအားနောက်ကျမယ်ဆိုရင်တော့ ဖုန်းဆက်လိုက်ဦးနော်”
သူ့အမေက သမ်းဝေရင်း အခန်းထဲ ပြန်ဝင်သွားတယ်။ ဒိုဂျင်က ဒွန်းဂျန်းဟင်းရည်ထဲကို ထမင်းတွေ နယ်ဖတ်လိုက်ပြီး အပေါ်ကနေ ကြက်ဥကြော်တစ်လုံး တင်လိုက်တာပေါ့။ မကျက်တကျက် ကြက်ဥအနှစ်လေးကို တို့လိုက်တော့ အနှစ်တွေက စိမ့်ထွက်လာတယ်။ ထင်ထားတဲ့အတိုင်းပဲ၊ တကယ် အရသာရှိတာပဲ။ ဒိုဂျင်က ကျေနပ်သလို ပြုံးလိုက်ပြီး တီဗီရှေ့မှာ ထမင်းပန်းကန် သွားချလိုက်တယ်။ ပြီးတော့ တီဗီဖွင့်ပြီး သတင်းချန်နယ်ဆီ လှည့်လိုက်တာပေါ့။
လွန်ခဲ့တဲ့ လအနည်းငယ်တုန်းကဆိုရင် ဒိုဂျင်က မနက်စာစားရင်း ဂိမ်းချန်နယ်တွေပဲ ကြည့်ဖြစ်တာ။ ပွဲကြီးပွဲကောင်းတွေရဲ့ Highlights တွေကို ကြည့်ပြီးမှ သူ့တစ်နေ့တာကို စတင်လေ့ရှိတာလေ။
ဒါပေမဲ့ မာရူးနဲ့ ဒေးမြောင်ကို တွေ့ပြီးတဲ့နောက်မှာတော့ သူ့ဘဝနေထိုင်မှုပုံစံက ပြောင်းလဲသွားခဲ့ပြီ။ အဲဒီသူငယ်ချင်းနှစ်ယောက်က သူနဲ့ အသက်တူတူပဲဆိုပေမဲ့ လူမှုပတ်ဝန်းကျင်ထဲကို ခြေစုံပစ်ဝင်နေကြပြီလေ။ လူတွေက သူတို့အပေါ် မျှော်လင့်ချက်တွေ ထားကြသလို သူတို့ကိုယ်တိုင်ကလည်း အဲဒီမျှော်လင့်ချက်တွေ ပြည့်မီအောင် ကြိုးစားနေကြတာ။ အဲဒါက လူကြီးတွေရဲ့ ကမ္ဘာပဲ မဟုတ်လား။
သူ သတင်းတွေ စကြည့်ဖြစ်လာတာက မာရူးထက်စာရင် ဒေးမြောင်ရဲ့ လွှမ်းမိုးမှုကြောင့် ပိုပါလိမ့်မယ်။ ညသန်းခေါင်အထိ အတူတူ ဂိမ်းဆော့နေကျ ကောင်လေးက အွန်လိုင်းမှာ ပေါ်မလာတော့ဘူးလေ။ ဒိုဂျင်က ဘာလုပ်နေလဲလို့ လှမ်းမေးတိုင်း 'သရုပ်ဆောင်ပိုင်းဆိုင်ရာတွေ စဉ်းစားနေလို့' ဆိုတဲ့ အဖြေပဲ အမြဲလိုလို ရတတ်တာ။
အဲဒီစကားကို ကြားရတိုင်း ဒိုဂျင်က ကိုယ့်ကိုယ်ကိုယ် အသုံးမကျဘူးလို့ ခံစားရတယ်။ ဂိမ်းဆော့တာက မကောင်းဘူးလို့ ပြောတာတော့ မဟုတ်ပါဘူး။ အခုထိလည်း ဂိမ်းဆိုတာ အကောင်းဆုံး အပန်းဖြေစရာတစ်ခုလို့ သူ တွေးနေတုန်းပဲ။ ဒါပေမဲ့ သူ့ဘဝကို ပြန်ကြည့်လိုက်တဲ့အခါ အပန်းဖြေတာထက် ပိုတဲ့အဆင့်အထိ ဂိမ်းထဲမှာ အချိန်တွေ ကုန်ဆုံးခဲ့တာကိုး။
ဒိုဂျင်က ဂိမ်းဆော့တာကို အချိန်ဖြုန်းတာလို့ တွေးနေတဲ့ ရှေးရိုးစွဲလူကြီးတွေလိုမျိုးတော့ မဟုတ်ဘူး၊ ဒါပေမဲ့ ဒါကို အတိုင်းအတာတစ်ခုအထိပဲ လုပ်သင့်တယ်ဆိုတာတော့ သူ သိလာခဲ့ပြီ။ ဂိမ်းထဲမှာ အချိန်တွေ အများကြီး မပေးသင့်ဘူးဆိုတာ သိပေမဲ့ တခြားဘာလုပ်ရမှန်းလည်း သူ မသိဘူးလေ။ မာရူးလိုမျိုး စာအုပ်တွေ ဖတ်ကြည့်ဖို့ ကြိုးစားပေမဲ့ ဘယ်လိုမှ အာရုံစိုက်လို့ မရခဲ့ဘူး။ စာလုံးတွေ စိပ်စိပ်လေးတွေကို မြင်လိုက်ရုံနဲ့တင် သူ ပင်ပန်းလာတာကြောင့် လက်လျှော့လိုက်ရတာပေါ့။ လူကြီးဆန်ဆန် တခြားဘာလုပ်ရင် ကောင်းမလဲလို့ စဉ်းစားနေတုန်းမှာပဲ ဒေးမြောင်က လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေတွေအကြောင်း ပြောတာ ကြားလိုက်ရတယ်။
ဟုတ်တာပေါ့၊ အဲဒါ သတင်းတွေပဲလေ။ တီဗီဆိုရင်တော့ သူ စိတ်မပျက်ဘဲ ကြည့်နေနိုင်မှာပဲ။
ဒါဟာ သူ သတင်းတွေနဲ့ စတင်ထိတွေ့ခဲ့ပုံပဲ။ ကလေးဆန်တဲ့ အကြောင်းပြချက်နဲ့ စခဲ့တာဆိုပေမဲ့ ဘာပဲဖြစ်ဖြစ်ပေါ့။ သူ့သူငယ်ချင်းနှစ်ယောက်လိုပဲ လူကြီးဆန်တဲ့အလုပ်တစ်ခု လုပ်နေရတယ်ဆိုတဲ့ အသိက သူ့ကို စိတ်သက်သာရာ ရစေတာတော့ အမှန်ပဲ။
“သတင်းကြည့်နေတာလား”
တောင်တက်ရာကနေ အခုတင် ပြန်ရောက်လာတဲ့ သူ့အဖေကို ဒိုဂျင်က ခေါင်းညိတ်ပြလိုက်တယ်။ သူ့အဖေက သူ့ကို ကျေနပ်တဲ့ အကြည့်နဲ့ ကြည့်နေတာကို သူ ခံစားမိတာပေါ့။ အရင်ကဆိုရင်တော့ သိသိသာသာကို ကွဲပြားတာလေ။ သူ ဂိမ်းချန်နယ်တွေ ကြည့်နေရင် သူ့အဖေက ဘာမှမပြောဘဲ အိမ်သာထဲ ဝင်သွားတတ်ပေမဲ့ အခု သတင်းကြည့်နေတော့လား။
သူက လက်ရှိဖြစ်ရပ်တွေနဲ့ နိုင်ငံရေးအကြောင်းတွေ စတင်ပြောဆိုလာတယ်။ သူ့အဖေကတော့ နားလည်ရခက်တဲ့ စကားလုံးတွေ သုံးပြီး လွှတ်တော်အမတ်တွေအကြောင်း ပြောနေတာ ကြည့်ရတာ သုံးပြည်ထောင် ရာဇဝင်ထဲက ဇာတ်ကောင်တစ်ယောက်ကျနေတာပဲ။ ဒီလို အကြောင်းအရာတွေ ပြောနိုင်တာကိုပဲ သူ့အဖေက သဘောကျနေပုံရတယ်။ သူ့အဖေရဲ့ ပြောင်းလဲလာတဲ့ ပုံစံကို မြင်ပြီး ဒိုဂျင်က လူကြီးတွေရဲ့ ကမ္ဘာကို ပိုပြီး စိတ်ဝင်စားလာခဲ့တယ်။ တစ်နေ့ကျရင် သူ့သူငယ်ချင်းနှစ်ယောက်လိုပဲ တကယ့်လူကြီးတစ်ယောက် ဖြစ်လာဖို့ သူ မျှော်လင့်နေတာပေါ့။
“သွားပြီနော်”
“အေးအေး၊ ဂရုစိုက်သွားဦး”
ဒိုဂျင်က သူ့အဖေကို နှုတ်ဆက်ပြီး အိမ်က ထွက်လာခဲ့တယ်။ လမ်းလျှောက်နေရင်းတောင် ဒါဟာ အချိန်ကို အကျိုးရှိရှိ သုံးနေတာ ဟုတ်ရဲ့လားလို့ သူ တွေးနေမိတုန်းပဲ။ အရည်အချင်း မရှိဘဲနဲ့ သူငယ်ချင်းတွေကို လိုက်မီဖို့ ကြိုးစားနေရတာက အဓိပ္ပာယ်မရှိတဲ့ ရုန်းကန်မှုတစ်ခုလို ခံစားနေရပေမဲ့ အရင်လို ဘဝမျိုးဆီ ပြန်သွားဖို့ကလည်း နောက်ကျသွားပြီလေ။
ဒိုဂျင်က တစ်နေ့ကျရင် လူမှုအသိုင်းအဝိုင်းထဲ ဝင်ရမှာကို သိပေမဲ့ ဒီလောက်အထိ စောစောစီးစီး ပူပန်ရလိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့ဘူး။ ရှေ့ရောက်သွားတဲ့ သူငယ်ချင်းတွေကို မနာလိုဖြစ်တာထက် နေ့တိုင်း ဒီနေရာမှာတင် ရပ်နေတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ ဝန်ထုပ်ဝန်ပိုးတစ်ခုလို ခံစားနေရတာ။
ဒိုဂျင်က ဘတ်စ်ကားပေါ် တက်လိုက်ပြီး ကျောင်းဝတ်စုံဝတ်ထားတဲ့ ကျောင်းသားတွေကြားထဲ တိုးဝင်လိုက်တယ်။ မနက်ခင်း ဘတ်စ်ကားစီးရတဲ့အခါ သူက တက္ကသိုလ်ကျောင်းသားတစ်ယောက်လို ရံဖန်ရံခါ ခံစားရတတ်တယ်။ ဘာလို့လဲဆိုတော့ ဝူဆန်အထက်တန်းကျောင်းမှာ ကျောင်းဝတ်စုံ မရှိလို့ပေါ့။
“ငါ မနေ့က OP item တစ်ခု ရခဲ့တယ်”
“တကယ်လား ဒါဆို ငါ့ကို Carryလုပ်ပေးဦး”
“အိုကေ”
လွမ်းစရာကောင်းတဲ့ စကားသံတွေက သူ့နားထဲ တိုးဝင်လာတယ်။ အရင်ကဆိုရင် ဒီလိုစကားမျိုးတွေက သူ့အတွက် ပုံမှန်ပဲလေ။ ဒါပေမဲ့ မာရူးနဲ့ ဒေးမြောင်ရှေ့မှာတော့ ဂိမ်းအကြောင်း ‘ဂ’ အက္ခရာတောင် သူ မဟရဲတော့ဘူး။ ဘာလို့လဲဆိုတော့ သူတို့က ဂိမ်းမှ မဆော့ကြတာကိုး။
“ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ကျွန်တော် အတည်ပြုချက် ရအောင် လုပ်လိုက်ပါ့မယ်။ ဟုတ်ကဲ့၊ အဖွဲ့ခေါင်းဆောင် လီနဲ့ စကားပြောပြီးရင် ပြန်ပြောပေးပါ့မယ်”
အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ယောက်က ဝတ်စုံအပြည့်နဲ့ ဖုန်းပြောနေတာ။ ဇွဲနပဲရှိရှိနဲ့ ဖုန်းပြောပြီးတာကို ကြည့်ပြီး ဒိုဂျင်က တော်တော်လေး မိုက်တယ်လို့ ထင်မိသွားတယ်။
ရုတ်တရက်ဆိုသလို သူက မာရူးအကြောင်းနဲ့ ဒီတစ်ခါ ကျောင်းကို တစ်ဆတ်ဆတ်တုန်သွားစေတဲ့ အဖြစ်အပျက်အကြောင်းကို တွေးမိသွားတယ်။ ကျောင်းပြောင်း ၄ ယောက်နဲ့ ကျောင်းထုတ် ၇ ယောက်။ ဆရာတွေက ဒီကိစ္စကို တိတ်တိတ်ဆိတ်ဆိတ် နေကြပေမဲ့ တစ်ယောက်ယောက်က လိုက်ပြောနေသလိုမျိုး ကောလာဟလတွေကတော့ ပျံ့နေတာပဲ။
အနိုင်ကျင့်ခံရတဲ့ ကလေးအချို့က ရှေ့နေငှားပြီး ကလဲ့စားချေလိုက်ကြတယ်တဲ့။ အဲဒီရှေ့နေက ဘယ်လောက်တောင် တော်သလဲဆိုရင် ဥက္ကဋ္ဌကြီးတောင် ဘာမှ မပြောရဲဘူးဆိုပဲ။ အဲဒါတင်မကဘူး၊ အရင်က အပယ်ခံထားရတဲ့ ကလေးတွေကလည်း အားကစားရုံမှာ လေ့ကျင့်ခန်းတွေ လုပ်နေကြပြီး အရင်ကနဲ့ လုံးဝ မတူတော့ဘူးတဲ့။ ဒီလိုမျိုး ဆင်တူတဲ့ ကောလာဟလတွေ အများကြီး ရှိနေတာပေါ့။
ဒီအဖြစ်အပျက်ရဲ့ နောက်ကွယ်မှာ ရှိနေတဲ့သူက မာရူးဆိုတာကို ဘယ်သူမှ မသိကြဘူး။ မာရူးက တကယ့်လူစွမ်းကောင်းပဲဆိုတာကို ဒိုဂျင်က ထပ်ပြီး သိလိုက်ရပြန်ပြီ။ ဥပဒေတွေ၊ ရှေ့နေတွေနဲ့ ဥက္ကဋ္ဌကြီးကြားထဲက ကွက်လပ်တွေထဲမှာ သူက ကျောင်းသားတစ်ယောက်အနေနဲ့ ဒီပြဿနာကို လှလှပပ ဖြေရှင်းပေးခဲ့တာလေ။
တကယ့် အင်အားကို ရှေ့နေက ပြခဲ့တာဆိုပေမဲ့ ဒါတွေအားလုံးကို စီစဉ်ခဲ့တာကတော့ မာရူးပဲ။ ဒီလောက်အထိ အံ့သြစရာကောင်းတဲ့အလုပ်ကို လုပ်ခဲ့ပေမဲ့ မာရူးက တစ်ခါမှ ထုတ်မကြွားဘူး။ ကြွားဖို့နေနေသာသာ၊ သူ့အကြောင်း ကောလာဟလတွေ မထွက်လာလို့တောင် သူက ဝမ်းသာနေသေးတာ။ ဒီကိစ္စက ပြဇာတ်ကလပ်အပေါ် ထိခိုက်မှု မရှိလို့ မာရူး စိတ်သက်သာရာ ရနေတာကို တွေးမိတိုင်း ဒိုဂျင်ကတော့ ရင်မအေးနိုင်ဘဲ ဖြစ်နေရတယ်။
သူ့ပတ်ဝန်းကျင်က လူတိုင်းက ရှေ့ကို တိုးနေကြပြီ။ ဂွန်ဆော့၊ မာရူးနဲ့ ဒေးမြောင်၊ သူတို့အားလုံးက အသိအမှတ်ပြုခံထားရပြီး တက္ကသိုလ်ဝင်ခွင့်တွေလည်း အာမခံချက် ရှိနေကြပြီလေ။ တက္ကသိုလ်တင်မကဘူး၊ သူတို့ရဲ့ ပါရမီကို ပြနိုင်လိုက်တာနဲ့ သရုပ်ဆောင်လောကနဲ့ အနုပညာလောကထဲကို ခြေစုံပစ် ဝင်နိုင်ကြတော့မှာ။
အလားတူပဲ၊ ထမင်းဆိုင်ကို ဆက်ခံဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ အီဆိုးလ် ဆိုရင်လည်း အသားတွေ အပိုပေးတတ်တဲ့ ဆိုင်ရှင်အကြောင်း ပြောတိုင်း ပျော်နေတာ ကြည့်ရတာ တကယ့် လူကြီးတစ်ယောက်ကျနေတာပဲ။
ပြဇာတ်ကလပ်က အဖွဲ့ဝင်အားလုံးမှာ ကိုယ်စီ ရည်မှန်းချက်တွေ ရှိနေကြပြီး အဲဒီဆီကို အားသွန်ခွန်စိုက် လျှောက်လှမ်းနေကြတာ။ ထူးထူးခြားခြား ဘာမှ မရှိဘူးလို့ ထင်ရတဲ့သူတွေတောင်မှပေါ့။
သူတို့အကြောင်း တွေးမိတိုင်း ဒိုဂျင်က သက်ပြင်းပဲ ချနေမိတယ်။ သူကတော့ စာကျက်တာထက် ပိုပြီး ထူးခြားတဲ့အရာတစ်ခုခုကို ရည်မှန်းချင်နေတာလေ။
ဖုန်းပြောပြီး ဘတ်စ်ကားပေါ်က ဆင်းသွားတဲ့ အမျိုးသားရဲ့ ကျောပြင်ကို သူ ကြည့်နေမိတယ်။ တခြားသူတွေလည်း သူ့လိုပဲ ဖြစ်လာကြမှာပါ။
ဒိုဂျင်က ဘတ်စ်ကားပေါ်က ဆင်းပြီး ဝူဆန်အထက်တန်းကျောင်းဆီ လျှောက်လာခဲ့တယ်။ ဒီနေ့လည်း ကျောင်းဆင်းရင် လေ့ကျင့်ခန်း လုပ်ကြဦးမှာပေါ့။ အခုနောက်ပိုင်း ဒိုဂျင်က လေ့ကျင့်ရတာကိုတောင် သိပ်ပြီး မပျော်တော့ဘူးလို့ ခံစားနေရတယ်။
နည်းပြ မီဆိုက အကြံပေးတုန်းကတော့ လေ့ကျင့်ရတာ တန်တယ်လို့ ထင်ခဲ့ပေမဲ့ အခုနောက်ပိုင်း သူက အမြဲတမ်း တိတ်ဆိတ်နေတာလေ။ သူက ဂရုမစိုက်တော့တာလား ဒါမှမဟုတ် ဒိုဂျင်က ဝေဖန်စရာတောင် မရှိလောက်အောင် ညံ့နေလို့လားလို့ သူ တွေးနေမိတယ်။ အနည်းဆုံး လွန်ခဲ့တဲ့ နှစ်လလောက်အထိတော့ ဇာတ်ညွှန်းထဲက အခန်းတွေကို သူ မြင်ယောင်လို့ ရသေးတယ်၊ ဒါပေမဲ့ အခုတော့ အရာအားလုံးက ဝေဝါးနေပြီ။
“ဟေး နောက်ကျတော့မယ်၊ မြန်မြန်ပြေးကြစို့”
လမ်းမှာတွေ့တဲ့ အတန်းဖော်တစ်ယောက်နဲ့အတူ သူ ပြေးလိုက်တာ အချိန်မီလေးပဲ ရောက်သွားတော့တယ်။
“မင်း ဒီရက်ပိုင်း ဘာလို့ အွန်လိုင်း မပေါ်တာလဲ ပြဇာတ်ကလပ်က အဲလောက်တောင် အလုပ်ရှုပ်နေလို့လား”
“အဲလိုပဲ ဆိုပါတော့။ ဟေ့ကောင် မင်းလည်း item တွေ အများကြီး ရအောင် လုပ်ထားဦး။ ငါ ပြန်လာတဲ့အခါ မင်းဆီကနေ လုယူပြီး ကူပေးမယ်”
“သွားစမ်းပါ၊ ငါ မင်းကို ဘာမှ မပေးဘူး”
ဒါဟာ ပုံမှန် စကားပြောဆိုမှုတစ်ခုပဲ။ ရယ်ရမယ့် အခြေအနေမျိုးဆိုပေမဲ့ ဒိုဂျင်ကတော့ ခြောက်ကပ်ကပ် မျက်နှာထားနဲ့သာ ရှိနေတယ်။ ဒါက ဂိမ်းဆော့နေရမယ့် အချိန် မဟုတ်ဘူး သူငယ်ချင်းရာ။
သူ နောက်ဖက်တံခါးကို ဖွင့်ပြီး အတန်းထဲ ဝင်လိုက်တယ်။ မာရူးက ခေါင်းငိုက်စိုက်ကျပြီး အိပ်နေတာ တွေ့လိုက်ရတာပေါ့။ မနက်ခင်းကြီး အိပ်နေတာကတော့ တော်တော်လေး ထူးဆန်းတယ်။ မာရူးဆိုတာက နေ့လယ်စာစားချိန်ကျမှ အချိန်ဇယားနဲ့ အိပ်တတ်တဲ့သူမျိုး မဟုတ်လား။
“ရောက်ပြီလား”
ထိုင်ခုံဆွဲလိုက်တဲ့ အသံကြောင့် မာရူး နိုးလာတယ်။ သူက အညောင်းဆန့်ရင်း သမ်းဝေလိုက်ပေမဲ့ သူ့မျက်နှာကတော့ တကယ့်ကို မလွယ်ဘူး။ သူ့ဆံပင်တွေက ငှက်သိုက်ကျနေသလို ရှုပ်ပွနေပြီး သူ့မျက်နှာကလည်း ရက်တော်တော်ကြာ အိပ်ရေးမဝထားတဲ့လူကျနေတာပဲ။ မာရူးဆီမှာ မြင်ရခဲတဲ့ မှေးစက်နေတဲ့ မျက်လုံးတွေကိုလည်း တွေ့လိုက်ရတယ်။
“တစ်ညလုံး မအိပ်ဘူးလား”
“လုပ်စရာလေး ရှိလို့လေ၊ မနက်အစောကြီးကျမှ ဆိုးလ်ကနေ ကားမောင်းပြီး ပြန်လာတာ”
သမ်းဝေလိုက်ပြန်တယ်။
“ဆိုးလ်ကို”
ဒိုဂျင်က သူ့အိတ်ထဲက မင့်သကြားလုံးကို ထုတ်လိုက်တယ်။ တခြားနေ့ဆိုရင်တော့ သီးသန့်ချိုချဉ် ဖြစ်မှာပေမဲ့ ဒီနေ့အတွက်တော့ မင့်သကြားလုံးက ပိုသင့်တော်မှာပေါ့။
“ကျေးဇူးပဲ၊ ငါ့ပါးစပ်ထဲမှာ နည်းနည်းတော့ နေလို့မကောင်း ဖြစ်နေတာ”
“ဘာလို့ ဆိုးလ်သွားတာလဲ”
“လူကြီးတစ်ယောက်က လှမ်းခေါ်လို့လေ၊ ဟဲ ဟဲ”
မာရူးက ရုတ်တရက်ဆိုသလို ရယ်လိုက်တယ်။
“ဘဝအကြံပေးချက်တချို့ သွားယူတာပါ”
“မင်းကလား အကြံပေးချက် ယူတယ်”
“အင်း”
မာရူးက တစ်ယောက်ယောက်ဆီကနေ အကြံဉာဏ် တောင်းတယ်ဆိုတာ ဒါက အသစ်အဆန်းပဲ။ မာရူးဆိုတာက အမြဲတမ်း သူများတွေကို အကြံပေးနေကျသူလေ၊ အကြံဉာဏ် ယူတတ်တဲ့သူမှ မဟုတ်တာ။
“ဘယ်လို ဘဝအကြံပေးချက်မျိုးလဲ”
မာရူးမှာ ဘယ်လို စိုးရိမ်ပူပန်မှုတွေ ရှိနေမလဲဆိုတာ ဒိုဂျင်က တော်တော်လေး သိချင်နေတာ။ သူ လုံးဝ စိတ်ကူးမယဉ်ဖူးတဲ့ အရာမျိုးတွေ ဖြစ်မှာပေါ့။
ဒါပေမဲ့ မာရူးဆီက ထွက်လာတဲ့ စကားတွေက သူ မျှော်လင့်ထားတာနဲ့ လုံးဝကို ကွဲပြားနေတယ်။
“ယောင်္ကျားတစ်ယောက်က မိန်းမကောင်းတစ်ယောက်နဲ့ ဘယ်လို ဆုံတွေ့သင့်သလဲဆိုတဲ့ အကြောင်းရယ်၊ လူကြီးတွေ ပြောတာကို နားထောင်ရင် အိပ်နေရင်းတောင် အကျိုးရှိနိုင်တယ်ဆိုတဲ့ အကြောင်းတွေပေါ့”
“ဗျာ”
“ငါ ပြန်အိပ်ဦးမယ်၊ ဆရာလာရင် နှိုးလိုက်ဦးနော်”
“အေး... အေး”
ဘယ်လို ပြောရမလဲ။
ခုနကတင် အားရပါးရ ရယ်လိုက်တဲ့ မာရူးက လုံးဝ တခြားလူတစ်ယောက်ကျနေတာပဲ။ တည်ငြိမ်မှု နည်းနည်း လျော့သွားတယ်လို့ ပြောရမလား။ နည်းနည်းတောင် ကလေးဆန်သွားသလိုပဲ။ အဲဒါကို ဖော်ပြရမယ်ဆိုရင်...
“ဟေ့ ဟေ့ ဖုန်းပေးဦး၊ ဂိမ်းဆော့မလို့”
“သွားစမ်းပါ၊ ဘက်ထရီ မရှိတော့ဘူး”
သူက ရှေ့မှာ ရယ်ရယ်မောမော စကားပြောနေကြတဲ့ မရင့်ကျက်သေးတဲ့ ကလေးတွေနဲ့ တူနေတာ။ ခဏလေးဆိုပေမဲ့ အဲဒီခဏလေးအတွင်းမှာ သူက အဲဒီလို ခံစားချက်မျိုး ပေးလိုက်တာ။
အဲဒါ ဘာကြီးပါလိမ့်။
“ဟေ့ ဒိုဂျင်”
သူ ပြန်အိပ်ဖို့ ထိုင်ခုံဆွဲလိုက်တဲ့အချိန်မှာ မိန်းကလေးတစ်ယောက်က သူ့ကို လှမ်းခေါ်တယ်။ သူ နောက်ဖက်တံခါးဆီ လှည့်ကြည့်လိုက်တော့ အီဆိုးလ်က ပြုံးပြီး ရပ်နေတာ တွေ့လိုက်ရတယ်။
“ဟင်”
သူ ဘာလို့ ဒီမှာ ရှိနေတာလဲ။ ဒိုဂျင်ကတော့ ဘာပြန်ပြောရမှန်းကို မသိတော့ဘူး။
“ကလပ်ခန်းကို လာခဲ့ဦးနော်”
အဲဒီစကားလေး ပြောပြီး သူ ပျောက်ကွယ်သွားတယ်။
ပြီးတော့...
“ဒိုဂျင်ရေ”
“အဲဒါ ဘယ်သူလဲ တအား ချစ်စရာကောင်းတာပဲ”
“လှတယ်လို့ ပြောတာက ပိုမှန်မယ် ထင်တယ်၊ သူလည်း ပြဇာတ်ကလပ်ကပဲလား ဟင်”
ကလေးတွေ အုပ်စုလိုက်ကြီး ရောက်လာကြတယ်။ ဒိုဂျင်က သူငယ်ချင်းတွေကြားထဲက တိုးထွက်ပြီး ကလပ်ခန်းဆီ သွားလိုက်တာပေါ့။ ရောက်တဲ့အခါကျမှ အီဆိုးလ်က သူ့ကို ဘာလို့ လာရှာလဲဆိုတာ သူ သိလိုက်ရတယ်။
ဒိုဂျင်က တံခါးဖွင့်ပြီး အထဲဝင်လိုက်တယ်။
“လေ့လာရေးအတွက်လား”
“ဘင်ဂို…အတန်းတွေက မတူတော့ အချိန်ပေးရတာ ခက်တယ် မဟုတ်လား တို့တွေလည်း ပြဇာတ်ရုံမှာ လေ့ကျင့်နေရတော့ သူတို့ကို တွေ့ရခက်တယ်လေ”
“ဒါဆို ဒီမှာ ဘာလုပ်ရမှာလဲ”
“ဘာလုပ်ရမှာလဲဆိုတော့ စကားပြောကြမှာပေါ့။ မင်းက သူတို့ကို အသားတွေ လတ်မလတ်စစ်နေသလိုမျိုး စိုက်ကြည့်နေလို့မှ မရတာ”
ဒိုဂျင်က ခေါင်းကုတ်ရင်း ကြမ်းပြင်ပေါ်မှာ ထိုင်လိုက်တယ်။ ကလပ်ခန်းထဲ မရောက်ဖြစ်တာ တော်တော်ကြာပြီ၊ များသောအားဖြင့် ပြဇာတ်ရုံမှာပဲ လေ့ကျင့်ကြတော့ ကလပ်ခန်းကို သွားစရာ အကြောင်းမရှိဘူးလေ။ အဲဒီနေရာက ကလပ်ခန်းဆိုတာထက် ဂိုဒေါင်လို့ ခေါ်တာက ပိုသင့်တော်လိမ့်မယ်။ အရောင်လွင့်နေတဲ့ ဇာတ်စင်ဝတ်စုံတွေက ဒီနေ့မှာတော့ တစ်မျိုး ထူးခြားနေသလိုပဲ။
“ပြီးတော့ တို့တွေ တစ်ခုခု ပျော်စရာကောင်းတာလည်း ကြည့်ရမယ်လေ”
“ပျော်စရာကောင်းတာ”
“တေဂျွန်းက ဆူယွန်းကို ကြိုက်နေတာ မင်း သိတယ် မဟုတ်လား”
“အင်း”
“ဟီး ဟီး သူတို့ အခု ပြဇာတ်ရုံမှာ စကားပြောနေကြတာလေ။ ငါ တစ်ယောက်တည်း သွားချောင်းရင် သိသာနေမှာစိုးလို့ အတူတူ သွားရအောင်”
သူက ဒိုဂျင်ရဲ့ လက်မောင်းကို ဆွဲပြီး ပြောတယ်။ သူက ရုတ်တရက်ကြီး အရမ်းနီးကပ်သွားတာကြောင့် ဒိုဂျင် လန့်သွားတာပေါ့။ ရုတ်တရက်ကြီးဆိုပေမဲ့ သူက တကယ်ပဲ ချစ်စရာကောင်းတာပါ။
“အော် ဒါနဲ့ စကားမစပ်၊ ဒီတနင်္ဂနွေနေ့ကျရင် အားလား”
“ဒီတစ်ပတ် ပိတ်ရက်လား ဘာလို့လဲ”
“ငါတို့အိမ်မှာ လာလည်ကြရအောင်လေ၊ တေဂျွန်းနဲ့ ဆူယွန်းတို့က ဒီအတိုင်းဆိုရင် ဘာမှ တိုးတက်လာမှာ မဟုတ်ဘူး။ ငါတို့ အကုန်လုံး ဆုံကြပြီးရင် အဲဒီနှစ်ယောက်တည်းကိုပဲ ထားခဲ့ကြတာပေါ့။ ပျော်စရာကောင်းမယ် မထင်ဘူးလား”
သူက တောက်ပတဲ့ အပြုံးလေးနဲ့ ပြောလိုက်တယ်။
ဒိုဂျင်ကတော့ ဘာမှ မပြောနိုင်တော့ဘူး၊ မြေခွေးမလေးတစ်ကောင်ကို ကြည့်နေရသလိုပဲ။
သူက တကယ့် ကလေးစစ်စစ်ပဲ။
သူ့မှတ်ဉာဏ်ထဲက အီဆိုးလ်က မိသားစုလုပ်ငန်းကို ဦးဆောင်နေတဲ့ တော်စပြုနေတဲ့ မိန်းကလေးတစ်ယောက် ဖြစ်ပေမဲ့ ဒီနေ့ မြင်ရတာကျတော့ သူငယ်ချင်းတွေကို စနောက်ရတာ ဝါသနာပါတဲ့ သာမန်ကလေးတစ်ယောက်ပါပဲ။ ဒါပေမဲ့ သူ့ရဲ့ ရုပ်ရည်ကတော့ သာမန် မဟုတ်တာ အမှန်ပဲ။
မာရူးရော အခု သူရော၊ ဘာတွေ ဖြစ်နေကြတာပါလိမ့်။
မနက်ခင်းကတင် သူ တွေးပူနေခဲ့တဲ့ ကလေးဆန်ပေမဲ့ လေးနက်လှတဲ့ စိုးရိမ်မှုတွေက ရုတ်တရက်ဆိုသလို အဓိပ္ပာယ် မရှိသလို ဖြစ်သွားတယ်။ ဒါပေမဲ့ အီဆိုးလ်က သူ့လက်မောင်းကို ချိတ်ပြီး ဆွဲခေါ်လိုက်တဲ့အခါမှာတော့ အဲဒီခံစားချက်တွေလည်း ချက်ချင်း ပျောက်ကွယ်သွားတော့တာပေါ့။
“သူတို့တွေ မကြာခင် ထွက်သွားတော့မှာ၊ မြန်မြန်သွားရအောင်”
“အော် အင်း”
သူ လှည့်လိုက်တဲ့အခါ သူ့ဆံပင်လေးတွေက ဝဲသွားတယ်။
ဒိုဂျင်က စိတ်ထဲကနေ မှတ်သားထားလိုက်တာပေါ့။
ကင်အီဆိုးလ်၊ သူက ပျော်ရဖို့ဆိုရင် ဘာမဆို လုပ်မယ့်သူပဲ။ ပြီးတော့ သူက ချစ်စရာကောင်းတယ်။
* * * * * * * * *
ဒါက သူ ခဏခဏ ခံစားရတဲ့ အရာတစ်ခုပါ၊ အသစ်တဖန် ပြန်လည်မွေးဖွားလာပြီးတဲ့နောက်မှာ သူ့ခန္ဓာကိုယ်က အများကြီး ပိုပြီး ကျန်းမာလာခဲ့တယ်။ သူ့ရဲ့ တုံ့ပြန်မှုတွေတင်မကဘဲ ကိုယ်ကာယ ကြံ့ခိုင်မှုကလည်း အရင်ဘဝကထက် သိသိသာသာကို ပိုကောင်းလာတာ။ များသောအားဖြင့် သူက မောပန်းတယ်လို့ မခံစားရသလို၊ အလုပ်တွေ အရမ်းလုပ်လိုက်ရင်တောင် နောက်နေ့ကျရင် ပြန်လည် လန်းဆန်းနေတာမျိုးပေါ့။
ဒါပေမဲ့ အဆင့်မြှင့်တင်ထားတဲ့ ဒီခန္ဓာကိုယ်ကတောင် မနက် ၄ နာရီအထိ အရက်သောက်တာကိုတော့ မခံနိုင်ဘူးလေ။ ဟို သိုင်းဝတ္ထုတွေထဲကလိုမျိုး ခန္ဓာကိုယ်ထဲက အရက်တွေကို အပြင်ထုတ်ပစ်နိုင်တဲ့ စွမ်းရည်မျိုးသာ ရှိရင် ဘယ်လောက် ကောင်းမလဲ။
ဒါပေမဲ့ သူက နည်းပြထက်စာရင်တော့ တော်ပါသေးတယ်။
သူ့နည်းပြက အိပ်ချင်မူးတူးနဲ့ ကားဘယ်တော့မှ မမောင်းဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ် ရေအေးတွေနဲ့ လောင်းပစ်တာ။ ဆောင်းတွင်းကြီးရဲ့ အလယ်မှာနော်။ အဲဒါကြောင့်လည်း သူတို့ ကျောင်းကို ဘေးကင်းကင်းနဲ့ ရောက်လာခဲ့တာပေါ့၊ ဒါပေမဲ့ ကားထဲမှာ တုန်နေတဲ့ နည်းပြကို မြင်တော့ မာရူး စိတ်မကောင်း ဖြစ်မိတယ်။
နောက်ကျရင် သူ့အတွက် အားဆေးလေး ဘာလေး ဝယ်ပေးရမယ်။
ဆူညံနေတဲ့ အတန်းထဲ…
အမြဲတမ်း တွေ့နေကျ နေရာလေးဆိုပေမဲ့ ဒီနေ့မှာတော့ ထူးထူးခြားခြား ပိုပြီး သံယောဇဉ် တွယ်စရာ ကောင်းနေသလိုပဲ။ အရင်တုန်းကဆိုရင်တော့ စတုတ္ထတန်းက သူ့ထိုင်ခုံမှာပဲ ထိုင်နေပြီး ဒိုဂျင်နဲ့ပဲ စကားပြောတတ်တာ။ တခြားသူတွေ အားလုံးက ကလေးဆန်တယ်၊ သူတို့နဲ့ စကားပြောလို့ ဘာမှ ရမှာ မဟုတ်ဘူးဆိုတဲ့ အစွဲနဲ့ မာရူးက နေခဲ့တာကိုး။
ဒါပေမဲ့ မွန်ဂျောင် ပေးခဲ့တဲ့ အကြံဉာဏ်ကို နားထောင်ပြီးတဲ့နောက်မှာတော့ သူ တခြားကလေးတွေနဲ့ ပူးပေါင်းပြီး စကားပြောဖြစ်ခဲ့တယ်။ သူ လိုက်မမှီတဲ့ အကြောင်းအရာတွေ အများကြီး ရှိနေပေမဲ့ သူကတော့ ရယ်မောပြီး စကားပြောနေတာပါပဲ။
‘ဒါက မင်းရဲ့ ဘဝပဲ၊ ဒါပေမဲ့ မာရူးဆိုတာကိုတော့ ဘယ်နေရာမှာမှ ရှာလို့ မတွေ့ဘူး’
အဲဒီအသံက ဦးနှောက်ထဲကို စူးဝင်သွားတယ်။
သူ့ဘဝကို ရှုခင်းတစ်ခုလိုမျိုးပဲ လှမ်းကြည့်နေတယ်လို့ ပြောခဲ့တဲ့ အသံပေါ့။
အထက်တန်းကျောင်းသား ဖြစ်နေတဲ့ မာရူးကို သူ အတော်လေး ပစ်ပယ်ထားခဲ့တာပဲ။
သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အသက်အရွယ်ကို သူက အလေးမထားခဲ့ဘူး။
လောကကြီးရဲ့ စိုးရိမ်ပူပန်မှုတွေ အားလုံးကို သူ့ပခုံးပေါ် ထမ်းထားသလိုမျိုး သူက ပြုမူခဲ့တာ။
‘ငါပဲ ပိုက်ဆံရှာတော့မှာပေါ့’
သူမရဲ့ ယုံကြည်မှုရှိတဲ့ အသံလေးကို သူ ပြန်ကြားယောင်မိတယ်။
သူ ပြန်ပြီး ရယ်မိသွားပြန်ပြီ။ ရက်အနည်းငယ်လောက်တော့ သူ မနားတမ်း ရယ်နေမိတော့မယ့်ပုံပဲ။ သူကတော့ အရူးလို့ အထင်မခံရဖို့ပဲ မျှော်လင့်ရတာပေါ့။
‘ရင်ဆိုင်လိုက်စမ်းကွာ’
မာရူးက သူ့ရဲ့ ဇာတ်ညွှန်းကို ထုတ်ပြီး ကိုင်ထားလိုက်တယ်။ မနေ့ကအထိတော့ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်သမျှ အရာအားလုံးကို အိမ်စာတစ်ခုလိုမျိုး သူ ကြည့်ခဲ့တာ၊ ဒါပေမဲ့ အခုတော့ မတူတော့ဘူး။
ဘယ်သူမှ သူ့ကို ခိုင်းနေတာ မဟုတ်ဘူး၊ သူကိုယ်တိုင်ကပဲ ဒါကို လုပ်ချင်နေတာ။
သူ့ရဲ့ ကြောက်စိတ်တွေကို သူက တွန်းထုတ်လိုက်ပြီ။
သရုပ်ဆောင်ခြင်းဆိုတဲ့ သတ္တဝါကြီးက သူ့ကို ဝါးမြိုသွားမယ်ဆိုရင်လည်း အဲဒီအချိန်ကျမှပဲ သူ စဉ်းစားတော့မှာပေါ့။ သူ လွတ်မြောက်ဖို့ ခက်ခဲနေမယ်ဆိုရင်လည်း သူမရဲ့ အင်အားကိုပဲ ခဏချေးရုံပေါ့။
သူ တစ်မျိုးမျိုး တွေးမိတိုင်း သူ့ဆီကို ပျံဝဲလာတတ်တဲ့ စပ်ဖျင်းဖျင်း လက်ဝါးချက်တွေကို သူ သတိရလိုက်တယ်။ သူ့ကျောပြင်ကို ရိုက်တတ်တဲ့ အဲဒီလက်ဝါးချက်တွေ ရှိနေသရွေ့ သူကတော့ နိုးကြားနေမှာ သေချာပါတယ်။
“ဒေးမြောင်”
“ဟင်”
“ဇာတ်ညွှန်း ဖတ်ကြည့်ရအောင်”
* * * * * * * * *
အခန်း(၁၂၀)
အချိန်တွေ ကုန်ဆုံးသွားခဲ့ပြီး စနေနေ့ကို ရောက်လာခဲ့ပြီ။ မာရူးတစ်ယောက် ဆရာမွန်ဂျောင်နဲ့ စကားပြောဖြစ်ခဲ့တာလည်း တစ်ပတ်တောင် ရှိသွားပြီပေါ့။
နောက်ဆုံးအချိန် စာသင်ပြီးတာနဲ့ မာရူးက သူ့လွယ်အိတ်ကို ဆွဲလိုက်တယ်။ ကျောင်းဆင်းချိန်ရောက်တိုင်း သူဟာ သူ့ရဲ့ မွေးရပ်မြေကို ပြန်ဖို့ ကြိုးစားနေတဲ့ ဆယ်လ်မွန်ငါးတစ်ကောင်လိုမျိုး ပြဇာတ်ရုံဆီကိုပဲ အလိုလို ခြေဦးလှည့်မိနေတာ။ လေ့ကျင့်ခန်း မရှိတဲ့နေ့တွေမှာတောင် သူ့ခြေထောက်တွေက အဲဒီဆီကိုပဲ အလိုအလျောက် ရောက်သွားတတ်တာလေ။ ဒီနေ့ကတော့ လေ့ကျင့်ခန်းရှိတဲ့နေ့ ဖြစ်သလို ပေးထားတဲ့ အိမ်စာတွေကို အစစ်ခံရမယ့်နေ့လည်း ဖြစ်တာပေါ့။
သူ တံခါးလက်ကိုင်ကို လှည့်ပြီး အထဲကို ဝင်လိုက်တယ်။
“ရောက်ပြီလား”
ဒုတိယနှစ် စီနီယာတွေက သူ့ကို ကြိုဆိုကြတယ်။ အခုတလောမှာ ဒုတိယနှစ်တွေရဲ့ ပါဝင်မှုနှုန်းက တဖြည်းဖြည်း နည်းလာခဲ့တာ။ သူတို့တွေက မကြာခင် တတိယနှစ် ရောက်တော့မှာမို့ တက္ကသိုလ်ဝင်ခွင့်တွေ၊ အလုပ်အကိုင် လျှောက်ထားတာတွေအပေါ် ပိုပြီး အာရုံစိုက်နေကြလို့လည်း ဖြစ်နိုင်တာပေါ့။
မာရူးက စီနီယာတွေကို နှုတ်ဆက်ပြီး အကြောလျှော့တာတို့၊ သွေးပူလေ့ကျင့်ခန်းတို့ စလုပ်တယ်။ ဒါကတော့ အခြေခံအကျဆုံး အလုပ်တွေပေါ့။ ကပွဲရုံထဲကို ဝင်လာတဲ့သူတိုင်းက ဘယ်သူမှ ခိုင်းစရာမလိုဘဲ အကြောလျှော့တာကို အရင်လုပ်ကြတာလေ။ သန့်ရှင်းရေးတာဝန်ကျတဲ့ ဒေးမြောင်နဲ့ ဒိုဂျင်ကတော့ ပြဇာတ်ရုံဆီကို နည်းနည်း နောက်ကျပြီးမှ ရောက်လာကြတယ်။
“ဟင် အကုန် မရောက်သေးဘူးလား။ မင်္ဂလာပါ စီနီယာ”
“ဒိုဂျင်ကတော့ ဒီနေ့လည်း အားအင်တွေ ပြည့်နေတာပဲ”
မာရူးက သူ့ခေါင်းပေါ်မှာ လက်တွေဝှေ့ယမ်းပြနေတဲ့ ယွန်းဂျုံကို လှမ်းကြည့်လိုက်တယ်။ ကျောင်းဖွင့်ကာစတုန်းက ယွန်းဂျုံတစ်ယောက် သူတို့အတန်းထဲလာပြီး သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ လာပြောခဲ့တာကို သူ ပြန်မြင်ယောင်မိတာပေါ့။ သူမက တက်ကြွတဲ့ အပြုံးတွေ၊ ပြစ်ချက်မရှိတဲ့ ကိုယ်ရည်ကိုယ်သွေးတွေနဲ့ ပြဇာတ်ကလပ်အပေါ် မာရူး စိတ်ဝင်စားလာအောင် စိတ်အားထက်သန်တဲ့ စကားတွေနဲ့ ဆွဲဆောင်ခဲ့တာလေ။
အခု ပြန်စဉ်းစားကြည့်တော့လည်း မာရူးတစ်ယောက် ပြဇာတ်ကလပ်ထဲ ဝင်ဖြစ်သွားတာက ယွန်းဂျုံရဲ့ မျက်နှာပေါ်မှာ ‘သူမ’ ရဲ့ အရိပ်အယောင်လေးကို တွေ့လိုက်ရလို့လည်း ဖြစ်နိုင်တာပေါ့။
“မာရူး၊ မင်း ဘာလို့ ငါ့ကို အဲဒီလိုကြီး စိုက်ကြည့်နေတာလဲ”
“လှလို့လေ”
“...... ”
ခဏလေးဆိုပေမဲ့ ဒုတိယနှစ် စီနီယာတွေရဲ့ အကြည့်တွေက ဝေခွဲမရ ဖြစ်သွားကြတယ်။ လေးယောက်သား စုပြီး တိုးတိုးတိုးတိုးနဲ့ ပြောနေကြတာပေါ့။ “ဒီကောင် တစ်ခုခု ဖြစ်နေတာ သေချာတယ်” ဆိုတဲ့ စကားသံတွေကိုပါ ကြားလိုက်ရသေးတယ်။
“မင်းက လွန်ခဲ့တဲ့ ရက်ပိုင်းကတည်းက တစ်မျိုးကြီး ဖြစ်နေတာ၊ ဒီနေ့ဆို ပိုတောင် ဆိုးသေးတယ်။ အဆင်ပြေရဲ့လား။ မင်း တကယ်ပဲ မာရူး ဟုတ်ရဲ့လား”
ဒိုဂျင်က သူ့ဘေးနား ကပ်လာပြီး တိုးတိုးလေး မေးတယ်။ ဒေးမြောင်ကလည်း ထောက်ခံတဲ့ အကြည့်နဲ့ ကြည့်နေတာပေါ့။
“ငါက ဘာဖြစ်နေလို့လဲ”
“မင်းက ပုံမှန်နဲ့ လုံးဝ မတူဘူးလေကွာ”
“ပုံမှန်ဆို ငါက ဘယ်လိုလဲ”
“ဘယ်လိုရှိရမှာလဲ၊ မင်းက အမြဲတမ်း ပါးစပ်ပိတ်နေပြီး ပတ်ဝန်းကျင်ကို အရာအားလုံး သိနေတဲ့ ပုံစံမျိုးနဲ့ အကဲခတ်နေတတ်တာလေ။ ဟုတ်တယ်မလား ဒေးမြောင်။ ဒါပေမဲ့ အခုတလောတော့ မတူတော့ဘူး”
“အင်း... အင်း”
သူ့သူငယ်ချင်းနှစ်ယောက်ကတော့ ဇဝေဇဝါ မျက်နှာပေးတွေ ဖြစ်နေကြတယ်။ ငါက ပုံမှန်ဆို အဲဒီလိုကြီးလား။ မာရူးကတော့ သိပ်မမှတ်မိတော့ပေမဲ့ သူ တစ်မျိုး ပြောင်းလဲသွားတာကိုတော့ ဝန်ခံရမှာပဲ။ သူ့ခန္ဓာကိုယ်က အလေးမတွေ ဖယ်လိုက်သလိုမျိုး ပေါ့ပါးနေပြီး စိတ်ထဲမှာလည်း အေးအေးလူလူ ရှိနေတာကိုး။ အဲဒါကြောင့်ပဲ ပြောင်းလဲသွားတာလားတော့ မသိဘူးပေါ့။ မာရူးက ပြဇာတ်ရုံထဲကနေ ထွက်လာပြီး ညာဘက်မှာရှိတဲ့ သန့်စင်ခန်းထဲ ဝင်လိုက်တယ်။
မှန်ထဲမှာ မြင်နေရတဲ့ သူ့မျက်နှာကတော့ အစုတ်အပြတ်ပဲ။ နေ့လယ်စာစားချိန်တုန်းက ခဏ အိပ်ပျော်သွားလို့ သူ့ဆံပင်တွေက မိုးပေါ် ထောင်နေသလို ညတုန်းကလည်း နောက်ကျမှ အိပ်လို့ မျက်တွင်းတွေက ဟောင်းလောင်း ဖြစ်နေတာ။
ဒါတွေအားလုံးကြားမှာတောင် သူက အားအင်တွေ ပြည့်ဝနေသလိုပဲ။ မသိစိတ်ကနေ ပြုံးနေမိတဲ့ သူ့ပါးစပ်ကြောင့်လည်း ဖြစ်နိုင်တာပေါ့။
“ကြည့်လို့ ကောင်းသားပဲ”
မာရူးက မျက်နှာသစ်လိုက်ပြီး သူ့ဆံပင်တွေကို လက်စိုနဲ့ ဖိချလိုက်တယ်။ ရပြီလို့ ထင်တဲ့အချိန်မှာ လက်ကို လွှတ်လိုက်ပေမဲ့ ဆံပင်တွေကတော့ အရင်အတိုင်း ပြန်ထောင်နေတာပဲ။ ကျန်းမာသန်စွမ်းတဲ့ သူ့ဆံပင်တွေကို ကြည့်ပြီး စပ်ဖြီးဖြီး မျက်နှာထားနဲ့ပဲ ကျေးဇူးတင်လိုက်ရတော့တာပေါ့။
သူ ကပွဲရုံကို ပြန်ရောက်တဲ့ အချိန်မှာတော့ ကျန်တဲ့ ပထမနှစ်တွေလည်း အကုန် ရောက်နေကြပြီ။
“ဟားဟား မင်းက စူပါဆိုင်းယန်းလား။ ဆံပင်ကတော့ တကယ် မိုက်တယ်ဟ”
တေဂျွန်းက ရယ်ရင်း လှမ်းမေးတယ်။ မာရူးက ခေါင်းညိတ်ပြလိုက်ပြီး ပထမနှစ်တွေ ရှိတဲ့နေရာကို သွားလိုက်တာပေါ့။ သူတို့တွေက ဝိုင်းဖွဲ့ထိုင်ပြီး အကြောလျှော့နေကြတာလေ။
သူ ထိုင်တဲ့နေရာရဲ့ အရှေ့တည့်တည့်မှာ ဂွန်ဆော့နဲ့ ယွန်ရင်ကို တွေ့ရတယ်။ ယွန်ရင်က ဂွန်ဆော့ကို ကြည့်ပြီး အမြဲတမ်းလိုပဲ ပြုံးနေပေမဲ့ ဂွန်ဆော့ကတော့ အရင်လို ပြန်မပြုံးပြတော့ဘူး။ ဒါပေမဲ့ ယွန်ရင် ပြောသမျှကိုတော့ သူက ပြန်ထူးရှာပါတယ်။
ဒီနှစ်ယောက် မကြာခင် လမ်းခွဲကြတော့မယ်ဆိုတဲ့ ကောလာဟလတွေ ကျောင်းသားတွေကြားမှာ ပျံ့နေသလို ဂွန်ဆော့က အေးစက်သွားပြီလို့လည်း အများက ထင်နေကြတာ။ ဒါပေမဲ့ သူတို့နှစ်ယောက် တပူးပူးတတွဲတွဲ ထိုင်နေတာကို ကြည့်ရင်တော့ လွယ်လွယ်နဲ့ လမ်းခွဲကြမယ့်ပုံ မပေါ်ဘူး။ အရင်းစစ်တော့လည်း ကျောင်းသားတွေ ရည်းစားထားတယ်ဆိုတာက သူငယ်ချင်းတွေကြောင့်နဲ့တင် လမ်းခွဲဖို့ ခက်ခဲတတ်တာမျိုးလေ။
“ဒီနေ့လည်း အန်ယန်ကို သွားဦးမှာလား”
မာရူးက သူ့ဘေးမှာ ထိုင်နေတဲ့ အီဆိုးလ်ရဲ့ အမေးကို ခေါင်းခါပြလိုက်တယ်။ ပြိုင်ပွဲကလည်း နီးနေပြီဖြစ်သလို အပျော်တမ်း သင်တန်းတွေလည်း ရှိနေတာကြောင့် လောလောဆယ်တော့ အန်ယန်က လေ့ကျင့်ရေးခန်းမကို မသွားဖြစ်သေးဘူး။ အချိန်ရရင်တော့ သွားမှာပေါ့၊ ဒါပေမဲ့ ဖြစ်ဖို့တော့ ခက်မယ် ထင်တယ်။ ဂန်ဟွမ်ကလည်း သူ့ကို ပြဇာတ်ကလပ်က အဖွဲ့ဝင်တွေနဲ့ စည်းလုံးမှုရှိအောင် အရင်လုပ်ဖို့ အကြံပေးထားတာကိုး။
“တကယ်လား ဒါဆိုရင် လေ့ကျင့်ခန်းပြီးရင် ခဏလောက် နေခဲ့ပေးဦးမလား”
“ဘာလို့လဲ”
အီဆိုးလ်က တိုးတိုးလေး ပြန်ပြောတယ်။
“တေဂျွန်းနဲ့ ဆိုယွန်းတို့ အကြောင်းလေ၊ ဟီးဟီး”
အော်။ သူမရဲ့ နောက်ပြောင်ချင်တဲ့ မျက်နှာလေးကို မြင်လိုက်တာနဲ့ မာရူး ဘာပြောမလဲဆိုတာ တန်းသိလိုက်ပြီ။ ဒါကို ဒေးမြောင်နဲ့ ဒိုဂျင်ကိုပါ ပြောပြထားပြီးပြီ ထင်ပါရဲ့။ သူတို့ သုံးယောက်လုံးကတော့ ခိုင်မာပေမဲ့ နောက်ပြောင်ချင်တဲ့ စိတ်ဓာတ်တွေနဲ့ ပြင်ဆင်ထားကြတာပေါ့။
ရိုးရိုးရှင်းရှင်း အကြောလျှော့တာတွေ လုပ်ပြီးတဲ့နောက် သူတို့တွေ ဒုတိယနှစ်တွေနဲ့ ပေါင်းပြီး ဟိုဟိုဒီဒီ စကားပြောဖြစ်ကြတယ်။ အဲဒီအချိန်မှာပဲ တံခါးကြီး ဝုန်းခနဲ ပွင့်သွားပြီး မီဆို ပြေးဝင်လာတာပေါ့။
“လမ်းမှာ ကားတွေ အရမ်းပိတ်နေတာပဲ”
“...... ”
“ဟူး တော်သေးတာပေါ့၊ နောက်မကျလို့။ ဘယ်လိုလဲ ကတိတည်တဲ့ လူကြီးတစ်ယောက်ရဲ့ ဆွဲဆောင်မှုက”
ဒီနေ့လည်း မီဆိုရဲ့ မျက်နှာက မျက်နှာသေနဲ့ ဘာမှ မသိသာအောင် ဖုံးကွယ်ထားတာပဲ။ မီဆိုရဲ့ လက်ထဲမှာတော့ မုန့်တွေ၊ အအေးတွေ အပြည့်ထည့်ထားတဲ့ အမည်းရောင် ပလတ်စတစ်အိတ် နှစ်အိတ် ပါလာတာပေါ့။
“ဒီနေ့က အားလုံး စောင့်နေကြတဲ့နေ့ဆိုတော့ ဒါတွေ မပါလို့ မဖြစ်ဘူးလေ”
ဟုတ်တာပေါ့၊ ဒီနေ့ပဲလေ။ သူတို့တွေ အခုထိ လေ့လာထားတဲ့ ကိုယ့်ရဲ့ ပါတနာအကြောင်း သရုပ်ဆောင်ပြရမယ့်နေ့ပေါ့။ အခုထိ စကားတပြောပြောနဲ့ ရှိနေတဲ့ အဖွဲ့ဝင်တွေကတော့ နည်းနည်း စိတ်လှုပ်ရှားလာကြပြီ။
“ကောင်းပြီ၊ ကောင်းပြီ။ မင်းတို့ရဲ့ မျက်နှာထားတွေက တော်တော်လေး အဆင်ပြေတယ်။ မျှော်လင့်ထားတဲ့အတိုင်းပဲ လူတွေကြားမှာ ဒီလို တင်းမာမှုလေးတွေ ရှိနေဖို့ လိုတာပေါ့။ ကဲ ကဲ... မင်းတို့တွေ သွားပြီး ပြင်ဆင်ကြတော့။ နည်းလမ်းကတော့ ရိုးရိုးလေးပဲ၊ မင်းတို့ မြင်ခဲ့ရတာတွေကို အကျဉ်းချုပ်ပြီး ရှင်းပြရမယ်၊ ပြီးတော့ သေသေသပ်သပ်လေး သရုပ်ဆောင်ပြရမှာ။ တစ်ကိုယ်တော် ပြဇာတ်ဆိုတာ ဘာလဲဆိုတာ မင်းတို့ မြင်ဖူးထားကြပြီဆိုတော့ အဲဒီလိုမျိုးပဲ လုပ်ရမှာပေါ့။ စိတ်လှုပ်ရှားနေကြပြီ မဟုတ်လား။ ပျော်စရာကောင်းမယ့်ပုံပဲနော်”
မီဆိုက အဖွဲ့ဝင်တွေကို အကဲခတ်ရင်း မျှော်လင့်ချက်အပြည့်နဲ့ ပြောလိုက်တယ်။ မာရူးက မုန့်တွေနဲ့ အအေးတွေကို နေရာချပေးနေတုန်းမှာ မရှိသင့်တဲ့ အရာတစ်ခုကို တွေ့လိုက်ရတာပေါ့။
“နည်းပြ”
“ဟင်”
“ဒီဘီယာက...”
မာရူးက ဘီယာဘူးလေးကို ထုတ်ပြလိုက်တယ်။ မုန့်အိတ်တွေကြားထဲမှာ အကြော်တွေနဲ့ ငါးခြောက်လေးတွေကိုပါ တွေ့လိုက်ရတာလေ။ မီဆိုက စပ်ဖြီးဖြီးနဲ့ ဘီယာဘူးနဲ့ ဟင်းပွဲလေးတွေကို အမြန်ပဲ လှမ်းယူလိုက်တာပေါ့။
“အဲဒါတွေက ငါ့အတွက်လေ၊ စိတ်မပူပါနဲ့”
ဒီလိုမျိုးကြီး လုပ်တော့မှာပေါ့၊ ဆရာတေးဆစ်သာ ဒါကို မြင်ရင် ကောင်းမှာပဲ။ သူမကို တားဖို့ဆိုတာ အလကားပဲဆိုတာ အားလုံးက သိနေတော့ “အရမ်းကြီး မူးမသွားပါစေနဲ့” လို့ပဲ ပြောလိုက်ကြတော့တယ်။ တကယ်တော့ သူမလို သောက်နိုင်တဲ့သူက ဘီယာတစ်ဘူးတည်းနဲ့တော့ မူးသွားမှာ မဟုတ်ပါဘူးလေ။
“ဒါဆို ဘယ်သူက အရင်စမလဲ”
သူမက ဘီယာဘူးကို ဖွင့်ရင်း ပြောလိုက်တယ်။ အရင်ဆုံး သရုပ်ဆောင်ပြတဲ့သူက ပိုကောင်းတယ်ဆိုတာ သိကြပေမဲ့ ဘယ်သူမှတော့ အရင်မစချင်ကြဘူး။
“ပုံမှန်အတိုင်းဆိုရင်တော့ ဦးဆောင်ရမှာက ဒုတိယနှစ်တွေ မဟုတ်လား။ မင်းတို့က တစ်နှစ်ပိုပြီး အသက်ကြီးတာပဲလေ”
“ဝိုး ဒါက ခွဲခြားတာပဲ”
“မကြိုက်ရင်တော့ ယွန်းဂျုံ မင်းပဲ နည်းပြလာလုပ်လိုက်လေ”
“......ကျွတ်စ်”
“ကျွတ်စ် ဟုတ်လား ကောင်းပြီ ကလပ်ဥက္ကဋ္ဌက တခြားသူတွေအတွက် စံပြဖြစ်အောင် အရင်ဆုံး သွားပါဦးမယ်”
ယွန်းဂျုံတစ်ယောက် စကားပြောတာ ဘယ်လိုမှ မနိုင်တော့ဘူးဆိုတာ သိသွားလို့လားတော့ မသိဘူး၊ မျက်နှာပျက်ပျက်နဲ့ပဲ ထရပ်လိုက်တော့တယ်။ ယွန်းဂျုံ ရှေ့ထွက်သွားတာနဲ့ အားလုံးက စက္ကူတွေ ဒါမှမဟုတ် မှတ်စုစာအုပ်တွေ ထုတ်ပြီး သူမရဲ့ သရုပ်ဆောင်ချက်အပေါ် သုံးသပ်ချက်တွေ ရေးဖို့ ပြင်ကြတော့တာပေါ့။
မာရူးလည်း တခြားသူတွေလိုပဲ မှတ်စုစာအုပ် ထုတ်လိုက်တယ်။ ဒေးမြောင်ရဲ့ အကြံပေးချက်ကို တုံ့ပြန်တဲ့အနေနဲ့ သူ့သူငယ်ချင်းတွေကို လေ့လာတဲ့အခါမှာ သူ အရင်ကထက် ပိုပြီး အာရုံစိုက်ခဲ့တာလေ။ ဒီအိမ်စာကြောင့် တခြားသူတွေကို လေ့လာရတာ ဘယ်လောက် စိတ်ဝင်စားဖို့ကောင်းလဲဆိုတာကို သူ သင်ယူလိုက်ရတယ်။
လူတိုင်းမှာ ကိုယ်စီ ထူးခြားတဲ့ လက္ခဏာတွေ ရှိကြတာပေါ့။ ဒါပေမဲ့ အဲဒီလက္ခဏာတွေက အမြဲတမ်း ပေါ်နေတာတော့ မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ လူတွေက အခြေအနေအပေါ် မူတည်ပြီး ပြောင်းလဲတတ်ကြတာကိုး။ အမြဲတမ်း မမြင်ရပေမဲ့ အချိန်အကြာကြီး လေ့လာကြည့်ရင်တော့ သူတို့ရဲ့ အမူအရာတွေကို ရိပ်မိနိုင်ပါတယ်။ အသေးစိတ် အချက်အလက်လေးတွေကို စုစည်းပြီး ပုံကြမ်းဖော်လိုက်မယ်၊ ပြီးတော့မှ အသားပေးဖြည့်စွက်လိုက်ရင် ဒေးမြောင်ဆိုတဲ့ လူတစ်ယောက်အကြောင်းကို အကြမ်းဖျင်း ရှင်းပြလို့ ရသွားတာပေါ့။
“မာရူး”
“ဟင်”
“...... မိုက်မိုက်လေး သရုပ်ဆောင်ပေးပါဦးနော်”
ဒေးမြောင်က ခပ်ယဲ့ယဲ့လေး ပြုံးပြီး တောင်းဆိုတယ်။
သူတို့တွေ လွန်ခဲ့တဲ့ တစ်နှစ်လုံးလုံး အတူတူ ဖြတ်သန်းခဲ့ကြပေမဲ့ ဒါက ထူးထူးခြားခြား ရင်တုန်ဖို့ ကောင်းနေတုန်းပဲ။ ပြောရရင် အတန်းထဲမှာ သူငယ်ချင်းတွေရှေ့မှာ စကားပြောရတာနဲ့ အတူတူပါပဲ၊ အတူတူ ရယ်မော စကားပြောနေကျ လူတွေပဲဆိုပေမဲ့ အဲဒီလို ရှေ့ထွက်ပြောရပြီဆိုရင်တော့ ဘယ်လိုမှ စိတ်မအေးနိုင်ဘဲ ရင်တုန်နေရတာမျိုးပေါ့။
ဒီတစ်ခါတော့ အတန်းထဲမှာ စကားပြောရတာနဲ့တောင် နှိုင်းယှဉ်လို့ မရပါဘူး။
ဆိုယွန်းက သူမရဲ့ အသက်ရှူသံကို ထိန်းရင်း ရှေ့ကို ထွက်လာခဲ့တယ်။ ဒုတိယနှစ်တွေ ဘာလို့ ဒီလောက် ရင်တုန်နေလဲဆိုတာ သူမ နည်းနည်းတော့ နားလည်သွားပြီ။ ဒါက စင်ပေါ်မှာ ရပ်နေရတာနဲ့ မတူတဲ့ အတွေ့အကြုံသစ်တစ်ခုပဲ။
ဒီနေရာကနေဆိုရင် အကုန်လုံးကို အထင်အရှား မြင်နေရတာကိုး။
စင်ပေါ်မှာ ရပ်နေရင်တော့ ပရိသတ်တွေကို သေသေချာချာ မြင်ဖို့ ခက်တယ်၊ ဘာလို့လဲဆိုတော့ အလင်းရောင်တွေက သူတို့ရဲ့ မျက်နှာတွေကို ဝေဝါးသွားစေလို့ပေါ့။ အဲဒီလို ဝေဝါးနေတာကပဲ တည်ငြိမ်မှုပေးတဲ့ ခံစားချက်မျိုး ရှိစေတာ။ အခုတော့ ပရိသတ်တွေရဲ့ မျက်နှာတွေကို တစ်ကွက်ချင်းစီ မြင်နေရတာက သူမရဲ့ ခန္ဓာကိုယ်ကို တုန်ယင်သွားစေဖို့ လုံလောက်တာပေါ့။
ဆိုယွန်းတစ်ယောက် ကြက်သီးတွေတောင် ထလာသလိုပဲ။ ဘာလို့ ဒီလောက် ရင်းနှီးနေတဲ့ မျက်နှာတွေက ဒီလောက်တောင် အသစ်အဆန်းကြီး ဖြစ်နေရတာလဲ။ ကိုယ်သိတဲ့ လူတွေရှေ့မှာ သရုပ်ဆောင်ရတာက ထင်ထားတာထက် အများကြီး ပိုခက်ခဲနေတာပေါ့။
“ဘာလို့ ရင်တုန်နေတာလဲ ဆိုယွန်း မင်းနဲ့တောင် မတူဘူး”
“စီနီယာလည်း အပေါ်မှာတုန်းက တောင့်နေတာပဲလေ”
ဒန်မီက ယွန်းဂျုံကို တည့်တည့်ကြီး ထောက်ပြလိုက်တယ်။ သူမ ပြောသလိုပဲ ယွန်းဂျုံလည်း အားလုံးရဲ့ ရှေ့မှာ ရပ်နေတုန်းက နည်းနည်းတော့ ရင်တုန်နေခဲ့တာ။ ထိုင်နေတုန်းကတော့ ယွန်းဂျုံရဲ့ အဲဒီပုံစံကို ကြည့်ပြီး အံ့ဩနေခဲ့ကြပေမဲ့ အပေါ်ကို ရောက်တဲ့အချိန်မှာတော့ သူတို့အားလုံး နားလည်သွားကြတာပေါ့။
အဲဒီတုန်းကနဲ့ တူလိုက်တာ။
နည်းပြမီဆိုက သူတို့ကို အစောဆုံး လုပ်ခိုင်းခဲ့တဲ့ လေ့ကျင့်ခန်းလေ... ကုလားထိုင်ပေါ်မှာ ရပ်ပြီး တခြားသူတွေရဲ့ အာရုံစိုက်မှုကို ခံယူရင်း ဇာတ်ညွှန်းဖတ်ရတာပေါ့။ အဲဒီတုန်းက ခံစားချက်တွေ ပြန်ဝင်လာသလိုပဲ။
ငါ ကောင်းကောင်း လုပ်နိုင်ပါ့မလား။
စီနီယာယွန်းဂျုံကတော့ မိတ်ဆက်တုန်းက ရင်တုန်နေပုံရပေမဲ့ သရုပ်ဆောင်တဲ့ အချိန်မှာတော့ ခုနက ပုံစံက ဟန်ဆောင်ထားသလိုမျိုး တကယ်ကို ပြောင်မြောက်လှတဲ့ ပြကွက်တစ်ခု ဖြစ်အောင် လုပ်ပြသွားတာ။ ငါလည်း အဲဒီလို ဖြစ်နိုင်ပါ့မလား။ ဖြစ်ဖို့တော့ ခက်မယ် ထင်တယ်။ အခု ငါ့အခြေအနေနဲ့ဆိုရင် စကားလုံးတွေတောင် မှန်အောင် ထွက်ပါ့မလား မသိဘူး။
သူမ အဲဒီလို တွေးနေရင်းနဲ့ပဲ တေဂျွန်းအကြောင်းကို စပြီး ရှင်းပြလိုက်တော့တယ်။
တေဂျွန်းကို လေ့လာခဲ့တဲ့ ရက်တွေက သူမရဲ့ ခေါင်းထဲမှာ ဖြတ်ပြေးသွားတာပေါ့။ အစတုန်းကတော့ သူမ ရင်တုန်လွန်းလို့ သူ့ကို သေသေချာချာတောင် မကြည့်ရဲခဲ့ဘူး။ သူ့ကို အာရုံမစိုက်မိအောင် ကြိုးစားခဲ့ပေမဲ့ အတူတူ ဖြတ်သန်းခဲ့တဲ့ အချိန်တွေ များလာတာကြောင့် မတတ်နိုင်ခဲ့ပါဘူး။ နောက်ဆုံးတော့ သူနဲ့ နီးကပ်လာတဲ့အခါတိုင်း သူမရဲ့ လက်ဖဝါးတွေမှာ ချွေးတွေ စိုလာတဲ့အထိ ရင်ခုန်လာရတာပေါ့။ တေဂျွန်းက ရုပ်ချောသလို တခြားသူတွေအပေါ်မှာလည်း တကယ့်ကို ကြင်နာတတ်တဲ့သူလေ။ ဟိုဟိုဒီဒီ လာမေးပြီး သူ ပြတတ်တဲ့ ကြင်နာမှုတွေအောက်မှာ သူမရဲ့ နှလုံးသားလေး လှုပ်ခတ်ခဲ့ရတာပေါ့။ ဒါပေမဲ့ သူတို့နှစ်ယောက်က ဘယ်လိုမှ မလိုက်ဖက်ဘူးဆိုတာ သိနေတော့ သူမရဲ့ စိတ်ဝင်စားမှုကို လက်လျှော့လိုက်ရတာပါပဲ။
အစတုန်းကတော့ ‘ငါလို ဝဝတုတ်တုတ်ကောင်မလေးက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ’ လို့ တွေးခဲ့ပေမဲ့ မကြာခင်မှာပဲ သူမရဲ့ အတွေးကို ပြန်ပြင်လိုက်တယ်။ သူမက အပြင်ပန်း ရုပ်ရည်တွေ၊ ယောက်ျားတွေကြောင့်နဲ့တော့ အားငယ်နေမယ့်သူ မဟုတ်ပါဘူး။
ငါ့ရင်ထဲမှာ လိပ်ပြာလေးတွေ ဝဲနေတာနဲ့တင် လုံလောက်ပါပြီ။ တစ်ဖက်သတ် ချစ်ရတာကလည်း မဆိုးပါဘူးလေ။ ဒီလို ဖြူစင်တဲ့ အချစ်မျိုးကို ဘယ်အချိန်မှာ ထပ်ပြီး ခံစားရဦးမှာလဲ။ အဲဒီလို တွေးလိုက်တဲ့ အချိန်မှာတော့ တေဂျွန်းကို ရင်ဆိုင်ရတာ ပိုပြီး သက်သောင့်သက်သာ ဖြစ်လာတော့တာပေါ့။
ကောင်းပြီ။
ပထမဆုံးအနေနဲ့ တေဂျွန်းက စကားပြော အရမ်းများတယ်။ မိန်းကလေးတွေနဲ့ တစ်နေ့လုံး စကားပြောနေတာတောင် ပြောစရာ အကြောင်းအရာတွေ ကုန်မသွားတာက တကယ်ကို အံ့ဩစရာပဲ။ ပြီးတော့ သူက သူများစကားကိုလည်း သေသေချာချာ နားထောင်ပေးတတ်တယ်၊ အသေးစိတ်လေးတွေကို မှတ်မိပေးတတ်တယ်၊ ဖော်ရွေတယ်၊ ပြီးတော့ ခင်ဖို့လည်း ကောင်းတာပေါ့။
ဒါပေမဲ့ သူ့မှာလည်း နည်းနည်း အပိုလုပ်တတ်တဲ့ အပိုင်းတွေတော့ ရှိတာပေါ့။
အားနည်းချက်ဆိုရင်တော့... အချစ်က မျက်စိကန်းစေလို့လားတော့ မသိဘူး၊ သူမကတော့ ဘာမှ မမြင်မိဘူး။ ဪ သူ့ရဲ့ ကိုယ်ကာယ ကြံ့ခိုင်မှုက နည်းနည်း အားနည်းတာမျိုး ဖြစ်နိုင်တာပေါ့။
သူမက အဲဒီအချက်အလက်တွေကို သုံးပြီး တေဂျွန်းဆိုတဲ့ ဇာတ်ကောင်ကို ပုံဖော်လိုက်တယ်။ တကယ့် တေဂျွန်းနဲ့ ဘယ်လောက်တောင် တူလဲဆိုတာကိုတော့ ရှေ့မှာ ထိုင်နေတဲ့ အဖွဲ့ဝင်တွေကိုပဲ ဆုံးဖြတ်ခိုင်းလိုက်တော့တာပေါ့။
“ဒါကတော့ ကျွန်မ မြင်ရတဲ့ တေဂျွန်းပါ”
သူမက အကျဉ်းချုပ် ရှင်းလင်းချက်ကို အဆုံးသတ်လိုက်တယ်။
ကဲ သရုပ်ဆောင်တာ စကြရအောင်။
စိတ်ထဲမှာ ဇာတ်ကောင်ကို ပုံဖော်လိုက်တဲ့ အချိန်မှာတော့ တုန်ယင်နေတာတွေ ချက်ချင်း ပျောက်သွားတော့တာပဲ။
လေ့ကျင့်ခန်းတွေကတော့ လိမ်မပြောဘူးပေါ့။
ဆိုယွန်းက တေဂျွန်းလိုမျိုး အော်ဟစ်ဆူညံပြီး သူ့ရဲ့ သရုပ်ဆောင်ချက်ကို စလိုက်တယ်။
“ဟေး ဟေး အဲဒါ မြင်လိုက်လား။ မြင်လိုက်လားလို့။ ဟေး ဟေး…. ငါ့ကို ခဏလောက် ကြည့်ပါဦး”
“ဒီလိုမျိုး ပျော်စရာမကောင်းတဲ့ကြားမှာတောင် အားလုံးက ကောင်းကောင်း ပြင်ဆင်လာကြတဲ့ပုံပဲ”
မီဆိုကတော့ တခြားတစ်ခုခုကို မျှော်လင့်နေပုံရပါတယ်။
အခု ကျန်တာက ဂွန်ဆော့နဲ့ ဒေးမြောင်ပဲ ရှိတော့တယ်။ မာရူးက ဒေးမြောင်ကို တကယ့် လေ့လာသူကောင်းတစ်ယောက်အဖြစ် ပုံဖော်ခဲ့ပြီး ပုံမှန်ဆိုရင် ရှက်တတ်ပေမဲ့ စင်ပေါ်ရောက်ရင်တော့ ၁၈၀ ဒီဂရီ ပြောင်းလဲသွားတဲ့ ဒေးမြောင်အဖြစ် သရုပ်ဆောင်ပြခဲ့တာ။ အားလုံးကလည်း ခေါင်းညိတ်ပြီး ထောက်ခံကြတာပေါ့။ ကားမောင်းတဲ့သူက လက်ကိုင်ဘီးကို ကိုင်လိုက်ရင် စရိုက်ပြောင်းသွားသလိုမျိုး ဒေးမြောင်ကလည်း စင်ပေါ်ရောက်ရင် ဘယ်သူထက်မဆို ယုံကြည်မှုတွေ ရှိနေတာလေ။
“နောက်တစ်ယောက်ကတော့ ဟောင်ဂွန်ဆော့”
ဂွန်ဆော့ အလှည့်ရောက်ပြီ။ သီးသန့်သင်တန်းတွေ တက်ပြီးတဲ့နောက်မှာ ဂွန်ဆော့က အများကြီး ပြောင်းလဲသွားခဲ့တာ။ ဒေးမြောင်က ပတ်ဝန်းကျင်ကို လေ့လာပြီး နားလည်နိုင်စွမ်း တက်လာတယ်ဆိုရင် ဂွန်ဆော့ကတော့ ဖော်ပြနိုင်စွမ်းက အံ့ဩစရာကောင်းလောက်အောင် တိုးတက်လာခဲ့တာပေါ့။ ဂွန်ဆော့က အရင်ကတည်းက သရုပ်ဆောင်ကောင်းတဲ့သူဖြစ်သလို ဇာတ်ကောင်ကို တကယ်ဖြစ်လာအောင် ဘယ်သူထက်မဆို ပိုပြီး အာရုံစိုက်တတ်တာလေ။
မီဆိုကတော့ သူသာ စိတ်ဓာတ်ကြံ့ခိုင်မှုကို ထပ်ပြီး လေ့ကျင့်လိုက်ရင် သူ့ရဲ့ သရုပ်ဆောင်ချက်က နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မယ်လို့ ယုံကြည်နေတာ။ ဂွန်ဆော့ရဲ့ နည်းပြက မကြာခင်ကတင် တီဗီဇာတ်လမ်းတွဲတစ်ခုမှာ ဇာတ်ပို့အဖြစ် ပါဝင်ခဲ့တဲ့သူလို့ ကြားတယ်။ မာရူး မှတ်မိသလောက်ဆိုရင် ဆူယွန်း ထင်ပါရဲ့။
“ကျွန်တော် စပါတော့မယ်”
ဂွန်ဆော့က ဘာမှ တွန့်ဆုတ်မနေတဲ့ အသံနဲ့ ပြောလိုက်တယ်။ ဂွန်ဆော့ လေ့လာရမယ့်သူကတော့ ယွန်ရင်ပေါ့။ မီဆိုက ဒီပါတနာတွေကို သတ်မှတ်ပေးကတည်းက သူမမှာ ကိုယ်ပိုင် ရည်ရွယ်ချက်တွေ ရှိနေတာ သိသာပါတယ်။ ခုနတုန်းက ယွန်ရင် သရုပ်ဆောင်ပြခဲ့တဲ့ ဂွန်ဆော့ကတော့ သာမန်ပါပဲ၊ သရုပ်ဆောင်ကောင်းတဲ့ အေးဆေးတဲ့ ကောင်လေးတစ်ယောက်ပေါ့။ အဲဒီ သရုပ်ဆောင်ချက်ထဲမှာ ယွန်ရင်ရဲ့ အချစ်တွေ ပါဝင်နေတာကြောင့် ဂွန်ဆော့ကို တကယ့်ကို ရိုမန်တစ်ဆန်တဲ့သူ ဖြစ်အောင် လုပ်ပြသွားတာလေ။ ဂွန်ဆော့က ခဏလောက် ငြိမ်နေပြီးမှ ပါးစပ်ကို ဖွင့်လိုက်တယ်။
“တခြားသူတွေနဲ့ဆိုရင် နည်းနည်း အနေရခက်လာသလိုပဲ၊ ငါ ဘာလုပ်ရမလဲ”
မာရူးက အဲဒီစကားကို ကြားတာနဲ့ သူ့ရဲ့ မျက်ခုံးတွေကို ကုတ်လိုက်မိတယ်၊ အားလုံးရဲ့ အကြည့်တွေက ယွန်ရင် ဆီကို ရောက်သွားတာ သူ ခံစားလိုက်ရတာပေါ့။ ဒါဟာ ဇာတ်ကောင် ပုံဖော်တာမှာ ပထမဆုံးအကြိမ် အနုတ်သဘောဆောင်တဲ့ ဖော်ပြချက်ပဲ။ မာရူးက မီဆိုကို လှမ်းကြည့်လိုက်တော့ သူမက လက်ပိုက်ပြီး ကြည့်နေတာ တွေ့ရတယ်။ သူမက ဘီယာဘူးကိုတောင် ပထမဆုံးအကြိမ် လက်ကနေ ချထားလိုက်တာပေါ့။
* * * * * * * * *