← Chapters

အခန်း (၁၂၁-၁၂၂)

Vol. 13 Ch. 121-122

အခန်း (၁၂၁-၁၂၂)

Vol. 13 Ch. 121-122

အခန်း(၁၂၁)

ပြဇာတ်ရုံထဲက လေထုက တစ်ခဲနက် အေးစက်သွားတယ်။ ဇာတ်ကောင်ကို အနုတ်သဘောဆောင်တဲ့ ပုံစံနဲ့ ဖော်ပြခဲ့လို့တင် မဟုတ်ဘူး။ ဂွန်ဆော့က ယွန်ရင်ရဲ့အကြောင်းကို သရုပ်ဆောင်ပြခဲ့တဲ့ ပုံစံကြောင့် အခုလို ဖြစ်သွားရတာ။ သရုပ်ဆောင်ချက်တွေက ဘာလှုံ့ဆော်မှုမှမပါဘဲ သာမန်စကားပြောဟန်နဲ့ပဲ သွားနေတာလေ။ ဇာတ်ကောင်ရဲ့ စရိုက်ကတော့ စိတ်နှစ်ခွဖြစ်နေတဲ့ ဝေဒနာရှင်တစ်ယောက်ပေါ့။ ယွန်ရင်ရဲ့ အတွင်းစိတ်နဲ့ အပြင်ပန်းသဏ္ဍာန်ကို ခွဲပြီး သရုပ်ဆောင်ပြနေတာ။

“ငါ တခြားသူတွေနဲ့ သူငယ်ချင်းဖြစ်ဖို့ လိုလို့လား။ မလိုပါဘူး။ အဲဒီလို မထင်ဘူး။ ငါကတော့ သက်သောင့်သက်သာ နေချင်တာ၊ ဒါပေမဲ့ ငါ့ရဲ့ ကိုယ်ပိုင်နယ်ပယ်ထဲကို သူတို့တွေ ကျူးကျော်ဝင်ရောက်လာတာမျိုးတော့ မလိုချင်ဘူး။ တစ်ယောက်တည်းဆိုတော့ ပျံလွင့်နေသလို ခံစားရတာတော့ အမှန်ပဲ။ ဒါပေမဲ့ တခြားသူတွေကိုပဲ အမြဲတမ်း အားကိုးနေလို့မှ မရတာ”

ဂွန်ဆော့က စိတ်နှစ်ခွဖြစ်နေတဲ့ ဇာတ်ကောင်ရဲ့ အမူအရာကို ရိုးရိုးရှင်းရှင်းလေးပဲ ပုံဖော်သွားတာ။ သရုပ်ဆောင်နေတုန်းမှာ သူလုပ်ပြတဲ့ အမူအရာအများစုကတော့ စိတ်လှုပ်ရှားတာနဲ့ ယုံကြည်မှုရှိတာကို ပြဖို့အတွက် ပခုံးကို အသာအယာ လှုပ်ရုံပဲ ရှိတာ၊ ကျန်တာ ဘာမှမပါဘူး။ ကျန်တဲ့ ခံစားချက်တွေအကုန်လုံးကိုတော့ သူ့ရဲ့ မျက်နှာအမူအရာကနေတစ်ဆင့် ဖော်ပြသွားတာပေါ့။

“ညဘက် အပြင်ထွက်ရမှာကို ငါ ကြောက်နေတုန်းပဲ။ ငါ ဘာလုပ်ရမလဲ။ အဲဒါကို ကျော်လွှားရမယ်။ ငါက အဲဒီလောက်ကြီးလည်း သတ္တိရှိတာ မဟုတ်ပါဘူး။ ဘာလဲ၊ နင်က ကျော်လွှားဖို့တောင် ကြိုးစားမှာ မဟုတ်ဘူးလား။ ငါ့ကို သတ္တိပေးပါ။ သတ္တိဆိုတာ တခြားသူတွေ ပေးလို့ရတဲ့အရာ မဟုတ်ဘူး။ ကိုယ့်ဘာသာကိုယ် သတ္တိရှိအောင် လုပ်ယူရတာ”

မာရူးက ယွန်ရင်ဘက်ကို တိတ်တိတ်လေး လှည့်ကြည့်လိုက်တယ်။ ဂွန်ဆော့ ပြောနေတာတွေက အပြင်ပန်း လေ့လာရုံနဲ့ သိနိုင်တဲ့ အရာတွေ မဟုတ်ဘူး။ တကယ့်ကို ပုဂ္ဂိုလ်ရေးဆန်တဲ့ လျှို့ဝှက်ချက်တွေကို အပြင်ထုတ်ပြနေသလို ခံစားရတာ။ ဂွန်ဆော့ရဲ့ သရုပ်ဆောင်ချက်ကို ကြည့်ရင်း ယွန်ရင် ဘာတွေ တွေးနေမလဲဆိုတာကို မာရူး သိချင်မိသွားတယ်။

‘အင်း’

ယွန်ရင်ရဲ့ မျက်နှာက တောင့်တင်းနေတာပေါ့။ ဒါပေမဲ့ ဂွန်ဆော့က သရုပ်ဆောင်တာကို ဆက်လုပ်နေတဲ့အခါမှာတော့ ယွန်ရင်ရဲ့ မျက်နှာအမူအရာက ဖြည်းဖြည်းချင်း ပုံမှန် ပြန်ဖြစ်လာတယ်။ သူမရဲ့ မျက်နှာပေါ်မှာ ရှက်ရွံ့တာ၊ စိတ်လှုပ်ရှားတာ၊ စိုးရိမ်တာတွေကနေ စိတ်သက်သာရာရတာ၊ ယုံကြည်မှုရှိတာနဲ့ ယုံကြည်ချက်တွေအထိ ခံစားချက်မျိုးစုံ ဖြတ်ပြေးသွားတာ။ သေချာတာတစ်ခုကတော့ ယွန်ရင်က ဂွန်ဆော့ကို အမြင်မကြည်တဲ့ပုံစံမျိုး မဟုတ်ဘူးဆိုတာပဲ။

“ငါ တခြားသူတွေရဲ့ အကူအညီ လိုတယ်။ အဲဒါသာ မရှိရင် ငါ လက်လျှော့မိမှာ သေချာတယ်။ နင် တကယ်ပဲ အဲဒီလို ထင်တာလား။ နင်က တခြားလူတစ်ယောက်ကို အပြည့်အဝ ထောက်ပံ့ပေးနေပြီပဲဟာ။ ငါကလား။ ငါ့အခြေအနေက ဒီလိုကြီးဖြစ်နေတာတောင်မှလား။ ဒါပေါ့၊ နင့်ဘဝမှာ အနည်းဆုံး လူတစ်ယောက်ကိုတော့ အပြည့်အဝ ထောက်ပံ့ပေးနေတာပဲလေ”

စကားလုံးတွေက အစတုန်းကလိုပဲ အဆုံးသတ်သွားတယ်၊ အဘွားအိုတစ်ယောက်က ရှေးဟောင်းပုံပြင်တစ်ပုဒ်ကို ပုံမှန်အရှိန်လေးနဲ့ တည်တည်ငြိမ်ငြိမ် ပြန်ပြောပြနေသလိုမျိုးပေါ့။ ကပွဲရုံထဲမှာ ခဏလောက်အထိ ဘာသံမှ ထွက်မလာဘူး။ ဟာလာဟင်းလင်း ဖြစ်နေတဲ့ ခံစားချက်ကြီးက မီဆိုရဲ့ အသံထွက်လာတော့မှပဲ ပြီးဆုံးသွားတော့တယ်။

“ယွန်ရင်ရဲ့ ဘယ်လိုအပိုင်းကို အခြေခံပြီး ဇာတ်ကောင်ကို ပုံဖော်လိုက်တာလဲ”

“သူမရဲ့ ခက်ခဲပြီး နာကျင်စရာကောင်းတဲ့ အတိတ်အကြောင်းကို သူမဆီကနေ ကြားခဲ့ရလို့ပါ”

“အတိတ်ပေါ့၊ အဲဒါကို အခြေခံပြီး သရုပ်ဆောင်ပြခဲ့တာလား”

“ဟုတ်ကဲ့”

“တခြားသူတွေအတွက် အပြင်ပန်းသဏ္ဍာန်တစ်ခုနဲ့ အတွင်းစိတ်တစ်ခုဆိုပြီး ခွဲပြီး သရုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ”

“သရုပ်ဆောင်တာနဲ့ စကားလုံးတွေက တိုတောင်းပေမဲ့ တခြားသူတွေရှေ့မှာ ပြသရမှာဆိုတော့ တစ်ခုခုကို ဖော်ပြချင်တဲ့ စိတ်ကူးရှိခဲ့တာပါ။ အဲဒါကြောင့် လူတစ်ယောက်အတွက်ပဲ ရည်ရွယ်ပြီး သရုပ်ဆောင်ပြဖို့နဲ့ သတင်းစကားတစ်ခု ပါးဖို့ စိတ်ကူးရခဲ့တာပါ”

“ယွန်ရင်အတွက်လား”

“ဟုတ်ကဲ့”

မီဆိုက လက်ပိုက်ပြီး မျက်လုံးမှိတ်လိုက်တယ်။ တကျိကျိမြည်နေတဲ့ ခေါက်ကုလားထိုင်ပေါ်မှာ ဟိုဘက်ဒီဘက် လှုပ်ရှားနေပြီးမှ ရုတ်တရက် ထရပ်လိုက်တာ။

“လက်ခုပ် သုံးချက် တီးလိုက်ကြ”

ဖြောင်း၊ ဖြောင်း၊ ဖြောင်း။ ပြဇာတ်ကလပ် အဖွဲ့ဝင်တွေက နောက်မှာ ဘာဖြစ်မလဲဆိုတာကို သိချင်နေတဲ့ မူကြိုကလေးတွေလိုမျိုး လက်ခုပ်တီးလိုက်ကြတယ်။

“သတင်းစကား ပါးဖို့အတွက် သရုပ်ဆောင်တာပေါ့။ ငါ ကောင်းကောင်း လေ့လာလိုက်ရပါတယ်။ ပရိသတ်တွေကလည်း မင်းရဲ့ သတင်းစကားကို သဘောကျကြပုံရတော့ ဒီသရုပ်ဆောင်ချက်ကို အမှတ်တစ်ရာ ပေးလိုက်မယ်။ မင်း တော်တော်လေး စဉ်းစားခဲ့ပုံပဲ။ ကောင်းတယ်”

ဂွန်ဆော့ရဲ့ မျက်နှာက ဝင်းပသွားတာပေါ့။ နွေရာသီကျောင်းပိတ်ရက် ပြီးကတည်းက မီဆိုက သူ့ကို ဒီလောက်အထိ တစ်ခါမှ မချီးကျူးဖူးတာကြောင့် ဒါက ဖြစ်သင့်တဲ့ကိစ္စပါပဲ။ မီဆိုက ကျေနပ်တဲ့ အပြုံးနဲ့ သူ့နေရာမှာ ပြန်ထိုင်လိုက်တယ်။

“အိုး... မိုက်တယ်ဟ”

“ငါတို့ ကလပ်ရဲ့ အနာဂတ်ဆိုတာ မင်းပဲ”

ယွန်းဂျုံနဲ့ ဒန်မီက သူတို့နေရာကို ပြန်လာတဲ့ ဂွန်ဆော့ကို လက်မထောင်ပြပြီး အားပေးလိုက်ကြတယ်။ ဂွန်ဆော့က ယွန်ရင်ဘေးမှာ ထိုင်လိုက်ရင်း အပြုံးကို ထိန်းထားတာပေါ့။

‘သတင်းစကားတဲ့လား...’

သရုပ်ဆောင်ချက်က သူမရဲ့ စိတ်ထဲက နက်ရှိုင်းပြီး မှောင်မိုက်တဲ့ နေရာတွေအထိ ရောက်သွားပေမဲ့ သက်ဆိုင်သူကိုယ်တိုင်ကတော့ တော်တော်လေး ကျေနပ်နေပုံရတယ်။ ဒါက ဘာကို ဆိုလိုတာပါလိမ့်။ သူမရဲ့ အတွင်းစိတ် နက်နက်ရှိုင်းရှိုင်းအထိ ထိခိုက်စေခဲ့တဲ့ တစ်ခုခု ရှိနေလို့လား။ ဒါကိုတော့ သူတို့နှစ်ယောက်ပဲ အသိဆုံး ဖြစ်မှာပေါ့။

“ဒါပေမဲ့”

မီဆိုက ခြေထောက်ချိတ်လိုက်ပြီး ရှင်းပြတော့တယ်။

“ဘာဖြစ်နေလဲဆိုတာကို တစ်စက်မှ မသိတဲ့ ပရိသတ်တွေအတွက်တော့ ဒီသရုပ်ဆောင်ချက်က တော်တော်လေး အနေရခက်စေလိမ့်မယ်။ လူတစ်ယောက်တည်းအတွက် သတင်းစကားပါးဖို့ သရုပ်ဆောင်တာက ကောင်းပေမဲ့ နောက်တစ်ခါကျရင်တော့ ပရိသတ်အများကြီးရဲ့ လက်ခုပ်သံကို ရအောင် ကြိုးစားကြည့်ပါ။ ပြီးတော့ တခြားသူရဲ့ ပုဂ္ဂိုလ်ရေးရာ ဇာတ်လမ်းတွေကို သုံးမယ်ဆိုရင် သက်ဆိုင်သူဆီကနေ အရင်ဆုံး ခွင့်တောင်းသင့်တယ်။ မဟုတ်ရင် ကိစ္စတွေက ရှုပ်ထွေးသွားနိုင်တယ်”

ဂုဏ်ယူနေတဲ့ ကောင်လေးရဲ့ မျက်နှာပေါ်မှာ မျက်မှောင်ကြုတ်သွားတာကို မာရူး သတိထားမိလိုက်တယ်။ မီဆိုက ဂွန်ဆော့ကို လှည့်တောင်မကြည့်ဘူး။ ဂွန်ဆော့ရဲ့ ပါးစပ်က ဟိုဟိုဒီဒီ လှုပ်ရှားနေတာကို ကြည့်ရင် ‘သူမက ဘာသိလို့လဲ’ ဆိုတဲ့ ပုံစံမျိုးနဲ့ တစ်ယောက်တည်း ရေရွတ်နေပုံရတာ။

‘ဒီအတိုင်းပဲ ထားလိုက်လို့ ရတာကို’

ရှားရှားပါးပါး ချီးကျူးခံရတယ်လို့ သူ ထင်လိုက်ပေမဲ့ နောက်ဆုံးတော့လည်း သင်ခန်းစာယူပြီး ပြင်ဆင်ရမယ့်အရာနဲ့ပဲ အဆုံးသတ်သွားတာပေါ့။ ဒါက သူမရဲ့ အလုပ်လုပ်ပုံပဲဆိုတော့လည်း မတတ်နိုင်ဘူးလေ။

“နောက်တစ်ယောက် ဒေးမြောင်”

“ဟုတ်ကဲ့”

ဒေးမြောင်က တောင့်တောင့်ကြီးနဲ့ ရှေ့ကို ထွက်လာတယ်။ တခြားသူတွေ ဘာပဲပြောပြော လောလောဆယ်မှာတော့ ဂွန်ဆော့က ပြဇာတ်ကလပ်မှာ အကောင်းဆုံး သရုပ်ဆောင်ပဲ။ ဂွန်ဆော့ရဲ့ သရုပ်ဆောင်ချက်မှာ စွမ်းအားရှိတယ်။ ခိုင်မာတဲ့ အခြေခံတွေကြောင့် သူ့ကို အာရုံမစိုက်ဘဲ မနေနိုင်အောင် ဖြစ်ရတာ။

ဒါ့အပြင် သူ့မှာ လန်းဆန်းတဲ့ စကားပြောဟန်နဲ့ ဖော်ပြချက်မျိုးစုံလည်း ရှိသေးတယ်။ ဂျွန်မင်းကလည်း အရင်တုန်းက ပြောဖူးတယ်၊ သူ လေ့လာနေတဲ့ ကျောင်းသားတွေထဲက တစ်ယောက်ကို ရွေးရမယ်ဆိုရင် ဂွန်ဆော့ကိုပဲ ရွေးမှာတဲ့။ ဂွန်ဆော့ကသာ ပိုက်ဆံတောင်းမယ်ဆိုရင် ဝမ် သန်း ၅၀၀ အထိ ပေးဖို့ အဆင်သင့်ပဲလို့တောင် ပြောခဲ့တာ။

လူတစ်ယောက်ရဲ့ တန်ဖိုးကို ပိုက်ဆံနဲ့ မတိုင်းတာသင့်ဘူးဆိုပေမဲ့ ဘဝရဲ့ အရေးကြီးတဲ့ အရာတော်တော်များများကတော့ ပိုက်ဆံနဲ့ ဆက်နွှယ်နေတာ အမှန်ပဲ။ ဝမ် သန်း ၅၀၀ တန်တယ်ဆိုတာက သူ့ရဲ့ အလားအလာကို ပြောတာပေါ့။

ဒါပေါ့၊ ဂွန်ဆူရဲ့ ညီဖြစ်နေတာကလည်း အဲဒီအလားအလာအတွက် အများကြီး သက်ရောက်မှု ရှိတာပေါ့။ ဂွန်ဆူကတော့ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်လာမှာ သေချာနေပြီး သူကသာ ဂွန်ဆော့ကို လမ်းညွှန်ပြသပေးမယ်ဆိုရင်တော့ အကျိုးသက်ရောက်မှုက အကြီးအကျယ် ဖြစ်လာမှာ။

ဂျွန်မင်းက လူတွေကို ကုန်ပစ္စည်းတစ်ခုလို မြင်တတ်တာ။ သူ့အလုပ်ကတော့ ရောင်းတန်းဝင်မယ့် အလားအလာရှိတဲ့ ပစ္စည်းတွေကို ရှာဖွေဖို့ပဲ။ နည်းပြတွေကတော့ ပျိုးထောင်ပေးရမယ့် တာဝန်ရှိတာပေါ့။ ကာတ်တင်း ဒါရိုက်တာတွေကတော့ ဘယ်ပစ္စည်းက ရောင်းလို့ရမလဲဆိုတာကို ရွေးချယ်ကြတာ။ ဒါ့အပြင် ရောင်းတန်းဝင်ဖို့အတွက် ဆွဲဆောင်မှုရှိတဲ့ အချက်တစ်ခုလည်း လိုအပ်သေးတာဆိုတော့ အနာဂတ် စူပါစတားတစ်ယောက်ရဲ့ ညီဆိုတဲ့ အမှတ်တံဆိပ်က ဂျွန်မင်းအတွက် ဂွန်ဆော့အပေါ် ရင်းနှီးမြှုပ်နှံဖို့ လုံလောက်တဲ့ အကြောင်းပြချက်ပဲ။

အဲဒီလို ရှုထောင့်က ကြည့်ရင် ဂျွန်မင်းက အခွင့်အရေးနဲ့ ပါရမီကို ကြည့်တတ်တဲ့နေရာမှာ တကယ်ကို တော်တဲ့သူပဲ။ ဂွန်ဆူ အောင်မြင်လာမယ်ဆိုတာကို သူ ကြိုမြင်နေတာကိုး။ သူ့မှာ ဂန်ဟွမ်လည်း ရှိသေးတယ်။ သူ့လက်အောက်မှာ စူပါစတား နှစ်ယောက်တောင် ရှိနေတာလေ။

‘ငါသာ ကြိုးစားရင် ငါလည်း ကံစမ်းမဲ ပေါက်သလိုမျိုး ဖြစ်လာနိုင်မလား’

ဘာပဲဖြစ်ဖြစ် မာရူးကတော့ သူ့ရဲ့ အာရုံစိုက်မှုကို ရရှိခဲ့တာ။ သူကတော့ ဂျွန်မင်းကိုပဲ ယုံကြည်ဖို့ ဆုံးဖြတ်လိုက်တယ်။

‘ငါ့မှာ ရှိသမျှ အရာအားလုံးကို ပုံအောပြီး သရုပ်ဆောင်ဖို့ အဆင်သင့်ပဲ’

ဆရာမွန်ဂျောင်ဆီမှာ အရာအားလုံးကို ပုံအောလိုက်ပြီးတဲ့နောက်မှာတော့ အရာရာကို သရုပ်ဆောင်တဲ့ ရှုထောင့်ကနေပဲ စပြီး မြင်တတ်လာတယ်။ အရာတစ်ခုခုအပေါ်မှာ ကိုယ့်ရဲ့ အစွမ်းအစအားလုံးကို နှစ်မြှုပ်ထားနိုင်တာက တကယ့်ကို စစ်မှန်တဲ့ ပျော်ရွှင်မှုတစ်ခုပဲ။ အခုလို အလေးအနက်ထားပြီး သရုပ်ဆောင်ဖို့ ပြင်ဆင်နေရတဲ့ အချိန်လေးက တကယ်ကို ပျော်စရာကောင်းတာ။

အဲဒီလို တွေးနေတုန်းမှာပဲ ဒေးမြောင်က သူ့ရဲ့ ရှင်းပြချက်ကို အဆုံးသတ်လိုက်တယ်။ စကားမစခင်မှာ ဒေးမြောင်က မာရူးဘက်ကို နည်းနည်း တွန့်ဆုတ်တုန်လှုပ်တဲ့ အကြည့်နဲ့ ကြည့်လိုက်ပေမဲ့ မာရူးကတော့ အတွေးတွေကို သူ့ဘာသာ စုစည်းရင်း ခေါင်းကို ဟိုဘက်ဒီဘက် ဖြည်းဖြည်းချင်းပဲ ခါပြနေတာ။

ဂွန်ဆော့ရဲ့ သရုပ်ဆောင်ဟန်က အမှောင်ထုထဲကို စူးစိုက်ကြည့်တဲ့ပုံစံမျိုး။ အဲဒီနဲ့ ဆန့်ကျင်ဘက်အနေနဲ့ ဒေးမြောင်ရဲ့ သရုပ်ဆောင်ဟန်ကတော့ ဘယ်သူ့ရဲ့ ထိလွယ်ရှလွယ်တဲ့ နေရာတွေကိုမှ ထိုးဆွဖို့ မကြိုးစားဘူး။ ဒေးမြောင်ရဲ့ သရုပ်ဆောင်ဟန်က မာရူးကတော့ တခြားသူတွေကိုတောင် ကြွားချင်စရာကောင်းပြီး ပရိသတ်အားလုံးကို ထည့်သွင်းစဉ်းစားပြီး ဆွဲဆောင်ရမယ်ဆိုတဲ့ မီဆိုရဲ့ သင်ခန်းစာအတိုင်းပဲ။

ဒေးမြောင်က အသေအလဲ ပြင်ဆင်လာတာ။ သူ့ဇာတ်ညွှန်းက ရိုးရိုးလေးပဲလို့ သူပြောခဲ့ပေမဲ့ မာရူးကို ပြခဲ့တဲ့ စကားလုံးအချို့ကတော့ ရိုးရှင်းတာထက် ပိုတယ်၊ အဲဒီထဲမှာ နက်နက်ရှိုင်းရှိုင်း အဓိပ္ပာယ်ဖော်ဆောင်ရမယ့် အပိုင်းတွေ အများကြီး ပါနေတာကိုး။ ဒေးမြောင်က အနေရခက်တဲ့ပုံစံနဲ့ ဟိုဟိုဒီဒီ ကြည့်ရင်း ကုလားထိုင်တစ်လုံးကို ယူလာတယ်။ ဒါကတော့ ပြဇာတ်မစခင်မှာ ဇဝေဇဝါဖြစ်ပြီး အနေရခက်နေတဲ့ ဒေးမြောင်ရဲ့ ပုံစံပေါ့။

“အဆင်သင့်ဖြစ်ရင် စလိုက်တော့။ တို့တွေကို အရမ်းကြီးတော့ မစောင့်ခိုင်းနဲ့ဦး”

မီဆိုရဲ့ စကားကို ဒေးမြောင်က ခေါင်းညိတ်ပြလိုက်တယ်။

“အခု စပါတော့မယ်”

ဒေးမြောင်က ကုလားထိုင်ပေါ်မှာ ထိုင်ပြီး အသက်ကို ပြင်းပြင်းရှူနေတာကို မြင်ရတယ်။ အသက်ကို ပြင်းပြင်းရှူထုတ်လိုက်ပြီးနောက်မှာတော့ သူ ပြင်ဆင်တာတွေ ပြီးသွားပြီ။ သူ မျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်လိုက်တဲ့အခါမှာတော့ အမူအရာတွေ ပြောင်းလဲသွားတာကို တွေ့ရတယ်။ ဂွန်ဆော့လိုမျိုး ပြင်းထန်တဲ့ စွမ်းအင်တွေ မရှိပေမဲ့ ပရိသတ်ရဲ့ အာရုံကို ဆွဲဆောင်နိုင်တဲ့ နည်းလမ်းတစ်ခုတော့ သူ့မှာ ရှိတာပေါ့။ အဆိုတော်တစ်ယောက်က မိုက်ကို ကိုင်လိုက်တဲ့အခါမှာ ပရိသတ်တွေက ဘာသီချင်း ထွက်လာမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်နေသလိုမျိုးပဲ။

ဒါကတော့ ဒေးမြောင် ပြသနိုင်တဲ့ အရာပဲ။ ဒီမှာရှိတဲ့သူတိုင်းက ဒေးမြောင်ရဲ့ သရုပ်ဆောင်စွမ်းရည်ကို သိကြတယ်။ ပထမဆုံး ကပြခဲ့တဲ့ ပြဇာတ်မှာတင် သူက အသက် ၄၀ ကျော် အရွယ် ရုံးဝန်ထမ်းတစ်ယောက်အဖြစ် ပြစ်ချက်မရှိ သရုပ်ဆောင်နိုင်ခဲ့တာလေ။ သူ့ရဲ့ သရုပ်ဆောင်ချက်တွေက ထူးထူးခြားခြားကြီး သိသာမနေဘူး။ ဒါက မကောင်းတာ မဟုတ်ဘူး၊ သူ့ရဲ့ ဇာတ်ကောင်ထဲမှာ သဘာဝကျကျ စီးမျောနေတာကို ဆိုလိုတာ။ ‘ဒယ်ဆော့ဒေါင်က လူများ’ ပြဇာတ်မှာလည်း သူက ရိုင်းစိုင်းတဲ့ အထက်တန်းကျောင်းသားတစ်ယောက်ရဲ့ စရိုက်ကို အသက်သွင်းနိုင်ခဲ့တာလေ။

‘ဒေးမြောင်ရဲ့ သရုပ်ဆောင်ချက်မှာ အခြေခံအကျဆုံးက သဘာဝကျတာပဲ’

သူ့မှာ အပြင်းစား အားထုတ်မှုတွေ တစ်ခုမှ မရှိဘူး။ သူ့ရဲ့ ဝဝတုတ်တုတ် ကိုယ်လုံးကိုယ်ပေါက်ကပဲ သူ သရုပ်ဆောင်ရမယ့် ဇာတ်ကောင်တွေက အဲဒီလိုလူမျိုးတွေ မဟုတ်ဘူးဆိုတာကို သက်သေပြနေတာ။ ဒါပေမဲ့ သူ့မှာ ပရိသတ်ကို ပွေ့ဖက်ထားသလိုမျိုး နူးညံ့သိမ်မွေ့တဲ့ ခံစားချက်မျိုးတော့ ရှိတယ်။ သင့်တော်တဲ့ လေယူလေသိမ်း၊ ပိုလျှံတဲ့ အမူအရာတွေမပါတာ၊ အပိုအလုပ်တွေထက် အသံရဲ့ လေးနက်မှုကနေတစ်ဆင့် ပရိသတ်ကို စိတ်သက်သာရာရစေတာတွေက သရုပ်ဆောင်တစ်ယောက်အနေနဲ့ သူ့ရဲ့ အတတ်ပညာကို စတင်ပျိုးထောင်နေပြီဆိုတာကို ပြသနေတာပဲ။

ဒါ့အပြင် ဒီပြဇာတ်မှာ ဒေးမြောင်ရဲ့ နေရာက သူ့ရဲ့ အားသာချက်တွေကို ပိုပြီး ပေါ်လွင်စေတယ်။ သူ့မှာ ခံစားမှုကောင်းကောင်း ရှိတယ်။ သူ့ရဲ့ အားနည်းချက်တွေကို ဖုံးကွယ်ဖို့ထက် အားသာချက်တွေကိုပဲ အသားပေးဖို့ သူ ဆုံးဖြတ်ခဲ့တာ။

ကုလားထိုင်ကို ပစ္စည်းတစ်ခုအနေနဲ့ အသုံးပြုဖို့ ဆုံးဖြတ်လိုက်တာကလည်း အဲဒီအချက်ထဲမှာ ပါတာပေါ့။ ထိုင်ပြီး သရုပ်ဆောင်ဖို့ကို သူက ဒီအတိုင်းပဲ ဆုံးဖြတ်လိုက်တာ မဟုတ်ဘူး။ ဒေးမြောင်က သူ့ရဲ့ အသေအလဲ ပြင်ဆင်လာတာတွေကို ရှက်ရှက်နဲ့ပဲ ဖုံးကွယ်ထားပေမဲ့ မာရူးကတော့ အဲဒါတွေကို အလေးအနက် ထားကြည့်နေမိတယ်။ အကယ်၍ ကြိုးစားအားထုတ်မှုအတွက် နတ်ဘုရားတစ်ပါး ရှိမယ်ဆိုရင် အဲဒီနတ်ဘုရားက ဒေးမြောင်ကို ပြုံးပြီး ကြည့်နေမှာ သေချာတယ်။ အဲဒီအပြုံးက ပါရမီနတ်ဘုရားကိုပါ ဒေးမြောင်ဘက်ကို ရောက်လာအောင် ဆွဲဆောင်နိုင်လိမ့်မယ်။

“ငါ ဘာလုပ်ရမလဲ”

ဒေးမြောင်က ဆုတောင်းနေသလိုမျိုး လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး စကားစပြောလိုက်တယ်။

“ကျွန်တော့်ရဲ့ ဆုတောင်းသံကို တစ်ခါလောက်ပဲဖြစ်ဖြစ် ကြားဖူးတယ်ဆိုရင် ကျွန်တော့်ရဲ့ နတ်ဘုရားရယ်၊ ဒီတစ်ကြိမ်လေးပဲဖြစ်ဖြစ် အကူအညီ လက်တစ်ကမ်းလောက် ပေးသနားတော်မူပါ။ ကိုယ်တော် ယူသွားတဲ့ အရာတစ်ခုတည်းက ကျွန်တော့်အတွက်တော့ အရာရာပါပဲဆိုတာ ကိုယ်တော် သိပါတယ်။ ကိုယ်တော်က ရက်စက်တဲ့သူ မဟုတ်ဘူးဆိုတာ ကျွန်တော် သိပါတယ်။ ဒါကြောင့် ကျွန်တော် တောင်းပန်ပါတယ်၊ ကိုယ်တော် ယူသွားတာတွေကို ပြန်ပေးသနားပါ၊ ကျွန်တော့်ရဲ့ ယုံကြည်ချက်တွေကိုလည်း မပျက်စီးပါစေနဲ့”

ပူဆွေးနေတဲ့ လူတစ်ယောက်ရဲ့ ဆုတောင်းသံက ပြဇာတ်ရဲ့ ကန့်လန့်ကာကို တိတ်တိတ်ဆိတ်ဆိတ်ပဲ ဖွင့်လှစ်လိုက်တယ်။ အဲဒီနေရာမှာ ဒေးမြောင်ဆိုတာ မရှိတော့ဘူး။

ပြီးတော့။

မာရူးက ဒေးမြောင်ရဲ့ စကားလုံးတွေကို သူ့ရဲ့ စိတ်ကူးထဲက သူမရဲ့ ပုံရိပ်တွေထဲမှာ ထည့်သွင်းကြည့်ရင်း သူငယ်ချင်းရဲ့ ပြဇာတ်ကို ကြည့်ကာ ပါးစပ်ကို တင်းတင်းစေ့ပြီး ငြိမ်သက်စွာ ထိုင်နေမိတော့တယ်။

* * * * * * * * *

သူမက စတီယာရင်ကို လက်ချောင်းလေးတွေနဲ့ အသာအယာ တောက်ရင်း ပြုံးနေတာပေါ့။

“တစ်ခုခု ကောင်းတာ ဖြစ်လာလို့လား” လို့ တေးဆစ်က ယဉ်ယဉ်ကျေးကျေး မေးလိုက်တယ်။

“အင်း၊ လေယူလေသိမ်းကို သတိထားဦး”

“အာ... ဒါပေါ့။ ဟင်း ဟင်း၊ ဒါနဲ့ ဘာတွေ အဲလောက် သဘောကျနေတာလဲ” လို့ သူက လေသံကို လျှော့ပြီး ပြောလိုက်တယ်။

“ငါ့ကလေးတွေ မြန်မြန်ဆန်ဆန် တိုးတက်လာတာကို မြင်လိုက်ရလို့လေ။ သီးသန့် လေ့ကျင့်ပေးတာက တကယ့်ကို ထူးခြားတာပဲ။ သူတို့ ဆရာကောင်းတွေနဲ့ တွေ့လိုက်ရတာ တကယ့်ကို ကံကောင်းတာပဲ”

ဒီနေ့ကတော့ ဆောင်းရာသီ အမျိုးသားအဆင့် ပြိုင်ပွဲမှာ အောင်မြင်နိုင်မယ့် အခွင့်အလမ်းကို မီဆို မြင်လိုက်ရတဲ့နေ့ပဲ။ ဂွန်ဆော့နဲ့ ဒေးမြောင်။ သူတို့နှစ်ယောက်လုံးကို အတူတူ မြင်ရတာ တကယ်ကို ပျော်စရာကောင်းမှာ။ ‘ဒယ်ဆော့ဒေါင်က လူများ’ ပြဇာတ် ပြီးသွားရင် အချိန်ရရင် သူတို့နှစ်ယောက်လုံးကို အဓိကဇာတ်ဆောင်နေရာက ထားပြီး ပြဇာတ်တစ်ခုလောက် ဖန်တီးချင်သေးတယ်။ သူမဆီမှာ မခံစားရတာ ကြာပြီဖြစ်တဲ့ စိတ်လှုပ်ရှားမှုနဲ့ မျှော်လင့်ချက်တွေ ဖြစ်ပေါ်နေတာ။ သူတို့ရဲ့ သရုပ်ဆောင်ချက်တွေက အဲဒီလောက်အထိ ကျေနပ်စရာကောင်းတာကိုး။

သူမက ပြုံးနေရင်းနဲ့ ဘေးမှာထိုင်နေတဲ့ တေးဆစ်ရဲ့ ပခုံးကို ပွတ်ပေးလိုက်တယ်။ ဒါက တော်တော်လေး ကြာမှ ဖြစ်ပေါ်လာတဲ့ ချိန်းတွေ့မှုလေးပေါ့။ အိမ်မှာပဲ နေချင်တဲ့ ဒီချစ်သူကောင်လေးကို အပြင်ထွက်လာအောင် ဆွဲခေါ်ခဲ့ရတာဆိုတော့ နည်းနည်းတော့ စိတ်မကောင်းဖြစ်မိသား။

“အနည်းဆုံး တနင်္ဂနွေနေ့တွေမှာတော့ အပြင်ထွက်ရအောင်လေ”

“အေးတယ်လေ”

“ဘာပဲဖြစ်ဖြစ်”

မီဆိုက မျက်မှောင်ကြုတ်ရင်း တေးဆစ်ဘက်က ပြတင်းပေါက်ကို ချလိုက်တယ်။ တေးဆစ်ကတော့ ချက်ချင်းပဲ အညံ့ခံလိုက်တာပေါ့။

“ဒါနဲ့ ကလေးတွေ ဘယ်လိုနေလဲ။ ငါကလည်း အလုပ်များနေတာနဲ့ သူတို့ဆီ သွားမကြည့်ဖြစ်တာ ကြာပြီ”

“အကုန်လုံး အဆင်ပြေပါတယ်။ တစ်ယောက်တည်းပဲ သူ့ရဲ့ အလားအလာတွေ ပွင့်လန်းမလာသေးဘဲ ငါ့ရဲ့ မျှော်လင့်ချက်ကို မပြည့်မီသေးတာ”

“မျှော်လင့်ချက် ဟုတ်လား။ မာရူးကို ပြောတာလား”

“အင်း။ ဟိုဟိုဒီဒီ သွားလာပြီး အတွေ့အကြုံတွေ အများကြီး ရလာပုံရပေမဲ့ အဲဒါတွေကို အခုထိ သေသေချာချာ အစာမကြေနိုင်သေးဘူးလို့ ခံစားရတယ်။ အချိန်တိုအတွင်းမှာ အတွေ့အကြုံတွေ အများကြီး ရခဲ့လို့လည်း ဖြစ်နိုင်တာပေါ့”

“သူက ဉာဏ်ကောင်းတဲ့ ကောင်လေးပဲ၊ မကြာခင်မှာပဲ ပြန်ပြီး စုစည်းနိုင်မှာပါ။ အနည်းဆုံးတော့ အဲဒီလောက်အထိ လုပ်နိုင်မှာပါ၊ ဒါမှမဟုတ် အဲဒီထက် ပိုတောင် လုပ်ပြဦးမှာ”

“ဟုတ်တယ်၊ ငါလည်း အဲဒီလိုပဲ ထင်တယ်။ ဟေး... ငါတို့ ဘယ်ကို သွားနေတာလဲ”

“... ဘယ်ကိုပဲဖြစ်ဖြစ်ပေါ့ ...”

“တောက်။ ငါ ဘာလို့ နင့်ကို စပြီး ကြိုက်မိသွားလဲဆိုတာ တကယ်ကို နားမလည်နိုင်တော့ဘူး”

သူ့ကို အော်ငေါက်နေတာတောင်မှ တေးဆစ်က နွေးနွေးထွေးထွေး ပြုံးပြီး တောင်းပန်နေတာ။ ဒါကြောင့်လည်း မီဆိုက သူ့ကို မချစ်ဘဲ မနေနိုင်တာပေါ့။

“ကောင်းပြီ၊ ဒါဆိုရင် ဒီနေ့တော့ ဘာမှ ပြန်မပြောဘဲ ငါ ခေါ်တဲ့နောက်ကိုပဲ လိုက်ခဲ့တော့။ ဟုတ်ပြီလား”

“နင် အဆင်ပြေသလို လုပ်ပါ။ ဒါပေမဲ့ ညဘက်ကြီးတော့ အရမ်းနောက်မကျစေနဲ့နော်”

တေးဆစ်က တည်တည်ငြိမ်ငြိမ်ပဲ ဆက်ပြောနေတာကို ကြည့်ရင်း မီဆိုဆီမှာ ‘ငါပဲ အရင် စတင်လိုက်ရမလား’ ဆိုတဲ့ ကဲချင်တဲ့ အတွေးလေးတွေ ပေါ်လာတော့တယ်။

* * * * * * * * *

“ဘယ်သူ့ကိုမှ လက်မခံတော့ဘူးလား”

“အဲဒီလိုပဲ ဖြစ်သွားတာပေါ့”

“မင်း ဒီကျောင်းသားကို မျက်စိကျနေတယ်လို့ ပြောခဲ့တယ် မဟုတ်လား”

ဂျွန်မင်းက စကားပြောရင်း ဂွန်ဆော့ရဲ့ ဓာတ်ပုံကို ထုတ်ပြလိုက်တယ်။

“သူက ဆူယွန်းနဲ့ တွေ့ခဲ့တဲ့ ကောင်လေး မဟုတ်လား”

“ဟုတ်ပါတယ် ဆရာ”

“သူ့မှာ အလားအလာ ရှိတာတော့ သေချာတယ်။ သူက သင်ပေးချင်စိတ် ပေါ်လာအောင် လုပ်နိုင်တဲ့ အမျိုးအစားပဲ”

“ဒါဆိုရင် ဘာလို့ ...”

ဆရာမွန်ဂျောင်က လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ပြီးနောက်မှာတော့ စကားကို ဖြတ်လိုက်တယ်။ ဂျွန်မင်းက မွန်ဂျောင်ရဲ့ နှုတ်ခမ်းတွေကိုပဲ စိုက်ကြည့်နေမိတာ။

“ငါ ဘယ်သူ့ကိုမှ မသင်ပေးချင်တော့ဘူး။ အခု ပြန်စဉ်းစားကြည့်တော့ ငါ ဒီအတောအတွင်းမှာ ပျင်းနေလို့ ဖြစ်မှာပါ။ အဲဒီလူငယ်လေး ... မာရူးလား။ သူနဲ့ စကားပြောရတာက စာသင်ပေးရတာထက် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတယ်”

“ဒါဆို မာရူးကို သင်ပေးလို့ ရတာပဲ ...”

“သူ့ကိုတော့ တစ်ခါတလေ အရက်သောက်ရင်း စကားပြောလို့ရတဲ့ သူငယ်ချင်းတစ်ယောက်အဖြစ်ပဲ ထားချင်တယ်”

“ဆရာ”

“နောက်မှ စိတ်ပါလာရင်တော့ ဖြစ်လာမှာပေါ့”

မွန်ဂျောင်က ရယ်ရင်းနဲ့ သူ့နေရာကနေ ထသွားတယ်။ ဂျွန်မင်းကတော့ ဒီအခွင့်အရေးကို ဆုံးရှုံးလိုက်ရလို့ စိတ်မကောင်းဖြစ်နေတာပေါ့။ အကယ်၍ ဂွန်ဆော့သာ မွန်ဂျောင်ရဲ့ လမ်းညွှန်မှုအောက်မှာ သင်ယူခွင့်ရမယ်ဆိုရင် အများကြီး တိုးတက်လာမှာ။ ဒါပေမဲ့ ပြီးသွားတာကတော့ ပြီးသွားတာပါပဲ။ ဆရာမွန်ဂျောင်က တစ်ခါ မဟုတ်ဘူးလို့ ပြောလိုက်ရင် တကယ်ပဲ မဟုတ်တော့တာကိုး။

“အဲဒီကောင်လေးက တကယ့်ကို စိတ်ဓာတ်ခိုင်မာတဲ့ လူတစ်ယောက်ပဲ။ ဒီလောက်အထိ စကားပြောလို့ကောင်းတဲ့ သူငယ်ချင်းမျိုးနဲ့ မဆုံရတာ တော်တော်ကြာပြီ”

“သူက အထက်တန်းကျောင်း ပထမနှစ် ကျောင်းသားလေးပဲ ရှိသေးတာပါ”

“အရက်သောက်တဲ့နေရာမှာ အသက်က အရေးကြီးလို့လား”

“......”

“အဲဒီလို ဖြစ်သွားတာပဲ၊ စိတ်မပူပါနဲ့”

မွန်ဂျောင် တံခါးကနေ ထွက်သွားတော့ ဂျွန်မင်းက အရိုအသေပေးလိုက်တယ်။ အနည်းဆုံးတော့ သူက မာရူးကို သူ့အနားမှာ ထားနေတုန်းပဲ။ မွန်ဂျောင်က သူ့ရဲ့ ဝိညာဉ်ကို သရုပ်ဆောင်မှုထဲမှာ နှစ်မြှုပ်ထားတဲ့သူ။ အဲဒီလိုလူမျိုးရဲ့ အနားမှာ ရှိနေရုံနဲ့တင် သင်ယူစရာတွေ၊ ရရှိနိုင်မယ့် အရာတွေ အများကြီး ရှိတာကိုး။

‘ဘယ်သူသိမှာလဲ၊ သူ စိတ်ပြောင်းပြီး ပြန်သင်ပေးချင်လာမှာလည်း ဖြစ်နိုင်တာပဲ’

ဂျွန်မင်းက ဂွန်ဆော့ရဲ့ ဓာတ်ပုံကို သူ့ဖိုင်ထဲ ပြန်ထည့်လိုက်တယ်။ စိတ်မကောင်းစရာကတော့ ဒီဇာတ်လမ်းက ဒီမှာတင် အဆုံးသတ်သွားပြီပေါ့။

* * * * * * * * *

မာရူးက ဆွန်ဂျီဆီကို စာတစ်စောင် ကမ်းပေးလိုက်တယ်။ ဒါက မနေ့က စနေနေ့ ကျောင်းဆင်းချိန်မှာ ဒိုဝူးက မာရူးဆီကို ပေးခဲ့တဲ့ စာပဲ။

“အချိန်ရရင် ဖတ်ကြည့်လိုက်ပါဦး”

“... ကျေးဇူးတင်ပါတယ်။ တကယ်ပါ”

“အခုလောလောဆယ် စာပဲ ရှိသေးတာဆိုပေမဲ့ အချိန်ကြာလာရင်တော့ ပိုပြီး ရင်းနှီးသွားမှာပါ”

“အဲဒီလိုပဲ မျှော်လင့်ပါတယ်”

သူမရဲ့ မျက်လုံးတွေက နီနေပေမဲ့ မျက်နှာပေါ်မှာတော့ အပြုံးတွေ ပြည့်နေတာ။ ဆွန်ဂျီက လီဗာကို နင်းလိုက်တယ်။ သူတို့တွေ ဒီနေ့ မိဘမဲ့ဂေဟာမှာ စောင့်နေကြတဲ့ ကလေးတွေဆီကို သွားနေကြတာ။ လေထဲမှာ ဝဲနေတဲ့ နှင်းတွေကို ပြတင်းပေါက်ကနေ လှမ်းကြည့်ရင်း မာရူးက သူ့ရဲ့ ဖုန်းကို ထုတ်လိုက်တယ်။

ဒီနေ့ ဟင်းရည်ဆိုင်မှာ ဆုံကြမယ်နော်။ ဂွန်ဆော့နဲ့ ယွန်ရင်ကတော့ လာဖြစ်မှာ မဟုတ်ဘူး။ သူတို့က တနင်္ဂနွေနေ့အတွက် ကြိုပြီး အစီအစဉ်ရှိတယ်လို့ ပြောထားကြတယ်။ ဘာပဲဖြစ်ဖြစ်။ ဆိုယွန်းကိုတော့ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ပါလာအောင် ခေါ်ခဲ့နော်။ ဟုတ်ပြီလား။

ဒါကတော့ အီဆိုးလ် ပို့လိုက်တဲ့ အဖွဲ့လိုက် စာတိုလေးပေါ့။ ဒီနေ့ပဲကိုး။ မာရူးက ဖုန်းကို ပြန်ပိတ်လိုက်ရင်း ခပ်ပြုံးပြုံးလေး ဖြစ်သွားတော့တယ်။

* * * * * * * * *

အခန်း(၁၂၂)

“ဘာတွေ စဉ်းစားနေတာလဲ”

“အော် စီနီယာ ရောက်လာပြီလား”

ဂန်ဟွမ်က နေရာကနေ ထရပ်ဖို့ လုပ်တာကို ဂျွန်မင်းက လှမ်းတားလိုက်တယ်။

“ထမင်းစားပြီးပြီလား”

“စားပြီးပြီ၊ ဒါပေမဲ့ အလကားကျွေးမယ့် ထမင်းနပ်ကိုတော့ ဘယ်တော့မှ ငြင်းမှာမဟုတ်ဘူး”

“မင်းရဲ့ အူလမ်းကြောင်းကတော့ အမြဲတမ်း အားရစရာပဲ။ ဒါနဲ့ ဘာတွေ ကြည့်နေတာလဲ”

“ဒါလား။ မကြာခင်က လူရွေးပွဲတစ်ခု လုပ်ထားလို့လေ”

“လူရွေးပွဲ ဟုတ်လား။ ဘာအတွက်လဲ”

“ကျွန်တော့်အတွက် မဟုတ်ပါဘူး၊ အပျော်တမ်းတန်းအတွက်ပါ။ သူတို့က တက်ကြွမှုတွေ အရမ်းရှိနေကြတာ၊ အဲဒါကြောင့် သူတို့ကို ဇာတ်ကောင်တွေ ဒီအတိုင်း ပေးလိုက်ပြီး စိတ်တိုင်းကျ ဖြစ်သွားတာမျိုး မဖြစ်စေချင်ဘူး။ အဲဒီတော့ သူတို့ ရမယ့် ဇာတ်ကောင်တွေအတွက် လူပြန်ရွေးခိုင်းလိုက်တာ”

“အင်း”

“သူတို့ထဲက တချို့က ဒီနယ်ပယ်ထဲကို ဝင်ဖို့ ဆုံးဖြတ်ထားကြတာဆိုတော့ ကျွန်တော်လည်း တကယ့်ကို သေသေချာချာ ကြိုးစားပေးခဲ့တာပါ။ သူတို့ တော်တော်လေး ကောင်းကောင်း လုပ်နိုင်ကြတယ်။ လူငယ်တွေမို့လို့လားတော့ မသိဘူး၊ ဇာတ်ကောင်ကို ခွဲခြမ်းစိတ်ဖြာတဲ့နေရာမှာ ဘောင်ထဲကနေ ထွက်ပြီး စဉ်းစားနိုင်ကြတယ်”

“လူငယ်ဖြစ်လို့ ဆိုတာထက် သူတို့ ဘာမှ မသိသေးလို့ ဖြစ်မှာပါ”

“နောက်ပြန်ပြီ။ သူတို့ကို တစ်ခါလောက်ပဲဖြစ်ဖြစ် ကောင်းကောင်းလေး ကြည့်ပေးစမ်းပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ဇာတ်ကောင်တွေ ရွေးပြီးပြီ၊ ဒါပေမဲ့ ဇာတ်ကောင် တစ်နေရာကတော့ ဝေခွဲမရ ဖြစ်နေတုန်းပဲ”

“ဇာတ်ပို့လား ဇာတ်ဆောင်လား”

“ဇာတ်ဆောင်နေရာပါ။ မိန်းကလေး လေးယောက်စလုံး အဲဒီနေရာအတွက် ယှဉ်ပြိုင်ကြတာ။ နှစ်ယောက်ကိုတော့ ကျွန်တော် ချက်ချင်းပဲ ပယ်လိုက်နိုင်ပေမဲ့ ကျန်တဲ့ နှစ်ယောက်ကတော့ တော်တော်လေး စဉ်းစားရခက်နေတယ်”

“အပျော်သဘော လုပ်မှာဆိုပြီး အခုကျတော့လည်း တော်တော်လေး အားစိုက်နေတာပဲ”

“အစကတော့ အဲဒီလို အစီအစဉ် ရှိခဲ့တာပါ၊ ဒါပေမဲ့ လုပ်ရင်းနဲ့ တကယ် ပျော်စရာကောင်းလာလို့လေ။ ပြီးတော့ ကျွန်တော် ကပြနေတဲ့ ပြဇာတ်ကလည်း ပြီးသလောက် ဖြစ်နေပြီ။ မကြာခင်မှာ ဆင်းရဲသားဘဝကို ပြန်ရောက်တော့မှာပေါ့”

“ငါ ထမင်းကျွေးမှာမို့လို့ ကိုယ့်ကိုယ်ကိုယ်တော့ ငတ်အောင် မထားပါနဲ့”

“ဒါပေါ့။ ကျွန်တော်ကတော့ စီနီယာ့ဆီမှာပဲ ကပ်စားတော့မှာပါ။ ဒါနဲ့ ဒီနှစ်ယောက်ထဲက ဘယ်သူ့ကို ရွေးရမလဲဆိုတာ တကယ် စိတ်ပူနေတာ။ နောက်ဆုံးတော့ ဒါက စမ်းသပ်မှုတစ်ခုပဲ ဆိုပေမဲ့ မြောင်ဒုံ အနုပညာ ပြဇာတ်ရုံမှာ သရုပ်ဆောင်ခွင့် ရမှာလေ။ သရုပ်ဆောင်တစ်ယောက် ဖြစ်ရင်တော့ ဒီအခွင့်အရေးကို ဘယ်လိုမှ လက်လွှတ်မခံနိုင်ဘူး”

“ငါ့ကို ကြည့်ပေးစေချင်လို့လား”

“စီနီယာ အချိန်ရလို့လား”

“အေးလေ ဒီကိုတောင် ရောက်နေပြီပဲဟာ၊ ကြည့်ပေးလိုက်ပါ့မယ်”

“ဒါဆို ညစာလေး စားရင်းနဲ့ သူတို့ကို စောင့်ကြမလား”

“ဟမ်…. တစ်ခါလာလည်း ထမင်း၊ နှစ်ခါလာလည်း ထမင်း... ကောင်းပြီလေ”

* * * * * * * * *

“ကြက်သားကင်လေး တစ်တုံးလောက် စားမလား”

ကြက်သားဆိုတဲ့ အသံကြားရုံနဲ့တင် သူမ မျက်လုံးတွေ ဝင်းပသွားပြီး တံတွေးတောင် ထွက်လာမိတယ်။ သူမ အမေ ကိုယ်ဝန်ရှိတုန်းက ကြက်သားမစားရလို့ တအား တောင့်တခဲ့ရတဲ့အကြောင်း ပြောဖူးတာကို သတိရသွားတာပေါ့။ ကြက်သားကို အဲဒီလောက်အထိ ငတ်မွတ်ခဲ့တာကြောင့် နောက်ပိုင်းမှာ သူမအမေက ကြက်သားကို ပိုပြီး ကြိုက်သွားခဲ့တာလေ။

“အစပ် ပုံမှန်ပဲ မဟုတ်လား”

“အင်း”

“ဒိန်ခဲ နည်းနည်း ထည့်မလား”

“အင်း”

သူမ ဘာမှ မစဉ်းစားဘဲ ခေါင်းညိတ်လိုက်မိပြီးမှ မာရူးကို ထူးထူးဆန်းဆန်း လှည့်ကြည့်လိုက်တယ်။ မာရူးက သူမ ကြိုက်တာတွေကို အကုန် သိနေတာပဲ။

“ဘာဖြစ်လို့လဲ”

“ဘာမှမဟုတ်ပါဘူး”

သူတို့ အကြိုက်ချင်း တူနေတာလည်း ဖြစ်နိုင်တာပဲလေ။ ဒါပေမဲ့ အခု ပြန်စဉ်းစားကြည့်တော့ ဒီလိုမျိုးတွေ ခဏခဏ ဖြစ်ဖူးတာပဲ။ မာရူးက အသေးအဖွဲ ကိစ္စလေးတွေကအစ အမြဲတမ်း အနုစိတ် ဂရုစိုက်တတ်တာ။ သူမ ကြိုက်တဲ့အရာတွေကိုပဲ အမြဲတမ်းရွေးချယ်ပေးတတ်တော့ သူမက သူ့ကို အဲဒီအကြောင်းတွေ ပြောပြခဲ့ဖူးလို့လားလို့တောင် တွေးမိသွားတယ်။

“ရော့ ရပြီ”

သူတို့နှစ်ယောက် မြောင်ဒုံ လမ်းမတွေကို ဖြတ်လျှောက်လာခဲ့ကြတယ်။ သူမ လက်တစ်ဖက်မှာ နည်းနည်းလေး ကျွမ်းနေတဲ့ ကြက်သားကင်ကို ကိုင်ထားပြီး ကျန်တဲ့ လက်တစ်ဖက်ကတော့ မာရူးရဲ့ လက်ကို ဆုပ်ကိုင်ထားတာပေါ့။ သူတို့နှစ်ယောက် ချစ်သူတွေ ဖြစ်သွားပြီးတဲ့နောက်မှာ လက်တွဲဖြစ်တာ ပိုများလာခဲ့တယ်။

“အေးတယ်နော်။ အင်္ကျီ အထူကြီး ဝတ်လာခဲ့သင့်တာ”

“ဒီလောက်ကတော့ အဆင်ပြေပါတယ်”

“ကြည့်ပါဦး၊ နှာတွေတောင်စေးနေပြီကို”

မာရူးက သူမကို ခဏစောင့်ဖို့ ပြောပြီး အနားက စတိုးဆိုင်ထဲ ဝင်သွားတယ်၊ ခဏနေတော့ ပန်းရောင် ဦးထုပ်လေး တစ်လုံးနဲ့ ပြန်ထွက်လာတာပေါ့။ သူမကတော့ မြင်မြင်ချင်းပဲ အဲဒီဦးထုပ်လေးကို သဘောကျသွားတာကြောင့် မာရူး ဆောင်းပေးတာကို ငြိမ်ပြီး ခံနေလိုက်တယ်။ ဦးထုပ်လေးက နွေးနေတာကြောင့် သူမ မျက်နှာပေါ်မှာ အပြုံးလေးတစ်ခု ပေါ်လာတော့တာပေါ့။

“သွားကြစို့။ နောက်ကျတော့မယ်”

* * * * * * * * *

မာရူးက ခန္ဓာကိုယ်ကို လျှော့ချဖို့အတွက် ကြမ်းပြင်ပေါ်မှာ ဟိုဘက်ဒီဘက် ခုန်လိုက်ရင်း သစ်သားကြမ်းပြင်ရဲ့ အထိအတွေ့ကို ခံစားနေမိတယ်။ ဒီနေ့မှာတော့ သူတို့ရဲ့ ဇာတ်ကောင်တွေကို သတ်မှတ်ပေးတော့မှာပါ။ အဲဒီနောက်မှာတော့ တစ်လလောက်အထိ အပြင်းအထန် လေ့ကျင့်ကြရမှာဖြစ်ပြီး ပြီးရင်တော့ စင်ပေါ်ကို တက်ကြရမှာပေါ့။ ဇာတ်ကောင်တွေ တစ်လှည့်စီ ပြောင်းပြီး သရုပ်ဆောင်ကြည့်တဲ့ လေ့ကျင့်ခန်းကတော့ ဒီနေ့မှာတင် အဆုံးသတ်တော့မှာလေ။

“ဘယ်လိုလဲ။ မင်း ဇာတ်ဆောင်နေရာ ရမယ်လို့ ထင်လား”

သူမက မာရူးရဲ့ မေးခွန်းကို ခေါင်းခါပြလိုက်တယ်။

“ယိုဂျင်က တော်ပါတယ်၊ ဒီတစ်ခါတော့ ကျွန်မ လက်လျှော့လိုက်ရတော့မှာပဲ”

“ဘာလဲ၊ ဒီအတိုင်းကြီးပဲ အရှုံးပေးလိုက်တော့မှာလား”

“ကိုယ် မလုပ်နိုင်တဲ့ အရာတစ်ခုအတွက် ဒီလောက်အထိ အားစိုက်မနေချင်တော့လို့ပါ။ ဒါပေမဲ့ နံပါတ် ၃ လူမိုက်နေရာကနေတော့ အကောင်းဆုံး လုပ်ပြမှာပါ”

သူမရဲ့ လေသံက နည်းနည်းတော့ စိတ်ပျက်နေတဲ့ပုံပဲ။ လွန်ခဲ့တဲ့ သုံးရက်တုန်းက ပြဇာတ်ရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ ဆူလ်မီ နေရာအတွက် သူမအပါအဝင် မိန်းကလေး လေးယောက် ယှဉ်ပြိုင်ခဲ့ကြတာ။ ကျန်တဲ့ ကလေးတွေက မိန်းကလေးတွေ သရုပ်ဆောင်တာကို ကြည့်ပြီး သူတို့ဘာသာ ပြန်သုံးသပ်ကြသလို ဂန်ဟွမ်ကလည်း အဲဒီ ထင်မြင်ချက်တွေကို ထည့်သွင်းစဉ်းစားပြီး နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှာပေါ့။ တခြား ဇာတ်ကောင်တွေနေရာကိုတော့ သူက မြန်မြန်ဆန်ဆန်ပဲ ရွေးချယ်ခဲ့ပေမဲ့ အဓိကဇာတ်ဆောင် နေရာကိုကျတော့ တော်တော်လေး အချိန်ယူနေတာ။

“ဒီနေ့ ပြောမယ်လို့ သူ ပြောခဲ့တယ် မဟုတ်လား” လို့ သူမက မေးရင်း လက်တွေကို ဘေးဘက်ကို ဆန့်ထုတ်လိုက်တယ်။

သူမရဲ့ ခန္ဓာကိုယ်က ယောဂဆရာမ တစ်ယောက်လိုပဲ ချောချောမွေ့မွေ့ လှုပ်ရှားနေတာ။

“ဒီနေ့က တကယ့် ပြဇာတ်အတိုင်း လေ့ကျင့်ရမယ့်နေ့ဆိုတော့ ဟုတ်မှာပေါ့။ ဒါနဲ့ မင်းက တော်တော်လေး ပျော့ပြောင်းတာပဲနော်”

“ကျွန်မ ညဘက်တွေမှာ ဘယ်လောက်တောင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ရလဲ ရှင် သိလို့လား။ ခန္ဓာကိုယ် ပျော့ပြောင်းဖို့ဆိုတာ တကယ်ကို ကြိုးကြိုးစားစား လေ့ကျင့်ရတာ”

သူမက အသံတိုးတိုးလေး ညည်းရင်း ခန္ဓာကိုယ်ကို နောက်ဘက်ကို ကွေးလိုက်တယ်။ မာရူး ပြုံးမိသွားတာပေါ့။ သူမက ငယ်ငယ်လေးကတည်းက ဒါကို ထိန်းသိမ်းလာခဲ့တာပဲ။ သူမက ခန္ဓာကိုယ်ကို ပိုပြီး ကွေးလိုက်ပြီး လက်တွေကို ကြမ်းပြင်ပေါ် ထောက်လိုက်တဲ့အချိန်မှာ သူမရဲ့ အင်္ကျီက နည်းနည်း လျှောကျသွားပြီး အထဲက အသားဖြူဖြူလေးတွေ ပေါ်လာတော့တယ်။ မာရူးက ချက်ချင်းပဲ သူ့ရဲ့ ဂျာစီအင်္ကျီကို ချွတ်ပြီး အုပ်ပေးလိုက်တာပေါ့။

“သတိထားဦးလေ”

“ဘာကိုလဲ”

“ . . . . ”

သူမက တကယ့်ကို ဘာမှမသိတဲ့ ပုံစံမျိုးနဲ့ မေးနေတော့ မာရူး ဘာပြန်ပြောရမှန်းတောင် မသိတော့ဘူး။ သူမက သူ့ရဲ့ ဂျာစီကို ပြန်ပစ်ပေးလိုက်တာကို မာရူးက လက်တစ်ဖက်တည်းနဲ့ ဖမ်းလိုက်ပြီး သူမကို ကြည့်နေမိတယ်။ သူမက အရပ် ၁၆၄ စင်တီမီတာလောက် ရှိတာ။ အထက်တန်းကျောင်း ရောက်ရင်တော့ ၁၇၀ အထိ ရှည်လာမှာပေါ့။ သူမရဲ့ ခြေတံ လက်တံတွေက တော်တော်လေး ရှည်တာကြောင့် အခုလို ကြီးထွားနေတဲ့ အရွယ်မှာတောင် တော်တော်လေး လှနေတာ။ အခု ပြန်စဉ်းစားကြည့်တော့ သူမက တခြားအရာတွေထက် သူမရဲ့ ခန္ဓာကိုယ်ကို တော်တော်လေး ဂုဏ်ယူတတ်တာပဲ။ အပြင်ပန်းမှာတော့ မသိသာအောင် နေတတ်ပေမဲ့ သူမရဲ့ ခန္ဓာကိုယ်အကြောင်း ချီးကျူးခံရရင် တအားကို ပျော်နေတတ်တာလေ။

‘ဒါပေမဲ့ . . ’

သူတို့နှစ်ယောက် စပြီး တွဲခဲ့ကြတဲ့ ပထမဆုံးညကို မာရူး ပြန်သတိရလိုက်ပြီး မျက်ခုံးကို ကုပ်လိုက်မိတယ်။ အဲဒါက သူတို့ တွဲခဲ့တာ ရှစ်လလောက် ရှိပြီဖြစ်တဲ့ အချိန်ပေါ့။ သူက သူမကို တစ်ညတာ ခရီးတစ်ခု အတူတူ သွားရအောင်လို့ ပြောလိုက်တဲ့အချိန်မှာ သူမက ရယ်နေခဲ့ပြီး အနားက စတိုးဆိုင်ကနေ ကွန်ဒုံး တစ်ဗူး သွားဝယ်ခဲ့တာလေ။ သူမရဲ့ ရဲတင်းပုံကို ကြည့်ပြီး မာရူးတောင် လိုက်ရယ်မိခဲ့တာကို မှတ်မိနေသေးတယ်။

သူက သူတို့နှစ်ယောက်အတွက် တော်တော်လေးဈေးကြီးတဲ့ အိမ်လေးတစ်လုံး ငှားခဲ့ပြီး အဲဒီမှာပဲ သူမနဲ့ ပထမဆုံးအကြိမ် အတူတူ ရှိခဲ့ကြတာပေါ့။ အဲဒီတုန်းက ဘာတွေ ပြောခဲ့လဲ ဒါမှမဟုတ် အဲဒီနေရာက ဘယ်မှာလဲဆိုတာကို သူ မမှတ်မိတော့ဘူး။ ဒါပေမဲ့ သူမ ပြောခဲ့တဲ့ စကားတစ်ခွန်းကိုတော့ သူ မှတ်မိနေသေးတယ်... “ဘာလို့ ရင်သားတွေကကျတော့ ဝမလာတာပါလိမ့်”

“ဘာတွေ စဉ်းစားနေတာလဲ”

“ . . ဘာမှမဟုတ်ပါဘူး”

“ဒါဆို ဘာလို့ အဲဒီလောက်အထိ သံသယဖြစ်စရာ မျက်နှာပေး ဖြစ်နေတာလဲ”

သူမက မာရူးနားကို လျှောက်လာပြီး သူ့ကို စိုက်ကြည့်တယ်၊ သူမရဲ့ ဆံပင်ရှည်တွေက ပခုံးပေါ်မှာ ဝဲကျနေတာပေါ့။ ဒါက တကယ့်ကို အချိန်ကိုက်ကြီးပဲ၊ အခု မြင်နေရတဲ့ သူမရဲ့ ပုံရိပ်နဲ့ ဟိုတုန်းက သူမရဲ့ ခန္ဓာကိုယ်က ထပ်တူကျနေသလိုပဲ။ မာရူး မျက်နှာလွှဲလိုက်မိတယ်၊ အခုလိုမျိုး အရွယ်ရောက်ပြီးသား အမျိုးသမီးတစ်ယောက်ရဲ့ ပုံရိပ်က သူမရဲ့ ငယ်ဘဝပုံစံနဲ့ ထပ်နေတာကို ကြည့်ရတာ... တစ်နည်းအားဖြင့်တော့ ပြစ်မှုတစ်ခု ကျူးလွန်နေသလိုမျိုး ခံစားရလို့လေ။

“ဘာကြီးလဲ”

“အကြောလျှော့တာကိုပဲ အဆုံးသတ်လိုက်စမ်းပါ”

မာရူးက ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်တယ်။ သူမရဲ့ အရာရာတိုင်းကို သူ မြင်ဖူးခဲ့ပြီးသားပဲ၊ ဒါပေမဲ့ အဲဒါက အရင်ဘဝတုန်းကလေ။ အခု သူမကို သူ ဘာတွေ တွေးနေလဲဆိုတာကို လိုက်ရှင်းပြမနေချင်တော့ဘူး။

“အားလုံး ရောက်နေကြပြီလား”

ဂန်ဟွမ်က နောက်ဖက် တံခါးကနေ ဝင်လာတယ်၊ သူ့နောက်မှာ ဂျွန်မင်းလည်း ကပ်ပါလာတာပေါ့။ သူတို့ စင်ပေါ် ရောက်တာနဲ့ သူမနဲ့ ယိုဂျင်ကို လှမ်းခေါ်လိုက်တယ်။

“ဒီ နှစ်ယောက်လား”

“ဟုတ်တယ်”

သူတို့ ဘာတွေ ပြောနေကြတာပါလိမ့် ဂျွန်မင်းက လက်နဲ့ မေးစေ့ကို ပွတ်ရင်း ကျောင်းသူ နှစ်ယောက်ကို သေသေချာချာ ကြည့်နေမိတယ်။

“တစ်ချက်လောက် ကြည့်လိုက်ရအောင်လေ”

“ကောင်းပြီ။ ကဲ အားလုံးပဲ၊ ငါတို့ရှေ့မှာ ဆူလ်မီ အဖြစ် သရုပ်ဆောင်ပြကြစမ်း။ ယိုဂျင်၊ မင်း အရင် စလိုက်။ ဒါက ငါတို့ နောက်ဆုံး ဆုံးဖြတ်ချက် ချမယ့် ပြကွက်ဆိုတော့ အသေအလဲ ကြိုးစားကြ”

ဂန်ဟွမ်က နောက်ဆုံးတော့ ဂျွန်မင်းဆီကနေ အကူအညီ တောင်းလိုက်ပုံရတယ်။

“အခုပဲ စရမလား” လို့ ယိုဂျင်က ယုံကြည်ချက်အပြည့်နဲ့ မေးလိုက်တယ်။

သူ့ဆီကနေ မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ ယိုဂျင်က သူ့ရဲ့ သရုပ်ဆောင်မှုအပေါ် ယုံကြည်မှု ရှိသလို အဲဒီအတွက် အရည်အချင်းလည်း အပြည့်အဝ ရှိတာ။ ယိုဂျင်ရဲ့ အားသာချက်က အသံထွက် မှန်ကန်တာပဲ၊ အဲဒါကို ဂန်ဟွမ်ကိုယ်တိုင်လည်း ဝန်ခံခဲ့ဖူးတယ်။

သူမက စကားလုံးတွေကို ဖော်ပြတဲ့နေရာမှာ တကယ်ကို ပြောင်မြောက်လှတာ။ မာရူး တစ်ခါတလေ မြင်ဖူးတယ်၊ သူမက ပါးစပ်ထဲမှာ ဘောပင်ကို ကိုင်ပြီး အသံထွက် လေ့ကျင့်နေတတ်တာလေ။ အခု သူမ ရထားတဲ့ အရည်အချင်းတွေက တကယ့်ကို နာရီပေါင်းများစွာ ကြိုးစားခဲ့တဲ့ ရလဒ်တွေဆိုတာ သေချာပါတယ်။

ဇာတ်ကောင် ဆူလ်မီ ဆိုတာက တကယ့်ကို ဇွဲကောင်းပြီး လူမိုက်တွေနဲ့ အမြဲတမ်း ပြဿနာ တက်နေတတ်တဲ့ မိန်းကလေး။ ဇာတ်ကောင်က လူမိုက်တွေကို ဆုံးမတဲ့ ပြကွက်တွေ အများကြီး ပါတာပေါ့။ အဲဒီ ပြကွက်တွေမှာဆိုရင် ယိုဂျင်က ဆူလ်မီနဲ့ တကယ့်ကို ထပ်တူကျနေတာ။

“ကလေးတွေကို အနိုင်ကျင့်ရတာ အဲဒီလောက်တောင် ပျော်စရာကောင်းနေလို့လား။ နင်တို့ လုပ်နေတာတွေကို ကြည့်စမ်းဦး။ ဒါက ကစားနေတာ မဟုတ်ဘူး၊ အကြမ်းဖက်နေတာ။ ဘာလဲ၊ ငါ့ကို စိုက်ကြည့်နေတာလား။ ငါ့ကိုပါ ရိုက်ဖို့ ကြံနေတာလား။ ကောင်းပြီလေ။ လာခဲ့စမ်းပါ။ ဒါပေမဲ့ ငါ ငြိမ်ခံနေမှာတော့ မဟုတ်ဘူးနော်။ ငါ့အကြောင်းကို နင်တို့ သိသားပဲ မဟုတ်လား။ နင်တို့ ဘာတွေ လုပ်ခဲ့လဲဆိုတာ တစ်ကျောင်းလုံး သိအောင် ငါ သတင်းဖြန့်ပစ်မှာ။ ကဲ…. လာလေ”

သူမက ဂျွန်မင်းကို ရှေ့မှာရှိနေတဲ့ လူမိုက်တစ်ယောက်လို သဘောထားပြီး စကားလုံးတွေကို ပြောသွားတာ။ သူမ တကယ် တော်ပါတယ်။ အင်းလေ... သူမက ကလေးသရုပ်ဆောင် တစ်ယောက်ပဲဟာ။ ကလေးသရုပ်ဆောင်တွေတောင် ဒီလောက် တော်နေမှတော့ တကယ့် ပညာရှင်တွေရဲ့ ကမ္ဘာက ဘယ်လောက်တောင် ရှိမလဲဆိုတာ မာရူး တွေးကြည့်နေမိတယ်။

ယိုဂျင်က သက်ပြင်းတစ်ချက်ချပြီး နောက်ကို ဆုတ်လိုက်တယ်။

ဂျွန်မင်းနဲ့ ဂန်ဟွမ်က ခဏလောက် တိုင်ပင်ကြပြီးတော့ သူမ အလှည့် ရောက်လာတာပေါ့။ သူမက တခြား ပြကွက်တစ်ခုကို ရွေးလို့ ရရက်သားနဲ့ ယိုဂျင် လုပ်သွားတဲ့ ပြကွက်ကိုပဲ ရွေးချယ်ခဲ့တယ်။ အဲဒါက သူမရဲ့ စရိုက်ပဲလေ။ သူမ သရုပ်ဆောင်လို့ ပြီးသွားတဲ့အခါ ဂန်ဟွမ်နဲ့ ဂျွန်မင်းက ထပ်ပြီး တိုင်ပင်ကြပြန်တယ်။

“ယိုဂျင်က ဆူလ်မီရဲ့ နေရာကို ယူလိုက်ပါ”

“ကျေးဇူးတင်ပါတယ်” လို့ ယိုဂျင်က ပြုံးပြီး ပြောလိုက်တယ်။

သူမရဲ့ မျက်နှာပေါ်မှာ ကျေနပ်တဲ့ အပြုံးလေးတစ်ခု ရှိနေတာပေါ့။ တစ်ဖက်မှာတော့ သူမက စိတ်ပျက်သွားတဲ့ ပုံစံမျိုး ဖြစ်သွားပေမဲ့ အရှုံးပေးလိုက်တဲ့ ပုံစံတော့ မဟုတ်ဘူး။ ဒါမျိုး ဖြစ်လာမယ်ဆိုတာ သူမ ကြိုသိနေပုံရပါတယ်။

“နံပါတ် ၃ လူမိုက်နေရာကိုတော့ သေသေချာချာ တာဝန်ယူပေးပါဦး”

“အကောင်းဆုံး လုပ်ပြမှာပါ”

“ဒါဆို ဇာတ်ကောင်တွေ ရွေးတာ ပြီးသွားပြီပေါ့။ ပြဇာတ် မကခင် နောက်ထပ် တစ်လလောက်အထိ ငါတို့ အသေအလဲ ကြိုးစားကြရမယ်။ အော်... နောက်အပတ်မှာ ဆောင်းရာသီ ဖိုင်နယ် ပြိုင်ပွဲအတွက် လူရွေးပွဲတွေ စမယ် မဟုတ်လား”

“ကျွန်တော်တို့ ဒေသကတော့ နောက်အပတ်မှာပါ၊ ဒါပေမဲ့ တောင်ဘက်က ဒေသတွေကတော့ စနေပြီလို့ ကြားပါတယ်” လို့ ကျောင်းသား တစ်ယောက်က ပြန်ဖြေတယ်။

သူတို့အားလုံးက ပြဇာတ်ကလပ်က ဖြစ်တာကြောင့် ဒီလို သတင်းအချက်အလက်တွေကို ကောင်းကောင်း သိကြတာပေါ့။ ဆောင်းရာသီ ပြိုင်ပွဲကို ပြဇာတ်အဖွဲ့တွေနဲ့ ဖျော်ဖြေရေး ကုမ္ပဏီတွေက နောက်ကွယ်ကနေ ပံ့ပိုးပေးထားတာ။

အဲဒီအတွက် တခြား အထက်တန်းကျောင်း ပြိုင်ပွဲတွေနဲ့ ယှဉ်ရင် ဆုကြေးငွေကလည်း တော်တော်များတယ်။ အဲဒါတွေကလွဲရင် ကျန်တာတော့ နွေရာသီ ပြိုင်ပွဲတွေနဲ့ အတူတူပါပဲ။ ဒေသအလိုက် လူရွေးပွဲတွေ လုပ်မယ်၊ ပြီးရင် ဆိုးလ်မှာ ပွဲကြီး ကကြမယ်ပေါ့။

“ဒီ ပြဇာတ်ထက် ပြိုင်ပွဲအတွက် ပိုပြီး စိတ်ပူနေကြမယ်ဆိုတာ ငါ သိပါတယ်။ ဒါပေမဲ့ ဒါကိုလည်း မင်းတို့ဘာသာ စေတနာ့ဝန်ထမ်းအနေနဲ့ လုပ်ကြတာဆိုတော့ အရမ်းကြီးတော့ ပျော့မသွားကြနဲ့ဦး။ ပရိသတ်တွေက အလကား ကြည့်ရတာမို့လို့ ငါတို့ကလည်း အဆင့်မရှိတဲ့ ပြကွက်တွေ ပြလိုက်ရုံပဲဆိုတဲ့ စိတ်ဓာတ်မျိုး မထားစေချင်ဘူး”

ဂန်ဟွမ်ရဲ့ စကားကို ကလေးတွေက တည်တည်ငြိမ်ငြိမ်ပဲ ခေါင်းညိတ်လိုက်ကြတယ်၊ ဆောင်းရာသီ ပြိုင်ပွဲရော မြောင်ဒုံ အနုပညာ ပြဇာတ်ရုံက ပြဇာတ်ရော နှစ်ခုစလုံးက အရေးကြီးတယ်လေ။

“မင်းတို့ မှတ်မိသေးလား မသိဘူး၊ အရမ်း အရေးကြီးတဲ့ ဧည့်သည်တစ်ယောက်လည်း လာဦးမှာ။ မင်းတို့ ကောင်းကောင်း လုပ်ပြဖို့ လိုတယ်နော်”

ဂန်ဟွမ်က ဂုဏ်ယူတဲ့ အပြုံးနဲ့ ပြောလိုက်တယ်။ အဲဒီအချိန်မှာပဲ ဂျွန်မင်းက ဂန်ဟွမ်ရဲ့ ပခုံးကို ပုတ်ပြီး နားနားကပ်ပြီး တစ်ခုခု ပြောလိုက်တာပေါ့။ ဂန်ဟွမ်က အံ့ဩသွားတဲ့ ပုံစံနဲ့ “တကယ်လား” လို့ အသံကျယ်ကြီးနဲ့ မေးလိုက်မိတယ်။

“ကဲ အားလုံးပဲ၊ ဆောင်းရာသီ ပြိုင်ပွဲကိုပဲ အဓိက အာရုံစိုက်လိုက်ကြ။ ဒါကိုတော့ အားလပ်တဲ့ အချိန်မှပဲ လုပ်ကြတော့။ ဟုတ်ပြီလား”

ဂန်ဟွမ်က စကားကို ချက်ချင်း ပြောင်းလိုက်တာ။ ကြည့်ရတာ ဟို ပြောတဲ့ အရေးကြီးတဲ့ ဧည့်သည်ဆိုတာကြီးက လာတော့မှာ မဟုတ်ဘူး ထင်ပါရဲ့။ ကျောင်းသားတွေလည်း ခိုးပြီး ရယ်လိုက်ကြတော့တာပေါ့။

“ဇာတ်ကောင်တွေလည်း ရပြီဆိုတော့... အောင်ပွဲခံကြရအောင်လေ”

ဂန်ဟွမ်က ဂျွန်မင်းကို စပ်ဖြီးဖြီးနဲ့ လှည့်ကြည့်လိုက်တော့ ဂျွန်မင်းက ခေါင်းခါပြပြီး ပရိသတ်ထိုင်ခုံတွေမှာ သွားထိုင်လိုက်တယ်။

“ကဲ... ဘာစားကြမလဲ”

အော်... ဒါကြောင့်ကိုး။ မာရူးက ဂန်ဟွမ်နဲ့ ဂျွန်မင်းကို တစ်လှည့်စီ ကြည့်နေမိတယ်။ ဂန်ဟွမ်ကတော့ ပျော်ပြီး ဟိုခုန်ဒီခုန် လုပ်နေပြီး ဂျွန်မင်းကတော့ အရှုံးပေးလိုက်တဲ့ ပုံစံမျိုးနဲ့ ပခုံးတွန့်ပြနေတာပေါ့။

“ယေး... အားလုံးပဲ။ စီနီယာကြီးက ငါတို့ကို ထမင်းကျွေးတော့မယ်။ အားရပါးရ လေ့ကျင့်ကြပြီးတော့ အကောင်းစားတွေ သွားစားကြရအောင်”

ဖြောင်း ဖြောင်း ဖြောင်း။ လက်ခုပ်သံနဲ့အတူ လေ့ကျင့်ခန်းတွေ စတင်လိုက်တော့တယ်။

* * * * * * * * *

နောက်ဆုံးတော့လည်း ဂန်ဟွမ်က တဂျီဂျီ လုပ်နေတာကြောင့် ဝက်သုံးထပ်သားကင် သွားစားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ မာရူးကတော့ ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။ အလကားကျွေးတဲ့ ထမင်းပဲလေ။

“အင်း သမီး နောက်ကျမယ်။ ညစာ စားပြီးမှ ပြန်လာမှာမို့လို့ စိတ်မပူနဲ့နော်”

သူမက ဖုန်းကို ပိတ်လိုက်တယ်၊ သူမ အမေဆီ ဖုန်းဆက်တာ ဖြစ်မှာပေါ့။

“တစ်ခါလောက်တော့ သွားပြီး နှုတ်ဆက်သင့်တယ်နော်”

“ဘယ်သူ့ကိုလဲ ကျွန်မ အမေကိုလား”

“အင်းလေ။ ကိုယ်က မင်းရဲ့ ချစ်သူပဲဟာကို”

“ရူးနေလား။ မေမေသာ ရှင့်ကို မြင်သွားရင်... ဟူး မစဉ်းစားချင်တော့ဘူး။ သူမက ညတိုင်း အကြောင်းစုံ မေးနေတော့မှာ”

“အဲဒါကြောင့်ပဲ ပိုပြီး သွားချင်လာတာပေါ့”

“မလုပ်နဲ့နော်”

သူမက သူ့ကို သတ်မယ့် အကြည့်နဲ့ စိုက်ကြည့်လိုက်တယ်။ အင်းလေ... သူ့ရဲ့ ယောက္ခမက တစ်နည်းအားဖြင့်တော့ တော်တော်လေး ရက်စက်တတ်တဲ့သူပဲ။ အားလပ်ရက်တွေမှာ သွားလည်တိုင်း သူ ဘယ်လောက်တောင် ရင်တုန်ခဲ့ရလဲဆိုတာ မာရူး မှတ်မိနေသေးတယ်။

ဘာပဲဖြစ်ဖြစ်၊ အားလုံး အသားကင်ဆိုင်ဆီကို တန်းပြေးခဲ့ကြတယ်။ တနင်္ဂနွေနေ့ ည ၉ နာရီဆိုတော့ ဆိုင်ထဲမှာ လူတွေ ပြည့်နေတာပေါ့။ တော်သေးတာက စားပွဲ သုံးလုံး လွတ်နေသေးတယ်။ ဂျွန်မင်းနဲ့ ဂန်ဟွမ်က စားပွဲတစ်လုံးမှာ ထိုင်ကြပြီး ကျန်တဲ့ ကျောင်းသား ၁၂ ယောက်ကတော့ တခြား စားပွဲ နှစ်လုံးမှာ ခွဲထိုင်လိုက်ကြတယ်။ စားစရာတွေ မှာပြီးတဲ့နောက်မှာတော့ သူတို့ စောင့်နေကြတာပေါ့။

“မာရူး”

“ဘာလဲ”

ယိုဂျင်ပဲ။ သူမက တခြားစားပွဲမှာ ထိုင်နေတာ ဖြစ်ပေမဲ့ ဘယ်အချိန်ကတည်းက ရောက်လာလဲမသိဘူး၊ သူ့ဘေးနားမှာ ရောက်နေပြီ။

“မင်းရဲ့ ဖုန်းနံပါတ် ဘယ်လောက်လဲ”

“ငါ့ နံပါတ်လား”

“ငါတို့က ချစ်သူတွေပဲလေ၊ အဲဒါကြောင့် သိထားဖို့ လိုတယ်”

ချစ်သူတွေ ဟုတ်လား မာရူး ခဏလောက် ကြောင်သွားရတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ သူ သဘောပေါက်လိုက်တာက... ပြဇာတ်ထဲမှာ သူ့ရဲ့ ဇာတ်ကောင်က ယိုဂျင်ရဲ့ ဇာတ်ကောင်နဲ့ ချစ်သူတွေ ဖြစ်နေတာကိုး။

“သိချင်တာရှိရင် ခဏခဏ စာပို့မေးလို့ ရအောင်လေ”

“ကောင်းပြီလေ။ မင်း အဆင်ပြေသလိုပေါ့”

မာရူးက ယိုဂျင်ရဲ့ ဖုန်းကို ယူလိုက်ပြီး သူမကို တစ်ချက် လှမ်းကြည့်လိုက်တယ်။ သူမကတော့ အခု ဖြစ်နေတဲ့ ကိစ္စတွေကို ဘာမှ စိတ်မဝင်စားတဲ့ ပုံစံနဲ့ ဆလတ်ရွက်ထုပ်ကို ပါးစပ်ထဲ အတင်းထိုးထည့်နေတာ။

‘အင်း... ဒါက သူမရဲ့ စရိုက်ပဲလေ’

မာရူးက သူ့ရဲ့ ဖုန်းနံပါတ်ကို ယိုဂျင်ရဲ့ ဖုန်းထဲမှာ ရိုက်ထည့်ပေးလိုက်တော့တယ်။

* * * * * * * * *

All Chapters