← Chapters

အခန်း (၁၂၃-၁၂၄)

Vol. 13 Ch. 123-124

အခန်း (၁၂၃-၁၂၄)

Vol. 13 Ch. 123-124

အခန်း(၁၂၃)

“ဒါဆို မင်းတို့ ရန်ဖြစ်လိုက်ကြတာပေါ့”

“နည်းနည်းပါးပါးပါ။ ကျွန်မဘက်ကပဲ အရင်တောင်းပန်လိုက်သင့်တယ် မဟုတ်လား”

“တကယ် နောင်တရတယ်ဆိုမှပဲ တောင်းပန်လိုက်ပါ”

လူးခါနေတဲ့ ဘတ်စ်ကားပေါ်မှာ သူမက အတန်းထဲမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာကို မာရူးကို ပြောပြနေတာပေါ့။ သူငယ်ချင်းမလေးက သူမဆီက လက်သည်းနီ လာငှားရာကနေ စပြီး ရန်ဖြစ်ခဲ့ကြတာလေ။ ဘယ်လောက်ပဲ ခင်တဲ့သူငယ်ချင်းတွေဖြစ်ဖြစ် ဒီလိုမျိုးလေးတွေတော့ ရှိတတ်တာပဲ မဟုတ်လား။

သူမဘက်က တောင်းပန်ဖို့ လိုတယ်လို့ ခံစားနေရပေမဲ့ အရင်ဆုံး စကားစပြောဖို့ကျတော့လည်း တွန့်ဆုတ်နေမိတာ။ ဒါပေမဲ့ မာရူးနဲ့ စကားပြောလိုက်ရတော့မှ ရင်ထဲက အလုံးကြီး ကျသွားသလို ခံစားလိုက်ရပြီး သူငယ်ချင်းမလေးဆီသွားပြီး စကားပြောဖို့ သတ္တိရှိသွားတော့တာပေါ့။

“ဒါပဲမလား၊ တခြား ဘာရှိသေးလဲ”

“ကျွန်မက အရင်ကတည်းက အငြိုးအတေးတွေကို အမှတ်တရ သိမ်းထားတတ်တဲ့သူမှ မဟုတ်တာ။ ဒီလိုမျိုးတွေကလည်း ဖြစ်ခဲပါတယ်၊ များသောအားဖြင့်တော့ အဲဒီနေရာတင် တန်းပြီး ရှင်းလိုက်တာပဲ”

“အေးပါ၊ မင်းက အဲဒီလို လူစားမျိုးပဲဟာကို”

အဲဒီအချိန်မှာပဲ ဘတ်စ်ကားက ဘရိတ်အုပ်လိုက်တာကြောင့် တကျိကျိနဲ့ အသံတွေ မြည်သွားတော့တာပေါ့။ သူမက အပေါ်က လက်ကိုင်ကွင်းကို တင်းတင်းကျပ်ကျပ် ကိုင်ထားရက်သားနဲ့တောင် ခန္ဓာကိုယ်က ဟန်ချက်ပျက်ပြီး ယိမ်းထိုးသွားရတယ်။ ဘေးနားက လူနဲ့ ဝင်တိုက်တော့မယ့်ဆဲဆဲမှာပဲ မာရူးက သူမရဲ့ လက်မောင်းကို လှမ်းဖမ်းပြီး ထိန်းပေးလိုက်တာ။

“သတိထားဦးလေ”

“... အင်း”

သူမက သူမရဲ့ ညာဘက်လက်မောင်းကို ငုံ့ကြည့်လိုက်မိတယ်။ မာရူးကတော့ ဘာမှမဖြစ်သလိုပဲ ဘတ်စ်ကားပြတင်းပေါက်ကနေ အပြင်ကို ငေးကြည့်နေပေမဲ့ သူမကိုတော့ မြဲမြဲမြံမြံလေး ထိန်းထားပေးတာပေါ့။ သူနဲ့အတူရှိနေရင် ဘယ်နေရာသွားသွား ဘေးကင်းလုံခြုံတဲ့ ပိုက်ကွန်လေးတစ်ခု အမြဲပါနေသလိုမျိုး သူမ ခံစားရတယ်။ မာရူးက ဒီလို အသေးအဖွဲကိစ္စလေးတွေကအစ အမြဲတမ်း အနုစိတ် ဂရုစိုက်တတ်တာလေ။

“ဒီအပတ်ပိတ်ရက် ကာရာအိုကေ သွားကြမလား”

“ဒီအပတ်တော့ မအားဘူး၊ လေ့ကျင့်ခန်းလုပ်စရာရှိလို့။ ဝူဆောင်းမှာလည်း လေ့ကျင့်ခန်းရှိတာ မဟုတ်လား”

“ဟုတ်တယ်၊ ဒါပေမဲ့ ကိုယ် နေမကောင်းဘူးလို့ပဲ အကြောင်းပြလိုက်မှာပေါ့”

“ဟူး... လူရွေးပွဲစဖို့ တစ်ပတ်ပဲ လိုတော့တာလေ။ နည်းနည်းလောက်တော့ အားစိုက်ပါဦး”

“ကိုယ်လည်း တကယ် ကြိုးစားနေတာပါ၊ ဒါပေမဲ့ တစ်ခါတလေကျတော့လည်း အားအရမ်းစိုက်ရင် ခန္ဓာကိုယ် ထိခိုက်တတ်တယ်လေ။ အနားယူဖို့ကလည်း အရေးကြီးတာပဲဟာကို”

“ဒါဆိုရင်လည်း တခြားသူတွေကို ဒုက္ခမပေးဘဲ အိမ်မှာပဲ အနားယူလိုက်ပါလား” လို့ သူမက ရယ်ရင်းနဲ့ လျှာလေးထုတ်ပြီး စနောက်လိုက်တာပေါ့။

မာရူးက စကားပြောရင် တည့်တည့်ပြောတတ်တာကြောင့် သူမအတွက်တော့ စကားပြောရတာ တော်တော်လေး သက်သောင့်သက်သာ ရှိတယ်။ သူတို့ စတွေ့ခဲ့တာ မနေ့ကလိုပဲ ရှိသေးပေမဲ့ သူတို့ကြားက သံယောဇဉ်ကတော့ အဲဒီထက် အများကြီး ပိုစောပြီး ရှိနေခဲ့သလိုမျိုးပဲ။

မာရူးက သူမရဲ့ လက်မောင်းကို ထိန်းပေးထားတာကြောင့် ဘတ်စ်ကား ဘယ်လောက်ပဲ ယိမ်းနေပါစေ သူမ မပူတော့ဘူး။ သူမက မြောင်ဒုံကို တစ်ပတ်မှာ သုံးလေးခါလောက် ဒီဘတ်စ်ကားနဲ့ သွားနေကျပေါ့။ မာရူးကတော့ ကျောင်းအတူတူ တက်နေသလိုမျိုးပဲ သူမနဲ့အတူ အမြဲတမ်း ပါလာတတ်တာ။ သူမက မာရူးကို လှမ်းကြည့်လိုက်တော့ သူ့ရဲ့ ပန်းရောင်သန်းနေတဲ့ နှုတ်ခမ်းလေးတွေက ပြုံးယောင်သန်းနေတာကို တွေ့လိုက်ရတယ်။

‘သူ အခုတလော နည်းနည်း ပြောင်းလဲလာသလိုပဲ’

အရင်တုန်းကဆိုရင် သူမကလွဲလို့ တခြား အပျော်တမ်း သရုပ်ဆောင်အဖွဲ့ဝင်တွေကို မာရူးက အေးစက်စက်ပဲ ဆက်ဆံတတ်တာကို သူမ သတိထားမိခဲ့ဖူးတယ်။ မာရူးက တစ်ကိုယ်ရည်ကိစ္စတွေကို သိပ်မပြောဘဲ စကားနဲ့ အမူအရာကို ခြွေတတ်တဲ့ အစိုးရဝန်ထမ်းတစ်ယောက်လိုပဲ။

ဒါပေမဲ့ အခု မာရူးကတော့ တခြားသူတွေနဲ့ စကားတွေပြောပြီး ရင်းရင်းနှီးနှီး ရှိနေပြီလေ။ မာရူးက ဘယ်လောက်တောင် စကားပြောကောင်းလဲဆိုတာ သူမ သိပြီးသားမို့လို့ အပျော်တမ်း သရုပ်ဆောင်တန်းက တခြားသူတွေနဲ့ ချက်ချင်း အဆင်ပြေသွားတာကို သူမ မအံ့ဩပါဘူး။

မာရူးက စကားပြောရင် အမြဲတမ်း သေသေချာချာ နားထောင်ပေးတတ်တာကို သူမ ရင်ထဲကနေ ခံစားရတယ်။ သူမ စကားပြောနေရင်း မာရူးရဲ့ တည်ငြိမ်နေတဲ့ မျက်လုံးတွေကို ကြည့်လိုက်မိတိုင်း ရင်ထဲမှာ တစ်မျိုးကြီး ဖြစ်သွားတတ်တာ။ မာရူးက တကယ့်စိတ်ပညာပညာရှင် တစ်ယောက်လိုပဲ အစအဆုံး သေသေချာချာ နားထောင်ပေးပြီး ကိုယ်ချင်းစာတဲ့အနေနဲ့ ခေါင်းလေးညိတ်ပြတတ်တာလေ။

“ဘာဖြစ်လို့လဲ”

“ဘာမှမဟုတ်ပါဘူး။ ရှင် အခုတလော ပိုပြီး ပြုံးနေတာကို တွေ့လို့ပါ”

“ကိုယ်လား”

သူကိုယ်တိုင်တောင် ဒီအပြောင်းအလဲကို သတိမထားမိပုံရတယ်။ သူက စဉ်းစားတဲ့အနေနဲ့ လက်ကို မျက်နှာနား ပင့်လိုက်တဲ့အချိန်မှာ သူ့ရဲ့ ကြံ့ခိုင်နေတဲ့ လည်ပင်းသားတွေကို သူမ မြင်လိုက်ရတာပေါ့။ တစ်ခါတစ်လေကျမှ သတိထားမိတာ၊ မာရူးက အရပ် ၁၇၈ စင်တီမီတာလောက် ရှိတာဆိုတော့ သူ့ရဲ့ ခန္ဓာကိုယ်က တကယ်ကို ကြံ့ကြံ့ခိုင်ခိုင် ရှိတာလေ။

“ရှင် လေ့ကျင့်ခန်းတွေ လုပ်နေတာလား”

“အဖေနဲ့အတူ ဟိုဟိုဒီဒီ လက်ဝှေ့ သွားထိုးဖြစ်တာပါ”

“ဝိုး၊ လက်ဝှေ့လား”

“ကိုယ့်အဖေက အပျော်တမ်း လက်ဝှေ့သမားလေ။ သူ ဆုတွေတောင် တော်တော်များများ ရခဲ့တာ”

“တကယ်လား၊ အံ့ဩဖို့ကောင်းလိုက်တာ။ ရှင်ရော ပြိုင်ပွဲတွေ ဝင်ပြိုင်ဖူးလား”

“အပြန်အလှန် လေ့ကျင့်ထိုးရုံလောက်ပါပဲ”

“အိုး... ဒါဆို ရှင်က တော်တော်လေး ရန်ဖြစ်တော်မှာပေါ့”

“ရန်ဖြစ်တာမျိုးဆိုရင်တော့ ကိုယ်က အရင်ဆုံး ပြေးမယ့်သူပါ” လို့ မာရူးက ထပ်ပြီး ပြုံးရင်း ပြန်ဖြေလိုက်တာပေါ့။

သူမက မာရူးရဲ့ ဒီလိုပုံစံလေးကို တကယ် သဘောကျတာ။ သူက တခြားယောင်္ကျားလေးတွေလိုမျိုး ဟန်ဆောင်ပြီး ကြွားလုံးထုတ်တာမျိုးလည်း မရှိဘူး၊ အခွင့်အရေးရတိုင်း ကိုယ့်ကိုယ်ကိုယ် ချီးကျူးနေတတ်တာမျိုးလည်း မဟုတ်ဘူးလေ။

မာရူးရဲ့ ဒီလိုဘက်လေးကို မြင်ရတိုင်း သူက ‘ဒါက ဘာဖြစ်လို့လဲ’ လို့ ပြောနေသလိုမျိုး သူမ မြင်ယောင်နေမိတယ်။ ရန်ဖြစ်တတ်တာတွေ၊ တခြားသူတွေကို နာကျင်အောင် လုပ်တတ်တာတွေကို ကြွားလုံးထုတ်နေတဲ့ ယောင်္ကျားလေးတွေကြားမှာ နေရတာက တကယ်ကို ပင်ပန်းဖို့ကောင်းတာကိုး။ ဒါတွေက ကောင်းတဲ့အရာမှ မဟုတ်တာလေ။

“ရှင် အတန်းဖော်တွေနဲ့ ရန်ဖြစ်ဖူးလား”

“ဟင့်အင်း၊ တစ်ခါမှ မဖြစ်ဖူးဘူး။ ကိုယ်က အဲဒီအဆင့်အထိ ရောက်သွားမှာကို ကြောက်သလို သတိလည်း ထားတတ်တာဆိုတော့လေ”

မာရူးက မသိမသာပဲ သူ့ရဲ့ ပခုံးသားတွေကို လှုပ်ရှားလိုက်တာကို သူမ တွေ့လိုက်ရတယ်။ သူမက စနောက်တဲ့အနေနဲ့ မေးလိုက်တာပေါ့။

“အကယ်၍ ကျွန်မသာ ရန်ပွဲတစ်ခုမှာ ပါသွားရင် ရှင် ဘာလုပ်မှာလဲ”

“မင်းကတော့ ဘယ်တော့မှ အဲဒီလို အခြေအနေမျိုး ရောက်အောင် လုပ်မှာ မဟုတ်ဘူးဆိုတာ ကိုယ် သိတာပေါ့”

“တကယ်လို့ ဖြစ်ခဲ့ရင်ကော၊ ဘယ်လိုလုပ်မှာလဲ”

“ဒါဆိုရင်တော့ ပါဝင်တဲ့သူတွေအားလုံးနဲ့ စကားပြောပြီး အကြမ်းမဖက်တဲ့နည်းနဲ့ ဖြေရှင်းနိုင်အောင် ကြိုးစားမှာပေါ့” လို့ မာရူးက သူ့အဖြေကို သူ သဘောကျနေသလိုမျိုး ခပ်ပြုံးပြုံးနဲ့ ပြောလိုက်တယ်။ အဲဒါကို မြင်တော့ သူမက သူ့ရဲ့ နံဘေးကို လှမ်းထိုးလိုက်ရာ မာရူးက သူ့ကိုယ်ကို လိမ်ပြီး ရှောင်လိုက်တာပေါ့။

အဲဒီနောက်မှာတော့ သူတို့ သိပ်ပြီး စကားမပြောဖြစ်တော့ဘူး။ ဘတ်စ်ကားပေါ်က လူတွေအားလုံးလည်း ပင်ပန်းနေကြပုံရလို့ အထဲမှာ တိတ်ဆိတ်နေတာ။ ဘတ်စ်ကားနောက်ဘက်က မိန်းကလေး နှစ်ယောက် တိုးတိုးတိုးတိုး စကားပြောနေတဲ့ အသံလေးပဲ ရံဖန်ရံခါ ကြားရတယ်။ နောက်မှတ်တိုင်အတွက် ဘဲလ်တီးသံကို သူမ ကြားလိုက်ရပြီး ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်တယ်။ မာရူး ဆင်းရမယ့် မှတ်တိုင်က နောက်တစ်ခုလေ။

“ရှင် ဆင်းရတော့မယ်နော်”

သူမက လက်လှမ်းပြီး မှတ်တိုင်မှာ ဆင်းမယ့်အကြောင်း အချက်ပြတဲ့ အနီရောင်ခလုတ်လေးကို နှိပ်လိုက်တယ်။ ခရီးသည်တစ်ယောက် ဆင်းချင်တဲ့အကြောင်း အချက်ပေးသံက ဘတ်စ်ကားထဲမှာ ထွက်လာတာပေါ့။ မာရူး ဆင်းဖို့အတွက် လမ်းနည်းနည်းပဲ ကျန်တော့တယ်။ သူမက နှုတ်ဆက်စကားလေးတွေ ပြောဖို့ ပြင်နေတုန်းမှာပဲ မာရူးက သူ့ခေါင်းကို လှည့်ပြီး ပြောလိုက်တာက...

“အကယ်၍ တကယ်ပဲ ရန်ပွဲတစ်ခု ဖြစ်လာခဲ့ရင် ကိုယ်က အရှေ့ကနေ အကုန် ခံပေးမယ်... မင်းကတော့ လွတ်အောင် ပြေးဖို့ မမေ့နဲ့နော်။ ဖြစ်နိုင်ရင် ရဲကိုလည်း ဖုန်းဆက်ပေးပါ”

မာရူးက သူမရဲ့ ခေါင်းပေါ်က ပန်းရောင် ဦးထုပ်လေးကို အသာအယာ ပုတ်ပေးလိုက်ပြီး ဘတ်စ်ကားပေါ်ကနေ ဆင်းသွားတော့တာပေါ့။ သူမက ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်တော့ မာရူးက ပြုံးဖြဲဖြဲနဲ့ လက်လှမ်းပြ နှုတ်ဆက်နေတာကို တွေ့လိုက်ရတယ်။

* * * * * * * * *

“အင်း... လူငယ်နဲ့ ချူဂျင်ပေါ့”

လူရွေးပွဲအတွက် တစ်ပတ်ပဲ လိုတော့တာလေ။ အကယ်၍ ဇန်နဝါရီလမှာ ဒေသန္တရ ပြိုင်ပွဲတွေအထိ ရောက်သွားခဲ့မယ်ဆိုရင် သူက ‘ဒယ်ဆောက်ဒေါင်က လူများ’ နဲ့ ‘၃ နှစ်တန်း အခန်း ၃’ ဆိုတဲ့ ပြဇာတ် နှစ်ခုစလုံးမှာ သရုပ်ဆောင်ရမှာ ဖြစ်နေပြီ။

ပြင်ဆင်ဖို့ အချိန်အများကြီး ရခဲ့တာဆိုတော့ မာရူးက ဒယ်လ်ဆောက်ဒုံမှာ သူ သရုပ်ဆောင်ရမယ့် ဆယ်ကျော်သက် ဇာတ်ကောင်အကြောင်းကို ကောင်းကောင်း နားလည်နေပြီ။ အဲဒီဇာတ်ကောင်က ပရိသတ်တွေ အတွေးနယ်ချဲ့နိုင်အောင်နဲ့ အမောပြေနိုင်အောင် ကူညီပေးရင်း ပြဇာတ်ရဲ့ ကဏ္ဍတွေကို ချိတ်ဆက်ပေးရတဲ့သူလေ။

အဲဒါကြောင့် သရုပ်ဆောင်တာ အရမ်းလွန်သွားတာမျိုးနဲ့ တစ်ယောက်တည်း ကွဲထွက်နေတာမျိုး မဖြစ်အောင် သတိထားရမယ်။ ဒယ်လ်ဆောက်ဒုံက စကားပြောခန်းတွေကို တစ်ခေါက် ထပ်ကြည့်ပြီးတဲ့နောက်မှာတော့ မာရူးက ‘၃ နှစ်တန်း အခန်း ၃’ ရဲ့ ဇာတ်ညွှန်းကို ကောက်ကိုင်လိုက်တယ်။

တစ်နာရီစာလောက်ပဲ ရှိတဲ့ ပြဇာတ်ဆိုပေမဲ့ ဇာတ်လမ်းကတော့ အရှိန်အဟုန်နဲ့ တက်လာတာ။ ပြဇာတ်တစ်ခုလုံးက အခန်း ၃ ဆိုတဲ့ အတန်းထဲမှာတင် ဖြစ်ပျက်သမျှတွေကို ဖော်ပြသွားတာလေ။ အဓိက ဇာတ်လမ်းကတော့ အတန်းထဲက လူမိုက်တချို့ကြောင့် ဖြစ်လာတဲ့ သဘောထားကွဲလွဲမှုတွေနဲ့ အဲဒါကို ဖြေရှင်းဖို့ ကြိုးစားကြတဲ့အကြောင်းပဲ။ အတန်းခေါင်းဆောင်က သူ့ရဲ့ စိတ်ပျက်မှုတွေကို အတန်းပိုင်ဆရာပေါ်မှာ ပေါက်ကွဲပစ်လိုက်ပြီးတဲ့နောက်မှာ ပြဇာတ်က ပြီးသွားတာ။

ပြဇာတ်က ပြဿနာတွေကို သေသေသပ်သပ် ဖြေရှင်းမပြသွားဘူး။ လက်ရှိ ကိုရီးယားအတန်းကျောင်းတွေမှာ အမြဲတမ်း ကြုံတွေ့နေရတဲ့ အခြေအနေတွေကိုပဲ အဓိကထားပြီး ကိုရီးယားလူ့အဖွဲ့အစည်းရဲ့ ပြဿနာတွေကို ထင်ဟပ်စေတာလေ။ ဒီပြဇာတ်ကနေတစ်ဆင့် မာရူးက ဇာတ်လမ်းရဲ့ ခံစားချက်တွေဟာ ဒါရိုက်တာရဲ့ အာဘော်အပေါ် မူတည်ပြီး ၁၈၀ ဒီဂရီလောက် ပြောင်းလဲသွားနိုင်တယ်ဆိုတာကို ပြန်သတိရသွားစေတယ်။

“ဒီဇာတ်လမ်းက မူလတုန်းကတော့ ကြီးထွားလာမှုနဲ့ ဖွံ့ဖြိုးလာမှုအကြောင်းပါ”

မူလ ဇာတ်လမ်းကတော့ ‘၃ နှစ်တန်း အခန်း ၃’ ထဲက လူငယ်တွေရဲ့ ပြဿနာတွေကို သေသေသပ်သပ် ဖြေရှင်းပေးလိုက်ပြီး အတန်းထဲမှာ အေးချမ်းသွားစေတာ၊ အပျော်တမ်းအဖွဲ့ရဲ့ ပထမဆုံး ပြဇာတ်ဖြစ်တဲ့ ‘နွေးထွေးတဲ့ စားပွဲ’ လိုမျိုးပေါ့။ ဒါပေမဲ့ အခု ပြဇာတ်ကတော့ အဓိပ္ပာယ်တွေ အများကြီး ဖော်ဆောင်နေတာ။

ဂန်ဟွမ်က ဒီပြဇာတ်အပေါ်မှာ သူ့ရဲ့ ကိုယ်ပိုင် ဖန်တီးမှုအာဘော်ကို တကယ်ပဲ အလေးထားပုံရတယ်။ မာရူးက ဒီလို ဖန်တီးမှုမျိုးဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့အကြောင်းကို အလေးအနက်ထား ဖော်ပြထားတဲ့ ဂန်ဟွမ်ရဲ့ ‘လူသားတို့ရဲ့ ကျေးဇူးဆပ်ခြင်း’ နဲ့ ယှဉ်ရင်တော့ သာမန်ပါပဲလို့ ဝန်ခံရမယ်။ အဲဒီအကြောင်းကို တွေးလိုက်ရုံနဲ့တင် မာရူး ကြက်သီးတွေတောင် ထသွားရတာ။

မာရူးက ဇာတ်ညွှန်းကို လှန်ကြည့်ရင်း ချူဂျင်ရဲ့ စကားတွေကို ရွတ်ကြည့်နေမိတယ်။ သူက စကားလုံးတွေကို ကျက်နေတာထက် ဇာတ်ကောင်ရဲ့ စရိုက်ထဲကို ဝင်ချင်နေတာ။ စကားလုံးတွေကို အလွတ်ရဖို့ဆိုတာက မာရူးအတွက်တော့ အခြေခံအဆင့်ပဲ ရှိပါသေးတယ်။ ဇာတ်လမ်းရဲ့ ခံစားချက် တက်လာပုံနဲ့ ဦးတည်ချက်ကို နားလည်ဖို့က ပိုပြီး အရေးကြီးသလို ပြကွက်နဲ့ ကိုက်ညီမယ့် စကားလုံးတွေကို သဘာဝကျကျ ထွက်လာအောင် လုပ်ဖို့ကလည်း အဓိကပဲလေ။

ဒါက ဂန်ဟွမ်က မာရူးဆီကနေ မျှော်လင့်ထားတဲ့အရာလည်း ဖြစ်ပါတယ်။ သရုပ်ဆောင် ဒါမှမဟုတ် ဒါရိုက်တာ တစ်ယောက်ယောက်ကတော့ အာဘော်ကို ဦးဆောင်ရမှာပေါ့။ ဂန်ဟွမ်က “မင်းတို့ရဲ့ ကိုယ်ပိုင် အာဘော်ကိုပဲ ငါ့ကို ပြကြစမ်း” လို့ ပြောထားတာဆိုတော့ မာရူးက ဇာတ်ညွှန်းပေါ်က စကားလုံးတွေကိုပဲ တိတိကျကျ လိုက်ဖတ်နေဖို့ မလိုဘူးဆိုတာ သူ နားလည်လိုက်တယ်။

“အပြင်ပန်းကြည့်ရင် တက်ကြွပြီး ပျော်ပျော်နေတတ်တဲ့ ကျောင်းသားတစ်ယောက်ပေါ့” လို့ မာရူးက တိုးတိုးလေး ရေရွတ်လိုက်တယ်။

အတန်းတိုင်းမှာ အဲဒီလို ကျောင်းသားမျိုး ရှိတတ်ကြတာပဲလေ၊ ဘယ်အသိုင်းအဝိုင်းနဲ့မဆို အလွယ်တကူ ရောနှောနိုင်ပြီး အတန်းဖော်တွေက အပျော်သဘောနဲ့ အတန်းခေါင်းဆောင်အဖြစ် ရွေးချယ်ခံရတတ်တဲ့သူမျိုးပေါ့။ ချူဂျင်ဆိုတဲ့ အပြင်ပန်းမှာ ဘာမှ မပူမပင်ဘဲ နေတတ်တဲ့ ဒီဇာတ်ကောင်မှာလည်း တခြားသူတွေလိုပဲ သူ့ရဲ့ ကိုယ်ပိုင် လျှို့ဝှက်ချက်လေးတွေ ရှိတာပေါ့။

ချူဂျင်က ဘယ်အုပ်စုနဲ့မဆို ရင်းရင်းနှီးနှီး ရှိနိုင်ပေမဲ့လည်း အဲဒီလို အပေါ်ယံ ပတ်သက်မှုတွေကိုတော့ သူက သံသယရှိနေတာ။ ရယ်စရာကောင်းတာက အတန်းထဲမှာ ချူဂျင်နဲ့ အရင်းနှီးဆုံး သူငယ်ချင်းက အတန်းခေါင်းဆောင် ဖြစ်နေတာပဲ။ ချူဂျင်ရဲ့ အမြင်မှာတော့ အတန်းခေါင်းဆောင်က သူငယ်ချင်းတချို့အပေါ်မှာ တကယ်ကို ရင်းရင်းနှီးနှီးနဲ့ စိတ်ပါလက်ပါ ရှိတာကြောင့် လွတ်လပ်တဲ့သူတစ်ယောက်လို မြင်နေတာလေ။

ချူဂျင်က အတန်းခေါင်းဆောင်ကို အားကျနေသလိုမျိုးပဲ၊ အတန်းခေါင်းဆောင်ကလည်း အတန်းထဲက လူမိုက်တွေနဲ့ အဆင်ပြေအောင် နေနိုင်တဲ့ ချူဂျင်ရဲ့ အရည်အချင်းကို အားကျနေတာ။ ဒီလိုမျိုး တစ်ယောက်နဲ့တစ်ယောက် ထုတ်မပြောဖြစ်တဲ့ အတွေးတွေနဲ့ နားလည်မှု လွဲမှားနေတာတွေက အကြမ်းဖက်မှုတွေအဖြစ် ပေါက်ကွဲထွက်လာတော့မယ့် ယမ်းအိုးကြီးကို တဖြည်းဖြည်း မွေးမြူပေးနေသလိုမျိုး ဖြစ်နေတော့တာပေါ့။

“ပြီးတော့ ဆူလ်မီလည်း ရှိသေးတယ်”

ပြဇာတ်ထဲက ဇာတ်ကောင်တွေထဲမှာ သူမက တစ်ယောက်တည်းပဲ အပြင်ပန်းနဲ့ အတွင်းစိတ်က ကွဲပြားမှု မရှိတဲ့သူ။ ဆူလ်မီရဲ့ ရဲတင်းတဲ့ စိတ်ဓာတ်က သူမကို မကောင်းတဲ့ အပြုအမူတွေကို တွေ့ရင် လျစ်လျူရှုမထားနိုင်အောင် လုပ်ဆောင်ပေးတာ။ သူမရဲ့ သူရဲကောင်းဆန်တဲ့ စရိုက်က သူမကို ရံဖန်ရံခါ စည်းကျော်သွားစေပြီး ပဋိပက္ခတွေကြားထဲကို ရောက်သွားစေတတ်တာလေ။

အဲဒီနောက်မှာတော့ သူ့ရဲ့ ကျောင်းသားတွေ နာမည်ကိုတောင် မှတ်မိအောင် မကြိုးစားတဲ့ ပုံမှန်မဟုတ်တဲ့ အတန်းပိုင်ဆရာ ရှိတယ်။ ပြဿနာတစ်ခုခု ဖြစ်လာတိုင်း ကျောင်းသားတွေကိုပဲ လက်ညှိုးထိုးပြီး ဆင်ခြေရှာဖို့ အမြဲ အသင့်ဖြစ်နေတဲ့သူပေါ့။

ဒီအတန်းပိုင်ဆရာက အတန်းခေါင်းဆောင်၊ ချူဂျင်နဲ့ ဆူလ်မီတို့ကြားက ပဋိပက္ခကို ပိုပြီး ကြီးထွားလာအောင် လုပ်လိုက်တာပဲ။ အပြင်ပန်းမှာ ကြမ်းတမ်းပြီး ခါးသီးတဲ့ ပုံစံရှိတဲ့ အပျော်တမ်း သရုပ်ဆောင်တစ်ယောက်က အတန်းပိုင်ဆရာနေရာကနေ သရုပ်ဆောင်မှာလေ။

ဒီအဓိက ဇာတ်ကောင် လေးယောက်နဲ့အတူ လူမိုက်အုပ်စုနဲ့ ဆရာနံပါတ် ၂ တို့က ‘၃ နှစ်တန်း အခန်း ၃’ ရဲ့ ဇာတ်ဆောင်တွေ ဖြစ်လာကြတာ။ ဂန်ဟွမ် အရင်က ပြောခဲ့သလိုပဲ အဓိက ဇာတ်ကောင်တွေကို ပိုပြီး ဖော်ဆောင်ရမှာ ဖြစ်တာကြောင့် အပျော်တမ်း သရုပ်ဆောင်အဖွဲ့ထဲက တခြား ရှစ်ယောက်ထက်စာရင် ဒီလေးယောက်က ပြကွက်တွေရော စကားပြောခန်းတွေရော ပိုများတာပေါ့။ သူ့ဇာတ်ကောင်ရဲ့ ပါဝင်တဲ့ ပြကွက်တွေ များလာတာကြောင့် မာရူးက ဇာတ်ညွှန်းရဲ့ အစိတ်အပိုင်း တော်တော်များများကို လိမ္မော်ရောင် ဟိုက်လိုက်တာနဲ့ ခြယ်သထားလိုက်တယ်။

“ဟူး”

ဇာတ်ညွှန်းကို ရရခြင်းမှာ မာရူး ပထမဆုံး လုပ်လိုက်တာက သူ့ရဲ့ စကားပြောခန်းတွေနဲ့ သူ့ဇာတ်ကောင်က တခြားသူတွေအပေါ် ဘယ်လောက် လွှမ်းမိုးမှုရှိလဲဆိုတာကို လိမ္မော်ရောင် ဟိုက်လိုက်တာနဲ့ မှတ်သားလိုက်တာပဲ။ လိမ္မော်ရောင် ဟိုက်လိုက်တာတွေနဲ့ အုပ်မိုးထားတဲ့ ကြားထဲမှာ ညပ်နေတဲ့ စာလုံးအမည်းလေးတွေကို မြင်လိုက်ရတော့မှ မာရူးက သူ့ဇာတ်ကောင်ရဲ့ အရေးပါမှုကို ပထမဆုံးအကြိမ် ခံစားလိုက်ရတာ။

တစ်ချိန်တည်းမှာပဲ မာရူးက လောဘတက်လာမိတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်တုန်းကဆိုရင်တော့ ဒီလောက်အထိ တာဝန်ကြီးတဲ့ အလုပ်မျိုးဆိုရင် သူ ထွက်ပြေးမိမှာ သေချာတယ်။ ဒါပေမဲ့ အခု မာရူးကတော့ စင်ပေါ်မှာ အကြာကြီးရပ်ပြီး သူ့ရဲ့ ဇာတ်လမ်းကို ပရိသတ်တွေကို ပြောပြနိုင်မယ့် အခွင့်အရေး ရလိုက်တာကြောင့် တကယ်ကို ဝမ်းသာနေမိတာပေါ့။

မာရူးက ဇာတ်ညွှန်းကို ကိုင်ပြီး ထရပ်လိုက်တယ်။ အချိန်ကုန်သက်သာအောင် ကျောင်းမှာဆိုရင် ‘ဒယ်လ်ဆောက်ဒုံက လူများ’ ကိုပဲ အာရုံစိုက်ပြီး အိမ်မှာဆိုရင်တော့ ‘၃ နှစ်တန်း အခန်း ၃’ ကိုပဲ အာရုံစိုက်ဖို့ သူ ဆုံးဖြတ်လိုက်တယ်။

“တခြားသူတွေနဲ့ ဒီလောက်တောင် ရယ်မောပြီး စကားတွေ ပြောခဲ့ရက်သားနဲ့ အခုကျတော့လည်း ငါတစ်ယောက်တည်း ဖြစ်နေပြန်ပြီ။ ဒါက ဘာရယ်စရာကြီးလဲ။ စောစောကမှ လူတွေနဲ့ တရင်းတနှီး ရှိနေခဲ့တဲ့သူက တကယ်ပဲ ငါလား။ ငါ့မှာ ဘာမှ ပူစရာမလိုဘဲ စကားပြောလို့ရမယ့် သူငယ်ချင်း တစ်ယောက်လောက်တောင် ဘာလို့ မရှိရတာလဲ” လို့ မာရူးက ဆူလ်မီ မဝင်လာခင်မှာ အတန်းထဲမှာ တစ်ယောက်တည်း သူ့အတွေးတွေကို ထုတ်ဖော်ပြောနေတဲ့ ချူဂျင်ရဲ့ စကားတွေကို ဖတ်နေမိတယ်။

“ဇာတ်ကောင် နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် ခဏလောက် ကြည့်လိုက်ပြီးမှ လျစ်လျူရှုလိုက်ကြတယ်။ အဲဒီနောက်မှာ အတန်းခေါင်းဆောင် ဝင်လာပြီး ကျန်တဲ့ ကျောင်းသား နှစ်ယောက်ကို မြင်တော့ မျက်မှောင်ကြုတ်လိုက်တာပေါ့”

ဆူလ်မီကို တိတ်တိတ်လေး သဘောကျနေတဲ့ အတန်းခေါင်းဆောင်က နောက်ဆုံးမှာ ချူဂျင်နဲ့ ဆူလ်မီတို့ တွဲနေကြတယ်ဆိုတာကို သိသွားခဲ့တယ်။ အဲဒီကနေတစ်ဆင့် အတန်းထဲက လူမိုက်တချို့နဲ့ ထိပ်တိုက်ရင်ဆိုင်ရတာတွေ ဖြစ်လာပြီး ‘၃ နှစ်တန်း အခန်း ၃’ ရဲ့ အဓိက ပဋိပက္ခဆီကို အရှိန်အဟုန်နဲ့ ရောက်သွားတော့တာပဲ။ ပရိသတ်တွေကလည်း တစ်ခုခု ဖြစ်တော့မယ်ဆိုတဲ့ စိုးရိမ်စိတ်တွေကို စပြီး ခံစားလာရမှာ။

မာရူးက စင်နောက်ကနေ အပြေးအလွှား လာနေတဲ့ ခြေသံတွေကို ဖော်ပြထားတဲ့ ဇာတ်ညွှန်းထဲက မှတ်ချက်တွေကို ဖတ်လိုက်တယ်။ ဒီလို နည်းလမ်းလေးတွေနဲ့ သရုပ်ဆောင်တာတွေက ပရိသတ်တွေအတွက် သင့်တော်တဲ့ တင်းမာမှုမျိုး ရအောင် တစ်သားတည်း ကျနေဖို့ လိုတာလေ။ မာရူးက ဇာတ်ညွှန်းကို ဖတ်ရင်း သူ့အခန်းထဲမှာ လမ်းလျှောက်နေမိတယ်။ စကားလုံးတွေကို ဖတ်ရုံနဲ့တော့ ချူဂျင်ရဲ့ စရိုက်ထဲကို သူ ဝင်လို့မရဘူး၊ သူကိုယ်တိုင်က ချူဂျင် ဖြစ်သွားအောင် နားလည်ဖို့ လိုတာလေ။

အဲဒီအချိန်မှာပဲ...

မာရူးက သူ့ညီမလေး သူ့တံခါးကို တိတ်တိတ်လေး ဖွင့်ပြီး ချောင်းကြည့်နေတာကို တွေ့လိုက်ရတယ်။ သူမက အရင်လိုမျိုး တံခါးကို ဝုန်းခနဲ ဖွင့်တာမျိုး မဟုတ်တော့ဘူး။

“ကိုကြီး၊ ဘာလုပ်နေတာလဲ”

“ဇာတ်ညွှန်း ကြည့်နေတာလေ”

“အလုပ်ရှုပ်နေတာလား”

“ဘာလို့လဲ”

“မုန့် အတူတူ စားဖို့ အချိန်ရတယ် မဟုတ်လား။ သမီးတစ်ယောက်တည်း စားရင် ဝလာမှာစိုးလို့၊ အတူတူ ဝကြရအောင်လေ၊ ဟုတ်ပြီလား”

“၁၁ နာရီတောင် ကျော်နေပြီလေ”

“ဒါပေမဲ့ ဗိုက်ဆာလို့ပါ...” လို့ ဘာဒါက နှုတ်ခမ်းဆူရင်း ပြောလိုက်တာပေါ့။

“... အေးလေ၊ ဒါဆိုရင်လည်း အိုင်စကရင်လေး ဘာလေး စားတာပေါ့။ နင် သွားယူမှာ မဟုတ်လား”

“အင်း၊ သမီး သွားယူမယ်။ ဒီမှာပဲ စောင့်နေနော်၊ အခုချက်ချင်း ပြန်လာခဲ့မယ်”

ဘာဒါက ကြမ်းပြင်ပေါ်မှာ ပြေးသွားတဲ့ ခြေသံလေးတွေကို မာရူး ကြားနေရတယ်။ သူက ဇာတ်ညွှန်းကို ချလိုက်ရင်း သူ့မျက်နှာပေါ်မှာ အပြုံးလေးတစ်ခု ပေါ်လာတော့တာပေါ့။

* * * * * * * * *

အခန်း(၁၂၄)

“ဟိုဟာလေးလား၊ ဒီဟာလေးလား”

ဘာဒါက မုန့်တွေကိုကြည့်ပြီး ပျော်ပျော်ပါးပါး ရွေးနေရင်း နောက်ဆုံးတော့ ချောကလက်အရသာ မုန့်ထုတ်ကိုပဲ ရွေးလိုက်တာပေါ့။ စတိုးဆိုင်ထဲက ထွက်လာတော့ ညနေခင်းရဲ့ ရုတ်တရက် တိုက်ခတ်လာတဲ့ လေအေးကြောင့် ဘာဒါတစ်ယောက် တွန့်သွားရတယ်။

သူမလက်ထဲမှာတော့ သူမဝယ်လာတဲ့ မုန့်ထုတ်နဲ့ မာရူးအတွက် ရေခဲမုန့် ပါလာတာပေါ့။ အိမ်ကို အမြန်ပြန်ရမယ်လို့ ကိုယ့်ဘာသာ ပြောနေတုန်း လမ်းတစ်ဖက်မှာ ပြိုင်ဘီးလေးကို တွန်းပြီး လျှောက်လာတဲ့ လူတစ်ယောက်ကို သူမ တွေ့လိုက်ရတယ်။

“အို”

ဘာဒါက မရည်ရွယ်ဘဲ အော်လိုက်မိတာပေါ့။ သူမက သူ့ကို သေသေချာချာ မသိပေမဲ့ မျက်နှာကိုတော့ မှတ်မိနေတယ်။ ဒိုဝူးက ဘာဒါကို ခဏလောက် စိုက်ကြည့်နေပြီးမှ သူမက ဘယ်သူလဲဆိုတာ သတိရသွားပုံရတယ်။

သူ့ပါးစပ်ကလည်း “အော်” လို့ ထွက်လာတာပေါ့။

“မင်းက မာရူးရဲ့ ညီမ မဟုတ်လား”

“ဟုတ်ကဲ့၊ ကိုကြီးရဲ့ သူငယ်ချင်း ဒိုဝူး မဟုတ်လား”

“အင်း”

မြောင်ဒုံမှာတုန်းက ဟိုလူမိုက်ကြီးကို အားရပါးရ ပတ်ချာဝှေ့ကန်ပြီး သူမကို ကယ်ခဲ့တဲ့ ဒိုဝူးရဲ့ ပုံစံကို သူမ ပြန်သတိရသွားတယ်။ ဒီစီနီယာ အစ်ကိုကြီးရဲ့ နာမည်အပြည့်အစုံက ကန်ဒိုဝူး ဆိုတာကိုလည်း ဘာဒါက မှတ်မိနေတာပေါ့။ အဲဒီနေ့တုန်းက မာရူးက အိမ်ကို အမြန်ပြန်ဖို့ ပြောလိုက်တာကြောင့် ဒိုဝူးကို ကိုယ်တိုင် ကျေးဇူးတင်စကား ပြောဖို့ အခွင့်အရေး မရခဲ့ဘူးလေ။

“အဲဒီနေ့က ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်နော်”

“ရပါတယ်၊ ငါကိုယ်တိုင်လည်း အဲဒီကောင်ကို ပညာပေးချင်နေတာနဲ့ အတော်ပဲပေါ့”

“ဒီနားမှာပဲ နေတာလားဟင်” ဘာဒါက မေးလိုက်တယ်။

“မဟုတ်ဘူး၊ သူငယ်ချင်းတစ်ယောက်နဲ့ လာတွေ့တာ”

“ကိုကြီးနဲ့လား”

“မဟုတ်ဘူး”

သူက စကားကို ခပ်တိုတိုပဲ ဖြေတယ်။ ကျေးဇူးတင်စကား အပြောခံရလို့ ဒိုဝူးတစ်ယောက် အနေရခက်နေပုံရပြီး ဒီစကားဝိုင်းကို အမြန်ဆုံး အဆုံးသတ်ချင်နေတာပေါ့။

“သွားပြီနော်”

“အော်... ဟုတ်ကဲ့”

ဒိုဝူးက သူ့စက်ဘီးကို တွန်းပြီး ဖြတ်သွားတဲ့အခါ ဘာဒါက အံ့ဩပြီး ပြန်ထူးလိုက်မိတယ်။ ဒိုဝူးရဲ့ စရိုက်က သူ့ရဲ့ စူးရှတဲ့ မျက်လုံးတွေလိုပဲ အေးစက်စက်နိုင်လှတယ်လို့ ဘာဒါ ခံစားလိုက်ရတာပေါ့။

ဘာဒါ အိမ်အပြန်လမ်းဘက်ကို စလှည့်လိုက်တဲ့အချိန်မှာပဲ ဒိုဝူးရဲ့ ကျောပြင်ကို လှမ်းကြည့်မိပြီး တခြားသူဆီက အကူအညီရရင် ‘တာဝန်သိတဲ့ လူသားတစ်ယောက်ဟာ ရရှိခဲ့တဲ့ အကူအညီအတွက် အမြဲတမ်း ပြန်ပေးဆပ်ရတယ်’ ဆိုတဲ့ သူမ အမေပြောဖူးတဲ့ စကားကို သတိရသွားတယ်။

ဘာဒါတစ်ယောက် ဆိုင်ထဲကို အမြန်ပြန်ပြေးဝင်သွားပြီး အအေးဘူးလေး တစ်ဘူးကို ယူကာ ဒိုဝူးနောက်ကို ပြေးလိုက်တော့တာပေါ့။ “ဟိုလေ... ရော့၊ ဒါလေး ယူထားပါဦး” ကြောင်တောင်တောင် ဖြစ်နေတဲ့ ဒိုဝူးလက်ထဲကို နွေးနေတဲ့ အအေးဘူးလေး ကမ်းပေးရင်း ဘာဒါက ခပ်သွက်သွက် ပြောလိုက်တယ်။

ဒါကတော့ တာဝန်သိတဲ့ လူသားတစ်ယောက်အနေနဲ့ သူမရဲ့ ဝတ္တရားကို ကျေပွန်အောင် လုပ်လိုက်တာပေါ့။ စိတ်ပေါ့ပါးသွားတဲ့ ဘာဒါက နောက်လှည့်ဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ သူမရဲ့ ပခုံးကို တစ်ယောက်ယောက်က ပုတ်လိုက်သလို ခံစားလိုက်ရတယ်။ လှည့်ကြည့်လိုက်တော့ ဒိုဝူးက - “ငါ ဂျင်ဆင်း မကြိုက်ဘူး” လို့ ပြောတာကို ကြားလိုက်ရတာပေါ့။

ဒိုဝူးက အဲဒီအအေးဘူးကို ဘာဒါ့ဆီ ပြန်ပစ်ပေးလိုက်တယ်။ အံ့ဩသွားတဲ့ ဘာဒါက အဲဒီဘူးကို မတော်တဆ ဖမ်းမိသွားရင်း ချက်ချင်းပဲ ပြန်ပြောလိုက်တာက - “သောက်လိုက်ပါ၊ ဒါက ကျေးဇူးတင်တဲ့ အထိမ်းအမှတ်နဲ့ ပေးတာပါ” “နင်ပဲ သောက်လိုက်” ဒိုဝူးက ပြတ်ပြတ်သားသားပဲ ပြန်ပြောလိုက်တယ်။

ဒိုဝူးက သူ့စက်ဘီးပေါ်ကို ခပ်ပေါ့ပေါ့လေး ခုန်တက်လိုက်ပြီး အားနဲ့ နင်းထွက်သွားလိုက်တာ လမ်းမပေါ်မှာ အစက်ကလေးတစ်စက်အဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားတော့တာပေါ့။ ဘာဒါကတော့ သူသွားရာဘက်ကို လျှာလေးထုတ်ပြီး စနောက်လိုက်ရင်း အအေးဘူးကို သူမရဲ့ ပလတ်စတစ်အိတ်ထဲ ထည့်လိုက်တယ်။

“ဟင်း၊ သောက်သောက် မသောက်သောက် ဂရုစိုက်နေမယ် ထင်လို့လား”

* * * * * * * * *

ဒိုဝူးက သူ့ကျောင်းစာပွဲပေါ်မှာ တင်ထားတဲ့ စာရွက်အလွတ်ကြီးကို စိုက်ကြည့်နေမိတယ်။ သူ့အစ်မဆီ ပထမဆုံး စာရေးတုန်းကတော့ အတွေးတွေက စာမျက်နှာပေါ်မှာ အလျှံပယ် စီးဆင်းခဲ့ပေမဲ့ အခုကျတော့ ဘာစကားလုံးမှ ရှာမတွေ့နိုင်အောင် ဖြစ်နေရတာပေါ့။

အရင်တုန်းက စကားလုံး တစ်လုံးချင်းစီတိုင်းမှာ ဝမ်းနည်းမှုတွေ၊ မုန်းတီးမှုတွေနဲ့ စိတ်ပျက်မှုတွေ ပြည့်နှက်နေခဲ့တာကို သူ သတိရနေမိတယ်။ အဲဒီတုန်းကတော့ စကားလုံးတွေက စာရွက်ပေါ်ကို အတင်းတိုးထွက်လာခဲ့တာလေ။

နှစ်တွေအကြာကြီး သူ့ရင်ထဲမှာ ပိတ်လှောင်ထားခဲ့တဲ့ စိတ်ပျက်မှုတွေကို ဒီစာလုံးတွေကတစ်ဆင့် ဖြည်းဖြည်းချင်း လွှတ်ထုတ်နိုင်ခဲ့တာကိုလည်း သူ သတိရနေသေးတယ်။ အဲဒါက ပထမဆုံးစာပေါ့။ အခုစာကတော့ အဲဒီထက် အဆပေါင်းများစွာ ပိုခက်ခဲနေသလိုပဲ။

သူ့အစ်မဆီကနေ သူ ဘာမှ အများကြီး မမျှော်လင့်ထားပါဘူး။ မတော်တဆမှု ဖြစ်ခဲ့ရတာကရော၊ သူ ပင်ပင်ပန်းပန်းနဲ့ လေ့ကျင့်ခန်းတွေ လုပ်ခဲ့ရတာတွေကရော သူ့အစ်မရဲ့ အပြစ်မှ မဟုတ်တာလေ။ အဲဒီမတော်တဆမှုအတွက် သူမကို သူ တစ်ခါမှ အပြစ်မတင်ခဲ့ဖူးပါဘူး၊ ဒါပေမဲ့ သူမ သူ့ဘေးမှာ မရှိခဲ့တာကိုတော့ သူ စိတ်နာမိခဲ့တာ။ သူ လိုချင်ခဲ့တာက စကားပြောဖော်တစ်ယောက်ရုံတင်ပါပဲ။

ဒါပေမဲ့ သူ့အစ်မကတော့ အိမ်ကနေ ထွက်သွားဖို့ ရွေးချယ်ခဲ့တယ်။ သူမကို အပြစ်တင်နေတဲ့ အမေနဲ့ သနားစရာ မျက်လုံးတွေနဲ့ ကြည့်နေတဲ့ အဖေ့ဆီကနေ သူမ ထွက်ပြေးသွားခဲ့တာပေါ့။ သူမ ထွက်သွားပြီးတဲ့နောက်မှာတော့ ဒိုဝူးဟာ အိမ်မှာရှိတဲ့ လေ့ကျင့်ခန်းစက်တွေပေါ်မှာ သူ့ကြွက်သားတွေကို ပြန်လည်သန်စွမ်းအောင် လေ့ကျင့်ရင်း အချိန်တွေကို ကုန်ဆုံးစေခဲ့ရတယ်။

အတန်းဖော်တွေ အားကစားချိန်မှာ ပျော်နေကြတုန်း သူကတော့ အားကစားခန်းမရဲ့ အေးစက်စက် ကြမ်းပြင်ပေါ်မှာ လှဲနေခဲ့ရတာ၊ အပြင်မှာ ဆော့နေကြတဲ့ ပတ်ဝန်းကျင်က ကလေးတွေရဲ့ ကျောပြင်ကိုပဲ ငေးကြည့်နေခဲ့ရတာပေါ့။ အလိုလိုနေရင်း သူက ကျောင်းမှာ အပယ်ခံလို ဖြစ်သွားခဲ့ပြီး ၅ တန်းအထိ တစ်ခါမှတောင် မပြုံးခဲ့၊ မရယ်ခဲ့ဖူးဘူးလေ။

ကျောင်းဆရာက စက်ဘီးစီးတာက ကြွက်သားတွေ သန်စွမ်းဖို့ အထောက်အကူ ဖြစ်လိမ့်မယ်လို့ ပြောခဲ့ပြီးတဲ့နောက်မှာတော့ ဒိုဝူး စက်ဘီးစစီးဖြစ်ခဲ့တယ်။ တဖြည်းဖြည်း သက်သာလာတဲ့အခါမှာတော့ သူ မလုပ်ခဲ့ရတဲ့ အားကစား မှန်သမျှကို လိုက်ကစားတော့တာပေါ့။ ချက်ချင်းဆိုသလိုပဲ သူ့ရဲ့ ကြွက်သားတွေက ကြီးထွားလာပြီး နောက်ဆုံးတော့ အဖုအထစ်တွေနဲ့ တောင့်တင်းလာခဲ့တယ်။ အရပ်ကလည်း ရှည်လာတာပေါ့။

အဲဒီနောက်မှာတော့ အလယ်တန်းကျောင်း တက်ရတယ်။ မူလတန်းတုန်းက အပယ်ခံဘဝနဲ့ နေခဲ့ရတာကြောင့် ဒိုဝူးမှာ တွဲစရာ သူငယ်ချင်း မရှိခဲ့ဘူး၊ အဲဒါကြောင့်ပဲ သူက လူပေလူတေတွေနဲ့ သွားပေါင်းမိတော့တာပေါ့။ အနှိမ်ခံရတဲ့ဘက်မှာ နေရမယ့်အစား နှိမ်တဲ့ဘက်မှာ ရှိနေရတာက သူ့ကို အင်အားရှိတယ်လို့ ခံစားစေခဲ့တာကိုး။

အဲဒီအထိ တွေးမိတော့မှ သူ ခဲတံကို ကောက်ကိုင်လိုက်ပြီး လွန်ခဲ့တဲ့ ၁၀ နှစ်တာ အကြောင်းကို ရေးဖို့ ဆုံးဖြတ်လိုက်တယ်။ ပထမဆုံး စာကြောင်းကို အဆုံးသတ်လိုက်တဲ့အချိန်မှာပဲ သူ့စာပွဲထောင့်ကို အအေးဘူးတစ်ဘူး လာချလိုက်တဲ့ အသံကို ကြားလိုက်ရတယ်။ အဲဒါက ဂျင်ဆင်း အအေးဘူးလေးပေါ့။ အအေးဘူးပေါ်မှာ လက်တင်ထားဆဲ ဖြစ်တဲ့ လူကို ဒိုဝူး မော့ကြည့်လိုက်တယ်။

“Delivery လာပါပြီဗျာ” မာရူးက ပြုံးဖြဲဖြဲနဲ့ ပြောလိုက်တာပေါ့။

“Delivery”

“ဘာဒါက မနေ့ညက ဆိုင်ကပြန်လာတော့ မင်းက ဒီဘူးကို ငြင်းလိုက်တယ်ဆိုပြီး တရှူးရှူး တရှဲရှဲ ဖြစ်နေတာနဲ့ ငါကိုယ်တိုင် လာပို့ပေးတာလေ”

“အော်...”

“မင်းက ဂျင်ဆင်းနဲ့ မတည့်လို့လား”

“မဟုတ်ပါဘူး၊ မကြိုက်ရုံတင်ပါ”

“ဒါဆိုလည်း သောက်လိုက်ပါကွာ၊ အဲဒီကလေးမလေးက စေတနာအပြည့်နဲ့ ပေးထားတာကို”

မာရူးက ပြောပြောဆိုဆိုနဲ့ အအေးဘူးကို ဖွင့်ပြီး ဒိုဝူးရှေ့ ချပေးလိုက်တယ်။ မာရူးက ခေါင်းမာတတ်တဲ့သူဆိုတာ သိနေတော့ ဒိုဝူးလည်း သက်ပြင်းတစ်ချက်ချပြီး အဲဒီအအေးဘူးကို သောက်ဖို့ပဲ ဆုံးဖြတ်လိုက်တော့တာပေါ့။ သူက တစ်ကျိုက်တည်း သောက်လိုက်ပြီး ဘူးခွံကို မာရူးလက်ထဲ ထည့်ပေးလိုက်တယ်။

“ရပြီလား”

“ကျေးဇူးပဲဗျာ။ ဒါနဲ့ မင်းအစ်မဆီ ရေးနေတဲ့ စာလား”

ဒိုဝူးက စာရွက်ကို သူ့လက်မောင်းတွေနဲ့ အုပ်ပြီး မာရူးကို ဖုံးထားလိုက်တယ်။ မာရူးက ယုံကြည်ရတဲ့ လူကောင်းတစ်ယောက်ဆိုတာ သူ သိပေမဲ့ ရှက်စရာကောင်းတဲ့ ခံစားချက်တွေ ပါနေတဲ့ ဒီစာကိုတော့ မပြချင်သေးဘူးလေ။

“ဟေ့... သေသေချာချာနဲ့ ရှင်းရှင်းလင်းလင်း ရေးနော်၊ ငါ သေချာ ပို့ပေးပါ့မယ်”

“အင်း”

“အစ်မ ဆွန်ဂျီကတော့ မင်းဆီက ပြီးခဲ့တဲ့စာကို ရလိုက်တော့ တော်တော်လေး စိတ်သက်သာရာရပြီး ပျော်နေတာ”

“...”

မာရူးက လန်းဆန်းတဲ့ အပြုံးတစ်ခု ပြုံးပြလိုက်တယ်။ သူ ပြောင်းလဲသွားပြီလို့ ဒိုဝူး တွေးမိတာပေါ့။ ပခုံးပေါ်က လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုခုကို ချလိုက်ရသလိုမျိုးပဲ။ သူ့ရဲ့ ပေါ့ပေါ့ပါးပါး အမူအရာနဲ့ မျက်နှာပေးကို ကြည့်ရတာ မကြာသေးခင်ကမှ ကောင်းတဲ့ အရာတစ်ခုခု ဖြစ်ပျက်ခဲ့ပုံရတယ်။

“ဪ... အဖေက မေးနေတယ်၊ မင်း ဒီဆောင်းရာသီ ကျောင်းပိတ်ရက်မှာ အလုပ်လုပ်ဖို့ အစီအစဉ် ရှိလားတဲ့”

“စိတ်မကောင်းပါဘူး၊ ဒီတစ်ခါတော့ လက်လျှော့ရလိမ့်မယ်။ ကိစ္စတစ်ခု ပေါ်လာလို့လေ”

“ဟုတ်လား၊ အဖေတော့ စိတ်မကောင်း ဖြစ်ရှာတော့မှာပဲ။ သူက တကယ် မျှော်လင့်နေတာ”

“မကြာခင်မှာ လာလည်ပါ့မယ်လို့ သူ့ကို ပြောပေးပါဦး”

မာရူးက ဘူးခွံကို ယူပြီး သူ့နေရာသူ ပြန်သွားလိုက်တယ်။ မာရူးက ပေါ့ပေါ့ပါးပါးပဲ စာအုပ်တစ်အုပ်ကို ဖွင့်ဖတ်နေတုန်းမှာ ဒိုဝူးကတော့ မာရူးကြောင့် သူ့ဘဝ ဘယ်လို ပြောင်းလဲသွားခဲ့လဲဆိုတာကို ပြန်တွေးမိပြီး သူ့ကို ငေးကြည့်နေမိတာပေါ့။ မာရူးသာ မရှိရင် သူလည်း ချန်ဟူးလိုမျိုး ကျောင်းကနေ အထုတ်ခံလိုက်ရလောက်ပြီလေ။

ဒိုဝူးက သူ့စာကို ပြန်အာရုံစိုက်ပြီး စရေးတော့တယ်။ နေ့လယ်စာစားချိန် ပြီးဆုံးကြောင်း ခေါင်းလောင်းသံ မြည်တဲ့အချိန်မှာတော့ သူ စာရေးလို့ ပြီးသွားပြီပေါ့။ အခုတော့ ပို့ဖို့ပဲ ကျန်တော့တာ၊ ဒါပေမဲ့ တစ်ခုခု လိုနေသေးတယ်လို့ ဒိုဝူး ခံစားရတယ်။

သူက ခေါင်းကို ခါယမ်းလိုက်ပြီး နောက်ထပ် စာပိုဒ်တစ်ခု ထပ်တိုးရေးလိုက်တာက

‘ကျောင်းမှာ သူငယ်ချင်းကောင်း တစ်ယောက် ရထားလို့ ကျောင်းဘဝက သိပ်တော့ မဆိုးလှပါဘူး’

* * * * * * * * *

“ငါ ကောင်မလေး လိုချင်တယ်” ဒိုဂျင်က အော်လိုက်တယ်။

“မင်း အဲဒီလို ပြောမယ်ဆိုတာ ငါ သိသားပဲ” မာရူးက ပြန်ဖြေလိုက်တာပေါ့။

ဒီနေ့ရဲ့ နောက်ဆုံးအချိန်မှာ ဆရာက သူ့ရဲ့ ပထမဆုံး အချစ်အကြောင်းကို ပြောပြခဲ့တာလေ။ သူ့ပုံပြင်ရဲ့ စိတ်ဝင်စားစရာ အပိုင်းတွေက ကျောင်းသားတွေကို အာရုံစိုက်စေခဲ့တာ နောက်ဆုံး ခေါင်းလောင်းတီးပြီးတဲ့အထိတောင် ဆရာ့ကို မပြန်ခိုင်းကြဘူးလေ။

“ငါ့အတွက်လည်း နွေဦးကာလက ရောက်လာဦးမှာ မဟုတ်လား။ နေ့တိုင်း ယောင်္ကျားလေးတွေကြားမှာပဲ ပိတ်မိနေတာ၊ ငါ့အလှည့်က ဘယ်တော့မှ ရောက်မှာလဲ”

“အီဆိုးလ်ကရော”

“... ဟေ့၊ ဘာလို့ ရုတ်တရက်ကြီး သူမအကြောင်း ထည့်ပြောတာလဲ”

ဟော... ကြည့်စမ်း။ သူ့ပတ်ဝန်းကျင်မှာ ရှိတဲ့ တစ်ဦးတည်းသော လွတ်လပ်နေတဲ့ မိန်းကလေးက အီဆိုးလ်ပဲဆိုတာ သတိရလိုက်တာနဲ့ မာရူးက သူမနာမည်ကို ထည့်ပြောလိုက်တာပေါ့။ ဒိုဂျင်ဆီကနေ ဒီလောက် ထူးခြားတဲ့ တုံ့ပြန်မှုမျိုး ရလိမ့်မယ်လို့ ဘယ်သူ သိမှာလဲ။

“မင်း သူမကို သဘောကျရင် ကိုရီးယားယောင်္ကျားလေးပီပီ တည့်တည့်ပဲ ပြောလိုက်လေ။ တေဂျွန်းလိုမျိုးပေါ့”

ဟင်းရည်ဆိုင်မှာတုန်းက တေဂျွန်းနဲ့ ဆူယွန်းတို့ အောင်အောင်မြင်မြင် တွဲသွားကြပြီးကတည်းက ဒိုဂျင်တစ်ယောက် ‘လူပျိုကြီးရောဂါ’ ကပ်နေပုံရတယ်။ ပြဇာတ်ကလပ်က စုံတွဲနှစ်တွဲကို ကြည့်မိတိုင်း သူ့ရဲ့ အူတွေ တလိမ်လိမ်ဖြစ်နေသလိုမျိုး သူ ပြုမူနေတာလေ။ ဒါက လူပျိုကြီးရောဂါ မဟုတ်ဘဲ ရူးသွပ်နေတဲ့ တိရစ္ဆာန်တစ်ကောင်လို ဖြစ်နေတာလည်း ဖြစ်နိုင်တာပဲ။

မာရူးက ဒိုဂျင်ကို ကြည့်ပြီး မေးလိုက်တာက - “အီဆိုးလ်က မင်းနဲ့ မလိုက်ဖက်ဘူးလို့ ထင်လို့လား”

“မလိုက်ဖက်ဘူး ဟုတ်လား။ သူမက လှတယ်လေ”

“ဒါဆို သူမရဲ့ စရိုက်ကရော”

“သူမက သဘောကောင်းတယ်၊ နူးညံ့တယ်၊ ပြီးတော့ ချစ်ဖို့လည်း ကောင်းတယ်”

“ချစ်ဖို့ကောင်းတာက စရိုက်ထဲမှာ ပါတယ်လို့ ငါတော့ မထင်ဘူး၊ ထားပါတော့။ ဒါဆို မင်း သူမကို သဘောကျနေတာပေါ့”

“အင်း... သဘောကျလား မကျဘူးလားတော့ ငါလည်း မသေချာဘူး... ဟေ့ကောင်…..မင်းက ဘာလို့ စကားကို ဒီဘက် ရောက်အောင် ဆွဲခေါ်နေတာလဲ”

“ကောင်မလေး ရဖို့ဆိုတာ အဝေးကြီးမှာ သွားရှာနေဖို့ မလိုပါဘူး”

“... မင်းက အခုတော့ အချစ်ရေးရာ ကျွမ်းကျင်သူကြီး ဖြစ်နေပြီပေါ့၊ ဟုတ်လား။ မင်းကျတော့ရော”

“ငါလား”

“အေးလေ၊ မင်းရောပဲ။ မင်းနဲ့ ငါနဲ့က အတူတူပဲ ယောင်္ကျားလေးတွေကြားမှာ ပိတ်မိနေတာပဲဟာ”

အဲဒီအချိန်မှာပဲ မာရူးရဲ့ ဖုန်းက မြည်လာတယ်။ သူက ဖုန်းကို လက်မနဲ့ ပွတ်ပြီး ဖွင့်လိုက်ရင်း ဒိုဂျင်ကို ခဏ တိတ်ခိုင်းလိုက်တာပေါ့။

“ဟယ်လို”

“ဟန်မာရူးလား”

“ဟုတ်ပါတယ်၊ ငါ့အသံကို သိမှာပေါ့”

“အော်... နင်ပဲကိုး။ ဖုန်းထဲမှာဆိုတော့ အသံက တစ်မျိုးပဲ”

ဖုန်းခေါ်တဲ့သူက ယိုဂျင်ဖြစ်နေတယ်။ မာရူးက ဘာလို့ ဖုန်းဆက်တာလဲလို့ မေးဖို့ ပြင်လိုက်တုန်းမှာပဲ ဒိုဂျင်က ဆာလောင်နေတဲ့ တိရစ္ဆာန်တစ်ကောင်လို မာရူးနားကို အတင်းတိုးကပ်လာတော့တာပေါ့။

“အဲဒီမှာ ရှိသေးလား”

“အင်း၊ ပြောလေ”

မာရူးကတော့ ဝမ်းနည်းမှုတွေ ပေါက်ကွဲထွက်တော့မယ့် ဒိုဂျင်ရဲ့ မျက်လုံးတွေကို မြင်နေရတာပေါ့။ တစ်ဖက်ကနေ မိန်းကလေးအသံ ကြားလိုက်ရတော့ ဒိုဂျင်က သူ့သူငယ်ချင်းဆီကနေ သစ္စာဖောက်ခံလိုက်ရသလိုမျိုး မျက်မှောင်ကြီး ကြုံ့ပြီး ကြည့်နေတော့တာပဲ။

“နင့်နားမှာ ဇာတ်ညွှန်း ရှိလား”

“ရှိတယ်”

“ဒါဆို လူမိုက် နံပါတ် ၂ နဲ့ ၃ ပါတဲ့ စာမျက်နှာ ၂၇ ကို လှန်လိုက်ဦး”

မာရူးက မျက်လုံးကို ဖြည်းဖြည်းချင်း မှိတ်ပြီး ပြန်ဖွင့်လိုက်တယ်။ အမှန်တော့ သူက ဇာတ်ညွှန်းတစ်ခုလုံးကို အလွတ်ရနေပြီလေ။ အဲဒီပြကွက်က အတန်းခေါင်းဆောင်က လူမိုက်တွေဆီမှာ အထိုးခံရပြီးတဲ့နောက်ပိုင်း ပြကွက်ပေါ့။ ချူဂျင်နဲ့ ဆူလ်မီတို့က အတန်းထဲကို ဝင်လာပြီး အတန်းခေါင်းဆောင် ဘာဖြစ်တာလဲလို့ မေးမယ့်အချိန်...

“နင့်ရဲ့ စကားပြောခန်းကို ဘယ်လို ယူဆထားလဲ။ ဘယ်လိုပုံစံနဲ့ ပြောမှာလဲ”

“ဘာ”

“အဲဒီပြကွက်မှာ နင့်ရဲ့ ခံစားချက်က ဘယ်လိုဖြစ်နေမလဲဆိုတာ ငါ သေချာ မသိလို့ပါ”

မာရူးက ဒိုဂျင်ကို တွန်းထုတ်လိုက်ပြီး တစ်ပြကွက်လုံးကို ပုံဖော်ကြည့်လိုက်တယ်။ အရင်က ချူဂျင်က အတန်းခေါင်းဆောင်နဲ့ သူငယ်ချင်းဖြစ်ဖို့ ကြိုးစားခဲ့ပေမဲ့ သူတို့ကြားက မသိမသာ ရှိနေတဲ့ မနာလိုမှုတွေက အတားအဆီးဖြစ်ပြီး ရန်ဖြစ်ခဲ့ကြတာလေ။

အခုပြကွက် မတိုင်ခင်မှာတင် အတန်းခေါင်းဆောင်က လူမိုက်တွေနဲ့ ပေါင်းဖို့ ကြိုးစားခဲ့ပေမဲ့ လျစ်လျူရှုခံရပြီး အထိုးခံခဲ့ရတာ။ ဒါတွေကို မြင်လိုက်ရတဲ့ ချူဂျင်က ဘာတွေးနေမလဲ။ သူက အတန်းခေါင်းဆောင်ကို ပြန်ကလဲ့စားချေဖို့ တွေးနေမှာ၊ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး သူ့ကို ပိုပြီး ဒုက္ခရောက်အောင် လုပ်မှာ မဟုတ်လား။

“အတန်းခေါင်းဆောင်ကတော့ တကယ်ပဲနော်။ အကြောင်းပြချက် မရှိဘဲနဲ့ မင်းတို့နဲ့ လာပြီး ရင်းနှီးနေတာပဲ” မာရူးက ယိုဂျင်ကို သူ့ရဲ့ စကားပြောခန်းတွေကို အပွင့်လင်းဆုံး ပြောလိုက်တာပေါ့။ ဒိုဂျင်က မျက်လုံးလေးတွေ မှေးပြီး မာရူးကို မေးလိုက်တာက “ဘာတွေ ဖြစ်နေတာလဲဟ”

ဪ... နားလည်ပြီ။ အဲဒီလိုကိုး။ နင်က စကားပြောခန်းတွေကို နည်းနည်း ပြောင်းလိုက်တာပဲ

“သူတို့တွေ ရန်ဖြစ်ပြီးတဲ့နောက်ပိုင်း မဟုတ်လား။ ချူဂျင်က အတန်းခေါင်းဆောင်အပေါ်မှာ သိပ်ပြီး စိတ်ချမ်းသာနေမှာ မဟုတ်ဘူး။ ဒါက တကယ့်ကို အကွက်ဆိုက်သွားတာပဲ၊ သူက အတန်းခေါင်းဆောင်ကို အထင်အမြင်သေးချင်နေတာ၊ အဲဒီအချိန်မှာ ဒီအခြေအနေက သူ့လက်ထဲ ရောက်လာတယ်၊ ပြီးတော့ သူ့ကောင်မလေးကလည်း ဘေးနားမှာ ရှိနေတာလေ။ ချူဂျင်က ဒီအခြေအနေကို အခွင့်ကောင်းယူပြီး အတန်းခေါင်းဆောင်ကို ပြန်ကလဲ့စားချေဖို့ အဆင်သင့် ဖြစ်နေမှာပေါ့”

“သူက အဲဒီလို လူစားမျိုးလား။ သူက အရာရာမှာ မျှတတဲ့သူ မဟုတ်ဘူးလား”

“သူက ခဏခဏ ပြောလေ့ရှိတယ်၊ သူက အထီးကျန်နေတာပါတဲ့။ အတန်းခေါင်းဆောင်က သူ့ရဲ့ အပေါ်ယံ သူငယ်ချင်းတွေဆီကိုတောင် လာကပ်ပြီး ရင်းနှီးဖို့ ကြိုးစားတာကို သူ ဘယ်လို ခံစားရမလဲ။ အရာအားလုံး ရှိနေတဲ့ အတန်းခေါင်းဆောင်က သူ့မှာ ကျန်ရှိနေတဲ့ အနည်းငယ်လေးကိုတောင် လာလုယူသလိုမျိုး ချူဂျင် ခံစားရပြီး ရွံရှာမိမှာပေါ့။ ဒါက ငါ့အမြင်ပဲ၊ အဲဒါကြောင့် စကားပြောခန်းတွေကို အဲဒီအတိုင်း ပြောင်းလိုက်တာ”

“ဪ... အဲလိုလား။ မာရူး နင် တကယ် တော်တာပဲ”

“အဲဒီလောက်ကြီးတော့ မဟုတ်ပါဘူး။ ဒါပဲလား”

“မဟုတ်သေးဘူး”

“ရှိသေးလို့လား”

“လူချင်းတွေ့ပြီး မလုပ်ရရင်တော့ ငါ တကယ် နားလည်နိုင်မှာ မဟုတ်ဘူး ထင်တယ်”

“ဒါဆို မနက်ဖြန်မှ တွေ့တာပေါ့”

“အိုကေလေ။ ဒါနဲ့ ဇာတ်ညွှန်းထဲက ဇာတ်ကောင်တွေအကြောင်း မှတ်စုတွေ ရေးထားသေးလား”

“နည်းနည်းပါးပါးတော့ ရေးထားပါတယ်”

“ငါ့ကို ပြလို့ ရမလား”

“မပြစရာ အကြောင်းမှ မရှိတာ”

“ကောင်းပြီ။ မနက်ဖြန်မှ တွေ့မယ်နော်။ နောက်မှ တွေ့မယ်၊ ချစ်သူလေး”

ဆူလ်မီက ‘ချစ်သူလေး’ လို့ ပြောလိုက်တာက သူမ ပြဇာတ်အတွက် လေ့ကျင့်နေတဲ့အတိုင်း ပြောလိုက်တာပါ။ မာရူး ဖုန်းချလိုက်တာနဲ့ ဒိုဂျင်က အော်တော့တာပဲ။

“မင်း... ကောင်စုတ်”

“ဘာဖြစ်နေတာလဲ”

“မင်းကတော့ ဒီယောင်္ကျားလေးတွေကြားကနေ တစ်ယောက်တည်း လွတ်အောင် ပြေးတော့မယ်ပေါ့။ ဒေးမြောင်ကော၊ ငါကော ဘယ်လိုလုပ်မလဲ”

“ငါတို့ ပြဇာတ်အတွက် စကားပြောခန်းတွေ လေ့ကျင့်နေတာပါကွာ”

“သူမက ချစ်သူလေးလို့ ပြောလိုက်တယ်လေ”

“ဟူး...” မာရူး သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်မိတယ်။

ဒီလို အမြင်ကျဉ်းပြီး ဇွတ်တရွတ်နိုင်လှတဲ့ သတ္တဝါကို မာရူး ဘယ်လို ငြိမ်အောင် လုပ်ရပါ့မလဲ။ သူက ဒိုဂျင်ရဲ့ လည်စိကို လက်နဲ့ ခပ်ဖွဖွလေး ပုတ်လိုက်တဲ့အခါ ဒိုဂျင်တစ်ယောက် ‘ဂတ်’ ဆိုတဲ့ အသံနဲ့အတူ နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်သွားရတာပေါ့။

“ရေငတ်တဲ့သူက ကိုယ့်ဘာသာ ရေတွင်းတူးရတယ်ဆိုတာ အလကား ပြောထားတာ မဟုတ်ဘူး”

“... ရေတွင်းက ဘယ်မှာလဲ” ဒိုဂျင်က အက်ရှရှ အသံနဲ့ မေးလိုက်တယ်။

“တစ်နေရာရာမှာပေါ့”

“ချီးပဲ” ဒိုဂျင် အော်လိုက်တာပေါ့။

မာရူးကတော့ ဒိုဂျင်ရဲ့ အော်သံတွေကို လျစ်လျူရှုပြီး အေးအေးဆေးဆေးပဲ သူ့ဇာတ်ညွှန်းကို ဆက်ဖတ်နေတော့တယ်။

* * * * * * * * *

“ဟန်မာရူး”

ဒီနေ့က ယန်မီဆို အားလပ်ရက်ဖြစ်တာကြောင့် မာရူးက ပြေးပြီးတဲ့နောက်မှာ အမောဖြေနေတုန်း ဂျွန်ဟော့က လှမ်းခေါ်လိုက်တာပေါ့။ သူက မာရူးကို သီးသန့် စကားပြောချင်တယ်လို့ ပြောတာကြောင့် သူတို့ အပြင်ကို ထွက်လာခဲ့ကြတယ်။

“ဒါနဲ့ ဟိုတစ်နေ့က ငါတို့ ပြောခဲ့တဲ့ ကိစ္စလေ။ မင်း အခုတော့ အဖြေတစ်ခု ရှိလောက်ပြီ မဟုတ်လား”

“ကလပ်ရဲ့ ဥက္ကဋ္ဌ လုပ်မယ့် ကိစ္စလား”

“အင်း”

“ကျွန်တော်က အဲဒီရာထူးနဲ့ သင့်တော်တဲ့သူ မဟုတ်ဘူးလို့ ထင်တယ်”

“အေးပါ၊ ငါက မင်းကို ဖိအားပေးသလို ဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်ကွာ”

“ဒါပေမဲ့ ကျွန်တော် တစ်ယောက်ယောက်ကို အကြံပေးချင်ပါတယ်”

“ဘယ်သူလဲ”

“ဒေးမြောင်ပါ။ သူက တာဝန်ယူတတ်တဲ့သူဖြစ်သလို သရုပ်ဆောင်တာကိုလည်း တကယ် ဝါသနာပါတာ။ တခြားသူတွေလည်း နားလည်ပြီး သဘောတူကြမှာပါ”

“အင်း... သူက ဝါသနာပါပြီး တာဝန်သိတတ်တယ်ဆိုတာကိုတော့ ငါလည်း သဘောတူပါတယ်။ ဒါပေမဲ့ အသစ်ဝင်လာမယ့် ဂျူနီယာတွေကို ထိန်းကျောင်းနိုင်တဲ့ ခေါင်းဆောင်မှုအပိုင်းမှာတော့ သူ နည်းနည်း လိုနေသေးတယ်”

“စီနီယာက ဂွန်ဆော့ကို စဉ်းစားနေတာ မဟုတ်လား”

ဂျွန်ဟော့က ခေါင်းတစ်ချက် ညိတ်လိုက်ပြီး ပြန်ပြောတာက - “သူက အစတုန်းကထက်စာရင် အများကြီး ရင့်ကျက်လာပုံရတယ်၊ ပြီးတော့ သရုပ်ဆောင်တာလည်း တော်တယ်လေ။ သူက သရုပ်ဆောင်တစ်ယောက် ဖြစ်ဖို့ကို တကယ် ရည်မှန်းထားတာ၊ ပြီးတော့ ကလပ်အတွက် အလုပ်ဖြစ်အောင် လုပ်နိုင်မယ့် ဆွဲဆောင်မှုရှိတဲ့ ခေါင်းဆောင်မှုမျိုးလည်း ရှိတယ်”

ကျောက်ရုပ်လို တည်ငြိမ်တဲ့ ဂွန်ဆော့နဲ့ ဘောလုံးလေးလို လုံးဝန်းနေတဲ့ ဒေးမြောင်။ ဂျွန်ဟော့က တခြား အရည်အချင်းတွေထက် စည်းကမ်းကို ပိုပြီး အလေးထားတာဆိုတော့ ကျောက်ရုပ်ကပဲ ဘောလုံးလေးကို အနိုင်ရသွားတော့မှာပေါ့။

“ဂွန်ဆော့ကလည်း ရွေးချယ်မှုကောင်းတစ်ခုပါပဲ။ ကျွန်တော့်ရဲ့ တစ်ခုတည်းသော စိုးရိမ်စိတ်ကတော့ ရှေ့ဆက်ဖို့အတွက် သူ့မှာ တွန်းအားနဲ့ တာဝန်သိစိတ် နည်းနည်း လိုနေတာပဲ”

“တို့တွေ ဒုတိယနှစ်တွေလည်း အဲဒီအကြောင်းကိုပဲ ဆွေးနွေးနေကြတာ။ တကယ်ဆိုရင်တော့ နောက်လာမယ့် ဥက္ကဋ္ဌကို မင်းတို့ဘာသာ ဆုံးဖြတ်ရမှာ၊ ဒါပေမဲ့ တို့ကလပ်မှာက စီနီယာတွေက နောက်လာမယ့် ဥက္ကဋ္ဌကို အသေအချာ ရွေးချယ်ပေးတတ်တဲ့ အစဉ်အလာ ရှိတယ်လေ။ အဲဒီတော့ ဂွန်ဆော့နဲ့ ဒေးမြောင် ကြားမှာပဲ ရွေးရတော့မှာပေါ့”

“နေပါဦး၊ ဒိုဂျင်ကော။ သူက ဂျူနီယာတွေကို သေချာ ဂရုစိုက်နိုင်မှာ သေချာပါတယ်”

“အင်းလေ၊ သူကတော့ သူတို့နဲ့ အတူတူ လျှောက်သွားနေမှာပေါ့။ လက်ရှိ ဥက္ကဋ္ဌကိုပဲ ကြည့်လေ၊ အဲဒါကြောင့်ပဲ ဒီတာဝန်က ငါ့ဆီ ရောက်လာတာပေါ့”

ဒါကတော့ ငြင်းလို့မရတဲ့ ကွက်တိကျတဲ့ နှိုင်းယှဉ်ချက်ပါပဲ။ ဂျွန်ဟော့က ဆက်ပြောတာက

“တခြားသူတွေအကြောင်း မင်းပြောတာကိုလည်း ငါ နားလည်ပါပြီ။ ကဲ... အထဲကို ပြန်ဝင်ရအောင်”

“ဟုတ်ကဲ့” မာရူးက လေးလေးစားစားပဲ ပြန်ဖြေလိုက်တယ်။

မာရူး ဥက္ကဋ္ဌရာထူးကို ငြင်းလိုက်ရတဲ့ အကြောင်းရင်းက ရိုးရိုးလေးပါ။ ဘာမှ ကာကွယ်မပေးနိုင်တဲ့ ဘုရင်တစ်ယောက်ရဲ့ ဝတ်ရုံကို ဆင်မြန်းထားရတာက အဓိပ္ပာယ် မရှိဘူးလေ။ ပြီးတော့ တခြားသူတွေကို အမြဲတမ်း စောင့်ကြည့်နေရတာက မာရူးရဲ့ စရိုက်နဲ့ မကိုက်ညီလှဘူး။

“မင်းတို့ရဲ့ သီးသန့် ပြဇာတ်အတွက် ပြင်ဆင်တာတွေကော ဘယ်လိုလဲ” ဂျွန်ဟော့က မေးလိုက်တယ်။

“ကျွန်တော်တို့တတွေ အမြဲတမ်း လေ့ကျင့်နေကြပါတယ်၊ ဒါပေမဲ့ အဆင်ပြေပြေ ဖြစ်ရဲ့လားတော့ မသေချာဘူး။ ကျွန်တော့်ရဲ့ အရည်အချင်းက နည်းနည်းလေးပဲ ရှိတာကို ပြဇာတ် နှစ်ခုလုံးမှာ သရုပ်ဆောင်ဖို့ စာရင်းသွင်းလိုက်မိတာဆိုတော့ တော်တော်လေး ခေါင်းခဲနေရတယ်”

“ကိုယ့်ကိုယ်ကိုယ် အထင်မသေးပါနဲ့။ မိုးပြာရောင်ကလပ်မှာ အောင်မြင်တဲ့ သရုပ်ဆောင်တွေ ဖြစ်လာခဲ့တဲ့ စီနီယာ ၁၀ ယောက်ထက်မက ရှိခဲ့ဖူးတယ်။ ပြီးတော့ နောင်တစ်ချိန်မှာ ဘယ်သူသိမှာလဲ ဂွန်ဆော့၊ ဒေးမြောင်နဲ့ မင်းကလည်း သူတို့လို ဖြစ်လာနိုင်တာပဲ”

“အဲဒါဆိုရင်တော့ တကယ် ကောင်းမှာပေါ့။ အဲဒီအချိန်ကျရင် ကျွန်တော်တို့လည်း တော်တော်လေး ချမ်းသာနေလောက်ပြီ”

“အေးလေ၊ အဲဒါဆိုရင်တော့ တကယ် ကောင်းမှာ”

ဒီလို အိပ်မက်ဆန်တဲ့ အကြောင်းအရာတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ဆက်ပြောဖို့က တော်တော်လေး စိတ်ကူးယဉ်ဆန်လွန်းနေတာပေါ့။ သူတို့နှစ်ယောက်လုံး အတူတူ ရယ်မောလိုက်ကြပြီး ခန်းမထဲကို ဝင်လာခဲ့ကြတော့တယ်။

* * * * * * * * *

All Chapters