အခန်း (၁၂၉-၁၃၀)
Vol. 13 Ch. 129-130
အခန်း(၁၂၉)
“ကဲ ပြီးပြီ”
“ဒါကို အမြဲတမ်း ခံစားမိတာပါ၊ ငါတို့ နည်းပြက လေ့ကျင့်ရေးတွေ ပြီးသွားတဲ့အချိန်မှာ အပျော်ဆုံး ဖြစ်နေသလိုပဲ”
“ဒါပေါ့၊ ဒါက အလုပ်လေ။ မင်းတို့ အသက်ကြီးလာရင် နားလည်လာလိမ့်မယ်။ ဘယ်လောက်ပဲ ဝါသနာပါတဲ့ အရာဖြစ်ပါစေ၊ အဲဒီအလုပ်အတွက် တခြားသူဆီက ပိုက်ဆံ စလက်ခံပြီဆိုတာနဲ့ အရာရာက ခက်ခဲလာတော့တာပဲ”
“အတင်းအကျပ် လုပ်ခိုင်းတဲ့ အိမ်စာတွေလိုမျိုးလား”
“အတိအကျပဲ”
ယန်ဂန်ဟွမ် ရဲ့ စကားကြောင့် အားလုံးက တဟားဟား ရယ်မောလိုက်ကြတယ်။ ည ၉ နာရီခွဲမှာတော့ ဝါသနာရှင် ပြဇာတ်လေ့ကျင့်ရေး အစီအစဉ်က နောက်ဆုံးတော့ ပြီးဆုံးသွားခဲ့ပါပြီ။
“ဒီနေ့ လေ့ကျင့်မှုအပေါ် ဘယ်လိုခံစားရလဲ၊ ဇာတ်ကောင်တွေနဲ့ရော အသားကျပြီလား”
“မကျသေးဘူး။ စာသားတွေအကုန် ကျက်ထားပြီးသား ဖြစ်ပေမဲ့ ကိုယ်ဖြစ်ချင်တဲ့အတိုင်း ပုံစံမထွက်လာသေးဘူး”
“ကျောင်းက ပြဇာတ်ကလပ်မှာ သရုပ်ဆောင်ရတဲ့ ဇာတ်ကောင်နဲ့လည်း ရောထွေးနေတယ်။ ကျောင်းက ပြဇာတ်ကလည်း ကျောင်းကိုပဲ အခြေခံထားတာဆိုတော့ တစ်ခါတလေ နှစ်ခုကြားမှာ ဝေခွဲမရ ဖြစ်နေတာ”
“အရာရာကို ကိုယ်တိုင်ပဲ ဆုံးဖြတ်နေရတော့ ခက်ခဲတယ်”
အားလုံးက သူတို့ရဲ့ အခက်အခဲတွေကို တစ်ယောက်တစ်ပေါက် ပြောလာကြတယ်။ ယန်ဂန်ဟွမ် ကလည်း နားလည်ပါတယ်ဆိုတဲ့ အမူအရာနဲ့ ခေါင်းညိတ်ပြလိုက်တယ်။
“မင်းတို့ ပြောသလိုပဲ၊ ပြဇာတ်နှစ်ခုကို တစ်ပြိုင်တည်း လုပ်ရတာက ခက်ခဲပါတယ်။ ဝါရင့် သရုပ်ဆောင်ကြီးတွေတောင်မှ ဇာတ်ကောင်ထဲကို အပြည့်အဝ စီးမျောနိုင်ဖို့အတွက် တစ်ကြိမ်မှာ ပြဇာတ်တစ်ပုဒ်ပဲ ရွေးချယ်တတ်ကြတာ။ ဒါပေမဲ့ မင်းတို့က ငယ်ငယ်လေးနဲ့ ပြဇာတ်နှစ်ခုကို တစ်ပြိုင်တည်း ကြိုးစားနေကြတာဆိုတော့ ခက်ခဲနေမှာကတော့ အမှန်ပဲ”
သူ့စကားကို သဘောတူတဲ့ အဖွဲ့ဝင်တွေကလည်း ခေါင်းညိတ် ထောက်ခံကြတယ်။ မာရူး ကလည်း တခြားသူတွေလိုပဲ ခေါင်းညိတ်ပြနေပေမဲ့ သူကတော့ ဝေခွဲမရတဲ့ ခံစားချက်မျိုး မရှိပါဘူး။ ထူးဆန်းတာက သူက ဇာတ်ကောင် တစ်ခုချင်းစီကို အလွယ်တကူ လက်ခံပြီး စီးမျောနိုင်နေတာပဲ။ အာရုံစိုက်လိုက်ပြီဆိုတာနဲ့ ခလုတ်တစ်ခုကို နှိပ်လိုက်သလိုမျိုး၊ အဝတ်အစား လဲဝတ်လိုက်သလိုပဲ အဲဒီဇာတ်ကောင်အဖြစ်ကို အပြည့်အဝ ပြောင်းလဲသွားနိုင်ခဲ့တယ်။
မာရူး အဓိက စိုးရိမ်တာကတော့ လေ့ကျင့်ချိန်တွေက ပြန့်ကျဲနေတာကြောင့် ပြဇာတ်တစ်ခုလုံးအပေါ် သက်ရောက်မှု ရှိသွားမှာကိုပါပဲ။ သူ့ရဲ့ သရုပ်ဆောင်မှုကလည်း အချောသပ်ဖို့ လိုနေသေးတာကိုး။ ဇာတ်ကောင် တစ်ခုကို အပြည့်အဝ ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်ပြီလို့ ကိုယ့်ကိုယ်ကိုယ် သက်သေမပြနိုင်မချင်း သူကတော့ ဒီအတိုင်းပဲ ဆက်ပြီး ခံစားနေရဦးမှာပါ။
“ဒါပေမဲ့လည်း အခုကြုံတွေ့နေရတဲ့ ခက်ခဲတဲ့ အတွေ့အကြုံတွေက နောက်ပိုင်းမှာ အသီးအပွင့်တွေ ဖြစ်လာမှာပါ။ ငယ်ရွယ်တယ်ဆိုတာ ဘာလဲ။ အရာရာကို အလွယ်တကူ စုပ်ယူနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ မဟုတ်လား။ ငါ့အသက်အရွယ် ရောက်လာရင်တော့ တစ်ကြိမ်မှာ အလုပ်တစ်ခုတည်းကိုပဲ အာရုံစိုက်နိုင်တော့တဲ့ သနားစရာကောင်းတဲ့ သတ္တဝါကြီး ဖြစ်သွားလိမ့်မယ်”
“နည်းပြက ဒီနှစ်မှ အသက် ၃၁ ပဲ ရှိသေးတာလေ”
“ဟုတ်တယ်၊ အသက်ကြီးတာလည်း မဟုတ်ဘဲနဲ့ အမြဲတမ်း အဲဒီလိုပဲ ပြောနေတာ”
“ဟူး”
မိန်းကလေးတွေက သူတို့ရဲ့ လက်ကလေးတွေကို ပါးစပ်နားမှာ ကတော့ပုံလုပ်ပြီး ဝိုင်းပြီး ဟားတိုက်လိုက်ကြတယ်။ ယန်ဂန်ဟွမ် က ဆယ်ကျော်သက်တွေနဲ့ အသက် ၃၀ ကျော်တွေကြားက ကွာခြားချက်က ကောင်းကင်နဲ့ မြေကြီးလိုပဲလို့ ပြန်ပြောဖို့ ကြိုးစားပေမဲ့ ကျောင်းသားတွေကတော့ နားမထောင်ကြတော့ပါဘူး။
“ဒီဘက်ခေတ် ကလေးတွေကတော့ကွာ”
တကယ့် လူကြီးတွေ ပြောလေ့ရှိတဲ့ စကားကို ပြောလိုက်ပြီးနောက် ယန်ဂန်ဟွမ် ကလည်း အားရပါးရ ရယ်မောလိုက်မိတော့တယ်။
“ချက်ချင်း ပြန်ရမယ့်သူ ရှိလား”
နောက်ထပ် ဘာလာမလဲဆိုတာကို သိနေတာကြောင့် အားလုံးက ခေါင်းခါပြလိုက်ကြတယ်။
“ဒါဆိုရင် တစ်ခုခု သွားစားကြမလား”
“ကောင်းသားပဲ”
ည ၇ နာရီကတည်းက နှစ်နာရီခွဲလောက်အထိ လှုပ်ရှားခဲ့ကြတာကိုး။ ဗိုက်ဆာလာရင် ဘာမဆို စားချင်စဖွယ် ဖြစ်နေတဲ့ အရွယ်တွေဆိုတော့ လေ့ကျင့်ခန်း လုပ်ရင်းနဲ့ စိတ်ရောကိုယ်ပါ ပင်ပန်းနေတဲ့ ကျောင်းသားတွေက တော်တော်လေး ဗိုက်ဆာနေကြပြီလေ။ ယန်ဂန်ဟွမ် ကိုယ်တိုင်လည်း အကြံဉာဏ်တွေ ပေးရင်းနဲ့ အားအင်တွေ တော်တော်လေး ကုန်ခမ်းနေခဲ့တာ။
“ငါ့ပိုက်ဆံအိတ်က အရင်လို သိပ်မဖောင်းတော့ဘူးဆိုတော့ ဟမ်ဘာဂါနဲ့ပဲ ကျေနပ်လိုက်ကြရအောင်”
“အာလူးကြော်ရော”
“အဲဒီအထိတော့ ငါ တာဝန်ယူနိုင်ပါတယ်။ မီနူးကိုတော့ ငါပဲ ဆုံးဖြတ်မယ်နော်”
ဒါပေမဲ့ ကျောင်းသားတွေကတော့ သူ့ကို အဲဒီလောက်နဲ့ လွယ်လွယ်ကူကူ လွှတ်ပေးမယ့်သူတွေ မဟုတ်ပါဘူး။
“ကျွန်မက ပုစွန်ဘာဂါ”
“ကျွန်တော်က အမဲသားဘာဂါ”
“ကျွန်မက အခုမှ အသစ်ထွက်တဲ့ ဘာဂါ”
ပျော်ရွှင်တက်ကြွနေတဲ့ ကျောင်းသားလေးတွေရဲ့ မျက်နှာတွေကို မြင်ရတော့ ယန်ဂန်ဟွမ် လည်း သူ့ကံကြမ္မာကို လက်ခံလိုက်ပြီး ခေါင်းခါရင်းနဲ့ အပြင်ကို ထွက်လာခဲ့တယ်။
“ဟေး၊ ကူညီမယ့်သူ တစ်ယောက်လောက် လိုတယ်၊ စားစရာတွေ ဝိုင်းသယ်ပေးဦး”
သူက ကူညီမယ့်သူကို လက်ဟန်ပြလိုက်တဲ့အခါ မာရူး က ထရပ်ပြီး သူ့နောက်ကနေ လိုက်လာခဲ့တယ်။ ခန်းမထဲကနေ ထွက်လာတဲ့အချိန်မှာတော့ “ရေခဲမုန့်လည်း ပါစေနော်” ဆိုတဲ့ အသံကို လှမ်းကြားလိုက်ရသေးတယ်။
“ရေခဲမုန့်လည်း ပါရမယ်တဲ့”
“ဒီလောက် အေးစိမ့်နေတဲ့ ရာသီဥတုမှာ... စတော်ဘယ်ရီလား ချောကလက်လား”
“စတော်ဘယ်ရီပဲ ယူရအောင်”
“ပုံမှန်ဆို ချောကလက် မဟုတ်ဘူးလား”
“ငါက စတော်ဘယ်ရီ ကြိုက်လို့”
သူမ ကြိုက်တဲ့ အမျိုးအစားလည်း ဖြစ်နေတာကိုး။
သူတို့နှစ်ယောက် ပြဇာတ်ရုံဘေးက လမ်းဘေးသရေစာရောင်းတဲ့ဆိုင်ထဲကို ဝင်လာခဲ့တယ်။ ဆိုင်က မြောင်ဒုံ လမ်းမကြီးရဲ့ အလယ်ဗဟိုမှာ ရှိတာဆိုတော့ အထဲမှာ လူတွေနဲ့ ပြည့်နှက်နေတာပဲ။ လူအုပ်ကြားထဲကနေ တိုးဝင်ပြီး မှာစရာရှိတာတွေ မှာလိုက်ပြီးတဲ့နောက်မှာတော့ ဝင်ထိုင်လိုက်ကြတယ်။
“မင်းရဲ့ အမူအရာတွေက တော်တော်လေး တိုးတက်လာပြီ။ အသေးစိတ် အချက်အလက်တွေ၊ လက်ချောင်းလေးတွေ လှုပ်ရှားတာကအစ အသေအလဲ စဉ်းစားထားတာ မြင်ရတာ ဝမ်းသာဖို့ ကောင်းပါတယ်”
“လှုပ်ရှားမှုတိုင်းကို ရည်ရွယ်ချက်ရှိရှိနဲ့ သတိထားပြီး လုပ်ဖို့ ကြိုးစားနေတာပါ၊ ဒါပေမဲ့ ပြောသလောက်တော့ မလွယ်ကူဘူးဗျ”
“ဒါပေါ့၊ ခက်ခဲမှာပေါ့။ မင်း အခု အသက် ဘယ်လောက်ရှိပြီလဲ”
“၁၇ နှစ် ထင်တာပဲ”
“၁၇ နှစ်ဆိုလည်း ၁၇ နှစ်ပေါ့၊ ဘာလို့ ထင်တာပဲ လို့ ပြောရတာလဲ။ ဒါတွေ ထားပါတော့၊ လွန်ခဲ့တဲ့ ၁၇ နှစ်အတွင်းမှာ မင်း ပါးစပ်ထဲကို ဇွန်းနဲ့ ခွံ့တဲ့အခါ အဲဒီဇွန်းရဲ့ စောင်းတွေကို သေသေချာချာ ထည့်စဉ်းစားခဲ့ဖူးလား”
“မစဉ်းစားဖူးဘူး၊ ပုံမှန်ဆိုရင်တော့ အဲဒီလိုမျိုးတွေ မတွေးဖြစ်ပါဘူး”
“အတိအကျပဲ။ တို့တွေက အရာအတော်များများကို မသိစိတ်နဲ့ပဲ လုပ်နေကြတာ။ အထူးသဖြင့် နေ့တိုင်း လုပ်နေကျ အရာတွေကိုပေါ့။ ထပ်ခါတလဲလဲ လုပ်နေတဲ့ အလုပ်တစ်ခုကို လုပ်တဲ့အခါ တို့တွေက စိတ်ကူးယဉ်နေတတ်သလို တခြားအရာတွေကိုလည်း တွေးနေတတ်ကြတယ်။ တို့ရဲ့ ခန္ဓာကိုယ်က အလိုအလျောက် အလုပ်လုပ်နိုင်အောင် ပုံစံသွင်းထားတဲ့ စက်တစ်လုံးလိုပဲ”
အဲဒီနောက် သူက သူ့ရဲ့ ဘယ်ဘက်လက်ကို မျက်လုံးအဆင့်အထိ မြှောက်လိုက်ပြီး ညာဘက်လက်ကိုတော့ ရင်ဘတ်အဆင့်မှာ ထားလိုက်တယ်။
“ဘယ်ဘက်လက်က တို့တွေ သတိရှိရှိနဲ့ ထိန်းချုပ်နိုင်တဲ့ နေရာဖြစ်ပြီး ညာဘက်လက်ကတော့ မသိစိတ်ရဲ့ နေရာပေါ့။ တို့ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှု အတော်များများက ဒီမသိစိတ်ထဲမှာပဲ ဖြစ်ပျက်နေတာ၊ အဲဒီတော့ တို့ရဲ့ သတိကို ဒီနေရာဆီ ယူဆောင်လာဖို့ လိုအပ်လာပြီဆိုရင်...”
သူက သူ့လက်နှစ်ဖက်ကို ရိုက်လိုက်တယ်။
“စနစ်တစ်ခုလုံးမှာ တုန်လှုပ်မှုတစ်ခု ဖြစ်သွားလိမ့်မယ်။ မသိစိတ်နဲ့ ကောင်းကောင်း လုပ်နိုင်ခဲ့တဲ့ အရာတွေကတောင် ခက်ခဲလာတော့တာပဲ။ အရင်က မသိစိတ်နဲ့ လုပ်ခဲ့တဲ့ လှုပ်ရှားမှုတွေထဲကို တို့တွေ သတိရှိရှိနဲ့ ဝင်ရောက် ခြယ်လှယ်လိုက်ပြီဆိုရင် ‘ငါ ဒါကို အမြဲတမ်း ဒီလိုပဲ လုပ်ခဲ့တာလား’ လို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိလာလိမ့်မယ်။ ဦးနှောက်က ခန္ဓာကိုယ်ဆီကို မေးခွန်းထုတ်လာပြီဆိုရင် ဝေခွဲမရတာတွေ ဖြစ်လာတော့တာပေါ့။ ဥပမာအားဖြင့် မင်း ဘယ်လို အသက်ရှူနေလဲ၊ မျက်တောင်ကို ဘယ်အချိန်မှာ ခတ်လဲ ဆိုတာမျိုးပေါ့”
သူက ပြုံးပြီး မေးလိုက်တယ်။ အဲဒီစကားကို ကြားလိုက်တဲ့အခါ မာရူး က သူ့ရဲ့ အသက်ရှူသံတွေကို သတိထားမိလာသလို မျက်တောင်ခတ်ရတာကိုလည်း စိတ်အနှောင့်အယှက် ဖြစ်လာမိတယ်။
“မင်းရဲ့ အချက်ကို သက်သေပြဖို့အတွက် မလိုအပ်တာတွေကို ပြောလိုက်ပြန်ပြီ”
“ကျောင်းသားတစ်ယောက်ရဲ့ နာကျင်မှုက နည်းပြအတွက်တော့ ပျော်ရွှင်မှုပဲလေ”
“အမလေးဗျာ”
“မလှုပ်ရှားခင် သေသေချာချာ စဉ်းစားပါ။ အရင်ဆုံး လေ့လာကြည့်ရမယ်။ မင်းရဲ့ လှုပ်ရှားမှုတွေကို မှတ်တမ်းတင်ပြီး မင်းမှာ ဘယ်လို အမူအကျင့်တွေ ရှိနေလဲဆိုတာကို ကြည့်လို့ ရတာပေါ့။ အဲဒီ အမူအကျင့်တွေကို စပြီး သတိထားမိလာပြီဆိုရင်တော့ မင်းရဲ့ ခန္ဓာကိုယ် အမူအရာတွေကို စပြီး ထိန်းချုပ်လာနိုင်ပါလိမ့်မယ်”
သူက အဓိက အချက်တွေနဲ့ သွားရမယ့် လမ်းကြောင်းကို ပြောပြလိုက်ပေမဲ့ ကျန်တာတွေကိုတော့ မာရူး ကိုယ်တိုင် လုပ်ဆောင်ဖို့ ချန်ထားပေးခဲ့တယ်။ ယန်ဂန်ဟွမ် က ဇွန်းကို လက်ထဲကို ထည့်ပေးနိုင်ပေမဲ့ အဲဒီဇွန်းကို သင့်တော်တဲ့ အားနဲ့ ဆုပ်ကိုင်ပြီး အစားအသောက်ဆီ ယူဆောင်လာဖို့ကတော့ ကိုယ်တိုင်ပဲ လုပ်ရမှာ မဟုတ်လား။ ဒါပေါ့၊ ဒီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတဲ့ အချိန်မှာ ဆူးပင်တွေကြားက ဖြတ်သန်းရတာမျိုး ဒါမှမဟုတ် မတ်စောက်တဲ့ ကျောက်ဆောင်တွေကို အံ့ဩစရာကောင်းလောက်အောင် ကျော်ဖြတ်ရတာမျိုးတွေလည်း ရှိနိုင်တာပေါ့။
“မှာထားတာတွေ ရပါပြီ”
လူ ၁၂ ယောက်စာဆိုတော့ သယ်ရတာ တော်တော်များပါတယ်။ အိတ်တွေအများကြီး ဆွဲပြီး ပြဇာတ်ရုံဆီ ပြန်လာတဲ့အခါမှာတော့ ကျောင်းသားတွေက သူတို့ကို ဝမ်းသာအားရ ကြိုဆိုကြတယ်။ ယန်ဂန်ဟွမ် ကတော့ ဂုဏ်ယူနေတဲ့ မျက်နှာပေးနဲ့ ချီးကျူးစကားကို မျှော်လင့်နေပေမဲ့ အဖွဲ့ဝင်တွေကတော့ သူ့ကို လျစ်လျူရှုပြီး စားစရာတွေကိုပဲ အငန်းမရ စားနေကြတော့တာပေါ့။
“ဟေး၊ အနည်းဆုံးတော့ ကျေးဇူးတင်စကားလေး ဘာလေး ပြောကြဦးလေ”
“ကောင်းကောင်း စားပါ့မယ်”
“နည်းပြက အကောင်းဆုံးပဲ”
“တောင်းဆိုမှ ပြောကြတာဆိုတော့ အရင်လို အရသာ မရှိတော့ဘူး” ယန်ဂန်ဟွမ် က တိုးတိုးလေး ရေရွတ်ရင်း ကျောင်းသားတွေကြားထဲမှာ ဝင်ထိုင်လိုက်တယ်။ သူတို့တွေက တစ်ယောက်နဲ့တစ်ယောက် ကျောင်းက ပြဇာတ်တွေအကြောင်း၊ ဘယ်လိုမျိုး လေ့ကျင့်နေကြလဲ၊ ဘာဇာတ်ကောင်တွေ သရုပ်ဆောင်နေရလဲ စတဲ့ အကြောင်းအရာတွေကို ပြောဖြစ်ကြတယ်။
“မင်းတို့ရဲ့ အကြိုပြိုင်ပွဲက ဘယ်တော့လဲ”
“ဒီတစ်ပတ် တနင်္ဂနွေနေ့”
“ဝိုး၊ သုံးရက်ပဲ ကျန်တော့တာပဲ။ တို့တွေကတော့ နောက်တစ်ပတ် တနင်္ဂနွေနေ့မှ”
“ဒီဒေသမှာ အဖွဲ့ ဘယ်နှစ်ဖွဲ့ ပါလဲ”
“၁၈ ဖွဲ့ထက် နည်းနည်း ပိုမယ် ထင်တယ်”
“ဝိုး၊ ပြိုင်ဆိုင်မှု ပြင်းထန်မှာပဲ”
ဂျောင်ဂီဒို ပြည်နယ်က တအားကျယ်တာဆိုတော့ အကြိုပြိုင်ပွဲတွေကို တောင်ပိုင်းနဲ့ မြောက်ပိုင်း ခွဲထားတာ၊ တောင်ပိုင်းမှာတင် အဖွဲ့ ၁၈ ဖွဲ့ထက် ပိုနေပြီလေ။ တောင်ပိုင်းနဲ့ မြောက်ပိုင်းကနေ အောင်မြင်လာတဲ့ သူတွေထဲကမှ အဖွဲ့နှစ်ဖွဲ့က ပြည်နယ် ကိုယ်စားလှယ်အဖြစ် အရွေးခံရမှာ။ ဆိုးလ်ကနေ ကိုယ်စားလှယ် နှစ်ဖွဲ့၊ ဂျောင်ဂီဒို ကနေ နှစ်ဖွဲ့နဲ့ ကျန်တဲ့ ပြည်နယ်တွေကနေ တစ်ဖွဲ့စီ ရွေးမှာဆိုတော့ စုစုပေါင်း ၁၆ ဖွဲ့က အမျိုးသားအဆင့်မှာ ယှဉ်ပြိုင်ကြရမှာပေါ့။
“ဒါဆိုရင် တို့တွေက ပြိုင်ဘက်တွေ ဖြစ်သွားကြပြီပေါ့”
ဆံပင်တိုတိုနဲ့ မိန်းကလေးရဲ့ စကားကို အားလုံးက ခေါင်းညိတ် ထောက်ခံကြတယ်။ ဒီပြဇာတ်အတွက် ပြင်ဆင်ရင်း အတူတူ ရယ်မောနေကြပေမဲ့ လှည့်ထွက်သွားလိုက်တာနဲ့ အကြိုပြိုင်ပွဲမှာတော့ တစ်ဦးနဲ့တစ်ဦး ပြိုင်ဆိုင်ကြရတော့မှာလေ။
သူတို့အားလုံးက အထက်တန်းကျောင်း ပထမနှစ် ကျောင်းသားတွေပါ။
သရုပ်ဆောင်တာကို အခုမှ စတင်ခဲ့ကြတာ ဖြစ်ပေမဲ့ သူတို့ တစ်ယောက်ချင်းစီမှာတော့ ကိုယ်စီ ဝါသနာနဲ့ အရည်အချင်းတွေ ရှိကြတယ်။ အဲဒါကြောင့်လည်း အခုလိုမျိုး လက်ရွေးစင်အဖြစ် အရွေးခံရတာ ဒါမှမဟုတ် အညွှန်းခံရတာတွေနဲ့ အခုလို စုစည်းနိုင်ခဲ့ကြတာပေါ့။
“တို့ဒေသမှာ မြောင်ဟွာအထက်တန်းကျောင်း ရှိနေတော့ အကြိုပြိုင်ပွဲကို ကျော်ဖြတ်ဖို့တောင် ခက်ခဲလိမ့်မယ်”
“အဲဒါတော့ ဟုတ်တယ်”
အဲဒီအထက်တန်းကျောင်းရဲ့ နာမည်က စကားဝိုင်းရဲ့ အဓိက အကြောင်းအရာ ဖြစ်နေတာကို မာရူး သတိထားမိလိုက်တယ်။ သူတို့က မကြာသေးခင်ကမှ နွေရာသီ အမျိုးသားအဆင့် ပြိုင်ပွဲမှာ အောင်မြင်ထားတာကိုး။ မြောင်ဟွာအထက်တန်းကျောင်း က သမိုင်းကြောင်း တော်တော်ရှိခဲ့တာ။ ဝူဆောင်အထက်တန်းကျောင်း ရဲ့ ပြဇာတ်ကလပ်ကတော့ စတင် တည်ထောင်ခဲ့တဲ့ ပထမဆုံး သုံးနှစ်အတွင်းမှာ အမျိုးသားအဆင့် ဆုတွေ ရခဲ့ဖူးပေမဲ့ အဲဒီနောက်ပိုင်းမှာတော့ ထပ်မရတော့ဘူး။ ဒါပေမဲ့ အနားက မြောင်ဟွာအထက်တန်းကျောင်း ကတော့ ဝါရင့် မုဆိုးတွေလိုပဲ။ ဆောင်းရာသီ အမျိုးသားအဆင့် ပြိုင်ပွဲတွေမှာတော့ ကံသိပ်မကောင်းဘဲ အကောင်းဆုံး ဒုတိယဆုလောက်ပဲ ရခဲ့ပေမဲ့ နွေရာသီ ပြိုင်ပွဲတွေမှာတော့ အမြဲတမ်း ဆုတက်ယူနေကျ ကျောင်းပေါ့။
မီဆို တောင်မှ မြောင်ဟွာအထက်တန်းကျောင်း ကို ကျော်ဖြတ်ပြီးသွားရင် အရာရာက ပိုပြီး လွယ်ကူသွားလိမ့်မယ်လို့ ပြောဖူးသေးတယ်။
“ဒါနဲ့ သူမက ဘာလို့ ဒီမှာ မရှိတာလဲ။ ကျောင်းက လေ့ကျင့်ရေး သွားတာလား”
“ကိစ္စတစ်ခု ရှိလို့ပါ။ လေ့ကျင့်ရေးကြောင့် မဟုတ်ပါဘူး” မာရူး က သူမ ကိုယ်စား ပြန်ဖြေပေးလိုက်တယ်။
“ဘာကိစ္စလဲ”
“ကိုယ်ရေးကိုယ်တာ ကိစ္စပါ”
“အေးပါ… နင်တို့တွေ တွဲနေကြလို့ ရှေ့ကနေ ကာကွယ်ပေးနေတာ မဟုတ်လား”
“တကယ် သိချင်တယ်ဆိုရင်တော့... ဒီနေ့က သူမ အဖေ ဆုံးတဲ့ နှစ်ပတ်လည်နေ့မို့လို့ပါ။ အဲဒါကြောင့် မလာတာပါ”
“ဪ”
ပြောပြောဆိုဆို ရှိနေတဲ့ ဆံပင်တိုတိုနဲ့ မိန်းကလေးကတော့ ချက်ချင်းပဲ ပါးစပ်ပိတ်သွားပြီး အားနာတဲ့ မျက်နှာပေး ဖြစ်သွားရှာတယ်။ ပေါ့ပေါ့ပါးပါး ရယ်မောနေကြတဲ့ စကားဝိုင်းလေးကလည်း ရုတ်တရက်ဆိုသလို တိတ်ဆိတ်သွားတော့တာပဲ။
“စားလို့ ပြီးကြပြီလား။ ဒါတွေ ရှင်းလိုက်ရအောင်”
ယန်ဂန်ဟွမ် က တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်တယ်။ သူ့ရဲ့ စကားက အချိန်ကိုက် ဖြစ်သွားတာကြောင့် ကျောင်းသားတွေလည်း အနေရခက်တာတွေကို မေ့ပျောက်ပြီး အမှိုက်တွေ သိမ်းရင်းနဲ့ စကားတွေ ပြန်ပြောလာကြတယ်။
မာရူး အမှိုက်သိမ်းနေတဲ့ အချိန်မှာ ဆံပင်တိုတိုနဲ့ မိန်းကလေးက အနားကို လာခဲ့တယ်။
“တောင်းပန်ပါတယ်နော်”
သူမက အားနာတဲ့ အသံလေးနဲ့ ပြောရှာတယ်။ သူကလည်း စိတ်ထဲမထားဖို့ ပြန်ပြောလိုက်တာပေါ့။ သူမ ပြောတာတွေက မှားနေတာလည်း မဟုတ်ဘူးလေ။ သိချင်လို့ မေးတာပဲဟာ။ ဒါပေမဲ့လည်း တခြားသူအပေါ် စာနာပြီး တောင်းပန်တတ်တဲ့ သူတွေကြားမှာ ရှိနေရတာကို သူ စိတ်သက်သာရာ ရမိပါတယ်။ လူကြီးတွေကတော့ ‘ဒီဘက်ခေတ် ကလေးတွေကတော့’ လို့ ပြောကောင်းပြောကြမှာ ဖြစ်ပေမဲ့ လူငယ်တွေကိုလည်း တစ်ယောက်ချင်းစီအလိုက် ခွဲခြားမြင်ဖို့ လိုတာပေါ့။ ချန်ဟူး လို လူငယ်တွေ ရှိသလို ဒီဆံပင်တိုတိုနဲ့ မိန်းကလေးလို လူမျိုးတွေလည်း ရှိတာပဲလေ။
အမှိုက်တွေ ရှင်းပြီးတဲ့နောက်မှာတော့ အားလုံးက နှုတ်ဆက်ပြီး ထွက်လာခဲ့ကြတယ်။ မာရူး တစ်ယောက်တည်း ပြန်တာကတော့ တော်တော်လေး ကြာနေပြီလေ။ ဘတ်စ်ကားကို စောင့်နေတဲ့ အချိန်မှာ အလတ်စား ကားတစ်စီးက ဟွန်းတီးပြီး အနားကို ကပ်လာတယ်။
“ဟေ့၊ တက်လေ”
ဒါက နာမည်ကျော် ‘ဟေ့၊ တက်လေ’ ဆိုတဲ့ ကောင်လေးတွေရဲ့ အသုံးအနှုန်း မဟုတ်လား။
မာရူး က တစ်ချက် ပြုံးလိုက်ပြီး ယန်ဂန်ဟွမ် ရဲ့ ကားဆီကို လျှောက်သွားလိုက်တယ်။
“ဘာကိစ္စလဲ”
“အိမ်အထိ လိုက်ပို့ပေးမလို့”
“နည်းပြက ဆိုးလ် မှာ နေတာလေ။ ကျွန်တော် ဘတ်စ်ကားနဲ့ပဲ ပြန်လိုက်ပါ့မယ်”
“နည်းပြက တက်လို့ ပြောရင် တက်လိုက်စမ်းပါ။ မင်းနဲ့ အချိန်မဖြုန်းဖြစ်တာ ကြာပြီ။ မင်းကို လမ်းညွှန်ပေးရမယ့်သူ ဖြစ်ပေမဲ့ အခုတလော ငါ့တာဝန်တွေကို ပျက်ကွက်နေသလိုပဲ”
“အခုထိ သင်ပေးထားတာတွေကိုတောင် အကုန် မချေဖျက်နိုင်သေးပါဘူး” လို့ မာရူး က ပြောရင်းနဲ့ ဘေးခုံမှာ ဝင်ထိုင်ပြီး ခါးပတ် ပတ်လိုက်တယ်။ ယန်ဂန်ဟွမ် က ဘေးမှန်တွေကို စစ်ဆေးပြီး ထွက်ခွာဖို့ ပြင်နေတဲ့ အချိန်မှာ တစ်ယောက်ယောက်က ကားမှန်ကို လာခေါက်တယ်။ သူမက မီးခိုးရောင် သားမွှေးကုတ်အင်္ကျီကို ဝတ်ထားတာ။ မိတ်ကပ်ကလည်း သူမရဲ့ မျက်နှာနဲ့ လိုက်ဖက်နေပြီး ဆွဲဆောင်မှုရှိတဲ့ ပုံစံမျိုးပေါ့။
“ဂန်ဟွမ်” အပြင်က အမျိုးသမီးက မေးလိုက်တယ်။
သူက အပြင်က အမျိုးသမီးကို အနေရခက်တဲ့ အပြုံးနဲ့ ကြည့်လိုက်တယ်။ သူမကို တွေ့ရလို့ ဝမ်းသာသလိုလို ရှိပေမဲ့လည်း တစ်ဖက်မှာတော့ တစ်မျိုးကြီး ဖြစ်နေတဲ့ ပုံစံမျိုး။
“ဪ၊ ဟုတ်ကဲ့။ မစ် ဆူယွန်း ပါလား။ ဒီမှာ တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး”
“ယဉ်ယဉ်ကျေးကျေးကြီး ပြောမနေပါနဲ့။ ငါက မင်းထက် ငါးနှစ်တောင် ငယ်တာပဲ”
“ကျင့်ဝတ်အရပါ”
မာရူး တစ်ခါမှ မဆုံဖူးတဲ့ အမျိုးသမီး ဆူယွန်း က ယန်ဂန်ဟွမ် ကို ကြည့်ပြီး ပြုံးပြလိုက်တယ်။
ကားထဲမှာ ရှိနေရတာက သိပ်ပြီး အဆင်မပြေဘူးလို့ ခံစားရပုံပေါ်တာကြောင့် ယန်ဂန်ဟွမ် က တံခါးဖွင့်ပြီး အပြင်ကို ထွက်သွားတယ်။
“ခဏလောက် စကားပြောလိုက်ဦးမယ်။ အခု ပြန်လာခဲ့မယ်”
“ဟုတ်ကဲ့”
အမျိုးသမီးတွေကို မျှော်လင့်နေတတ်တဲ့ သူဖြစ်ပေမဲ့ ယန်ဂန်ဟွမ် ကတော့ ဒီဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးနဲ့ တွေ့ရတာကို သိပ်ပြီး ပျော်နေပုံမရဘူး။ သူမက ဘယ်လိုလူမျိုးပါလိမ့်။ ကားထဲမှာ ရှိနေတာဆိုတော့ အပြင်က သူတို့ စကားပြောတာကို မကြားရဘူးလေ။ ဆူယွန်း ကတော့ သူ့ကို တွေ့ရလို့ ပျော်နေပုံရပေမဲ့ ယန်ဂန်ဟွမ် ကတော့ အတင်းအကျပ် ပြုံးပြနေရသလိုပဲ။ သူတို့ကြားမှာ အနေရခက်တဲ့ ဒါမှမဟုတ် ရှက်စရာကောင်းတဲ့ အတိတ်တွေ ရှိခဲ့လို့လား။ ဒါမှမဟုတ် တခြား အကြောင်းရင်းတစ်ခုခု ရှိလို့လား။
စကားပြောလို့ ပြီးသွားပြီလို့ ထင်လိုက်တဲ့အချိန်မှာပဲ ယန်ဂန်ဟွမ် က ကားထဲကို ပြန်ဝင်လာခဲ့တယ်။ သူက ဘရိတ်ကို လွှတ်ပြီး ထွက်ခွာဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ ကားနောက်ခန်း တံခါးက ပွင့်သွားတယ်။ ဆူယွန်း က ရှက်ပြုံးလေးနဲ့ ကားထဲကို ဝင်ထိုင်လိုက်တော့တာပဲ။ ယန်ဂန်ဟွမ် လည်း သူမကို ကြောင်တောင်တောင်လေး ငေးကြည့်နေမိတယ်။ ‘သူတို့ ကြိုပြီး အစီအစဉ် ဆွဲထားတာ မဟုတ်ဘူးလား’ လို့ မာရူး တွေးမိသွားတယ်။
“မတွေ့ရတာ ကြာပြီကို၊ ဒီအတိုင်းကြီး ထွက်သွားတော့မလို့လား”
“ဪ၊ အဲဒါက... ဒီကောင်လေးနဲ့ တကယ့်ကို အရေးကြီးတဲ့ ကိစ္စ ဆွေးနွေးစရာ ရှိလို့ပါ။ တကယ်ကို အရေးကြီးလို့ပါ”
ယန်ဂန်ဟွမ် က မာရူး ကို အကြောင်းပြပြီး အတင်းပဲ ပြောနေတော့တယ်။ မာရူး ကတော့ ဟိုဘက်ဒီဘက် ပစ်ခံနေရတဲ့ ပစ္စည်းတစ်ခုလို ခံစားနေရပေမဲ့ ယန်ဂန်ဟွမ် ရဲ့ ပျာယာခတ်နေတဲ့ ပုံစံကို မြင်ရတော့ ငြိမ်နေလိုက်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။
“ဟား၊ နောက်တာပါ။ မင်းရဲ့ မျက်နှာကို နောက်တစ်ခါလောက် ထပ်ကြည့်ချင်လို့ ဝင်ထိုင်လိုက်တာ။ ဒါနဲ့ မင်းရဲ့ ကားက တော်တော်လေး သန့်တာပဲနော်”
“အခုမှ ဆေးထားလို့ပါ။ ဟား ဟား”
“အပျော်ပတ်မောင်းဖို့ ကောင်းတဲ့ ကားလေးပဲ”
“မဟုတ်တာ။ ကားရဲ့ ရှော့ဘားတွေက တော်တော်လေး ဟောင်းနေပြီဆိုတော့ လမ်းမှာ ဆောင့်တာတွေကို အကုန် ခံစားနေရမှာ”
“ဪ တကယ်လား”
“ဒါပေါ့”
“မင်း ငါ့ကို မနှစ်သက်တာများလား”
“ဘာလို့ ရုတ်တရက်ကြီး အဲဒီလို မေးရတာလဲ။ မင်းကို မနှစ်သက်စရာ ဘာအကြောင်းရှိလို့လဲ မစ် ဆူယွန်း။ ဒါက ရုတ်တရက်ကြီး ဖြစ်သွားတော့ ဘာပြောရမှန်း မသိဖြစ်သွားလို့ပါ”
“ဒါတောင် စိတ်မကောင်း ဖြစ်မိသေးတာပဲ။ မတွေ့ရတာ တော်တော်ကြာနေပြီကို၊ ငါတစ်ယောက်တည်းပဲ ပျော်နေရသလိုပဲ။ ဟူး”
“နောက်တစ်ခါ ထမင်းလိုက်ကျွေးပါ့မယ်။ ဒီနေ့တော့ တကယ်ပဲ အလုပ်ရှုပ်နေလို့ပါ”
ယန်ဂန်ဟွမ် က မာရူး ကို လှမ်းကြည့်လိုက်တယ်။ မာရူး လည်း ဆူယွန်း ဘက်ကို အားနာတဲ့ မျက်နှာပေးနဲ့ လှည့်ကြည့်လိုက်တာပေါ့။
“ဒါဆိုရင်လည်း မတတ်နိုင်ဘူးပေါ့။ ဒါပေမဲ့ မနက်ဖြန်တော့ တစ်ခုခု ကျွေးရမယ်နော်”
“မ-မနက်ဖြန်လား”
“မနက်ဖြန်လည်း မအားဘူးလား”
သူမက နှုတ်ခမ်းလေး ဆူလိုက်တယ်။ ယန်ဂန်ဟွမ် လည်း ဘာမှမတတ်နိုင်တော့တဲ့အဆုံး နောက်ဆုံးတော့ သူမနဲ့ ချိန်းလိုက်ရတော့တာပဲ။ အဲဒီအချိန်ကျမှ ဆူယွန်း က အားရပါးရ ပြုံးပြတော့တယ်။
“ဒါနဲ့ ရှေ့က ကလေးနာမည်က ဘယ်သူလဲ”
“သူလား။ သူ့နာမည်က မာရူး၊ ဟန်မာရူး”
“ဝိုး၊ တကယ်ကို ထူးခြားတဲ့ နာမည်လေးပဲ”
သူ့နာမည်အကြောင်း ပါလာတာကြောင့် မာရူး က လှည့်ပြီး ဆူယွန်း ကို ခေါင်းညိတ် နှုတ်ဆက်လိုက်တယ်။ သူမကလည်း လက်ယမ်းပြပြီး ပြုံးပြရှာတယ်။
“ကျွန်မက ကင်ဆူယွန်း ပါ။ နောက်မှ တွေ့မယ်နော်” သူမက ပြောရင်းနဲ့ ကားပေါ်က ဆင်းသွားတယ်။
သူမ ပြန်လာမှာကို ကြောက်နေတဲ့အတိုင်းပဲ၊ ယန်ဂန်ဟွမ် က အရှိန်နဲ့ မောင်းထွက်လိုက်ပြီး ထွက်ပြေးသွားသလိုမျိုး ထွက်ခွာလာခဲ့တော့တယ်။
အခန်း(၁၃၀)
ဂန်ဟွမ်က ဘေးမှန်ထဲမှာ ဆူယွန်းကို မမြင်ရတော့တဲ့အထိ ဝေးသွားတော့မှ ကားအရှိန်ကို လျှော့လိုက်တယ်။ သူက သက်ပြင်းအရှည်ကြီး တစ်ချက်ကိုလည်း မှုတ်ထုတ်လိုက်သေးတာပေါ့။
“နည်းပြကို ဒီလိုမျိုး မြင်ရတာ ဒါပထမဆုံးပဲ”
“ဘယ်လိုမျိုးလဲ”
“လန့်သွားတာလေ”
“ငါကလား”
မာရူးက ယုံကြည်မှုအပြည့်နဲ့ ခေါင်းညိတ်ပြလိုက်တယ်။ စောစောလေးက ဂန်ဟွမ်ကို ကြည့်ရတာ တကယ်ကို ထိတ်လန့်နေတဲ့ ပုံစံမျိုးပဲ၊ ဒါက သူနဲ့ လုံးဝမလိုက်ဖက်ဘူးလေ။ ပုံမှန်ဆိုရင် သူက တခြားသူတွေကို လန့်အောင် လုပ်တဲ့သူမျိုးပဲ၊ အခုလိုမျိုး ကြောက်ပြီး နောက်ဆုတ်သွားတတ်တဲ့ လူစားမျိုး မဟုတ်ဘူး။
“ငါ့ပုံစံက အဲဒီလောက်တောင် သိသာသွားတာလား”
“အဲဒါကိုတော့ နည်းပြ ကိုယ်တိုင်ပဲ သိမှာပေါ့၊ မဟုတ်ဘူးလား။ ကြည့်ရတာ နည်းနည်းတောင် ရိုင်းသလို ဖြစ်သွားတယ်”
“အဲဒီလောက်တောင်ပဲလား”
“ဘာလို့ အဲဒီလောက်တောင် လန့်သွားရတာလဲ။ သူမက ချောလည်း ချောသားပဲကို။ နည်းပြပဲ အမြဲတမ်း မိန်းကလေးချောချောလေးတွေနဲ့ ဆုံချင်တယ်လို့ သီချင်းတအေးအေးနဲ့ ဆိုနေတတ်တာ မဟုတ်လား”
“အင်း ချောတာတော့ ချောပါတယ်၊ ဒါပေမဲ့ ငါ့စတိုင်လ် ဟုတ်မဟုတ်တော့ မသိဘူး”
“သူမက နည်းပြထက်လည်း ငယ်သေးတယ်လေ၊ ဘာဖြစ်လို့လဲ”
ဂန်ဟွမ်က ပုံမှန်ဆိုရင် တွေ့သမျှလူတိုင်းအပေါ် တော်တော်လေး ဖော်ရွေတတ်ပေမဲ့ ဆူယွန်းရှေ့မှာတော့ ချက်ချင်းပဲ စည်းခြားလိုက်သလို ဖြစ်နေတယ်။ ဆူယွန်းလိုမျိုး ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးရှေ့မှာ အခုလို ဖြစ်နေတာက တကယ်ကို ထူးဆန်းတာပေါ့။ ဂန်ဟွမ်က အမျိုးသမီးတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံရမယ်လို့ အမြဲပြောနေတတ်တာ မဟုတ်လား။ ဂန်ဟွမ်က ကားမှန်ကို ဖြည်းဖြည်းချင်း ချလိုက်ပြီး ဆောင်းရာသီရဲ့ အေးစိမ့်တဲ့ လေတွေကို အထဲပေးဝင်လိုက်တယ်။
“မင်းအမြင်မှာ ဆူယွန်းက ဘယ်လိုလဲ”
“နူးညံ့တဲ့ ပုံစံမျိုးတော့ ရှိတယ်။ နည်းပြနဲ့ ရင်းနှီးအောင် ကြိုးစားနေတာလေးက ကြည့်ရတာ ချစ်စရာကောင်းပါတယ်”
“ဒါနဲ့ မင်းက တစ်ခါတလေကျရင် မိန်းကလေးတွေအကြောင်း တော်တော်လေး သိနေသလိုမျိုး ပြောတတ်တယ်နော်။ ပြီးတော့ မစ်ဆူယွန်းကို ကလေးတစ်ယောက်လိုမျိုး ဘာလို့ အဲဒီလို ပြောရတာလဲ။ သူက မင်းထက် ၆ နှစ်တောင် ကြီးတာနော်၊ သိရဲ့လား”
“တကယ်လား”
မာရူးက ပခုံးတွန့်ပြလိုက်တယ်။ သူ ဒီဘဝကို ပြန်ရောက်လာကတည်းက စကားပြောဟန်ကို ပြောင်းလို့မရတာကြောင့် ဒီအတိုင်းပဲ လွှတ်ထားလိုက်တော့တာ။ တစ်ယောက်ယောက်က အဲဒီအကြောင်း မေးလာရင်တော့ အဘွားဆီက သင်ယူထားတာလို့ပဲ သူ ပြောလေ့ရှိတယ်။
“ဘာပဲဖြစ်ဖြစ် သူမက ကြည့်ရတာ တကယ်ကို စိတ်သဘောထားကောင်းပြီး ချောတာတော့ အမှန်ပဲ”
“ကိုယ်လုံးကိုယ်ပေါက်လည်း မိုက်တယ်လေ”
“... မင်းက အချိန်ခဏလေးအတွင်းမှာ တော်တော်လေး အနှံ့ကြည့်ထားတာပဲ”
“ဒါကတော့ ဗီဇလို့ပဲ ပြောရမှာပေါ့၊ ယောက်ျားလေးတွေက ဒါမျိုးမှာ တော်ပြီးသားလေ။ မိန်းကလေးတွေလည်း သူငယ်ချင်းချင်း ကြာကြာနေမှ ပြန်ဆုံရင် တစ်ယောက်နဲ့တစ်ယောက် ဘာတွေ ပြောင်းလဲသွားလဲဆိုတာကို လိုက်ကြည့်တတ်ကြတာပဲ မဟုတ်လား”
“အင်း ဟုတ်တော့ ဟုတ်ပါတယ်”
ဂန်ဟွမ်က ပြုံးလိုက်တယ်။
“ဟုတ်တယ်။ သူမက ကိုယ်လုံးကိုယ်ပေါက်လည်း မိုက်တယ်၊ ချစ်ဖို့လည်း ကောင်းသလို စိတ်သဘောထားလည်း ကောင်းတော့ အလုပ်မှာ ဆုံရင်တော့ အဆင်ပြေပါတယ်၊ ဒါပေမဲ့ ... ”
“ဒါပေမဲ့ ဘာဖြစ်လဲ”
“အပြင်မှာ သီးသန့်တော့ မဆုံချင်ဘူး”
“ဘာလို့လဲ။ ကြည့်ရတာ နည်းပြနဲ့ တော်တော်လေး လိုက်ဖက်မှာပါ။ နည်းပြ ကြိုက်တတ်တဲ့ စံပြမိန်းကလေး ပုံစံနဲ့လည်း တော်တော်တူတယ်လေ။ ဆံပင်ရှည်ရှည်၊ ဆွဲဆောင်မှုရှိတဲ့ ရင်သားနဲ့ ကိုယ်လုံးကိုယ်ပေါက်မျိုးလေ”
“... မင်းက အခုချိန်မှာ လူကြီးကြီး တစ်ယောက်နဲ့ တအားတူနေတယ်”
“ကျွန်တော်က ဆယ်ကျော်သက် လူငယ်လေးပဲ ရှိပါသေးတယ်”
“မင်းက တကယ့် နှာဘူးလေးပဲ၊ သိရဲ့လား။ နေပါဦး၊ မင်း အဲဒီကောင်မလေးနဲ့များ ... သိပ်ပြီးတော့ လွန်လွန်ကျွံကျွံတွေ ဖြစ်နေတာတော့ မဟုတ်ပါဘူးနော်”
အဲဒီကောင်မလေး။ မာရူးက သူမအကြောင်းကို တွေးရင်း ခေါင်းခါပြလိုက်တယ်။
“ဖြည်းဖြည်းချင်းပဲ သွားနေတာပါ။ တကယ်တန်ဖိုးထားတဲ့ အရာကိုတော့ သေသေချာချာ ခံစားရမှာပေါ့”
“ကြည့်စမ်းပါဦး”
“စကားလမ်းကြောင်း လွှဲမနေဘဲ ကျွန်တော့်ကို ဖြေပါဦး။ သူမကို ဘာလို့ မကြိုက်တာလဲ”
“အင်း ... စကားလုံးနဲ့ ဖော်ပြရမယ်ဆိုရင်တော့ သူမက သူမကိုယ်သူမ ဆွဲဆောင်မှုရှိမှန်း တအား သိလွန်းနေတာပဲ”
“သူမက ဆွဲဆောင်မှုရှိမှန်း သူမကိုယ်သူမ သိနေတယ် ဟုတ်လား”
“ငါက ကလေးတစ်ယောက်ရှေ့မှာ ဘာတွေ ပြောနေမိတာလဲ”
“ကျွန်တော်က ဆယ်ကျော်သက်ဆိုပေမဲ့ လူကြီးဖြစ်နေပါပြီ”
“စောစောလေးတင် လူငယ်လေးပါဆို”
“လူ့ပတ်ဝန်းကျင်မှာ ရှင်သန်ရတာဆိုတော့ စကားပြောရင် အခြေအနေအရ ပြောင်းလဲတတ်ရတာပေါ့”
“မင်းရဲ့ မှတ်ပုံတင် ထုတ်ပေးစမ်းပါ။ မင်း တကယ်တော့ အသက် ၃၀ ကျော်နေပြီ မဟုတ်လား”
အသက် ၃၀။ မဟုတ်ပါဘူး၊ ၄၅ နှစ်လို့ ပြောတာက ပိုမှန်လိမ့်မယ်။ မာရူးက ဘာမှပြန်မပြောဘဲ ခပ်ပြုံးပြုံးပဲ နေလိုက်တယ်။
“အဲဒါက ဆိုးတဲ့အချက်တော့ မဟုတ်ဘူး ထင်တာပဲ”
“အဲဒါကတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ ... ထားလိုက်ပါတော့။ ငါ ဒါမျိုးတွေ မပြောသင့်ဘူး”
ဂန်ဟွမ်က စကားလမ်းကြောင်းကို ချက်ချင်း လွှဲလိုက်တယ်။ ဒါပေမဲ့ မာရူးကတော့ သူ့ရဲ့ မျက်နှာအမူအရာကို ချက်ချင်းပဲ ရိပ်မိလိုက်တာပေါ့။
“သူမက မြေခွေးမလေးမို့လို့လား”
“မင်းကတော့ တကယ့်ကို ဇွဲကောင်းတာပဲ”
“ကျွန်တော် သိချင်လို့ပါ။ သူမမှာ ဘာတွေ ရှိနေလို့ နည်းပြက အခုလို ဖြစ်နေရတာလဲ”
ဂန်ဟွမ်က အရှုံးပေးလိုက်တဲ့ ပုံစံနဲ့ သက်ပြင်းချလိုက်ပြီး ဆံပင်တွေကို အထက်ကို ပွတ်တင်လိုက်တယ်။ ကားက မီးပွိုင့်မှာ ရပ်လိုက်တဲ့အချိန်မှာတော့ ဂန်ဟွမ်က စကားစပြောလာတယ်။
“ပထမဆုံး ပြောချင်တာက တခြားသူတွေက သူတစ်ပါးကို မထိခိုက်သရွေ့ ဘယ်လိုပဲ ရှင်သန်နေထိုင်ပါစေ ငါကတော့ ဘာမှ ဝေဖန်လေ့ မရှိဘူး၊ ဟုတ်ပြီလား”
“အခုပြောမယ့် စကားအတွက် ကြိုပြီး ဆင်ခြေပေးနေသလိုပဲ၊ ဒါပေမဲ့ ဆက်ပြောပါဦး”
“အဟမ်း၊ အဟမ်း။ မစ်ဆူယွန်းက သူမရဲ့ ဆွဲဆောင်မှုကို အကောင်းဆုံး အသုံးချတတ်တယ်။ ယောက်ျား တော်တော်များများကတော့ သူမကို မြင်တာနဲ့တင် ချက်ချင်းပဲ ကြွေသွားကြတာပဲ။ အရင်က ပြဇာတ်တစ်ခုမှာ သူမနဲ့ အတူတူ အလုပ်လုပ်ဖူးတော့ ကိစ္စတစ်ခု ဖြစ်ခဲ့ဖူးတယ်။ အဲဒါက သူမရဲ့ အမှားတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ သေသေချာချာ ပြန်ကြည့်မယ်ဆိုရင်တော့ ... ”
“သူမရဲ့ တိုက်ရိုက်အမှား မဟုတ်ပေမဲ့ ပြဿနာရဲ့ အရင်းအမြစ်က သူမ ဖြစ်နေတာပေါ့”
“အတိအကျပဲ”
“အချစ်ကြောင့် ဖြစ်တဲ့ ရာဇဝတ်မှုမျိုးလား”
“ဒါမျိုးတွေကို မင်း ဘယ်မှာ သွားသင်လာတာလဲ။ တီဗီတွေ တအား ကြည့်လွန်းနေပြီ”
မီးစိမ်းသွားတာကြောင့် ကားက ပြန်ထွက်လာတယ်။ ဂန်ဟွမ်က အနားက တံတားဆီကို ဦးတည်ပြီး မောင်းလာခဲ့တယ်။
“အဲဒီလောက်ကြီးတော့ မဟုတ်ပါဘူး။ အင်း ဟုတ်ချင်လည်း ဟုတ်မှာပေါ့။ စာရေးဆရာ တစ်ယောက်နဲ့ သရုပ်ဆောင် တစ်ယောက်က သူမကို တစ်ပြိုင်တည်း ချစ်မိသွားကြပြီး ပြဿနာက စတာပဲ။ သူတို့နှစ်ယောက်လုံးက ပရော်ဖက်ရှင်နယ်တွေဆိုတော့ ပြဇာတ်ကတော့ အောင်အောင်မြင်မြင်နဲ့ ပြီးသွားပါတယ်၊ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်က ရန်သူတွေလို ဖြစ်သွားကြတာပေါ့”
“အဲဒါကတော့ ဖြစ်လေ့ဖြစ်ထ ရှိတာပဲလေ။ သိပ်ပြီး ပြဿနာကြီးတဲ့ပုံ မပေါ်ပါဘူး”
“အပေါ်ယံ ကြည့်ရင်တော့ ဟုတ်တာပေါ့။ တကယ့်ကို ပုံမှန်ပါပဲ”
“တခြား တစ်ခုခု ထပ်ရှိသေးလို့လား”
“ငါ ဒါကို နောက်ပိုင်းမှ သိလိုက်ရတာ။ အဲဒီစာရေးဆရာက ဆူယွန်း လုပ်နေတဲ့ တခြားပရောဂျက်တစ်ခုဆီကို ပြောင်းသွားတယ်။ မူလကတော့ သူက ဟိုသရုပ်ဆောင်နဲ့ တခြားတစ်ခုမှာ အတူတူ လုပ်ဖို့ ရှိတာလေ။ အဲဒီကိစ္စ ဖြစ်ပြီးတဲ့နောက်မှာတော့ အဲဒီပရောဂျက်တစ်ခုလုံး ပျက်စီးသွားတော့တာပဲ”
“ဆူယွန်းက အဲဒီစာရေးဆရာကို ခေါ်သွားချင်လို့ သူတို့ရဲ့ ဆက်ဆံရေးကို ဖျက်ဆီးလိုက်တာလို့ နည်းပြ ထင်နေတာလား”
“ဘယ်သူ သိမှာလဲ။ အဲဒီတုန်းကတော့ ဆူယွန်းက တကယ့်ကို စိတ်မကောင်း ဖြစ်နေတဲ့ ပုံစံမျိုးပေါ့။ ဒါပေမဲ့ နောက်တော့ ... ”
ဂန်ဟွမ်က အတိတ်က အဖြစ်အပျက်တစ်ခုကို ပြန်စဉ်းစားနေသလိုမျိုး မျက်လုံးတွေကို မှေးလိုက်တယ်။
“ဒါမျိုး နောက်တစ်ခါ ထပ်ဖြစ်ပြန်ရော။ ပြီးတော့ ငါက အဲဒီစာရေးဆရာနဲ့ တခြားပရောဂျက် တစ်ခုမှာ ထပ်ဆုံဖြစ်တယ်။ ဒီလောကက ကျဉ်းကျဉ်းလေးလေ”
“ဟုတ်ပါတယ်”
“အဲဒီတုန်းက သူတို့နှစ်ယောက် တွဲနေကြပြီလို့ ငါ ထင်ထားတာ။ ဘာလို့လဲဆိုတော့ သူက သူမကို တကယ် အသေအလဲ ချစ်နေတာကိုး။ ဒါပေမဲ့ တကယ်တမ်းကျတော့ သူတို့က မတွဲကြဘူး။ သူငယ်ချင်းတွေလိုပဲ နေကြတာ။ သူက သူမကို ဖွင့်ပြောဖူးပေမဲ့ သူမကတော့ ဆက်ဆံရေးတစ်ခုကို စဖို့ ကြောက်တယ်လို့ ပြောခဲ့တယ်တဲ့။ အဲဒီအချိန်မှာပဲ ဟျဲဟွာဘူတာရုံက နာမည်ကြီး သရုပ်ဆောင် တစ်ယောက်က ဆူယွန်းရဲ့ ပရောဂျက်အသစ်ဆီကို လိုက်သွားပြန်ရော”
“အဲဒီသရုပ်ဆောင်ကလည်း ဆူယွန်းကို စိတ်ဝင်စားလို့လား”
“စာရေးဆရာ ပြောပြချက်အရတော့ ဟုတ်တာပေါ့။ သူတို့နှစ်ယောက် တွဲနေသလိုမျိုး သရုပ်ဆောင်နေတာကို ကြည့်ပြီး စာရေးဆရာက စိတ်မသက်မသာ ဖြစ်လာတာနဲ့ ပြကွက်တစ်ခုကို ဝိုင်းရေးပေးပြီး အဖွဲ့ထဲက ထွက်သွားတော့တာပဲ။ တကယ် ကြောက်စရာကောင်းတာက သူ ထွက်သွားတာနဲ့ တစ်ပြိုင်တည်း မစ်ဆူယွန်းက စာရေးဆရာ အသစ်တစ်ယောက်ကို ချက်ချင်း ခေါ်လာတာပဲ ... ”
“ယောက်ျားလေးလား”
“မင်း အခု သဘောပေါက်ပြီ မဟုတ်လား”
“ဟုတ်ကဲ့၊ နည်းနည်းတော့ ရိပ်မိပါပြီ”
“ငါက လူတွေကို ဝေဖန်ချင်တဲ့ ဆန္ဒတော့ မရှိပါဘူး။ လူတိုင်းမှာ ကိုယ့်ရှင်သန်မှုနဲ့ကိုယ် ရှိတာပဲလေ၊ ဒါပေမဲ့ သူမက ငါနဲ့တော့ အလုပ်တွဲလုပ်ဖို့ အဆင်ပြေတဲ့ လူစားမျိုး မဟုတ်ဘူး။ အဲဒါကြောင့် ငါက သူမနဲ့ ဝေးဝေးနေဖို့ ကြိုးစားနေတာ၊ အလုပ်ကိစ္စလောက်ပဲ ဆက်ဆံချင်တာပေါ့”
“သူမက တကယ့်ကို ဆွဲဆောင်မှု ရှိတာပဲ မဟုတ်လား”
“ရှိတာပေါ့။ အဲဒါကြောင့်လည်း လူတွေက သူမနောက်ကို လိုက်နေကြတာလေ”
“ဒါဆိုရင်လည်း ဘာလို့ မကြိုးစားကြည့်တာလဲ။ ဘယ်သူ သိမှာလဲ၊ နည်းပြက သူမကို နည်းပြအတွက်ပဲ သီးသန့် ဖြစ်လာမယ့် မင်းသမီးလေး တစ်ယောက်ဖြစ်အောင် လုပ်နိုင်မှာပေါ့”
“လောင်းကစား လုပ်တာကနေ ကောင်းတာ ဘာမှ ဖြစ်မလာဘူး”
မာရူး ခေါင်းညိတ်လိုက်တယ်။ ဆူယွန်းက ဘယ်လို မိန်းကလေးမျိုးလဲဆိုတာ သူ သဘောပေါက်သွားပြီ။ လူတိုင်းမှာ ကိုယ်ပိုင် လက်နက်တစ်ခုစီ ရှိကြပြီး ဆူယွန်းရဲ့ လက်နက်ကတော့ သူမရဲ့ ဆွဲဆောင်မှုပဲ။ အဲဒီအမျိုးသမီးကြောင့် ဖြစ်ခဲ့တဲ့ စစ်ပွဲတွေအကြောင်း သိလိုက်ရတော့ ... သူမရဲ့ လက်နက်က တကယ်ကို အစွမ်းထက်တယ်ဆိုတာ သိသာပါတယ်။
“ဒါနဲ့ တို့တွေ ဒီအကြောင်းကို ဘယ်လိုကနေ စပြောဖြစ်သွားတာလဲ။ ဒီနေ့ ငါ မင်းကို ပြောပြစရာတွေ အများကြီး ရှိတာကို”
“ဒါမျိုးတွေက တစ်ခါတလေ ပြောဖြစ်တာ ကောင်းပါတယ်။ လောကကြီးအကြောင်း သိထားတာက ကျွန်တော့်ရဲ့ သရုပ်ဆောင်မှုအတွက်လည်း အထောက်အကူ ဖြစ်စေတာပေါ့။”
“မင်းက ပါးစပ်မှာ ဆီလူးထားတာလား။ ဘယ်တုန်းကတည်းက စကားတွေ ဒီလောက်တောင် တတ်နေရတာလဲ”
“တကယ် မွှေးနေတာ မဟုတ်လား။ ကျွန်တော် ထောပတ် သုံးထားလို့ပါ”
“ဒီကောင်လေးကတော့။ မင်း မှတ်ပုံတင် ပြစမ်း၊ မင်း အသက်ကို ငါ တကယ် စစ်ကြည့်ရမယ်”
မာရူးက သူ့ပါးကို ဂန်ဟွမ်က လာဆွဲတာကို ခံရင်း ပြုံးနေလိုက်တယ်။
* * * * * * * * *
“မင်္ဂလာပါ ဆရာ”
“ရောက်လာပြီလား”
ဂျွန်မင်းက သူ့သူငယ်ချင်းကို တစ်ချက်ကြည့်လိုက်ပြီး စကားကို ခဏနေမှ ပြောမယ်ဆိုတဲ့ အမူအရာ ပြလိုက်တယ်။ သူ့သူငယ်ချင်းဖြစ်တဲ့ ဒါရိုက်တာကလည်း ခေါင်းညိတ်ပြပြီး သူ့လက်ထောက်နဲ့အတူ ထွက်သွားဖို့ ပြင်လိုက်တယ်။
“ဆရာလည်း နေဦးလေ” လို့ ဆူယွန်းက ပြုံးပြီး ပြောလိုက်တယ်။
“သရုပ်ဆောင်တွေရဲ့ စကားဝိုင်းမှာ ကျွန်တော်တို့က ပါစရာ မလိုပါဘူး။ စင်နောက်ကွယ်က အကြောင်းတွေ ပြောရတာက ပိုပြီး နေလို့ကောင်းပါတယ်”
ဂျွန်မင်းက သူ့သူငယ်ချင်းကို အပြင်မှာ ခဏလောက် စောင့်ပေးဖို့ ပြောလိုက်တယ်။
“ဘာလို့ ကျွန်မကို ကိုယ်တိုင် ဖုန်းဆက်ခေါ်တာလဲ။ အံ့ဩသွားတာပဲ”
“မင်း ဘယ်လိုနေလဲ သိချင်လို့ပါ”
“ပုံမှန်အတိုင်းပဲ အဆင်ပြေပါတယ်။ ဆရာ မိတ်ဆက်ပေးတဲ့ အဲဒီကလေးကိုလည်း သင်ပေးနေတယ်လေ”
“အေးပါ၊ ဂွန်ဆော့ကရော ဘယ်လိုလဲ”
“သူက အဆင်ပြေပါတယ်။ အကဲခတ်လည်း တော်တယ်၊ ကျွန်မ စိတ်ချမ်းသာအောင် ဘာလုပ်ပေးရမလဲဆိုတာကို သူက အတိအကျ သိနေတာ”
“အကဲခတ်တာလား၊ ဟုတ်တာပေါ့။ သူက အဲဒီလိုပဲ ကြီးပြင်းလာခဲ့တာကိုး”
ဂျွန်မင်းက ခေါင်းညိတ်လိုက်တယ်။ အဲဒီကောင်လေးအကြောင်း နည်းနည်းပါးပါး ထပ်မေးပြီးတဲ့နောက် စကားလမ်းကြောင်းကို လွှဲလိုက်တယ်။
“ဒရာမာ ရိုက်တာကော ပြီးသွားပြီလား”
“ဟုတ်ကဲ့။ တီဗီမှာ သိပ်ပြီး အခြေအနေ မကောင်းတာကိုတော့ စိတ်တိုမိတယ်။ တခြား အစီအစဉ်တွေနဲ့ တိုက်နေတာကြောင့် နောက်ကို အမြဲ ရောက်နေတာ”
“ပြီးဖို့ ဘယ်နှစ်ပိုင်း ကျန်သေးလဲ”
“လေးပိုင်းပါ”
“ကြည့်ရှုနှုန်းက ၆ ရာခိုင်နှုန်းပဲ ရတာလား”
“လုံးဝကို ရှုံးနိမ့်သွားတာပါ”
“မင်း တော်တော်လေး စိတ်ဓာတ်ကျနေမှာပဲ”
“တကယ်ကို ကျနေတာပါ။ အရေးပါတဲ့ ဇာတ်ပို့နေရာကနေ ပထမဆုံးအကြိမ် ပါဝင်ခွင့်ရတာဆိုတော့လေ၊ ဒါပေမဲ့ ကြည့်မယ့်သူမရှိဘူး ဖြစ်နေတာ။ အဲဒါက ကျွန်မရဲ့ အမှားလို့တောင် ခံစားနေရတယ်”
“ညာမနေပါနဲ့”
“ဟဲဟဲ၊ တအား သိသာသွားတာလား”
ဆူယွန်းက ချစ်စရာကောင်းအောင် ပြုံးပြလိုက်တယ်၊ ဂျွန်မင်းကတော့ အဲဒီအပြုံးနဲ့တင် ယောက်ျား ဘယ်နှစ်ယောက်ကို သူမက ဖမ်းစားခဲ့လဲဆိုတာ တွေးနေမိတယ်။ သူက ဆူယွန်းအကြောင်းကို ကောင်းကောင်း သိတာပေါ့။ သူမက ယောက်ျားတွေရဲ့ စိတ်ကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာကို သိတဲ့ ပါရမီ ပါလာတဲ့သူလေ။ ဂျွန်မင်းက သူမကို လက်အောက်မှာ ထားထားတာကလည်း သူမရဲ့ အဲဒီဆွဲဆောင်မှုကို သရုပ်ဆောင်တဲ့နေရာမှာ ဘယ်လို သုံးရမလဲဆိုတာ သိလို့ပဲ။
“ဒါနဲ့ ဆရာ”
“ဘာလဲ”
“ဘာလို့ အဲဒီကလေးကိုမှ ကျွန်မဆီမှာ ထည့်ပေးထားရတာလဲ။ အံ့ဩမိလို့ပါ”
“ငါက တစ်ခုခု လုပ်ရင် တခြားသူတွေကို အမြဲ အကြောင်းပြချက် ပေးတတ်လို့လား။ မင်းဘာသာပဲ ရှာကြည့်လိုက်ပေါ့။ ဒါနဲ့ရုပ်ရှင်အတွက် လူရွေးပွဲသွားတာကကော ဘာဖြစ်သွားလဲ”
“ကျွန်မရဲ့ နည်းလမ်းအတိုင်းပဲ အသေအလဲ ကြိုးစားရမှာပေါ့”
ဂျွန်မင်းက ခေါင်းညိတ်လိုက်တယ်။ သူမ လူရွေးပွဲဖြေမယ့် ရုပ်ရှင်ဒါရိုက်တာကိုပဲ စိတ်ထဲကနေ ကံကောင်းပါစေလို့ ဆုတောင်းပေးလိုက်မိတာပေါ့။
“ပထမထပ်မှာ မိုးပြာရောင် ပြဇာတ်အဖွဲ့က လူတစ်ယောက် ရှိနေတယ်။ အဆင်ပြေရင် သွားပြီး နှုတ်ဆက်လိုက်ပါဦး”
“ဟုတ်ကဲ့။ အာ ... ဆရာ”
“အင်း”
“ဒီနေ့ ညစာ အတူတူ စားမလား”
သူမက စကားပြောရင်း သူမရဲ့ ရင်သားတွေကို နည်းနည်း ပေါ်လွင်အောင် လုပ်လိုက်တယ်၊ စောစောက အပြစ်ကင်းတဲ့ ပုံစံက ပျောက်သွားပြီး အခုတော့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ သူတစ်ယောက်အဖြစ် ပြောင်းလဲသွားတာပေါ့။ ဂျွန်မင်းက လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ပြီး မျက်တောင်တစ်ချက် ခတ်လိုက်တယ်။
“ဟိုက သူငယ်ချင်းနဲ့ ချိန်းထားတာ ရှိတယ်”
“အမလေး၊ ဒီနေ့တင် နှစ်ခါတောင် ငြင်းခံလိုက်ရပြီ၊ ဝမ်းနည်းစရာပဲ”
“နှစ်ခါတောင်လား”
“ဟုတ်ကဲ့။ အပြင်မှာ ဂန်ဟွမ်နဲ့ ဆုံတာ၊ သူက ကျွန်မကို ရှောင်သွားတယ်။ အဲဒါကို တကယ်ပဲ စိတ်တိုမိတယ်”
“ဟားဟား”
“ဘာပဲဖြစ်ဖြစ်၊ အခုတော့ မိုးပြာရောင်က လူနဲ့ သွားတွေ့လိုက်ပါဦးမယ်”
“အေးအေး”
ဆူယွန်းက ခုံကနေ ထလိုက်ပြီး လှေကားဆီကို လျှောက်သွားတယ်။ သူမရဲ့ တင်ပါးတွေက သဘာဝအတိုင်း ဘေးကို ယိမ်းထိုးနေတာပေါ့။ အဲဒါက ဆွဲဆောင်မှု ပေးနေတာမျိုးထက် အရာရာကို ထိန်းချုပ်ထားသလိုမျိုး ခံစားရစေတယ်။ သူမက ကြည့်ရတာ မော်ဒယ်တစ်ယောက်နဲ့ တကယ့်ကို တူတာပဲ။
“သူမကို အနားမှာ ဆက်ထားနိုင်တာ တကယ်ကို အံ့ဩစရာပဲ”
ဂျွန်မင်းရဲ့ သူငယ်ချင်းက ပြန်ရောက်လာတယ်။ သူ့လက်ထောက်ကတော့ မပါတော့ဘူး၊ တခြားတစ်နေရာမှာ အလုပ်သွားလုပ်နေရတာ ဖြစ်မှာပေါ့။
“လူတိုင်းမှာ သူ့နေရာနဲ့သူ အသုံးဝင်မှု ရှိတာပဲလေ”
“မင်းကတော့ တကယ့်ကို လူယုတ်မာပဲလို့ ငါ ခဏခဏ တွေးမိတယ်”
“ငါ ဒီလောကမှာ လုပ်လာတာ အနှစ် ၃၀ ရှိပြီ။ ဒီလောကထဲမှာ အပြင်ပန်းပဲ ကြည့်ကောင်းတဲ့သူတွေ အများကြီး ရှိတာပဲ”
“မင်းရဲ့ ကလေးတစ်ယောက်ကို သူမနဲ့ တွဲပေးထားတယ်လို့ ကြားတယ်နော်”
“ဟုတ်တယ်”
“အဲဒါက အန္တရာယ် မများဘူးလား။ ရင့်ကျက်ခြင်း မရှိသေးတဲ့ ကောင်လေးတစ်ယောက်ကို သူမက အပိုင်းပိုင်း ဆွဲဖြဲပစ်လိုက်လိမ့်မယ်လို့ ငါ ခံစားနေရတယ်”
“အဲဒါက ငါ မျှော်လင့်ထားတဲ့ အရာပဲလေ”
“ဘာ”
“အဲဒီကောင်လေးက သူ့ရဲ့ အခွံထဲမှာပဲ ရှိနေသေးတယ်၊ သူ ဘာလို့ သရုပ်ဆောင်နေရလဲဆိုတာကိုတောင် သူ မသိသေးဘူး။ ဂွန်ဆူကြောင့် စတင်ခဲ့တာဆိုပေမဲ့ အဲဒါက သူ့ရဲ့ တွန်းအားအဖြစ်နဲ့ အကြာကြီး ဆက်သွားလို့ မရဘူးလေ။ ဒါ့အပြင် အဲဒီကောင်လေးက ဆရာတို့ရှေ့မှာတော့ ရိုသေပြနေပေမဲ့ ကွယ်ရာမှာတော့ ဆရာတို့ကို လှောင်နေတဲ့သူမျိုး။”
“အတွင်းစိတ်က တော်တော်လေး ပုပ်နေတာပေါ့”
“ဒါပေမဲ့ သူ့မှာ ပါရမီတော့ ရှိတယ်လေ။ သူက ဂွန်ဆူရဲ့ ညီပဲဟာ။ အနာဂတ် ရှိနေတဲ့ အရာတစ်ခုကိုတော့ ငါ လွှင့်မပစ်ချင်ဘူး။ အဲဒါကြောင့်ပဲ သူ့ကို ဆူယွန်းနဲ့ တွဲပေးလိုက်တာ”
“အကယ်၍ သူက သူမရဲ့ ရုပ်သေးရုပ် ဖြစ်သွားရင်ကော”
“အဲဒါကတော့ သူ့ကံပေါ့။ ငါက လူကောင်းတစ်ယောက် မဟုတ်ဘူးလေ။ ငါက လူတွေကို ကူညီပေးရတာ ကြိုက်တယ်၊ ဒါပေမဲ့ အဲဒါက ငါ့အတွက် အကျိုးရှိမှပဲ။ အသုံးမကျတဲ့သူကို ငါက ဘာလို့ ဆက်ထားထားရမှာလဲ”
“ဆရာကြီးက တကယ်ကို သွေးအေးတဲ့ လူတစ်ယောက်ပဲပေါ့ ဟုတ်လား”
“ငါ့ကို အဲဒီလောက်ကြီးလည်း မကောင်းမြင်မနေပါနဲ့၊ ငါလည်း ကောင်းတာတွေ လုပ်ပါတယ်။ ငါ့ရဲ့ အချိန်နဲ့ ပိုက်ဆံတွေကိုပဲ အချောင်နှိုက်ချင်တဲ့ လူမျိုးတွေကို မကြိုက်တာပါ။”
“ဒါဆို မာရူးဆိုတဲ့ အဲဒီကလေးကရော ဘယ်လိုလဲ”
“... တကယ်တော့ အဲဒီကလေးအကြောင်းကို ငါလည်း လုံးဝ မခန့်မှန်းနိုင်ဘူး။ ဒါမျိုး မခံစားရတာ တော်တော်ကြာနေပြီ။ အဲဒီကလေးက သူ့ဘာသာသူ အဖြေတွေကို ရှာဖွေနေတာ။ သူ ယုံကြည်မှု ရှိနေတာမှာ အကြောင်းပြချက် ရှိတယ်၊ ဒါပေမဲ့ သူက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာမျိုးတော့ မဟုတ်ဘူး။ အဲဒီလိုပဲ သူက တစ်ခုခုဆိုရင်လည်း အကြောက်အလန့်မရှိဘဲ လုပ်တတ်တယ်။ ထူးဆန်းတယ်။ တကယ့်ကို ထူးဆန်းတယ်။”
“သူက ငါ့ရဲ့ မင်းတေးနဲ့ဆိုရင်တော့ တော်တော်လေး အဆင်ပြေမှာပဲ”
“သူတို့က တကယ့်ကို အဖော်ကောင်းတွေ ဖြစ်လာကြမှာပါ”
ဂျွန်မင်းရဲ့ သူငယ်ချင်းက ခေါင်းညိတ်လိုက်တယ်။ ဂျွန်မင်းက နောက်ထပ် အစီအစဉ်တွေကို စစ်ဆေးဖို့ သူ့ရဲ့ မှတ်စုစာအုပ်ကို ဖွင့်လိုက်တယ်။ သူ့အတွက်တော့ အချိန်ဆိုတာ လူတွေနဲ့ အတူတူပဲ။ ဂျွန်မင်းက သူ့ဘဝပေး တာဝန်တစ်ခုလိုပဲ လူတစ်ယောက်ကိုမှ အလွတ်မပေးနိုင်ဘူးလေ။
* * * * * * * * *