← Chapters

တိုက်ပွဲအဆင့်

Vol. 12 Ch. 1166

တိုက်ပွဲအဆင့်

Vol. 12 Ch. 1166

အစောင့်အရှောက်ဝိညာဥ် နိုးထလာသည်နှင့် ပြဿနာများ ဖြစ်ပွားမည်ကို ကြောက်၍ ပိုင်ရှောင်ချန်းသည် တတ်နိုင်သမျှ မြန်မြန် အလုပ်လုပ်လေသည်။ အမြန်နှုန်းအရာတွင်ဖြစ်စေ၊ သူ၏ပြန်လည်ကုစားခြင်းစွမ်းအားအရာတွင်ဖြစ်စေ သူ စားခဲ့သည့် မိုးမြေဧကရာဇ်အသားက သူ့ကို တဟုန်ထိုးတိုးတက်စေရန် အကူအညီပေးခဲ့ေလသည်။

သူသည် ထူးချွန်ပြောင်မြောက်စွာဖြင့် အဆင့်ခုနစ်ဆယ့်ရှစ်ထံ အလျင်အမြန် ရောက်ရှိသွားတော့သည်။

ထိုအဆင့်ကို သူ ရောက်သည်နှင့်တစ်ပြိုင်နက် သူ့အပေါ်သက်ရောက်နေသည့် ပြင်းထန်သောဖိအားတစ်ခုကို ခံစားလိုက်ရသည်။ ကျရောက်လာတော့မည့်အန္တရာယ်အာရုံတစ်ခုကိုလည်း ရလိုက်သည်ဖြစ်၍ သူက ချက်ချင်း နောက်ဆုတ်ပြီး ပတ်ဝန်းကျင်ကို စစ်ဆေးရန် နတ်ဘုရားအာရုံများ စေလွှတ်လိုက်သည်။

တဂျိန်းဂျိန်း ထစ်ခြုန်းသံများ ကြားလိုက်ကာ ချက်ချင်းပင် သူ၏စိတ်ထဲ၌ တစ်နေရာလုံးကို မြင်လိုက်ရသည်။

၄င်းသည်ကား အမှန်တကယ်တွင် အလွန်ထူးဆန်းသောကမ္ဘာတစ်ခုပင်။

ကောင်းကင်မရှိသလို မြေပြင်လည်းမရှိဘဲ အဆုံးမရှိသော ဟင်းလင်းပြင်ကြီးနှင့် ကျောက်စင်တစ်စင်သာ ရှိသည်။ ကျောက်စင်၏ အရှေ့တွင်ကား ဧရာမသစ်သားရုပ်သေးရုပ်ကြီး တစ်ရုပ်ရှိသည်။

ထိုအရုပ်ကြီးက မီတာ သုံးရာတိတိ မြင့်မားပြီး စက်ဝန်းပမာ လုံးဝိုင်း၏။ ၎င်း၏မျက်နှာသည်လည်း ခြယ်မှုန်းထား၏။

ပိုင်ရှောင်ချန်းသည် မည်သည့်အတွက်ကြောင့် ဖြစ်ကြောင်း မသေချာပါသော်လည်း ဤနေရာတွင် အလွန် ထူးဆန်းသော အရှိန်အဝါတစ်ခုရှိကြောင်း သေချာနေ၏။ ဘေးပတ်လည်အား တခဏကြာ လေ့လာပြီးနောက် သူ၏အာရုံက ရုပ်သေးရုပ်ထံသို့ မမှိတ်မသုဥ် ကျရောက်သွားသည်။

သူက ၄င်းကို အနီးကပ်ကြည့်လိုက်သည်နှင့်တစ်ပြိုင်နက် ၄င်းက လျှို့ဝှက်ဆန်းကြယ်သော အလင်းများဖြင့် စူးရှတောက်ပနေသော မျက်လုံးများ ဖွင့််လိုက်၏။ ထို့နောက် လေပေါ်သို့ ခုန်တက်ပြီး သူ့ထံ တန်းတန်းမတ်မတ် ဦးတည်လာတော့သည်။

" ငါ သူ့ကို ကြည့်ရုံလေးပဲ ကြည့်တာပါ "

ပိုင်ရှောင်ချန်းက တွေးလိုက်သည်။ သူက အထိတ်တလန့် နောက်ဆုတ်လိုက်သော်လည်း ရုပ်သေးရုပ်ကြီးကား အံ့သြတုန်လှုပ်ဖွယ်ကောင်းစွာ လျင်မြန်လေသည်။ ၄င်းအတွက် သူ၏ရှေ့တည့်တည့်ရောက်လာရန် တခဏသာကြာလိုက်၏။ ၄င်းကို မရှောင်တိမ်းနိုင်ကြောင်း သဘောပေါက်လိုက်သောအခါ သူသည် မကြာသေးခင်က သူ၏အပြင်အား တိုးတက်ခဲ့၍ တိုက်ခိုက်နိုင်လောက်သည်ဟု ဆုံးဖြတ်လိုက်သည်။ သူက ညာလက်ကို လက်သီးဆုပ်၍ ရုပ်သေးရုပ်ကြီးထံ ပစ်သွင်းလိုက်၏။

၄င်းက သာမန်လက်သီးတစ်လုံးပုံပေါက်သော်လည်း သူ၏အတိုက်အခိုက်စွမ်းရည်ကို ထည့်တွက်ပါက ထိုလက်သီးချက်သည် အစောပိုင်းကောင်းကင်ဧကရာဇ်အဆင့်ရှိ လူတစ်ယောက်ကို အဝေးသို့ လွင့်ထွက်သွားစေကာ သွေးပွက်ပွက်အန်သွားစေနိုင်သည်။ ပြိုင်ဘက်တစ်ယောက်ကို သတ်နိုင်မည် မဟုတ်သော်လည်း အနည်းဆုံးတော့ ဒဏ်ရာအပြင်းအထန်ရစေမည် ဖြစ်သည်။

မထင်မှတ်ထားဖွယ် ခံနိုင်သည့်ပုံပေါ်သော ရုပ်သေးရုပ်ကြီးကား အမှန်တွင် လက်သီးတစ်ချက်တည်းကိုပင် မခံနိုင်ဘဲ ပေါက်ကွဲသွားတော့သည်။

အံ့သြတုန်လှုပ်ဖွယ်ကောင်းစွာ ၄င်း၏ပေါက်ကွဲမှုမှ တန်ပြန်အားမှာ ၄င်း၏ပင်ကိုယ် အတိုက်အခိုက်စွမ်းရည်ထက် အားကောင်းလေရာ မိုးကောင်းကင်တုန်လှုပ်၍ မြေပြင်တို့အက်ကွဲသွားစေသော အခိုးအငွေ့များအား အရပ်မျက်နှာအနှံ့ ထုတ်လွှတ်လိုက်လေသည်။ ပိုင်ရှောင်ချန်းအတွက် ထိုတန်ပြန်အားက သားရိုင်းကြီးတစ်ကောင်ပမာ သူ့ကို ရက်စက်ကြမ်းကြုတ်မှုအပြည့်ဖြင့် တိုက်ခိုက်နေသည့်အလား ခံစားလိုက်ရ၏။ ထစ်ခြုန်းမြည်သံများ နေရာတိုင်း ကြားလိုက်ရကာ သူက နောက်သို့ မီတာ ဒါဇင်အနည်းငယ် လွင့်ထွက်သွားပြီး နောက်ဆုံး ရပ်သွားသောအခါ အသက်မနည်းရှူနေရတော့သည်။

" ဘယ်လောက် အားကောင်းတဲ့ တန်ပြန်အားကြီးတုန်း "

သူက မော့ကြည့်ရင်း ရုပ်သေးရုပ်ကြီး ပေါက်ကွဲသွားသည့်နေရာ၌ နောက်ထပ်စွမ်းအားကြီးအရှိန်အဝါတစ်ခု ထွက်ပေါ်လာကြောင်း သဘောပေါက်လိုက်သည်။

ထိုအချိန်တွင် ပေါက်ကွဲခဲ့သည့်အရာက အပြင်အခွံကဲ့သို့ အရာသာဖြစ်ကြောင်း သူ သဘောပေါက်လိုက်သည်။ ယခု ထိုနေရာ၌ ယခင်တစ်ရုပ်ထက် ပို၍သေးငယ်သော နောက်ထပ် ရုပ်သေးရုပ်တစ်ရုပ် ရပ်နေသည်။

ရုပ်သေးရုပ်၏ အရှိန်အဝါမှာ ပို၍အားကောင်းပြီး အခြားတစ်ရုပ်နည်းတူ သူ့ကို မြင်သည်နှင့် တိုက်ခိုက်တော့သည်။ ၄င်း၏မျက်လုံးများထဲရှိ အကြည့်အရ သူ မသေမချင်း သို့မဟုတ် ၄င်းအဖျက်စီးမခံရမချင်း အတိုက်အခိုက် ရပ်တန့်မည်ပုံ မပေါ်ပေ။

သူက မျက်မှောင်ကြုတ်၍ နောက်ဆုတ်ရန် မရွေးချယ်ဘဲ ထိုအစား လက်သီးချက်တစ်ချက်ဖြင့် တိုက်ခိုက်လိုက်သည်။ သို့သော် သူသည် လက်သီးချက်ထုတ်လွှတ်ပြီးနောက် ချက်ချင်း နောက်ဆုတ်လိုက်၏။

ကံဆိုးစွာ သူ မည်မျှမြန်မြန် နောက်ဆုတ်စေကာမူ ပေါက်ကွဲသွားသော ရုပ်သေးရုပ်ကြီးထံမှ တုန်ခါလှိုင်းက သူ့ကိုထိမှန်သွားသေးရာ သူ၏ချီနှင့်သွေးများအား မခံရပ်နိုင်လောက်အောင် နာကျင်သွားစေသည်။

တခဏကြာသော် ပို၍ပင် စွမ်းအားကြီးသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး နောက်ထပ် သေးငယ်သော ရုပ်သေးရုပ်ကို မြင်လိုက်ရ၏။ ထိုအချိန်တွင် သူ၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားတော့သည်။

" ဒါကြီးက အဆုံးသတ်ဦးမှာလား "

သူက တုန်လှုပ်လျက် တွေးလိုက်သည်။ အဆင့်ကို ကျော်ဖြတ်ရန် နည်းလမ်းက ရုပ်သေးရုပ်ကြီးအား ပြုလုပ်ထားသည် အလွှာအားလုံးအပါအဝင် တစ်ရုပ်လုံးဖျက်စီးပစ်ရန် ဖြစ်တန်ရာသည်။

" ဘယ်လောက်ထူးဆန်းတဲ့ အဆင့်လဲ။ အစောင့်အရှောက်ဝိညာဥ်သာရှိနေလို့ကတော့ ငါတကယ် ဒုက္ခရောက်ပြီပဲ "

ထို့နောက် သူက နတ်ဘုရားအာရုံတချို့ ထုတ်လွှတ်ပြီး ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။

" သူနိုးနေတာ ငါလောင်းရဲတယ်။ ဒါပေမဲ့ အခုချိန်က သူ အိပ်ပျော်နေသင့်တာ "

ယခုတွင် ယပ်တောင်ကြီးအပေါ် သူ၏ချုပ်ကိုင်နိုင်စွမ်းသည် အစောင့်အရှောက်ဝိညာဥ်ကို ခြေရာခံနိုင်သည့်အဆင့်အထိ ရောက်ခဲ့ပြီ ဖြစ်သည်။

သူ စိုးရိမ်သောကရောက်လာပါသော်လည်း ယခုအချိန်သည် လေးဖင့်နေရမည့်အချိန်မဟုတ်ပေ။ ဤအဆင့်မှ ထွက်ခွာလျှင် ထွက်ခွာ၊ သို့တည်းမဟုတ် တတ်နိုင်သမျှ မြန်မြန် ကျော်ဖြတ်ရန် အကောင်းဆုံး လုပ်သင့်သည်။

ယွမ်ဟိုင်စီရင်စုမှာဆိုပါက ပထမတစ်နည်းကို သူ ရွေးချယ်ကောင်း ရွေးချယ်မိမည်။ သို့သော် ယခု သူက အန္တရာယ်ရှိသည့်နေရာတစ်နေရာဖြစ်သော မိစ္ဆာဧကရာဇ်မြို့တွင် ဖြစ်၏။ ဆုလာဘ် မြန်မြန်ရှာနိုင်သည်နှင့်အမျှ သူ၏ကျင့်ကြံခြင်းအခြေခံ မြန်မြန်တိုးတက်မည် ဖြစ်သည်။ ထို့အပြင် အဆင့်များအားလုံးကို ကျော်ဖြတ်နိုင်ပြီး ယပ်တောင်၏ ပိုင်ရှင်အစစ်ဖြစ်လာပါက မိစ္ဆာဧကရာဇ်မြို့တော်တွင် ပို၍တည်ငြိမ်သော နေရာတစ်နေရာ ရပေမည်။

သူ၏အကြီးမားဆုံးရည်မှန်းချက်မှာ နောက်ဆုံးတွင် လောကနတ်ဘုရားများအား ရင်ဆိုင်နိုင်သည်အထိ အစွမ်းထက်လာရန် ဖြစ်သည်။ ထိုနည်းအားဖြင့် မလွှဲသာမရှောင်သာ တိုက်ခိုက်လာရပါက သူ့အနေဖြင့် တောင်ခံနိုင်မည် ဖြစ်သည်။

" ထားလိုက်တော့။ ငါ ဆက်ကြိုးစားမယ်။ တကယ်လို့ အလုပ်မဖြစ်ရင်လဲ ထွက်သွားလိုက်တော့မယ် "

သူက အံတင်းတင်းကြိတ်၍ ရုပ်သေးရုပ်ထံ တဟုန်ထိုးသွားလိုက်သည်။

သူ ၄င်းကို ဝင်တိုက်လိုက်သောအခါ ၄င်းက ပေါက်ကွဲသွားပြီး နောက်တစ်ဖန် တန်ပြန်အားတစ်ခုဖြင့် ဆောင့်တွန်းခံလိုက်ရ၏။ သို့သော် သူက တန်ပြန်အားကို ရှောင်တိမ်းရန် မကြိုးစားပေ။ ထိုသို့လုပ်ခြင်းက မဖြစ်နိုင်လုနီးပါးပင်။ ထို့ပြင် ကြည့်ရသရွေ့ ဤအဆင့်သည် လူတစ်ယောက်၏ တန်ပြန်အား ခံနိုင်ရည်ကို စစ်ဆေးပုံရလေသည်။

သူ၏ပါးစပ်မှ သွေးများ စီးကျလာသော်လည်း သူ၏ပြန်လည်ကုစားခြင်းစွမ်းအားများ ချက်ချင်းအလုပ်လုပ်သွား၏။ သူပ မျက်လုံးများသွေးချင်းချင်း နီရဲေနလျက် နောက်ထပ် ပို၍သေးငယ်သောရုပ်သေးရုပ်ကို ချက်ချင်း တိုက်ခိုက်လိုက်သည်။

သူက ရုပ်သေးရုပ်တစ်ရုပ်ကို သတ်လိုက်တိုင်း ယခင်ကထပ်ပို၍ သေးငယ်သော နောက်တစ်ရုပ် ပေါ်ပေါက်လာသည်။ ထိုသံသရာကား စဥ်ဆက်မပြတ် လည်ပတ်နေတော့သည်။ နောက်ဆုံး၌ သူ လက်သီးဆယ်လုံး ပစ်သွင်းခဲ့ပြီးလေပြီ။

တစ်လုံးစီတိုင်းက ရုပ်သေးရုပ်တစ်ရုပ်စီကို ဖျက်စီးခဲ့ပြီး တန်ပြန်အားတစ်ခု ပြန်ကန်ထွက်လာ၏။ တန်ပြန်အားများသည် ထာဝရအတွဲ လိုက်မမှီနိုင်တော့သည်အထိ အားကောင်းသထက် အားကောင်းလာတော့သည်။

" ငါ့ရဲ့ပြန်လည်ကုစားခြင်းစွမ်းအားတွေကို စဥ်းစားကြည့်ရင် ငါ နှောင်းပိုင်းကောင်းကင်ဧကရာဇ်အဆင့်မှာဆိုရင်တောင်မှ ပြဿနာတက်ဦးမှာ။ ဒါကိုကျော်ဖြတ်ဖို့ မဟာစက်ဝန်းမှာဖြစ်ဖို့ လိုတယ်လို့ မပြောနဲ့နော်"

ပိုင်ရှောင်ချန်းမှာ အဆင့်ခုနစ်ဆယ့်ရှစ်က ဤမျှခက်ခဲလိမ့်မည်ဟု မယုံကြည်နိုင်အောင် ဖြစ်နေ၏။ သူဖျက်စီးလိုက်သည့် နောက်ထပ်ရုပ်သေးရုပ်က တန်ပြန်အားတစ်ခု ထုတ်လွှတ်လိုက်ရာ သူ၏ပါးစပ်မှ သွေးများပန်းထွက်သွားတော့သည်။ ထို့နောက် ဤတစ်ကြိမ်ပေါ်လာသည့် ရုပ်သေးရုပ်ကား ယခင်နှင့် ကွာခြားလေသည်။

၄င်းက လက်ဖဝါးအရွယ်သာရှိပြီး ရွှေအတိဖြစ်သည်။ ၄င်းသည် အလယ်ပိုင်းကောင်းကင်ဧကရာဇ်အဆင့်၏ အရှိန်အဝါကို ထုတ်လွှတ်နေပြီး စိတ်ကူးဖြင့် မှန်းဆ၍ မရနိုင်လောက်သည့် အမြန်နှုန်းရှိသည်။ ၄င်းက ပျောက်ကွယ်သွားပြီး ပိုင်ရှောင်ချန်း၏ ရင်ဘတ်တည့်တည့်တွင် ပြန်ပေါ်လာပြီးနောက် သူ့ကို ဝင်တိုက်လိုက်သည်။ သူ မတုံ့ပြန်နိုင်ခင် နောက်သို့ မီတာရာပေါင်းများစွာ လွင့်ထွက်သွားတော့သည်။

သူ၏ပါးစပ်မှ သွေးများပန်းထွက်သွားပြီး သူ အားတင်းရပ်နေချိန်မှာပင် ရွှေရောင်စီးကြောင်းက သူ့ကို ဝင်တိုက်လိုက်၏။ ထို့နောက် ထပ်ခါ ထပ်ခါ … နောက်ဆုံးတွင် သူ အမှန်တကယ် ဒေါသူပုန်ထလာတော့သည်။

" အနိုင်ကျင့်လိုက်တာ "

ဤသည်မှာ သူနှင့် တူညီသော ကျင့်ကြံခြင်းအခြေခံရှိသည့် ပြိုင်ဘက်တစ်ယောက်ကို ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ခြင်း ဖြစ်သော်လည်း ၄င်း၏ မယုံကြည်နိူင်ဖွယ် အမြန်နှုန်းကြောင့် ထိမရဖြစ်နေတော့သည်။

ရွှေရောင်စီးကြောင်း နီးကပ်လာချိန်မှာပင် သူက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းကာ သူ၏အရေပြားအားလုံးကို သွေးရောင်လွှမ်းသွားစေလိုက်သည်။ သွေးရောင်မြူထုတစ်ခုလည်း သူ့ထံမှ ပျံ့နှံ့လာကာ သူက ၄င်းနှင့် ပေါင်းစည်းသွားပုံပေါ်လေသည်။

မြူထုအတွင်း သူ၏မျက်လုံးများသည် ရက်စက်သောအေးစက်မှုဖြင့် စူးရှတောက်ပနေပြီး သူက သွေးဆာနေသော အသံဖြင့် ပြောလိုက်သည်။

" နတ်ဘုရားဇီဝိန်ခြွေသိုင်း "

နောက်ဆုံးတွင် နတ်ဘုရားဇီဝန်ခြွေသိုင်းကား ပြန်လည်ထွက်ပေါ်လာေလပြီ။

ရွှေရောင်အလင်းများ သွေးရောင်မြူထုကြီးဖြင့် နီးကပ်လာစဥ် တဂျိန်းဂျိန်းထစ်ခြုန်းသံများ မြည်ဟည်းလာတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သွေးရောင်အလင်းနှင့် ရွှေရောင်အလင်းကား အံ့သြတုန်လှုပ်ဖွယ်အမြန်နှုန်းဖြင့် ထိပ်တိုက်တွေ့သွားကြလေသည်။

တဝုန်းဝုန်းပေါက်ကွဲသံများ အဆက်မပြတ် ပေါ်ထွက်လာပြီး နောက်ဆုံး သွေးမြူထုကြီးက ရွှေရောင်အလင်းကို ဝိုင်းလိုက်လေပြီ။ တခဏကြာသော် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာပြီးနောက် လွင့်ပျံလာသည့် ပြင်းထန်သောတန်ပြန်အားက ယခင်က မည်သည့်အရာမဆိုထက် သာလွန်နေသည်။

သွေးမြူထုကြီးသည်လည်း ဘေးပတ်လည်ရှိ ဟင်းလင်းပြင်အတွင်း ပျယ်လွင့်သွားကာ ပျက်စီးသွား၏။ အသက်ရှူချိန်ဆယ်ကြိမ်ကြာပြီးနောက် အရာအားလုံး တည်ငြိမ်သွားပြီး သွေးမြူတိမ်ကြီးက ဖြူဖပ်ဖြူလျော်မျက်နှာနှင့် ပိုင်ရှောင်ချန်းအသွင် ပြန်ဖြစ်သွားလေသည်။

" ဝေါ့ "

သူ၏ပါးစပ်မှ သွေးများစီးကျလာသည်။ ထိုအချိန်တွင် သူသည် တဖြေးဖြေးပျောက်ကွယ်သွားပြီး အဆင့်ခုနစ်ဆယ့်ရှစ်မှ ထွက်ခွာသွား၏။

သူက ထိုအဆင့်ကို အောင်မြင်စွာ ကျော်ဖြတ်ခဲ့ပါသော်လည်း ဒဏ်ရာအပြင်းအထန်ရခဲ့လေသည်။ ထိုအခြင်းအရာအရ ဤနေရာမှစ၍ အဆင့်များက အတိုင်းအဆမရှိ ခက်ခဲတော့မည်ဖြစ်ကြောင်း သူ ပြောနိုင်လေသည်။

All Chapters