အခန်း (၃၂၈-၃၃၀)
Vol. 22 Ch. 328-330
အခန်း-(၃၂၈)
ဒီအဆောက်အဦးက ကုန်စုံဆိုင်ငယ်လေးတစ်ခုဖြစ်ပြီး စင်ပေါ်မှာ ပစ္စည်းတချို့ ရှိနေဆဲပါ။
လီချီရွှမ်က အနောက်ဘက်အခန်းသို့ လျှောက်သွားပြီး ဒုတိယထပ်ကိုလည်း စစ်ဆေးလိုက်သည်။ ထိုနေရာတွင် သိုလှောင်ထားသော ပစ္စည်းများ မြင်သောအခါ သူ့လက်ကို ဝှေ့ယမ်းပြီး အရာအားလုံးကို သူရဲ့သိုလှောင်လက်စွပ်တစ်ကွင်းထဲသို့ သိမ်းဆည်းလိုက်သည်။
ပြီးသွားသောအခါမှာတော့ ပြတင်းပေါက်များနှင့် တံခါးများကို သွားစစ်ဆေးခဲ့သည်။ အရာအားလုံးက ကောင်းစွာပိတ်ထားတာကို မြင်သောအခါမှာတော့ ပထမထပ်သို့ ပြန်သွားပြီး ပြတင်းပေါက်များနှင့် တံခါးများကို သော့ခတ်လိုက်သည်။
လူတိုင်းက အဲဒီမှာပဲ ရပ်နေတာကို မြင်တော့ သူကပြောလိုက်တယ် "မင်းတို့ ကြိုက်တာလုပ်။ ငါ့ကိုသာ မနှောင့်ယှက်နဲ့"
"ကောင်းပြီ" ဟု ဆရာတစ်ဦးက ခေါင်းညိတ်ပြီး ပြန်ဖြေသည်။
လီချီရွှမ်က ကောင်တာဆီသို့ လျှောက်သွားပြီး ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။သူ မျက်လုံးများကို မှိတ်လိုက်ပြီးနောက်မှ လူတိုင်းက သက်ပြင်းချလိုက်ကြသည်။
ကလေးတွေက မနက်စာ တစ်နပ်ပဲ စားရသေးတာကြောင့် ဆရာ၊ ဆရာမတွေက စင်ပေါ်က အစားအစာနှင့် ရေတချို့ကို ယူလာပြီး ဝေပေးကြသည်။ ဗိုက်ပြည့်သွားတဲ့အခါမှာတော့ အားလုံးက စုရုံးပြီး တစ်ရေးတစ်မော အိပ်ကြတယ်။
သူတို့က ဘတ်စ်ကားပေါ်မှာ အိပ်စက်နိုင်ပေမယ့် သူတို့ရဲ့ အာရုံကြောတွေက တင်းမာနေတာကြောင့် ဘယ်သူကမှ အနားမယူနိုင်ခဲ့ကြဘူး။ အခုတော့ သူတို့မှာ လုံခြုံတဲ့နေရာတစ်ခုကို ရှာတွေ့ပြီဆိုတော့ မောပန်းနွမ်းနယ်မှုကို ခံစားလိုက်ရပြီး မကြာခင်မှာပဲ အိပ်ပျော်သွားကြသည်။
တစ်ချိန်တည်းမှာပဲ လင်အန်းမြိုရဲ့ အခြေစိုက်စခန်းက ကလေးများသည် သူတို့ရဲ့ လေ့ကျင့်မှုပြီးဆုံးပြီးတဲ့အချိန်မှာ အဖွဲ့ရဲ့နေအိမ်သို့ လမ်းလျှောက်ကာပြန်လာနေကြသည်။ သူတို့ရောက်ရှိသောအခါတွင် ရွှီချွန်း ၊ ဝေယင်း နှင့် ဝမ်ဟန်လီ တို့လည်း ရှိနေတာကို တွေ့လိုက်ရသည်။
သူတို့ကိုမြင်တော့ ကလေးတွေက ခေါင်းညိတ်ပြီး "ဗိုလ်ကြီး ရွှီ ၊ ကပ္ပတိန်ဝေ ၊ ဒုဗိုလ်ကြီးဝမ် " လို့ တညီတညွတ်တည်း နှုတ်ဆက်ကြတယ်။
သူတို့ရဲ့ လေ့ကျင့်မှုကိုစတင်ခဲ့ပြီး အခုချိန်ထိတော့ ခန္ဓာကိုယ်ကြံ့ခိုင်စေဖို့ ပြေးတာနှင့် ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွေပဲ လုပ်နေကြတာပါ။ ဒါပေမယ့်လည်း လေ့ကျင့်မှုက ရလဒ်ကောင်းတွေ ပြသနေပြီးဖြစ်လို့ သူတို့ဟာ အရင်ကလောက် ရှက်ကြောက်တတ်ပြီး အားနည်းတာမျိုးတွေ မရှိတော့ပါဘူး။
ရွှီချွန်းက သူတို့ကို လက်ပြပြီး "လေ့ကျင့်ရေးက ဘယ်လိုလဲ" လို့ မေးလိုက်တယ်။
"သည်းခံနိုင်ပါတယ်" ဟု ဖုလိန်ကျန်းက ပြန်ဖြေသည်။
ဒါကိုကြားတော့ ရွှီချွန်းက ခေါင်းညိတ်ပြီး "ကောင်းပြီ။ မင်းတို့အားလုံးက ပင်ပန်းနေကြပြီ၊ အရင်အနားယူလိုက်ကြအုံး" လို့ ပြောလိုက်တယ်။
ကလေးတွေက လူကြီးတွေမှာ အရေးကြီးတဲ့ ဆွေးနွေးစရာတစ်ခုရှိတယ်ဆိုတာကို နားလည်သွားကြတယ်။ ဒါကြောင့်ပဲ သူတို့က ကြာကြာမနေတော့ဘဲ ရေချိုးပြီးတာနဲ့ သူတို့အခန်းကိုပြန်ပြီး အနားယူကြသည်။
ကလေးတွေ ထွက်သွားပြီးတဲ့နောက်မှာ ကုရှကျယ်က မေးလိုက်တယ် "ဗိုလ်ကြီးရွှီ ၊ ဒီနေ့က ကျွန်တော်တို့ဆီ လာလည်တာလား။ ကျွန်တော် ဒါမှမဟုတ် ကျွန်တော့်အဖွဲ့ဆီက တစ်ခုခု လိုအပ်တာရှိလို့လား"
ရွှီချွန်းက ခေါင်းညိတ်ပြီး "မင်းနဲ့ မင်းရဲ့ရည်းစားဆီက ငါတကယ်လိုအပ်တဲ့အရာတစ်ခုရှိတယ်" လို့ ပြန်ဖြေလိုက်တယ်။
ဒါကိုကြားတော့ ကုရှကျယ်က မျက်ခုံးပင့်ပြီး "ဗိုလ်ကြီးရွှီ ၊ မင်းစိတ်ထဲရှိတာကို ပြောပါ" လို့ ပြောလိုက်တယ်။
"မင်းနဲ့ မင်းရဲ့ရည်းစားက ယွန်ရှန်မြို့ကနေ ပြန်လာပြီးနောက်မှာ ကောက်ပဲသီးနှံတွေ ရှာတွေ့ခဲ့တယ်လို့ သတင်းပို့လာတယ်။ ယွန်ရှန်မြို့ရဲ့ အခြေအနေနဲ့ ကောက်ပဲသီးနှံတွေ ဘယ်မှာတွေ့ခဲ့လဲဆိုတဲ့ အချက်အလက်တွေကို မျှဝေပေးနိုင်မလားလို့ မေးချင်ပါတယ်"
ကုရှကျယ်က သူ့ကို ခဏကြည့်လိုက်ပြီးမှ ပြန်ဖြေသည် "ဗိုလ်ကြီးရွှီ၊ ကျွန်တော်တို့က ကောက်ပဲသီးနှံတွေ ရှာတွေ့ခဲ့ရင်တောင် ကျွန်တော်တို့ရဲ့ကပ္ပတိန်ကို အရင်အကြောင်းကြားပြီး သူ့ကို ဆုံးဖြတ်ချက်ချခိုင်းရမယ်"
"ငါ မင်းရဲ့ကပ္ပတိန်ကို ဆက်သွယ်ပြီးပါပြီ။ သူက ဒီကိစ္စကို မင်းနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ ပြောတယ်" ဟု ရွှီချွန်းက ရှင်းပြသည်။
ဒါကိုကြားတော့ ကုရှကျယ်က အကြည့်တွေကို အောက်ချပြီး စဉ်းစားနေလိုက်တယ် "ဗိုလ်ကြီးရွှီ ၊ ဒီအချက်အလက်တွေကို မျှဝေဖို့က ကျွန်တော့်အတွက် မဖြစ်နိုင်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဘာအကျိုးကျေးဇူးတွေ ပေးနိုင်လဲ။ ဒီအချက်အလက်တွေကို အလကားပေးလိမ့်မယ်လို့တော့ မမျှော်လင့်ထားဘူး မဟုတ်လား"
ရွှီချွန်းက ပြုံးပြီး "ရဲဘော်ကု ၊ မင်းရဲ့အခြေအနေတွေကို ငါ့ကိုပြောပြပါ" လို့ ပြောလိုက်တယ်။
ကုရှကျယ်က သူ့လက်ချောင်းတွေကို ထိုင်ခုံလက်ရန်းခုံပေါ် ခေါက်ရင်း စဉ်းစားနေလိုက်တယ်။ ခဏကြာတော့မှ သူက "ဗိုလ်ကြီးရွှီ ၊ အခြေစိုက်စခန်းရဲ့ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ကျွန်တော် ပါဝင်ကူညီတာက သဘာဝကျပါတယ်။ ဒါကြောင့် ကျွန်တော် အများကြီး မတောင်းဆိုပါဘူး" လို့ ပြောလိုက်တယ်။
လက်ချောင်းငါးချောင်းထောင်ပြီး "ဒီအချက်အလက်ကို ဒီလောက်နဲ့ ရောင်းမယ်" လို့ သူက ထပ်ပြောလိုက်တယ်။
ထိုအမူအရာကိုမြင်တော့ ဝေယင်းက "ရဲဘော်ကု ၊ မင်းက တကယ်ကို ရက်ရောတာပဲ။ ဒီလောက်အရေးကြီးတဲ့ အချက်အလက်တွေအတွက် မင်းက အမြုတေ ၅၀၀ ပဲ တောင်းဆိုနေတာလား" ဟု ပြောလိုက်သည်။
ဒါကိုကြားလိုက်ရတဲ့အချိန်မှာ ကုရှကျယ်က ရယ်မောရင်း ခေါင်းခါကာ "ကပ္ပတိန်ဝေ၊ မင်းပြောသလိုပဲ ဒါက အရေးကြီးတဲ့ အချက်အလက်ပဲ။ ဗိုလ်ကြီးရွှီက ဒီအတွက် အမြုတေ ၅၀၀ ပဲပေးလောက်အောင်အထိ ကပ်စေးနှဲမှာ မဟုတ်ဘူးလို့တော့ ကျွန်တော် သေချာတယ်" လို့ ပြောလိုက်တယ်။
ဒါကိုကြားတော့ ရွှီချွန်းက ပြုံးပြီး "ရဲဘော်ကု ၊ မင်းက အမြုတေ ၅၀၀၀ တောင်းနေတာလား" လို့ မေးလိုက်တယ်။
ကုရှကျယ်က လက်ချောင်းများကို ချိုးကာ ပြုံးရင်း ပြောလိုက်သည် "ထက်မြက်တဲ့လူတွေနဲ့ စကားပြောရတာက တကယ်ကို လွယ်ပါတယ်"
ဝေယင်းက ထိုဈေးနှုန်းကို သဘောပေါက်သွားပြီး အသက်ကို ပြင်းပြင်းရှူလိုက်သည်။ သူ့အဖွဲ့က ဇွန်ဘီများကို ရှင်းလင်းရန်နှင့် အခြေစိုက်စခန်းရဲ့ နယ်မြေကိုချဲ့ထွင်ရန်အတွက် မကြာခဏ အပြင်ထွက်သွားလေ့ရှိသောကြောင့် အမြုတေများ ရရှိရန် မည်မျှခက်ခဲကြောင်း သူသိသည်။
ကုရှကျယ်က ဒီလောက်အထိတောင် စားချင်နေလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး။ သူ့ပါးစပ်ကို ဟလိုက်တာနဲ့ ၅၀၀၀ တောင်းလိုက်တယ်။
သူတို့စဉ်းစားနေတုန်းမှာပဲ ကုရှကျယ်က လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီး သူ့ရဲ့အဖြေကို တည်ငြိမ်စွာစောင့်နေခဲ့တယ်။ ရွှီချွန်းက ပေးချေဖို့ကို သဘောတူလိမ့်မယ်လို့ သူသေချာတယ်။ ဘာပဲဖြစ်ဖြစ် အခုအချိန်မှာက အခြေစိုက်စခန်းအတွက်အလိုအပ်ဆုံးက ရိက္ခာပစ္စည်းတွေပဲ။
သူတို့သာ နောက်ထပ်ရှာမတွေ့ရင် တံတိုင်းတည်ဆောက်မှုကို ပြီးမြောက်အောင် မလုပ်နိုင်သလို လစာလည်း မပေးနိုင် တော့ပါဘူး။ အဲဒါက နောက်ဆုံးမှာ အဓိကရုဏ်းတွေ ဖြစ်ပေါ်လာစေလိမ့်မယ်။ သူမျှော်လင့်ထားတဲ့အတိုင်း မကြာခင်မှာပဲ ရွှီချွန်းက သဘောတူခဲ့သည်။
"ရဲဘော်ကု၊ ငါ့လူတွေကို အမြုတေတွေ လာပို့ပေးခိုင်းလိုက်မယ်။ ဒါပေမယ့် မင်းကတော့ ကောက်ပဲသီးနှံ ဘယ်လောက်တွေ့ခဲ့လဲဆိုတာကို အရင်ဆုံးပြောပြနိုင်မလား" ဟု သူက မေးလိုက်သည်။
ကုရကျယ်က ခေါင်းညိတ်ပြီးပြန်ဖြေတယ် "ယွန်ရှန်မြို့နယ်စပ်ကနေ ငါးကီလိုမီတာအကွာမှာ ဂိုဒေါင်ကြီး ဆယ့်နှစ်ခုရှိတယ်။ နေရာတစ်ခုစီတိုင်းမှာက ဂိုဒေါင်ငါးဆယ်ကနေ ရှစ်ဆယ် ဝန်းကျင်လောက်ရှိတယ်"
"သိုလှောင်ထားတဲ့ ကောက်ပဲသီးနှံပမာဏနဲ့ ပတ်သက်ပြီးကတော့ ကိန်းဂဏန်းအတိအကျကို မပြောနိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က အခြေအနေကို စစ်ဆေးကြည့်လိုက်တော့ ဂိုဒေါင်အများစု ပြည့်လုနီးပါး ဖြစ်နေပါပြီ"
ဤစကားကိုကြားသောအခါမှာ ရွှီချွန်း နှင့် ဝမ်ဟန်လီတို့က အလွန်ပျော်ရွှင်သွားကြပြီး ဝေယင်းမှာမူ အံ့အားသင့်သွားကြသည်။
ကုရှကျယ် ပြောတာသုမှန်ရင် ဒီအချက်အလက်ရဲ့ဈေးက လုံးဝမကြီးပါဘူး။နတ်ဆိုးအဖွဲ့ကသာ ကောက်ပဲသီးနှံတွေကို ကိုယ်တိုင်ရယူခဲ့ရင် ရိက္ခာပစ္စည်းတွေကို အလွယ်တကူရောင်းချပြီး အမြုတေ ၅၀၀၀ ကျော်ရနိုင်ပါတယ်။
"ရဲဘော်ကု ၊ ဂိုဒေါင်တွေရဲ့တည်နေရာကို ငါ့အတွက် ရေးဆွဲပေးနိုင်မလား" ဟု ရွှီချွန်းက မေးလိုက်သည်။
"ဗိုလ်ကြီးရွှီက ဒီအချက်အလက်ကို ကျွန်တော့်ဆီကနေ ဝယ်ယူနေတာဆိုတော့ ကျွန်တော်ကိုယ်တိုင်က လမ်းပြပေးပါ့မယ်" ဟု ကုရှကျယ်က ပြန်ဖြေသည်။
ဒါကိုကြားတာနဲ့ ရွှီချွန်းက သူ့ပေါင်ကိုရိုက်ပြီး "သိပ်ကောင်းတာပဲ" လို့ ပြောလိုက်တယ်။
အခန်း -(၃၂၉)
သူ့ရဲ့တည်ငြိမ်မှု ပျောက်ဆုံးနေတာကို သဘောပေါက်လိုက်တဲ့အခါမှာ ရွှီချွန်းက သူ့ရဲ့ ရှက်ရွံ့မှုကို ဖုံးကွယ်ဖို့ ချောင်းဆိုးလိုက်ပြီးမှ "ရဲဘော် ကု ၊ မင်း ဘယ်တော့ ထွက်သွားနိုင်မှာလဲ" လို့ မေးလိုက်တယ်။
"ပေးချေမှုရောက်လာတာနဲ့ ကျွန်တော်တို့ အချိန်မရွေး ထွက်ခွာနိုင်ပါတယ်" ဟု ကုရှကျယ်က ပြန်ဖြေခဲ့သည်။
"ကောင်းပြီ။ ငါ့အဖွဲ့က အမြုတေတွေကို ပြင်ဆင်ပြီးတာနဲ့ ပေးချေမှုကို အမြန်ဆုံး ပေးပို့ခိုင်းလိုက်မယ်" ဟု ရွှီချွန်းက ထရပ်ရင်း ပြန်ဖြေလိုက်သည်။
ကုရှကျယ်က ခေါင်းညိတ်ပြီး "ဒါဆို ကျွန်တော် စောင့်နေပါ့မယ်" လို့ ပြောလိုက်တယ်။
ပြင်ဆင်ရမယ့်အရာတွေ အများကြီးရှိတာကြောင့် ဆွေးနွေးမှုပြီးဆုံးပြီးနောက်မှာပဲ ရွှီချွန်း ဟာ ဝေယင်းနှင့် ဝမ်ဟန်လီတို့နဲ့အတူ ထွက်ခွာသွားခဲ့ပါတယ်။
သူတို့ထွက်သွားပြီးနောက်မှာပဲ ရုန်မိုအာက မေးလိုက်တယ် "ရှကျယ် ဘာလို့ သူတို့ရဲ့တောင်းဆိုချက်ကို သဘောတူခဲ့တာလဲ"
"မိုအာ၊ ငါတို့အဖွဲ့က ဒီအခြေစိုက်စခန်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် ဒါက ငါတို့ရဲ့ အိမ်ဖြစ်လာလိမ့်မယ်။ အဲဒါကို ကာကွယ်ဖို့ ငါတို့မှာ တာဝန်ရှိတယ်။ အခြေစိုက်စခန်းကို တိုက်ရိုက်စီမံခန့်ခွဲလို့မရတဲ့အတွက် အနည်းဆုံးတော့ ငါတို့ရဲ့ကိုယ်ပိုင်နည်းလမ်းနဲ့ သူတို့ကို ထောက်ပံ့နိုင်ပါတယ်" ဟု ကုရှကျယ်က ရှင်းပြသည်။
"ညီလေးကု ၊ သူတို့ကို ကူညီချင်ရင် ဘာလို့ ဒီလောက်များတဲ့ အမြုတေတွေ တောင်းတာလဲ" ဟု ရုန်ချင်ယုက မေးလိုက်သည်။
"အစ်ကို ၊ မင်းသာ တစ်ခုခုကို အလွယ်တကူရသွားရင် မင်း ကျေးဇူးတင်မှာ မဟုတ်တော့ဘူး။ ကျွန်တော်တို့က သူတို့ကို အလကားကူညီပေးရင် ကျွန်တော်တို့ရဲ့အကူအညီကို ပေါ့ပေါ့တန်တန်ပဲ သူတို့ သဘောထားလိမ့်မယ်။ အနာဂတ်မှာ ပြဿနာတွေ မဖြစ်အောင် သူတို့နဲ့ ရိုးရှင်းတဲ့ စီးပွားရေးဆက်ဆံရေးကို ထိန်းသိမ်းထားတာက အကောင်းဆုံးပဲ" ကုရှကျယ်က ပြုံးပြီး ပြောလိုက်သည်။
ဒါကိုကြားတော့ ရုန်ညီအစ်မနှစ်ယောက်က အကြည့်ချင်းဖလှယ်လိုက်ကြတယ်။ သူတို့နှစ်ယောက်စလုံးက စီးပွားရေးမှာ တော်တဲ့သူတွေမဟုတ်တဲ့အတွက် သူ့ရဲ့အကြောင်းပြချက်ကို အပြည့်အဝနားမလည်နိုင်ကြပေမယ့် သူဘာလုပ်နေလဲဆိုတာကို သူသိတယ်လို့တော့ ယုံကြည်ကြတယ်။
နတ်ဆိုးအဖွဲ့ရဲ့ နေအိမ်ကနေ သူတို့ထွက်ခွာလာပြီးနောက်မှာတော့ ရွှီချွန်းက သူ့ရဲ့အိမ်ကို ပြန်မသွားဘဲ ရုံးကိုပဲ သွားခဲ့တယ်။ အမြုတေတွေကိုယူဖို့ ဝမ်ဟန်လီက သိုလှောင်ခန်းကို သွားနေတုန်းမှာ သူကတော့ အဖွဲ့ဝင်တွေနှင့် အရေးပေါ်အစည်းအဝေး လုပ်ခဲ့တယ်။
ရွှီချွန်းတို့အဖွဲ့ရဲ့ အဖွဲ့ဝင်အရေအတွက်က အနည်းငယ်သာရှိပေမယ့် သူတို့အားလုံးမှာက တိုက်ပွဲဝင်အတွေ့အကြုံများစွာရှိပြီး နှစ်ပေါင်းများစွာကြာအောင် သူ့နောက်ကို လိုက်လာခဲ့ကြတာပါ။ အရေးကြီးတဲ့ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းရတဲ့အခါမှာဆို သူတို့ကို တာဝန်ပေးအပ်ရတာက ပိုပြီးသက်တောင့်သက်သာရှိလာပါတယ်။
အစည်းအဝေးအတွင်း၌ ရွှီချွန်းက သူတို့ကိုကြည့်လိုက်ပြီး "အခုကစပြီး မင်းတို့တစ်ယောက်ချင်းစီတိုင်းက လူနှစ်ဆယ်ကနေ ငါးဆယ်အထိပါတဲ့ အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ရမယ်။ ကိုယ့်ရဲ့အဖွဲ့ဝင်တွေကို ကိုယ်တိုင်ရွေးချယ်နိုင်တယ်" လို့ ပြောလိုက်တယ်။
"မင်းတို့အဖွဲ့ရဲ့အဖွဲ့ဝင်တွေကို ဆုံးဖြတ်ပြီးရင် သူတို့ရဲ့နာမည်တွေကို ဝမ်ဟန်လီဆီ သတင်းပို့လိုက်။ ငါတို့က သူတို့ကို အစောင့်တွေအဖြစ် မှတ်ပုံတင်ပေးမယ်။ ဒီနေ့ကစပြီး မင်းတို့တစ်ယောက်ချင်းတိုင်းစီက မင်းတို့ရဲ့အဖွဲ့နဲ့အတူ B အဆင့် မစ်ရှင်တွေကို လုပ်ဆောင်ပြီး ဝမ်ဟန်လီဆီ တိုက်ရိုက်သတင်းပို့ရမယ်"
ဒါကိုကြားတော့ သူ့အဖွဲ့ဝင်တစ်ယောက်ကမေးလိုက်တယ် "ဗိုလ်ကြီး၊ ကျွန်တော်တို့အသင်းကို ဖျက်သိမ်းနေတာလား"
ရွှီချွန်းက ခေါင်းခါပြီး ရှင်းပြသည် "ဒီစခန်းကို ငါတို့ တာဝန်ယူပြီးကတည်းက ကိုင်တွယ်ရမယ့်အရာတွေ အများကြီးရှိ နေတယ်။ အခုချိန်မှာတော့ ငါက မင်းတို့အားလုံးကိုပဲ ယုံကြည်တယ်။ ဒါပေမယ့် လူအင်အားက အကန့်အသတ်ရှိပြီး အရေးကြီးတဲ့ကိစ္စတွေနဲ့ စီမံခန့်ခွဲရမယ့်ကိစ္စတွေက အရမ်းများနေတာကြောင့် တာဝန်တွေကို ခွဲဝေယူဖို့ လိုအပ်တယ်"
"ငါတို့က အဖွဲ့တစ်ခုအနေနဲ့ မစ်ရှင်တွေ အတူတူလုပ်တော့မှာ မဟုတ်တော့ပေမယ့် အခုက ငါတို့မှာ ပိုအရေးကြီးတဲ့ အခန်းကဏ္ဍတွေ ရှိနေပြီ။ ဝန်ထမ်းအသစ်တွေကို လေ့ကျင့်ပေးဖို့ မင်းတို့အားလုံး လိုအပ်နေတယ်။ ငါတို့ရဲ့ အခြေစိုက်စခန်းကို တိုးချဲ့လာတာနဲ့အမျှ နယ်နိမိတ်ကို လုံခြုံအောင်လုပ်ဖို့ လိုအပ်တဲ့ အစောင့်အရေအတွက်လည်း တိုးလာမှာပဲ။ ဒါကြောင့် ငါတို့က အသင်းကို ဖျက်သိမ်းနေတာ မဟုတ်ဘဲ တိုးချဲ့နေတာပဲ"
သူ့ရဲ့ရှင်းပြချက်ကိုကြားတော့ သူတို့က အကြည့်ချင်းဖလှယ်လိုက်ကြတယ်။ အခုဆို သူတို့ဟာ အရင်ကထက် ပိုပြီးတာဝန်တွေ ထမ်းဆောင်နေရပြီဆိုတာ နားလည်သွားကြတယ်။ အစောင့်အသစ်တွေကို လေ့ကျင့်ပေးတာက ရိုးရှင်းပုံရပေမယ့် လက်တွေ့မှာတော့ အများကြီး ပိုရှုပ်ထွေးပါတယ်။
သူတို့ဟာ တပ်သားသစ်တွေရဲ့ နောက်ခံနှင့် စရိုက်လက္ခဏာတွေကို စုံစမ်းစစ်ဆေးရရုံသာမကဘဲ သူလျှိုတွေ ရှိမရှိကိုလည်း စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ကို တာဝန်တွေ အပ်နှံပြီး ကိုယ်တိုင်လည်း လေ့ကျင့်ပေးရမှာ ဖြစ်ပါတယ်။
သူတို့ကို လေ့ကျင့်ပေးခြင်းက သူတို့ရဲ့ အဓိကအားသာချက်များကို မလွဲမသွေ ဖော်ထုတ်ပေးမည်ဖြစ်ပြီး မကောင်းသော ရည်ရွယ်ချက်ရှိသူ တစ်ဦးတည်းကပင် အဖွဲ့ထဲသို့ ဝင်ရောက်လာပါက အခြေစိုက်စခန်းတစ်ခုလုံးကို အန္တရာယ်ဖြစ်စေနိုင်သည်။
သူတို့ရဲ့ ရာထူးအသစ်တွေ၏ ဝန်ထုပ်ဝန်ပိုးကို သဘောပေါက်လာတဲ့အခါမှာတော့ သူတို့ရဲ့ ကပ္ပတိန်၏ ဆုံးဖြတ်ချက်ကို မေးခွန်းမထုတ်တော့ဘဲ "ဗိုလ်ကြီး ကျွန်တော်တို့က အကောင်းဆုံး ကြိုးစားပါ့မယ်" လို့ ပြောခဲ့ကြပါတယ်။
ရွှီချွန်းက ခေါင်းညိတ်ပြီးထပ်ပြောလိုက်တယ် "ပြီးတော့ ငါ့မှာ နောက်ထပ်အရေးကြီးတဲ့ ကြေငြာချက်တစ်ခုရှိတယ်။ နတ်ဆိုးအဖွဲ့က ယွန်ရှန်မြို့နယ်စပ်နားမှာ ဂိုဒေါင်အတော်များများကို ရှာတွေ့ခဲ့တယ်။ မင်းတို့အားလုံးကို လူတချို့ခေါ်သွားပြီး ရိက္ခာတွေကို သွားယူစေချင်တယ်"
"ဗိုလ်ကြီး၊ ရိက္ခာပစ္စည်းတွေကို သယ်ယူပို့ဆောင်ဖို့က အချိန်အတော်ကြာလိမ့်မယ်။ သယ်ယူပို့ဆောင်ရေးအတွင်းမှာလည်း ဂိုဒေါင်တွေကို စောင့်ကြပ်ဖို့အတွက် လူတချို့ကို အဲဒီမှာ ချထားသင့်လား" ဟု လူတစ်ယောက်က မေးလိုက်သည်။
ဒါကိုကြားတော့ ရွှီချွန်းက ခဏစဉ်းစားလိုက်ပြီး "ဒါဆို အစောင့်တစ်ရာကို ရွေးထားလိုက်" လို့ ပြောလိုက်သည်။
"နားလည်ပါပြီ"
ရိက္ခာကိစ္စက လျှို့ဝှက်ထားသောကြောင့် အသစ်ခန့်အပ်ထားသော အစောင့်သမားများနှင့် မပတ်သက်နိုင်ပါ။ ထို့ကြောင့် အစောင့်တစ်ရာကို ယခင်က ဗိုလ်မှူးကြီးများနောက်မှ လိုက်ပါခဲ့သော စစ်သားများထဲမှ ရွေးချယ်မည်ဖြစ်သည်။
အစည်းအဝေးပြီးဆုံးချိန်မှာ သန်းခေါင်ယံကျော်နေပါပြီ။
ရွှီချွန်းက အိမ်ပြန်ဖို့ကို ဂရုမစိုက်တော့ဘဲ သူ့ရုံးခန်းမှာပဲ ခဏအိပ်လိုက်တယ်။ ဝမ်ဟန်လီ ကတော့ အမြုတေတွေကို ကုရှကျယ် ဆီ ပို့ပေးပြီးဖြစ်ကာ မစ်ရှင်အတွက် ပြင်ဆင်မှုတွေ လုပ်နေသည်။
အစောင့်များသည် နောက်တစ်နေ့နံနက်စောစောရဲ့ မိုးမလင်းမီအချိန်တွင် နိုးထလာကြသည်။ ပြင်ဆင်မှုများပြီးတာနှင့် မနက်စာစားရန်အတွက် ထမင်းစားဆောင်သို့ ဦးတည်သွားကြသည်။
ဝမ်ဟန်လီက စားဖိုမှူးတွေဆီကို မနေ့ညကတည်းက အကြောင်းကြားပြီးပြီဖြစ်ပြီး ဒီနေ့မှာတော့ မနက်စာပြင်ဆင်ဖို့ကို သူတို့က စောစောထလာကြတယ်။
နတ်ဆိုးအဖွဲ့မှ ထောက်ပံ့ပေးသော ရိက္ခာပစ္စည်းများနှင့် စစ်သားများ ပြန်လည်ယူဆောင်လာသော ရိက္ခာပစ္စည်းများကြောင့် အခြေစိုက်စခန်းရှိ အစားအစာအရည်အသွေးက တိုးတက်လာခဲ့သည်။ မနက်စာအတွက်ကို စားဖိုမှူးများက ပေါက်စီ ၊ ယာဂု နှင့် ကြက်ဥလိပ်ကြော်တို့ကို ပြင်ဆင်ခဲ့ကြသည်။
ဒီဟင်းလျာတွေကို အစောင့်တွေအတွက် သီးသန့်ပြင်ဆင်ထားတာပါ။ အသက်ရှင်ကျန်ရစ်သူတွေကတော့ စားချင်ရင် သူတို့ရဲ့အမှတ်တွေနဲ့ ပေးချေရပါတယ်။
ဈေးနှုန်းက အတော်လေးမြင့်ပေမယ့်လည်း လူအများစုကတော့ ကြက်ဥ ဒါမှမဟုတ် အသားဟင်းလျာတွေ စားသုံးဖို့အတွက်ဆို အပိုအမှတ်တွေ သုံးစွဲဖို့ ဆန္ဒရှိနေဆဲပါ။ ရလဒ်အနေနဲ့ နေ့တိုင်းမှာ အစားအစာတွေ အများကြီး ပြင်ဆင်ပေးနေပေမယ့်လည်း စားသောက်ဆိုင်မှ အစားအစာတွေက အမြဲတမ်း ရောင်းကုန်သွားခဲ့ပါတယ်။
စစ်သားတွေ စားသောက်နေချိန်မှာ ကုရှကျယ် ၊ ရုန်မိုအာ နှင့် ရုန်ချင်ယူတို့လည်း မနက်စာ စားနေကြသည်။
ဒီနေ့မှာတော့ ရုန်မောင်နှမတွေက ဇွန်ဘီတွေကို ရှင်းလင်းပြီး အခြေစိုက်စခန်းရဲ့ နယ်မြေကိုချဲ့ထွင်ဖို့ မစ်ရှင်တစ်ခုမှာ စစ်သားတွေနှင့် ပူးပေါင်းမှာဖြစ်ပြီး ကုရှကျယ်ကတော့ ရွှီချွန်းတို့အဖွဲ့နှင့်အတူ ဂိုဒေါင်တွေကို လိုက်သွားမှာဖြစ်ပါတယ်။
ကလေးတွေကတော့ အိပ်ပျော်နေကြဆဲဖြစ်ပြီး နောက်မှ သူတို့က လေ့ကျင့်ရေးကွင်းကို သွားကြမှာပါ။
အခန်း-(၃၃၀)
မနက်စာစားပြီးနောက်မှာတော့ ကုရှကျယ်က ရုန်မောင်နှမများအတွက် ရေဘူးများစွာနှင့် အကြည်ရောင်အမြုတေများပါသော အိတ်တစ်လုံးကို ပြင်ဆင်ပေးခဲ့သည်။
သူက သူ့ရည်းစားရဲ့လက်ကိုကိုင်ပြီး "မိုအာ ၊ အပြင်ထွက်ရင် သတိထား။ မမေ့နဲ့နော် အခြေအနေကဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့လုံခြုံရေးက ဦးစားပေးပဲ" လို့ ပြောလိုက်တယ်။
"ကျွန်မ နားလည်ပါတယ်" ဟု ပြောကာ ရုန်မိုအာက ခေါင်းညိတ်ပြလိုက်သည်။ ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူမက ထပ်ပြောလိုက်တယ် "မင်းလည်း သတိထားရမယ်"
"အိုကေ"
စကားအနည်းငယ်ပြောပြီးနောက်တွင် အိမ်မှအတူတူထွက်ခွာလာခဲ့ကြသော်လည်း ဆန့်ကျင်ဘက်အရပ်သို့ ထွက်ခွာသွားခဲ့ကြသည်။ ရုန်မောင်နှမများက အခြေစိုက်စခန်းရဲ့ မစ်ရှင်ခန်းမသို့ သတင်းသွားပို့ကြပြီး ကုရှကျယ်ကတော့ ရွှီချွန်းတို့အဖွဲ့နှင့်တွေ့ဆုံရန် အခြေစိုက်စခန်းရဲ့ဂိတ်သို့ ဦးတည်သွားခဲ့သည်။
အခြေစိုက်စခန်းရဲ့ဂိတ်ပေါက်ကို သူရောက်တဲ့အခါမှာဆို အရှေ့ဘက် မိုးကုပ်စက်ဝိုင်းမှာ နေထွက်နေပါပြီ။ အခြေစိုက်စခန်းကနေ ထွက်လာချိန် ရွှီချွန်းရှိနေတာကို မြင်တော့ အံ့သြသွားမိတယ်။ သူ့ရဲ့ယူနီဖောင်းကို ကြည့်ရတာတော့ ဒီမစ်ရှင်မှာ သူတို့နှင့်ပူးပေါင်းဖို့ စီစဉ်ထားပုံရတယ်။
သူလျှောက်လာတာကို သတိထားမိတော့ ရွှီချွန်းက ပြုံးပြီး "မင်္ဂလာနံနက်ခင်းပါ ရဲဘော်ကု" လို့ နှုတ်ဆက်လိုက်တယ်။
ကုရှကျယ်က သူ့ကို ခဏလောက်ကြည့်လိုက်ပြီးမှ "ဗိုလ်ကြီးရွှီ ၊ ကျွန်တော်တို့နဲ့လိုက်မှာလား" လို့ မေးလိုက်တယ်။
ရွှီချွန်းက ခေါင်းညိတ်ပြီး ပြောပြတယ် "ငါက အခြေအနေကို စစ်ဆေးဖို့ပဲ အဲဒီကို သွားပြီး ပထမအသင်းနဲ့ ပြန်လာမှာပါ"
သူ့ရဲ့စကားတွေနှင့် စစ်သားအရေအတွက်ကိုမြင်တော့ ကုရှကျယ်က စိတ်ထဲမှာ တစ်ခုခုကိုခန့်မှန်းမိပေမယ့် ဘာမှမပြောလိုက်ဘူး။ နောက်ဆုံးသော ပြင်ဆင်မှုတွေပြီးသွားတဲ့အခါမှာတော့ "အားလုံးပဲ ထွက်သွားရမယ့်အချိန်ရောက်ပြီ" လို့ ရွှီချွန်းက အမိန့်ပေးလိုက်တယ်။
သူရဲ့အမိန့်ကိုကြားတာနဲ့ စစ်သားများသည် ထရပ်ကားများနှင့် ကားများပေါ်သို့ တက်သွားခဲ့ကြတယ်။ ထရပ်ကားများကို ကောက်ပဲသီးနှံများ သယ်ယူပို့ဆောင်ရန်အတွက် အသုံးပြုမည်ဖြစ်ပြီး ကားများကိုမူ စစ်သားများနှင့် အာကာသစွမ်းရည်အသုံးပြုသူများအတွက် နေရာထိုင်ခင်းပေးရန် အသုံးပြုမည်ဖြစ်သည်။
လူသစ်စုဆောင်းမှုအကြိမ်များစွာပြုလုပ်ပြီးနောက်တွင်တော့ အာကာသအမျိုးအစားစွမ်းရည်အသုံးပြုသူ စုစုပေါင်း ၁၇ ဦးကို စုဆောင်းနိုင်ခဲ့သည်။ ၁၂ ဦးက စစ်တပ်မှဖြစ်ပြီး ၅ ဦးကတော့ မကြာသေးမီကမှ စွမ်းရည်များ နိုးထလာခဲ့တဲ့ သာမန်ပြည်သူများဖြစ်သည်။
စစ်သားများက သူတို့ကို စောင့်ကြည့်နေသောကြောင့် ရိက္ခာများနှင့်အတူ ထွက်ပြေးနိုင်မည်မဟုတ်သလို ရိက္ခာများကို ယူနိုင်မည်လည်းမဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် တစ်ခုစီကို ချိန်တွယ်ပြီး စာရင်းအသေအချာပြုစုထားမည်ဖြစ်သောကြောင့် ဖြစ်သည်။
ဒါက စွမ်းရည်အသုံးပြုသူတွေအပေါ် ဖိအားများစွာဖြစ်စေပြီး ယုံကြည်မှုမရှိခြင်းကြောင့် အခြေစိုက်စခန်းနှင့် အာကာသနေရာလွတ် အမျိုးအစားစွမ်းရည်အသုံးပြုသူတွေကြားမှာ ဆက်ဆံရေးကို တင်းမာစေခဲ့ပေမယ့် သာမန်လူတွေကြားက လာတဲ့သူတွေကိုတော့ လုံးဝယုံကြည်လို့မရပါဘူး။
စစ်တပ်မှ စွမ်းရည်အသုံးပြုသူများနှင့် ပတ်သက်၍ကတော့ ၎င်းတို့သည် အပြည့်အဝ ယုံကြည်ခံရပြီး ထိုကဲ့သို့သော ကန့်သတ်ချက်များနှင့် ရင်ဆိုင်ရခြင်း မရှိပါ။
အဖွဲ့ဝင်များအားလုံး ယာဉ်များပေါ်သို့တက်သွားပြီးနောက်တော့ အခြေစိုက်စခန်းမှ ထွက်ခွာသွားကြသည်။ တံတိုင်းပေါ်တွင်ရပ်နေသော ဝမ်ဟန်လီသည် ရုံးခန်းသို့ပြန်မသွားမီတွင် မြင်ကွင်းမှ ယာဉ်တန်းကြီး ပျောက်ကွယ်သွားတဲ့အထိ စောင့်ကြည့်နေခဲ့တယ်။
ကပ္ပတိန်မရှိရင် တာဝန်အားလုံးက သူ့ပခုံးပေါ် ကျလာတယ်။ သူတော့ ရက်အတော်ကြာ အချိန်ပိုဆင်းရဦးမယ့်ပုံပဲ။
တစ်ချိန်တည်းမှာပဲ မစ်ရှင်ခန်းမထဲ၌ ရုန်မိုအာနှင့် ရုန်ချင်ယုတို့က ဘေးမှာရပ်ပြီး တခြားစွမ်းရည်အသုံးပြုသူတွေနဲ့အတူ စောင့်နေကြတယ်။ တခြားသူတွေကတော့ သူတို့ကိုမြင်တဲ့အခါမှာ အနီးကပ်အကဲခပ်လိုက်ကြတယ်။
နယ်မြေချဲ့ထွင်ရန်အတွက် အခြေစိုက်စခန်းမှ စေလွှတ်သော စစ်သားများနှင့်အတူ အားလုံးက သွားကြမည်ဖြစ်သော်လည်း၊ မစ်ရှင်အတွင်းမှာ ရရှိခဲ့သော အမြုတေများကိုမူ သူတို့အတွက် သိမ်းဆည်းထားနိုင်မည်ဖြစ်သည်။ ထို့ကြောင့်ပဲ မစ်ရှင်အတွင်းတွင် ပဋိပက္ခများနှင့် ထိပ်တိုက်တွေ့မှုအချို့မှာ မလွှဲမရှောင်သာ ဖြစ်ခဲ့ရသည်။
ခွန်အားအမျိုးအစား စွမ်းရည်အသုံးပြုသူအများစုမှာ ခန္ဓာကိုယ်ရဲ့ အချို့အစိတ်အပိုင်းတွေမှာ ဖောင်းကြွနေတဲ့ ကြွက်သားတွေရှိပြီး တချို့ကတော့ မျက်လုံး၊ နှာခေါင်း ဒါမှမဟုတ် နားရွက်တွေ ပြောင်းလဲသွားတာလိုမျိုး ၊ မျိုးရိုးဗီဇပြောင်းလဲမှုတွေ ရှိကြပါတယ်။
ဒီပြောင်းလဲမှုတွေကို ကြည့်ရုံနဲ့ တခြားသူတွေက သူတို့ရဲ့စွမ်းရည်တွေက ဘာလဲဆိုတာကို ခန့်မှန်းဖို့လွယ်ကူပါတယ်။ မပြောင်းလဲတဲ့ခန္ဓာကိုယ်ရှိသူတွေအတွက်ကတော့ သူတို့ဟာ ဒြပ်စင်အမျိုးအစား ဒါမှမဟုတ် အထူးအမျိုးအစားစွမ်းရည်အသုံးပြုသူများဖြစ်ကြောင်း ထင်ရှားပါတယ်။
ပုံပျက်နေသူတွေနဲ့ ယှဉ်ရင် ပုံမှန်ပုံပေါက်သူတွေကတော့ ပိုပြီးအန္တရာယ်များပြီး စွမ်းအားကြီးလေ့ရှိပါတယ်။ ဒါကြောင့်ပဲ ရုန်မောင်နှမတွေဆီမှာ မြင်သာတဲ့ ခန္ဓာကိုယ်ပုံပျက်မှုတွေ မရှိကြောင်း သဘောပေါက်သွားတဲ့အခါမှာတော့ သူတို့ကို မစော်ကားမိအောင် လူတိုင်းက စိတ်ထဲမှာ မှတ်သားထားကြပါတယ်။
စစ်သားတစ်စု ချဉ်းကပ်လာခင်အထိကို သူတို့က နာရီဝက်လောက် စောင့်ခဲ့ကြသည်။
စွမ်းရည်အသုံးပြုသူများရဲ့ အရေအတွက်ကိုမြင်သောအခါမှာတော့ အဖွဲ့ကိုဦးဆောင်သောလူက ခေါင်းညိတ်ပြီး " အားလုံးပဲ မင်္ဂလာနံနက်ခင်းပါ ။ ကျွန်တော်က ဝမ်ဟဲ ပါ။ ကျွန်တော့်ကို တပ်ကြပ်ကြီးဝမ်လို့ ခေါ်နိုင်ပါတယ်" ဟု မိတ်ဆက်လိုက်သည်။
သူ့နာရီကို စစ်ဆေးပြီးနောက်မှ ဝမ်ဟဲက ဆက်ပြောသည် "ဒီနေ့တော့ အနောက်ဘက်ဒေသကို ကျွန်တော်တို့က ဦးတည်သွားမှာပါ။ မမှောင်ခင်မှာ စတုတ္ထနံရံကနေ မီတာ ၅၀၀ အချင်းဝက်အထိကို ရှင်းလင်းရပါမယ်။ အခုပဲ ထွက်ကြရအောင်"
စစ်သားများနှင့်မတူဘဲ စွမ်းရည်အသုံးပြုသူများကတော့ စိတ်ထားထက်သန်မှု နှင့် စည်းကမ်းမရှိကြပေ။ ဝမ်ဟဲ စကားပြောပြီးတဲ့အချိန်တွင် သူတို့က ခေါင်းညိတ်ပြီး ပြန်ဖြေရန်ပင် ဂရုမစိုက်ဘဲ စစ်သားများနောက်သို့ လိုက်သွားကြသည်။ သူတို့အတွက် ဤသည်မှာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသာ ဖြစ်သည်။
ဗဟိုခန်းမမှ ထွက်ခွာလာပြီးတာနှင့် လူတိုင်းက စစ်ကားများပေါ်သို့ တက်ကာ ထွက်ခွာသွားကြသည်။ အနောက်ဘက်ဂိတ်ဆီမှတစ်ဆင့် စခန်းမှ ထွက်ခွာရန်အတွက် မိနစ်နှစ်ဆယ်ကြာ မောင်းနှင်ခဲ့ရသည်။
ထရပ်ကားထဲမှာတော့ ရုန်မိုအာက လေတိုက်တာကိုကာဖို့ သူမရဲ့ ဘေ့စ်ဘောဦးထုပ်ကို အောက်ကိုနှိမ့်ချလိုက်တယ်။ ရက်ပေါင်းများစွာကြာအောင် မိုးမရွာတာကြောင့် လမ်းက ဖုန်ထူနေပြီး အစိုဓာတ်မရှိလို့ မြေကြီးတွေက အက်ကွဲနေတယ်။
သူမရဲ့ ဘယ်ဘက်မှာက သူမရဲ့ ဝမ်းကွဲ ထိုင်နေပြီး ညာဘက်မှာထိုင်နေတာကတော့ သူမရဲ့ ဝမ်းကွဲအစ်ကို ကို ရှက်ရွံ့စွာခိုးကြည့်နေတဲ့ မိန်းကလေးငယ်တစ်ယောက်ပါ။ ခဏအကြာမှာတော့ အဲဒီမိန်းကလေးက သူမရဲ့ အင်္ကျီလက်ကိုဆွဲပြီး "အစ်မ" လို့ ခေါ်လာတယ်။
သူမဘက်သို့ လှည့်ကာ ရုန်မိုအာက မေးလိုက်သည် "ငါ့ဆီက တစ်ခုခု လိုအပ်လို့လား"
"အစ်မ ၊ မင်းဘေးနားကလူက... သူက မင်းရဲ့ရည်းစားလား" လို့ မိန်းကလေးက ရှက်ရွံ့စွာ မေးလိုက်တယ်။
ရုန်မိုအာက သူ့ရည်းစားရဲ့ စကားတွေကို ပြန်သတိရသွားပြီး "မင်းနဲ့ ဘာဆိုင်လို့လဲ" လို့ ပြန်ပြောလိုက်တယ်။
မိန်းကလေးဟာ သူမရဲ့ အေးစက်စက်လေသံကြောင့် လန့်သွားပြီး သူတို့နှစ်ယောက်ဟာ တကယ်ပဲ စုံတွဲတစ်တွဲလို့ ထင်သွားခဲ့တယ်။ စိတ်ပျက်လက်ပျက်နဲ့ ခေါင်းငုံ့သွားပြီး "အစ်မ စိတ်မဆိုးပါနဲ့။ ကျွန်မက ဘာမှ မရည်ရွယ်ပါဘူး။ အဲဒီအစ်ကိုကို လေးစားမိလို့ မေးလိုက်တာပါ..." လို့ တိုးတိုးလေး ပြောလိုက်တယ်။
သူမရဲ့စကားကို မဆုံးထိမပြောဘဲ ချန်ထားခဲ့တာကြောင့် အခြေအနေကို ပိုလို့တောင် မရေမရာဖြစ်သွားစေပြီး အဓ်ိပ္ပာယ်အမျိုးမျိုးကို ထွက်ပေါ်လာစေသည်။
သူမရဲ့ လေသံကို ကြားပြီး သူမရဲ့ အပြုအမူကို မြင်လိုက်တာနဲ့ ရုန်မိုအာ ဟာ လင်ပန်း တက္ကသိုလ်ရဲ့ ကျောင်းပန်းပွင့်လေးဖြစ်တဲ့ မိုဘင်းရှန်ကို ချက်ချင်း သတိရသွားတယ်။ နှစ်ယောက်စလုံးကပေူတဲ့ ခံစားချက်တွေက အတူတူပဲ။ လက်ဖက်စိမ်းရနံ့က သင်းပျံ့နေတယ်။
သူတို့က နီးနီးကပ်ကပ်ထိုင်နေကြတာကြောင့် အနီးအနားကလူတွေက သူမရဲ့စကားတွေကို ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။ အဖွဲ့တစ်ခုလုံးမှာက ရုန်မိုအာ အပါအဝင် အမျိုးသမီးသုံးယောက်ပဲရှိတယ်။ အဲဒါကြောင့်ပဲ အမျိုးသားတွေက သူမတို့ကို ပိုအာရုံစိုက်ထားကြတယ်။ ဘာပဲဖြစ်ဖြစ် လက်ရှိရဲ့ အမျိုးသားနဲ့ အမျိုးသမီးအချိုးဟာ ၅၀ မှ ၁ ဝန်းကျင်ပဲရှိတော့တယ်။
ရုန်မိုအာ မတုံ့ပြန်နိုင်ခင်မှာပဲ သူတို့ရှေ့မှာ ထိုင်နေတဲ့လူတစ်ယောက်က ရုတ်တရက် ပြောလိုက်တယ် "ရဲဘော်၊ ဒီညီမကို အနိုင်ကျင့်တာက မသင့်တော်ဘူး ။ သူမက မေးခွန်းတစ်ခုပဲ မေးတာပါ။ ဒီလောက်ထိ ရန်လိုဖို့ လိုအပ်လို့လား"