← Chapters

အခန်း (၃၂၅-၃၂၇)

Vol. 22 Ch. 325-327

အခန်း (၃၂၅-၃၂၇)

Vol. 22 Ch. 325-327

အခန်း-(၃၂၅)

ကုရှကျယ်ထက် ပိုအားကောင်းတဲ့ နတ်ဆိုးအဖွဲ့ဝင်တစ်ယောက်ဖြစ်သည့် ချန်ချန်းဖုန်းတောင်မှ သူမနှင့် နှိုင်းယှဉ်လိုက်ရင် အားနည်းနေပါသေးတယ်။ အခြေစိုက်စခန်းတစ်ခုလုံးမှာ ဘယ်သူကမှ သူမကို မကျော်နိုင်လောက်ဘူး။

စစ်သားတွေက သူတို့ရဲ့ဗိုလ်ကြီးက ဘယ်လောက်တောင် တည်ငြိမ်နေလဲဆိုတာ သတိထားမိတဲ့အခါမှာတော့ စစ်သားတွေထဲက တစ်ယောက်က "ဗိုလ်ကြီး၊ သူ့ရဲ့ ခွန်အားကို မအံ့သြဘူးလား" လို့ မေးလိုက်တယ်။

ရွှီချွန်းက ပြုံးပြီး ပြန်ဖြေတယ်"ဘာကို အံ့သြရမှာလဲ။ သူနဲ့ ယှဉ်ရင် ချန်ချန်းဖုန်းက တစ်နေ့ကို ရေ ၈၀၀၀ လီတာကျော် ထုတ်လုပ်နိုင်တယ်။ သူတို့နှစ်ယောက်နဲ့ ယှဉ်လိုက်ရင်တော့ ကျိူးလီဇီက စွမ်းအင်မကုန်ခင်အထိဆို လီတာ ၃၀၀၀၀ ကျော် ထုတ်လုပ်နိုင်တယ်"

သူဒီလိုပြောလိုက်ပြီးတာနဲ့ ဝမ်ဟန်လီကအံ့သြတကြီးပြောလိုက်သည် "ဒါဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ"

"ငါကိုယ်တိုင် မမြင်ဖူးပေမယ့် ဝေယင်းက မြင်ဖူးတယ်။ သူကိုယ်တိုင်မြင်တွေ့ခဲ့တာကြောင့် ဒီအချက်အလက်တွေက ယုံကြည်စိတ်ချရတယ်" ဟု ရွှီချွန်းက ပြောလိုက်သည်။

သူ့စကားတွေကြောင့် စစ်သားတွေရဲ့ နတ်ဆိုးအဖွဲ့အပေါ် လေးစားမှုဟာ အဆပေါင်းများစွာ တိုးလာခဲ့သည်။ သူတို့က ဒီလောက်များတဲ့ ဇွန်ဘီအုပ်စုတွေကို ကျော်လွှားနိုင်ခဲ့တာက အံ့သြစရာတော့ မဟုတ်တော့ပါဘူး။ သူတို့ရဲ့ အဖွဲ့ဝင်တိုင်းက ဘီလူးတစ်ကောင်လိုပါပဲ။

ခဏတာ တိတ်ဆိတ်သွားပြီးနောက်မှ ရွှီချွန်းက "ဟန်လီ ၊ ငါ့တို့ရဲ့ အဖွဲ့ဘယ်နှစ်ဖွဲ့ကို စေလွှတ်ပြီးပြီလဲ" လို့ မေးလိုက်တယ်။

"ဗိုလ်ကြီး၊ အခြေစိုက်စခန်းအနီးနားက ဇွန်ဘီတွေကို ရှင်းလင်းပြီး ကျွန်တော်တို့ရဲ့ နယ်နိမိတ်ကို ချဲ့ထွင်ဖို့အတွက် ကျွန်တော်တို့က နေ့စဉ်နေ့တိုင်းမှာ အဖွဲ့ဆယ်ဖွဲ့ စေလွှတ်ပါတယ်။ အခုဆို ကျွန်တော်တို့ အခြေစိုက်စခန်းရဲ့ မီတာ ၅၀၀ ပတ်လည် ဧရိယာက ရှင်းလင်းနေပါပြီ" ဟု ဝမ်ဟန်လီက ပြန်ဖြေသည်။

ရွှီချွန်းက ခဏလောက်စဉ်းစားပြီး ညွှန်ကြားလိုက်တယ် "ငါတို့ရဲ့ အခြေစိုက်စခန်းမှာ လူတွေစုဆောင်းနေတဲ့အကြောင်း သတင်းဖြန့်ဖို့ အဖွဲ့ဝင်ငါးယောက်စီပါတဲ့ အဖွဲ့ငါးဖွဲ့ကို စေလွှတ်လိုက်။ ငါ့တို့ရဲ့ အခြေစိုက်စခန်းကိုတိုးချဲ့ပြီး ပိုခိုင်ခံ့တဲ့ တံတိုင်းတစ်ခု တည်ဆောက်ဖို့ လိုအပ်တယ်။ ငါတို့ရဲ့ အခြေစိုက်စခန်းကနေ ကီလိုမီတာ ၂၀၀ အတွင်းက ဧရိယာတစ်ခုကို ရှင်းလင်းပြီးရင် ပိုမြင့်တဲ့တံတိုင်းနဲ့ ဝိုင်းထားမယ်"

"ဗိုလ်ကြီး၊ ကျွန်တော်တို့မှာက အင်ဂျင်နီယာပညာအကြောင်း သိတဲ့သူ မရှိဘူး။ တံတိုင်းကို ဆောက်ချင်ရင်တောင် ဘယ်လိုခိုင်ခံ့အောင် ဆောက်ရမလဲဆိုတာကို မသိနိုင်ဘူး"

"အဲဒီပညာရှင်တွေက ငါတို့ဆီ မရောက်လာတဲ့အတွက် ငါတို့ကိုယ်တိုင်ပဲ ထွက်ရှာရမှာ‌ပေါ့။ အဖွဲ့ငယ်လေးတွေကို အနီးနားက အသက်ရှင်ကျန်ရစ်သူစခန်းတွေကို အရင်သွားပြီး အလုပ်သမားတွေ ထပ်ပြီးစုဆောင်းခိုင်းလိုက်။ သူတို့ကိုပေးမယ့် အခကြေးငွေက ငါတို့အခြေစိုက်စခန်းရဲ့ အမြဲနေထိုင်သူအဖြစ် မှတ်ပုံတင်ထားသူတွေရဲ့ လစာနဲ့ တန်းတူဖြစ်လိမ့်မယ်" ဟု ရွှီချွန်းက ပြန်ဖြေခဲ့သည်။

သူ့စကားတွေကို ကြားတဲ့အခါမှာပဲ သူတို့ရဲ့ ကပ္ပတိန်ရဲ့ ရည်ရွယ်ချက်ကို အားလုံးကနားလည်သွားကြတယ်။

ရွှီချွန်းက စခန်းရဲ့ဒီဇိုင်းကိုဖွင့်ပြီး စားပွဲပေါ်မှာ ဖြန့်လိုက်တယ်။ သူတို့က တံတိုင်းအမြင့်ကြီးနဲ့ တိုက်ရိုက်မပိတ်နိုင်တဲ့အတွက် တံတိုင်းကို အတွင်းဘက်ကနေ အပြင်ဘက်သို့တည်ဆောက်သွားပြီး စခန်းကို ဖြည်းဖြည်းချင်း ချဲ့ထွင်လိုက်သည်။

အခုအချိန်မှာတော့ သူတို့သည် တံတိုင်းသုံးထပ်ကို တည်ဆောက်ခဲ့ပြီးဖြစ်သည်။ တံတိုင်းတစ်ခုစီသည် ငါးမီတာအမြင့်နှင့် နှစ်မီတာအကျယ်ရှိသည်။ စခန်းရဲ့ အတွင်းဆုံးအပိုင်းမှာ အရေးကြီးသော ဝန်ထမ်းများ နှင့် ၎င်းတို့၏ မိသားစုများနေထိုင်သည့် အလယ်ဗဟိုစက်ဝိုင်းဖြစ်သည်။

ဒုတိယအဝိုင်းတွင်တော့ အဓိကအဆောက်အအုံများထားရှိသည်။ တတိယအဝိုင်းကိုတော့ အသက်ရှင်ကျန်ရစ်သူများနှင့် စွမ်းရည်အသုံးပြုသူများအတွက် လူနေအိမ်ရာအဖြစ် ဆောင်ရွက်ခဲ့သည်။ အခြေစိုက်စခန်းရဲ့ စီးပွားရေးကို မြှင့်တင်ရန်အတွက် သူတို့သည် တတိယအဝိုင်းတွင် ကုန်ဖလှယ်ရဈေးအတွက် နယ်မြေသီးသန့်နေရာတစ်ခုကို သတ်မှတ်ခဲ့ကြသည်။

ယခုအခါတွင်တော့ သူတို့သည် စတုတ္ထအဝိုင်းရဲ့အပြင်ဘက်ရှိ တံတိုင်းကို တည်ဆောက်နေကြသည်။ အဝိုင်းတစ်ခုစီဟာ အတွင်းပိုင်းနေရာမှ တံတိုင်းအထိဆို ၂၀ ကီလိုမီတာခန့် ကျယ်ဝန်းသည်။ တံတိုင်းများကို ပတ်ပတ်လည်တွင် အလွှာ ပေါင်း ဆယ်လွှာအထိတည်ဆောက်ရန် စီစဉ်ထားကြသည်။

"ဆောက်လုပ်ရေး တိုးတက်မှုက ဘယ်လိုလဲ" ဟု ရွှီချွန်းက မေးလိုက်သည်။

"စတုတ္ထနံရံက ၂၀% ပဲ ပြီးစီးသေးတယ်" ဟု ဝမ်ဟန်လီက ပြန်ဖြေသည်။

ရွှီချွန်းသည် ကျင်းရွှီယန်းရဲ့ စကားတွေကို ပြန်သတိရသွားပြီး အချိန်ကို တွက်ချက်လိုက်တယ်။ သူတို့ရဲ့ လက်ရှိနှုန်းထားနဲ့ဆိုရင် နှစ်လအတွင်းမှာပဲ နောက်ထပ် တံတိုင်း ခြောက်လွှာထပ်ဆောက်ဖို့က မဖြစ်နိုင်တော့ဘူး။

"ဟန်လီ၊ အလုပ်သမားအရေအတွက်ကို တိုးမြှင့်လိုက်။ ပြီးတော့ တခြားဒေသတွေက ရိက္ခာပစ္စည်းတွေစုဆောင်းဖို့လည်း အဖွဲ့တွေကို စေလွှတ်လို့" ဟု သူက ညွှန်ကြားလိုက်သည်။

"နားလည်ပါပြီ"

တိုတောင်းသောအစည်းအဝေးအပြီးတွင် ဝမ်ဟန်လီနှင့် စစ်သားများဟာ သူတို့ရဲ့တာဝန်များကို ထမ်းဆောင်ရန်အတွက် အစည်းအဝေးအခန်းမှ ထွက်ခွာသွားကြသည်။ ရွှီချွန်းကတော့ သူရဲ့ဂြိုဟ်တုဖုန်းကို အသုံးပြု၍ ဖုန်းခေါ်ဆိုခဲ့သည်။

ခဏအကြာတွင် ဖုန်းခေါ်ဆိုမှုကို တစ်ဖက်မှလက်ခံလိုက်ပြီး ကျင်းရွှီယန်းရဲ့ အသံက လက်ကိုင်ဖုန်းမှတစ်ဆင့် ထွက်ပေါ်လာသည် "ရွှီချွန်း ၊ ဘာလို့ ငါ့ကို ဖုန်းဆက်တာလဲ" ဟု သူက မေးလိုက်သည်။

"ကျင်းရွှီယန်း ၊ မင်းရဲ့အဖွဲ့ဝင် ကုရှကျယ်က မင်းကို ဆက်သွယ်ခဲ့လား" ရွှီချွန်းက မေးသည်။

"ဘာမှားလို့လဲ"

" မင်းရဲ့အဖွဲ့ဝင်က ယွန်ရှန်မြို့ကနေ တစ်ယောက်ယောက်ကို ခေါ်လာပြီး ကောက်ပဲသီးနှံတွေလည်း ပြန်ယူလာတယ်လို့ ငါ့လူတွေက သတင်းပို့လာတယ်။ ရိက္ခာတွေထပ်ရှာဖို့ မင်းရဲ့အဖွဲ့ဝင်တွေကို ငှားချင်တယ်" ဟု ရွှီချွန်းက ပြန်ဖြေသည်။

"သူတို့ကို တိုက်ရိုက်မေးလိုက်လို့ရတယ်။ ငါ အခု အလုပ်ရှုပ်နေတယ်" ဟု ကျင်းရွှီယန်းက ပြောလိုက်သည်။

ထိုအချိန်တွင်ပင် ရွှီချွန်းကလည်း တစ်ဖက်ဆီမှ ဇွန်ဘီများရဲ့ ဟိန်းဟောက်သံနှင့် ပေါက်ကွဲသံများကို ကြားလိုက်ရသည်။

"တိုက်ပွဲထဲမှာ ရှိနေပေမယ့် ဖုန်းကိုင်နေတုန်းပဲလား" ဟု ရွှီချွန်းက အံ့အားသင့်စွာ မေးလိုက်သည်။

"အရေးကြီးတဲ့ ဆွေးနွေးစရာတစ်ခုခုရှိတယ်လို့ ငါကထင်လိုက်တာ။ နောက်တစ်ခါကြရင် အရေးမကြီးတဲ့ကိစ္စတွေနဲ့ ငါ့ကို မနှောင့်ယှက်နဲ့"

သူဒီလိုပြောပြီးတာနဲ့ ကျင်းရွှီယန်းသည် အဆင့်လေးဇွန်ဘီ က သူ့ချစ်သူကို တိုက်ခိုက်နေတာကိုမြင်တော့ "အာဇီ" လို့အော်လိုက်တယ်။

"ဘုန်းး"

အနက်ရောင်မီးလုံးကြီးတစ်လုံးက အရှိန်မြင့်မြင့်နဲ့ပဲ ဇွန်ဘီကို ထိမှန်သွားပြီး အနီးနားက အဆောက်အဦးတွေဆီကို လွှင့်ထွက်သွားစေခဲ့သည်။ ဂြိုလ်တုဖုန်းကို အိတ်ကပ်ထဲ ပြန်ထည့်ရင်း သူ့ချစ်သူဆီ အပြေးသွားပြီး "အာဇီ၊ အဆင်ပြေရဲ့လား" လို့ မေးလိုက်ပါတယ်။

ကျိူးလီဇီဟာ ဇွန်ဘီရဲ့တိုက်ခိုက်မှုကို အကြိမ်ပေါင်းများစွာခံခဲ့ရပြီး အတွင်းပိုင်းဒဏ်ရာတွေရခဲ့ပါတယ်။ သူမရဲ့နှုတ်ခမ်းထောင့်ကနေ သွေးတွေစီးကျလာခဲ့တာမို့ သူမရဲ့လက်ဖမိုးနဲ့ ပွတ်သုတ်လိုက်ပြီး ခေါင်းကိုခါယမ်းကာ "အစ်ကိုယန်း ၊ ကျွန်မအဆင်ပြေပါတယ်" လို့ပြောလိုက်ပါတယ်။

သူမ ဒီလိုပြောလိုက်အပြီးမှာပဲ ဇွန်ဘီက အပျက်အစီးတွေကြားကနေ ခုန်ထွက်လာပြီး ခေါင်းမော့ကာ ဟိန်းဟောက်လိုက်သည်။

"ကပ္ပတိန် ၊ ဇွန်ဘီတွေ ထပ်ခေါ်နေပြီ" ဟု ချင်လူဇီက စိတ်မြေပုံကို စစ်ဆေးနေရင်း ပြောလိုက်သည်။

မီတာ ၅၀၀ အချင်းဝက်အတွင်းရှိ ပြန့်ကျဲနေသော အနီရောင်အစက်များက သူတို့ရဲ့ဦးတည်ရာဆီကို ရွေ့လျားလာနေကြသည်။

ဒါကိုကြားတော့ ကျင်းရွှီယန်းက "လမ်းကိုပိတ်ဆို့ပြီး ဇွန်ဘီတွေကိုရှင်းထုတ်လိုက်" လို့ အမိန့်ပေးလိုက်သည်။

"နားလည်ပါပြီ" ဝိန့်ညီအစ်ကိုများက ခေါင်းညိတ်ပြီး လမ်းကိုပိတ်ဆို့ရန် သတ္တုနံရံတစ်ခုကို တည်ဆောက်လိုက်ကာ သူတို့အား လုံခြုံသောနေရာတစ်ခု ပေးလိုက်သည်။

ပြီးတော့ သူ့ချစ်သူဘက်ကိုလှည့်ပြီး "အာဇီ၊ ကိုယ်တို့ရဲ့အဖွဲ့ဝင်တွေကို သွားပြီးကူညီလိုက်။ ဒီဇွန်ဘီကို ကိုယ်ကိုင်တွယ်လိုက်မယ်" လို့ ပြောလိုက်တယ်။

ကျိူးလီဇီသည် သူမရဲ့ ချစ်သူက သန်မာပြီး ဤဇွန်ဘီကို သတ်နိုင်စွမ်းရှိကြောင်း သိသော်လည်း သူမရဲ့ဗီဇကတော့ ဤဇွန်ဘီက အခြားဇွန်ဘီများနှင့် မတူကြောင်းကို သတိပေးနေသည်။

သူမက ခေါင်းခါပြီး "အစ်ကိုယန်း ၊ ဒီဇွန်ဘီမှာ တစ်ခုခုမှားနေတယ်။ မင်းတစ်ယောက်တည်း တိုက်ခိုက်ရမှာကို ကျွန်မ စိတ်မချဘူး" လို့ ပြောလိုက်တယ်။

သူမရဲ့မျက်လုံးတွေထဲက စိုးရိမ်ပူပန်မှုကိုမြင်တော့ ကျင်းရွှီယန်းက ခဏစဉ်းစားပြီးမှ "ဒါဆိုလည်း ကိုယ့်ကိုယ်ကိုယ် အရင်ဆုံးကာကွယ်ပါ" လို့ ပြောလိုက်တယ်။

"နားလည်ပြီ" ကျိူးလီဇီက ခေါင်းညိတ်လိုက်သည်။

"ဂါးးးး"

အခန်း-(၃၂၆)

ဇွန်ဘီက နောက်ထပ်ဟိန်းသံတစ်ခုကို ထုတ်လိုက်ပြီးနောက်မှာတော့ သူတို့ဆီသို့ အပြေးအလွှားလာသည်။ ဒါကိုမြင်တော့ ကျင်းရွှီယန်းက သူရဲ့ဓားရှည်ကို မြှောက်လိုက်ပြီး တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်သည်။

"ကလန်"

ဇွန်ဘီရဲ့ ချွန်ထက်တဲ့လက်သည်းတွေကို သူ့ရဲ့ဓားရှည်နဲ့ ပိတ်ဆို့လိုက်တဲ့အခါမှာတော့ သတ္တုချင်းတိုက်မိတဲ့အသံက ဧရိယာတစ်ခုလုံးမှာ ပဲ့တင်ထပ်သွားတယ်။ သူ့နဲ့ မဝေးတဲ့နေရာမှာရပ်နေတဲ့ ကျိူးလီဇီကတော့ သူမရဲ့ ဓားမြှောင်ကို ကိုင်ထားပြီး သူမရဲ့ စွမ်းအင်ကို အဲဒီဓားမြှောင်အပေါ် စုစည်းလိုက်တယ်။

ဓားမြှောင်က တံစဉ်ရှည်ပုံစံဖြစ်လာတာနဲ့ သူမဟာ ဒူးတွေကိုကွေးပြီး လေထဲကို ခုန်တက်လိုက်တယ်။ သူမရဲ့ တိုက်ခိုက်မှုစွမ်းအားကို မြှင့်တင်ဖို့ ဆွဲငင်အားကို အသုံးပြုကာ လေထဲမှာ လှည့်ပတ်ပြီး တံစဉ်ရဲ့ထက်ရှတဲ့ဓားကို ဇွန်ဘီရဲ့ခေါင်းကို ချိန်ရွယ်လိုက်တယ်။

" ဝှစ်ရှ် ဒုတ် "

ထပ်တိုးလာတဲ့ အားကြောင့် သူမရဲ့ တိုက်ခိုက်နိုင်စွမ်းက ထက်ဝက်လောက် တိုးလာတယ်။ ဒါပေမယ့်လည်း အဲဒီအားနဲ့တောင်မှ ဇွန်ဘီရဲ့ မြေကြီးဒိုင်းမှာ အက်ကွဲကြောင်းတချို့ပဲ ချန်ထားနိုင်ခဲ့တယ်။

လက်နှစ်ဖက်စလုံးက သူမတို့ရဲ့တိုက်ခိုက်မှုတွေကို တားဆီးထားပြီး ဇွန်ဘီက ပါးစပ်ဟကာ သူမဘက်ကို မျက်နှာမူလိုက်တယ်။ ဒါကိုမြင်တော့ ကျိူးလီဇီရဲ့နှလုံးက အခုန်မြန်သွားတယ်။ ဇွန်ဘီက နောက်ထပ်လှုပ်ရှားမှုမလုပ်ခင်မှာပဲ သူမက အနောက်ကိုလှန်ပြီး ဇွန်ဘီရဲ့ခေါင်းအနောက်ကို ကန်လိုက်တယ်။

" ဒုတ်"

သူမရဲ့ အနှောင့်အယှက်ကြောင့် မြေကြီးလှံက ဇွန်ဘီရဲ့ ပါးစပ်ထဲမှာ စိုက်ဝင်သွားပြီး မေးရိုးကို ထိုးဖောက်သွားခဲ့ပါတယ်။

ကန်ချက်ရဲ့အားကို အသုံးပြု၍ ကျိူးလီဇီက အနောက်သို့ ခုန်ဆုတ်သွားပြီး ဇွန်ဘီနှင့်ကြားမှာ မီတာအနည်းငယ် အကွာအဝေးကို ဖန်တီးလိုက်သည်။

ကျင်းရွှီယန်းက ဒါကိုမြင်တော့ သူ့ရဲ့ ဓားရှည်ကို အလျားလိုက် ခုတ်ချလိုက်သည်။

" ဂါးးးး"

သူ့လက်တစ်ဖက် ပြတ်သွားတာကြောင့် ဇွန်ဘီက ဒေါသတကြီး ဟိန်းဟောက်လိုက်တယ်။ သူ မတုံ့ပြန်လာနိုင်ခင်မှာပဲ ကျင်းရွှီယန်းက သူ့ရဲ့ဓားရှည်ကို ထပ်မံဝှေ့ယမ်းပြီး ဇွန်ဘီရဲ့ ခေါင်းကို ဖြတ်လိုက်သည်။

ဇွန်ဘီရဲ့ခန္ဓာကိုယ်က မြေပြင်ပေါ် ကို လဲကျသွားပြီး သူ့ရဲ့ခေါင်းကတော့ ကျိူးလီဇီဆီကို လိမ့်သွားတယ်။ စပ်စုချင်စိတ်နဲ့ သူမက လက်လှမ်းလိုက်ပြီး တိုးတိုးလေးရေရွှတ်လိုက်တယ် "စုဆောင်း"

နောက်တစ်ခဏမှာတော့ သူမရဲ့နေရာလွတ်က သူမကို တုံ့ပြန်နေတယ်လို့ ခံစားလိုက်ရပေမယ့် ဇွန်ဘီရဲ့ခေါင်းကို သူမရဲ့နေရာလွတ်ထဲမှာ သိမ်းဆည်းဖို့ မလုပ်နိုင်ခဲ့ပါဘူး။

ဒါကို သတိထားမိလိုက်တဲ့အခါ သူမသည် မိုဘင်းရှန် နှင့် ဖူကွေ့တို့ကို သူမရဲ့နေရာလွတ်ထဲ ဆွဲခေါ်နိုင်ခဲ့တဲ့ အခြေအနေကို ပြန်အမှတ်ရမိသွားတယ်။ နှစ်ယောက်စလုံးက သူတို့ရဲ့လူသားဘဝတုန်းက မှတ်ဉာဏ်နှင့် အသိစိတ်ကို ထိန်းသိမ်းထားနိုင်ပုံရတယ်။

ဒါကြောင့်ပဲ သူမက သူတို့ကို ဆွဲခေါ်နိုင်ခဲ့ ဒီဇွန်ဘီကိုတော့ မဆွဲခေါ်နိုင်ခဲ့ဘူး။ လိုအပ်ချက်တစ်ခုက အသိစိတ်ရှိနေဖို့လိုလား။

သူမက အတွေးထဲမှာ နစ်မြုပ်နေချိန်မှာပဲ ကျင်းရွှီယန်းက ဇွန်ဘီရဲ့အလောင်းကို ပြာဖြစ်အောင် မီးရှို့ပြီးမှ ဆက်လျှောက်လာခဲ့သည်။

ဒီတစ်ခါမှာတော့ သူက ခေါင်းကို တိုက်ရိုက်မလောင်ကျွမ်း စေလိုက်ဘဲ သူ့ရဲ့ ဓားရှည်ကိုသုံးပြီး လှန်ကြည့်လိုက်တယ်။ ဇွန်ဘီရဲ့ ခေါင်းအနောက်ဘက်က ချုပ်ရိုးတွေကိုမြင်တော့ သူ့မျက်လုံးတွေထဲမှာ အေးစက်စက် အလင်းတွေတောက်ပသွားတယ်။

ခဏအကြာမှာ ဇွန်ဘီရဲ့ခေါင်းကို သူကမီးရှို့ပြီး အမြုတေနှစ်ခုကို ကောက်ယူလိုက်သည်။ တစ်ခုက အကြည်ရောင်အမြုတေဖြစ်ပြီး နောက်တစ်ခုက ရွှေရောင်ဖြစ်သည်။

အမြုတေများကိုမြင်သောအခါ ကျိူးလီဇီက အံ့အားသင့်သွားသည်။ သူမရဲ့ယခင်ဘဝက သိရှိထားတဲ့ အချက်တွေအရဆို အမြုတေနှစ်ခုရှိတဲ့ ဗီဇပြောင်းလဲမှုရှိသော ဇွန်ဘီများစွာက ပေါ်ထွက်လာခဲ့သော်လည်း ထိုအရာမှာ ကမ္ဘာပျက်ခြင်းရဲ့ ဒုတိယနှစ်တွင် ဖြစ်သည်။

အခုချိန်ဟာ ကမ္ဘာပျက်ကပ်စတင်တာ တစ်လတောင် မပြည့်သေးပါဘူး။ ဒီလိုဇွန်ဘီမျိုးတွေက ဘယ်လိုလုပ်ပြီးပေါ်လာတာလဲ။ ဖူကွေ့နဲ့ တစ်ခုခုများ ဆက်စပ်နေသလား။

သူမရဲ့ မျက်မှောင်ကြုတ်နေမှုကို သတိထားမိတော့ ကျင်းရွှီယန်းက ပြောလိုက်တယ်"အာဇီ၊ ဒီကိစ္စကို ခဏလောက် လျှို့ဝှက်ထားသင့်တယ်။ ဇွန်ဘီရဲ့ခေါင်းအနောက်မှာ ချုပ်ရိုးအမှတ်အသားတစ်ခုရှိနေတယ်။ တစ်ယောက်ယောက်က လူတွေ ဒါမှမဟုတ် ဇွန်ဘီတွေကို အသုံးပြုပြီး စမ်းသပ်မှုတစ်ခု လုပ်ခဲ့တာ ဖြစ်ရမယ်။ နောက်ထပ် သဲလွန်စတွေ မတွေ့မချင်း ချုံကိုရိုက်ပြီး မြွေကိုလန့်အောင် မလုပ်သင့်ဘူး"

ဒါကိုကြားတော့ ကျိူးလီဇီက သူမရဲ့ချစ်သူကိုကြည့်ပြီး "အစ်ကိုယန်း ၊ ဒီအကြောင်းကို တစ်ခုခုသိနေတာလား" လို့ မေးလိုက်တယ်။

ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး "အရင်တုန်းကဆို ကိုယ့်အဖွဲ့ဝင်အများစုက ကမ္ဘာပျက်ကပ်အစမှာပဲ ရုတ်တရက် သေဆုံးသွားခဲ့ကြတယ်။ သူတို့သေသွားပြီလို့ပဲ ကိုယ်ထင်ခဲ့တာ။ ဒါပေမယ့် ကမ္ဘာပျက်ကပ်ရဲ့ခြောက်နှစ်မြောက်မှာ ကိုယ် သူတို့နဲ့ ပြန်ဆုံခဲ့တယ်" လို့ ပြောလိုက်တယ်။

"ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ" ကျိူးလီဇီ အံ့အားသင့်သွားသည်။

"ကိုယ် သူတို့နဲ့ ပြန်တွေ့တော့ သူတို့က လူသားတွေ မဟုတ်တော့ဘူး" ဟု ကျင်းရွှီယန်းက အံကြိတ်ရင်း ပြောလိုက်သည်။

သူ့အသံထဲက အမုန်းတရားတွေကို သတိထားမိတော့ ကျိူးလီဇီက သူ့လက်ကို ဆုပ်ကိုင်ပြီး "အစ်ကိုယန်း ၊ ဒီတစ်ခါတော့ ဒီလိုမဖြစ်တော့ဘူး" လို့ ပြောလိုက်တယ်။

သူမရဲ့လက်ဆီက နွေးထွေးမှုကိုခံစားမိတော့ ကျင်းရွှီယန်းက သူ့အတွေးတွေကို ရပ်တန့်ပြီး ခေါင်းညိတ်လိုက်သည်။ အဆင့်လေးဇွန်ဘီကိုသတ်ပြီးတဲ့နောက်မှာတော့ သူတို့နှစ်ယောက်က အဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီး ကျန်တဲ့ဇွန်ဘီတွေကို ရှင်းလင်းလိုက်ကြတယ်။

စွမ်းရည်နှစ်မျိုးနဲ့ ဗီဇပြောင်းလဲမှုရှိသော ဇွန်ဘီဟာ ၎င်းရဲ့အတုအယောင်လုပ်ငန်းစဉ်ကြောင့် အဆင့်လေးတွင်ရှိနေသော်လည်း သူ့ရဲ့စွမ်းအားကတော့ အဆင့်သုံးဇွန်ဘီနှင့်သာ ညီမျှသည်။

နတ်ဆိုးအဖွဲ့က ဇွန်ဘီများကို သတ်ဖြတ်နေချိန်တွင် လီချီရွှမ်က ကလေးများကို စိုက်ကြည့်နေခဲ့သည်။ သူဟာ ကလေး ၃၀ အပါအဝင် ဆရာတစ်ဦးနှင့်အတူ ဘတ်စ်ကားတစ်စီးပေါ်တွင် ထိုင်နေသည်။

အစပိုင်းမှာတော့ ကလေးတွေဟာ သူတို့ရဲ့ထိုင်ခုံတွေမှာပဲထိုင်ပြီး နာခံမှုရှိရှိ ပြုမူနေထိုင်ကြပါတယ်။ ဒါပေမဲ့ နာရီအနည်းငယ်ကြာပြီးနောက်မှာတော့ သူတို့ စိတ်မရှည်ဖြစ်လာကြပါတယ်။

သူတို့ဟာ မည်းမှောင်နေတဲ့အခန်းထဲမှာ တစ်လနီးပါး ပိတ်မိနေခဲ့ကြတယ်။ အခုက သူတို့ထွက်လာနိုင်ပြီဆိုတော့ အရင်ကထက် ပိုပြီးတက်ကြွလာကြပါတယ်။ ကလေးတချို့ဆိုရင် ဇွန်ဘီတွေကိုမြင်တော့ ပြတင်းပေါက်ကနေကြည့်ပြီး အံ့သြတကြီး အော်ဟစ်လိုက်ကြတယ်။

ကားမောင်းနေတဲ့ ဆရာဟာ ဇွန်ဘီတွေကို မတိုက်မိအောင် ရှောင်နေရတာကြောင့် အလုပ်ရှုပ်နေတယ်။

ဝိန်ညီအစ်ကိုတွေရဲ့ ဘတ်စ်ကားကို အားဖြည့်ပေးထားမှုက ဇွန်ဘီတွေနဲ့ တိုက်မိလို့ ပျက်စီးမှုတချို့ကို ခံနိုင်ရည်ရှိပေမယ့် ကားရှေ့မှန်ပေါ်မှာရှိနေတဲ့ ပုပ်သိုးနေတဲ့ အသားနဲ့ အနက်ရောင်သွေးတွေကို မြင်တော့ ဆရာဖြစ်သူဟာ ပျို့ချင်သလိုမျိူး မခံစားရဘဲ မနေနိုင်ခဲ့ဘူး။

ဇွန်ဘီတွေက ဘတ်စ်ကားတွေကို မမီနိုင်တာမြင်တော့ ကလေးတွေဟာ ပိုပြီး ရဲရင့်လာကြတယ်။ သူတို့ထဲက တစ်ယောက်က ပြတင်းပေါက်ကို ဖွင့်ဖို့လုပ်တဲ့အခါမှာ လီချီရွှမ်ကပြောလိုက်တယ် "မင်း ပြတင်းပေါက်ကို ဖွင့်ရင် ငါ မင်းကို အပြင်ပစ်ထုတ်လိုက်မယ်"

ဒါကိုကြားတော့ ကောင်လေးက အံ့အားသင့်သွားပြီး သူ့ကိုကြည့်လိုက်တယ်။ သူ့ရဲ့အေးစက်စက်အကြည့်နဲ့ ဆုံတွေ့လိုက်တော့ ကောင်လေးက ဖြူဖျော့သွားပြီး သူ့ထိုင်ခုံဆီကိုသာ အမြန်ပြန်သွားကာ လှုပ်ရှားဖို့တောင် မဝံ့မရဲတော့ပေ။

ဒါကို သတိထားမိသွားပြီး ဆရာဖြစ်သူက နောက်ကြည့်မှန်ကနေတဆင့် လီချီရွှမ်ကို လှမ်းကြည့်လိုက်တယ်။ ဒီလူက သူ့အဖွဲ့ဝင်တွေလို ကောင်းတဲ့လူတစ်ယောက်နဲ့ မတူဘူး။ သူ့အကြည့်နဲ့ဆုံတဲ့အခါဆို အမှားလုပ်မိတာနဲ့ သေသွားတော့မလို ဖိအားတစ်ခု ခံစားလိုက်ရတယ်။

သူ့ကိုကြောက်နေပေမယ့် "အားလုံးပဲ၊ ကောင်းကောင်းနေကြပါ ၊ ကိုယ့်နေရာမှာကိုယ်နေကြ။ အနားယူဖို့နေရာတွေ့ရင် နေ့လည်စာစားကြမယ် ၊ အိုကေလား" လို့ ဆရာက ပြောလိုက်တုန်းပဲ။

အခန်း-(၃၂၇)

စားလို့ရပြီဆိုတာ ကြားတာနဲ့ ကလေးတွေက ကြောက်စိတ်မရှိတော့ဘူး "ကောင်းပြီ" လို့ တစ်ညီတစ်ညွတ်တည်း ပြန်ဖြေကြတယ်။

"အသံကို တိုးလိုက်" လီချီရွှမ်က နှာခေါင်းရိုးကို ညှစ်ရင်း ပြောလိုက်သည်။

နောက်တစ်ခဏမှာတော့ ကလေးတွေက ပါးစပ်ကို လက်နှင့်အုပ်ပြီး ကြောက်လန့်တကြားဖြင့် သူ့ကို စိုက်ကြည့်နေကြသည်။

သူတို့ကို ဒီလိုမြင်တော့ လီချီရွှမ်က သက်ပြင်းရှည်ကြီး ချလိုက်မိတယ်။ သူက ကလေးတွေကို အမုန်းဆုံးပဲ။ သူတို့က ဆူညံပြီး ဆိုးသွမ်းတယ်၊ စိတ်အနှောင့်အယှက်လည်း ဖြစ်စေတယ်။

သူ အသက်ရှင်နေသေးတယ်ဆိုတာကို အဲဒီလူတွေ မသိသွားစေချင်လို့သာ မဟုတ်ရင် ဒီက‌လေးစုတ်တွေကို အခြေစိုက်စခန်းကို ပြန်လိုက်ပို့ပေးဖို့ သူ ကမ်းလှမ်းခဲ့မှာ မဟုတ်ဘူး။

နေ့လည်ပိုင်းတွင်တော့ အဖွဲ့သည် အနားယူရန် ဘေးကင်းသောနေရာတစ်ခုကို နယ်စပ်အနီးတွင် ရှာတွေ့ခဲ့ကြသည်။ ဘတ်စ်ကားများပေါ်မှ ဆင်းလာသောအခါတွင် ကလေးများသည် သူတို့ရဲ့ ဆရာ၊ ဆရာမများနောက်မှ နီးကပ်စွာ လိုက်သွားကြတယ်။

ချင်လူဇီက သူတို့နဲ့အတူ မပါတာကြောင့် လီချီရွှမ်က ပြောလိုက်တယ် "ဒီမှာနေခဲ့၊ အထဲက အခြေအနေကို အရင်သွားစစ်လိုက်အုံးမယ်"

ဆရာ၊ ဆရာမများက ဓားမြှောင်များကိုင်ဆောင်ထားပြီး လေးဖက်လေးတန်တွင် ရပ်နေကြကာ ကလေးများကိုတော့ အလယ်တွင်ကာထားပေးတယ်။ သူတို့က ခေါင်းညိတ်ကာ နံရံဆီသို့ ရွေ့သွားကြသည်။ သူတို့အနောက်တွင် နံရံတစ်ခုရှိတညကြောင့် အနောက်မှတိုက်ခိုက်ခံရမည်ကို စိုးရိမ်စရာမလိုတော့ပေ။

လီချီရွှမ်က သူ့ရဲ့ သံယပ်တောင်ကိုထုတ်ပြီး တံခါးကိုဖွင့်ကာ အထဲသို့ဝင်သွားသည်။ လက်ကိုဝှေ့ယမ်းလိုက်သောအခါတွင် အပြာရောင်မီးတောက်အချို့က သူ့ပတ်ပတ်လည်တွင် လွင့်မျောနေပြီး မှောင်မည်းနေသောအခန်းထဲကို လင်းထိန်သွားစေသည်။

"ခရစ်ပ်"

အသံကိုကြားလိုက်တာနဲ့ "ဘယ်သူရှိနေလဲ။ ထွက်လာခဲ့" လို့ ပြောလိုက်တယ်။

ပုန်းနေတဲ့သူက လူသားဖြစ်မယ်ဆိုတာ သူသေချာတယ်။ တကယ်လို့များ ဇွန်ဘီသာတစ်ကောင်ဖြစ်ခဲ့ရင် အဆောက်အဦးထဲ ဝင်လိုက်တာနဲ့ သူ့ဆီကို အပြေးအလွှားရောက်လာမှာပဲ။

ပုန်းနေတဲ့သူက ထွက်မလာသေးတာကိုမြင်တော့ ထပ်ပြောလိုက်တယ် "ထွက်မလာဘူးဆိုရင် ငါမင်းကိုတွေ့တာနဲ့ သတ်လိုက်လို့ ငါ့ကိုအပြစ်မတင်နဲ့"

သူဒီလိုပြောလိုက်ပြီးတာနဲ့ ကောင်တာနောက်ကနေ လက်တစ်စုံပေါ်လာတယ်။ မကြာခင်မှာပဲ အမျိုးသမီးတစ်ယောက်က ထရပ်လာပြီး "အစ်ကို၊ ကျွန်မကို မသတ်ပါနဲ့။ ကျွန်မက ဒီကိုအရင်လာတာဆိုတော့ ရှင် ကျွန်မကို မောင်းထုတ်လို့မရဘူး" လို့ ပြောတယ်။

လီချီရွှမ်သည် သူမရဲ့လက်မောင်းပေါ်ရှိ နီညို‌ရောင်သွေးများကို သတိပြုမိပြီး မျက်ခုံးပင့်လိုက်တယ် "မင်းရဲ့ သူငယ်ချင်းတွေကိုလည်း ထွက်လာဖို့ပြောလိုက်"

အမျိုးသမီးက အံ့အားသင့်သွားပြီး ကောင်တာနောက်ကွယ်မှာ ပုန်းနေတဲ့ လူတွေကို လှမ်းကြည့်လိုက်တယ်။

သူတို့ချင်း အကြည့်ချင်းဖလှယ်လိုက်တဲ့အချိန်မှာပဲ အပြာရောင်မီးတောက်လေးတစ်ခုက အမျိုးသမီးဆီကို မြန်နှုန်းမြင့်မြင့်နဲ့ ပျံသန်းလာခဲ့တယ်။ ဒါကိုမြင်တော့ အမျိုးသမီးက အော်ဟစ်ပြီး ဘေးကို ရှောင်ထွက်သွားခဲ့တယ်။ ဒါပေမယ့်လည်း သူမက ဘယ်ကိုပြေးပြေး မီးတောက်က သူမရဲ့နောက်ကိုပဲ လိုက်နေတယ်။

သူမရဲ့ကျောက နံရံကိုထိသွားပြီး လွတ်မြောက်ရာနေရာမရှိတော့တဲ့အခါမှ လီချီရွှမ်က သူ့လက်ချောင်းတွေကို လှုပ်ရှားလိုက်တော့ မီးလျှံတွေက ကောင်တာဆီကို ပြေးဝင်သွားတယ်။

"အွတ်"

အမျိုးသမီးကို မတိုက်ခိုက်ဘဲ အပြာရောင်မီးတောက်က ကောင်တာအနောက်မှာပုန်းနေတဲ့ လူတွေကို ထိမှန်သွားတယ်။

သူတို့အဝတ်အစားတွေမှာ လောင်ကျွမ်းနေတဲ့ မီးတောက်တွေကို ငြိမ်းသတ်နေတုန်းမှာပဲ လီချီရွှမ်က သူတို့နောက်မှာ ပေါ်လာပြီးပါပြီ။ သူ့ရဲ့ သံယပ်တောင်၏ ချွန်ထက်တဲ့အစွန်းကို လူတစ်ယောက်ရဲ့ လည်ပင်းပေါ် မှာတင်လိုက်ပြီး "ငါ ကောင်းကောင်းပြောနေတဲ့အချိန်မှာ မင်းတို့ နားထောင်ခဲ့သင့်တယ်" လို့ ပြောလိုက်တယ်။

ယပ်တောင်ကို ထိုသူ့လည်ပင်းဆီ ပိုတွန်းဖိလိုက်တော့ အဲဒီလူက နာကျင်မှုကို ခံစားလိုက်ရပြီး "ရဲဘော်၊ ကျေးဇူးပြုပြီး ကျွန်တော့်အသက်ကို ချမ်းသာပေးပါ" လို့ မြန်မြန်ပြောလိုက်တယ်။

ယပ်တောင်ရဲ့အစွန်းမှာ သွေးစွန်းသွားတာအချိန်ကျမှ လီချီရွှမ် ရပ်ပြီး "ထွက်လာခဲ့" လို့ ပြောလိုက်တယ်။

ထိုလူရဲ့ကျောနှင့်နဖူးတွင် အေးစက်သောချွေးများဖြင့် ဖုံးလွှမ်းနေသည်။ နောက်ထပ်တစ်ချက်သာ ထပ်တွန်းလိုက်လျှင် သူ့သွေးကြောများက ပြတ်ထွက်သွားလိမ့်မည်။ တစ်ယောက်ပြီး တစ်ယောက် ထွက်လာနေကြပြီး လီချီရွှမ်ကတော့ ထိုလူများထဲမှတစ်ယောက်က ဒဏ်ရာရနေကာ ဗီဇပြောင်းလဲမှုလက္ခဏာတွေ ပြသနေပြီကို သတိပြုမိလိုက်သည်။

ဒါကိုမြင်တော့ သူကပြောလိုက်တယ် "အဲဒီလူက ဗီဇပြောင်းလဲနေတယ်။ မင်းတို့ သူ့ကို အခုမသတ်ရင် ၁၅ မိနစ်အတွင်းမှာ ဇွန်ဘီဖြစ်သွားလိမ့်မယ်"

သူဒီလိုပြောလိုက်တော့ အမျိုးသမီးက ထိုအမျိူးသားရှေ့မှာ မြန်မြန်ရပ်ပြီး "ကျွန်မယောက်ျားက ဇွန်ဘီဖြစ်သွားမှာမဟုတ်ဘူး။ မင်းသူ့ကို သတ်လို့မရဘူး" လို့ ခုခံပြောတယ်။

ဒါကိုကြားတော့ လီချီရွှမ်က “မင်းသူ့ကိုမသတ်ချင်ဘူးဆိုရင် ဒီနေရာကထွက်သွားရမယ်” လို့ပြောလိုက်တယ်။

"အစ်ကို၊ ဒီနေရာကို ကျွန်တော်တို့က အရင်တွေ့တာပါ။ မင်းနေချင်ရင် ဒုတိယထပ်ကို သွားခွင့်ပေးမယ်" လို့ သူတို့ထဲက တစ်ယောက်က ပြောပါတယ်။

ဒါကိုကြားတော့ လီချီရွှမ်က ရယ်ချင်သလိုလိုနဲ့ ပြန်ပြောလိုက်တယ် "ငါက ဒီကိစ္စကို မင်းတို့နဲ့ဆွေးနွေးနေတာ မဟုတ်ဘူး။ သူ့ကို သတ်ပစ် ၊ ထွက်သွား၊ ဒါမှမဟုတ် သူနဲ့အတူ သေရမှာမယ်။ မင်းတို့ တစ်ခုပဲ ရွေးနိုင်တယ်"

အဖွဲ့သားတွေက အပြင်ဘက်က ကောင်းကင်ကို ကြည့်လိုက်တော့ မှောင်စပြုလာပြီကို တွေ့လိုက်ရတယ်။ အခုသာ ထွက်သွားရင် တခြားနေရာရှာဖို့ နှစ်နာရီ သုံးနာရီလောက်ပဲ အချိန်ရှိတော့တယ်။

ဇွန်ဘီတွေနဲ့ တစ်နေ့လုံး တိုက်ခိုက်ပြီးတဲ့နောက်မှာတော့ သူတို့က မောပန်းနေကြပြီး နောက်ထပ် အဆင့်မြင့် ဇွန်ဘီတစ်ကောင်နဲ့ မတွေ့ဆုံရဘူးလို့လည်း အာမ မခံနိုင်ပါဘူး။ အားသာချက်နှင့် အားနည်းချက်တွေကို ချင့်ချိန်နေရင်းနဲ့ ဒဏ်ရာရနေတဲ့ အမျိုးသားနှင့် အမျိုးသမီးကို လှမ်းကြည့်လိုက်ကြတယ်။

သူတို့ရဲ့အကြည့်တွေကို သတိထားမိတဲ့ အမျိုးသမီးကပြောလိုက်တယ် "ဝမ်းကွဲ ၊ နင် ငါတို့ကို မောင်းထုတ်လို့မရဘူး။ ငါ့ယောက်ျားကသာ အဲဒီဇွန်ဘီရဲ့တိုက်ခိုက်မှုကို မတားဆီးနိုင်ရင် မင်းသေသွားတာကြာပြီ"

လီချီရွှမ်ဟာ မိသားစုဇာတ်လမ်းတွေကို နားထောင်ဖို့ စိတ်ရှည်တဲ့သူမျိုး မဟုတ်ပါဘူး။ သူတို့က မရွေးချယ်နိုင်တဲ့အတွက် သူကပဲ သူတို့ကို ဆုံးဖြတ်ဖို့ ကူညီပေးလိုက်မယ်။

အမျိုးသမီးရဲ့ဝမ်းကွဲက ပြန်မဖြေနိုင်ခင်မှာပဲ သူတို့ရဲ့ကော်လာတွေကို ဆွဲပြီး တစ်ယောက်ပြီးတစ်ယောက် လွှင့်ပစ်လိုက်တယ်။ အမျိုးသမီးနဲ့ ဒဏ်ရာရနေတဲ့ သူမရဲ့ခင်ပွန်းတောင် ချန်လှပ်ထားခြင်းမခံခဲ့ရဘူး။

"အာ့"

"အား ၊ ငါ့ကျော"

"အားး"

လွင့်ပစ်ခံပြီး မြေပြင်ပေါ် လဲကျသွားတာနဲ့ ထိုအုပ်စုက အော်ဟစ်လိုက်ကြသည်။ သူတို့တွေက ထရပ်လိုက်ကြပြီး လီချီရွှမ်ကို ကြောက်ရွံ့တုန်လှုပ်စွာ ကြည့်လိုက်ကြသည်။

သူတို့က စွမ်းရည်အသုံးပြုသူတွေပါ။ အရမ်းမသန်မာရင်တောင် သာမန်လူတွေလောက်တော့ အားနည်းတာမျိုး မရှိပါဘူး။ ဒါပေမယ့် ဒီလူက သူတို့ကို အားနည်းတဲ့ကြက်ပေါက် လေးတွေလို ပစ်ထုတ်ခဲ့တယ်။ အဲဒါကပဲ သူဘယ်လောက်သန်မာလဲဆိုတာကို ပြသနေတယ်။

သူ့ကို အနိုင်ရဖို့ မဖြစ်နိုင်သလို အမျိုးသမီးကလည်း သူ့ယောက်ျားကို စွန့်လွှတ်ဖို့ မလိုလားတဲ့အတွက် သူတို့မှာ ထွက်သွားရုံပဲ ရှိတယ်။

လူအုပ်စုတစ်စုကို အဆောက်အအုံအပြင်ဘက်ဆီ တစ်ယောက်ပြီးတစ်ယောက် ရုတ်တရက်ကြီး နှင်ထုတ်နေတာကို မြင်သောအခါ ကလေးများနှင့် ဆရာ၊ ဆရာမများက အံ့အားသင့်သွားကြသည်။

လီချီရွှမ်ရဲ့ပတ်ပတ်လည်တွင် အပြာရောင်မီးတောက်များ လွင့်မျောနေလျက် လမ်း‌လျှောက်လာနေတာကို မြင်သောအခါမှာတော့ ယမမင်းကြီးကိုယ်တိုင်ကို ကြည့်နေရသကဲ့သို့ ခံစားလိုက်ရသည်။

သူ့နာရီကို ကြည့်လိုက်ပြီးနောက်မှ လီချီရွှမ်က သူတို့ကို တစ်ချက်ကြည့်လိုက်ကာ "မင်းတို့အားလုံးက ဘာလုပ်နေကြသေးတာလဲ ၊ မင်းတို့အထဲဝင်လာဖို့ကို ငါဖိတ်ခေါ်ဖို့ လိုသေးလား" လို့ မေးလိုက်တယ်။

သူဒီလိုပြောလိုက်တာနဲ့ ဆရာတွေက ကလေးတွေကို အဆောက်အဦးထဲ မြန်မြန်ခေါ်သွားကြတယ်။

All Chapters