ပြန်လည်ဆုံစည်းရာဝယ်
Vol. 12 Ch. 1167
ပိုင်ရှောင်ချန်းက အချိန်အနည်းငယ်အကြာသာ အနားယူလိုက်ရပါသော်လည်း ကောင်းကောင်းမွန်မွန် ပြန်လည်သက်သာလာ၏။ အဆင့်ခုနစ်ဆယ့်ရှစ် မည်မျှ ခက်ခဲခဲ့ကြောင်း သူ ပြန်တွေးပြီးနောက် သက်ပြင်းမချမိဘဲ မနေနိုင်တော့ပေ။
" တဖြေးဖြေး ခက်သထက် ခက်လာနေတာပါလား။ အဲဒီ အစောင့်အရှောက်ဝိညာဥ်လေး မရှိလို့ တော်သေးတာပေါ့။ နို့မဟုတ်ရင် တကယ့်ကို မျှော်လင့်ချက်မဲ့နေမှာ။ ငါ ဒီနေရာကစပြီး သေချာဂရုစိုက်ရမယ်။ အဲဒီ အစောင့်အရှောက်ဝိညာဥ်လေး ငါတို့ရဲ့ လက်ရုံးရည်၊နှလုံးရည်တိုက်ပွဲမှာ အခွင့်ကောင်းယူခွင့်ပေးလို့ မဖြစ်ဘူး "
သူက သက်ပြင်းချ၍ နောက်အဆင့်များကို စိန်မခေါ်ရန် ဆုံးဖြတ်လိုက်သည်။
သူထွက်သွားပြီး မကြာခင် အစောင့်အရှောက်ဝိညာဥ် နိုးလာ၏။ ပိုင်ရှောင်ချန်းက အဆင့်ရှစ်ဆယ်ကို နီးသထက် နီးလာကြောင်း တွေ့လျှင်တွေ့ချင်း သူ မပျော်မရွှင် ဖြစ်သွားလေသည်။
သစ်ရွက်များရှိသော အဆင့်မှာတုန်းက သူက ပိုင်ရှောင်ချန်းကို အနိုင်ယူရန် ကြိုးစားရာတွင် ကြီးကြီးမားမား တန်ဖိုးတစ်ခု ပေးဆပ်ခဲ့ရသည်။ အမှန်တွင် ရလဒ်အနေဖြင့် နောက်ပိုင်းအဆင့်များရှိ ခက်ခဲမှု လျှော့ချခံလိုက်ရလေသည်။
သို့ပေမည့် ခက်ခဲမှုလျှော့ချခြင်းက ခမ်းနားကြီးကျယ်လှသည်တော့ မဟုတ်။ သို့ဖြစ်၍ ပိုင်ရှောင်ချန်း၏ လျင်မြန်သောတိုးတက်မှုက အတန်ငယ် အံ့အားသင့်ဖွယ် ကောင်းလေသည်။
" မဟုတ်သေးဘူး။ နေပါဦး။ ငါ နည်းနည်းပါးပါး ထိန်းညှိဖို့ လိုတယ်။ ချီးတဲ့မှပဲ။ ဟုတ်ပြီ ငါသိပြီ။ ငါ အဆင့်တစ်ရာရဲ့ ခက်ခဲမှုကို လုံးဝလျှော့ချပြီး အရှေ့ကအဆင့်တွေကို ပြန်ဖြန့်လိုက်မယ်။ အဲဒီလိုဆို ငါ သေချာပေါက် ခွေးကောင်ပိုင်ရှောင်ချန်းကို တားလို့ရနိုင်မှာပဲ "
အစောင့်အရှောက်ဝိညာဥ်မှာ အတန်ငယ် ရူးရူးမိုက်မိုက် ပြုမူနေ၏။ သို့သော် သူသည် အမှန်တကယ်ပင် ပိုင်ရှောင်ချန်း တိုးတက်လာသည်နှင့်ပတ်သက်၍ စိုးရိမ်နေသည်။ ထို့ကြောင့် သူက နောက်ဆုံးအဆင့်၏ ခက်ခဲမှုကို လျှော့ချရန် သူ၏အစီအစဥ်အတိုင်း ဆက်သွားလိုက်သည်။
ထိုအချိန်တွင် ပိုင်ရှောင်ချန်းသည် မိစ္ဆာဧကရာဇ်မြို့တော်ရှိ သံရုံးထဲမှ သူ၏သီးသန့်အခန်းသို့ ပြန်ရောက်သွား၏။ သူက မျက်လုံးများဖွင့်ပြီးနောက် အိတ်ထဲမှ အပြာရောင်ဆေးပုလင်းကို ထုတ်လိုက်သည်။
အထဲတွင် ဆေးလုံးတစ်လုံးမှ မရှိဘဲ စုစုပေါင်းဆေးရည်ကိုးစက်သာရှိသည်။ ဤသည်မှာ အဆင့်ခုနစ်ဆယ့်ရှစ်မှ သူရရှိခဲ့သော ဆုလာဘ်ဖြစ်၏။ ထိုဆေးရည်တစ်စက်စီတိုင်းက အင်မော်တယ်ဆေးလုံးနှင့် နှိုင်းယှဥ်နိုင်သည်။ သို့တည်းမဟုတ် ပို၍ပင် ထိရောက်မှု ရှိကောင်းရှိနိုင်သည်။
အားလုံးခြုံကြည့်သော် ၄င်းသည် အလယ်ပိုင်းကောင်းကင်ဧကရာဇ်အဆင့်မှာ အသုံးပြုရန်အတွက် ပြီးပြည့်စုံ၏။
အဆင့်ခုနစ်ဆယ့်ရှစ်က ခက်ခဲခဲ့သော်လည်း ဆုလာဘ်များကား အတိုင်းထက်အလွန်ပင်။ ဆေးတာအိုပညာရပ်တွင် မဟာအကြီးအကဲတစ်ယောက်ဖြစ်၍ ဤဆေးရည်က သူပင် မည်သို့ဖန်တီးထားကြောင်း မပြောနိုင်သည်အထိ သာမန်ထက် ထူးကဲကြောင်း သူပြောနိုင်သည်။ သို့သော် ခွဲခြမ်းစိတ်ဖြာမှု လုပ်ပြီးနောက် ပါဝင်ပစ္စည်းများအားလုံးက ထာဝရအင်မော်တယ်နယ်မြေရှိ ဒဏ္ဍာရီလာများဖြစ်ကြောင်း အတည်ပြုလိုက်ပြီး အားလုံးကို အင်မော်တယ်မြက်များအဖြစ် သတ်မှတ်နိုင်သည်။
ထာဝရအင်မော်တယ်နယ်မြေများတွင် အတော်လေးအတွေ့များသည့် ကောင်းကင်နှင့်မြေကြီး၏ အဖိုးတန်ပစ္စည်းတစ်မျိုးဖြစ်သော ဝိညာဥ်နဂါးဦးချိုဆိုသည့် ပါဝင်ပစ္စည်းတစ်မျိုးသာ ရှိသည်။ သို့ပေမည့် ၄င်းသည် ခေါက်ခိုက်အောင်စျေးကြီးလေသည်။ ပိုင်ရှောင်ချန်းမှာ သူတော်စင်ဧကရာဇ်မြို့တွင် နမူနာတစ်ခုတွေ့ခဲ့ဖူးပြီး ၄င်းကိုရယူရန် အရည်အချင်းပြည့်မီသည့် ကောင်းကင်ဧကရာဇ်များပင် အခက်အခဲများဖြင့်သာ ထိုသို့လုပ်နိုင်ကြောင်း သိ၏။
" ဒါတွေအားလုံး တန်တယ် "
သူက ပုလင်းကို စောင်း၍ သူ၏လျှာပေါ်သို့ ဆေးရည်တစ်စက်ကျစေရင်း တွေးလိုက်သည်။
အနှီဆေးရည်က ချက်ချင်းအရည်ပျော်ကာ လောင်မြိုက်သောအပူလှိုင်းတစ်လုံးအဖြစ် သူ၏ခန္ဓာကိုယ်တစ်လျှောက် ပေါက်ကွဲထွက်သွားလေသည်။ ဆေးရည်ထဲရှိ အာနိသင်ရှိသောပစ္စည်းများက သူ၏စွမ်းအင်လမ်းကြောင်းများကို ဖြတ်စီးဆင်းသွားစဥ် သူ၏ကျင့်ကြံခြင်းအခြေခံမှာ အလျင်အမြန် စတင်လည်ပတ်လာတော့သည်။
သူက ကျင့်ကြံအားထုတ်နေစဥ် အချိန်များကုန်လွန်သွား၏။ သူ၏တွက်ချက်မှုများက အစောင့်အရှောက်ဝိညာဥ်နိုးထနေကြောင်း ညွှန်ပြနေသဖြင့် သူက ယပ်တောင်အစုတ်ကြီးထံ ပြန်မသွားပေ။ သူသည် သူ၏ကျင့်ကြံခြင်းအခြေခံတိုးတက်စေရန် ကြိုးစားရင်း ကျင့်ကြံရာတွင် အချိန်များအားလုံး ကုန်ဆုံးလိုက်လေသည်။
ဆေးရည်ကိုးစက်က သူ ခန့်မှန်းထားခဲ့သည်ထက်ပင် ပို၍အစွမ်းထက်လေသည်။ ဆေးရည်အားလုံးကို စုပ်ယူပြီးနောက် သိသိသာသာတိုးတက်ခဲ့ကြောင်း သူ တွေ့လိုက်ရ၏။ ယခု သူသည် နှောင်းပိုင်းကောင်းကင်ဧကရာဇ်အဆင့်နှင့် အလွန်နီးကပ်နေပြီး အလယ်ပိုင်းကောင်းကင်ဧကရာဇ်အဆင့်တွင်ဖြစ်သည်ဟု မခံစားရလုနီးပါး ဖြစ်လာတော့သည်။
ထို့ပြင် သူသည် ယခုထက်ထိ သူ၏ ကောင်းကင်ဧကရာဇ်ဆေးလုံးကို မသုံးရသေးပေ။ သူက ၄င်းအပေါ်တွင် စိတ်စွမ်းအင်အဆင့်မြှင့်တင်မှု လုပ်ဆောင်ခဲ့ပြီးဖြစ်ပြီး သူ၏ဖောက်ထွက်ခြင်းအခွင့်အရေးများ တိုးတက်စေရန် နောက်ဆုံးအခိုက်အတန့်မှ သုံးရန် ပြင်ဆင်ထားခြင်း ဖြစ်သည်။
လူအများစုမှာ သူလုပ်ဆောင်နေသည့်တိုးတက်မှုကြောင့် အံ့ဩတုန်လှုပ်သွားကြမည် ဖြစ်လေသည်။ ထာဝရအင်မော်တယ်နယ်မြေများတွင် ကောင်းကင်ဧကရာဇ် ဆယ့်နှစ်ပါးသာရှိပြီး သူတို့အများစုမှာ အတန်ငယ်တိုးတက်မှုလေးပြုလုပ်ရန်အတွက် အမျိုးမျိုးသော ကံကြမ္မာကောင်းများအားလုံးအပေါ် မှီခိုရပြီး နှစ်ပေါင်းများစွာ အချိန်ပေးရသည် မဟုတ်ပါလော။
ပိုင်ရှောင်ချန်းသည် ယခုကဲ့သို့ တက်လှမ်းနိုင်သည့် တစ်ဦးတည်းသောလူ ဖြစ်ပေမည်။ သူက မိုးမြေဧကရာဇ်တစ်ပါး၏ ကောင်းကင်တုန်လှုပ်၍ မြေပြင်တို့ အက်ကွဲစေသော ရတနာပစ္စည်းတွင် ချန်ရစ်ခဲ့သည့် အမွေအနှစ်ဆုလာဘ်များကို အသုံးပြုနေသည် မဟုတ်ပါလော။
ထိုရတနာကြောင့် သူ၏ကျင့်ကြံခြင်းအခြေခံသည် တရိပ်ရိပ် တိုးတက်နေပြီး ရပ်နားမည့်ပုံ မပေါ်ပေ။ ဤအလျင်အမြန်တိုးတက်မှုတွင် သူစိတ်ရောကိုယ်ပါနစ်မြုပ်နေချိန်မှာပင် မိတ်ဆွေတစ်ယောက် အလည်အပတ် လာရောက်လေသည်။
အနှီပုဂ္ဂိုလ်သည်ကား ဖက်တီးကျန်းကြီးကလွဲ၍ တခြားသူ မဟုတ်ပေ။
မိစ္ဆာဧကရာဇ်မြို့တော်ကို ရောက်လာပြီးနောက် ပိုင်ရှောင်ချန်းသည် နိုင်ငံတော်တွင် အလွန်ပြိုင်ဘက်ကင်းသော ရာထူးရှိကြောင်း သူသိထားသည့် ဖက်တီးကျန်းကြီးအကြောင်း သူ၏လက်အောက်ငယ်သားများကို မေးမြန်းခဲ့သည်။ သို့သော် ဖက်တီးကျန်းကြီးက တာဝန်အရထွက်သွားကြောင်း သူတို့ သူ့ကို အကြောင်းကြားခဲ့လေသည်။
နှစ်လကြာသော် ဖက်တီးကျန်းကြီး ပြန်ရောက်လာ၏။ ပိုင်ရှောင်ချန်းက မြို့တော်တွင်ရှိကြောင်း ကြားပြီးနောက် သူက အရင်ဆုံး သံရုံးကို အပြေးအလွှားလာခဲ့လေသည်။
ပိုင်ရှောင်ချန်းက သတင်းကြားသောအခါ သူ၏ သီးသန့်အခန်းထဲမှ ကမန်းကတန်းထွက်ပြီး ပင်မဆောင်ထဲ ဦးတည်လိုက်ရာ အရပ်မြင့်မြင့် ကလန်ကလား လူတစ်ယောက်က သူ့ကို ရပ်စောင့်နေလေသည်။
ထိုလူ၏ပုံရိပ်က မရင်းနှီးပုံပေါ်ေသာ်လည်း သူ ပိုင်ရှောင်ချန်းကို လှည့်ကြည့်လိုက်သောအခါ ပိုင်ရှောင်ချန်းမှာ အမြုတေအထိ တုပ်လှုပ်သွားတော့သည်။ သူမည်မျှကွဲပြားသည့်ပုံ ပေါ်နေသည့်တိုင် သူ၏မျက်နှာအမူအရာကား မပြောင်းလဲပေ။ ပိုင်ရှောင်ချန်းမှာ မထိန်းနိုင်တော့ဘဲ သူ့အား ပြေး၍ ဖက်လိုက်တော့သည်။
" အစ်ကိုကြီး "
ဖက်တီးကျန်းကြီးမှာ ပိုင်ရှောင်ချန်းနည်းတူ စိတ်လှုပ်ရှားနေပြီး ပြန်ဖက်လိုက်သည်။
" ရှောင်ချန်း "
သူတို့တစ်ယောက်ကို တစ်ယောက် ခေါင်းအစခြေအဆုံးကြည့်လိုက်ကြပြီး သူတို့အတူတူဝေမျှခဲ့သည့် အမှတ်တရများအားလုံးကို ပြန်တွေးလိုက်ကြသည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရှိ စားဖိုဆောင်မှ အဏ္ဏဝါခေါ်သံဂိုဏ်းအထိ ၊ ရှင်းကုံကျစ်တာအိုဂိုဏ်းမှ သရဲမယ်တော်၏ စစ်သင်္ဘောအပေါ်က တိုက်ပွဲ။ ထို့နောက် သူတို့ တစ်ကမ္ဘာလုံးခြားခံခဲ့ရသည့် အချိန်ကာလများတိုင်အောင် ….
" ရှောင်ချန်း ငါ မင်းကို ဘယ်တော့မှ ထပ်တွေ့နိုင်မှာ မဟုတ်တော့ဘူးလို့ ထင်ခဲ့တာ.... "
" ရှောင်ချန်း ငါ ကောင်းကင်တံတားပင်လယ်မှာတုန်းက မင်းကို ငါ့အိပ်မက်အကြောင်းပြောခဲ့တာ မှတ်မိသေးလား ... “
" ငါ့ဘဝကလေ တကယ် ကယောင်ချောက်ချား ဖြစ်နေခဲ့သလိုပဲ။ အမှန်က ငါ နှစ်ပေါင်းများစွာ အိပ်မက်တစ်ခုထဲမှာ ပိတ်နေသလားတောင် ထင်မိတယ်။ ငါနေထိုင်ခဲ့တဲ့ကမ္ဘာကြီးက ဧရာမလူ့ဘီလူးကြီးရဲ့ ခန္ဓာကိုယ်မှာ ဖြစ်ခဲ့တာလေ။ ငါ အဲဒါကို မယုံနိုင်လောက်အောင်ပဲ....... “
" ပြီးတော့ ငါ ကောင်းကင်တံတားဒေသ ဖျက်စီးခံလိုက်ရပြီလို့ ကြားခဲ့ရတယ် ... "
ဤအချိန်တွင် မျက်ရည်များ ဖက်တီးကျန်းကြီး၏ ပါးပြင်တစ်လျှောက် စီးကျလာတော့သည်။ သူ့တွင် ပြောစရာအများကြီးရှိပြီး သူ နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရသည့် အခက်အခဲများနှင့်ပတ်သက်၍ ပြန်ပြောပြရန် အလွန်များနေသည်။ သူ့အတွက် ပိုင်ရှောင်ချန်းသည် ဂိုဏ်းတူညီလေးတစ်ယောက်တင်မဟုတ်၊ ချစ်ခင်ရသောမိတ်ဆွေဖြစ်သလို ညီငယ်လေးတစ်ဦးလည်း ဖြစ်လေသည်။
ဖက်တီးကျန်းကြီးအကြောင်း နားထောင်ရင်း ပိုင်ရှောင်ချန်း၏ နှလုံးသားမှာ တုန်ရီနေတော့သည်။ သူသည် စားဖိုဆောင်အကြောင်းနှင့် ထိုကတည်းက အချိန်မည်မျှကုန်ဆုံးသွားခဲ့သည်ကို တွေးမိပြီး ၄င်းက ဤပြန်လည်ဆုံဆည်းခြင်းကို ပို၍ပင် အမှတ်ရဖွယ်ဖြစ်စေလေသည်။
သူတို့က ထိုနေရာတွင် ကွဲကွာသွားခဲ့ကြသည့်အချိန်မှစ၍ ဖြစ်ပျက်ခဲ့သည့်အရာများအကြောင်း ပြန်ပြောင်းတွေးတောပြောဆိုကြရင်း အချိန်အတော်ကြာ ထိုင်လိုက်ကြသည်။ ပိုင်ရှောင်ချန်းက သူတို့ သောက်သုံးရန်အတွက် သူ၏လက်အောက်ငယ်သားများအား အရက်အချို့ ယူလာခိုင်းပြီးနောက် သူတို့ကို မည်သည့်နတ်ဘုရားအာရုံမှ မနှောင့်ယှက်နိုင်စေရန် သံရုံး၏ မန္တန်ဝင်္ကပါများအား အသက်သွင်းလိုက်သည်။
" အဲဒီတုန်းက ငါ့မှာ အရိုးစစ်သင်္ဘောကြီးက ဒီလိုအရေးပါတဲ့ခရီးနှင်နေလိမ့်မယ်လို့ ထင်ကိုမထားတာ။ အဲဒါက ငါ့ကို ဒီထူးဆန်းတဲ့ နယ်မြေ၊ ထူးဆန်းတဲ့ မြို့၊ ဒီထူးဆန်းတဲ့လူတွေဆီ ခေါ်လာခဲ့တယ်။ ရှောင်ချန်း … ငါ အဲဒီတုန်းက ဘယ်လောက်အသုံးမဝင်လဲ မင်းမသိပါဘူး "
ဖက်တီးကျန်းကြီးက သူ၏အရက်အိုးကို မြှောက်ပြီး တစ်ကျိုက်သောက်လိုက်သည်။
ပိုင်ရှောင်ချန်းသည်လည်း သူနှင့််အတူ သောက်လိုက်သည်။
" အစ်ကိုကြီး " သူက ပြောသည်။
" ခင်ဗျားက တခြားလူတွေထက် ဒီကိုအရင်ရောက်ခဲ့တာဆိုတော့ ဘာတွေ ဘယ်လိုဖြစ်ခဲ့လဲ အစ်ကိုကြီး မသိဘူး။ အဏ္ဏဝါခေါ်သံဂိုဏ်းလဲမရှိ၊ မြေရိုင်းဒေသလဲမရှိ။ ဘာဆိုဘာမှမရှိတော့တာ ... ကျုပ်ရဲ့ တပည့်လေး ဟောက်အာလဲ မရှိတော့ဘူး။ သချိုင်းစောင့်ကြီးလဲ မရှိတော့ဘူး။ တစ်ကမ္ဘာလုံး ... မရှိတော့ဘူး "
သူ ပြောသည်နှင့်မျှ စိတ်ဓာတ်ကျသည့်အသံပို၍ ပေါက်လာတော့သည်။
" လူတွေ အများကြီးသေသွားတယ်။ အများမှ အများကြီး ... အဲဒါတွေအားလုံးက ကောင်းကင်တံတားတာအိုကြောင့်ဗျ "
ဤအချိန်တွင် သူက လက်နှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ဖက်တီးကျန်းကြီး၏ ခံစားချက်မှာ ထိုနည်းတူ များစွာ လေးလံလာနေတော့သည်။
ညဥ့်မနက်ခင် သူတို့ကအတိတ်နှင့် လက်ရှိအခြေအနေအကြောင်း ပြောပြီးသွားကြ၏။ မျက်ရည်များစွာ တသွင်သွင်စီးကျခဲ့ကြပြီး အကြိမ်ပေါင်းများစွာ သက်ပြင်းချခဲ့ကြသည်။ ရံဖန်ရံခါ သူတို့က ရယ်မောတတ်ပြီး တခါတရံ ရယ်နေရင်း ငိုကြလေသည်။ တစ်ခါတလေ သူတို့က စားဖိုဆောင်ထဲ ပြန်ရောက်သွားသည့်အလား၊ အမှန်စင်စစ် ပူပင်ကြောင့်ကြစရာမရှိ၊ ဂရုစိုက်စရာမရှိသည့်နေ့ရက်များသို့ ပြန်ရောက်သွားသည့် အလားပင်။
ထိုနေ့ရက်များတုန်းက ဖက်တီးကျန်းကြီးသည် စိတ်ဓာတ်အားမာန်တက်ကြွပြီး သတ္တိအပြည့်ရှိခဲ့၏။
ထိုနေ့ရက်များတုန်းက ပိုင်ရှောင်ချန်းသည် မာန်တက်ပြီး ယုံကြည်ချက်ရှိကာ ထာဝရအသက်ရှည်နိုင်ရန် အိပ်မက်မက်နေခဲ့လေသည်။
နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီး သူတို့က လွန်လေပြီးသော အချိန်ကာလများဆီက ငယ်ရွယ်သူများ မဟုတ်တော့ပေ။ သူတို့ ကြီးပြင်းလာခဲ့ပြီး သူတို့၏ ပခုံးပေါ်တွင် ကြီးလေးစွာ သက်ရောက်နေသော တာဝန်ဝတ္တရားများကို ရှာတွေ့လာခဲ့ကြသည်။
" ကောင်းကင်တံတားဒေသ ပျက်သုဥ်းပြီးတဲ့နောက် " ဖက်တီးကျန်းကြီးက ဆိုသည်။
" ငါတို့လူတွေကို ရှာဖို့ အကောင်းဆုံးလုပ်ခဲ့တယ်..... ဒါပေမဲ့ကွာ နိမ့်ကျသူရဲ့စကားက မထိရောက်ဆိုသလိုပေါ့။ ငါက ပထမဆုံး ဒီကို ရောက်လာပြီး ငါ့စိတ်စွမ်းအင်အဆင့်မြှင့်တင်မှုဆိုင်ရာ ကျွမ်းကျင်မှုကြောင့် မိစ္ဆာဧကရာဇ်နိုင်ငံမှာ ငါ့ဘာသာငါ အခြေချနိုင်ခဲ့တယ်။ ဒါပေမဲ့ ငါ့မှာ အာဏာနည်းနည်းပဲ ရှိတယ်။ ရှောင်ချန်း … ငါ့မှာ ဒီကထွက်ပြီး မင်းကို လာရှာဖို့တောင် မလွတ်လပ်ဘူး"
" ငါ လာနိုင်တဲ့တစ်ခုတည်းသော နည်းလမ်းက ငါ့ဘာသာငါ အဲဒီကို ပျံဖို့ပဲ။ တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်တွေအားလုံးက ပိတ်ထားခံရတယ်လေ "
ဖက်တီးကျန်းကြီး၏ အသံမှာ ခါးသီးမှုများရောစွက်နေသော်လည်း ထိုအခိုက်အတန့်တွင် ရုတ်တရက် သူ၏မျက်နှာ ဝင်းလက်သွား၏။
" နေဦး ရှောင်ချန်း။ ငါ့မှာ အာဏာသိပ်မရှိပေမယ့် ငါ ကောင်းကင်တံတားဒေသက လူတချိူ့ကို ကူညီနိုင်ခဲ့တယ်။ ဘာလဲ ခန့်မှန်းကြည့်။ စိတ်စွမ်းအင်ခေါင်းဆောင်ကြီးဘယ်မှာလဲ ငါ သိတယ်ကွ။ ပြီးတော့ ဂိုဏ်းတူဦးလေး လီချင်းဟောက်ကောပဲ။ သူတို့က အဏ္ဏဝါခေါ်သံဂိုဏ်းရဲ့ ဂိုဏ်းသားတော်တော်များများကို စုဆောင်းထားတယ်သိလား "
ပိုင်ရှောင်ချန်းက ထိုစကားကို ကြားသောအခါ တဆတ်ဆတ် တုန်ရီသွားပြီး ဖက်တီးကျန်းကြီး၏ ပခုံးကို လှမ်းဆွဲလိုက်သည်။ သူ တစ်ကိုယ်လုံး တုန်ရီနေလျက် ပြော၏။
" ဦးလေးလီဘယ်မှာလဲ အစ်ကိုကြီးသိတယ်လား။ ပြီးတော့ စိတ်စွမ်းအင်ခေါင်းဆောင်ကြီးကော။ အဏ္ဏဝါခေါ်သံဂိုဏ်းရဲ့ ဂိုဏ်းသားတွေကောလား။ ဘယ်မှာလဲ ။ သူတို့ဘယ်မှာလဲ "
ပိုင်ရှောင်ချန်းမှာ သူ နားကြားမလွဲကြောင်း သေချာသလောက်ဖြစ်နေ၏။ သူတော်စင်ဧကရာဇ်နိုင်ငံမှာတုန်းက မြေလှန်ရှာခဲ့သည့်တိုင် သူသိသည့်သူများနှင့်ပတ်သက်လျှင် လုံးဝလက်ဗလာ ဖြစ်ခဲ့လေသည်။
" အင်း ငါ သူတို့ဘယ်မှာလဲ သိတယ်။ ဒါပေမဲ့ သူတို့နေရာကို ဖော်ထုတ်မိမှာစိုးလို့ ငါဘယ်တော့မှ ကိုယ်တိုင်သွားမတွေ့ခဲ့ဘူး။ ဒါပေမဲ့ သူတို့က ဒီအင်မော်တယ်နယ်မြေရဲ့ အလုံခြုံဆုံးနေရာမှာဆိုတာတော့ ငါမင်းကို ပြောနိုင်တယ် "
ဖက်တီးကျန်းကြီးက ပိုင်ရှောင်ချန်း မည်မျှစိတ်နှလုံးလှုပ်ရှားနေကြောင်း ပြောနိုင်၍ ဘာမှမချုပ်တည်းနေတော့ပေ။ သူက သူသိသမျှအားလုံး ပိုင်ရှောင်ချန်းကို အလျင်အမြန် ပြောပြလိုက်သည်။
" အစ်ကိုကြီးက သူ့ကို တစ်ခါမှ ကိုယ်တိုင်သွားမတွေ့ခဲ့ဘူးပေါ့ .... တော်တယ် အစ်ကိုကြီး။ အန္တရာယ်လဲကင်းတယ်။ သူတို့အသက်ရှင်ဖို့ပဲ အရေးကြီးတယ်... အဲဒါက အရေးကြီးတာပဲ။ အဲဒါ အရေးကြီးတာပဲ... "
ပိုင်ရှောင်ချန်းမှာ သတိတရအသက်ရှူရန် သူ့ကိုယ်သူ တိုက်တွန်းလိုက်ရသည်။ နောက်ဆုံးတွင် ဖက်တီးကျန်းကြီး၏ ပခုံးကို လွှတ်ပေးလိုက်ပြီး လီချင်းဟောက်က သူ့ကို ခက်ထန်မှုများ၊ အချစ်များဖြင့် မကြာခဏ မည်သို့ ကြည့်သည်ကို ပြန်တွေးမိလိုက်သည်။ရုတ်တရက် ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ မျက်ရည်များဖြင့် ပြည့်လျှံသွားတော့သည်။
" ဦးလေးလီ "