← Chapters

အခန်း (၄၇၉-၄၈၀)

Vol. 48 Ch. 479-480

အခန်း (၄၇၉-၄၈၀)

Vol. 48 Ch. 479-480

အခန်း(479)

စုန့်စစ်ယွီအနေဖြင့် အချိန်မရွေး ထွက်ခွာနိုင်မည်ဆိုပါက လျို့ကျားယို၏ ကုမ္ပဏီမှလူများဘက်မှ သူမအပေါ် ထင်မြင်ချက်အပေါ် လုံးဝ ဂရုစိုက်မည်မဟုတ်ပေ။

သို့သော် ယခုအချိန်တွင် လျို့ကျားယိုက သူမအား ထွက်ခွာခွင့် မပေးပါချေ။

သူသာ ထွက်ခွာခွင့်ပေးလိုက်မည်ဆိုလျှင် သူမတွင် စိုးရိမ်စရာ မရှိတော့ပေ။ စုန့်ဝေ့ သတိမထားမိသည့် အချိန်တွင် လက်မှတ်တစ်စောင်ဝယ်ကာ ဟောင်ကောင်မှ ထွက်ခွာသွားလိုက်ရုံသာဖြစ်ပေ၏။

စုန့်ဝေ့တွင် ငွေလည်းမရှိ၊ အာဏာလည်းမရှိသည့်အတွက် သူမအား ထပ်မံရှာတွေ့နိုင်မည်ဟု မယုံကြည်ပေ။

နောင်တစ်ချိန်တွင် သူက သူမအား ရှာချင်သည်ဆိုလျှင်ပင် အင်တာနက်များ တိုးတက်လာမည့် ဆယ့်ငါးနှစ်၊ အနှစ်နှစ်ဆယ်ကျော်ကြာမှသာဖြစ်ပေလိမ့်မည်။

ယခု လာမည့် ဆယ်နှစ်အတွင်းမှာတော့ သူမကသာ စုန့်ဝေ့အား တမင်ရှောင်တိမ်းနေမည်ဆိုပါက သူ့အနေဖြင့် သူမအား ရှာတွေ့ရန်မှာ လုံးဝ မဖြစ်နိုင်ပါချေ။

ဤသို့ တွေးတောမိပြီးနောက် စုန့်စစ်ယွီက ထိုပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်းကို စဉ်းစားမိသွားလေတော့သည်။

ထိုနည်းလမ်းက လျို့ကျားယိုပင် ဖြစ်ပေ၏။

သူမက ယခုအချိန်တွင် လျို့ကျားယိုထံသို့သွားကာ သူမကိုချုပ်နှောင်ထားသည့်အကြောင်းပြချက်ကို မေးမြန်းရပေမည်။

ကုမ္ပဏီသို့ ရောက်ရှိပြီးနောက် စုန့်စစ်ယွီကထပ်မံ၍ စိတ်မထိန်းနိုင်တော့ဘဲ လျို့ကျားယိုထံသို့ တိုက်ရိုက် သွားခဲ့သည်။

လျို့ကျားယိုသည်လည်း ဤအချိန်ကို စောင့်မျှော်နေခြင်းဖြစ်ပေ၏။

သို့မှသာ သူ့ဘက်မှ အသာစီး ရနိုင်လိမ့်မည်။

စုန့်စစ်ယွီ၏ စရိုက်အရ သူမက အချိန်အတော်ကြာအောင် အောင့်အည်းနေဦးမည်ဟု ထင်မှတ်ထားခဲ့သည်။

ယခုကဲ့သို့ အမြန်ဆုံး ရောက်ရှိလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါချေ။

သူ အနည်းငယ်ပင် စိတ်ပျက်သွားရချေသည်။

သို့သော်လည်း စုန့်စစ်ယွီ၏ ဖခင် ရောက်လာကြောင်း သူ့၏ လက်အောက်ငယ်သားများက ပြောပြထားခဲ့သည်။

မထူးဆန်းတော့ပေ။ သူမက ဖခင်ဖြစ်သူ၏ အနှောင့်အယှက်များကို ဆက်လက်သည်းမခံနိုင်တော့ခြင်း ဖြစ်ရပေမည်။

လျို့ကျားယိုက ရုံးခန်းထဲတွင်ထိုင်ကာ စုန့်စစ်ယွီအား အပြုံးတစ်ခုနှင့် ကြည့်လိုက်၏။

“ဘာဖြစ်လို့လဲ မစ်စ်စုန့်၊ ဒီနေ့ ကျွန်တော့်ဆီကို ဘာလို့ဒီလောက်တောင် အပြေးအလွှား လာတွေ့ရတာလဲ”

ဒီမြေခွေးအိုကြီး!

စုန့်စစ်ယွီက လျို့ကျားယိုကို စိတ်ထဲမှ ကြိမ်ဆဲလိုက်ပြီး စိတ်အေးအေးထားရန် ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်လေသည်။

“မစ္စတာလျို့၊ ကိစ္စကို ပွင့်ပွင့်လင်းလင်းပဲ ပြောကြရအောင်၊ ကျွန်မရဲ့အဖေ ဟောင်ကောင်ကို လာရှာတဲ့အကြောင်းကို ရှင် သိပြီးသားဖြစ်မှာပါ”

လျို့ကျားယိုက အပြုံးတစ်ခုနှင့် ခေါင်းညိတ်ပြလိုက်လေ၏။

“အိုး.. ဒီအကြောင်းကိုတော့ ကြားမိပါတယ်၊ မစ်စ်စုန့်အတွက် ဂုဏ်ယူပါတယ်၊ အဖေနဲ့ ပြန်တွေ့ကြပြီဆိုတော့ နောက်ဆိုရင် အတူတူနေထိုင်လို့ရပြီပေါ့၊ ခင်ဗျားလည်း တစ်ယောက်တည်း အထီးကျန်မနေတော့ဘူးပေါ့”

အထီးကျန်မနေတော့ဘူး ဟုတ်လား?

သူမသာ ရွေးချယ်ခွင့်ရှိမည်ဆိုပါက စုန့်ဝေ့အား တစ်သက်လုံး ထပ်မတွေ့ရတော့ခြင်းကိုသာ ပို၍ လိုလားပေလိမ့်မည်။

“မစ္စတာလျို့၊ ကျွန်မ အမှန်အတိုင်း ပြောပါ့မယ်၊ ကျွန်မနဲ့ အဖေ့ရဲ့ကြားက ဆက်ဆံရေးက မကောင်းဘူး၊ ကျွန်မ ဟောင်ကောင်ကို လာခဲ့တာကတောင် သူ့ကို ရှောင်ချင်လို့ပဲ

အခု သူက ကျွန်မဆီ ရောက်လာတော့ ကျွန်မအပေါ် အများကြီး သက်ရောက်မှုရှိတယ်၊ ဒါကြောင့် ကျွန်မ ဟောင်ကောင်ကနေ ထွက်သွားဖို့ ဆုံးဖြတ်လိုက်ပြီ”

“ဒါပေမဲ့ အဲဒီမတိုင်ခင်မှာ ကုမ္ပဏီဝန်ထမ်းတစ်ယောက်အနေနဲ့ ရှင့်ဆီကို အရင်ဆုံး နုတ်ထွက်စာ တင်ပါ့မယ်၊ မစ္စတာလျို့၊ ကျွန်မ နုတ်ထွက်လို့ ရမလား?”

စုန့်စစ်ယွီက ပွင့်ပွင့်လင်းလင်းပင် မေးမြန်းလိုက်လေသည်။

၎င်းကသာ ခေါင်းညိတ်လိုက်မည်ဆိုပါက သူမ ချက်ချင်း ထွက်ခွာနိုင်ပေတော့မည်။

ထိုစကားကို ကြားလိုက်ရလျှင် လျို့ကျားယိုက ချက်ချင်း ပြန်မပြောသေးဘဲ စုန့်စစ်ယွီအား အဓိပ္ပာယ်အပြည့်ပါသော အပြုံးဖြင့် ကြည့်နေလေ၏။

သူက စုန့်စစ်ယွီ၏ ပို၍ စိတ်မရှည်ဖြစ်လာသည်အထိ စောင့်ဆိုင်းနေပြီးမှသာ အေးဆေးတည်ငြိမ်စွာ ပြောဆိုလိုက်လေသည်။

“မစ်စ်စုန့်၊ တကယ်တော့ ကျွန်တော်တို့ အတူတူရှိလာတာ နှစ်နှစ်တောင် ရှိပြီပဲ၊ ကျွန်တော်ကတော့ ကျွန်တော်တို့ကြားမှာ သူငယ်ချင်းတွေလိုပဲလို့ အမြဲတွေးခဲ့တာ၊ ဒါပေမဲ့ မစ်စ်စုန့်က ကျွန်တော့်ကို အခုထိ စိတ်ပျက်အောင် လုပ်နေတုန်းပဲလို့ မထင်ထားမိဘူး”

ထိုသို့ပြောပြီးနောက် လျို့ကျားယိုက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကို ခါယမ်းလိုက်လေသည်။

ဒါက ဘာအဓိပ္ပာယ်လဲ။

လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ သူမ သူ့အတွက် လုပ်ပေးခဲ့တာတွေ မလုံလောက်သေးလို့လား?

စုန့်စစ်ယွီ၏ စိတ်ထဲတွင် ရုတ်တရက် နာကျည်းမုန်းတီးမှုများ ဖြစ်ပေါ်လာခဲ့ပြီ။

လျို့ကျားယိုက အတော်လေး လောဘကြီးလွန်းသည်ဟု သူမ ခံစားရ၏။ အကယ်၍ သူမသာ ထိုလုပ်ငန်းစုများတွင် ရင်းနှီးမြှုပ်နှံဖို့ မပြောခဲ့ပါက သူ့ကုမ္ပဏီမှာ ဒီနှစ်နှစ်အတွင်းမှာ ယခုကဲ့သို့လျှင်မြန်စွာ တိုးတက်လာပြီး ငွေရှာနိုင်ပါ့မည်လား။

ကျေးဇူးသိတတ်ဖို့ မဆိုထားနဲ့။ အခုသူမကိုတောင် ပြန်ပြီး ရန်မူနေသေးတယ်။ သူ့ရဲ့ အသိစိတ်ကို ခွေးစားသွားတာ သေချာတယ်။

သူမက ရင်းနှီးမြှုပ်နှံမှု အစည်းအဝေးတွင် သူမ လုပ်ခဲ့သည့်လုပ်ရပ်များ ပေါ်ပေါက်သွားခဲ့ပြီဖြစ်ကြောင်းကို မသိသေးပုံရသည်။

လျို့ကျားယိုသည် ကျယ်လောင်စွာ ရယ်မောလိုက်လေတော့သည်။

“စုန့်စစ်ယွီ၊ စုန့်စစ်ယွီ... မင်းက ကိစ္စကို ပွင့်ပွင့်လင်းလင်း ပြောမယ်ဆို.. ဒါက မင်းရဲ့ ပွင့်လင်းမှုလား?”

“မစ္စတာလျို့၊ ဘာကို ဆိုလိုတာလဲ!”

စုန့်စစ်ယွီတစ်ယောက် စိတ်ရှည်နိုင်စွမ်း ကုန်ခမ်းသွားကာ သည်းမခံနိုင်ဖြစ်လျက် ပြောလိုက်သည်။

“ကျွန်မကိုယ်ကျွန်မ ပြန်မေးကြည့်တယ်၊ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ရှင့်ကို အများကြီး ကူညီခဲ့တာပဲ၊ ရှင်က ဘာကို ထပ်ပြီး ...”

“မစ်စ်စုန့်၊ ကျွန်တော် အမုန်းဆုံးအရာက လိမ်ညာလှည့်ဖြားတာပဲဆိုတာ မင်းသိမှာပါ၊ ဇန်နဝါရီလတုန်းက ကွမ်ကျိုးပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲမှာ မင်းဘက်က ဗိုက်နာတယ်လို့ ကျွန်တော့်ကို လိမ်ပြောပြီး စက်ရုံအငယ်စား နှစ်ခုမှာ သီးသန့်သွားပြီး ရင်းနှီးမြှုပ်နှံခဲ့တယ်မလား၊ အဲဒီအကြောင်းကိုရော ကျွန်တော့်ကို ရှင်းမပြသင့်ဘူးလား?”

ဝုန်း...!

လျို့ကျားယို၏ စကားများက စုန့်စစ်ယွီ၏ နားထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ မြည်ဟည်းသွားတော့သည်။

သူ ဒါကိုဘယ်လိုသိသွားတာလဲ။

လျို့ကျားယိုက နောင်တစ်ချိန်မှာ သူဌေးကြီးဖြစ်လာမဲ့သူဆီမှာ သူမ တိတ်တဆိတ် ရင်းနှီးမြှုပ်နှံထားတာကို ဘယ်လိုလုပ် သိသွားရတာလဲ။

အဲဒီနေ့က သူမ လုပ်ဆောင်ခဲ့တာက အရမ်း လျှို့ဝှက်ခဲ့တာပဲလေ။

စုန့်စစ်ယွီ၏ ထိတ်လန့်တုန်လှုပ်နေသော အမူအရာကို မြင်လိုက်ရသည့်အချိန်တွင် လျို့ကျားယိုကျေနပ်သွားခဲ့သည်။

သို့သော် လျို့ကျားယို၏ အပြုံးက အေးစက်နေခဲ့လေသည်။

“မစ်စ်စုန့်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို ရှင်းပြနိုင်မလား”

“ကျွန်မ... ကျွန်မ...”

လျို့ကျားယိုထံ မလာမီတွင် စုန့်စစ်ယွီက ဤကိစ္စ ပေါ်ပေါက်သွားလိမ့်မည်ဟု လုံးဝ မတွေးထားခဲ့သည့်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြင်ဆင်မထားခဲ့ပေ။

ထို့ကြောင့် ယခုကဲ့သို့ မေးမြန်းခံရသည့်အချိန်တွင်တော့ သူမ၏ ဦးနှောက်ကို အရူးအမူး အလုပ်ပေးကြည့်လျှင်ပင် ပို၍ ဆီလျော်သော ရှင်းပြချက်တစ်ခုကိုပင် စဉ်းစား၍ မရနိုင်တော့ချေ။

“စုန့်စစ်ယွီ၊ တကယ်တော့ ကျွန်တော် မင်းကို မေးချင်နေတာ ကြာပြီ၊ မင်း ဘယ်လိုလုပ်ပြီး အဲဒီလုပ်ငန်းတွေ၊ အဲဒီစီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံရင် အကျိုးအမြတ် အများကြီးရမယ်ဆိုတာကို သိနေရတာလဲ

အရင်တုန်းက မင်းပြောခဲ့တဲ့ ဆင်ခြေတွေကိုတော့ လာမပြောနဲ့ဦး၊ အဲဒီတုန်းက ငါ အဲဒါတွေကို ယုံသလို ဟန်ဆောင်ပေးခဲ့တာက မင်းက ငါ့အတွက် အကျိုးအမြတ်တွေ ယူဆောင်ပေးနိုင်လို့ပဲ၊ အခုတော့ ..”

စုန့်စစ်ယွီက သူ့ကို အလွန်ပင် မကျေမနပ် ဖြစ်နေလေပြီ။ သို့ဖြစ်၍ သူမဘက်မှ သူ့ကို သတင်းကောင်းများကို အလကားသက်သက် ထပ်မံမပေးလောက်တေားပေ။

ထို့ကြောင့်ပင် ဤလျှို့ဝှက်ချက်ကို ဖော်ထုတ်ရန် အချိန်တန်လေပြီ။

“မစ္စတာလျို့၊ ကျွန်မ အစကတည်းက ရှင့်ကို ရှင်းရှင်းလင်းလင်း ပြောပြီးသားပါ။ ကျွန်မက ဗီဇခံစားမှုအပေါ်မှာပဲ မူတည်ပြီးရွေးချယ်တာ၊

ရှင် မယုံဘူးဆိုရင်လည်း ကျွန်မ ဘာမှ မတတ်နိုင်ဘူး”

လျို့ကျားယိုအနေဖြင့် ဤရှင်းပြချက်ကို ထပ်မံယုံကြည်တော့မည် မဟုတ်ကြောင်း စုန့်စစ်ယွီ သိသော်လည်း၊ သူမက ပြန်လည်မွေးဖွားလာသူဟူသော အမှန်တရားကိုတော့ ပြောပြ၍ မဖြစ်ပေ။

ဤသည်က သူမ၏ အကြီးမားဆုံးသော လျှို့ဝှက်ချက်ဖြစ်ပြီး သူမ၏ အကြီးမားဆုံးသော အားကိုးရာလည်း ဖြစ်ပေ၏။

အပြင်လူ တစ်ဦးတစ်ယောက်ကိုမျှ လ သိခွင့်ပေး၍ မဖြစ်ချေ။

လက်ရှိအချိန်တွင်တော့ စုန့်စစ်ယွီအနေဖြင့် ထိုအချိန်က စိတ်လွတ်ပြီး စုန့်ဝေ့အား လျှို့ဝှက်ချက်ကြီးကို ပြောပြခဲ့မိသည့်အပေါ် နောင်တရနေမိနေလေပြီ။

ယခုအချိန်တွင် အခြေအနေတို့က ဆိုးရွားလာခဲ့ပြီ။ သူမနှင့် စုန့်ဝေ့တို့မှာလည်း လုံးဝ အဆက်အသွယ်ပြတ်တောက်သွားကြပြီပင်။

ထို့ကြောင့် စုန့်ဝေ့တစ်ယောက် စိတ်ဓာတ်ကျပြီး သူမ၏ လျှို့ဝှက်ချက်ကို ထုတ်ပြောလိုက်မည်ကို သူမ အမှန်တကယ် စိုးရိမ်နေမိသည်။

ဤသို့တွေးမိရင်း စုန့်စစ်ယွီက ချက်ချင်းပင် ထပ်မံ စိုးရိမ်ပူပန်လာပြန်၏။ သို့သော် လျို့ကျားယိုမှာတော့ သူအလိုရှိသည့် အဖြေကို မကြားရသည့်အတွက် စိတ်ရှည်နိုင်စွမ်း ရုတ်တရက် ကုန်ခမ်းသွားချေပြီ။

“ကောင်းပြီလေ၊ မစ်စ်စုန့်က ကျွန်တော့်ကို လျှို့ဝှက်ချက်အကြောင်း မပြောချင်ဘူးဆိုတော့လည်း မင်းဘက်က ကျွန်တော့်အပေါ် ယုံကြည်မှု မရှိသေးလို့ ဖြစ်မှာပေါ့

ဒီလိုဆိုရင်တော့ မစ်စ်စုန့် ကျွန်တော့်ကို အပြည့်အဝ ယုံကြည်လာအောင် နောက်ထပ် အချိန်တစ်ခုအထိ လက်တွဲပြီးအလုပ်လုပ်ရဦးမယ် ထင်ပါတယ်၊ အဲဒီကျမှ တခြားကိစ္စတွေကို ဆက်ပြောကြတာပေါ့”

ဆိုလိုသည်မှာ စုန့်စစ်ယွီအနေဖြင့် သူမ၏ လျှို့ဝှက်ချက်ကို မပြောပြသရွေ့ လျို့ကျားယိုသည်လည်း သူမအား လွှတ်ပေးမည်မဟုတ်ပေ။

စုန့်စစ်ယွီတစ်ယောက် အကြိမ်ကြိမ် သည်းခံနေသော်လည်း ဒေါသထွက်နေသည့် မျက်နှာအမူအရာကို မဖုံးကွယ်နိုင်တော့ချေ။

*

အခန်း(480)

“မစ်စ်စုန့်က ကျွန်တော့်ကို ဘာလို့ ဒီလိုကြည့်နေရတာလဲ. အာ.. ကျွန်တော်က မင်းရဲ့ နေထိုင်မှု လွတ်လပ်ခွင့်ကို ကန့်သတ်ထားမယ်လို့ မပြောပါဘူး၊ ဒါပေမဲ့ မင်းလည်း သိတဲ့အတိုင်းပဲလေ၊

ကျွန်တော့်ရဲ့ ပြည်မကြီးက လုပ်ငန်းတွေက အခု အဆင်ပြေနေပြီ၊ တကယ်လို့ မစ်စ်စုန့်က နောင်တစ်ချိန်မှာ ပြည်မကြီးကို ပြန်သွားမယ်ဆိုရင်လည်း ကျွန်တော်တို့ ပြန်တွေ့ကြဦးမှာပါပဲ”

သူက စုန့်စစ်ယွီ သူ၏လက်ခုပ်ထဲမှ လွတ်ထွက်သွားနိုင်မည်ဟု မယုံကြည်ပေ။

သူမသာ ဂရုမစိုက်ဘဲ ထွက်ခွာသွားခဲ့မည်ဆိုပါက တခြားအလုပ်တစ်ခုခုကို လုပ်ချင်သည့်အချိန်တွင်တော့ သူမကို ထိုမျှလောက် အလွယ်တကူ ဖွံ့ဖြိုးတိုးတက်ခွင့် ပေးမည်မဟုတ်ချေ။

လျို့ကျားယို၏ စကားများထဲမှ ခြိမ်းခြောက်သံကို ကြားလိုက်ရသည့်အချိန်တွင် စုန့်စစ်ယွီတစ်ယောက် ဒေါသထွက်လွန်း၍ အရူးတစ်ယောက်ကဲ့သို့ဖြစ်သွားချေပြီ။

အကယ်၍ လျို့ကျားယိုအား လျှို့ဝှက်ချက်ကို မပြောပြလျှင် သူက သူမ၏ တိုးတက်မှုကို အစွမ်းကုန် နှောင့်ယှက်ပေလိမ့်မည်။

ထို့အတူ ပြောပြလိုက်မည်ဆိုပါကလည်း ဤကဲ့သို့သော အံ့ဖွယ်လျှို့ဝှက်ချက်ရှိသည့် သူမအား အလွှတ်ပေးမည် မဟုတ်ပေ။

သူမ ဘာလုပ်ရတော့မလဲ။

ဤအချိန်တွင် စုန့်စစ်ယွီတစ်ယာက် လျို့ကျားယို၏ရှေ့တွင် အရည်အချင်းများကို ထုတ်ပြခဲ့မိသည့်အပေါ် အလွန်အမင်း နောင်တရမိသည်။

အကယ်၍ သူမသာ အနည်းငယ်လောက် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ခဲ့မည်ဆိုပါက လျို့ကျားယို သူမအား ဤမျှအထိ စောင့်ကြည့်နေလိမ့်မည် မဟုတ်ပေ။

နောင်တရနေသော်လည်း အတိတ်ကို ပြန်သွား၍ မရနိုင်တော့ပါချေ။

ယခု ဒုက္ခမှ လွတ်မြောက်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ သူမ၏ လျှို့ဝှက်ချက် အစစ်အမှန်ကို မဖော်ပြဘဲ လျို့ကျားယိုအား လှည့်စားနိုင်မည့် ဆင်ခြေတစ်ခုကို အမြန်ဆုံး စဉ်းစားရန်သာဖြစ်ပေ၏။

အဆုံးတွင် စုန့်စစ်ယွီက အံကို တင်းတင်းကြိတ်လျက် ခဏမျှ တွေးတောကာ လျို့ကျားယိုအား ပြောလိုက်သည်။

“မစ္စတာလျို့၊ ကျွန်မကို နှစ်ရက်လောက် အချိန်ပေးပါဦး၊ နှစ်ရက်ကြာပြီးရင်တော့ ကျွန်မ လျှို့ဝှက်ချက် အားလုံးကို ပြောပြပါ့မယ်”

နှစ်ရက်လား။ ရတာပေါ့။

လျို့ကျားယိုသည် ဤနှစ်ရက်အတွင်း သူမ မည်သည့်လှည့်ကွက်ကိုမျှ ထုတ်နိုင်မည်မဟုတ်ကြောင်း နားလည်ထား၏။

မည်သို့ပင်ဖြစ်စေ သူက ငတုံးတစ်ယောက် မဟုတ်သောကြောင့် စုန့်စစ်ယွီကို စောင့်ကြည့်ရန်အတွက် လူများကို စေလွှတ်ထားဦးမည်ပင်။

လျို့ကျားယိုက ခွင့်ပြုလိုက်သောကြောင့် စုန့်စစ်ယွီသည်လည်း နှစ်ရက်တာလောက် အသက်ရှူချိန် ရရှိသွားခဲ့လေသည်။

သူမက အလုပ်လုပ်ရန် စိတ်မပါတော့သကဲ့သို့ အိမ်ကိုပြန်၍ စုန့်ဝေ့ကိုလည်း မတွေ့ချင်ပါချေ။ ထို့ကြောင့် ကုမ္ပဏီမှ တိုက်ရိုက်ထွက်ခွာကာ အနီးရှိ ပန်းခြံတစ်ခုသို့ သွားလိုက်လေ၏။

သူမရဲ့ နောက်မှ တစ်စုံတစ်ယောက် လိုက်ပါနေသည်လား။

စုန့်စစ်ယွီတစ်ယောက် လှည့်မကြည့်ဘဲ သိနေခဲ့သည်။

တစ်ယောက်တည်းတောင် မဟုတ်နိုင်ပေ။

လျို့ကျားယိုက သူမအား ထိုမျှလွယ်လွယ်နှင့် လွှတ်ပေးလိမ့်မည်ဟု မထင်ပါချေ။

သို့သော် သူမအနေဖြင့် ထိုအဓိပ္ပာယ်မရှိသည့် အရာများကို ဂရုမစိုက်နိုင်တော့ပေ။ ယခု အရေးကြီးဆုံးမှာ လျို့ကျားယိုအား လိမ်ညာနိုင်မည့် ဆင်ခြေတစ်ခုကို ရှာဖွေရန်နှင့် ဟောင်ကောင်မှ အမြန်ဆုံး ထွက်ခွာကာ လျို့ကျားယိုနှင့် စုန့်ဝေ့တို့၏ အမြင်အာရုံမှ ပျောက်ကွယ်သွားရန်သာ ဖြစ်ပေသည်။

သို့ဖြင့် စုန့်စစ်ယွီက ပန်းခြံထဲ၌ တစ်နေ့လည်ခင်းလုံး ထိုင်နေခဲ့ပြီး ဦးနှောက်ဆဲလ်ပေါင်း များစွာကို အသုံးချ၍ တွေးတော့ခဲ့သည်။

နောက်ဆုံးတွင် ဖြစ်နိုင်ခြေရှိသော ဖြေရှင်းချက်တစ်ခုကို စဉ်းစားမိသွားလေသည်။ ညမှောင်လာသည့်အချိန်တွင်တော့ စုန့်စစ်ယွီက အိမ်သို့ ပြန်လာခဲ့လေ၏။

တစ်နေ့လုံး အိမ်တွင် ရှိနေခဲ့သော စုန့်ဝေ့မှာတော့ သူမ ပေါ်လာသည်ကို မြင်လိုက်ရမှသာ စိုးရိမ်စိတ်များ ငြိမ်သက်သွားရလေတော့သည်။

စုန့်စစ်ယွီသည် ဟောင်ကောင်ရှိ အရာအားလုံးကို ပြတ်ပြတ်သားသား စွန့်လွှတ်လိမ့်မည်ဟုတော့ သူ မယုံကြည်ပါချေ။

သို့သော်လည်း သူမ အလုပ်သွားနေရင်းဖြင့် မည်သည်ကိုမျှ ဂရုမစိုက်ဘဲ ထွက်ပြေးသွားမည်ကို အမှန်တကယ်ပင် စိုးရိမ်နေခဲ့မိသည်။

ကံကောင်းစွာဖြင့် သူမက ဟောင်ကောင်ရှိ အရာအားလုံးကို စွန့်ပစ်ရန် ဝန်လေးနေသေးပုံရ၏။

ဆိုရလျှင် စုန့်ဝေ့အနေဖြင့် ဤနေရာသို့ ရောက်လာသည်မှာ တစ်ရက်သာ ရှိသေးသော်လည်းဟောင်ကောင်မှာ ပို၍ စည်ကားသာယာပြီး သက်ဝင်လှုပ်ရှားနေသည်ဟု ခံစားရပေသည်။ နေရာတိုင်း၌ မြင့်မားသော အဆောက်အဦးများ ရှိနေရုံသာမက လူများမှာလည်း အလွန်ပင် ချမ်းသာကြပုံရပေသည်။

အခွင့်အလမ်းများကလည်း နေရာတိုင်းတွင် ရှိနေသောကြောင့် သူသာဆိုလျှင်လည်း ဤကဲ့သို့သော နေရာမျိုးမှ ထွက်ခွာသွားရန် ဝန်လေးပေလိမ့်မည်။

ထို့ကြောင့် စုန့်ဝေ့က ယခုအချိန်တွင် ဟောင်ကောင်တွင် အခြေချ၍ ဖွံ့ဖြိုးတိုးတက်ရန် စတင်စီစဉ်နေခဲ့လေပြီ ။

သို့သော် စီးပွားရေးအကြီးအကျယ် လုပ်ကိုင်လိုပါက ရန်ပုံငွေ လိုအပ်ပေလိမ့်မည်။ သူ့၏လက်ထဲတွင် ငွေမရှိသော်လည်း စုန့်စစ်ယွီ ရှိနေသေးသည် မဟုတ်ပါလား။

“စစ်ယွီ၊ ပြန်လာပြီလား၊ အလုပ်မှာ ပင်ပန်းလာမှာပေါ့”

စုန့်ဝေ့က ဆိုဖာပေါ်တွင် ထိုင်ကာ တီဗွီကို သက်သောင့်သက်သာ ကြည့်ရှုရင်း တံခါးဘက်သို့ လှည့်ကြည့်ကာ ဝတ္တရားအရ မေးမြန်းလိုက်လေသည်။

စုန့်စစ်ယွီကလည်း မည်သည့် အမူအရာမျှ မပြဘဲ လေသံဖြင့်သာ တုံ့ပြန်လိုက်၏။ စုန့်ဝေ့က ရောက်ရှိလာသည်မှာ တစ်ရက်သာ ရှိသေးသော်လည်း သူမ၏ အိမ်ကို သိမ်းပိုက်ထားကာ အိမ်ရှင်တစ်ယောက်ကဲ့သို့ ပြုမူနေခဲ့သည်။

ထိုအမူအရာတို့က သူမကို ပို၍ ရွံရှာစက်ဆုပ်မိစေခဲ့သည်။

သို့သော် လျို့ကျားယို၏ လက်မှ လွတ်မြောက်ရန်အတွက် စုန့်ဝေ့၏ အကူအညီ လိုအပ်နေသည်ဟု တွေးမိပြီးနောက် စုန့်စစ်ယွီက သူမ၏ ရင်ထဲမှ ရွံရှာစက်ဆုပ်မှုများကို တတ်နိုင်သမျှ ဖိနှိပ်ထားလိုက်ရပြန်သည်။

“အင်း၊ ကျွန်မ ပြန်လာပါပြီ”

ထိုသို့ပြောပြီးနောက် စုန့်စစ်ယွီက ရုတ်တရက် စကားစလိုက်သည်။

“အဖေ၊ ကျွန်မ အဖေ့ကို ပြောစရာ ရှိတယ်”

စုန့်ဝေ့က အသံတိုးတိုးဖြင့်တုံ့ပြန်ခဲ့သော်လည်း သူ၏ အမူအရာက သတိထားနေပုံရလေ၏။

“ဘာကိစ္စလဲ”

အကယ်၍ သူမကသာ သူ့ကို ထပ်မံအော်ဟစ်ရန် သို့မဟုတ် နှင်ထုတ်ရန် ကြိုးစားဦးမည်ဆိုပါက သူ့အနေဖြင့် သူမနှင့် ဆက်လက်စကားပြောနေရန် စိတ်ရှည်နိုင်တော့မည် မဟုတ်ပေ။

စုန့်ဝေ့ သတိထားနေသည်ကို မြင်လျှင် စုန့်စစ်ယွီ စိတ်ထဲမှ လှောင်ရယ်လိုက်မိ၏။

စုန့်ဝေ့က ဆင်းရဲနွမ်းပါးပြီး အစွမ်းအစမရှိတော့သည့် အဖိုးကြီးတစ်ယောက်သာဖြစ်ပြီး တန်ဖိုးမရှိတော့ပေ။

မဟုတ်သေးဘူး။ သူ့မှာ အသုံးဝင်တဲ့ အချက်တစ်ခုတော့ ကျန်သေးတယ်။

သူ့ကို သူမအတွက် ဓားစာခံအဖြစ် အသုံးချနိုင်သေးတယ်လေ။

ယနေ့မွန်းလွဲပိုင်းက သူမ တွေးတောထားခဲ့သော ဖြေရှင်းချက်ကို တွေးမိပြီး စုန့်စစ်ယွီ၏ မျက်ခုံးများက ပြေလျော့သွားရလေသည်။

“အဖေ၊ ကျွန်မ ကုမ္ပဏီက ခေါင်းဆောင်နဲ့ အဆင်မပြေဖြစ်နေတယ်၊ အဖေ သိတဲ့အတိုင်းပဲ၊ ကျွန်မက အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုတွေကို ကြိုသိနေတာလေ

တကယ်တော့ ကျွန်မ ပြည်မကြီးကို ပြန်ပြီး စီးပွားရေးလုပ်ချင်တာ ကြာပြီ၊ ဒါပေမဲ့ ဒီခေါင်းဆောင်က ကျွန်မကို အလွှတ်မပေးဘဲ ကုမ္ပဏီမှာပဲ ဆွဲထားတယ်၊ ကျွန်မရဲ့ တိုးတက်မှုကို ကန့်သတ်ထားတာ”

စုန့်ဝေ့က ထိုစကားကို ကြားသောအခိုက်တွင် “နှမြောစရာကောင်းလိုက်တာ၊ ဒီခေါင်းဆောင်က ဘယ်လိုလုပ် ဒီလိုလုပ်ရတာလဲ?” ဟူသည့် အမူအရာမျိုး လုပ်ပြလိုက်သော်လည်း၊ သူ၏ စိတ်ထဲတွင်တော့ လက်ခုပ်တီး၍ “အရမ်း ကောင်းတဲ့အလုပ်ပဲ!” ဟု အော်ဟစ်နေမိသည်။

ထိုခေါင်းဆောင်မှာ ထက်မြက်သူတစ်ယောက်ဖြစ်ပုံရပေသည်။ စုန့်စစ်ယွီနှင့် အချိန်အနည်းငယ်သာ အတူရှိရသေးသော်လည်း သူမ၏ သရုပ်မှန်ကို မြင်နိုင်ခဲ့ချေပြီ။

နှမြောစရာကောင်းပေ၏။

သူကိုယ်တိုင်ကတော့ စုန့်စစ်ယွီ၏ ဖခင်အရင်းအဖြစ် သူမကို ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်ခဲ့သော်လည်း သူမ၏ နှလုံးသားက မည်မျှအထိ ယုတ်မာလှသည်ကို မမြင်နိုင်ခဲ့ချေ။

ထို့နောက် စုန့်ဝေ့က သက်ပြင်းချလိုက်သည်။

“အာ.. ဒါဆိုရင်တော့ ဒီခေါင်းဆောင်က အတော်လေး လွန်တာပဲ၊ အဖေကတော့ သမီးကို ယုံကြည်ပါတယ်၊ သမီးသာ အခွင့်အရေးရရင် ဒီထက်ပိုပြီး ကောင်းကောင်း ဖွံ့ဖြိုးတိုးတက်နိုင်မှာပါ”

“ဒါပေမဲ့ စစ်ယွီ၊ သမီးလည်း မြင်တဲ့အတိုင်းပဲ၊ အဖေက အခု အရင်လို အင်ဂျင်နီယာကြီး မဟုတ်တော့ဘူး၊ အဖေ့မှာ အလုပ်အကိုင်ကောင်းကောင်းလည်း မရှိဘူး၊ ငွေလည်း မရှိဘူး၊ အဖေ သမီးအတွက် ဘာလုပ်ပေးနိုင်မှာလဲ?”

သူ့အနေဖြင့် စုန့်စစ်ယွီတွင် မည်သို့သော အစီအစဉ်ရှိသည်ကို သိရှိလိုသောကြောင့် တိုက်ရိုက်ပင် ငြင်းပယ်ခြင်း မပြုခဲ့ပေ။

သူမက သူ့ကို ထပ်ပြီး လှည့်စားဦးမလို့လား။ သူ့ကိုအရူးလို့ထင်နေတာလား။

စုန့်စစ်ယွီလည်း စုန့်ဝေ့က ပြန်လည်မေးမြန်းလာသည်ကို မြင်လျှင် သူ့၏ မျက်နှာကို ခဏမျှ စိုက်ကြည့်နေမိ၏။ ဤခဏတာတွင် သူ၏အတွေးကို သူမ လုံးဝ ခန့်မှန်း၍ မရနိုင်တော့ချေ။

ကြည့်ရသည်မှာ စုန့်ဝေ့က သူမအပေါ် အမှန်တကယ်ပင် သတိထားနေသောကြောင့် သူ့၏ စိတ်ရင်းကိုပင် သူမအား အသိမပေးတော့ခြင်း ဖြစ်ရပေမည်။

ကောင်းပြီလေ၊ အဲဒီလိုဆိုမှတော့ သူမအနေနဲ့လည်း အားနာနေစရာ မလိုတော့ဘူးပေါ့။

ဘာပဲဖြစ်ဖြစ် စုန့်ဝေ့ကလည်း သူမကို သမီးတစ်ယောက်လို သဘောမထားတော့ဘူးမလား?

“အဖေ၊ အဲဒီလို မပြောပါနဲ့၊ အခု အဖေ့မှာ အလုပ်မရှိသေးပေမဲ့ အဖေ့ရဲ့ အရည်အချင်းနဲ့ဆိုရင် မကြာခင်မှာ ပြန်ပြီး ထူထောင်နိုင်မှာပါလို့ ကျွန်မ ယုံကြည်ပါတယ်”

စုန့်ဝေ့ စိတ်ထဲမှရယ်မောလိုက်လေ၏။

“ပြီးတော့ အခု ကျွန်မ အဖေ့ကို အကူအညီတောင်းချင်တဲ့ ကိစ္စကလည်း သိပ်ပြီး မခက်ခဲပါဘူး၊ ကျွန်မနဲ့အတူ ပြဇာတ်တစ်ခုမှာ ပူးပေါင်းပြီး သရုပ်ဆောင်ပေးဖို့ပါပဲ”

ပြဇာတ်ကပြဖို့ ဟုတ်လား။

စုန့်စစ်ယွီ၏ စကားကြောင့် စုန့်ဝေ့ အမှန်တကယ်ပင် စိတ်ဝင်စားသွားရလေသည်။ သူမက သူမ၏ ခေါင်းဆောင်ကို လှည့်စားရန်အတွက် သူနှင့် ပူးပေါင်းချင်နေတာများလား။

စုန့်ဝေ့ စိတ်ဝင်စားသွားသည်ကို မြင်လျှင် စုန့်စစ်ယွီက သူမ ကြံစည်ထားသမျှကို ချက်ချင်းပင် ပြောပြလိုက်တော့သည်။

စုန့်စစ်ယွီ ပြောပြပြီးနောက်တွင်တောာ့ သူမ လုပ်ချင်နေသည့်အရာကို စုန့်ဝေ့ သဘောပေါက်သွားခဲ့လေပြီ။

*

All Chapters