အခန်း (၄၇၁-၄၇၂)
Vol. 48 Ch. 471-472
အခန်း(471)
အဘွားလင်းမှာ ဇွဲရှိသောလူတစ်ဦး ဖြစ်ပေသည်။ သူမက ကွမ်ကျိုးသို့ တစ်ခါမျှ မရောက်ဖူးသော်လည်း မသိလျှင် မေးမြန်းသွားမည်ဟုသာ ဆုံးဖြတ်လိုက်သည်။ သူတို့မပါဘဲ သူမ မလုပ်နိုင်သည်တော့ မဟုတ်ပါချေ။
ထို့ကြောင့် နောက်တစ်နေ့တွင် အဘွားလင်းက အထုပ်အပိုးများကို ပြင်ဆင်ကာ မြို့ထဲသို့ ထွက်လာခဲ့လေသည်။
သေချာပေ၏။ သူမက နှုတ်မဆက်ဘဲ ထွက်လာခဲ့ခြင်းမဟုတ်ဘဲ၊ ကွမ်ကျိုးရှိ လင်းကျန်းအန်းနှင့် လင်းရန်တို့ထံ သွားမည်ဖြစ်ကြောင်း တပ်မဟာခေါင်းဆောင်ကို မှာခဲ့ရန် သတိရခဲ့သည်။
တပ်မဟာခေါင်းဆောင်ကလည်း အဘွားလင်းမှ မိသားစုဝင်များနှင့် ဤကိစ္စကို တိုင်ပင်ပြီးသားဟု ထင်မှတ်နေခဲ့သဖြင့် ထွေထွေထူးထူး မစဉ်းစားမိခဲ့ပေ။
ထိုနေ့ညတွင် လင်းမိသားစုမှ သားကြီးနှင့် တတိယသားတို့က လူပျောက်ရှာရင်းဖြင်း တပ်မဟာအတွင်း လိုက်လံစုံစမ်းတော့မှသာ အဘွားလင်းမှ မိသားစုဝင်များကို မပြောဘဲ ထွက်သွားခြင်းဖြစ်ကြောင်း တပ်မဟာခေါင်းဆောင် သဘောပေါက်သွားရတော့၏။
သို့သော် ထိုအချိန်တွင် အဘွားလင်းသည်က ရထားပေါ်သို့ ရောက်ရှိနေလောက်ပြီဖြစ်၍ လိုက်လံရှာဖွေလျှင်လည်း မှီနိုင်တော့မည်မဟုတ်ပေ။
ထို့ကြောင့် တပ်မဟာခေါင်းဆောင်က လင်းကျန်းအန်းထံသို့ အလျင်အမြန် ဖုန်းဆက်၍ ဤအကြောင်းကို ပြောပြခဲ့ရပြီး ရထားဘူတာရုံသို့သွား၍ လူကြိုရန် မမေ့ဖို့ရန်လည်း မှာခဲ့လေသည်။
အကယ်၍ လူချင်းဆုံမိပါက အရာအားလုံး အဆင်ပြေသွားမည်ဖြစ်သော်လည်း လူချင်းလွဲချော်သွားပါက ရဲစခန်း၌ လူပျောက်တိုင်ရမည့် အခြေအနေမျိုးသို့ ရောက်ရှိသွားနိုင်သည်။
လင်းကျန်းအန်း ပြောပြသည့်စကားများကို နားထောင်ပြီးနောက် လင်းရန်တစ်ယောက် ဒေါသလည်းထွက်ကာ စိတ်လည်းမကောင်းလည်းဖြစ်သွားရလေသည်။
အဘွားလင်းမှာ အမှန်တကယ်ပင် ရဲတင်းလွန်းသည်။ သူမက အသက်ကြီးနေပြီဖြစ်သော်လည်း ကလေးတစ်ဦးကဲ့သို့ပင် ပြုမူနေဆဲ ပင်။
“မင်းအဘွားရဲ့ စိတ်ကတော့ အဲဒီအတိုင်းပဲ၊ ငါတို့မိသားစုထဲမှာ ဘယ်သူမှ သူ့ကို အနိုင်မရဘူး၊ သူရောက်လာရင်တော့ ရန်ရန်... မင်းကပဲ သူ့ကို သေသေချာချာ ပြောပြပေးပါဦး၊ နောက်ကို ဒီလိုမျိုး မလုပ်ဖို့ နားချပေးလိုက်ပါ”
မိသားစုတစ်ခုလုံးတွင် အဘွားလင်း နားအထောင်ဆုံးမှာ လင်းရန်၏ စကားသာ ဖြစ်ပေ၏။ ထို့ကြောင့် သူမအား အဘွားအိုကို ဆုံးမခိုင်းခြင်းမှာ အကောင်းဆုံး နည်းလမ်းပင် ဖြစ်ပေသည်။
လင်းရန်တစ်ယောက် လင်းကျန်းအန်းအား တိတ်တဆိတ် ကြည့်လိုက်မိ၏။ အဖေလင်းသည်က ဤမျှအထိ တာဝန်လွှဲတတ်သူတစ်ဦး ဖြစ်လိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။
လင်းကျန်းအန်း: အဟမ်း...
သူလည်း မတတ်နိုင်ဘဲ အကြပ်ကိုင်ခံရခြင်းသာ ဖြစ်ပေသည်။
သို့သော် ယခုအချိန်တွင် ဤသို့ပြောနေရန် စောလွန်းသေးပေသည်။
အရေးကြီးဆုံးမှာ အဘွားလင်းအား အောင်မြင်စွာ ကြိုဆိုနိုင်ရန်သာ ဖြစ်သည်။ မဟုတ်လျှင် အဘွားလင်းက အမှန်တကယ် လမ်းပျောက်သွားလျှင် ပြဿနာတက်နိုင်ပေသည်။
ထို့ကြောင့် ထိုနေ့မွန်းလွဲပိုင်းတွင် လင်းရန်ပ ဆိုင်တံခါးဝ၌ “လုပ်ငန်းကိစ္စကြောင့် မနက်ဖြန် ဆိုင်ပိတ်ပါသည်” ဟူသော အသိပေးချက်ကို အလျင်အမြန် ကပ်လိုက်ပြီး၊ နောက်တစ်နေ့ မနက်စောစောတွင် ရထားဘူတာရုံ၌ သွားရောက်စောင့်ဆိုင်းရန် စီစဉ်လိုက်လေသည်။
ထိုနေ့ညတွင် လင်းရန်မှာ အဘွားလင်းအကြောင်းကို တွေးတောနေမိသောကြောင့် တစ်ညလုံး အိပ်၍မပျော်နိုင်ခဲ့ပါချေ။
စုန့်ရှီးယန်သည်လည်း ဤအကြောင်းကို သိရှိသွားချိန်တွင် သူမအား နှစ်သိမ့်ပေးရုံသာမက၊ မနက်ဖြန်တွင်လည်း ခွင့်ယူကာ လင်းရန်တို့နှင့်အတူ ရထားဘူတာရုံသို့ သွားရောက်စောင့်ဆိုင်းရန် စီစဉ်ခဲ့လေသည်။
“စိတ်မပူပါနဲ့၊ အဘွားက အရမ်းဖျတ်လတ်တဲ့သူပဲလေ၊ ဘာမှဖြစ်မှာမဟုတ်ပါဘူး”
အဘွားလင်းတစ်ယောက် လမ်းပျောက်သွားပါက မည်သို့ဖြစ်လာမည်ကို လင်းရန် မတွေးရဲသည့်အတွက် အကောင်းဆုံးကိုသာ တွေးတောနေမိရသည်။
“အင်း.. အဘွားက ဘေးကင်းကင်းနဲ့ ရောက်လာမှာ သေချာပါတယ်!”
အဘွားလင်းအတွက် အလွန်စိုးရိမ်နေသောကြောင့် လင်းရန်က နောက်တစ်နေ့ မနက် မိုးမလင်းမီကတည်းက စောစောထခဲ့လေသည်။
စုန့်ရှီးယန်က သူမကို ရထားဘူတာရုံသို့ အမြန်မောင်းနှင်ပို့ဆောင်ပေးခဲ့သည်။ သူတို့နှစ်ဦး ရထားဘူတာရုံသို့ ရောက်ရှိချိန်တွင် မနက်ရှစ်နာရီခန့်သာ ရှိသေးသော်လည်း ဘူတာအပြင်ဘက်၌ ကြိုတင်စောင့်ဆိုင်းနေသော လင်းကျန်းအန်းကို အဝေးမှပင် မြင်တွေ့လိုက်ရလေ၏။
“အဖေ... အဖေနဲ့ ရန်ရန် ဒီမှာ ခနလောက်စောင့်နေကြနော်၊ ကျွန်တော် အထဲကို ဝင်လို့ရမလားဆိုတာ သွားကြည့်လိုက်ဦးမယ်”
သူတို့က ခရီးသည်များမဟုတ်သည့်အတွက် ရထားပလက်ဖောင်းထဲသို့ တိုက်ရိုက်ဝင်၍ မရနိုင်ပေ။ စုန့်ရှီးယန်က ဘူတာရုံဝန်ထမ်းများကို အကူအညီတောင်းကာ ပလက်ဖောင်းပေါ်သို့ ဝင်ရောက်စောင့်ဆိုင်းခွင့် ရ၊ မရ စုံစမ်းရန် ကြံစည်ခြင်းဖြစ်ပေသည်။
ဤသို့ဆိုလျှင် အဘွားလင်း ရထားပေါ်မှ ဆင်းလာသည်ကို ချက်ချင်း မြင်တွေ့နိုင်မည် မဟုတ်ပါလား။
“ကောင်းပါပြီ ရှောင်စုန့်၊ မင်းလည်း ပင်ပန်းရပြီပဲ”
လင်းကျန်းအန်းသည်လည်း ဤအချိန်တွင် စုန့်ရှီးယန်ကို အားနာနာဖြင့်ပင် ထိုကိစ္စကို အမြန်ဆုံးဆောင်ရွက်ရန် တိုက်တွန်းလိုက်ရလေသည်။
သူတို့သုံးဦးထဲတွင် စုန့်ရှီးယန်သာလျှင် လူမှုဆက်ဆံရေး အကျယ်ပြန့်ဆုံးဖြစ်ပြီး သူ၏အဆင့်အတန်းဖြင့်ဆိုပါက ပလက်ဖောင်းထဲသို့ ဝင်ခွင့်ရနိုင်ကောင်းပေ၏။
သို့သော် စုန့်ရှီးယန် ဘူတာရုံအတွင်းသို့ ဝင်သွားချိန်မှာပင် တစ်ဖက်မှ တစ်စုံတစ်ယောက်က လင်းရန်ကို လှမ်းခေါ်လိုက်လေသည်။
“စားဖိုမှူးလေးလင်းမလား”
လင်းရန်က မသိစိတ်ဖြင့် အသံလာရာသို့ လှည့်ကြည့်လိုက်လျှင် ရင်းနှီးနေသော မျက်နှာတစ်ခုကို ရုတ်တရက် မြင်တွေ့လိုက်ရ၏။
“မင်္ဂလာပါရှင်... ကျွန်မ ရှင့်ကို ...”
“စားဖိုမှူးလေးလင်း... ကျွန်တော့်ကို မှတ်မိမှာမဟုတ်တော့ဘူး၊ လွန်ခဲ့တဲ့ ရက်နည်းနည်းလောက်ကပဲ မင်းရဲ့ဆိုင်မှာ လာစားခဲ့တာလေ! အိုး... မင်း နောက်ဆုံးအကြိမ် ချက်ကျွေးခဲ့တဲ့ ဟင်းလက်ရာကတော့.. စားပြီးကတည်းက အိပ်မက်ထဲအထိ ထည့်မက်နေတာပဲ
ဒါပေမဲ့ နောက်ပိုင်းသွားတဲ့အချိန်ကျတော့ မင်းက အလုပ်ရှုပ်နေတာနဲ့.. တန်းစီဖို့လည်း အချိန်မရှိတာနဲ့ မစားဖြစ်တော့ဘူး”
ထိုသို့ပြောလာချိန်တွင် တစ်ဖက်လူ၏ လေသံမှာ နှမြောမှုများဖြင့် ပြည့်နှက်နေလေသည်။ လင်းရန်တစ်ယောက် အားနာသော်လည်း ယဉ်ကျေးသော အပြုံးဖြင့်သာ တုံ့ပြန်လိုက်၏။
သူမ၏ စိတ်ထဲ၌ အဘွားလင်း၏အကြောင်းကိုသာ တွေးတေကိစ္စသည့်အတွက်သဖြင့် စကားပြောနေရန် စိတ်မပါလှပေ။
တစ်ဖက်လူသည်က လင်းရန်၏ မျက်မှောင်ကြုတ်နေသော စိုးရိမ်ပူပန်မှုများကို မြင်တွေ့သွားကာ မေးမြန်းလာလေသည်။
“စားဖိုမှူးလေးလင်း... တစ်ခုခု ဖြစ်လို့လား”
ရထားဘူတာရုံသို့ ရောက်ရှိနေခြင်းမှာ ရထားလွဲသွား၍လား သို့မဟုတ် အချိန်မီ မရောက်ရှိနိုင်ခြင်းကြောင့်များလား။
“ကျွန်တော်က ဒီရထားဘူတာရုံမှာ အလုပ်လုပ်တာလေ၊ စားဖိုမှူးလေးလင်းအနေနဲ့ မကန့်ကွက်ဘူးဆိုရင် ဘာအခက်အခဲရှိလဲ ပြောပြနိုင်ပါတယ်၊ ကျွန်တော် တတ်နိုင်သလောက် ကူညီပေးပါ့မယ်”
လင်းရန်အနေဖြင့် သူမ၏ မိသားစုကိစ္စကို တခြားသူအား ပြောပြရန် ရည်ရွယ်ချက်မရှိသော်လည်း ဤစကားကို ကြားလိုက်ရချိန်တွင်တော့
သူမ၏ မျက်ဝန်းများမှာ ရုတ်တရက် တောက်ပသွားရလေသည်။
သူမက လင်းကျန်းအန်းနှင့် အကြည့်ချင်းဖလှယ်ပြီးနောက် လက်ရှိအခြေအနေကို ပြောပြရန် ဆုံးဖြတ်လိုက်ကြ၏။
“အာ.. ပလက်ဖောင်းထဲကို သွားချင်တာလား၊ ဒါက အသေးအဖွဲကိစ္စလေးပါပဲ၊ စားဖိုမှူးလေးလင်း..ကျွန်တော့်နောက်ကို လိုက်ခဲ့လေ၊ ကျွန်တော် တိုက်ရိုက်ခေါ်သွားပေးမယ်”
ကိစ္စများက ဤမျှအထိ ချောမွေ့သွားလိမ့်မည်ဟု လင်းရန် လုံးဝမထင်မှတ်ထားခဲ့ပေ။
သူမက အနောက်သို့ လိုက်ဝင်ရန် ပြင်လိုက်သော်လည်း စုန့်ရှီးယန်ကို ရုတ်တရက် သတိရသွားလေသည်။
အကယ်၍ သူတို့ အထဲသို့ဝင်သွားပြီးမှ စုန့်ရှီးယန် ထွက်လာ၍ လူရှာမတွေ့လျှင် အခက်တွေ့နေလိမ့်မည်။
ဘေးနားရှိ လင်းကျန်းအန်းက ချက်ချင်းပင် ပြောလာလေသည်။
“ရန်ရန်... အဖေပဲ ဒီရဲဘော်နဲ့ အရင်ဝင်သွားလိုက်မယ်၊ သမီးက ဒီမှာပဲ ရှောင်စုန့်ကို စောင့်နေလိုက်ဦးလေ”
လင်းရန် ခေတ္တစဉ်းစားကြည့်ပြဦး ထိုသို့ပြုလုပ်ခြင်းက ပို၍သင့်တော်လိမ့်မည်ဟုဆုံးဖြတ်လိုက်သည်။
တစ်ဖက်လူသည်က သူတို့နှင့်အတူ နောက်ထပ်လူတစ်ဦးရှိနေသေးကြောင်း ကြားလျှင် စုန့်ရှီးယန်က မည်သည့်နေရာသို့ ရောက်နေကြောင်းကို မေးမြန်းလာခဲ့လေသည်။
စုန့်ရှီးယန်သည်လည်း အထဲသို့ဝင်ခွင့်ရရန် သွားကြည့်ခြင်းဖြစ်ကြောင်း သိလိုက်ရလျှင် သူက ရယ်မောလာခဲ့လေသည်။
“ဒါဆိုရင်တော့ အဆင်ပြေပါတယ်၊ သူ ဘယ်နားမှာလဲဆိုတာ ကျွန်တော် သိလောက်မယ်၊ ကျွန်တော်တို့တွေ အထဲကိုပဲ ဝင်ကြရအောင်၊ ခဏနေရင် စားဖိုမှူးလေးလင်းရဲ့ ခင်ပွန်းကို တွေ့ရမှာပါ”
မည်သို့ပင်ဖြစ်စေ လူတစ်ဦးကို အထဲသို့ ခေါ်ဆောင်ရန်အတွက် သူ့ကို ဖြတ်သန်းရမည်ပင်။
စုန့်ရှီးယန်သည်လည်း သူ၏ရုံးခန်းတွင်သာ စောင့်ဆိုင်းနေခြင်းဖြစ်ရမည်။
လင်းရန်နှင့် လင်းကျန်းအန်းတို့လည်း ထိုစကားကို ကြားရလျှင် တွန့်ဆုတ်မနေတော့ဘဲ တစ်ဖက်လူ၏နောက်သို့ အလျင်အမြန် လိုက်ကာ ရထားဘူတာရုံထဲသို့ ဝင်ရောက်ခဲ့ကြလေသည်။
နောက်ဆုံးတွင်တော့ ထိုသူပြောသည့်အတိုင်း ရုံးခန်းတံခါးဝ၌ စုန့်ရှီးယန်ကို တွေ့ရှိလိုက်ရလေသည်။
စုန့်ရှီးယန်မှာ အဆက်အသွယ်ကိုရှာဖွေခဲ့သော်လည်း သူရှာတွေ့သည့် အဆက်အသွယ်က မခိုင်မာသည့်အတွက် အဆင့်ဆင့် ထပ်မံချိတ်ဆက်နေရခြင်းပင်။
စုန့်ရှီးယန်တစ်ယောက် တစ်ဖက်လူပြောဆိုသော ခေါင်းဆောင်ဆိုသူ ရောက်ရှိလာမည်ကို စောင့်ဆိုင်းနေချိန်တွင် မျက်လုံးထောင့်မှ လင်းရန်နှင့် လင်းကျန်းအန်းတို့ ဝင်ရောက်လာသည်ကို ရုတ်တရက် မြင်တွေ့လိုက်ရလေသည်။
“အဖေ... ရန်ရန်?”
သူတို့ အထဲကိုဘယ်လိုများ ဝင်လာနိုင်ကြတာလဲ။
လင်းရန်နှင့် လင်းကျန်းအန်းတို့ စကားမပြောရသေးမီ သူတို့ကို ခေါ်ဆောင်လာသောလူက အရင်ဆုံး စကားပြောလာလေသည်။
“ဒါက စားဖိုမှူးလေးလင်းရဲ့ ခင်ပွန်းလား၊ တကယ့်ကို ထူးချွန်ထက်မြက်တဲ့သူပဲ၊ မင်းနဲ့လည်း တကယ့်ကို လိုက်ဖက်ပါတယ်၊ ဟားဟား”
စုန့်ရှီးယန်လည်း အခြေအနေကို ချက်ချင်းရိပ်မိသွားပြီး လင်းရန်နှင့် လင်းကျန်းအန်းတို့က ဤသူ၏နောက်မှ လိုက်ပါလာခြင်းဖြစ်ကြောင်း သဘောပေါက်လိုက်၏။ နောက်တစ်စက္ကန့်တွင် သူနှင့်စကားပြောနေသော ဝန်ထမ်းက ထိုသူအား “အစ်ကိုဝမ်” ဟု ခေါ်ဆိုလိုက်လေသည်။
သို့ဆိုလျှင် ဤသူက တစ်ဖက်လူပြောနေသော ခေါင်းဆောင်ဆိုသူ ဖြစ်မည်။
“ကောင်းပြီ၊ ငါ အားလုံးကို သိထားပြီ၊ စားဖိုမှူးလေးလင်းနဲ့ သူမရဲ့မိသားစုဝင်တွေက ငါ့သူငယ်ချင်းတွေပဲ၊ သူတို့ကို ပလက်ဖောင်းဆီသာ ခေါ်သွားလိုက်တော့”
မျိုးရိုးအမည်ဝမ်ဟုခေါ်သော ရဲဘော်က တခြားရဲဘော်တစ်ဦးအား ရှင်းပြပြီးနောက်၊ လင်းရန်အား အလျင်အမြန် ပြောလာသည်။
“စားဖိုမှူးလေးလင်း... နောက်တစ်ခါကျရင် မင်းရဲ့ဆိုင်မှာ ထမင်းလာစားဖို့ အခွင့်အရေးရှိမယ်လို့ မျှော်လင့်ပါတယ် ဟားဟား...”
ယခုတစ်ကြိမ်တွင် တစ်စုံတစ်ယောက်က သူမအား ဤမျှကြီးမားသော အကူအညီကို ပေးအပ်ခဲ့ခြင်းဖြစ်၍ လင်းရန်အနေဖြင့် ငြင်းပယ်ရန် အကြောင်းမရှိပါချေ။
တစ်ဖင်လူက ထုတ်မပြောလျှင်ပင် သူမဘက်မှ လက်ခံရန် ကြံစည်ထားပြီးဖြစ်ပေသည်။ သူမက အဘွားလင်းအား ကြိုဆိုပြီးနောက် တစ်ဖက်လူ၏ လိပ်စာကို မေးမြန်းထားကာ နောက်တစ်ကြိမ်တွင် ဟင်းလျာများချက်ပြုတ်၍ လူကိုယ်တိုင် သွားရောက်ပို့ဆောင်ပေးခြင်းဖြင့် ကျေးဇူးဆပ်ရန် စီစဉ်လိုက်လေသည်။
“ကောင်းပါပြီ.. အခုလို ကူညီပေးတဲ့အတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်၊ ဒီကိစ္စတွေ အဆင်ပြေသွားရင် ကျွန်မ သေသေချာချာ ကျေးဇူးဆပ်ပါ့မယ်”
“ရပါတယ် စားဖိုမှူးလေးလင်း၊ မင်းတို့အလုပ်ရှိတာကိုပဲ ဆက်လုပ်ကြပါ”
ရဲဘော်ဝမ်နှင့် စကားပြောပြီးနောက် လင်းရန်တို့ သုံးဦး ပလက်ဖောင်းဆီသို့ အလျင်အမြန် ဝင်သွားခဲ့ကြလေသည်။
*
အခန်း(472)
သူတို့ကို ခေါ်ဆောင်လာသော ရဲဘော် ထွက်ခွာသွားချိန်မှသာ စုန့်ရှီးယန်သည် စကားစလိုက်၏။
“ရန်ရန်... ခုနကလူက ဘယ်သူလဲဟင်”
“အိုး.. အရင်က ကျွန်မဆိုင်မှာ လာစားဖူးတဲ့ ဖောက်သည်တစ်ယောက်လေ၊ သူက ကျွန်မကို အရင်လှမ်းခေါ်လို့သာ မှတ်မိသွားတာ၊ သူသာ နှုတ်မဆက်ရင် ကျွန်မလည်း မှတ်မိမှာ မဟုတ်ဘူး၊ ဒီလိုအပြင်မှာ ဆုံရတာ တကယ်ပဲ အားနာစရာ ကောင်းတာပဲ”
လင်းရန်အနေဖြင့် တစ်ဖက်လူကိုပင် မမှတ်မိဘဲဖြစ်နေချိန်တွင် တစ်ဖက်လူက ကူညီပေးခဲ့သည့်အတွက် အမှန်တကယ်ပင် အားနာမိသွားရလေသည်။
နောက်ပိုင်းတွင် သူမ၏ဆိုင်သို့ လာရောက်သော ဖောက်သည်များကို ပိုမိုဂရုတစိုက် မှတ်သားထားရပေမည်။
မည်သို့ပင်ဖြစ်စေ တစ်နေ့နေ့တွင် ဤကဲ့သို့သော အခြေအနေမျိုးနှင့် ထပ်မံကြုံတွေ့ရနိုင်သည် မဟုတ်ပါလား။
စုန့်ရှီးယန်သည်ကား ထိုစကားကို နားထောင်ပြီး အံ့အားသင့်သွားရကာ စကားပြောရန်ပင် တွန့်ဆုတ်နေမိခဲ့၏။
ရုတ်တရက် လင်းရန်တွင် သူထက်ပိုပြီး အဆက်အသွယ်များ ပိုမိုများပြားနေကြောင်း ခံစားရသည်။
ဤအတိုင်းသာ ဆက်သွားပါက ရန်ရန်က သူ့ကို အသုံးမကျသူဟု ထင်မြင်သွားတော့မည်လား။
ထိုခဏ၌ စုန့်ရှီးယန်တစ်ယောက် အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့သော အရေးတကြီးလိုအပ်ချက်နှင့် စိုးရိမ်စိတ်တို့ကို ပထမဆုံးအကြိမ် ခံစားလိုက်ရလေသည်။
သို့ဖြစ်၍ သူ ပိုမိုကြိုးစားရပေမည်။ မဟုတ်လျှင်မူ နောက်ပိုင်းတွင် ရန်ရန်နှင့် ထိုက်တန်သူ ဖြစ်တော့မည်မဟုတ်ပါချေ။
စုန့်ရှီးယန် ထိုအကြောင်းများကို တွေးတောနေချိန်မှာပင် အဝေးမှ ရထားတစ်စင်းက ဘူတာအတွင်းသို့ ဆိုက်ရောက်လာလေသည်။
သူတို့သုံးယောက်လုံး တခြားအတွေးများကို ချက်ချင်းဖျောက်ဖျက်ကာ ရထားပေါ်တွင် အဘွားလင်းပါမပါကိုသာ ဂရုတစိုက်ရှာဖွေကြည့်ရှုကြလေတော့သည်။
သူတို့ သုံးဦးက ရထားပေါ်မှ ဆင်းလာသူတိုင်းကို မျက်တောင်မခတ်တမ်း စောင့်ကြည့်နေခဲ့ကြလေ၏။ နောက်ဆုံးတွင်တော့ အရှေ့မှလူများ ကုန်သလောက်ရှိချိန်တွင် ရင်းနှီးသော ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရ၏။
“အဘွား!”
လင်းရန်သည် အော်ဟစ်လိုက်ပြီး အဘွားအိုရှိရာ ရထားတွဲဆီသို့ အပြေးအလွှား သွားခဲ့လေသည်။
လင်းကျန်းအန်းနှင့် စုန့်ရှီးယန်တို့သည်လည်း သူမနောက်သို့ လိုက်သွားကြလေ၏။
တစ်ဖက်တွင်တော့ အဘွားလင်းမှာ ကွမ်ကျိုးသို့ ဘေးကင်းလုံခြုံစွာ ရောက်ရှိလာသည့် ပီတိ၌ နစ်မျောနေဆဲဖြစ်ကာ မြေပြင်ပေါ်သို့ ခြေချလိုက်သည့် ခဏတွင် သတိမဝင်နိုင်သေးဘဲ ရှိနေပေသည်။
သူမအနေဖြင့် ရထားပေါ်သို့ တက်လာချိန်က စိတ်ဓာတ်ကို အပြည့်အဝ တင်းမာထားခဲ့သော်လည်း၊ ရထားစီးလာပြီး အချိန်ကြာလာပြီးနောက်တွင်တော့ စိတ်အေးသွားကာ အားအင်ကုန်ခမ်းသကဲ့သို့ ခံစားနေရရှာသည်။
မည်သို့ပင်ဖြစ်စေ ဤကိစ္စကို မိသားစုဝင်များ၊ အထူးသဖြင့် ရန်ရန်က သိရှိသွားပေလိမ့်မည်။
သူမင ဒေါသထွက်သောကြောင့် တစ်ဦးတည်း ထွက်ပြေးလာခြင်း မဟုတ်သော်လည်း တခြားသူများ၏ အမြင်တွင် ထိုသို့ပင် ဖြစ်နေပေလိမ့်မည်။
သူမတွင် တစ်စုံတစ်ရာ မဖြစ်ခဲ့လျှင် တော်သေးသော်လည်း အကယ်၍ တစ်ခုခုဖြစ်ခဲ့ပါက...
အဟမ်း...
ဤအဘွားအိုကြီး ဂုဏ်သတင်းမှာ ဤဖြစ်ရပ်ကြောင့် ပျက်စီးသွားပေလိမ့်မည်။
ကံကောင်းစွာဖြင့် နောက်ဆုံးတွင် သူမ၏ ဟန်ဆောင်ကောင်းမှုကြောင့်၊ တခြားသူများမှာ သူမသည်က ရထားကိုပထမဆုံးအကြိမ် စီးခြင်းဖြစ်ကြောင်းနှင့် ပထမဆုံးအကြိမ် ခရီးဝေးထွက်ခြင်းဖြစ်ကြောင်းကို သတိမပြုမိကြပေ။
ဟမ့်!
သူမ ကွမ်ကျိုးကို ဘေးကင်းကင်းနဲ့ ရောက်လာခဲ့ပြီ။
ယခုအချိန်တွင် သူမအနေဖြင့် အပြင်သို့ထွက်ကာ ရန်ရန်နှင့် သားဖြစ်သူတို့ လာရောက်ကြိုဆိုသည်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းရပေမည်။
အဘွားအိုမှာ သူ့ကိုယ်သူ သိရှိထားပေ၏။ သူတို့ဘက်မှ သူမကို စကားတချို့ ပြောဆိုကြမည်ကို ရှောင်လွှဲ၍မရနိုင်ပေ။
သို့သော်လည်း ထိုစကားများကို အိမ်ရောက်မှသာ ပြောဆိုကြရန် မျှော်လင့်မိသည်။ ရထားဘူတာရုံတွင်တော့ အပြောမခံလိုပါချေ။
မဟုတ်လျှင်မူ အလွန် အရှက်ရစရာ ကောင်းပေလိမ့်မည်။
အဘွားလင်းက ထိုအကြောင်းများကို တွေးတောနေချိန်မှာပင် လင်းရန်က သူမရှိရာသို့ ပြေးဝင်လာကာ သူမအား တင်းကျပ်စွာ ဖက်လိုက်လေသည်။
“အဘွား!”
“အား!”
အဘွားလင်းမှာ မမျှော်လင့်ဘဲ အဖက်လိုက်သဖြင့် ထိတ်လန့်သွားသော်လည်း လင်းရန်၏ အသံကို ကြားလိုက်ရချိန်တွင် ပျော်ရွှင်မှုနှင့် ပီတိများက ချက်ချင်းပင် ရင်ထဲသို့ လှိုက်တက်လာခဲ့ပေသည်။
“ငါ့မြေးမလေး၊ ငါ့ရန်ရန်.
အဘွား နောက်ဆုံးတော့ ငါ့မြေးကို တွေ့ရပြီ!”
မြေးအဘွားနှစ်ဦးမှာ ရထားပလက်ဖောင်းပေါ်၌ ပွေ့ဖက်ထားခဲ့ကြလေသည်။ နောက်မှပါလာသော လင်းကျန်းအန်းမှာတော့ အဘွားလင်း ဘေးကင်းကြောင်းကို မြင်လိုက်ရမှသာ ရင်ထဲတွင် အလုံးကြီး ကျသွားရလေတော့သည်။
“အမေ... ပစ္စည်းတွေ အကုန်ပါရဲ့လား၊ ရထားပေါ်မှာ ဘာတွေများ ကျန်ခဲ့သေးလဲ”
သူ့အနေဖြင့် အဘွားလင်းကို စကားအနည်းငယ် ပြောချင်သော်လည်း သူမနှင့် လင်းရန်တို့ ပျော်ရွှင်နေကြသည်ကို မြင်ရသည့်အတွက် အောင့်အီးလိုက်ရလေသည်။
ထားလိုက်ပါတော့။ ပြောစရာရှိတာတွေကို အိမ်ရောက်မှသာ ပြောဆိုကြတာပေါ့။
အဘွားလင်းမှ လင်းကျန်းအန်း၏ အသံကို ကြားသည်နှင့် ပျော်ရွှင်မှုများကြားမှ သတိဝင်လာပြီး လင်းကျန်းအန်းအား သတိထား၍ ကြည့်လိုက်လေ၏။ သားဖြစ်သူက သူမကို အပြစ်တင်မည့်ပုံ မပေါ်မှသာ စိတ်အေးသွားရသည်။
“မကျန်ဘူး၊ မကျန်ဘူး၊ ရထားပေါ်မှာ ဘာမှမရှိတော့ဘူး၊ အဝတ်အစားထည့်တဲ့ အိတ်တစ်အိတ်ပဲပါတာ၊ ဒီမှာရှိတယ်”
လင်းရန်အနေဖြင့် ဤအချိန်တွင် အဘွားလင်းအား လွှတ်ပေးလိုက်လေ၏။
အဘွားလင်း၏ တည်ငြိမ်သကဲ့သို့ဟန်ဆောင်နေမှုကို ကြည့်ကာ သူမက ရယ်မောချင်စိတ်ကို မနည်းထိန်းလိုက်ရသည်။
“ကောင်းပြီ... အိမ်ကို အရင်ပြန်ကြစို့၊ အဘွားလည်း ရထားပေါ်မှာ ကောင်းကောင်းအနားယူရမှာ မဟုတ်ဘူး.. ဘာပဲဖြစ်ဖြစ် အိမ်ကိုရောက်မှပဲ အရင်ဆုံး ထမင်းကောင်းကောင်းစားပြီး အိပ်စက်အနားယူလိုက်ကြတာပေါ့”
အဘွားလင်းအနေဖြင့် မြေးမလေးက သူမကို ဤမျှအထိ ဂရုစိုက်သည်ကို ကြားရလျှင် ချက်ချင်းပင် စိတ်လှုပ်ရှားသွားရသည်။
သမီးမိန်းကလေးများက အမှန်တကယ်ပင် ပို၍ကောင်းမွန်ပေ၏။
သူတစ်ပါးကို စာနာတတ်ပြီး ချစ်တတ်ပေသည်။
သို့သော် လင်းရန်အနေဖြင့် ဤကိစ္စကို ဤမျှဖြင့် အလွယ်တကူ လွှတ်ပေးလိမ့်မည်မဟုတ်ကြောင်းကို အဘွားအို မသိရှိရှာပေ။
မည်သို့ပင်ဖြစ်စေ လူရောက်လာပြီဖြစ်၍ မည်သည့်အချိန်တွင် စကားပြောမည်ဆိုသည်မှာ သူမ၏ လက်ထဲတွင်သာ ရှိပေသည်။
အထူးသဖြင့် အဘွားလင်း၏ ယခုအပြုအမူမှာ အမှန်တကယ်ပင် ဆွေးနွေးဆုံးမရန် လိုအပ်ပေသည်။ သို့မဟုတ်လျှင် တစ်စုံတစ်ရာ ဖြစ်သွားပါက နောက်ကျသွားပေလိမ့်မည်။
ထို့ကြောင့် မည်သည့်အရာကိုမှမသိရှာသော အဘွားလင်းမှာ အလွန်ပင် စိတ်လှုပ်ရှားစွာဖြင့် လင်းရန်တို့နှင့်အတူ အိမ်သို့လိုက်ပါလာခဲ့လေတော့သည်။
လင်းရန်အနေဖြင့် မူလက အဘွားလင်းကို သူမနှင့် စုန့်ရှီးယန်တို့ နေထိုင်သည့်နေရာသို့ ခေါ်ဆောင်သွားရန် တွေးထားခဲ့သော်လည်း လင်းကျန်းအန်းက အဘွားအိုအား သူနှင့်အတူ ထားရန် ပြောလာခဲ့လေသည်။
မည်သို့ပင်ဖြစ်စေ သူသည်က မြို့ထဲ၌ နေထိုင်သည်ဖြစ်၍ အဘွားလင်း အပြင်ထွက်၍ လမ်းလျှောက်ချင်ပါက ပို၍အဆင်ပြေလိမ့်မည်။
ထို့အပြင် လင်းကျန်းအန်းက စက်ရုံအလုပ်များကို ဂရုစိုက်နိုင်ရန်အတွက် ယခင်က နေထိုင်ခဲ့သော ဝေးလံသည့် အိမ်ဟောင်းမှ ပြောင်းရွှေ့လာခဲ့ပြီး လင်းရန်၏ အကြံပြုချက်အရ တခြားအိမ်တစ်လုံးကို ဝယ်ယူထားခဲ့လေပြီ။
ဤနေအိမ်မှာ သူ၏ စက်ရုံအသစ်နှင့် သိပ်ပြီးမဝေးပေ။ နေရာက အလွန်အမင်း သစ်လွင်နေခြင်း မရှိသော်လည်း၊ လူနေထိုင်ရန်အတွက် လုံလောက်အောင် ကျယ်ဝန်းသည်။
အိပ်ခန်းအလွတ် နှစ်ခန်း၊ သုံးခန်းခန့်လည်း ရှိနေသေးသည်။
အိမ်ဝင်းထဲတွင်လည်း ပစ္စည်းများ ထားရှိရန်အတွက် နေရာအလုံအလောက် ရှိနေလေ၏။
လင်းကျန်းအန်းအနေဖြင့် ထိုအချိန် ဤအိမ်ကို ဝယ်ယူရန် ရည်ရွယ်ချက်မရှိဘဲ ပိုမိုသေးငယ်သော အိမ်ကိုသာ ရှာဖွေလိုခဲ့သော်လည်း၊ လင်းရန်က အိမ်အလယ်ရှိ လွတ်နေသော နေရာများကို နောက်ပုင်းတွင် ဆေးဖက်ဝင်အပင်များ သိုလှောင်ရန် အသုံးပြုနိုင်ကြောင်း ပြောခဲ့သည်။
ထို့ကြောင့် ဆေးဖက်ဝင်အပင်များအတွက် ရည်ရွယ်ကာ ဤအိမ်ကို ဝယ်ယူခဲ့ခြင်း ဖြစ်ပေသည်။
ယခုအချိန်တွင် သူသည်က ဤအိမ်ကို ဝယ်ယူခဲ့မိသည့်အတွက် အလွန်ပင် ဝမ်းသာမိသည်။ အဘွားလင်း ရောက်ရှိလာချိန်တွင် နေထိုင်ရသည်မှာ အဆင်မပြေဖြစ်တော့မည်မဟုတ်ပါချေ။
သို့သော် လင်းကျန်းအန်း မသိရှိသည့်အချက်မှာ လင်းရန်က ဤအကြောင်းများကို အမှန်တကယ် တွေးတောခဲ့ခြင်း မဟုတ်ပေ။
သူမက လင်းကျန်းအန်းကို ဤအိမ်ဝယ်ခိုင်းရသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ အိမ်က အလွန်အမင်း ကျယ်ဝန်းသည့်အတွက် နောက်ပိုင်းတွင် ဖျက်သိမ်းခံရပါက လျော်ကြေးငွေ အမြောက်အမြား ရရှိနိုင်သောကြောင့်သာ ဖြစ်ပေ၏။
နောက်ဆုံးတွင် လူတစ်စုက ရထားဘူတာရုံမှ အလျင်အမြန်ထွက်ခွာကာ လင်းကျန်းအန်း၏အိမ်သို့ သွားကြလေသည်။ အဘွားလင်း၏ ပစ္စည်းများကို အရင်သိမ်းဆည်းရန် စီစဉ်ပေးပြီးနောက် လင်းရန်က အဘွားလင်း ဗိုက်ဆာနေမည်စိုးရိမ်သည်းအတွက် အဆာပြေတစ်ခုခု ချက်ပြုတ်ပေးခဲ့၏။
အချိန်အတော်ကြာမှသာ လင်းရန်၏လက်ရာကို ပြန်လည်စားသောက်ရသည့်အတွက် အဘွားလင်းတစ်ယောက် အလွန်ပင်ကျေနပ်ပျော်ရွှင်ကာ မျက်ရည်ပင်ဝဲလာခဲ့ရသည်။
သူမ၏မြေးမလေး လင်းရန်ကို အလွန်လွမ်းဆွတ်နေရသည်ကို ဘုရားသခင်သာလျှင် အသိဆုံးဖြစ်ပေလိမ့်မည်။ လူကို လွမ်းဆွတ်ရုံသာမကဘဲ သူမ ချက်ပြုတ်သော အစားအစာများကိုလည်း အလွန်ပင် တောင့်တနေမိခဲ့သည်။
ယခုအချိန်တွင် သူမကိုယ်တိုင်ချက်သော ပူနွေးသည့်အစားအသောက်ကို စားလိုက်ရသည့်အတွက် အဘွားလင်းတစ်ယောက် လမ်းခရီးတစ်လျှောက် ပင်ပန်းခဲ့သမျှက အလကားမဟုတ်ကြောင်း ခံစားလိုက်ရလေပြီ။
ဗိုက်ဝသွားပြီးနောက်တွင် အိပ်ငိုက်လာ၍လား သို့မဟုတ် လမ်းခရီးတစ်လျှောက် အမှန်တကယ်ပင် ပင်ပန်းနွမ်းနယ်ခဲ့၍လား မသိရပါချေ။
အဘွားလင်းမှာ စားသောက်ပြီးနောက် အိပ်ငိုက်လာခဲ့ပေသည်။
လင်းရန်သည်လည်း သူမငိုက်နေသည်ကိုမြင်လျှင် အဘွားလင်း ကောင်းမွန်စွာ အိပ်စက်အနားယူနိုင်ရန် အိပ်ရာကို အမြန်ပင်ပြင်ဆင်ပေးလိုက်လေသည်။
အဘွားလင်း: “ငါအိပ်ပျော်သွားရင် မင်း ထွက်မသွားဘူးမလား”
လင်းရန်မှာ သူမ၏မေးခွန်းကြောင့် ရယ်ရခက် ငိုရခက် ဖြစ်သွားရ၏။
“မသွားပါဘူး အဘွား၊ ကျွန်မ ကတိပေးပါတယ်၊ အဘွားနိုးလာရင် ကျွန်မက အဘွားရှေ့မှာပဲ ရှိနေစေရပါ့မယ်၊ ဟုတ်ပြီလား”
လင်းရန်၏ ကတိစကားကို ရရှိမှသာ အဘွားလင်းလည်း စိတ်သက်သာရာရစွာဖြင့် အိပ်ရာထဲသို့ ဝင်လေတော့သည်။
အဘွားလင်းကို သိပ်ပြီးနောက် လင်းကျန်းအန်းသည်လည်း အချိန်ကိုကြည့်ကာ စက်ရုံသို့ သွားခဲ့ရလေ၏။
ကံကောင်းစွာဖြင့် လင်းရန်က ကြိုတင်ခွင့်ယူထားသောကြောင့် ဆိုင်ကိစ္စများကို စိုးရိမ်စရာမလိုတော့ပေ။
လင်းကျန်းအန်းကို အလုပ်သို့ သွားခိုင်းလိုက်ပြီးနောက် သူမကိုယ်တိုင်သာ အဘွားအိုအား စောင့်ကြည့်ပေးနေခဲ့လေသည်။
စုန့်ရှီးယန်ကတော့ ခွင့်ယူထားခဲ့သော်လည်း အဘွားလင်းကို အောင်မြင်စွာ ကြိုဆိုပြီးဖြစ်၍ လင်းရန်က သူ၏အချိန်များကို အလဟဿမဖြစ်စေလိုသည့်အတွက် အလုပ်သို့ အရင်ပြန်ခိုင်းလိုက်လေသည်။
စုန့်ရှီးယန်သည်လည်း ခေတ္တစဉ်းစားပြီးနောက် မငြင်းတော့ဘဲ တပ်ထဲသို့ ပြန်သွားခဲ့တော့သည်။
*